အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း (၈၃) - ကျန်းဟိုင်
"ဒါက မိစ္ဆာငွေ့တွေ ကိုယ်ထဲဝင်သွားတာလား၊ ဒါမှမဟုတ် တစ္ဆေပူးတာလား"
ဟု ပိုင်ဟုန်းထူက စဉ်းစားဟန်ဖြင့် ဆိုသည်။
လီယန်ချူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး
"နားထောင်ရသလောက်တော့ ဒီလောက် မရိုးရှင်းပုံပဲ၊ အရင်သွားကြည့်ရအောင်"
ကျန်းကတော်၏ မျက်နှာမှာ ထိတ်လန့်နေပြီး ရက်ပေါင်းများစွာက ကြောက်ရွံ့မှုနှင့် နာကျင်မှုများမှာ ယခုအချိန်တွင် ပေါက်ကွဲထွက်လာသည့်အလားပင်။
လီယန်ချူက ဘေးမှနေ၍ နူးညံ့စွာ ချော့မြှူလိုက်သည်
"ကျန်းကတော် မစိုးရိမ်ပါနဲ့၊ ကျုပ်တို့ ချင်းယွန်ကျောင်းက မိစ္ဆာနှိမ်နင်း တစ္ဆေဖမ်းတဲ့နေရာပါ၊ ကျန်းကတော် ခင်ပွန်းသာ တကယ်ပဲ အနှောင့်အယှက် ခံနေရတာဆိုရင် အစွမ်းကုန် ကူညီပေးပါ့မယ်"
ကျန်းကတော်၏ မျက်နှာထက်တွင် မျက်ရည်စများဖြင့်
"ကျေးဇူးတင်ပါတယ် တာအိုဆရာ၊ ကျွန်မခင်ပွန်းရဲ့ အသက်က တာအိုဆရာ လက်ထဲမှာပဲ ရှိပါတော့တယ်"
သူတို့ သုံးဦးသည် ကျန်းအိမ်သို့ အမြန်သွားကြသည်။
ကျန်းကတော်၏ ပြောကြားချက်အရ သူမ၏ ခင်ပွန်း ကျန်းဟိုင် မှာ ယခုရက်ပိုင်းအတွင်း ဆိုင်သို့ မသွားတော့ဘဲ အိမ်ထဲမှာပင် အောင်းနေကာ တံခါးပိတ်ထားလေ့ရှိသည်။
ကျန်းအိမ်မှာ အလွန်အမင်း ချမ်းသာကြွယ်ဝသည့် အိမ်မျိုး မဟုတ်သော်လည်း ချောင်ချောင်ချိချိ ရှိလှသည်။
အိမ်၏ ပုံစံမှာ အတော်လေး စနစ်တကျ ရှိလှပြီး ကျောင်းဝင်းထဲတွင် ဝူထုံပင်တစ်ပင် စိုက်ထားသည်။
သို့သော် အိမ်ရှေ့တွင် နိဗ္ဗာန်လား ဟု ရေးထားသော မင်္ဂလာဆောင် မဟုတ်သည့် အသုဘမီးအိမ်ဖြူများကို ချိတ်ဆွဲထားကာ မြေပြင်ပေါ်တွင်လည်း စက္ကူဒင်္ဂါးပြားများ ပြန့်ကျဲနေသည်ကို တွေ့ရသည်။
ဧည့်ခန်းမဆောင်ထဲတွင် ခေါင်းတလားတစ်ခုကို ချထားကာ ပြင်ဆင်ထားပုံမှာ နာရေးအိမ် တစ်ခု ဖြစ်နေသည်။
ကျန်းဟိုင် သေသွားပြီလား
ကျန်းကတော်၏ မျက်နှာမှာ ချက်ချင်း ပျက်သွားပြီး ပထမဆုံး ပြေးဝင်သွားတော့သည်။
ကျန်းကတော် အထဲရောက်သွားသည့်အခါ တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့်
"မဖြစ်နိုင်ဘူး၊ ဒါ မဖြစ်နိုင်ဘူး"
ဟု တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
လီယန်ချူတို့ နှစ်ဦး အထဲဝင်သွားသည့်အခါ နာရေးစင်ပေါ်မှ နာမည်ကမ္ပည်းပြား ကို ကြည့်လိုက်မိသည်။
"ကွယ်လွန်သူ ဇနီး ကျန်းကတော်၏ ဝိညာဉ်ကမ္ပည်း"
ကမ္ပည်းပြားပေါ်မှ စာသားကြောင့် လူတိုင်း ကြောင်သွားကြသည်။
လီယန်ချူ ရှေ့တိုးကြည့်လိုက်သည့်အခါ ခေါင်းတလားထဲတွင် လဲလျောင်းနေသူမှာ အမျိုးသား မဟုတ်သည်ကို တွေ့လိုက်ရသည်။
ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းလှပသော အမျိုးသမီးကြီး တစ်ဦးဖြစ်ကာ သူမ၏ လည်ပင်းတွင် ညိုမည်းနေသော လက်ညှစ်ရာများ ရှိနေသည်။
ထိုသူမှာ ကျန်းကတော်ပင် ဖြစ်နေသည်
"တာအိုဆရာ... ဒါ ဘာတွေလဲ ဒါ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ "
ကျန်းကတော်သည် လီယန်ချူ အနားရောက်လာသည်ကို မြင်သောအခါ မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
လီယန်ချူက သက်ပြင်းချကာ
"ကျန်းကတော်... သတိပြန်ဝင်ပါတော့၊ ကတော် သေသွားပါပြီ "
သေသွားပြီ...
