တိမ်လွှာကြားက ကြိုးကြာဖြူကို သိသလား
Vol. 1 Ch. 8
“ဘာလို့ အခုတလော နှင်းဝံပုလွေ အုပ်စုတွေ အပြင်စည်းဘက်အထိ ရောက်လာကြတာလဲ မသိဘူး”
“ကံဆိုးလိုက်တာကွာ၊ အဆင့် (၁) ဝိညာဉ်သားရဲ နှစ်ကောင်တောင် အမဲလိုက်နိုင်ခဲ့တာကို၊ အသားဖျက်ပြီး အိတ်ထဲထည့်ဖို့တောင် အချိန်မရလိုက်ဘဲ ထွက်ပြေးခဲ့ရတယ်”
“ဖြစ်နိုင်တာကတော့ လပြည့်ညတောင်တန်း ဘက်မှာ ဝံပုလွေဘုရင်နေရာအတွက် တိုက်ပွဲဖြစ်နေတာ ထင်တယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းကလည်း ဝံပုလွေအုပ်စုတွေ ပရမ်းပတာဖြစ်ပြီး ဘေးလွတ်ရာ အပြင်စည်းဘက်ကို ထွက်ပြေးလာကြဖူးတယ်လို့ ကြားဖူးတယ်”
“ထားလိုက်ပါတော့ကွာ၊ မြို့ထဲပြန်ပြီး နားကြစို့၊ ဒီရက်ပိုင်း တကယ် ပင်ပန်းနေပြီ”
“အေးပါ…. ဘယ်သူမှ ဒဏ်ရာမရတာပဲ ကံကောင်းလှပြီ”
ဤအရာများမှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြသော်လည်း အသက်ဘေးမှ လွတ်မြောက်လာသည့်အတွက် စိတ်သက်သာရာရနေသော ကျင့်ကြံသူအချို့၏ စကားသံများ ဖြစ်သည်။ သူတို့သည် လွင်ပြင်ဘက်မှ မြို့လယ်ဈေးတန်းဆီသို့ လျှောက်လှမ်းလာစဉ် လော့ချန်၏ အိမ်ရှေ့တွင် ခေတ္တရပ်နားကာ ပြောဆိုသွားကြခြင်း ဖြစ်သည်။
ထိုစဉ် ပြတ်သားလှသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။
“မိတ်ဆွေလေး….အခုတလော ဒီနားမှာ သိပ်မလုံခြုံဘူးနော်၊ ရှင့်မှာ တတ်နိုင်တဲ့ အင်အားရှိရင် အတွင်းမြို့နဲ့ နီးတဲ့နေရာကို ပြောင်းနေတာ ပိုကောင်းလိမ့်မယ်”
လော့ချန် ဘာမှ ပြန်မပြောမိပေ။ သူသာ တတ်နိုင်လျှင် ပြောင်းနေသည်မှာ ကြာလှပြီ ဖြစ်သည်။
ထို့အပြင် အတွင်းမြို့နှင့် နီးရုံနှင့်လည်း အမှန်တကယ် လုံခြုံသည်ဟု မဆိုနိုင်ချေ။ ထိုနေရာမှ တစ်ကိုယ်တော်ကျင့်ကြံသူ များသည် ဓားသွားပေါ်တွင် ဘဝကို ပုံအပ်ထားသူများဖြစ်ရာ မှောင်ရိပ်ခို၍ လုယက်သတ်ဖြတ်မှုများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသည်။
