← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅) - ဝိညာဉ်ကိုယ်ပွား ထွက်ခွာခြင်း

လီယန်ချူသည် ထပ်မံအတည်ပြုပြီးနောက်တွင်ပင် အနည်းငယ် မယုံနိုင်စရာ ဖြစ်နေဆဲပင်။

ဘွဲ့ရထားသည့် ပညာတတ်တစ်ဦးက မသေဆေးတည်ရှိရာနေရာကို မည်သို့ သိရှိသွားရသနည်း။

လီယန်ချူသည် ထိုအိမ်စေ၏ နောက်ကြောင်းကို မေးမြန်းပြီးနောက် အိမ်ရှင်မကို ပြန်လွှတ်လိုက်သည်။

အိမ်ရှင်မ၏ ပြောပြချက်အရ ထိုအိမ်စေ၏ အမည်မှာ စုန့်ရိ ဖြစ်ပြီး လွန်ခဲ့သော လဝက်ခန့်က အိမ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်၊ ကြည့်ရသည်မှာလည်း အလွန်ရိုးသားပြီး ပုံမှန်အားဖြင့် အလုပ်အကိုင်လည်း ကြိုးစားသူ ဖြစ်သည်။

ယုတ်မာသော စိတ်ထားရှိသည့် လူသတ်သမားတစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အလိုရှိခံထားရသော အချို့သော ဓားပြ၊ လူမိုက်များ အမည်ဝှက်ဖြင့် ပုန်းအောင်းနေတတ်သည်ကို လီယန်ချူ အတော်များများ ကြားဖူးထားသည်။

နောက်ထပ် သိလိုသည်များကိုမူ အစိုးရရုံးမှ ရဲမက်များက သေချာစစ်ဆေးမေးမြန်းရပေဦးမည်။

တစ်ဖက်လူက သေဆုံးသူကို သတ်ဖြတ်ခြင်းမှာ ပစ္စည်းဥစ္စာကို မက်မော၍လား သို့မဟုတ် တစ်စုံတစ်ဦး၏ ခိုင်းစေချက်ကြောင့်လား ဆိုသည်ကိုပေါ့။

ပိုင်ဟုန်းထူက ရှေ့သို့တိုးကာ

"ဘာဖြစ်လို့လဲ"

ဟု မေးသည်။

လီယန်ချူက အရင်က ဝူလင်စန်းရန်သည် ဘုန်းကြီးကို ဝေမြို့သို့ ဖိတ်ခေါ်ကာ မသေဆေးကို အတူတူရှာဖွေရန် ပြောခဲ့သည့် အကြောင်းအရာများကို ပြောပြလိုက်သည်။

ထို့အပြင် ယနေ့ တွေ့ဆုံခဲ့သော သေဆုံးသူမှာ ဝူလင်စန်းရန် ဖြစ်နေကြောင်းကိုလည်း ပြောပြလိုက်သည်။

ပိုင်ဟုန်းထူသည်လည်း အလွန်အံ့ဩသွားရသည်။

"ဒါက တကယ်ကို တိုက်ဆိုင်လွန်းတာပဲ"

လီယန်ချူက

"ဟုတ်တယ်၊ ချင်းယီကျောင်းတော်ပွဲ စတင်တဲ့ ပထမဆုံးနေ့မှာပဲ ဝူလင်စန်းရန် အသတ်ခံရတာဟာ တကယ်ကို တိုက်ဆိုင်လွန်းနေတယ်"

"နောက်ပြီး ဒီလူက တကယ်ပဲ ဘုန်းကြီးကို ဝေမြို့ကို ဖိတ်ခဲ့တဲ့ ဝူလင်စန်းရန် ဟုတ်မဟုတ် ဆိုတာကလည်း မသေချာသေးဘူး၊ ဒီလူက ပညာတတ်တစ်ယောက် ဖြစ်နေတော့ လောကပြင်ပက ပညာရှင်တစ်ယောက်နဲ့ မတူဘူး"

ပိုင်ဟုန်းထူက ခဏစဉ်းစားပြီး

"အဲဒါကလည်း မပြောနိုင်ဘူးလေ၊ ပညာတတ်တွေက စာအုပ်တွေ အများကြီး ဖတ်ထားတော့ မသေဆေးရဲ့ တည်နေရာနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ တွေ့ရှိမှုမျိုး ရှိနိုင်တာပဲ၊ အဲဒါကြောင့်လည်း ကူညီပေးဖို့ ဘုန်းကြီးကို ဖိတ်ခေါ်ခဲ့တာ ဖြစ်မှာပေါ့"

"ဝူလင်စန်းရန် ဆိုတာကလည်း အရပ်ထဲက အစွမ်းထက်တဲ့ ပညာရှင်ကြီး တစ်ဦးပဲ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး"

လီယန်ချူ မှင်တက်သွားပြီး

"အကျိုးအကြောင်း ရှိသားပဲ"

ဟု ဆိုလိုက်သည်။

ပိုင်ဟုန်းထူသည် အချို့သော ကိစ္စရပ်များအပေါ် မြင်သည့် အမြင်မှာ တကယ်ပင် လူကို မျက်စိပွင့်သွားစေသည်ဟု လီယန်ချူ ယူဆမိသည်။

