အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း (၆၁) - နတ်ဟန်ဆောင်သော မိစ္ဆာ
လီယန်ချူ၏ လေသံမှာ အေးဆေးနေမြဲဖြစ်သော်လည်း သူ၏မျက်လုံးများထဲတွင်မူ လှောင်ပြောင်ရိပ်များ ပါဝင်နေသည်။
မြို့စောင့်နတ်ရုပ်တုက ဒေါသတကြီး အော်ဟစ်လိုက်သည်
"မင်းလို ကောင်စုတ်က ငါ့ကို အကြိမ်ကြိမ် စော်ကားနေတာပဲ၊ မင်းရဲ့ စိတ်ဓာတ်က တကယ့်ကို သတ်ပစ်ဖို့ ကောင်းနေပြီ "
ပတ်ဝန်းကျင်တွင် ရုတ်တရက် လေပြင်းများ တိုက်ခတ်လာသည်။
"ဝေမြို့ထဲမှာ ဒီလောက်များတဲ့ သရဲတွေက လူပေါင်းများစွာကို ဒုက္ခပေးနေတာကို မြို့စောင့်နတ်ဖြစ်တဲ့ မင်းက သိလျက်နဲ့ လျစ်လျူရှုထားတယ်"
"ဒါဆိုရင် မင်းက သေချာပေါက် တရားခံတွေထဲက တစ်ယောက်ပဲ ဖြစ်ရမယ် "
လီယန်ချူ၏ မျက်လုံးများက ရဲရဲတောက်နေပြီး သန့်စင်သော ယန်ဓာတ်များ ပါဝင်နေကာ သူ၏ အရှိန်အဝါမှာ အဆင့်ဆင့် မြင့်တက်လာသည်။
"ဘယ်က မိစ္ဆာက ငါ့ရှေ့မှာ နတ်ဟန်ဆောင်ပြီး မြို့စောင့်နတ်အယောင် ဆောင်နေတာလဲ "
"ငါးပါးမိုးကြိုးအတတ်၊ လောကရဲ့ သန့်စင်တဲ့ ယန်ဓာတ်၊ ငါ့မျက်လုံးတွေကို တည့်တည့်မကြည့်ရဲတဲ့ အရာမှန်သမျှဟာ မိစ္ဆာတွေပဲ၊ သတ်စေ "
"မိုက်ရူးရဲဆန်လိုက်တာ"
မြို့စောင့်နတ်ရုပ်တုထံမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး မျက်စိကျိန်းမတတ် ဖြစ်သွားစေသည်။
လီယန်ချူမှာ တုန်လှုပ်ခြင်းမရှိဘဲ ပါးစပ်မှ ဂါထာကို ရွတ်ဆိုလိုက်ကာ နတ်ပင့် အတတ် နှင့်အတူ လင်ကွမ်းဖိတ်ခေါ်အဆောင် ကို တိုက်ရိုက် အစွမ်းထွက်စေလိုက်သည်။
"တန်ခိုးကြီးမားတဲ့ ဟောလော့စစ်သူကြီး၊ ကောင်းကင်ဘုံရဲ့ အပြစ်ပေးစစ်ဆေးရေးမှူး ဝိညာဉ်အရာရှိကြီးကို ဖိတ်ခေါ်ပါတယ်၊ ငါးပါးမိုးကြိုးကို အမိန့်ပေးစေခိုင်းပြီး မိစ္ဆာသရဲသပက်တွေကို မြူမှုန်ဖြစ်အောင် ချေမှုန်းပေးပါ၊ ယခုပင် ကြွရောက်လာပြီး မိုးကြိုးအစွမ်းနဲ့ စောင့်ရှောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်..."
"လင်ကွမ်းဖိတ်ခေါ်အဆောင် ပွင့်စေ"
လီယန်ချူ ဂါထာရွတ်ဆိုလိုက်သည်နှင့် သူ အမြဲဆောင်ထားသော လင်ကွမ်းဖိတ်ခေါ်အဆောင်မှာ နတ်ဘုရားအလင်းများ တောက်ပလာပြီး အတားအဆီးအားလုံးကို ဖောက်ထွက်သွားသည်။
ကောင်းကင်ဘုံ နတ်မင်းကြီး၏ အငွေ့အသက်မှာ ဟင်းလင်းပြင်ထဲမှနေ၍ လီယန်ချူ၏ ဝိညာဉ်ကိုယ်ပွားထံသို့ ဆင်းသက်လာသည်။
ခဏချင်းမှာပင် လီယန်ချူ၏ ဝိညာဉ်သည် အမြင့်နှစ်လံခန့် ရှိသွားပြီး ရွှေချပ်ဝတ်တန်ဆာကို ဆင်ယင်ကာ လက်ထဲတွင် ရွှေပုဆိန် တစ်လက် ကိုင်ဆောင်ထားသည်။
ကောင်းကင်ဘုံ မိုးကြိုးဌာနမှ နတ်စစ်သူကြီး ဝမ်လင်ကွမ်း ကိုယ်တိုင် လူ့ပြည်သို့ ဆင်းသက်လာသကဲ့သို့ပင်။
ဝမ်လင်ကွမ်းသည် ကောင်းကင်ဘုံရှိ ဝိညာဉ်အရာရှိ ငါးရာတွင် အကြီးအကဲဖြစ်ပြီး၊ မျက်နှာနီမြန်းကာ မုတ်ဆိတ်မွေးများနှင့်ဖြစ်သည်၊ ရွှေချပ်ဝတ်နှင့် ဝတ်ရုံနီကို ဆင်ယင်ကာ မျက်လုံးသုံးလုံးဖြင့် ဒေါသတကြီး စိုက်ကြည့်လျက် ညာဘက်လက်တွင် ရွှေပုဆိန်ကို မြှောက်ထားသူ ဖြစ်သည်။
"ထွက်ခဲ့စမ်း"
လီယန်ချူ၏ လက်ထဲမှ ရွှေပုဆိန်သည် ပျံထွက်သွားပြီး အလင်းတန်းများနှင့်အတူ နတ်ရုပ်တု၏ ခေါင်းပေါ်သို့ ထုချလိုက်သည်။
ဝုန်း
