အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း (၇၇) - မျက်နှာပျက်ခြင်း
"ရင်းနှီးနေတယ်"
ပိုင်ဟုန်းထူက သံသယဖြင့် မေးလိုက်သည်
"ဘာလဲ၊ မင်းနဲ့ ပတ်သက်ဖူးတဲ့ နောက်ထပ် မိန်းကလေးတစ်ယောက်လား၊ မင်းက တစ္ဆေတွေကိုတောင် ချန်မထားဘူးလား "
လီယန်ချူက ခပ်အေးအေးပင် ပြောလိုက်သည်
"ငါက မင်းမဟုတ်ဘူး"
ပိုင်ဟုန်းထူ စကားအောင့်သွားပြီး မျက်နှာနီမြန်းကာ ပါးစပ်ပိတ်သွားတော့သည်။
လီယန်ချူ အနည်းငယ် အံ့သြမိသည်၊ အရင်က သူတွေ့ဖူးသည့် တစ္ဆေများမှာ သေခြင်းအငွေ့အသက် ကို ဤမျှအထိ ဖုံးကွယ်နိုင်စွမ်း မရှိကြပေ။
ဪ... ဟို မြို့စောင့်နတ်အတု ကတော့ ဟန်ဆောင်ကောင်းခဲ့ဖူးသည်။
သို့သော်
သူ၏ဦးနှောက်ထဲတွင် မြင်ယောင်လာသည်မှာ မြို့စောင့်နတ်အတု မဟုတ်ပေ၊ ထိုနေ့က ဝိညာဉ်ခန္ဓာချင်း တိုက်ခိုက်စဉ်က မြို့စောင့်နတ်အတု၏ ဝိညာဉ်မှာ လွင့်စင်သွားခဲ့ပြီဖြစ်ရာ အမှန်တကယ် သေချာပေါက် သေဆုံးသွားပြီဖြစ်သည်။
ပိုင်ဟုန်းထူက မျက်မှောင်ကြုတ်ကာ
"ဘယ်လိုလုပ်ကြမလဲ၊ တိုက်မလား မတိုက်ဘူးလား ဒီကောင်တွေက အစီအစဉ် အကြီးအကျယ်နဲ့ဆိုတော့ မိစ္ဆာအဆင့် ရောက်နေလောက်ပြီ"
လီယန်ချူ ပြန်မဖြေရသေးမီမှာပင် မင်္ဂလာဆောင်အဖွဲ့သည် သူတို့နှစ်ဦးရှေ့ သုံးလံခန့်အကွာတွင် ရပ်တန့်သွားသည်။
ဝေါယာဉ်ထမ်း နှစ်ယောက်က လက်လှမ်း၍ လိုက်ကာကို လှန်လိုက်ရာ အတွင်း၌ မည်သူမျှ မရှိပေ။
နှဲမှုတ်သူများထဲမှ အရှေ့ဆုံးက တစ်ယောက်မှာ သူတို့ဆီသို့ တိုက်ရိုက် လျှောက်လာသည်။
"တာအိုဆရာ လီယန်ချူနဲ့ သခင်လေးပိုင်ကို နှုတ်ခွန်းဆက်ပါတယ် ကျွန်တော်တို့ သခင်မလေးက ကျွန်တော်တို့ကို စေလွှတ်ပြီး လူကြီးမင်းတို့ နှစ်ဦးကို အိမ်တော်ဆီကို စကားပြောဖို့ ဖိတ်ကြားခိုင်းလိုက်ပါတယ်"
ထိုနှဲမှုတ်သူမှာ ကြည့်ရသည်မှာ အလွန်ပါးနပ်ပြီး မျက်လုံးများမှာလည်း စူးရှလှသည်၊ အမူအရာမှာလည်း ရိုသေကိုင်းရှိုင်းမှု ရှိသည်။
လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ပိုင်ဟုန်းထူက လှောင်ပြုံးပြုံးကာ
"မင်းတို့ သခင်မလေးက ဘယ်သူလဲ ငါတို့နှစ်ယောက်ကို ဖိတ်တာကို ဒီမင်္ဂလာဆောင်ဝေါယာဉ်ကြီးနဲ့ ဖိတ်တာလား "
နှဲမှုတ်သူလူငယ်က ရိုသေစွာ ပြောသည်
"သခင်မလေးရဲ့ အမည်နာမကိုတော့ ကျွန်တော်မျိုး ပြောပြဖို့ မသင့်တော်ပါဘူး၊ လူကြီးမင်းတို့ ရောက်တဲ့အခါ မြင်တာနဲ့ သိပါလိမ့်မယ်"
"ဒီဝေါယာဉ်ကတော့ သခင်မလေးက သခင်လေးပိုင်ကို စီးဖို့အတွက် အထူးမှာကြားပြီး လွှတ်လိုက်တာပါ"
ဤကဲ့သို့ ထူးဆန်းထိတ်လန့်ဖွယ် မြင်ကွင်းမျိုးတွင်ပင် လီယန်ချူမှာ အောင့်မထားနိုင်ဘဲ ရယ်လိုက်မိသည်။
"ဪ... တစ်ဖက်က သခင်မလေးက မင်းကို သဘောကျလို့ မင်္ဂလာဆောင်ဖို့ လာခေါ်တာကိုး"
လီယန်ချူက မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။