ဤဖြစ်ရပ်လေးပြီးနောက် သူတို့နှစ်ဦးမှာ ဆက်လက်လည်ပတ်ရန် စိတ်မပါတော့ပေ။

ပိုင်ဟုန်းထူက လီယန်ချူကို ကချေသည်ဝိုင်းသို့ သွားရောက်ကာ သီချင်းနားထောင်ရန် ဖိတ်ခေါ်သော်လည်း လီယန်ချူက ငြင်းပယ်လိုက်သည်။

သူက ဟန်ဆောင်ပြီး တည်ငြိမ်ပြနေခြင်း မဟုတ်ဘဲ လီယန်ချူသည် ယခုအချိန်တွင် တကယ်ပင် စိတ်မပါခြင်း ဖြစ်သည်။

ပါးလွှာသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ကချေသည်ဝိုင်းမှ လှပသော အမျိုးသမီးများကို လီယန်ချူ အလွန်ပင် သဘောကျပါသော်လည်း။

လတ်တလောတွင် ဝေမြို့၌ လှိုင်းများ ထန်နေပြီး အခြေအနေများ မငြိမ်မသက် ဖြစ်နေသဖြင့် လီယန်ချူ၌ ထိုကဲ့သို့ အပန်းဖြေလိုစိတ် ယာယီအားဖြင့် မရှိသေးပေ။

ပိုင်ဟုန်းထူကလည်း အတင်းအကျပ် မတိုက်တွန်းဘဲ တစ်ဦးတည်း ကချေသည်ဝိုင်းသို့ သွားခဲ့သည်။

လီယန်ချူမှာမူ တာအိုကျောင်းသို့ ပြန်လာပြီး

ဟွမ်ထင်တာအိုကျမ်း ကို ကျင့်ကြံနေသည်။

ကိစ္စရပ်များစွာ ကြုံတွေ့ခဲ့ရသော်လည်း စိတ်ကို တည်ငြိမ်အောင် ထားနိုင်သည်မှာ သူ၏ အားသာချက် ဖြစ်သည်။

သူသည် အလုပ်တစ်ခုခု လုပ်ဆောင်လျှင် စိတ်အလွန် ငြိမ်သက်တတ်ပြီး ယင်းမှာ တာအိုကျင့်ကြံသူတို့၏ လမ်းစဉ်နှင့် ပိုမိုကိုက်ညီသည်။

လီယန်ချူ၏ ကိုယ်ပေါ်တွင် လင်ကွမ်းဖိတ်ခေါ်အဆောင် ကို ဆောင်ထားသဖြင့် စွမ်းအင်နှင့် ဝိညာဉ်ဓာတ်များကို ပြုစုပျိုးထောင်ပေးနေပြီး ယခုတိုင် စိတ်ဓာတ်များ တက်ကြွနေဆဲ ဖြစ်သည်။

သူသည် ယနေ့ညတွင် ဟွမ်ထင်တာအိုကျမ်း ထဲ၌ မှတ်တမ်းတင်ထားသော မန္တန်အတတ်တစ်ခုကို စမ်းသပ်လိုသည်။

ယင်းမှာ ဝိညာဉ်ကိုယ်ပွား ထွက်ခွာခြင်း ပင် ဖြစ်သည်။

သူ၏ အရင်ဘဝတွင်လည်း နတ်ဒဏ္ဍာရီ ဝတ္ထုများ၊ ရုပ်ရှင်များစွာ ကြည့်ဖူးသဖြင့် ဝိညာဉ်ထွက်ခွာခြင်း ဆိုသည့် သဘောတရားကို မစိမ်းပေ။

သို့သော် ဝတ္ထုတစ်ပုဒ်ချင်းစီ၏ သတ်မှတ်ချက်မတူသဖြင့် ထိုအတတ်ကို အသုံးပြုနိုင်သည့် အချိန်မှာလည်း မတူညီကြပေ။

အချို့မှာ အလွန်မြင့်မားသော ကျင့်စဉ်အဆင့်သို့ ရောက်မှသာ လုပ်ဆောင်နိုင်ပြီး ယင်ဝိညာဉ် ထွက်ခွာခြင်းဟု ခေါ်ကြသလို၊ အချို့မှာမူ သာမန် ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။

အချို့သော နတ်ဒဏ္ဍာရီ ဇာတ်လမ်းများတွင်မူ အစမှအဆုံး တစ်ခါမျှပင် မပေါ်လာတတ်ပေ။

လီယန်ချူသည် ဟွမ်ထင်တာအိုကျမ်း ရှိ မှတ်တမ်းများအရ ထိုအတတ်နှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ နားလည်ထားသည်။

မည်သို့ ပြောရမည်နည်း

ထိုအတတ်မှာ အလွန် အန္တရာယ်များလှသည်၊ အကြောင်းမှာ လူ၏ ဝိညာဉ်မှာ အလွန်ပင် နုနယ်လှသောကြောင့်ဖြစ်ပြီး တာအိုကျင့်ကြံသူများ အစောပိုင်း ကျင့်ကြံစဉ်တွင် ဝိညာဉ်ထွက်ခွာခြင်းကို လုပ်ဆောင်ပါက။

အရာဝတ္ထုများစွာသည် ဝိညာဉ်ကို ထိခိုက်စေနိုင်ပြီး ထိုအချိန်တွင် ဝိညာဉ်မှာ အလွန် အားနည်းနေသေးသည်။

ဥပမာအားဖြင့် ဖယောင်းတိုင်မီး သို့မဟုတ် လောကရှိ မသန့်ရှင်းသော အငွေ့အသက် များကဲ့သို့ ဖြစ်သည်။

