← Chapters

လော့ချန်နှင့် သူ၏စွန့်စားခန်းများ အခန်း (၁) - တစ်ကိုယ်တော်ကျင့်ကြံသူ လော့ချန်

Vol. 1 Ch. 1

လော့ချန်နှင့် သူ၏စွန့်စားခန်းများ အခန်း (၁) - တစ်ကိုယ်တော်ကျင့်ကြံသူ လော့ချန်

Vol. 1 Ch. 1

ဝုန်း.…ဝုန်း….ဂျိန်း….

မိုးခြိမ်းသံကြီးသည် ကောင်းကင်ယံထက်မှ မြည်ဟည်း၍ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။

မိုးကောင်းကင်၏ အရှိန်အဝါသည် တာဟဲဈေးမြို့တော်ကြီး တစ်ခုလုံးကို ဖိနှိပ်ထားသကဲ့သို့ လွှမ်းခြုံအုပ်မိုးလိုက်လေသည်။

ပုံမှန်အားဖြင့် ကောင်းကင်ယံ၌ အလင်းတန်းများသဖွယ် ပျံသန်းသွားလာနေတတ်ကြသော ကျင့်ကြံသူတို့သည် ယနေ့တွင်မူ မိုးတိမ်များအကြား ဖြတ်သန်းသွားလာခြင်း မပြုရဲကြချေ။ အကြောင်းမှာ ရုတ်တရက် ကျရောက်လာနိုင်သည့် မိုးကြိုးဒဏ်ကို မည်သူမျှ အံမတုနိုင်သောကြောင့်ဖြစ်သည်။

ထိုမိုးကြိုးသည် ကံကြမ္မာ၏ ခါးသီးသော စမ်းသပ်ချက်တစ်ခု ဖြစ်နေနိုင်သလို ကျင့်ကြံသူတို့အတွက် စောစီးစွာ ရောက်ရှိလာသည့် ကပ်ဘေး အချက်ပြချက်လည်း ဖြစ်နေနိုင်ပေသည်။

တာဟဲဈေးမြို့တော်မှာ အလွန်ကျယ်ဝန်းပြီး အလွှာသုံးထပ် အစီအရင်များဖြင့် မြို့တွင်းပိုင်းကို အခိုင်အမာ တည်ဆောက်ထားသည်။ ထိုအစီအရင်သည် တတိယအဆင့် ဝိညာဉ်သားရဲများ၏ တိုက်ခိုက်မှုကိုပင် ကြံ့ကြံ့ခံနိုင်ရုံမက အရေးပေါ်အခြေအနေတွင် မြို့သားများ ပြင်ဆင်နိုင်ရန် အချိန်အလုံအလောက် ပေးစွမ်းနိုင်သည်။

သို့သော် ထိုမျှအင်အားကြီးမားသော အစီအရင်ကို နေ့စဉ်လည်ပတ်ရန်နှင့် ထိန်းသိမ်းရန်အတွက် အရင်းအမြစ် အမြောက်အမြား လိုအပ်သဖြင့် မြို့တွင်းပိုင်း၌သာ တည်ဆောက်ထားခြင်း ဖြစ်သည်။

အပြင်ဘက်အရပ်တွင် ဖြစ်သည်….။

တစ်ကိုယ်တော်ကျင့်ကြံသူများ ခိုအောင်းနေထိုင်ကြသည့် နေရာမှာမူ လုံခြုံရေးဟူသည်မှာ စကားလုံးမျှသာ ရှိသည်။ အတွင်းမြို့ကို ပတ်လည်ဝိုင်းထားသော ထိုလွင်ပြင်ကျယ်ကြီးပေါ်တွင် သစ်သားအိမ်နှင့် ကျောက်အိမ်ပေါင်း သောင်းနှင့်ချီ၍ ပြန့်ကျဲတည်ရှိနေကြသည်။

မြို့တော်၏ အနောက်တောင်ဘက် အရပ်၊ စမ်းချောင်းလေးတစ်ခု၏ အနီးတွင် သစ်သားအိမ်လေးတစ်လုံးမှာ သီးခြားတည်ရှိနေသည်။

