← Chapters

ငါ ကျန်းဝမ် ဒီနေ့ တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို အလဲထိုးပစ်ဖို့ လာခဲ့တာ

Vol. 1 Ch. 10

ငါ ကျန်းဝမ် ဒီနေ့ တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို အလဲထိုးပစ်ဖို့ လာခဲ့တာ

Vol. 1 Ch. 10

ကျန်းဝမ်သည် ချီသန့်စင်အဆင့် (၉) ရှိသော ကျင့်ကြံသူဖြစ်ပြီး အတွင်းမြို့တွင် နှစ်ရှည်လများ အခြေချနေထိုင်သူ တစ်ဦးဖြစ်သည်။

တစ်ချိန်က သူသည် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် ကြီးစွာသော မျှော်လင့်ချက် ထားရှိခဲ့ဖူးသော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက တိုက်ပွဲတစ်ခုတွင် သူ၏ အခြေခံအုတ်မြစ် ဒဏ်ရာရ ပျက်စီးသွားခဲ့ရာ ထိုမျှော်လင့်ချက်မှာ ထာဝရ ပျောက်ကွယ်သွားခဲ့ရသည်။

အခြေခံအုတ်မြစ် ပျက်စီးသွားသော်လည်း သူ၏ တိုက်ခိုက်ရေးအတွေ့အကြုံနှင့် စွမ်းရည်မှာ ကျန်ရှိနေဆဲဖြစ်ပြီး လူလားမြောက်ဆဲ အရွယ်လည်း ဖြစ်နေသေးရာ စားဝတ်နေရေးအတွက် ငွေကြေး မရှားပါးလှချေ။

ဝိညာဉ်ကျောက် ကုန်သွားလျှင်ပင် ဝမ်တောင်တန်းကြီး ထဲသို့ တစ်ခေါက်ဝင်လိုက်ရုံပင်။ အတွင်းပိုင်းအထိ မချဉ်းကပ်ဘဲ အပြင်ဘက်ပိုင်းမှာပင် အဆင့် (၁) ဝိညာဉ်သားရဲအချို့ကို အမဲလိုက်နိုင်လျှင်ပင် ဝိညာဉ်ကျောက် အလုံအလောက် ရရှိနိုင်သည်။

ထိုငွေများကို သူ ဘာအတွက် သုံးသနည်း။

ထုံးစံအတိုင်း အစားအသောက်၊ သေရည်နှင့် မိန်းမလှလေးများ အတွက်ပင်။

မကြာသေးမီက လက်ထဲတွင် ငွေနည်းနည်း ပြတ်နေသဖြင့် တောထဲဝင်ရန် သူ စီစဉ်လိုက်သည်။

ထို့ကြောင့် လမ်းဘေးဆိုင်တန်းတွင် မှော်စာရွက်များ၊ ဆေးလုံးများနှင့် အသုံးဝင်သော မှော်လက်နက်အချို့ကို ဝယ်ယူရန် ရပ်နားလိုက်ခြင်းဖြစ်သည်။

တောထဲဝင်ရခြင်းမှာ အကျိုးအမြတ် များသလောက် အရှုံးလည်း ကြီးမားလှသည်ဟု ဆိုရမည်။

ဝိညာဉ်သားရဲများမှာ အသားထူ၊ အရေခွံမာလှသဖြင့် ၎င်းတို့နှင့် တိုက်ခိုက်ရာတွင် သူ၏ မှော်လက်နက်များကို အလွယ်တကူ ပျက်စီးစေနိုင်သည်။ ထျန်းရှန်းမျှော်စင်မှ မိန်းမလှလေးများကဲ့သို့ သူ၏ လက်နက်များကို တဖိတ်ဖိတ်တောက်အောင် အရောင်တင်ပေးမည့်သူမျိုး မဟုတ်ချေ။

