← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅) - ကျွန်မရဲ့ကလေးကို မြင်မိလား

ဖုန်းအိမ်တော်။

လျိုစောဟာ အိမ်တော်ရဲ့ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး မုန့်မျိုးစုံပြုလုပ်ရတဲ့ မီးဖိုချောင်တာဝန်ခံ ဖြစ်ပါတယ်။

လက်ရာအရမ်းကောင်းတာကြောင့် ဖုန်းအိမ်တော်ရဲ့ သခင်လေးတွေနဲ့ သခင်မလေးတွေက သူမလုပ်တဲ့မုန့်ကို အရမ်းကြိုက်ကြပါတယ်။

အလုပ်နားရက် ရခဲလှတာကြောင့် လျိုစောဟာ ကလေးအတွက် ကစားစရာလေးတွေဝယ်ပြီး အိမ်ပြန်ကာ ခင်ပွန်းနဲ့ ကလေးကို သွားကြည့်ဖို့ ပြင်ဆင်လိုက်ပါတယ်။

ဖုန်းအိမ်တော်ကနေ ထွက်လာပြီးနောက် လျိုစောဟာ ကျွမ်းကျင်နေကျဖြစ်တဲ့ လမ်းကြားလေးတစ်ခုအတိုင်း လျှောက်လာခဲ့တယ်။

သူမဟာ ကလေးအတွက် လိုအပ်တာလေးတွေကို အရင်ဝယ်ဖို့ စိတ်ကူးထားတာပါ။

"ကလေး... ငါ့ရဲ့ကလေး "

လျိုစောဟာ လမ်းကြားထိပ်မှာ ဖရိုဖရဲဖြစ်နေတဲ့ မိန်းမတစ်ယောက် ပေါ်လာတာကို ရုတ်တရက် မြင်လိုက်ရတယ်။

မျက်လုံးတွေက အရောင်မရှိဘဲ တစ်ယောက်တည်း ရေရွတ်နေတာပါ။

ကြည့်ရတာ အသက်လည်း သိပ်မကြီးသေးပါဘူး။

လျိုစောက ခေါင်းခါလိုက်မိတယ်၊ အခုခေတ်က အေးချမ်းတယ်ဆိုပေမဲ့ ကလေးသူခိုးကိစ္စတွေကတော့ ခဏခဏ ဖြစ်နေတုန်းပါပဲ။

ဒီလိုမျိုး ကလေးပျောက်ပြီး စိတ်ရူးပေါက်နေတဲ့ မိန်းမတွေကို သူမလည်း အတော်များများ မြင်ဖူးပါတယ်။

အဲဒီလို ပြင်းထန်တဲ့ ထိုးနှက်ချက်မျိုးကို သာမန်လူတွေ ခံနိုင်ရည်ရှိဖို့ မလွယ်ပါဘူး။

"သနားစရာကောင်းလိုက်တာ"

လျိုစောက သက်ပြင်းချရင်း ဘေးကနေ ဖြတ်လျှောက်သွားပါတယ်။

သူမက အဲဒီဖရိုဖရဲဖြစ်နေတဲ့ မိန်းမဘေးကနေ ဖြတ်အသွားမှာတော့ လက်ကောက်ဝတ်မှာ အေးစက်စက် အထိအတွေ့တစ်ခုကို ရုတ်တရက် ခံစားလိုက်ရတယ်။

အဲဒီ စိတ်ရူးပေါက်နေတဲ့ မိန်းမက သူမကို ဖမ်းဆွဲလိုက်တာပါ။

"နင် ငါ့ရဲ့ကလေးကို မြင်မိလား "

လျိုစော ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အဲဒီမိန်းမကို ကြည့်လိုက်တဲ့အခါ သွေးကြောတွေ ယှက်သန်းနေတဲ့ မျက်လုံးတစ်စုံက သူမကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

လူကို ကြက်သီးထစေတဲ့ အကြည့်မျိုးပါ။

"ဘာလုပ်တာလဲ"

လျိုစော လန့်သွားပြီး အဲဒီမိန်းမရဲ့ လက်ထဲကနေ အမြန်ရုန်းထွက်လိုက်ပါတယ်။

အစကတော့ ဆဲဆိုလိုက်ဖို့ စဉ်းစားပေမဲ့ မိန်းမရဲ့ သနားစရာပုံစံကို မြင်တော့ စိတ်ပျော့သွားပြီး၊

ခေါင်းခါကာ

"ငါ နင့်ကလေးကို မမြင်မိပါဘူး"

လို့ ပြောလိုက်တယ်။

ပြောလည်းပြောရင်း နောက်ကိုလည်း ဆုတ်လိုက်ပါတယ်။

အဲဒီမိန်းမက ရူးသွပ်ပြီး လိုက်မလာဘဲ ရပ်နေတဲ့နေရာကနေ သူမကို ငေးကြည့်နေတာ မြင်တော့မှ လျိုစော စိတ်အေးသွားပြီး အမြန်လှည့်ထွက်လာခဲ့တယ်။

သူမရဲ့ လည်ပင်းနားမှာ တစ်စုံတစ်ယောက်က နောက်ကနေ အေးစက်စက် လေနဲ့ လာမှုတ်နေသလိုမျိုး အေးစိမ့်စိမ့် ခံစားနေရပါတယ်။