ကျယ်လောင်သော အသံကြီးနှင့်အတူ မြို့စောင့်နတ်၏ ဝိညာဉ်မှာ နတ်ရုပ်တုအတွင်းမှ လွင့်ထွက်သွားသည်။
မြို့စောင့်နတ်ရုပ်တုပေါ်မှ တစ်ပိုင်းတစ်စ ပွင့်လင်းနေသော ဝိညာဉ်ရိပ်မှာ မြို့စောင့်နတ်၏ ပုံစံအတိုင်းပင် ဖြစ်သည်။
"အား "
မြို့စောင့်နတ်သည် သူ၏ခေါင်းကို အုပ်ကာ ကျောင်းဆောင်ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေပြီး သူ၏ အရာရှိဝတ်စုံမှာလည်း တွန့်ကြေသွားသည်။
လီယန်ချူ၏ ရှေ့တွင် ရပ်နေရုံ၊ လံအနည်းငယ် ကွာနေရုံမျှဖြင့် တောက်လောင်နေသော မီးဖိုကြီးရှေ့တွင် ရပ်နေရသကဲ့သို့ အလွန်အမင်း ပူလောင်နေသည်ကို သူ ထိတ်လန့်စွာ သတိပြုလိုက်မိသည်။
"မြို့စောင့်နတ်မင်းကြီးကို ကာကွယ်ကြ"
"သူ့ကို ဖမ်းစမ်း "
"ဘယ်သူက ဒီလောက် မောက်မာနေတာလဲ၊ မြို့စောင့်နတ် ငရဲရုံးကိုတောင် ရန်ပြုရဲတယ်လား"
မြို့စောင့်နတ်ရုပ်တုမှာ တုန်ခါသွားပြီး ရုပ်တုအောက်ခြေမှ ပုံရိပ်များစွာ တိုးထွက်လာသည်၊ ထိုအထဲတွင် စာပေနှင့် စစ်ရေး တရားသူကြီးများ၊ ဝိညာဉ်စစ်သူကြီးများနှင့် ရဲမက်များ ပါဝင်သည်။
"နတ်ဟန်ဆောင် မိစ္ဆာတွေပဲ၊ တကယ်လို့ ဒီမှာ ဝိညာဉ်ရဲမက်တွေနဲ့ မြို့စောင့်နတ် အစစ်အမှန်သာ ရှိနေရင် ဒီလောက်များတဲ့ သရဲတွေက လူတွေကို ဒုက္ခပေးနေမှာ မဟုတ်ဘူး "
"ဒီလို ကလေးကလား လှည့်ကွက်တွေနဲ့ လူတွေကို လာလိမ်နေရဲတယ်လား "
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားသည်။
"မင်းတို့လို မိစ္ဆာတွေကတော့ သေချင်နေကြတာပဲ"
ဝမ်လင်ကွမ်းသည် မိုးကြိုးဌာနမှ စစ်သူကြီးဖြစ်ပြီး ကောင်းကင်ဘုံမှ နတ်မင်းကြီး ဖြစ်သည်။
ယခုအချိန်တွင် လီယန်ချူ၏ ဝိညာဉ်သည် နတ်ဘုရားတို့၏ ခိုင်မာမှုရှိရုံသာမက ငါးပါးမိုးကြိုး၏ သန့်စင်သော ယန်ဓာတ်များလည်း ရှိနေသည်။
လီယန်ချူကို ဖမ်းဆီးမည်ဟု ကြုံးဝါးနေကြသော တရားသူကြီးများ၊ ဝိညာဉ်စစ်သူကြီးများနှင့် ရဲမက်များသည် လီယန်ချူ၏ နေမင်းကြီးကဲ့သို့ တောက်ပသော ယန်ဓာတ်များကြောင့် နောက်သို့ ဆုတ်သွားကြရသည်။
သူသည် နတ်ဘုရား၏ အစွမ်းကို ဖိတ်ခေါ်ထားသဖြင့် ဝိညာဉ်မှာ သန့်စင်သော နတ်ဘုရားဂုဏ်ရည်များ စိမ့်ဝင်နေခြင်း ဖြစ်သည်။
"မင်းက ဝေမြို့ထဲမှာ သရဲမွေးနေတဲ့သူပဲ မဟုတ်လား၊ မြို့စောင့်နတ် အယောင်ဆောင်ပြီး ငရဲရုံးအဖြစ် ဟန်ဆောင်နေလိမ့်မယ်လို့ မထင်ထားဘူး၊ ဒါကြောင့်လည်း ဝေမြို့ထဲမှာ သရဲတွေ သောင်းကျန်းနေတာကိုး "
"ဝေမြို့မှာ ဘာလို့ သရဲကိစ္စတွေ ခဏခဏ ဖြစ်နေတာလဲလို့ ငါ ထူးဆန်းနေတာ၊ မင်းလို မြို့စောင့်နတ်အတုက နတ်ဟန်ဆောင် မိစ္ဆာလုပ်နေတာကိုး"
"ဒီနေ့ မင်းက မြို့စောင့်နတ်အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ်၊ မင်းရဲ့ ဝိညာဉ်ကို ငါ အမှုန့်ကြိတ်ပစ်မယ်"
လီယန်ချူ၏ အရှိန်အဝါမှာ ဆက်လက် မြင့်တက်လာပြီး ရွှေပုဆိန်ကို ကိုင်ကာ တိုက်ရိုက် ထုချလိုက်သည်။
အလင်းတန်းများ ပေါက်ကွဲထွက်သွားသည်။
ရှေ့တွင်ရှိသော ဝိညာဉ်စစ်သူကြီးများနှင့် တရားသူကြီး အယောင်ဆောင်များကို လီယန်ချူက ပုဆိန်ဖြင့် တစ်ချက်တည်းနှင့် အများအပြားကို သတ်ဖြတ်ပစ်လိုက်သည်။
သူသည် ကုသိုလ်မှတ်များ ရရှိနေကြောင်း ခံစားလိုက်ရသည်။
