← Chapters

အခန်း (၃၂၇-၃၂၈)

Vol. 17 Ch. 327-328

အခန်း (၃၂၇-၃၂၈)

Vol. 17 Ch. 327-328

အပိုင်း (၃၂၇) ရွှီလဲ့ဖုန်း၏ ဖိတ်ခေါ်ခြင်း

"စီးပွားရေးကိစ္စ ဆွေးနွေးမယ်... ဘာအဓိပ္ပါယ်လဲ"

ရွှီလဲ့ဖုန်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး "ငါ အမှတ် (၈၈) တိုက်ဘက်မှာ ရေပေါ် ဈေးတန်းတစ်ခု ဖွင့်ထားတယ်... အနီးအနားက အစွမ်းပိုင်ရှင် အဖွဲ့အစည်းတွေအားလုံး ကိုယ့်ဆီမှာ မလိုတော့တဲ့ ပစ္စည်းတွေကို လာရောက် ရောင်းချလဲလှယ်နိုင်တယ်"

"မင်းတို့ အမှတ် (၇၆) တိုက်ရဲ့ အရည်အချင်းကို ငါ အသိအမှတ်ပြုတယ်... ဒါကြောင့် မင်းတို့က ငါတို့ ဈေးတန်းရဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ အရည်အချင်း ပြည့်မီတယ်"

"မင်းတို့ တိုက်ထဲက ဟင်းသီးဟင်းရွက်တွေက လက်ရှိမှာ တော်တော်လေး ရှားပါးတဲ့ ပစ္စည်းတွေပဲ... ငါတို့ စီစဉ်ထားတဲ့ ဈေးတန်းမှာ လာရောင်းလို့ရတယ်"

ရွှီလဲ့ဖုန်း၏ စကားများကြောင့် ကျန်းဖန်က အနည်းငယ် မှင်သက်သွားသည်။

ဈေးတန်း။

အနီးရှိ ဝမ်ရှောင်၊ အန်းမင်ဟွေးနှင့် ကောက်ယွီချန်တို့ သုံးဦးမှာလည်း အနည်းငယ် အံ့အားသင့်သွားကြသည်။

ထိုသုံးဦးက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။

အန်းမင်ဟွေးက မနေနိုင်ဘဲ "ဒီလူက တော်တော် သတ္တိကောင်းတာပဲ... အသက်ရှင်ကျန်ရစ်သူတွေကို စုစည်းပြီး ဈေးတန်းလုပ်ဖို့၊ ပစ္စည်းတွေ ဖလှယ်ဖို့ လုပ်ရဲတယ်ပေါ့"

ဝမ်ရှောင်က မျက်မှောင်ကြုတ်ကာ တီးတိုးပြောလိုက်သည် "အစ်ကိုဖန်... ကျွန်တော်တို့ တိုက်က ဟင်းသီးဟင်းရွက်တွေက တစ်ဦးတည်းမူပိုင်လို့ ပြောလို့ရတယ်... အသက်ရှင်ကျန်ရစ်သူ အဖွဲ့အစည်းတွေ အားလုံးကြားမှာ လုံးဝကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြနိုင်တဲ့အရာတွေပဲ... ဒါပေမဲ့ သူတို့ဆီမှာ ကျွန်တော်တို့နဲ့ လဲလှယ်ဖို့ ဘာတွေများ ရှိနေလို့လဲ"

ဝမ်ရှောင်၏ စကားက ကောက်ယွီချန်၏ ထောက်ခံမှုကို ချက်ချင်း ရရှိသွားစေသည်။

ကောက်ယွီချန်က တီးတိုးပြောလာသည် "တကယ်ပဲ... သူတို့က ဆန်လိုမျိုး စားနပ်ရိက္ခာတွေနဲ့ လာလဲမယ်ဆိုရင်တော့ မဆိုးဘူးလို့ ပြောရမှာပေါ့... ဒါပေမဲ့ အခုလို အချိန်မျိုးမှာ ဘယ်သူကများ ဆန်နဲ့ ဂျုံတွေကို ထုတ်ပြီး အရောင်းအဝယ် လုပ်ရဲမှာလဲ... ကိုယ့်ဘာသာကိုယ်တောင် စားဖို့ မလောက်ကြတာကို"

"ဒါဆို ဒီ ဈေးတန်းဆိုတာက ကျွန်တော်တို့ကို လိမ်နေတာများလား" အန်းမင်ဟွေးကလည်း သဘောပေါက်သွားကာ ချက်ချင်း မေးလိုက်သည်။

ကျန်းဖန်က ဟိုဘက်ရှိ ရွှီလဲ့ဖုန်းကို ကြည့်ကာ လှမ်းမေးလိုက်သည် "မင်းတို့ဆီမှာ ငါတို့နဲ့ လဲလှယ်ဖို့ ဘာပစ္စည်းတွေ ရှိလို့လဲ"

ရွှီလဲ့ဖုန်းက အေးအေးဆေးဆေး ပြုံးလိုက်ပြီး "လူတိုင်းရဲ့ လက်ထဲမှာ ကိုယ်မလိုတဲ့ ရိက္ခာတွေနဲ့ ပစ္စည်းတချို့ ရှိတတ်ကြတယ်... ဥပမာပြောရရင် ငါရဲ့ အစွမ်းက အဆီတွေကို အများကြီး ထုတ်ပေးနိုင်တယ်... ဒီအဆီတွေကို ဟင်းချက်ဖို့ သုံးလို့ရသလို လောင်စာအဖြစ်လည်း သုံးလို့ရတယ်... မင်းတို့ မလိုဘူးလား"

