အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း (၉၉) - ချုပ်နှောင်ခြင်းပညာ ၊ သုံးကြိမ်တိုင် အဆင့်မြှင့်တင်ထားသော လင်ကွမ်းဖိတ်ခေါ်အဆောင်
သူ၏ မျက်စိအာရုံဖြင့်ပင် ခုနက အနက်ရောင်ပုံရိပ်တစ်ခုကိုသာ မြင်လိုက်ရပြီး၊ ထိုပုံရိပ်၏ ရုပ်သွင်ကို အသေအချာ မမြင်လိုက်ရပေ။
ဟွေ့ကျိန်းဆရာတော်၏ အဖြေမှာလည်း ထပ်တူပင်ဖြစ်သည်။
"ဒါက ဒီတောင်စောင့်နတ်စင်က တောင်စောင့်နတ်များလား"
လီယန်ချူသည် ခုနက ထိုအနက်ရောင်ပုံရိပ်ထံမှ ယင်စွမ်းအင် အနည်းငယ်နှင့် ပြောမပြတတ်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။
သူနှင့် ဟွေ့ကျိန်းဆရာတော်တို့ တိုင်ပင်ပြီးနောက်၊ မကြာမီမှာပင် မူလလမ်းအတိုင်း ဝူကျေးရွာသို့ ပြန်ခဲ့ကြသည်။
ဤတစ်ခေါက် ဖျားတစ်ချက်ကမ်းပါးကို ဖြတ်ကျော်ချိန်တွင်မူ၊ အစိမ်းရောင် အကြေးခွံများရှိသော ထိုမိစ္ဆာနှင့် ထပ်မံ မဆုံတော့ပေ။
နှစ်ဦးသားမှာ လမ်းခရီးတစ်လျှောက် ဘေးကင်းချောမွေ့စွာဖြင့် ဝူကျေးရွာသို့ ပြန်ရောက်လာခဲ့သည်။
ဝူကျေးရွာသို့ ရောက်ချိန်တွင် မိုးသောက်ယံ အလင်းရောင်မှာ ခပ်ဖျော့ဖျော့ ပေါ်နေပြီဖြစ်သည်။
ပိုင်ဟုန်းထူ နှင့် စစ်သည်အုပ်စုမှာ ဝူကျေးရွာတွင် တစ်ညလုံး စောင့်ကြပ်ခဲ့ကြပြီး၊ ထူးခြားသော ဖြစ်ရပ်ဆိုးများ ဖြစ်ပွားခြင်းမရှိပေ။
ဝူကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင်များလည်း သေဆုံးသူ မရှိခဲ့ပါ။
လီယန်ချူက ထိုတစ်ညတာ ကြုံတွေ့ခဲ့ရသည်များကို ပြောပြသောအခါ ပိုင်ဟုန်းထူက နှမြောတသဖြစ်ကြောင်း အဆက်မပြတ် ဆိုလေသည် မိမိကိုယ်တိုင် ဖျားတစ်ချက်ကမ်းပါးက ထိုမိစ္ဆာကို သွားရောက် မမြင်တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။
လီယန်ချူက ခပ်ဖွဖွ ပြုံးလိုက်သည်။
ပိုင်ဟုန်းထူ၏ ဓားပျံသိုင်း မှာ အလွန်ပင် စွမ်းလှသည်၊
သို့သော်လည်း၊
ဖျားတစ်ချက်ကမ်းပါးမှာ အလွန်ပင် အန္တရာယ်များလှရာ၊ အနည်းငယ်မျှ သတိလွတ်လိုက်သည်နှင့် အောက်သို့ ပြုတ်ကျသွားနိုင်သည်။
ဝူကျေးရွာမှ ကိုယ်ဝန်ဆောင်များကို ရက်စက်စွာ သတ်ဖြတ်နေသည့် ရှန်းရှောင် မိစ္ဆာဆိုးများကို နှိမ်နင်းပြီးပြီဟု ကြားသိရသောအခါ၊ ဝူကျေးရွာသားများမှာလည်း စိတ်သက်သာရာ ရသွားကြသည်။
အရာရှိဝမ် က စစ်သည်များ၊ ဟွေ့ကျိန်းဆရာတော်တို့နှင့်အတူ ဝေမြို့တော် သို့ ပြန်သွားခဲ့သည်။
လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ကမူ အခြေအနေကို စောင့်ကြည့်ရန် ဝူကျေးရွာတွင်ပင် ကျန်ရစ်ခဲ့ကြသည်။
သုံးရက်ကြာပြီးနောက်တွင် ဝူကျေးရွာမှာ လေငြိမ်လှိုင်းငြိမ် ရှိနေပြီး ထူးဆန်းသော ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားတော့ပေ။
ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်လည်း မိစ္ဆာများ လူသတ်သည့် သတင်းများ မကြားရတော့ပေ။
ထိုအခါမှသာ လီယန်ချူနှင့် ပိုင်ဟုန်းထူတို့မှာ ဝေမြို့တော်သို့ ပြန်ခဲ့ကြသည်။
နေ့ရက်များမှာ ရှားရှားပါးပါး တည်ငြိမ်အေးချမ်းသွားခဲ့သည်။
ချင်းယွန်းကျောင်း အတွင်း၌။
လီယန်ချူ၏ ရှေ့တွင် လင်ကွမ်းဖိတ်ခေါ်အဆောင် တစ်ချပ်ကို ချထားသည်။
