← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅) - လုံမန်ရွာ

နေဝင်ရိုးရီ အချိန်

တောင်ခြေရှိ ရွာငယ်လေးတွင် မီးခိုးအချို့က တအိအိ လွင့်တက်နေပြီး၊ ကလေးငယ် သုံးလေးငါးယောက်မှာ ရွာထဲတွင် ပြေးလွှားဆော့ကစားနေကြကာ ခွေးနက်ကြီးမှာ အိမ်အပြင်ဘက်တွင် ပျင်းရိစွာ မှောက်နေသည်။

လယ်ကွင်းထဲတွင် လယ်သမားတစ်ဦးမှာ အလုပ်လုပ်နေဆဲဖြစ်ပြီး၊ ရွာထဲ၌မူ မီးခိုးများ ဝေနေကာ ထမင်းဟင်းနံ့များ ထွက်ပေါ်နေပြီ ဖြစ်သည်။

တောင်ကြားတွင် တိမ်မြူများ မှိန်ပျပျ ဖုံးလွှမ်းနေသည်မှာ ထိုလော်ဆုန်းလင် တောင်တန်းကြီး၏ မတ်စောက်မှုကို ပိုမိုပေါ်လွင်စေသည်။

နွားကျောင်းသားလေး၏ ပုလွေသံမှာ လှပနူးညံ့စွာ ပေါ်ထွက်နေပြီး၊ ဤတောရွာမြင်ကွင်းကို ပိုမိုအေးချမ်းတိတ်ဆိတ်စေသည်။

ဒါက အေးချမ်းသာယာတဲ့ ရွာလေးတစ်ရွာပဲ။

ဒုန်း ဒုန်း ဒုန်း

မြင်းခွာသံမှာ အဝေးမှ အနီးသို့ ရောက်လာပြီး ရွာငယ်လေး၏ တိတ်ဆိတ်မှုကို ခွဲထုတ်လိုက်သည်။

ခွေးနက်ကြီးမှာ လန့်နိုးသွားပြီး ကိုယ်ကိုကိုင်းကာ သွားများကို ဖြဲလျက် အဝေးမှလာသူကို သတိကြီးစွာ စောင့်ကြည့်နေသည်။

အမည်းတစ်စီး အဖြူတစ်စီး ရှိသော မြင်းကောင်းနှစ်စီးမှာ အပြေးနှင်လာပြီး ရွာထိပ်သို့ ရောက်သောအခါ မြင်းခွာသံများကို လျှော့ချလိုက်သည်။

ဟီး ဟီး

မြင်းများကို ဇက်ကြိုးဖြင့် ထိန်းလိုက်ကြသည်။

အာ... မဟုတ်သေးဘူး

အဲဒီအမည်းရောင်က မြင်းမဟုတ်ဘူး၊ ကြည့်ရတာ မြည်း တစ်ကောင်လား

မြည်းနက်ကြီး တစ်ကောင်ပဲ

"ဒီလုံမန်ရွာက ကြည့်ရတာ နတ်သက်ကြွေတဲ့ နေရာတစ်ခုလို အေးချမ်းလှချည်လား"

မြင်းဖြူစီးထားသူမှာ ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားသည့် သူဌေးသား ပုံစံ လူငယ်ဖြစ်သည်။

သူ့ကိုယ်ဟန်မှာ တောင့်တင်းခိုင်မာပြီး ခန့်ညားချောမောကာ နှုတ်ခမ်းထောင့်တွင် အပြုံးနုနု ရှိနေသည်။

မြည်းနက် စီးလာသူမှာ မျက်နှာသွင်ပြင် ထင်ရှားပေါ်လွင်သည့် ချောမောသော လူငယ်ဖြစ်ကာ ခါးတွင် ဓားရှည်တစ်လက် ချိတ်ထားသည်။

သူ၏ အရှိန်အဝါမှာ လောကီလူမိုက်များကဲ့သို့ ကြမ်းတမ်းမှု မရှိသလို စာပေသမားများကဲ့သို့လည်း နုနယ်မှု မရှိဘဲ အတော်လေး အေးဆေးတည်ငြိမ်ကာ ကြည့်ရသည်မှာ အလွန်နူးညံ့လှသည်။

ထိုသူဌေးသား၏ စကားကို တည်ငြိမ်သော လူငယ်က ပြန်မပြောဘဲ ရွာထဲသို့သာ ကြည့်နေကာ ခေတ္တမျှ တိတ်ဆိတ်နေသည်။

"ဘာဖြစ်လို့လဲ "

ဟု ထိုသူဌေးသားက မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"

တည်ငြိမ်သော လူငယ်က သတိပြန်ဝင်လာပြီး ပြုံးလိုက်သည်

"ဒီရွာက သိပ်ကို သန့်ရှင်းလွန်းနေသလားလို့ပါ"

ထိုစကားကို ကြားသောအခါ ထိုသူဌေးသား၏ မျက်နှာမှာ လေးနက်သွားပြီး ရွာထဲသို့ ကြည့်သည့် အကြည့်များတွင် သတိထားမှုများ ပါဝင်လာသည်။