မနေနိုင်ဘဲ ခြေလှမ်းတွေကို မြှင့်လိုက်မိတယ်။

ဒီလမ်းကြားက အရမ်းတိတ်ဆိတ်ပြီး ရှည်လျားပေမဲ့ တွက်ကြည့်ရင်တော့ သူမအိမ်နဲ့ အနီးဆုံးလမ်းပါ။

ဒါ့အပြင် စည်ကားတဲ့ လမ်းမကြီးကိုလည်း ဖြတ်သွားရမှာဖြစ်လို့ ကလေးအတွက် ပစ္စည်းဝယ်လို့ရပါတယ်။

ဒါကြောင့် လျိုစောက ဒီလမ်းကနေ အမြဲသွားနေကျပါ။

လျိုစောရဲ့ လက်ကောက်ဝတ်က နည်းနည်း နီရဲယောင်ကိုင်းနေတာကြောင့် သူမ မျက်မှောင်ကြုတ်လိုက်မိတယ်။

"ဒီမိန်းမ အားကြီးလှချည်လား "

လျိုစောက လမ်းကွေ့တစ်ခုကို ချိုးကွေ့လိုက်ပြီး ရေအိုင်လေးတစ်ခုကို ခုန်ကျော်လိုက်ပါတယ်။

နောက်ထပ် လမ်းနှစ်ကွေ့လောက် ချိုးပြီးရင် စည်ကားတဲ့ လမ်းမကြီးကို ရောက်ပါပြီ၊ အခုအချိန်မှာ သူမ လူများတဲ့နေရာကို အရမ်းရောက်ချင်နေတာပါ။

ဗုန်း

လမ်းချိုးမှာ လျိုစောဟာ တစ်စုံတစ်ယောက်နဲ့ တိုက်မိသွားပါတယ်။

"အို... လူကိုလည်း ကြည့်လျှောက်ဦးမှပေါ့..."

လျိုစောဟာ တစ်စုံတစ်ယောက်က လည်ပင်းကို ညှစ်ထားသလိုမျိုး စကားလုံးတွေ ချက်ချင်း ရပ်တန့်သွားပါတယ်။

ဘာလို့လဲဆိုတော့...

သူမရှေ့ကလူဟာ စောစောက ဖရိုဖရဲဖြစ်နေတဲ့ မိန်းမ ဖြစ်နေလို့ပါပဲ။

"နင် ငါ့ရဲ့ကလေးကို မြင်မိလား"

မိန်းမရဲ့ အသံက စောစောကအတိုင်း တစ်ထေရာတည်းပါပဲ၊ မျက်လုံးတွေက အရောင်မရှိ၊ အမူအရာက တောင့်တင်းနေပြီး မျက်လုံးထဲမှာ သွေးကြောတွေ နီရဲယှက်သန်းနေတယ်။

လျိုစောရဲ့ ကျောပြင်တစ်ခုလုံး ချွေးတွေနဲ့ ရွဲနစ်သွားပြီး နှလုံးသားထဲကနေ အေးစိမ့်တဲ့ ခံစားချက်ကြီး တက်လာပါတယ်။

"မ... မမြင်ဘူး"

လျိုစောဟာ သရဲမြင်သလိုမျိုး ခေါင်းခါပြီး အသက်လုကာ ထွက်ပြေးလာခဲ့ပါတော့တယ်။

ဒီလောက်ဝေးဝေး လျှောက်လာတာတောင် အဲဒီမိန်းမနဲ့ ထပ်တွေ့ရလိမ့်မယ်လို့ သူမ မထင်ထားပါဘူး။

"ဒီနေရာက လမ်းတစ်ကြောင်းတည်း ရှိတာကို၊ သူက ဘယ်လိုလုပ်ပြီး ငါ့ရှေ့ကို အရင်ရောက်နေရတာလဲ "

လျိုစော တံတွေး မြိုချလိုက်မိတယ်။

မနေနိုင်ဘဲ နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ အဲဒီမိန်းမဟာ ရပ်မြဲအတိုင်း ရပ်နေပြီး သူမကို စိုက်ကြည့်ကာ တစ်ယောက်တည်း ရေရွတ်နေတာကို တွေ့ရပါတယ်။

လျိုစော စိတ်တွေ ဝေဝါးလာသလို ခံစားလိုက်ရတယ်။

အမြန်ထွက်ပြေးဖို့ ပြင်လိုက်ပေမဲ့ နောက်ကျောကနေ အေးစက်စက် လက်တစ်ဖက်က လှမ်းဖမ်းလိုက်ပါတယ်။

ဖတ်

"နင် ငါ့ရဲ့ကလေးကို မြင်မိလား"

စက်ရုပ်တစ်ရုပ်လို တည်ငြိမ်နေတဲ့ အဲဒီမိန်းမရဲ့ အသံပါပဲ။

လျိုစောဟာ သူမရဲ့ နှလုံးသားကြီး ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မတတ် ခံစားလိုက်ရတယ်

"ငါ..."