မူလအဆောင်မှာ စွမ်းအားများ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး သုံးကြိမ်တိုင်တိုင် အသုံးပြုခဲ့ပြီးဖြစ်သည်။
ထိုတစ်ချပ်မှာ သူအသစ်ပြန်လည် ရေးသားထားသော ဝိညာဉ်စွမ်းအား အပြည့်ဝဆုံး အဆောင်ဖြစ်သည်။
"အဆင့်မြှင့်တင် စေ "
ရင်းနှီးနေသော မဟာလမ်းစဉ် ဒီရေလှိုင်းများ ပေါ်ပေါက်လာပြီး၊ ထိုသာမန် လင်ကွမ်းဖိတ်ခေါ်အဆောင်မှာ စင်ကြယ်သော ယန် နတ်ဘုရားအရှိန်အဝါများဖြင့် ပြည့်နှက်သွားသည်။
ကုသိုလ် (၁၀၀၀) ကုန်ဆုံးသည်
"အဆင့်မြှင့်တင်စေ "
ကုသိုလ် (၂၀၀၀) ကုန်ဆုံးသည်
လင်ကွမ်းဖိတ်ခေါ်အဆောင်မှာ တစ်ဖန် နတ်စွမ်းအားများ တိုးပွားလာပြီး၊ စင်ကြယ်သော ယန်အရှိန်အဝါ စိမ့်စိမ့်လေးများမှာ လီယန်ချူ၏ ဝိညာဉ်အတွင်းသို့ စိမ့်ဝင်သွားသည်။
"အဆင့်မြှင့်တင်စေ "
ကုသိုလ် (၃၀၀၀) ကုန်ဆုံးသည်
သုံးကြိမ်တိုင် အဆင့်မြှင့်တင်ထားသော လင်ကွမ်းဖိတ်ခေါ်အဆောင်
လီယန်ချူ၏ အခန်းအတွင်းသို့ ရွှေရောင်အလင်းတန်းတစ်ခု ချက်ချင်း ပျံ့နှံ့သွားပြီး၊ ဟင်းလင်းပြင်ကြီးအတွင်းမှ နတ်ဘုရားတို့၏ ထည်ဝါလှသော ကြိမ်းမောင်းသံများ ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။
လီယန်ချူသည် ထိုလင်ကွမ်းဖိတ်ခေါ်အဆောင်ကို ကိုယ်နှင့်မကွာ သိမ်းဆည်းထားလိုက်သည်၊ နှစ်ကြိမ်မြောက် အဆင့်မြှင့်တင်ပြီးကတည်းက ဤအဆောင်မှာ ဝိညာဉ်ကျင့်စဉ်အတွက် အလွန်ပင် အကျိုးပြုလှသည်။
ယခု သုံးကြိမ်တိုင် အဆင့်မြှင့်တင်ထားသည်မှာ ပြောနေရန်ပင် မလိုတော့ပေ
လီယန်ချူက သူ၏ ကိုယ်ပေါ်ရှိ ကုသိုလ်များကို ကြည့်လိုက်ရာ၊ (၈၉၂၀) ကျန်ရှိနေသေးသည်။
ပြီးခဲ့သော လုံမန်ရွာတွင် စုစုပေါင်း ကုသိုလ် (၈၀၀၀) ရရှိခဲ့ပြီး၊ ယခု ဝူကျေးရွာတွင် ရှန်းရှောင်နှင့် ဝတ်စုံပြာလူကို သတ်ဖြတ်ခြင်းမှ ကုသိုလ် (၂၀၀၀) ရရှိခဲ့သည်။
လီယန်ချူက ချက်ချင်းပင် ငါးပါးမိုးကြိုးအဆောင် တစ်ချပ်ကို ထပ်မံထုတ်ယူလိုက်သည်။
တိုက်ရိုက်ပင် အဆင့်မြှင့်တင်ရန် ရွေးချယ်လိုက်သည်
သုံးကြိမ်တိုင် အဆင့်မြှင့်တင်ပြီးနောက်၊ ဝိညာဉ်စွမ်းအား အပြည့်ဝဆုံးဖြစ်သော ငါးပါးမိုးကြိုးအဆောင်သစ် တစ်ချပ် ပေါ်လာသည်
မိုးကြိုးဆိုသည်မှာ အစွမ်းထက်ဆုံးနှင့် အပြင်းထန်ဆုံး ယန်စွမ်းအင်ဖြစ်ပြီး၊ မိစ္ဆာများအပေါ် အလွန်ကြီးမားသော ဖိနှိပ်မှုရှိကာ သတ်ဖြတ်ခြင်း၌ အဓိကကျသည်
၎င်းမှာ လီယန်ချူ၏ အပြင်းထန်ဆုံးသော တိုက်ခိုက်ရေး လက်နက်ဖြစ်သည်။
ဤအဆင့်မြှင့်တင်မှုမှာလည်း ကုသိုလ် (၆၀၀၀) ကုန်ဆုံးစေခဲ့သည်
ထိုသို့ဖြင့် လီယန်ချူ၏ ကိုယ်ပေါ်တွင် ကုသိုလ် (၂၉၂၀) သာ ကျန်တော့သည်။
"ကုသိုလ်ဆိုတဲ့အရာက သုံးလို့ကို မလောက်နိုင်ပါလား"
ဟု လီယန်ချူ စိတ်ထဲက တွေးလိုက်မိသည်။
ယခုအခါ သူ့တွင် သုံးကြိမ်အဆင့်မြှင့်တင်ထားသော ငါးပါးမိုးကြိုးအဆောင် နှစ်ချပ်ရှိပြီး၊ တစ်ချပ်မှာ နောက်ဆုံးတစ်ကြိမ်သာ တိုက်ခိုက်ခွင့် ကျန်တော့သည်။
သုံးကြိမ်အဆင့်မြှင့်တင်ထားသော လင်ကွမ်းဖိတ်ခေါ်အဆောင် တစ်ချပ်နှင့် တစ်ကြိမ်အဆင့်မြှင့်တင်ထားသော ငါးပါးမိုးကြိုးအဆောင် တစ်ချပ် တို့ ရှိနေသည်။
