အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း (၉၁) - ဖုန်းရွှေဆရာ
ပိုင်ဟုန်းထူမှာ တစ်ချက် မှင်သက်သွားပြီးနောက် စဉ်းစားကြည့်ရာ မှန်ကန်သည်ဟု ထင်မိသည်။
ခုနက သူတို့သည် မုဆိုးမကျိုး၏ အိမ်၌ လက်နက်ထုတ်သုံးရုံမျှဖြင့် တစ်ရွာလုံးရှိ ရွာသားများကို ဆွဲဆောင်မိသွားခဲ့သည်။
သို့သော် ဘိုးဘွားခန်းမ၌ လက်ဦးမှုယူလိုက်သည့်အချိန်တွင်မူ လုံးဝ တုံ့ပြန်မှုမရှိပေ။
"မင်းရဲ့ အကဲခတ်မှုက တော်တော်လေး စေ့စပ်တာပဲ"
ပိုင်ဟုန်းထူက ဆိုသည်။
သူတို့နှစ်ဦးသည် ဘိုးဘွားခန်းမအတွင်းသို့ လှမ်းဝင်လိုက်ကြသည်။
ဘိုးဘွားခန်းမအတွင်း၌ လင်မျိုးနွယ်စု ဘိုးဘွားများ၏ စိပ်စိပ်ရီရီ စီထားသော ဝိညာဉ်အိုးများ ကို ကိုးကွယ်ထားသည်။
သူတို့နှစ်ဦး ဘိုးဘွားခန်းမအတွင်း၌ ပုံမှန်မဟုတ်သော နေရာများကို ရှာဖွေနေစဉ်မှာပင် ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ဦးသည် တုတ်ကောက်ကို အားပြုလျက် ပေါ်လာသည်။
"လူငယ်လေးနှစ်ယောက်က သူစိမ်းတွေ ဖြစ်မယ်၊ လင်မျိုးနွယ်စု ဘိုးဘွားခန်းမကို ခွင့်ပြုချက်မရှိဘဲ မဝင်ရဘူး"
အဘိုးအို၏ လက်ထဲတွင် ဆီမီးအိမ်တစ်လုံးကို မြှောက်ကိုင်ထားပြီး ဝါကျင်ကျင် မီးရောင်မှာ သူ၏မျက်နှာပေါ်သို့ ကျရောက်နေကာ တစ်ကိုယ်လုံးကို မှောင်တစ်လှည့် လင်းတစ်လှည့်နှင့် မရေမရာ ဖြစ်နေစေသည်။
တံခါးကြီးကိုပင် ရိုက်ခွဲပစ်ခဲ့ပြီဖြစ်သော်လည်း သူကမူ ယခင်အတိုင်း စကားလုံးတစ်လုံးမလွဲ ပြောနေဆဲပင်။
လီယန်ချူက ပြုံးလျက်
"အဘိုး... ကျုပ်တို့ အခုပဲ ပြန်ထွက်သွားပါ့မယ် ဒါပေမဲ့ မထွက်ခင် ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိတယ်"
အဘိုးအို၏ အက်ကွဲသောအသံ ထွက်ပေါ်လာသည်
"ဘာမေးခွန်းလဲ"
"အဘိုးက တကယ်ပဲ လင်မျိုးနွယ်စုရဲ့ မျိုးနွယ်စုလူကြီးလား ဒါမှမဟုတ် လွန်ခဲ့တဲ့ တစ်နှစ်က လုံမန်ရွာကို ရောက်လာခဲ့တဲ့ ဖုန်းရွှေဆရာလား "
လီယန်ချူ၏ အကြည့်မှာ ဓားကဲ့သို့ ထက်မြက်လှပြီး အဘိုးအို၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။
ပိုင်ဟုန်းထူမှာ အတော်လေး အံ့သြသွားပြီး လီယန်ချူကို တစ်ချက် ကြည့်လိုက်သည်။
အဘိုးအို၏ မျက်နှာပေါ်တွင် ပထမဦးဆုံး ဝေဝေဝါးဝါးဖြစ်နေသော အမူအရာ ပေါ်လာပြီးနောက်တွင်မူ ပြင်းထန်သော နာကျင်မှုများထဲသို့ ကျရောက်သွားတော့သည်။
လီယန်ချူ၏ စကားမှာ တာအိုပညာရပ်၏ မန္တန်များကဲ့သို့ စွမ်းအားမရှိသော်လည်း ထိုအဘိုးအိုအတွက်မူ ခေါင်းကို တုတ်နှင့် ရိုက်လိုက်သကဲ့သို့ပင် ထိရောက်လှသည်။
"ငါက ဘယ်သူလဲ... ငါက ဘယ်သူလဲ..."
