← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇) - ငါ အရမ်းဗိုက်ဆာတယ်

ညဉ့်သည် တဖြည်းဖြည်း နက်လာသည်။

လီယန်ချူသည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ပျက်စီးနေသော ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ယံကို အတိုင်းသား မြင်နေရသည်။

ကောင်းကင်တွင် ချိတ်ဆွဲထားသည်မှာ ထင်ရှားလှသော လပြည့်ဝန်းတစ်ခုပင်။

သို့သော် မြေပြင်ပေါ်သို့ ကျရောက်လာသော အလင်းရောင်မှာမူ ရှုပ်ထွေးဆိုးဝါးလှသည့် အဖြူရောင်သေ ဖြစ်နေသည်။

လမင်း၏ အနားသတ်များတွင် တဖြည်းဖြည်း သွေးရောင်များ လွှမ်းလာသည်။

"ပိုင်ကြီး... အပြင်ကို ကြည့်ဦး..."

ပိုင်ဟုန်းထူ မျက်လုံးဖွင့်လိုက်ပြီး လီယန်ချူ လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်သည်။

"ဘယ်လိုဖြစ်တာလဲ "

ပိုင်ဟုန်းထူ ထိတ်လန့်သွားသည်၊ ကောင်းကင်က လမင်းကြီးမှာ ကြည့်ရသည်မှာ အလွန်ပင် ထူးဆန်းကျောက်မက်ဖွယ် ကောင်းနေသည်။

မကြာမီပင် လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ ရှိနေသော အခန်းထဲသို့ အသားဟင်းနံ့တစ်မျိုး ရောက်ရှိလာပြီး လူကို ဗိုက်ဆာလာစေသည်။

"မင်း အနံ့ရလား အရမ်းမွှေးတာပဲ"

ဟု လီယန်ချူက ဆိုသည်။

ပိုင်ဟုန်းထူက အံ့သြစွာဖြင့်

"ဘယ်လိုဖြစ်တာလဲ၊ ဒီလောက် အချိန်အကြာကြီး ကြာသွားတာကို သူတို့က အခုမှ ထမင်းစားနေကြတာလား "

"လာ... အပြင်ထွက်ကြည့်ရအောင်"

လီယန်ချူ ဝုန်းခနဲ ထရပ်လိုက်သည်။

သူ တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်ခဲ့သည်။

ခြံဝင်းထဲတွင် မှောင်အတိ ကျနေသော်လည်း ရှေ့ခန်း တွင်မူ မီးလင်းနေဆဲ ဖြစ်ကာ လူရိပ် ၃ ခုကို မြင်နေရသည်။

ထို့အပြင် အသားများကို ဝါးစားနေသည့် အသံများနှင့် ကိုက်ဖြတ်နေသည့် အသံများကိုလည်း ကြားနေရသည်။

ကျွီ

လီယန်ချူတို့ အခန်းဘက်မှ လှုပ်ရှားသံကြားသဖြင့် ရှေ့ခန်းတံခါး ပွင့်လာပြီး လူရိပ်တစ်ခု ထွက်လာသည်။

သေရောင်သန်းနေသည့် လရောင်မှာ ထိုသူ၏ မျက်နှာပေါ်သို့ ကျရောက်နေသည်။

၎င်းမှာ အိုမင်းနေသော မျက်နှာတစ်ခု ဖြစ်ပြီး နှုတ်ခမ်းထောင့်မှ အရည်အချို့ စီးကျနေသည်။

"ဧည့်သည်လေးတို့ပါလား၊ ညကြီးမင်းကြီး ဘယ်သွားမလို့လဲ "

လင်အဘိုးကြီးက ဖြဲရယ်လိုက်ရာ သွားကြားထဲတွင် အသားဖတ်အချို့ ကပ်နေသည်ကို တွေ့ရသည်။

"အိပ်မပျော်လို့ အပြင်ခဏ ထွက်ပတ်မလို့ပါ၊ အဘိုးက ဒီလောက် ညဉ့်နက်မှ ထမင်းစားတာလား "

လီယန်ချူက ပြုံးလျက် မေးလိုက်သည်။

"ဒီနေ့ ရွာထဲမှာ လုပ်စရာတွေ များနေလို့လေ၊ အဘိုးလည်း အခုမှ ပြန်ရောက်တာ သားနဲ့ ချွေးမကလည်း သိတတ်ကြပါတယ်၊ အဘိုးပြန်လာမှ အတူတူစားမယ်ဆိုပြီး စောင့်နေကြတာ"

"အော်... အဲဒီလိုကိုး"

"ဧည့်သည်တို့လည်း နည်းနည်းလောက် မြည်းကြည့်ဦးမလား၊ အဘိုးချွေးမ ချက်ထားတဲ့ အသားဟင်းက အရမ်းမွှေးတာ"

"မလိုတော့ပါဘူး၊ ကျုပ်တို့ ညစာ စားပြီးပါပြီ ဒါက ဘာအသားလဲ အဘိုး... ဘာလို့ ဒီလောက်တောင် မွှေးနေရတာလဲ "

