← Chapters

အခန်း (၃၅၇-၃၅၈)

Vol. 36 Ch. 357-358

အခန်း (၃၅၇-၃၅၈)

Vol. 36 Ch. 357-358

​အခန်း ၃၅၇ - သူသာ ငါ့သားဖြစ်ခဲ့ရင်လို့ပဲ နောင်တရမိတယ်

​လူအုပ်ကြီးမှာ မှင်တက်နေကြသည်။

​ထုံပိုင်ကျိုး အစောပိုင်းက ပြောခဲ့သော ဝိညာဥ်ရင်းမြစ် ကျောက်တုံး၏ နောက်ခံအကြောင်းအရာကို အားလုံး ရုတ်တရက် သတိရသွားကြသည်။

၎င်းကို ဓားကျင့်ကြံသူတစ်ဦး၏ သင်္ချိုင်းမှ တူးဖော်ရရှိခဲ့ခြင်း ဖြစ်သည်ဟု သူပြောခဲ့ဖူးသည်။

​ဒါက တကယ်ပဲ ဖြစ်နိုင်တာလား မဟုတ်လျှင် ကျောက်တုံးထဲတွင် ဓားတစ်စင်း ပုန်းကွယ်နေသည်ကို မည်သို့ ရှင်းပြမည်နည်း။

ထိုဓားမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် ဓားဆန္ဒ ကို ကြည့်ခြင်းအားဖြင့် ထိုဓား ၏ အဆင့်မှာ မနိမ့်လှသည်မှာ သေချာသည်။

​ဖန့်ချန်၏ စိတ်ထဲတွင် ဓားငယ်လေး၏ အသံ ပဲ့တင်ထပ်လာသည်

"ချန်လေး ဒါက အဝါရောင်အဆင့် အထွတ်အထိပ်နားကို နီးကပ်နေတဲ့ ဓားတစ်စင်းပဲ ငါသာ ဒါကို စားလိုက်ရင် တတိယအဆင့်ကို တက်လှမ်းဖို့ ခြေလှမ်းအနည်းငယ်ပဲ လိုတော့မယ်"

​အဝါရောင်အဆင့် အထွတ်အထိပ်နား နီးကပ်နေသည်ဆိုပါက ဤဓားတွင် အနည်းဆုံး ဝိညာဉ်အမှတ်အသား ခုနစ်ဆယ်ခန့် ရှိရပေမည်။

၎င်းကို ဝိညာဉ်ကျောက်တုံး ငါးထောင်ထက်မနည်းသော ဈေးဖြင့် ရောင်းချနိုင်ပေလိမ့်မည်။

​ချန်းဖုန်း၏ မျက်နှာမှာ ဖြူလျော့သွားပြီး ဆရာဝူကို ကြည့်ကာ

"တန်ဖိုးတက်ဖို့ အခွင့်အလမ်း နည်းတယ်လို့ ခင်ဗျား ပြောခဲ့တာ မဟုတ်လား"

ဟု ဟိန်းဟောက်လိုက်သည်။

​ဆရာဝူ၏ မျက်နှာမှာလည်း ပြာနှမ်းနေသည်။

ဝိညာဥ်ရင်းမြစ်ကျောက်တုံးထဲတွင် ထိုမျှ တန်ဖိုးရှိသော အရာတစ်ခု ပုန်းကွယ်နေလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ပေ။

​"သူဝယ်လိုက်တဲ့ ဈေးထက် ပိုတန်မယ်လို့ မင်းထင်လား"

ဟု တစ်စုံတစ်ယောက်က တိုးတိုးလေး မေးသည်။

​ချန်းကျိုယဲ့မှာ စိတ်လှုပ်ရှားစွာဖြင့် ဖန့်ချန်၏ ပုခုံးကို ပုတ်ကာ

"ဆရာဖန့် ခင်ဗျားကတော့ တကယ့်ကို အံ့သြဖို့ကောင်းတဲ့သူပဲ"

ဟု ဆိုသည်။ အကယ်၍ မထင်မှတ်ထားသည်များ မဖြစ်ခဲ့လျှင် သူတို့ နိုင်ရန် သေချာသလောက် ရှိနေပြီ ဖြစ်သည်။

​ဖန့်အောက် လည်း အံ့သြနေမိသည်

"သူ တကယ်ပဲ တန်ဖိုးကြီးတာတစ်ခုကို ဖွင့်နိုင်ခဲ့တာပဲ ဖန့်ချန်က ဝိညာဥ်ရင်းမြစ် ကျောက်တုံး ပညာရပ်မှာ တကယ်ပဲ အတွေ့အကြုံရှိတာလား"

​တစ်ကြိမ်၊ နှစ်ကြိမ်ဆိုလျှင် ကံကောင်းသည်ဟု ဆိုနိုင်သော်လည်း ယခုကဲ့သို့ အကြိမ်ကြိမ် ဆက်တိုက် အောင်မြင်နေခြင်းမှာ ကံတစ်ခုတည်းကြောင့်ဟု ဆိုပါက ယုတ္တိမရှိတော့ပေ။