ထိုအိမ်လေးသည် အနီးဆုံးအိမ်နှင့်ပင် လီနှစ်ဝက်ခန့် ဝေးကွာလှသည်။

ပြင်ပကမ္ဘာတွင် ငြိမ်သက်နေသော်လည်း ထိုအိမ်အတွင်းရှိ မီးဖိုဆောင်မှာမူ မီးတောက်များဖြင့် လှုပ်ရှားသက်ဝင်နေသည်။

"တောတောင်ဝဥ တစ်ပိဿာ၊ ဝါးဖြူမှို နှစ်ကျပ်သား၊ တစ်နှစ်သား ဂျင်ဆင်း သုံးကျပ်သား…."

"ပထမအဆင့် နွားဝါသား တစ်ပိဿာကို နှုတ်နှုတ်ဆင်း၊ အရိုးတစ်စတောင် အလဟဿ အဖြစ်မခံနိုင်ဘူး….”

“ကြက်သွန်မြိတ်၊ ဂျင်း၊ ဆန်နဲ့ စမုန်စပါး ထည့်မယ်….”

ကိုယ်လုံးတီး ဖြစ်လုနီးပါး ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ဆေးဖော်စပ်ရာ အိုးကြီးရှေ့တွင် ရပ်ကာ မှော်ဂါထာကို ရွတ်ဖတ်နေသကဲ့သို့ တိုးညှင်းစွာ ရေရွတ်နေသည်။ သူသည် သစ်သားစင်ပေါ်မှ ပါဝင်ပစ္စည်း အမျိုးမျိုးကို ကျွမ်းကျင်စွာ ယူငင်၍ အိုးထဲသို့ ထည့်ကာ ယောက်မဖြင့် ပေါ့ပါးသွက်လက်စွာ မွှေနေတော့သည်။

ဖြူဖွေးသော အရိုးပြုတ်ရည် များကို လောင်းထည့်လိုက်ပြီးနောက် လော့ချန်သည် သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်သည်။ သူသည် မီးဖိုအောက်ရှိ မီးကို ထိန်းညှိကာ ထင်းစအချို့ကို ရံဖန်ရံခါ ထည့်ပေးရင်း ဆေးရည်ကျိုချက်မှု ပြီးဆုံးသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။

နှစ်နာရီခန့် ကြာပြီးနောက် သူသည် အိုးအဖုံးကို ဖွင့်လိုက်ပြီး အတွင်း၌ ပွက်ပွက်ဆူနေသော ပျစ်ချွဲချွဲ အရောအနှောကို ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။

"အရောင်ကို ကြည့်စမ်း.... ဖြူဖွေးဝင်းလက်နေတာပဲ၊ ထိပ်တန်းအဆင့်"

"အနံ့ကလည်း မွှေးကြိုင်နေပေမဲ့ အရမ်းမပြင်းဘူး၊ ထိပ်တန်းအဆင့်"

လော့ချန်သည် ယောက်မထဲမှ အရည်အနည်းငယ်ကို လက်ညှိုးဖြင့် တို့ယူ၍ မြည်းစမ်းကြည့်လိုက်သည်။

“ချီစွမ်းအင်အနှစ်သာရက တစ်စက်မှ မပျက်စီးဘူး၊ ဂျင်ဆင်းနဲ့ ဒေါင်းခိုမြစ်က နွားဝါသားရဲ့ ချီစွမ်းအင်ကို တစ်အိုးလုံးအနှံ့ ပြန့်သွားစေတယ်.…”

“အရသာကလည်း အပြစ်ပြောစရာမရှိဘူး၊ တကယ့်ကို ထိပ်တန်းအဆင့်”

သူ၏ လက်ချောင်းများကို လျက်ရင်း လော့ချန် ကျေနပ်စွာ ပြုံးလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က အတွေ့အကြုံအရ ဤဆေးရည်တစ်အိုးသည် အနည်းဆုံး မှော်အာဟာရဆေးလုံး ငါးပုလင်းခန့် ထွက်ရှိနိုင်သည်။