ဤလူနှစ်ဦးမှာ လုံမန်ရွာကို လာရှာသည့် လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ပင် ဖြစ်သည်။

လီယန်ချူသည် ယခုတစ်ခေါက်တွင် မြင်းမစီးဘဲ တာအိုကျောင်းမှ မြည်းကိုသာ စီးလာခဲ့သည်။

တာအိုပညာရှင် အတော်များများမှာ တစ်ခုခုကို စီးရသည်ကို ဝါသနာပါကြသည်၊ ဥပမာ နွားစီးခြင်း၊ ကြိုးကြာစီးခြင်း၊ နဂါးစီးခြင်း သို့မဟုတ် ကျားစီးခြင်း စသည်ဖြင့်။

မြည်းစီးရသည်ကို ကြိုက်သူလည်း ရှိသည်။

ဤမြည်းနက်ကြီးတွင် အစကတည်းက ဉာဏ်ရည် ရှိမရှိကို လီယန်ချူ မသိသော်လည်း၊ လီယန်ချူ ဖော်စပ်သမျှ နှစ်တစ်ရာအားဆေး များ၏ ဆေးဖတ်များကို အမြဲတမ်း အမည်းကြီး ကို ကျွေးခဲ့သည်။

ထို့အပြင် စွမ်းအင်တိုး ဆေးလုံး ဖော်စပ်သည့် ဆေးဖတ်များကိုလည်း ကျွေးခဲ့ရာ၊ ဤမြည်းနက်ကြီးမှာ ထိုဆေးများကို စားပြီးနောက် အရိုးအဆစ်များ သန်မာလာကာ ခွန်အားများလည်း ကြီးမားလာခဲ့သည်။

လီယန်ချူမှာ အစက သတိမထားမိခဲ့သော်လည်း၊ နောက်ပိုင်းတွင် မည်းကြီး ၏ ခွန်အားမှာ အလွန်ကြီးမားနေသည်ကို တိုက်ဆိုင်စွာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တစ်ချက်ခုန်လိုက်လျှင် နှစ်လံ ခန့် မြင့်မားသည်။

လီယန်ချူမှာ အလွန်အံ့သြသွားပြီး ပထမဆုံးဝင်လာသည့် အတွေးမှာ ဒီမြည်းတော့ မြည်းဖုတ် ဖြစ်နေပြီ ဆိုတာပင် သို့သော် အရှိန်ဝါကြည့် အတတ်ဖြင့် ကြည့်လိုက်သည့်အခါ မည်းကြီး ၏ ကိုယ်ပေါ်တွင် မိစ္ဆာငွေ့ မရှိဘဲ နုနယ်သော နတ်စွမ်းအင် အချို့သာ ရှိနေသည်ကို တွေ့ရသည်။

ထိုအခါမှသာ သူသည် ပိုင်ဟုန်းထူကို မြည်းသားကျွေးပြီး အားဖြည့်ပေးမည့် အကြံကို ဖျက်သိမ်းလိုက်တော့သည်။

မြည်းနက်ခွာ က ဖုတ်ကောင် တွေကို နှိမ်နင်းနိုင်တာမို့၊ သူ၏ ဆရာ ရွှမ်းချိန်တာအိုဆရာသည် လိုအပ်သည့်အချိန်တွင် အသုံးပြုရန် ဤမြည်းကို မွေးထားခြင်းလားဟုပင် တစ်ခါတစ်ရံ သံသယဝင်မိသည်။

သို့သော် နောက်ပိုင်းတွင် သူကိုယ်တိုင် ငွေရှာနိုင်လာသည့်အတွက် မြည်းသားလေး နည်းနည်းပါးပါးကို မမက်မောတော့ဘဲ သတ်မစားတော့ခြင်း ဖြစ်သည်။

"အီးအဲ "

"အီးအဲ "

မည်းကြီး သည် လီယန်ချူ၏ ပွတ်သပ်ပေးမှုကို ခံရသည့်အခါ ပျော်ရွှင်စွာ အော်မြည်နေပြီး၊ အရှင်သခင်က သူ့ကို မြင်းဖြူထက် ပိုမြန်အောင် ပြေးနိုင်လို့ သဘောကျနေတာလို့ ထင်နေရှာသည်။

လီယန်ချူ၏ စိတ်ထဲတွင်တော့ မြည်းသားဟင်း နဲ့ မြည်းသားမုန့် ပုံရိပ်တွေ ခဏတာ ဖြတ်ပြေးသွားသည်ကိုတော့ သူ မသိရှာပေ။

ပိုင်ဟုန်းထူကလည်း မည်းကြီးကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများက ထူးဆန်းနေသည်။

ဟား...

ဒီလောက်မြန်မြန် ပြေးနိုင်တဲ့ မြည်းမျိုး သူ တစ်ခါမှ မမြင်ဖူးဘူး၊ အင်အားအပြည့်နဲ့ ခံနိုင်ရည်ကလည်း အဆုံးမရှိသလိုပဲ။

ဒါ့အပြင် ဒီမြည်းက ကြွက်သားတွေ ထုံးနေတာမျိုး၊ ထွားကြိုင်းနေတာမျိုးလည်း မရှိဘဲ ခန္ဓာကိုယ် အရွယ်အစားကလည်း ပြောင်းလဲမသွားဘူး။

သူက လီယန်ချူကို မသိမသာ တစ်ချက်ကြည့်လိုက်သည်။

အင်း...