​ထုံပိုင်ကျိုးသည် မျက်မှောင်ကြုတ်ကာ ဖခင်ဖြစ်သူကို တိုးတိုးလေး မေးလိုက်သည်

"အဖေ ဒီဓားက အဝါရောင်အဆင့် အထွတ်အထိပ် ရတနာတစ်ခု ဖြစ်နိုင်မလား"

​အဝါရောင်အဆင့် အထွတ်အထိပ် လူအုပ်ကြီးမှာ အံ့သြလွန်း၍ အသက်ရှူပင် မှားသွားကြသည်။

၎င်းသည် အမှန်တကယ်သာ ထိုအဆင့်ဆိုပါက အရောင်းဈေးမှာ အနည်းဆုံး ရှစ်ထောင်ကျော်ရှိမည် ဖြစ်သည်။

​ပထမဆုံး အဆင့်လတ်ကျောက်တုံးကို ဖွင့်သည်။

နောက်တော့ ဝိညာဉ်သစ်ပင်အမြစ်ကို တွေ့သည်။

အခုတော့ အဝါရောင်အဆင့် အထွတ်အထိပ်ဟု ယူဆရသော ဓားတစ်စင်း ကျင့်ကြံသူများ၏ အကြည့်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

​ထုံဟု ကမူ ရွှေအမြုတေအဆင့် ပညာရှင်ဖြစ်သည့်အလျောက် တည်ငြိမ်နေသည်။

သူသည် ရှေ့သို့လှမ်းကာ လက်ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ပြန့်လွင့်နေသော ဓားဆန္ဒများ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။

​"ဒီဓားက နှစ်ပေါင်းများစွာ မြေမြှုပ်ခံထားရတာမို့ ဓားဆန္ဒတွေက အထဲမှာ အနယ်ထိုင်နေခဲ့တာပဲ"

ထုံဟူသည် ဓားရိုးကို ကိုင်ကာ စစ်ဆေးပြီးနောက် ပြောလိုက်သည်

"ဒီဓားက အဝါရောင်အဆင့် အထွတ်အထိပ် ရတနာတော့ မဟုတ်ဘူး"

​"အထွတ်အထိပ် မဟုတ်ဘူးလား"

ဆရာဝူနှင့် ချန်းဖုန်းတို့ ချက်ချင်း သက်ပြင်းချလိုက်ကြသည်။ သူတို့တွင် မျှော်လင့်ချက် ရှိသေးသည်။

ထိုကျောက်တုံးကြီးမှာ လေးထောင်တန်သဖြင့် ၎င်းထက် အနည်းငယ်သာ တန်ပါက အခြေအနေမှာ ဆိုးလှသည် မဟုတ်ပေ။

​သို့သော် ထုံဟူက ဆက်ပြောသည်

"ဒါပေမဲ့ ဒီဓားမှာ ဝိညာဉ်တံဆိပ် ၇၂ ခု ရှိတယ် အဝါရောင်အဆင့် ရတနာတွေထဲမှာ အမြင့်ဆုံးအဆင့်ပဲ အရောင်းဈေးကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ခြောက်ထောင်လောက် ရှိလိမ့်မယ်"

​ချန်းဖုန်း၏ မျက်နှာမှာ ပြာနှမ်းသွားသည်။

"ဒုက္ခပဲ "

ဆရာဝူ၏ လက်များ တုန်ရီလာပြီး သူ၏ မျက်လုံးထဲတွင် မကျေနပ်မှုများ ယှက်သန်းနေသည်။

​ထုံဟုက ဖန့်ချန်ကို ကြည့်ကာ မေးသည်

"လူငယ်လေးဖန့်. ဒီဓားကို ငါ့ဆီ ရောင်းလို့ရမလား"

​ဖန့်ချန်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်

"ကျွန်တော် ကိုယ်တိုင်သုံးဖို့အတွက် သိမ်းထားချင်လို့ပါ"

​"ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အဆင့်မြင့် အဝါရောင်အဆင့်ဓားကို ဘယ်လိုသုံးမှာလဲ"

​"သူက ဖန့်မိသားစုဝင်ဆိုတာ မမေ့နဲ့လေ သူတို့မှာ ရွှေအမြုတေအဆင့် ဘိုးဘေးတွေ ရှိနေတာပဲ"

​ထုံဟူက ခေါင်းညိတ်ကာ ထပ်မတိုက်တွန်းတော့ဘဲ

"ဒီနေ့ရဲ့ လောင်းကြေး ရလဒ်ကတော့ ဆုံးဖြတ်ပြီးသွားပါပြီ"