သို့သော် ယခုအချိန်တွင် လီယန်ချူသည် ဤမြို့စောင့်နတ်ကျောင်းကို ကပြောင်းကပြန်ဖြစ်အောင် လုပ်ပြီး ဤမိစ္ဆာအားလုံးကို အကုန်သတ်ပစ်ချင်နေသည်။
ဝေမြို့ မြို့စောင့်နတ်အတု၏ မျက်လုံးများထဲတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး လီယန်ချူကို စိုက်ကြည့်နေသည်။
"မင်းလို ကောင်စုတ်"
"မင်းဆီမှာ တာအိုဂိုဏ်းရဲ့ စစ်မှန်တဲ့ အဆောင်အယောင်တွေ ရှိနေတာပဲ၊ သောက်ကျိုးနည်း၊ ငါ့ကိစ္စတွေကို အကြိမ်ကြိမ် လာဖျက်ဆီးနေတယ်၊ ဒီနေ့ မင်းရဲ့အသက်ကို ဒီမှာ ထားခဲ့ရမယ်"
ဝေမြို့ မြို့စောင့်နတ်အတုသည် ထိတ်လန့်ဒေါသထွက်ကာ နာကျည်းစွာ အော်ဟစ်လိုက်သည်။
"လာခဲ့စမ်း"
လီယန်ချူက ကြောက်ရွံ့ခြင်းမရှိဘဲ ပြန်လည် ကြုံးဝါးလိုက်သည်။
"မင်းရဲ့ ဝိညာဉ်ကို ငါ ချေဖျက်ပြီး ဘယ်တော့မှ လူပြန်မဖြစ်နိုင်အောင် လုပ်ပစ်မယ်"
မြို့စောင့်နတ်အတုက ယုတ်မာစွာ ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် ပတ်ဝန်းကျင်တွင် အေးစက်သော လေများ တိုက်ခတ်လာသည်။
ဝိညာဉ်ရဲမက်နှင့် တရားသူကြီး အယောင်ဆောင်များမှာ လီယန်ချူကို ဝိုင်းဝန်း တိုက်ခိုက်ကြသည်။
ဝုန်း
လီယန်ချူ၏ မျက်လုံးများက လျှပ်စီးကဲ့သို့ ဝင်းလက်သွားပြီး လက်ထဲမှ ရွှေပုဆိန်မှာ အလင်းများ တောက်ပလာကာ တိုင်လုံးကြီးခန့်အထိ ကြီးမားသွားသည်။
ဝိညာဉ်ရဲမက်များမှာ တစ်ယောက်ပြီး တစ်ယောက် ရိုက်ခွဲခံလိုက်ရသည်။
ဝိညာဉ်များမှာ ပြာဖြစ်သွားကြသည်။
လီယန်ချူ အဝိုင်းခံထားရစဉ်အတွင်း မြို့စောင့်နတ်အတုက လှုပ်ရှားလိုက်သည်။
သူ၏ လက်ထဲတွင် အနက်ရောင် တံဆိပ်ပြား တစ်ခု ပေါ်လာပြီး၊ ထိုအပေါ်တွင် မိစ္ဆာသရဲပေါင်း သောင်းခြောက်ထောင်ကို ထွင်းထုထားကာ အလွန်ပင် ယုတ်မာသော အငွေ့အသက်များ ရှိနေသည်။
ဝိညာဉ်အတွင်းသို့ ယူဆောင်လာနိုင်သည်ကို ကြည့်ခြင်းဖြင့် ထိုအရာမှာ သာမန်အရာမဟုတ်ဘဲ မိစ္ဆာလက်နက် ဖြစ်ကြောင်း သိနိုင်သည်။
အပြန်အလှန် စမ်းသပ်နေခြင်းမရှိဘဲ နှစ်ဖက်စလုံးက ပြင်းထန်သော တိုက်ပွဲထဲသို့ ရောက်သွားကြသည်၊ မည်သူမျှ လက်တွန့်ခြင်း မရှိကြပေ။
အပြင်းထန်ဆုံး နည်းလမ်းများကို ထုတ်သုံးကာ တစ်ဖက်လူကို သေကြောင်းကြံနေကြသည်။
မြို့စောင့်နတ်ကျောင်းအတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ငရဲပြည်မှ ဘီလူးသရဲများ၊ လှပသော မိန်းမပျို အယောင်ဆောင်ထားသော သရဲမများ ပေါ်လာကြသည်။
ဒါဟာ ဝိညာဉ်အဆင့်မှာ တိုက်ခိုက်နေတဲ့ တိုက်ပွဲ ဖြစ်သည်။
စိတ်ကူးတစ်ခုအတွင်းမှာတင် ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံရိပ်ယောင်တွေ အများကြီး ပေါ်လာနိုင်ပါတယ်။
လီယန်ချူ၏ မျက်လုံးများမှာ လျှပ်စီးကဲ့သို့ စူးရှသဖြင့် မိစ္ဆာများကို မကြောက်ပေ။
"ရွှေပုဆိန်ကို ကိုင်ပြီး လောကကို လှည့်လည်မယ်၊ ရွှေချပ်ဝတ်ကို ဆင်ပြီး တန်ခိုးပြမယ် မိစ္ဆာတွေ အရှုံးပေးစမ်း သတ် "
လီယန်ချူသည် တိုက်လေ ပို၍ ရဲရင့်လေဖြစ်ပြီး သူ၏အသံမှာ နားထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားသည်။
ချက်ချင်းပင် ရှေ့မှ မိစ္ဆာအငွေ့အသက်များနှင့် ကြောက်မက်ဖွယ် ပုံရိပ်ယောင်များ ပျောက်ကွယ်သွားပြီး လီယန်ချူ၏ မြင်ကွင်းမှာ ပြန်လည် ကြည်လင်လာသည်။
