ကွမ်းယွီအရှင်မြတ် ခင်ဗျာ၊ ဆေးဖော်တာ အောင်မြင်ပါစေသတည်း
Vol. 1 Ch. 5
နောက်တစ်နေ့ နံနက်ခင်းတွင် ဖြစ်သည်။
ကောင်းကင်ယံ၌ အလင်းရောင်ပင် မသန်းသေးမီ လော့ချန်သည် အကြောဆန့်ကာ အိပ်ရာမှ ထလိုက်သည်။
လေထုထဲတွင် မြူနှင်းများ ဝေမှိုင်းနေသည်။
အာရုံစိုက် နားစွင့်ကြည့်လျှင် ဝမ်တောင်တန်းကြီးဆီမှ သားရိုင်းတိရစ္ဆာန်တို့၏ ဟိန်းဟောက်သံများကိုပင် အဝေးမှ ခပ်သဲ့သဲ့ ကြားနေရသည်။
သို့သော် ထိုအရာများက သူနှင့် မသက်ဆိုင်ပေ။ ယနေ့မှစ၍ ရှေ့လျှောက် ရက်အနည်းငယ်အထိ သူ အလွန်အမင်း အလုပ်ရှုပ်တော့မည် ဖြစ်သည်။
ပထမဆုံးအနေဖြင့် ဆေးဘက်ဝင်အပင်များကို အမျိုးအစားခွဲကာ ပြုပြင်ရမည်။
တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ဆိုင်ခန်းမှ ဝယ်ယူလာသော ဆေးပင်များမှာ အကြမ်းထည်များသာ ဖြစ်ပြီး အချို့မှာ အစိုအတိုင်းပင် ရှိသေးသည်။ သူသည် ဆေးပင်များကို ဇကာထဲထည့်၍ နေထွက်လာလျှင် အပြင်၌ အခြောက်လှမ်းရန် ပြင်ဆင်လိုက်သည်။
နောက်တစ်ခုမှာ မြကြာစေ့များ ဖြစ်သည်။ သူသည် ကြာစေ့ခွံများကို နွှာကာ အတွင်းမှ အစေ့ဆံကိုသာ ယူရမည်ဖြစ်သည်။ အခွံများကိုမူ လုံးဝ သုံး၍မရချေ။
ဆီမီးခွက်အောက်တွင် လော့ချန်သည် တစ်စေ့ချင်းစီကို မျက်စိညောင်းလာသည်အထိ ထိုင်နွှာနေတော့သည်။
“ဒီအတိုင်းဆို ငါ မျက်မှန်တပ်ရတော့မလား မသိဘူး….နေပါဦး၊ ငါက ကျင့်ကြံသူပဲဥစ္စာ၊ မျက်စိမှုန်စရာ အကြောင်းမရှိပါဘူးလေ"
ကြာစေ့များ နွှာပြီးချိန်တွင် နေမင်းမှာ အပြည့်အဝ ထွက်ပေါ်လာချေပြီ။ လော့ချန်သည် ကြာစေ့များကို ကြက်သွေးထဲတွင် စိမ်လိုက်ပြီးနောက် အခြောက်လှမ်းထားသော ဇကာများကို အိမ်ပြင်သို့ ထုတ်လိုက်သည်။
အပြင်မြို့၏ အစွန်အဖျားတွင် နေထိုင်ခြင်းမှာ လုံခြုံရေးအတွက် စိုးရိမ်ရသော်လည်း အားသာချက်တစ်ခုမှာ မြေနေရာ ကျယ်ဝန်းခြင်းပင်။
မှော်အာဟာရဆေးလုံးကို ဖော်စပ်ရာတွင် အလွန်ပြင်းရှသော အနံ့ဆိုးထွက်သည့် အဆင့်တစ်ခု ရှိသည်။ လူစည်ကားသော နေရာတွင် ဖော်စပ်လျှင် တိုင်တန်းမှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။
အဘိုးချန်ဆိုလျှင် အိမ်၌ သားရေနယ်သောအခါ အနံ့ဆိုးကြောင့် အကြိမ်ကြိမ် တိုင်တန်းခံရသဖြင့် စီမံခန့်ခွဲရေးအဖွဲ့ကို မှော်စာရွက်ကောင်းအချို့နှင့် လာဘ်ထိုးကာ မျက်နှာချိုသွေးခဲ့ရသည်။ လော့ချန်အတွက်မူကား ထိုသို့ ပူပန်စရာမလို။