တစ်ခါတစ်ရံ လေတိုက်လိုက်ရုံဖြင့် ဝိညာဉ်မှာ လွင့်ထွက်သွားနိုင်ပြီး နောက်တစ်ကြိမ် နိုးလာသောအခါ မိမိကိုယ်မိမိ နွား သို့မဟုတ် မြင်းတစ်ကောင်၏ ကိုယ်ထဲသို့ ရောက်နေသည်ကို တွေ့ရနိုင်သည်။

သို့မဟုတ်လျှင်လည်း ဝိညာဉ်မှာ တိုက်ရိုက်ပင် ပျက်စီးသွားနိုင်သည်။

သို့သော်လည်း ဝိညာဉ်ထွက်ခွာခြင်း အတတ်ကို လီယန်ချူ အလွန်ပင် စိတ်ဝင်စားမိသည်။

ယခု မိမိကိုယ်ပေါ်တွင် ဝိညာဉ်ကို ကာကွယ်ပေးနိုင်သည့် လင်ကွမ်း ရှိနေသဖြင့် ကျင့်ကြံရန် လုံးဝ စမ်းသပ်ကြည့်နိုင်သည်။

ဟွမ်ထင်တာအိုကျမ်း ရှိ မှတ်တမ်းများအရ ဝိညာဉ်ထွက်ခွာပြီးနောက် သာမန်အချိန်တွင် မမြင်တွေ့နိုင်သော မြင်ကွင်းများကို မြင်တွေ့နိုင်သလို၊ တစ်ညတည်းဖြင့် မိုင်ပေါင်း ထောင်ချီ၊ သောင်းချီ၍လည်း ခရီးနှင်နိုင်သည်။

များပြားလှသော ထူးခြားချက်များ ရှိနေသဖြင့် လီယန်ချူ၏ အမြင်တွင် ယင်းမှာ စစ်မှန်သော နတ်ဘုရားတို့၏ အတတ်ပညာပင် ဖြစ်သည်။

လီယန်ချူသည် ဟွမ်ထင်တာအိုကျမ်း မှ အသက်ရှူသွင်း၊ ရှူထုတ်သည့် ကျင့်စဉ်များကို ကျွမ်းကျင်စွာ ကျင့်ကြံထားပြီး ဖြစ်သည်။

သို့သော် ဝိညာဉ်ထွက်ခွာခြင်း အတတ်ကိုမူ ပထမဆုံးအကြိမ် စမ်းသပ်ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ဤအတတ်မှာ တာအိုကျင့်ကြံသူတို့၏ ဒုတိယအဆင့်သို့ ရောက်မှသာ ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။

ပထမအဆင့်ကို စွမ်းအင်စုစည်းခြင်း ကျင့်ကြံသူ ဟု ခေါ်သည်၊ အမည်အတိုင်းပင် အသက်ရှူသွင်းရှူထုတ်သည့် နည်းလမ်းများကို ကျင့်ကြံပြီး လောကရှိ စွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသို့ သွင်းယူကာ မိမိ၏ အတွင်းစွမ်းအားများကို အားကောင်းအောင် လုပ်ဆောင်ခြင်း ဖြစ်သည်။

ဒုတိယအဆင့်ကိုမူ ယင်ဝိညာဥ် ဟု ခေါ်သည်၊ ဝိညာဉ်ထွက်ခွာကာ မိုင်ပေါင်းထောင်ချီ ခရီးနှင်နိုင်ပြီး မမြင်နိုင်သော အရာများကို မြင်တွေ့နိုင်သည်။

တတိယအဆင့်ကိုမူ ယန်ဝိညာဥ် ဟု ခေါ်ပြီး၊ ဝိညာဉ်မှာ နေ့ခင်းဘက်တွင်ပင် သွားလာနိုင်ကာ အလွန်ကြီးမားသော တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ကာ ဘေးဒုက္ခအပေါင်းကို ကျော်လွှားနိုင်ခြင်း ဖြစ်သည်။

ထိုအဆင့်မှ ဆက်လက်၍ ကျင့်ကြံရမည့် အဆင့်များကိုမူ ဟွမ်ထင်တာအိုကျမ်း တွင် အသေးစိတ် မှတ်တမ်းတင်ထားခြင်း မရှိပေ။

ထို့ကြောင့် တိတိကျကျ ပြောရလျှင် လီယန်ချူသည် ယခုအခါ စွမ်အားစုစည်းခြင်း အစောပိုင်းအဆင့်၌သာ ရှိနေသဖြင့် ဝိညာဉ်ထွက်ခွာခြင်းကို မကျင့်ကြံနိုင်သေးပေ၊ အထူးသဖြင့် မိမိ၏ ဆရာလည်း မရှိတော့ပေ။

ဝိညာဉ်ကို စောင့်ရှောက်ပေးမည့်သူ မရှိခြင်း ဖြစ်သည်။

သို့သော်

လီယန်ချူသည် ကစားသမား တစ်ဦး ဖြစ်နေသည် မဟုတ်လား၊ ကိုယ်ပေါ်တွင် ကုသိုလ်မှတ် တစ်ထောင် အသုံးပြုကာ အဆင့်မြင့်တင်ထားသည့် လင်ကွမ်းအဆောင် ရှိနေပြီး ၄င်းမှာ နတ်ဘုရားအရှိန်အဝါများ ရှိနေပြီ ဖြစ်သည်။

