ကျရှုံးမှုကလည်း ကျွမ်းကျင်မှုကို တိုးစေသလား
Vol. 1 Ch. 6
လော့ချန်၏ မျက်လုံးများမှာ နီရဲနေပြီး မျက်နှာမှာလည်း ပြာနှမ်းနေသည်။
အိုးထဲရှိ တူးခြစ်ကာ မည်းနက်နေသော အခဲကြီးကို စိုက်ကြည့်ရင်း ထွက်ပေါ်လာသော မီးလောင်နံ့ကို ရှူရှိုက်ကာ အော်ဟစ်လိုက်သည်။
“တောက်…. ကျရှုံးပြန်ပြီ၊ ထပ်ပြီး ကျရှုံးပြန်ပြီ၊ ဒါနဲ့ဆို ခြောက်အိုးရှိပြီ"
ယနေ့သည် အံ့ဖွယ်တစ်သောင်းဆေးလုံးကို စတင်ဖော်စပ်သည့် ဆဋ္ဌမမြောက်နေ့ ဖြစ်သည်။ တစ်နေ့လျှင် တစ်အိုးနှုန်းဖြင့် ပုံမှန်ဖော်စပ်ခဲ့သော်လည်း ရလဒ်ကမူ သူ့ကို အကြီးအကျယ် စိတ်ပျက်စေခဲ့သည်။
တစ်လုံးတလေမျှပင် အောင်မြင်ခြင်း မရှိသေးချေ။ အနီးစပ်ဆုံး ရလဒ်မှာ အနီရောင်ဖျော့ဖျော့ အနှစ်များသာ ဖြစ်သည်။ ဆေးညွှန်းထဲတွင်မူ နောက်ဆုံးထွက်လာမည့် ဆေးလုံးသည် နီမြန်းသော နှလုံးသားကဲ့သို့ ရဲရဲတောက်နေရမည်ဟု အတိအလင်း ဖော်ပြထားသည်။
လော့ချန်သည် စိတ်ပျက်လက်ပျက်ဖြင့် ထိုဆေးအိုးကို မကာ စမ်းချောင်းထဲသို့ သွားရောက် သွန်ပစ်လိုက်သည်။
ထို့နောက် စမ်းချောင်းဘေးတွင် ထိုင်ကာ ဗူးသီးခြောက်ဖတ်ဖြင့် အိုးကို ငေးငိုင်စွာ တိုက်ချွတ်နေတော့သည်။ သူ၏ စိတ်ထဲတွင်မူ ဆေးဖော်သည့် ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည် သုံးသပ်နေမိသည်။
“အချိုးအစားတွေကတော့ မှန်ပါတယ်၊ ငါ ချိန်ခွင်နဲ့ကို တိတိကျကျ တိုင်းတာထားတာ၊ ဆေးပစ္စည်း ထည့်တဲ့အစီအစဉ်လည်း မှန်တယ်၊ ဆေးရည်ရဲ့ အခြေအနေကို ကြည့်ပြီး အချိန်ကိုက် ထည့်ခဲ့တာပဲ”
“မီးအပူရှိန်ကြောင့်လား ဒါမှမဟုတ် ထင်းက မကောင်းလို့လား၊ ဒါပေမဲ့ ဆေးညွှန်းမှာက သစ်တောသားဆိုရင် ရပြီလို့ ပြောထားတာပဲ၊ ဒါက ပထမအဆင့် ဆေးလုံးလေးပဲဟာ၊ ဒီလောက်ကြီး လိုအပ်ချက် မများသင့်ဘူး”
“ဒါမှမဟုတ် ငါ့ရဲ့ နည်းစနစ်ကပဲ မှားနေတာလား.…”
ထပ်ခါတလဲလဲ ကျရှုံးမှုများက လော့ချန်ကို မိမိကိုယ်ကိုယ် သံသယဝင်လာစေသည်။ သူသည် ဆေးဖော်ပညာရပ်တွင် ပါရမီမပါဘဲ၊ မှော်အာဟာရဆေးလုံး အောင်မြင်ခဲ့ခြင်းမှာလည်း မူလ လော့ချန်၏ ပါရမီကြောင့် လမ်းပွင့်ခဲ့ခြင်းသာ ဖြစ်မည်လားဟု တွေးမိလာသည်။
သူသည် သူတစ်ပါး အဆင့်မြှင့်ပေးထားသော ဂိမ်းအကောင့်ကို လုယူကာ ခင်းပြီးသားလမ်းပေါ်တွင် လမ်းလျှောက်နေရသူတစ်ဦးသာ ဖြစ်နေလေသည်လော။
ဝုန်း….
