လေလွင့်ခြေလှမ်း
Vol. 1 Ch. 7
ဤလောကသို့ ကူးပြောင်းလာပြီး ဤခန္ဓာကိုယ်၏ ပိုင်ဆိုင်မှုမှန်သမျှကို ဆက်ခံပြီးကတည်းက၊ အောင်မြင်မှုရမှသာ ကျွမ်းကျင်မှု တိုးသည်ဟု လော့ချန် တစ်ထစ်ချ ယုံကြည်ခဲ့သည်။
သို့ဖြစ်ရာ ကျရှုံးမှုကလည်း ကျွမ်းကျင်မှုကို တိုးစေနိုင်သည်ဟူသော အချက်ကို သူ တစ်ခါမျှ မစဉ်းစားမိခဲ့ပေ။
သို့သော် သေသေချာချာ ပြန်တွေးကြည့်လျှင် ကျရှုံးမှုသည် အဘယ်ကြောင့် ကျွမ်းကျင်မှု မတိုးရမည်နည်း။
အောင်မြင်မှုဆိုသည်မှာ ဘယ်သောအခါမှ အလိုအလျောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခြင်းမျိုး မဟုတ်ဘဲ ကျရှုံးမှုပေါင်းများစွာကို အုတ်မြစ်ချ၍ တည်ဆောက်ထားရခြင်း ဖြစ်သည်။
ကျရှုံးမှုမှ ရရှိသော အတွေ့အကြုံမှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း ထိုအတွေ့အကြုံ အပိုင်းအစလေးများသည်လည်း အောင်မြင်မှု၏ အစိတ်အပိုင်းပင် မဟုတ်ပါလော။
ဥပမာဆိုရသော် ကားမောင်းသင်စ အတွေ့အကြုံမရှိသူတစ်ဦးသည် ကွေ့ကောက်လှသော လမ်းကျဉ်းလေးများတွင် ကျွမ်းကျင်စွာ မောင်းနှင်နိုင်မည်မဟုတ်ပေ။
သို့သော် ကုန်းတက်တွင် အင်ဂျင်မသေအောင် ထိန်းနိုင်ခြင်း၊ စနစ်တကျ ပါကင်ထိုးနိုင်ခြင်းနှင့် အရှိန်ကို ချောမွေ့စွာ မြှင့်တင်နိုင်ခြင်းတို့မှာ အောင်မြင်မှု သေးသေးလေးများပင် ဖြစ်သည်။
ဤသို့သော အောင်မြင်မှု သေးသေးလေးများ စုစည်းမိမှသာ မြို့တွင်း၌ ကျွမ်းကျင်စွာ မောင်းနှင်နိုင်သည့် ဝါရင့်ဒရိုင်ဘာ သို့မဟုတ် တောင်ပတ်လမ်း ဘုရင်တစ်ဦး ဖြစ်လာနိုင်ခြင်းပင်။
နောက်ထပ် အချက်တစ်ချက်လည်း ရှိသေးသည်။
လော့ချန်သည် လုံးဝဥဿုံ အောင်မြင်မှု မရခဲ့ခြင်းတော့ မဟုတ်ပေ။ သူ အောင်မြင်ခဲ့ဖူးသည့် တစ်ကြိမ်တော့ ရှိခဲ့ဖူးသည်။
စနစ်၏ အောင်မြင်မှုအမှတ်က သူ့အား ဆေးဖော်ခြင်း၏ အခြေခံအဆင့်သို့ တိုက်ရိုက်ရောက်အောင် ကူညီပေးခဲ့ခြင်းမှာ အောင်မြင်သော အတွေ့အကြုံတစ်ခုကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။
အဘယ်ကြောင့် ဂိုဏ်းကြီးများနှင့် ကျင့်ကြံသူ မိသားစုများသာ တရားဝင် ဆေးဖော်ဆရာများကို ပျိုးထောင်နိုင်ပြီး တစ်ကိုယ်တော် ဆေးဖော်ဆရာများမှာ အလွန်တရာ ရှားပါးနေရသနည်း။
အကြောင်းရင်းမှာ အလွန်ရိုးရှင်းပါသည်။ အစောပိုင်း ရင်းနှီးမြှုပ်နှံရသည့် ကုန်ကျစရိတ်မှာ အဆမတန် များပြားလွန်းသောကြောင့်ပင်။
