အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉) - ချိကဲဘက်လမ်းစဥ်
"လီယန်ချူ မင်း..."
ပိုင်ဟုန်းထူ စိုးရိမ်တကြီး ဖြစ်သွားသည်။
လီယန်ချူက နှစ်သိမ့်လိုက်သည်
"ဒီ သခင်မလေးစစ်မု က အသံက နူးညံ့သိမ်မွေ့ပြီး သာယာတယ် သေချာပေါက် စရိုက်ကောင်းတဲ့ အဖော်ကောင်းတစ်ယောက် ဖြစ်မှာပါ မင်းက ဘာကို မကျေမနပ် ဖြစ်နေတာလဲ၊ စိတ်အေးအေးထားစမ်းပါ"
အနီရောင်ဝတ် သတို့သမီးက နူးညံ့စွာ ပြောလာသည်
"တာအိုဆရာ လီယန်ချူက အာမခံပေးပြီဆိုတော့လည်း ကျွန်မ ဒီကိစ္စကို အစအဆုံး လူကြီးမင်းတို့နှစ်ဦးကို ပြောပြပါ့မယ်"
"..." ပိုင်ဟုန်းထူ၏ နှုတ်ခမ်းထောင့်များ
အနည်းငယ် တွန့်သွားသည်။
ကောင်းလေစွ လီယန်ချူ၊ ကြည့်တော့ဖြင့် မျက်ခုံးထူထူ မျက်လုံးအိမ်ကြီးကြီးနဲ့ လူရိုးကြီးလိုလိုနဲ့၊ ဒီလိုလူစားမျိုး ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး မျက်တောင်တစ်ချက် မခက်ဘဲ ညီအစ်ကိုကို ရောင်းစားလိုက်တာပဲ
ဒီ စစ်မု ဆိုတဲ့ အမျိုးသမီးက အနီရောင်ခေါင်းမြှောက်ပဝါအောက်မှာ သွေးသံရဲရဲနဲ့ လောက်တွေတက်နေတဲ့ မျက်နှာကြီး ရှိနေရင် ဘယ်လိုလုပ်မလဲ။
ပိုင်ဟုန်းထူသည် အခြေအနေအရ ခေတ္တသည်းခံနိုင်သော်လည်း မိမိကိုယ်ကိုတော့ အနစ်နာမခံနိုင်ပေ
သူသည် ကချေသည်ခန်းမ တိုင်းရှိ မိန်းကလေးတိုင်းအတွက်သာ ဖြစ်သည် အမည်မသိ တစ္ဆေဇနီးတစ်ယောက်ကို ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ
"မသေဆေး ဆိုတာကတော့ ရှေးပဝေသဏီကတည်းက ဒီကောလာဟလ ရှိခဲ့တာပါ ကျင့်ကြံသူတွေပဲဖြစ်ဖြစ် ဧကရာဇ်နဲ့ စစ်သူကြီးတွေပဲဖြစ်ဖြစ် ဘယ်သူမှ ထာဝရအသက်ရှင်ခြင်းရဲ့ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြဘူး"
"ချန်နိုင်ငံ တည်ထောင်တာ နှစ်ပေါင်း ၃၀၀ ရှိပြီထိုက်ကျူ ဧကရာဇ်မင်းမြတ်က နယ်စားပယ်စားတွေကို နှိမ်နင်းပြီး ရှအင်ပါယာကို ဖြိုဖျက်ခဲ့ချိန်ကစလို့ အစိုးရဟာ မသေဆေးကို အမြဲတမ်း ရှာဖွေခဲ့တယ်"
"လွန်ခဲ့တဲ့ နှစ် ၁၀၀ အထိတော့ မသေဆေးရဲ့သတင်းက အနောက်ဘက်ဒေသ နတ်ဘုရားတောင်တန်းမှာ ထွက်ပေါ်ခဲ့ပြီး သွေးချောင်းစီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးတယ် အဲဒီနောက်ပိုင်း နှစ် ၁၀၀ အတွင်းမှာတော့ မသေဆေးသတင်းက ထွက်ပေါ်လာတာ အရမ်းရှားသွားခဲ့ပြီ"
"မသေဆေးရဲ့ ပုံစံကို ဘယ်သူမှ မမြင်ဖူးကြဘူး၊ တချို့ကတော့ ဒါဟာ ဝိညာဉ်ရှိတဲ့ ဆေးလုံးတစ်လုံးလို့ ပြောကြတယ်၊ တချို့ကတော့ ဒါဟာ ကျင့်ကြံမှုအဆင့်မြင့်တဲ့ လူသားမျိုးနွယ်ဝင် ဆေးဘက်ဝင်အပင် (ဥပမာ ဂျင်ဆင်း သို့မဟုတ် ကျူးကော်သီး) လို့ ပြောကြတယ်၊ ဘေးအန္တရာယ်ကို ကြိုသိပြီး ရှောင်တိမ်းနိုင်တယ်လို့ ဆိုကြတယ်"
"တချို့ကလည်း မသေဆေးဟာ နတ်ဘုရားလက်နက်တစ်ခုလို့ ပြောကြတယ် ပိုင်ဆိုင်ထားရင် ထာဝရအသက်ရှင်နိုင်တယ်လို့ ဆိုကြတယ် အမျိုးမျိုး ပြောနေကြတာပါပဲ"
"လက်ရှိ ချန်ဧကရာဇ်မင်းမြတ်က အားအင်ပြည့်ဖြိုးတုန်းဖြစ်ပြီး အုပ်ချုပ်ရေးအမှားတွေကို ပြုပြင်ဖို့ ဆုံးဖြတ်ထားတယ် ပြည်သူတွေကြားမှာလည်း မသေဆေးအကြောင်း ဆွေးနွေးတာကို တားမြစ်ထားပြီး မသေဆေးနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်း မှတ်တမ်းတွေကိုလည်း မီးရှို့ဖျက်ဆီးစေခဲ့တယ်"