"နောက်ထပ် ဥပမာတစ်ခု ပြောရရင် မင်းတို့ ဘက်ထရီအိုးတွေ မလိုဘူးလား... မင်းတို့ရဲ့ စိုက်ပျိုးရေးအခန်းမှာ အလင်းရောင် ထုတ်ပေးနိုင်တဲ့ သန္ဓေပြောင်း အပင်တွေ ရှိတယ်လို့ ငါ ကြားထားတယ်... အလင်းရောင်ကနေ လျှပ်စစ်ထုတ်ပေးနိုင်တယ်ဆိုတော့ ဘက်ထရီအိုးတွေ... ဆိုလာပြားတွေ... ဒါတွေကိုရော မင်းတို့ မလိုဘူးလား"

"ပြီးတော့ မင်းတို့က ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်မှတော့ ဟင်းသီးဟင်းရွက် မျိုးစေ့တွေရော မလိုချင်ဘူးလား"

"ဒါ့အပြင် ငါတို့ဆီမှာ အရမ်းလှတဲ့ မိန်းမတွေလည်း ရှိသေးတယ်... မင်း ဘယ်လိုပုံစံမျိုးကို သဘောကျလဲ... ငါတို့ လဲလှယ်လို့ ရတယ်"

"ကျန်းဖန်... အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီ... လူသားတွေအချင်းချင်း အပြန်အလှန် ကူညီကြမှသာ အခက်အခဲတွေထဲကနေ ရုန်းထွက်နိုင်လိမ့်မယ်"

"မင်းတို့ချည်းပဲ တိုက်ထဲမှာ ပုန်းအောင်းနေရင် အစောကြီးမဟုတ်ရင်တောင် တစ်နေ့နေ့တော့ ဖယ်ရှားခံရမှာပဲ"

"ဘယ်လိုလဲ... ငါတို့နဲ့ ပူးပေါင်းချင်လား"

ရွှီလဲ့ဖုန်း၏ စကားများကြောင့် ကျန်းဖန်တို့လူစုမှာ မျက်မှောင်ကြုတ်သွားကြသည်။

ကျန်းဖန်က မိန်းမများနှင့် ပတ်သက်သည့် အရောင်းအဝယ်ကို အလိုအလျောက် လျစ်လျူရှုလိုက်ပြီး ဘက်ထရီအိုးများ၊ မျိုးစေ့များနှင့် လောင်စာဆီများအပေါ်တွင် စိတ်ဝင်စားသွားသည်။

အန်းမင်ဟွေးက တီးတိုးပြောလိုက်သည် "အစ်ကိုဖန်... သူ့ရဲ့ အစွမ်းက အဆီတွေ ထုတ်ပေးနိုင်တာကိုး... ဒီအဆီတွေကို စားသုံးဆီအနေနဲ့ သုံးလို့ရတယ်ဆိုပါလား"

ဝမ်ရှောင်က စကားမပြောနိုင်တော့ဘဲ အန်းမင်ဟွေးကို တစ်ချက်ကြည့်ကာ "မင်း စားမလို့လား" ဟု မေးလိုက်သည်။

အန်းမင်ဟွေးက ခေါင်းကို တရစပ် ခါယမ်းလိုက်ပြီး "နေပါစေ... နည်းနည်း ရွံစရာကောင်းတယ်"

ကောက်ယွီချန်ကလည်း ဝင်ပြောသည် "လူ့ခန္ဓာကိုယ်က သူ့အလိုလို အဆီတွေ ထုတ်ပေးတတ်တာပဲ... တချို့ အဆီပြန်တဲ့ အသားအရေရှိတဲ့ သူတွေဆိုရင် တစ်နေ့တာ ကုန်ဆုံးသွားတဲ့အခါ မျက်နှာပေါ်မှာ အဆီအညစ်အကြေးတွေ အများကြီး ထွက်လာတတ်တယ်"

"ဒါပေမဲ့ ဒီကောင်ရဲ့ အစွမ်းက အဆီတွေ အများကြီး ထုတ်ပေးနိုင်တာဆိုတော့ တော်တော်လေး ထူးဆန်းလွန်းတယ်... ဒါက ဘယ်လို အစွမ်းအမျိုးအစားထဲ ပါတာလဲ"

အန်းမင်ဟွေးက မနေနိုင်ဘဲ "ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အစွမ်းအမျိုးအစား ဖြစ်ရမယ်"

ဝမ်ရှောင်က ထိုနှစ်ဦး၏ စကားကို ဖြတ်ပြောလိုက်သည် "အခုက အဲဒီအကြောင်း ပြောနေရမယ့် အချိန်မဟုတ်ဘူး... သူပြောတဲ့စကားတွေကို မင်းတို့ ယုံလို့ရမယ်ထင်လား... ဒါက ဈေးတန်းဆိုတဲ့ နာမည်ကို အသုံးချပြီး ငါတို့ကို အပြင်ထွက်လာအောင် လှည့်စားတဲ့ ထောင်ချောက်တစ်ခုများ ဖြစ်နေမလား"

ကျန်းဖန်၏ မျက်လုံးများက တလက်လက် တောက်ပနေသည်။ ကိုလင်းသာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် လက်ရှိအခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်းဆိုသည်ကို သူ ပြန်လည် စဉ်းစားလိုက်သည်။

ခဏအကြာတွင် ကိုလင်းသာ ဤနေရာတွင် ရှိနေပါက အပေါ်ယံတွင် မသိမသာနေပြီး တိတ်တဆိတ်ဖြင့် ဤကိစ္စ၏ အမှန်တရားကို သွားရောက် စုံစမ်းလိမ့်မည်ဟု သူ ခံစားလိုက်ရသည်။

ထို့ကြောင့် သူက ခေါင်းမော့ကာ ဟိုဘက်ရှိ ရွှီလဲ့ဖုန်းအား လှမ်းပြောလိုက်သည် "တကယ်လို့ မင်းတို့ဆီမှာ ဈေးတန်း တကယ်ရှိတယ်ဆိုရင် ငါတို့ လက်ထဲမှာလည်း ပိုနေတဲ့ ပစ္စည်းတွေ ရှိတာမို့ ဒီဈေးတန်းထဲ ပါဝင်လို့ရပါတယ်"