ဆေးဖော်ခါစ သူတစ်ဦးသည် အောင်မြင်မှု အရိပ်အယောင်ပင် မတွေ့ရဘဲ ထပ်ခါတလဲလဲ ကျရှုံးနေရသည့်အခါ အစောပိုင်း ကုန်ကျစရိတ်ကြီးမားမှုဒဏ်ကို မခံနိုင်တော့ဘဲ လက်လျှော့သွားတတ်ကြသည်။
သို့သော် ဂိုဏ်းနှင့် မိသားစု နောက်ခံရှိသူများမှာမူ ထိုသို့မဟုတ်။ အစောပိုင်း ကျရှုံးမှုများကို ခံနိုင်ရည်ရှိသည့် ငွေကြေးအင်အား အပြည့်အဝ ရှိကြသည်။
ဆေးဖော်ခါစ သူတစ်ဦးအဖို့ တစ်ကြိမ်မျှ အောင်မြင်သွားသည်နှင့် ထိုအတွေ့အကြုံသည် နောင်တွင် အောင်မြင်မှုများ ဆက်တိုက် ရရှိလာစေရန် သဘာဝအလျောက် လမ်းခင်းပေးတော့သည်။
တစ်ခါ အောင်မြင်သူများ အစဉ်တစိုက် အောင်မြင်နေရခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်သည်။
လော့ချန်၏ အခြေအနေမှာမူ သူ့နောက်ကွယ်တွင် အားကိုးထိုက်သော စနစ် ရှိနေခြင်းကြောင့် အစောပိုင်း ကျရှုံးမှုများကို ကျော်ဖြတ်ကာ အခြေခံအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဤစနစ်မှာ မည်သည့်ဂိုဏ်း၊ မည်သည့်မိသားစုထက်မဆို များစွာ သာလွန်အားကောင်းလှသည်။
အချို့သူများမှာ ပါရမီ လုံးဝ ကင်းမဲ့ကြသော်လည်း၊ လော့ချန် အနေဖြင့် အခြေခံအဆင့်သို့ ရောက်နိုင်သည်ဆိုကတည်းက သူ၌ ပါရမီ အသင့်အတင့် ရှိသည်ဟု ဆိုနိုင်သည်။
အမှန်စင်စစ် ဤအခြေခံအဆင့်မှာ ကျွမ်းကျင်မှု တိုးတက်လာခြင်းမှရသော အောင်မြင်မှုအမှတ်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။
သို့ဖြစ်ရာ....။
"ငါ့ရဲ့ အောင်မြင်မှု အားလုံးဟာ ငါ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ"
သူ၏ ကျွမ်းကျင်မှု တိုးလာခြင်းကို တွေ့လိုက်ရသောအခါ လော့ချန်၏ စိတ်အခြေအနေမှာ အားဆေးတစ်လက် အထိုးခံလိုက်ရသလို တက်ကြွလန်းဆန်းသွားပြီး၊ ဝမ်းသာအားရ အော်ဟစ်မိတော့မလိုပင် ဖြစ်သွားသည်။
သို့သော်လည်း 'အလောတကြီး လုပ်လျှင် အမှားပါတတ်သည်' ဟူသော အမှန်တရားကို မနေ့ကပင် သင်ခန်းစာ ရထားသည်ဖြစ်ရာ ယခုကဲ့သို့ စိတ်လှုပ်ရှားနေသည့် အချိန်တွင် ဆေးဖော်ခြင်းမှာ မိုက်မဲရာကျမှန်း သူသိသည်။
ထို့ကြောင့် ယနေ့တွင် သူ၏ စိတ်ကို ဟန်ချက်ညီစေရန် တခြားတစ်ခုခု လုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူ ဘာလုပ်လျှင် ကောင်းမည်နည်း။
ကိုယ်ခံပညာ လေ့ကျင့်ရမည်။ အတိအကျ ပြောရလျှင် ကိုယ်ဖော့ အတတ်ပညာကို လေ့ကျင့်ရန်ပင်။