ဟု ဆိုကာ လှည့်ထွက်သွားတော့သည်။

​ဖန့်ချန်သည် ဓားကို သိမ်းဆည်းကာ သူ၏ နေရာတွင် ပြန်ထိုင်လိုက်သည်။ ချန်းကျိုယဲ့က ချန်းဖုန်းကို ပြုံးပြရင်း

"နောင်တော် ရလဒ်ကတော့ ထွက်သွားပြီဆိုတော့ ဝိညာဉ်ကျောက်တုံး တစ်သောင်းကိစ္စကကော"

ဟု မေးလိုက်သည်။

​"စိတ်မပူပါနဲ့ ငါ ချန်းဖုန်း ပြောပြီးရင် ပျက်မှာ မဟုတ်ဘူး"

ချန်းဖုန်းသည် အေးစက်စွာ ပြောကာ ထရပ်လိုက်သည်

"ဆရာဝူ မင်း ဒီမှာ ခဏနေခဲ့ဦ ငါ နန်းတော်ကို သွားပြီး ကျောက်တုံးတွေ သွားယူလိုက်မယ်"

ဟု ဆိုကာ ဆရာဝူကို လှည့်ပင်မကြည့်ဘဲ ကျွယ်ဝူတိ၊ ဖန့်လင်ရှင်းတို့နှင့်အတူ ထွက်ခွာသွားတော့သည်။

​ချန်းဖုန်း စိတ်ဆိုးနေသည်ကို သိသဖြင့် ဆရာဝူ၏ မျက်နှာမှာ ဖြူရော်နေသည်။ ထုံပိုင်ကျိုးက လူအုပ်ကြီးကို အရိုအသေပေးကာ

"အားလုံးပဲ ဒီနေ့ လောင်းကြေးပွဲ ပြီးဆုံးပါပြီ ဆိုင်ကို ပုံမှန်အတိုင်း ပြန်ဖွင့်ပါပြီ"

ဟု ကြေညာလိုက်သည်။

​ကျောက်စိမ်းမြစ်ခန်းမ ၏ အနောက်ဆောင်တွင် ထုံပိုင်ကျိုးသည် ထုံဟု၏ ရှေ့တွင် အရိုအသေပေးကာ ရပ်နေသည်။

​"ဒီကလေး ဖန့်ချန်က ဝိညာဥ်ရင်းမြစ်ကျောက်တုံး ပညာရှင် တစ်ယောက် ဖြစ်ရမယ် ဒါမှမဟုတ် တကယ့် ပညာရှင်တစ်ယောက်ဆီက သင်ယူထားတာ ဖြစ်ရမယ် သူ့ကို ငါတို့ဘက် ပါအောင် ဆွဲဆောင်နိုင်မလား ကြည့်လိုက်စမ်း"

ဟု ထုံဟု က ခပ်အေးအေး ပြောလိုက်သည်။

​ထုံပိုင်ကျိုးက ခေါင်းညိတ်ကာ

"သူရွေးလိုက်တဲ့ ကျောက်တုံး နှစ်တုံးလုံးက အမြတ်ထွက်တယ်ဆိုတာ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေလို့ပဲ ဒါဟာ ကံကောင်းရုံသက်သက် မဟုတ်ဘူးဆိုတာ သေချာတယ်"

သို့သော် သူက ဆက်ပြောသည်

"အဖေ ဟိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ကြီးက သူ့ကို တံဆိပ်ပြား ပေးသွားတယ် ဖန့်ချန်ရဲ့ နောက်ခံကိုလည်း ငါတို့ သေသေချာချာ မသိဘူး သူ့ကို အလွယ်တကူ စည်းရုံးလိုက်ရင် ငါတို့ အခြေအနေကို ဖော်ပြသလို ဖြစ်မနေဘူးလား"

​"ငါတို့ရဲ့ နောက်ခံကလည်း ဟိုအဖိုးကြီးထက် မနိမ့်ပါဘူး"

ထုံဟူက အေးစက်စွာ ပြုံးသည်

"အမှန်တော့ ငါတို့ရဲ့ တကယ့် အမှတ်အသားကိုသာ သူသိရင် သူကပဲ ငါတို့ကို သတိထားရမှာပါ"

​ဖန့်ချန်သည် သူ၏ ဝိညာဉ် ကို ပြန်ရုပ်သိမ်းလိုက်သည်။

ထိုခရီးစဉ်တွင် ကျောက်စိမ်းမြစ်ဆောင်မှ ထုံဟုနှင့် ထုံပိုင်ကျိုးတို့မှာ ဝိညာဉ်သွေးဂိုဏ်း မှ ကျင့်ကြံသူများ ဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့ပြီ။

နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ ဖန့်မိသားစု၊ ကျွယ်မိသားစုနှင့် တော်ဝင်မိသားစုများအတွင်း ထိုဂိုဏ်း၏ စစ်တုရင်ရုပ်များ ရှိ၊ မရှိ ဆက်လက် စုံစမ်းရန် ဖြစ်သည်။