မြို့ထဲသွားသည့် လမ်းပေါ်တွင် သွေးကွက်များနှင့် လူအရိုးများကို သူ တစ်ကြိမ်မက မြင်ဖူးသည်။
သူနေသည့် နေရာမှာ အန္တရာယ်ရှိသည်ဟု ဆိုနိုင်သော်လည်း၊ အမှန်စင်စစ် ဈေးတန်းမှ ကျင့်ကြံသူများက နှစ်စဉ် သားရဲနှင်အစီအရင်ကို လွင်ပြင်တွင် ခင်းကျင်းထားသဖြင့် အဆင့်နိမ့်သားရဲများမှာ လူနေရပ်ကွက်နားသို့ မလာရဲကြချေ။ အဆင့် (၂) သားရဲကြီးများပင် လူအများအပြား နေထိုင်ရာအရပ်သို့ အလွယ်တကူ မချဉ်းကပ်ဝံ့ကြပေ။
ခြုံငုံကြည့်ရလျှင် သူနေထိုင်ရာအရပ်မှာ ဘေးကင်းသည်ဟု ဆိုနိုင်သည်။ အဓိကမှာ သူသည် ကိုယ့်ကိုယ်ကိုယ် ငွေမရှိ၊ ပြားမရှိ တစ်လလျှင် ဝိညာဉ်ကျောက် အနည်းငယ်နှင့် မနည်းရုန်းကန်နေရသူအဖြစ် ဟန်ဆောင်နေထိုင်သဖြင့် မည်သည့်ကျင့်ကြံသူမှ သူ့ကို အာရုံမစိုက်ခြင်း ဖြစ်သည်။
“ဟွေ့နန်.... ဒီလူငယ်ကို ဘာလို့ သွားသတိပေးနေတာလဲ၊ နေ့ခင်းကြောင်တောင် စမ်းချောင်းထဲမှာ ရေစိမ်ပြီး ရွှံ့ရုပ်ထုနေတာကြည့်ရတာ တာဟဲဈေးမြို့တော်ကို အခုမှ ရောက်ဖူးတဲ့ အသစ်ကလေး ဖြစ်မှာပေါ့၊ လာ….အိမ်ပြန်ကြစို့”
စကားပြန် မကြားရသဖြင့် အပြင်မှလူများက တစ်ခွန်းနှစ်ခွန်း ထပ်မံ ရေရွတ်ကာ ထွက်ခွာသွားကြတော့သည်။ လော့ချန်သည် သူတို့ ထွက်သွားသည်ကို ကြားမှ သက်ပြင်းချနိုင်တော့သည်။
သားရဲများထက် ကျင့်ကြံသူ လူသားများကို သူ ပိုကြောက်သည်။
သို့သော် ဟွေ့နန်ဆိုသည့် အမျိုးသမီး ပြောသွားသည်မှာလည်း မှန်ကန်လှသည်။ အကယ်၍ လပြည့်ညတောင်တန်းတွင် တစ်ခုခု ဖြစ်နေသည်ဆိုလျှင် ဤအနောက်တောင်ဘက် အရပ်သည် အနီးဆုံးဖြစ်၍ အမှန်တကယ်ပင် အန္တရာယ်ရှိနိုင်သည်။
“ငါ့ရဲ့ စိတ်အခြေအနေကတော့ အခု တည်ငြိမ်သွားပြီ၊ အရမ်းလည်း မတင်းကျပ်သလို အရမ်းလည်း မလျော့ရဲတော့ဘူး၊ မနက်ဖြန်တော့ တရားဝင် ဆေးစဖော်စပ်တော့မယ်၊ ဒီတစ်ခါတော့ အသေအချာ အောင်မြင်ရမယ်"
….