လူနဲ့ မြည်းက လိုက်ဖက်ပါပေတယ်။

"ဟေ့ ပိုင်ကြီး... မင်း ဘယ်လို အကြည့်နဲ့ ကြည့်နေတာလဲ "

လီယန်ချူက ရုတ်တရက် မေးလိုက်သည်။

ဒီလောက်ထိ အာရုံခံစားမှု ကောင်းတာလား... ပိုင်ဟုန်းထူ ထိတ်လန့်သွားပြီး ရယ်ပြလိုက်သည်

"ငါက ငါတို့ ဘယ်လို စုံစမ်းစစ်ဆေးမှုတွေ စရမလဲလို့ တွေးနေတာပါ"

လီယန်ချူက ခေါင်းညိတ်လိုက်ပြီး ကျေနပ်စွာ ဆိုသည်

"ဒီတစ်ခါတော့ မင်း တော်တော်လေး စိတ်ဝင်တစား ရှိတာပဲ"

အဘိုးအို တစ်ဦးသည် လမ်းလျှောက်လာကာ မျက်နှာမှာ ပြုံးရွှင်နေပြီး

"ဒီဧည့်သည်လေး နှစ်ယောက်... တောင်ထဲကို ဝင်မလို့လား မိုးချုပ်နေပြီဆိုတော့ ကျွန်တော့်အိမ်မှာ တစ်ညလောက် တည်းသွားပါလား၊ ဈေးလည်း အရမ်းပေါပါတယ်"

ရိုးသားဟန်ရှိသော်လည်း အရောင်းအဝယ်ဆန်သော အဘိုးကြီးတစ်ဦး။

ပိုက်ဆံတောင် တောင်းသေးတယ်... ပိုင်ဟုန်းထူ မျက်မှောင်ကြုတ်သွားသည်၊ ဒီလောက် စီးပွားရေးမျက်စိရှိတဲ့ အဘိုးကြီး ဘယ်က ရောက်လာတာလဲ။

"တစ်ညကို ဘယ်လောက်လဲ "

လီယန်ချူက အေးဆေးစွာ မေးလိုက်သည်။

"တစ်ညကို ငွေတစ်ကျပ် ပါ"

အဘိုးအိုက လက်ညှိုးတစ်ချောင်း ထောင်ပြသည်။

လီယန်ချူက သူ့ကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ပြုံးလိုက်သည်။

ပိုင်ဟုန်းထူကတော့ သဘောမတူဘဲ အော်လိုက်သည်

"ငွေတစ်ကျပ်တည်းလား၊ ငါတို့ညီအစ်ကိုနှစ်ယောက်ကို သိုးအအုပ် ( အနိုင်ကျင့်ရလွယ်သူ) လို့ ထင်နေတာလား"

အဘိုးအိုက ရိုးသားစွာ ပြုံးလျက်

"ဒီအနားမှာက တောင်တန်းတွေပဲ ရှိတာပါ ကျွန်တော်တို့ လုံမန်ရွာ တစ်ရွာပဲ ရှိတာ ဧည့်သည်တို့ နားချင်တယ်ဆိုရင် ကျွန်တော်တို့ဆီမှာပဲ နားလို့ရမှာပါ"

ပိုင်ဟုန်းထူက ဒေါသထွက်ပြီး ရယ်မိသွားသည်

"အဘိုးကြီး... ကျုပ်တို့ ဝတ်ပုံစားပုံကို ကြည့်ဦး၊ သိုင်းလောက ပညာရှင်တွေဆိုတာ သိလား "

"ကျုပ် စိတ်တိုလာရင် အဘိုးကြီးကို သတ်ပစ်မှာ မကြောက်ဘူးလား "

ပိုင်ဟုန်းထူ၏ အကြည့်များက အေးစက်သွားပြီး လေသံမှာလည်း ပိုမိုတင်းမာလာသည်။

အဘိုးအိုက ရိုးသားစွာ ရယ်မောရင်း

"လူကြီးမင်းတို့ နှစ်ယောက်လုံးမှာ တရားမျှတတဲ့ အရှိန်အဝါတွေ ရှိနေတာပဲ၊ ချမ်းသာကြွယ်ဝသူတွေက ငွေတစ်ကျပ်လောက်နဲ့ လူမသတ်ပါဘူး"

ပိုင်ဟုန်းထူက အေးစက်စွာ ထပ်မေးသည်

"အကယ်၍ လူသတ်နေကျ သိုင်းလောက လူမိုက်တွေ ဆိုရင်ရော "

အဘိုးအိုက ခေါင်းကို ပွတ်လိုက်ပြီး ဟီးခနဲ ရယ်လိုက်သည်

"အဲဒီလို လူမျိုးတွေကိုဆိုရင်တော့ ကျွန်တော်က ဘယ်မှာ ပိုက်ဆံတောင်းရဲမှာလဲ၊ အဝေးကြီးကတည်းက ပုန်းနေမှာပေါ့"

