အခန်း (၃၂၃-၃၂၄)
Vol. 17 Ch. 323-324
အပိုင်း(၃၂၃) နောက်ထပ် နည်းပညာကျွမ်းကျင်သူ တစ်ဦး ရောက်လာခြင်း
လင်းယွမ်၏ မေးမြန်းမှုကို ရင်ဆိုင်ရချိန်တွင် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ယန်ချုံကျွင်းနှင့် ချီတယ်လုံတို့က အရင်ဆုံး ရှေ့ထွက်လာကာ ကိုယ်တိုင် မိတ်ဆက်စကား စတင်ပြောကြားလေသည်။
ချီတယ်လုံက "ကိုလင်း... ကျွန်တော်ရဲ့ အစွမ်းက ရေဓာတ်ပါ ရေကို ထိန်းချုပ်တဲ့နေရာမှာ ကျွမ်းကျင်ပါတယ်... ထိန်းချုပ်ပိတ်လှောင်တဲ့ဘက်ကို ပိုအားသန်ပါတယ်" ဟု ပြောလိုက်၏။
ရေကို ထိန်းချုပ်ခြင်းဆိုသော်လည်း တိုက်ခိုက်ရေး အမျိုးအစားနှင့် ကာကွယ်ရေး အမျိုးအစားဟူ၍ ကွဲပြားသေးသည်။
ဤသည်က လူတစ်ဦးချင်းစီ ပိုင်ဆိုင်ထားသော အစွမ်းအပေါ်တွင် မူတည်နေ၏။
ယေဘုယျအားဖြင့် ရေဓာတ် အစွမ်းပိုင်ရှင်များသည် ရေကို ထိန်းချုပ်နိုင်သူများ များပြားသော်လည်း ရေကို ထိန်းချုပ်ကာ တိုက်ခိုက်မှု (သို့မဟုတ်) ကာကွယ်မှု ပြုလုပ်နိုင်ခြင်းမှာ ထိုသူ၏ အစွမ်းအပေါ် ကျွမ်းကျင်ပိုင်နိုင်မှု အခြေအနေကို ကြည့်ရမည် ဖြစ်သည်။
ချီတယ်လုံက ရေစီးကြောင်းကို ထိန်းချုပ်နိုင်ပြီး ရေမြှား၊ ရေဓားစသည့် တိုက်ခိုက်ရေး အစွမ်းများ မဟုတ်ဘဲ လူကို ထိန်းချုပ်သည့် နည်းလမ်းအချို့ကို ဖန်တီးနိုင်သည်။
လင်းယွမ်က ပြုံးကာ "ကျွန်တော် မြင်ဖူးအောင် တစ်ချက်လောက် ပြပေးပါလား" ဟု ဆိုလိုက်သည်။
ချီတယ်လုံက တွေဝေမနေဘဲ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ လက်ဝါးကို ဖြန့်လိုက်ရာ အလင်းတန်းတစ်ခု လင်းလက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ထက်မှ မိုးရေများက သူ၏ လက်ဝါးထဲသို့ ဒလဟော ပြေးဝင်လာတော့သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ရေဘောလုံးများ တစ်လုံးပြီးတစ်လုံး စုစည်းဖြစ်တည်လာကာ ချီတယ်လုံက ရေဘောလုံးများကို အလိုရှိသလို ပျံသန်းလှုပ်ရှားစေနိုင်ရုံသာမက ရေဘောလုံးများကို ပုံသဏ္ဌာန် အမျိုးမျိုးသို့ပင် ပြောင်းလဲသွားစေနိုင်သည်။
လင်းယွမ်က ခေါင်းကို အသာညိတ်လိုက်၏။ ဤရေဘောလုံးအစွမ်းက သိပ်မစွမ်းလှပေ။ လူကို ပစ်ပေါက်နိုင်သော်လည်း စွမ်းအားကတော့ သာမန်သာ ဖြစ်လောက်သည်။
သူက ပြုံးလျက် "မဆိုးဘူး... ခင်ဗျားလည်း စစ်မှုထမ်းဟောင်းပဲလား" ဟု မေးလိုက်သည်။
ချီတယ်လုံက အလျင်အမြန် ခေါင်းညိတ်ကာ "ဟုတ်ပါတယ်... ကျွန်တော် စစ်ထဲမှာ နှစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အနားယူပြီးတဲ့နောက် စက်မှုနဲ့ကူးသန်းရောင်းဝယ်ရေး ဌာနမှာ အကူဝန်ထမ်းအဖြစ် တာဝန်ချထားခံခဲ့ရပါတယ်" ဟု ဖြေလိုက်၏။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဟားဟား... ကောင်းပြီလေ... ကျွန်တော် သိပါပြီ... နောက်တစ်ယောက်"
ချီတယ်လုံက ယန်ချုံကျွင်းဘက်သို့ ကြည့်လိုက်ရာ ယန်ချုံကျွင်းက ရှေ့ထွက်လာပြီး လင်းယွမ်အား "ကိုလင်း... ကျွန်တော်က အလျင် အမျိုးအစား အစွမ်းပါ" ဟု ပြောလိုက်သည်။
ထိုသို့ပြောရင်း သူ၏အစွမ်းကို ကိုယ်တိုင် ထုတ်ပြလိုက်၏။
သူက သစ်သီးလှီးဓားနှစ်လက်ကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရပြီးနောက် လက်နှစ်ဖက်ကို လွှဲယမ်းလိုက်ရာ သစ်သီးလှီးဓားများက လေခွင်းသံများပေးလျက် လည်ထွက်သွားပြီး အလင်းရိပ်များအဖြစ် ပြောင်းလဲသွားကာ အလွန်လျင်မြန်လွန်းသဖြင့် ပုံရိပ်ယောင်များပင် ထွက်ပေါ်လာတော့သည်။
လင်းယွမ်က အလိုအလျောက် ခေါင်းညိတ်မိသွားသည်။ ထိုက်ယန်တောင်တွင် အလျင် အမျိုးအစား အစွမ်းပိုင်ရှင် အများအပြား ရှိပေသည်။
ဤအစွမ်းပိုင်ရှင် အမျိုးအစားသည် အနီးကပ်တိုက်ခိုက်ရာတွင် သင့်တော်သော်လည်း အလားအလာ ကန့်သတ်ချက်ရှိသဖြင့် ထိပ်တန်း အစွမ်းပိုင်ရှင် တစ်ယောက်ဖြစ်လာရန် အလွန်ခက်ခဲလှသည်။
အမှန်တကယ် အထွတ်အထိပ်သို့ ရောက်အောင် လျင်မြန်ခြင်း မရှိပါက သဘာဝစွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များနှင့် တိုက်ခိုက်ရန် ခက်ခဲပေသည်။
ယန်ချုံကျွင်း နောက်ဆုတ်သွားပြီးနောက် လီရှောင်ကျွင်းက ရှေ့သို့ ထွက်လာကာ "ကိုလင်း... ကျွန်တော်ကလည်း ရေဓာတ် အစွမ်းပါပဲ... ကျွန်တော်က ခန္ဓာကိုယ်တစ်ခုလုံးကို ရေစီးကြောင်းအဖြစ် ပြောင်းလဲနိုင်ပြီး အသက်ဘေးက လွတ်မြောက်နိုင်တဲ့ စွမ်းရည် အတော်လေး မြင့်မားပါတယ်" ဟု ပြောလိုက်၏။
ထိုသို့ပြောရင်း သူက နေရာတွင်ပင် တစ်ချက် ထုတ်ပြလိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အစွမ်းများ ရုတ်တရက် ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရပြီးနောက် ရေအိုင်တစ်အိုင်အဖြစ် ပြောင်းလဲသွားကာ ဝေါကနဲ မြည်သံနှင့်အတူ ကုန်းပတ်ပေါ်တွင် စီးဆင်းသွားလေသည်။
ထို့အပြင် ခဏအကြာတွင် အလျင်အမြန် ပြန်လည်စုစည်းသွားပြီး ရေလူသား တစ်ယောက်အဖြစ် ပုံပေါ်လာ၏။
လင်းယွမ်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားရသည်။
"ခန္ဓာကိုယ်ကို ရေအဖြစ် ပြောင်းလဲနိုင်တာလား"
သူက ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ မြေလျှိုးအစွမ်းကို ကျွမ်းကျင်သော ယွမ်ရွေ့ကို အလိုအလျောက် သတိရသွားသည်။
ယွမ်ရွေ့၏ မြေလျှိုးအစွမ်းသည် တကယ်တော့ မိမိကိုယ်ကို မြေဓာတ်အဖြစ် ပြောင်းလဲလိုက်ပြီး မြေဓာတ် ဝတ္ထုပစ္စည်းများကြားတွင် ဖြတ်သန်းသွားလာခြင်းမျိုးနှင့် ခပ်ဆင်ဆင် တူပေသည်။
သူ၏ မျက်စိရှေ့ရှိ ဤလီရှောင်ကျွင်းက ထင်ရှားစွာပင် ပညာတစ်ပန်းသာနေပြီး တိုက်ရိုက် ရေဓာတ်အဖြစ် ပြောင်းလဲနိုင်ခြင်းက သာမန်မဟုတ်တော့ပေ။
ရေဓာတ်အဖြစ် ပြောင်းလဲပြီးနောက် လီရှောင်ကျွင်းအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု အများအပြားကို ရှောင်တိမ်းနိုင်သည်မှာ ထင်ရှားလှ၏။
သူသည် လောကအကြောင်း နားမလည်သေးသည့် တက္ကသိုလ်ကျောင်းသား တစ်ယောက်သာ ဖြစ်သော်လည်း အဆောက်အအုံ တစ်လုံး၏ ခေါင်းဆောင် ဖြစ်လာနိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။
ဤအစွမ်းက သူ့အတွက် အလွန်ကြီးမားသော အဆင်ပြေချောမွေ့မှုများကို အမှန်တကယ်ပင် ဆောင်ကြဉ်းပေးခဲ့ခြင်း ဖြစ်သည်။
လီရှောင်ကျွင်း၏ ဤအစွမ်းကိုသာ ပိုမိုနက်ရှိုင်းစွာ ဖော်ထုတ်နိုင်မည်ဆိုပါက တစ်ကိုယ်တော် ရပ်တည်နိုင်သည့် ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအား တစ်ခုအဖြစ် ပြုစုပျိုးထောင်နိုင်လိမ့်မည်ဟု လင်းယွမ် ခံစားလိုက်ရသည်။
