← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း။ ၇၇

အရိပ်ရုပ်သေးလှည်းပေါ်တွင် အလောင်းများကို အပြည့်တင်ဆောင်လာသည်။ ပုံပန်းသဏ္ဌာန်

အရ ကြည့်လျှင် သူတို့မှာ မကြာသေးမီကမှ သေဆုံးသွားခဲ့ကြသည့် အစေခံများ ဖြစ်ကြသည်။

ဤမြင်ကွင်းက စုန်ယန်၏ မှတ်ဉာဏ်အချို့ကို ပြန်လည်နှိုးဆွပေးလိုက်သည်။ ယခင်က သူ ဝါးတောင်ထိပ်ရှိ သားရေနယ်ရုံတွင် ရှိစဉ်ကလည်း အနီးနား၌ တစ်စုံတစ်ယောက် သေဆုံးသွားပါက ဤကဲ့သို့ပင် လှည်းဖြင့် တင်ဆောင်သွားလေ့ရှိသည်။

သာမန်လူသားများ၏ အယူအဆအရ သေဆုံးပြီးနောက် ခုနစ်ရက်တိုင်အောင် ဝိညာဉ်မှာ တည်ရှိနေဆဲဖြစ်သော်လည်း... ထိုခုနစ်ရက်ဟူသော အချိန်မှာ ရုပ်သေးဂိုဏ်းအတွက် ယုတ်မာညစ်ထေးသော ကိစ္စများစွာကို လုပ်ဆောင်ရန် လုံလောက်လှသော အချိန်ပင်။ အမှန်တကယ်

ပင်... အသက်ရှိစဉ်တွင်လည်း ရုပ်သေးဂိုဏ်းကို အစေခံရပြီး သေဆုံးသွားသည့်တိုင် သူတို့၏ ဝိညာဉ်သရဲအဖြစ် အသုံးတော်ခံရပေတော့မည်။

စုန်ယန်သည် သက်ပြင်းတစ်ချက်ချလျက် ထိုနေ့အတွက် တာဝန်များကို စတင်ရန် ပြင်ဆင်နေစဉ် နောက်ဆုံးမှ လိုက်ပါလာသော အရိပ်ရုပ်သေးလှည်းမှာ အရိပ်ရုပ်သေးဆောင် ရှေ့တည့်တည့်၌ ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။

လှည်းကို ထိန်းကျောင်းလာသော တပည့်ဖြစ်သူသည် လှည်းပေါ်မှ ဆင်းကာ လက်သီးဆုပ် ဂါရဝပြုလျက် "ဆရာစုန်... အရေခွံအသစ်တွေ ရောက်လာလို့ပါ။ ဂိုဏ်းချုပ်က ဒီအရေခွံတွေကို ဆရာအသုံးပြုလို့ရမလားဆိုတာ သိချင်နေပါတယ်" ဟု လျှောက်တင်သည်။

စုန်ယန်က သိလိုစိတ်ဖြင့် "ဘာအရေခွံအသစ်တွေလဲ" ဟု မေးလိုက်သည်။

ထိုတပည့်က ဖုံးအုပ်ထားသော အဝတ်ထူကြီးကို လှန်ပြလိုက်သည်။ စုန်ယန်၏ မျက်သူငယ်များမှာ အနည်းငယ် ကျုံ့သွားခဲ့သည်။

ကံတရား၏ တိုက်ဆိုင်မှုပင်လောမသိပေ။ လှည်းပေါ်တွင် သွေးအလိမ်းလိမ်းဖြင့် ပုံနေသောအရာများမှာ အမြီးတစ်ချောင်းပါ မြေခွေးမိစ္ဆာအရေခွံများဖြစ်နေသည်။

တပည့်ဖြစ်သူက "ဒါတွေက ကျွန်တော်တို့ ညီအစ်ကိုတွေ မကြာသေးခင်ရက်ပိုင်းအတွင်းက အမဲလိုက်ရရှိထားတာတွေပါ။ ဒါပေမဲ့ ဒီမြေခွေးမိစ္ဆာတွေက အစွမ်းချင်း မတူကြဘူး။ အချို့က အလယ်အလတ်အဆင့် မိစ္ဆာတွေဖြစ်ပြီး အချို့ကတော့ အဆင့်မြင့်မိစ္ဆာအဆင့်ထိ ရောက်နေပြီ။ ဆရာစုန်... ဒါတွေကို အသုံးပြုနိုင်မလား။ အကယ်လို့ အဆင်ပြေမယ်ဆိုရင် ဒီမှာပဲ ထားခဲ့ပါ့မယ်" ဟု ပြောလိုက်သည်။

စုန်ယန်၏ အတွေးများမှာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လည်ပတ်နေသည်။

ဒါက စမ်းသပ်မှုတစ်ခုလား။ မဖြစ်နိုင်တာ။

သို့သော် အမြီးတစ်ချောင်းပါ မြေခွေးမိစ္ဆာအရေခွံဆိုသည်မှာ သူ အလွန်အမင်း လိုအပ်နေသော အရာပင်။ အကယ်၍ သူသည် ယခင်ကအတိုင်း မြေခွေးမိစ္ဆာ အရိပ်ရုပ်သေးနှစ်ရုပ်ကို ပြုလုပ်ပြီး တစ်ရုပ်ကို ဝှက်ထားခြင်းဟူသော နည်းလမ်းဟောင်းကို ပြန်လည်အသုံးပြုမည်ဆိုပါက မည်သူမျှ သိရှိနိုင်မည်မဟုတ်ပေ။

သို့သော်လည်း သူသည် မျက်လုံးကို အနည်းငယ်မှေးလျက် "ငါ စမ်းကြည့်ပေးပါ့မယ်" ဟု ပြတ်သားစွာ ပြန်ပြောလိုက်သည်။

