တစ်လလျှင် ဝိညာဉ်ကျောက် ငါးတုံး
Vol. 1 Ch. 2
နောက်တစ်နေ့ နံနက်စောစောတွင် ဖြစ်သည်။
လော့ချန်သည် အိပ်ရာမှ စောစီးစွာထ၍ စားပွဲပေါ်တွင် အအေးခံထားသော ဆေးလုံးများကို တစ်ပုလင်းလျှင် ဆယ်လုံးနှုန်းဖြင့် ကျောက်စိမ်းပုလင်း ငါးပုလင်းထဲသို့ ခွဲထည့်လိုက်သည်။
သူ၌ရှိသမျှထဲတွင် အကောင်းဆုံးဟုဆိုနိုင်သည့် အဆင့်နိမ့် ဝတ်ရုံရှည်ကို လဲလှယ်ဝတ်ဆင်ကာ၊ အဆင့်နိမ့် ပျံသန်းဓားကို ဆွဲ၍ အိမ်ပြင်သို့ အပြေးအလွှား ထွက်ခဲ့တော့သည်။
မြို့ထဲသို့ နေမထွက်မီ အရောက်သွားရမည်။ မဟုတ်ပါက နေမြင့်သွားသည်နှင့်အမျှ တစ်ကိုယ်တော် ကျင့်ကြံသူများအတွက် သတ်မှတ်ထားသော ဈေးနေရာကောင်းများမှာ အခြားသူများ၏ လက်ဦးမှုရယူခြင်းကို ခံရပေလိမ့်မည်။
မနေ့က မိုးသည်းထန်စွာ ရွာထားသောကြောင့်လားမသိ၊ မြို့ပြင်ရှိ လမ်းမများမှာ ရွှံ့နွံများဖြင့် ဗွက်ထနေသည်။ မြို့လယ်ခေါင်နှင့် နီးကပ်လာလေလေ၊ လေထုထဲ၌ ဆီးနံ့၊ ဆေးဖက်ဝင်အပင်နံ့များနှင့် လူနှင့် သားရိုင်းတိရစ္ဆာန်တို့၏ ကိုယ်နံ့များ ရောပြွမ်းနေသည့် အနံ့ဆိုးကြီးမှာ ပိုမိုပြင်းထန်လာလေသည်။
ရွှံ့နွံများ၏ မြေနံ့က ထိုအနံ့ဆိုးများကို ပို၍ပင် မခံမရပ်နိုင်ဖြစ်စေသော်လည်း လော့ချန်ကမူ ယဉ်ပါးနေပြီ ဖြစ်သည်။
နှစ်နာရီခန့် ကြာပြီးနောက် သူသည် မြို့တံခါးသို့ ရောက်ရှိလာသည်။
မြို့တွင်းပိုင်းသို့ လှမ်းဝင်လိုက်သည်နှင့် သူ အသက်ကို ဝအောင် တစ်ချက် ရှူလိုက်မိသည်။
အတွင်းမြို့၏ လေထုက အပြင်မြို့ထက် များစွာ ပိုမိုလတ်ဆတ်သန့်စင်နေသည်မှာ အမှန်ပင်။
"အတွင်းမြို့က ပထမတန်းစား ဝိညာဉ်ကြောပေါ်မှာ တည်ထားတာဆိုတော့ ချီသန့်စင်အဆင့် ကျင့်ကြံသူတွေအတွက် အကျိုးရှိတာပေါ့၊ ငါသာ ပိုက်ဆံအလုံအလောက် ရှာနိုင်ရင် ဒီမှာ အိမ်တစ်လုံး အပိုင်ဝယ်ဦးမယ်…."
လော့ချန်သည် မိမိကိုယ်ကို အားပေးရင်း အနောက်တောင်ဘက်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများ အရောင်းအဝယ်ပြုရာ နေရာသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။
….