နောက်တစ်ဆင့်မှာ ဟွမ်ထင်တာအိုကျမ်း ကို ကျင့်ကြံရန် ပြင်ဆင်ခြင်းဖြစ်သည်၊ လီယန်ချူသည် ယခုအခါ သိုင်းပညာတွင် ပထမတန်းစားအဆင့်သို့ ရောက်နေပြီဖြစ်သည်။
သို့သော် တာအိုပညာတွင်မူ အလှမ်းဝေးနေသေးသဖြင့်၊ သူသည် ဦးစွာ ကျင့်ကြံခြင်းအဆင့်ကို စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့် သို့ ရောက်အောင် တက်လှမ်းရန် ပြင်ဆင်လိုက်သည်။
မိမိကိုယ်တိုင်က တာအိုဆရာတစ်ဦး ဖြစ်နေသော်လည်း၊ နေ့စဉ် လက်ဝှေ့လက်သီး နှင့် ဓားသိုင်းကိုသာ သုံးနေရသည်မှာ လောကီလူသားဆန်လွန်းနေသည် မဟုတ်ပါလား။
နေ့စဉ် စွမ်းအင်တိုးဆေးလုံး ကို မှီဝဲပြီးနောက်၊ လီယန်ချူ၏ ကျင့်ကြံမှုနှုန်းမှာ အမှန်တကယ် မနှေးလှပေ၊ သို့သော် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်သို့ ရောက်ပြီးနောက်တွင် စွမ်းအင်တိုးဆေးလုံး၏ အစွမ်းမှာ အနည်းငယ် လျော့ကျလာခဲ့သည်။
သို့သော် ခုနစ်ရက်ကြာပြီးနောက်တွင် လီယန်ချူသည် နောက်ဆုံး၌ သူ၏ ကျင့်ကြံမှုကို အလယ်အလတ်အဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။
ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားများမှာ များစွာ ပိုမိုထူထပ်လာပြီး၊ တစ်ကိုယ်လုံး၏ အသက်ရှူနှုန်းမှာလည်း ပိုမိုရှည်လျား တည်ငြိမ်လာသည်။
ဤသို့ဖြင့် လီယန်ချူ၏ အရှိန်ဝါကြည့်အတတ် ၊အဝေးမှပစ္စည်းယူခြင်း အတတ် နှင့် ခြေရာခံအတတ် စသည့် တာအိုပညာများ၏ အစွမ်းမှာ များစွာ ပိုမိုကြီးမားလာခဲ့သည်။
လီယန်ချူသည် ဟွမ်ထင်တာအိုကျမ်း ရှိ ကျင့်ကြံနိုင်သော အတတ်များထဲမှ ကိုယ်ရောင်ဖျောက်ပညာ ကို ထပ်မံရွေးချယ်လိုက်သည်။
ချုပ်နှောင်ခြင်းပညာ ကို မြင်လိုက်ရသောအခါ၊ သူသည် အနောက်သို့ ခရီးသွားခြင်း ဇာတ်လမ်းထဲမှ မျောက်မင်း စွန်းဝူခုန်းကို အလိုလို သတိရသွားမိသည်။
နတ်ပန်းသီးခြံထဲတွင် နတ်သမီး ခုနစ်ဖော်ကို လှုပ်မရအောင် ချုပ်နှောင်ထားခဲ့ သည် မဟုတ်ပါလား
"ဒီအတတ်က အသုံးချစရာတွေ အများကြီး ရှိမှာပဲ"
လီယန်ချူ စိတ်ထဲက တွေးလိုက်သည်။
အတွေးပေါင်းများစွာ တစ်ခဏအတွင်း ဖြတ်ပြေးသွားသည်၊ အားလုံးမှာ ကောင်းမွန်သော အတွေးများသာ ဖြစ်ကြသည်။
ဤရက်ပိုင်းများအတွင်း သူသည် နေ့စဉ် ဟွမ်ထင်တာအိုကျမ်း ကို တရားထိုင် ကျင့်ကြံရုံသာမက၊ ချုပ်နှောင်ခြင်း အတတ်ကိုလည်း လေ့ကျင့်နေခဲ့သည်။
ထိုအတတ်မှာ ဝိညာဉ်စွမ်းအားကို လက်ချောင်းထိပ်သို့ ပို့ဆောင်ပြီး၊ လက်ဝါးပေါ်တွင် ထူးခြားသော အဆောင်စာလုံးတစ်ခုကို ရေးဆွဲကာ ပြိုင်ဘက်ကို လှုပ်မရအောင် လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
အကယ်၍ လက်ချောင်းထိပ်ကို ကိုက်ဖောက်ပြီး အနှစ်သာရသွေး ကို အသုံးပြုပါက အစွမ်းမှာ နှစ်ဆ တိုးလာမည်ဖြစ်သည်။
သို့သော် သွေးအနည်းငယ် ကုန်ဆုံးပေလိမ့်မည်
ဤအတတ်၏ ကန့်သတ်ချက်မှာ တစ်ကြိမ်လျှင် လူတစ်ဦးကိုသာ လှုပ်မရအောင် လုပ်နိုင်ခြင်းဖြစ်သည်။
လီယန်ချူက စမ်းသပ်ကြည့်ရာ ဆိုင်ရှင်မ ကဲ့သို့သော သာမန်လူဆိုလျှင် စိတ်ကြိုက် လှုပ်မရအောင် လုပ်ထားနိုင်သည်။