ထို့နောက် လင်းယွမ်၏ အကြည့်က ကျန်ရှိနေသော လူနှစ်ယောက်ထံသို့ ရောက်ရှိသွား၏။
အရင်ဆုံး ရှေ့ထွက်လာသူမှာ ယွီဖုန်းဟုခေါ်သော လူငယ်ပင် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်က တောင့်တင်းခိုင်မာပြီး ပြင်းထန်သော စစ်သားအငွေ့အသက်များလည်း ရှိနေသည်။
"ခင်ဗျားလည်း စစ်မှုထမ်းဟောင်းပဲလား"
ယွီဖုန်းက ခေါင်းညိတ်ကာ လေးနက်သော အသံဖြင့် "ဟုတ်ပါတယ်... ကျွန်တော် မနှစ်ကမှ စစ်တပ်ကနေ အနားယူခဲ့တာပါ" ဟု ဖြေလိုက်သည်။
ထိုအခါမှ လင်းယွမ်က ရုတ်တရက် သဘောပေါက်သွား၏။ သူ၏ ကိုယ်ပေါ်တွင် ဤမျှ ပြင်းထန်သော စစ်သားအငွေ့အသက်များ ရှိနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
သူက ချီတယ်လုံနှင့် ယန်ချုံကျွင်းတို့ကို ကြည့်ကာ "ခင်ဗျားတို့ အချင်းချင်း သိကြတာလား" ဟု မေးလိုက်သည်။
ချီတယ်လုံက ခေါင်းညိတ်ပြပြီး "အင်း... ကျွန်တော်တို့ အကုန်လုံးက စစ်မှုထမ်းဟောင်းတွေရဲ့ တွေ့ဆုံပွဲမှာ မြင်ဖူးကြတယ်" ဟု ဆို၏။
ယန်ချုံကျွင်းကလည်း ခေါင်းညိတ်ကာ ဝန်ခံလေသည်။
လင်းယွမ်က ပြုံးလိုက်သည်။ ထိုသုံးယောက် ရင်းနှီးနေသည်မှာ အံ့သြစရာ မဟုတ်ပေ။
"ခင်ဗျားရဲ့ အစွမ်းက ဘာလဲ" လင်းယွမ်က ယွီဖုန်းကို မေးလိုက်၏။
ယွီဖုန်းကလည်း စကားများမနေဘဲ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ နောက်တစ်စက္ကန့်တွင် သူ၏ လက်တစ်ပြင်လုံး အလျင်အမြန် သတ္တုအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီး လက်ရိုးများက တချွတ်ချွတ် မြည်လာကာ အရေပြားအောက်မှ ထက်မြက်သော သံမဏိဓားနှစ်လက် ထွက်ပေါ်လာတော့သည်။
ယွီဖုန်းက လင်းယွမ်ကို ကြည့်ကာ "ကိုလင်း... ကျွန်တော်ရဲ့ အစွမ်းက သတ္တုဓားလက်တံပဲ... သတ္တုဓာတ် အစွမ်းလို့ သတ်မှတ်လို့ရပါတယ်" ဟု တည်ငြိမ်စွာ ပြောလိုက်သည်။
လင်းယွမ်က ယွီဖုန်း၏ ဓားလက်တံ တစ်စုံကို အကဲခတ်ကြည့်လိုက်ပြီး "ခင်ဗျားက လက်နှစ်ဖက်ကိုပဲ သတ္တုအဖြစ် ပြောင်းလဲနိုင်တာလား" ဟု အလိုအလျောက် မေးလိုက်၏။
ယွီဖုန်းက ခေါင်းယမ်းလိုက်ပြီး "သန္ဓေပြောင်းစွမ်းအင်တွေ စီးဆင်းသွားတဲ့ နေရာတိုင်းကို သတ္တုအဖြစ် ပြောင်းလဲနိုင်ပါတယ်... ဒါပေမဲ့ အရိုးထဲကနေ ဓားလက်တံတွေ ထွက်လာတာကတော့ အစွမ်းနိုးထလာတုန်းက အလိုအလျောက် ပါလာတဲ့ အစွမ်းတစ်ခုပဲ"
လင်းယွမ်က သဘောပေါက်သွားကာ "ခင်ဗျားရဲ့ ဒီဓားလက်တံတစ်စုံရဲ့ ဖျက်ဆီးနိုင်စွမ်းက ဘယ်လိုနေလဲ" ဟု မေးလိုက်၏။
"သတ္တုတွေကို လှီးဖြတ်ပြီး ကျောက်စိမ်းတွေကို ဖြတ်တောက်ဖို့ကတော့ အလွယ်လေးပါပဲ"
လင်းယွမ်က ချက်ချင်း ရယ်မောလိုက်လေသည်။ ကြည့်ရသည်မှာ ဤသူက တိုက်ခိုက်ရေးဘက်ကို အားသန်သော သတ္တုဓာတ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ပုံရသည်။
ထိုက်ယန်တောင်တွင်လည်း သတ္တုဓာတ် အစွမ်းပိုင်ရှင်များ ရှိပေသည်။ ရန်ဆန်းမင်နှင့် ချန်ကျန့်ဖုန်း နှစ်ယောက်စလုံးက သတ္တုဓာတ် အစွမ်းပိုင်ရှင်များပင်။
သို့သော် ရန်ဆန်းမင်၏ သတ္တုဓာတ် အစွမ်းမှာ တကယ်တော့ အထောက်အကူပြု အမျိုးအစားဟု သတ်မှတ်နိုင်ပြီး အဓိကအားဖြင့် ပစ္စည်းများကို ထက်မြက်မှု တိုးမြင့်ပေးခြင်း ဖြစ်သည်။
ချန်ကျန့်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး သတ္တုအဖြစ် ပြောင်းလဲနိုင်ခြင်းကတော့ လီရှောင်ကျွင်းကဲ့သို့ ဓာတ်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်သော အစွမ်းမျိုးနှင့် ခပ်ဆင်ဆင် တူ၏။
ဤယွီဖုန်း၏ ဓားလက်တံ အစွမ်းကတော့ လုံးဝကွဲပြားခြားနားသော သတ္တုဓာတ် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း တစ်ခုပင် ဖြစ်လေသည်။
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး "ကျွန်တော်တို့ ထိုက်ယန်တောင်မှာလည်း သတ္တုဓာတ် အစွမ်းပိုင်ရှင် တချို့ ရှိတယ်... အခွင့်အရေးရရင် ခင်ဗျားတို့ အချင်းချင်း အတွေ့အကြုံ ဖလှယ်လို့ ရပါတယ်" ဟု ပြောလိုက်သည်။
ယွီဖုန်းက ခေါင်းညိတ်ကာ ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေလိုက်၏။ သူက လူမှုဆက်ဆံရေးတွင် သိပ်မကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည့်ပုံပင်။
လင်းယွမ်ကလည်း ဂရုမစိုက်တော့ဘဲ ရမ်ကျဲဟုခေါ်သော နောက်ဆုံး လူတစ်ယောက်ထံသို့ အကြည့်ရောက်သွားသည်။
ရမ်ကျဲသည် အသက် ငါးဆယ်ခန့် ရှိပြီဖြစ်ကာ အရပ်မရှည်သော်လည်း အလွန် ကျစ်လျစ်တောင့်တင်းပြီး လက်မောင်းကြွက်သားများက ကြီးမားထွားကျိုင်းလှသည်။
ကြည့်ရသည်မှာ ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်နှင့် တူနေ၏။
သို့သော် သူ စကားစပြောလိုက်သည်နှင့် ဤဦးလေးက ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင် မဟုတ်မှန်း လင်းယွမ် သဘောပေါက်သွားလေသည်။
"မင်္ဂလာပါ ကိုလင်း... ကျွန်တော်... ကျွန်တော်ရဲ့ အစွမ်းက ဒီလက်နှစ်ဖက်ပါပဲ... ဘယ်လိုခေါ်ရမလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး"
ထိုသို့ပြောရင်း သူက လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ ဝုန်းကနဲ မြည်သံနှင့်အတူ လက်နှစ်ဖက်စလုံးက အလွန်အမင်း နီရဲလာပြီး သူ၏ လက်ပေါ်သို့ ကျဆင်းလာသော မိုးရေပေါက်များက ချက်ချင်းပင် ရှဲကနဲ မြည်သံများ ထွက်ပေါ်လာစေသည်။
လေထုထဲတွင် အဖြူရောင် ရေခိုးရေငွေ့များ ချက်ချင်း အလျင်အမြန် ထောင်းကနဲ ထွက်ပေါ်လာ၏။
သူ၏ ထိုလက်နှစ်ဖက်က မီးဖုတ်ထားသော သတ္တုတုံး နှစ်တုံးကဲ့သို့ အလွန်အမင်း ပူပြင်းနေတော့သည်။
လင်းယွမ်က အံ့သြသွားကာ "အပူချိန်မြင့် အမျိုးအစား အစွမ်းလား" ဟု မေးလိုက်သည်။
"မီးလောင်နိုင်လား" ဟု သူက ထပ်မေးလိုက်၏။
ရမ်ကျဲက ခေါင်းညိတ်ပြကာ "ရပါတယ်" ဟု ဖြေသည်။
ထိုသို့ပြောရင်း ရမ်ကျဲက လက်ဝါးနှစ်ဖက်ကို အားကုန် ရိုက်ချလိုက်လေသည်။
ရုတ်တရက် ဝုန်းကနဲ မြည်သံနှင့်အတူ လက်ဝါးနှစ်ဖက် ပွတ်တိုက်မိသွားသောကြောင့် အပူချိန်က ရုတ်ချည်း ပေါက်ကွဲထွက်လာပြီး လေထုကို မီးလောင်သွားစေသည်။
ဝုန်းကနဲ မြည်သံနှင့်အတူ ပြင်းထန်သော မီးတောက်တစ်ခု ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ မိုးရေများကို ရှဲကနဲ အငွေ့ပျံသွားစေတော့သည်။
လင်းယွမ်က "မီးဓာတ် အစွမ်းပဲ" ဟု အလိုအလျောက် ပြောလိုက်မိ၏။
ရမ်ကျဲ၏ ရိုးအသော မျက်နှာပေါ်တွင် အနည်းငယ် မျက်နှာပူနေဟန် ပေါ်လာပြီး "ဒါကို မီးဓာတ်လို့ သတ်မှတ်လို့ ရမရတော့ ကျွန်တော်လည်း မသိဘူး" ဟု ပြောလေသည်။