အဝါရောင် မှော်စာရွက်များနှင့် သားရိုင်းသားရေများ ခင်းကျင်းထားသော ကျောက်ပြားကြီးတစ်ခုအရှေ့တွင် အဘိုးအိုတစ်ဦးသည် ပစ္စည်းများ စီရီခင်းကျင်းနေသည်။
သူသည် သားရဲရေခွံများကို ခင်းကျင်းပြီးနောက် ခါးဆန့်လိုက်စဉ် လော့ချန်ကို အမှတ်မထင် မြင်တွေ့သွားသည်။
"လော့ချန်.... ဒီနေ့တော့ ထုံးစံထက် နည်းနည်း နောက်ကျနေပါလားဟေ့"
ထိုအဘိုးအို၏ အမည်မှာ ချန်ရှို့ဖိန် ဖြစ်သည်။
ချီသန့်စင်အဆင့် (၆) ရှိသော ကျင့်ကြံသူဖြစ်ပြီး တာဟဲဈေးမြို့တော်တွင် ဆယ်စုနှစ်ချီ နေထိုင်လာသူဖြစ်သည်။ သူသည် မှော်စာရွက် ရေးဆွဲခြင်းနှင့် သားရဲရေခွံများကို အကောင်းစားဖြစ်အောင် ပြုပြင်ခြင်း အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်သည်။
သူ့ဝင်ငွေနှင့်ဆိုလျှင် အတွင်းမြို့၌ အိမ်ငှားနေနိုင်သော်လည်း အဘိုးချန်က အလွန်စေ့စပ်သူဖြစ်သည်။ အတွင်းမြို့ရှိ ကျောက်အိမ်တစ်လုံးအတွက် ဆယ်ဆသော ဈေးနှုန်းကို မပေးလိုသဖြင့် အပြင်မြို့ရှိ သစ်သားအိမ်လေး၌ တစ်လလျှင် ဝိညာဉ်ကျောက် (၁) တုံးဖြင့်သာ ချွေတာနေထိုင်သူ ဖြစ်သည်။
ကုန်ပစ္စည်းရောင်းချရာတွင်ပင် ဆိုင်ခန်းခင်းကျင်းခြင်းမှစ၍ အရောင်းအဝယ် ပြုလုပ်သည်အထိ ပြားစေ့မကျန်အောင် တွက်ချက်တတ်သူ ဖြစ်သည်။
တစ်ကိုယ်တော်ကျင့်ကြံသူများသည် ဈေးဆိုင်ခန်း တစ်ခန်းအတွက် ဈေးကွက်စီမံခန့်ခွဲရေးအဖွဲ့ကို တစ်လလျှင် ဝိညာဉ်ကျောက်တုံး (၁) တုံး ပေးဆောင်ရသည်။ အဘိုးချန်၏ ဆိုင်ခန်းမှာ မှော်စာရွက်များနှင့် သားရေချပ်များ ခင်းကျင်းထားသည့်တိုင် နေရာအနည်းငယ် ပိုနေသဖြင့် လော့ချန်ကို ထိုနေရာလွတ်လေးတွင် အတူတူရောင်းရန် ခွင့်ပြုကာ ဆိုင်ခန်းခကို တစ်ဝက်စီ ခွဲပေးစေခြင်း ဖြစ်သည်။
လော့ချန်အတွက် နစ်နာသလားဆိုလျှင် မနစ်နာပေ။ သူကိုယ်တိုင် ဆိုင်ခန်းငှားလျှင်လည်း ဝိညာဉ်ကျောက် (၁) တုံး ပေးရမည်သာ ဖြစ်သည်။ ထို့ပြင် ကျင့်ကြံသူအများစုမှာ သူတစ်ပါးနှင့် ဆိုင်ခန်းခွဲဝေသုံးစွဲရန် ဝန်လေးတတ်ကြသည်။ ထို့ကြောင့် လော့ချန်မှာ နစ်နာမှုမရှိဘဲ အဘိုးချန် သည်လည်း အကျိုးအမြတ်ရှိနေခြင်း ဖြစ်သည်။
နှုတ်ဆက်စကား အနည်းငယ်ပြောပြီးနောက် လော့ချန်သည် သူ၏ ပစ္စည်းများကို ခင်းကျင်းလိုက်သည်။
ယနေ့ သူယူလာသည်မှာ မှော်အာဟာရဆေးလုံး ပုလင်း (၂၀) တိတိ ဖြစ်သည်။
ပမာဏကို မြင်လိုက်ရသောအခါ အဘိုးချန်မှာ အံ့အားသင့်သွားပြီး မှတ်ချက်ပေးလိုက်သည်။
"လော့ချန်၊ မင်းရဲ့ ဆေးဖော်တဲ့ ပညာက နောက်တစ်ဆင့် တက်သွားပြန်ပြီလား...."
