အံ့ဖွယ်တစ်သောင်းဆေးလုံး၏ လမ်းစ
Vol. 1 Ch. 4
ဂုံးခြောက် ဟူသည်မှာ ထူးခြားသော အရသာရှိသည့် ပင်လယ်စာတစ်မျိုးဖြစ်ပြီး လူအများစုက ဟင်းချိုချက်ရန် ဝယ်ယူလေ့ရှိကြသဖြင့် အမျိုးအမည် ခွဲခြားရလွယ်ကူသည်။ သို့သော် မီးခွေးအမြီး မှာမူ အသုံးပြုပုံ အလွန်အကန့်အသတ်ရှိသော ပစ္စည်းမျိုး ဖြစ်သည်။
ဤမျှ ငယ်ရွယ်သော လူငယ်လေးတစ်ဦးက ထိုကဲ့သို့သော ပစ္စည်းမျိုးကို ဘာအတွက်ကြောင့် လိုအပ်ရသနည်း။
“ငါ့ကို ဆရာလို့ မခေါ်ပါနဲ့ကွာ၊ ဆိုင်ရှင်လျိုလို့ပဲ ခေါ်ပါ၊ မင်းကိုကော ဘယ်လို ခေါ်ရမလဲ ညီလေး” ဝဝဖိုင့်ဖိုင့် ဆိုင်ရှင်ကြီးက ပြုံးရွှင်စွာ မေးလိုက်သည်။
“ဟုတ်ကဲ့ ဆိုင်ရှင်လျို၊ ကျွန်တော့်မျိုးရိုးက လော့ ပါ၊ လော့လေးလို့ပဲ ခေါ်ပါ”
လော့ချန်သည် အလွန်ပင် နှိမ့်ချစွာ တုံ့ပြန်လိုက်မိသည်။ သူ၏ ရှေ့မှ ဖော်ရွေလှသော ဤဆိုင်ရှင်ကြီးထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သာမန်မဟုတ်ချေ။
၎င်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများထံမှသာ ထွက်ပေါ်လေ့ရှိသော အရှိန်အဝါမျိုး ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးရှေ့တွင် သူကဲ့သို့ အဆင့်နိမ့်ကျင့်ကြံသူတစ်ဦးက ရိုသေမှု အပြည့်အဝ ပြရမည်သာ။
ဆိုင်ရှင်လျိုက အသာအယာ ပြုံးလိုက်ပြီး ဆိုသည်။
“လော့လေး.... မင်းပြောတဲ့ နှစ်မျိုးလုံး ငါ့ဆီမှာ ရှိပါတယ်၊ ဒါပေမဲ့ ပမာဏကတော့ အကန့်အသတ်ရှိမယ်နော်”
လော့ချန် ဤသို့ဖြစ်မည်ကို ကြိုတင်တွက်ဆထားပြီးသား ဖြစ်သည်။ အကြောင်းမှာ တာဟဲဈေးမြို့တော်သည် အရှေ့ပိုင်းလွင်ပြင်၏ နယ်စပ်အနီး၊ မိုင်ပေါင်းထောင်ချီ ကျယ်ပြောလှသည့် ကုန်းတွင်းပိုင်းဒေသ၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိနေသောကြောင့် ဖြစ်သည်။
သူရှာနေသော ဂုံးခြောက် မှာ ပင်လယ်ထွက် ပစ္စည်းဖြစ်သဖြင့် အဝေးမှ သယ်ယူရခြင်းကြောင့် ရှားပါးနေခြင်းမှာ မဆန်းချေ။ ရှိနေသည်ဆိုရုံနှင့်ပင် သူ ကျေနပ်လှလေပြီ။
“ဂုံးခြောက် အခု ၁၀၀ နဲ့ မီးခွေးအမြီး ၁၀ ခု ရနိုင်မလားဗျ”
“ရနိုင်ပါတယ်၊ ဒါပေမဲ့ ဈေးတော့ မပေါဘူးနော်” ဆိုင်ရှင်လျိုက ပြုံးလျက် ဆိုသည်။
မပေါဘူးဆိုသည်မှာ လော့ချန်ကဲ့သို့ ချီသန့်စင်အဆင့် (၃) သာရှိပြီး နွမ်းပါးသော ဝတ်စုံဝတ်ထားသည့် ကျင့်ကြံသူတစ်ဦးအတွက် များပြားသော ပမာဏဟု ဆိုလိုခြင်း ဖြစ်သည်။
“ဈေးက ဘယ်လောက်လဲဗျ”
“ဂုံးခြောက် ၁၀၀ အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက် ၁၀ တုံး၊ မီးခွေးအမြီး ၁၀ ခုအတွက် ၁၀ တုံး၊ စုစုပေါင်း ၂၀ ကျသင့်မယ်”
လော့ချန်၏ မျက်ခွံများပင် လှုပ်သွားသည်။ ဤအဘိုးကြီးမှာ သူ့အိတ်ထဲတွင် ဝိညာဉ်ကျောက် ၂၀ တိတိ ကျန်နေသည်ကို ကွက်တိသိနေသလားဟုပင် သံသယဝင်မိသည်။
“ဒီလောက်တောင် ဈေးကြီးရသလားဗျာ”
“ယူမှာလား....”
