← Chapters

မိတ်ဆွေ…. အံ့ဖွယ်တစ်သောင်းဆေးလုံးအကြောင်း စိတ်ဝင်စားပါသလား

Vol. 1 Ch. 9

မိတ်ဆွေ…. အံ့ဖွယ်တစ်သောင်းဆေးလုံးအကြောင်း စိတ်ဝင်စားပါသလား

Vol. 1 Ch. 9

အဘိုးချန်သည် အမြဲ သူ၏မုတ်ဆိတ်ကို တသသပွတ်သပ်ရင်း "တစ်ခုခုလိုအပ်ရင် ငါ့ကို ဦးလေးချန်လို့ခေါ်၊ မဟုတ်ရင်တော့ မိတ်ဆွေချန်လို့ပဲခေါ်" ဟု ပြောလေ့ရှိပြီး သူအနှစ်သက်ဆုံး အတင်းအဖျင်းသတင်းများကို ပျော်ပျော်ပါးပါး မျှဝေတတ်သည်။

ဤသည်မှာ သူ၏အကျင့်တစ်ခုပင်။

ဖော်ရွေပျူငှာပုံရသော်လည်း သူသည် နာမည်ကျော်စေးနှဲသူဖြစ်ပြီး အမြဲ အမြတ်ထုတ်ရန်သာ ကြည့်တတ်သူဖြစ်သည်။

ချီသန့်စင်အဆင့် (၃) သာရှိသေးသော လော့ချန်ပင်လျှင် ဆိုင်ခန်းခကို သူနှင့်တစ်ဝက်စီ ခွဲပေးနေရသည်။

သူ အလကားပေးဝေရန် ဝန်မလေးသည့် တစ်ခုတည်းသောအရာမှာ သူ၏ နှစ်ပေါင်း ၆၀ ကျော် အတွေ့အကြုံများသာ ဖြစ်သည်။

"တိမ်လွှာကြားက ကြိုးကြာဖြူလား၊ မင်းပြောတာ စီရင်စုသခင် တိမ်လွှာကြိုးကြာကို ပြောတာမလား၊ သူများတွေကို မေးရင် သိမှာမဟုတ်ပေမဲ့ ငါကတော့ အနည်းအကျဉ်း သိထားတာရှိတယ်"

"အရှေ့ပိုင်းလွင်ပြင်မှာ စီရင်စုနယ် ၃၆ ခုရှိပြီး ငါတို့နယ်ကတော့ ဝမ်တောင်တန်းကြီး နဲ့နီးတဲ့ အရှေ့ဘက်အစွန်ဆုံးမှာရှိတယ်၊ ဒါကြောင့် ဒီနားက နယ်မြေခြောက်ခုကို အရှေ့ဖျားနယ်မြေ ခြောက်ခုလို့ စုပေါင်းခေါ်ကြတာပေါ့"

"စီရင်စုနယ်တိုင်းမှာ ဂိုဏ်းပေါင်းများစွာရှိပေမဲ့ ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်ဖူးတဲ့ ဂိုဏ်းကြီးတွေပဲ နယ်မြေရဲ့အမည်ကို ကိုယ်စားပြုပိုင်ခွင့်ရှိတယ်"

"စီရင်စုသခင် တိမ်လွှာကြိုးကြာက ပိုးပန်းပင်စီရင်စုကဖြစ်ပြီး သူ့ရဲ့ ပိုးပန်းပင်ဂိုဏ်းက အဲဒီနယ်မှာ အင်အားအကြီးဆုံးပဲ"

လော့ချန်သည် စိတ်ဝင်တစား နားထောင်နေမိသည်။ တာဟဲဈေးမြို့တော်၏ အပြင်ဘက်ကမ္ဘာအကြောင်းကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

သူ ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။

"ဒါဆိုရင် ကျွန်တော်တို့နယ်ကို ကျောက်စိမ်းအိုးစီရင်စုလို့ ခေါ်ရမှာပေါ့"