လှည်းမောင်းနှင်သူ တပည့်ဖြစ်သူက ရယ်မောလျက် "ဆရာစုန်လို အရေခွံပြုလုပ်ခြင်းမှာ ပါရမီပါတဲ့သူမျိုးက ငြင်းမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိပြီးသားပါ" ဟု ပြောလိုက်သည်။

စုန်ယန်က ပြုံးလျက် ခေါင်းညိတ်ပြပြီး ပုံနေသော အရေခွံများကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။ အရေခွံများကို လှည်းပေါ်မှ ချပြီးသည်နှင့် သူသည် ၎င်းတို့ကို လျင်မြန်စွာ သန့်စင်လိုက်သည်။ ထို့နောက် တမင်တကာပင် အဆင့်မြင့်မိစ္ဆာနှင့် တူညီသော အမြီးတစ်

ချောင်းပါ မြေခွေးမိစ္ဆာ အရိပ်ရုပ်သေးပြုလုပ်ရန် အရေခွံကို ရွေးချယ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် စတင်ဖန်တီးတော့သည်။

...

ညနေစောင်းအချိန်။

အရိပ်ရုပ်သေးဆောင်အတွင်းမှ မိန်းမပျိုလေး ယွီကျွမ်း၏ စူးရှသော အော်ဟစ်သံမှာ လေထုကို ဖောက်ထွင်း၍ ထွက်ပေါ်လာသည်။ မကြာမီမှာပင် ပရမ်းပတာ အခြေအနေများ ဖြစ်ပေါ်လာတော့သည်။

စုန်ယန်၏ တပည့်နှစ်ဦးမှာ အခန်းပြင်သို့ အပြေးအလွှား ထွက်လာကြပြီး တာဝန်ကျ အကြီးအကဲကို အမြန်သွားရောက် အကူအညီတောင်းကြသည်။ အကြီးအကဲ ရောက်ရှိလာချိန်တွင် အရိပ်ရုပ်သေးဆောင် အပြင်ဘက်၌ လူအများအပြား စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။

အကြီးအကဲ အထဲသို့ ဝင်ရောက်ကြည့်ရှုလိုက်ရာ စုန်ယန်မှာ အိပ်ယာပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေသည်ကို တွေ့ရသည်။ သူ၏ မျက်နှာမှာ ရွှေရောင်စက္ကူအလား ဖြူဖျော့နေသည်။

"ဘာဖြစ်တာလဲ"

အကြီးအကဲမှာ လောလောလောလောနှင့် ထိတ်လန့်သွားသည်။

သူသည် စုန်ယန်၏ အရေးပါမှုကို သိရှိထားသူ ဖြစ်သည်။ စုန်ယန်မှာ ရုပ်သေးဂိုဏ်းနှင့် နန်ဝူဓားဂိုဏ်းကို ဆက်သွယ်ပေးထားသည့် တံတားကဲ့သို့ ဖြစ်နေသဖြင့် သူ့ကို တစ်စုံတစ်ရာ ထိခိုက်၍ မဖြစ်ပေ။ သို့မဟုတ်ပါက ဂိုဏ်း၏ ကြီးမားသော အစီအစဉ်များအားလုံး ပျက်စီးသွားနိုင်သည်။

မိန်းမပျိုလေး ယွီကျွမ်းက ရှိုက်ကြီးတငင် ငိုကြွေးလျက် "သခင်က အရိပ်ရုပ်သေး လုပ်နေရင်းနဲ့ ရုတ်တရက် ကျိန်စာသင့်သွားသလို ဖြစ်သွားတာပါ။ အဲဒီနောက် သခင်က ဝိညာဉ်ခေါ်တဲ့ အခန်းထဲကနေ အမြန်ပြေးထွက်လာပြီး တံတားကို တင်းတင်းကြပ်ကြပ် ပိတ်လိုက်တယ်။ ပြီးတော့ အခုလို ဖြစ်သွားတာပါပဲ..." ဟု ပြောပြသည်။

အကြီးအကဲသည် အိပ်ယာပေါ်မှ စုန်ယန်ကို တစ်ဖန်ကြည့်လိုက်ရာ စုန်ယန်မှာ မျက်လုံးများကို အားယူဖွင့်လျက် "တံခါးကို... မဖွင့်နဲ့..." ဟု အသံတိုးတိုးဖြင့် သတိပေးနေသည်ကို တွေ့ရသည်။

အကြီးအကဲသည် မျက်လုံးကို မှေးလိုက်ပြီး တပည့်များကို အပြင်သို့ ထွက်ခိုင်းလိုက်သည်။ ထို့နောက် ဝိညာဉ်ခေါ်ဆောင်သည့် အခန်းတံခါးကို ဖွင့်လိုက်သည်။ တံခါးပွင့်သွားသည်နှင့် အနက်ရောင်ပုံရိပ်တစ်ခုမှာ အရှိန်အဟုန်ဖြင့် ပြေးထွက်လာသည်။

အကြီးအကဲသည် လက်ကို မြှောက်၍ လျင်မြန်စွာ ဆုပ်ကိုင်ဖမ်းဆီးလိုက်ရာ ထိုအရာမှာ ချက်ချင်းပင် ကြေမွသွားတော့သည်။ အနီးကပ် ကြည့်ရှုလိုက်သောအခါ ၎င်းမှာ ပျက်စီးနေသော အမြီးတစ်ချောင်းပါ မြေခွေးမိစ္ဆာ အရိပ်ရုပ်သေးတစ်ရုပ် ဖြစ်နေသည်။

အကြီးအကဲမှာ အခြေအနေကို ချက်ချင်း နားလည်သွားသည်။ ဆရာစုန်သည် မြေခွေးမိစ္ဆာ အရိပ်ရုပ်သေးကို ပြုလုပ်နိုင်စွမ်း မရှိသေးဘဲ အတင်းအကျပ် ပြုလုပ်ရန် ကြိုးစားခဲ့သဖြင့် ပြန်လှန်တိုက်ခိုက်မှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။ သို့သော် ဝိညာဉ်ခေါ်ယူစဉ်မှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် မိစ္ဆာဝိညာဉ်ပါသော ထိုရုပ်သေးမှာ အစွမ်းမထက်သေးပေ။