မူလက ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်နေသော မိစ္ဆာဝိညာဉ်များသည် လီယန်ချူ၏ ကိုယ်မှ ထွက်ပေါ်လာသော နတ်ဘုရား အငွေ့အသက်များကြောင့် နာကျင်ကာ မကပ်ရဲကြတော့ပေ။
"သတ်"
လီယန်ချူသည် သူ၏ ရွှေပုဆိန်ကို လွှဲယမ်းလိုက်ရာ လေပြင်းများနှင့် မိုးကြိုးများ ဝေ့ဝဲသွားသကဲ့သို့ပင်။
ဘုန်း
ဘုန်း
ဘုန်း
ရှေ့တွင်ရှိသော မိစ္ဆာရဲမက်နှင့် တရားသူကြီး အယောင်ဆောင်များ အားလုံး ဝိညာဉ် ပျက်စီးသွားကြသည်။
မြို့စောင့်နတ်အတုသည် သူ၏ အတတ်ပညာ အဖျက်ခံလိုက်ရသဖြင့် ကြမ်းပြင်ပေါ်တွင် လူးလိမ့်ကာ နာကျင်စွာ အော်ဟစ်နေသည်။
ဝိညာဉ်တိုက်ပွဲ သည် အန္တရာယ် အရှိဆုံး ဖြစ်သည်။
မြို့စောင့်နတ်အတုသည် ဝိညာဉ်၌ ပြင်းထန်စွာ ဒဏ်ရာရသွားပြီး အစွမ်းပြန်ထိ သွားခြင်း ဖြစ်သည်။
လီယန်ချူ ဖိတ်ခေါ်ထားသော ဝမ်လင်ကွမ်း၏ နတ်စွမ်းအားမှာ အလွန်ပင် ကြီးမားလှသည်။
ထိုမြို့စောင့်နတ်အတုမှာ တိုက်ရိုက်ပင် အစွမ်းအဖျက်ခံလိုက်ရသည်။
လီယန်ချူသည် ဤမိစ္ဆာကို သတ်ရန် အခွင့်အရေး ယူလိုက်သော်လည်း၊ ထိုမိစ္ဆာ၏ လက်ထဲမှ အနက်ရောင် တံဆိပ်ပြားထံမှ အေးစက်သော လေများ ထပ်မံ ထွက်ပေါ်လာသည်။
အရပ်အလွန်မြင့်ပြီး စွယ်ပြူးနေသော ဘီလူးတစ်ကောင် သည် ခက်ရင်းခွ ကို ကိုင်ဆောင်ကာ ပေါ်လာသည်။
မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေသည်။
ဝေမြို့အတွင်းမှ မထင်မရှားသော ဝိညာဉ် ဆယ်ဂဏန်းခန့်သည် ထိုဘီလူး၏ ကိုယ်ပေါ်သို့ ရုတ်တရက် စုစည်းသွားကြသည်။
"ဒါက မင်းရဲ့ နောက်ဆုံးလက်နက်လား"
လီယန်ချူက လှောင်ပြောင်လိုက်သည်။
ထိုဘီလူးသည် ဝိညာဉ်ကို ဆွဲဖြဲနိုင်သော ထူးဆန်းသည့် အစွမ်းဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
"ဘယ်သူက ငါ့ကို ခေါ်တာလဲ"
ဘီလူး၏ အသံမှာ မြို့စောင့်နတ်ကျောင်းအတွင်း ဟိန်းထွက်သွားသည်။
"ပညာကလေး ယဥလောက်နဲ့ လာကြွားနေတာပဲ"
လီယန်ချူ၏ ကိုယ်ပေါ်မှ နတ်ဘုရား အငွေ့အသက်များသည် တောက်ပသော နေမင်းကြီးကဲ့သို့ ဖြစ်လာသည်။
"တံဆိပ်တော်က ငါ့လက်ထဲမှာ ရှိတယ်၊ မိစ္ဆာအပေါင်းကို နှိမ်နင်းမယ်၊ ငါ့ကို ဆန့်ကျင်တဲ့သူမှန်သမျှ မြူမှုန်ဖြစ်အောင် ချေမှုန်းမယ် အမိန့်အတိုင်း ဖြစ်စေ မိစ္ဆာကို သတ်စေ"
သူ၏ လက်ထဲတွင် နတ်ဘုရား တံဆိပ်တော် ပေါ်လာပြီး ရွှေပုဆိန်မှာ အလင်းများ အကြီးအကျယ် တောက်ပလာသည်။
ရွှေပုဆိန်ဖြင့် ဝှေ့ယမ်းလိုက်ရာ ထိုအနက်ရောင် တံဆိပ်ပြားမှာ ပျက်စီးသွားပြီး၊ ဘီလူးနှင့် ကျောင်းဆောင်အတွင်းရှိ ကျန်ရှိနေသော မိစ္ဆာများ အားလုံး ပြာဖြစ်သွားကြသည်။
မိစ္ဆာလက်နက် ပျက်စီးသွားသည်ကို ခံစားလိုက်ရသောအခါ မြို့စောင့်နတ်အတုသည် အကြီးအကျယ် ဒေါသထွက်သွားသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"မဖြစ်နိုင်တာ"
သူ၏ ဝိညာဉ်မှာ ဆွဲဖြဲခံရသကဲ့သို့ နာကျင်နေပြီး၊ လီယန်ချူကို မကျေမနပ်ဖြစ်ကာ ယုတ်မာသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
အခန်း (၆၂) - မိစ္ဆာကို နှိမ်နင်းခြင်း ရှုပ်ထွေးပွေလီလှသော အခြေအနေ
လီယန်ချူသည် ရွှေပုဆိန်ကို တိုက်ရိုက်မြှောက်ကာ မြို့စောင့်နတ်ကို သတ်ဖြတ်နှိမ်နင်းလိုက်သည်။
"ဘာတွေ အပိုစကားများနေတာလဲ "
