← Chapters

လိုချင်ရင် ဈေးမဆစ်စတမ်း

Vol. 1 Ch. 3

လိုချင်ရင် ဈေးမဆစ်စတမ်း

Vol. 1 Ch. 3

ခဏအကြာတွင် ကျင့်ကြံသူ အမျိုးသားသုံးဦးသည် ဆိုင်ရှေ့၌ စုရုံးလာပြီး ကျောက်ပြားပေါ်ရှိ ပစ္စည်းများကို ငုံ့ကြည့်ကြသည်။

“ဟေ.... ချီဖုံးကွယ်မှော်စာရွက်ပဲ၊ မိုက်တယ်ဟ၊ တစ်စောင် ဘယ်လောက်လဲ”

“တစ်စောင်ကို ဝိညာဉ်ကျောက် ငါးတုံးပဲဗျ၊ ခရီးသွားဖို့ပဲဖြစ်ဖြစ်၊ တောလိုက်ဖို့ပဲဖြစ်ဖြစ် အကောင်းဆုံးပဲ၊ အရေးကြုံရင် ဒီစာရွက်ကို အသက်သွင်းလိုက်ရုံနဲ့ ဆူးဝံပုလွေတောင် မင်းတို့အနံ့ကို မရနိုင်တော့ဘူး” ဟု အဘိုးချန်က လေလုံးထွားလိုက်သည်။

“ဒီလောက်တောင် ဈေးကြီးရသလားဗျာ၊ ဓားပြပဲ တိုက် စားလိုက် ပါလား”

“မလိုချင်ရင်လည်း နေပေါ့ဗျာ”

“ဈေးလေး နည်းနည်းလျှော့ပါဦး၊ ကျွန်တော်တို့ တောထဲဝင်မလို့၊ မှော်စာရွက် အမျိုးစုံ လိုနေတာ၊ အများကြီး ဝယ်မှာပါ”

“မင်းတို့ ဒီနားတစ်ဝိုက်မှာ စုံစမ်းမကြည့်ဘူးလား၊ တာဟဲဈေးမြို့တော်မှာ ငါ့ရဲ့ နာမည်နဲ့ ငါ့လက်ရာကို၊ ပြီးတော့ ငါက ဈေးလျှော့ပေးလိုက်လို့ သားရိုင်းကောင်က မင်းတို့ကို အားနာပြီး လျှော့ကိုက်မယ်တဲ့လား”

“ချီဖုံးကွယ်မှော်စာရွက်ကို သုံးတုံးနဲ့ပေး၊ ပြီးတော့ မြေစူးမှော်စာရွက်တွေနဲ့ မီးလုံးမှော်စာရွက် ခြောက်စောင်ပါ ယူမယ်”

“လေးတုံး၊ တစ်ပြားမှ မလျှော့နိုင်ဘူး၊ ဒီချီဖုံးကွယ်မှော်စာရွက်က ငါ့ရဲ့ ကိုယ်ပိုင်လက်ရာ၊ တစ်လမှ တစ်စောင်ပဲ ထွက်တာ…."

ကျင့်ကြံသူ သုံးဦးသား ခဏတာ တိုင်ပင်ပြီးနောက် ချီဖုံးကွယ်မှော်စာရွက်ကို ဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။ အရောင်းအဝယ် တည့်သွားပြီးနောက် သူတို့၏ အကြည့်များက ထောင့်ရှိ ကျောက်စိမ်းပုလင်းများဆီသို့ ရောက်ရှိသွားသည်။

“မှော်အာဟာရဆေးလုံးတွေလား….”