ကျောက်ဝဥ များကို အတုံးငယ်လေးများ တုံးရမည်။ အချို့ကိုမူ မှော်အာဟာရဆေးလုံးအတွက် သီးသန့် ဖယ်ထားရသည်။ လော့ချန်သည် လောင်းကစားဆန်ဆန် အားလုံးကို တစ်နေရာတည်းတွင် ပုံအောမည့်သူမျိုး မဟုတ်ပေ။
အံ့ဖွယ်တစ်သောင်းဆေးလုံးကို စတင်ဖော်စပ်လုပ်ရာတွင် အကြိမ်ကြိမ် ရှုံးနိမ့်နိုင်သည်ကို သူ တွက်ဆထားသည်။ အကယ်၍ လုံးဝ ကျရှုံးသွားခဲ့လျှင် သူ၏ စုဆောင်းထားသမျှ အားလုံး ဆုံးရှုံးသွားပေလိမ့်မည်။ သူသည် ယခုမှ အခြေခံအဆင့် သာ ရှိသေးသည် မဟုတ်ပါလော။
ထို့ကြောင့် သူ၏ မူလဝင်ငွေလမ်းကြောင်းကို အဖြတ်မခံနိုင်ပေ။ အဆိုးဆုံးအခြေအနေတွင် အားလုံး ဆုံးရှုံးသွားခဲ့လျှင်ပင် မှော်အာဟာရဆေးလုံးမှ ရရှိသော ငွေဖြင့် ပြန်လည် နာလန်ထူနိုင်မည် ဖြစ်သည်။
ကျောက်ဝဥများကို ပြုပြင်ပြီးချိန်တွင် မွန်းတည့်နေပြီဖြစ်ရာ ထမင်းစားချိန်သို့ ရောက်ရှိလာသည်။ ဗိုက်ထဲမှ ဆာလောင်မှုကို ခံစားလိုက်ရသောအခါ လော့ချန် နှုတ်ခမ်းကို သပ်လိုက်မိသည်။
ကျင့်ကြံသူများသည် လောကီအစာများ မလိုအပ်ဟု လူအများက ပြောကြသော်လည်း လက်တွေ့တွင်မူ ဆာလောင်မှုကတော့ တူတူပင် ဖြစ်သည်။
သူသည် လက်ဆေးကာ မီးဖိုချောင်ထဲသို့ ဝင်ခဲ့သည်။ ဆန်အိုးထဲမှ တဖိတ်ဖိတ်တောက်နေသော ဆန်တစ်ခွက်ကို ခတ်ယူကာ ရေမဆေးဘဲ အိုးထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။
ဤသည်မှာ ဝိညာဉ်ဆန် ဖြစ်ပြီး ဆယ်ပြည်လျှင် ဝိညာဉ်ကျောက် တစ်တုံး ပေးရသည်။ ရေဆေးလိုက်လျှင် ဝိညာဉ်စွမ်းအင်များ ပါသွားမည်စိုးသဖြင့် သူ နှမြောလှသည်။
မီးဖိုချောင်ဘေးရှိ လျှို့ဝှက်အခန်းငယ်ကို ဖွင့်လိုက်သောအခါ မြေအောက်သိုလှောင်ခန်း ပေါ်လာသည်။ ထိုအထဲတွင် နွားဝါ၏ အမဲသားတစ်ခြမ်း ချိတ်ဆွဲထားသည်။ ဤအသားမှာလည်း ဆယ်ပိဿာလျှင် ဝိညာဉ်ကျောက် တစ်တုံးနီးပါး တန်ဖိုးရှိသဖြင့် အလွန်ဈေးကြီးသည်။
လော့ချန်မှာ အသားစားကြူးသဖြင့် ဝယ်ထားခြင်းမဟုတ်ဘဲ ဤနွားဝါသားမှာ မှော်အာဟာရဆေးလုံး၏ အဓိကကုန်ကြမ်း ဖြစ်သောကြောင့်ဖြစ်သည်။ အသားတစ်ပိဿာနှင့် ဆေးမြစ်များ ရောစပ်လျှင် ဝိညာဉ်ကျောက် တစ်တုံးတန်ဖိုးရှိသော ဆေးငါးပုလင်း ရရှိသည်။
သူသည် ဈေးနှုန်းသက်သာစေရန် တစ်ခါတည်း အများကြီးဝယ်ကာ ရေခဲရိုက် သိမ်းဆည်းထားခြင်း ဖြစ်သည်။
အမဲသားကို ကြည့်ရင်း လော့ချန် တံတွေး မြိုချလိုက်မိသည်။ သူသည် အမဲသားအနည်းငယ်ကို လှီးယူကာ အအေးခန်းထဲမှ ဟင်းသီးဟင်းရွက် အချို့ကို ထုတ်လိုက်သည်။ ထို့နောက် အသားနှင့် အသီးအရွက်များကို ပါးပါးလှီး၍ အိုးငယ်ထဲသို့ ထည့်လိုက်သည်။