ပြဿနာကို ရှင်းလင်းပြီးနောက် အကြီးအကဲသည် စုန်ယန်၏ အနားသို့ ချဉ်းကပ်သွားလေတော့သည်။

စုန်ယန်က အသံတိုးတိုးဖြင့် "ကျွန်တော်... အဆင်ပြေပါတယ်... အနားယူဖို့ပဲ လိုတာပါ..." ဟု ပြောလိုက်သည်။

အကြီးအကဲက "မင်း မလုပ်နိုင်တဲ့အရာကို ဒီလိုမျိုး အတင်းအကျပ် မလုပ်သင့်ဘူး" ဟု ဆုံးမစကားပြောလိုက်သည်။

စုန်ယန်မှာ တိတ်ဆိတ်သွားသည်။

အကြီးအကဲက ဆက်လက်၍ "အဲဒီ မြေခွေးအရေခွံတွေက ရှေ့လာမယ့် တိုက်ပွဲအတွက် ဂိုဏ်းချုပ်က သတ်မှတ်ထားတဲ့ ပစ္စည်းတွေပဲ။ ခဏနေရင် လူလွှတ်ပြီး အကုန်ပြန်သိမ်းခိုင်းလိုက်မယ်။ မင်း ဒါတွေကို စိတ်ပူမနေနဲ့တော့" ဟု ပြောလိုက်သည်။

"ပြန်... သိမ်းသွားမလို့လား"

စုန်ယန်က နှမြောတသဟန်ဖြင့် မေးလိုက်သည်။

"ဘယ်ကို... သိမ်းသွားမှာလဲဟင်"

အကြီးအကဲက ရယ်မောလျက် "သတင်းကောင်းတစ်ခု ပြောပြရဦးမယ်။ မင်းရဲ့ဆရာ ကျောက်သားအကြီးအကဲဟာ ကြက်သွေးရောင်နန်းတော်အဆင့်ကို မချိုးဖျက်နိုင်ခဲ့ပေမဲ့ သူ့ရဲ့သက်တမ်းကိုတော့ အောင်မြင်စွာ တိုးမြှင့်နိုင်ခဲ့ပြီ။ ဒါပေမဲ့ သူက မိစ္ဆာနယ်မြေကနေ ထွက်လာလို့မရသေးဘူး။ ဒီမြေခွေးအရေခွံတွေကို သူ့ဆီ ပို့ပေးမှာပါ။ ဝိညာဉ်ကျင့်ကြံသူတွေနဲ့ မဟာမိတ်ဖွဲ့တဲ့နေရာမှာ လိုအပ်တဲ့အရာတွေကို သူက ကိုယ်တိုင် ပြုလုပ်ပေးလိမ့်မယ်" ဟု ရှင်းပြသည်။

ထိုအခါမှသာ စုန်ယန်၏ မျက်ဝန်းထဲမှ နှမြောတသမှုများ ပျောက်ကွယ်သွားပြီး သက်ပြင်းချလျက် "ဆရာသာဆိုရင်တော့ ဒါကို သေချာပေါက် လုပ်နိုင်မှာပါ။ ဆရာက ကျွန်တော့်ထက် အများကြီး သာလွန်ပါတယ်" ဟု ပြောလိုက်သည်။

အကြီးအကဲက "ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့ မင်းက ငယ်ပါသေးတယ်။ အရင်ဆုံး ကောင်းကောင်းအနားယူပြီး ကျန်းမာရေးပြန်ကောင်းအောင်လုပ် ပြီးမှ အရေခွံလုပ်တဲ့အလုပ်ကို ဆက်လုပ်ပေါ့" ဟု ပြောဆိုကာ ထွက်ခွာသွားတော့သည်။

မကြာမီမှာပင် တပည့်အချို့သည် ဗလာဖြစ်နေသော အရိပ်ရုပ်သေးလှည်းတစ်စီးနှင့် ရောက်ရှိလာပြီး အရိပ်ရုပ်သေးဆောင်အတွင်းရှိ အမြီးတစ်ချောင်းပါ မြေခွေးမိစ္ဆာအရေခွံအားလုံးကို တင်ဆောင်သွားကြသည်။

စုန်ယန်သည် ထိုလှည်းထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။ သူသည် မြေခွေးဘွားဘွားနှင့် သူမ၏ ရတနာတိုက်ကလေးအတွင်းမှ သူ ခိုးယူခဲ့သည့် အဖြစ်အပျက်ကို ပြန်လည်တွေးတောမိသည်။

သူ၏ လုပ်ရပ်မှာ ပြင်းထန်လွန်းသလား သူ မသိသော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးတွင် အမြီးတစ်ချောင်းပါ မြေခွေးမိစ္ဆာ အရိပ်ရုပ်သေးကို ပြုလုပ်ခြင်းမှာ နိမိတ်မကောင်းသကဲ့သို့ သူ ခံစားနေရသည်။

...

နောက်ရက်များတွင် စုန်ယန်သည် သူ၏ ဂူဗိမာန်အတွင်း၌ ကျန်းမာရေး ပြန်လည်ပြုစုနေရင်း တစ်ခါတစ်ရံတွင် အနီးနားရှိ တောင်ထိပ်များပေါ်သို့ တစ်ဦးတည်း လျှောက်သွားလေ့ရှိသည်။

ထိုသို့သွားလာရင်း သူသည် အခွင့်ကောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် အဆင့်မြင့်မိစ္ဆာနှင့် တူညီသော မြေခွေးမိစ္ဆာတစ်ကောင်ကို အမဲလိုက်နိုင်ခဲ့သည်။ ထို့နောက် သူသည် ၎င်းကို အသုံးပြု၍ သွေဖည်ဝိညာဉ် အရိပ်ရုပ်သေးအသစ်တစ်ရုပ်ကို ဖန်တီးလိုက်သည်။

...