"အော်... လော်ဆုန်းလင်ထဲက သမင်သား ပါ"

"ဟုတ်လား... ကျုပ်က လူသား များလားလို့ ထင်နေတာ၊ ဒီလောက်မွှေးနေတော့"

အဘိုးကြီး၏ မျက်နှာမှာ ထိုရိုးသားသော အပြုံးအတိုင်းပင် ရှိနေသော်လည်း မျက်လုံးနှစ်လုံးမှာမူ တဖြည်းဖြည်း နီရဲလာသည်။

ကောင်းကင်ယံရှိ ထိုလမင်းကြီးကဲ့သို့ပင်။

"ဟားဟား... ကျုပ်က စနောက်လိုက်တာပါ အဘိုးတို့ အေးအေးဆေးဆေး သုံးဆောင်ပါ ကျုပ်တို့ ညီအစ်ကိုတွေ အပြင်ခဏ သွားပတ်လိုက်ဦးမယ်"

လီယန်ချူက ရယ်လျက် ပြောလိုက်သည်။

လင်အဘိုးကြီး၏ မျက်လုံးထဲမှ သွေးရောင်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရိုးသားဟန်နှင့် အရောင်းအဝယ်ဆန်သော အပြုံးသို့ ပြန်လည် ရောက်ရှိသွားသည်။

"တောင်ထဲမှာ မှောင်တယ်၊ ညလမ်းလျှောက်ရင် သတိထားကြဦး"

လီယန်ချူက လက်ယှက် အလေးပြုလိုက်ပြီး ပိုင်ဟုန်းထူနှင့်အတူ လင်အဘိုးကြီး၏ အိမ်မှ ထွက်ခွာခဲ့သည်။

ပိုင်ဟုန်းထူသည် တံခါးဝမှ ထွက်သွားချိန်တွင် နောက်လှည့်ကြည့်လိုက်သည်။

လင်အဘိုးကြီးမှာ ခါးကို ကိုင်းထားဆဲဖြစ်ကာ တံခါးဝတွင် ပြုံးလျက် ရပ်ကြည့်နေသည်။

ဖြူဖျော့ဖျော့ လရောင်အောက်တွင် ထိုပုံစံမှာ လူကို နောက်ကျော စိမ့်သွားစေသည်။

လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ ညမှောင်ရိပ်ထဲသို့ ပျောက်ကွယ်သွားပြီးမှ လင်အဘိုးကြီးသည် အခန်းထဲသို့ ပြန်ဝင်သွားသည်။

"အဖေ... အမြန်စားပါ၊ ဒါက ခြေထောက်က အသား၊ အကောင်းဆုံးပဲ"

"ကောင်းတယ် ငါ့သား... အဖေက မင်းကို အချည်းနှီး ချစ်ခဲ့တာ မဟုတ်ဘူး"

"အဖေ... သား အရမ်းဗိုက်ဆာတယ်၊ အရမ်းဆာတယ်"

"အဖေလည်း အရမ်းဆာတာပဲ"

လီယန်ချူနှင့် ပိုင်ဟုန်းထူတို့မှာ ရွာထဲတွင် ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်၍ လှည့်ပတ်ကြည့်နေကြသည်။

ညဉ့်နက်ပိုင်း လုံမန်ရွာမှာ ထူးဆန်းစွာ တိတ်ဆိတ်နေသည်။

နက်ရှိုင်းလှသည်၊ တိတ်ဆိတ်လှသည်၊ ခွေးဟောင်သံ ကြောင်အော်သံ တစ်ခုမျှပင် မရှိပေ။

ကောင်းကင်တွင် ကြောက်မက်ဖွယ်ကောင်းသော တိမ်မည်းကြီးတစ်ခုမှာ လုံမန်ရွာ၏ အထက်တွင် ဖုံးလွှမ်းနေပြီး လူကို စားတော့မည့် ကျားကြီးတစ်ကောင်က ပါးစပ်ကို ဖြဲထားသည့်နှယ် ရှိနေသည်။

"ဒီနေရာက နေ့နဲ့ည ပေးတဲ့ ခံစားချက်က အတော်လေး ကွာခြားတာပဲ"

ပိုင်ဟုန်းထူ မျက်မှောင်ကြုတ်မိသည်။

အကယ်၍ နေ့ဘက် လုံမန်ရွာက ပေးသော ခံစားချက်မှာ အေးချမ်းသာယာပြီး နတ်သက်ကြွေသည့် နေရာတစ်ခုကဲ့သို့ ဖြစ်နေမည်ဆိုလျှင် ညဘက် လုံမန်ရွာမှာမူ တုန်လှုပ်ချောက်ချားဖွယ် အေးစိမ့်သော အငွေ့အသက်များကို ပေးစွမ်းနေကာ လူကို ကြက်သီးထစေသည်။

"ကောင်းကင်က လမင်းကြီး နီလာကတည်းက စဖြစ်တာ ထင်တယ်"