"မှန်တာပေါ့၊ ဒီမှာ အင်အားအကြီးဆုံးဂိုဏ်းက ကျောက်စိမ်းအိုးဓားဂိုဏ်း ဖြစ်လို့ ကျောက်စိမ်းအိုးစီရင်စုလို့ ခေါ်တာ"

အဘိုးချန်က ပြန်ဖြေပြီး ဆက်ပြောသည်။

"ကျောက်စိမ်းအိုးဓားဂိုဏ်းက တိုက်ခိုက်ရေးစွမ်းရည်မှာ နာမည်ကြီးတယ်၊ ဝမ်တောင်တန်းကြီးနဲ့ အနီးဆုံးမှာရှိလို့ တောင်တန်းနားက ဈေးမြို့တော်အတော်များများကို ထိန်းချုပ်ထားတယ်၊ ငါတို့ တာဟဲဈေးမြို့တော်က အဲဒီထဲက တစ်ခုပေါ့"

ပြောရင်းနှင့် တစ်ခုခုလွဲနေသလို ခံစားရသဖြင့် သူ၏ မုတ်ဆိတ်ကို ဖွကာ စိုက်ကြည့်လိုက်သည်။

"စကားဖြတ်မပြောနဲ့ဦး၊ ငါက စီရင်စုသခင် တိမ်လွှာကြိုးကြာအကြောင်း ပြောနေတာ"

"ပိုးပန်းပင်ဂိုဏ်းက ယင်ယန်စုံတွဲကျင့်စဉ်တွေမှာ နာမည်ကြီးပြီး နယ်မြေခြောက်ခုလုံးမှာ သူတို့ရဲ့ လုပ်ငန်းတွေ ပျံ့နှံ့နေတယ်၊ ဥပမာ ဒီက ထျန်းရှန်းမျှော်စင် ဆိုတာ သူတို့ရဲ့ သိပ်အရေးမပါတဲ့ လုပ်ငန်းခွဲလေး တစ်ခုပဲ"

နေ့စဉ် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ဝင်နေသည့် ဤမျှကြီးမားသော ထျန်းရှန်းမျှော်စင်သည်ပင် သူတို့အတွက် လုပ်ငန်းခွဲလေးတစ်ခု ဆိုပါလား....။

ဤအချက်ကို ကြားလိုက်ရသည်နှင့် လော့ချန်တစ်ယောက် စိတ်ဝင်စားမှုတို့ တဖွားဖွား မြင့်တက်လာတော့သည်။

"လူတွေကတော့ ပိုးပန်းပင်ဂိုဏ်းဟာ လောကီအာရုံတွေနောက် လိုက်နေပြီး ကျင့်ကြံခြင်းလမ်းမှန်ကနေ သွေဖည်နေတယ်၊ ကျင့်ကြံသူတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ တုန်းက ထူးခြားတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်"

လော့ချန်က လက်ဖျောက်တီးလိုက်သည်။

"စီရင်စုသခင် တိမ်လွှာကြိုးကြာ မဟုတ်လား"

"ဟုတ်တယ်၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူကို စီရင်စုသခင် လို့ ခေါ်ရမယ်"

အဘိုးချန်က သူ့ကို ဟောက်လိုက်ပြီး ဆက်ပြောသည်။

"စီရင်စုသခင် တိမ်လွှာကြိုးကြာက ဂိုဏ်းရဲ့ အဓိကကျင့်စဉ်တွေကို အမြင့်ဆုံးအဆင့်ထိ ရောက်အောင် ကျင့်ခဲ့တာ၊ သူက ကျော့ရှင်းရုံတင်မကဘူး၊ တိုက်ခိုက်ရေးစွမ်းရည်ကလည်း အတုမရှိဘူး"