တစ်ရက်နှင့် တစ်ည အပြည့်အဝ အနားယူပြီးနောက် လော့ချန်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်မှာ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အရုဏ်တက်ချိန်တွင် နွေဦးကျင့်စဉ်ကို လေ့ကျင့်ပြီးနောက် လော့ချန်သည် ဖုန်တက်နေသော မီးဖိုချောင် ခါးစည်းကို ဝတ်ကာ ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်။
ထိုနေရာတွင် မုတ်ဆိတ်ရှည်နှင့် သစ်သားဓားကို ကိုင်ထားသော ကွမ်းယွီ နတ်ဘုရား ရွှံ့ရုပ်လေးမှာ မျက်ခုံးပင့်ပင့်၊ မျက်လုံးအိမ် ကျဉ်းကျဉ်းနှင့် ခန့်ညားစွာ ရှိနေသည်။
“ကွမ်းယွီအရှင်မြတ်၊ ကျွန်တော့်ကို အောင်မြင်အောင် မစတော်မူပါ"
လော့ချန်သည် တည်ငြိမ်စွာဖြင့် အိုးကိုဆေး၊ ရေထည့်၊ မီးမွှေးကာ ဆေးဖော်စပ်ခြင်းကို စတင်လိုက်သည်။
မီးလုံးအတတ်ဖြင့် မီးရှိန်မြှင့်၍ ဆေးမြစ်များကို တစ်ခုပြီးတစ်ခု အချိန်ကိုက် ထည့်သွင်းသည်။ ၆ နာရီခန့် ဆူပွက်အောင် ချက်ပြီးနောက် ယင် နှင့် ယန်ကို မျှခြေဖြစ်စေရန် ဂုံးခြောက်ကို နောက်ဆုံးမှ ထည့်လိုက်သည်။ မီးအရှိန်ကိုလည်း အတက်အကျ စနစ်တကျ ထိန်းညှိရင်း နောက်ထပ် ၄ နာရီအကြာတွင် အိုးဖုံးကို ဖွင့်လိုက်တော့သည်။
အိုးထဲတွင် အနီရောင်ဖျော့ဖျော့ ဆေးအနှစ်များ ရှိနေသည်။ သစ်သားဇွန်းနှင့် ထိုးကြည့်လိုက်ရာ ဂျယ်လီကဲ့သို့ တုန်တုန်ယင်ယင် ရှိနေသည်။
“ဒါက တော်တော်လေး တုန်တုန်ယင်ယင် ရှိလှချေလား၊ ဒါပေမဲ့ ကျရှုံးနေတုန်းပဲ”
ဆေးညွှန်းအရဆိုလျှင် ဆေးလုံးသည် နီရဲတောက်နေမှသာ အံ့ဖွယ်တစ်သောင်း ဆေးလုံးသည် အစွမ်းအထက်ဆုံး ဖြစ်မည်။
လော့ချန် ကျရှုံးခဲ့သော်လည်း စိတ်မပျက်ပေ။ ဤတစ်ခေါက်မှာ အောင်မြင်မှုနှင့် အလွန်နီးစပ်နေပြီ ဖြစ်သည်။
ကျင့်ကြံသူများအဖို့ ဆေးအဆိပ်သင့်မည်ကို မကြောက်လျှင် ဤတစ်အိုးလုံးကို စားလိုက်ပါက အကျိုးသက်ရောက်မှု အနည်းငယ် ရှိနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးမှာလည်း ပြင်းထန်ပေလိမ့်မည်။
ထို့ကြောင့် လော့ချန်သည် ထိုအရာကို ရောင်းရန် မစဉ်းစားပေ။ ထိုသို့လုပ်ပါက သူ အသေအလဲ အရိုက်ခံရပေလိမ့်မည်။
သူသည် ဆေးစွမ်းကွာခြားမှုကို သိရန် အနည်းငယ် မြည်းစမ်းကြည့်ပြီး လုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ကာ၊ ကျန်ရှိသောအနှစ်များကို စမ်းချောင်းတစ်ဖက်သို့ သွားရောက် စွန့်ပစ်လိုက်သည်။
ထိုညတွင်လည်း ထုံးစံအတိုင်း ကျင့်ကြံကာ အိပ်စက်လိုက်သည်။ နောက်တစ်နေ့တွင် ကွမ်းယွီအရှင်မြတ်ကို ဝတ်ပြုပြီး ထပ်ဖော်စပ်သည်။ ကျရှုံးပြန်သည်။
တတိယမြောက်နေ့တွင် ထပ်မံ ဝတ်ပြုပြီး ဖော်စပ်လိုက်ရာ.…။
“အောင်မြင်သွားပြီ….”