နောက်ထပ် နှစ်ရက်ခန့် ကြာပြီးနောက် စုန်ယန်မှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သူသည် စက္ကူရုပ်တောင်ထိပ်၏ တောင်ထိပ်မကြီးပေါ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့လေတော့သည်။

ဤအချိန်တွင် စက္ကူငွေမျှော်စင်ရှေ့၌ ထူးကဲကျောက်စိမ်း လဲလှယ်နေသည့် တပည့်များမှာ အလွန်ပင် နည်းပါးသွားပြီ ဖြစ်သည်။ စုန်ယန်သည် တိုက်ရိုက်ပင် ရှေ့သို့ တိုးသွားလိုက်ပြီး သူ၏ သက်သေခံကတ်ပြားကို တင်ပြလျက် "ထူးကဲကျောက်စိမ်း လဲချင်လို့ပါ" ဟု ပြောလိုက်သည်။

တာဝန်ကျတပည့်သည် ပြားကို ကြည့်လိုက်ပြီးနောက် မျက်လုံးအပြူးသားဖြင့် မှင်တက်သွားသည်။

"ဆရာ့ရဲ့ အကျိုးပြုမှတ် ၂ သိန်း ၅ သောင်းကျော်လုံးကို လဲမှာလားခင်ဗျာ"

"လဲမယ်"

"ဒါဆိုရင်တော့ ဆရာ့အတွက် ထူးကဲကျောက်စိမ်းပွင့်တွေနဲ့ပဲ လဲပေးပါ့မယ်။ ကျောက်စိမ်းပွင့် တစ်ပွင့်ဟာ ကျောက်စိမ်းအတုံးသေး ၁၀ တုံး၊ ဒါမှမဟုတ် ကျောက်စိမ်းအတုံးကြီး ၅ တုံးနဲ့ ညီပါတယ်။ ဘယ်လိုသဘောရပါသလဲ ဆရာစုန်"

"သဘောတူတယ်"

စုန်ယန်သည် အခြေခံလဲလှယ်နှုန်းများကို ကောင်းစွာ နားလည်ထားသူ ဖြစ်သည်။

ထူးကဲကျောက်စိမ်း အတုံးသေး တစ်တုံးသည် ထူးကဲချီကင်းမဲ့သော နေရာ၌ပင် သာမန်ဂူဗိမာန်အတွင်း ကျင့်ကြံမှု ၁ နှစ်စာအတွက် စွမ်းအင်ပေးစွမ်းနိုင်သည်။ ၎င်းအပြင် ဂူဗိမာန်အတွင်း ကျင့်ကြံစဉ်တွင်လည်း အပိုဆောင်း ထူးကဲချီများကို ထောက်ပံ့ပေးနိုင်သည်။

ကျောက်စိမ်းအတုံးကြီး ၂ နှစ်စာ။

ထူးကဲကျောက်စိမ်းပွင့် ၁၀ နှစ်စာ။

အခြားနေရာများတွင် ကျောက်စိမ်းပွင့်များကို အလေးချိန် ချိန်တွယ်ရသော်လည်း ရုပ်သေးဂိုဏ်းမှ ထုတ်ဝေသော ကျောက်စိမ်းပွင့်များမှာမူ စံနှုန်းသတ်မှတ်ထားပြီးသား ဖြစ်သည်။

စက္ကူငွေမျှော်စင်မှ တပည့်ဖြစ်သူက တိုးတိုးလေး တွက်ချက်နေသည်။

"အကျိုးပြုမှတ် ၂၅၆,၄၈၄ မှတ်ဆိုတော့... ထူးကဲကျောက်စိမ်းပွင့် ၈၀၊ ကျောက်စိမ်းအတုံးကြီး ၂၀၊ အတုံးသေး ၁၆ တုံးနဲ့ လဲပေးပါ့မယ်။ အတုံးသေးတွေရဲ့ တစ်ဝက်ကိုတော့ ကျောက်စိမ်းစေ့တွေနဲ့ပဲ ပေးလိုက်မယ်နော် ဒါဆိုရင် အစေ့ ၈၀၀ ရပါမယ်"

စုန်ယန်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏ သိုလှောင်အိတ်မှာ အလွန်အမင်း မကြီးမားသော်လည်း ဤကျောက်စိမ်းများနှင့် အရိပ်ရုပ်သေးများကို ထည့်ရန်အတွက်မူ လုံလောက်လှသည်။

သူ စောင့်ဆိုင်းနေစဉ်မှာပင် စက္ကူငွေမျှော်စင်အတွင်းမှ လူတစ်ဦး ထွက်လာသည်။ ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး အေးစက်စက် အရှိန်အဝါတစ်ခုနှင့်အတူ မရှင်းပြနိုင်သော စိုးရိမ်တုန်လှုပ်မှုအချို့ ကိန်းအောင်းနေပုံရသည်။

စုန်ယန်က လှမ်းကြည့်လိုက်ပြီး လက်ယှက်ဂါရဝပြုလိုက်သည်။

"စီနီယာအစ်ကိုယင်"

ထိုသူမှာ အခြားသူမဟုတ် ကုဟွမ်ကျီ၏ အခြားတိုက်ရိုက်တပည့်တစ်ဦးဖြစ်သော ယင်ဝူထိုင်ပင်။

ယင်ဝူထိုင်က လှောင်ပြုံးပြုံးလျက် "ဂျူနီယာညီလေး... နင်က ထူးကဲကျောက်စိမ်းပွင့်တွေ အများကြီး လဲနေတာပဲ ပြန်မလာတော့ဖို့များ စီစဉ်နေတာလား" ဟု ပြောလိုက်သည်။