လင်းယွမ်က ပြုံးလိုက်ကာ "အပူချိန်မြင့်မားမှုကို ဖြစ်ပေါ်စေတဲ့ နည်းလမ်းတွေ အများကြီး ရှိပေမဲ့ ခင်ဗျားရဲ့ အစွမ်းကတော့ အဲဒီထဲမှာ ပါသင့်ပါတယ်"
ထိုသို့ပြောရင်း သူက မတ်တတ်ရပ်လိုက်ပြီး "ခင်ဗျားရဲ့ အပူချိန်က ဘယ်လောက်မြင့်လဲဆိုတာ ကျွန်တော် ကြည့်ချင်တယ်" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ အစွမ်းများကို လက်ဝါးပေါ်တွင် ဖုံးလွှမ်းစေပြီး ရမ်ကျဲ၏ နီရဲနေသော လက်ဝါးကို ဆုပ်ကိုင်လိုက်၏။
လူတိုင်းက ချက်ချင်းပင် အလွန်အမင်း အံ့အားသင့်သွားကြတော့သည်။
တင်းယန်ကလည်း မနေနိုင်တော့ဘဲ "လင်းယွမ်... သတိထားနော်" ဟု သတိပေးလိုက်လေသည်။
ရမ်ကျဲလည်း လန့်သွားပြီး လက်ကို အလျင်အမြန် ပြန်ရုတ်ရန် ကြိုးစားလိုက်သော်လည်း ခြေတစ်လှမ်း နောက်ကျသွားပြီ ဖြစ်သည်။
သူ၏ လက်ဝါးက လင်းယွမ်၏ လက်ထဲတွင် အဆုပ်ကိုင်ခံထားရပြီ ဖြစ်၏။
တစ်ချိန်တည်းမှာပင် လင်းယွမ်၏ လက်ဝါးပေါ်တွင်လည်း ဝုန်းကနဲ မြည်သံနှင့်အတူ ပြင်းထန်သော မီးတောက်များ ထတောက်လာလေသည်။
မီးနဂါးအကသည် မူလကတည်းက လင်းယွမ်၏ လက်ထဲမှ မွေးဖွားလာခြင်းဖြစ်ရာ သူ၏ လက်ဝါးကလည်း အလွန်အမင်း ပူပြင်းသော မီးတောက်များ၏ လောင်ကျွမ်းမှုကို ခံနိုင်ရည် ရှိပေသည်။
ရမ်ကျဲ၏ လက်ဝါးကို ဆုပ်ကိုင်လိုက်သောအခါ လင်းယွမ် မျက်ခုံးပင့်သွားပြီး ရမ်ကျဲ၏ လက်ဝါးပြင် အပူချိန်သည် သူ၏ မီးနဂါးအက အပူချိန်ထက်ပင် ပိုမိုမြင့်မားနေကြောင်းကို သူက ထက်မြက်စွာ ခံစားမိလိုက်သည်။
လင်းယွမ်က "ခင်ဗျား လက်ဝါးပြင်က အပူချိန်ကို ထပ်မြှင့်လို့ ရသေးလား" ဟု မေးလိုက်၏။
ရမ်ကျဲမှာ ကြောက်လန့်တကြား ငေးကြောင်သွားသည်။ သူ၏ လက်ဝါးပြင်မှ အပူချိန်ကို ခံနိုင်ရည်ရှိသူကို သူ မြင်ဖူးသည်မှာ ဒါ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
"ခင်ဗျား... ခင်ဗျား ဘာမှမဖြစ်ဘူးလား"
ရမ်ကျဲ၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာ၏။
လင်းယွမ်က ပြုံးလိုက်ပြီး "ဒီလောက် အပူချိန်လေးက ကျွန်တော်ကို ဒဏ်ရာရဖို့ မလုံလောက်ပါဘူး... ခင်ဗျား လက်ဖဝါးရဲ့ အပူချိန်ကို ထပ်မြှင့်လို့ ရသေးလား"
ရမ်ကျဲက သတိပြန်ဝင်လာပြီး မျက်နှာအပြည့် အံ့သြချီးကျူးမှုများဖြင့် "ရတော့ရပါတယ်... ကိုလင်း... သတိထားနော်" ဟု မနေနိုင်ဘဲ ပြောလိုက်သည်။
လင်းယွမ်က ပြုံးကာ "ခင်ဗျားရဲ့ ဒီအပူချိန်က အမြင့်ဆုံး ဘယ်လောက်အထိ ရောက်နိုင်လဲဆိုတာ ကျွန်တော် ကြည့်ချင်တယ်" ဟု ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ရမ်ကျဲလည်း အားနာမနေတော့ဘဲ ခန္ဓာကိုယ်ထဲရှိ အစွမ်းများကို ချက်ချင်း လှုံ့ဆော်လိုက်ကာ လက်နှစ်ဖက်မှ အပူချိန်ကို အစွမ်းကုန် ပေါက်ကွဲထွက်စေလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း သူ၏ လက်နှစ်ဖက်စလုံး နီရဲသွားပြီး လေထုက အပူချိန်မြင့်မားမှုကြောင့် လောင်ကျွမ်းကာ ပုံပျက်ရှုံ့တွသွားတော့သည်။
ထိုလက်နှစ်ဖက်နေရာတွင် အပြာရောင် မီးတောက်များပင် ခပ်ရေးရေး ပွတ်တိုက်ထွက်ပေါ်လာ၏။
ဤသည်မှာ အပူချိန် အလွန်မြင့်မားသော အခြေအနေသို့ ရောက်ရှိသွားမှသာ ဖြစ်ပေါ်လာနိုင်သည့် မီးတောက်ပင် ဖြစ်သည်။
လင်းယွမ်လည်း လောင်ကျွမ်းနေသည့် ခံစားချက်ကို ချက်ချင်း ခံစားလိုက်ရလေသည်။
ဤဦးလေးကြီး၏ လက်နှစ်ဖက်မှ အပူချိန်က သူ၏ ကာကွယ်မှုကို အမှန်တကယ် ဖောက်ထွင်းနိုင်ပြီး သူ့ကိုပင် လောင်ကျွမ်းနေသည့် ခံစားချက် ရစေသည်မို့ သူ၏ စိတ်ထဲတွင် အလိုအလျောက် အံ့သြသွားမိသည်။
လင်းယွမ်က အလိုအလျောက်ပင် လက်နှစ်ဖက်ပေါ်တွင် စိတ်စွမ်းအင် အလွှာများ ဖုံးလွှမ်းလိုက်၏။
စိတ်စွမ်းအင်များ ဖုံးလွှမ်းသွားမှုအောက်တွင် အပူချိန်ကို အလျင်အမြန် ကာကွယ်တားဆီးပေးလိုက်သော်လည်း အပူချိန်မြင့်မားမှု၏ လောင်ကျွမ်းမှုအောက်တွင် စိတ်စွမ်းအင်များလည်း အလျင်အမြန် ပြိုကွဲပျက်စီးနေသည်။
သို့သော် လင်းယွမ်၏ စိတ်စွမ်းအင်က နက်ရှိုင်းသောကြောင့် ဤပြိုကွဲပျက်စီးမှုကို ပထမဆုံးအချိန်တွင်ပင် ပြန်လည်ဖြည့်တင်းပေးလိုက်သည်။
ထို့ကြောင့် သူက ဤအပူချိန်မြင့်မားမှုကို ဆက်လက် တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား ရမ်ကျဲ၏ ဤအပူချိန်မြင့်မားလှသော လက်ဝါးတစ်စုံက လင်းယွမ်၏ စိတ်ထဲတွင် များစွာ အံ့သြသွားစေဆဲ ဖြစ်၏။
"ကို... ကိုလင်း... ကျွန်တော် အဆုံးစွန်အထိ ရောက်နေပြီ" ရမ်ကျဲက မျက်နှာပေါ်တွင် အထိတ်တလန့်များဖြင့် မနေနိုင်တော့ဘဲ ပြောလိုက်သည်။
လင်းယွမ်က ထိုစကားကို ကြားသောအခါ လက်ဝါးကို လွှတ်ပေးလိုက်ပြီး လက်ကို ဖွဖွလေး ခါလိုက်ရာ လက်ပေါ်ရှိ မီးတောက်များက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
သူ၏ လက်ဝါးက တစ်စက်လေးမျှ ထိခိုက်ဒဏ်ရာ ရမသွားခဲ့ပေ။
"အရမ်းကို အစွမ်းထက်တဲ့ အစွမ်းပဲ... ဒီလို အပူချိန်မျိုးနဲ့ သံတွေကို အရည်ဖျော်ပြီး ပုံသွင်းတာကတော့ အလွယ်လေးပဲ"
"အစွမ်းပိုင်ရှင်တွေတောင် ခင်ဗျားရဲ့ ဒီအပူချိန်မြင့်မားတဲ့ လက်ဝါးတစ်ချက်ကို ခံနိုင်ရည် ရှိမှာမဟုတ်ဘူး"
လင်းယွမ်က ပြုံးလျက် ချီးကျူးလိုက်လေသည်။
တစ်ချိန်တည်းမှာပင် တစ်ဖက်လူက အဆောက်အအုံ တစ်လုံး၏ ခေါင်းဆောင် ဖြစ်လာနိုင်သည့် အကြောင်းရင်းကိုလည်း သူ သဘောပေါက်သွား၏။
တိုက်ခိုက်ရေးစွမ်းအား တစ်ခုတည်းကိုသာ ပြောရမည်ဆိုလျှင် ရမ်ကျဲ၏ ဤအပူချိန်မြင့်မားသော လက်ဝါးတစ်စုံက ဤလူအနည်းငယ်ထဲတွင် အကြောက်ရဆုံး ဖြစ်သည်မှာ သေချာလှသည်။
လီရှောင်ကျွင်းဟုခေါ်သော ထိုရေဓာတ် ခန္ဓာကိုယ်ဆိုလျှင်ပင် ရမ်ကျဲ၏ ဤအပူချိန်မြင့်မားသော လက်ဝါးတစ်စုံနှင့် တွေ့လိုက်ရပါက မိနစ်ပိုင်းအတွင်း အငွေ့ပျံသွားရမည်သာ ဖြစ်သည်။
ရမ်ကျဲ၏ မျက်နှာပေါ်တွင် အနည်းငယ် အနေရခက်သွားဟန် ပေါ်လာပြီး "ကိုလင်းက မြှောက်လွန်းနေပြီ... ကျွန်တော်က ပန်းပဲပညာရှင် တစ်ယောက်ပါပဲ... ဒီလက်တစ်စုံက လက်နက်ကိရိယာတွေ ထုဆစ်ဖို့အတွက် ကွက်တိကျနေတာပါ" ဟု ပြောလေသည်။
လင်းယွမ်က အံ့သြသွားကာ "ခင်ဗျားက ပန်းပဲပညာရှင်လား... ကိုယ်တိုင် လက်နက်တွေ ဖန်တီးတာလား" ဟု မေးလိုက်သည်။
ဘေးဘက်ရှိ ယန်ချုံကျွင်းက ရမ်ကျဲကိုယ်စား အလိုအလျောက် ဝင်ပြောလိုက်ကာ "ကိုလင်း... အစ်ကိုရမ်ရဲ့ သံပန်းပဲပညာက အရမ်းကို တော်တာ... သူ ဖန်တီးထားတဲ့ သတ္တုလက်နက်တချို့က သန္ဓေပြောင်း သတ္တဝါတွေရဲ့ အရိုးလက်နက်တွေထက် တစ်စက်လေးမှ မညံ့ဘူး"
"သူက သူကိုယ်တိုင် ဖန်တီးထားတဲ့ လက်နက်တွေကို မှောင်ခိုဈေးကွက်မှာ သွားရောင်းလေ့ရှိပြီး အရောင်းအဝယ်ကလည်း အမြဲတမ်း အတော်လေး ကောင်းပါတယ်"