“တကယ်ကြီး အောင်မြင်သွားပြီ”
လော့ချန် ပျော်ရွှင်စွာ အော်ဟစ်မိသည်။ အိုးထဲရှိ ရဲရဲတောက်နေသော ဂျယ်လီတုံးကြီးကို ကြည့်ရင်း သူ မျက်ရည်များပင် ဝဲလာခဲ့သည်။
“ကုန်ကြမ်း ၈ ကြိမ်စာ ဆုံးရှုံးခဲ့တယ်၊ ဒါဟာ ဝိညာဉ်ကျောက် ၄၀ လောက်ရှိတယ်၊ မှော်အာဟာရဆေးလုံး ဖော်စပ်ရင် ရမယ့်ငွေတွေကိုပါ တွက်ရင် ငါ့မှာ ရှိသမျှ အကုန် ကုန်လုနီးပါး ဖြစ်သွားတာပဲ”
လော့ချန်သည် ဆေးအနှစ်များအား အပူဒဏ်ကို ဂရုမစိုက်ဘဲ ဆွဲထုတ်ကာ ဝါးဓားဖြင့် အတုံးငယ်များ တုံး၍ အလုံးလေးများ လုံးလိုက်သည်။
တစ်ညအခြောက်ခံပြီးနောက် ထိုအလုံးလေးများသည် ဆီးသီးအရွယ်ခန့် ဖြစ်သွားတော့သည်။
နောက်တစ်နေ့ မနက်တွင် လော့ချန်သည် စိတ်လှုပ်ရှားစွာဖြင့် ဆေးဖော်ခုံဆီသို့ သွားကြည့်လိုက်ရာ ဆေးလုံး ၁၀ လုံးသည် အစိုဓာတ်ခန်းခြောက်၍ အနှစ်သာရများသာ ကျန်ရှိတော့သည်။ ဤဆေးတစ်လုံးသည်ပင် အမျိုးသားတစ်ဦးကို မခံမရပ်နိုင်အောင် စွမ်းအင်တိုးစေပေလိမ့်မည်။
သူသည် ဆေးလုံးနီနီလေးများကို ကျောက်စိမ်းပုလင်းထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီး ကွမ်းယွီအရှင်မြတ်ကို ထပ်မံ ဦးချလိုက်သည်။
“ကွမ်းယွီအရှင်မြတ်၊ ခင်ဗျား တကယ် အစွမ်းထက်တာပဲ၊ ကျွန်တော် ကြီးပွားလာတဲ့အခါ ခင်ဗျားအတွက် ရွှေရောင်ရုပ်တုကြီးနဲ့ ဘုရားကျောင်း ဆောက်ပေးပါ့မယ်"
ဝတ်ပြုပြီးနောက် လော့ချန်သည် ခါးစည်းကို ပြန်ဝတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ထင်တဲ့အတိုင်းပဲ၊ ငါက မွေးရာပါ ဆေးဖော် ပါရမီရှင်ပဲ….”
“တစ်နေ့ကျရင် ငါ နာမည်ကြီးလာမှာ အသေအချာပဲ၊ အရှေ့ပိုင်းလွင်ပြင်ရဲ့ ဆေးနတ်ဘုရားလို့ နာမည်ပေးထားရမယ်၊ ဗဟိုပြည်နယ်က ဆေးနတ်မင်းကြီး လိုမျိုးပေါ့"
ကိုယ့်ကိုယ်ကိုယ် အားပေးပြီးနောက် လော့ချန်သည် ထပ်မံ အလုပ်ရှုပ်သွားပြန်သည်။
မီးဖိုချောင်ထဲတွင် အပူရှိန်နှင့်အတူ ပျော်ရွှင်စရာ အငွေ့အသက်များ လွှမ်းခြုံနေသော်လည်း၊ နေရောင်ခြည် ဖြာကျလာချိန်တွင် သူ့မျက်နှာမှာ အမူအရာ ကင်းမဲ့သွားသည်။
“ဟဲဟဲ…. အတော်ဆုံးသူတွေတောင် မှားတတ်တာပဲ၊ ဆေးနတ်မင်းကြီးတောင် ငယ်ငယ်က အဆင့် (၁) ဆေးလုံးဖော်စပ်ရင်း ဆေးအိုး ပေါက်ကွဲဖူးမှာပေါ့၊ နောက်တစ်ခါကျရင်တော့ သေချာပေါက် ရရမယ်"
သူကသာ လျှောချပြောနေသော်လည်း ကုန်ကြမ်းတစ်ခါသုံးလျှင် ဝိညာဉ်ကျောက် ၅ တုံး ကုန်သဖြင့် သူ အလွန် နှမြောလှသည်။
“မဖြစ်ဘူး၊ ဒီဆေးတစ်ပုလင်းကို ငါ ဈေးကြီးကြီးနဲ့ ရောင်းမှ ဖြစ်မယ်၊ မဟုတ်ရင် အရင်းတောင် ပြန်ရမှာ မဟုတ်ဘူး"
….