လော့ချန်သည် အခွင့်အရေးကို လက်မလွှတ်ဘဲ ကြားဖြတ်ဝင်လိုက်သည်။

“တစ်လုံးစားရင် ဗိုက်ဝတယ်၊ ဆယ်လုံးစားရင် သုံးရက်နဲ့ သုံးည အစာငတ် ခံနိုင်တယ်၊ ဘယ်နှစ်ပုလင်း ယူမလဲ”

“ဈေးကကော”

“ပြောပြမယ်.... ဒီဆေးလုံးတွေကို အဆင့်မြင့် နွားဝါသားကို အဓိကထားပြီး ဂျင်ဆင်းနဲ့ ဒေါင်းခိုမြစ်တွေ ရောစပ်ထားတာ၊ နောက်ဆုံးမှာ ဆေးဘုရင်ဂိုဏ်းက ထွက်တဲ့ ပျားရည်နံ့သင်းသင်းလေးနဲ့ အချောသတ်ထားတာ၊ ပေးရတဲ့ဈေးနဲ့ တန်စေရမယ်”

“တကယ်ကော ကောင်းလို့လား”

“ကဲ.... ဒီမှာ အနံ့လေး ရှူကြည့်လိုက်ဦး၊ မွှေးနေတာပဲ မဟုတ်လား၊ အရောင်ကိုလည်း ကြည့်ဦး၊ ဂျုံမှုန့်ရောပြီး အချောင်နှိမ်ထားတာမျိုး လုံးဝမရှိဘူး၊ ဒီတစ်ဝိုက်မှာ ကျွန်တော့်ဆေးထက် ကောင်းတာရှိရင် လာပြောလိုက်ပါ”

“အစ်ကိုကြီး.... အနံ့ကတော့ ကျွန်တော်တို့ အရင်ဝယ်နေကျ ဆေးလုံးတွေထက် ပိုမွှေးတာ အမှန်ပဲဗျ”

“ဒါပေါ့.…ဆရာတို့လို လူမျိုးက ပစ္စည်းမှန်ကို ကြည့်တာနဲ့ သိမှာပါ၊ အရင်က ဆရာတို့ အညာခံခဲ့ရတာ ဖြစ်မှာပေါ့၊ အရင်ဆေးလုံးတွေက ခြောက်ကပ်ပြီး အရသာမရှိဘူး မဟုတ်လား၊ အဲဒါ နွားသားတုတွေ သုံးထားလို့လေ”

“ဒါဆို ဘယ်လောက်လဲ”

“လေးပုလင်းကို ဝိညာဉ်ကျောက် တစ်တုံးပဲ"

“ဗျာ.... ခင်ဗျားလည်း ဓားပြတိုက်နေတာပဲလား”

“မလိုချင်ရင်လည်း နေပေါ့ဗျာ၊ ဒီဆိုင်ကို ကျော်သွားရင် ဒီလိုပစ္စည်းကောင်းမျိုး နောက်ထပ် ရှာမရတော့ဘူး၊ ကျွန်တော့်မှာ ပုံမှန်ဖောက်သည်တွေ အများကြီးရှိတယ်၊ ခဏနေရင် ကုန်ပြီ၊ ကျွန်တော်လည်း အိမ်ပြန်တော့မှာ”

“နည်းနည်းလေးမှ မလျှော့တော့ဘူးလား”

“ကဲ.... ဆရာတို့က တကယ်ဝယ်မယ့်သူတွေဆိုတော့ ကျွန်တော် တစ်တုံးတည်းနဲ့ ငါးပုလင်း ပေးလိုက်မယ်၊ ဘယ်လိုလဲ၊ မိတ်ဆွေဖွဲ့တဲ့အနေနဲ့ပါ၊ နောက်ပိုင်း ဆေးသစ်တွေထွက်ရင်လည်း ထပ်ပြီး ဈေးလျှော့ပေးဦးမှာ”

“ကောင်းပြီ.... ဆယ်ပုလင်းပေး၊ အရင်က ဝယ်ထားတာတွေ ကျန်သေးပေမဲ့ မင်းဆေးကို ဒီတစ်ခါ စမ်းကြည့်တာပေါ့”

အရောင်းအဝယ် ပြီးမြောက်သွားသောအခါ လော့ချန်နှင့် အဘိုးချန်တို့က လက်အုပ်ချီ နှုတ်ဆက်လိုက်ကြသည်။

“ဘေးကင်းကင်းနဲ့ တောထဲကနေ ပစ္စည်းတွေ အများကြီး ရလာပါစေဗျာ.…”