အဘိုးချန် ထိုသို့မေးရခြင်းမှာ အကြောင်းရှိသည်။ ပုံမှန်အားဖြင့် လော့ချန်သည် ခုနစ်ရက်လျှင် တစ်ကြိမ်သာ ဈေးထွက်တတ်ပြီး ဆေးလုံး (၁၅) ပုလင်း သို့မဟုတ် (၁၆) ပုလင်းသာ ယူလာလေ့ရှိသည်။ ယခုမူ ပုလင်း (၂၀) တောင် ဖြစ်နေသည်။
လော့ချန်၏ ဆေးဖော်စပ်မှု ပညာ တိုးတက်လာသည်မှာ ထင်ရှားလှသည်။
အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်သည်။
ခုနစ်ရက်တာ အချိန်အတွင်း တစ်ရက်မှာ ဈေးရောင်းရန်နှင့် ကုန်ကြမ်းဝယ်ရန် သုံးရသည်။ ကျန်သော ခြောက်ရက်အနက် သုံးရက်မှာ ဆေးဖက်ဝင်ပစ္စည်းများ ပြင်ဆင်ရန် သုံးရသဖြင့် ဆေးဖော်စပ်ရန် သုံးရက်သာ အချိန်ရသည်။
ယခင်က လော့ချန်သည် တစ်ရက်လျှင် ဆေးရည် (၂) အိုးသာ ချက်နိုင်ပြီး ကုန်ကြမ်းလေလွင့်မှု များသောကြောင့် (၅) ပုလင်းခန့်သာ ထွက်လေ့ရှိသည်။ သို့သော် မနေ့က သူ၏ ဆေးဖော်စပ်မှုပညာမှာ ပြီးပြည့်စုံအဆင့်မှ ပါရမီရှင် အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးချက်ခဲ့သော အိုးတစ်အိုးတည်းမှပင် ဆေးပုလင်း (၅) ပုလင်း ထွက်ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကံကောင်းမှုနှင့်အတူ ကုန်ကြမ်းလေလွင့်မှု နည်းပါးသွားခြင်းကြောင့် ယခုတစ်ခေါက်တွင် ဆေးပုလင်း (၂၀) အထိ ထုတ်လုပ်နိုင်ခဲ့ခြင်းပင်။
"သြော်…. ဘာမှမဟုတ်ပါဘူးဗျာ၊ လက်သားကျသွားလို့ပါ"
လော့ချန်က နှိမ့်ချစွာ ပြန်ပြောလိုက်သော်လည်း သူ၏ လေသံထဲတွင် ဂုဏ်ယူမှု များ ကိန်းအောင်းနေသည်။
မှော်အာဟာရဆေးလုံး ဖော်စပ်ခြင်းအတတ်တွင် ပါရမီရှင်အဆင့်သို့ ရောက်ရှိရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
ချန်ရှို့ဖိန်က ခေါင်းခါလိုက်သည်။
"မှော်အာဟာရဆေးလုံး ရောင်းတဲ့သူတွေ အများကြီးရှိပေမဲ့ မင်းလို ငါးရက်အတွင်း ပုလင်း (၂၀) ထွက်အောင် ဖော်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး"
သူသည် အနီးဆုံးရှိ ဆေးပုလင်းတစ်ပုလင်းကို လှမ်းယူကာ ပြောလိုက်သည်။
"မင်း ပမာဏများအောင် ဂျုံမှုန့်တွေ ဘာတွေ ရောထားတာတော့ မဟုတ်ပါဘူးနော်၊ ငါက မင်းရဲ့ စီးပွားဖက် တစ်ယောက်အနေနဲ့ ငါတို့ဆိုင်ရဲ့ နာမည်ပျက်မှာစိုးလို့ စစ်ဆေးကြည့်ရဦးမယ်"
လော့ချန်က ပြုံးလိုက်ရင်း အဘိုးချန် ဆေးပုလင်းကို လှမ်းယူနေစဉ်မှာပင် အနီရောင်မျဉ်းများ ရေးဆွဲထားသော မှော်စာရွက်တစ်ရွက်ကို လှမ်းယူလိုက်သည်။
"ကျွန်တော် ကြားတာတော့ ပြီးခဲ့တဲ့အပတ်က ခင်ဗျားဆီကနေ ချီဖုံးကွယ်မှော်စာရွက် ဝယ်သွားတဲ့လူတစ်ယောက်၊ အဲဒီစာရွက်က အလုပ်မလုပ်လို့ သားရိုင်းတိရစ္ဆာန်ရဲ့ အကိုက်ခံရပြီး တင်ပါးတစ်ခြမ်း ပြတ်သွားတယ်ဆို၊ ကျွန်တော်လည်း ဆိုင်ရဲ့ နာမည်ကို စိုးရိမ်လို့ ဒါလေးယူသွားပြီး လေ့လာကြည့်ရမလား…."