"ဒါပေမဲ့ မထင်မှတ်ဘဲ စာပေပညာရှင်တစ်ယောက်က မသေဆေးရဲ့ သဲလွန်စကို ရှာတွေ့သွားခဲ့တယ် အဲဒါက ဝေမြို့ထဲမှာပဲ၊ ပြီးတော့ ဒီသတင်းက ဘယ်လိုကနေ ဘယ်လို ပေါက်ကြားသွားတယ်ဆိုတာ မသိရဘူး"
"အစောဆုံးအနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက တစ်စုံတစ်ယောက်ဟာ ဝူဟူဂိုဏ်းချုပ်ကို တိတ်တဆိတ် ထိန်းချုပ်ထားပြီး ဝူဟူဂိုဏ်းရဲ့ အာဏာကို သုံးကာ ဝေမြို့ထဲမှာ မသေဆေးရဲ့ တည်နေရာကို လိုက်ရှာနေခဲ့တာ"
"အဲဒီလူကတော့ ကချေသည်ခန်းမထဲမှာ ပုန်းအောင်းနေခဲ့ပြီး နောက်ဆုံးမှာ လူကြီးမင်းတို့နှစ်ဦးရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတဲ့ စက္ကူရုပ်လုပ်တဲ့လူ ပဲ ဖြစ်တယ်"
"နောက်ဆုံးမှာတော့ ဒီလူစုဟာ အရေးကြီးတဲ့ သဲလွန်စတစ်ခုကို ရှာတွေ့သွားပုံရတယ် သူတို့က မသေဆေးဟာ ချင်းယီမယ်တော်ဘုရားကျောင်းရဲ့ အောက်မှာ ရှိနေတယ်လို့ ယူဆပြီး ဘုရားကျောင်းကို ဖောက်ခွဲပြီး ဆေးကို ယူဖို့ ကြိုးစားခဲ့ကြတာ"
အနီရောင်ဝတ် သတို့သမီးသည် မသေဆေး၏ နောက်ခံသမိုင်းကြောင်းကို ရှင်းလင်းစွာ ပြောပြခဲ့သည်။
ဤအချက်မှာ လီယန်ချူ သိထားသည်နှင့် များစွာ ထပ်တူကျနေသည်။
လီယန်ချူက မေးလိုက်သည်
"မင်း သူတို့ ယမ်းမြှုပ်ထားတဲ့ နေရာကို ဘယ်လိုလုပ် သိတာလဲ "
အနီရောင်ဝတ် သတို့သမီးက နူးညံ့စွာ
"ကျွန်မက ဒီကိစ္စကို တိတ်တဆိတ် စုံစမ်းနေတာပါ၊ ကျွန်မရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ဒီကိစ္စကို သိဖို့ မခက်ခဲပါဘူး"
"ဒါဆို ဘာလို့ ယမ်းမြှုပ်ထားတဲ့နေရာကို ငါ့ကို လာပြောပြရတာလဲ"
လီယန်ချူက မျက်မှောင်ကြုတ်ကာ မေးသည်။
"တာအိုဆရာ လီယန်ချူက မကောင်းမှုကို မုန်းတီးပြီး ပြတ်သားတဲ့သူပဲ နောင်တစ်ချိန်မှာ သာမန်လူတစ်ယောက် ဖြစ်မနေမှာ သေချာတယ် ကျွန်မကလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု စတင်ထားချင်ရုံပါ နောင်တစ်ချိန်မှာ တွေ့ကြတဲ့အခါ အဆင်ပြေအောင်လို့ပါ"
ဟု သတို့သမီးက ပွင့်ပွင့်လင်းလင်း ပြောသည်။
လီယန်ချူ တိတ်ဆိတ်သွားသည်၊ သူမပြောတာ မှန်သည်၊ အကယ်၍ သူမသာ ယမ်းမြှုပ်ထားသည့် နေရာကို အစောတည်းက အသိပေးခဲ့ခြင်း မရှိပါက သူသည် ယခုကဲ့သို့ သူမနှင့် အေးအေးဆေးဆေး စကားပြောနေမည် မဟုတ်ပေ။
သူ၏စိတ်ထဲတွင် တစ်ခုခုကို သတိပြုမိသွားသည်
"ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ရုံတင် မကလောက်ဘူး ထင်တယ်၊ ငါ့ဆီက အကူအညီ တောင်းစရာ ရှိလို့လား "
သတို့သမီးမှာ သိသိသာသာ ကြောင်သွားပြီးနောက် ရယ်မောလိုက်သည်
"တာအိုဆရာ လီယန်ချူက တကယ်ကို ထက်မြက်တာပဲ၊ ကျွန်မမှာ တာအိုဆရာကို အကူအညီတောင်းစရာ ကိစ္စရှိတာ အမှန်ပါ ဒါပေမဲ့ အခုချိန်က အချိန်မကျသေးလို့ အတိအကျ ပြောပြဖို့ မသင့်တော်သေးပါဘူး"
လီယန်ချူ မျက်ခုံးပင့်လိုက်သည်၊ ဤအနီရောင်ဝတ် အမျိုးသမီးမှာ သူထင်ထားသည်ထက် ပို၍ ရှုပ်ထွေးသူ ဖြစ်နေသည်။