"ကျောက်စိမ်းအိုးစီရင်စုကို စတင်တည်ထောင်တုန်းက ကျောက်စိမ်းအိုးဓားဂိုဏ်းက ရှေ့တန်းက ဦးဆောင်ခဲ့ပေမဲ့ တခြားနယ်မြေငါးခုကလည်း ကျင့်ကြံသူတွေ အများကြီးစေလွှတ်ခဲ့တယ်၊ စီရင်စုသခင် တိမ်လွှာကြိုးကြာက အဲဒီထဲက တစ်ယောက်ပေါ့၊ အဲဒီတုန်းက သူက ရွှေအမြုတေအဆင့် အစောပိုင်းပဲ ရှိသေးပေမဲ့ အဲဒီတိုက်ပွဲမှာ အဆင့် (၄) ဝိညာဉ်သားရဲတစ်ကောင်ကို ဖမ်းဆီးနိုင်ခဲ့တယ်၊ အဆင့် (၄) ဝိညာဉ်သားရဲဆိုတာ ဘာလဲ သိလား"

လော့ချန်၏ မျက်လုံးများမှာ ပြူးထွက်သွားသည်။ ထို့နောက် သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး တံတွေးကို ဂလုကနဲ မြိုချလိုက်သည်။

နောက်ဆုံးတွင် သူသည် သူထုတ်လိုက်သော လေကြောင့်ပင် အနားရှိကျင့်ကြံသူများ၏ ကျင့်စဉ်အဆင့် လျော့ကျသွားမည်ဟု ထင်ရလောက်အောင် သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်သည်။

"အဆင့် (၄) ဝိညာဉ်သားရဲဆိုတာ ဝိညာဉ်သန္ဓေတည် အဆင့် ကျင့်ကြံသူတစ်ဦးနဲ့ တန်းတူပဲ မဟုတ်လား"

အဘိုးချန်သည် လော့ချန်၏ ထိတ်လန့်တုန်လှုပ်သွားသော တုံ့ပြန်မှုကို အတော်လေး ကျေနပ်ပုံရသည်။ သူသည် အဆင့် (၄) သားရဲကို ကိုယ်တိုင်ဖမ်းဆီးခဲ့သည့်အလား သူ၏မုတ်ဆိတ်ကို ဂုဏ်ယူစွာ သပ်ကာ ပြောလိုက်သည်။

"မှန်တယ်၊ မင်းမှာ အသိအမြင်ရှိသားပဲ၊ အဆင့် (၄) သားရဲကို သားရဲဘုရင် လို့လည်း ခေါ်တယ်၊ တိုက်ခိုက်ရေးစွမ်းအားက တူညီတဲ့အဆင့်ရှိတဲ့ ဝိညာဉ်သန္ဓေတည်အဆင့် လူသားကျင့်ကြံသူထက်တောင် ပိုသာသေးတယ်"

လော့ချန်က နားမလည်စွာ မေးလိုက်သည်။

"အဆင့်နိမ့်တဲ့သူက အဆင့်မြင့်တဲ့သူကို အနိုင်ယူဖို့ဆိုတာ အရမ်းခက်ခဲတယ် မဟုတ်လား၊ စီရင်စုသခင် တိမ်လွှာကြိုးကြာက ရွှေအမြုတေအဆင့် အစောပိုင်းနဲ့တင် ဘယ်လိုများ ဒီလောက်ကြီးကျယ်တဲ့ အောင်မြင်မှု ရခဲ့တာလဲ…."

"အဲဒီအကြောင်းရင်းကိုတော့ ငါတို့လို အဆင့်နိမ့်သူတွေ မသိနိုင်ပါဘူး၊ အချို့ကလည်း သားရဲဘုရင်က ကောင်းကင်ကပ်ဘေး ကြောင့် အားနည်းနေချိန်မှာ အခွင့်ကောင်းယူတာလို့ ပြောကြတယ်၊ အချို့ကလည်း ပိုးပန်းပင်ဂိုဏ်းက ကျင့်ကြံသူကြီးတစ်ဦး ကူညီပေးတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အဲဒီတိုက်ပွဲပြီးနောက် သူက သားရဲဘုရင်ကို စစ်နိုင်လက်ဆောင်အဖြစ် ရရှိခဲ့ပြီး စီရင်စုသခင် တိမ်လွှာကြိုးကြာ အဖြစ် နာမည်ကျော်သွားတော့တာပဲ"