သစ်သားဖောင်ပေါ်ရှိ ရွှီလဲ့ဖုန်းက ချက်ချင်းပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး "ကောင်းပြီ... မနက်ဖြန် ငါတို့ စီစဉ်ထားတဲ့ ဈေးတန်းကို အမှတ် (၈၈) တိုက်မှာ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်မယ်... မင်းတို့ မဖြစ်မနေ လာခဲ့ရမယ်... တကယ်လို့ မလာဘူးဆိုရင်တော့ မင်းတို့က ဈေးတန်း မဟာမိတ်အဖွဲ့ကနေ နုတ်ထွက်သွားပြီလို့ ငါတို့ မှတ်ယူလိုက်မယ်"

"နောက်မှ ပြန်ဝင်ချင်ရင်တော့ ဒီလိုအခွင့်အရေးမျိုး ရှိတော့မှာ မဟုတ်ဘူးနော်"

ကျန်းဖန်က ဘာမှမပြောဘဲ ရွှီလဲ့ဖုန်းကိုသာ ကြည့်နေလိုက်သည်။

ရွှီလဲ့ဖုန်းကလည်း ဟက်ဟက်ပက်ပက် တစ်ချက်သာ ရယ်မောလိုက်ပြီး ဂရုမစိုက်တော့ဘဲ အနီးရှိ ရေဓာတ် အစွမ်းပိုင်ရှင်ကို ပြောလိုက်သည် "ရှောင်ကျန်း... နောက်တစ်အိမ် သွားရအောင်"

"ဟုတ်ကဲ့ပါ အစ်ကိုဖုန်း"

ရှောင်ကျန်းက ခေါင်းညိတ်လိုက်ပြီးနောက် ရေစီးကြောင်းကို လျင်မြန်စွာ ထိန်းချုပ်ကာ သစ်သားဖောင်ကို တွန်း၍ အခြား တိုက်များဆီသို့ လှော်ခတ်သွားလေသည်။

ကျန်းဖန်တို့လူစုက ထိုမြင်ကွင်းကို ကြည့်နေရင်း မျက်လုံးများ တလက်လက် တောက်ပနေကြသည်။

"အစ်ကိုဖန်... အစ်ကို သူတို့ကို တကယ် ယုံလို့လား" ဝမ်ရှောင်က ကျန်းဖန်ကို ကြည့်ကာ မနေနိုင်ဘဲ တီးတိုး မေးလိုက်သည်။

ဘေးရှိ အန်းမင်ဟွေးကလည်း ကျန်းဖန်ကို ကြည့်ကာ တီးတိုးပြောလာသည် "အစ်ကိုဖန်... ကျွန်တော်တို့က ဒီလူစုအကြောင်းကို သိပ်မသိရသေးဘူး... အလွယ်တကူ မယုံသင့်ဘူးနော်"

ကောက်ယွီချန်က စကားမပြောသော်လည်း သူ၏ အကြည့်များက ကျန်းဖန်ထံတွင် စူးစိုက်နေသည်။

ကျန်းဖန်က ပြုံးလိုက်ပြီး "သေချာပေါက် အလွယ်တကူတော့ မယုံနိုင်ဘူးပေါ့... ဒါပေမဲ့ ချက်ချင်းလည်း ငြင်းပစ်လို့ မရဘူးလေ... ငါ အရင်ဆုံး သဘောတူလိုက်ပြီး ဒီအချိန်အတောအတွင်းမှာ ဒီကိစ္စ အမှန်လား အမှားလားဆိုတာ သွားပြီး လေ့လာစုံစမ်းဖို့ လိုသေးတယ်"

"စိတ်ချပါ... ငါ့မှာ အကြံ ရှိပါတယ်"

ထိုအခါမှသာ ထိုလူစုမှာ စိတ်အေးသွားကြတော့သည်။

ကျန်းဖန်က ပြောလိုက်သည် "ဒီအတောအတွင်း မင်းတို့ သတိထားကြ... ခုနက စကားတွေက ရွှီလဲ့ဖုန်းရဲ့ အချိန်ဆွဲတဲ့ ဗျူဟာလည်း ဖြစ်နေနိုင်တယ်... ပေါ့ပေါ့ဆဆတော့ မနေကြနဲ့"

"နားလည်ပါပြီ အစ်ကိုဖန်"

"စိတ်ချပါ အစ်ကိုဖန်"

ကျန်းဖန်က ခေါင်းညိတ်လိုက်ပြီးနောက် အပေါ်ထပ်သို့ တက်သွားလေသည်။

(၂၉) လွှာသို့ ရောက်သောအခါ သူက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး (၂၉) လွှာရှိ အခန်း (၁) ဘက်သို့ လှမ်းကြည့်လိုက်သည်။

အပုပ်နံ့များ တစ်သင်းသင်း လွင့်ပျံလာသည်။ ၎င်းမှာ စိုက်ပျိုးရေးအခန်းမှ သဘာဝမြေဩဇာ ပြုလုပ်ရာမှ ထွက်လာသော အနံ့အသက်များ ဖြစ်သည်။

ကျန်းဖန်က အလိုအလျောက်ပင် စိုက်ပျိုးရေးအခန်းဆီသို့ လျှောက်သွားလိုက်သည်။

အခန်းထဲတွင် မီးမွှေးထားခြင်း မရှိသော်လည်း အလင်းရောင် တစ်အုပ်က အခန်းတွင်းမှ လင်းလက်တောက်ပနေသည်။