ပိုင်ဟုန်းထူ ကဲ့သို့သော ကျင့်ကြံခြင်းရှိသည့် တာအိုဆရာမျိုးဆိုလျှင် ၈ စက္ကန့်ခန့်သာ လှုပ်မရအောင် လုပ်ထားနိုင်ပြီး၊ ထို့နောက်တွင် ပိုင်ဟုန်းထူက ရုန်းထွက်နိုင်မည်ဖြစ်သည်။
မိစ္ဆာနတ်ဆိုးများနှင့် ပတ်သက်၍မူ၊ လီယန်ချူမှာ စမ်းသပ်ခြင်း မပြုရသေးသဖြင့် ၎င်း၏ အစွမ်းကို မသိရသေးပေ။
လီယန်ချူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ၊ ဟွမ်ထင်တာအိုကျမ်းတွင် မှတ်တမ်းတင်ထားသော တာအိုပညာများကို ပိုမို၍ စိတ်ဝင်စားလာသည်။
ဥပမာအားဖြင့် မုန်တိုင်း တိုက်ခတ်စေခြင်း၊ ပဲစေ့များကို စစ်သည်တော်များအဖြစ် ပြောင်းလဲခြင်း နှင့် စစ်မှန်သော ငါးပါးမိုးကြိုးအတတ် စသည်တို့မှာ အလွန် အစွမ်းထက်သော ပညာများ ဖြစ်ကြသည်။
"သေချာ ကျင့်ကြံရမယ်၊ တစ်နေ့နေ့တော့ ဒီအဆင့်ကို ရောက်လာမှာပါ"
ဟု လီယန်ချူက ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။
တစ်နေ့သောအခါ။
ပိုင်ဟုန်းထူနှင့် လီယန်ချူတို့မှာ ထိုက်ဖင်တည်းခိုးခန်း တွင် လက်ဖက်ရည် သောက်နေကြသည်၊ လီယန်ချူသည် မကြာသေးမီက ဆိုင်ရှင်မ၏ အခန်းတွင် မကြာခဏ အိပ်စက်နေလေ့ရှိသည်။
ထို့ကြောင့်လည်း ပိုင်ဟုန်းထူကဲ့သို့ မျက်စိနောက်စရာ လူကိုပင် ဆိုင်ရှင်မက အနည်းငယ် ကြည့်ရအဆင်ပြေလာခြင်း ဖြစ်သည်။
နောက်တစ်ချက်မှာ ဖန့်ချင်းလန် ကဲ့သို့သော ခြေတံရှည်ရှည်နှင့် အေးစက်လှပသည့် မိန်းကလေးမှာ မကြာသေးမီက လီယန်ချူကို တွေ့ဆုံရန် အခွင့်အရေး အမြဲရှာနေခြင်းဖြစ်သည်။
၎င်းက ဆိုင်ရှင်မကို စိုးရိမ်စိတ် ဖြစ်စေသဖြင့်၊ ပိုင်ဟုန်းထူနှင့် လီယန်ချူတို့ကို တည်ခိုခန်းတွင် လက်ဖက်ရည် သောက်ခွင့်ပေးထားလိုက်ခြင်းက ပို၍ကောင်းသည်ဟု ယူဆလိုက်ပုံရသည်။
မည်သို့ပင်ဖြစ်စေ၊ ပိုင်ဟုန်းထူထံမှ ငွေစ များများ တောင်းလိုက်ရုံသာ ရှိသည်မဟုတ်ပါလား။
ဆိုင်ရှင်မမှာ ယခုအခါ ရုပ်ရည်မှာ အလွန်ပင် ကြည့်ကောင်းနေပြီး၊ နွေဦးမိုးရေဖြင့် အားဖြည့်ထားသော မြေဆီလွှာကဲ့သို့ စိုပြည်နေလေသည်။
ငွေစာရင်းကောင်တာတွင် စာရင်းတွက်လိုက်၊ ထို့နောက် ကိုယ်လုံးကိုယ်ပေါက် လှလှပပဖြင့် လီယန်ချူ၏ ရှေ့တွင် လမ်းလျှောက်ပြလိုက်နှင့် အလုပ်ရှုပ်နေသည်။
ပိုင်ဟုန်းထူမှာ အနည်းငယ် နှမြောတသ ဖြစ်နေသည်၊ အဘယ်ကြောင့် ထိုမျှ ဆွဲဆောင်မှုရှိသော အမျိုးသမီးက မိမိဘေးမှ ဤလူကိုမှ စိတ်ဝင်စားရသနည်း။
မိမိမှာ ထိုမျှ ရုပ်ချောပြီး ငယ်ရွယ်ချမ်းသာပါလျက်နှင့် မိမိနှစ်သက်သော အမျိုးသမီးနှင့် မဆုံတွေ့ရသေးပေ။
သူ သက်ပြင်းတရှိုက်ရှိုက် ဖြစ်နေစဉ်မှာပင်၊ ရင်းနှီးသော ပုံရိပ်တစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။
သူက စားပွဲကို လက်ချောင်းဖြင့် ခပ်ဖွဖွပုတ်ကာ လီယန်ချူကို လှည့်ကြည့်ရန် အချက်ပြလိုက်သည်။
လီယန်ချူ ခဏမျှ မှင်တက်သွားပြီး၊ ရောက်ရှိလာသူကို နှုတ်ဆက်လိုက်သည်။
"ဟွေ့ကျိန်းဆရာတော်၊ မတွေ့တာ ကြာပြီနော်"
ဟွေ့ကျိန်းဆရာတော်၏ မျက်နှာပေါ်တွင် လောကဒဏ်၏ အပူအပင် အရိပ်အယောင်အချို့ ပိုမိုထင်ဟပ်နေပြီး၊ ခပ်ပြုံးပြုံးဖြင့် ဆိုသည်
"လီတာအိုဆရာ၊ ပိုင်သခင်လေး"
ပိုင်ဟုန်းထူက ခေါင်းညိတ်ပြလိုက်သည်။