သို့သော် ယနေ့ သူ၏ ကံဇာတာမှာ မဆိုးလှဟု ဆိုရမည်။ အဘိုးချန်နှင့် ဘေးရှိ လူငယ်လေးဆီမှ ချီဖုံးကွယ်မှော်စာရွက် နှင့် မှော်အာဟာရဆေးလုံး များကို ရလိုက်သည်။ ထိုဆေးလုံးများမှာ ဝိညာဉ်ဆေးနန်းဆောင်မှ ဆေးများထက်ပင် အရည်အသွေး ပိုကောင်းပုံရသဖြင့် သူ ၅ ပုလင်းတိတိ ဝယ်ယူလိုက်ကာ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူ ထွက်သွားရန် ပြင်စဉ် ထိုလူငယ်က လှမ်းခေါ်လိုက်သည်။

“မိတ်ဆွေ…. အံ့ဖွယ်တစ်သောင်းဆေးလုံး အကြောင်း စိတ်ဝင်စားပါသလား”

“အံ့ဖွယ်တစ်သောင်းဆေးလုံး.…အဲဒါက ဘာလဲ”

ကျန်းဝမ်က မေးလိုက်သည်။

လော့ချန်က လေသံကို လျှော့ကာ တည်ကြည်လေးနက်စွာဖြင့် ဆိုသည်။

“တာအို ဟူသည်မှာ နှုတ်ဖြင့် ဖွင့်ဟဖော်ပြ၍ ရနေပါက ထာဝရ တည်တံ့သော လမ်းစဉ် မဟုတ်တော့ပေ၊ အမည်နာမ ဟူသည်မှာလည်း မှည့်ခေါ်သမုတ်၍ ရနေပါက ထာဝရ အမည်နာမ မဟုတ်တော့ပေ၊ အမည်မဲ့ခြင်းသည် ကောင်းကင်နှင့် မြေကြီး၏ အစဦးဖြစ်၍၊ အမည်ရှိခြင်းသည် အရာခပ်သိမ်းတို့၏ သန္ဓေတည်ရာ မိခင်ပင် ဖြစ်သည်….”

ကျန်းဝမ်မှာ ကြောင်အသွားသည်။

“ဒါ ဘာကြီးလဲ၊ ဒီကောင် ငါ့ကို အာပေါင်အာရင်းသန်သန် နောက်နေတာလား” ဟု သူ တွေးလိုက်သည်။

လော့ချန်က အသက်ကို ဝဝရှူကာ နက်နဲသော တရားဓမ္မကို ဟောကြားနေသည့်နှယ် လေသံဖြင့် ဆက်ပြောပြန်သည်။

“ထို့ကြောင့် အလိုဆန္ဒ ကင်းငြိမ်းမှသာလျှင် အရာရာ၏ လျှို့ဝှက်ဆန်းကြယ်မှုကို မြင်နိုင်လိမ့်မည်၊ အလိုဆန္ဒ ရှိနေပါကမူ အရာရာ၏ အကန့်အသတ် အပေါ်ယံကိုသာ တွေ့နိုင်လိမ့်မည်၊ ဤ နှစ်ခုသည် အရင်းအမြစ် တစ်ခုတည်းမှ ဆင်းသက်လာသော်လည်း အမည်ကွဲပြားသည်၊ နှစ်ခုလုံးကိုပင် ဆန်းကြယ်မှုဟု ခေါ်ဆိုနိုင်ပြီး ထိုဆန်းကြယ်မှုတို့၏ အထွတ်အထိပ်သည်သာ အံ့ဖွယ်မှန်သမျှတို့၏ ဝင်ပေါက်တံခါးပင် ဖြစ်တော့သည်”

ပြောပြီးနောက် သူ ကျန်းဝမ်ကို စိုက်ကြည့်လိုက်သည်။

“မိတ်ဆွေ ဒီစကားတွေရဲ့ အဓိပ္ပာယ်ကို နားလည်ရဲ့လား”