“ကျွန်တော် နောက်ပိုင်းမှာ ပုံမှန်လာဝယ်မယ့် ဖောက်သည်ပါဗျာ၊ နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား”
“ဆေးပေါင်းတစ်ထောင်ခန်းမ ဆိုတာ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိတဲ့ ဆိုင်ကြီးဗျ၊ နယ်မြေအနှံ့မှာလည်း ဆိုင်ခွဲတွေရှိတယ်၊ ငါတို့ဈေးက တစ်ခွန်းစျေး၊ ဈေးဆစ်လို့ မရဘူး"
“ကောင်းပါပြီဗျာ၊ ထုပ်ပေးလိုက်ပါ၊ ဒီမှာ ဝိညာဉ်ကျောက် ၂၀”
လော့ချန်သည် အံကြိတ်ကာ မိမိအိတ်ထဲမှ နောက်ဆုံးကျန်သော ဝိညာဉ်ကျောက်များကို နှမြောတသစွာ ထုတ်ပေးလိုက်ရသည်။
ဝဝဖိုင့်ဖိုင့် ဆိုင်ရှင်ကြီးမှာ မျက်တောင်တစ်ခတ်အတွင်း ထိုအိတ်ကို ဆွဲယူလိုက်သည်။
“ရှောင်လင်…. ဂုံးခြောက် ၁၀၀ နဲ့ မီးခွေးအမြီး ၁၀ ခု သွားယူခဲ့ချေ"
ပစ္စည်းများရရှိပြီးနောက် လော့ချန်သည် ဆေးအိတ်ကြီးကို ကျောပိုးကာ ဆိုင်ရှင်ကြီး၏ နားလည်မှုရှိသော အပြုံးကို နောက်တွင်ထားခဲ့ပြီး ဆေးပေါင်းတစ်ထောင်ခန်းမမှ ထွက်ခွာလာခဲ့သည်။
လမ်းခရီးတွင် ဓားပြတိုက်မည့်သူများနှင့် မဆုံစေရန် နေမဝင်မီ အိမ်သို့ အမြန်ဆုံး ပြန်လာခဲ့လေသည်။
အိမ်ရောက်၍ ကြမ်းပြင်ပေါ်ရှိ ပစ္စည်းပုံကြီးကို ကြည့်ကာ လော့ချန် သက်ပြင်းချမိသည်။
နှစ်ပေါင်းများစွာ စုဆောင်းခဲ့သမျှမှာ တစ်နေ့တည်းနှင့် ပြောင်သလင်းခါသွားချေပြီ။ စုစုပေါင်း ဝိညာဉ်ကျောက် ၅၀ ခန့် ရှိခဲ့သမျှ ယနေ့ အကုန်ကုန်သွားခြင်း ဖြစ်သည်။
“နှစ်ပေါင်း ၅၀၀ ဆိုင်ကြီးဆိုတာ ဒါမျိုးလား၊ ဓားပြဆိုင်ကြီးပါပဲဗျာ၊ မကြာခင် ဆိုင်ပိတ်သွားပါစေလို့ပဲ ဆုတောင်းတယ်…."