လီယန်ချူ၏ ဝိညာဉ်ကို ကာကွယ်ပေးနိုင်သည်။

ထို့နောက် လီယန်ချူသည် တင်ပလ္လင်ခွေထိုင်ကာ ဟွမ်ထင်တာအိုကျမ်း ရှိ နည်းလမ်းများအတိုင်း ဝိညာဉ်ထွက်ခွာခြင်းကို စတင်ကျင့်ကြံလေသည်။

လီယန်ချူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ လည်ပတ်လာသည်နှင့်အမျှ ဆန်းကြယ်သော အငွေ့အသက်များက သူ့ရှေ့တွင် ပေါ်ပေါက်လာသည်။

သူသည် မိမိ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးလာသည်ဟု ခံစားရသည်၊ ပို၍ ပို၍ ပေါ့ပါးလာကာ တစ်ကိုယ်လုံး အပေါ်သို့ မြောက်တက်လာတော့မည့်အလား ခံစားနေရသည်။

တာအိုပညာရပ်တွင် ဝိညာဉ်ကို ဖမ်းယူသည့် အတတ်များ ရှိသည်၊ သူတစ်ပါး၏ ဝိညာဉ်ကို တိုက်ရိုက် ဆွဲထုတ်နိုင်ပြီး ဝိညာဉ်သည် ခန္ဓာကိုယ်မှ ခွဲထွက်သွားသောအခါ ဤကဲ့သို့ ပေါ့ပါးသော ခံစားချက်မျိုး ရှိတတ်သည်။

သို့သော် ယခု လီယန်ချူသည် မိမိဘာသာ ဝိညာဉ်ထွက်ခွာရန် တက်ကြွစွာ ကြိုးစားနေခြင်း ဖြစ်သည်

မည်မျှကြာသွားသည်မသိ၊ လီယန်ချူ၏ မျက်စိရှေ့တွင် အဖြူရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပုံရသည်။

မူလက တင်ပလ္လင်ခွေထိုင်ကာ စံနမူနာပြ ကျင့်ကြံနေသော သူသည် ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

သူသည် ဒုတိယအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး သွေးချီအားကောင်းလှသဖြင့် ဆောင်းတွင်းအေးလှသော အချိန်တွင်ပင် အကျီမပါဘဲ နွေးထွေးနေမည့်သူ ဖြစ်သည်။

သို့သော် ယခုမူ တစ်ကိုယ်လုံး ဆီးနှင်းများကြားရှိ အေးစက်လှသော ရေကန်ထဲသို့ ကျသွားသည့်အလား ခံစားလိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်တက်သွားသည်။

လီယန်ချူ မျက်လုံးဖွင့်လိုက်ရာ အနည်းငယ် ဝေဝါးသော အမူအရာ ရှိနေသည်။

ထို့နောက် သူသည် မိမိ၏ နောက်ထပ် ခန္ဓာကိုယ်တစ်ခုကို မြင်လိုက်ရသည်ကို တွေ့ရှိသွားသည်

ထိုခန္ဓာကိုယ်မှာ မိမိပင် ဖြစ်ပြီး တင်ပလ္လင်ခွေထိုင်ကာ အမူအရာ တည်ငြိမ်လျက် မလှုပ်မယှက် ရှိနေသည်၊ ကြံ့ခိုင်သော သစ်ပင်အိုကြီး တစ်ပင်ကဲ့သို့ပင်။

ရင်ဘတ်ထဲရှိ အဆောင်ပြားလေးမှ နတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်နေပြီး မိမိ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေသည်။

ယင်းမှာ လီယန်ချူ ကုသိုလ်မှတ် တစ်ထောင် အသုံးပြုကာ အဆင့်မြင့်တင်ထားသည့် လင်ကွမ်းအဆောင် ပင် ဖြစ်သည်

"ဒါက... အောင်မြင်သွားတာလား"

လီယန်ချူ၏ မျက်လုံးထဲတွင် အတိုင်းထက်အလွန် ဝမ်းသာမှုများ ထွက်ပေါ်လာသည်။

မိမိ၏ ရုပ်ကလာပ်ကို ကိုယ်တိုင် ပြန်မြင်တွေ့ရခြင်းမှာ ဆန်းသစ်သော အတွေ့အကြုံဖြစ်သဖြင့် သူ အလွန်ပင် ပျော်ရွှင်နေသည်။

သို့သော်လည်း သူ၏ ကိုယ်ပေါ်တွင် စိမ့်ဝင်နေသော အေးစက်မှုကို ခံစားနေရဆဲ ဖြစ်သည်။

"တကယ်ကို အေးတာပဲကွာ"

လီယန်ချူ မနေနိုင်ဘဲ ချမ်းတုန်သွားသည်။

ဝူး

ဝူး

ညဉ့်လေသည် သစ်သားပြတင်းပေါက် အက်ကွဲကြောင်းမှတစ်ဆင့် လီယန်ချူ၏ ဝိညာဉ်ပေါ်သို့ တိုက်ခတ်လာရာ မူလက ခိုင်မာနေသော ဝိညာဉ်မှာ ယိမ်းထိုးသွားသည့် အမှတ်အသားများ ပြလာလေသည်။

အခန်း (၅၆) - ငရဲပြည်မှ ဝိညာဉ်ဖမ်းရဲမက်

"ဝိညာဉ်ကိုယ်ပွား ထွက်ခွာခြင်းက တကယ်ကို အန္တရာယ်များတာပဲ"