လီယန်ချူက ဟွေ့ကျိန်းဆရာတော်ကို ထိုင်ရန် ဖိတ်ခေါ်ပြီး၊ စားပွဲထိုးကို လင်ရှီးဘုရားကျောင်း မှ ဤဆရာတော်ကြီးအတွက် လက်ဖက်ရည် လာချပေးရန် ခိုင်းလိုက်သည်။
"လွန်ခဲ့တဲ့တစ်ခေါက် မြစ်ကမ်းနားမှာ ပါးရှ ကျောက်ရုပ်က ထူးခြားတဲ့ နတ်ဘုံနန်း တစ်ခုနဲ့ ပတ်သက်နေတယ်လို့ ကိုယ်တော် ပြောခဲ့တာကို တာအိုဆရာ မှတ်မိသေးရဲ့လား"
လီယန်ချူက ခပ်ဖွဖွ ခေါင်းညိတ်ပြသည်။
ဟွေ့ကျိန်းဆရာတော်က အေးဆေးစွာ ဆိုသည်
" ကိုယ်တော် အခုလာတာက၊ လီတာအိုဆရာရဲ့ သံသယတွေကို ဖြေရှင်းပေးဖို့အတွက်ပါ"
လီယန်ချူ၏ စိတ်ထဲတွင် တစ်ချက် လှုပ်ရှားသွားသည်၊ ဆရာတော်ကြီးမှာ အမှန်တကယ်ပင် ကတိတည်သူ ဖြစ်ပေသည်။
အခန်း (၁၀၀) - နတ်ဘုံနန်း၊ အားပြိုင်မှုခေတ်ကြီးနှင့် ဘေးဒုက္ခကြီးမားခြင်း
"ဒီ ပါးရှကျောက်ရုပ်က လောကီပစ္စည်းမဟုတ်ဘူး၊ နတ်ဘုံနန်း တစ်ခုကနေ ထွက်ပေါ်လာတာပဲ "
ဟွေ့ကျိန်းဆရာတော်က လီယန်ချူကို ပြောလိုက်သော ပထမဆုံးစကားတစ်ခွန်းကပင် သူ့ကို အတွေးနက်သွားစေသည်။
"နတ်ဘုံနန်းဆိုတာကတော့ လောကကြီးရဲ့ ဝိညာဉ်စွမ်းအားတွေ စုဝေးရာနေရာပဲ၊ အဲဒီထဲမှာ ရတနာတွေ၊ ဆေးပင်တွေ အမြောက်အမြားရှိသလို လူကို နတ်ဖြစ်စေနိုင်တဲ့၊ ထာဝရအသက်ရှင်စေနိုင်တဲ့ အခွင့်အရေးတွေ ရှိတယ်လို့လည်း အဆိုရှိတယ် "
"ဒါပေမဲ့ လောကကြီးရဲ့ နတ်ဘုံနန်းတွေက ရှေးကတည်းက ခြေရာလက်ရာ ပျောက်ကွယ်သွားခဲ့တာ၊ ဘယ်သူမှ ရှာမတွေ့နိုင်တော့ဘူး "
"ဒီမြစ်ကမ်းနားမှာ ပေါ်လာတဲ့ ပါးရှကျောက်ရုပ်က အဲဒီထဲက နတ်ဘုံနန်းတစ်ခုကနေ စီးမျောထွက်ပေါ်လာတာပဲ၊ ဆိုလိုတာက ဝေမြို့တော်အနီးတစ်ဝိုက်မှာ နတ်ဘုံနန်းရဲ့ အဝင်ဝရှိနေတယ်လို့ ဆိုလိုတာပဲ "
"နတ်ဘုံနန်းကို ဖွင့်နိုင်တဲ့ သော့ကတော့ ထျန်းခုန်းကျောက်စိမ်းပြား ပဲ ကိုယ်တော် သိရသလောက်တော့ ဒီကျောက်စိမ်းပြားက အပိုင်းပိုင်း ကွဲအက်သွားခဲ့ပြီ၊ အဲဒီကျောက်စိမ်းအကွဲစတွေပေါ်မှာ နတ်ဘုံနန်းဆီသွားတဲ့ လမ်းကြောင်းတွေကို မှတ်တမ်းတင်ထားတယ်၊ နတ်ဘုံနန်းပွင့်လာတဲ့အခါ ဒီကျောက်စိမ်းအကွဲစက အထဲကိုဝင်ဖို့ သက်သေခံလက်မှတ် ဖြစ်လာလိမ့်မယ် "
ဟွေ့ကျိန်းဆရာတော်က ပြောအပြီးတွင် နှစ်ဦးသားကို ပြုံး၍ ကြည့်လိုက်သည်။
"လီတာအိုဆရာ၊ ပိုင်သခင်လေး၊ ကိုယ်တော့်ရဲ့ တွက်ချက်မှုအရဆိုရင် နတ်ဘုံနန်း ပွင့်မယ့်အချိန်က မကြာခင်မှာပဲ ဖြစ်နိုင်တယ် အကယ်၍ မင်းတို့နှစ်ယောက် စိတ်ပါဝင်စားရင် အဲဒီအချိန်ကျရင် သွားရောက်ယှဉ်ပြိုင်ကြည့်လို့ ရတာပေါ့ "
လီယန်ချူနှင့် ပိုင်ဟုန်းထူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဟွေ့ကျိန်းဆရာတော် ပြောသလိုသာဆိုလျှင်၊
သို့ဆိုလျှင်
မိမိလက်ထဲရှိ ကျောက်စိမ်းအကွဲစမှာ ဝေမြို့တော်ရှိ ဤနတ်ဘုံနန်း၏ သော့ဖြစ်နေသည် မဟုတ်ပါလား
လီယန်ချူက ခပ်ဖွဖွရယ်ကာ ဆိုသည်
"ဆရာတော်ကြီးက ဒီလောက်အရေးကြီးတဲ့ သတင်းကို ကျွန်တော်တို့နှစ်ယောက်ကို ပြောပြတာ တကယ်ကို တန်ဖိုးရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့လက်ထဲမှာ သော့မှမရှိတာ၊ ဘယ်လိုလုပ် သွားပြိုင်လို့ ရမှာလဲ "
ဟွေ့ကျိန်းဆရာတော်က ပြုံး၍
"အရာရာဟာ ကံတရားအတိုင်းပဲ၊ မင်းတို့နှစ်ယောက်လုံးက ကံထူးသူတွေပဲ၊ လောကကြီး အပြောင်းအလဲဖြစ်နေတဲ့ ဒီလိုအချိန်မှာ ကိုယ်စီကိုယ်စီ ကံတရားတွေ ရှိလာကြမှာပါ "