ပိုင်ဟုန်းထူက သူ့ကို စိုက်ကြည့်လိုက်ပြီး ထိုပါးနပ်သော လူငယ်ကို ပြောလိုက်သည်
"မင်းတို့ သခင်မလေးက မင်းနဲ့ ရန်ငြိုးရှိလို့လား"
"သခင်မလေးက ကျွန်တော်မျိုးအပေါ် ကျေးဇူးတရား တောင်တန်းကြီးလို ကြီးမားပါတယ်၊ ဘယ်လိုလုပ် ရန်ငြိုးရှိမှာလဲ၊ သခင်လေးက နောက်နေတာပဲ"
နှဲမှုတ်သူလူငယ်၏ အပြုံးမှာ ပျက်မသွားပေ။
"ဒါဆိုရင်တော့ ထူးဆန်းနေပြီ၊ မင်းတို့သခင်မလေးက မင်းနဲ့ ရန်ငြိုးမရှိရင်၊ ဘာလို့ မင်းကို ညသန်းခေါင်ယံမှာ ဒီလိုအဖွဲ့ကြီးနဲ့ မင်္ဂလာဆောင်ဝေါယာဉ်ကြီး ထမ်းပြီး ငါတို့နှစ်ယောက်ကို လာဖိတ်ခိုင်းရတာလဲ "
ပိုင်ဟုန်းထူက အံ့သြဟန်ဖြင့် မေးလိုက်သည်။
သူက ဆက်ပြီး အေးစက်စက် လှောင်ပြုံးဖြင့်
"ငါ့နာမည်ကို သိတယ်ဆိုရင် ငါ့ရဲ့ လက်စလက်နတွေကိုလည်း သိသင့်တယ်၊ ငါက မိစ္ဆာတွေနဲ့ ဘယ်တော့မှ အတူမနေဘူးဆိုတာ သိရဲ့သားနဲ့ မင်းကို ဒီကို လာခိုင်းတာက အသေခံခိုင်းတာ မဟုတ်ရင် ဘာလဲ "
ထိုလူငယ်က ရိုသေစွာဖြင့်
"သခင်မလေးက ပြောလိုက်ပါတယ်၊ တကယ်လို့ လူကြီးမင်းတို့နှစ်ဦးက မသေဆေး နဲ့ ချင်းယီမယ်တော် အကြောင်းကို သိချင်တယ်ဆိုရင် ကျွန်တော်မျိုးနောက်ကို အိမ်တော်အထိ လိုက်ခဲ့ပါတဲ့"
"တကယ်လို့ မလိုက်ချင်ဘူးဆိုရင်လည်း ကျွန်တော်မျိုးတို့ကို သတ်ပစ်လိုက်လို့ ရပါတယ်၊ ညဉ့်နက်သန်းခေါင် နှောင့်ယှက်မိတဲ့အတွက်လည်း တောင်းပန်ပါတယ်တဲ့"
ပိုင်ဟုန်းထူ - "..."
လီယန်ချူ - "..."
သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်၊ ပိုင်ဟုန်းထူမှာ အခြေအနေကို စုံစမ်းရန် သွားလိုသည့် ဆန္ဒရှိနေပုံရသည်။
ဘာပဲဖြစ်ဖြစ် တစ်ဖက်လူပြောသွားသည့် မသေဆေးနှင့် ချင်းယီမယ်တော် ကိစ္စများမှာ မကြာသေးမီက ဝေမြို့တွင် ဂယက်ထနေသည့် ကိစ္စများ ဖြစ်သောကြောင့်ပင်။
ပိုင်ဟုန်းထူ ခေတ္တစဉ်းစားပြီးနောက်
"ဒါဆိုရင်လည်း ငါ မင်းတို့နဲ့ လိုက်ခဲ့ပေးမယ်"
သူရဲကောင်းစိတ်ဓာတ်ရှိသော လူငယ်တစ်ဦးအနေဖြင့် ထိုအရာအားလုံး၏ နောက်ကွယ်မှ အမှန်တရားကို သွားရောက် စုံစမ်းရန် လိုအပ်သည်ဟု သူခံစားရသည်။
တစ်ချိန်တည်းမှာပင် ဤကဲ့သို့သော ကိစ္စမျိုးမှာ သူ့အရွယ်လူငယ်တစ်ယောက်အတွက် အလွန်ပင် ရင်ခုန်စရာကောင်းပြီး ဆွဲဆောင်မှုရှိလှသည်။
ထိုသခင်မလေးက သူ၏ စိတ်ဝင်စားမှုကို အောင်မြင်စွာ ရယူသွားနိုင်ခဲ့သည်။
"နေဦး"
လီယန်ချူက ပိုင်ဟုန်းထူကို တားလိုက်သည်။
"ဘာဖြစ်လို့လဲ"
ပိုင်ဟုန်းထူက မေးသည်။
လီယန်ချူက အေးအေးဆေးဆေးပင်
"မင်း ဒီတိုင်းကြီး လိုက်သွားမလို့လား၊ ဝေါယာဉ်ထဲမှာ တစ်ခုခု ထူးဆန်းနေမှာ မကြောက်ဘူးလား "
ပိုင်ဟုန်းထူ မျက်နှာပျက်သွားပြီး ထိုအနီရောင် ဝေါယာဉ်ကြီးကို လှမ်းကြည့်လိုက်သည်။
လီယန်ချူက အသံကို လေးနက်စေကာ