လီယန်ချူသည် ကြောက်စိတ်မပြေသေးဘဲ ရေရွတ်လိုက်မိသည်။

အကယ်၍ ယခုအချိန်တွင် ခန္ဓာကိုယ်နှင့် အလွန်ဝေးကွာသွားပါက လီယန်ချူသည် မိမိကိုယ်ကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ၊ အေးစက်သော လေအနည်းငယ် တိုက်ခတ်ရုံဖြင့် မည်သည့်နေရာသို့ လွင့်ပါးသွားမည်မှန်း မသိနိုင်ပေ။

လီယန်ချူသည် ဝိညာဉ်ထွက်ခွာခြင်းကို ဤမျှနှင့် မရပ်တန့်လိုသေးသဖြင့် မိမိ၏ ခန္ဓာကိုယ်အနီးသို့ အနည်းငယ် တိုးကပ်လိုက်ရာ၊ ရုပ်ခန္ဓာ၏ ယန်ဓာတ် က ဝိညာဉ်ကို ကာကွယ်ပေးလိုက်သဖြင့်။

စိမ့်ဝင်နေသော အအေးဒဏ်မှာ များစွာ လျော့ပါးသွားလေသည်။

သို့သော်လည်း လီယန်ချူ၏ ဝိညာဉ်မှာ နုနယ်လွန်းနေသေးပြီး လောကကြီးအတွင်းသို့ အချိန်ပြည့် ထိတွေ့နေရသဖြင့်။

အန္တရာယ်များက ဝန်းရံနေဆဲပင်။

ကောင်းကင်၏ သတ်ဖြတ်လိုသော အငွေ့အသက်၊ မြေကြီး၏ သတ်ဖြတ်လိုသော အငွေ့အသက်နှင့် လူသားတို့၏ သတ်ဖြတ်လိုသော အငွေ့အသက်များသည် လောကကြီး၏ ကြိတ်ဆုံကြီးကဲ့သို့ပင် လီယန်ချူ၏ ဝိညာဉ်ကို အချိန်မရွေး ကြိတ်ခြေဖျက်ဆီးရန် အသင့်ရှိနေကြသည်။

လီယန်ချူသည် မနေနိုင်ဘဲ နောက်ထပ်တစ်လှမ်း ပြန်ဆုတ်လိုက်မိသည်၊ ရုပ်ခန္ဓာ၏ သုံးတောင် ပတ်လည်အတွင်း ရောက်မှသာ လောကကြီး၏ သတ်ဖြတ်လိုသောအငွေ့အသက်များ၏ ခြိမ်းခြောက်မှုမှာ ပျောက်ကွယ်သွားတော့သည်။

လီယန်ချူ၏ ရင်ဘတ်အတွင်းရှိ လင်ကွမ်းဖိတ်ခေါ်အဆောင်သည် မှိန်ဖျော့သော နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်နေပြီး၊ နတ်ဘုရားတို့၏ အငွေ့အသက်များဖြင့် သူ၏ ဝိညာဉ်ကို ပြုစုပျိုးထောင်ကာ အစစအရာရာ အဆင်ပြေစေရန် စောင့်ရှောက်ပေးနေသည်။

လီယန်ချူ စိတ်ထဲမှ အတွေးတစ်ခု ပေါ်လာပြီး၊ ရုပ်ခန္ဓာ၏ ကိုယ်ပေါ်တွင် ကပ်ထားသော လင်ကွမ်းဖိတ်ခေါ်အဆောင်ကို ယူလိုက်ရာ ဝိညာဉ်မှာ ချက်ချင်းပင် နွေးထွေးသွားပြီး စွမ်းအင်များ ပြည့်ဝလာသည်ဟု ခံစားလိုက်ရသည်။

အဝေးသို့ရောက်လျှင် ဝိညာဉ်မတည်မငြိမ် ဖြစ်တတ်သည့် အခြေအနေမှ အလွန်ခိုင်မာသော အခြေအနေသို့ ပြောင်းလဲသွားပြီး၊ မမြင်ရသော စွမ်းအားတစ်ခုက သူ၏ ဝိညာဉ်ကို ကာကွယ်ထားပေးလေသည်။

ထို့နောက် လီယန်ချူသည် အခန်းအတွင်း၌ စတင် လှုပ်ရှားကြည့်သည်၊ ပထမဆုံးအကြိမ် ဝိညာဉ်ထွက်ခွာခြင်း ဖြစ်သဖြင့် သူ အလွန်ပင် ဆန်းသစ်နေမိသည်။

အခန်းထဲတွင် ခဏမျှ လှည့်ပတ်ကြည့်ပြီးနောက် လီယန်ချူသည် တံခါးနားသို့ ရောက်လာပြီး၊ အပြင်ဘက်ရှိ လောကကြီး၏ သတ်ဖြတ်လိုသော အငွေ့အသက်များသည် ယခု သူ၏အခြေအနေအတွက် အန္တရာယ်ရှိမရှိ စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

လက်ကို အသာအယာ ဆန့်ထုတ်လိုက်ရာ တံခါးကြီးကို တိုက်ရိုက် ဖြတ်ကျော်သွားလေသည်။

"တကယ်ပဲ၊ ဝိညာဉ်ထွက်ခွာပြီးရင် နံရံတွေ တံခါးတွေရဲ့ ပိတ်ဆို့မှုကို မခံရတော့ဘူး"