​ကျောက်တုံး နှစ်တုံးကို အောင်မြင်စွာ ဖွင့်ပြခဲ့ခြင်းမှာလည်း သူသည် ဝိညာဥ်ရင်းမြစ်ကျောက်တုံး ပညာရပ်ကို နားလည်သူဖြစ်ကြောင်း အမှတ်အသားတစ်ခု ဖန်တီးလိုက်ခြင်းပင်။

ထိုအမှတ်အသားဖြင့် သူသည် မဟာချန်း တော်ဝင်မြို့တော်ရှိ အထက်တန်းလွှာများနှင့် အလွယ်တကူ ထိတွေ့ဆက်ဆံနိုင်ပြီး ဝိညာဉ်သွေးဂိုဏ်း၏ လက်ပါးစေများကို ရှာဖွေရန် ပို၍ လွယ်ကူသွားပေလိမ့်မည်။

​ခဏအကြာတွင် ကျွယ်ဝူတိသည် ကျောက်စိမ်းမြစ်ဆောင်သို့ ပြန်ရောက်လာပြီး ဖန့်ချန်ထံသို့ ဝိညာဉ်ကျောက်တုံး တစ်သောင်းကို ပေးအပ်လိုက်သည်။

လူအုပ်ကြီး၏ မျက်လုံးများတွင် လောဘရိပ်များ ယှက်သန်းသွားကြသည်။

​"မင်းသား ၂ က လောင်းကြေးကို ဒီမှာပဲ ရှင်းလိုက်ပြီလို့ ပြောခိုင်းလိုက်တယ် ပြီးတော့ နောက်ထပ် ဆယ်ရက်နေရင် နွေဦးအရုဏ်ဦးမျှော်စင် မှာ ကျင်းပမယ့် ဧည့်ခံပွဲကိုလည်း ဖိတ်ကြားလိုက်ပါတယ်"

ကျွယ်ဝူတိက ပြုံး၍ ပြောသည်

"မြို့တော်က ပါရမီရှင်တွေ အားလုံး အဲဒီမှာ ရှိနေကြမှာပါ ဆရာဖန့် ဘယ်လိုသဘောရလဲ"

​ချန်းကျိုယဲ့ အံ့သြသွားသည်။ ဖန့်ကျွယ်နှင့် ဖန့်ယွင်တို့မှာလည်း ဖန့်ချန်ကို ကြည့်လိုက်ကြသည်။

ချန်းဖုန်းသည် ဖန့်ချန်ကို စည်းရုံးရန် ကြိုးစားနေခြင်းမှာ ထင်ရှားလှသည်။

​ဖန့်ချန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် -

" မင်းသား ၂ ကို ပြောပေးပါ ကျွန်တော် အချိန်မှန် ရောက်လာခဲ့ပါ့မယ်"

​ကျွယ်ဝူတိ ထွက်သွားပြီးနောက် ဖန့်ယွင်က မျက်မှောင်ကြုတ်ကာ

"သူက ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ သဘောတူလိုက်တာလဲ"

ဟု မေးသည်။

ချန်းကျိုယဲ့ကမူ သူ၏ သိက္ခာကို ဆယ်ပေးခဲ့သည့်အတွက် ဖန့်ချန်ကို ကျေးဇူးတင်စကား ပြောသော်လည်း သူ၏ လေသံမှာ အေးစက်နေသည်။

​ဖန့်အောက်နှင့် ဇနီးသည်တို့ ရောက်လာကာ

"ဖန့်ချန် ငါတို့ ဘိုးဘေးက မင်းကို တွေ့ချင်နေတယ် အခု မိသားစုအိမ်တော်ကို ငါတို့နဲ့အတူ ပြန်ကြရအောင်"

ဟု ခေါ်လိုက်သည်။

​ဖန့်ချန်သည် တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။

ဖန့်အောက်သည် ထိုတည်ငြိမ်မှုကို ကြည့်ကာ စိတ်ထဲမှ ချီးကျူးနေမိသည် ဒီကလေးကတော့ အခွင့်အရေးရချိန်မှာရော အန္တရာယ်ရှိချိန်မှာရော တည်ငြိမ်လွန်းလှတယ်

တကယ့်ကို ထူးချွန်တဲ့ လူငယ်ပဲ သူသာ ငါ့သားဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ

​​အခန်း ၃၅၈ - အစွဲအလမ်းကြီးသော တူလေး

​ဖန့်မိသားစု၏ အတွင်းအိမ်တော်တွင်

​အတွင်းအိမ်တော်သည် မိသားစု၏ ဂျူနီယာများအတွက် တားမြစ်နယ်မြေတစ်ခုဖြစ်ပြီး မိသားစုခေါင်းဆောင်ပင်လျှင် ကြိုတင်အကြောင်းမကြားဘဲ အလွယ်တကူ မဝင်ရောက်နိုင်ပေ။