အမြတ်ကြီးစား ကုန်သည်ကို ကျိန်ဆဲပြီးနောက် လော့ချန် မိမိကိုယ်ကို ပြန်လည် အားပေးလိုက်သည်။
“ပြန်ရမှာပါ၊ အကုန်လုံး ပြန်ရစေရမယ်၊ နောင်ကျရင် ဝိညာဉ်ကျောက်တွေ ဒီထက်မက ရှာနိုင်ရမယ်"
ထို့နောက် သူသည် အဆင့်နိမ့်ဝတ်ရုံကို ချွတ်၍ သေသေချာချာ ခေါက်သိမ်းလိုက်ပြီး အတွင်းခံဘောင်းဘီတိုလေးဖြင့် စမ်းချောင်းထဲသို့ ခုန်ချလိုက်သည်။
ဤနေရာသည် မြို့ပြင်ဖြစ်ပြီး လူသူအလွန်နည်းသဖြင့် တစ်စုံတစ်ဦး မြင်သွားမည်ကို စိုးရိမ်စရာမလိုချေ။
တစ်နေကုန် ကိုယ်ပေါ်တွင် ကပ်ပါလာသော အနံ့အသက်ဆိုးများကို ဆေးကြောသန့်စင်လိုက်သည်။
သူ့၌ သန့်စင်ခြင်း မှော်အတတ်ရှိသော်လည်း ၎င်းမှာ ကိုယ်ပေါ်မှ ဖုန်မှုန့်များကို ချီစွမ်းအင်ဖြင့် ခါထုတ်ရုံသာ ဖြစ်သဖြင့် ရေချိုးသကဲ့သို့ စိတ်ကျေနပ်မှု မပေးနိုင်ချေ။ သူသည် ထိုအတတ်ကို ဝတ်ရုံများ သန့်ရှင်းရာတွင်သာ အသုံးချလေ့ရှိသည်။
ရေချိုးပြီးနောက် သူသည် လျှော်ပြီးသားဝတ်ရုံ တစ်ထည်ကို ပေါ့ပါးစွာ ဝတ်ဆင်လိုက်သည်။
ဆံပင်များ စိုစွတ်လျက်ပင် အိမ်ထောင့်ရှိ ကြမ်းပြင်အောက်မှ သားရေဖြင့် ထုပ်ထားသော အထုပ်လေးကို ထုတ်ယူလိုက်သည်။ ထိုအထုပ်ထဲတွင် ဝါးစာလိပ်တစ်စောင်၊ စာအုပ်ပါးလေးတစ်အုပ်နှင့် ဆိတ်သားရေစာတစ်ချပ် ပါရှိသည်။
ဝါးစာလိပ်မှာ နွေဦးကျင့်စဉ် ဖြစ်ပြီး ချီသန့်စင်အဆင့် ၉ အထိသာ ပါရှိသည်။ ၎င်းမှာ ဆေးဘုရင်ဂိုဏ်း၏ အခြေခံကျင့်စဉ်တစ်ခု ဖြစ်သည်။ လော့ချန်သည် ဤကျင့်စဉ်ကို နေ့စဉ်မပြတ် ကျင့်ကြံသော်လည်း သူ၏ အညံ့စား ဝိညာဉ်အမြစ်များကြောင့် အဆင့် ၃ တွင်သာ တစ်နေခဲ့သည်။ သို့သော် သူ၏ ကျွမ်းကျင်မှုမှာ တတ််မြောက်အဆင့် သို့ ရောက်ရှိနေပြီဖြစ်ရာ မကြာခင် ပြီးပြည့်စုံအဆင့် နှင့် ပါရမီရှင်အဆင့် သို့ ရောက်ရှိတော့မည် ဖြစ်သည်။
ကျင့်စဉ်တစ်ခုကို ပါရမီရှင်အဆင့် ရောက်အောင် လေ့ကျင့်နိုင်ခြင်းက သူ၏ ကျင့်ကြံခြင်းကို မည်မျှ အထောက်အကူပြုမည်ကို သူ အလွန်သိလိုနေသည်။
ဆိတ်သားရေစာမှာမူ မူလပိုင်ရှင်ကို ဘဝပျက်စေခဲ့သော ကျောက်စိမ်းနှင်းစက်ဆေးလုံး ဆေးနည်းပြတ် ဖြစ်သည်။ လော့ချန်ကမူ ၎င်းကို စိတ်မဝင်စားပေ။ ၎င်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့်မှ သုံးသော ဆေးဖြစ်သဖြင့် ယခုအချိန်တွင် သူနှင့် မသက်ဆိုင်သေးချေ။
သူ၏ အဓိက အာရုံစိုက်မှုမှာ စာအုပ်ပါးလေးဖြစ်သည်။ ပထမစာမျက်နှာ နှစ်မျက်နှာတွင် မှော်အာဟာရဆေးရည် အကြောင်း ပါရှိပြီး နောက်ထပ် ငါးမျက်နှာမှာမူ သူယခုဖော်စပ်မည့် ဆေးနည်း ဖြစ်သည်။