စကားတစ်လုံးပဲ ပြောနိုင်ပါသေးတယ်။

ပြီးတော့ နောက်ကို ဆွဲခေါ်သွားခြင်း ခံလိုက်ရပါတယ်။

လမ်းကြားထဲကနေ သွားနဲ့ ကြိတ်ဝါးနေသလို အသံတွေ ထွက်ပေါ်လာပြီးနောက် ဘာအသံမှ ထပ်မကြားရတော့ပါဘူး။

လီယန်ချူ ဖုန်းအိမ်တော်ကို ရောက်လာတဲ့အခါ အိမ်တော်တစ်ခုလုံး ခြောက်ကပ်နေတာကို ခံစားလိုက်ရတယ်။

ချန် အိမ်တော်ရဲ့ တည်ဆောက်ပုံနဲ့ ဆင်တူပါတယ် လေကိုသိုလှောင်ပြီး ရေကိုစုစည်းတဲ့ ပုံစံမျိုးဖြစ်လို့ အစပိုင်းမှာ ဗေဒင်ဆရာ၊ ဝိဇ္ဇာဆရာတွေနဲ့ တိုင်ပင်ပြီး ဆောက်ထားတာ သေချာပါတယ်။

ဒါက စည်းစိမ်ဥစ္စာကို စုစည်းပေးပြီး မျိုးနွယ်စုကို စည်ပင်စေကာ အိမ်သူအိမ်သားတွေကို ဘေးကင်းစေပါတယ်။

ဒါပေမဲ့ လီယန်ချူ အိမ်ထဲဝင်လိုက်တာနဲ့ မသက်မသာဖြစ်စရာ ခံစားချက်တစ်ခုကို ရလိုက်တယ်။

အရမ်းတော့ မပြင်းထန်ပါဘူး။

ဖုန်းအိမ်တော်က အစေခံတွေ၊ ကျွန်တွေဟာလည်း စိတ်ဓာတ်ကျနေသလိုမျိုး၊ စိတ်တွေဝေဝါးပြီး တစ်ခုခုကို စိုးရိမ်နေကြတဲ့ ပုံစံမျိုးတွေ ဖြစ်နေကြပါတယ်။

လီယန်ချူ အိမ်တော်ရဲ့ နောက်ဘက်ပိုင်းကို ရောက်လာတဲ့အခါမှ အဲဒီမသက်မသာဖြစ်တဲ့ ခံစားချက်က ဘယ်ကလာသလဲဆိုတာ သူ သဘောပေါက်သွားပါတယ်။

ဖုန်းအိမ်တော်က အရမ်းတိတ်ဆိတ်နေတာပါ၊ တိတ်ဆိတ်လွန်းလို့ ထူးဆန်းနေပါတယ်။

လမ်းမှာ အိမ်တော်ထိန်းက အိမ်တော်တွင်း အခြေအနေတွေကို အကြမ်းဖျင်း ရှင်းပြခဲ့ပါတယ်။

အိမ်တော်က မုန့်လုပ်တဲ့ လျျိုစောဟာ အိမ်ပြန်တဲ့လမ်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။

အိမ်ရှေ့က တံခါးစောင့်က သူမ အပြင်ထွက်သွားတာ မြင်လိုက်ပေမဲ့ လျိုစောရဲ့ ခင်ပွန်းကတော့ ဇနီးဖြစ်သူ ပြန်ရောက်မလာဘူးလို့ ဆိုပါတယ်။

လေးရက်ဆက်တိုက် ကြာသွားပြီးတဲ့နောက် ဖုန်းအိမ်တော်နားက လမ်းကြားထဲမှာ လျိုစောရဲ့ အလောင်းကို ရှာတွေ့ခဲ့ပါတယ်။

ဆံပင်တွေ ဖရိုဖရဲနဲ့ နံရံထောင့်မှာ ကွေးကွေးလေး သေဆုံးနေတာပါ။

ထူးဆန်းတာက

ဒီလမ်းကြားက တိတ်ဆိတ်တယ်ဆိုပေမဲ့ နေ့တိုင်း လူသွားလူလာ ရှိပါတယ်။

ဘယ်သူမှ နံရံထောင့်က လျိုစောကို မမြင်ခဲ့ကြဘဲ ကလေးအချို့ ဆော့ကစားကြမှသာ လျိုစောရဲ့ အလောင်းကို တွေ့ခဲ့တာပါ။

ရုံးတော်က အလောင်းစစ်ဆေးသူ လာစစ်တဲ့အခါ လျိုစောဟာ သေဆုံးနေတာ ရက်အတော်ကြာပြီဖြစ်ကြောင်း အတည်ပြုပါတယ်။

သေဆုံးချိန်ဟာ ဖုန်းအိမ်တော်ကနေ ထွက်သွားတဲ့ အချိန်နဲ့ အတူတူပါပဲ၊ ခန္ဓာကိုယ်ပေါ်မှာလည်း အပုပ်ကွက် တွေ ပေါ်နေပါပြီ။

ဒါပေမဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာဒဏ်ရာမှ မရှိသလို တစ်စုံတစ်ယောက်နဲ့ တိုက်ခိုက်ထားတဲ့ အမှတ်အသားလည်း မရှိပါဘူး။

ဒီကိစ္စဟာ ဝေမြို့ရုံးတော်ရဲ့ ထူးဆန်းတဲ့ အမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။

လျိုစောရဲ့ အလောင်းကို တွေ့ရှိပြီး နောက်တစ်နေ့ကစလို့ ဖုန်းအိမ်တော်မှာ ထူးဆန်းတာတွေ ဖြစ်လာပါတော့တယ်။

"အစေခံမလေးက ဒီအခန်းထဲကနေ အဲဒီမိန်းမရဲ့ ငိုသံကို ကြားခဲ့တာလား"

လီယန်ချူက အခန်းတစ်ခန်းကို ညွှန်ပြပြီး မေးလိုက်တယ်။

"ဟုတ်ပါတယ်၊ ဒါ လျိုစောရဲ့ အခန်းပါပဲ"