မြို့စောင့်နတ်ကျောင်းအတွင်းရှိ အေးစက်သော မိစ္ဆာအငွေ့အသက်များမှာ မောင်းထုတ်ခြင်းခံလိုက်ရပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
လီယန်ချူ၏ ဝိညာဉ်သည် တာအိုကျောင်းသို့ အမြန်ပြန်သွားသည်။
ဝိညာဉ်သည် ရုပ်ခန္ဓာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားချိန်တွင် လီယန်ချူ မျက်လုံးဖွင့်လိုက်ရာ အားအင်အပြည့် ရှိနေမြဲပင်။
ဒါဟာ သူ ပထမဆုံးအကြိမ် ဝိညာဉ်အဆင့် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ ဖြစ်သည်။
လင်ကွမ်းဖိတ်ခေါ်အဆောင်ကို အားကိုးပြီး ဒီလောက်အထိ အစွမ်းပြနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
သူ့လက်ထဲက လင်ကွမ်းဖိတ်ခေါ်အဆောင်ဟာလည်း ပြီးခဲ့တဲ့တစ်ခေါက် ငါးပါးမိုးကြိုးအဆောင်တုန်းကလိုပဲ သုံးပုံတစ်ပုံလောက် မှိန်သွားပြီ။
သူ့ရဲ့ ကုသိုလ်မှတ်တွေကလည်း ၃၈၁၀ ဖြစ်သွားခဲ့ပြီ။
လီယန်ချူသည် ဒီညရဲ့ အဖြစ်အပျက်ကို ပြန်စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
မူလကတော့ သရဲမွေးတဲ့အတတ်ကို ကျွမ်းကျင်တဲ့ ထူးခြားတဲ့ပညာရှင် ဒါမှမဟုတ် မိစ္ဆာဘုန်းကြီး၊ မိစ္ဆာတာအို တစ်ယောက်ယောက် ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာ။
မထင်မှတ်ဘဲ တစ်ဖက်လူက ဝေမြို့မြို့စောင့်နတ် ပုံစံနဲ့ အမြဲကိုယ်ထင်ပြခဲ့ပြီး သူ့လက်အောက်က မိစ္ဆာတွေကလည်း တရားသူကြီးတွေ၊ ဝိညာဉ်ရဲမက်တွေ ပုံစံမျိုး လုပ်ထားခဲ့တာပဲ။
"သူက တကယ်ပဲ ဒေသခံ မြို့စောင့်နတ် ဖြစ်နေတာများလား"
လီယန်ချူ၏ ခေါင်းထဲတွင် ထိုအတွေးက ရုတ်တရက် ဝင်လာသည်။
သို့သော် ချက်ချင်းပင် ခေါင်းခါလိုက်ပြီး ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။
ဒီည မြို့စောင့်နတ်ကျောင်းကို သွားခဲ့တာကြောင့် လီယန်ချူရဲ့ သံသယတွေ အဖြေရခဲ့ပေမဲ့ မေးခွန်းအသစ်တစ်ခု ထပ်ထွက်လာခဲ့ပြန်တယ်။
တစ်ဖက်လူ ပြောသွားတဲ့ သွေးစွန်းဒင်္ဂါးရဲ့ ဇစ်မြစ်ကရော အမှန်ပဲလား။
"အဲဒီ မြို့စောင့်နတ်အတုက ငါ့လက်ကို သုံးပြီး ချင်းယီမယ်တော် ရုပ်တုကို ဖျက်ဆီးခိုင်းတယ်၊ ကျောင်းကို ဖျက်ခိုင်းတယ်၊ ဒါဆိုရင် သူတို့က တစ်ဖွဲ့တည်း မဟုတ်တာ သေချာတယ်၊ သူပြောတဲ့စကားတွေကလည်း ၈၀ ရာခိုင်နှုန်းလောက် မယုံရဘူး"
လီယန်ချူ၏ မျက်လုံးများထဲတွင် စဉ်းစားခန်းဝင်နေသော အရိပ်အယောင်များ ပေါ်လာသည်။
သို့သော် ရန်သူ့ရဲ့ ရန်သူသည် မိတ်ဆွေ ဖြစ်သည်ဟု သူ မယူဆခဲ့ပေ၊ ထို့ကြောင့် ချင်းယီမယ်တော်အပေါ် သံသယရှိခြင်းကိုလည်း မဖျက်သိမ်းခဲ့ပါ။
သူ့အမြင်အရဆိုလျှင် ဖြစ်နိုင်ခြေတစ်ခုရှိသည်၊ ၎င်းမှာ ထိုချင်းယီမယ်တော်သည် အမှန်တကယ်ပင် မိစ္ဆာလမ်းစဉ်လိုက်သူဖြစ်ပြီး သွေးစွန်းဒင်္ဂါးကို အသုံးချကာ လူရှင်တို့၏ ဝိညာဉ်သုံးပါးနှင့် လိပ်ပြာခုနစ်ပါးကို စုပ်ယူနေခြင်းပင် ဖြစ်နိုင်သည်။
မြို့စောင့်နတ်အတုနဲ့ ချင်းယီမယ်တော်က ခွေးချင်းကိုက်နေကြတာလား။
မိစ္ဆာတစ်ကောင်က ငါ့လက်ကို သုံးပြီး နောက်ထပ် မိစ္ဆာတစ်ကောင်ကို ဖယ်ရှားခိုင်းတာလား။
လီယန်ချူသည် စားပွဲတွင် ထိုင်နေရင်း အလေးအနက် စဉ်းစားနေသည်။
သွေးစွန်းဒင်္ဂါးကိစ္စသည် မြို့စောင့်နတ်အတု ဝိညာဉ်ပျက်စီးသွားသဖြင့် ပြီးဆုံးသွားခြင်းမရှိဘဲ ပိုမို၍ပင် ရှုပ်ထွေးပွေလီလာခဲ့သည်။