လင်းယွမ်က အသက် ငါးဆယ်ခန့်ရှိပြီဖြစ်သော ဤဦးလေးကြီးကို အထက်အောက် တစ်ချက် အကဲခတ်ကြည့်လိုက်သည်။
အပူချိန်မြင့် လက်ဝါး၊ အဆင့်မြင့် ပန်းပဲပညာရှင်။
ဒါက အပြစ်အနာအဆာကင်းတဲ့ ပန်းပဲပညာရှင်ကြီး မဟုတ်ဘူးလား။
လင်းယွမ်၏ စိတ်ထဲတွင် အရည်အချင်းရှိသူကို မြတ်နိုးသည့်စိတ် အလိုအလျောက် ပေါ်လာမိသည်။
အကယ်၍ ဤလူကသာ ထိုက်ယန်တောင်၏ နည်းပညာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနသို့ ဝင်ရောက်လာမည်ဆိုပါက ဖုချီပေါ်နှင့်အတူ ဆန်းသစ်တီထွင်မှုရှိသော လက်နက်အချို့ကို ဖန်တီးနိုင်ကောင်း ဖန်တီးလာနိုင်ပေမည်။
သူက မနေနိုင်တော့ဘဲ "ဦးလေးရမ်ရဲ့ ဒီစွမ်းရည်က မဆိုးဘူးပဲ... ခင်ဗျား ဘယ်လိုလက်နက်တွေ သုတေသနလုပ်ပြီး ဖန်တီးထားလဲ" ဟု မေးလိုက်၏။
ရမ်ကျဲ၏ ရိုးအသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ "ကိုလင်းကို မဖုံးကွယ်ပါဘူး... ကျွန်တော်က အဓိကအားဖြင့် လက်နက်အေးတွေကိုပဲ အဓိကထားပြီး ဖန်တီးပါတယ်... ဒါပေမဲ့ မကြာသေးခင်ကမှ ကျွန်တော် သေနတ်လို အပူလက်နက်တွေကို သုတေသန လုပ်နေတာပါ... သေနတ်ကိုတော့ ကျွန်တော် ဖန်တီးနိုင်ပေမဲ့ ကျည်ဆန်တွေကတော့ အမြဲတမ်း အခက်အခဲ ဖြစ်နေဆဲပါပဲ" ဟု ပြောလေသည်။
လင်းယွမ်က ချက်ချင်းပင် အလွန်အမင်း အံ့အားသင့်သွားပြီး "ခင်ဗျား သေနတ်တွေ ဖန်တီးနိုင်ပြီလား" ဟု မေးလိုက်၏။
ရမ်ကျဲက ရိုးရိုးအအဖြင့် ပြုံးလိုက်ကာ ရင်ဘတ်ထဲမှ သူကိုယ်တိုင် ဖန်တီးထားသော သေနတ်တစ်လက်ကို ထုတ်ယူလိုက်ပြီး "ကိုလင်း... ဒါက ကျွန်တော် ဖန်တီးထားတဲ့ သေနတ်တစ်လက်ပါ... တစ်ချက်လောက် ကြည့်ကြည့်ပါဦး" ဟု ပြောလေသည်။
ထိုသို့ပြောရင်း သူက သေနတ်ကို လင်းယွမ်ထံသို့ ကမ်းပေးလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ လင်းယွမ်သာမက ဘေးဘက်ရှိ တင်းယန်နှင့် မလှမ်းမကမ်းတွင်ရှိသော လီချင်းဟွာတို့ အပါအဝင် လူတိုင်းကလည်း ဤသေနတ်ကို လေ့လာရန် မနေနိုင်ဘဲ အနီးသို့ ချဉ်းကပ်လာကြတော့သည်။
လင်းယွမ်က သေနတ်ကို အလျင်အမြန် ဖြုတ်ချလိုက်သည်။ သူ၏ထံတွင်လည်း အစောပိုင်း ကံစမ်းမဲနှိုက်စဉ်က မရည်ရွယ်ဘဲ မဲပေါက်ခဲ့သော သေနတ်တစ်လက် ရှိပေသည်။
သို့သော် ကျည်ဆန်များ ကုန်သွားပြီးနောက် သူက အမြဲတမ်း ပြန်လည် မဖြည့်တင်းခဲ့ပေ။
တကယ်တော့ ကံစမ်းမဲစနစ်ထဲတွင် သေနတ်နှင့် ကျည်ဆန်များ လဲလှယ်ခြင်းက ဈေးကြီးသည်ဟု မဆိုသာပေ။
သို့သော် ယခု ပတ်ဝန်းကျင်ကြီး၏ စိုထိုင်းဆက မြင့်မားနေသဖြင့် ယမ်းမှုန့် များသည် အလွယ်တကူ စိုထိုင်းသွားနိုင်သည်။
အကယ်၍ ကျည်ထစ်ခြင်း၊ ကျည်မထွက်ခြင်းစသည့် ပြဿနာများ ပေါ်ပေါက်လာပါက တိုက်ပွဲဝင်နေစဉ်အတွင်း အလွန်အသက်အန္တရာယ် ပေးနိုင်ပေသည်။
သေချာသည်မှာ သေနတ်ကို သူ၏ ပစ္စည်းသိုလှောင်ခန်းထဲတွင် သိမ်းဆည်းထားမည်ဆိုပါက ဤသို့သော ပြဿနာမျိုး ရှိမည်မဟုတ်ပေ။
သို့သော် လင်းယွမ်က သေနတ်များ အများအပြား လဲလှယ်ထုတ်ယူရန် အလိုမရှိသေးပေ။
အထူးသဖြင့် အစောပိုင်း သူ အားနည်းနေသေးချိန်တွင် သေနတ်များ အပြင်သို့ ပေါက်ကြားသွားပြီး အခြားသူများလည်း သေနတ်များကို ကိုင်ဆောင်နိုင်မည်ဆိုပါက ထိုအရာက သူ၏အတွက် တကယ်တော့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပေသည်။
ထို့ကြောင့် သူက ဤအပူလက်နက်များကို လဲလှယ်ရန် အမြဲတမ်း တမင်တကာ ရှောင်ကြဉ်ခဲ့ခြင်း ဖြစ်သည်။
ယခု ရမ်ကျဲက ရုတ်တရက် ကိုယ်တိုင် ဖန်တီးထားသော သေနတ်တစ်လက်ကို ထုတ်ပြလာခြင်းက လင်းယွမ်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။
အပြင်ဘက်ရှိ အစွမ်းပိုင်ရှင်များကလည်း သေနတ်များကို ကိုယ်တိုင် ဖန်တီးနိုင်သည့် စွမ်းရည်များ စတင်ရှိနေပြီလား။
လင်းယွမ်က ဤသေနတ်ကို အလျင်အမြန် ဖြုတ်ချလိုက်ကာ သေချာစွာ လေ့လာကြည့်လိုက်ရာ တိကျမှုဖြစ်စေ၊ ပန်းပဲပညာရပ်ဖြစ်စေ အားလုံးက ထိပ်တန်းအဆင့်များပင် ဖြစ်နေသည်။
သူ အရင်က အသုံးပြုခဲ့ဖူးသော သေနတ်ထက်ပင် ပိုမို သေသပ်ကောင်းမွန်နေသေး၏။
တစ်ခုတည်းသော ပြဿနာမှာ ကျည်ဆန် မရှိခြင်းပင် ဖြစ်သည်။
လင်းယွမ်က သေနတ်ကို ပြန်လည် တပ်ဆင်လိုက်ပြီး တင်းယန်တို့ ကြည့်ရှုနိုင်ရန် ကမ်းပေးလိုက်သည်။
တင်းယန်တို့က ဤသေနတ်ကို တစ်ယောက်တစ်လှည့် စတင် ကြည့်ရှုကြပြီး အားလုံး၏ မျက်နှာပေါ်တွင် အံ့သြချီးကျူးသည့် အရိပ်အယောင်များ အသီးသီး ပေါ်ထွက်လာကြတော့သည်။
လင်းယွမ်က ရမ်ကျဲကို ကြည့်ကာ သက်ပြင်းချလျက် "ဦးလေးရမ်... ခင်ဗျားမှာ ဒီလောက် စွမ်းရည်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး... အချိန်နည်းနည်းလောက် ထပ်ပေးလိုက်ရုံနဲ့ ခင်ဗျား တကယ်ကို ကျည်ဆန်တွေကို သုတေသနလုပ်ပြီး ဖန်တီးနိုင်လာလိမ့်မယ်လို့ ထင်တယ်" ဟု ပြောလိုက်၏။
ရမ်ကျဲက ခေါင်းကုတ်လိုက်ပြီး ရိုးသားစွာဖြင့် "တကယ်တော့ ကျွန်တော် စဉ်းစားထားတဲ့ အကြံဉာဏ်တချို့ ရှိနေပြီ... ဒါပေမဲ့ အမြဲတမ်း လမ်းစရှာမတွေ့ ဖြစ်နေတာ" ဟု ပြောလေသည်။
လင်းယွမ်က ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး "ဘာအကြံဉာဏ်လဲ... တစ်ချက်လောက် ပြောပြပါဦး" ဟု အလျင်အမြန် မေးလိုက်သည်။
"ကျွန်တော် လိုင်ကျစ်ရုံရဲ့ မှောင်ခိုဈေးကွက်ကနေ အစွမ်းလက်နက်တချို့ ဝယ်ထားတယ်... အဲဒီအပေါ်က သင်္ကေတတွေက ကျွန်တော်ကို အကြံဉာဏ် ရစေခဲ့တာ"
"အဲဒီသင်္ကေတတွေက အစွမ်းပိုင်ရှင်တွေရဲ့ အစွမ်းတွေကို သတ်မှတ်ထားတဲ့ လည်ပတ်မှုပုံစံအတိုင်း တိုက်ကွက် ပုံစံတွေအဖြစ် ဥပမာ- ဓားစွမ်းအင်၊ သန်လျက်စွမ်းအင်၊ မီးတောက် စတာတွေအဖြစ် လှုံ့ဆော်ပေးနိုင်တယ်ဆိုတာကို ကျွန်တော် တွေ့ရှိခဲ့ရတယ်"
"ဒါကြောင့် ယမ်းမှုန့်အစား ကျည်ဆန်ကို ပေါက်ကွဲထွက်သွားစေမယ့် ပြင်းထန်တဲ့ လေဖိအားပေါက်ကွဲမှုကို ဖြစ်ပေါ်စေနိုင်တဲ့ အဲဒီလို သင်္ကေတမျိုး ရှိနိုင်မလားဆိုပြီး ကျွန်တော် စဉ်းစားမိနေတာ"
"နှမြောစရာကောင်းတာက ကျွန်တော် သင်္ကေတပညာကို နားမလည်တော့ အမြဲတမ်း လမ်းစပျောက်နေခဲ့တာ"
လင်းယွမ်က ထိုစကားကို ကြားလိုက်ရသည်နှင့် သူ၏ ခေါင်းထဲတွင် သင်္ကေတ နှစ်မျိုးက ချက်ချင်း ဖြတ်ပြေးသွားတော့သည်။
"ပေါက်ကွဲသင်္ကေတ၊ လေဖိအားပေါက်ကွဲ သင်္ကေတ"
ထိုအထဲတွင် ပေါက်ကွဲသင်္ကေတသည် အလွယ်ကူဆုံးသော ပေါက်ကွဲမှု သင်္ကေတ တစ်မျိုးပင် ဖြစ်သည်။
အကယ်၍ ဤသင်္ကေတမျိုးကို အသေးစား အစွမ်းကျောက်တုံးလေးများပေါ်တွင် ထွင်းထုနိုင်ပြီး ကျည်ဆန်ထဲတွင် တပ်ဆင်ကာ ၎င်း၏ ပေါက်ကွဲမှုကို လှုံ့ဆော်ပေးနိုင်မည် ဆိုပါက...