ဖုန်းအိမ်တော်ထိန်းရဲ့ မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုတွေ ရှိနေပြီး အဲဒီအခန်းနဲ့ ဝေးဝေးမှာ မနေနိုင်ဘဲ ရပ်နေပါတယ်။

လျိုစောရဲ့ အလောင်းကို တွေ့ပြီးကတည်းက အစေခံမလေးတွေဟာ သေဆုံးသွားတဲ့ လျိုစောရဲ့ အခန်းထဲကနေ သူစိမ်းမိန်းမတစ်ယောက် ငိုနေတဲ့အသံကို ကြားနေရတာပါ။

"အိမ်တော်က လုံခြုံရေးတွေ ညဘက်မှာ လျိုစောရဲ့ အခန်းကို သွားကြည့်ကြပါတယ်၊ ဘယ်သူမှ မရှိသလို သရဲအရိပ်အယောင်တောင် မတွေ့ရပါဘူး"

လို့ အိမ်တော်ထိန်းက တုန်တုန်ရင်ရင် ပြောပါတယ်။

လီယန်ချူရဲ့ မျက်လုံးထဲမှာတော့ စိုးရိမ်မှုတွေ ဖြတ်ပြေးသွားပါတယ်။

ချင်းယီပွဲတော် နီးကပ်လာတာနဲ့အမျှ ဝေမြို့ထဲမှာ ထူးဆန်းတဲ့ ကိစ္စတွေ တစ်ပြိုင်နက်တည်း ပေါ်လာနေသလိုပါပဲ။

သာမန်လူတွေအတွက်တော့ ဒီလိုကိစ္စတွေကို ကိုင်တွယ်နိုင်စွမ်း မရှိကြပါဘူး။

အိမ်တော်ထိန်းက

"အောက်ခြေဝန်ထမ်းတွေကတော့ ဒါဟာ မိန်းမသရဲ ခြောက်တာလို့ ပြောနေကြပါတယ် လျိုစောကို သတ်ရုံတင်မကဘဲ အိမ်တော်တစ်ခုလုံးရဲ့ အသက်တွေကိုပါ နှိုက်ယူတော့မယ်လို့ ပြောနေကြတယ်"

လို့ ဆိုပါတယ်။

လီယန်ချူက

"အရမ်း မစိုးရိမ်ပါနဲ့၊ ဒီည ငါ ဒီအခန်းထဲမှာပဲ အိပ်ပါ့မယ်၊ တကယ်လို့ သရဲမ ရှိရင်တော့ ငါ တတ်နိုင်သမျှ ဖုန်းအိမ်တော်ရဲ့ ဘေးကင်းရေးအတွက် ကာကွယ်ပေးပါ့မယ်"

လို့ အားပေးလိုက်တယ်။

အိမ်တော်ထိန်းဟာ စိုးရိမ်နေတုန်း ဖြစ်ပေမဲ့ စိတ်တော့ နည်းနည်း အေးသွားပါတယ်။

ချင်းယွန်းကျောင်းတော်က လီယန်ချူ တာအိုဆရာဟာ မကြာသေးခင်က ဝေမြို့ရဲ့ နာမည်ကျော် လူပုဂ္ဂိုလ်ဖြစ်ပြီး တာအိုပညာတင်မကဘဲ သိုင်းပညာလည်း အရမ်းတော်တာကိုး။

ဖုန်းအိမ်တော်က ဒီလူငယ်တာအိုဆရာကို ပင့်ဖိတ်တာဟာလည်း လူတွေရဲ့ စိတ်ကို တည်ငြိမ်စေဖို့နဲ့ မိစ္ဆာတွေကို နှိမ်နင်းဖို့အတွက်ပါပဲ။

လီယန်ချူဟာ သရဲခြောက်တယ်ဆိုတဲ့ အခန်းထဲကို ကိုယ်တိုင် ဝင်နေလိုက်ပါတယ်။

အရှိန်အဝါကြည့်အတတ် ကို သုံးလိုက်တဲ့အခါ လီယန်ချူ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပါတယ်။

ဒီအခန်းထဲမှာ ယင်ဓာတ် တွေက အရမ်းကို ထူထပ်နေပြီး စိုစွတ်တဲ့ ရေငွေ့အရှိန်အဝါတွေ ပါဝင်နေလို့ပါပဲ။

သူ့လို ကျင့်ကြံသူတစ်ယောက်အတွက်တော့ တကယ့်ကို မသက်မသာ ဖြစ်စရာပါပဲ။

အခန်း (၃၆) - တောင်ကြီးပမာ မလှုပ်မယှက်

"ဒါက ရေနစ်သေတဲ့သရဲ လား"

လီယန်ချူက ခေါင်းခါလိုက်ပြီး ဒီအတွေးကို ဖျောက်လိုက်ပါတယ်။

သာမန်အားဖြင့် ခြေချော်လက်ချော် ရေထဲကျသေတဲ့သူတွေရဲ့ ဝိညာဉ်ဟာ အဲဒီနေရာကနေ ထွက်သွားလို့မရပါဘူး။

ရေဆိုတာက အလွန်အမင်း ယင်ဓာတ်နဲ့ အငြိုးအတေးဓာတ် ကြီးမားတဲ့ အရာဝတ္ထုဖြစ်ပြီး ရေထဲကျသေတဲ့သူတွေကို လူပြန်ဝင်စားဖို့အတွက် တားဆီးထားတတ်ပါတယ်။