ထိုလူစု ထွက်သွားပြီးနောက် နှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်ကာ သိတတ်သော အပြုံးဖြင့် ပြုံးလိုက်ကြသည်။ အဘိုးချန်သည် အခြား ချီဖုံးကွယ်မှော်စာရွက် တစ်စောင်ကို ဆိုင်ပေါ်သို့ အသာလေး ထပ်တင်လိုက်သည်။

တစ်လမှ တစ်စောင်ပဲ ထွက်သည်ဆိုသည်မှာ စင်စစ် လိမ်ပြောခြင်းဖြစ်လေသည်။

နေမြင့်လာသည်နှင့်အမျှ အနောက်တောင်ဘက်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများ နယ်မြေမှာ ပိုမိုစည်ကားလာသည်။

ဆေးလုံးရောင်းသူ၊ ကျင့်စဉ်စာအုပ်ရောင်းသူနှင့် သားရိုင်းသားရဲသား ရောင်းသူများဖြင့် ပြည့်နှက်နေသည်။ ကြားထဲတွင် ကျောက်စိမ်းအိုး ဓားဂိုဏ်းမှ တပည့်ဝတ်စုံ ဝတ်ဆင်ထားသူများကိုလည်း ရံဖန်ရံခါ မြင်တွေ့ရတတ်သည်။

ထိုသို့ ဂိုဏ်းသားများကို မြင်လျှင် တစ်ကိုယ်တော်ကျင့်ကြံသူများမှာ ပို၍ တက်ကြွလာကာ ဈေးနှုန်းများကိုလည်း ပုံမှန်ထက် မြှင့်တင်၍ အော်ဟစ်ရောင်းချကြသည်။ ဂိုဏ်းသားများမှာ သူတို့အတွက် ရွှေတုံးကြီးများ မဟုတ်ပါလော။

သို့သော် ထိုကိစ္စများမှာ လော့ချန်နှင့် မသက်ဆိုင်ချေ။ မှော်အာဟာရဆေးလုံးဆိုသည်မှာ အခြေခံအကျဆုံး ပစ္စည်းဖြစ်ပြီး ဂိုဏ်းတိုင်း၌ ရှိသည်။ သူဖော်စပ်သော ဆေးမှာလည်း အဆင့်နိမ့်ပစ္စည်းမျှသာ။

ဆေးလုံးဟု အမည်တပ်သော်လည်း အမှန်စင်စစ်မှာ ဆေးရည်နှစ်ကို အလုံးဖော်ထားခြင်းသာ ဖြစ်ရာ မည်မျှပင် ကောင်းအောင်ဖော်စပ်စေကာမူ ဈေးကွက်ထဲတွင် ယှဉ်ပြိုင်ရန် ခဲယဉ်းလှသည်။

မွန်းတည့်ချိန်တွင် လော့ချန်၏ ပစ္စည်းများ ကုန်လုနီးပါး ဖြစ်သွားသည်။ သူယူလာသော ပုလင်း (၂၀) မှာ မများလှသော်လည်း ၎င်းကိုရရန် ခြောက်ရက်၊ ခုနစ်ရက်ခန့် အချိန်ပေးခဲ့ရသည်။

အဆင့်နိမ့် ဆေးဖော်ဆရာများ၏ ဘဝမှာ အမှန်ပင် သနားစရာကောင်းလှသည်။

အကယ်၍ ဂိုဏ်းတစ်ခုခု၏ ထောက်ပံ့မှုမရှိပါက တစ်ကိုယ်တော် ဆေးဖော်ဆရာအဖြစ် ရုန်းကန်ရခြင်းမှာ ပို၍ပင် ရင်နာစရာ ကောင်းလှသည်။

သိမ်းဆည်းစရာ ပစ္စည်းလည်း မရှိတော့သဖြင့် လော့ချန်သည် ပိုနေသော အမဲသားခြောက်အနည်းငယ်ကို အဘိုးချန်အား ပေးကာ ထွက်ခွာရန် ပြင်လိုက်သည်။

အဘိုးအိုသည် အမဲသားခြောက်ကို ဝါးရင်း ရေအေးအေးဖြင့် မြိုချကာ လော့ချန်ကို လှမ်းခေါ်လိုက်သည်။