ပေါက်ကွဲသင်္ကေတ၏ ပေါက်ကွဲအားအရ အပူချိန်မြင့်မားပြီး ဖိအားပြင်းထန်သော ဓာတ်ငွေ့များကို ချက်ချင်း ဖြစ်ပေါ်လာစေမည်မှာ သေချာပြီး ဤဓာတ်ငွေ့များက အလျင်အမြန် ကျယ်ပြန့်လာကာ ပြင်းထန်သော တွန်းကန်အားကို ဖြစ်ပေါ်လာစေမည် ဖြစ်သည်။
ဤသို့ဆိုလျှင် ကျည်ဆန်ကို သေနတ်ပြောင်းဝမှ တိုက်ရိုက် တွန်းထုတ်ပေးနိုင်ပြီး ကနဦးအလျင်ကို ပေးစွမ်းနိုင်ကာ ပစ်ခတ်မှုတစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သည်။
ပေါက်ကွဲသင်္ကေတ ကျောက်တုံး၏ စွမ်းအားအရ ဖန်တီးလိုက်သော ကျည်ဆန်များသည် အလျင်ဖြစ်စေ၊ ပစ်ခတ်နိုင်သည့် အကွာအဝေးဖြစ်စေ ယမ်းမှုန့် ကျည်ဆန်များထက် များစွာ သာလွန်နေမည်ကိုပင် စိုးရိမ်ရသည်။
သေချာသည်မှာ ပိုမိုများပြားသော အသေးစိတ် အချက်အလက်များကို ဖြည့်ဆည်းရန် လိုအပ်နိုင်သေးသည်။
ဥပမာ- ကျည်ခွံသည် ပေါက်ကွဲသင်္ကေတ ကျောက်တုံး၏ ဒဏ်ကြောင့် ပေါက်ကွဲကွဲအက်သွားခြင်း မရှိစေရန် မည်သို့ အာမခံမည်နည်း၊ သေနတ်ပြောင်းဝ ပေါက်ကွဲမသွားစေရန် မည်သို့ အာမခံမည်နည်း စသည်တို့ပင်။
သို့သော် ယုံမှားသံသယဖြစ်ဖွယ် မရှိသည်မှာ ဤသီအိုရီက အသုံးဝင်ပြီး လုံးဝကို လက်တွေ့အကောင်အထည် ဖော်နိုင်ခြင်းပင် ဖြစ်သည်။
ထို့အပြင် အခြားတစ်မျိုးဖြစ်သော လေဖိအားပေါက်ကွဲ သင်္ကေတက တကယ်တော့ ကျည်ဆန်များ ဖန်တီးရာတွင် ပို၍ပင် သင့်တော်သေး၏။
လေဖိအားပေါက်ကွဲ သင်္ကေတသည် လင်းယွမ်က ဖုချီပေါ်၏ လက်ထဲမှ မကြာသေးမီက ရရှိထားသော သင်္ကေတအရိုး ခုနစ်ခုထဲမှ တစ်ခုပင် ဖြစ်သည်။
၎င်း၏ အလုပ်လုပ်ပုံ သီအိုရီမှာ အစွမ်းများကို သင်္ကေတထဲသို့ ထည့်သွင်းလိုက်ပြီးနောက် ဖိသိပ်ပေါက်ကွဲသွားစေခြင်း ဖြစ်သည်။
ဤသည်မှာ ဂန္ထဝင်မြောက် ကျည်ဆန်ပစ်ခတ်မှု သီအိုရီပင် ဖြစ်၏။
သို့သော် အစောပိုင်းက ထိုအစွမ်းပိုင်ရှင်သည် သူ၏ လက်မောင်းကို သေနတ်ပြောင်းဝအဖြစ် မှတ်ယူကာ လက်ဝါးပြင်ကို သေနတ်ပြောင်းဝအဖြစ် ထားရှိပြီး လက်သီးတစ်ချက် ထိုးလိုက်သည်နှင့် ပြောင်းဝမှ ထွက်ပေါ်လာသော ကျည်ဆန်ကဲ့သို့ လေဖိအားအမြောက်လက်သီးကို ထိုးနှက်နိုင်ခဲ့သည်။
လေဖိအားပေါက်ကွဲ သင်္ကေတသည် မီးဓာတ် သင်္ကေတ မဟုတ်ဘဲ ခွန်အား အမျိုးအစား သင်္ကေတ တစ်မျိုးဖြစ်ကာ အမျိုးအစား ကွဲပြားသော သင်္ကေတ ကျောက်တုံးများပေါ်တွင် ထွင်းထုနိုင်ပြီး မတူညီသော လေဖိအားပေါက်ကွဲမှု အာနိသင်များကို ဖြစ်ပေါ်စေနိုင်သည်။
လင်းယွမ်က ရုတ်တရက် အတွေးနယ်ချဲ့သွားသည်။ အကယ်၍ မတူညီသော သင်္ကေတ ကျောက်တုံးများပေါ်တွင် အခြားသော သင်္ကေတ အများအပြားကိုပါ ထပ်မံ ထွင်းထုနိုင်မည် ဆိုပါက...
ထိုသို့ဆိုလျှင် ဤကျည်ဆန်များသည် အထူးကျည်ဆန်များ ဖြစ်လာနိုင်မည် မဟုတ်ပါလား။
တစ်ခဏအတွင်း အစွမ်းလက်နက်များသည် ကြီးမားသော အလားအလာ ရှိနေပုံရကြောင်း လင်းယွမ် ခံစားလိုက်ရတော့သည်။
ဆက်ရန်...
အပိုင်း(၃၂၄) မုန့်ယိုယို၏ ဝိညာဉ်တေးသွားအစွမ်း
"ထိုက်ယန်တောင် ခိုလှုံရေးစခန်းကနေ နွေးထွေးစွာ ကြိုဆိုပါတယ်"
လင်းယွမ်က ပြုံးကာ သူ၏ရှေ့မှောက်ရှိ ရမ်ကျဲထံသို့ သေနတ်ကို ပြန်ပေးလိုက်၏။
ဦးလေးရန်က တကယ်ကို အရည်အချင်းရှိသူတစ်ဦး ဖြစ်သည်။ သူက သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး သေချာပျိုးထောင်ပေးနိုင်မည်ဆိုပါက ဖုချီပေါ်နှင့် ပူးပေါင်းကာ အံ့မခန်း တီထွင်မှုအချို့ကိုပင် ဖန်တီးလာနိုင်ပေမည်။
ယခုလို ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးမှုကြီးအောက်တွင် ကုန်းမြေများအားလုံး ရေအောက်ရောက်သွားခဲ့ပြီး စက်မှုလုပ်ငန်းများ ပြိုလဲကာ နည်းပညာများလည်း နှစ်ပေါင်းမည်မျှလောက် နောက်ဆုတ်သွားခဲ့ပြီမှန်း မသိနိုင်တော့ပေ။
ထိုကဲ့သို့သော သိပ္ပံပညာရှင်မျိုးသည် ခိုလှုံရေးစခန်းတစ်ခုအတွက်တော့ အလွန်ကို အရေးပါလှပေသည်။
ရမ်ကျဲကလည်း လင်းယွမ်၏ စေတနာကို ခံစားမိသွားသဖြင့် အပြုံးတစ်ခု ပေါ်လာကာ ကမန်းကတန်း ဆိုလိုက်သည်။ "ကျေးဇူးတင်ပါတယ် ကိုလင်း... ကျေးဇူးတင်ပါတယ်"
လင်းယွမ်က ပြုံးလိုက်သည်။ "ထူလုံ... သူတို့ကို သင်္ဘောပေါ်က အခြေအနေတွေနဲ့ ရင်းနှီးသွားအောင် လိုက်ပြပေးလိုက်ပါဦး"
ထူလုံက ခေါင်းညိတ်ပြပြီးနောက် ထိုလူစုကို ချက်ချင်း ခေါ်ဆောင်သွားတော့သည်။
လင်းယွမ်နှင့် တင်းယန်တို့ကလည်း သင်္ဘောကပ္ပတိန်အခန်းဆီသို့ ပြန်လာခဲ့ကြ၏။
ယခုအချိန်တွင် သင်္ဘောက တရွေ့ရွေ့နှင့် ရှေ့သို့ ဆက်လက်ထွက်ခွာနေပြီး တစ်ချိန်က မိန်တုဥယျာဉ်ရှိခဲ့ရာ အရပ်ဆီသို့ ဦးတည်နေလေသည်။
ကျူးယွီချွမ်က ရေဒါကို ကြည့်ရင်း လမ်းတစ်လျှောက်ရှိ ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်နေ၏။
ယခုအချိန်၌ ရေပြင်ကြီးသည် မျက်စိတစ်ဆုံး ကျယ်ပြောလှပြီး အထပ်နှစ်ဆယ်အထက်ရှိသော အဆောက်အအုံမြင့်ကြီးများသာလျှင် ရေပြင်ထက်သို့ ပေါ်ထွက်နေနိုင်သော်လည်း။
ရေအောက်တွင် နစ်မြုပ်နေသော အဆောက်အအုံများက မရေမတွက်နိုင်အောင် ရှိနေပြီး အထူးသဖြင့် အထပ်နှစ်ဆယ်ခန့် မြင့်မားသော အဆောက်အအုံများကို ပို၍ပင် သတိထားရပေမည်။
ယခုအချိန်တွင် ထိုအဆောက်အအုံတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော ရေအောက်ကျောက်ဆောင်များအဖြစ် ပြောင်းလဲသွားနိုင်ပြီး အကယ်၍ သင်္ဘောနှင့် တိုက်မိကာ ကိုယ်ထည်ပျက်စီးသွားပါက အလွန်ကို ဒုက္ခရောက်သွားနိုင်ပေသည်။
ကံကောင်းသည်မှာ သင်္ဘောပေါ်တွင် ရေဒါပါရှိနေသဖြင့် အနီးတစ်ဝိုက်ရှိ ရေပြင်အခြေအနေကို ထိရောက်စွာ ထောက်လှမ်းနိုင်ခြင်းပင် ဖြစ်သည်။
ကျူးယွီချွမ်၏ဘေးတွင် စိတ်စွမ်းအင် အစွမ်းပိုင်ရှင် အချို့လည်း ပါရှိနေ၏။
ထိုအထဲတွင် ချန်ယန်း... ကျန်းရုံရုံနှင့် အခြားသူများလည်း ပါဝင်လေသည်။
သူက ထိုစိတ်စွမ်းအင် အစွမ်းပိုင်ရှင်များကို သင်္ဘောပေါ်ရှိ စက်ပစ္စည်းအချို့ အသုံးပြုပုံကို သင်ကြားပေးနေခြင်း ဖြစ်သည်။