အစားထိုးခံရမယ့် လူစားလဲသေမယ့်သူ ကို ရှာမတွေ့မချင်းပေါ့။

လီယန်ချူက အရမ်းကြီး စိတ်မပူတော့ပါဘူး၊ သရဲလောကက လူ့လောကထက် အများကြီး ပိုရှုပ်ထွေးပါတယ်။

ဝိညာဉ်အမျိုးအစားတွေကလည်း အများကြီးရှိတာကြောင့် တစ်ခါတလေ မျက်မြင်ကိုယ်တွေ့ မြင်ရတာတောင် ချက်ချင်းခွဲခြားဖို့ မလွယ်ပါဘူး။

လီယန်ချူက ကျန်ကျောင်းဓား ကို ယူမလာခဲ့ပါဘူး။

ကျန်ကျောင်းဓားက နှိမ်နင်းတဲ့အစွမ်းရှိတဲ့ လက်နက် ဖြစ်တာကြောင့် တကယ်လို့ ဒါကို ယူလာမိရင် သာမန်မိစ္ဆာတွေက ထွက်လာရဲမှာ မဟုတ်ပါဘူး။

သူ့အနားကိုတောင် ကပ်ရဲမှာ မဟုတ်ဘူးလေ။

ဒါက လီယန်ချူရဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး၊ သူက တခြားသူရဲ့ ငွေကိုယူထားရင် အဲဒီသူရဲ့ ဘေးဒုက္ခကို ဖြေရှင်းပေးရမှာပါ။

သူဟာ ကျွမ်းကျင်တဲ့ တာအိုဆရာတစ်ယောက်အနေနဲ့ ဒီတစ်ခါလာတာက မိစ္ဆာကို နှိမ်နင်းဖို့ လာတာပါ။

တကယ်လို့ ဝိညာဉ်က အရမ်းအစွမ်းထက်နေပြီး သူ့အသက်အန္တရာယ် ရှိလာနိုင်မလားဆိုတဲ့ ကိစ္စကိုတော့၊

လီယန်ချူ ထည့်မစဉ်းစားပါဘူး။

ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီလောက်လေးတောင် အမှန်တရားကို မမြင်နိုင်ဘဲ ကြောက်ရွံ့တုံ့ဆိုင်းနေမယ်၊ မိစ္ဆာတွေက လူသတ်နေတာကို လွှတ်ထားမယ်ဆိုရင်တော့၊

ဒီတစ်သက် ဘာအောင်မြင်မှုမှ ရဖို့ မမျှော်လင့်ပါနဲ့တော့။

တာအိုကျင့်ကြံသူဆိုတဲ့ နာမည်နဲ့လည်း မထိုက်တန်တော့ပါဘူး။

လီယန်ချူ သိုင်းကျင့်တယ်၊ တာအိုကျင့်တယ်ဆိုတာက အစွမ်းထက်လာဖို့ဖြစ်ပြီး သူရဲဘောကြောင်တဲ့သူ ဖြစ်ဖို့ မဟုတ်ပါဘူး။

လျိုစောရဲ့ အခန်းရှိတဲ့ ဝင်းထဲမှာ လူတစ်ယောက်မှ မရှိတော့ပါဘူး၊ ဖုန်းအိမ်တော်က အစေခံမလေးတွေဟာ ညလယ်ခေါင်မှာ ကြားရတဲ့ မိန်းမငိုသံကြောင့် ကြောက်လန့်နေကြတာပါ။

လီယန်ချူ တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့တယ်၊ အခန်းထဲက အရမ်းသန့်ရှင်းနေပြီး အိပ်ရာကိုလည်း သေသေသပ်သပ် ခင်းကျင်းထားပါတယ်။

ဒါပေမဲ့ ကြည့်လိုက်တာနဲ့ လူမနေတာ ရက်အတော်ကြာပြီဆိုတာ သိသာပါတယ်။

အခန်းထဲမှာ အေးစက်ခြောက်ကပ်နေပြီး လူငွေ့လူနံ့ မရှိပါဘူး။

လူနေတဲ့အိမ်ဆိုရင် လူရိပ်လူငွေ့ ရှိတတ်ပါတယ်၊ အိမ်ဟောင်းတွေမှာ လူမနေတာ ကြာလာရင်တော့ ထူးဆန်းတဲ့ကိစ္စတွေ ဖြစ်လာတတ်တာမျိုးပါ။

လျိုစောက သန့်ရှင်းသပ်ရပ်သူဖြစ်ပြီး အလှပြင်တာလည်း ဝါသနာမပါတာကြောင့် အခန်းထဲမှာ အလှကုန်နံ့တွေ သိပ်မရှိပါဘူး။

လီယန်ချူကတော့ တည်ငြိမ်အေးဆေးနေပြီး သိုင်းကျင့်တာ ဒါမှမဟုတ် တရားထိုင်တာမျိုး မလုပ်ပါဘူး။

သူ့ဘာသာသူ လူပြိန်းကြိုက် ထူးဆန်းထွေလာဝတ္ထတစ်အုပ်ကို ထုတ်ပြီး ဖတ်နေပါတယ်။

လုံးဝကို စိုးရိမ်ထိတ်လန့်တဲ့ ခံစားချက် မရှိပါဘူး။

တကယ်လို့ တာအိုဝတ်ရုံသာ ဝတ်မထားရင် သူက ကြည့်ရတာ ဖြူဖြူစင်စင် စာသင်သားလေးတစ်ယောက်နဲ့ ပိုတူပါတယ်။