လီယန်ချူက ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောပေ။
"ဆရာတော်ကြီး ဒီကိုရောက်တုန်း ကျွန်တော် မေးစရာတစ်ခုရှိပါတယ်၊ ဆရာတော်ကြီး ချိကဲဘက်ဂိုဏ်း အကြောင်းကို သိပါသလား "
လင်ရှီးဘုရားကျောင်းမှ ဟွေ့ကျိန်းဆရာတော်မှာ ကျင့်ကြံမှုမြင့်မားပြီး ဗဟုသုတကြွယ်ဝသူဖြစ်ရာ၊ လီယန်ချူက သူ့ထံမှ အတည်ပြုချက် ရယူလိုခြင်းဖြစ်သည်။
"လီတာအိုဆရာက ဘာဖြစ်လို့ အဲ့ဂိုဏ်းအကြောင်း မေးတာလဲ "
ဟွေ့ကျိန်းဆရာတော်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
ထို့ကြောင့် လီယန်ချူက ထိုကာလအတွင်း စက္ကူရုပ်မ၊ မြို့စောင့်နတ်အတု စသူတို့၏ မသေဆေးအတွက် ကြံစည်မှုများအကြောင်း ပြောပြလိုက်သည်။
ထို့ပြင် လုံမန်ရွာမှ ဖန့်မျိုးနွယ် ဖုန်ရွှေဆရာက ချိကဲဘက်ဂိုဏ်း၏ ဝိညာဉ်ကို အလောင်းအတွင်း ပိတ်လှောင်သည့် နည်းလမ်းအကြောင်း ပြောခဲ့သည်ကိုလည်း ထည့်သွင်းပြောပြခဲ့သည်။
ဟွေ့ကျိန်းဆရာတော် နားထောင်ပြီးနောက် ခဏမျှ စဉ်းစားကာ၊ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဒီဂိုဏ်းက တကယ်ကို လူမဆန်တဲ့ ဂိုဏ်းပဲဒီနှစ်တွေအတွင်းမှာ ချိကဲဘက်ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို မကြားရသလောက်ပဲ အခုထိ အဲ့ဂိုဏ်းရဲ့ လက်ကျန်မိစ္ဆာတွေက ဒီလောက်အထိ လျှို့ဝှက်ကြံစည်နေကြလိမ့်မယ်လို့ မထင်ထားဘူး "
"ဒါကိုကြည့်ရင် ကိုယ်တော့်ရဲ့ ညီတော် ဟွေ့ရှင်း ရဲ့ သေဆုံးမှုကလည်း ချိကဲဘက်ဂိုဏ်းနဲ့ မကင်းနိုင်ဘူးလို့ ထင်ရတယ် "
ဟွေ့ကျိန်းဆရာတော်သည် ထိုညီတော်အကြောင်း ပြောသည့်အခါတိုင်း သူ၏ ဒေါသကို မထိန်းချုပ်နိုင်အောင် ဖြစ်နေလေ့ရှိသည်။
သူတို့ ညီအစ်ကိုနှစ်ဦးမှာ သံယောဇဉ် အလွန်ကြီးမားကြသည်။
ညီတော်က ဝေမြို့တော်ရှိ တောင်တန်းများတွင် အသတ်ခံရသဖြင့် ဟွေ့ကျိန်းဆရာတော်မှာ အလွန်ပင် ဝမ်းနည်းကြေကွဲနေရသည်။
အထူးသဖြင့် ဝူကျေးရွာတွင် တွေ့ခဲ့သော ရှန်းရှောင်၏ နဖူးတွင် ညီတော်ဟွေ့ရှင်း၏ ပုတီးစေ့ စိုက်ဝင်နေခြင်းကြောင့် ဖြစ်သည်။
ညီတော်ဟွေ့ရှင်းသည် ထိုရှန်းရှောင်၏ လက်ချက်ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်နိုင်သလို၊ အနည်းဆုံးတော့ ရှန်းရှောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်မှာ သေချာသည်။
ဟွေ့ကျိန်းဆရာတော် ယခုအခါ သဘောပေါက်သွားပြီ ရှန်းရှောင်၏ နောက်ကွယ်မှ လူမှာ ချိကဲဘက်ဂိုဏ်း၏ လက်ကျန်မိစ္ဆာများသာ ဖြစ်ပေလိမ့်မည်။
"ဆရာတော်ကြီးက ဟွေ့ရှင်းဆရာတော်ကို သတ်တဲ့လူသတ်သမားကို ရှာတွေ့ရင်၊ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ကူညီဖို့ အသင့်ပါပဲ "
လီယန်ချူက လေးနက်စွာ ဆိုသည်။
ပိုင်ဟုန်းထူကလည်း
"ဟုတ်ပါတယ်၊ အကယ်၍ ဒီကိစ္စက ချိကဲဘက်ဂိုဏ်းနဲ့ တကယ်ပတ်သက်နေရင်၊ ရောက်လာမယ့်လူတွေ မနည်းဘူး၊ အဲဒီအချိန်ကျရင် ကျွန်တော်တို့ ဆရာတော်ကြီးကို ကူညီပါ့မယ် "
ဟွေ့ကျိန်းဆရာတော်က ခပ်ဖွဖွ ခေါင်းညိတ်ကာ
"ကောင်းလေစွ၊ နှစ်ဦးသားရဲ့ စေတနာကို ကိုယ်တော် ကျေးဇူးတင်ပါတယ် "