ပိုင်ဟုန်းထူသည် သူတို့နှစ်ဦး တစ်ယောက်တစ်ခွန်း ပြောနေသည်ကို ကြည့်ကာ၊ သူသည် ထိုအမျိုးသမီးနှင့် မင်္ဂလာမဆောင်ချင်သော်လည်း ခုနက သူမကိုယ်တိုင်က သူ့ကို သတို့သားအဖြစ် လိုချင်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ပိုင်ဟုန်းထူက ကြားဖြတ်မေးလိုက်သည်
"စစ်မု သခင်မလေး အဲဒီ စက္ကူရုပ်လုပ်တဲ့လူနဲ့ မြို့စောင့်နတ်အတုတို့ရဲ့ နောက်ခံကိုရော သိလား "
"အဲဒီလူတွေက ချိကဲဘက်လမ်းစဥ် ရဲ့ လက်ကျန် အကြွင်းအကျန်တွေ ဖြစ်နိုင်ပါတယ်"
ဟု သတို့သမီးက တိုးတိုးလေး ပြောသည်။
ချိကဲဘက်လမ်းစဥ်
လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်၊ ဒီကမ္ဘာမှာလည်း ချိကဲဘက်လမ်းစဥ် ရှိတာလား
ပိုင်ဟုန်းထူက မေးသည်
"ချိကဲဘက်ဘာသာက ရှအင်ပါယာ ခေတ်ကတည်းက နှိမ်နင်းခံလိုက်ရတာ မဟုတ်ဘူးလား၊ အခုထိ ဘာလို့ လက်ကျန်တွေ လှုပ်ရှားနေသေးတာလဲ "
သတို့သမီးက ရှင်းပြသည်
"ချိကဲဘက်ဘာသာဟာ ရှေးပဝေသဏီကတည်းက လောကကြီး ရှုပ်ထွေးပွေလီတဲ့ အချိန်တိုင်းမှာ ပေါ်လာပြီး ဒုက္ခပေးလေ့ရှိတယ်၊ ဘယ်လောက်ပဲ တားမြစ်တားမြစ် ပျောက်မသွားဘူး၊ ချန်နိုင်ငံ တည်ထောင်ပြီးကတည်းက ဒီလိုကိစ္စတွေကို အရမ်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့လို့ သူတို့ရဲ့ လှုပ်ရှားမှုတွေက ပိုပြီး လျှို့ဝှက်လာခဲ့တာပဲ"
"ပြည်သူတွေကြားထဲမှာ ထူးဆန်းတဲ့ ပညာရှင်တွေ အများကြီး ရှိကြတယ်၊ အရေခွံခြယ်သတဲ့ အတတ် သို့မဟုတ် အလောင်းမွေးမြူတဲ့ အတတ် တွေကို ကျင့်တိုင်းလည်း မိစ္ဆာလို့ မသတ်မှတ်နိုင်ပါဘူး၊ ဒါပေမဲ့ အဲဒီလူတွေက ချိကဲဘက်ဘာသာဝင်တွေ ဟုတ်မဟုတ်ဆိုတာကတော့ ကျွန်မရဲ့ ခန့်မှန်းချက်သက်သက်ပါ"
သူမသည် မိစ္ဆာ ဟု ပြောသည့်အခါ လေသံကို အထူးလေးနက်စေခဲ့သည်။
လီယန်ချူသည် ထိုအချက်ကို အာရုံမစိုက်ဘဲ ဆက်မေးသည်
"ဝေမြို့ထဲမှာ တခြား ပုန်းအောင်းနေတဲ့ မိစ္ဆာတွေ ရှိသေးလားဆိုတာ စစ်မု သခင်မလေး သိလား "
သူမ၏ စကားထဲက အဓိပ္ပာယ်ကို သူ ဂရုမစိုက်ပေ မူလကတည်းက ထူးဆန်းသော အတတ်ပညာများကို ကျင့်ကြံသူတိုင်းကို မိစ္ဆာဟု သူ မယူဆပေ။
သူ့အမြင်တွင် မိစ္ဆာဖြစ်ခြင်း မဖြစ်ခြင်းမှာ စိတ်နှလုံး ပေါ်တွင်သာ အဓိက မူတည်သည်
နာမည်ကြီးဂိုဏ်းက ဘုန်းကြီး သို့မဟုတ် တာအိုဆရာ ဖြစ်ပါစေ၊ အကယ်၍ လူသတ်မယ်၊ အပြစ်မဲ့သူတွေကို ဒုက္ခပေးမယ်ဆိုရင် အဲဒါဟာ မိစ္ဆာပဲ
သတို့သမီးသည် ခေတ္တ စဉ်းစားပြီးနောက်
"တခြားလူတွေကိုတော့ ကျွန်မ မသေချာဘူးဒါပေမဲ့ အဲဒီ သုံးယောက်အပြင် သေသင့်တာ ကြာလှပြီဖြစ်တဲ့ မိစ္ဆာအိုကြီး တစ်ယောက်တော့ ရှိသေးတယ်"
"သူက ကောင်းကင်လျှို့ဝှက်ချက် ကို အတတ်ပညာတစ်ခုနဲ့ ဖုံးကွယ်ပြီး သေမင်းကို လှည့်စားကာ အသက်ဆက်နေတာ ဘာကိစ္စကြောင့်လဲ မသိဘူး သူလည်း ဝေမြို့ကို ရောက်လာခဲ့တယ်"
လီယန်ချူက မျက်မှောင်ကြုတ်ကာ
"မင်းပြောတာ ဖုန်းအိမ်တော် ပေါက်ကွဲမှုမှာ ပါဝင်တဲ့ အဲဒီ ဝတ်ရုံနက်နဲ့ အဘိုးကြီးကို ပြောတာလား"
သတို့သမီးက ခေါင်းညိတ်ပြသည်
"မှန်ပါတယ်၊ သူပါပဲ"
ခေတ္တအကြာတွင် သူမက ညည်းညူသလို ပြောလာသည်
"အဲဒီလူရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ဟာ ပုပ်ဆွေးနေပြီ ဆိုပေမဲ့ သူက တကယ့်ကို အစွမ်းထက်တဲ့ ပညာရှင်ကြီး တစ်ယောက်ပဲ၊ ဒါပေမဲ့ မထင်မှတ်ဘဲ..."