အရုဏ်တက်ချိန်တွင် ဖြစ်သည်.…။
တစ်ကိုယ်တော်ကျင့်ကြံသူများ နေထိုင်ရာ ရပ်ကွက်ထဲတွင် လူငယ်တစ်ဦးသည် လေကဲ့သို့ မြန်ဆန်စွာ ပြေးလွှားနေသည်။ မိုးသားမြူနှင်းများ အုပ်ဆိုင်းနေသည့်ကြားတွင် တာဟဲဈေးမြို့တော်ကြီးသည် အမှောင်ထုထဲ၌ ပါးစပ်အဟောင်းသား ဖြစ်နေသော သားရဲကြီးတစ်ကောင်အလား တည်ရှိနေတော့သည်။
မနက်စောစော အိမ်သုံးအိုးစွန့်ပစ်နေသည့် အမျိုးသမီး ကျင့်ကြံသူတစ်ဦးက သူ့ကိုကြည့်ကာ ရယ်မော၍ လှမ်းအော်လိုက်သည်။
“ဟေ့ကောင်လေး၊ အဲ့လောက်မြန်မြန် ပြေးနေတာ၊ မင်းနောက်က ခွေးလိုက်နေလို့လား"
လော့ချန်သည် အမှန်တကယ်ပင် မြန်လှသည်။ ရက်အနည်းငယ်အတွင်း လေလွင့်ခြေလှမ်းကို တတ်မြောက်အဆင့်သို့ မြှင့်တင်နိုင်ခဲ့သဖြင့် သူ၏ အရှိန်မှာ နှစ်ဆ တိုးလာခြင်း ဖြစ်သည်။ ယခင်က မီတာတစ်ရာကို ကိုးစက္ကန့်ခန့် ပြေးရသော်လည်း၊ ယခုမူ ခြေလှမ်းအနည်းငယ်ဖြင့်ပင် မီတာတစ်ရာကို ကျော်ဖြတ်နိုင်သည်။
ယခင်က မြို့တံခါးအထိ သွားလျှင် တစ်နာရီခွဲ ကြာသော်လည်း ယခု မိနစ် ၂၀ သာ ကြာတော့သည်။
လော့ချန်သည် လေခွင်းအတတ်ကို မကြုံဖူးသေးသော်လည်း လေလွင့်ခြေလှမ်းသည် မဆိုးလှဟု ခံစားရသည်။ ၎င်းမှာ တတ်မြောက်အဆင့်သာ ရှိသေးသဖြင့် ရှေ့တွင် ကျွမ်းကျင်၊ ပြီးပြည့်စုံ၊ နှင့် ပါရမီရှင်အဆင့်များ ကျန်ရှိနေသေးသည်။
မြို့ပြင်ရှိ ဈေးတန်းသို့ ရောက်သောအခါ အဘိုးကြီး ချန်ရှို့ဖိန် မရောက်သေးချေ။ လော့ချန်သည် သူ၏ ဆေးများကို ချက်ချင်း မထုတ်သေးဘဲ ဈေးတန်းထဲတွင် လှည့်ပတ်ကြည့်ရှုနေသည်။
“အစ်ကိုဝမ်၊ ဒီနေ့ စောလှချည်လား"
ဝမ်ယွမ်သည် လော့ချန်အား တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဘာစကားမှ ပြန်မဆိုဘဲ နေလိုက်သည်။
လော့ချန်ကမူ ဂရုမစိုက်ဟန်ဖြင့် ဝမ်ယွမ်၏ ဆိုင်ရှိ စာအုပ်စင်မှ စာအုပ်များကို ဟိုဒီလှန်လှောကြည့်နေလေသည်။
ဝမ်ယွမ်က လှမ်းဟန့်လိုက်သည်။