အဘိုးချန်မှာ ချက်ချင်းပင် မျက်နှာပျက်သွားပြီး ဆေးပုလင်းကို ချကာ လော့ချန်လက်ထဲမှ မှော်စာရွက်ကို ပြန်လုလိုက်တော့သည်။
"မင်းရဲ့ မှော်အာဟာရဆေးလုံး ငါးပုလင်းမှ ဝိညာဉ်ကျောက် (၁) တုံးတည်း တန်တာလေ၊ ငါ့ရဲ့ ဝိညာဉ်ကျောက် (၃) တုံးတန်တဲ့ မှော်စာရွက်နဲ့ လဲချင်လို့လား၊ ပြန်ပေး....အခုပြန်ပေး…."
လော့ချန်မှာ တဟားဟား ရယ်မောရင်း အဘိုးအိုက ထိုမှော်စာရွက်ကို အမြင်သာဆုံးနေရာတွင် ပြန်တင်ထားသည်ကို ကြည့်နေလိုက်သည်။ ထို ချီဖုံးကွယ်မှော်စာရွက်မှာ အဘိုးချန်၏ ပထမတန်းစား ပစ္စည်းပင်။ အခြားအဆင့်နိမ့် မှော်စာရွက်များက ဝိညာဉ်ကျောက် (၁) တုံးတည်းနှင့် ရသော်လည်း ဤစာရွက်ကိုမူ (၃) တုံး စျေးခေါ်ထားသည်။
အမှန်တကယ်တွင် တောတောင်ထဲ၌ သားရိုင်းကောင်များကို လိုက်လံအမဲလိုက်သော ကျင့်ကြံသူများအတွက် ဤစာရွက်က အလွန်အရေးပါသည်။ ခန္ဓာကိုယ်မှ သွေးညှီနံ့နှင့် ချီအရှိန်အဝါကို နှစ်နာရီခန့် ဖုံးကွယ်ထားနိုင်ခြင်းမှာ အရေးကြီးသော အသက်ဘေးမှ လွတ်မြောက်နိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။
တစ်ခါတစ်ရံတွင် လော့ချန်သည် အဘိုးချန်ကို အားကျမိသည်။ အဘိုးချန်မှာ အေးအေးဆေးဆေး ရောင်းရုံဖြင့် တစ်လလျှင် ဝိညာဉ်ကျောက် (၁၀၀) ကျော် အသာလေး ရနေသည်။
လော့ချန်မှာမူ တစ်လပတ်လုံး ပင်ပင်ပန်းပန်း လုပ်မှ ဝိညာဉ်ကျောက် (၁၂) တုံးခန့်သာ ရသည်။ ကုန်ကြမ်းဖိုး နုတ်လိုက်လျှင် (၆) တုံး သို့မဟုတ် (၇) တုံးသာ ကျန်သည်။ ထိုထဲမှ ဆိုင်ခန်းခနှင့် အိမ်ငှားခ (၁) တုံး၊ နေ့စဉ်စားသောက်စရိတ် (၁) တုံး နုတ်လိုက်လျှင် လက်ထဲတွင် ဝိညာဉ်ကျောက် (၄) တုံး သို့မဟုတ် (၅) တုံးသာ အသားတင်ကျန်တော့သည်။
ဤသည်မှာ ကူးပြောင်းလာပြီး တစ်နှစ်ပတ်လုံး ကြိုးစားပြီးမှ ရရှိသော ရလဒ်ဖြစ်သည်။ မူလလော့ချန်သည် အစောပိုင်းကာလများတွင် မည်ကဲ့သို့ ရှင်သန်ခဲ့သည်ကို တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။