မထင်မှတ်ဘဲ ငါတို့ နှစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတယ်လို့ ပြောချင်တာလား... လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။
ထိုဝတ်ရုံနက်နှင့် အဘိုးကြီး၏ ခွန်အားမှာ အလွန် ကြောက်စရာကောင်းလှသည်၊ သူသည် ပုပ်ဆွေးနေသည့်တိုင် မည်သူမျှ ယှဉ်နိုင်စွမ်း မရှိသလောက်ပင်။
လီယန်ချူသာ သုံးကြိမ်တိုင်တိုင် အဆင့်မြှင့်ထားသော ငါးပါးမိုးကြိုးအဆောင် ဖြင့် သူ၏ ခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်ခဲ့ပါက သာမန်တိုက်ခိုက်ရုံဖြင့် အနည်းငယ်သော အကွက်များအတွင်း၌ပင် သူတို့ ရှုံးနိမ့်သွားနိုင်သည်။
ထို့ပြင် ထိုအဘိုးကြီးသည် သူတို့နှင့် မတိုက်ခိုက်မီ လင်ရှီးဘုရားကျောင်းမှ ဟွေ့ကျိန်းနှင့် တစ်ကြိမ် တိုက်ခိုက်ထားရသဖြင့် အင်အားများစွာ ကုန်ခမ်းနေခဲ့ခြင်း ဖြစ်သည်။
ထိုသူ၏ အရှိန်အဝါ အကောင်းဆုံး အချိန်တွင် မည်မျှအထိ အစွမ်းထက်မည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
အနီရောင်ဝတ် သတို့သမီးက နောက်ဆုံးတွင် ပြောသည်
"ဒီကိစ္စက အဲဒီလောက် လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး၊ တကယ်လို့ တစ်ဖက်လူက ချိကဲဘက်လမ်းစဥ် ဝင်တွေသာ ဆိုရင် ဝေမြို့ကို လူထပ်လွှတ်ဦးမှာ သေချာတယ် အဲဒီလို မဟုတ်ခဲ့ရင်တောင် သူတို့ရဲ့ အပေါင်းအဖော်တွေ ရောက်လာဦးမှာပဲ"
လီယန်ချူ၏ မျက်နှာမှာ လေးနက်သွားသည်။
"ဒါပေမဲ့ လူကြီးမင်းတို့နှစ်ဦးအနေနဲ့ သိပ်ပြီးတော့ စိုးရိမ်စရာ မလိုပါဘူး၊ ချိကဲဘက်ဘာသာ ဆိုတာကလည်း အရင်လို တစ်သားတည်း မဟုတ်တော့ဘူး နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရတော့ အစိတ်စိတ်အမွှာမွှာ ကွဲနေတာ ပညာရှင်ကြီးတွေ အများကြီး ရောက်လာဖို့ မလွယ်ပါဘူး"
ဟု သတို့သမီးက ဆိုသည်။
ပိုင်ဟုန်းထူက စဉ်းစားဟန်ဖြင့်
"စစ်မု သခင်မလေး၊ ခုနက ချင်းယီမယ်တော် အကြောင်း ပြောသွားသေးတယ် ဝေမြို့ရဲ့ ချင်းယီမယ်တော်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလို့လဲ "
လီယန်ချူ၏ အကြည့်မှာလည်း သူမဆီသို့ ရောက်သွားသည်။
သတို့သမီးက ဖြည်းညှင်းစွာ ပြောသည်
"ချင်းယီမယ်တော် ဆိုတာက ပြည်သူတွေရဲ့ ဆုတောင်းမီးခိုး ကနေတစ်ဆင့် ခန္ဓာကိုယ်ရရှိလာတဲ့ စစ်မှန်တဲ့ နတ်ဘုရားမ တစ်ပါးပါ လောကကြီးရဲ့ ဖြောင့်မတ်တဲ့ စွမ်းအင်တွေကို ဆုပ်ကိုင်ထားပြီး ဒေသတစ်ခုလုံး ငြိမ်းချမ်းအောင် စောင့်ရှောက်ပေးတဲ့သူပါ ဒါပေမဲ့ အခုတော့ ပြဿနာတစ်ခု ပေါ်ပေါက်နေပြီ"
ချင်းယီမယ်တော်က စစ်မှန်တဲ့ နတ်ဘုရားမတစ်ပါးပဲ... လီယန်ချူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်
"ဘာပြဿနာ ပေါ်နေတာလဲ"
အခန်း (၈၀) - နည်းလမ်းများ
အနီရောင်ဝတ် သတို့သမီးက တုန်လှုပ်ဖွယ်စကားကို ဆိုလိုက်သည်
"ချင်းယီမယ်တော် မိစ္ဆာဝင်နေပြီ "
"ဘာ..."