စုန်ယန်က "အရေခွံလုပ်တာဟာ ကျွန်တော့်ရဲ့ တစ်သက်တာ ဝါသနာပါ။ ဒီနေရာကိုလည်း ကိုယ့်အိမ်လိုပဲ သတ်မှတ်ထားပါတယ်။ စီနီယာအစ်ကိုက ဘာလို့ အဲဒီလို ပြောရတာလဲ။ အခုဆိုရင် နန်ဝူဓားဂိုဏ်းနဲ့ ကျွန်တော်တို့ ရုပ်သေးဂိုဏ်းက မဟာမိတ်ဖွဲ့တော့မှာဆိုတော့ ကျွန်တော် ပြန်မလာဘဲ နေပါ့မလား" ဟု အေးဆေးစွာ ပြန်လည်ဖြေကြားလိုက်သည်။

ယင်ဝူထိုင်က မျက်မှောင်ကြုတ်လျက် "ဒါဆိုရင် အဲဒီကျောက်စိမ်းပွင့်တွေ အများကြီးနဲ့ ဘာတွေဝယ်ဖို့ ကြံနေတာလဲ" ဟု ထပ်မေးသည်။

စုန်ယန်က "အဲဒါကတော့ စီနီယာအစ်ကိုနဲ့ မဆိုင်ဘူးထင်ပါတယ်" ဟု ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

ယင်ဝူထိုင်က ဘာမျှဆက်မပြောတော့ဘဲ ခေါင်းညိတ်ပြလျက် လှောင်ပြုံးတစ်ခုနှင့်အတူ ထွက်ခွာသွားတော့မည့်ဟန် ပြုသည်။ ထို့နောက် သူ့ကို စိုးရိမ်တကြီး ကြည့်နေသော တပည့်ကို ကြည့်ကာ "မင်းရဲ့ဦးလေးအတွက် ပစ္စည်းတွေ လဲမပေးသေးဘူးလား" ဟု အမိန့်ပေးသံဖြင့် ပြောလိုက်သည်။

ထိုအခါမှ တပည့်ဖြစ်သူက သေတ္တာတစ်လုံးကို အမြန်ပြေးယူလာပြီး စုန်ယန်ထံသို့ ကမ်းပေးသည်။ စုန်ယန်သည် ပစ္စည်းများကို သေချာစွာ စစ်ဆေးပြီးနောက် ဂါရဝပြုကာ လျင်မြန်စွာပင် ထွက်ခွာခဲ့တော့သည်။

ယင်ဝူထိုင်သည် ထွက်ခွာသွားသော စုန်ယန်၏ ကျောပြင်ကို ကြည့်ကာ ထူးဆန်းစွာ တဟီးဟီး ရယ်မောလိုက်သည်။ သူသည် ဘာမျှထပ်မပြောဘဲ လှည့်ထွက်သွားပြီး ခြေလှမ်းအနည်းငယ်အရောက်တွင် တိုးတိုးလေး ရေရွတ်လိုက်သည်

"ညီလေး... ဝယ်နိုင်သလောက် ဝယ်ထားလိုက်ပါဦး။ ဘာလို့လဲဆိုတော့ နောက်ဆိုရင်... နင် အပြင်ထွက်ခွင့်ရဖို့တောင် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးလေ ဟဲဟဲဟဲ..."

အခန်း။ ၇၈

အရိပ်ရုပ်သေးဆောင်အတွင်းဝယ်

ရက်အနည်းငယ် ကြာပြီးနောက်...

အတွင်းစည်းတပည့် ကွမ်းဝူသည် သူ၏လက်ထဲရှိ သေတ္တာကို အံ့သြတကြီး စိုက်ကြည့်နေမိသည်။ သူသည် ဇဝေဇဝါဖြစ်စွာဖြင့် "ဆရာစုန်... ဘာဖြစ်လို့ ဒီရက်ပိုင်း ထွက်လာတဲ့ အရိပ်

ရုပ်သေးတွေက အကုန်လုံး... သန့်စင်ခြင်းအဆင့် ၄ ရှိတဲ့ အလယ်အလတ်အဆင့် မိစ္ဆာတွေချည်းပဲ ဖြစ်နေရတာလဲ။ ပြီးတော့... အရေအတွက်ကလည်း အရင်ကထက် နည်းသွားသလိုပဲနော်" ဟု မေးမြန်းလိုက်သည်။

စုန်ယန်သည် စကားမပြောမီ ရှေးဦးစွာ နှစ်ချက်ခန့် ချောင်းဆိုးလိုက်သည်။ ထို့နောက် "ဒီရက်ပိုင်း ကျွန်တော့်ရဲ့ လက်အာရုံက သိပ်မကောင်းလို့ပါ။ ခဏလောက်ကြာရင်တော့ ပြန်ကောင်းသွားမှာပါ" ဟု ဖြေကြားလိုက်သည်။

ကွမ်းဝူသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း မကြာသေးမီက ဆရာစုန်တစ်ယောက် အရိပ်ရုပ်သေး၏ ပြန်လှန်တိုက်ခိုက်မှုကို ခံခဲ့ရသည့် ဖြစ်ရပ်ကို ပြန်လည်သတိရသွားသည်။ ဆရာစုန်၏ စိတ်ထဲတွင် စိတ်ဒဏ်ရာတစ်ခု ကျန်ရစ်သွားပုံရပြီး အဆင့်မြင့်မိစ္ဆာအရေခွံများကို ကိုင်တွယ်ရန်ပင် ဝန်လေးနေခြင်း ဖြစ်နိုင်သည်ဟု သူ တွေးတောမိသွားသည်။