သို့သော် အားကျစိတ်မှာ ခဏတာမျှသာ။ ကျင့်ကြံခြင်းလောက၏ ပင်မအတတ်ပညာလေးရပ်ဖြစ်သော ဆေးဖော်ခြင်း၊ မှော်စာရွက်ရေးဆွဲခြင်း ၊ လက်နက်သွန်းလုပ်ခြင်း နှင့် အစီအရင်အတတ် တို့တွင် တစ်ခုစီ၌ အခက်အခဲကိုယ်စီ ရှိသည်ကို သူသိသည်။
ဆေးဖော်ခြင်းအတတ်သည် အရေအတွက်နှင့် အမြတ်အစွန်း များပြားသော်လည်း ဆေးနည်းတစ်ခုစီကို ကျွမ်းကျင်ရန် အလွန်ခက်ခဲသည်။ ကျွမ်းကျင်မှုရရန် ဆေး ဖော်နည်းပေါင်းများစွာကို ကုန်ကြမ်းများရင်းနှီးပြီး လေ့ကျင့်ခဲ့ရသည်။
မှော်စာရွက် ရေးဆွဲခြင်းမှာမူ တိကျမှု အလွန်လိုအပ်သည်။ ရေးဆွဲသူသည် စိတ်အာရုံကို အပြည့်အဝ စုစည်းထားရပြီး အမှားအယွင်း အနည်းငယ်ရှိရုံနှင့် တစ်စောင်လုံး ပျက်စီးသွားတတ်သည်။ ထို့ပြင် မှော်စာရွက် ရေးဆွဲသူများသည် အကြောင်းရင်းမသိရဘဲ အသက်တိုတတ်ကြသည်ဟု ဆိုကြသည်။
ချန်ရှို့ဖိန်ကို ကြည့်လျှင် အိုမင်းနေပြီဟု ထင်ရသော်လည်း သူသည် အသက် ၆၀ ကျော်မျှသာ ရှိသေးသည်။ ကျင့်ကြံသူများအတွက် အသက် ၁၂၀ ကျော်အထိ နေနိုင်သည်ဖြစ်ရာ ၆၀ ဆိုသည်မှာ လူငယ်ပိုင်းဟုသာ ဆိုရမည်။
မှော်စာရွက် ရေးဆွဲခြင်းဘက်သို့ ကူးပြောင်းရန်မှာ လော့ချန်အတွက် မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ တစ်နေ့လုံး စာရွက်ပေါ်တွင် စာရေးနေရမည့် ဘဝကို သူ မလိုချင်။ ဆေးလုံးဝိုင်းလေးများ ဖော်စပ်ရခြင်းကသာ သူနှင့် ပို၍ သင့်တော်ပေသည်။
ထို့အပြင် လော့ချန်သည် မိမိ၏ အခြေအနေကို အသိဆုံး ဖြစ်သည်။ မှော်အာဟာရဆေးလုံး ဖော်စပ်ခြင်းတွင် ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် သူ၏ ဝင်ငွေမှာ ယခင်ကထက် နှစ်ဆတိုးလာတော့မည်။
တစ်လလျှင် ဝိညာဉ်ကျောက်တုံး ဆယ်တုံးဆိုသည်မှာ ထာဝရအသက်အတွက် ကျင့်ကြံရန် မလုံလောက်သေးသော်လည်း အနည်းဆုံးတော့ အခြေအနေမှာ လမ်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့အပြင် သူသည် အစီအစဉ်အသစ် တစ်ခုကိုလည်း စတင်တော့မည် မဟုတ်ပါလော။
လော့ချန်တစ်ယောက် သူ၏ တောက်ပသော အနာဂတ်အကြောင်း စိတ်ကူးယဉ်နေစဉ်မှာပင် အဘိုးချန်က သူ၏ အင်္ကျီလက်ကို လှမ်းဆွဲလိုက်သည်။
"ဟေ့.... ဖောက်သည် လာနေပြီ"