ပိုင်ဟုန်းထူ အံ့အားသင့်သွားသည်။
"တကယ်တမ်း ဘာတွေဖြစ်နေတာလဲ"
လီယန်ချူက လေးနက်စွာ မေးလိုက်သည်။
"မိစ္ဆာဝင်ရတဲ့ အကြောင်းရင်းကိုတော့ ကျွန်မလည်း မသိရပါဘူး၊ ဒါပေမဲ့ ချင်းယီမယ်တော်ဆီမှာ တကယ်ပဲ မိစ္ဆာစိတ် တွေ ပေါက်ဖွားနေပြီ နတ်ဘုရားစိတ်နဲ့ မိစ္ဆာစိတ်တို့ဟာ ရောထွေးနေပြီး တစ်ဦးကိုတစ်ဦး ဖိနှိပ်နေကြတာ"
"အကယ်၍ စက္ကူရုပ်မနဲ့ အပေါင်းအဖော်တွေကိုသာ ချင်းယီဘုရားကျောင်းကို ဖောက်ခွဲခွင့်ပြုလိုက်မယ်ဆိုရင် အဲဒီအချိန်ကျရင် ချင်းယီမယ်တော်ရဲ့ ရုပ်ထုတော် ပျက်စီးသွားပြီး ဘုရားကျောင်းရဲ့ တည်ဆောက်ပုံစနစ် ပျက်သွားလိမ့်မယ်၊ မိစ္ဆာစိတ်က ချင်းယီမယ်တော်ကို ထိန်းချုပ်သွားပြီး ဝေမြို့ဟာ တစ္ဆေနယ်မြေ ဖြစ်သွားလိမ့်မယ်"
အနီရောင်ဝတ် သတို့သမီးက ထိုကိစ္စကို ဖြည်းဖြည်းချင်း ရှင်းပြသည်။
လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ မျက်ဝန်းများတွင် ထိတ်လန့်ရိပ်များ ရှိနေသည်။
ဝေမြို့၏ အကြီးဆုံး ဆုတောင်းရာနေရာ ဖြစ်သည့် ချင်းယီမယ်တော်ကိုယ်တိုင် မိစ္ဆာဝင်နေသည်တဲ့လား
အကယ်၍ ဒါဟာ အမှန်ဆိုရင် စက္ကူရုပ်မနဲ့ အပေါင်းအဖော်တွေဟာ တကယ့်ကို ယုတ်မာလွန်းလှသည်
မိမိကိုယ်ကျိုးအတွက်နှင့် တစ်မြို့လုံးကို တစ္ဆေနယ်မြေအဖြစ် ပြောင်းလဲပစ်ရန် ဝန်မလေးကြပေ။
"ဒါဆို မသေဆေးဆိုတာက တကယ်ပဲ ချင်းယီမယ်တော်ကျောင်းရဲ့ အောက်တစ်နေရာမှာ ရှိနေတာလား"
လီယန်ချူက မေးလိုက်သည်။
အနီရောင်ဝတ် သတို့သမီးမှာ ခေါင်းမြှောက်ပဝါ ခြုံထားသော်လည်း လီယန်ချူမှာ သူမ၏ အကြည့်ကို ခံစားနေရဆဲပင်။
"မသေဆေးဆိုတဲ့ကိစ္စက အရမ်းကို စိတ်ကူးယဉ်ဆန်လွန်းပါတယ်၊ ကျွန်မလည်း အသေအချာ မသိပါဘူး"
ဟု သတို့သမီးက တည်ငြိမ်စွာ ဆိုသည်။
"စစ်မု သခင်မလေးက ဘယ်လိုလူလဲ ဘာလို့ ဒီလောက် လျှို့ဝှက်ချက်တွေ အများကြီး သိနေရတာလဲ "
"မင်းရဲ့ မျက်နှာအစစ်ကိုလည်း မပြဘူး၊ နောက်ခံသမိုင်းကြောင်းကိုလည်း မပြောဘူး၊ ငါတို့က မင်းကို ဘယ်လိုယုံရမှာလဲ "
လီယန်ချူ၏ အကြည့်မှာ ဓားကဲ့သို့ ထက်မြက်လှပြီး ညဉ့်နက်သန်းခေါင်တွင် လူရေခွံဝေါယာဉ်ထမ်းများ လွှတ်၍ လာကြိုခိုင်းသည့် ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်သည်။
အနီရောင်ဝတ် သတို့သမီးက ခပ်ဖွဖွ ရယ်မောကာ
"ကျွန်မပြောတာတွေက တစ်လုံးမကျန် အမှန်တွေပါ၊ ကျွန်မရဲ့ အထောက်အထားကို မပြောပြနိုင်သေးတာ မှန်ပေမဲ့ ကျွန်မရဲ့ ရုပ်ရည်ကိုတော့ သခင်လေးပိုင် တစ်ယောက်တည်းကိုပဲ မြင်တွေ့ခွင့် ပေးနိုင်ပါတယ်"
သူမ၏ အသံမှာ အလွန် နူးညံ့သိမ်မွေ့ပြီး စာပေတတ်မြောက်သည့် အထက်တန်းလွှာ အမျိုးသမီးတစ်ဦးနှင့် တူလှသည်။
သို့သော် ကိုယ်တိုင်ကိုယ်ကျ လူလွှတ်၍ လာကြိုခိုင်းသည်မှာ စာပေထုံးတမ်းစဉ်လာ နှင့်တော့ မကိုက်ညီပေ။
ပိုင်ဟုန်းထူက လက်အုပ်ချီ နှုတ်ဆက်ကာ