ယခုတစ်ကြိမ်တွင် သူသည် ယခင်ကကဲ့သို့ မိစ္ဆာငွေ့များ ထွက်ပေါ်လာခြင်းမရှိဘဲ မိမိ၏ဆံပင်များကို နာကျင်စွာ ဆွဲဆုတ်နေသည်။
သူ၏မျက်နှာပေါ်တွင် ရက်စက်မှု၊ ကြင်နာမှု၊ တည်ငြိမ်မှု၊ ရူးသွပ်မှုနှင့် တွန့်လိမ်မှု စသည့် ရှုပ်ထွေးလှသော စိတ်ခံစားချက်များ ပေါ်လာသည်။
လီယန်ချူသည် ထိုဆံပင်ဖြူအဘိုးအိုကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
ထိုအဘိုးအို ပြန်လည် မတ်တတ်ရပ်လာသောအခါတွင်မူ သူ၏မျက်နှာပေါ်၌ ဘဝတစ်ပါးမှ ပြန်လည်နိုးထလာသကဲ့သို့ ခံစားချက်မျိုး ပေါ်လာတော့သည်။
"ငါ မှတ်မိပြီ... ငါ့မျိုးရိုးက ဖန့် ပါ လွန်ခဲ့တဲ့ တစ်နှစ်က ဒီရွာကို ရောက်လာခဲ့တာ"
လီယန်ချူက သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်
"လွန်ခဲ့တဲ့ တစ်နှစ်က ဒီရွာမှာ တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ"
မျိုးရိုးဖန့် အဘိုးအို၏ အကြည့်များထဲတွင် လွမ်းဆွတ်တမ်းတမှုများ ပေါ်လာပြီး ဖြည်းညှင်းစွာ ပြောပြသည်
"ငါက လူတွေရဲ့ နေအိမ်နဲ့ သင်္ချိုင်းတွေအတွက် ဖုန်းရွှေကြည့်ပေးတဲ့သူပါ လွန်ခဲ့တဲ့ တစ်နှစ်က ငါ လုံမန်ရွာကို ရောက်လာတဲ့အခါ ဒီရွာရဲ့ ဖုန်းရွှေက ပြောင်းလဲခံထားရတာကို တွေ့ခဲ့တယ် မူလက မျိုးနွယ်စု စည်ပင်မယ့် ပုံစံကနေ ရွာပျက်ပြီး မျိုးဆက်ပြတ်မယ့် အလွန်ဆိုးရွားတဲ့ နေရာအဖြစ် ပြောင်းလဲခံထားရတာ"
"အရင်က ဖုန်းရွှေဆရာတစ်ယောက် လုံမန်ရွာကို ရောက်လာခဲ့ပြီး ရွာသားတွေကို ချမ်းသာကြွယ်ဝမယ့် ကံကြမ္မာမျိုး ပြောင်းပေးမယ်လို့ ပြောခဲ့တာကိုး၊ ဖုန်းရွှေလောကမှာ စည်းကမ်းတစ်ခု ရှိတယ်၊ အဲဒါကတော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ခင်းကျင်းထားတဲ့ အစီအမံတွေကို လွယ်လွယ်နဲ့ မဖျက်ဆီးရဘူးဆိုတာပဲ၊ အဲဒါက ရန်ငြိုးဖွဲ့ရာ ရောက်တတ်တယ်"
"ဒါပေမဲ့ လုံမန်ရွာမှာ လူတွေက တရစပ် သေဆုံးနေကြတယ်၊ ငါလည်း စိတ်မကောင်းဖြစ်မိတာနဲ့ လုံမန်ရွာရဲ့ မိစ္ဆာငွေ့စုဆောင်းပြီး အအေးဓာတ် မွေးမြူထားတဲ့ ပုံစံ ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်"
"ဘယ်သူ သိမှာလဲ... အဲဒီတုန်းက လုံမန်ရွာကို လာခဲ့တဲ့ ဖုန်းရွှေဆရာရဲ့ ပညာက ငါ့ထက် အများကြီး သာလွန်နေခဲ့တယ်၊ ငါဟာ အစီအမံကို မဖျက်နိုင်ခဲ့ရုံတင်မကဘဲ ကိုယ့်ဘာသာကိုယ် တန်ပြန်ဒဏ်ခတ်မှု ကို ခံခဲ့ရတယ်"
"ဒါပေမဲ့ ငါ့ရဲ့ အသက်ကို ရင်းပြီး ခင်းကျင်းခဲ့တဲ့ အစီအမံကလည်း အနည်းနဲ့အများတော့ အလုပ်ဖြစ်ခဲ့ပါတယ်၊ ဒီရွာကြီး အလွန်ဆိုးရွားတဲ့ မြေနေရာအဖြစ် လုံးဝ ပြောင်းလဲသွားမယ့်အချိန်ကို နှောင့်နှေးပေးနိုင်ခဲ့တယ်"
"အဲဒီနောက်ပိုင်း ဘာဖြစ်ခဲ့လဲဆိုတာကိုတော့ ငါ မမှတ်မိတော့ဘူး၊ ဒီဘိုးဘွားခန်းမထဲမှာပဲ အမြဲတမ်း ပိတ်မိနေခဲ့တာ"
မျိုးရိုးဖန့် အဘိုးအို၏ စကားကို ကြားပြီးနောက် လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ တိတ်ဆိတ်သွားကြသည်။
ဖုန်းရွှေဆရာ နောက်တစ်ယောက် ရှိနေသေးတယ်ဆိုတာကို မမျှော်လင့်ထားခဲ့ဘူး