လီယန်ချူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ဟွမ်ထင်တာအိုကျမ်း ရှိ ဝိညာဉ်ထွက်ခွာခြင်းနှင့် ပတ်သက်သည့် မှတ်တမ်းများကို တစ်ခုချင်းစီ လက်တွေ့ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

ယခုအခါ နတ်ဘုရားအဆောင်ဖြစ်သော လင်ကွမ်းဖိတ်ခေါ်အဆောင်၏ ကာကွယ်မှုကြောင့် လီယန်ချူ၏ ဝိညာဉ်မှာ အလွန်ခိုင်မာနေပြီ ဖြစ်သဖြင့် အေးစက်သောလေ သို့မဟုတ် မီးရောင်များကို ကြောက်ရွံ့ခြင်း မရှိတော့ပေ။

သူသည် အခန်းတံခါးကို လွယ်ကူစွာ ဖြတ်ကျော်သွားပြီးနောက် ထပ်မံ၍ ပြန်ဝင်လာခဲ့သည်။

နံရံကို ဖြတ်ကျော်ရသည်မှာလည်း အလွန်ပင် လွယ်ကူလှသည်၊ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ပိုင်ဟုန်းထူ၏ အခန်းထဲသို့ ရောက်ရှိသွားသည်။

"ဟင်"

လီယန်ချူ အနည်းငယ် အံ့အားသင့်သွားသည်။

ပိုင်ဟုန်းထူ၏ အခန်းထဲတွင် သူ၏ ဓားရှည်ကြီး ချိတ်ဆွဲထားသည်၊ ထိုဓားမှာ မှိန်ဖျော့သော အလင်းတန်းများ ထွက်ပေါ်နေပြီး သတ်ဖြတ်လိုသော အရှိန်အဝါများလည်း ကိန်းအောင်းနေသည်။

ဤဓားမှာ ပိုင်ဟုန်းထူ၏ ဓားပျံအတတ် တွင် အသုံးပြုသော ဓားဖြစ်ပြီး သာမန်ဓားမဟုတ်ကြောင်း သိသာလှသည်။

သာမန် ဝိညာဉ် သရဲတစ္ဆေများမှာ ဤဓားအနီးသို့ပင် ကပ်နိုင်မည်မဟုတ်ပေ။

ပိုင်ဟုန်းထူ၏ ဂိုဏ်းမှာ တိုက်ခိုက်ခြင်းကို အဓိကထားပြီး ဓားပျံအတတ်နှင့် အဆောင်အတတ်များကို ကျွမ်းကျင်ကြသည်၊ ပိုင်ဟုန်းထူမှာ ငယ်ရွယ်သော်လည်း ပါရမီထူးပြီး တာအိုပညာရပ်များမှာလည်း အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုနေ့က မြို့ပြင်တွင် နတ်ဆိုး ကို သတ်ဖြတ်စဉ်ကပင် လီယန်ချူ သတိထားမိခဲ့သည်။

ထိုနတ်ဆိုးကို သာမန် သိုင်းပညာရှင်တစ်ဦးနှင့် ယှဉ်လျှင် ချက်ချင်းပင် အပိုင်းပိုင်း ဆွဲဖြတ်ခံရပေလိမ့်မည်။

အင်အားကြီးမားလှပြီး အရေခွံမှာ သံမဏိကဲ့သို့ မာကျောကာ အလွန်လျင်မြန်ပြီး လက်သည်းများမှာလည်း ထက်မြက်လှသည်။

မည်သို့ကြည့်ကြည့် အလွန်ကို ကိုင်တွယ်ရ ခက်ခဲသော မိစ္ဆာတစ်ကောင် ဖြစ်သည်။

သို့သော် ပိုင်ဟုန်းထူ၏ လက်အောက်တွင်မူ အချိန်အနည်းငယ်မျှသာ ခံနိုင်ခဲ့သည်၊ ပိုင်ဟုန်းထူမှာ အတွေ့အကြုံ အနည်းငယ် လိုအပ်နေ၍သာ ဖြစ်သည်၊ မဟုတ်လျှင် ပို၍ မြန်မြန် ပြီးသွားပေလိမ့်မည်။

ထိုနတ်ဆိုးသည် ပိုင်ဟုန်းထူ၏ ဓားနှင့် အဆောင်များဖြင့် လွယ်ကူစွာ အသတ်ခံလိုက်ရသည်။

ဤစွမ်းအားမှာ အမှန်တကယ်ပင် ချီးကျူးဖွယ် ကောင်းလှသည်။

လီယန်ချူ ပြုံးလိုက်မိသည်၊ ဤကဲ့သို့သော သူငယ်ချင်းကောင်းတစ်ဦးနှင့် သိကျွမ်းခွင့်ရသည်မှာလည်း မဆိုးလှပေ။

သူသည် ပိုင်ဟုန်းထူ၏ အခန်းထဲမှ နံရံကို ဖြတ်၍ ထွက်လာကာ တာအိုကျောင်း၏ ရင်ပြင်သို့ ရောက်လာသည်။

ယခုအချိန်တွင် ညဉ့်လေမှာ အေးစက်နေသော်လည်း လီယန်ချူ၏ ဝိညာဉ်မှာ အလွန်ခိုင်မာနေသဖြင့် အနည်းငယ်မျှပင် ထိခိုက်မှု မရှိပေ။