ကျန်းကတော်သည် မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားသည်
သူမ၏ မျက်နှာတွင် မယုံကြည်နိုင်မှု၊ ကြောက်ရွံ့မှု၊ ထိတ်လန့်မှုနှင့် နားလည်သွားမှု စသည့် ရှုပ်ထွေးသော အမူအရာများ ပေါ်ပေါက်လာသည်။
နောက်ဆုံးတွင်တော့ မျက်ရည်နှစ်သွယ် စီးကျလာကာ အလွန်ဝမ်းနည်းပူဆွေးသော အမူအရာ ဖြစ်သွားသည်။
"ဟုတ်တယ်... ဟုတ်တယ်... ကျွန်မ သေသွားပြီ၊ ကျွန်မက လူသေတစ်ယောက်ပဲ"
လီယန်ချူသည် ပထမဆုံးအကြိမ်အဖြစ် ဝိညာဉ်တစ်ခုအပေါ် သနားကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
ပိုင်ဟုန်းထူကတော့ ဆက်မကြည့်ရက်သဖြင့် မျက်နှာလွှဲထားလိုက်သည်။
ခေါင်းပေါ်ကို တုတ်နဲ့ ရိုက်လိုက်သလိုပဲ ( အမှန်တရားကို ချက်ချင်း သိမြင်သွားခြင်း) ဆိုသော စကားပုံတစ်ခု ရှိသည်။
ရှေးဟောင်း ပုံပြင်များတွင် လူသေပြီးနောက် မိမိကိုယ်ကို သေမှန်းမသိဘဲ အသက်ရှင်စဉ်ကအတိုင်း ဆက်လက် နေထိုင်နေသူများအကြောင်း အများကြီး ရှိသည်။
တစ်စုံတစ်ဦးက အမှန်တရားကို ဖွင့်ပြောလိုက်မှသာ မိမိကိုယ်ကို သေဆုံးသွားပြီဖြစ်ကြောင်း သတိဝင်လာတတ်ကြသည်။
ရွှမ်ချိန်တာအိုဆရာသည် လီယန်ချူအား တာအိုပညာ သင်ပေးစဉ်က ထိုကဲ့သို့သော ကျင့်ကြံမှုလောကမှ ကိစ္စရပ်များကို အများကြီး ပြောပြခဲ့ဖူးသည်။
ဤသို့သော အခြေအနေမျိုးမှာ အလွန်ထူးခြားသည့် အခြေအနေများတွင်သာ ဖြစ်ပေါ်တတ်ပြီး သေဆုံးသူ၏ ဇာတာ မှာလည်း အလွန်ထူးခြားနေမှသာ ဖြစ်နိုင်သည်။
၎င်းမှာ တစ်သိန်းမှာ တစ်ယောက်ပင် မရှိနိုင်သော အခြေအနေမျိုးပင်။
ပုံမှန်အားဖြင့် သေခါနီးတွင် မကျေနပ်ချက် သို့မဟုတ် ပြင်းထန်သော စွဲလန်းမှု ရှိနေသူများ ဖြစ်တတ်ကာ၊ ကုသိုလ်ကံကောင်းပြီး စိတ်ရင်းကောင်းသူများ ဖြစ်ရန်လည်း လိုအပ်သည်။
မဟုတ်ပါက သေပြီးနောက် မိစ္ဆာဝိညာဉ် အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။
ကျန်းကတော်မှာ သိသာထင်ရှားစွာပင် ဤအခြေအနေမျိုး ဖြစ်နေသည်။
သူမသည် မိစ္ဆာဝိညာဉ်အဖြစ် မပြောင်းလဲသွားခြင်းကပင် သူမသည် အသက်ရှင်စဉ်က စိတ်ရင်းကောင်းသူ တစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။
ကျန်းကတော်သည် ရုတ်တရက် မြေပြင်ပေါ် ဒူးထောက်ကျသွားကာ အသနားခံလေသည်
"တာအိုဆရာ... ကျွန်မ သူ့ကို အပြစ်မတင်ပါဘူး သူ့ကို အပြစ်မတင်ပါဘူး၊ ကျွန်မခင်ပွန်းရဲ့ အသက်ကို ကယ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ် သူက ကျွန်မအပေါ် အရမ်းကောင်းခဲ့တာပါ တာအိုဆရာ သူ့ကို ကယ်ပေးပါဦး"
လီယန်ချူ သက်ပြင်းချကာ
"ဒီကိစ္စကိုတော့ ကျုပ် အစွမ်းကုန် ကြိုးစားပေးမယ်လို့ပဲ ပြောနိုင်ပါတယ် စိတ်အေးအေးနဲ့ပဲ သွားပါတော့"
လီယန်ချူသည် ဝေမြို့တွင် နာမည်ကျော်ကြားသူဖြစ်ရာ သူ၏ စကားမှာ အလွန်ယုံကြည် စိတ်ချရသည်။
ကျန်းကတော်သည် အလွန်ကျေးဇူးတင်သွားကာ
"ကျေးဇူးတင်ပါတယ် တာအိုဆရာ ကျေးဇူးတင်ပါတယ် "
ဟု ထပ်ခါတလဲလဲ ပြောဆိုသည်။
ထူးဆန်းသော စွမ်းအားတစ်ခုက ကျန်းကတော်၏ ကိုယ်ပေါ်သို့ ကျရောက်လာသလိုပင် သူမ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ဝေဝါးသွားပြီး ပျောက်ကွယ်သွားတော့သည်။
အိမ်ထဲသို့ ဝင်လာကတည်းက တိတ်ဆိတ်နေသော ပိုင်ဟုန်းထူက ရုတ်တရက် မေးလိုက်သည်
"ဒီကိစ္စကို မင်း ဘယ်လိုမြင်လဲ "
လီယန်ချူ သက်ပြင်းချကာ