ထိုအလင်းရောင်မှာ နေလုံးလေး တစ်စင်းကဲ့သို့ နွေးထွေးသာယာလှသည်။

တံခါးပေါက်တွင် ရပ်နေရင်း ကျန်းဖန်က အခန်းထဲရှိ လူအချို့ ပိုးမွှားဖမ်းခြင်းနှင့် မြေဆွခြင်းတို့ကို အလုပ်များနေကြသည်ကို မြင်တွေ့လိုက်ရသည်။

စိမ်းလန်းသော အပင်ပေါက်လေးများက မြေကြီးကို ဖောက်ထွက်၍ ထွက်ပေါ်လာကြသည်။

ကြီးထွားလာသော အပင်အချို့လည်း ရှိပြီး ၎င်းတို့အပေါ်တွင် ခရမ်းချဉ်သီး၊ ငရုတ်ပွ စသည့် အသီးအနှံများ တွဲလောင်းကျနေကာ အလွန် ဆွဲဆောင်မှု ရှိလှသည်။

မိန်းကလေးတစ်ဦးက လူအချို့ကို ဦးဆောင်ကာ ထိုစိုက်ပျိုးပင်များကို ပြုစုစောင့်ရှောက်နေသည်။

ထိုမိန်းကလေး၏ ကိုယ်လုံးကိုယ်ပေါက်မှာ သွယ်လျပြီး အရပ်မှာ ၅ ပေ ၃ လက်မခန့် ရှိသည်။ သူမ၏ ဆံပင်များကို သားရေကွင်းတစ်ကွင်းဖြင့် မြင်းမြီးပုံစံ စည်းနှောင်ထားသည်။

သူမက ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး အပေါ်ပိုင်းတွင် လက်ရှည် တီရှပ်အနီရောင်ကို ဝတ်ဆင်ထားသည်။

သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာ ကျော့ရှင်းလှပပြီး အသားအရေမှာ ဖြူဝင်းနေသည်။

ဤမြင်ကွင်းကို ကြည့်ရင်း ကျန်းဖန်၏ အမူအရာက အနည်းငယ် မိန်းမောသွားသည်။

ခပ်ရေးရေးဖြင့် သူ၏ ခေါင်းထဲတွင် ဆုန့်ဝမ်၊ အဒေါ်ကြီးလီနှင့် အခြားသူများ စိုက်ပျိုးရေးအခန်းထဲတွင် အလုပ်ရှုပ်နေခဲ့ကြသည့် မြင်ကွင်းများကို မြင်ယောင်လာသလို ခံစားလိုက်ရသည်။

တစ်ခါတရံတွင် သူ၏ ချစ်သူကောင်မလေး ဝမ်လီလီကလည်း လာရောက် ကူညီပေးတတ်သည်။

သူကလည်း ဤကဲ့သို့ပင် တံခါးဝ၌ ရပ်ကာ ဝမ်လီလီ၊ ဆုန့်ဝမ်၊ အဒေါ်ကြီးလီနှင့် အခြားသူများ ရယ်ရယ်မောမော စကားပြောနေကြသည်ကို ကြည့်နေတတ်သည်။

"လီလီ"

ကျန်းဖန်၏ မျက်လုံးများက အနည်းငယ် နီရဲလာပြီး သူ၏ ချစ်သူကောင်မလေးကို သတိရသွားကာ ရင်ထဲတွင် စိတ်ဓာတ်ကျသွားလေသည်။

ထိုစဉ်က သူသည် ကိုလင်းတို့နှင့်အတူ တိုက်မှ ထွက်ခွာလာခဲ့ပြီး သစ်သားဖောင်ကို စီးနင်းကာ ထိုလိပ်ကျွန်းကို မြင်တွေ့ခဲ့ရသည်။

သူနှင့် ဝမ်လီလီတို့က ကျွန်းပေါ်တက်ပြီး ကံစမ်းကြည့်ကာ သန္ဓေပြောင်း အသီးအနှံများကို ရှာဖွေသင့် မရှာဖွေသင့် တိုင်ပင်ခဲ့ကြသည်။

သူတို့နှစ်ဦး အလွန်အမင်း သဘောထား ကွဲလွဲခဲ့ကြပြီး ရန်ဖြစ်လုနီးပါးပင် ဖြစ်ခဲ့ရသည်။

ဝမ်လီလီသည် ကိုယ်ပိုင် အယူအဆ အလွန်ခိုင်မာသော်လည်း ရဲတင်းပြီး ပြတ်သားလွန်းသည့် စရိုက်မျိုး ရှိသည်။

သူမက ကျွန်းပေါ်သို့ တက်ရောက်၍ သန္ဓေပြောင်း အသီးအနှံများကို ရှာဖွေရန် တိုက်တွန်းခဲ့သည်။

သူမ၏ အကြောင်းပြချက်မှာလည်း အလွန် ရိုးရှင်းလှသည်။ ရေလွှမ်းမိုးသည့် ကမ္ဘာပျက်ကပ်တွင် သာမန်လူများအနေဖြင့် အသက်ရှင်ရပ်တည်ရန် အလွန် ခက်ခဲသောကြောင့် ဖြစ်သည်။

သူတို့နှစ်ဦးသည် ကိုလင်းနောက်သို့ အစောဆုံး လိုက်ပါခဲ့သူများ ဖြစ်သောကြောင့်သာ ကိုလင်း၏ အလေးထားမှုကို ရရှိခဲ့ပြီး ကင်းလှည့်တပ်ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် နောင်တစ်ချိန် ထိုက်ယန်တောင်ကို သွားရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ...

တကယ်လို့ သူတို့က သာမန်လူတွေအဖြစ် ဆက်ရှိနေဦးမယ်ဆိုရင် တစ်နေ့နေ့မှာ အစားထိုး ခံရနိုင်တယ် မဟုတ်လား...

ကိုလင်း၏ အဖွဲ့က ပိုမို အင်အားကြီးမားလာချိန်တွင် သူတို့သာ တိုးတက်မှု မရှိပါက ဘေးဖယ်ခံရနိုင်မည် မဟုတ်လား...