ဤသည်မှာ လင်းယွမ်ကိုယ်တိုင် ချမှတ်ပေးထားသော တာဝန်တစ်ခု ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် နောင်တစ်ချိန်တွင် ထိုက်ယန်တောင်၌ ဤသင်္ဘောတစ်စီးတည်းသာ ရှိနေမည်မဟုတ်သလို ကျူးယွီချွမ်တစ်ယောက်တည်းသာ သင်္ဘောမောင်းတတ်သူအဖြစ် ရှိနေ၍ မဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ယခုကတည်းက ကျူးယွီချွမ်ကို လူသစ်များအား လေ့ကျင့်သင်ကြားပေးရန် တာဝန်ပေးထားခြင်း ဖြစ်သည်။
စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များက မှတ်ဉာဏ်ကောင်းမွန်ပြီး သင်ယူလေ့လာနိုင်စွမ်း လျင်မြန်သောကြောင့် လင်းယွမ်က သူတို့ကို ဦးစွာ သင်ယူစေခဲ့ခြင်း ဖြစ်၏။
သူတို့ တတ်မြောက်သွားပါက အဖွဲ့လိုက်ခွဲ၍ အခြားသူများကို ထပ်မံသင်ကြားပေးရဦးမည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် သင်္ဘောမောင်းနှင်နိုင်သော သင်္ဘောသားတစ်စုကို အမြန်ဆုံး လေ့ကျင့်ပေးရန် လိုအပ်နေပေသည်။
တင်းယန်က ပြုံးလိုက်သည်။ "ဒီတစ်ခေါက် ယန်ကွမ်းမြို့သစ်ကို လာရတာ အချည်းနှီး မဖြစ်ပါဘူး... မှောင်ခိုဈေးတစ်ခုကို ဖြိုခွင်းနိုင်ခဲ့တဲ့အပြင် လူတစ်ရာကျော်ကိုပါ ကယ်ဆယ်နိုင်ခဲ့တယ်"
လင်းယွမ်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။ "တကယ်ပါပဲ... ငါတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို တည်ဆောက်နေတဲ့ အချိန်မှာ အပြင်ကလူတွေလည်း လုံးဝ လက်မြှောက်အရှုံးမပေးဘဲ အသက်ရှင်သန်ဖို့ ကြိုးစားနေကြတာပဲ"
"ဟုတ်တယ်နော်... ဒါနဲ့ စကားမစပ်... တကယ်လို့ ကျွန်မတို့သာ ဒီမှောင်ခိုဈေးကို မဖြိုခွင်းခဲ့ရင် နောက်ဆုံးမှာ ဘယ်လိုပုံစံမျိုး ဆက်ဖြစ်လာမလဲ မသိဘူးနော်"
လင်းယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ရေပေါ်စခန်းတစ်ခုအဖြစ် တကယ်ပဲ ဖွံ့ဖြိုးလာနိုင်လောက်တယ်"
"ဟင်... ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်မှာလဲ" တင်းယန်က စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။
သူမကတော့ မဖြစ်နိုင်ဟု ထင်မိသည်။ အဘယ်ကြောင့်ဆိုသော် ရေကြီးမှုက ဆက်လက်တည်ရှိနေပြီး မိုးကလည်း ဆက်တိုက်ရွာသွန်းနေမည်ဆိုပါက ယန်ကွမ်းမြို့သစ်ရှိ ထိုအထပ်များသည်လည်း အနှေးနှင့်အမြန် ရေနစ်မြုပ်သွားမည်သာ ဖြစ်သောကြောင့်တည်း။
ထိုအချိန်ကျလျှင် ဤလူများ မည်သို့ အသက်ရှင် နေထိုင်ကြမည်နည်း။
လင်းယွမ်က ပြုံးလိုက်ပြီး သူမ၏ အတွေးများကို သဘာဝကျကျ နားလည်စွာဖြင့် ဆိုလိုက်သည်။
"နင်က အခင်းဖြစ်ပွားတဲ့နေရာကို မသွားခဲ့လို့ မသိတာပါ... လိုင်ကျစ်ရုံတို့အဖွဲ့က ရေပေါ်ပလက်ဖောင်းတစ်ခုကိုတောင် တည်ဆောက်နေကြပြီ"
"ငါးလေအိပ်တွေကို ရေပေါ်အောက်ခံအဖြစ် အသုံးပြုတဲ့ အကြံဉာဏ်က တော်တော်လေးကို ထူးခြားတယ်... တကယ်လို့ ကြီးကြီးကျယ်ကျယ် တည်ဆောက်နိုင်ခဲ့ရင် တကယ်ပဲ အောင်မြင်သွားနိုင်တယ်"
"တကယ်လို့ ဆန်လိုမျိုး အဓိက အစားအစာတွေနေရာမှာ အစားထိုးနိုင်မယ့် ရေဓာတ်ပါတဲ့ အပင်တွေကိုပါ စိုက်ပျိုးနိုင်မယ်ဆိုရင် နောက်ပိုင်းကျရင် ရေပေါ်ကမ္ဘာတစ်ခု တကယ်ဖြစ်လာနိုင်တယ်"
တင်းယန်က မျက်ခုံးပင့်လိုက်သည်။
"ငါးလေအိပ်တွေကို အောက်ခံအဖြစ် သုံးတယ်... အဲဒါက အလေးချိန် ခံနိုင်ပါ့မလား"
လင်းယွမ်က ခေါင်းညိတ်လိုက်၏။ "သူတို့ အဲဒီအချိန်က တည်ဆောက်ခဲ့တဲ့ ပလက်ဖောင်းကို ကြည့်ရသလောက်တော့ အလေးချိန် ခံနိုင်ရည်က မဆိုးပါဘူး... တကယ်လို့ ပိုကြီးပြီး ပိုများတဲ့ ငါးလေအိပ်တွေကို စုစည်းပြီး သုံးမယ်ဆိုရင် ရေပေါ်ပေါ်နိုင်စွမ်းအားကောင်းတဲ့ အောက်ခံပလက်ဖောင်းတစ်ခုကို တကယ်ပဲ လုပ်နိုင်လောက်တယ်"
"အဲဒီနောက် မာကျောပေမဲ့ အလေးချိန်ပေါ့ပါးတဲ့ ပစ္စည်းတွေကိုပါ ထပ်ရှာနိုင်ရင် အဲဒီလိုပလက်ဖောင်းပေါ်မှာ အိမ်လိုမျိုး ခိုလှုံရေးစခန်းတွေကို တည်ဆောက်နိုင်ပြီလေ"
တင်းယန်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ရှင်ပြောတဲ့ ရေဓာတ်ပါတဲ့ အပင်မျိုးက ဘယ်မှာရှိမှာလဲ"
လင်းယွမ်က ပြုံးလိုက်ပြီး အပြင်ဘက်ရှိ ရေလွှမ်းမိုးမှုကြီးကို ကြည့်ကာ ဆိုလိုက်၏။ "ကမ္ဘာကြီးတစ်ခုလုံးက သန္ဓေပြောင်းလဲနေတာပဲ... အပင်တွေလည်း သန္ဓေပြောင်းနေတာဆိုတော့ အဲဒီလိုအပင်မျိုးတွေ သန္ဓေပြောင်းပြီး ပေါ်လာနိုင်တာပဲလေ"
တင်းယန်မှာ ချက်ချင်းပင် ဆွံ့အသွားရတော့သည်။ မှန်ပေသည်။ ဤကမ္ဘာကြီးသည် လုံးဝကို သူစိမ်းဆန်စွာ ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလော။
မည်သူကမှ "မဖြစ်နိုင်ဘူး" ဟူသော စကားကို ရဲရဲဝံ့ဝံ့ မပြောရဲကြတော့ပေ။
အစွမ်းများ ပေါ်ထွက်လာသည်နှင့်အမျှ ဤကမ္ဘာကြီးပေါ်တွင် မည်သည့်အရာမဆို ဖြစ်လာနိုင်ဖွယ် ရှိနေသည်ဟု ထင်ရပေသည်။
သင်္ဘောက တရွေ့ရွေ့နှင့် ရှေ့သို့ ဆက်လက်ထွက်ခွာလာစဉ် ယန်ကွမ်းမြို့သစ်ရှိ အဆောက်အအုံများအတွင်းမှ လူအချို့က ဤဧရာမ ကုန်တင်သင်္ဘောကြီးကို တဖြည်းဖြည်း မြင်တွေ့သွားကြ၏။
ချက်ချင်းပင် လူအချို့က အော်ဟစ်လိုက်ကြသည်။
"သင်္ဘောကြီး... ကယ်ဆယ်ရေးသင်္ဘောကြီးဟေ့"
"ကယ်ကြပါဦး... ကယ်ကြပါဦး... ငါတို့ကို မြန်မြန် လာကယ်ကြပါဦး"
"ငါတို့ ဒီမှာ... ငါတို့ ဒီမှာပါ"
"ဟေး... အဆောက်အအုံထဲမှာ လူတွေ ရှိနေသေးတယ်... ငါတို့ ဒီထဲမှာ ရှိနေသေးတယ်... မြန်မြန် ပြန်လာခဲ့ကြပါ... မသွားကြပါနဲ့... မသွားကြပါနဲ့ဦး"
……
ယန်ကွမ်းမြို့သစ်ရှိ အဆောက်အအုံ အများအပြားမှ လူအချို့က ထိုကုန်တင်သင်္ဘောကြီးကို မြင်တွေ့သွားကြပြီး အလုအယက် အော်ဟစ်ကာ အသံကုန်ဟစ်၍ ငိုယိုအော်ဟစ်နေကြလေသည်။
ဝမ်းနည်းစရာကောင်းသည်မှာ သင်္ဘောက အဝေးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ဖီးနစ်သင်္ဘောက ရပ်တန့်မနေခဲ့ဘဲ ဤရပ်ကွက်အတွင်းရှိ အခြားမည်သူ့ကိုမျှ ဆက်လက် ရှာဖွေကယ်ဆယ်ခြင်း မပြုတော့ပေ။
သင်္ဘောက အရှေ့တောင်ဘက်သို့ ဦးတည်၍ ခုတ်မောင်းလာခဲ့သည်။ မိန်တုဥယျာဉ်သည် ထိုက်ယန်တောင်၏ အရှေ့တောင်ဘက်တွင် တည်ရှိပေသည်။