သူသည် ယနေ့ည ဝိညာဉ်တိုက်ပွဲတွင် မြို့စောင့်နတ်အတုကို သတ်ဖြတ်ခဲ့ပြီးသဖြင့် ချင်းယီမယ်တော်ကျောင်းသို့ သွားရောက်စစ်ဆေးလိုသည့် စိတ်ဆန္ဒ မရှိတော့ပေ။
ချင်းယီမယ်တော်ကျောင်းသည် မြို့စောင့်နတ်ကျောင်းနှင့် မတူပေ၊ ဝေမြို့သူ ဝေမြို့သား အများစုက ချင်းယီမယ်တော်ကို ပို၍ ကိုးကွယ်ကြသဖြင့် အမွှေးနံ့သာမီးမှာ အလွန်စည်ကားလှသည်။
ထိုကဲ့သို့ ယုံကြည်ကိုးကွယ်မှု ကြီးမားသော နေရာမျိုးသည် ဝိညာဉ် များအတွက် အကြီးအကျယ် ဖိနှိပ်မှု ရှိတတ်သည်။
လီယန်ချူသည် အဆင်ခြင်မဲ့စွာ မလှုပ်ရှားခဲ့ပေ၊ အခြားတစ်ဖက်တွင်လည်း နေ့ဘက်က ချင်းယီမယ်တော်ကျောင်းသို့ သွားစဉ်က အရှိန်ဝါကြည့်အတတ် ဖြင့် စစ်ဆေးခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။
တကယ်လို့ ချင်းယီမယ်တော်မှာ ပြဿနာရှိတယ်ဆိုရင်တောင် အလွယ်တကူ သိနိုင်မှာ မဟုတ်ဘူးလို့ သူ ခံစားရသည်။
နောက်တစ်နေ့
လီယန်ချူနှင့် ပိုင်ဟုန်းထူတို့သည် သွေးစွန်းဒင်္ဂါးများကို ဆက်လက် စစ်ဆေးကြသည်၊ ဤကိစ္စကို အစိုးရရုံးက စီစဉ်ပေးထားသဖြင့် အလုပ်တွင် အလွန်မြန်ဆန်လှသည်။
တစ်နေ့လုံး စစ်ဆေးပြီးနောက် သွေးစွန်းဒင်္ဂါး နှစ်ရာကျော်ကို ထပ်မံ ရှာတွေ့ခဲ့သည်။
သူဌေးသားလေး ပိုင်ဟုန်းထူသည် နေ့တိုင်း ဒီဒင်္ဂါးတွေကို ကြည့်နေရသဖြင့် မျက်စိတောင် ပြာချင်နေပြီ။
အထူးသဖြင့် သွေးစွန်းဒင်္ဂါးတွေကို သီးသန့်ရွေးထုတ်ရတာကြောင့် အာရုံစိုက်မှု အပြည့်ထားရသည်။
အရာရှိဝမ်က သူတို့နှစ်ယောက်အတွက် အပူငြိမ်းပြီး မျက်စိကြည်လင်စေမည့် ကျွယ်မင်ကျီ လက်ဖက်ရည်နှင့် ဂန္ဓမာပန်း လက်ဖက်ရည်များကို အထူးပြင်ဆင်ပေးထားသည်။
အဓိက ပြဿနာမှာ ဒင်္ဂါးအများစုမှာ ကြိုးဖြင့် သီထားခြင်းဖြစ်သဖြင့် တစ်ပြားချင်း သေချာခွဲခြားရခြင်းပင်။
သူတို့နှစ်ယောက်မှာ
"ပိုက်ဆံရေတွက်လွန်းလို့ လက်တွေ နာကျင်လာတယ်" ဆိုတဲ့ ခံစားချက်ကို တကယ်ပဲ ရရှိခဲ့ကြသည်။
လီယန်ချူသည် ချင်းယွန်ကျောင်း၏ တစ်ဦးတည်းသော တာအိုဆရာဖြစ်ပြီး မူလက လောကီရေးရာများနှင့် ကင်းကွာနေသူဖြစ်သော်လည်း ယခုအခါတွင်မူ ယခင်ဘဝက မနက် ၉ နာရီမှ ည ၉ နာရီ၊ တစ်ပတ် ၆ ရက် အလုပ်လုပ်ခြင်း အလုပ်ပင်ပန်းမှုကို ပြန်လည် ခံစားနေရသည်။
နေ့တစ်နေ့ ကုန်ဆုံးသွားချိန်တွင် ပိုင်ဟုန်းထူမှာ မျက်နှာပျက်လျက် မျက်လုံးများကို ပွတ်ကာ သမ်းဝေနေတော့သည်။
လီယန်ချူက ပြုံးပြီး
"ဘာဖြစ်တာလဲ၊ ပိုက်ဆံတွေ ဒီလောက် ရေနေရတာကို မပျော်ဘူးလား"
ဟု မေးသည်။
ပိုင်ဟုန်ထူက မျက်လုံးအစုံ မှေးစက်လျက်
"ငါက ပိုက်ဆံကို စိတ်မဝင်စားတော့ဘူး"
ဟု ပြန်ပြောသည်။
လီယန်ချူက မျက်တောင်ခတ်လိုက်ပြီး
"ဒါဆိုရင် ကချေသည် တွေဆီမှာ သီချင်းသွားနားထောင်မလား ငါ ဒကာခံမယ်"
ပိုင်ဟုန်းထူသည် ချက်ချင်း ထရပ်လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ထွက်ခွာသွားသည်။
လီယန်ချူ ခဏမျှ ကြောင်သွားသည်၊ ဒီနေ့ ပိုင်ဟုန်းထူ ဘာဖြစ်နေတာလဲ။
ပိုင်ဟုန်ထူက ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လှည့်ကြည့်ကာ
"သွားလေ၊ ဘာလုပ်နေတာလဲ"
ဟု မေးလိုက်သည်။
"..."