ကွမ်းဝူက သက်ပြင်းချလျက် "ဆရာစုန်... ကျွန်တော် အဲဒီကိစ္စကို စုံစမ်းကြည့်ပြီးပါပြီ။ ဆရာ့လက်ထဲ ရောက်သွားတဲ့ မြေခွေးအရေခွံက အဆင့်မြင့်မိစ္ဆာအဆင့်ကို ရောက်နေတဲ့ အရေခွံဖြစ်နေလို့ အခုလို ပြန်တိုက်ခိုက်ခံရတာပါ။ ဒါဟာ ဆရာ့ရဲ့ ကံမကောင်းမှုပါပဲ" ဟု နှစ်သိမ့်စကား ပြောလိုက်သည်။

စုန်ယန်ကမူ ခါးသီးသော အပြုံးတစ်ခုကိုသာ ပြုံးပြလိုက်ပြီး ဘာမျှပြန်မပြောတော့ပေ။

မြွေကိုက်ဖူးသူသည် ကြိုးကိုမြင်လျှင်ပင် ဆယ်နှစ်တိုင်အောင် ကြောက်လန့်နေတတ်သည်ဟူသော စကားပုံအတိုင်းပင်။ သူသည် ဟန်ဆောင်နေခြင်းဖြစ်သဖြင့် အစအဆုံး ပီပြင်ရန် လိုအပ်သည်။ လမ်းခုလတ်တွင် မေ့လျော့သွား၍ မဖြစ်ပေ။

ဤရက်ပိုင်းအတွင်း သူသည် အလယ်အလတ်အဆင့် မိစ္ဆာများထဲမှ အသာမန်ဆုံး အမျိုးအစားများကိုသာ ရွေးချယ်လုပ်ကိုင်ခဲ့သည်။ သူ၏ အလုပ်လုပ်နှုန်းမှာလည်း တစ်နေ့လျှင် ရုပ်သေးတစ်ရုပ်မှ နှစ်ရက်နေလျှင် တစ်ရုပ်သို့ ပြောင်းလဲသွားခဲ့သည်။

အရိပ်ရုပ်သေးများမှာ လက်နက်များဖြစ်ရာ သူတို့ကို ဖန်တီးသူ၏ စိတ်ဓာတ်နှင့် ကျွမ်းကျင်မှုက ရလဒ်အပေါ် များစွာ သက်ရောက်မှုရှိကြောင်း သူက ပြသနေခြင်းပင်။

လက်နက်ထုတ်လုပ်မှုနှုန်း ကျဆင်းသွားသည်နှင့်အမျှ ပစ္စည်းလာသိမ်းသော အတွင်းစည်းတပည့်များမှာ သဘာဝအတိုင်းပင် စိုးရိမ်ပူပန်လာကြသည်။

သူတို့ စကားပြောဆိုနေကြစဉ်မှာပင် အဝေးမှ အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုရှိသော ရယ်မောသံကို ကြားလိုက်ရသည်။

"မိတ်ဆွေကျင့်ကြံသူစုန်... မတွေ့ရတာ ကြာပြီနော်"

ကွမ်းဝူ လှည့်ကြည့်လိုက်သောအခါ လမ်းအဆုံးတွင် ရပ်နေသော ဝတ်စုံနက်နှင့် လှပသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် ပြုံးလျက် သူတို့ရှိရာသို့ လှမ်းကြည့်နေသည်။

ထိုလှပသောအမျိုးသမီးမှာ မှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးအလား အချိုးအစား ပြေပြစ်လှပပြီး သူမ၏ ညှို့ဓာတ်ပါသော မျက်ဝန်းများကို အနည်းငယ် မှေးစမ်းထားသည်။ ထိုမျက်ဝန်းများအတွင်း၌ နက်မှောင်သော မိစ္ဆာအငွေ့အသက်နှင့် ဝိညာဉ်သရဲတို့၏ အေးစက်စက် အရှိန်အဝါတို့ ကိန်းအောင်းနေသဖြင့် ဆွဲဆောင်မှုရှိသလို တစ်ဖက်တွင်လည်း ကြောက်မက်ဖွယ် ကောင်းလှသည်။

"ဘယ်သူလဲ"

ကွမ်းဝူသည် ချက်ချင်းပင် သတိထားကာ မေးမြန်းလိုက်သည်။

ထိုစဉ်မှာပင် ဝတ်စုံဖြူနှင့် ကျင့်ကြံသူတစ်ဦးမှာ လှပသောအမျိုးသမီး၏ နောက်ကွယ်မှ လျင်မြန်စွာ ထွက်လာပြီး "တူလေး... မရည်မွန်တဲ့ အပြုအမူတွေ မလုပ်နဲ့" ဟု တားမြစ်လိုက်သည်။

ကွမ်းဝူ ကြည့်လိုက်သောအခါ စက္ကူငွေမျှော်စင်မှ ယင်ဝူထိုင် ဖြစ်နေသည်ကို တွေ့ရသဖြင့် အလျင်အမြန်ပင် ဂါရဝပြုလိုက်သည်။

ယင်ဝူထိုင်က "ဒါက ဝါးတောင်ထိပ်က ညီမလေးဝမ်ပဲ။ သူမက မိစ္ဆာနယ်မြေကနေပြီး ငါတို့ဆီကို အချောသတ်ပြီးသား မြေခွေးမိစ္ဆာ အရိပ်ရုပ်သေးတွေ လာပို့ပေးတာ။ ငါတို့ရဲ့ ဆရာစုန်ဟာ နန်ဝူဓားဂိုဏ်းကလာတယ်ဆိုတာ ကြားတော့ သူမက အရမ်းအံ့သြသွားပြီး သူ့အကြောင်း မေးမြန်းဖို့နဲ့ တွေ့ဆုံဖို့အတွက် အရောက်လာခဲ့တာ" ဟု ရှင်းပြသည်။