လော့ချန်သည် သူ့ကိုယ်သူ အသိဆုံး ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာ မမြင့်မားသလို၊ ဝိညာဉ်စွမ်းအင်မှာလည်း မကြွယ်ဝပေ။ သူဝယ်ထားသော အဆင့်နိမ့် ပျံသန်းရေးဓားမှာလည်း အလှပြရုံသာ ရှိသေးပြီး၊ ဆွဲငင်ခြင်းအတတ် ကိုပင် မတတ်သေးသဖြင့် ဓားကို လက်ဖြင့်သာ ဝှေ့ယမ်းနိုင်သေးသည်။
ယခင် လော့ချန်သည် တောစပ်သို့သွား၍ တခြားသူများ သတ်ဖြတ်လာသည့် သားရဲသားများကို မြို့သို့ သယ်ယူပေးသည့် အလုပ်ကိုသာ လုပ်ခဲ့သူ ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် အသက်ရှင်ရန် အခွင့်အရေး အများဆုံးနည်းလမ်းမှာ အဘယ်နည်း။
အဖြေမှာ ရှင်းပါသည်၊ အပြေးသန်ရန် ဖြစ်သည်။
ချီသန့်စင်အဆင့် ကျင့်ကြံသူ တစ်ဦးအဖို့ အသက်ဘေးမှ လွတ်မြောက်ရန် အကောင်းဆုံးနည်းလမ်းမှာ လေစီးမှော်စာရွက် သုံးခြင်း၊ ဝိညာဉ်လက်နက်ဖြင့် ပျံသန်းခြင်း သို့မဟုတ် အနည်းဆုံး လေခွင်းအတတ် ကို သုံးခြင်းပင်။
သို့သော် စိတ်မကောင်းစရာမှာ လေစီးမှော်စာရွက်များမှာ အဆမတန် ဈေးကြီးသဖြင့် သာမန်လူများ မတတ်နိုင်ကြပေ။
ဝိညာဉ်လက်နက်ဖြင့် ပျံသန်းရန်မှာလည်း ဆွဲငင်ခြင်းအတတ် နှင့် တစ်သားတည်းကျရန် လိုအပ်သည့်အပြင် ၎င်း၏ ထိရောက်မှုမှာ လေခွင်းအတတ်ကိုပင် မမီပေ။
လော့ချန် အနေဖြင့် သာမန်ကာလျှံကာ လေခွင်းအတတ် စာအုပ်ကိုပင် ဝယ်ယူရန် မတတ်နိုင်သေးပေ။ စာအုပ်တစ်အုပ်လျှင်ပင် အဆင့်နိမ့် ဝိညာဉ်ကျောက် ဆယ်ဂဏန်းမျှ ပေးရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ဈေးကွက်ထဲတွင် ရွှေဒင်္ဂါး (၁၀) ပြားမျှဖြင့် ဝယ်ထားသည့် လောကီကိုယ်ခံပညာ စာအုပ်ကိုသာ အားကိုးရန် ဆုံးဖြတ်လိုက်သည်။
၎င်းမှာ လောကီလူသားတို့၏ ပညာဖြစ်သော်လည်း ဝိညာဉ်စွမ်းအင်ကို အသုံးမပြုရသည့်အတွက် သူ့အတွက် အသုံးဝင်လှသည်။
လော့ချန်တွင် ဝိညာဉ်စွမ်းအင် များများစားစား မရှိသကဲ့သို့၊ အဆင့်နိမ့် တစ်ကိုယ်တော်ကျင့်ကြံသူ အချင်းချင်း တိုက်ခိုက်လျှင်လည်း တစ်နေရာတည်းတွင် ရပ်၍ ပစ်ခတ်တိုက်ခိုက်ကြသည်မှာ များလှသည်။
သို့ဖြစ်ရာ ဝိညာဉ်စွမ်းအင် မလိုအပ်သည့် ကိုယ်ဖော့အတတ်သည် အသုံးဝင်ဆဲပင် ဖြစ်သည်။
သူသည် တံခါးဝတွင် ထိုင်၍ စာအုပ်ကို ဖြန့်လိုက်သည်။
လေလွင့်ခြေလှမ်း….။
နာမည်ကတော့ အတော်လေး အထင်ကြီးစရာပဲ ဟု လော့ချန် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
စာအုပ်၏ အမှာစာမှာလည်း အလွန်ခန့်ညားလှသည်။
"ကောင်းကင်နှင့် မြေကြီး၏ ဟန်ချက်ကို စီးနင်းကာ၊ စွမ်းအင် ခြောက်မျိုးကို ထိန်းချုပ်၍၊ အနန္တစကြာဝဠာထဲတွင် လွတ်လပ်စွာ လှည့်လည်မည်"