လီယန်ချူက တည်ငြိမ်စွာ
"ကျွန်တော်တို့က ကျင့်ကြံသူတွေပဲ၊ ဒီလို မိစ္ဆာတွေ သောင်းကျန်းနေတာကို ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ "
ဟွေ့ကျိန်းဆရာတော်က ပြုံး၍
"ကိုယ်တော်က အခု မြို့ထဲက ချင်းယီဘုရားကျောင်း မှာ ခဏတည်းခိုနေပါတယ်၊ ကိစ္စရှိရင် အဲဒီမှာ လာရှာလို့ရပါတယ် "
ထို့နောက် သုံးဦးသားမှာ နတ်ဘုံနန်းအကြောင်းကို အသေးစိတ် ဆက်လက်ဆွေးနွေးကြရာ လီယန်ချူနှင့် ပိုင်ဟုန်းထူတို့အတွက် အသိပညာများစွာ ရရှိခဲ့သည်။
နောက်ဆုံးတွင်
ဟွေ့ကျိန်းဆရာတော်သည် လီယန်ချူတို့၏ ထမင်းကျွေးမည့် ဖိတ်ခေါ်မှုကို ယဉ်ကျေးစွာ ငြင်းပယ်ပြီး၊ ထိုက်ဖင်တည်းခိုခန်းမှ တစ်ဦးတည်း ထွက်ခွာသွားခဲ့သည်။
လီယန်ချူသည် ဆရာတော်ကြီးထံမှ နတ်ဘုံနန်းအကြောင်း သိလိုက်ရသဖြင့် အလွန်ပင် အံ့အားသင့်သွားသည်။
ဟွေ့ကျိန်းဆရာတော် ထွက်သွားပြီးနောက် ချက်ချင်းပင်၊ ကျောက်စိမ်းအကွဲစတစ်ခုကို ထုတ်ယူကာ ပိုင်ဟုန်းထူထံ ကမ်းပေးလိုက်သည်။
"ဒီလောက်အရေးကြီးတဲ့အရာကို ငါ့ကို ဒီတိုင်းပေးလိုက်တာလား "
ပိုင်ဟုန်းထူမှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
လီယန်ချူ၏ ပါးစပ်မှာ အနည်းငယ် တွန့်သွားပြီး
"မင်း သိပ်စိတ်မလှုပ်ရှားပါနဲ့၊ ဒါက သက်သေခံလက်မှတ် တစ်ခုပဲ၊ အဲဒီအချိန်ကျရင် ဘယ်နှယောက်တောင် လာဦးမလဲမသိဘူး၊ မင်းက ဒီလောက်စွမ်းတာ၊ မသွားဘဲ ဘယ်နေပါ့မလဲ "
ပိုင်ဟုန်းထူက ခေါင်းညိတ်ကာ
" စွမ်းတယ် ဆိုတဲ့ စကားနှစ်လုံးက ငါ့ရဲ့ အရည်အချင်းကို တစ်စိတ်တစ်ပိုင်းပဲ ဖော်ပြနိုင်ပါသေးတယ် "
လီယန်ချူက လက်ယှက်၍ ဂါရဝပြုလိုက်သည်။
ထို့နောက်တွင်
လီယန်ချူမှာ နေ့စဉ် ကျင့်ကြံခြင်း၊ ချုပ်နှောင်ခြင်းအတတ်ကို ကြိုးစားလေ့ကျင့်ခြင်းတို့ ပြုလုပ်နေခဲ့သည်၊ ထိုအတတ်မှာ သိုင်းပညာနှင့် ပေါင်းစပ်လိုက်လျှင် အလွန်ပင် စွမ်းအားကြီးလှသည်။
အနည်းဆုံးတော့ သာမန် လောကီသိုင်းသမားများမှာ သူ၏ ပြိုင်ဘက် မဟုတ်တော့ပေ။
လောလောဆယ်တွင် လီယန်ချူမှာ ပထမတန်းစား သိုင်းပညာရှင်တစ်ဦးအဖြစ် ၎င်း၏ အဆင့်တူများထဲတွင် ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။
ဝေမြို့တော်အပြင်ဘက်ရှိ ထိုဂူသင်္ချိုင်းကြီး မှာ ရှာဖွေတွေ့ရှိပြီးကတည်းက လူအုပ်စုအချို့ ဆင်းသွားခဲ့ကြသော်လည်း မည်သည့်သတင်းမှ ပြန်မလာတော့ပေ။
ဟင်းလင်းပြင်ထဲ ပျောက်ကွယ်သွားသကဲ့သို့ပင်ဂိုဏ်းပေါင်းစုံမှ လူများစွာ သင်္ချိုင်းထဲသို့ ဆင်းခဲ့ကြသော်လည်း၊ ဤသင်္ချိုင်းကြီးမှာ လူစားသည့် မိစ္ဆာကြီးကဲ့သို့ ဖြစ်နေသည်။
လာသမျှလူ အကုန်ပျောက်သွားသည်။
မည်သည့်အချိန်မှစ၍လဲ မသိသော်လည်း၊ သတင်းတစ်ခု စတင်ပျံ့နှံ့လာသည်။
ဂူသင်္ချိုင်းကြီးထဲတွင် မသေဆေး၏ လျှို့ဝှက်ချက် ရှိနေသည်ဟူ၏။
၎င်းမှာ ကောလာဟလကဲ့သို့ပင် ဖြစ်သော်လည်း လူအများမှာမူ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
နက္ခတ်ဗေဒပညာ ကျွမ်းကျင်သော ပညာရှင်တစ်ဦး ထိုဂူသင်္ချိုင်းထဲသို့ ဝင်သွားခဲ့ပြီး၊ ပထမဆုံး အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ ဖြစ်လာခဲ့သည်။