​ဖန့်မိသားစု၏ ဘိုးဘေးဖြစ်သူ ဖန့်ဝမ်လီ သာလျှင် လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သည်။

အတွင်းအိမ်တော်သည် ဖန့်မိသားစု၏ အကြီးအကဲ ဘိုးဘေးကြီး ဖန့်ထင်ကျန့် ဆိတ်ငြိမ်စွာ ကျင့်ကြံနေထိုင်သော နေရာဖြစ်သည်။

​နေရာအနှံ့တွင် အစီအရင်များကို ချထားပြီး သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ မှားယွင်းထိမိပါက သေဆုံးခြင်း သို့မဟုတ် ပြင်းထန်သော ဒဏ်ရာရခြင်းများ ကြုံတွေ့ရမည် ဖြစ်သည်။

​ဖန့်ဝမ်လီသည် အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီးနောက် ဖန့်အောက် က ဖန့်ချန်ကို ခေါ်လာသည်ကို မြင်သောအခါ ဖန့်အောက်ကို ပြန်ခိုင်းရန် လက်ဝှေ့ယမ်းပြလိုက်သည်။

ဖန့်အောက်သည် အရိုအသေပေးကာ ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး ထွက်ခွာသွားတော့သည်။

​"ငါ ဒါကို လုံးဝ မမျှော်လင့်ထားဘူး ကောင်လေး"

ဟု ဖန့်ဝမ်လီက စူးစမ်းလိုသော အကြည့်ဖြင့် မေးလိုက်သည်

"မင်းက တကယ်ပဲ ဝိညာဥ်ရင်းမြစ်ကျောက်တုံး ပညာရှင်တစ်ယောက်လား"

​"ကျွန်တော် တစ်ခါက ဝိညာဥ်ရင်းမြစ်ကျောက်တုံး နည်းပညာအချို့ ပါတဲ့ ကျမ်းတစ်စောင် ရခဲ့ဖူးတာပါ ပညာရှင်ဆိုတဲ့ ဘွဲ့ထူးကတော့ ကျွန်တော့်အတွက် အလှမ်းဝေးလွန်းပါသေးတယ်"

ဟု ဖန့်ချန်က ပြန်ဖြေသည်။

​ဖန့်ဝမ်လီက ခေါင်းအသာညိတ်သည်။

ဖန့်ချန်သည် မဟာချန်းအင်ပါယာသို့ မလာမီ မည်သည့်ဂိုဏ်းတွင် ကျင့်ကြံခဲ့သည်ကို သူ စိတ်ဝင်စားသွားမိသည်။

​"ဘိုးဘေး ကျွန်တော့်ကို ဘာလို့ တွေ့ချင်ရတာလဲ မှာစရာ ရှိလို့လား"

ဟု ဖန့်ချန်က မေးလိုက်သည်။

​"မင်းကို တွေ့ချင်တာ ငါမဟုတ်ဘူး ငါ့ရဲ့ ဦးလေးပဲ"

ဟု ဖန့်ဝမ်လီက ခပ်ပြုံးပြုံး ပြောသည်

"ငါ့နောက် လိုက်ခဲ့ ငါ့ဦးလေးနဲ့ တွေ့ခွင့်ရတဲ့ ဂျူနီယာဆိုတာ လက်ချိုးရေလို့ရတယ် ဖန့်လင်ရှင်းက ပထမ မင်းက ဒုတိယပဲ"

​ဖန့်ထင်ကျန့်က ငါ့ကို တွေ့ချင်တာလား ဖန့်ချန် ခေတ္တမျှ မှင်တက်သွားပြီးမှ တည်ငြိမ်စွာ ခေါင်းညိတ်ကာ ဖန့်ဝမ်လီ၏နောက်မှ ဆိတ်ငြိမ်သော အိမ်တော်ဆီသို့ လိုက်သွားသည်။

ဖန့်ထင်ကျန့် ဘာကြောင့် သူ့ကို တွေ့ချင်ရသလဲဆိုသည်ကို ဖန့်ချန် ခန့်မှန်းမိပါသည်။

​တစ်ချိန်တည်းမှာပင် ဖန့်ချန်သည်လည်း ထိုဘိုးဘေးကြီးထံမှ အတိတ်က လျှို့ဝှက်ချက်အချို့ကို သိနိုင်မလားဟု တွေးကာ တွေ့ဆုံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

​ဖန့်ထင်ကျန့်သည် ခန်းမဆောင်တစ်ခု၏ ရှေ့တွင် လက်ကို နောက်ပစ်ကာ ရပ်နေသည်။

ဖန့်ချန်ကို မြင်သောအခါ သူ၏ ဖြူဖျော့သော မျက်နှာတွင် အပြုံးဖျော့ဖျော့ ပေါ်လာသည်။

​"မင်းက ဖန့်ချန်လား"