လီယန်ချူ တွေးတောနေမိသည်။

လုံမန်ရွာရှိ အိမ်များမှာ ရိုးရှင်းလှပြီး ရွှံ့စေးနှင့် ကောက်ရိုးများကို အသုံးပြုကာ တည်ဆောက်ထားခြင်း ဖြစ်ပြီး အိမ်တိုင်းတွင် ခြံစည်းရိုးလေးများ ရှိကြသည်။

ကြည့်ရသည်မှာ စိတ်ထားပုတ်သလို ရှိသော အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် မိမိ၏ အိမ်တံခါးဝရှိ ခုံတန်းလျားလေးပေါ်တွင် ထိုင်နေသည်။

သူမသည် ချွန်ထက်သော ဓားတစ်လက်ကို ကိုင်ကာ ကျောက်ပြားကြီးပေါ်တွင် အတင်းသွေးနေသည်။

ချွတ်

ချွတ်

စူးရှသော အသံမှာ ညမှောင်ရိပ်ထဲတွင် သိသာထင်ရှားစွာ ပေါ်ထွက်နေသည်။

ထိုအမျိုးသမီးမှာ ပါးစပ်မှ တတွတ်တွတ် ဆဲဆိုရင်း ထိုဓားကို အားရပါးရ သွေးနေခြင်း ဖြစ်သည်။

သူမ၏ မျက်လုံးများမှာ နီရဲနေပြီး ပါးစပ်မှလည်း တတွတ်တွတ် မြည်တမ်းနေသည်။

"ဒီလူသေ ... အပြင်သွားတာ ၃ ရက် ၄ ရက်ပဲ ရှိသေးတယ်၊ ဒီလောက်ထိ အားအင်ကုန်ခမ်းနေရအောင် ဘယ်မအေပေး နဲ့ သွားရှုပ်လာတာလဲ မသိဘူး"

"အသုံးမကျတဲ့ အရာ၊ ငါ့ဒေါသကိုပဲ လာဆွတတ်တယ်"

သူမသည် ဓားကိုသွေးရင်း တံတွေးများကို မျိုချနေသည်မှာ အလွန် ဗိုက်ဆာနေသည့် ပုံစံမျိုး ရှိကာ မျက်လုံးများက နီရဲနေသည်။

လူကိုပင် စားတော့မည့်ပုံမျိုး

သို့သော် လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ သူမ၏ ခြံဝင်းရှေ့မှ ဖြတ်သွားသော်လည်း ထိုအမျိုးသမီးမှာ မြင်သော်လည်း မမြင်သလို ရှိနေသည်။

ဗွမ်း

ဗွမ်း

ရှေ့ရှိ ခြံဝင်းတစ်ခုထဲတွင် အမျိုးသမီးတစ်ဦးသည် ခေါင်းငုံ့ကာ ရေတွင်းထဲမှ ရေများကို တစ်ပုံးပြီးတစ်ပုံး ခပ်တင်နေသည်။

မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ထိုအမျိုးသမီး၏ ကိုယ်လုံးမှာ အတော်လေး လှပပြီး ရင်သားများမှာ မို့မောက်ကာ တင်ပါးများမှာလည်း အိစက်နေသည်။

တစ်ကိုယ်လုံးမှ ရိုင်းစိုင်းသော ရမ္မက်ဆန္ဒများကို ထုတ်လွှတ်နေသည့်နှယ် ရှိသည်။

ထိုအမျိုးသမီးမှာ ညဉ့်နက်သန်းခေါင်တွင် အေးစိမ့်သော ရေတွင်းရေများဖြင့် မျက်နှာသစ်နေခြင်း ဖြစ်သည်။

သူမ၏ ရုပ်ရည်မှာ သာမန်သာ ဖြစ်သော်လည်း ညှို့ဓာတ် အပြည့် ရှိနေသည်။

အထူးသဖြင့် ရေခပ်ရန် ခါးကုန်းလိုက်သည့် အချိန်တွင် ဖြစ်သည်။

"မုဆိုးမကျိုး... ယောက်ျားသေသွားတာတောင် အခုထိ ဒီလောက် လှလှပပ ဝတ်နေတုန်းပဲလား နင်ကတော့ တော်တော်လေးကို ဆာလောင်နေတာပဲ"

မုဆိုးမကျိုး

လီယန်ချူ စိတ်ထဲ လှုပ်ရှားသွားသည်၊ ဒီရိုင်းစိုင်းသော ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးက မုဆိုးမကျိုး လား

မုဆိုးမကျိုးကလည်း အလျှော့မပေးဘဲ လှောင်ရယ်လိုက်သည်

"ကွေ့ကျိ မိန်းမ... နင့်ယောက်ျားကတော့ ရှိနေပါသေးတယ် ဒါပေမဲ့ သူကလည်း ဘာမှ အသုံးမကျပါဘူး မဟုတ်လား"

"တောက် နင့်လို လေလွင့်နေတဲ့ မိန်းမ တစ်နေ့တစ်နေ့ ယောက်ျားတကာကို လိုက်ဖြားယောင်းဖို့ပဲ စဉ်းစားနေတယ် "

"ယောက်ျားတကာ ဖြစ်တော့ ဘာဖြစ်လဲ၊ အဲဒီအရသာကလေ... အစိမ်းလိုက်စားရင်ကို အရမ်းမွှေးတာ"