လီယန်ချူက မူလက ထင်ထားသည်မှာ ဘိုးဘွားခန်းမထဲက ဤထူးဆန်းသောအဘိုးအိုသည် လုံမန်ရွာတွင် ရက်စက်သော အစီအမံကို ခင်းကျင်းခဲ့သည့် ဖုန်းရွှေဆရာဖြစ်မည်ဟု ဖြစ်သည်။
ထိုရွာ၌ ထူးဆန်းမှုများ ရှိနေသောကြောင့် ထိုဖုန်းရွှေဆရာမှာ မအောင်မြင်ရုံတင်မကဘဲ သူ၏ဝိညာဉ်ပါ ဘိုးဘွားခန်းမ၌ ပိတ်မိနေသည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုကြည့်ရသည်မှာ ကိစ္စများက ထင်သလောက် မရိုးရှင်းပုံရသည်။
"ဒီဘိုးဘွားခန်းမထဲမှာ တစ်ခုခု ထူးခြားတဲ့ နေရာရှိလား"
လီယန်ချူက မေးလိုက်သည်။
မျိုးရိုးဖန့် အဘိုးအိုက ခဏမျှ စဉ်းစားကာ
"အဲဒီတုန်းက ငါ လုံမန်ရွာကို စရောက်တဲ့အချိန်မှာ ဒီဘိုးဘွားခန်းမထဲမှာ ဘိုးဘွားတွေရဲ့ ဝိညာဉ်အိုးတွေတင်မကဘဲ အမျိုးသမီးတစ်ဦးရဲ့ ပန်းချီကား တစ်ချပ်လည်း ရှိနေခဲ့တယ်"
"အမျိုးသမီး ပန်းချီကား"
လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်။
ဘိုးဘွားခန်းမထဲမှာ အမျိုးသမီး ပန်းချီကားတစ်ချပ်ကို ကိုးကွယ်ထားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ
"အခု အဲဒီပန်းချီကား ဘယ်မှာလဲ"
လီယန်ချူက မေးလိုက်သည်။
မျိုးရိုးဖန့် အဘိုးအိုက လင်မျိုးနွယ်စု ဘိုးဘွားများ၏ ဝိညာဉ်အိုးများကို ကိုးကွယ်ထားသည့် နေရာကို ညွှန်ပြလိုက်သည်
"မူလက အဲဒီမှာ ရှိတာပါ၊ ဒါပေမဲ့ အခုတော့ မရှိတော့ဘူး"
လီယန်ချူ၏ မျက်ခုံးများ ပင့်တက်သွားသည်။ အဲဒီပန်းချီကားကို အရင်က ဖုန်းရွှေဆရာက ယူသွားတာများလား
လုံမန်ရွာ၏ ထူးဆန်းသော နယ်နိမိတ်သည် ထိုပန်းချီကားနှင့် ပတ်သက်နေနိုင်သလား။
"ပန်းချီကားထဲက အမျိုးသမီးက ဘယ်လိုပုံစံလဲ"
ပိုင်ဟုန်းထူက ရုတ်တရက် မေးလိုက်သည်။
"အဖြူရောင် ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ပါ၊ အဘိုးအိုအနေနဲ့ သူမရဲ့ အလှကို ဘယ်လိုဖော်ပြရမှန်းတောင် မသိပါဘူး၊ ဒါပေမဲ့ သူမရဲ့ အငွေ့အသက်ကတော့ တစ်ခါမြင်ရုံနဲ့ ဘယ်တော့မှ မမေ့နိုင်စရာပါပဲ"
ဟု မျိုးရိုးဖန့် အဘိုးအိုက ပြောသည်။
"လင်မျိုးနွယ်စုက သူတို့ရဲ့ ဘိုးဘွားခန်းမထဲမှာ အမျိုးသမီး ပန်းချီကားတစ်ချပ်ကို ဘာလို့ ကိုးကွယ်ထားရတာလဲ"
လီယန်ချူက မေးသည်။
"အဘိုးအိုလည်း သူတို့ကို မေးဖူးပါတယ်၊ ဒါပေမဲ့ လုံမန်ရွာသားတွေလည်း သေချာမသိကြဘူး၊ ကြားဖူးတာကတော့ ဒီပန်းချီကားဟာ ဘိုးဘွားစဉ်ဆက်ကတည်းက လက်ဆင့်ကမ်းလာခဲ့တာလို့ ဆိုပါတယ်"
ဟု မျိုးရိုးဖန့် အဘိုးအိုက ပြန်ဖြေသည်။
လီယန်ချူသည် ယခု လုံမန်ရွာတွင် ဖြစ်ပျက်နေသော ကိစ္စများကို မျိုးရိုးဖန့် အဘိုးအိုအား အကျဉ်းချုပ် ပြောပြလိုက်သည်။
ထို့ပြင် သူ၏ အမြင်ကိုလည်း မေးမြန်းလိုက်သည်၊ အတတ်ပညာတွင် ကျွမ်းကျင်မှုချင်း မတူကြပေ၊ သူသည် ဖုန်းရွှေပညာနှင့် ပတ်သက်၍ အပေါ်ယံမျှသာ သိရှိသူ ဖြစ်သည်။
မျိုးရိုးဖန့် အဘိုးအိုက ခဏမျှ စဉ်းစားကာ
"ရိုးရိုးဖုန်းရွှေ အစီအမံသက်သက်နဲ့တော့ ဒီလိုမျိုး အခြေအနေအထိ မဖြစ်နိုင်ပါဘူး၊ သာမန် ဆိုးရွားတဲ့ မြေနေရာဟာလည်း လူတွေကို သံသရာထဲမှာ ပိတ်မိနေအောင် မလုပ်နိုင်ဘူး"