​ဖန့်ချန်က ဦးညွှတ်လိုက်သည်

"ဟုတ်ပါတယ် ကျွန်တော် ဖန့်ချန်ပါ ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"

​"အနှစ်လေးရာ ရှိသွားပြီပဲ ငါ့ရဲ့ နောင်တော်သာ ဂျူနီယာတွေထဲမှာ ဒီလို ပါရမီရှင်တစ်ယောက် ထပ်ပေါ်လာတာ သိရင် ကောင်းကောင်း အနားယူနိုင်တော့မှာပဲ"

ဟု ဖန့်ထင်ကျန့်က တိုးတိုးလေး ရေရွတ်လိုက်သည်။

​"ဦးလေး ဘာတွေ ပြောနေတာလဲ"

ဟု ဖန့်ဝမ်လီက အံ့သြတကြီး အော်လိုက်သည်။

​"သူက ဖန့်ထင်ယွမ် ရဲ့ မျိုးဆက်ပဲ"

ဟု ဖန့်ထင်ကျန့်က ဆိုသည်။

​ဖန့်ဝမ်လီမှာ မှင်တက်သွားသည်

"ဘာ သူက ဦးလေးထင်ယွမ်ရဲ့ မျိုးဆက်လား"

သူသည် ဖန့်ချန်ကို မယုံကြည်နိုင်စွာ ကြည့်ပြီးနောက် ဆဲဆိုလိုက်တော့သည်

"ဒီအကောင်တွေက ဒီသတင်းကို ဖုံးကွယ်ထားပြီး ငါ့ကိုတောင် အသိမပေးကြဘူးပေါ့"

​"ဖန့်ခွန်က မိသားစုခေါင်းဆောင်ပဲလေ သူက မိသားစုအကျိုးကိုပဲ အမြဲကြည့်ရတာ ဒီအကြောင်းကို လူသိနည်းလေ ကောင်းလေပဲ သူက ငါ့ကိုတော့ အခွင့်အရေးရတာနဲ့ ချက်ချင်း အသိပေးခဲ့ပါတယ်"

ဟု ဖန့်ထင်ကျန့်က တည်ငြိမ်စွာ ပြောသည်။

​"ဒီကလေးတွေက ငါ့ကို လုံးဝ ဂရုမစိုက်တာပဲ"

ဟု ဖန့်ဝမ်လီက ညည်းညူသည်

"ဖန့်ချန်က ဦးလေးထင်ယွမ်ရဲ့ မျိုးဆက်ပဲလေ ဒါက ကိစ္စအကြီးကြီးကို ငါ့ကိုတောင် မပြောဘူးဒေါသထွက်စရာပဲ"

​"မင်းက ငါ့နောင်တော်အပေါ် အစွဲအလမ်း အရမ်းကြီးနေလို့လေ အခွင့်အရေးရတိုင်း သူ့အကြောင်းပဲ ပြောနေတာ မင်းသာ သိရင် တစ်မြို့လုံး သိသွားမှာ သူတို့ ကြောက်လို့နေမှာပေါ့"

ဟု ဖန့်ထင်ကျန့်က ခပ်အေးအေး ရယ်သည်

"စကားမများနဲ့တော့ ဘေးမှာ သွားနေဦး ပြောစရာရှိရင် နောက်မှပြော"

​ထိုစကားဝိုင်းမှ ဖန့်ချန် တစ်ခုခုကို နားလည်သွားသည်။

ဖန့်ဝမ်လီသည် ဖန့်ချန်၏ ဘိုးဘေး ဖန့်ထင်ယွမ် ကို အလွန် လေးစားအားကျပုံရပြီး အနှစ်ရာချီ ကြာသည့်တိုင် အမြဲတစေ ထည့်ပြောလေ့ရှိသည်။

ထို့ကြောင့် မိသားစုခေါင်းဆောင်က ဖန့်ချန်၏ နောက်ခံကို သူ့အား အသိမပေးခဲ့ခြင်း ဖြစ်သည်။

​ဖန့်ထင်ကျန့်က ဖန့်ချန်ကို ကြည့်ကာ မေးလိုက်သည်

"မင်းတို့ဘက်က မိသားစုဝင်တွေ ဒီနှစ်ပေါင်း ရာချီအတွင်း ဘယ်လို ရှင်သန်နေခဲ့ကြလဲ"

​ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

ဖန့်ထင်ကျန့်သည် အမြဲစိမ်းတံဆိပ်ပြားနှင့် လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုအကြောင်း မမေးဘဲ သူတို့မျိုးနွယ်စု၏ အခြေအနေကိုသာ မေးမြန်းခြင်းမှာ ဖန့်ထင်ယွမ်သည် သူ၏နှလုံးသားထဲတွင် အရေးပါသူဖြစ်ကြောင်း ပြသနေသည်။