ရေများက သူ၏ မျက်နှာပေါ်သို့ စင်ထွက်လာသည်။ ငါးကြင်းကြီးတစ်ကောင်မှာ ရေပေါ်သို့ ခုန်တက်ကာ မြူးထူးရင်း သူ့အား ရေဖြင့် ပက်သွားခြင်း ဖြစ်သည်။
မကြာသေးမီက လန်ချန်းမြစ်ရေ တက်လာသဖြင့် ဤစမ်းချောင်းလေးထဲတွင် ငါးများ ပိုမိုပေါများလာခဲ့သည်။
ထွက်ပြေးသွားသော ငါးကို ကြည့်ရင်း လော့ချန်၏ ရင်ထဲ၌ ဒေါသများ ဝုန်းကနဲ ထွက်လာသည်။
“တောက်….စွမ်းအင်တွေ စုစည်းစမ်း၊ မီးလုံးအတတ်"
ဘုန်း….
ရေမျက်နှာပြင်ပေါ်တွင် မီးကျွမ်းနေသော အရာတစ်ခု ပေါ်လာပြီး ရေစီးနှင့်အတူ မျောပါသွားတော့သည်။ လက်ထဲမှ စင်ကြယ်သွားသော သံအိုးကို ငုံ့ကြည့်ရင်း လော့ချန် တစ်ဦးတည်း ရေရွတ်လိုက်မိသည်။
“ကိရိယာတွေ မကောင်းလို့လား မသိဘူး....”
သူသည် ဝက်ဘ်နိုဗယ်ထဲမှ ဇာတ်လိုက်များကဲ့သို့ ခါးသီးသော အပြုံးကို ပြုံးလိုက်မိသည်။
ဆေးဖော်စပ်သည့် လောကတွင် သူ၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားလှသည်။ လမ်းညွှန်ပေးမည့် ဆရာမရှိ၊ ထောက်ပံ့ပေးမည့် မိသားစုကမရှိ၊ ဆေးဖော်သည့် ကိရိယာကောင်းကောင်းပင် မရှိချေ။
အခြားသူများက ကောင်းကင်ဘုံမီးတောက်များကို သုံး၍ အရည်အသွေးမြင့် ဆေးဖော်အိုး ကြီးများဖြင့် ဖော်စပ်ကြသော်လည်း သူကမူ သာမန်သံအိုးဖြင့်သာ ဖော်စပ်နေရသည်။
ဆေးဖော်အိုးကောင်း တစ်လုံး၏ တန်ဖိုးမှာ ပျံသန်းရေးဓားတစ်လက်ထက် ဆယ်ဆခန့် ပိုမိုဈေးကြီးသည်။ တစ်ကိုယ်တော်ကျင့်ကြံသူများ အမြတ်တနိုးထားသော ကာကွယ်ရေးပစ္စည်းများပင် ဆေးဖော်အိုးကို မယှဉ်နိုင်ချေ။
အံ့ဖွယ်တစ်သောင်းဆေးလုံး ၁၀ ကြိမ်ဖော်စာ ကုန်ကြမ်းဝယ်ရုံနှင့်ပင် သူ ဖင်ပြောင်လုနီးပါး ဖြစ်ခဲ့ရရာ ဆေးဖော်အိုး ဝယ်ရန်မှာ မတွေးဝံ့စရာပင်။
အဆင့်နိမ့် ဆေးဖော်အိုးကိုပင် သာမန်ထင်းဖြင့် သုံး၍မရချေ။ ဝိညာဉ်သစ်သားကို လောင်စာအဖြစ် သုံးရပြီး ကျင့်ကြံသူက သူ၏ ချီစွမ်းအင်ဖြင့် မီးရှိန်ကို အမြဲမပြတ် ညှိပေးနေရမည် ဖြစ်သည်။
သူ့မှာ ဝိညာဉ်သစ်သားဝယ်ရန် ငွေမရှိသလို၊ မီးရှိန်ကို အမြဲထိန်းထားနိုင်လောက်သည့် ကျင့်ကြံမှုအဆင့်လည်း မရှိချေ။