“အံ့ဖွယ်တစ်သောင်းဆေးလုံးသည် ရေနှင့် မီးကို ဟန်ချက်ညီစေကာ ယင်နှင့် ယန်ကို မျှခြေဖြစ်စေသည်။ ကျောက်ကပ်ကို မထိခိုက်စေဘဲ ယန်ချီကို ကြွရွစေကာ ခံနိုင်ရည်ကို ကြာရှည်စေသည်။ ယင်ယန် နှီးနှောခြင်း၏ ဆန်းကြယ်မှုမှာ ဖော်ပြ၍ မရနိုင်လောက်အောင်ပင် ထူးကဲလှပေသည်။ ထို့ကြောင့် ဤဆေးကို အံ့ဖွယ်တစ်သောင်းဟု အမည်ပေးရခြင်း ဖြစ်သည်”
အရိုးရှင်းဆုံး ပြောရလျှင် ကျင့်ကြံခြင်းလောက၏ အမျိုးသားအားဆေး တစ်မျိုးဖြစ်သည်။
ဆေးလုံးကို ဖော်စပ်နိုင်လျှင် ဈေးကွက်ရှိမည်မှာ အသေအချာပင်။ ကျင့်ကြံသူ အမျိုးသားများအတွက် ဤကဲ့သို့သော လိုအပ်ချက်မှာ အမြဲရှိနေသည်။ တာဟဲဈေးမြို့တော်ရှိ ထျန်းရှန်းမျှော်စင် ကဲ့သို့သော နေရာမျိုးကို သွားလာသူများအတွက် ဤဆေးသည် ရွှေထက်ပင် တန်ဖိုးရှိပေလိမ့်မည်။
မူလပိုင်ရှင် လော့ချန်သည် အဘယ်ကြောင့် ဤဆေးကို မဖော်စပ်ခဲ့သနည်း။ ရှက်ခြင်းကြောင့်ပေလော။
“ဟားဟား.... ကျင့်ကြံခြင်းလမ်းစဉ်မှာ ရှက်စရာဆိုတာ မရှိဘူး"
လော့ချန်သည် ဆေးဖော်နည်းများကို အသေးစိတ် အလွတ်ကျက်မှတ်ပြီးနောက် သူ၏ အခြေအနေပြကြေးမုံပြင်ကို ဖွင့်လိုက်သည်။
[အခြေအနေပြကြေးမုံပြင်]
အောင်မြင်မှုအမှတ် - ၁၀ မှတ်
အတတ်ပညာတစ်ခု သို့မဟုတ် ကျင့်စဉ်တစ်ခု၏ ကျွမ်းကျင်မှုအဆင့် တက်တိုင်း အောင်မြင်မှုအမှတ် ၁ မှတ် ရရှိသည်။
လော့ချန်သည် မှော်အာဟာရဆေးရည်ကို ပါရမီရှင်အဆင့် ရောက်အောင် ဖော်စပ်ခဲ့သဖြင့် အမှတ် ၅ မှတ် ရရှိခဲ့သည်။ နွေဦးကျင့်စဉ်မှ ၂ မှတ်၊ နွယ်ရှင်နှောင်ကြိုးမှော်အတတ်မှ ၁ မှတ်နှင့် မီးလုံးမှော်အတတ်မှ ၂ မှတ် စုစုပေါင်း ၁၀ မှတ် တိတိ ရရှိထားခြင်း ဖြစ်သည်။
ယခုအခါ သူ၏ လက်ကျန်ငွေအားလုံးကိုလည်း အံ့ဖွယ်တစ်သောင်းဆေးလုံး ၁၀ ကြိမ်ဖော်စပ်စာ ကုန်ကြမ်းများအတွက် သုံးစွဲထားပြီး ဖြစ်သည်။
“အောင်မြင်မလား၊ ရှုံးမလားဆိုတာ မနက်ဖြန် သိရမှာပေါ့၊ အခုတော့ အံ့ဖွယ်တစ်သောင်းဆေးလုံး အတတ်ပညာကို ဖော်ထုတ်လိုက်တော့"
လော့ချန်၏ စိတ်ကူးနှင့်အတူ စနစ်မှ အောင်မြင်မှုအမှတ် ၁၀ မှတ်မှာ ပျောက်ကွယ်သွားပြီး အတတ်ပညာကဏ္ဍတွင် စာတန်းအသစ်တစ်ခု တိုးလာလေသည်။
[အတတ်ပညာများ]
ပထမအဆင့် ဆေးဖော်ဆရာ
မှော်အာဟာရဆေးလုံး - ပါရမီရှင်အဆင့် (၅၀၁/၁၀၀၀)
အံ့ဖွယ်တစ်သောင်းဆေးလုံး - အခြေခံအဆင့် (၁/၁၀၀)