ဤအရာများအားလုံးက ဝမ်လီလီ စိုးရိမ်ပူပန်နေသော အရာများ ဖြစ်သည်။

ကျန်းဖန်ကမူ သူ၏ ချစ်သူမှာ အလျော့မပေးတတ်သည့် စရိုက်ရှိပြီး လက်တွေ့ လုပ်ဆောင်နိုင်စွမ်း အလွန် ကောင်းမွန်ကြောင်း သိထားသည်။

ကျန်းဖန် ကိုယ်တိုင်ကမူ အတော်လေး သိမ်မွေ့ပြီး သတိကြီးသည့် စရိုက်မျိုး ရှိသည်။

သူက ထိုလိပ်ကျွန်းပေါ်သို့ သွားရန် သဘောမတူရသည့် အကြောင်းရင်းမှာလည်း ရိုးရှင်းပါသည်။

ထိုလိပ်ကျွန်းမှာ မည်သည့်အရပ်မှန်း မသိရဘဲ ရုတ်တရက် ပေါ်ပေါက်လာခြင်း ဖြစ်သောကြောင့် အန္တရာယ် ရှိနိုင်သည်ဟု သူ ထင်မြင်သောကြောင့်ပင်။

အမှန်အတိုင်း ပြောရလျှင် မိမိကိုယ်ကို သိမ်မွေ့ပြီး သတိကြီးသည်ဟု ပြောခြင်းမှာ မိမိကိုယ်ကို ဂုဏ်တင်ပြောဆိုနေခြင်းသာ ဖြစ်သည်။

သူသည် အနည်းငယ် သတ္တိကြောင်ပြီး အန္တရာယ်ကို ကြောက်ရွံ့တတ်သူ ဖြစ်သည်။ ဤအချက်ကို သူ အမြဲတမ်း ရှင်းရှင်းလင်းလင်း သိထားသည်။

အစတုန်းက ကိုလင်းတို့၏ အဖွဲ့ထဲသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမှာ အဓိကအားဖြင့် ဝမ်လီလီက ရဲတင်းစွာဖြင့် လင်းယွမ်ကို တံခါးဖွင့်ပေးခဲ့ပြီး လင်းယွမ်အပေါ် ကောင်းမွန်သော ခံစားချက်ကို ချန်ထားနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ထို့နောက်တွင် ဝမ်လီလီ၏ ဖော်ရွေပြီး ပွင့်လင်းသော စရိုက်က လင်းယွမ်တို့၏ မူလအဖွဲ့ထဲသို့ အလွယ်တကူ ဝင်ဆံ့သွားစေခဲ့သည်။

ထို့ကြောင့်ပင် အဖွဲ့၏ ယုံကြည်မှုကို တဖြည်းဖြည်း ရရှိလာကာ သူတို့ကို ကင်းလှည့်တပ်ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များ ဖြစ်လာစေခဲ့ခြင်း ဖြစ်သည်။

ကျွန်းပေါ်သို့ တက်ရောက်ရန် ခိုင်မာနေသော ဝမ်လီလီ၏ ဆုံးဖြတ်ချက်ကို ရင်ဆိုင်ရချိန်တွင် ကျန်းဖန်မှာ တားဆီး၍ မရတော့သဖြင့် မတတ်သာဘဲ ကျွန်းပေါ်သို့ လိုက်တက်ခဲ့ရသည်။

ကံကောင်းစွာဖြင့် သူတို့ ကျွန်းပေါ်သို့ တက်ရောက်ပြီးနောက် အစပိုင်းတွင် သိပ်အဆင်မပြေခဲ့သော်လည်း အဆုံးတွင်တော့ သန္ဓေပြောင်း အသီးတစ်လုံးကို ရှာတွေ့ခဲ့ကြသည်။

ဤသန္ဓေပြောင်း အသီးကို ဝမ်လီလီက ရှာတွေ့ခဲ့ခြင်း ဖြစ်သော်လည်း သူမက မစားဘဲ ပြေးလာကာ သူ့ကို ချက်ချင်း စားရန် တောင်းဆိုခဲ့သည်။

ကျန်းဖန်သည် ဤနေရာသို့ ရောက်တိုင်း မျက်လုံးများ နီရဲလာတတ်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ချစ်သူ မည်သို့ တွေးတောနေသည်ကို သူ သိသောကြောင့်ပင်။ သူမသည် သူ၏ ကြောက်တတ်သော စရိုက်ကို စိုးရိမ်နေခြင်း ဖြစ်ပြီး အကယ်၍ အစွမ်း မနိုးထနိုင်ပါက နောင်တစ်ချိန်တွင် သေချာပေါက် အလူးအလဲ ခံရမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် သူမက သန္ဓေပြောင်း အသီးကို ပထမဆုံး ရှာတွေ့ခဲ့သော်လည်း ကိုယ်တိုင် မစားဘဲ သူ့ကို ပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ကျန်းဖန်သည် ချက်ချင်း ငြင်းပယ်ခဲ့ပြီး ဝမ်လီလီကို ကိုယ်တိုင်စားရန် တောင်းပန်ခဲ့သည်။

ဝမ်လီလီက အချိန်အတော်ကြာအောင် ဖျောင်းဖျခဲ့သော်လည်း ကျန်းဖန်က မစားရန် အခိုင်အမာ ငြင်းဆန်နေခဲ့သဖြင့် နောက်ဆုံးတွင် ဝမ်လီလီ ကိုယ်တိုင်သာ စားလိုက်ရတော့သည်။

သို့သော် ဝမ်လီလီက သန္ဓေပြောင်း အသီးကို စားပြီးမကြာမီတွင် ကျွန်းတစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာပြီး ကျွန်းတစ်ခုလုံး ရေအောက်သို့ နစ်မြုပ်သွားခဲ့သည်။