"စစ်မု သခင်မလေးရဲ့ မေတ္တာကို ရရှိတာ ဝမ်းသာရပေမဲ့ ကျွန်တော်မျိုးမှာတော့ ကြောက်ရွံ့မိပါတယ် ကျွန်တော်နဲ့ သခင်မလေးက တစ်ခါမှ မဆုံဖူးဘဲ ဘာလို့ ဒီလောက်ထိ ချစ်မြတ်နိုးနေရတာလဲ "
သတို့သမီးက နူးညံ့စွာ
"သခင်လေးပိုင်နဲ့ ကျွန်မက ကံပါလာတဲ့ သူတွေပါ ဒီကိစ္စကို ပညာရှင်ကြီးတစ်ဦးက တွက်ချက်ပေးထားတာ သခင်လေးပိုင်သာ ကျွန်မကို လက်ထပ်မယ်ဆိုရင် နောင်တစ်ချိန်မှာ ကံကောင်းခြင်းကြယ်တွေ ဝန်းရံပြီး နတ်ဘုရားတွေ ကူညီသလို ဖြစ်လာပါလိမ့်မယ်"
ပိုင်ဟုန်းထူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားသည်၊ ကောင်းလေစွ... ကံပါလာတဲ့ သူ ၊ နတ်ဘုရားတွေ ကူညီသလိုတဲ့။
သို့သော် ထိုစကားကို ကြားပြီးနောက် ပိုင်ဟုန်းထူသည် သတို့သမီးကို ပြန်ကြည့်လိုက်ရာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်ပင် မိုက်လှသည်ကို တွေ့ရသည်၊ ထွက်သင့်သည့်နေရာ ထွက်ကာ သွယ်သင့်သည့်နေရာ သွယ်လျနေသည်။
ပိုင်ဟုန်းထူမှာ ထိတ်လန့်သွားပြီး မိမိ၏ အတွေးကြောင့် မိမိကိုယ်ကို အရှက်ရသွားသည်
လီယန်ချူ၏ အကြည့်မှာ ဓားကဲ့သို့ ထက်မြက်နေဆဲပင်၊ သူသည် သတို့သမီးကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်
"သခင်မလေး ပြောတာတွေက တစ်ခုခု ဖုံးကွယ်ထားသလိုပဲ ခုနက ပြောတဲ့ အချိန်မကျသေးဘူး ဆိုတာကလည်း..."
သူက ခေတ္တရပ်လိုက်ပြီး
"အချိန်မကျသေးဘဲနဲ့ ငါတို့ကို ဘာလို့ လာခေါ်တာလဲ ဆွေမျိုးတော်စပ်ဖို့လား "
အနီရောင်ဝတ် သတို့သမီးက တခိခိ ရယ်မောလိုက်သည်
"တာအိုဆရာ လီယန်ချူက သတ်ဖြတ်လိုစိတ် တွေ ပေါက်နေတာလား "
လီယန်ချူက ခပ်အေးအေးပင်
"မင်းရဲ့ ဒီည ဝတ်စားဆင်ယင်ပုံနဲ့ မင်းရဲ့ နည်းလမ်းတွေအရ မင်းပြောတာတွေကို ယုံဖို့ ခက်တယ်"
"အကယ်၍ မင်းက ဒီည ငါတို့ကို ဒီလို မရေမရာ စကားတွေပဲ ပြောနေဦးမယ်ဆိုရင်တော့ ငါ့ဘက်က မယဉ်ကျေးနိုင်တာကို ခွင့်လွှတ်ပါ"
လီယန်ချူ၏ လေသံမှာ အေးစက်နေသော်လည်း ထက်မြက်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
သူ၏လက်မှာ ဓားရိုးပေါ်သို့ ရောက်ရှိနေပြီဖြစ်ကာ အခန်းအတွင်း၌ သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။
အနီရောင်ဝတ် သတို့သမီး တိတ်ဆိတ်သွားသည်။
ထိုသည်မှာ သူမနှင့် လီယန်ချူတို့ ဒုတိယအကြိမ် ထိတွေ့ဆက်ဆံခြင်း ဖြစ်သော်လည်း ဤလူက မျက်နှာချက်ချင်းပျက်ကာ တိုက်ခိုက်ရန် ပြင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"တာအိုဆရာ လီယန်ချူနဲ့ သခင်လေးပိုင် နှစ်ယောက်ပေါင်းရင်တောင် ကျွန်မရဲ့ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်မှာပါ တာအိုဆရာက တကယ်ပဲ ဒီလိုလုပ်ချင်တာလား "
လီယန်ချူက တည်ငြိမ်စွာ
"စမ်းကြည့်လို့ ရပါတယ်"
သတို့သမီး၏ ခေါင်းမြှောက်ပဝါအောက်မှ ထက်မြက်သော အကြည့်များ ရုတ်တရက် ထွက်ပေါ်လာသည်၊ ပဝါကို မလှန်ရသေးသော်လည်း သတ်ဖြတ်လိုသည့် အရှိန်အဝါကို ခံစားနေရသည်။