လူပုံစံမှာသာ ဆေးဖော်ဆရာနှင့် မတူသော်လည်း လော့ချန်သည် အမှန်တကယ် ဆေးဖော်နေခြင်း ဖြစ်သည်။ အတိအကျပြောရလျှင် ကျင့်ကြံသူများ အသုံးအများဆုံးဖြစ်သော မှော်အာဟာရဆေးလုံးများကို ဖော်စပ်နေခြင်း ဖြစ်သည်။

ဆေးရည်များ မအေးသွားမီမှာပင် လော့ချန်သည် ထိုအနှစ်များကို သစ်သားပြားပေါ်သို့ လောင်းချလိုက်သည်။ ထို့နောက် ဝါးစာလိပ်ဟောင်းတစ်ခုကို ယူ၍ ထူထဲလှသော ဆေးနှစ်များကို ဖြန့်ခင်းလိုက်ပြီးနောက် မွှေးကြိုင်သော ပျားရည်အနည်းငယ်ကို ဆမ်းကာ ဝါးစာလိပ်ကို တင်းကျပ်စွာ လိပ်လိုက်သည်။

ဝါးလိပ် လိပ်လိုက်သည်နှင့်အမျှ အငွေ့တထောင်းထောင်းထနေသည့် ဆေးနှစ်များမှာ တဖြည်းဖြည်း လေးထောင့်ပုံစံ ဖြစ်လာပြီး ပျားရည်ကြောင့် အဝါရောင်သန်းသွားသည်။

လော့ချန်သည် အရှိန်မြှင့်၍ ဆေးနှစ်များကို လက်မခန့်ရှိသော လုံးဝန်းသည့် ဆေးလုံးလေးများအဖြစ် ပုံဖော်လိုက်တော့သည်။

တစ်လုံး.... နှစ်လုံး.... ဆယ်လုံး....။

လော့ချန် ရပ်လိုက်သည့်အချိန်တွင် သစ်သားပြားပေါ်၌ သေသပ်စွာ စီထားသော မှော်အာဟာရဆေးလုံး ၅၀ ရှိနေပြီ ဖြစ်သည်။

အောင်မြင်မှုကို အားရပါးရ အောင်ပွဲခံရန် ပြင်လိုက်စဉ်မှာပင် လော့ချန်၏ မျက်စိရှေ့၌ သူတစ်ဦးတည်းသာ မြင်နိုင်သော အခြေအနေပြကြေးမုံပြင်တစ်ခု ပေါ်ထွက်လာလေသည်။

[အခြေအနေပြကြေးမုံပြင်]

အမည် - လော့ချန်

သက်တမ်း - ၂၇ / ၇၅ နှစ်

ဝိညာဉ်အမြစ် - သတ္တု၊ သစ်၊ ရေ၊ မီး၊ မြေ

ကျင့်ကြံမှု အဆင့် - ချီသန့်စင်အဆင့် ၃ (၇၅/၁၀၀)

အောင်မြင်မှုအမှတ် - ၁၀ (ကျင့်စဉ်များ၊ မှော်အတတ်များနှင့် အတတ်ပညာများ ဖွင့်ရန် အသုံးပြုနိုင်သည်)

[ကျင့်စဉ်များ]

နွေဦးကျင့်စဉ် - ကျွမ်းကျင်အဆင့် (၂၃၅/၃၀၀)

[မှော်အတတ်များ]

သန့်စင်ခြင်း မှော်အတတ် - အခြေခံအဆင့် (၄၉/၁၀၀)

နွယ်ရှင်နှောင်ကြိုး - တတ်မြောက်အဆင့် (၁၇၆/၂၀၀)

မီးလုံးမှော်အတတ် - ကျွမ်းကျင်အဆင့် (၂၆၈/၃၀၀)

[အတတ်ပညာများ]

ပထမအဆင့် ဆေးဖော်ဆရာ

မှော်အာဟာရဆေးလုံး - ပါရမီရှင်အဆင့် (၅၀၁/၁၀၀၀)

"အောင်မြင်မှုအမှတ် ဆယ်မှတ်၊ နောက်ဆုံးတော့ ရပြီဟေ့၊ ဒါကို သုံးပြီး အံ့ဖွယ်တစ်သောင်းဆေးလုံးရဲ့ လမ်းစကို ငါဖော်ထုတ်နိုင်တော့မယ်”