ဤနေရာတွင် အဘိုးချန်က အတွင်းမြို့လယ်မှ ပန်းရောင်ခြယ် အဆောက်အအုံကြီးဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။

"အရှေ့ဖျား နယ်မြေခြောက်ခုလုံးမှာ လုပ်ငန်းတွေ ပျံ့နှံ့နေတယ်၊ ချမ်းသာကြွယ်ဝလှတဲ့ ဆေးဘုရင်ဂိုဏ်း တောင် နယ်မြေလေးခုမှာပဲ ဆိုင်ဖွင့်နိုင်သေးတာ၊ ပိုးပန်းပင်ဂိုဏ်းကပဲ နယ်မြေခြောက်ခုလုံးမှာ လုပ်ငန်းချဲ့ထွင်နိုင်ပြီး ငါတို့ရဲ့ အစွန်အဖျား တာဟဲဈေးမြို့တော်မှာတောင် ညတိုင်း ဖျော်ဖြေပွဲတွေရှိတဲ့ ထျန်းရှန်းမျှော်စင် ရှိနေတာဟာ စီရင်စုသခင် တိမ်လွှာကြိုးကြာရဲ့ သြဇာအာဏာကို ပြသနေတာပဲ"

ဝိညာဉ်သန္ဓေတည်အဆင့်အောက်မှာ အင်အားအကြီးဆုံး ကျင့်ကြံသူ၊ နာမည်လည်း အလန်း၊ ဇာတ်လမ်းလည်း အလန်းပဲ….။

လော့ချန်သည် ခပ်ဝေးဝေးရှိ ဝမ်ယွမ်၏ ဆိုင်ကို တစ်ချက် ကျေးဇူးတင်စွာ လှမ်းကြည့်လိုက်ပြီး တွေးမိလိုက်သည်။

နယ်မြေခြောက်ခု၏ မြင်ကွင်းများ စာအုပ်ကို ဖတ်ရတာ တကယ်တန်တယ်၊ ငါ ငွေရရင် အဲဒါကို ဝယ်ပြီး သေသေချာချာ လေ့လာရမယ်.…။

"ကဲ…. ကဲ.... လော့လေး၊ ငါ စကားပြောရတာ လည်ချောင်းတွေ ခြောက်နေပြီ၊ အမဲသားခြောက်လေး တစ်ဖဲ့လောက်နဲ့ ငါ့အမောကို မဖြေပေးချင်ဘူးလား"

လော့ချန်က သူ့အား လျစ်လျူရှုကာ ဆေးလုံးများကို စီထုတ်လိုက်သည်။

"ဦးလေးချန်၊ ကျင့်ကြံဖို့အတွက် အရင်းအနှီးရှာရမယ့် အချိန်ရောက်ပြီ၊ တစ်နေ့ကျရင် ခင်ဗျားနဲ့ ကျွန်တော်လည်း စီရင်စုသခင်တွေ ဖြစ်လာနိုင်တာပဲ"

အဘိုးချန် မျက်လုံးပြူးသွားပြီး သူ၏ မုတ်ဆိတ်ဖြူကြီးမှာ တဆတ်ဆတ် တုန်ခါသွားသည်။

လော့ချန်က သူ၏ အရပ်အမောင်းကို အသုံးချကာ အဘိုးချန်၏ ပခုံးကို ပုတ်လိုက်ပြီး ဆက်ပြောသည်။

"ကျွန်တော် မျှော်လင့်တာကတော့ နောင်တစ်ချိန် ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေအနေနဲ့ ပြန်ဆုံတဲ့အခါ တစ်ယောက်ကိုတစ်ယောက် မိတ်ဆွေလို့ ခေါ်ရတာ ခါးသက်မနေဖို့ပါပဲ"