ပိုင်ဟုန်းထူ ကြောင်သွားပြီး ခေတ္တအကြာတွင် သူ ရယ်လိုက်တော့သည်

"အင်း... အဘိုးကြီးက အတော်လေး သိတတ်သားပဲ"

လီယန်ချူလည်း ရယ်လိုက်သည်၊ ဒါက တကယ့်အရှိတရား မဟုတ်လား

သူတို့နှစ်ဦး စိတ်မဆိုးသည့်အပြင် ငွေတစ်ကျပ်ကိုပင် ပစ်ပေးလိုက်သည်။

အဘိုးအိုက ဂရုတစိုက် ကောက်ယူလိုက်ပြီး သူတို့နှစ်ဦးကို သူ့အိမ်သို့ ခေါ်သွားသည်။

အဘိုးအို၏ ဇနီးမှာ စောစောစီးစီး ကွယ်လွန်သွားခဲ့ပြီး၊ အိမ်တွင် သားတစ်ယောက် ရှိသည်။

သားဖြစ်သူမှာ ကုတင်ပေါ်တွင် နာတာရှည် ဖျားနာနေကာ ချွေးမဖြစ်သူကသာ ပြုစုစောင့်ရှောက်နေရသည်။

အဘိုးအိုက အိမ်၏ ခက်ခဲသော အခြေအနေများကို ပြောပြပြီး မိမိမှာလည်း မတတ်သာသဖြင့် ပိုက်ဆံတောင်းရခြင်း ဖြစ်ကြောင်း ပြောပြသည်။

လီယန်ချူက ပြုံးလျက်

"ဒါဆိုရင်တော့ ခုနက ကျုပ်တို့ကပဲ ရိုင်းစိုင်းသွားသလို ဖြစ်နေပြီ"

အဘိုးအိုက အမြန်ပင် လက်ယမ်းပြသည်

"လူကြီးမင်းတို့ ဒီလိုပြောတာက ကျွန်တော့်ကို အပြစ်ပေးတာပါပဲ"

"အဘိုးကြီး... ကျန်းဟိုင် လို့ ခေါ်တဲ့ လူတစ်ယောက်ကို တွေ့ဖူးလား၊ သူက ရှေးဟောင်းပစ္စည်း ဝယ်တဲ့သူပါ၊ လွန်ခဲ့တဲ့ ရက်ပိုင်းက ဒီရွာကို လာခဲ့သေးတယ်"

လီယန်ချူက မေးလိုက်သည်။

"ကျန်းဟိုင်"

အဘိုးအိုက ခေတ္တစဉ်းစားပြီးမှ ပြောသည်

"ကျွန်တော် မှတ်မိသလိုရှိတယ်၊ အဲဒီတုန်းက သူ့ကိုလည်း ကျွန်တော့်အိမ်မှာ နားဖို့ ဖိတ်ခဲ့သေးတယ်၊ ဒါပေမဲ့ အဲဒီ ကျန်းလူကြီးမင်းက ငြင်းခဲ့တယ်"

"အော်..."

လီယန်ချူက ထပ်မေးသည်

"ဒါဆို ကျန်းဟိုင် ဘယ်မှာ တည်းသွားလဲဆိုတာ အဘိုးကြီး သိလား "

အဘိုးအို၏ မျက်နှာတွင် မကျေနပ်သော အမူအရာ ပေါ်လာပြီး မျက်မှောင်ကြုတ်လျက်

"ကျန်းလူကြီးမင်းက ရွာအရှေ့ဖျားက မုဆိုးမကျိုး ရဲ့ အိမ်မှာ သွားတည်းတာလေ"

မုဆိုးမကျိုး... လီယန်ချူက ထပ်မံ စုံစမ်းသည်

"ဒီကျန်းဟိုင်အကြောင်း ကျွန်တော့်ကို ပြောပြပေးနိုင်မလား "

အဘိုးအိုက အခက်တွေ့ဟန်ဖြင့်

"ကျွန်တော်လည်း အသက်ကြီးပြီဆိုတော့ သိပ်မမှတ်မိတော့ဘူး"

ထိုစကား ပြောပြီးသည်နှင့် လီယန်ချူက ဘာမှမထူးခြားသလိုမျိုး ငွေနှစ်ကျပ်ကို ကမ်းပေးလိုက်ပြီး တိုးတိုးလေး ဆိုသည်

"အဘိုးကြီး ကူညီပေးပါဦး၊ အကယ်၍ မှတ်မိလာပြီဆိုရင် ဒီငွေတွေက အဘိုးကြီးအတွက်ပါပဲ"

အဘိုးအို၏ မျက်လုံးများ ချက်ချင်း တောက်သွားကာ မျက်နှာကလည်း ပြုံးရွှင်သွားတော့သည်

"ဒီလူကြီးမင်းက တကယ်ပဲ ရက်ရောတာပဲ၊ ကျွန်တော် အချို့ကိစ္စတွေကို ရုတ်တရက် သတိရလာသလိုပဲ"