"ဒါပေမဲ့ ဒီလူငယ်လေး မြင်တာ မမှားပါဘူး လုံမန်ရွာရဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းဖို့ဆိုရင် တကယ်ပဲ ဘိုးဘွားခန်းမကနေ စရမှာပါ ဒါပေမဲ့ အဘိုးရဲ့ ပညာက မလောက်ငှတာကြောင့် အဲဒီဖုန်းရွှေဆရာရဲ့ အစီအမံတွေကို မဖျက်နိုင်ခဲ့ဘူး"
လီယန်ချူက
"လုံမန်ရွာရဲ့ အပြောင်းအလဲဟာလည်း ဘိုးဘွားခန်းမကနေ စခဲ့တာလို့ အဘိုး ယူဆသလား "
မျိုးရိုးဖန့် အဘိုးအိုက ခေါင်းညိတ်ကာ
"မှန်ပါတယ်၊ အရင်က ဖုန်းရွှေဆရာဟာ ဘိုးဘွားခန်းမထဲမှာပဲ လက်စွမ်းပြသွားခဲ့တာပါ"
လီယန်ချူ ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦး၏ အမြင်မှာ ထပ်တူကျသွားသည်။
"ဒါဆိုရင်တော့ ရှင်းသွားပြီ၊ ငါ ဒီအဓိပ္ပာယ်မရှိတဲ့ ဘိုးဘွားခန်းမကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်မယ် ဘယ်လို အစီအမံပဲဖြစ်ဖြစ်၊ ဘယ်လို ဖုန်းရွှေပဲဖြစ်ဖြစ် ဂရုမစိုက်တော့ဘူး"
မျိုးရိုးဖန့် အဘိုးအို၏ မျက်နှာ ပျက်သွားကာ
"လုံးဝ မလုပ်ပါနဲ့၊ ဘိုးဘွားခန်းမကို ထိလိုက်တာနဲ့ သရဲတစ္ဆေတွေ အားလုံး နိုးထလာလိမ့်မယ် အဲဒီအခါ လုံမန်ရွာသားအားလုံး ဒီကို ရောက်လာကြလိမ့်မယ်"
လီယန်ချူက တစ်ချက်ပြုံးကာ
"ဒီရွာသားတွေကို သတ်လိုက်ရင် သံသရာထဲ ပြန်ပိတ်မိမှာ စိုးရိမ်လို့သာ ခုနက ငါ ဒီကနေ ပြေးခဲ့တာပါ"
ပိုင်ဟုန်းထူက ခေါင်းညိတ်လျက်
"မှန်တယ်၊ ဒီလို ညစ်ပတ်စုတ်ပဲ့နေတဲ့ ရွာကို ငါ မြင်ကတည်းက မျက်စိနောက်နေတာ၊ ဘိုးဘွားခန်းမကို မြန်မြန် ဖျက်ဆီးပြီး ငါတို့ ဒီကနေ ထွက်ကြရအောင်"
မျိုးရိုးဖန့် အဘိုးအို၏ မျက်နှာမှာ တွန့်လိမ်သွားသည်၊ ယခုခေတ် လူငယ်တွေက ဒီလောက်တောင် သတ္တိကောင်း နေကြတာလား
လီယန်ချူက ပိုင်ဟုန်းထူကို ကြည့်ပြီး ပြုံးပြလိုက်သည်
"ငါ အိမ်ကို ဖျက်မယ်၊ မင်းက မီးရှို့"
ပိုင်ဟုန်းထူက ခပ်ပြုံးပြုံးဖြင့်
"နားလည်ပြီ"
ဝုန်း
လီယန်ချူသည် ကိုယ်ကို လှုပ်ရှားလိုက်ရာ ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ဘိုးဘွားခန်းမအတွင်းရှိ အိမ်တိုင်ကို တိုက်ရိုက် ဝင်တိုက်လိုက်သည်။
အိမ်တိုင်မှာ ချက်ချင်းပင် ပြိုလဲသွားတော့သည်
မျိုးရိုးဖန့် အဘိုးအို၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပေါ်လာသည်၊ ဤလူငယ်သည် ကြည့်ရသည်မှာ နူးညံ့တည်ငြိမ်သော်လည်း လက်ပါလိုက်သည့်အခါတွင်မူ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ
ပိုင်ဟုန်းထူသည် လက်မှ မန္တန်ကို ရွတ်ဖတ်ကာ အဆောင် တစ်ခုပြီးတစ်ခု ထုတ်သုံးလိုက်သည်။
ဟူး... ဟူး
ဘိုးဘွားခန်းမအတွင်း၌ မကြာမီပင် မီးများ အရှိန်အဟုန်ဖြင့် လောင်ကျွမ်းလာတော့သည်။
လီယန်ချူတို့ နှစ်ဦးမှာ ဘိုးဘွားခန်းမ အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။
ဝုန်း
သူသည် ကျန်ကျောင်ဓား ကို ဆွဲထုတ်လိုက်ပြီး ဓားအလင်းတန်း များကို တိုက်ရိုက် ဝှေ့ယမ်းလိုက်သည်။
ဤလင်မျိုးနွယ်စု ဘိုးဘွားခန်းမကို မကြာမီမှာပင် ရစရာမရှိအောင် ဖျက်ဆီးပစ်လိုက်ရာ နံရံများမှာလည်း ကြေမွကုန်တော့သည်။