ကျန်းဖန်နှင့် ဝမ်လီလီတို့မှာ ထွက်ပြေးရန် တစ်လမ်းလုံး အပြင်းအထန် ပြေးလွှားခဲ့ကြသည်။

သို့သော် ရုတ်တရက် နစ်မြုပ်သွားသော ကျွန်းကြီးကို ရင်ဆိုင်ရချိန်တွင် သူတို့၌ ခုခံကာကွယ်ရန် မည်သည့် စွမ်းရည်မှ မရှိခဲ့ပေ။

ရေကြီးရေလျှံမှု၏ အောက်တွင် သူတို့နှစ်ဦးမှာ ရေစီးကြောင်းနှင့်အတူ ချက်ချင်းပင် ကွဲကွာသွားခဲ့ကြသည်။

နောက်ဆုံးအချိန်လေးတွင် ကျန်းဖန်က ဝမ်လီလီ၏ တစ်ကိုယ်လုံးမှ အစိမ်းရောင် အလင်းတန်းများ လင်းလက်လာပြီး သူမ၏ ပတ်ပတ်လည်တွင် လေစီးကြောင်းများ လည်ပတ်ကာ ရေစီးကြောင်းကို အပြင်ဘက်သို့ တားဆီးထားသည်ကို မြင်တွေ့လိုက်ရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကျန်းဖန်၏ စိတ်ထဲ၌ လွန်စွာ စိတ်လှုပ်ရှား တက်ကြွသွားသည်။ ဝမ်လီလီ၌ အစွမ်း နိုးထလာပြီဖြစ်ကြောင်း သူ သိလိုက်သည်။

သူက ပါးစပ်ဖွင့်၍ သူမကို လှမ်းခေါ်ချင်ခဲ့သော်လည်း သူ၏ ဘောင်းဘီစကို ဆူးချုံများက ချိတ်မိနေသဖြင့် ရေမျက်နှာပြင်ပေါ်သို့ လုံးဝ ပေါ်မလာနိုင်တော့ပေ။

သူ၏ တစ်ကိုယ်လုံးမှာ နစ်မြုပ်နေသော ကျွန်းကြီးနှင့်အတူ ရေအောက်သို့ ဆွဲချခံလိုက်ရပြီး ပြင်းထန်သော အသက်ရှူကျပ်မှုက ဝင်ရောက်လာသည်။

အဆုံးအစမရှိသော ကြောက်ရွံ့မှုများက သူ့ကို လွန်စွာ ထိတ်လန့်သွားစေသည်။

အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမှု၏ လှုံ့ဆော်မှုအောက်တွင် သူ၏ ခေါင်းထဲ၌ ရုတ်တရက် ပူနွေးသွားသည်ဟု ခံစားလိုက်ရပြီး နှလုံးက ဒိန်းဒိန်းဒိုင်းဒိုင်း ခုန်ပေါက်လာသည်။

ထူးဆန်းသော စွမ်းအင်တစ်ရပ်က သူ၏ တစ်ကိုယ်လုံးဆီသို့ လျှံကျလာသည်။

သူသည် အကြောင်းရင်း မသိရဘဲ နိုးထမှု အခြေအနေထဲသို့ ဝင်ရောက်သွားခဲ့သည်။

ချစ်သူအပေါ် လွမ်းဆွတ်မှုနှင့် အသက်ရှင်သန်ရန် ခိုင်မာသော ယုံကြည်ချက်တို့ကို အားကိုးလျက်...

သူသည် ကိုယ်ပိုင်နိုးထမှု၏ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီး အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်လာခဲ့လေသည်။

"အစ်ကိုဖန်... အစ်ကိုဖန်"

အတွေးများ ဤနေရာသို့ ရောက်ချိန်တွင် နားထဲ၌ မိန်းကလေးတစ်ဦး၏ ခေါ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

ကျန်းဖန်က သတိပြန်ဝင်လာပြီး သူ၏ မျက်စိရှေ့တွင် လှုပ်ယမ်းနေသော ရွှံ့များ ပေကျံနေသည့် လက်တစ်ဖက်ကို ကြည့်လိုက်သည်။

ထိုလက်၏ ပိုင်ရှင်မှာ ချိုသာသော မျက်နှာပေါက်ရှိပြီး ဝမ်ရှောင်၏ ညီမ ဝမ်ဖန်းပင် ဖြစ်သည်။

ဝမ်ဖန်းက ပြုံး၍ "ဘာတွေ တွေးနေတာလဲ အစ်ကိုဖန်"

ကျန်းဖန်က ပြုံးလိုက်ပြီး ခေါင်းခါကာ "ဘာမှမတွေးပါဘူး... စိုက်ပျိုးရေးအခန်းရဲ့ အခြေအနေကို လာကြည့်တာပါ"

ဝမ်ဖန်းက နှုတ်ခမ်းကို စေ့လိုက်ပြီး တီးတိုး မေးလိုက်သည် "အစ်ကို... အစ်မလီလီကို ပြန်သတိရနေတာလား"

ကျန်းဖန်၏ အပြုံးက ရပ်တန့်သွားသည်။ သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး "သူ့နာမည်ကို ညီမက ဘယ်လိုလုပ် သိတာလဲ"

ကျန်းဖန်က သူ့ချစ်သူ၏ အကြောင်းကို သူတို့လူစုထံ တစ်ခါမှ မပြောပြဖူးပေ။

ဝမ်ဖန်းက ပြုံးလိုက်ပြီး "အစ်ကိုတို့က အရင်တုန်းက ကင်းလှည့်တပ်ဖွဲ့ထဲမှာ နတ်ဖက်တဲ့ စုံတွဲဆိုတာကို တိုက်ထဲက ဘယ်သူက မသိဘဲ နေမှာလဲ... ကျွန်မလည်း တစ်ယောက်ယောက်ကို အလွယ်တကူ သွားမေးလိုက်တာနဲ့ သိရတာပေါ့"