ထို့အပြင် ဝိညာဉ်အခြေအနေဖြင့် ဆိုပါက လင်ကွမ်းဖိတ်ခေါ်အဆောင်၏ နတ်ဘုရားအရှိန်အဝါများက မိမိ၏ ဝိညာဉ်ကို အတိုင်းအတာတစ်ခုအထိ ပြုစုပျိုးထောင်ပေးနေသည်ကို ပို၍ တိကျစွာ ခံစားရသည်။

လီယန်ချူ အလွန်ပင် ဝမ်းသာသွားသည်။

"ဒါက ဖြတ်လမ်းနည်း သုံးတာနဲ့ မသုံးတာရဲ့ ကွာခြားချက်လား"

လီယန်ချူ ရေရွတ်လိုက်သည်။

အကယ်၍ မိမိဘာသာ ကျင့်ကြံ၍ ထိုအဆင့်သို့ ရောက်ရန်မှာ မည်မျှကြာမည်မှန်း မသိနိုင်ပေ။

ယခုမူ လင်ကွမ်းဖိတ်ခေါ်အဆောင်ကို အားကိုးရုံဖြင့် လုပ်ဆောင်နိုင်ခဲ့ပြီ။

ယင်းမှာ သာမန်အဆောင်တစ်ခု မဟုတ်တော့ဘဲ အဆောင်ရတနာ တစ်ခုဟုပင် ခေါ်ဆိုနိုင်သည်။

စိတ်ထဲမှ အကြံရပြီးနောက် လီယန်ချူသည် နံရံများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ကာ အိမ်များစွာကို ကျော်ဖြတ်သွားသည်။

မည်သူမျှ သူ့ကို မတွေ့ရှိနိုင်ပေ။

လီယန်ချူ ဝိညာဉ်ကိုယ်ပွားအခြေအနေဖြင့် သွားလာရသည်မှာ ပုံမှန်လမ်းလျှောက်သည်ထက် အဆပေါင်းများစွာ ပို၍ မြန်ဆန်လှပြီး ပေါ့ပေါ့ပါးပါးပင် ရှိလှသည်။

သူသည် ဝိညာဉ်ကိုယ်ပွား အခြေအနေဖြင့် ဝေမြို့ထဲတွင် မည်ကဲ့သို့သော မြင်ကွင်းများကို မြင်တွေ့ရမည်နည်းဆိုသည်ကို သိလိုသည်။

လမ်းမပေါ်တွင် ညကင်းလှည့်နေသော ရဲမက်များမှလွဲ၍ အခြားသူ မရှိပေ။

ဤအချိန်တွင် လမ်းမပေါ်တွင် သွားလာနေသူရှိပါက မသမာသူဟု သတ်မှတ်ခံရပေလိမ့်မည်။

ညမထွက်ရအမိန့် ကို ဖောက်ဖျက်ပါက အပေါ့စားအပြစ်ဆိုလျှင် ရိုက်နှက်အကျဉ်းချခံရမည်ဖြစ်ပြီး၊ အပြစ်ကြီးလျှင် ခေါင်းဖြတ်ခံရနိုင်သည်။

အကယ်၍ ကင်းလှည့်ရဲမက်များ၏ သတိပေးချက်ကို မနာခံဘဲ ထွက်ပြေးရန် ကြိုးစားပါက ထိုနေရာတွင်ပင် ပစ်သတ်ခံရနိုင်သည်။

အထူးသဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်တွင် အမိုးပေါ်မှ ပျံလွှားသွားလာနေသူများကို တွေ့ရှိပါက အသေသတ်ရန် အမိန့်ရှိထားသည်။

ထိုဥပဒေမှာ ခိုးကူးခိုးယူ တတ်သော သူခိုးများအတွက် အလွန်ပင် အဆင်မပြေလှပေ။

ဂွမ်

မောင်းထုသံ တစ်ချက် ထွက်ပေါ်လာသည်

ဤတိတ်ဆိတ်သော ညအချိန်တွင် ထိုအသံမှာ အလွန်ပင် ထူးဆန်းပြီး နားမခံသာလှပေ။

လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်၊ ဤမောင်းသံမှာ အနည်းငယ် ထူးဆန်းနေသည်၊ သာမန် အချိန်ကြည့်လူ တို့၏ မောင်းသံနှင့် မတူပေ။

သူသည် ထိုမောင်းသံရှိရာသို့ ပျံသန်းသွားသည်။

အရပ်ရှည်ပြီး ပိန်ပါးသော သက်လတ်ပိုင်း အရာရှိတစ်ဦးသည် ကြေးမောင်းတစ်လုံးကို ကိုင်ဆောင်ထားပြီး မြင့်မားသော နံရံတစ်ခုကို ဖြတ်ကျော်ကာ ထွက်လာသည်။

သူ၏ ဝတ်စုံမှာ ရှေးဟောင်းပုံစံ ဖြစ်နေပြီး ယခု ချန်နိုင်ငံ ၏ အစိုးရရဲမက် ဝတ်စုံများနှင့် မတူပေ။

ထိုသူ၏ မျက်နှာမှာ အလွန်ပင် တည်ကြည်လေးနက်ပြီး အရှိန်အဝါ ရှိလှသည်။

ထိုသက်လတ်ပိုင်းအရာရှိမှာ မောင်းထု၍ လမ်းဖောက်လာသည်။

သူ၏ နောက်တွင်မူ လူအုပ်စုတစ်စုသည် ဖြည်းညှင်းစွာ လိုက်ပါလာကြသည်။

ယင်းမှာ အလွန်ထူးဆန်းသော လူအုပ်စုကြီး ဖြစ်သည်။

ရှေ့ဆုံးမှ လူအချို့မှာ ပညာတတ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး မျက်နှာမှာ မွဲခြောက်နေကာ အရာရှိ၏နောက်တွင် မျက်လုံးများ ပြူးကြောင်လျက် လိုက်ပါနေကြသည်။