ထိုပုဂ္ဂိုလ်ဖြစ်သူ အကြီးကဲလျူ ၏ အဆိုအရ၊ ဂူသင်္ချိုင်းထဲတွင် နှစ်ပေါင်းများစွာ ကျင့်ကြံထားသော မိစ္ဆာအလောင်း တစ်ခု ရှိနေသည်ဟူ၏။
၎င်းမှာ အစွမ်း အတော်ရနေပြီဖြစ်သည်။
ယခုအခါ ဂူသင်္ချိုင်း၏ ဖုန်းရွှေတည်ဆောက်ပုံမှာ ပျက်စီးသွားပြီဖြစ်ရာ၊ မကြာခင်တွင် ထိုမိစ္ဆာအလောင်းမှာ အပြင်သို့ ထွက်လာလိမ့်မည်။
ဤသို့ဖြင့်၊
လောကီပညာရှင်များသာမက
တရားဝင် ဗုဒ္ဓဘာသာ ဘုရားကျောင်းများနှင့် တာအိုကျောင်းများပါ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
ယုံရှင်းကျောင်း နှင့် ကျိန့်အန်းဘုရားကျောင်း တို့က ဦးဆောင်၍ ကြီးကျယ်သော မိစ္ဆာနှိမ်နင်းရေး အခမ်းအနား တစ်ခုကို ကျင်းပပြီး နောက်သုံးရက်အကြာ မွန်းတည့်ချိန်တွင် ဂူသင်္ချိုင်းထဲသို့ ဆင်းကာ မိစ္ဆာအလောင်းကို နှိမ်နင်းရန် စီစဉ်လိုက်ကြသည်။
လင်ရှီးဘုရားကျောင်းမှ ဟွေ့ကျိန်းဆရာတော်နှင့် လီယန်ချူတို့မှာလည်း ဖိတ်စာများကို လက်ခံရရှိခဲ့ကြသည်။
လီယန်ချူမှာ ကျင့်ကြံသူ အမြောက်အမြားကို တစ်ခါမှ မမြင်ဖူးသေးသဖြင့် သုံးရက်အကြာတွင် ပိုင်ဟုန်းထူနှင့်အတူ သွားရန် ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ပွဲကြီးပွဲကောင်းကို သွားမကြည့်ရလျှင် အလွန်နှမြောစရာ ကောင်းသောကြောင့် ဖြစ်သည်။
ညရောက်သောအခါ။
လီယန်ချူသည် ဝိညာဉ်ထွက်အတတ် ကို ကျင့်ကြံနေခဲ့သည်။
သူ၏ ဝိညာဉ်မှာ လင်ကွမ်းဖိတ်ခေါ်အဆောင်ကို အမြဲဆောင်ထားသဖြင့် သာမန် စွမ်းအင်စုစည်းခြင်းကျင့်ကြံသူများထက် များစွာ ပိုမိုအစွမ်းထက်သည်။
ထို့ပြင် ငါးပါးမိုးကြိုးအဆောင်ပေါ်မှ စင်ကြယ်သော မိုးကြိုးစွမ်းအားမှာလည်း ဝိညာဉ်ကို သန့်စင်စေသည့် အာနိသင်ရှိသည်။
နှစ်မျိုးလုံး ပေါင်းစပ်ထားသည်ဟု ဆိုနိုင်သည်။
သူသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ၊ ဂါထာများကို ရွတ်ဖတ်လိုက်ရာ ခဏချင်းမှာပင် တရားထိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
ဝိညာဉ်မှာ "ရှူး" ဟူသော အသံနှင့်အတူ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည်။
ယခုအခါ လင်ကွမ်းဖိတ်ခေါ်အဆောင်၏ အကူအညီမပါဘဲဆိုလျှင် သူသည် ခန္ဓာကိုယ်မှ သုံးပေခန့်အကွာအဝေးအတွင်း မည်သည့်ကန့်သတ်ချက်မှမရှိဘဲ လှုပ်ရှားနိုင်ပြီး၊ လောကကြီး၏ ဘေးအန္တရာယ်များကို မကြောက်တော့ပေ။
ထိုထက် ပိုဝေးသွားလျှင်မူ အအေးဓာတ်ကို စတင်ခံစားရပေလိမ့်မည်။
လီယန်ချူသည် စိတ်ညှို့လိုက်ပြီး၊ ဝေမြို့တော်အတွင်း ဝိညာဉ်ဖြင့် လှည့်လည်ကြည့်ရှု လိုက်သည်။
လမ်းတစ်လျှောက်တွင် တံခါးများ၊ နံရံများကို အတားအဆီးမရှိ ဖြတ်ကျော်သွားနိုင်သည်
မကြာမီ။
သူသည် စင်ကြယ်သော အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။
"ဒီမှာ ကျင့်ကြံသူတစ်ယောက် ရှိနေတာပဲ"
လီယန်ချူ စိတ်ထဲတွင် လှုပ်ရှားသွားသည်။
ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါမှာ သာမန်လူများ၏ ရှုပ်ထွေးသော အရှိန်အဝါနှင့် မတူပေ၊ဝိညာဉ်ထွက်နေသော အခြေအနေတွင် ကျင့်ကြံသူတို့၏ ဝိညာဉ်မှာ ကွဲပြားခြားနားသော အလင်းရောင်များကို ထုတ်လွှတ်နေလေ့ရှိသည်။