"နာရေးအိမ်က အိမ်ထဲမှာ ရှိနေပေမဲ့ ခင်ပွန်းဖြစ်သူက အရိပ်တောင် မမြင်ရဘူး၊ ရှစ်ပုံတစ်ပုံလောက်ကတော့ အစိုးရက ဖမ်းသွားပြီထင်တယ်"
ဒီလောက် သိသာထင်ရှားတဲ့ လက်ညှစ်ရာတွေကို လာရောက် နာရေးလာသူ တွေ မြင်သွားမှာပဲ။
ယခုအချိန်တွင် ကျန်းဟိုင်က နာရေးစောင့်မနေခြင်းမှာ အဖမ်းခံရခြင်း သို့မဟုတ် ထွက်ပြေးခြင်း တစ်ခုခုပင် ဖြစ်လိမ့်မည်။
ပိုင်ဟုန်းထူသည် အစပိုင်းတွင် ကျန်းကတော်ကို ဝိညာဉ်မှန်း မသိခဲ့ပေ။
လမ်းတွင် လီယန်ချူက ကျန်းကတော်၏ လည်ပင်းကို မသိမသာ ညွှန်ပြပြလိုက်မှသာ ပိုင်ဟုန်းထူက တစ်ခုခုလွဲနေသည်ကို သတိထားမိခဲ့ခြင်း ဖြစ်သည်။
ကျန်းကတော်၏ လည်ပင်းမှာ ဖြူစင်ချောမောနေကာ ဘာလက်ညှစ်ရာမှ ရှိမနေခဲ့ပေ။
(ဝိညာဉ်ပုံစံတွင် လက်ညှစ်ရာ မပေါ်ခြင်းဖြစ်သည်)
"ရှင်တို့က ဘယ်သူတွေလဲ "
အသုဘဝတ်စုံ ဝတ်ထားသော အစေခံမိန်းကလေး တစ်ဦးသည် ပစ္စည်းများ သယ်လာရင်း လူငယ်နှစ်ဦးကို မြင်သောအခါ ကြောင်သွားသည်။
လီယန်ချူက
"ကျွန်တော်တို့က နာရေးလာတာပါ၊ ကျန်းဟိုင် ဘယ်သွားလဲ သိလား "
အစေခံမလေး၏ မျက်လုံးများတွင် သံသယများ ပြည့်သွားသည်၊ ရုပ်ချောချော လူငယ်နှစ်ဦးက ကွယ်လွန်သူ သခင်မကြီး နာရေးလာတာတဲ့လား
"ဘယ်က လာတဲ့ လူရှုပ်တွေလဲ... ဟင်... ရှင်က တာအိုဆရာ လီယန်ချူ မဟုတ်လား "
အစေခံမလေးက လီယန်ချူကို မှတ်မိသွားကာ အံ့သြသွားသည်။
လီယန်ချူက ခေါင်းညိတ်ပြသည်။
"ကျန်းအိမ်မှာ ဘာတွေဖြစ်ခဲ့တာလဲ၊ ကျန်းကတော်က ဘယ်လို သေသွားတာလဲ "
လီယန်ချူ၏ မေးခွန်းကြောင့် ထိုအစေခံမလေးမှာ မျက်ရည်ကျလာတော့သည်။
ကူရှင်း ဟု အမည်ရသော ထိုအစေခံမလေး၏ ပြောကြားချက်အရ ကျန်းကတော်မှာ ညဖက်တွင် ရုတ်တရက် သေဆုံးသွားခြင်း ဖြစ်သည်။
ကျန်းဟိုင်မှာ အလွန်ဝမ်းနည်းပူဆွေးကာ နာရေးကိစ္စများကို ပြင်ဆင်ခိုင်းခဲ့သည်။
သို့သော် အလောင်းပေါ်တွင် ညိုမည်းနေသော လက်ညှစ်ရာများကို တွေ့လိုက်ရသည့်အခါ တစ်စုံတစ်ဦးက သတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိသာသွားသည်။
မယားသတ်မှု
ဤကဲ့သို့သော ရက်စက်ယုတ်မာသည့် ကိစ္စမှာ လူမဆန်လှပေ။
လူများက အာဏာပိုင်များကို ချက်ချင်း အကြောင်းကြားခဲ့ကြရာ မြို့စောင့်ရဲများ ရောက်လာပြီး ကျန်းဟိုင်ကို မြို့နယ်အုပ်ချုပ်ရေးရုံး သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
"တကယ်ပဲ အဖမ်းခံလိုက်ရတာပဲ"
လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ကူရှင်း၏ ပြောပြချက်အရ ကျန်းလင်မယားမှာ ပုံမှန်အားဖြင့် အလွန်ချစ်ခင်ကြသော်လည်း သားသမီး မထွန်းကားခဲ့ကြပေ။
ကျန်းဟိုင်မှာ ပုံမှန်အားဖြင့် အပြင်သို့ ကုန်သွယ်သွားလေ့ရှိကာ အိမ်မှုကိစ္စအားလုံးကို ကျန်းကတော်ကသာ တာဝန်ယူသည်။
ကျန်းကတော်မှာ စိတ်ထားအလွန်ကောင်းမွန်ပြီး သူတစ်ပါးအပေါ် နူးညံ့သိမ်မွေ့သူ ဖြစ်သည်။
အိမ်နီးနားချင်းများ အခက်အခဲရှိလျှင်လည်း အမြဲကူညီလေ့ရှိသည်။
သူမသည် ဘုရားကျောင်းများသို့ သွားရောက်ကာ ခင်ပွန်းအတွက် ဆုတောင်းပေးခြင်း၊ သူတောင်းစားများကို အလှူပေးခြင်း စသည်တို့ကို အမြဲပြုလုပ်လေ့ရှိသည်။
ကူရှင်းမှာ မိဘမဲ့တစ်ဦးဖြစ်ကာ ကျန်းကတော်က ဝယ်ယူခဲ့ပြီးနောက် သားသမီးတစ်ဦးကဲ့သို့ စောင့်ရှောက်ခဲ့သည့်အတွက် သံယောဇဉ် ကြီးမားလှသည်။
ထို့ကြောင့် ကူရှင်းသည် အသုဘဝတ်စုံဝတ်ကာ ကျန်းကတော့်အတွက် နာရေးစောင့်ပေးနေခြင်း ဖြစ်သည်။