ကျန်းဝမ်သည် ခဏမျှ တွေဝေသွားပြီးမှ ခေါင်းညိတ်လိုက်၊ ခါလိုက်လုပ်ရင်း ဖြေလိုက်သည်။

“နားတော့ မလည်ဘူး၊ ဒါပေမဲ့ ကြားရတာ တော်တော်တော့ လေးနက်ပုံရတယ်ဗျ”

လော့ချန်က မနေနိုင်ဘဲ လက်မထောင်ပြလိုက်သည်။

“ချီသန့်စင်အဆင့် ၉ ရှိတဲ့ ကျင့်ကြံသူကြီးပီသပါပေတယ်၊ တစ်ကြိမ်ကြားရုံနဲ့ ဒီစကားတွေရဲ့ နက်နဲမှုကို ခံစားမိတယ်ပေါ့”

ကျန်းဝမ် မျက်တောင်ခတ်လိုက်မိသည်။

“ဒါက အဲလိုလား”

ထို့နောက် သူ ဆက်မေးလိုက်သည်။

“ဒါနဲ့ မင်းပြောတဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံးနဲ့ ဒါတွေက ဘာဆိုင်လို့လဲ”

လော့ချန်က နှုတ်ခမ်းကိုသပ်ကာ အသံကို ထပ်နှိမ့်လိုက်သည်။

“မိတ်ဆွေ…. ပိုးပန်းပင်စီရင်စုက စီရင်စုသခင် တိမ်လွှာကြိုးကြာ အကြောင်းကို သိမှာပေါ့"

“သြော်.... ကျင့်ကြံသူကြီး တိမ်လွှာကြိုးကြာ ကို ပြောတာလား”

“မဟုတ်ဘူး၊ စီရင်စုသခင် တိမ်လွှာကြိုးကြာ လို့ပဲ ခေါ်ရအောင်"

“ဟင်”

“သူ့ ဘွဲ့က ပေါ့ပေါ့ဆဆ ခေါ်ဆိုရမှာ မဟုတ်သလို စော်ကားရာလည်း ရောက်နိုင်တယ်၊ ကျွန်တော်တို့အနေနဲ့ စီရင်စုသခင် တိမ်လွှာကြိုးကြာလို့ပဲ ခေါ်တာ ပိုသင့်တော်မယ်”

“နားလည်ပြီ၊ ဆက်ပြောဦး”

“ဒါဆို ခင်ဗျားသိတဲ့အတိုင်း စီရင်စုသခင် တိမ်လွှာကြိုးကြာဟာ ပိုးပန်းပင်ဂိုဏ်းရဲ့ အဓိကကျင့်စဉ်တွေကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံခဲ့ပြီး၊ ရွှေအမြုတေအဆင့် အစောပိုင်းနဲ့တင် အဆင့် (၄) သားရဲဘုရင်ကို နှိမ်နင်းနိုင်ခဲ့တာလေ"

ကျန်းဝမ်က ခေါင်းညိတ်သည်။

“ဒါကို ဘယ်သူမသိဘဲ နေမလဲ”

ထျန်းရှန်းမျှော်စင်သို့ မကြာခဏ သွားလေ့ရှိသူဖြစ်ရာ ထိုဇာတ်လမ်းကို သူ အတော်လေး ရင်းနှီးပြီး ဖြစ်သည်။ ထိုမျှော်စင်မှ အမျိုးသမီးများနှင့် စကားစမြည် ပြောဆိုရာတွင် အလားတူ စကားဝိုင်းများကို သူ မကြာခဏ ကြားဖူးသည်။

“ရှင် ဘယ်ကလာတာလဲ”

“ပိုးပန်းပင်ဂိုဏ်းရဲ့ အပြင်စည်းကလား”

“ကျွန်မ အဲဒီဂိုဏ်းကို သိတာပေါ့၊ အဲဒီမှာ စီရင်စုသခင် တိမ်လွှာကြိုးကြာ ရှိတယ်မဟုတ်လား၊ သူက တကယ် အစွမ်းထက်တာ၊ ဝိညာဉ်သန္ဓေတည်အဆင့် အောက်မှာ နံပါတ်တစ်လို့တောင် ပြောကြတယ်"