“မင်း ဆေးသစ်တစ်မျိုး ထုတ်ဦးမလို့လား၊ မနှစ်က မင်းဝယ်ထားတဲ့ ဆေးနည်းပြတ် ကို ပြောတာတော့ မဟုတ်ပါဘူးနော်”

“ငါ့တူ.... စိတ်ကူးမယဉ်စမ်းပါနဲ့၊ ဆေးနည်းအသစ်တွေ လိုက်ရှာရင်း ဘဝပျက်သွားတဲ့ တစ်ကိုယ်တော် ဆေးဖော်ဆရာတွေကို ငါအများကြီး မြင်ဖူးတယ်”

“မင်း စုထားတဲ့ ဝိညာဉ်ကျောက်လေးတွေကို မဖြုန်းစမ်းပါနဲ့၊ အဲဒီအစား ဝိညာဉ်ဆေးနန်းဆောင် ကနေ ချီစွမ်းအင်ဖြည့်ဆေးလုံး နှစ်ပုလင်းလောက်ဝယ်ပြီး မင်းရဲ့ ကျင့်ကြံခြင်းအဆင့် တက်အောင်ပဲ လုပ်စမ်းပါ”

ကပ်စေးနှဲလှသော ဤအဘိုးအိုဆီမှ ထွက်လာသည့် ရှားရှားပါးပါး စေတနာစကားပင်။

မူလလော့ချန်သည် ထိုဆေးနည်းပြတ်အတွက် များစွာ ပေးဆပ်ခဲ့ရသည်ကို အဘိုးအို သိနေပုံရသည်။ သို့သော် လော့ချန်၌ ကိုယ်ပိုင်အစီအစဉ် ရှိပြီးသားဖြစ်သည်။

“ခင်ဗျား သွားတွေကိုပဲ ဂရုစိုက်ပါ အဘိုးကြီးရာ၊ အမဲသားခြောက် ဝါးရင်း သွားတွေလည်း ကျိုးနေပါဦးမယ်”

အဘိုးချန်က မျက်နှာဆူပုတ်လျက် အမဲသားခြောက်ကို အားရပါးရ ကိုက်ချလိုက်သည်။ အသားမျှင်များ သွားကြားညပ်သွားသဖြင့် မျက်နှာပျက်သွားသော်လည်း ဇွတ်မှိတ်ကာ မျိုချလိုက်ပြီး လော့ချန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“သွားတော့…. လစ်တော့"

လော့ချန်သည် တဟားဟား ရယ်မောရင်း လူအုပ်ကြားထဲ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။

….

လော့ချန်သည် အနောက်တောင်ဘက် နယ်မြေအတွင်းမှာပင် ရှိနေသေးသော်လည်း ယခုရောက်နေသည်မှာ ဆေးဖက်ဝင်အပင်များ အရောင်းအဝယ်ပြုရာ အရပ်ဖြစ်သည်။

“မမဝမ်.... ဒါ အစ်ကိုကြီး တောထဲက ခုလေးတင် ယူလာတာလား၊ မခြောက်သေးဘူးပဲ၊ ဘယ်သူမှ ဒါကို ယူမှာမဟုတ်ဘူး၊ ဒီနေ့ ကျွန်တော် စိတ်ကောင်းဝင်နေတာနဲ့ပဲ ဆယ်ပိဿာလောက် ယူပေးလိုက်မယ်ဗျာ”

“ဒီ ဆေးမြစ်က သက်တမ်း (၁၀) နှစ် မပြည့်သေးဘူးပဲ၊ ဈေးလျှော့ပေးမှ ယူမယ်”

“ကျောက်ဝဥလား.... ဟုတ်ပြီ၊ ပိဿာ ငါးဆယ် ပေး၊ အရင်က ဝိညာဉ်ကျောက် တစ်တုံးကို ပိဿာ နှစ်ဆယ် ရတာလေ၊ အခု ဈေးနှစ်ဆ တက်သွားတာလား၊ လျှော့ဦးလေဗျာ”