ကျန်းဟိုင် နယ်မှ ရှေးဟောင်းပစ္စည်းများ ဝယ်ပြီးပြန်လာပြီးနောက် ထူးထူးခြားခြား ပြောင်းလဲသွားပုံများမှာတော့ ကျန်းကတော် ပြောပြခဲ့သည်များနှင့် ထပ်တူပင်။
"ဟုတ်သားပဲ... ကျန်းဟိုင် နောက်ဆုံးသွားခဲ့တဲ့ ရွာနာမည်ကို သိလား "
လီယန်ချူက မေးလိုက်သည်။
ကူရှင်းက ခေတ္တစဉ်းစားပြီး
"သခင်မကြီး ပြောတာ ကြားဖူးပါတယ် လုံမန်ရွာ လို့ ထင်တယ်၊ အဲဒီရွာက ကန်ထဲမှာ သုံးလက်မလောက်ရှိတဲ့ ငါးကျင်နီ တွေ ရှိတယ်လို့ ပြောဖူးလို့ ကျွန်မ မှတ်မိနေတာပါ"
လုံမန်ရွာ... လီယန်ချူက ခေါင်းညိတ်လိုက်ပြီး ပိုင်ဟုန်းထူနှင့်အတူ ဝေမြို့တော် အုပ်ချုပ်ရေးရုံးသို့ အမြန်သွားကြသည်။
အရာရှိဝမ် သည် ထိုအကြောင်းကို ကြားသောအခါ သူတို့နှင့်အတူ ထောင်ထဲသို့ ချက်ချင်း လိုက်လာခဲ့သည်။
ဝေမြို့ထောင်မှာ လုံခြုံရေး အလွန်တင်းကျပ်လှသည်။
မြို့ဝန်ရှု သည် ထောင်ဖောက်ပြေးမှုများ ထပ်မဖြစ်စေရန် အထူး အမိန့်ထုတ်ထားသည်။
ထောင်အုပ်ကြီးက သူတို့ သုံးဦးကို ကျန်းဟိုင်အား ချုပ်နှောင်ထားသော ထောင်ခန်းရှေ့သို့ ခေါ်လာသည့်အခါ။
ဆံပင်ဖားလျားနှင့် အမျိုးသားတစ်ဦးသည် ထောင်ခန်းထောင့်တွင် ကပ်ကာ အလွန်အမင်း ထိတ်လန့်နေသော အမူအရာဖြင့် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်နေရသည့်အလား တွန့်လိမ်နေသည်။
ထိုထောင်ခန်းရှေ့သို့ ရောက်သည်နှင့် အလွန်အေးစိမ့်သော မိစ္ဆာအငွေ့အသက်များကို ခံစားလိုက်ရသည်။
ဝမ်အမှုထမ်းခေါင်းဆောင်က ထောင်တံခါးကို ရိုက်လိုက်ပြီး
"ကျန်းဟိုင်... မင်းကို တွေ့ချင်တဲ့သူ လာတယ်"
ထောင်ခန်းထဲမှ ဆံပင်ဖားလျားနှင့် ကျန်းဟိုင်သည် တစ်ကိုယ်လုံး တုန်တက်သွားကာ ဝမ်အမှုထမ်းခေါင်းဆောင်ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများမှာ အသက်မဲ့သွားသည်။
သူ၏ လည်ပင်းမှာ တစ်ဖက်သို့ စောင်းသွားကာ မြေပြင်ပေါ်သို့ ပျော့ခွေကျသွားတော့သည်။
ကြည့်ရသည်မှာ... သူသည် ထိတ်လန့်လွန်းသဖြင့် အသက်ထွက်သွားခြင်း ပင် ဖြစ်တော့သည်
"..."
အရာရှိဝမ် အံ့သြမှိုင်တွေသွားတော့သည်။
အခန်း (၈၄) - လော်ဆုန်းလင်
ထောင်အုပ်ကြီး၏ မျက်နှာမှာ ချက်ချင်း ပျက်သွားသည်။
ဒီအကျဉ်းသားက ဒီနေ့မှ အဖမ်းခံရတာဖြစ်ပြီး မိမိဇနီးကို သတ်တဲ့ လူသတ်သမားလို့ ပြောကြတယ်၊ ဘာလို့ အရာရှိဝမ် ကို မြင်တာနဲ့ ရုတ်တရက် သေသွားရတာလဲ
ဒါမှမဟုတ်... အရာရှိဝမ် နဲ့ ဒီအမှုနဲ့ တစ်ခုခု ပတ်သက်နေတာလား
ထောင်အုပ်ကြီး ထိတ်လန့်သွားသည်။
သူက အခြေခံအကျဆုံး ထောင်အုပ်လေး တစ်ဦးသာ ဖြစ်သည့်အတွက် ထိုကဲ့သို့သော ကိစ္စများထဲတွင် မပါဝင်ရဲပေ။
ထို့ကြောင့် ချက်ချင်း နောက်တစ်လှမ်းဆုတ်ကာ နှုတ်ဆိတ်နေလိုက်သည်။
အရာရှိဝမ် က ဓားရိုးကို ကိုင်ကာ အေးစက်စွာ ဟောက်လိုက်သည်
"ထောင်အုပ်၊ တံခါးဖွင့်လေ၊ ဘာလို့ ဒီလောက် ဝေးဝေးကို ပြေးနေတာလဲ "
ထောင်အုပ်ကြီး တစ်ကိုယ်လုံး တုန်သွားကာ အမြန်ပင် သော့ကိုထုတ်ပြီး ရှေ့တိုးကာ ထောင်တံခါးကို ဖွင့်ပေးလိုက်သည်။
ထောင်ခန်းထဲတွင် စူးရှသော အနံ့အသက်များ၊ ပုပ်စော်နံသော မြက်ခြောက်နံ့များ၊ ဆီးနံ့များက လူကို ပျို့အန်ချင်စဖွယ် ဖြစ်စေသည်။
အရာရှိဝမ် ဆောင့်ကြောင့်ထိုင်ကာ ကျန်းဟိုင်၏ နှာခေါင်းဝတွင် အသက်ရှူခြင်း ရှိမရှိနှင့် သွေးခုန်နှုန်းကို စမ်းကြည့်လိုက်ရာ မျက်မှောင်များ မသိမသာ ကြုတ်သွားသည်။
"တကယ် သေသွားပြီ..."