"စား" ဆိုသည့် စကားလုံးကို ပြောလိုက်သည်နှင့်၊

အမျိုးသမီး နှစ်ဦးလုံး၏ မျက်လုံးထဲတွင် သွေးရောင်များ ချက်ချင်း ပေါ်လာပြီး လောဘတကြီး တံတွေးမျိုချနေသည့် ပုံစံများ ဖြစ်သွားကြသည်။

ကွေ့ကျိ မိန်းမသည် ဝုန်းခနဲ ထရပ်လိုက်ကာ လက်ထဲရှိ ချွန်ထက်သော ဓားကို ကိုင်ပြီး အိမ်ထဲသို့ ဝင်သွားတော့သည်။

စွပ်

စွပ်

အသားထဲသို့ ဓားစိုက်ဝင်သံနှင့် အရိုးများကို ခုတ်ထစ်နေသည့် အသံများမှာ ချက်ချင်း ထွက်ပေါ်လာသည်။

"မြန်မြန်လုပ် မိန်းမ၊ ငါ ဗိုက်ဆာနေပြီ၊ မြန်မြန် "

ဖော်ပြ၍မရသော အေးစိမ့်ငွေ့တစ်ခုမှာ လုံမန်ရွာ တစ်ရွာလုံးကို လွှမ်းခြုံထားသည်။

"ဒီရွာက ဒီလောက်တောင် မိစ္ဆာဆန်နေတာလား"

ပိုင်ဟုန်းထူ အံ့သြစွာ မေးလိုက်သည်။

လီယန်ချူ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း

"ကျန်းဟိုင်က ဒီရွာမှာ ဘယ်လိုလုပ် ဒီလောက် အကြာကြီး နေနိုင်ခဲ့တာလဲ"

"ဟုတ်သားပဲ၊ ဒီလို သရဲခြောက်တဲ့ နေရာမျိုးမှာ ငါဆို တစ်ညတောင် မနေနိုင်ဘူး အဲဒီ ကျန်းဟိုင်က ဘယ်လိုလုပ် ဒီမှာ ဆက်နေနေတာလဲ"

ပိုင်ဟုန်းထူ၏ အကြည့်များမှာ စဉ်းစားနေဟန် ရှိသည်။

လီယန်ချူသည် ကွေ့ကျိ မိန်းမ၏ အိမ်ဘက်သို့ တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်သည်

"ဖြစ်နိုင်တာက ကျန်းဟိုင် ဒီမှာရှိနေတုန်းက ဘာမှ သတိမထားမိတာ ဖြစ်နိုင်သလို၊ ဒီရွာက အခုမှ ပြောင်းလဲသွားတာလည်း ဖြစ်နိုင်တယ်"

ထိုနှစ်ဦးမှာ ယှဉ်တွဲ၍ ရှေ့သို့ ဆက်လျှောက်သွားကြသည်။

သူတို့၏ နောက်ကျောတွင်မူ မုဆိုးမကျိုးက ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး သူမ၏ လှုပ်ရှားမှုများကို ရပ်တန့်ကာ သူတို့ထွက်ခွာသွားရာဘက်သို့ စိုက်ကြည့်နေသည်။

လမ်းဘေးရှိ အိမ်များမှာ အစက တိတ်ဆိတ်နေသော်လည်း သေချာနားထောင်ကြည့်လျှင် အခန်းထဲမှ အသားစားသံနှင့် အရိုးခုတ်သံများကို ကြားနေရသည်။

ရွာသားတိုင်းနီးပါးက

"ဗိုက်ဆာတယ်"

ဟု အော်ဟစ်နေကြသည်။

ဒါပေမဲ့ ဒီလူတွေက အသားစားပြီး ဟင်းရည်သောက်နေကြတာပဲ မဟုတ်လား။

ထိုနှစ်ဦးမှာ မကြာမီပင် လုံမန်ရွာ၏ အလယ်သို့ ရောက်ရှိလာသည်။

ထိုနေရာတွင် လင်မျိုးနွယ်စု ဘိုးဘွားခန်းမ တစ်ခု ရှိသည်။

အရွယ်အစားမှာ မကြီးမားသော်လည်း တည်ဆောက်ပုံမှာ အလွန်ပင် ခန့်ညားထည်ဝါပြီး ဝိညာဉ်ရေးရာအရ အားကောင်းသည့် နေရာတစ်ခု ဖြစ်သည်။

အခန်း (၈၈) - လင်မျိုးနွယ်စု ဘိုးဘွားခန်းမ နှင့် ကျန်းဟိုင်

ဤကဲ့သို့ ဖိနှိပ်လွန်းပြီး ချောက်ချားဖွယ်ကောင်းသော အငွေ့အသက်အောက်တွင် သာမန်လူဆိုလျှင် ခြေဖျားလက်ဖျားများ အေးစက်ကာ ကြောက်လန့်တုန်ရီနေလောက်ပြီ ဖြစ်သည်။