တစ်ခါတစ်ရံတွင် သူသည် ဆေးလုံး ၁၀ လုံးခန့်ကို တစ်ပြိုင်နက် ထုတ်နိုင်သော နာမည်ကျော် ဆေးဖော်ဆရာများကို အားကျမိသည်။ သူကမူ ဆေးနှစ်များ ပူပူနွေးနွေးရှိနေစဉ် လက်ဖြင့် အလောတကြီး လုံးနေရသူ ဖြစ်သည်။ ထိုဆေးနှစ်များမှာ အသားကို လောင်ကျွမ်းစေနိုင်လောက်အောင် ပူသော်လည်း သူ့တွင် တခြားနည်းလမ်း မရှိချေ။
လော့ချန်သည် မိမိကိုယ်ကို သနားမိရာမှ အိုးကို မီးဖိုပေါ် ပြန်တင်ကာ ခါးစည်းကို ချွတ်ပြီး အိမ်ရှေ့လှေကားထစ်တွင် ထိုင်လိုက်သည်။ ဝင်လုဆဲဆဲ နေမင်းကို ကြည့်ရင်း သူ့ပါးသူ နှစ်ချက်ဆင့် ရိုက်လိုက်သည်။
“ဘာတွေ လျှောက်တွေးနေတာလဲ၊ ငါ ရှိသမျှ အကုန်ပုံအောထားတာပဲ၊ လမ်းဆုံးနေရင်တောင် အတင်းတိုးထွက်ရမှာပေါ့၊ မနက်ဖြန်တော့ ဆေးဖော်တာ ခဏနားပြီး စိတ်ကို အရင်ပြင်ဆင်ရမယ်”
အလောတကြီး လုပ်လျှင် အမှားမှားအယွင်းယွင်း ဖြစ်တတ်သည်မှာ သဘာဝပင်။
ထိုညက လော့ချန်၏ ရင်ထဲတွင် ဒေါသများက စုပြုံနေခဲ့သည်။ သူ တစ်ခုခုကို ဖောက်ထုတ်ပစ်ရန် လိုအပ်နေသည်။ ထို့ကြောင့်ပင်….။
“မီးလုံးအတတ်၊ မီးလုံးအတတ်၊ မီးလုံးအတတ်"
စမ်းချောင်းထဲမှ ငါးများမှာ ကံဆိုးစွာဖြင့် လော့ချန်၏ ဒေါသဒဏ်ကို ခံလိုက်ရရှာသည်။ မီးလုံး ၉ လုံး တိတိ ပစ်လွှတ်လိုက်ပြီးနောက် သူ၏ ချီစွမ်းအင်များ ပြတ်တောက်သွားတော့သည်။
ကျွမ်းကျင်မှုအမှတ် ၉ မှတ် ရလိုက်ပြီးနောက် လော့ချန်သည် အခန်းထဲသို့ပြန်ကာ နွေဦးကျင့်စဉ် ကို စတင်လေ့ကျင့်သည်။
စွမ်းအင်စီးဆင်းမှု တစ်ပတ်ပြည့်တိုင်း သူ၏ ချီစွမ်းအင် ငါးပုံတစ်ပုံ ပြန်ပြည့်လာသည်။ နှစ်ပတ်ပြည့်လျှင် နောက်ထပ် ငါးပုံတစ်ပုံ။ အဆင့်နိမ့်ကျင့်ကြံသူများအတွက် တစ်ညလျှင် နှစ်ပတ် သို့မဟုတ် သုံးပတ်ထက် ပို၍ လေ့ကျင့်၍ မရချေ။ ထို့နောက် သူ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ နံနက် နိုးလာသောအခါ သူ၏ ချီစွမ်းအင်မှာ တစ်ဝက်ပင် ပြန်မပြည့်သေးချေ။ ဤကဲ့သို့ ချီစွမ်းအင် နည်းပါးမှုကြောင့်ပင် သူ၏ အတတ်ပညာများကို အောင်မြင်မှုအမှတ် ရသည်အထိ အမြန်မမြှင့်နိုင်ခြင်း ဖြစ်သည်။ မီးလုံးအတတ်ကို တစ်နေကုန် လေ့ကျင့်လျှင် ပြန်လည် နာလန်ထူရန် ငါးရက်ခန့် အချိန်ပေးရသည်။
လော့ချန် နေထိုင်သည့် နေရာမှာ မလုံခြုံသဖြင့် သူသည် ထွက်ပြေးရန်အတွက် ချီစွမ်းအင် အနည်းငယ်ကို အမြဲ အရန်သင့် ချန်ထားရသည်။