အရာရှိဝမ် အနည်းငယ် ကြောင်သွားသည်၊ ငါပြောလိုက်တဲ့ စကားတစ်ခွန်းနဲ့တင် လန့်သေသွားတာလား
လီယန်ချူက အရှိန်ဝါကြည့် အတတ် ကို အသုံးပြုကြည့်သော်လည်း ထောင်ခန်းထဲတွင် မိစ္ဆာငွေ့ သို့မဟုတ် အေးစိမ့်သော အငွေ့အသက်များကို မတွေ့ရပေ။
"ထူးဆန်းတယ်၊ ထောင်ခန်းထဲမှာ မိစ္ဆာအငွေ့အသက် လုံးဝမရှိဘူး"
ဟု လီယန်ချူက ဆိုသည်။
လူတိုင်း တိတ်ဆိတ်သွားကြသည်။
လီယန်ချူသည် ကျန်းဟိုင်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ မျက်ခွံကို လှန်ကြည့်ပြီး မျက်လုံးအိမ်ရှိ အဖြူသားကို စစ်ဆေးလိုက်သည်။
"ကိုယ်ပေါ်မှာ မိစ္ဆာငွေ့တွေ၊ အမင်္ဂလာအငွေ့အသက်တွေလည်း မရှိဘူး၊ တစ္ဆေပူးတဲ့ လက္ခဏာလည်း မရှိဘူး၊ ဒီလူက အတော်လေး ထူးဆန်းနေတယ်"
လီယန်ချူ၏ မျက်ဝန်းထဲတွင် တွေးတောနေဟန်များ ပေါ်လာသည်။
ကျန်းကတော်နှင့် အစေခံမလေး ကူရှင်းတို့၏ ပြောပြချက်အရ ကျန်းဟိုင် မသေဆုံးမီ ထူးဆန်းသော အမူအရာများမှာ မိစ္ဆာဝင်နေသည်နှင့် အလွန်တူလှသည်။
သို့သော် ယခု ကျန်းဟိုင်၏ အလောင်းကို ကြည့်ရသည်မှာ မိစ္ဆာငွေ့ သို့မဟုတ် အေးစိမ့်ငွေ့ တစ်စက်မျှပင် မရှိပေ။
ပိုင်ဟုန်းထူက ရုတ်တရက် ပြောလိုက်သည်
"ဒီလူက အရာရှိဝမ် ကို မြင်တဲ့အခါ တစ်ခုခုကို မှတ်မိသွားပုံရပြီး လန့်သေသွားတာပဲ၊ အရာရှိဝမ်... ခင်ဗျား သူ့ကို သိလို့လား "
ထောင်အုပ်ကြီး တစ်ကိုယ်လုံး တုန်သွားကာ ခေါင်းငုံ့ထားလိုက်သည်။
သေစမ်း... မင်းတို့ ဒီလိုကိစ္စတွေ ပြောနေရင် ငါ့ကို အပြင်ထွက်ခွင့် ပေးပါလား၊ ငါက ထောင်အုပ်လေး တစ်ယောက်ပဲလေ။
အရာရှိဝမ် က တည်ငြိမ်စွာ ဆိုသည်
"လူကို ဖမ်းတာက မားအမှုထမ်းခေါင်းဆောင် တို့ သွားဖမ်းတာ ငါက ဒီလူကို တစ်ခါမှ မမြင်ဖူးပါဘူး"
ထို့နောက် သူက ခါးသက်သက် ပြုံးလိုက်ပြီး
"ငါတောင် ခုနက ငါ့ကိုယ်ငါ ဒီလူသေဆုံးမှုနဲ့ ပတ်သက်နေသလားလို့ ထင်ယောင်ထင်မှား ဖြစ်သွားတယ်"
ပိုင်ဟုန်းထူက အနားသို့ တိုးလာပြီး အရာရှိဝမ် ကို သေချာကြည့်ကာ
"မျက်နှာအမူအရာက ခန့်ညားတည်ကြည်တယ်၊ သွေးသားစွမ်းအင် ကလည်း ကြွယ်ဝတယ်၊ ညာဘက်လက်က ကြွက်သားတွေကလည်း အထူးသဖြင့် သန်မာနေတယ်၊ ကြည့်ရတာ သိုင်းပညာရှင် တစ်ယောက်ပဲ၊ အောက်လမ်းနည်းလမ်း သုံးမယ့်သူနဲ့ မတူဘူး"
အရာရှိဝမ် ၏ နှုတ်ခမ်းထောင့်များ မသိမသာ တွန့်သွားကာ ဘာပြန်ပြောရမှန်း မသိတော့ဘဲ ရယ်ရုံသာ ရယ်နိုင်တော့သည်။
လီယန်ချူသည်
"ညာဘက်လက် ကြွက်သားများ အထူးသဖြင့် သန်မာသည်"
ဆိုသော စကားကို ကြားသောအခါ မနေနိုင်ဘဲ ခေါင်းမော့ကြည့်လိုက်သည်။
အရာရှိဝမ် က စပ်စုလိုက်သည်
"တာအိုဆရာ လီယန်ချူ... ဘာကို ကြည့်နေတာလဲ"
လီယန်ချူက ခေါင်းခါပြုံးလိုက်ပြီး
"ဘာမှမဟုတ်ပါဘူး အရာရှိဝမ် ရဲ့ ညာဘက်လက်က တကယ်ပဲ ပိုသန်မာနေတာကိုး"
နှစ်ယောက်လုံးက သူ့ကို ဒီလိုချီးကျူးကြသည့်အတွက် အရာရှိဝမ် စိတ်ထဲတွင် အနည်းငယ် ဂုဏ်ယူမိသွားကာ ပြုံးလျက်