ထိုအဘိုးအို၏ ပြောပြချက်အရ ကျန်းဟိုင်သည် လွန်ခဲ့သော ဆယ်ရက်က လုံမန်ရွာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော သုံးရက်ကမှ ထွက်ခွာသွားခဲ့ပြီး ထိုအတောအတွင်း မုဆိုးမကျိုး၏ အိမ်တွင်သာ အမြဲတည်းခိုခဲ့ကြောင်း သိလိုက်ရသည်။

အခန်း (၈၆) - ရိုးသားလွန်းသော ကျေးလက်ရွာ

ကျန်းဟိုင်သည် လူပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းမွန်သူဖြစ်ကာ နယ်လှည့်ကုန်သည် တစ်ဦးပီပီ ရွာထဲတွင် ရှေးဟောင်းပစ္စည်း အချို့ကို ဝယ်ယူခဲ့သည်။

ဥပမာအားဖြင့် ရွာအရှေ့ဖျားရှိ အာကော် အိမ်မှ အရက်အိုး၊ ကွေ့ကျိ အိမ်မှ မြေအိုးနှင့် အဘွားအိုစန်း အိမ်မှ ခြေနင်းကျောက်တုံး တစ်တုံးတို့ ဖြစ်သည်။

ရွာသားများ၏ အမြင်တွင်မူ ထိုအရာများမှာ တန်ဖိုးမရှိသော အမှိုက်များသာ ဖြစ်သည်။

"အဘိုးလည်း ပစ္စည်းအချို့ယူပြီး ကျန်းလူကြီးမင်းဆီ သွားပြခဲ့သေးတယ်၊ ဒါပေမဲ့ ကျန်းလူကြီးမင်းက တစ်ခုမှ မဝယ်ခဲ့ဘူး"

ဟု ထိုအဘိုးအိုက နှမြောတသသော မျက်နှာထားဖြင့် ပြောသည်။

"ဒီကျန်းဟိုင်က ထူးဆန်းတဲ့ ပစ္စည်းမျိုးတွေများ ဝယ်သွားတာမျိုး ရှိလား၊ ပြီးတော့ ရွာထဲမှာရော မကြာခင်က ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်ပျက်ခဲ့တာမျိုး ရှိလား "

လီယန်ချူက မေးလိုက်သည်။

အဘိုးအိုက မျက်နှာလေးနက်သွားပြီး အမြန်ပင် လက်ယမ်းပြကာ

"အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကျွန်တော်တို့ရွာမှာ ဘာထူးဆန်းတဲ့ အရာမှ မရှိပါဘူး"

လီယန်ချူသည် ထိုအမူအရာကို မြင်သောအခါ ဆက်၍ မမေးတော့ပေ။

အခြားခေါင်းစဉ်တစ်ခုသို့ ပြောင်းလိုက်သည်

"ဒီရွာမှာ သုံးလက်မလောက်ရှိတဲ့ ငါးကျင်နီတွေ ရှိတယ်လို့ ကြားမိလို့ "

အဘိုးအို၏ မျက်နှာတွင် အပြုံးများ ပေါ်လာပြီး အားတက်သရော ရှင်းပြတော့သည်

"ဟုတ်တာပေါ့၊ ရွာဘေးက မြစ်ထဲမှာလေ သုံးလက်မကျော်တောင် ရှိတယ်၊ အဲဒါက မင်္ဂလာရှိတဲ့ အတိတ်နိမိတ်ပဲ၊ ကိုယ့်အနားမှာ ထားရင် ကံကောင်းခြင်းတွေ တိုးပွားစေတယ်"

ဒေါက် ဒေါက် ဒေါက်

ရုတ်တရက် တံခါးခေါက်သံ ပေါ်လာသည်။

အဘိုးအို၏ မျက်လုံးများ မသိမသာ ပြောင်းလဲသွားပြီး လီယန်ချူတို့ နှစ်ဦးကို အားနာဟန်ဖြင့် ပြုံးပြကာ အပြင်သို့ ထွက်သွားသည်။

တံခါးဝတွင် အသက် ၂၀ ကျော် လူငယ်တစ်ဦး ရပ်နေသည်၊ ကြည့်ရသည်မှာ ထက်မြက်မည့်ပုံရှိပြီး တံငါသည် ဝတ်စုံကို ဝတ်ထားသည်။

ထိုနှစ်ဦး တံခါးဝတွင် ဘာတွေပြောနေကြသည်ကို မသိရသော်လည်း၊ အဘိုးအိုက ပြန်လှည့်လာကာ လီယန်ချူတို့အား ပြောသည်

"ဧည့်သည်တို့ စိတ်အေးအေးနဲ့သာ နားပါ အဘိုးမှာ လုပ်စရာ ကိစ္စလေး ရှိနေလို့၊ ညစာနဲ့ ရေနွေးကိုတော့ အဘိုးရဲ့ ချွေးမကို ပြင်ခိုင်းထားလိုက်ပါ့မယ်"