သို့သော် လီယန်ချူကမူ အေးအေးဆေးဆေးပင် ရှေ့သို့ ဆက်လျှောက်နေသည်။

ပိုင်ဟုန်းထူမှာလည်း ခါးတွင် ဓားကို ချိတ်ဆွဲလျက် သူနှင့်ယှဉ်၍ လျှောက်လာသည်။

လင်မျိုးနွယ်စု ဘိုးဘွားခန်းမ ရှေ့သို့ ရောက်သောအခါ တံခါးကြီးမှာ ဟာလာဟင်းလင်း ပွင့်နေပြီး အတွင်းဘက်ရှိ နက်မှောင်မှောင် မြင်ကွင်းကို မြင်နေရသည်။

ဘိုးဘွားခန်းမဆိုသည်မှာ ရွာတစ်ရွာလုံးအတွက် အရေးအပါဆုံး နေရာဖြစ်ပြီး ဘိုးဘွားပိုင်အိုးများကို ကိုးကွယ်ထားရာ၊ နောင်လာနောက်သားများကို စောင့်ရှောက်ပေးသည့် နေရာလည်း ဖြစ်သည်။

လီယန်ချူသည် အစွမ်းအစရှိသူပီပီ သတ္တိရှိလှသဖြင့် ဤလင်မျိုးနွယ်စု ဘိုးဘွားခန်းမ၏ ပုံစံကို ကြည့်ရှုရန် အတွင်းသို့ လှမ်းဝင်လိုက်သည်။

ဒေါက်... ဒေါက်... ဒေါက်...

တုတ်ကောက်တစ်ချောင်း အားပြုထားသည့် အဘိုးအိုတစ်ဦးသည် ဘိုးဘွားခန်းမအတွင်းမှ ရုတ်တရက် ထွက်လာသည်။

၎င်းက လူကို ထိတ်လန့်သွားစေသည်။

"လူငယ်လေးနှစ်ယောက်က သူစိမ်းတွေ ဖြစ်မယ်၊ ဘိုးဘွားခန်းမက လုံမန်ရွာရဲ့ အထွတ်အမြတ်နေရာပဲ၊ ခွင့်ပြုချက်မရှိဘဲ မဝင်ရဘူး"

အဘိုးအို၏ အသံမှာ အိုမင်းပြီး အက်ကွဲနေသော်လည်း စကားပြောရာတွင် အားအင်အပြည့် ရှိနေသည်။

"အဘိုး... ကျုပ်တို့က ခုမှရောက်တာမို့ ဒီစည်းကမ်းကို မသိလို့ပါ၊ နှောင့်ယှက်မိသွားပြီ"

လီယန်ချူက ပြုံးလျက် ဆိုသည်။

တုတ်ကောက်ကိုင်ထားသော အဘိုးအိုသည် သူ့ကို အထက်အောက် အကဲခတ်ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာကာ

"မင်းကတော့ သတ္တိတော်တော်ကောင်းတဲ့ လူငယ်ပဲ..."

"ခုနက လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့ ကိစ္စတွေ အများကြီး တွေ့ခဲ့မှာပေါ့"

လီယန်ချူက အသံတိုးတိုးဖြင့်

"မှန်ပါတယ်၊ ဒီလုံမန်ရွာက ရွာသားတွေက ဘာလို့ ညဉ့်နက်သန်းခေါင်မှ ထမင်းစားရတာကို ဝါသနာပါကြတာလဲ ပြီးတော့ ဘာလို့ အိမ်တိုင်းနီးပါးက ဗိုက်ဆာတယ်လို့ အော်နေကြတာလဲ "

"ထမင်းစား"

ဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် အဘိုးအို၏ မျက်လုံးထဲ၌ သွေးရောင်များ ချက်ချင်း ဖျတ်ခနဲ ပေါ်လာပြီး သူ၏ လေးလံသော တုတ်ကောက်ကို မြှောက်ကာ ရုတ်တရက် ရိုက်ချလိုက်တော့သည်။

လှုပ်ရှားမှုမှာ သန်မာဖျတ်လတ်ပြီး အလွန်ပင် ရက်စက်လှသည်။

လီယန်ချူက ထိုတုတ်ကောက်ကို ဖမ်းကိုင်ထားလိုက်ရာ ထိုအဘိုးအိုမှာ အတင်းရုန်းသော်လည်း လွတ်မထွက်နိုင်တော့ပေ။

သူ၏ ခွန်အားမှာ ကြမ်းတမ်းလွန်းလှသည်။

မျက်လုံးများ နီရဲနေသော အဘိုးအိုမှာ လီယန်ချူ၏ လည်ပင်းကို ဦးတည်၍ အတင်းခုန်အုပ်လာသည်။

ကောက်ကွေးပြီး ခြောက်ကပ်နေသော သူ၏ လက်ချောင်းများမှာ ချိတ်များသဖွယ် ဖြစ်နေပြီး လီယန်ချူကို တိုက်ရိုက် ညှစ်သတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

သူ၏ မျက်နှာထားမှာ အစွန်းရောက်ရူးသွပ်မှု ကို ပြသနေသည်။

ဘုန်း

လီယန်ချူသည် လက်ဝါးတစ်ချက်ဖြင့်ပင် ထိုအဘိုးအိုကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။