အခြေအနေပြကြေးမုံပြင်ကို ကြည့်ရင်း လော့ချန် စိတ်လှုပ်ရှားသွားသည်။ ဤနေရာသို့ သူ ရောက်ရှိလာခဲ့သည်မှာ တစ်နှစ်တိတိ ရှိခဲ့လေပြီ။

ယခင်ဘဝတွင် သူသည် မနက်စောစောထ၊ ညမိုးချုပ်မှ ပြန်ရသည့် သာမန် ရုံးဝန်ထမ်းတစ်ဦးမျှသာ ဖြစ်ပြီး အားလပ်ချိန်တွင် ဖုန်းထဲ၌ ကျင့်ကြံခြင်းဂိမ်းများကိုသာ ကစားလေ့ရှိသည်။ ပိုက်ဆံ သိပ်မရှိသဖြင့် ဂိမ်းထဲတွင် အချိန်ကုန်ခံ ကြိုးစားအားထုတ်ကာ ကျင့်စဉ်အဆင့်များကို မြှင့်တင်ခဲ့ရသူ ဖြစ်သည်။

ယခုမူ မထင်မှတ်ဘဲ သူကစားနေကျ ကျင့်ကြံခြင်းဂိမ်းထဲရှိ ကမ္ဘာမျိုးသို့ ကူးပြောင်းရောက်ရှိလာခဲ့သည်။

ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာလည်း သူ့နှင့် သက်တူရွယ်တူ ဖြစ်သလို သူ့အမည်အတိုင်း လော့ချန်ပင် ဖြစ်သည်။ ထိုသူသည် တောထဲ၌ ကျင့်ကြံသူတစ်ဦး၏ ရုပ်အလောင်းနှင့်အတူ ရတနာအချို့ကို တွေ့ရှိခဲ့ရာမှ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိခဲ့သူ ဖြစ်သည်။ အလောင်းမှရသော မြေပုံကို လမ်းညွှန်အဖြစ် အသုံးပြုကာ သူသည် အနီးနားရှိ ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် တာဟဲစျေးမြို့တော်သို့ ရောက်ရှိလာခဲ့သည်။

သို့သော် ကံကြမ္မာက သူ့ဘက်တွင် မရှိခဲ့ပေ။ ထိုအချိန်၌ သူသည် အသက် (၁၇) နှစ်ထဲသို့ ရောက်ရှိနေပြီဖြစ်ရာ ဂိုဏ်း၏ တပည့်သစ်လက်ခံသည့် အသက်ကန့်သတ်ချက်ထက် တစ်နှစ်တိတိ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ပို၍ ဆိုးရွားသည်မှာ သူသည် ဝိညာဉ်အမြစ်ငါးခု ရှိသည့် ရှားပါးသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားခြင်းပင်။ ထိုအရည်အချင်းမှာ ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်အမြစ် လုံးဝမရှိသကဲ့သို့ပင် အသုံးမဝင်ဟု သတ်မှတ်ခြင်းခံရသဖြင့် မည်သည့်ဂိုဏ်းကမျှ သူ့အား လက်မခံခဲ့ချေ။

ထို့ကြောင့် သူသည် ဤတာဟဲဈေးမြို့တော်၌ တစ်ကိုယ်တော် ကျင့်ကြံသူအဖြစ် ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ရသည်။

သို့သော် မူလလော့ချန်၏ စိတ်ဓာတ်မှာ အလွန်ခိုင်မာလှသည်။ သူသည် သူ၏ ကံကောင်းမှုမှ ရရှိခဲ့သော ဆေးလုံးတစ်ပုလင်း၊ နွေဦးကျင့်စဉ် စာလိပ်တစ်ခုနှင့် ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို အားကိုးကာ တာဟဲစျေးမြို့တော်တွင် အခြေချခဲ့သည်။

အစောပိုင်းတွင် ငွေကြေးခက်ခဲမှုကြောင့် မြို့တွင်းနှင့် နီးသော သစ်သားအိမ်များတွင် မနေနိုင်ဘဲ မြို့စွန်ရှိ စမ်းချောင်းဘေးတွင် နေရာငှား၍ နေခဲ့ရသည်။