မျိုးရိုးဖန့် အဘိုးအို၏ မျက်နှာပေါ်မှ ထိတ်လန့်မှုမှာ ပို၍ပင် နက်ရှိုင်းလာသည်။
လင်မျိုးနွယ်စု ဘိုးဘွားခန်းမအတွင်း၌ မီးများ ဟုန်းဟုန်းတောက် လောင်ကျွမ်းလာခြင်းနှင့်အတူ၊ တုန်ဟီးနေသော အသံကြီးမှာ လုံမန်ရွာတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
လူရိပ်များမှာ လင်မျိုးနွယ်စု ဘိုးဘွားခန်းမ အပြင်ဘက်တွင် တစ်ဦးပြီးတစ်ဦး ပေါ်လာကြတော့သည်။
အခန်း (၉၂) - ပရမ်းပတာ အခြေအနေ
လင်အဘိုးကြီးက ဟင်းသီးဟင်းရွက်လှီးဓားကို ဝှေ့ယမ်းနေသည်၊ သူ၏ သားနှင့် ချွေးမ၊ ကွေ့ကျိနှင့် ဇနီး၊ မုဆိုးမကျိုး... တစ်ဦးပြီးတစ်ဦးသော လုံမန်ရွာသားအားလုံးသည် ဤနေရာသို့ ပေါ်လာကြပြီး မျက်လုံးများမှာ အနီရောင်သန်းနေကြသည်။
မူလက လီယန်ချူ တံခါးကို ရိုက်ခွဲစဉ်က လုံမန်ရွာသားများကို မနိုးကြားစေခဲ့သော်လည်း ယခုအခါ လင်မျိုးနွယ်စု ဘိုးဘွားခန်းမ ဖျက်ဆီးခံလိုက်ရခြင်းက လုံမန်ရွာသားအားလုံးကို ဆွဲဆောင်ခေါ်ယူလိုက်သကဲ့သို့ ဖြစ်သွားသည်။
"လာကြစမ်း... ကောင်းတာပေါ့ "
လီယန်ချူသည် လက်ထဲတွင် ကျန်ကျောင်ဓားကို ကိုင်ဆွဲလျက် လူအုပ်ထဲသို့ တိုက်ရိုက် တိုးဝင်သတ်ဖြတ်တော့သည်
ချွတ်
ကျန်ကျောင်ဓား၏ ဓားအလင်းတစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ရွာသားသုံးဦး၏ ခြေသလုံးများကို ညီညာစွာ ဖြတ်တောက်လိုက်သည်။
သတ်ပစ်လိုက်လျှင် သံသရာ ထဲ ပြန်ရောက်မည်ဆိုပါက၊ သူတို့ကို အင်္ဂါမစုံအောင်ပဲ လုပ်ပစ်မည်
ဂျောက်
ဂျောက်
သူ၏ ခြေကန်ချက် များမှာ သံမဏိဖြင့် သွန်းလောင်းထားသကဲ့သို့ ပြင်းထန်လှပြီး ရွာသားများ၏ ခြေထောက်များကို တိုက်ရိုက် ကန်ကျိုးပစ်လိုက်သည်။
ပိုင်ဟုန်းထူကမူ သူ၏နောက်ဘက်မှနေ၍ တရစပ် မီးရှို့နေသည်
သူသည် ဤလင်မျိုးနွယ်စု ဘိုးဘွားခန်းမကို ပြာပုံဘဝ ရောက်သွားအောင် လုပ်ပစ်ချင်နေသည်။
ရှူး
လူအုပ်ထဲမှနေ၍ အမည်းရောင် အရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်!
၎င်းသည် မီးရှို့နေသော ပိုင်ဟုန်းထူထံသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ပိုင်ဟုန်းထူသည် စိတ်ထဲမှ အန္တရာယ်အချက်ပေးသံနှင့်အတူ ဦးခေါင်းနောက်ဘက်မှ လေခွဲသံကို ကြားလိုက်ရသဖြင့် လက်မှ မန္တန်ကို ချက်ချင်း ရွတ်ဖတ်လိုက်သည်။
ရွှေရောင်အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်မျက်နှာပြင်ကို ဖုံးလွှမ်းသွားသည်။
ဒေါင်
အမည်းရောင်အရိပ်သည် ပိုင်ဟုန်းထူ၏ ကိုယ်ပေါ်က ရွှေရောင်အလင်းနှင့် တိုက်မိသွားပြီး ပြင်းထန်သော သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာသည်။
ထိုအမည်းရောင်အရိပ်မှာ ပိုင်ဟုန်းထူကို တရစ်ချင်း ပတ်နှောင်ထားလိုက်သည်၊
၎င်းမှာ လျှာတစ်ချပ် ဖြစ်နေသည်
ချွတ်
လီယန်ချူက ဓားဖြင့် ခုတ်ချလိုက်သည်
လျိုယန်ဓားသိုင်း
ပူနွေးသော သွေးချီ နှင့် လျိုယန်စွမ်းအား တို့မှာ ကျန်ကျောင်ဓားပေါ်တွင် ကပ်ငြိနေသည်။
ဤအမည်းရောင်လျှာကြီးမှာ တိုက်ရိုက် တစ်ဝက်ခန့် ပြတ်တောက်သွားပြီး အမည်းရောင်သွေးများ စီးကျလာသည်။
"အား..."