"ဒီနည်းလမ်းက ရင်းနှီးနေတယ်လို့ ငါပြောတာ မှန်ပေမဲ့၊ တစ်ဖက်လူက ရန်သူလား မိတ်ဆွေလား ဆိုတာ မသေချာသေးဘူး၊ နောက်ကွယ်က လျှို့ဝှက်ချက်ကို သိဖို့အတွက်နဲ့ ကိုယ့်အသက်ကို အန္တရာယ်ထဲ ပစ်ထည့်ဖို့ မလိုဘူး"
ပိုင်ဟုန်းထူ၏ မျက်လုံးများတွင် စဉ်းစားဟန်များ ပေါ်လာသည်။
လီယန်ချူက ထိုလူငယ်ကို ကြည့်ကာ နူးညံ့စွာ ပြုံးပြလိုက်သည်။
"မင်းတို့ သခင်မလေးက အဲဒီအတိုင်း တကယ်ပြောလိုက်တာလား မူရင်းစကားအတိုင်းလား "
မျက်လုံးစူးရှသော လူငယ်က ခေါင်းညိတ်ပြသည်
"မှန်ပါတယ်"
လီယန်ချူက ခေါင်းညိတ်ကာ
"ဒါဆိုရင်တော့ ရပြီ၊ မဟုတ်ရင် ငါက လူမိုက်ကြီးလို ဖြစ်နေမှာစိုးလို့"
ဖောင်း
လီယန်ချူ၏ လက်သီးက ထိုလူငယ်၏ ဦးခေါင်းတည့်တည့်ကို ထိုးချလိုက်ရာ လူငယ်၏ဦးခေါင်းမှာ ချက်ချင်းပင် ကွဲအက်သွားတော့သည်
သို့သော် သွေးညှီနံ့များ ထွက်မလာဘဲ ကြေမွသွားသော လိပ်ပြာများအလား ဘေးပတ်ပတ်လည်သို့ လွင့်စင်သွားသည်။
"ရောက်လာမှတော့ အားလုံးပဲ ဒီမှာ ကျန်ခဲ့ကြတော့"
လီယန်ချူသည် တောင်ပေါ်မှ ဆင်းလာသော ကျားသစ်တစ်ကောင်အလား ဝေါယာဉ်ထမ်း ရှစ်ယောက်နှင့် တူရိယာတီးမှုတ်သူ သုံးယောက်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
ဖောင်း
ဖောင်း
လီယန်ချူ၏ ထျန်းကန်းလက်ဝါး မှာ ယခုအခါ စွမ်းအားများ အဆမတန် တိုးတက်နေပြီဖြစ်ရာ သူ၏ ခြေလက်လှုပ်ရှားမှုတိုင်းတွင် ပေါင်ချိန်ထောင်ချီသော အားအင်များ ပါဝင်နေသည်။
ဘယ်ကမှန်းမသိသော တစ္ဆေမိစ္ဆာ အနည်းငယ်မှာ သူ၏လက်ထဲတွင် ချက်ချင်းပင် အသတ်ခံလိုက်ရသည်။
ဝေါယာဉ်ထမ်း အချို့မှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ဝေါယာဉ်ကိုထမ်းကာ ထွက်ပြေးရန် ပြင်ကြသည်။
ပိုင်ဟုန်းထူမှာ အစောက ဝေါယာဉ်ပေါ်တက်၍ စုံစမ်းလိုစိတ် ရှိခဲ့သော်လည်း လီယန်ချူက စတင်တိုက်ခိုက်လိုက်ပြီဖြစ်ရာ သူလည်း နောက်မကျစေဘဲ အဆောင် သုံးလေးခုကို ချက်ချင်း ထုတ်သုံးလိုက်တော့သည်
တောက်လောင်နေသော မီးတောက်များက ဝေါယာဉ်ထမ်းအချို့ကို ချက်ချင်းပင် ဝါးမြိုသွားပြီး အော်ဟစ်သံများနှင့်အတူ ပြာအဖြစ်သို့ ပြောင်းလဲသွားစေသည်။
"လူရေခွံ "
ပိုင်ဟုန်းထူ၏ မျက်လုံးများ အေးစက်သွားသည်။
ဝေါယာဉ်ထမ်း တစ်ဦးမှာ မီးတောက်၏ ထိုးဖောက်ခြင်းကို ခံရပြီးနောက် ဟာလာဟင်းလင်း ဖြစ်နေသော ကိုယ်ထည်ကို သူမြင်လိုက်ရသည်၊ အတွင်းကလီစာများ သို့မဟုတ် သွေးသားများ လုံးဝမရှိပေ။
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုမှာ လေပြင်းမုန်တိုင်းက သစ်ရွက်ခြောက်များကို လွှင့်ပစ်လိုက်သကဲ့သို့ပင်၊ ထိုနေရာရှိ အမည်မသိ ဝေါယာဉ်ထမ်းနှင့် နှဲမှုတ်သူ စုစုပေါင်း (၁၂) ဦးလုံးကို အကုန်အစင် သုတ်သင်လိုက်ကြသည်။
ပိုင်ဟုန်းထူက မျက်မှောင်ကြုတ်ကာ
"ပြီးခဲ့တဲ့တစ်ခေါက် ဝူဟူဂိုဏ်း မှာ မင်းတွေ့ခဲ့တဲ့လူလား "