​"ဘိုးဘေးကြီး ကျွန်တော်တို့ မျိုးနွယ်စုကတော့ ဒီနှစ်တွေမှာ တည်တည်ငြိမ်ငြိမ်ပဲ ရှင်သန်ခဲ့ကြပါတယ်ကျွန်တော်တို့က အစက သိုင်းပညာရှင်တွေပါ ကျွန်တော့်လက်ထက်ရောက်မှပဲ ကျင့်ကြံခြင်းလမ်းစဉ်ကို လေ့လာခွင့်ရခဲ့တာပါ"

ဟု ဖန့်ချန်က ဖြေလိုက်သည်။

​"အေး ဒါဆိုလည်း ကောင်းတာပေါ့"

ဖန့်ထင်ကျန့်က ခေါင်းညိတ်သည်။

သူ၏ မျက်လုံးထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။

​ဖန့်ဝမ်လီသည် စကားပြောချင်လှသော်လည်း ဖန့်ထင်ကျန့် ဆူပူမည်ကို ကြောက်သဖြင့် ငြိမ်နေရသည်။

​ဖန့်ထင်ကျန့်က ဆက်ပြောသည်

"မင်းက ဖန့်ထင်ယွမ်ရဲ့ မျိုးဆက်ဆိုတာကို လူသိရှင်ကြား မပြောဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် သာမန် ဖန့်မိသားစုဝင်တစ်ယောက်လို့ပဲ သတ်မှတ်ဖို့ တစ်စုံတစ်ယောက်က မှာထားမှာပဲ မဟုတ်လား"

​ဖန့်ချန်က ခေါင်းညိတ်ပြသည်။

​"ငါတို့ကို စိတ်မဆိုးပါနဲ့ မင်းရဲ့ ဘိုးဘေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေက အရမ်း ရှုပ်ထွေးလွန်းလို့ပါ ဒါဟာ မင်းအတွက်ရော တစ်မိသားစုလုံးအတွက်ရော အကောင်းဆုံး ဖြစ်အောင် လုပ်ရတာပါ"

ဟု ဖန့်ထင်ကျန့်က ဆိုသည်။

​"ဘာတွေ ရှုပ်ထွေးလို့လဲ"

ဟု ဖန့်ဝမ်လီက တိုးတိုးလေး ရေရွတ်သည်

"ဦးလေးထင်ယွမ်က အလယ်ပိုင်းတိုက်ကြီး က လူအချို့ကို ပြစ်မှားမိခဲ့ရုံပဲ မဟုတ်လားဦးလေးထင်ယွမ်က ဘာမှားလို့လဲ တကယ့် မကောင်းတဲ့ကောင်တွေက အဆင့် ၁ အင်ပါယာက ကျင့်ကြံသူတွေဆိုတဲ့ လူတွေပဲ သူတို့က ဦးလေးကို ဒုက္ခပေးခဲ့တာ အဲဒါကြောင့်ပဲ အဖိုးတောင် အသက်မရှည်ခဲ့ရတာ "

​"မင်းကို ပါးစပ်ပိတ်ထားဖို့ ငါမပြောခဲ့ဘူးလား"

ဖန့်ထင်ကျန့်၏ အကြည့်မှာ ရုတ်တရက် စူးရှသွားသည်

"ဒီအကြောင်းတွေကို ထပ်မပြောဖို့ ငါပြောပြီးသား မင်းပြောတာတွေကို တခြားလူတွေ မကြားနိုင်ဘူးလို့ မထင်နဲ့"

​ဖန့်ထင်ကျန့် တကယ် စိတ်ဆိုးနေသည်ကို မြင်သောအခါ ဖန့်ဝမ်လီမှာ ချက်ချင်း ပါးစပ်ပိတ်ကာ တခြားနေရာကို ကြည့်နေတော့သည်။

​ဖန့်ထင်ကျန့်က လေသံပြောင်းကာ မေးသည်

"ဖန့်ချန် အဲဒီ စီနီယာကြီးနဲ့ လွန်ခဲ့တဲ့အချိန်က တွေ့ဖူးတာ ရှိလား"

​"မတွေ့ဖူးပါဘူး"

​"သူ မင်းကို တစ်ခုခု ပေးသွားတယ်လို့ ကြားတယ်"

​ဖန့်ချန်သည် အမြဲစိမ်းတံဆိပ်ပြား ကို ထုတ်ယူကာ ဖန့်ထင်ကျန့်အား ပေးလိုက်သည်။

​"အမြဲစိမ်းတံဆိပ်ပြား ကြည့်ရတာ အဲဒီစီနီယာက မင်းနဲ့ ရေစက်တစ်ခု ဖန်တီးချင်ပုံပဲ နောင်တစ်ချိန်မှာ ဒီတံဆိပ်ပြားကို သုံးပြီး သူ့တပည့် ဖြစ်နိုင်မလား ကြည့်ရမယ်"