အမည်းရောင်လျှာ၏ ပိုင်ရှင်က နာကျင်စွာ အော်ဟစ်လိုက်သည်။
လီယန်ချူ အသံလာရာသို့ ကြည့်လိုက်ရာ တစ်ခဏမျှ မှင်သက်သွားသည်။
ထိုလျှာရှည်ပိုင်ရှင်မှာ တခြားသူမဟုတ်၊ ယခင်က အလွန်ဉာဏ်ကောင်းပုံရသော မိန်းကလေးငယ်လေး "ဟုထူ" ပင် ဖြစ်နေသည်
ယခုအခါ ဟုထူ၏ အမူအရာမှာ ကြောက်မက်ဖွယ်ကောင်းနေပြီး လျှာကို ထပ်မံ ထုတ်လိုက်ပြန်သည်၊ ခုနက လီယန်ချူ ခုတ်လိုက်သော နေရာမှာလည်း လုံးဝ ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်သည်။
ဘုန်း
မိန်းကလေးငယ် ဟုထူ၏ အမည်းရောင်လျှာရှည်ကြီးမှာ လီယန်ချူ၏ နောက်ဘက်ရှိ နံရံကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်သည်။
ပိုင်ဟုန်းထူမှာ ခုနက ချောင်းမြောင်းတိုက်ခိုက်ခံရသဖြင့် စိတ်ထဲတွင် ဒေါသများ ပြည့်နှက်နေသည်။
"ဓားပျံ... မိစ္ဆာနှိမ်နင်း"
ရှူး
ဓားအလင်းတစ်ခုက မိန်းကလေးငယ်၏ လျှာကို မြေပြင်ပေါ်၌ မလှုပ်နိုင်အောင် စိုက်ပွား၍ ချုပ်နှောင်ထားလိုက်သည်။
ဟုထူ၏ မျက်နှာတွင် နာကျင်စွာ ရုန်းကန်နေသော အမူအရာ ပေါ်လာသည်။
သို့သော် သူမ မည်သို့ပင် ရုန်းကန်ပါစေ၊ ပိုင်ဟုန်းထူ၏ ဓားပျံ ထံမှ ရုန်းမထွက်နိုင်ပေ။
ဓားပျံပေါ်ရှိ ထူးဆန်းသော စွမ်းအားတစ်ခုက မိန်းကလေးငယ်၏ လျှာကို ပူလောင်စေသဖြင့် အဖြူရောင် အခိုးအငွေ့များ တစီစီ ထွက်ပေါ်လာသည်။
"ကောင်းတယ်...ပိုင်ကြီး "
လီယန်ချူက အော်ပြောလိုက်သည်။
ထို့နောက် သူသည် မိန်းကလေးငယ်ထံသို့ လက်ဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်သည်
ဟူး
ပြင်းထန်သော လေလှိုင်းတစ်ခုက မိန်းကလေးငယ်၏ ခန္ဓာကိုယ်ကို လွင့်ထွက်သွားစေသည်။
ပလပ်
မိန်းကလေးငယ်၏ အမည်းရောင်လျှာမှာ တိုက်ရိုက် ပြတ်ထွက်သွားတော့သည်။
သွေးများမှာ ပါးစပ်ထောင့်မှ စီးကျလာပြီး ကြည့်ရသည်မှာ အလွန်ပင် ရင်နာစရာ ကောင်းလှသည်။
သို့သော် နောက်တစ်ခဏ၌ မိန်းကလေးငယ်၏ ပါးစပ်ထဲမှ အမည်းရောင်လျှာ နောက်တစ်ချပ် ပြန်လည် ထွက်ပေါ်လာပြီး သံမဏိနှင်တံကဲ့သို့ ပြင်းထန်စွာ ရိုက်ချလာပြန်သည်
ဘုန်း
ယခုတစ်ကြိမ်တွင် လေထုကိုပင် ဖောက်ထွက်သွားသော အသံ ထွက်ပေါ်လာသည်အထိ ပြင်းထန်လှသည်
ဒိုင်း
ဤအမည်းရောင်အရိပ်သည် မြေပြင်ပေါ်၌ နက်ရှိုင်းသော မြောင်းကြီးတစ်ခု ဖြစ်သွားသည်အထိ ရိုက်ချလိုက်ခြင်း ဖြစ်သည်။
ဘိုးဘွားခန်းမ ပြိုကျပြီး မီးများ ဟုန်းဟုန်းတောက်လာသည်နှင့်အမျှ လုံမန်ရွာတစ်ခုလုံးမှာ သွေးရောင်လွှမ်းသော အလင်းတန်းများအောက်တွင် ရောက်ရှိနေသကဲ့သို့ ဖြစ်သွားသည်။
ကောင်းကင်ယံရှိ သွေးလမင်းမှာလည်း နီရဲတောက်နေတော့သည်။
လုံမန်ရွာသားများ၏ ကိုယ်ပေါ်မှ ဝေဝေဝါးဝါး အငွေ့အသက်များ ထွက်ပေါ်လာပြီး ၎င်းတို့သည် သာမန်လူသားပုံစံကို မထိန်းထားတော့ပေ။
ခန္ဓာကိုယ်များမှာ စတင်ပုပ်ပွလာပြီး နေရာတော်တော်များများတွင် ဖြူဖွေးသော အရိုးများ ပေါ်လာကာ၊ ရွာတစ်ခုလုံး၌ စူးရှလှသော ပုပ်စော်များ နံဟောင်လာတော့သည်။
လုံမန်ရွာသားအားလုံးမှာ ရုတ်တရက် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး တစ်နေရာတည်း၌ စုရုံးလိုက်ကြသည်။