ပူနွေးလှသော သွေးချီစွမ်းအင် များမှာ ကိုယ်ပြင်ပသို့ ချက်ချင်း ပွင့်ထွက်လာသည်။

အဘိုးအိုသည် မြေပြင်ပေါ်သို့ ကျကျချင်းပင် တောင်တောက တောရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ချက်ချင်း ပြန်လည် ခုန်အုပ်လာပြန်သည်။

သူ့ကိုယ်ပေါ်မှ မိစ္ဆာငွေ့ များ ထွက်ပေါ်နေပြီး ဆံပင်များမှာ လေထဲတွင် ဝဲပျံနေကာ အိုမင်းမစွမ်းသည့် ပုံစံမျိုး တစ်စက်မျှ မကျန်တော့ပေ။

လီယန်ချူ မျက်မှောင်ကြုတ်လျက် လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်သည်။

ဘုန်း

အဘိုးအိုမှာ နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်သည်။

ယခုတစ်ကြိမ်တွင်မူ လီယန်ချူသည် ပြင်းထန်သော လျိုယန်စွမ်းအင် အမြောက်အမြားကို ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။

အဘိုးအို၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျသွားပြီး ငြိမ်သက်သွားသည်။

သို့သော်လည်း

နောက်တစ်ခဏတွင် ထူးဆန်းသော ကိစ္စတစ်ခု ဖြစ်ပျက်သွားသည်။

မြေပြင်ပေါ်ရှိ အဘိုးအိုမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထိုနှစ်ဦး၏ မျက်စိရှေ့တွင်ပင် အငွေ့ပျံသကဲ့သို့ ပျောက်သွားခြင်း ဖြစ်သည်။

လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

အဲဒီအဘိုးကြီး ဘယ်ရောက်သွားတာလဲ

၃ စက္ကန့်ခန့် ကြာပြီးနောက် ဘိုးဘွားခန်းမအတွင်းမှ အသံများ ထွက်ပေါ်လာသည်။

ဒေါက်... ဒေါက်... ဒေါက်...

တုတ်ကောက်ကိုင်ထားသော အဘိုးအိုတစ်ဦးသည် ဘိုးဘွားခန်းမအတွင်းမှ ထွက်လာပြန်သည်။

"လူငယ်လေးနှစ်ယောက်က သူစိမ်းတွေ ဖြစ်မယ်၊ ဘိုးဘွားခန်းမက လုံမန်ရွာရဲ့ အထွတ်အမြတ်နေရာပဲ၊ ခွင့်ပြုချက်မရှိဘဲ မဝင်ရဘူး"

လီယန်ချူ၏ အကြည့်များမှာ လေးနက်သွားသည်။ ယခုတစ်ကြိမ်တွင်မူ သူ အတော်လေး အံ့သြသွားရသည်။

သတ်လို့ မသေတာလား

အသတ်ခံရပြီးရင် တခြားတစ်နေရာကနေ ချက်ချင်း ပြန်ရှင်လာတာလား

လီယန်ချူက အသံကို တည်ငြိမ်စွာ ထိန်းပြီး

"အဘိုး... အဘိုး ကျန်းဟိုင်ကို သိလား "

ဆံပင်ဖြူဖွေးနေသော ထိုအဘိုးအိုမှာ ခေါင်းညိတ်ပြသည်၊ သူ၏ မျက်လုံးထဲတွင် သွေးရောင်လည်း မရှိ၊ ကြမ်းတမ်းသော အရိပ်အယောင်လည်း မရှိတော့ပေ။

"မင်းပြောတာ ကျန်းလူကြီးမင်းကိုလား၊ သူက လူကောင်းတစ်ယောက်ပါ"

"လူကောင်း "

လီယန်ချူက ဆက်မေးသည်။

ကျန်းဟိုင်သည် သာမန် ရှေးဟောင်းပစ္စည်း အရောင်းအဝယ်သမား တစ်ဦးသာဖြစ်ပြီး လုံမန်ရွာကို စီးပွားရေးလုပ်ရန် လာခဲ့ခြင်းဖြစ်သည်။

"လူကောင်း"

ဆိုသည့် စကားလုံးနှင့် မကိုက်ညီဟု သူ ထင်သည်။

အဘိုးအိုက ခေါင်းညိတ်လျက် သက်ပြင်းချကာ ဆိုသည်

"လွန်ခဲ့တဲ့ တစ်နှစ်က ရွာထဲကို ဖုန်းရွှေဆရာ တစ်ယောက် ရောက်လာခဲ့တယ်၊ လင်မျိုးနွယ်စု ဘိုးဘွားခန်းမကို ကြီးပွားချမ်းသာမယ့် ဖုန်းရွှေပုံစံ ပြောင်းပေးလို့ ရတယ်လို့ ပြောခဲ့တယ်"

"ရွာကလူတွေ အားလုံးကလည်း ဝမ်းသာကြတာပေါ့၊ အဲဒီအချိန်ကစပြီး လုံမန်ရွာရဲ့ ဘဝတွေ ကောင်းလာတော့မယ်လို့ ထင်ခဲ့ကြတာ ဒါပေမဲ့ ဖုန်းရွှေပြောင်းလိုက်ပြီးကတည်းက လုံမန်ရွာမှာ ထူးဆန်းတဲ့ ကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတော့တာပဲ"