အမှန်စင်စစ် ၎င်းမှာ ရေးသားသူ၏ ကြီးကျယ်ခမ်းနားသော စိတ်ကူးယဉ်မှုသာ ဖြစ်ပေလိမ့်မည်။
လော့ချန်သည် စာအုပ်ကို အကြိမ်ကြိမ် အဖန်ဖန် ဖတ်ရှုပြီးနောက် လက်တွေ့ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
၎င်းမှာ တိုက်ခိုက်ရေးအတွက် ခြေလှမ်းမျိုး မဟုတ်ဘဲ၊ ခရီးဝေး သွားလာရာတွင် အင်အားကို ထိန်းညှိခြင်း၊ အရှိန်အဟုန်အတွင်း ခန္ဓာကိုယ် ဟန်ချက်ပြင်ဆင်ခြင်းနှင့် အသက်ရှူခြင်းကို စနစ်တကျ ညှိယူခြင်းဖြင့် အရှိန်ပြင်းပြင်းနှင့် ခရီးဝေး ပြေးလွှားနိုင်စေရန် ရည်ရွယ်သည်။
အစပိုင်းတွင် လော့ချန် အနည်းငယ် အဆင်မပြေဖြစ်နေသေးသည်။
အင်အားကို ထိန်းညှိခြင်းနှင့် စွမ်းအင် ခြောက်မျိုးကို ထိန်းချုပ်ခြင်း ဆိုသည်များမှာ ယုတ္တိမရှိသလိုပင်။
သို့သော် စမ်းချောင်းတစ်ဖက် လွင်ပြင်ကျယ်တွင် တစ်မနက်လုံး ပြေးလွှားပြီးနောက်၌မူ သူသည် အသိအမြင်အချို့ ရရှိလာပြီး လေ့ကျင့်ရင်းနှင့် တစ်ကိုယ်တည်း ရေရွတ်နေမိတော့သည်။
"လေပြင်းတိုက်ရင် ကိုယ်ဟန်ကို ပြင်၊ လေစီးကြောင်းအတိုင်း လိုက်ရမယ်၊ လေကို ဆန့်ကျင်လို့ မရဘူး"
"သစ်ကိုင်းတွေ့ရင် ဒါမှမဟုတ် ကုန်းစောင်းတွေ့ရင် အဲဒါကို အရှိန်ယူပြီး ခုန်တက်ရမယ်၊ မြေပြင်ပေါ် ဆင်းတဲ့အခါမှာလည်း အားကို ထိန်းပြီး ညင်ညင်သာသာလေး ဆင်းရမယ်၊ ဒါမှမဟုတ် အဲဒီအားကို သုံးပြီး ပြန်ကန်ထွက်ကာ အရှိန်မြှင့်ရမယ်"
"အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထားရမယ်၊ စိတ်အေးအေးထားရမယ်၊ လုံးဝ လွတ်လပ်တဲ့ လေလွင့်ခြေလှမ်း မဖြစ်သေးရင်တောင် တည်ငြိမ်တဲ့ စိတ်နဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်မယ်"
"ဟဲဟဲ…. ဒီခြေလှမ်းက တကယ့်ကို အထာကျတာပဲ"
နေလွဲ၍ ထမင်းစားချိန် ရောက်သောအခါ သူ အခြေအနေပြကြေးမုံပြင်ကို ကြည့်လိုက်သည်။
မှော်အတတ် ကဏ္ဍတွင် စာတန်းအသစ်တစ်ခု ပေါ်လာပြီ ဖြစ်သည်။
လေလွင့်ခြေလှမ်း - အခြေခံအဆင့် (၁၃/၁၀၀)
လော့ချန်သည် ထမင်းပန်းကန်ကို ကိုင်ရင်း တဟားဟား ရယ်မောကာ တစ်ကိုယ်တည်း ပြောလိုက်မိသည်။
"အခြေခံအဆင့်ကို ရောက်သွားပြီ၊ ကျွမ်းကျင်မှုကလည်း အမြန်တိုးနေတာပဲ"
"ကျင့်ကြံခြင်းက လိပ်သွားသလောက်၊ ကိုယ်ခံပညာကတော့ သိန်းငှက် ပျံသန်းသလိုပဲ၊ ငါက တစ်သက်မှာ တစ်ယောက် ပေါ်ထွန်းခဲတဲ့ ကိုယ်ခံပညာ ပါရမီရှင်များလား…."