“နှမြောစရာပါပဲ၊ သူက အစွမ်းထက်ပေမဲ့ ပိုးပန်းပင်ဂိုဏ်းက တကယ့် ငရဲခန်းပဲ၊ အဲဒီက မိန်းကလေးတွေ သနားစရာ၊ သူတို့ ဘာလို့ အမြန်ထွက်မသွားကြတာလဲ မသိဘူး”

ဤကဲ့သို့သော စိတ်ခံစားမှု ပြင်းပြသည့် စကားဝိုင်းများသည် ကျင့်ကြံခြင်းလမ်းစဉ်၏ ခက်ခဲမှုကို မြည်တမ်းရင်း အဆုံးသတ်လေ့ရှိသည်။

လော့ချန်ကမူ ဤအစ်ကိုကြီး၏ စိတ်ထဲတွင် အတွေးကမ္ဘာ ချဲ့နေသည်ကို မသိဘဲ သူ၏ ဇာတ်ညွှန်းအတိုင်း ဆက်ပြောနေတော့သည်။

“ရွှေအမြုတေ အဆင့်နဲ့တင် အဆင့် (၄) သားရဲဘုရင် ကို နှိမ်နင်းနိုင်ခဲ့တာ၊ သူ့ရဲ့ အောင်မြင်မှုတွေက တကယ့်ကို ကြီးကျယ်ခမ်းနားလှတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် သူဟာ ပိုးပန်းပင်ဂိုဏ်းရဲ့ ကျင့်စဉ်တွေကနေ ကမ္ဘာတုန်စေမယ့် နတ်ဘုရားစွမ်းအား အချို့ကို ရရှိထားတာ သိသာပါတယ်"

ကျန်းဝမ်က ခေါင်းခါရင်း ဝမ်းနည်းပူဆွေးသော လေသံဖြင့် သက်ပြင်းချလိုက်သည်။

“ဟုတ်တယ်၊ ငါ ကျန်းဝမ်လည်း အဲဒီလို ခမ်းနားမှုကို မျက်မြင်တွေ့ခွင့်ရချင်ပေမဲ့၊ ကံဆိုးတာက ငါက နှစ်ပေါင်းနှစ်ရာ နောက်ကျပြီး မွေးလာခဲ့တာပဲ”

“စီရင်စုသခင် တိမ်လွှာကြိုးကြာရဲ့ ခမ်းနားမှုကို ခင်ဗျား မျက်မြင်မတွေ့ခဲ့ရပေမဲ့၊ အဲဒီရဲ့ အစိတ်အပိုင်း အချို့ကိုတော့ ခံစားကြည့်လို့ ရနိုင်ပါသေးတယ်”

“ဟင်…. ဘယ်လိုမျိုးလဲ….”

“စောစောက ကျွန်တော်ပြောခဲ့တဲ့ နက်နဲလှတဲ့ စကားလုံးတွေ၊ ဆန်းကြယ်လှတဲ့ စွမ်းအားတွေဟာ စီရင်စုသခင် တိမ်လွှာကြိုးကြာရဲ့ ထိုးထွင်းသိမြင်မှုတွေထဲက တစ်ခုလို့ ပြောကြတယ်ဗျ”

“အဲဒါ တကယ်လား”

“တကယ် ဟုတ်မဟုတ်တော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဈေးတန်းထဲကနေ မိုးပျံဓားတောင်ထိပ် ကလို့ ယူဆရတဲ့ ဆေးနည်းပြတ် တစ်ခုကို ကျွန်တော် ရခဲ့ဖူးတယ်”