"ပထမဆုံးက မြစ်ဘေးမှာ ဆော့နေတဲ့ ကလေးတွေ ရေထဲကို ဆွဲခေါ်ခံရပြီး သေဆုံးခဲ့တယ်၊ အဲဒီနောက် ကယ်ဖို့သွားတဲ့ လင်ဝမ့် လည်း မြစ်ထဲမှာ သေဆုံးခဲ့တယ်၊ တစ်ပြိုင်နက်တည်း လူသုံးယောက် သေခဲ့တာ"

"နောက်ပိုင်းမှာတော့ အိမ်တိုင်းစေ့ လူတွေ စသေတော့တာပဲ ရောဂါနဲ့ သေတဲ့သူ၊ တောင်ပေါ် ဆေးမြစ်ရှာသွားရင်း ပြုတ်ကျသေတဲ့သူ၊ ရေခပ်ရင်း ရေတွင်းထဲကျသေတဲ့သူ၊ လင်မယားချင်း ရန်ဖြစ်ရင်း လက်လွန်ပြီး သေတဲ့သူ"

"တစ်နှစ်ရဲ့ တစ်ဝက်လောက်အတွင်းမှာတင် လုံမန်ရွာက လူဦးရေရဲ့ တစ်ဝက်နီးပါး သေဆုံးသွားခဲ့တယ်"

"သေတဲ့သူတွေ များလွန်းလို့ အဘိုးလည်း ကောင်းကောင်း မမှတ်မိတော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒီသေသွားတဲ့သူတွေက ပြန်ရောက်လာတာကို တစ်ချို့က သတိထားမိကြတယ်"

"ပြီးတော့ အားလုံးနဲ့ အတူတူ နေထိုင်ကြတယ်ဒါပေမဲ့ လုံမန်ရွာက ရွာသားတွေမှာ ရောဂါတစ်ခု စွဲကပ်လာခဲ့တယ် "

"ဗိုက်ဆာတဲ့ရောဂါ "

"ဘယ်လောက်ပဲ အသားတွေ စားစား၊ သွေးလရောင် ပေါ်လာတဲ့အခါမှာ အလွန်ဗိုက်ဆာလာကြတယ်၊ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်စားချင်လာတဲ့အထိ ဆာကြတာ"

"ကျန်းလူကြီးမင်းက အဲဒီအချိန်မှာ ရှေးဟောင်းပစ္စည်းတွေ လာဝယ်ရင်း ရောက်လာတာပဲ၊ သူက စိတ်နှလုံး ကောင်းတဲ့သူပါ ရွာကလူတွေ မလိုတော့တဲ့ အဟောင်းအစုတ်တွေကိုလည်း သူက အကုန် ဝယ်ပေးခဲ့တယ်"

"ကျန်းလူကြီးမင်းက ရွာထဲမှာ ဖြစ်ပျက်နေတာတွေကို မတော်တဆ သိသွားတဲ့အခါ၊ သူက ဝေ့ချန် ကို သွားပြီး အတတ်ပညာရှိတဲ့ ဆရာတွေ၊ တာအိုဆရာတွေကို ပင့်ပေးမယ်လို့ ပြောခဲ့တယ်"

တိတ်ဆိတ်လှသော ညဉ့်နက်ပိုင်းတွင် သေရာမှ ပြန်ရှင်လာသည့် ဆံပင်ဖြူ အဘိုးအိုက လုံမန်ရွာ၏ အဖြစ်အပျက်များကို ဖြည်းဖြည်းချင်း ပြောပြနေခြင်း ဖြစ်သည်။

နားထောင်သူကို ရင်ထဲမှာ အေးစိမ့်သွားစေသည်မှာ အမှန်ပင်။

သေရာမှ ပြန်ရှင်လာခြင်း၊ အလင်းနှင့်အမှောင် ပြောင်းပြန်ဖြစ်နေခြင်းလာ

လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ပင် ကြားလိုက်ရချိန်တွင် အနည်းငယ် ထိတ်လန့်သွားကြသည်။

အကြောင်းမဲ့ပင်

လီယန်ချူသည် ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်မှ ကြောက်မက်ဖွယ် တိမ်မည်းကြီးမှာ မြေပြင်နှင့် ပိုမိုနီးကပ်လာသည်ကို တွေ့ရသည်။

ထို့ပြင် သွေးလရောင်မှာလည်း ပို၍ ပို၍ပင် နီရဲလာသည်။

တိမ်တိုက်ကြားမှ သွေးစက်များ စိမ့်ထွက်လာသကဲ့သို့ပင်။

လီယန်ချူသည် ရုတ်တရက် စိတ်ထဲ ထင့်သွားကာ

"အဲဒီနောက်ရော ဘာဖြစ်လဲ၊ ကျန်းဟိုင် ပြန်ရောက်လာလား "