စျေးကွက်အတွင်း ရှင်သန်ရန်မှာ မလွယ်ကူလှပေ။

အဝေးဆုံးသော အိမ်လေးပင်လျှင် တစ်လလျှင် ဝိညာဉ်ကျောက်တုံး တစ်ဝက် ပေးရပြီး သူကိုယ်တိုင် အိမ်ဆောက်လျှင်ပင် မြေငှားခ ပေးရသေးသည်။

သူသည် သူများဆိုင်များတွင် ကူညီပေးခြင်း သို့မဟုတ် တောတောင်ထဲသို့ အမဲလိုက်အဖွဲ့များနှင့်အတူ လိုက်ပါခြင်းတို့ဖြင့် အသက်မွေးခဲ့ရသည်။

နောက်ဆုံးတွင် ဤသို့နေ၍ မဖြစ်နိုင်မှန်း သိလာသောအခါ ကျင့်ကြံသူ၏ ရုပ်ကြွင်းမှ ကျန်ရစ်ခဲ့သော ဆေးနည်း နှစ်ခုကို အာရုံစိုက်ခဲ့သည်။

အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်နည်းမှာ အလွန်မြင့်မားလွန်းသဖြင့် သူသည် အလွယ်ဆုံးဖြစ်သော မှော်အာဟာရဆေးလုံးမှ စတင်ခဲ့သည်။

ကံတရား၏ မျက်နှာသာပေးမှုကြောင့်လားမသိ၊ အကြိမ်အနည်းငယ် ကျရှုံးပြီးနောက် သူသည် မှော်အာဟာရဆေးလုံး တစ်သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။

အရည်အသွေး သိပ်မကောင်းသော်လည်း တောတောင်ထဲသို့ ရက်ရှည်သွားလေ့ရှိသော တစ်ကိုယ်တော်ကျင့်ကြံသူများက ဝယ်ယူရန် အမြဲ အဆင်သင့် ရှိနေကြသည်။

ဤသို့ဖြင့် မူလလော့ချန်သည် တာဟဲစျေးမြို့တော်တွင် အသက်ဆက်နိုင်ခဲ့သည်။

သို့သော် ကံကြမ္မာမှာ မမြဲပေ၊ ဘေးဒုက္ခက ဆိုက်ရောက်လာတော့သည်။

မှော်အာဟာရဆေးလုံးမှ ရသောဝင်ငွေက ကျင့်ကြံခြင်းအတွက် မလုံလောက်တော့သောအခါ သူသည် ပို၍ တန်ဖိုးရှိသော ဆေးလုံးကို ဖော်စပ်ရန် သူတွေ့ရှိထားသော မပြည့်စုံသည့် ဆေးနည်းတစ်ခုကို စမ်းသပ်ခဲ့သည်။

ထို့နောက်…. ။

ပထမဆုံး အကြိမ်မှာပင် ဆေးအိုး ပေါက်ကွဲသွားတော့သည်။

ထိုပေါက်ကွဲမှုမှာ ပြင်းထန်လွန်းသဖြင့် သစ်သားအိမ်လေးပင် ပြိုကျသွားခဲ့ရသည်။

ထိုအချိန်မှာပင် ယခု လော့ချန်သစ်၏ ဝိညာဉ်သည် ဤကမ္ဘာသို့ ကူးပြောင်းလာပြီး ဤခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

ကူးပြောင်းလာစအချိန်က အခြေအနေကို ပြန်စဉ်းစားမိလျှင် လော့ချန် စိတ်ပျက်အားငယ်မှုလှိုင်းကို ခံစားရသည်။

ထိုညက မိုးသည်းထန်စွာ ရွာသွန်းနေပြီး ပျက်စီးနေသော အိမ်အပျက်များကြားတွင် သူသည် မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီလျက်၊ ဤစိမ်းကားလှသော ကမ္ဘာသစ်ကို ရင်ဆိုင်ရင်း အလွန်ပင် ဇဝေဇဝါ ဖြစ်နေခဲ့ရသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုအရာများ အားလုံးမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

“တစ်နှစ်ကြာခဲ့ပြီ၊ ငါ့ရဲ့ မှော်အာဟာရ ဆေးဖော်တဲ့အတတ်က ပါရမီရှင်အဆင့်အထိ ရောက်ခဲ့ပြီ၊ အခြေခံစားဝတ်နေရေးအတွက်တော့ ဒါက လုံလောက်သွားပြီ….”