လီယန်ချူက သူ့ကို ပြောပြဖူးသည်၊ ဝူဟူဂိုဏ်း ဌာနချုပ်တွင် အရေခွံခြယ်သခြင်း အတတ်ကို ကျင့်ကြံသည့် ထူးဆန်းသော ပညာရှင်တစ်ဦးနှင့် တွေ့ခဲ့ကြောင်း။
ထိုသူမှာ လူရေခွံ ရုပ်သေးရုပ် နှစ်ရုပ်ကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ရုံတင်မကဘဲ လူရေခွံငှက်များကိုပါ ဖန်တီးနိုင်သည်။
လီယန်ချူက လေးနက်စွာဖြင့်
"ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်က လူရေခွံ မဟုတ်ဘဲ ငါးအရေခွံလိုမျိုး အရာနဲ့ တူတယ်၊ ဒါပေမဲ့ အခု ဒီကောင်တွေကို ကြည့်ရတာ ပိုပြီး ကြောက်စရာကောင်းလာသလိုပဲ၊ လူရေခွံနဲ့ ပိုတူနေတယ်"
ပိုင်ဟုန်းထူက နာကျင်စွာဖြင့်
"လူရေခွံပဲဖြစ်ဖြစ်၊ ငါးအရေခွံပဲဖြစ်ဖြစ်၊ ဒီလို မိစ္ဆာအတတ်တွေကို ကျင့်တဲ့သူဟာ ဘယ်လိုလုပ် လူကောင်း ဖြစ်နိုင်မှာလဲ"
လီယန်ချူက
"ခုနကတင် မင်းက သူ့ရဲ့ မင်္ဂလာဆောင်ဝေါယာဉ်ပေါ် တက်မလို့ လုပ်နေသေးတာပဲ"
ပိုင်ဟုန်းထူ မျက်နှာအောင့်သွားပြီး မကျေမနပ်ဖြင့်
"ငါကလည်း မသေဆေးနဲ့ ချင်းယီမယ်တော် ကိစ္စကို စုံစမ်းချင်လို့ပါ၊ အဲဒီကနေတစ်ဆင့် နောက်ကွယ်က လူတွေကို ဆွဲထုတ်နိုင်မလားလို့"
လီယန်ချူက ပြုံးကာ
"အခုလည်း မနောက်ကျသေးပါဘူး"
ပိုင်ဟုန်းထူ ကြောင်သွားပြီး မျက်ဝန်းတွင် ဝမ်းသာရိပ်များ ပေါ်လာကာ
"မင်း ဆိုလိုတာက"
လီယန်ချူက ခေါင်းညိတ်ပြသည်
"အငွေ့အသက်ကို နောက်ယောင်ခံလိုက်မယ် တစ်ဖက်လူက ဘယ်သူလဲဆိုတာ ငါတို့ လိုက်ကြည့်ကြတာပေါ့"
ပိုင်ဟုန်းထူက ရုတ်တရက်
"ဒါဆို ခုနက ဝေါယာဉ်စီးပြီး သွားတာနဲ့ ဘာကွာလို့လဲ"
"အဲဒီဝေါယာဉ်က တစ်ခုခု ထူးဆန်းနေတယ်၊ တကယ်လို့ မင်း ဝေါယာဉ်ပေါ်ရောက်မှ သူတို့က မင်းကို ထိန်းချုပ်လိုက်ရင် ဒါမှမဟုတ် မင်းက ရုတ်တရက် ပျောက်ကွယ်သွားရင် ဘယ်လိုလုပ်မလဲ"
လီယန်ချူက ပြောလိုက်သည်။
သူ၏စကားဆုံးသည်နှင့်
ထိုအနီရောင် ဝေါယာဉ်ကြီးမှာ အမှန်တကယ်ပင် ကွယ်ပျောက်သွားတော့သည်၊ သူတို့နှစ်ဦးရှေ့တွင်ပင် ရုတ်တရက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ပိုင်ဟုန်းထူ မျက်နှာပျက်သွားသည်
"မင်းပြောသလို တကယ်ဖြစ်နေတာပဲ"
"နောက်ပြီးတော့၊ တစ်ဖက်လူက ညသန်းခေါင်ကြီး လာဖိတ်တိုင်း ငါတို့က လိုက်သွားရမှာလား အဲဒါဆို ငါတို့ သိက္ခာကျတာပေါ့၊ သူ့ကို မျက်နှာသာပေးစရာ မလိုဘူး"
လီယန်ချူက လေးနက်စွာ ပြောလိုက်သည်။
ပိုင်ဟုန်းထူ မျက်လုံးများ ဝင်းခနဲဖြစ်သွားပြီး ခါးကို မတ်ကာ ခေါင်းညိတ်လိုက်သည်
"ဒါကတော့ ဟုတ်တယ်"
လီယန်ချူသည် အငွေ့အသက် နောက်ယောင်ခံလိုက်သည့် အတတ်ကို အသုံးပြု၍ ထိုအငွေ့အသက်များအတိုင်း တိုက်ရိုက် လိုက်သွားတော့သည်။
အခန်း (၇၈) - သတို့သမီး