“ချီသန့်စင်အဆင့်အတွက် အရေးကြီး မှော်အတတ် ၅ မျိုး၊ အဲဒါကို မထိနဲ့၊ အလကားကြည့်လို့မရဘူး ငွေပေးရမှာ”
“ဘယ်လောက်လဲဗျ”
“အလတ်စား ဝိညာဉ်ကျောက် ၂ တုံး”
“ဟာ.... ဓားပြတိုက်နေတာလား"
“ငါလည်း ဒါကို ရဖို့ တစ်ယောက်ယောက်ကို ဓားပြတိုက်ခဲ့ရတာပဲ"
“အာ.... ကျွန်တော် ဘာမှ မပြောတော့ဘူးဗျာ”
ဝမ်ယွမ်သည် ချီသန့်စင်အဆင့် ၇ ရှိပြီး မြို့ပြင်တွင် လုယက်သတ်ဖြတ်တတ်သူ တစ်ဦးအဖြစ် နာမည်ကြီးသည်။
လော့ချန်အနေနှင့် သူ၏ အရှိန်အဝါကို မယှဉ်ဝံ့သကဲ့သို့ ဝမ်ယွမ်ကလည်း လော့ချန်ကို လမ်းဘေးမှ နိမ့်ပါးသော ကျင့်ကြံသူတစ်ဦးအဖြစ်သာ အထင်သေးစွာ သတ်မှတ်ထားသည်။
သို့သော် ဝမ်ယွမ် ကျင့်ကြံမှုအခြေအနေ ပျက်ယွင်းပြီး ဒုက္ခရောက်စဉ်က လော့ချန်က မှော်အာဟာရဆေးလုံး အကြွေးပေး၍ ကူညီဖူးသည့် ကျေးဇူးရှိခဲ့သဖြင့် သူတို့အကြား ဆက်ဆံရေးမှာ အတော်အတန် ပြေလည်နေခြင်း ဖြစ်သည်။
“ဒါကိုလည်း မကိုင်နဲ့၊ အထဲမှာ အောက်လမ်းနည်းတွေ ပါတယ်၊ ဟေး မင်းလက်က အရမ်းယားနေတာပဲ၊ သတိထားဦး၊ မြို့ပြင်ရောက်တာနဲ့ ငါ မင်းကို ဓားပြတိုက်ပစ်မယ်၊ ဒီမှာ....ဒါကိုပဲဖတ်၊ ဝယ်ချင်ရင်တော့ ငါ တစ်ဝက် လျှော့ပေးမယ်၊ ဝိညာဉ်ကျောက် ၅ တုံးပဲ ပေး”
လော့ချန်သည် နယ်မြေခြောက်ခု၏ မြင်ကွင်းများ ဆိုသည့် စာအုပ်ကို နှစ်နာရီခန့် အလကား ထိုင်ဖတ်လိုက်သည်။ ဈေးသည်လာမှ စာအုပ်ကို ပြန်ချလိုက်ပြီး ပြောလိုက်သည်။
“အစ်ကိုဝမ်…. ကျွန်တော် သွားတော့မယ်၊ ဒီမှာ စားဖို့အတွက် မာလာအမဲသားခြောက် ထုပ်ပေးခဲ့တယ်နော်”
ဝမ်ယွမ်က “သွားတော့" ဟု မောင်းထုတ်သော်လည်း အမဲသားခြောက်ထုပ်ကို ကြည့်ကာ တံတွေး မြိုချလိုက်မိသည်။
လော့ချန် သူ၏ ဆိုင်နေရာသို့ ပြန်ရောက်သောအခါ အဘိုးချန်မှာ မှော်စာရွက်များ ရောင်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။
လော့ချန်က အဘိုးချန်ကို လှမ်းမေးလိုက်သည်။
“ဦးလေးချန်၊ တိမ်လွှာကြားက ကြိုးကြာဖြူ အကြောင်းကို ဦးလေး သိသလားဗျ”