ပြောပြီးနောက် ထိုအဘိုးအို ထွက်သွားတော့သည်။

သူ့အိမ်တွင် အခန်း ၅ ခန်း ရှိသည်။

တစ်ခန်းမှာ ဧည့်ခန်းဖြစ်ပြီး၊ အဘိုးအိုနှင့် သူ၏သားက တစ်ခန်းစီ နေကြကာ၊ လီယန်ချူနှင့် ပိုင်ဟုန်းထူတို့က တစ်ခန်းတွင် အတူတူနေကြသည်။

ကျန်ရှိသော အခန်းတစ်ခန်းမှာ တံခါးပိတ်ထားပြီး လူနေသည့်ပုံ မပေါ်ပေ။

လီယန်ချူသည် ကုတင်ဘေးတွင် ခန့်ညားစွာ ထိုင်နေရင်း ရုတ်တရက် ရယ်လိုက်သည်

"ပိုင်ကြီး... ဒီရွာက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ"

ပိုင်ဟုန်းထူက ခေါင်းညိတ်ကာ

"ဟုတ်တယ်၊ ငါကတော့ ဒီနေရာကို သရဲတွင်း လို့ ထင်ထားတာ အနည်းဆုံးတော့ မိစ္ဆာတွေ သောင်းကျန်းနေတာမျိုး ရှိမယ်ပေါ့ မထင်မှတ်ဘဲ ဒီလောက်တောင် ငြိမ်သက်နေပါလား"

လီယန်ချူ

"အဲဒီ လင်အဘိုးကြီး ကို မင်း ဘယ်လိုမြင်လဲ "

လုံမန်ရွာ၏ အများစုမှာ လင် မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။

ပိုင်ဟုန်းထူက ဖြည်းဖြည်းချင်း ဆိုသည်

"သာမန် အရပ်သားတွေဆိုရင် ဓားတွေ၊ လှံတွေ ကိုင်ထားတဲ့ သိုင်းလောကသားတွေကို မြင်ရင် ကြောက်နေကြပြီ"

"ဒီလင်အဘိုးကြီးကတော့ ဈေးကို ကိုယ့်ဘာသာ သတ်မှတ်ရဲတယ်၊ လူကိုကြည့်ပြီး ဈေးခေါ်တတ်တယ်၊ သာမန် လယ်သမားတစ်ယောက်နဲ့ မတူဘူး"

"ပိုက်ဆံကို အသက်ထက်မြတ်တဲ့ အဘိုးကြီး တစ်ယောက်နဲ့ ပိုတူနေတယ်"

လီယန်ချူက ရယ်လျက်

"ငါလည်း အဲဒီလိုပဲ ထင်တယ်၊ တောင်ထဲမှာက အေးစိမ့်ငွေ့ တွေ၊ မြူတွေ များတယ်၊ ပြီးတော့ မြစ်ကြီးတစ်စင်းနဲ့လည်း ကပ်နေတယ်ဆိုတော့ ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်တာက မဆန်းပါဘူး"

"ဒါပေမဲ့ ခုနက လင်အဘိုးကြီးက ရွာထဲမှာ ဘာထူးဆန်းတာမှ မဖြစ်ဘူးလို့ ပြောတယ်၊ ငါကတော့ အစက ငါတို့ကို စိတ်အေးအေးနဲ့ တည်းခိုစေချင်လို့ ပြောတာလို့ ထင်ခဲ့တာ"

"ဒါပေမဲ့ ငါ အရှိန်ဝါကြည့် အတတ် နဲ့ တစ်ရွာလုံးကို ကြည့်လိုက်တော့ ဒီရွာက သိပ်ကို သန့်ရှင်းနေတယ်၊ အေးစိမ့်ငွေ့ တစ်စက်တောင် မရှိဘူး"

ပိုင်ဟုန်းထူက စဉ်းစားဟန်ဖြင့်

"ဒါဆိုရင် နှစ်မျိုးပဲ ရှိမယ်၊ တစ်ခုက ဒီမှာရှိတဲ့ အရာက အရမ်းကို ကြောက်စရာကောင်းလွန်းလို့ အရှိန်ဝါကြည့် အတတ်နဲ့တောင် မမြင်နိုင်တာ၊ ဒါမှမဟုတ် ငါတို့ပဲ အများကြီး တွေးနေမိတာ၊ ဒီမှာ ဘာမှမရှိဘဲ တစ်ခုခုသော စွမ်းအားက အေးစိမ့်ငွေ့တွေကို ဖယ်ရှားပေးထားတာ"

"မှန်တယ်"

လီယန်ချူ ခေါင်းညိတ်သည်

"ငါလည်း အဲဒီလိုပဲ တွေးမိတယ်"

လီယန်ချူက ဆက်ပြောသည်

"ကျန်းဟိုင်က မုဆိုးမကျိုး အိမ်မှာ တည်းခဲ့တာဆိုတော့ မနက်ဖြန်ကျရင် အဲဒီအိမ်ကို သွားကြည့်ပြီး သဲလွန်စ ရှာကြည့်ကြတာပေါ့"

ပိုင်ဟုန်းထူ ကြောင်သွားသည်

"ဘာလို့ အခု မသွားတာလဲ "