သူသည် ဝေမြို့ထဲတွင် အဆင့်အတန်း အနည်းငယ် ထူးခြားသူဖြစ်သည်၊ ပိုင်ဟုန်းထူနှင့်အတူ မိစ္ဆာများကို သုတ်သင်ခဲ့ပြီး ပြည်သူများ သွေးစွန်းဒင်္ဂါး၏ ဘေးရန်မှ ကင်းဝေးစေရန် ဖြေရှင်းပေးခဲ့သူ ဖြစ်သည်။
ထို့ကြောင့် မြို့ဝန်ရှုက အထူးအမိန့်ထုတ်ပြန်ကာ သူတို့နှစ်ဦးအား ဝေမြို့အတွင်း ညမထွက်ရအမိန့် ကို လိုက်နာရန်မလိုဘဲ သွားလာခွင့်ပြုထားပြီး အစိုးရတံဆိပ်ပြား များလည်း ထုတ်ပေးထားသည်။
မြို့တံခါးကိုလည်း အချိန်မရွေး ခေါ်ယူဖွင့်ခိုင်းနိုင်သည်။
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦးမှာ ညဘက်တွင် လှုပ်ရှားမှုကြီးကြီးမားမားများ မကြာခဏ လုပ်ဆောင်လေ့ရှိရာ တစ်ချိန်ချိန်တွင် အထင်မှားမှုများ မဖြစ်ပေါ်စေရန်အတွက်ဖြစ်သည်။
ထိုကဲ့သို့သော အခွင့်ထူးမျိုးမှာ ဝေမြို့တွင် ပထမဆုံးရရှိသူများပင် ဖြစ်သည်။
သူတို့နှစ်ဦးမှာ အစိုးရဝန်ထမ်းများ မဟုတ်ကြသော်လည်း အခြေအနေအရ ကြည့်ရှုလုပ်ဆောင်ခွင့် ကို အပ်နှင်းခံထားရသည်။
သူတို့နှစ်ဦးမှာ အပြင်သို့ ဆက်လက်နောက်ယောင်ခံလိုက်သွားကြရာ ထိုအငွေ့အသက်မှာ ဝေမြို့အတွင်း၌ပင် ရှိနေသည်ကို တွေ့ရှိရသည်။
ပတ်ချာလည် လိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် မြို့ထဲရှိ သာမန်အရပ်သားအိမ်တစ်လုံး၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
"ဒီထဲမှာပဲ"
လီယန်ချူက လေးနက်စွာ ပြောလိုက်သည်။
ပိုင်ဟုန်းထူက ခေါင်းညိတ်ပြပြီး လီယန်ချူအား တံခါးကိုချိုးဖျက်ဝင်ရောက်ရန် အချက်ပြလိုက်သည်။
လီယန်ချူက ခေါင်းခါပြကာ
"မင်းကလည်း ဘာလို့ ဒီလောက် ရမ်းကားရတာလဲ၊ ငါတို့က သိုင်းလောက အထက်တန်းစား ပညာရှင်တွေလေ"
စကားအဆုံးတွင် သူသည် ကိုယ်ကိုအရှိန်ယူ၍ ခုန်တက်လိုက်ရာ တံတိုင်းပေါ်မှတစ်ဆင့် အထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။
"..."
ပိုင်ဟုန်းထူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ အသက်ကိုအောင့်၍ တံတိုင်းပေါ်သို့ အနိုင်နိုင် ခုန်တက်လိုက်ရသည်။
"ဆင်းလာလေ၊ ဘာလုပ်နေတာလဲ"
လီယန်ချူက အသံတိုးတိုးဖြင့် လှမ်းပြောသည်။
ပိုင်ဟုန်းထူက ခါးသက်သက် ပြုံးလိုက်သည်၊ ငါက တစ်ခါတည်းနဲ့ ခုန်မကူးနိုင်လို့ပါကွာ။
သူသည် အောက်သို့ ခပ်ဖွဖွလေး ခုန်ဆင်းလိုက်ရာ အမူအရာမှာ ဖော်ပြမတတ်အောင် ခန့်ညားလှပလှသည်။
ရုတ်တရက် ကြည့်လိုက်လျှင် အမှန်တကယ်ပင် အလားအလာရှိသော သိုင်းလောကမှ သခင်လေးတစ်ဦးအလား၊ ခါးတွင် ဓားရှည်ချိတ်ဆွဲထားပြီး မျက်နှာမှာလည်း ကျောက်စိမ်းကဲ့သို့ ဝင်းပနေသည်။
ထိုအချိန်တွင် အိမ်အတွင်း၌ မှောင်အတိ ကျနေသည်၊ ဘာပဲဖြစ်ဖြစ် ညဉ့်နက်နေပြီ ဖြစ်သောကြောင့် ဤနေရာတင်မက တစ်မြို့လုံးမှာလည်း မှောင်မည်းငြိမ်သက်နေခြင်း ဖြစ်သည်။
သူတို့နှစ်ဦး တည့်တည့် လျှောက်ဝင်သွားကြရာ လီယန်ချူက ဘေးမှ ပိုင်ဟုန်းထူ၏ ခြေသံလုံအောင် သွားနေသည့်ပုံစံကို ကြည့်ပြီး မအောင့်နိုင်ဘဲ ပြုံးလိုက်မိသည်။