ကွမ်းဝူသည် အခြေအနေကို ချက်ချင်းနားလည်သွားပြီးနောက် အရိုအသေပြုကာ စုန်ယန်ပြုလုပ်ထားသော အရိပ်ရုပ်သေးများကို သယ်ဆောင်၍ အမြန်ထွက်ခွာသွားတော့သည်။

ဝတ်စုံနက်နှင့် ဤလှပသောအမျိုးသမီးမှာ အခြားသူမဟုတ်ပေ ဝမ်စုစုပင်။

ဝမ်စုစုနှင့် ယင်ဝူထိုင်တို့သည် တိုးတိုးတိတ်တိတ် စကားအချို့ ပြောဆိုကြပြီးနောက် ယင်ဝူထိုင်က ခေါင်းညိတ်ပြကာ လှည့်ထွက်သွားခဲ့သည်။ ထိုအချိန်တွင် ဝမ်စုစုသည် မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းလျက် စုန်ယန်ရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။

စုန်ယန်သည် ခေါင်းငုံ့လျက် နှစ်ချက်ခန့် ချောင်းဆိုးလိုက်ပြီး "ယွီကျွမ်း... ဧည့်သည်ကို လက်ဖက်ရည် တည်ခင်းလိုက်ဦး" ဟု အမိန့်ပေးလိုက်သည်။

ခဏအကြာတွင်... အရိပ်ရုပ်သေးဆောင်၏ တိတ်ဆိတ်သော အခန်းငယ်တစ်ခုအတွင်း၌ စုန်ယန်နှင့် ဝမ်စုစုတို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ဝမ်စုစုက ပြုံးလျက် "ဒီလိုမျိုး ထိုင်နေရတာက ဝါးတောင်ထိပ်မှာတုန်းက နေ့တိုင်း မိတ်ဆွေကျင့်ကြံသူစုန်နဲ့အတူ အရေခွံတွေ ထိုင်လုပ်ခဲ့ရတဲ့ နေ့ရက်တွေကို သတိရစေတာပဲ။ ဒါပေမဲ့ မိတ်ဆွေကျင့်ကြံသူစုန်ကတော့ ကျွန်မကို တော်တော်လေး လှည့်စားခဲ့တာပဲနော်။ အစ်ကိုစုန်က စုမိသားစုရဲ့ သမီးကြီးကို ကူညီပြီး တောင်ပိုင်းဘုရင်ကို သတ်ခဲ့တုန်းကတောင် အစ်ကိုစုန်ဟာ သူလျှိုတစ်ယောက် မဟုတ်ပါဘူးလို့ ကျွန်မက အာမခံပေးခဲ့တာလေ ဟီးဟီးဟီး..."

စုန်ယန်သည် ဝမ်စုစုမှာ ယခင်ကထက် များစွာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ သူမ၏ မျက်လုံးများမှာ ပိုမိုနက်မှောင်၍ ကြီးမားလာပြီး အလွန်ပင် နက်ရှိုင်းလှသည်။ သူမ၏ ပတ်ဝန်းကျင်၌ ဝိညာဉ်သရဲတို့၏ အရှိန်အဝါများမှာ လွှမ်းမိုးနေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ ဝေဝါးသော အနက်ရောင် အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေသကဲ့သို့ ရှိရာ ဆွဲဆောင်မှုရှိသလို တစ်ဖက်တွင်လည်း ကျောက်မက်ဖွယ် ကောင်းလှသည်။

ပုံမှန်အားဖြင့် ဝိညာဉ်ကျင့်ကြံသူများသည် အရေခွံဆရာများ သို့မဟုတ် ဝါးတောင်ထိပ်မှ တပည့်များကို အပြင်သို့ လွှတ်လေ့မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ငါးကို ရေထဲလွှတ်လိုက်သကဲ့သို့ ပြန်လာရန် မသေချာသောကြောင့်ဖြစ်ပြီး ထိုထက်မက... ဤငါးမှာ အရေးကြီးသော အရိပ်ရုပ်သေးများကိုပါ သယ်ဆောင်လာသူပင်။

ဝမ်စုစုသည် စုန်ယန်၏ ဇဝေဇဝါဖြစ်မှုကို သတိထားမိပုံရပြီး ညှို့ဓာတ်ပါသော အပြုံးဖြင့် "ကျွန်မ အခု ဝိညာဉ်ကျင့်ကြံသူ ဖြစ်သွားပြီလေ" ဟု ပြောလိုက်သည်။

စုန်ယန်မှာ ထိတ်လန့်သွားပြီး "နင်... နင် သေသွားတာလား" ဟု မေးလိုက်မိသည်။

ဝမ်စုစုသည် ကိုယ်ကို ရှေ့တိုးနောက်ငင်ဖြစ်အောင် အားရပါးရ ရယ်မောလိုက်ပြီးမှ "နင်ပဲ သေတာပါ။ ငါက ဝိညာဉ်ကဲအမြစ်အဖြစ် ပြောင်းလဲသွားတာ" ဟု ပြောလိုက်သည်။

ဝိညာဉ်ကဲအမြစ်ဆိုသည်မှာ အသက်ရှင်နေစဉ်မှာပင် ဝိညာဉ်လောက၏ စွမ်းအင်များကို တိုက်ရိုက်ကျင့်ကြံနိုင်သော ထူးခြားသည့် အခြေခံဓာတ်ခံတစ်ခု ဖြစ်သည်။

စုန်ယန် ခဏမျှ မှင်တက်သွားမိသည်။

သူ နားလည်လိုက်ပြီ ဖြစ်သည်။ သူ၏ရှေ့မှ ဤမိတ်ဆွေဟောင်းသည် ဝိညာဉ်လောက၏ အစွမ်းသတ္တိများနှင့် ထိတွေ့ဆက်ဆံနေသည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်း သိသာလှသည်။ သို့သော် ၎င်းမှာ အလွန်အန္တရာယ်များပြီး ကြောက်မက်ဖွယ်ကောင်းလှသောအရာပင်။ သူသည် သက်တမ်းတွက်ချက်ခြင်းအစွမ်းကြောင့် သေဆုံးမည်မဟုတ်သော်လည်း အခြားသူများမှာမူ ထိုမျှအထိ ကံကောင်းကြမည်မဟုတ်ပေ။

"ဒါဆို တပည့်လုတို့ တပည့်ရှန်ကွမ်းတို့နဲ့ တခြားသူတွေကော..."