သို့သော် ထိုက်ယန်တောင်မှ ထွက်ခွာလာပြီးနောက် ထင်ရှားသော မြေမှတ်တိုင်များ မရှိတော့သဖြင့် ဤကျယ်ပြောလှသော ရေပြင်ကြီးထက်တွင် အရပ်မျက်နှာများကို ခွဲခြားသိရှိရန် တကယ်ကို ခက်ခဲလှပေသည်။
ကံကောင်းသည်မှာ လင်းယွမ်က ရေလွှမ်းမိုးမှု အစောပိုင်းကာလကတည်းက အော့ဖ်လိုင်းမြေပုံများကဲ့သို့သော လိုအပ်သည့် မှတ်တမ်းများကို ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းပင် ဖြစ်သည်။
ယခုအချိန်တွင် ယန်ကွမ်းမြို့သစ်ကို စတင်ရာနေရာအဖြစ် သတ်မှတ်၍ မိန်တုဥယျာဉ်ကို ရှာဖွေရန်မှာ သိပ်တော့ မခက်ခဲလှပေ။
သေချာသည်မှာ လမ်းပြစနစ်ကို အသုံးပြုရာတွင် မိုးပျံလမ်းမကြီးများကို လမ်းကြောင်းအဖြစ် သတ်မှတ်၍ အသုံးပြုနေရခြင်း ဖြစ်သည်။
လင်းယွမ်က ကျူးယွီချွမ်ကိုလည်း မိုးပျံလမ်းမကြီးများ၏ လမ်းကြောင်းအတိုင်း မောင်းနှင်စေခဲ့သည်။ ဤသို့ဆိုလျှင် ရေအောက်တွင် ရှိနေနိုင်သော အဆောက်အအုံမြင့်များကဲ့သို့ 'ရေအောက်ကျောက်ဆောင်များ' ကို ထိရောက်စွာ ရှောင်ရှားနိုင်မည် ဖြစ်၏။
ထို့ကြောင့် အမှန်တကယ်တွင် မိုးပျံလမ်းမကြီးများ၏ လမ်းကြောင်းများသည် ကမ္ဘာပျက် ရေလွှမ်းမိုးမှုကြီးအတွင်းမှ အလုံခြုံဆုံး လမ်းကြောင်းများပင် ဖြစ်ပေတော့သည်။
လင်းယွမ်၏ လက်ထဲရှိ အော့ဖ်လိုင်းမြေပုံများသည် တစ်နည်းအားဖြင့်ဆိုရသော် ရေကြောင်းပြမြေပုံများပင် ဖြစ်နေလေပြီ။
ရေကြောင်းပြမြေပုံတစ်ခု၏ တန်ဖိုးက သင်္ဘောတစ်စီးအတွက်မူ အလွန်ကို အရေးပါလှပေသည်။
ကျူးယွီချွမ်မှာ လင်းယွမ်၏ ဉာဏ်ပညာကို တစ်ကြိမ်မက အံ့ဩချီးကျူးခဲ့ရပြီး အော့ဖ်လိုင်းမြေပုံများကို ကြိုတင်ဒေါင်းလုဒ်ဆွဲထားခဲ့သည့် သူ၏လုပ်ရပ်အတွက်လည်း အလွန် လေးစားမိသွား၏။
သင်္ဘောက တရွေ့ရွေ့နှင့် ရှေ့သို့ ဆက်လက်ထွက်ခွာနေစဉ် လင်းယွမ်က မေးလိုက်သည်။ "ဟိုမိန်းမတွေနဲ့ ကလေးတွေ အခြေအနေ ဘယ်လိုရှိလဲ"
တင်းယန်က ခေါင်းခါလိုက်၏။ "တော်တော်များများရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက သိပ်မကောင်းကြဘူး"
ထိုအမျိုးသမီးများနှင့် ကလေးငယ်များသည် မှောင်ခိုဈေးသို့ မရောင်းချခံရမီကတည်းက ကြောက်မက်ဖွယ်ကောင်းသော အနိုင်ကျင့်စော်ကားမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ကြုံတွေ့ခဲ့ရပုံပေါ်ပေသည်။
အချို့ဆိုလျှင် မျှော်လင့်ချက်မဲ့နေကြပြီး အသက်ဝင်နေသော လူသေကောင်များပမာ ဖြစ်နေကြ၏။
လင်းယွမ်က ဆိုလိုက်သည်။ "သွားရအောင်... ငါတို့ သွားကြည့်ကြရအောင်"
တင်းယန်က ခေါင်းညိတ်လိုက်ပြီးနောက် လင်းယွမ်ကို ခေါ်ဆောင်ကာ ဝါးအိမ်များရှိရာဘက်သို့ ထွက်လာခဲ့သည်။
ဝါးအိမ်နှစ်လုံးရှိပြီး ၎င်းတို့အနက် တစ်လုံးမှာ ထိုက်ယန်တောင်မှ သင်္ဘောသားများ နေထိုင်ရန် ဖြစ်သည်။
ထိုအမျိုးသမီးများနှင့် ကလေးငယ်များကိုမူ အခြားဝါးအိမ်တစ်လုံးတွင် နေရာချထားပေးခဲ့၏။
ဝါးအိမ်အပေါက်ဝသို့ ရောက်ရှိသွားချိန်တွင် လင်းယွမ်က သီချင်းသံလွင်လွင်လေးများကို ကြားလိုက်ရသည်။
ထိုသီချင်းသံလေးမှာ တိုးတိုးလေး ညည်းဆိုနေခြင်းဖြစ်ပြီး ကလေးဘဝက မိခင်ဖြစ်သူ သီဆိုသိပ်ခဲ့သော သားချော့တေးတစ်ပုဒ်ကဲ့သို့ စိတ်ကို အလွန်ပြေလျော့သွားစေ၏။
ထို့ပြင် ခြောက်သွေ့နေသော သဲကန္တာရအတွင်းသို့ စီးဝင်လာသည့် ကြည်လင်သော ရေစမ်းပေါက်တစ်ခုပမာ လူကို နစ်မျောသွားစေသည်။
တံခါးဝတွင် ဟန်ရှန်းမန်နှင့် လော်ဟုန်မြန်တို့ အတူရပ်နေကြပြီး ဝါးအိမ်၏ မြေညီထပ်ရှိ ဧည့်ခန်းကျယ်ကြီးကို ကြည့်နေကြသည်ကို လင်းယွမ် မြင်လိုက်ရသည်။
သူက ထိုနှစ်ယောက်၏ အကြည့်များနောက်သို့ လိုက်ကြည့်လိုက်ရာ မြေညီထပ် ဧည့်ခန်းကျယ်ကြီးအတွင်း၌ ကလေးငယ်များနှင့် အမျိုးသမီးများစွာသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေကြသလို အချို့ကလည်း သစ်သားနံရံများကို မှီနေကြပြီး အချို့ကမူ ကိုယ့်အခန်းပေါက်ဝ အသီးသီးတွင် ရပ်နေကြသည်ကို တွေ့လိုက်ရ၏။
သူတို့အားလုံး၏ အကြည့်များက အလယ်ဗဟိုတွင် ရပ်နေသော ချစ်စရာကောင်းသည့် မိန်းကလေးငယ်တစ်ဦးထံသို့ တညီတညွတ်တည်း ကျရောက်နေကြပေသည်။
ထိုမိန်းကလေး၏ ခန္ဓာကိုယ်မှ မှိန်ဖျော့ဖျော့ အလင်းရောင်လေးများ ထွက်ပေါ်နေပြီး ဤအုံ့မှိုင်းနေသော မိုးရာသီအတွင်း၌ နွေးထွေးသော အလင်းတန်းလေးတစ်ခုပမာ ဖြစ်နေ၏။
ခေါင်းပေါ်ရှိ မီးရောင်က သူမ၏ကိုယ်ပေါ်သို့ ကျရောက်နေပြီး အလင်းစက်ဝန်းတစ်ခုကို ဖြစ်ပေါ်စေကာ ကြည့်ရှုသူတို့၏ မျက်စိကို ပသာဒဖြစ်စေသည်။
မုန့်ယိုယိုက မျက်စိကို မှိတ်ထားကာ ကိုယ်တိုင်တောင် မေ့လျော့သွားသည်အထိ သီချင်းလေးကို တိုးတိုးလေး ညည်းဆိုနေလေသည်။
သူမ၏ နူးညံ့သိမ်မွေ့သော သီချင်းသံလေး ပျံ့လွင့်လာသည်နှင့်အမျှ လူတို့၏စိတ်နှလုံးကို နွေးထွေးစေသော စိတ်စွမ်းအင် လှိုင်းလုံးလေးများလည်း အတူတကွ ပါလာခဲ့၏။
ထိုစိတ်စွမ်းအင်များက ရေပူစမ်းတစ်ခုပမာ လူတို့၏ စိတ်နှလုံးအတွင်းသို့ တအိအိ စီးဆင်းဝင်ရောက်သွားပြီး ထိုအမျိုးသမီးများနှင့် ကလေးငယ်များ၏ ဒဏ်ရာရနေသော စိတ်ဝိညာဉ်များကို နှစ်သိမ့်ပေးနေပေသည်။
တံခါးပေါက်ဝတွင် ရပ်နေသော လင်းယွမ်ပင်လျှင် ဤစိတ်စွမ်းအင်အတွင်း၌ ပါဝင်နေသော ကုသပေးနိုင်စွမ်းအားများကို ခံစားမိနေ၏။
ဟန်ရှန်းမန်၏ ဘေးတွင်ရှိနေသော လော်ဟုန်မြန်က အပြင်ဘက်ရှိ လင်းယွမ်ကို သတိပြုမိသွားသည်။
သူမက ဟန်ရှန်းမန်ကို တံတောင်ဖြင့် ကမန်းကတန်း တွတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် တိုးညင်းသောအသံဖြင့် ခေါ်လိုက်သည်။ "ကိုလင်း"
ဟန်ရှန်းမန်ကလည်း ခေါင်းလှည့်ကြည့်လိုက်ရာ လင်းယွမ်ကို မြင်သွားသဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး တစ်စုံတစ်ရာ ပြောဆိုရန် ပြင်လိုက်၏။
သို့သော် လင်းယွမ်က လက်ကာပြကာ တားလိုက်ပြီး မုန့်ယိုယိုရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
ဟန်ရှန်းမန်က သူ့ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသဖြင့် ပြုံးသာပြုံးလိုက်ပြီး အသံဆက်မထွက်တော့ပေ။