"ဘာရယ်တာလဲ"
ပိုင်ဟုန်းထူက မျက်မှောင်ကြုတ်ကာ မေးသည်။
"ငါတို့က တစ္ဆေဖမ်းဖို့ လာတာလေ၊ ဘာလို့ သူခိုးလုပ်နေရသလို ခံစားနေရတာလဲ"
လီယန်ချူက ပြုံးလျက် ပြောသည်။
ပိုင်ဟုန်းထူ ကြောင်သွားပြီးမှ ရယ်ထုတ်လိုက်သည်
"ဟုတ်သားပဲ၊ ငါတို့ကပဲ လူမမြင်ရအောင် လုပ်နေရသလိုပဲ"
ချက်ချင်းပင် သူက ပြန်သတိဝင်လာပြီး မကျေမနပ်ဖြင့်
"ဒါတွေက မင်းက အခြေအနေကို အရမ်းတင်းမာအောင် လုပ်နေလို့လေ၊ ငါပြောသလို တံခါးကိုချိုးပြီး ဝင်လိုက်ရင် မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား ဖြစ်သွားမှာ"
လီယန်ချူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းရဲ့ အခုပုံစံက လူသတ်လုယက်မယ့် သိုင်းလောကက လူမိုက်တစ်ယောက်နဲ့ တူနေပြီ"
"..." ပိုင်ဟုန်းထူ အံ့အားသင့်သွားသည်။
လီယန်ချူသည် လက်ထဲရှိ နောက်ယောင်ခံရရှိထားသော အငွေ့အသက်အတိုင်း တည့်တည့် လျှောက်ဝင်သွားသည်။
အသာအယာ တွန်းလိုက်ရာ တံခါးက ပိတ်မထားပေ။
အလွန်လွယ်ကူစွာပင် ပွင့်သွားသည်။
အိမ်ထဲတွင် လက်ဝါးဖြန့်လျှင်တောင် မမြင်ရလောက်အောင် မှောင်မည်းနေပြီး ထူးထူးခြားခြား ငြိမ်သက်နေသည်။
လီယန်ချူ၏ ထက်မြက်သော နားစွမ်းအားဖြင့်ပင် သူတို့နှစ်ဦးအပြင် အခြားလူရှင် အသက်ရှူသံ တစ်ချက်မျှ မကြားရပေ။
ပိုင်ဟုန်းထူသည် အမှောင်ထဲတွင် ဘာမျှမမြင်ရသဖြင့် ရင်ခွင်ထဲမှ မီးခြစ်တံ ကို ထုတ်၍ ကြည့်ရန် ပြင်လိုက်သည်။
မီးအလင်းရောင် ထွက်လာသည်။
ရုတ်တရက် ထိတ်လန့်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်
ကုတင်ဘေးတွင် အနီရောင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော သတို့သမီးတစ်ဦး ထိုင်နေသည်မဟုတ်ပါလား
ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေခြင်း ဖြစ်သည်။
ပိုင်ဟုန်းထူ လက်တုန်သွားပြီး အဆောင်တစ်ခုကို ချက်ချင်း ထုတ်သုံးလိုက်ရာ ပြင်းထန်သော အပူရှိန်ရှိသည့် မီးတောက်များက အခန်းတစ်ဝက်ခန့်ကို လင်းထိန်သွားစေသည်။
သို့သော် ထိုအနီရောင်ဝတ်စုံနှင့် သတို့သမီးမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်
ပိုင်ဟုန်းထူ၏ အဆောင်ကပင် ဘာကိုမျှ မလောင်ကျွမ်းစေဘဲ ထိုအရာမှာ လေထဲတွင်ပင် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ပိုင်ဟုန်းထူ၏ ကျောပြင်မှာ အနည်းငယ် အေးစိမ့်သွားသည်၊ လက်ထဲမှ မီးခြစ်တံ၏ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် ရုတ်တရက် အနီရောင် ခေါင်းမြှောက်ပဝါ တစ်ခုကို မြင်လိုက်ရသည်။
သူမ ငါ့နောက်မှာ ရောက်နေပြီ။
ပိုင်ဟုန်းထူ စိတ်ထဲ ထိတ်လန့်သွားပြီး လက်မှ မန္တန်တစ်ခုကို ချက်ချင်း ရွတ်လိုက်ရာ တောက်ပသော ရွှေရောင်အလင်းတန်းများက သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။