နှစ်ဦးသား အားပြိုင်နေစဉ် ပိုင်ဟုန်းထူမှာလည်း မသိမသာ မတ်တတ်ရပ်လိုက်ပြီး လက်မှ အဆောင်များကို ပြင်ဆင်လိုက်သည်။
ခုနတင် မင်္ဂလာကိစ္စ ပြောနေကြရာမှ မျက်တောင်တစ်ခတ်အတွင်း တင်းမာသော အခြေအနေသို့ ရောက်ရှိသွားသည်။
သတို့သမီးသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ သက်ပြင်းချကာ
"ကျွန်မနဲ့ လူကြီးမင်းတို့နှစ်ဦးက မိတ်ဆွေတွေပါ ရန်သူတွေ မဟုတ်ဘူး၊ ဘာလို့ ဒီလိုအခြေအနေထိ လုပ်နေရတာလဲ"
လီယန်ချူက လေးနက်စွာ
"ပူးပေါင်းချင်ရင် ရိုးသားမှု ပြရမယ်ကိုယ်ယောင်ဖျောက် နေပြီးတော့ ငါတို့ ညီအစ်ကိုတွေကို ခိုင်းစေချင်တာလား"
သတို့သမီးက
"ကျွန်မ လျှို့ဝှက်ချက်တွေ အများကြီး ပြောပြခဲ့တာတောင် ရိုးသားမှု မရှိသေးဘူးလား "
လီယန်ချူက ခေါင်းခါပြသည်
"မလုံလောက်ဘူး"
"ဒါဆို ဘယ်လိုလုပ်ရမလဲ"
သတို့သမီးက မေးသည်။
လီယန်ချူက တည်ငြိမ်စွာ
"အနည်းဆုံးတော့ မင်းရဲ့ မျက်လှည့် တွေကို ရုပ်သိမ်းလိုက်ဦး၊ မင်းက ငါ့ညီအစ်ကိုကို လက်ထပ်ချင်တယ်ဆိုပြီး ကိုယ်ပွား နဲ့ စကားလာပြောနေတာလား..."
ပိုင်ဟုန်းထူ ကြောင်သွားသည်။
ရှေ့က သတို့သမီးက အတုကြီးလား
ဒီအချက်ကို သူ လုံးဝ သတိမထားမိခဲ့ပေ၊ ခုနကတောင် ကိုယ်လုံးကိုယ်ပေါက် မိုက်တယ်လို့ ထင်နေမိသေးသည်။
အနီရောင်ဝတ် သတို့သမီးက တခိခိ ရယ်မောကာ
"တာအိုဆရာ လီယန်ချူက တကယ်ကို အကြည့်စူးရှတာပဲ၊ အဲဒီလိုဆိုရင်တော့ ကျွန်မပဲ ဆိုးသွားတာပေါ့"
ချက်ချင်းပင် ရှေ့မှ မြင်ကွင်းများ ပြောင်းလဲသွားသည်၊ မူလက မီးအိမ်များဖြင့် လင်းထိန်နေသော မင်္ဂလာခန်းဆောင်မှာ ပျောက်ကွယ်သွားတော့သည်။
ရှေ့မှ အနီရောင်ဝတ် သတို့သမီးမှာလည်း နူးညံ့သိမ်မွေ့သော ဝါဂွမ်းရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင် မြင်ကွင်းမှာလည်း ခုနက အရပ်သားအိမ်၏ အပြင်ဘက်သို့ ပြန်ရောက်သွားသည်။
ပိုင်ဟုန်းထူ ကြောင်သွားပြီး ကျောပြင်မှ အေးစိမ့်သွားသည်၊ အမှန်တော့ သူတို့နှစ်ဦးမှာ အိမ်ထဲသို့ပင် မဝင်ရသေးဘူးလား
ဒါ... တစ္ဆေတံတိုင်း လား
ပိုင်ဟုန်းထူ၏ မျက်ဝန်းများတွင် စဉ်းစားဟန်များ ပေါ်လာသည်၊ သာမန်တစ္ဆေတံတိုင်းဆိုလျှင် သူတို့နှစ်ဦးကို လုံးဝ ပိတ်လှောင်ထားနိုင်မည် မဟုတ်ပေ။
ဒီအမျိုးသမီးက တကယ်ပဲ ဘယ်သူလဲ
ဝါဂွမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ပြုံးလျက်
"ကျွန်မ ခုနက ဆော့ကစားမိလို့ အတတ်ပညာတွေကို မရုပ်သိမ်းမိတာပါ တာအိုဆရာ လီယန်ချူ စိတ်မရှိပါနဲ့"
လီယန်ချူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာသည်။
ချွန်း
ကျန်ကျောင်းဓား အိမ်မှ ထွက်လာပြီး ဓားအလင်းတစ်ချက် လျှပ်ခနဲ ဖြစ်သွားသည်
ရွှပ်
ရှေ့မှ ဝါဂွမ်းရောင်ဝတ် အမျိုးသမီးမှာ ခဏချင်းအတွင်း နှစ်ပိုင်းပြတ်သွားသည်၊ ထိုမျှမက သူမ၏နောက်ကွယ်မှ မြင်ကွင်းများပါ ဆုတ်ပြဲသွားတော့သည်