“ကဲ…. မဆစ်တော့ဘူး၊ ထင်းရှူးနီသီး တစ်လုံးတော့ လက်ဆောင်ထည့်ပေး၊ ဟိုအကြီးဆုံးတစ်လုံးနော်”

တစ်နေကုန်နီးပါး လော့ချန်သည် ဆေးဘက်ဝင်အပင် အရောင်းအဝယ်ရပ်ကွက်အတွင်း လှည့်လည်ကာ လိုအပ်သော ကုန်ကြမ်းများကို အလုံးအရင်းဖြင့် ဝယ်ယူခဲ့သည်။

ရောင်းချသူများမှာ တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်သဖြင့် ပစ္စည်းအရည်အသွေးမှာ မိမိ၏ မျက်စိပေါ်တွင်သာ မူတည်ပြီး ဈေးနှုန်းမှာလည်း အာပေါက်မတတ် ဆစ်နိုင်မှသာ တန်ကာကျပေလိမ့်မည်။

နှုတ်ခမ်းများ ခြောက်ကပ်သွားသည်အထိ ဈေးဆစ်ပြီးနောက် လော့ချန်သည် လိုအပ်သော ကုန်ကြမ်းအများစုကို ရရှိခဲ့သည်။ နောက်ထပ် သူသွားရမည့်နေရာမှာ အတွင်းမြို့၏ ဗဟိုချက်မပင် ဖြစ်သည်။

ဝိညာဉ်ဆေးနန်းဆောင်သည် တာဟဲဈေးမြို့တော်၏ အကြီးဆုံးဆိုင် (၆) ဆိုင်အနက် တစ်ဆိုင်ဖြစ်ပြီး မြို့လယ်ခေါင်၏ အထင်ရှားဆုံးနေရာတွင် တည်ရှိသည်။

ငါးထပ်အမြင့်ရှိသော ထိုအဆောက်အအုံသည် အနုစိတ် လက်ရာများဖြင့် ခန့်ညားထည်ဝါလှသည်။ သို့သော် ထိုနေရာသည် အချောသတ်ထားသော ဆေးလုံးများကိုသာ ရောင်းချသဖြင့် လော့ချန်၏ ငွေကြေးအင်အားနှင့် မတတ်နိုင်သေးချေ။

သူ၏ အမှန်တကယ် ပန်းတိုင်မှာ ဝိညာဉ်ဆေးနန်းဆောင်ဘေးရှိ ဆေးပေါင်းတစ်ထောင်ခန်းမ ဖြစ်သည်။ ထိုနှစ်ဆိုင်လုံးမှာ ဆေးဘုရင်ဂိုဏ်းမှ ဆင်းသက်လာသည်ဟု သတင်းကြီးသော်လည်း အဘယ်ကြောင့် သီးခြားစီ ဖွင့်ထားသည်ကိုမူ မည်သူမျှ မသိကြချေ။

ဝိညာဉ်ဆေးနန်းဆောင်နှင့် ယှဉ်လျှင် ဆေးပေါင်းတစ်ထောင်ခန်းမမှာ များစွာ ရိုးရှင်းလှသည်။ သာမန် အုတ်အိမ်တန်းကြီးသဖွယ် မြင်ရသော်လည်း အနီးသို့ ချဉ်းကပ်လိုက်သည်နှင့် ပြင်းရှလှသော ဆေးနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာသည်။

လော့ချန်သည် သူ၏ ကျောလွယ်အိတ်ကြီးကို အပေါက်ဝတွင် အသာချလိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် အရောင်းစားပွဲသို့ လျှောက်သွားလိုက်သည်။

“ဆရာကြီး…. ဂုံးခြောက် နဲ့ မီးခွေးအမြီး တို့ ရှိသေးလားဗျ”

ထိုဆေးအမည်နှစ်ခုကို ကြားလိုက်ရသောအခါ ဝဝဖိုင့်ဖိုင့် ဆိုင်ရှင်ကြီး၏ အကြည့်များမှာ တစ်မျိုး ပြောင်းလဲသွားလေတော့သည်။

All Chapters