အဘိုးချန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

"သွားစမ်း၊ ငါ အသက် ၆၅ ရှိပြီ၊ ဘာရွှေအမြုတေအိမ်မက်လဲ၊ သွားသေလိုက်လေ"

ပြီးနောက် သူသည် စိတ်ကို ပြန်ထိန်းရန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူသာ ဒေါသထွက်နေလျှင် သူကျန်းမာရေးချို့တဲ့သည့်အခါ သူ့နေရာတွင် အစားထိုးရန် မည်သူမှ ရှိမည်မဟုတ်ပေ။

သူ၏အကြည့်မှာ လော့ချန်၏ ဆိုင်ပေါ်သို့ ကျရောက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

“၂၁ ပုလင်း၊ အကုန် မှော်အာဟာရဆေးလုံးတွေပဲလား ဒါမှမဟုတ် ဆေးအသစ် တကယ်ဖော်စပ်နိုင်ပြီလား"

လော့ချန်က စိတ်ပျက်ပုံဖမ်းကာ သက်ပြင်းချလိုက်ပြီး ဆိုသည်။

"ကျွန်တော့်မှာ ပါရမီမရှိတော့ ရှိသမျှ စုဆောင်းငွေတွေ အကုန်သုံးပြီး ဒါလေးပဲ မနည်းဖော်စပ်ခဲ့ရတယ်၊ ဦးလေးချန် ကျွန်တော့်ကို မလှောင်ပါနဲ့ဗျာ"

အဘိုးချန် တံတွေးကို ဂလုကနဲ မြိုချလိုက်သည်။

"မင်း ဟို ဒုတိယအဆင့် ဆေးနည်းပြတ်ကို တကယ်ပဲ ဖော်စပ်နိုင်သွားတာတော့ မဟုတ်ပါဘူးနော်"

"ဟူး.... ကျွန်တော်က ဒုတိယအဆင့် ဆေးလုံးဖော်စပ်ဖို့ အရည်အချင်း မရှိပါဘူး"

"အေးပါ၊ မင်းက...."

"ဒါကြောင့် အဲဒါကို အခြေခံပြီး ပထမအဆင့် ဆေးလုံးအဖြစ် ပြောင်းလဲဖော်စပ်လိုက်တာ"

"ဒါဆို ပထမအဆင့် ကျောက်စိမ်းနှင်းစက်ဆေးလုံး ပေါ့.…"

အဘိုးချန် မျက်လုံးပြူးသွားသည်။ ဤအဘိုးကြီး၏ အမူအရာများမှာ အတော်လေး သိသာလှသည်။ တံတွေးမြိုချခြင်း၊ မျက်လုံးပြူးခြင်း၊ နောက်ထပ် ဘာလာဦးမည်နည်း….။

လော့ချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။

"ဒါဟာ ကျောက်စိမ်းနှင်းစက်ဆေးလုံးရဲ့ ဆေးနည်းပြတ် မဟုတ်ပါဘူး၊ ဒါဟာ တကယ်တော့ ပိုးပန်းပင်ဂိုဏ်းက စီရင်စုသခင် တိမ်လွှာကြိုးကြာရဲ့ လျှို့ဝှက်ဆေးနည်း အံ့ဖွယ်တစ်သောင်းဆေးလုံး ပဲ၊ ကျောက်စိမ်းအိုးစီရင်စုကို စတင်တည်ထောင်တဲ့ စစ်ပွဲတုန်းက တာဟဲဈေးမြို့တော်မှာ ကျန်ရစ်ခဲ့တာ၊ ဦးလေးချန် ဘယ်သူ့ကိုမှ လျှောက်မပြောမိစေနဲ့ဦး"

ရှူး….