ကျန်းဝမ် မျက်လုံးများ ပြူးထွက်သွားပြီး နှုတ်ခမ်းများ တုန်ယင်လျက် ဆိုသည်။

“အဲဒီနေရာက အဆင့် (၄) မိစ္ဆာကြိုးကြာဘုရင်ရဲ့ အသိုက်ရှိခဲ့တဲ့ နေရာမဟုတ်လား”

“ဖြစ်နိုင်တာပေါ့၊ နှမြောစရာကောင်းတာက အဲဒီဆေးနည်းက အရမ်းပျက်စီးနေပြီး ကြည့်လိုက်တာနဲ့တင် လေထဲမှာ ပျောက်ကွယ်သွားခဲ့တာ၊ ကျွန်တော်ကတော့ အလောတကြီးနဲ့ အနည်းအကျဉ်း မှတ်မိလိုက်တာကို အခြေခံပြီး ဒီပထမအဆင့် ဆေးလုံးကို သုတေသနလုပ် ဖော်စပ်နိုင်ခဲ့တာပဲ”

လော့ချန်က နောင်တရသည့် အမူအရာဖြင့် ဝမ်းနည်းဟန်ဆောင်လိုက်သည်။

ကျန်းဝမ်မှာမူ စိတ်လှုပ်ရှားနေလေပြီ။

“တကယ်ဆိုရင်တော့ အခြေခံလေးပဲ ဖြစ်ဖြစ် အစွမ်းထက်မှာ အမှန်ပဲ၊ အံ့ဖွယ်တစ်သောင်းဆေးလုံးက ဘာအစွမ်းရှိလဲ”

လော့ချန်က ခေါင်းကို အနည်းငယ်စောင်းကာ ရှက်သလိုလို အမူအရာဖြင့် ပြောလိုက်သည်။

“အမှန်အတိုင်း ပြောရရင် ဒီဆေးမှာ ကြီးကြီးမားမား အစွမ်းတွေ မရှိပါဘူး၊ ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေပြီး၊ အခြေခံအုတ်မြစ်ကို ခိုင်မာစေပြီး ဝီရိယအင်အားကို မြှင့်တင်ပေးရုံလေးပါပဲ”

“အင်အားတိုးစေပြီး အခြေခံကို ခိုင်မာစေတယ်၊ ဒီလောက် အံ့ဖွယ်ကောင်းတဲ့ ဆေးလုံးမျိုး ကမ္ဘာပေါ်မှာ ရှိလို့လား”

မကြာသေးမီက ကျန်းဝမ်သည် တိုက်ပွဲများကြောင့် အင်အားကုန်ခမ်းနေသလို ခံစားနေရသည်။ ဤဆေးသည် သူ၏ ဘဝကို ပြောင်းလဲပေးမည့် ဆေးဟု ခံစားလိုက်ရသည်။

အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် မျှော်လင့်ချက် မရှိတော့သော်လည်း ဤဆေးသည် သူ၏ အနာဂတ်အတွက် မျှော်လင့်ချက် ဖြစ်လာနိုင်သည်။

“ဒါလား”

ကျန်းဝမ်က ဆိုင်နောက်ရှိ အလှပဆုံးနှင့် အနုစိတ်ဆုံး ကျောက်စိမ်းပုလင်းကို ညွှန်ပြလိုက်သည်။

လော့ချန်က ခေါင်းညိတ်သည်။

“ကျွန်တော့်မှာ အတွေ့အကြုံမရှိလို့ တစ်ပုလင်းတည်းပဲ ဖော်စပ်နိုင်ခဲ့တာ၊ မိတ်ဆွေကြီးက စီရင်စုသခင်ရဲ့ အငွေ့အသက်ကို ခံစားချင်တယ်ဆိုရင်တော့ ကျွန်တော် သက်သက်သာသာနဲ့ ရောင်းပေးပါ့မယ်၊ ဝိညာဉ်ကျောက် ၈ တုံး…. မဟုတ်ဘူး၊ မိတ်ဟောင်းဆွေဟောင်းတွေလို ဖြစ်သွားပြီဆိုတော့ ၅ တုံးပဲ ပေးပါ"