တစ်ခန်းလုံးကိုလည်း လင်းထိန်သွားစေသည်။
"မင်းကို တွေ့ပြီ"
လီယန်ချူက ရုတ်တရက် အော်ဟစ်လိုက်ပြီး အခန်းအတွင်းရှိ ကုတင်ဘေးဆီသို့ ပြေးဝင်သွားသည်။
သူသည် ခုနကတည်းက ထိုအနီရောင်ဝတ် သတို့သမီး၏ တည်နေရာကို အာရုံခံနေခြင်း ဖြစ်သည်။
ဖျတ်
သူသည် ကျန်ကျောင်းဓားကို ချက်ချင်း ဆွဲထုတ်ကာ ခုတ်ချလိုက်ရာ နားထဲတွင် ထူးဆန်းသော အသံတစ်ခု ကြားလိုက်ရသည်။
ပန်းချီကားချပ်ကြီးတစ်ခု ဆုတ်ဖြဲခံလိုက်ရသည့်အလား။
အခန်းအတွင်း၌ ချက်ချင်းပင် အလင်းရောင်များ တောက်ပလာပြီး သာမန်အရပ်သားများ၏ စုတ်ပြတ်နေသော အခန်းမျိုး မဟုတ်တော့ပေ။
ရွှေရောင်တဝင်းဝင်းနှင့် လှပခန့်ညားသော ပန်းချီပန်းပုများဖြင့် မွမ်းမံထားသည့် မင်္ဂလာခန်းဆောင်တစ်ခု ဖြစ်နေသည်
နေရာအနှံ့တွင် မီးအိမ်များ၊ အလှဆင်မှုများဖြင့် မင်္ဂလာရှိနေပြီး နံရံပေါ်တွင်လည်း အနီရောင် မင်္ဂလာ စာလုံးကြီးကို ကပ်ထားသည်။
စားပွဲပေါ်တွင်လည်း ကောင်းနိုးရာရာ အရက်နှင့် ဟင်းလျာများဖြင့် ပြည့်နှက်နေပြီး ရှေးဆန်ကာ ခန့်ညားလှသော ကုတင်ကြီး၏ ဘေးတွင် အနီရောင်ဝတ်စုံနှင့် သတို့သမီးတစ်ဦး ထိုင်နေသည်။
အခန်းထဲတွင် အေးစက်သော တစ္ဆေအငွေ့အသက်များ မရှိသည့်အပြင် သင်းပျံ့သော ရနံ့တစ်ခုက စိတ်ကို တည်ငြိမ်အေးချမ်းစေသည်။
"ကျွန်မက အရှက်ကိုမငဲ့ဘဲ လူကြီးမင်းတို့နှစ်ဦးကို ဖိတ်ခေါ်ခဲ့တာပါ၊ ကျွန်မရဲ့ အစေခံတွေကို သတ်ဖြတ်ခဲ့ပြီးမှ ဘာလို့ ညဉ့်နက်သန်းခေါင်မှာ လာလည်ကြတာလဲ "
ထိုခေါင်းမြှောက်ပဝါ ခြုံထားသော သတို့သမီးက အသံတိုးတိုးဖြင့် မေးလိုက်သည်။
လီယန်ချူက ခပ်အေးအေးပင်
"သူခိုးနှိမ်နင်းဖို့ "
သတို့သမီးမှာ ခေတ္တမျှ ကြောင်သွားပုံရပြီး နူးညံ့စွာ ပြောလာသည်
"တာအိုဆရာ လီယန်ချူက အခုထိ ပွင့်လင်းနေတုန်းပဲ၊ ဒီအချက်က တာအိုတပည့်တစ်ယောက်နဲ့ မတူဘဲ သိုင်းလောကက လူမိုက်တစ်ယောက်နဲ့ ပိုတူနေတယ်"
လီယန်ချူ မျက်ခုံးပင့်လိုက်သည်
"မင်းက ပြီးခဲ့တဲ့တစ်ခေါက် ဝူဟူဂိုဏ်းက စက္ကူလှေပေါ်မှာပါတဲ့ ကော်ချိုက်ယွင် လား "
"မှန်ပါတယ်၊ ကျွန်မပါပဲ၊ အရင်က တာအိုဆရာနဲ့ နောက်ပြောင်ခဲ့တာပါ၊ စိတ်မရှိပါနဲ့"
ဟု အနီရောင်ဝတ် သတို့သမီးက ပြောသည်။
လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အချက်ပြလိုက်ကြသည်။
လီယန်ချူက ဆက်ပြောသည်
"အရေခွံခြယ်သတဲ့ မိစ္ဆာအတတ်ကို ကျင့်တဲ့ တစ္ဆေမျိုးနွယ်တွေနဲ့ ငါတို့ စကားပြောစရာ မရှိဘူး"
ပိုင်ဟုန်းထူကလည်း အလေးအနက်
"မှန်တယ်၊ ပိုင်ဟုန်းထူက ဘယ်တော့မှ မိစ္ဆာတွေနဲ့ အပေါင်းအဖော် မလုပ်ဘူး"
"ကျွန်မက အရေခွံခြယ်သတဲ့ မိစ္ဆာအတတ်ကို ကျင့်တယ်လို့ ဘယ်သူပြောလဲ၊ ကျွန်မက ပန်းချီလမ်းစဉ်ရဲ့ ဆက်ခံသူပါ၊ ပန်းချီနတ်ဘုရား ရဲ့ မျိုးနွယ်ဖြစ်လို့ စာပေလမ်းစဉ် တပည့်လို့တောင် သတ်မှတ်လို့ရပါတယ်"