"လူကြီးမင်းတို့ဆီက မဖုံးကွယ်ပါဘူး ကျုပ် က ငယ်စဉ်ကတည်းက ဓားကျင့်ခဲ့တာပါ ညာဘက်လက်က နှစ်ရှည်လများ လေ့ကျင့်မှုကြောင့် သာမန်လူထက် ပိုသန်မာတာ အမှန်ပါပဲ၊ လက်အရှိန်ကလည်း အရမ်းမြန်တယ်"
လီယန်ချူက ခေါင်းညိတ်ပြသည်
"ကြည့်ရတာ သွေးသားစွမ်းအင် အလွန်ကောင်းတာပဲ"
သိုင်းပညာရှင် တစ်ယောက်အတွက် ဘာကြားရတာ အကောင်းဆုံးလဲ
သေချာပေါက် လုပ်ဖော်ကိုင်ဖက် သို့မဟုတ် ပညာရှင်အချင်းချင်း၏ အသိအမှတ်ပြုမှုကို ရရှိခြင်းပင်။
ဝမ်အမှုထမ်းခေါင်းဆောင် စိတ်ထဲတွင် ချက်ချင်း ပေါ့ပါးသွားကာ မျက်နှာတွင် အပြုံးများ ပေါ်လာသည်။
မှုခင်းဆရာဝန် ရောက်လာသည့်အခါ သေဆုံးသူ ကျန်းဟိုင်ကို ကိုယ်တိုင် စစ်ဆေးပေးသည်။
မှုခင်းဆရာဝန်၏ မျိုးရိုးမှာ ဟူ ဖြစ်ပြီး ဟူသုံးဓား ဟု လူသိများသည်။
အသက် ၄၀ ကျော် အမျိုးသားဖြစ်ကာ အလောင်းစစ်ဆေးခြင်း အတတ်ပညာတွင် ကျွမ်းကျင်သူ ဖြစ်ပြီး ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာသည့် ပညာရပ် ဖြစ်သည်။
"အရာရှိဝမ် ကို အစီရင်ခံပါတယ် ကျွန်တော် စစ်ဆေးပြီးပါပြီ၊ ဒီလူက ထိတ်လန့်လွန်းလို့ သေတာပါ၊ ခန္ဓာကိုယ်အပြင်ဘက်မှာ ဘာဒဏ်ရာမှ မရှိပါဘူး"
"ဒါပေမဲ့... ဒီလူက အခုမှ သေတာမဟုတ်ပါဘူး အနည်းဆုံး သေနေတာ သုံးရက်ထက်မက ရှိနေပါပြီ"
အရာရှိဝမ် က အစပိုင်းတွင် ခေါင်းညိတ်နေသော်လည်း နောက်ဆုံးစကား ကြားရသည့်အခါ ရုတ်တရက် ခေါင်းမော့ကြည့်ကာ အံ့သြတကြား မေးလိုက်သည်
"မင်း ဘာပြောတယ် "
"သေနေတာ သုံးရက်ထက်မကပြီ ဟုတ်လား "
"ဟုတ်ကဲ့၊ ကျွန်တော် ခုနက အခါခါ စစ်ဆေးပြီးပါပြီ၊ သေချာပါတယ်"
ထောင်ခန်းထဲတွင် တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
အရာရှိဝမ် နှင့် ထောင်အုပ်ကြီးတို့မှာ မြီးညှောင့်ရိုးမှ ဦးနှောက်အထိ အေးစိမ့်သွားကာ နောက်ကျောပင် ချမ်းသွားကြသည်။
ထောင်အုပ်ကြီး၏ မျက်နှာမှာ ပြာနှမ်းသွားပြီး စကားပင် ထစ်နေတော့သည်
"မ... မဖြစ်နိုင်ဘူး၊ ဒီလူ... ဒီလူက အခုလေးတင်မှ သေတာ မြင်လိုက်ရတာလေ"
မှုခင်းဆရာဝန်ကတော့ အလောင်းများနှင့် အမြဲထိတွေ့နေသူ ဖြစ်သည့်အတွက် အတော်လေး တည်ငြိမ်နေသည်။
"လုံးဝ မမှားနိုင်ပါဘူး၊ ဒီလူက အနည်းဆုံး သေနေတာ သုံးရက်ထက်မကပါပြီ"
ဟု မှုခင်းဆရာဝန်က အလေးအနက် ဆိုသည်။
လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အံ့သြသွားကြသည်။
သုံးရက်ထက်မက
ဒါဆို ကျန်းဟိုင်က အပြင်ကနေ ပြန်လာကတည်းက သေနေခဲ့တာလား
ဒီရက်ပိုင်း ကျန်းကတော်က အလောင်းတစ်လောင်းနဲ့ အတူတူ နေထိုင်နေခဲ့တာလား
နောက်ဆုံးမှာ ကျန်းဟိုင်ရဲ့ အလောင်းကပဲ ကျန်းကတော့်ကို သတ်လိုက်တာလား
ဒါမှမဟုတ်... တစ်စုံတစ်ခုသော အရာက ကျန်းဟိုင်ရဲ့ အလောင်းကို အသုံးချပြီး ဝိညာဉ်ဝင်စားကာ လူယောင်ဆောင်နေတာလား၊ အခုမှ အားလုံးကို မြင်တော့မှ ထွက်သွားတာလား
မဖြစ်နိုင်ဘူး... လီယန်ချူ မျက်မှောင်ကြုတ်မိသည်။
အကယ်၍ တစ်စုံတစ်ခုက ကျန်းဟိုင်၏ အလောင်းတွင် ပူးကပ်နေပါက အလောင်းတွင် မိစ္ဆာငွေ့ သို့မဟုတ် အေးစိမ့်ငွေ့ ကျန်ရစ်နေရမည် ဖြစ်သည်။