သူ၏ သွေးသားစွမ်းအင် မှာ အလွန်ကြီးမားလှသဖြင့် တစ်ကိုယ်လုံးမှာ သတ်ဖြတ်ခြင်း အရှိန်အဝါများ ဖုံးလွှမ်းနေကာ မည်သူမျှ စိုက်မကြည့်ရဲလောက်ပေ
"ငါတို့ကို အကြိမ်ကြိမ် နောက်ပြောင်နေတာ၊ မင်း တကယ်ပဲ ဘယ်သူလဲ "
လီယန်ချူက အော်ဟစ်လိုက်သည်။
နားထဲတွင် မိုးကြိုးပစ်လိုက်သည့်အလား
ပတ်ဝန်းကျင် မြင်ကွင်းများ ထပ်မံပြောင်းလဲသွားပြန်သည်၊ ဤတစ်ကြိမ်တွင် သူတို့နှစ်ဦးမှာ မီးအိမ်များဖြင့် လင်းထိန်နေသော ဘုရားကျောင်းဆောင် ကြီးတစ်ခု၏ အတွင်း၌ ရောက်ရှိနေသည်။
ကျောင်းဆောင်ကြီးပေါ်တွင် အမျိုးသမီး ရုပ်ထုတော်တစ်ခုကို ပူဇော်ထားသည်၊ ရုပ်ရည်မှာ အေးစက်သော်လည်း လောကတွင် အနှိုင်းမဲ့လှပကာ လက်ထဲတွင် မြင်းမြီးယပ် ကို ကိုင်ဆောင်ထားသည်။
"ဒါ ချင်းယီမယ်တော် ဘုရားကျောင်းပဲ "
ပိုင်ဟုန်းထူ အံ့အားသင့်သွားသည်။
လီယန်ချူ၏ အကြည့်က ထက်မြက်လှပြီး ကျောင်းဆောင်အတွင်းရှိ အရိပ်အောက်တစ်နေရာသို့ ကြည့်လိုက်သည်။
"ထွက်လာခဲ့စမ်း"
ထျန်းကန်းလက်ဝါး
နဂါးလက်ဖမ်းဆုပ်
လက်ဝါးအတွင်းမှ ပြင်းထန်သော လေဖိအားများ ထွက်ပေါ်လာပြီး အရိပ်ထဲမှ အမျိုးသမီးတစ်ဦး၏ ကိုယ်ထည် ပေါ်ထွက်လာသည်။
မဟုတ်သေးဘူး
အတိအကျ ပြောရရင်
၁၃ နှစ်၊ ၁၄ နှစ်အရွယ် မိန်းကလေးငယ်လေးတစ်ဦး ဖြစ်သည်။
ဆံပင်ရှည်များ ပခုံးပေါ်ဝဲကျနေပြီး သေးသွယ်လှပသော မျက်နှာလေးနှင့်အတူ မျက်လုံးများမှာ ကြယ်တာရာများကဲ့သို့ တောက်ပနေသည်။
လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်၊ ဒါက သူမရဲ့ ကိုယ်အစစ်လား ဒါမှမဟုတ် နောက်ထပ် ကိုယ်ပွားတစ်ခုလား
ဒါဟာ သူမရဲ့ ကိုယ်အစစ် ဖြစ်နိုင်တယ်လို့ သူ ခံစားရသည်၊ ဘာလို့လဲဆိုတော့ ဒီမိန်းကလေးဆီက ထွက်ပေါ်နေတဲ့ အရှိန်အဝါက အလွန် သဘာဝကျနေပြီး ခုနကလို တစ်ခုခုလွဲနေသလို ခံစားချက်မျိုး လုံးဝမရှိတော့ပေ။
"လင်းစု ... နင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ "
ပိုင်ဟုန်းထူ အော်ဟစ်လိုက်သည်။
ကျင်ချွမ်းမြို့မှ အထက်တန်းလွှာ သခင်လေး ထက်မြက်လှသော ဓားပျံအတတ် ကို ဆက်ခံထားသူ ပိုင်ဟုန်းထူမှာ အလွန်အမင်း အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာသည်။
လက်ထဲတွင် ကျန်ကျောင်းဓားကို ကိုင်ထားသော လီယန်ချူပင် အံ့သြသွားရသည်။
"မင်း သိတာလား "
လီယန်ချူက ပိုင်ဟုန်းထူအား မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
ပိုင်ဟုန်းထူက ခါးသက်သက် ပြုံးလိုက်ပြီး ထူးဆန်းသော စကားတစ်ခွန်း ဆိုလိုက်သည်
"တကယ်လို့ ဒီမျက်နှာက အစစ်ဆိုရင်... သူက ငါ့ရဲ့ ညီမလေး ပဲ"
"လိမ်မနေနဲ့ ရှင်ပြောတော့ စေ့စပ်ထားတဲ့ ဇနီးလောင်း ဆို "
ထိုလှပချောမောသော မိန်းကလေးငယ်က အော်ဟစ်ပြောဆိုလိုက်သည်
"..." လီယန်ချူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားသည်။
မင်းတို့တွေ တကယ်ကို တတ်လည်းတတ်နိုင်ကြတယ်