လီယန်ချူက အပြင်ဘက် မိုးချုပ်နေပြီဖြစ်သော မြင်ကွင်းကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ဆိုသည်

"ညကြီးမင်းကြီးမှာ ငါတို့လို သူစိမ်း ယောက်ျားနှစ်ယောက်က မုဆိုးမ တံခါးကို သွားခေါက်ရမှာလား"

ပိုင်ဟုန်းထူ၏ နှုတ်ခမ်းများ တွန့်သွားသည်။

သူ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ပြတင်းပေါက်တွင် လူတစ်ဦးက အပေါက်လေး တစ်ခု ဖောက်လိုက်သည်ကို သတိထားမိလိုက်သည်။

ပိုင်ဟုန်းထူ မျက်နှာပျက်သွားကာ အော်လိုက်သည်

"ဘယ်သူလဲ"

လီယန်ချူ လှည့်ကြည့်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လက်ဖဝါးမှ ထွက်ပေါ်လာသော ပြင်းထန်သော စွမ်းအားကြောင့် စက္ကူပြတင်းပေါက်မှာ လေးဖက်လေးတန် ကွဲအက်သွားတော့သည်။

လူမျက်နှာ တစ်ခြမ်းကို မြင်လိုက်ရသည်!

"ကလေးတစ်ယောက်ပဲ "

ပိုင်ဟုန်းထူက မျက်စိလျင်စွာဖြင့် အော်ပြောလိုက်သည်။

လီယန်ချူသည် ကိုယ်ကို လှုပ်ရှားလိုက်ကာ ပြတင်းပေါက်မှ တိုက်ရိုက် ခုန်ထွက်သွားသည်။

မိန်းကလေးငယ်လေး တစ်ဦးမှာ မြေပြင်ပေါ်တွင် လဲကျနေပြီး ကိုယ်ပေါ်တွင် ပန်းပွင့်စုံ အဝတ်အစားများကို ဝတ်ထားသည်။

ထိုမိန်းကလေးမှာ ရုပ်ရည်သန့်သန့်ပြန့်ပြန့် ရှိကာ ၈ နှစ် ၉ နှစ် အရွယ်ခန့် ရှိပြီး ဆံပင်ကို နှစ်ဖက်ခွဲ ချည်ထားသည်။

အံ့သြစရာကောင်းသည်မှာ ဤသို့သော အဖြစ်အပျက်နှင့် ကြုံရသော်လည်း ထိုမိန်းကလေးမှာ ထိတ်လန့်ခြင်း မရှိဘဲ သူမ၏ ဝိုင်းစက်နေသော မျက်လုံးကြီးများဖြင့် လီယန်ချူကို စိုက်ကြည့်နေခြင်း ဖြစ်သည်။

လီယန်ချူ မျက်မှောင်ကြုတ်မိသည်၊ ဒါက ဘယ်အိမ်က လူလည်မလေး ပါလိမ့်။

သူ မေးမြန်းရန်ပင် အချိန်မရသေးမီ၊

ထိုမိန်းကလေးက အပြစ်ကင်းစင်စွာ မေးလိုက်သည်

"အစ်ကိုကြီး... အစ်ကိုကြီးက အမေ ပြောတဲ့ သိုင်းလောက ပညာရှင် ဆိုတာမျိုးလား "

မိန်းကလေး၏ မျက်နှာတွင် မျှော်လင့်ချက်များ ပြည့်နေသည်။

ပိုင်ဟုန်းထူလည်း နောက်မှ ပြေးထွက်လာပြီး ထိုစကားကို ကြားသောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။

"ညီမလေး... မင်း မျက်စိ တော်တော်စူးတာပဲ၊ ဟုတ်တယ် ကျုပ်တို့က သိုင်းလောက ပညာရှင်တွေပဲ"

မိန်းကလေးက ခေါင်းခါပြပြီး အလေးအနက် ဆိုသည်

"ဒီအစ်ကိုကြီးကမှ ပညာရှင်၊ အစ်ကိုက မဟုတ်ပါဘူး"

မိန်းကလေးက သတိကြီးစွာဖြင့်

"အစ်ကိုက ပြတင်းပေါက်ကနေ ဖြည်းဖြည်းချင်း လျှောက်လာတာကို ညီမလေး မြင်သားပဲ"

"..."

ပိုင်ဟုန်းထူ

လီယန်ချူက ပြုံးလျက်

"မင်းက တကယ့်ကို ထက်မြက်တဲ့ ကလေးပဲ၊ နာမည် ဘယ်လိုခေါ်လဲ "

"ညီမလေး နာမည်က ဟူထုံ ပါ၊ အိမ်က ရွာအနောက်ဖျားမှာ ရှိတယ်"

မိန်းကလေး၏ အသံမှာ ကြည်လင်လှသည်။

မင်း နာမည်က ယောက်ျားလေး နာမည်ကြီးပါလား... လီယန်ချူက မေးလိုက်သည်

"ဟူထုံ... မင်း ဘာလို့ ကျုပ်တို့ကို ချောင်းကြည့်နေတာလဲ "

ဟူထုံက သူမ၏ သန့်ရှင်းသော မျက်လုံးကြီးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ကာ