ထို့နောက် တစ်ဦးကိုတစ်ဦး စတင် ဝါးမြိုကြတော့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမှာ လူကို ကြက်သီးထဖွယ် ကောင်းလှသည်။
အသိစိတ်ပြန်ဝင်လာသော ဖန့်အဘိုးကြီး မှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားတော့သည်။
လီယန်ချူမှာလည်း တစ်ချက် မှင်သက်သွားသည်၊ ဤရွာက ဘာလို့ ဒီလောက်တောင် မိစ္ဆာဆန်နေရတာလဲ၊ တိုက်နေရင်းနဲ့ ဘာလို့ ရပ်သွားကြတာလဲ
ရုတ်တရက်၊ ကောင်းကင်ယံရှိ သွေးလမင်း၏ အလင်းမှာ ပိုမိုတောက်ပလာပြီး လုံမန်ရွာသားများမှာ မီးပုံထဲသို့ တိုးဝင်သော ပိုးဖလံများကဲ့သို့ တစ်ဦးပေါ်တစ်ဦး စုပြုံတက်လိုက်ကြသည်
ရူးသွပ်ပြီး ကြည်ညိုလေးစားသော အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ပေါင်းစပ်လိုက်ကြသည်
ဂျောက်
ဂျောက်
ဂျောက်
သွားကျိစရာ အသံများ ထွက်ပေါ်လာသည်၊ ရွာသားများ တစ်ဦးနှင့်တစ်ဦး တိုက်မိလိုက်သည့်အခါ အရိုးကျိုးသံများ ထွက်ပေါ်လာသည်။
သို့သော် ၎င်းတို့မှာ ကွဲကွာမသွားဘဲ ထူးဆန်းသော စွမ်းအားတစ်ခုက ထိုရွာသားများ၏ ခန္ဓာကိုယ်များကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပေးလိုက်သည်။
အသားတောင်ကြီး ထဲသို့ ရွာသားများ ပိုမိုများပြားစွာ တိုးဝင်လာသည်နှင့်အမျှ၊ ထိုကြောက်မက်ဖွယ်ကောင်းသော အသားပုံကြီးမှာ ပိုမိုကြီးမားလာပြီး၊
နောက်ဆုံးတွင် တောင်ငယ်လေးတစ်လုံးခန့် မြင့်မားသော ဘီလူးကြီး ဖြစ်သွားတော့သည်။
သူ၏ မျက်နှာ၊ ခန္ဓာကိုယ်နှင့် ခြေလက်အင်္ဂါများပေါ်တွင် စုပြုံတိုးဝှေ့နေသော လူမျက်နှာများဖြင့် ပြည့်နှက်နေသည်၊ နာကျင်မှု၊ ရက်စက်မှု၊ ရူးသွပ်မှု၊ ကြည်ညိုမှု၊ တစ်ယူသန်မှု...
လုံမန်ရွာသားများ၏ အလောင်းများဖြင့် ဖွဲ့စည်းထားသော ထိုမိစ္ဆာကောင်ကြီးမှာ ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
ဝေါင်းးး
ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းကြီးတစ်ခုမှာ အပြင်ဘက်သို့ အထပ်ထပ် ပျံ့နှံ့သွားသည်။
ထိုအသားတောင်မိစ္ဆာကို ဗဟိုပြု၍ မြေပြင်မှာ ပင့်ကူအိမ်သဖွယ် အက်ကွဲသွားတော့သည်။
လီယန်ချူသည် မျက်နှာထား လေးနက်သွားကာ ခန္ဓာကိုယ်ရှိ အကာအကွယ် စွမ်းအား ကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်
ဤကြီးမားလှသော လေလှိုင်းကြီးထဲတွင် မိစ္ဆာငွေ့ များသာမက၊ လူကို ခေါင်းမူးဝေစေသော စွမ်းအားများလည်း ပါဝင်နေသည်။
ပိုင်ဟုန်းထူသည် လက်မှ မန္တန်ကို ရွတ်ဖတ်ကာ ရွှေရောင်အလင်းဖြင့် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားလိုက်သည်။
သို့သော်လည်း သူတို့နှစ်ဦးမှာ ထိုကြီးမားသော စွမ်းအားကြောင့် နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားရသည်
ကြည့်ရသည်မှာ အားအနည်းဆုံးဖြစ်သော မျိုးရိုးဖန့် အဘိုးအိုမှာမူ အနည်းငယ်သာ ထိခိုက်မှု ရှိသည်။
"ဒီလုံမန်ရွာသားတွေက ဝိညာဉ်တွေလိုမျိုး မဟုတ်ဘူးလား"
"ဘာလို့ သူတို့ရဲ့ အသားနဲ့ သွေးတွေကို စုစည်းပြီး ဒီလို မိစ္ဆာကောင်ကြီး ဖြစ်သွားရတာလဲ"
လီယန်ချူ အံ့သြသွားမိသည်။
ထိုရွာ၌ ဒုက္ခပေးနေသည်မှာ အလောင်း လား သို့မဟုတ် ဝိညာဉ် လား