ထင်းများထည့်ကာ မီးစတင် မွှေးတော့မည် ဖြစ်သည်။
သူသည် လက်နှစ်ဖက်ဖြင့် တံဆိပ်ခတ်ကာ ဂါထာကို ရွတ်ဆိုလိုက်သည်။ ခဏအကြာတွင် သူ၏ လက်ဝါးပေါ်၌ မီးလုံးငယ်တစ်ခု ပေါ်ထွက်လာသည်။
“သွားစမ်း"
မီးလုံးမှာ မီးဖိုထဲသို့ တိုးဝင်သွားပြီး ထင်းများကို ချက်ချင်း တောက်လောင်စေသည်။
“ဒီတစ်ခါတော့ ချောချောမွေ့မွေ့ပဲ၊ ငါ ဒီကမ္ဘာကို စရောက်တုန်းကလို မီးလုံးပေါက်ကွဲပြီး မီးဖိုပျက်သွားတာမျိုး ထပ်မဖြစ်တော့ဘူး"
လော့ချန်သည် ဂုဏ်ယူစွာ ပြုံးလိုက်မိသည်။
သူ၏ အခြေအနေပြကြေးမုံပြင်ကို ကြည့်လိုက်ရာ မီးလုံးမှော်အတတ်မှာ ကျွမ်းကျင်မှု (၂၆၉/၃၀၀) သို့ တိုးသွားချေပြီ။ သူသည် လက်ရှိတွင် ရေစွမ်းအင်သုံး သန့်စင်ခြင်းအတတ်၊ သစ်သားစွမ်းအင်သုံး နွယ်ရှင်နှောင်ကြိုး အတတ်နှင့် မီးစွမ်းအင်သုံး မီးလုံးအတတ် ဟူ၍ မှော်အတတ် သုံးမျိုးကို လေ့ကျင့်နေသည်။
ထိုအထဲတွင် မီးလုံးမှော်အတတ်မှာ ကျွမ်းကျင်မှု အမြင့်ဆုံးဖြစ်သည်။ အစပိုင်းတွင် သူသည် မှော်အတတ်များကို စိတ်ဝင်တစားဖြင့် အားလပ်ချိန်တိုင်း မီးလုံးများ ပစ်လွှတ်၍ ဆော့ကစားခဲ့ရာမှ ကျွမ်းကျင်လာခြင်း ဖြစ်သည်။ ဤအတတ်မှာ အားဖြည့်ရသည်မှာ ကြာပြီး စွမ်းအင်စားသော်လည်း အင်အားမှာမူ အထင်သေး၍မရချေ။ တစ်ချက်ထိမှန်လျှင် သံမဏိကိုပင် အရည်ပျော်စေနိုင်သည်။
သို့သော်လည်း ပြဿနာမှာ တစ်ချက်ထိဖို့ပင် ဖြစ်သည်။
သာမန်ကျင့်ကြံသူတစ်ဦးသည် မီးလုံးပစ်ရန်အတွက် ဂါထာရွတ်၊ လက်ဟန်ပြသည်မှာ အနည်းဆုံး အသက်ရှူကြိမ် သုံးကြိမ်စာခန့် ကြာသည်။ ထိုအချိန်အတွင်း ရန်သူက သူ့အား အကြိမ်ပေါင်းများစွာ သတ်နိုင်နေပြီဖြစ်သည်။
လော့ချန်မှာလည်း အစပိုင်းတွင် ထိုအတိုင်းပင် ဖြစ်ခဲ့ပြီး တစ်ခါသုံးလျှင် သူ၏ ချီစွမ်းအင် ဆယ်ပုံတစ်ပုံ ကုန်ဆုံးသွားသည်။
ထို့ကြောင့် ကျင့်ကြံသူများသည် အဆင့်နိမ့်မှော်အတတ်များထက် အဆင့်မြင့် လက်နက်များ သို့မဟုတ် မှော်စာရွက်များကိုသာ ပိုမို အားကိုးကြခြင်း ဖြစ်သည်။
လော့ချန်မှာလည်း စိတ်ပျက်ခဲ့ဖူးသော်လည်း ဆေးဖော်သည့်အခါ မီးမွှေးရန် အသုံးပြုရင်းဖြင့် သူ၏ ကျွမ်းကျင်မှုမှာ တိုးတက်လာခဲ့သည်။ ယခုဆိုလျှင် အသက်ရှူကြိမ် နှစ်ကြိမ်စာအတွင်းမှာပင် မီးလုံးကို ပစ်လွှတ်နိုင်နေလေပြီ။ ဤသည်မှာ ကျွမ်းကျင် အဆင့်သာ ရှိသေးသည်။ အကယ်၍ ပြီးပြည့်စုံအဆင့် သို့မဟုတ် ပါရမီရှင်အဆင့် သို့ ရောက်သွားလျှင် မည်မျှ မြန်ဆန်မည်နည်းဟု သူ တွေးတောနေမိသည်။