"ရွာထဲကို သူစိမ်းတွေ ရောက်လာလို့၊ ဦးဦးကျန်း ပြန်လာတာလားလို့ အောက်မေ့လို့ပါ"

လီယန်ချူ မျက်လုံးများ တောက်သွားသည်

"မင်းပြောတဲ့ ဦးဦးကျန်းက ရွာထဲမှာ ပစ္စည်းတွေ ဝယ်တတ်တဲ့ လူလား "

ဟူထုံက ခေါင်းကို အားရပါးရ ညိတ်ပြသည်

"ဦးဦးကျန်းက ညီမလေးတို့ကို သကြားရုပ်တွေ၊ စက္ကူဖြတ်ရုပ်တွေ ပေးတတ်တယ်၊ ဦးဦးကျန်းက လူကောင်းကြီးပါ"

ထိုအချိန်တွင် အမျိုးသမီးငယ်တစ်ဦး ပြေးလာသည်၊ ဝတ်စားဆင်ယင်မှုမှာ ရိုးရှင်းပြီး မျက်နှာတွင်လည်း အလှပြင်ထားခြင်း မရှိပေ။

"ဟူထုံ... မင်း ဘာလို့ ညကြီးမင်းကြီး အပြင်ထွက်နေတာလဲ၊ အမေ ဆူတာ ခံရတော့မယ် "

အမျိုးသမီးငယ်က အသံခပ်အုပ်အုပ်ဖြင့် ပြောသည်။

လီယန်ချူသည် သူမနှင့် တစ်ခါ တွေ့ဖူးသည်၊ သူမမှာ လင်အဘိုးကြီး၏ ချွေးမဖြစ်ပြီး ရုပ်ရည်ကတော့ သာမန်ပါပဲ၊ အမြဲတမ်း ရှက်ကြောက်နေတတ်သည့် ပုံစံရှိသည်။

တကယ်ပင်

လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ကို မြင်သောအခါ ထိုချွေးမလေး၏ မျက်နှာမှာ ရဲတက်သွားပြီး

"ဟူထုံ... အမြန်ပြန်တော့၊ အဖေ ပြန်မလာခင် အမြန်သွား"

ဟူထုံက လီယန်ချူကို ပြုံးပြလိုက်သည်

"အစ်ကိုကြီး... အားတဲ့အခါ ညီမလေး လာဆော့ဦးမယ်နော်"

လီယန်ချူက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

ချွေးမလေးက အနားသို့ တိုးလာပြီး နူးညံ့စွာ ဆိုသည်

"လူကြီးမင်းတို့... ထမင်းဟင်းတွေ အဆင်သင့် ဖြစ်ပါပြီ၊ အခန်းထဲကို လာပို့ပေးရမလား၊ ဒါမှမဟုတ် ရှေ့ခန်းကို ကြွမလား "

လီယန်ချူက ခေါင်းခါပြသည်

"မလိုတော့ပါဘူး၊ ကျုပ်တို့မှာ ပါလာတဲ့ ရိက္ခာတွေ ရှိပါတယ်၊ အားနာလိုက်တာ"

ချွေးမလေး ကြောင်သွားသည်၊ ပိုင်ဟုန်းထူက သူမကို စိုက်ကြည့်နေသည်ကို မြင်သောအခါ မျက်နှာမှာ ပို၍ နီမြန်းသွားတော့သည်။

"သိပါပြီ၊ လူကြီးမင်းတို့ ရေနွေး လိုအပ်ပါသလား"

"မလိုပါဘူး၊ ခရီးပန်းလာလို့ စောစော နားချင်လို့ပါ"

ချွေးမလေးသည် ထိုစကားကို ကြားသောအခါ ခေါင်းငုံ့ပြီး ထွက်သွားတော့သည်။

ထိုနှစ်ဦး အခန်းထဲသို့ ပြန်ဝင်လာကြသည်၊ ပိုင်ဟုန်းထူက ရုတ်တရက် အော်ပြောသည်

"မင်း ပြတင်းပေါက်ကို ရိုက်ခွဲလိုက်ပြီ၊ ဒီည ဘယ်လို အိပ်မလဲ"

လီယန်ချူက ရယ်လျက်

"ခုနက အိမ်ရှင်ချွေးမလေးတောင် ဘာမှမပြောသွားဘူး၊ မင်းက ဘာတွေ လောနေတာလဲ "

ပိုင်ဟုန်းထူ ကြောင်သွားသည်၊ ဟုတ်သားပဲ၊ ပြတင်းပေါက်ကြီး ပျက်စီးသွားတာကို သူမက ဘာလို့ တစ်ချက်တောင် မကြည့်သွားရတာလဲ။

"ဒီရွာက လူတွေက... ရိုးသားလွန်းနေတာလား ဒါမှမဟုတ် တစ်ခုခုပဲလား "

လီယန်ချူက ပြတင်းပေါက် အပြင်ဘက်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်

"ဘယ်သူ သိမှာလဲ အဲဒီလိုပဲ ဖြစ်နေမှာ ပေါ့"

All Chapters