"ဒါပေမဲ့ အကြီးမားဆုံး ဆုလာဘ်ကတော့ အောင်မြင်မှုအမှတ် ဆယ်မှတ် စုဆောင်းနိုင်ခဲ့တာပဲ၊ အခုဆိုရင် အံ့ဖွယ်တစ်သောင်းဆေးလုံးကို ငါ ဖော်စပ်နိုင်ပြီ…."

လက်ရှိတွင် လော့ချန်၌ ဆေးနည်းသုံးမျိုး ရှိသည်။ မှော်အာဟာရဆေးလုံး၊ အံ့ဖွယ်တစ်သောင်းဆေးလုံးနှင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးဟု ခေါ်သော မပြည့်စုံသည့် ဒုတိယအဆင့် ဆေးနည်းတို့ပင် ဖြစ်သည်။

အကယ်၍ အောင်မြင်စွာ ဖော်စပ်နိုင်ပါက ကျောက်စိမ်းနှင်းစက်ဆေးလုံးသည် ရေဓာတ်အခြေခံ ကျင့်စဉ် ကျင့်ကြံသူများအတွက် များစွာ အကျိုးရှိစေမည်။ ဤဆေးတစ်ပုလင်းတည်းနှင့်ပင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးအထိ ဈေးကောင်းရနိုင်သည်။

ထိုမျှကြီးမားသော အမြတ်အစွန်းကြောင့် မူလပိုင်ရှင် စိတ်လှုပ်ရှားသွားသည်မှာ အံ့သြစရာ မဟုတ်ပေ။

မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲခြင်းကြောင့်လား၊ မှော်အာဟာရဆေးလုံး ဖော်စပ်ရသည်မှာ လွယ်ကူလွန်းသည်ဟု ထင်ခဲ့ခြင်းကြောင့်လား သို့မဟုတ် ဆင်းရဲမွဲတေမှု၏ ခါးသီးသော လက်တွေ့ဘဝက သူ့ကို စွန့်စားရန် တွန်းအားပေးခဲ့ခြင်းကြောင့်လားတော့ မသိပေ။

သူသည် ရှေ့မကြည့် နောက်မကြည့်ဘဲ တိုးဝင်ခဲ့သည်။

ရလဒ်မှာ ဆေးအိုး ပေါက်ကွဲ၊ အိမ်ပြိုကာ သူ၏ အသက်ပါ ဆုံးရှုံးခဲ့ရသည်။

ယခုမူ လော့ချန်သစ်သည်လည်း အလားတူ လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လော့ချန်သည် ထိုအမှားမျိုးကို ထပ်မလုပ်လို‌‌ပေ။ မှော်အာဟာရဆေးလုံးကိုသာ အားကိုးနေလျှင်လည်း ကျင့်ကြံခြင်းအဆင့် တိုးတက်ရန် မဖြစ်နိုင်ချေ။ ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များ ရရှိရန် မှော်အာဟာရဆေးလုံးထက် သာလွန်သော အခြားဝင်ငွေလမ်းစတစ်ခု လိုအပ်သည်။

သူ၏ ရည်မှန်းချက်မှာ ကျောက်စိမ်းနှင်းစက်ဆေးလုံးကို ဖော်စပ်ရန် မဟုတ်ပေ။ အထူးသဖြင့် အောင်မြင်မှုအမှတ် ဆယ်မှတ်မှာ ဒုတိယအဆင့် ဆေးဖော်စပ်မှုအတတ်ကို ဖွင့်ရန် မလုံလောက်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် လမ်းသစ်တစ်ခုကို ဖောက်ရန် သူ ဆုံးဖြတ်လိုက်သည်။

“ငါ အံ့ဖွယ်တစ်သောင်းဆေးလုံးကို အောင်မြင်အောင် ဖော်စပ်မယ်၊ ငါ့မှာ တခြားရွေးချယ်စရာ လမ်းမရှိဘူး”

All Chapters