မုန့်ယိုယို၏ ဝိညာဉ်တေးသွားအစွမ်း အသုံးပြုနေခြင်းကို မနှောင့်ယှက်မိစေရန် လူတိုင်းက နားလည်မှုရှိရှိဖြင့် တိတ်တဆိတ် နေလိုက်ကြ၏။
မုန့်ယိုယို၏ ဤအစွမ်းကို လင်းယွမ်က အစောကြီးကတည်းက သိရှိထားခဲ့ပြီး ဖြစ်သည်။
သို့သော် ယခင်ကတည်းက လင်းယွမ်က သူမ ဤအစွမ်းကို အသုံးပြုနေသည်ကို တကယ်တမ်း မမြင်တွေ့ခဲ့ဖူးပေ။
သို့တိုင် သူမက ခိုလှုံရေးစခန်းတွင် နာမည်ကြီးပြီး အရက်ဘားသို့ မကြာခဏသွားကာ လူတိုင်းအတွက် ဖျော်ဖြေပေးရင်း အမှတ်များ ရှာဖွေလေ့ရှိကြောင်းကိုတော့ ကြားဖူးထားခဲ့၏။
လူအများအပြားမှာ တစ်နေကုန် အလုပ်လုပ်ပြီး စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေချိန်တွင် အရက်ဘားသို့သွား၍ အရက်သောက်ကြသလို သူမ၏ သီချင်းဆိုသံကိုလည်း နားဆင်ကာ ပင်ပန်းနေသော စိတ်များကို ဖြေဖျောက်လေ့ ရှိကြသည်။
ထို့ကြောင့် ထိုက်ယန်တောင်၌ မုန့်ယိုယို၏ နာမည်ကျော်ကြားမှုမှာ သာမန်အဆင့်လောက်သာ မဟုတ်ပေ။
ဤတစ်ကြိမ် ဖီးနစ်သင်္ဘော ထွက်ခွာလာချိန်တွင် လင်းယွမ်က သူမကို အထူးတလည် နာမည်တပ်၍ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
သူမ၏ ဝိညာဉ်တေးသွားအစွမ်းသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများကို ကုသပေးနိုင်သည်ကို သိရှိထား၍ပင်။
ရေလွှမ်းမိုးမှု ကပ်ဘေးကြီးအောက်၌ အပြင်ဘက်ကမ္ဘာတွင် မည်သို့သော ကိစ္စများ ဖြစ်ပျက်နေမည်ကို သူက အလွန် ရှင်းလင်းစွာ သိရှိထားပေသည်။
လင်းယွမ်က ပတ်ဝန်းကျင်ရှိ သီချင်းသံကို ခံစားနေပြီး အသံနှင့်အတူ ပျံ့နှံ့လာသော စိတ်စွမ်းအင်များကိုပါ ခံစားသိရှိနေ၏။
၎င်း၏ ပျံ့နှံ့မှု အတိုင်းအတာမှာ သာမန် စိတ်စွမ်းအင်သက်သက် ပျံ့နှံ့မှုထက် ပို၍ ကျယ်ပြန့်လှသည်။
လင်းယွမ်က ဤစိတ်စွမ်းအင်ကို ခံစားနေရင်း တစ်ချိန်တည်းမှာပင် သူ၏ စိတ်စွမ်းအင်များကိုပါ ဖြန့်ကြက်ထုတ်လွှတ်လိုက်သည်။
သူ၏ စိတ်စွမ်းအင်များက ထိုလူများ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ပုန်းအောင်းနေသော ကပ်ပါးမျိုးစေ့များကို ရှာဖွေလိုက်၏။
စိတ်စွမ်းအင်များ၏ အားဖြင့် လွတ်လပ်စွာ လှုပ်ရှားကာ ညင်သာစွာ ဖိကြိတ်လိုက်ရုံဖြင့် ဤကပ်ပါးမျိုးစေ့များ အားလုံးကို ချေမှုန်းပစ်လိုက်လေသည်။
လူအများစုမှာ မုန့်ယိုယို၏ ဝိညာဉ်တေးသွားအစွမ်းဖြင့် ကုသခံနေရချိန်တွင် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်မှာ သက်သာရာရနေပြီး မည်သည့်ခံစားချက်မျှ မရှိဘဲနှင့်ပင် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ကပ်ပါးမျိုးစေ့များ ဖယ်ရှားခံလိုက်ရတော့သည်။
လင်းယွမ်က ဟန်ရှန်းမန်အား ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီးနောက် အခန်းတွင်းမှ ညင်သာစွာ ပြန်ထွက်လာခဲ့ကာ အပေါ်ထပ်ရှိ အခြားအခန်းများကိုပါ သွားရောက် စစ်ဆေးကြည့်ရှုခဲ့၏။
မကြာမီမှာပင် ကယ်ဆယ်လာခဲ့သော လူအားလုံး၏ ခန္ဓာကိုယ်အတွင်းရှိ ကပ်ပါးမျိုးစေ့များကို သူက အားလုံး ချေမှုန်းပစ်လိုက်တော့သည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လင်းယွမ်နှင့် တင်းယန်တို့က စကားအနည်းငယ် ရိုးရှင်းစွာ ပြောဆိုကြပြီး သင်္ဘောကပ္ပတိန်အခန်းဆီသို့ ပြန်လာခဲ့ကြသည်။
သင်္ဘောကပ္ပတိန်အခန်း၏ သီးသန့်အခန်းအတွင်း၌ လင်းယွမ်က သင်္ကေတအရိုးတစ်ခုကို ထုတ်ယူလိုက်၏။
သင်္ကေတအရိုးပေါ်တွင် သစ်ပင်ငယ်လေးတစ်ပင်နှင့်တူသော အစိမ်းရောင် သင်္ကေတတစ်ခု ရှိနေသည်။
ဤသည်မှာ လိုင်ကျစ်ရုံ၏ အရိုးစုထဲမှ ရှာတွေ့ခဲ့သော ထိုသင်္ကေတအရိုးပင် ဖြစ်၏။
ယခုအချိန်ရောက်မှသာ လင်းယွမ်က ၎င်းကို ထုတ်ယူကာ လေ့လာရန် အခွင့်အရေး ရရှိတော့သည်။
"လိုင်ကျစ်ရုံရဲ့ ဒီသင်္ကေတအရိုးက ဘယ်လိုအစွမ်းမျိုး ဖြစ်မလဲ မသိဘူး"
သူက မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်စွမ်းအင်များကို သင်္ကေတအရိုးအတွင်းသို့ စိမ့်ဝင်စေကာ အပေါ်ရှိ မျဉ်းကြောင်းများအတိုင်း တဖြည်းဖြည်း တုပ၍ ပုံဖော်လိုက်၏။
သင်္ကေတအရိုးများပေါ်ရှိ သင်္ကေတအစွမ်းများကို မည်သို့ ဆုပ်ကိုင်အသုံးပြုရမည်နှင့် ပတ်သက်၍ လင်းယွမ်တွင် အတော်လေး ပြည့်စုံသော အတွေ့အကြုံများ ရှိနေခဲ့ပြီ ဖြစ်သည်။
ယခုအချိန်အထိ သူသည် သင်္ကေတအစွမ်း သုံးလေးမျိုးထက်မနည်းကို နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်၏။
ထို့ကြောင့် သင်္ကေတများကို နားလည်သဘောပေါက်ရာတွင် သူကိုယ်ပိုင် အတွေ့အကြုံနှင့် နည်းလမ်းများ ရှိနေပေသည်။
ပထမဆုံးအနေဖြင့် စိတ်စွမ်းအင်ကို အသုံးပြု၍ သင်္ကေတများကို တုပပုံဖော်ရခြင်း ဖြစ်သည်။
ယေဘုယျအားဖြင့်ဆိုရသော် အကယ်၍ စိတ်စွမ်းအင်နှင့် သက်ဆိုင်သော သင်္ကေတအစွမ်း ဖြစ်ပါက အခြေခံအားဖြင့် တိုက်ရိုက် နားလည်သဘောပေါက်ပြီး အသုံးပြုနိုင်ပြီ ဖြစ်၏။
သို့သော် အခြားသော အရည်အသွေးများနှင့် သက်ဆိုင်သည့် အစွမ်းဖြစ်ပါက ကိုယ်ပိုင်အစွမ်းများနှင့် ပေါင်းစပ်ကာ ခန္ဓာကိုယ်အတွင်း၌ သင်္ကေတများကို တုပပုံဖော်ရန် လိုအပ်ပေသည်။
အကယ်၍ ဤအဆင့်ထိ အဆင်မပြေသေးပါက သွေးလေစွမ်းအင်များကို အသုံးပြု၍ တုပပုံဖော်ရန် လိုအပ်လာမည် ဖြစ်သည်။
ယေဘုယျအားဖြင့်ဆိုရသော် အကယ်၍ ဒြပ်စင်အမျိုးအစား အစွမ်းဖြစ်ပါက အခြေခံအားဖြင့် အစွမ်းဖြင့် တုပပုံဖော်သည့် နည်းလမ်းကို အသုံးပြုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ကြောင်းကို လင်းယွမ်က အခြေခံအားဖြင့် ရှင်းလင်းစွာ သိရှိထားပြီး ဖြစ်၏။
သို့သော် ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သို့မဟုတ် ခွန်အား အမျိုးအစားနှင့် သက်ဆိုင်သော အစွမ်းများဖြစ်ပါက သွေးလေစွမ်းအင်များနှင့် ပေါင်းစပ်ကာ တုပစမ်းသပ်ရန် လိုအပ်ပေသည်။
လင်းယွမ်၏ စိတ်စွမ်းအင်များက တရွေ့ရွေ့ လှည့်ပတ်စီးဆင်းလာသည်နှင့်အမျှ သူ၏ စိတ်ပင်လယ်အတွင်း၌ အပင်တစ်ပင်၏ ပုံစံရှိသော သင်္ကေတတည်ဆောက်ပုံတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာတော့သည်။
ဆက်ရန်...