ဖြူဖြူသန့်သန့်လေးပါ။

တကယ်တော့ သူက စနစ်တကျ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ တာအိုဆရာတစ်ယောက်ဆိုတာ ဘယ်သူမှ ထင်မှာမဟုတ်ပါဘူး။

မင်းက သူ့ကို တာအိုဆရာလို့ ထင်နေချိန်မှာ သူက တကယ့်တော့ အသွေးအသားဓာတ် အားကောင်းမောင်းသန်တဲ့ သိုင်းသမားတစ်ယောက်လည်း ဖြစ်နေပြန်ရော။

လီယန်ချူက အရသာခံပြီး ဖတ်နေပါတယ်။

စိတ်ကူးယဉ်နိုင်စွမ်းဆိုတဲ့အရာက ရှေးခေတ်နဲ့ ခေတ်သစ် မခွဲခြားဘူးလို့ ဆိုရပါမယ်။

ဒီစာအုပ်ထဲမှာ ရေးထားတာ တော်တော်ကောင်းတာပဲ။

တာအိုအတတ်နဲ့ လေကိုခေါ် မိုးကိုရွာစေတယ်၊ လက်တစ်ချက်ဝေ့လိုက်ရုံနဲ့ ဖုန်မှုန့်တွေ ကျောက်ခဲတွေကို လွင့်စင်စေပြီး ကျောက်ခဲကို ရွှေဖြစ်အောင်လည်း လုပ်နိုင်တယ်တဲ့။

"ဒီကောင်က တာအိုပညာရပ်တွေအကြောင်း တော်တော်လေး သိတာပဲ"

လီယန်ချူက ပြုံးပြီး ရေရွတ်လိုက်တယ်။

မှောင်လာတဲ့အခါမှာတော့။

လီယန်ချူက ဖုန်းအိမ်တော်ဆီ ကိုယ်တိုင်သွားပြီး ထမင်းဟင်းတွေ သွားယူပါတယ်။

"လီ တာအိုဆရာ ဒါကို လူလွှတ်ပြီး ပို့ပေးရမှာပါဘယ်လိုလုပ်ပြီး ကိုယ်တိုင်လာယူရတာလဲဗျာ"

လျိုအိမ်တော်ထိန်းက အားနာတကြီး ပြောပါတယ်။

လီယန်ချူက လက်ကာပြပြီး

"အဲဒီအခန်းက သရဲခြောက်နေတာ အခုလည်း မှောင်နေပြီဆိုတော့ ဘယ်သူလာပို့ပို့ ကြောက်နေကြမှာပဲ၊ ငါ့ဘာသာ လာယူတာက ပိုကောင်းပါတယ်"

လို့ ဆိုလိုက်တယ်။

ဖုန်းအိမ်တော်ထိန်းက တော်တော်လေး စိတ်လှုပ်ရှားသွားပါတယ်။

ဘေးနားက အစေခံတွေ၊ ကျွန်တွေလည်း စိတ်ထိခိုက်သွားကြတယ်။

" တာအိုဆရာက တကယ့်လူကောင်းပဲဟေ့"

သူတို့က လီယန်ချူအပေါ် အမြင်သစ်တစ်ခု ရသွားကြပြန်တယ်။

ဝေမြို့မှာ နာမည်ကြီးနေတဲ့ တာအိုပညာရှင်တစ်ယောက်ဟာ ဒီလောက်အထိ ဖော်ရွေပျူငှာလိမ့်မယ်လို့ မထင်ထားကြတာပါ။

လီယန်ချူဆိုတာ ဝရမ်းပြေး လူသတ်သမားတွေကို အများကြီး သတ်ခဲ့တဲ့သူဆိုတာကို သိထားကြတာကိုး။

အစကတော့ ထွားထွားကြိုင်းကြိုင်းနဲ့ လူသတ်အငွေ့အသက်တွေ ထွက်နေတဲ့သူလို့ ထင်ထားတာ၊ မထင်မှတ်ဘဲ ချောမောခန့်ညားတဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေတာပါ။

တကယ်လို့ ဖုန်းသခင်ကြီးက စီးပွားရေးနဲ့ အပြင်သွားမနေဘူး၊ ဖုန်းသခင်မကလည်း မကျန်းမာလို့ အိပ်ရာထဲလဲမနေဘူးဆိုရင်၊

လီယန်ချူကို ဧည့်ခံရမှာက ဖုန်းသခင်မ ကိုယ်တိုင်ပဲ ဖြစ်ရမှာပါ။

ဝေမြို့ရဲ့ ထိပ်တန်းသူဌေးကြီးတွေဟာ လီယန်ချူရဲ့ ကျေးဇူးကို ခံထားရဖူးတာကြောင့် သူ့ကို အထူးဧည့်သည်တော် အဖြစ် သတ်မှတ်ထားကြတာပါ။

မြို့ဝန်မင်းကလည်း လီယန်ချူကို အရမ်းအလေးထားပါတယ်။

ဒီလိုပုဂ္ဂိုလ်မျိုးက မာန်မာန လုံးဝမရှိတာက တကယ့်ကို ရှားပါးပါတယ်။

လီယန်ချူက ထမင်းချိုင့်ကိုဆွဲပြီး လျိုစောရဲ့ အခန်းကို ပြန်လာခဲ့တယ်။

သူက ဒီနေ့ ဒီအခန်းထဲမှာပဲ နေဖို့ ဆုံးဖြတ်ထားတာပါ၊ ဒါဟာ ဖုန်းအိမ်တော်က လူတွေရဲ့ စိတ်ကို တည်ငြိမ်စေဖို့အတွက်လည်း ပါဝင်ပါတယ်။