ထို့အပြင် အချို့မှာ ဦးခေါင်းခွံ ပျက်စီးနေသူများ၊ အချို့မှာ မျက်နှာတစ်ခုလုံး အစိမ်းပုပ်ရောင် သန်းနေသူများ ပါဝင်သည်။

ယင်းတို့ထဲမှ တစ်ဦးကို လီယန်ချူ မြင်ဖူးသကဲ့သို့ ခံစားရသဖြင့် အာရုံစိုက်ကြည့်လိုက်သည်။

"ဒါ... ဒါက ငွေအပ်နဲ့ အသတ်ခံလိုက်ရတဲ့ ဝူလင်စန်းရန် မဟုတ်လား "

လီယန်ချူ၏ စိတ်ထဲတွင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားသည်။

"ဒါတွေက သေဆုံးသွားတဲ့သူတွေရဲ့ ဝိညာဉ်တွေလား"

လီယန်ချူ အံ့ဩသွားရသည်။

သို့ဆိုလျှင် ထိုသက်လတ်ပိုင်း အရာရှိပုံစံနှင့် လူမှာ ဒဏ္ဍာရီထဲက ငရဲပြည်မှ ဝိညာဉ်ဖမ်းရဲမက် များလား

ထိုအရာရှိသည် မောင်းကို တစ်ချက်ချင်း ထုရင်း ရှေ့သို့ လျှောက်လှမ်းနေသည်၊ သူ၏နောက်မှ လူအုပ်ကြီးမှာမူ မျက်လုံးများ ဝေဝါးလျက် အသိမဲ့စွာဖြင့် စီတန်းလှည့်လည်နေသည့်အလား လိုက်ပါနေကြသည်။

လီယန်ချူမှလွဲ၍ မည်သူမျှ သူတို့ကို မြင်နိုင်မည်မဟုတ်ပေ။

လီယန်ချူသည် ရှေ့မှ မြင်ကွင်းကြောင့် မှင်တက်နေမိသည်။

ဤသက်လတ်ပိုင်းအရာရှိမှာ တစ်လမ်းလုံး မောင်းထုလာပြီး လမ်းတစ်လျှောက်တွင်လည်း မျက်လုံးအလင်းမဲ့နေသော ဝိညာဉ်များ တစ်ဦးပြီးတစ်ဦး လိုက်ပါလာကြသည်။

လီယန်ချူ တစ်နေရာတွင် ပုန်းအောင်းနေရင်း အကြမ်းဖျင်း ရေတွက်ကြည့်ရာ ၁၂ ဦး သို့မဟုတ် ၁၃ ဦးခန့် ရှိနေသည်။

ထိုလူအုပ်စုသည် လီယန်ချူ ပုန်းအောင်းနေသည့် နေရာ၏ ဆယ်လံ ခန့် အကွာသို့ ရောက်ရှိလာချိန်တွင်။

ထိုသက်လတ်ပိုင်းအရာရှိမှာ ရုတ်တရက် ခေါင်းလှည့်လာပြီး လီယန်ချူ ပုန်းနေသည့် နေရာသို့ ကြည့်လိုက်သည်။

"ဘယ်က တာအိုမိတ်ဆွေကများ ဝိညာဉ်ကိုယ်ပွားနဲ့ ဒီနေရာကို ရောက်နေတာလဲ "

"ဘာလို့ ထွက်လာပြီး မတွေ့ဆုံတာလဲ"

မိမိကို တွေ့ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လီယန်ချူသည် ပုန်းကွယ်နေသည့် နေရာမှ ပွင့်လင်းစွာ ထွက်လာခဲ့သည်။

ထိုအရာရှိက ဂါရဝပြုကာ

"ကျုပ်က ဝေမြို့ရဲ့ ဝိညာဉ်ဖမ်းရဲမက် ကျန်းထုန်ပါ၊ မိတ်ဆွေကို ကြည့်ရတာ အလွန်ပဲ စိမ်းနေသလိုပဲနော်"

ဟု ဆိုသည်။

ထိုလောကမှ ဝိညာဉ်ဖမ်းရဲမက်များက ဤမျှ စကားပြောကောင်းလှသလား

လီယန်ချူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အဖြေကို သိသွားသည်၊ တစ်ဖက်လူက မိမိ၏ ဝိညာဉ်မှာ အလွန်ခိုင်မာနေပြီး လောကကြီး၏ သတ်ဖြတ်လိုသော အငွေ့အသက်များကို မကြောက်ဘဲ လွတ်လပ်စွာ သွားလာနိုင်သည်ကို တွေ့ရသဖြင့်။

မိမိကို ယန်ဝိညာဉ် ထွက်နိုင်သော အဆင့်မြင့်ပညာရှင်ကြီးတစ်ဦးဟု ထင်မှတ်သွားခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်

လီယန်ချူ အလွန်ပင် သိချင်မိသည်မှာ ဤကမ္ဘာတွင် တကယ်ပင် ငရဲပြည် ဆိုသည်မှာ ရှိနေသလား ဆိုသည်ကိုပင်။

All Chapters