မကြာခင်မှာပင် ထမင်းအိုးမှာ ကျက်လုနီးပြီ ဖြစ်သဖြင့် သူသည် ချဉ်ဖတ်အိုးထဲမှ မုန်လာဥချဉ် တစ်တုံးကို ထုတ်လိုက်သည်။ အမဲသားထမင်းပူပူနှင့် ချိုချိုချဉ်ချဉ် မုန်လာဥချဉ်မှာ အကောင်းဆုံးအတွဲပင်။
အိမ်ရှေ့မျက်နှာစာတွင် ထိုင်ကာ စမ်းချောင်းလေးမှ တိုက်ခတ်လာသော လေညင်းကို ခံစားရင်း စားသောက်ရခြင်းမှာ လော့ချန်အတွက် တစ်နေ့တာ၏ အပျော်ဆုံး အချိန်ပင် ဖြစ်သည်။
အကယ်၍ ထာဝရရှင်သန်ခြင်းအတွက် ရုန်းကန်နေရသည့် ဖိအားများသာ မရှိလျှင် ဤဘဝမှာ အလွန်ပင် သာယာလှပေလိမ့်မည်။
သို့သော် လော့ချန်၌ ရွေးချယ်စရာ မရှိပေ။ သူသည် စနစ် ကို ပိုင်ဆိုင်ထားသူဖြစ်ရာ မည်မျှပင် ခက်ခဲပါစေ၊ တစ်နေ့တွင် တောက်ပလာမည်မှာ အသေအချာပင်။
“တောက်.... ဘာလို့ ဒီလောက် နံရတာလဲ"
တစ်နေ့တွင် တောက်ပလာမည့် ထိုလူသားသည် ယခုမူ စမ်းချောင်းဘေးတွင် ရင်ဘတ်ကို ဖိကာ အော့အန်နေတော့သည်။ ဆေးပေါင်းတစ်ထောင်ခန်းမမှ ဝယ်လာသော မီးခွေးအမြီးကို ပြုပြင်သည့်အခါ ဤမျှအနံ့ဆိုးထွက်မည်ဟု သူ မထင်ထားခဲ့ချေ။ သူသည် နှာခေါင်းစည်းကို တင်းတင်းစည်းကာ စိတ်ကို တင်းထားလိုက်သည်။
“ဒါက မနံဘူး၊ မနံဘူး၊ ဒါတွေက ဝိညာဉ်ကျောက်တွေ၊ မွှေးပျံ့နေတဲ့ ဝိညာဉ်ကျောက်တွေပဲ"
ကုန်ကြမ်းများကို ပြုပြင်ခြင်းမှာ အချိန်ကုန်ပြီး ပင်ပန်းလှသော်လည်း သူ လျစ်လျူမရှုရဲပေ။ အမှန်တကယ်တွင် ဆေးဖော်သည့် အတတ်ထက် ကုန်ကြမ်းပြုပြင်မှုက ပို၍ အရေးကြီးသည်။ အခြေခံ အုတ်မြစ်မခိုင်လျှင် မည်မျှပင် ကောင်းသော ဆေးဖော်နည်း ဖြစ်ပါစေ၊ နောက်ဆုံးတွင် ကျရှုံးမည်မှာ အမှန်ပင်။
ခုနစ်ရက်တိတိ ကြာပြီးနောက် ကုန်ကြမ်းအားလုံးမှာ အသင့်ဖြစ်သွားလေပြီ။ လော့ချန်သည် ထိုအတောအတွင်း မှော်အာဟာရဆေးလုံး အချို့ကိုလည်း ကြိုတင်ဖော်စပ်ထားခဲ့သည်။ သို့သော် ယခုချက်ချင်း မရောင်းသေးဘဲ အံ့ဖွယ်တစ်သောင်းဆေးလုံး နှင့်အတူ တွဲရောင်းရန် သူ စိတ်ကူးထားသည်။
သူသည် မီးဖိုရှေ့တွင် ရပ်ကာ ခါးစည်းကို သေသေချာချာ စည်းလိုက်သည်။ ထို့နောက် မီးဖိုချောင်၏ မျက်နှာကြက်သို့ ကြည့်ကာ အလေးအမြတ် ထားလျက် ဆိုလိုက်သည်။
“ကျွန်တော့် ဇာတိမြေမှ ကွမ်းယွီ အရှင်မြတ်၊ တာအို အရှင်သခင်များနှင့် ဆေးနတ်မင်း အပေါင်းတို့ခင်ဗျာ၊ ကျွန်တော့်ရဲ့ ဆေးဖော်တာကို တစ်ကြိမ်တည်းနဲ့ အောင်မြင်အောင် ကူညီမစတော်မူကြပါ"
အိုးမှာ အသင့်၊ မီးမှာ အသင့်၊ လော့ချန်၏ ဆေးဖော်ခန်းမှာ စတင်လေပြီ။