ဝမ်းနည်းစရာမှာ ကိုယ်ခံပညာသည် အသက်ရှည်ရှည် နေနိုင်စေရန် မတတ်နိုင်ခြင်းပင်၊ မဟုတ်လျှင်တော့ သူသည် သိုင်းနတ်ဘုရား ဖြစ်ရန်ပင် စဉ်းစားမိပေလိမ့်မည်။
ညနေပိုင်းတွင် လော့ချန်သည် လေလွင့်ခြေလှမ်းကို ဆက်လက် လေ့ကျင့်နေခဲ့ရာ၊ ကျွမ်းကျင်မှု တိုးလာသည်နှင့်အမျှ ပိုမိုကျွမ်းကျင်ပိုင်နိုင်လာသည်။
ခေတ္တအနားယူစဉ်တွင် လော့ချန်သည် သူ၏ တိုးတက်မှုမှာ လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုကြောင့် ဖြစ်မည်ဟု တွေးတောမိသည်။
နေ့တိုင်း ဝိညာဉ်ဆန်နှင့် သားရဲသားများကို စားသုံးပြီး၊ နွေဦးကျင့်စဉ် ဖြင့် ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်နေသည်ဖြစ်ရာ ဝက်တစ်ကောင်ပင် ဖြစ်နေပါစေဦး၊ သူသည် ဝိညာဉ်ဝက် တစ်ကောင် ဖြစ်နေပေလိမ့်မည်။
ခန္ဓာကိုယ် ပိုမို သန်မာလာသည်နှင့်အမျှ မိမိကိုယ်မိမိ ပိုမို ထိန်းချုပ်နိုင်လာခြင်းမှာ သဘာဝပင် မဟုတ်ပါလော။
၎င်းမှာ သူ၏ ကမ္ဘာဟောင်းမှ ဘတ်စကက်ဘော ကြယ်ပွင့်များကဲ့သို့ပင်။ ထိုသူများသည် ကျွမ်းကျင်မှုသက်သက်ဖြင့် ကြီးကျယ်လာခြင်း မဟုတ်ဘဲ၊ ပါရမီပါသော သန်မာသည့် ခန္ဓာကိုယ် ရှိနေကြခြင်းကြောင့် ဖြစ်သည်။
ကြယ်ပွင့်များထဲတွင် ပါရမီ အနည်းဆုံးဟု သတ်မှတ်ခံရသူများပင်လျှင် သာမန် ကစားသမားများထက် များစွာ သန်မာကြသည်သာ။
ယခု သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ လောကီကိုယ်ခံပညာ ကျင့်စဉ်ကို လေ့ကျင့်ရန် လုံလောက်နေပြီဖြစ်ရာ ၎င်းမှာ ခန္ဓာကိုယ်၏ သဘာဝ စွမ်းရည်များကို ဖော်ထုတ်ခြင်းမျှသာ ဖြစ်သည်။
ညနေစောင်းတွင် လော့ချန်သည် တစ်မီတာခန့် နက်သော စမ်းချောင်းထဲတွင် ရေချိုးရင်း ရွှံ့စေးအချို့ကို နှိုက်ယူလိုက်သည်။
ထို့နောက် သူ၏ မှတ်ဉာဏ်ကို အသုံးပြု၍ ရွှံ့ရုပ်တစ်ခုကို ထုလုပ်နေခဲ့သည်။
မျက်လုံးအိမ် ကျဉ်းကျဉ်း၊ မျက်ခုံးပင့်ပင့်ဖြင့် ခန့်ညားထည်ဝါသော ထိုရုပ်တုကို မြင်လျှင် မည်သည့် ပန်းချီကျောင်းသူမဆို သူ၏ လက်ရာကို ချီးကျူးကြပေလိမ့်မည်။
"ကွမ်းယွီအရှင်မြတ် ခဏစောင့်ပါဦး၊ ဒီည ခင်ဗျားအတွက် မုတ်ဆိတ်မွှေး တပ်ပေးပြီး နဂါးစိမ်းဓားကြီးကိုပါ ထုလုပ်ပေးပါ့မယ်"
သူ တစ်ကိုယ်တည်း ရေရွတ်နေစဉ်မှာပင် လွင်ပြင်၏ တစ်ဖက်ခြမ်း တောအုပ်ဆီမှ သားရဲဟိန်းသံအချို့ ထွက်ပေါ်လာသည်။
ထို့နောက် အလင်းတန်းအချို့သည် တောအုပ်ထဲမှ ပျံထွက်လာကြသည်။
လော့ချန်သည် ချက်ချင်းပင် နိုးနိုးကြားကြား ရှိသွားပြီး အိမ်ထဲသို့ ပြေးဝင်ကာ သူ၏ ဓားကို ဆွဲယူလျက် တံခါးကို တင်းတင်းပိတ်လိုက်သည်။
စမ်းချောင်းတစ်ဖက်က မြက်တောများကြားတွင် ထိုအလင်းတန်းများသည် မြေပေါ်သို့ ဆင်းသက်လိုက်ကြပြီး တောင်တန်းကြီး၏ အတွင်းပိုင်းဆီသို့ စူးစမ်းကြည့်နေကြလေတော့သည်။