ပိုင်ဟုန်းထူ၏ မျက်ဝန်းများလည်း ပြောင်းလဲသွားကာ တွေးတောနေမိသည်။
အရာရှိဝမ် က ထိတ်လန့်တကြားဖြင့်
"မထင်မှတ်ထားဘူး... ဒီလို ထူးဆန်းတဲ့ ကိစ္စတွေကို ထပ်ကြုံရပြန်ပြီ"
"ကျုပ် အမြင်အရတော့ အလောင်းကောင် ပြောင်းလဲမှု မဖြစ်အောင် ဒီအလောင်းကို မီးရှို့လိုက်သင့်တယ်"
ဟု လီယန်ချူက အေးဆေးစွာ ဆိုသည်။
အရာရှိဝမ် က ခေါင်းညိတ်ကာ
"မှန်တယ်၊ မှန်တယ် ဟေ့... ဒီအလောင်းကို အပြင်ထုတ်ပြီး မီးရှို့လိုက်ကြစို့ "
သူသည် စိတ်ပင်ပန်းနေသလို ခံစားရသည်၊ မကြာသေးမီက ဝေမြို့တွင် ထူးဆန်းသော ကိစ္စများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသည့်အတွက် သူ၏ ဆံပင်ဖြူများပင် ပိုတိုးလာရသည်။
ဝေမြို့ထောင်မှ ထွက်လာပြီးနောက် လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ လမ်းမပေါ်တွင် ယှဉ်တွဲလျှောက်လာကြသည်။
အရာရှိဝမ် ကတော့ အလောင်းမီးရှို့ခြင်းကို စောင့်ကြည့်ရန် လူလွှတ်လိုက်သည်။
ပိုင်ဟုန်းထူက
"ဒီကိစ္စက တကယ့်ကို မိစ္ဆာဆန်တာပဲ ကျန်းကတော်က သူမကိုယ်သူမ သေမှန်းမသိဘဲ ငါတို့ကို ခင်ပွန်းကို ကယ်ပေးဖို့ လာရှာတယ်..."
"သူမခင်ပွန်းကတော့ လွန်ခဲ့တဲ့ ရက်ပေါင်းများစွာကတည်းက သေနေခဲ့ပြီ၊ လှုပ်ရှားနေတဲ့ အလောင်းကောင် လို ဖြစ်နေတာပေါ့"
လီယန်ချူ၏ မျက်နှာမှာ အနည်းငယ် လေးနက်နေသည်
"ကျန်းကတော် သေဆုံးချိန်မှာ ကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော စွဲလန်းမှု က သူမရဲ့ ခင်ပွန်းကို ကယ်ဖို့ပဲ ဒါကြောင့်လည်း ဝိညာဉ်ကြွင်းလေးက လာရှာတာ၊ အတော်လေး သံယောဇဉ်ကြီးမားတဲ့ သူပဲ"
ပိုင်ဟုန်းထူက ခေါင်းညိတ်ကာ
"ဟုတ်တာပေါ့၊ ဒီကိစ္စက ငါ့စိတ်ထဲမှာ တစ်ခုခုလိုနေသလိုပဲ၊ ဒီလိုမျိုး မဖြစ်သင့်ဘူးလို့ ခံစားရတယ်၊ အတော်လေး သနားဖို့ကောင်းတယ်"
အကယ်၍ ကျန်းကတော်က ကျန်းဟိုင်လက်ချက်နဲ့ မသေခဲ့ရင်
အကယ်၍... ကျန်းဟိုင်က ထောင်ထဲမှာ ဒီလိုမျိုး မသေခဲ့ရင်
ဒီကိစ္စက သူ့ကို ဒီလောက်ထိ စိတ်မသက်မသာ ဖြစ်စေမှာ မဟုတ်ပေ။
လီယန်ချူသည် သူတစ်ပါးကိစ္စကို စိတ်ဝင်တစား ကူညီတတ်သူ ဖြစ်သည်၊ မဟုတ်ပါက ထိုက်ဖင်တည်းခိုခန်းမှ အလုပ်သမားလေး အနိုင်ကျင့်ခံရစဉ်က သူဝင်ကူညီခဲ့မည် မဟုတ်ပေ။
ထို့နောက်တွင်လည်း မိစ္ဆာများ လူကို ဒုက္ခပေးသည့်အခါတိုင်း သူ နှိမ်နင်းပေးခဲ့မည် မဟုတ်ပေ။
တိုက်ဆိုင်သည်မှာ ပိုင်ဟုန်းထူကလည်း ထိုကဲ့သို့ပင် ဖြစ်သည်။
"အဲဒီ လုံမန်ရွာကို သွားကြည့်ကြမလား "
နှစ်ဦးလုံး တစ်ပြိုင်နက်တည်း မေးလိုက်ကြသည်။
ပြောပြီးနောက် နှစ်ဦးလုံး တစ်ဦးကိုတစ်ဦး ကြည့်ကာ ရယ်လိုက်ကြသည်။
ဝေမြို့အနီးတွင် အလွန်မတ်စောက်ပြီး အန္တရာယ်များသော တောင်တန်းများစွာ ရှိရာ၊ ၎င်းတို့အနက် တစ်ခုမှာ လော်ဆုန်းလင် ဟု အမည်ရကာ တစ်နှစ်ပတ်လုံး တိမ်မြူများ ဖုံးလွှမ်းနေပြီး တောအုပ်ထူထပ်ကာ သားရဲတိရစ္ဆာန်နှင့် အဆိပ်ရှိ သတ္တဝါများ ပြည့်နှက်နေသည်။