လော့ချန် မျက်နှာကို လက်နှင့်ကာလိုက်သည်။ ကျောက်စိမ်းအိုးစီရင်စု၏ အပူချိန်မှာ ရုတ်တရက် မြင့်တက်သွားသည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

အမှန်စင်စစ် နေထွက်လာသောကြောင့် အပူချိန်တက်လာခြင်းသာ ဖြစ်သည်။

နေထွက်လာသည်နှင့်အမျှ ဈေးဝယ်သူများလည်း စည်ကားလာခဲ့သည်။

ကျင့်ကြံသူများစွာသည် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ဈေးတန်းသို့ လာရသည်ကို နှစ်သက်ကြသည်။ အကြောင်းမှာ လူတိုင်းသည် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းသော ပစ္စည်းများကို ရှာဖွေလိုကြခြင်း သို့မဟုတ် တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုခုကို စျေးတန်တန် ရလိုကြခြင်းကြောင့် ဖြစ်သည်။

အမြဲတမ်းလိုပင် အဘိုးချန်၏ ဆိုင်မှာ စတင်ရောင်းကောင်းနေပြီဖြစ်သည်။ သူသည် ဤနေရာတွင် ဆိုင်ဖွင့်လာသည်မှာ ကြာပြီဖြစ်ရာ ကပ်စေးနှဲသော်လည်း နာမည်ကောင်းရှိသည်။

သူ၏မှော်စာရွက်များမှာ အရည်အသွေးကောင်းလှသဖြင့် တချို့ကျင့်ကြံသူများမှာ ကိုယ်တိုင်မှော်စာရေးရန်အတွက်ပင် သူ့ထံမှ စာရွက်များ လာဝယ်ကြသည်။

အဘိုးချန်၏ ဆိုင် စတင်ရောင်းရပြီဆိုလျှင် လော့ချန်၏ ဆိုင်ဖွင့်ချိန် ရောက်ပြီဟု ဆိုနိုင်သည်။

"မှော်အာဟာရဆေးလုံးလား"

"အရောင်နဲ့ အနံ့က မဆိုးဘူး၊ ဝိညာဉ်စွမ်းအင်လည်း ပါတယ်၊ အရည်အသွေးမြင့်ပဲ၊ ဘယ်လောက်လဲ"

ဝယ်သူက ဆေး ၅ ပုလင်းကို ယူကာ အဆင့်နိမ့် ဝိညာဉ်ကျောက် တစ်တုံး ပေးလိုက်သည်။ မှော်အာဟာရဆေးလုံး ၅၀ ပါသဖြင့် ဆေးတစ်လုံးသည် ထမင်းတစ်နပ်စာအတွက် လုံလောက်ပြီး စနစ်တကျ သုံးစွဲလျှင် ရက်ပေါင်း ၅၀ ခန့် အစာမစားဘဲ နေနိုင်သည်။ သို့သော် ၎င်းမှာ အလွန်အမင်း အခြေအနေတွင်သာ ဖြစ်ပြီး၊ သာမန်အားဖြင့်မူ ရက်သတ္တပတ် နှစ်ပတ်ခန့် အစာမစားဘဲ ခံနိုင်ရည်ရှိစေသည်။

သို့သော် အရသာမှာ မကောင်းလှသလို ကျင့်ကြံသူများ၏ ကျင့်စဉ်အတွက်လည်း အကျိုးမရှိပေ။ အလွန်ဆင်းရဲနေလျှင် သို့မဟုတ် တောထဲသို့ ဆေးမြစ်ရှာထွက်လျှင်မှလွဲ၍ မည်သူမျှ ထမင်းအစားထိုးအဖြစ် မစားကြပေ။

မှော်အာဟာရဆေးလုံးများကို ဝယ်ယူပြီးနောက် ဗလတောင့်တောင့် ကျင့်ကြံသူမှာ ထွက်သွားရန် ပြင်ဆင်နေသော်လည်း၊ မထင်မှတ်ဘဲ လော့ချန်က သူ့ကို တားကာ ပြောလိုက်သည်။

"မိတ်ဆွေ…. အံ့ဖွယ်တစ်သောင်းဆေးလုံး အကြောင်း စိတ်ဝင်စားပါသလား"

All Chapters