ဟု ဖန့်ထင်ကျန့်က တံဆိပ်ပြားကို ကြည့်ကာ တွေးတောစွာ ပြောလိုက်သည်။

​ထို့နောက် တံဆိပ်ပြားကို ပြန်ပေးကာ သေသေချာချာ သိမ်းထားရန် မှာကြားပြီးနောက် ဖန့်ချန်နှင့် ဖန့်ဝမ်လီကို ပြန်ခိုင်းလိုက်တော့သည်။

​အိမ်တော်မှ ထွက်လာသောအခါ ဖန့်ဝမ်လီက ဖန့်ချန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးသည်

"ဖန့်ချန် မင်းရဲ့ ဘိုးဘေးက မှာကြားခဲ့တဲ့ စကားတွေ၊ ဆောင်ပုဒ်တွေ ဘာများရှိလဲ"

​ဖန့်ချန် ခေတ္တမျှ မှင်တက်သွားသည်။

ဒါ ဘာမေးခွန်းလဲ

​ဖန့်ချန် ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သောအခါ ဖန့်ဝမ်လီက တိုးတိုးလေး ထပ်ပြောသည်

"လူကြီးလူကောင်းတစ်ယောက်အတွက် လက်စားချေဖို့ဆိုတာ ဘယ်တော့မှ နောက်မကျဘူးလို့ ငါပြောခဲ့တာ မှတ်မိလား "

​ဖန့်ချန် ခေါင်းညိတ်သည်

"မှတ်မိပါတယ်"

​"အဲဒါ ဦးလေးဖန့်ထင်ယွမ် ငါ့ကို ပြောခဲ့ဖူးတဲ့ စကားပဲ"

ဟု ဖန့်ဝမ်လီက ဆက်ပြောသည်

"အဲဒီတုန်းက ငါက အသက် ၁၆ နှစ်ပဲ ရှိသေးတာ ကျွယ်ဖေးချန်းရဲ့ လက်ချက်နဲ့ ဒဏ်ရာ အပြင်းအထန်ရပြီး လပေါင်းများစွာ အိပ်ရာထဲ လဲနေခဲ့ရတယ်"

" ဦးလေးထင်ယွမ် လာကြည့်တုန်းက ဒီစကားကို ပြောသွားတာ ငါ ဒဏ်ရာပျောက်တာနဲ့ ချက်ချင်းပဲ ကျင့်ကြံသူအချို့ကို ပိုက်ဆံပေးငှားပြီး ကျွယ်ဖေးချန်းကို ချောင်းရိုက်ခိုင်းပြီး ဒုက္ခိတဖြစ်အောင် လုပ်ပစ်လိုက်တာပဲ"

​ဖန့်ဝမ်လီသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောနေသည်

"အဲဒီအချိန်ကစပြီး ကျွယ်ဖေးချန်းက ငါ့ကို မပြစ်မှားရဲတော့ဘူး ကဲ ဦးလေးထင်ယွမ်ဆီက တခြား အသုံးဝင်တဲ့ စကားတွေ ကြားခဲ့တာရှိရင် ငါ့ကိုလည်း ပြောဦး"

​ဟားဟား... မင်းက တကယ့်ကို ငါ့ဘိုးဘေးရဲ့ ပရိသတ်လေးပဲကိုး။

ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်သည်

"ကျွန်တော့် ဘိုးဘေးက ဘာပညာပေးစကားမှ ချန်မထားခဲ့ပါဘူး"

​"ဪ ဒါဆိုလည်း ဟုတ်ပါပြီ"

ဖန့်ဝမ်လီမှာ စိတ်ပျက်သွားပုံရသည်။

​"ဦးလေးထင်ယွမ်ကို ဘယ်မှာ မြှုပ်ထားတာလဲ ငါ သူ့အတွက် အမွှေးတိုင် သွားထွန်းချင်လို့"

​"အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ မျိုးနွယ်စုက သိုင်းပညာရှင်တွေ ဖြစ်နေတော့ သက်တမ်း တိုကြတယ် ကျွန်တော့်လက်ထက်နဲ့ ဘိုးဘေးနဲ့ဆိုရင် မျိုးဆက်ပေါင်း များစွာ ကွာသွားပါပြီ"

"ကြားထဲမှာ ရွှေ့ပြောင်းတာတွေ ဘေးဒုက္ခတွေ ကြုံခဲ့ရတော့ ဘိုးဘေးကို ဘယ်မှာ မြှုပ်ထားခဲ့လဲဆိုတာ ကျွန်တော်တို့လည်း မသိတော့ပါဘူး"

ဟု ဖန့်ချန်က ရှင်းပြလိုက်သည်။

​ဖန့်ဝမ်လီက သက်ပြင်းချကာ ခဏမျှ တိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်ပြသည်

"အေးပါ မင်း အခု ပြန်လို့ရပါပြီ"

All Chapters