ကျန်းဖန်က ခါးသီးစွာ ပြုံးလိုက်ပြီး "ဘယ်က နတ်ဖက်တဲ့စုံတွဲလဲ... ဒုက္ခရောက်တဲ့ ချစ်သူတွေလို့ ပြောရင် ပိုမှန်လိမ့်မယ်"

"ဒါတွေ မပြောတော့ပါဘူး... ငါလာတာက ညီမကို တစ်ခုခု ပြောမလို့... ငါ ခဏနေရင် အပြင်တစ်ခေါက် ထွက်သွားမလို့... ညီမ တခြားသူတွေကို သွားမပြောနဲ့နော်"

ဝမ်ဖန်း၏ မျက်နှာက ပျက်ယွင်းသွားသည် "အပြင်ထွက်မလို့ ဟုတ်လား... အစ်ကို ဘယ်သွားမလို့လဲ"

ကျန်းဖန်က အသံကို နှိမ့်ကာ ပြောလိုက်သည် "ခုနက ရွှီလဲ့ဖုန်း လာသွားတယ်... ဈေးတန်း ဘာညာ ဖွင့်မယ်ဆိုပြီး ငါတို့ကို ပါဝင်ဖို့ ဖိတ်ခေါ်သွားတယ်... ငါ ဒီကိစ္စ အမှန်လား အမှားလားဆိုတာကို သွားပြီး သေချာ စုံစမ်းရမယ်"

"ဟင်... အစ်ကို ဘယ်မှာ သွားစုံစမ်းမလို့လဲ... ကျွန်မလည်း အစ်ကိုနဲ့အတူ လိုက်ခဲ့မယ်လေ" ဝမ်ဖန်းက အလျင်စလို ပြောလိုက်သည်။

ကျန်းဖန်က ခေါင်းခါလိုက်သည် "ငါ့ရဲ့ အစွမ်းကို ညီမ သိသားပဲ... ငါက ကိုယ့်ဘာသာကိုယ်ပဲ သွားလို့ရတာ... တခြားသူတွေကို ခေါ်သွားလို့ မရဘူး"

"ငါ ထွက်သွားတဲ့ ကိစ္စကို ညီမ လောလောဆယ် ဘယ်သူ့ကိုမှ သွားမပြောနဲ့နော်... ကြားလား"

ဝမ်ဖန်းက အနည်းငယ် စိုးရိမ်စွာဖြင့် ပြောလိုက်သည် "ဒါဆို အစ်ကို ဘယ်တော့ ပြန်လာမှာလဲ"

"ငါ အမြန်ဆုံး ပြန်လာခဲ့မယ်"

ဆက်ရန်...

အပိုင်း(၃၂၈) ကျန်းဖန်၏ အစွမ်း

မှောင်မိုက်နေသော ညယံအောက်တွင် ရေလှိုင်းပုတ်သံများသာ ဆူညံစွာ ထွက်ပေါ်နေ၏။

ဧရာမ ကုန်တင်သင်္ဘောကြီးတစ်စင်းက ရေပြင်ထက်တွင် ဧရာမဘီလူးကြီးတစ်ကောင်သဖွယ် ရပ်နားနေသည်။

ကုန်တင်သင်္ဘောပေါ်၌ ကင်းလှည့်စောင့်ကြပ်နေသူများ ရှိသော်လည်း သင်္ဘောပေါ်တွင် မီးရောင် တစ်စက်မျှ လင်းလတ်မနေပေ။

ညအမှောင်ယံ ရေပြင်ထက်တွင် မီးထွန်းခြင်းက အလွန် အန္တရာယ်များသော လုပ်ရပ်တစ်ခု ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ရေအောက်ရှိ သန္ဓေပြောင်း သတ္တဝါများစွာအတွက် အလင်းရောင်ရှိရာသို့ သွားတတ်သော ပင်ကိုယ်ဗီဇက သူတို့ကို အလင်းရောင်ရှိရာဆီ ချဉ်းကပ်လာစေမည် ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ဖီးနစ်သင်္ဘောက ညဘက်တွင် မီးမဖွင့်ထားခြင်း ဖြစ်သည်။

သင်္ဘောကပ္ပတိန် အခန်းထဲ၌ လင်းယွမ်နှင့် တင်းယန်တို့ နှစ်ယောက်သာ ရှိနေ၏။

ကျူးယွီချွမ်ကလည်း အနားယူရန် သွားနှင့်ပြီ ဖြစ်သည်။

ကျူးယွီချွမ်၏ အဆိုအရ ညဘက် ရေကြောင်းခရီးသွားခြင်းက အတော်လေး အန္တရာယ်ရှိပြီး ရေပြင်ပေါ်ရှိ အခြေအနေကို သဲသဲကွဲကွဲ မမြင်ရသဖြင့် အရာဝတ္ထုများနှင့် အလွယ်တကူ ဝင်တိုက်မိနိုင်သည်ဟု ဆို၏။

မည်သို့ပင်ဆိုစေ ယခုလို အခြေအနေမျိုးတွင် ရေဒါကို အပြည့်အဝ အားကိုး၍ မရနိုင်ပေ။

ထို့ကြောင့် ဖီးနစ် သင်္ဘောတစ်စင်းလုံး ရပ်နားထားကာ မိုးလင်းမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

အခန်းထဲတွင် တကျီကျီ မြည်သံများ ပိုမို မြန်ဆန်လာသည်နှင့်အမျှ တင်းယန်က နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ တိုးညင်းသော ညည်းတွားသံလေး ထွက်ပေါ်လာ၏။

နောက်ဆုံးတွင် အားရကျေနပ်ဖွယ်ကောင်းသော တိုက်ပွဲတစ်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