ကျန်းဝမ်မှာ ခေတ္တ တွန့်ဆုတ်သွားသော်လည်း ကျောက်စိမ်းပုလင်းကို ကိုင်၍ ဖော့ဆို့ကို ဖွင့်လိုက်သည်။ မွှေးပျံ့သောအနံ့တစ်ခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ပထမတစ်ကြိမ် အနံ့ခံလိုက်သည်နှင့် သူ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် တချက်လှုပ်ရှားသွားသလို ခံစားလိုက်ရသည်။

ဒုတိယအကြိမ် ထပ်ရှူလိုက်သောအခါ စင်ကြယ်လှသော ဝိညာဉ်စွမ်းအင်တစ်ခုက ကမ်းပါးကို ရိုက်ခတ်နေသည့် လှိုင်းလုံးများကဲ့သို့ စီးဆင်းသွားပြီး နေပူရှိန်ကိုပင် အန်တုနေသည့်နှယ် ခံစားလိုက်ရသည်။

အနီးကပ် ကြည့်လိုက်သောအခါ ချီသန့်စင်အဆင့် ၉ ၏ အမြင်ဖြင့် ဆီးသီးအရွယ်ခန့်ရှိသော ရဲရဲတောက်နေသော ဆေးလုံးလေးမှာ ဂျယ်လီကဲ့သို့ လှိမ့်နေသည်ကို တွေ့ရသည်။

“ယင်နဲ့ယန် ပေါင်းစပ်မှု၊ ရေနဲ့မီးရဲ့ ဟန်ချက်၊ ဒါဟာ တကယ့်ကို ထျန်းရှန်းမျှော်စင်က မိန်းကလေးတွေ ပြောပြဖူးတဲ့ ပိုးပန်းပင်ဂိုဏ်းရဲ့ ကျင့်စဉ်အငွေ့အသက်ပဲ၊ ရွှေအမြုတေအဆင့် ရောက်သွားတဲ့ ကျားနဲ့ နဂါး ဆုံတွေ့သလိုမျိုးပဲ”

“ကောင်းပြီ မိတ်ဆွေဟောင်း၊ ငါ ဒီတစ်ပုလင်းလုံး ယူမယ်"

“ဝိညာဉ်ကျောက် ၅ တုံး မဟုတ်လား၊ ယူလိုက်"

လော့ချန်သည် မထင်မှတ်ဘဲ အရောင်းအဝယ် ဖြစ်သွားသဖြင့် အံ့သြဝမ်းသာစွာဖြင့် ဝိညာဉ်ကျောက်များကို ရင်ဘတ်ထဲသို့ ကျစ်ကျစ်ပါအောင် ထိုးထည့်လိုက်သည်။

“မိတ်ဆွေကြီး၊ ဂရုစိုက်သွားပါ၊ ကျွန်တော် နောက်လလည်း ဒီမှာ ရှိနေပါ့မယ်၊ တစ်ခုခု လိုအပ်ရင် အားမနာဘဲ လာရှာပါ၊ အံ့ဖွယ်တစ်သောင်းဆေးလုံးကို တစ်ခုခု အားမရတာရှိရင်လည်း လာပြောပါ၊ ကျွန်တော် အကောင်းဆုံးဖြစ်အောင် ထပ်မံ ပြုပြင်ပေးပါ့မယ်"

လော့ချန်သည် ကျန်းဝမ် ထွက်ခွာသွားသည်ကို ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

ကုန်ပစ္စည်းအသစ်၏ ပထမဆုံးသော အရောင်းအဝယ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။

ပထမအကြိမ်တွင် အနည်းငယ် စိမ်းနေသော်လည်း နောင်အကြိမ်များတွင်မူ ယခုထက် ပို၍ ကျွမ်းကျင်ပိုင်နိုင်လာမည်မှာ အမှန်ပင်ဖြစ်သည်။ နောက်ထပ် ဖောက်သည်များလည်း မကြာခင် တစ်ဖွဲဖွဲ ရောက်ရှိလာတော့မည်ကို သူ ယုံကြည်ချက် အပြည့်ရှိနေသည်။