ထို့ကြောင့် အမဲလိုက်ခြင်းဖြင့် အသက်မွေးသော မုဆိုးများပင် လော်ဆုန်းလင်၏ အပြင်ဘက်တွင်သာ လှုပ်ရှားရဲကြသည်။
ဂျွတ်
ဂျွတ်
တစ်ကိုယ်လုံး သွေးများပေကျံနေကာ ထက်မြက်သော လှံရှည်တစ်လက်ကို ကိုင်ထားသည့် သန်မာထွားကြိုင်းသော လူငယ်တစ်ဦးသည် တောအုပ်ထဲတွင် အလောတကြီး ပြေးလွှားနေကာ ဆူးပင်ချုံနွယ်များကို တိုးဝှေ့နေသည်။
တောထဲမှ ငှက်များပင် ထိတ်လန့်တကြား ပျံတက်သွားကြသည်။
ထိုလူငယ်မှာ ကိုယ်ဟန်ခန့်ညားပြီး အရှိန်အဝါမှာလည်း ထက်မြက်လှသည်၊ သူကိုင်ထားသော လှံရှည်မှာလည်း အေးစိမ့်သော အလင်းတန်းများ ထွက်ပေါ်နေကာ လူသတ်ခဲ့ဖူးသော လက်နက်တစ်ခု ဖြစ်ကြောင်း သိသာလှသည်။
သူ့အမည်မှာ ရွှီတင့်ဖန်း ဖြစ်ပြီး ပေဖုန်းခရိုင် တပ်မှူးလက်အောက်ရှိ တပ်ကြပ်ကြီး တစ်ဦး ဖြစ်ကာ လူမျိုးခြား သူလျှိုတစ်စုကို ဖမ်းဆီးရန် အမိန့်ရထားသူ ဖြစ်သည်။
ထိုလူမျိုးခြား သူလျှိုတစ်စုမှာ အလိုက်ခံရသည့်အခါ လော်ဆုန်းလင် တောအုပ်ထဲသို့ ထွက်ပြေးသွားကြသည်။
ရွှီတင့်ဖန်းသည်လည်း သူ၏ လက်ရွေးစင်တပ်သား ၇ ဦး နှင့်အတူ လိုက်လံ ဖမ်းဆီးခဲ့သည်။
သို့သော် ယခုအချိန်တွင် သူနှင့်အတူပါလာသော တပ်သား ၇ ဦးလုံးမှာ လော်ဆုန်းလင်ထဲတွင် သေဆုံးသွားခဲ့ကြပြီ။
သူကိုယ်တိုင်လည်း အလိုက်ခံနေရသည်။
သူသည် အပြင်သို့ အရောက်ပြေးကာ ထိုအကြောင်းများကို တပ်မှူးထံ အစီရင်ခံရမည်ဖြစ်ပြီး၊ တပ်မတော်ကြီးကို စေလွှတ်ကာ ဝိုင်းရံနှိမ်နင်းခိုင်းရမည်။
ရွှီတင့်ဖန်းမှာ သိုင်းပညာရှင် တစ်ဦးဖြစ်ရုံသာမက စစ်မြေပြင်တွင်လည်း အတွေ့အကြုံများသူ ဖြစ်သည့်အတွက် သွေးသားစွမ်းအင်မှာ အလွန်ပြင်းထန်ကာ သတ်ဖြတ်ခြင်း အရှိန်အဝါမှာလည်း ကြီးမားလှသည်။
သို့သော် ယခုအချိန်တွင် သူ၏ မျက်နှာမှာ ထိတ်လန့်မှုများ ရှိနေသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရှိနေကာ ကလေးငယ်၏ ပါးစပ်အရွယ်အစားခန့် ရှိသည် ကံကောင်းသည်မှာ သူသည် ပြင်းထန်သော ကိုယ်ခံပညာ ကို ကျင့်ကြံထားသည့်အတွက် ဒဏ်ရာများမှာ အလွန်မနက်ပေ။
ရွှီတင့်ဖန်းသည် မတ်စောက်သော တောအုပ်ထဲတွင် ပြေးလွှားရင်း နောက်ဆုံးတွင် လူနေသည့် အရိပ်အယောင်ကို မြင်လိုက်ရသည်။
သူသည် သွေးစွန်းနေသော လှံရှည်ကို ကိုင်ကာ ချက်ချင်း ပြေးသွားတော့သည်။
ရုတ်တရက် ရွှီတင့်ဖန်း ထိုနေရာတွင်ပင် ကြောင်အမ်းကာ ရပ်တန့်သွားသည်။
သူ့ရှေ့မှ ရင်းနှီးနေသော မြင်ကွင်းကို ကြည့်ရင်း သူ၏ နောက်ကျောတွင် အေးစိမ့်သော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။
အဘိုးအို တစ်ဦးသည် လမ်းလျှောက်လာကာ မျက်နှာမှာ ပြုံးရွှင်နေပြီး
"ဒီဧည့်သည်လေး... တောင်ထဲကို ဝင်မလို့လား မိုးချုပ်နေပြီဆိုတော့ ကျွန်တော့်အိမ်မှာ တစ်ညလောက် တည်းသွားပါလား၊ ဈေးလည်း အရမ်းပေါပါတယ်"
ရိုးသားဟန်ရှိသော်လည်း အရောင်းအဝယ်ဆန်သော အဘိုးကြီးတစ်ဦး။
ရွှီတင့်ဖန်း တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲသွားသလို ခံစားလိုက်ရသည်။
မိမိ... နောက်တစ်ခေါက် ပြန်ရောက်လာပြန်ပြီ