ဟု သတို့သမီးက ဆိုသည်။
ပိုင်ဟုန်းထူက လှောင်ပြုံးဖြင့်
"ခုနက ဝေါယာဉ်ထမ်းတွေက လူရေခွံတွေဆိုတာ ငါမမြင်ဘူး ထင်နေလား "
သတို့သမီးက နူးညံ့စွာ
"သခင်လေးပိုင် အထင်မှားနေပါပြီ၊ အဲဒီလူတွေက အနီးအနားက မြို့တွေမှာရှိတဲ့ လူဆိုးလူမိုက်တွေပါ၊ ကျွန်မက သူတို့ရဲ့ လူရေခွံကို ခေတ္တငှားပြီး ပန်းချီဆွဲထားရုံပါ"
သခင်လေးပိုင် ဟု အခေါ်ခံလိုက်ရသဖြင့် ပိုင်ဟုန်းထူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားပြီး အေးစက်စက် အော်လိုက်သည်
"တော်တော်လေး စကားတတ်တဲ့ မိစ္ဆာမပဲ လူရေခွံခွာပြီး ပန်းချီဆွဲတယ် လူတွေကို လှည့်စားပြီးတော့မှ စာပေလမ်းစဉ်ကလို့ ကိုယ့်ကိုယ်ကိုယ် ပြောရဲသေးတယ်"
"သခင်လေးပိုင် မလောပါနဲ့ ကျွန်မ ရှင်းပြပါရစေ၊ အဲဒီ (၁၂) ယောက်စလုံးမှာ လူသတ်မှုတွေ ရှိခဲ့ကြတယ်၊ နှဲမှုတ်တဲ့လူငယ် ဆွေလျန် ဆိုရင် စည်းစိမ်ကို မက်မောပြီး သူငယ်ချင်းကို သတ်ခဲ့တယ်၊ ပြီးတော့ အလောင်းဖျောက်ပြီး ဥပဒေကနေ ထွက်ပြေးနေခဲ့တာ၊ သူက သေသင့်တာ မဟုတ်ဘူးလား "
"ဒါက မင်းတစ်ဖက်သတ် ပြောတာပဲလေ၊ အထောက်အထား မခိုင်လုံဘူး"
ပိုင်ဟုန်းထူက လေးနက်စွာ ပြောသည်။
"ကျွန်မပြောတာ အမှန်တွေပါ၊ သူတို့က လူသတ်တယ်၊ သစ္စာဖောက်တယ်၊ သေထိုက်တဲ့သူတွေပါ ကျွန်မက ကောင်းကင်ကိုယ်စား အပြစ်ပေးရုံသက်သက်ပါ"
ဟု သတို့သမီးက ရှင်းပြသည်။
လီယန်ချူက ရုတ်တရက်
"မင်းရဲ့ အမည်က ဘယ်လိုလဲ"
သတို့သမီးက နူးညံ့စွာ
"ကျွန်မရဲ့ မျိုးရိုးအမည်က ဝမ် ပါ၊ နာမည်က စစ်မု ပါ"
"ကောင်းပြီ စစ်မု မင်းက အရေခွံခြယ်သတဲ့ မိစ္ဆာအတတ် ဟုတ်မဟုတ်ဆိုတာကို ခေတ္တထားလိုက်ဦး၊ အရင်က လူလွှတ်ပြီး ပြောခဲ့တဲ့ မသေဆေးနဲ့ ချင်းယီမယ်တော်ရဲ့ လျှို့ဝှက်ချက်ကို ငါတို့အတွက် ဖြေရှင်းပေးနိုင်မယ်ဆိုတာ တကယ်ပဲလား "
လီယန်ချူ၏ လေသံမှာ နူးညံ့သိမ်မွေ့လှသဖြင့် အပြစ်ပြောစရာ မရှိပေ။
သတို့သမီးက နူးညံ့စွာ
"တကယ်တော့ ပြောပြဖို့ ရည်ရွယ်ထားတာပါ ဒါပေမဲ့ လူကြီးမင်းတို့ နှစ်ဦးက အမှားအမှန်မခွဲခြားဘဲ ကျွန်မရဲ့ အစေခံတွေကို သတ်ပစ်လိုက်တော့ အခုတော့ အလွယ်တကူ ပြောပြဖို့ မသင့်တော်တော့ဘူးပေါ့"
ပိုင်ဟုန်းထူ စိတ်ထဲ လေးလံသွားပြီး လှုပ်ရှားပြရန် ပြင်လိုက်သည်
လီယန်ချူက ပိုင်ဟုန်းထူကို တွန်းလိုက်ပြီး ရယ်မောကာ
"မင်းက ငါ့သူငယ်ချင်း နဲ့ အိမ်ထောင်ပြုချင်တာ မဟုတ်ဘူးလား၊ တကယ်လို့ သခင်မလေးစစ်မု ပြောတာတွေက အမှန်ဖြစ်ပြီး မိစ္ဆာမဟုတ်ဘူးဆိုရင် ပြီးတော့ ငါတို့ရဲ့ သံသယတွေကိုလည်း ဖြေရှင်းပေးနိုင်မယ်ဆိုရင်၊ ငါကပဲ အာမခံပေးပါ့မယ် လူကြီးမင်းတို့ နှစ်ဦး ဒီညပဲ မင်္ဂလာဦးည ဆင်နွှဲလို့ ရပါတယ်"
"..." ပိုင်ဟုန်းထူ အံ့အားသင့်သွားသည်။