လူတွေရဲ့ စိတ်က မတည်မငြိမ်ဖြစ်နေရင် မိစ္ဆာတွေက အခွင့်ကောင်းယူဖို့ လွယ်ကူပါတယ်။

စိတ်စွမ်းအား အားနည်းပြီး လူရဲ့ ပုခုံးနဲ့ ထိပ်ပေါ်က မီးတောက်သုံးခု မသန်စွမ်းတဲ့သူတွေဆိုရင် မသန့်ရှင်းတဲ့အရာတွေနဲ့ တွေ့ဖို့ ပိုလွယ်ပါတယ်။

လျိုစောရဲ့ အခန်းက အိမ်ဝင်းတံခါးနဲ့ တည့်တည့်မှာ ရှိနေတာပါ။

အခုအချိန်မှာ ပြတင်းပေါက်က ဟဟလေးဖြစ်နေပြီး အခန်းထဲက ဆီမီးရောင်က မှိန်ဖျော့နေပါတယ်။

လီယန်ချူ ထမင်းစားနေတဲ့အချိန်မှာ မှောင်မည်းတိတ်ဆိတ်နေတဲ့ ဝင်းထဲနဲ့ တံခါးအပြင်က အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။

သာမန်လူဆိုရင်တော့ ကြောက်နေမှာဖြစ်သလို မကောင်းတဲ့အတွေးတွေ တွေးနေမိမှာ သေချာပါတယ်။

ဒါပေမဲ့ လီယန်ချူကတော့ ပညာအရည်အချင်းရော သတ္တိပါ ရှိသူမို့ လုံးဝဂရုမစိုက်ပါဘူး။

ဖုန်းအိမ်တော်က ကောင်းမွန်တဲ့ ညစာကို သူ မြိန်ယှက်စွာ စားနေပါတယ်။

ခင်းကျင်းထားတဲ့ ဟင်းလျာတွေက အရသာက ဝေမြို့ရဲ့ ပထမတန်းစား စားသောက်ဆိုင်တွေထက် မနိမ့်ပါဘူး။

လီယန်ချူက ဟင်းကိုစား၊ အရက်ကိုသောက်ရင်း စိတ်လက်ပေါ့ပါးနေပါတယ်။

ညက တဖြည်းဖြည်း နက်လာပါတယ်။

လီယန်ချူက ထမင်းစားသောက်ပြီးနောက် ကုတင်ပေါ်မှာ ထိုင်ကာ မျက်စိမှိတ်ပြီး စိတ်ကို စုစည်းနေပါတယ်။

တစ်နာရီလောက် ကြာသွားတဲ့အခါ။

ကျွိ...

အခန်းတံခါးကနေ အသံထွက်လာပါတယ်။

လီယန်ချူ မျက်လုံးဖွင့်လိုက်ပြီး အေးစက်စက် ကြည့်လိုက်တယ်။

အခု အခန်းတံခါးက အက်ကြောင်းလေးတစ်ခု ဟသွားပါတယ်။

လီယန်ချူ ကုတင်ပေါ်က ဆင်းလိုက်တယ်။

"ငါ အခန်းတံခါးကို ပိတ်ထားခဲ့တယ်လို့ မှတ်မိပါတယ်"

လီယန်ချူက တစ်ယောက်တည်း ရေရွတ်လိုက်တယ်။

သူ့နှုတ်ခမ်းထောင့်မှာ အေးစက်တဲ့ အပြုံးတစ်ခု ပေါ်လာပါတယ်။

သူ ကုတင်ဘေးမှာ ပြန်ထိုင်လိုက်တဲ့အခါ အခန်းထဲက ဆီမီးတောက်က မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပါတယ်။

တစ်ခန်းလုံးကလည်း လင်းတစ်လှည့် မှောင်တစ်လှည့်နဲ့ အခြေအနေမကောင်းပါဘူး။

အေးစက်စက် လေအေးတစ်ခုက တိုက်ခတ်ဝင်ရောက်လာပါတယ်။

အပူချိန်ကလည်း ဒီဂရီအတော်များများ ကျဆင်းသွားပါတယ်။

"ကလေးကစားစရာ အကွက်တွေပဲ"

လီယန်ချူ ဒီတစ်ခါတော့ မျက်လုံးတောင် မဖွင့်ပါဘူး။

အခန်းထဲမှာ ကြောက်စရာကောင်းတဲ့ ပြောင်းလဲမှုတွေ ဘယ်လိုပဲဖြစ်ဖြစ် သူ ဂရုမစိုက်ပါဘူး။

တကယ်လို့ သာမန်လူသာဆိုရင်တော့ အခုဆိုရင် ကြောက်လန့်ပြီး မျက်နှာပြာနှမ်းနေလောက်ပါပြီ။