လီယန်ချူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားသည်။
ယခုမှာ ညစာစားချိန် ဖြစ်သဖြင့် သူတို့နှစ်ယောက်လုံး ထိုက်ဖင်တည်းခိုခန်း သို့ မသွားရန် စကားမစပ်ဘဲ သဘောတူထားကြသည်။
ဆိုင်ရှင်မ သာ လီယန်ချူ ကချေသည်တွေ ဆီသွားတာကို သိရင် သူ့ကို မျက်နှာကောင်းပြမှာ မဟုတ်ဘူးလေ။
ထို့ကြောင့် သူတို့နှစ်ယောက်သည် လမ်းကြားထဲက ဆိုင်လေးတစ်ဆိုင်သို့ သွားပြီး ဝအောင် စားသောက်လိုက်ကြသည်။
ဒီဆိုင်ရဲ့ အသားလွှာ ဟော့ပေါ့က အရမ်းမွှေးတယ်၊ ဆိုင်က သေးပေမဲ့ အရသာကတော့ ထူးခြားလှသည်။
ဗိုက်ဝသွားမှ သူတို့နှစ်ယောက်သည် ဝေမြို့ရှိ ကချေသည်တွေရှိရာသို့ သွားရန် ပြင်လိုက်ကြသည်။
"ဒီနေ့ ဘာလို့ ရုတ်တရက်ကြီး ငါ့ကို သီချင်းနားထောင်ဖို့ ခေါ်သွားတာလဲ"
ပိုင်ဟုန်းထူက မျက်နှာတွင် သွေးရောင်လွှမ်းလျက် လီယန်ချူကို နားမလည်နိုင်သလို ကြည့်ကာ မေးသည်။
"အဲဒီဆီကို ကောင်းကောင်း မရောက်ဖူးသေးလို့၊ သွားကြည့်ရုံပါ"
လီယန်ချူက ပြုံးပြီး ပြောသည်။
ပိုင်ဟုန်းထူက သံသယဖြင့်
"ဒီလောက်ပဲလား"
လီယန်ချူက အေးအေးဆေးဆေးပင်
"ငါ ကံစမ်းကြည့်ချင်လို့ပါ၊ ကချေသည် နဲ့ ပြည့်တန်ဆာအိမ်တွေဆိုတာ ပညာရှင်တွေ ပုန်းအောင်းနေတတ်တဲ့ နေရာတွေ မဟုတ်လား ဝေမြို့ထဲမှာ ပုန်းနေတဲ့ စက္ကူရုပ်လုပ်တဲ့သူ ကို တွေ့မလားလို့ သွားကြည့်မလို့ပါ"
ပိုင်ဟုန်းထူက ရယ်မောလိုက်ပြီး
"မင်းရဲ့ အကြောင်းပြချက်က ငါ့ထက်တောင် ပိုပြီး ယုတ္တိမရှိသေးတယ်"
လီယန်ချူက မျက်မှောင်ကြုတ်ကာ
"မင်းရဲ့ အကြောင်းပြချက်က ဘာလဲ"
ပိုင်ဟုန်ထူက ဂုဏ်ယူစွာဖြင့်
"လောကီသားတို့ရဲ့ ပျော်ရွှင်မှုကို နှစ်သက်လို့ပေါ့"
လီယန်ချူ မျက်လုံးများ ဝင်းလက်သွားပြီး ခေါင်းညိတ်လိုက်သည်
"ဟုတ်သားပဲ၊ နောက်ဆိုရင် ငါလည်း အဲဒီအတိုင်း ပြောမယ်"
သူတို့နှစ်ယောက်သည် စကားပြောဆို ရယ်မောရင်း ပွဲကြည့်စင် ရှိရာသို့ လျှောက်သွားကြသည်။
လီယန်ချူ ပွဲကြည့်စင်ကို စိတ်ဝင်စားတာ အမှန်ပဲ ဖြစ်သော်လည်း၊ ဒီတစ်ခေါက် သွားတာကတော့ ကံစမ်းကြည့်ချင်တာကြောင့်လည်း ပါဝင်သည်။
ဝူဟူဂိုဏ်း တစ်ဂိုဏ်းလုံး အသတ်ခံရတဲ့ ကိစ္စမှာ သရဲမွေးတဲ့သူရယ်၊ စက္ကူရုပ်လုပ်တဲ့သူရယ် ပါဝင်နေတယ်။
ဒါ့အပြင် လူအရေခွံခြယ်သထးခြင်း အတတ်ကို ကျွမ်းကျင်တဲ့ ပညာရှင် တစ်ယောက်လည်း ပါဝင်နေနိုင်သေးတယ်၊ သူက ဘယ်လိုနေရာက ပါဝင်နေလဲ ဆိုတာတော့ မသိရသေးဘူး။
လောလောဆယ်မှာတော့ သရဲမွေးပြီး လူသတ်နေတဲ့ မြို့စောင့်နတ်အတုကို နှိမ်နင်းပြီးပြီ၊ စက္ကူရုပ်လုပ်တဲ့သူကတော့ ဘယ်ရောက်နေမှန်း မသိသေးဘူး။