ဝမ်စုစုက "အဲဒီ ကံဆိုးသူတွေအားလုံး သေကုန်ကြပြီလေ။ တကယ့်ကို ကြောက်စရာကောင်းအောင် သေသွားကြတာ။ ငါကတော့ ကံကောင်းလို့ အောင်မြင်ခဲ့တာပေါ့" ဟု အေးဆေးစွာ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူမသည် မျက်လုံးကလေး ကစားကာ မေးထောက်လျက် "မိတ်ဆွေကျင့်ကြံသူစုန်... ငါ အခုလာတာက အရင်တုန်းက နောင်တရစရာတွေကို အစားထိုးဖို့ လာခဲ့တာလေ။ ဟီးဟီး... နင့်လို လျှို့ဝှက်ချက်တွေ အများကြီးရှိတဲ့ ဖြောင့်မတ်တဲ့လမ်းစဉ်တပည့်တစ်ယောက်ရဲ့ အသုံးချတာကို ခံရတာက တကယ့်ကို မေ့နိုင်စရာ မဟုတ်ဘူး မဟုတ်လား" ဟု ပြောလိုက်သည်။

ဝမ်စုစုသည် စကားပြောရင်း စုန်ယန်၏ အနားသို့ တိုးကပ်လာသည်။ ထို့နောက် စားပွဲပေါ်သို့ တက်ကာ စုန်ယန်၏ ခြေထောက်နှစ်ဖက်ကြားတွင် ကိုယ်ကို လိမ်ဖည်လျက် ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို သူ၏လည်ပင်းတွင် သိုင်းဖက်ကာ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်

"ငါက ထူးကဲအမြစ်ကို ပြောင်းလဲနိုင်ခဲ့လို့ အသက်ရှင်နေတာ။ ဆရာကြီးရှီက ငါ့ကို တပည့်အဖြစ် လက်ခံထားတယ်။ ဒါကြောင့်... အမှန်တော့ နင့်ကို ငါက အစ်ကိုစုန် လို့ ပြန်ခေါ်ရဦးမှာ။ ဆရာကြီးက ပြောတယ်... သူက နင့်ကို အမြဲတမ်း တန်ဖိုးထားတယ်တဲ့။ အကယ်လို့ နင့်မှာ သွားစရာ နေရာမရှိရင် မိစ္ဆာနယ်မြေကို လာခဲ့လို့ရတယ်လို့ မှာလိုက်တယ်"

"စက္ကူရုပ်တောင်ထိပ်က နင် အကြာကြီးနေရမယ့် နေရာမဟုတ်ဘူး။ ကုဟွမ်ကျီက နင့်ကို တပည့်အဖြစ် လက်ခံထားတာဟာ ရည်ရွယ်ချက်ကောင်းနဲ့ မဟုတ်ဘူး"

ဝမ်စုစုက လျှို့ဝှက်သတင်းစကား ပါးသကဲ့သို့ အသံကို တဖြည်းဖြည်း နှိမ့်၍ ပြောလိုက်သည်။ သူမ၏ လက်များမှာလည်း ငြိမ်ငြိမ်မနေဘဲ စုန်ယန်၏ ကိုယ်ပေါ်သို့ ရောက်ရှိလာသည်။

စုန်ယန်က သူမ၏လက်ကို ဖမ်းဆုပ်တားဆီးလိုက်သည်။

ဝမ်စုစုက တိုးတိုးလေး ရယ်မောလိုက်ပြီး ဆက်လက်၍ မနှောင့်ယှက်တော့ဘဲ "ဆရာကြီးက ကြက်သွေးရောင်နန်းတော်အဆင့်ကို ချိုးဖျက်ဖို့ အခွင့်အရေး ရှာတွေ့ထားပြီ။ ပြီးတော့ မိစ္ဆာနယ်မြေမှာရှိတဲ့ ဒီရက်ပိုင်းအတွင်းမှာ အရိပ်ရုပ်သေးအတတ်ပညာ အသစ်တွေကိုလည်း အများကြီး သူ နားလည်သဘောပေါက်သွားခဲ့ပြီ။ ငါတို့အားလုံးက နင့်ကို လာစေချင်နေတာပါ" ဟု ပြောလိုက်သည်။

စကားဆုံးသည်နှင့် သူမသည် သူမ၏ ရှည်လျားလှသော ခြေထောက်များကို လွှဲထုတ်လျက် စုန်ယန်၏ ဘေးမှ ဖယ်ခွာလိုက်သည်။ ဝတ်စုံနက်ကို အသာအယာ ပြန်လည်ပြင်ဆင်ပြီးနောက် အနည်းငယ် လျှောက်သွားကာ ချိုသာသော အပြုံးတစ်ခုဖြင့် လှည့်ကြည့်၍ လျင်မြန်စွာပင် ထွက်ခွာသွားတော့သည်။

စုန်ယန်မှာ ဘာပြောရမှန်းမသိဘဲ ကျန်ရစ်ခဲ့သည်။ အစ်မဝမ်သည် အမှန်တကယ်ပင် ကံကောင်းလှသည်။ ဝိညာဉ်ကဲအမြစ်အဖြစ် ပြောင်းလဲနိုင်ခဲ့သည့်အပြင် မိစ္ဆာနယ်မြေအတွင်း၌ ရှိနေခြင်းကြောင့် သူမ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာလည်း သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

All Chapters