ဒါပေမဲ့ လီယန်ချူကတော့ တည်ငြိမ်အေးဆေးနေပြီး ဘာမှ မလှုပ်ရှားပါဘူး။

သူ စောင့်နေတာပါ။

အဲဒီ ထူးဆန်းတဲ့ မိန်းမငိုသံကို စောင့်နေတာပါ။

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားပါတယ်။

လီယန်ချူဟာ အိပ်ချင်စိတ်တစ်ခု ရုတ်တရက် ဝင်လာပြီး မျက်ခွံတွေက လေးလံလာပါတယ်။

သူ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပါတယ်။

ဟွမ်ထင်တာအိုကျမ်း ကို ကျင့်ကြံပြီး အဆင့် ၁ ကို ရောက်ပြီးကတည်းက သူ့ရဲ့ စိတ်ဓာတ်စွမ်းအားက သာမန်လူထက် အများကြီး ပိုအားကောင်းပါတယ်။

သိသာတဲ့ အချက်ကတော့ သူက ကိုယ်တိုင်အနားယူဖို့ မဆုံးဖြတ်မချင်း အလွယ်တကူ အိပ်မငိုက်ပါဘူး။

အထူးသဖြင့် အခုလို အာရုံစိုက်နေတဲ့ အချိန်မျိုးမှာပေါ့။

လီယန်ချူက ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေကို လှည့်ပတ်လိုက်တဲ့အခါ ကိုယ်တွင်းအင်္ဂါတွေရဲ့ ဇီဝအသက်စွမ်းအားတွေ ချက်ချင်း နိုးကြားလာပါတယ်။

အဲဒီထူးဆန်းတဲ့ အိပ်ချင်စိတ်ကလည်း ပျောက်ကွယ်သွားပါတယ်။

အခန်းထဲက ထူးဆန်းတဲ့ အခြေအနေတွေက ခဏလောက် ပေါ်လာပြီးနောက်မှာတော့ ပြန်လည် ပျောက်ကွယ်သွားပါတယ်။

စောစောက အရာအားလုံးက ဘာမှမဖြစ်ခဲ့သလိုမျိုးပါပဲ။

လီယန်ချူကတော့ တရားထိုင်နေတဲ့ ရဟန်းအိုကြီးတစ်ပါးလို တောင်ကြီးပမာ မလှုပ်မယှက် ရှိနေပါတယ်။

နောက်ဆုံးတော့

ဝေဝေဝါးဝါးနဲ့

လီယန်ချူဟာ အဲဒီ ထူးဆန်းတဲ့ မိန်းမငိုသံကို ကြားလိုက်ရပါတယ်၊ အဝေးကြီးက ကြားရသလိုလို၊ ဒါမှမဟုတ် နားနားလေးမှာ ကပ်ပြီး တိုးတိုးလေး ပြောနေသလိုလိုပါပဲ။

ဒါဟာ လူကို ကြက်သီးထစေတဲ့ အသံမျိုးပါ။

ပတ်ဝန်းကျင်က စွမ်းအင်စီးဆင်းမှု တွေ ရှုပ်ထွေးသွားပါတယ်။

လီယန်ချူရဲ့ အရှိန်အဝါကြည့်အတတ် ကတောင် ဒီမိန်းမငိုသံက ဘယ်ကလာသလဲဆိုတာ မမြင်နိုင်တော့ပါဘူး။

အဲဒီအချိန်မှာပဲ အခန်းထဲမှာ ဦးရေပြားကို ထုံကျင်သွားစေမယ့် မြင်ကွင်းတစ်ခု ပေါ်လာပါတယ်။

မိန်းမတစ်ယောက်က လီယန်ချူရှေ့မှာ ပေါ်လာပြီး၊ အဲဒီ ဖြူဖျော့နေတဲ့ မျက်နှာကြီးနဲ့ လီယန်ချူကို စိုက်ကြည့်နေပါတယ်။

အကွာအဝေးက အရမ်းကို နီးကပ်လွန်းပါတယ်။

လီယန်ချူ မျက်လုံးဖွင့်လိုက်တဲ့အခါ သရဲမရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကြီးက မျက်စိထဲကို တိုးဝင်လာပါတယ်။

မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် ကနေ သွေးတွေ စီးကျနေပါတယ်။

ပြောမပြနိုင်အောင် ကြောက်စရာကောင်းလှပါတယ်။

လီယန်ချူက ကြိုတင်ပြင်ဆင်ထားပြီးသားမို့ မိန်းမက သူ့နားမှာ ကပ်နေတာကို မြင်ရပေမဲ့လည်း မတုန်လှုပ်ပါဘူး။

သူ့နှုတ်ခမ်းမှာ အေးစက်တဲ့ အပြုံးတစ်ခု ရှိနေပါတယ်။

သရဲဇာတ်လမ်းထဲက ဗီလိန်ကြီးတစ်ယောက်လိုပါပဲ။

"မိပြီ "

သရဲမကို အံ့သြသွားစေတာကတော့ လီယန်ချူဟာ မကြောက်တဲ့အပြင် မျက်လုံးတွေက လျှပ်စီးလို ဝင်းခနဲ ဖြစ်သွားပြီး၊

လက်သီးတစ်ချက် တိုက်ရိုက် ထိုးလိုက်တာပါပဲ။

ပူပြင်းလှတဲ့ သွေးအရှိန်အဝါ တွေက လက်သီးကနေတစ်ဆင့် ခန္ဓာကိုယ်အပြင်ကို ပေါက်ကွဲထွက်သွားပါတယ်။

တစ်ကိုယ်လုံးဟာ တောက်ပတဲ့ နေမင်းကြီး တစ်စင်းလိုပါပဲ။

အသွေးအသားအရှိန်အဝါက သက်တံတစ်ခုလို တောက်ပနေပါတယ်။

All Chapters