ထိုအချိန်တွင် သူ၏နောက်ဘက်မှ မျိုးရိုးဖန့် အဘိုးအို၏ အသံ ထွက်ပေါ်လာသည်။
"ငါ မမှားဘူးဆိုရင်၊ ဒါဟာ သေလူရဲ့ ဝိညာဉ်ကို အလောင်းထဲမှာ ပိတ်လှောင်ထားတဲ့ လျှို့ဝှက်ပညာ ပဲ၊ မိစ္ဆာငွေ့စုပြီး အလောင်းမွေးမြူတာ ဒါဟာ ယခင် ချိကဲဘက်လမ်းစဥ် ရဲ့ လက်ချက်ပဲ"
မျိုးရိုးဖန့် အဘိုးအိုသည် ဆယ်စုနှစ်ပေါင်းများစွာ လောကအနှံ့ လည်ပတ်ခဲ့သော အတွေ့အကြုံရှိ ဖုန်းရွှေဆရာ ဖြစ်သဖြင့် သိမြင်မှုအပိုင်းတွင် ထူးခြားချက် ရှိသည်။
ချိကဲဘက်လမ်းစဥ်
ဝိညာဉ်ကို အလောင်းထဲတွင် ပိတ်လှောင်ထားခြင်း
လီယန်ချူသည် ချက်ချင်းပင် သဘောပေါက်သွားသည်၊ ဤရွာသားများသည် အသားနှင့် သွေးများကို မည်မျှပင် စားသောက်ပါစေ ဘာကြောင့် ဗိုက်ဆာနေရသနည်းဆိုသည်မှာ ၎င်းတို့မှာ သေဆုံးနေပြီ ဖြစ်သောကြောင့်ပင် အလောင်းက အစားစားနေခြင်းဖြစ်ရာ၊ မည်သို့လျှင် ဗိုက်ပြည့်သည်ဟူသော ခံစားချက်ကို ရနိုင်ပါမည်နည်း
မျိုးရိုးဖန့် အဘိုးအိုသည် အသိစိတ်ပြန်ဝင်လာပြီးနောက် ကောင်းကင်ယံရှိ သွေးလမင်း၏ လွှမ်းမိုးမှုကို မခံရတော့ပေ၊ သူသည် လုံမန်ရွာ၏ အမှန်တရားကို ဖွင့်ဟပြောဆိုလိုက်သည့်အခါ ဝေဝေဝါးဝါး စွမ်းအားတစ်ခုက သူ့ကို အတင်းအကျပ် လူစုခွဲ ပစ်လိုက်သည်။
"ဖန့်အဘိုး"
လီယန်ချူက အော်လိုက်သည်၊ ဤရွာထဲ၌ မည်သည့်စွမ်းအားက ဒုက္ခပေးနေသနည်း။
ဘာကြောင့် ကျန်းဟိုင်၏ ဝိညာဉ်က ကွယ်ပျောက်သွားသနည်း၊ ဘာကြောင့် ဖန့်အဘိုးကြီး ၏ ဝိညာဉ်ကလည်း အသိစိတ်ဝင်လာပြီးနောက်တွင် ကွယ်ပျောက်သွားရသနည်း။
ဒုန်း ဒုန်း ဒုန်း
ထိုအချိန်တွင် အသားတောင်ကြီးမှာ အရှိန်ပြင်းစွာဖြင့် ပြေးဝင်လာပြီဖြစ်သည်၊ မြေကြီးမှာ သိမ့်သိမ့်တုန်နေတော့သည်။
လီယန်ချူ၏ အကြည့်မှာ ဓားကဲ့သို့ ထက်မြက်လှပြီး၊ ကြောက်ရွံ့ခြင်းမရှိဘဲ တိုက်ရိုက် ရင်ဆိုင်လိုက်သည်
အနီးကပ် ကိုယ်ချင်းထိ တိုက်ခိုက်ခြင်း
ပိုင်ဟုန်းထူကမူ ဓားပျံကို အသုံးပြု၍ အဝေးမှနေ၍ ထိုအသားတောင်မိစ္ဆာကို တိုက်ခိုက်ပေးသည်
ဒေါင်
လီယန်ချူက ဓားဖြင့် ခုတ်ချလိုက်သည်
လျိုယန်စွမ်းအား
ဓားအလင်းသည် ညအမှောင်ထုကို ဖောက်ထွက်သွားပြီး အသားတောင်ကြီးနှင့် တိုက်မိလိုက်သည့်အခါ၊ ပြင်းထန်သော သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာသည်
အသားတောင်ကြီး၏ ခြေလှမ်းမှာ ရပ်တန့်သွားသော်လည်း၊ လီယန်ချူမှာမူ ပေ ၆၀ ခန့် နောက်သို့ လွင့်ထွက်သွားသည်
ခြေထောက်နှစ်ဖက်မှာ မြေကြီးထဲတွင် နက်ရှိုင်းသော မြောင်းနှစ်ကြောင်း ဖြစ်သွားသည်အထိ ဆွဲသွားရသည်။
လက်မောင်းပေါ်မှ အကြောများမှာ ဖောင်းတက်နေပြီး အင်္ကျီလက်စများပင် စုတ်ပြဲကုန်သည်။
ပိုင်ဟုန်းထူ၏ ဓားပျံ ရောက်ရှိလာသည်
ဓားအလင်းတစ်ခုက လီယန်ချူ ခုနက ခုတ်ထားသော နေရာသို့ တည့်တည့် စိုက်ဝင်သွားသည်။
အသားထဲသို့ လက်မဝက်ခန့် နက်ဝင်သွားသည်
သို့သော် ဤအသားတောင်မိစ္ဆာ၏ ကြီးမားလှသော ခန္ဓာကိုယ်အတွက်မူ ဤဒဏ်ရာမှာ ဘာမှမဟုတ်ပေ
သူတို့နှစ်ဦးစလုံး မျက်နှာထား လေးနက်သွားကြသည်၊ ဤမိစ္ဆာကောင်၏ စွမ်းအားမှာ သူတို့ ထင်ထားသည်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေတော့သည်။