သူသည် ညောင်းညာသွားသော လည်ပင်းကို ဟိုဘက်ဒီဘက် ဆန့်လိုက်သည်။ ထိုစဉ် ဘေးနားရှိ အဘိုးချန်က သူ့အား ပါးစပ်အဟောင်းသားဖြင့် မှင်သက်စွာ စိုက်ကြည့်နေသည်ကို အမှတ်မထင် တွေ့လိုက်ရလေသည်။

အဘိုးချန်၏ မုတ်ဆိတ်များ တုန်ယင်နေပြီး နှုတ်ခမ်းများ တဆတ်ဆတ်တုန်လျက် ဆိုလိုက်သည်။

“ငါ့သက်တမ်းတစ်လျှောက် မင်းလောက် မျက်နှာပြောင်တဲ့သူ တစ်ခါမှ မမြင်ဖူးဘူး"

“ဟဲဟဲ”

လော့ချန်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရင်း နောက်ထပ် ကျောက်စိမ်းပုလင်းငယ် တစ်ပုလင်းကို အေးအေးဆေးဆေး ထုတ်ယူကာ မှော်အာဟာရဆေးလုံး ၁၅ ပုလင်းကြားသို့ အသာအယာ တင်လိုက်ပြန်သည်။

အဘိုးချန်က တရှူးရှူး အသံပြုရင်း ပြောလိုက်သည်။

“မင်း.... တစ်ပုလင်းတည်း ဖော်စပ်နိုင်တာဆို”

“တစ်ပုလင်းပါပဲ၊ တစ်ပုလင်းမှာ ဆေးလုံး ၁၀ လုံးပါတယ်၊ အဲ့ဒါကို ၁၀ ပုလင်း ခွဲထည့်ထားတာလေ၊ ဒါကို အမြတ်နည်းနည်းနဲ့ အများကြီးရောင်းတယ်လို့ ခေါ်တယ်"

ငါ့လက်သီးတွေ ယားလာပြီ ဒီကောင်ကို ထိုးချင်လိုက်တာ.…။

အဘိုးချန်မှာ စိတ်ထဲမှ မီးပွင့်မတတ် အော်ဟစ်နေတော့သည်။ သူ၏ တစ်သက်တာလုံးတွင် တစ်ခါမှ မကြုံဖူးသည့် ခက်ခဲသော ပြိုင်ဘက်ဆိုးကြီးတစ်ဦးနှင့် ထိပ်တိုက်တွေ့နေရသလို ခံစားနေရလေသည်။

ထိုနေ့ မွန်းတည့်ချိန်တွင် ကျန်းဝမ်သည် လေခွင်းအတတ်ကို အစွမ်းကုန်အသုံးချကာ အစိမ်းရောင်အလင်းတန်းတစ်ခုအလား ထျန်းရှန်းမျှော်စင်ဆီသို့ လျှပ်စီးပမာ ဦးတည်သွားလေတော့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ရှိသော အမျိုးသမီးကျင့်ကြံသူတစ်ဦးက မိန်းကလေးများ နားနေချိန်ဖြစ်၍ ယနေ့ဧည့်သည်မလက်ခံကြောင်း ရှေ့မှပိတ်၍ တားဆီးလိုက်သည်။

သို့သော် ကျန်းဝမ်က သူ၏ ချီသန့်စင်အဆင့် ၉ မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်အရှိန်အဝါဖြင့် ထိုအမျိုးသမီးကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ မိုးခြိမ်းသံပမာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“ငါ ကျန်းဝမ် ဒီနေ့ တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို အလဲထိုးပစ်ဖို့ လာခဲ့တာ”

All Chapters