ပိုင်ဟုန်းထူမှာ ထိုစကားကို ကြားသောအခါ ကြောင်သွားသည်၊ ကျန်းဟိုင်က ဝေ့ချန် အကျဉ်းထောင်ထဲမှာ သေသွားပြီ မဟုတ်လား

သို့သော် ဘိုးဘွားခန်းမအတွင်းရှိ အဘိုးအိုက ခေါင်းညိတ်ပြကာ

"ပြန်ရောက်လာပြီလေ၊ ဒီနေ့ပဲ အဘိုး သူ့ကို မြင်လိုက်သေးတယ်၊ မုဆိုးမကျိုးရဲ့ အိမ်မှာလေ"

"ဘာ "

ပိုင်ဟုန်းထူ အံ့သြတုန်လှုပ်စွာ အော်လိုက်သည်။

ကျန်းဟိုင်က မုဆိုးမကျိုး အိမ်မှာ ရှိနေတယ် ဟုတ်လား

လီယန်ချူက ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး ဆက်မေးသည်

"ရွာထဲမှာ မိစ္ဆာတွေ သောင်းကျန်းနေရင်၊ ဘာလို့ သူစိမ်းတစ်ယောက်က ဆရာသွားပင့်ပေးတာကိုပဲ ထိုင်စောင့်နေကြတာလဲ "

အဘိုးအိုက လီယန်ချူကို စိုက်ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။

"ဘာလို့လဲဆိုတော့... လုံမန်ရွာက လူတွေက ဒီရွာကနေ ဘယ်လိုမှ ထွက်သွားလို့ မရကြလို့ပဲ"

ညမှောင်ရိပ်အောက်တွင် အဘိုးအို၏ အပြုံးမှာ အေးခဲသွားပြီး ရုပ်ငြိမ်ကားချပ် တစ်ခုကဲ့သို့ ဖြစ်သွားသည်။

"အဘိုး..."

လီယန်ချူက ခေါ်လိုက်သည်။

ဘိုးဘွားခန်းမရှေ့ရှိ အဘိုးအိုမှာ ငြိမ်သက်သွားသည်။ ထိုခံစားချက်မှာ အလွန်ပင် ထူးဆန်းလှသည်။

ကိုယ့်ကို စကားပြောနေသည့် လူတစ်ယောက်က ရုတ်တရက် အသက်မရှိသလို ငြိမ်ကျသွားခြင်း ဖြစ်သည်။

လီယန်ချူက အဘိုးအိုကို ဖြည်းဖြည်းချင်း တွန်းကြည့်လိုက်သော်လည်း သူ၏ လက်ဖဝါးမှာ အဘိုးအိုကို ထိတွေ့ခြင်း မရှိဘဲ လေဟာနယ်ကိုသာ ထိလိုက်ရသလို ခံစားရသည်။

"မုတ်သေးဘူး... ခုနကပဲ ငါ သူ့ကို သတ်လုနီးပါး ဖြစ်ခဲ့တာကို၊ အခုကျတော့ ဘာလို့ ထိလို့ မရတော့တာလဲ"

လီယန်ချူ၏ အကြည့်များမှာ စဉ်းစားနေဟန် ရှိသည်။

ပိုင်ဟုန်းထူက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း

"ဒီရွာက တကယ့်ကို ဘာဖြစ်နေတာလဲ၊ ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ"

လီယန်ချူက တည်ငြိမ်စွာ ဆိုသည်

"ဟုတ်တယ်၊ ဒီရွာက အတော်လေး ထူးဆန်းတယ်၊ သာမန် မိစ္ဆာတွေက ဒီလိုမျိုး အတတ်ပညာတွေကို မသုံးတတ်ဘူး"

"ကျန်းဟိုင်က လုံမန်ရွာကို ဘယ်လို ပြန်ရောက်နေတာလဲ၊ သူက သေသွားပြီလေ"

ပိုင်ဟုန်းထူက နားမလည်နိုင်စွာ မေးသည်။

"သူ့ရဲ့ ဝိညာဉ်က လုံမန်ရွာကို ပြန်ရောက်နေတာလား "

လီယန်ချူ မျက်မှောင်ကြုတ်လျက်

"မှုခင်းဆရာ စစ်ဆေးတုန်းက သူ သေတာ ၃ ရက်ထက်မနည်း ရှိပြီလို့ ပြောတယ်၊ ဝိညာဉ် ပြန်လာမယ်ဆိုရင်တောင် ဒီနေ့မှ ပြန်လာစရာ အကြောင်းမရှိဘူး ပြီးတော့ လူတစ်ယောက် သေရင် ကိုယ့်ဇာတိကိုပဲ ပြန်ကြတာ၊ ကျန်းဟိုင်က ဝိညာဉ်ဖြစ်သွားရင်တောင် ဒီရွာကို ပြန်လာစရာ အကြောင်းမရှိဘူး"

ပိုင်ဟုန်းထူက စဉ်းစားဟန်ဖြင့်

"ဒါဆို ဒီရွာရဲ့ တစ်ခုခုသော စွမ်းအားက သူ့ဝိညာဉ်ကို ဆွဲခေါ်လာတာလား "

All Chapters