နိုးလာသောအခါ လော့ချန် အနည်းငယ် ကြောက်လန့်သွားမိသည်။ မနေ့ညက သူ အမှန်ပင် ရူးသွပ်သွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သားရဲတစ်ကောင်သာ ရောက်လာခဲ့လျှင် သူ ခုခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်။
“နောက်တစ်ခါ ဒါမျိုး မလုပ်တော့ဘူး၊ မှတ်ထားစမ်း လော့ချန်"
လော့ချန်တစ်ယောက် ရေရွတ်ရင်း ထိုင်ကာ ကျင့်စဉ်တစ်ပတ် ထပ်မံ ကျင့်ကြံလိုက်သည်။ ထို့နောက် သူ၏ အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကြည့်လိုက်သည်။
[အခြေအနေပြကြေးမုံပြင်]
ကျင့်ကြံမှု အဆင့် - ချီသန့်စင်အဆင့် ၃ (၇၅/၁၀၀)
အောင်မြင်မှုအမှတ် - ၁ မှတ်
[မှော်အတတ်များ]
မီးလုံးမှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၀၄/၅၀၀)
[အတတ်ပညာများ]
မှော်အာဟာရဆေးလုံး - ပါရမီရှင်အဆင့် (၅၀၇/၁၀၀)
အံ့ဖွယ်တစ်သောင်းဆေးလုံး - အခြေခံအဆင့် (၃/၁၀၀)
လော့ချန်သည် ကြေးမုံပြင်ကို ကြည့်ရင်း ခဏမျှ မှင်တက်သွားသည်။ သူ၏ သက်တမ်းမှာ မြေကမ္ဘာပေါ်မှ သက်တမ်းအတိုင်း ၇၅ နှစ်သာ ရှိသေးသည်မှာ ဝမ်းနည်းစရာပင်။ သူ ဝိညာဉ်ကျောက်များ ရှာဖွေနေရခြင်းမှာ အဆုံးစွန်၌ အသက်ရှည်ရန်အတွက် မဟုတ်ပါလော။
သို့သော် ထိုခံစားချက်များကို ဘေးဖယ်ထားပြီး အောင်မြင်မှုအမှတ်ကို ကြည့်လိုက်သောအခါ မီးလုံးအတတ်ကြောင့် ၁ မှတ် တိုးလာသည်ကို တွေ့ရသည်။ ပြီးပြည့်စုံအဆင့် မီးလုံးအတတ်မှာ မည်မျှ အစွမ်းထက်မည်နည်း။ သူ စမ်းသပ်ချင်သော်လည်း စွမ်းအင်မရှိသေးသဖြင့် စိတ်ကို ထိန်းထားလိုက်သည်။
ကြေးမုံပြင်ကို ပိတ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ အကြည့်က အောက်ဆုံးရှိ စာတန်းဆီသို့ ရောက်သွားပြီး မျက်လုံးများ ပြူးသွားခဲ့သည်။
“နေဦး…."
အံ့ဖွယ်တစ်သောင်းဆေးလုံး - အခြေခံအဆင့် (၃/၁၀၀)
သူ သေသေချာချာ မှတ်မိသည်။ အောင်မြင်မှုအမှတ်ဖြင့် ဤဆေးနည်းကို စတင်ဖော်ထုတ်စဉ်က ကျွမ်းကျင်မှုမှာ ၁ မှတ်သာ ရှိခဲ့သည်။ ယခု ၃ မှတ် ဖြစ်နေသည်။
“ဒါပေမဲ့ ငါ တစ်လုံးတလေတောင် အောင်မြင်အောင် မဖော်စပ်နိုင်ခဲ့ဘူးလေ”
“ကျရှုံးတာကလည်း ကျွမ်းကျင်မှုကို တိုးစေတာလား”