လီယန်ချူက အရာရှိ ဝမ်ကို ခိုင်းပြီး မြို့ထဲက ဖယောင်းတိုင်ဆိုင်တွေ၊ စက္ကူရုပ်ဆိုင်တွေ၊ ခေါင်းတလားဆိုင်တွေကို အကုန် ရှာခိုင်းထားပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ဘူး။
သူကိုယ်တိုင် ဝိညာဉ်ကိုယ်ပွားနဲ့ မြို့ထဲက သုသာန်တွေ၊ အလောင်းပြင်ရုံတွေလိုမျိုး မိစ္ဆာအငွေ့အသက် များတဲ့နေရာတွေကို လိုက်ရှာခဲ့ပေမဲ့လည်း ဘာမှ မတွေ့ခဲ့ဘူး။
မနေ့က သူ ရုတ်တရက် အတွေးတစ်ခု ရခဲ့တယ်၊ ဒီစက္ကူရုပ်လုပ်တဲ့သူက အမျိုးသမီးတစ်ယောက် ဖြစ်နေမလား၊ ပြီးတော့ ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်များလား။
ဘာလို့ ဒီလို တွေးမိလဲဆိုရင် ဝူဟူဂိုဏ်းချုပ် ကုန်းစွန်းချုံးက အမျိုးသမီးတစ်ယောက်ကို ခေါ်လာပြီးတဲ့နောက်မှာ စိတ်နေစိတ်ထားတွေ ပြောင်းလဲသွားခဲ့လို့ပဲ။
ဒါကြောင့် လီယန်ချူက ဒီအတွေးဟာ စက္ကူရုပ်လုပ်တဲ့သူ ဆိုတဲ့ ပုံစံနဲ့ မကိုက်ညီပေမဲ့လည်း စမ်းကြည့်ဖို့ တန်တယ်လို့ ယူဆလိုက်သည်။
ဘယ်နေရာမှာ အမျိုးသမီးတွေ အများဆုံး ရှိပြီး စုံစမ်းရတာ အလွယ်ဆုံးလဲ။
အဲဒါ ကချေသည် တွေဆီ ပဲပေါ့။
ဒါဟာ လီယန်ချူရဲ့ စိတ်ထဲက ပွဲကြည့်စင် သွားချင်တာကို အကြောင်းပြချက် ရှာလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် သွားကြည့်တာတော့ အမှားမရှိပါဘူး။
စားသောက်ဆိုင်ကနေ ပွဲကြည့်စင်ကို သွားဖို့အတွက် မှောင်မည်းနေတဲ့ လမ်းကြားတချို့ကို ဖြတ်ရတယ်၊ သူတို့နှစ်ယောက်လုံးဟာ ကျွမ်းကျင် သူတွေ ဖြစ်တာကြောင့် မကြောက်ကြပါဘူး။
သာမန်လူတွေဆိုရင်တော့ ဒီလို လမ်းကြားတွေကို ညဘက် ဖြတ်လျှောက်ရဲမှာ မဟုတ်ဘူး။
သူတို့နှစ်ယောက်က ညမထွက်ရအမိန့် မတိုင်ခင် ပွဲကြည့်စင် ရောက်ဖို့အတွက် လမ်းဖြတ်တစ်ခုကို ရွေးလိုက်ကြသည်။
မကြာခင်မှာပဲ အရမ်းနက်တဲ့ လမ်းကြားတစ်ခုထဲကို ရောက်သွားကြတယ်။
လမ်းဘေး ဝဲယာမှာ ထွားကျိုင်းလှတဲ့ လေသီးပင် တွေ စိုက်ထားပြီး သစ်ပင်အုပ်တွေက လမ်းကိုတောင် ဖုံးအုပ်ထားသည်။
ကြည့်ရတာ တော်တော်စိမ့်စိမ့် ဖြစ်နေသည်။
လူထုကြားမှာတော့ ထင်းရှူးပင်၊ စနိုးပင်၊ လေသီးပင်၊ အယ်လ်မ်ပင်နဲ့ ကူးပရပ်စ်ပင်တွေကို ယင်ဓာတ်ကြီးမားသော သစ်ပင် ၅ မျိုး လို့ ခေါ်ကြသည်။
ဒီသစ်ပင် ၅ မျိုးက ယင်ဓာတ် အရမ်းများတယ်။
ဒီလမ်းကြားက လေသီးပင်တွေက ကြည့်ရတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပုံရသည်။
"ညောင် "
တောကြောင်တစ်ကောင်က စူးရှစွာ အော်ဟစ်လိုက်ပြီး လမ်းဆုံကနေ အမွေးအမှင်တွေ ထောင်ကာ ထွက်ပြေးသွားသည်။
လီယန်ချူက လမ်းကြားအဝင်ကို မော့ကြည့်လိုက်ရာ မှောင်အတိ ကျနေသည်။
"မောင်ရင်လေး... ကုဟော်မြို့နယ်ကို ဘယ်လိုသွားရမလဲဆိုတာ သိလား"
နောက်ကျောဘက်ကနေ ရုတ်တရက် သူစိမ်းဖြစ်တဲ့ အဘိုးကြီးတစ်ယောက်ရဲ့ အသံ ထွက်ပေါ်လာသည်။