လင်းယွမ်က တုန်ယင်နေဆဲဖြစ်သော သူမကို ဖက်ထားကာ ချောမွေ့နေသော သူမ၏ ကျောပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။

တင်းယန်က သူ၏ ရင်ခွင်ထဲတွင် ကျေနပ်စွာ မှီတွယ်ထားရင်း သူတို့နှစ်ဦးကြားရှိ နက်ရှိုင်းသော မေတ္တာတရားကို ခံစားနေ၏။

"ဒါက ကျွန်မတို့နှစ်ယောက်တည်း အပြင်ထွက်လာတာ ပထမဆုံးအကြိမ်ပဲနော်"

လင်းယွမ်က ပြုံးကာ ပြောလိုက်သည် "နင် သဘောကျလို့လား... နောက်ဆိုရင် ဖီးနစ်သင်္ဘောက အပြင်ထွက်ရမယ့် အကြိမ်ရေတွေ အများကြီး ရှိလာဦးမှာပါ"

တင်းယန်ကလည်း ပြုံးရွှင်စွာဖြင့် "သဘောကျတာပေါ့... ပျားရည်ဆမ်းခရီး ထွက်နေရသလို ခံစားရတယ်"

လင်းယွမ်က ငိုရခက် ရယ်ရခက် ဖြစ်သွားကာ "အပြင်ကလူတွေသာ နင်ဒီလိုတွေးနေမှန်း သိရင် ငိုယိုကုန်ကြလိမ့်မယ်... အခုလို ပတ်ဝန်းကျင် အခြေအနေကြီးမှာ အသက်ရှင်ဖို့တောင် ခက်ခဲနေတာကို ဘယ်သူကမှ ပျားရည်ဆမ်းခရီးဆိုတာကို တွေးမိကြမှာ မဟုတ်ဘူး"

တင်းယန်ကလည်း ရယ်မောလိုက်ပြီး "ကျွန်မတို့က အရင်လို သန္ဓေပြောင်း ဘီလူးတွေရဲ့ နှိပ်စက်မှုကို ခံရမယ့် ဗေဒါပင်တွေမှ မဟုတ်တော့တာ... အခု ကျွန်မတို့မှာ အသက်ရှင်သန်နိုင်တဲ့ စွမ်းရည်တွေ ရှိနေပြီလေ... ဘဝကိုလည်း ခံစားရဦးမှာပေါ့"

လင်းယွမ်ကလည်း အလိုအလျောက် ရယ်မောလိုက်မိပြီး သူတို့နှစ်ယောက် အတန်ကြာ စကားစမြည် ပြောပြီးနောက် တင်းယန်က "မိန်တုဥယျာဉ်က အခုလောက်ဆို ဘယ်လိုအခြေအနေ ဖြစ်နေမလဲ မသိဘူးနော်"

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ရင်း "ပြောရခက်တယ်... ငါတို့ ထွက်လာတုန်းက အတော်ဆုံး လူအများစုကို ခေါ်လာခဲ့တာဆိုတော့ ကျန်ခဲ့တဲ့လူတွေက တောင့်ခံထားနိုင်ချင်မှ ခံထားနိုင်မှာ"

တင်းယန်ကလည်း သက်ပြင်းတစ်ချက်ချကာ "အင်း ဟုတ်တယ်... ဒါပေမဲ့ အဲဒီတုန်းက ကျန်ခဲ့တဲ့ လူတွေထဲမှာ တကယ်တမ်းကျတော့ လိုက်သွားချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုံးမှာ ကျန်ခဲ့ရတဲ့ လူတချို့လည်း ရှိတာပဲလေ"

"အင်း... အသက်ကြီးတဲ့သူ တချို့က အဲဒီတုန်းက ထွက်သွားချင်ခဲ့ပေမယ့် ကျန်းမာရေး အခြေအနေကြောင့် အတူတူ မလိုက်နိုင်ခဲ့ကြဘူး"

"နောက်တစ်ချက်က အဲဒီတုန်းက ငါတို့ရဲ့ ဖောင်ကလည်း သိပ်မကြီးတော့ လူအများကြီး မတင်နိုင်ခဲ့ဘူးလေ"

တင်းယန်က "အဲဒီတုန်းက ရှင်က သန္ဓေပြောင်း နေကြာပန်း တစ်ပင် ချန်ထားခဲ့တာဆိုတော့ အနည်းဆုံးတော့ သူတို့အတွက် မျှော်လင့်ချက်လေးတစ်ခု ချန်ထားပေးခဲ့တယ်လို့ ပြောလို့ရတာပေါ့... အခုလောက်ဆို အဲဒီ သန္ဓေပြောင်း နေကြာပန်းနဲ့ အပင်စိုက်တဲ့ အခန်းလေး ဘယ်လိုများ ဖြစ်နေမလဲ မသိဘူး" ဟု ပြောလိုက်၏။

လင်းယွမ်က အစက သူဆုံးဖြတ်ခဲ့ပုံကို ပြန်တွေးမိပြီး ပြုံးလိုက်မိသည်။

ထိုစဉ်က သူ့ထံတွင် သန္ဓေပြောင်း နေကြာပန်း အနည်းငယ်သာ ရှိသော်လည်း တစ်ပင်ကို ချန်ထားခဲ့ရန် ဆန္ဒရှိခဲ့ခြင်းမှာ အဓိကအားဖြင့် ကျန်ရစ်ခဲ့သူများအတွက် မျှော်လင့်ချက်လေး တစ်ခု ရစေချင်သောကြောင့် ဖြစ်၏။

သူ့အတွက်တော့ သန္ဓေပြောင်း နေကြာပန်းသည် စနစ်မှ မဲနှိုက်ရယူထားခြင်း ဖြစ်ပြီး အမှတ်အလုံအလောက် ရှိနေသရွေ့ အချိန်မရွေး သန္ဓေပြောင်း နေကြာပန်းများ ထပ်မံ မဲနှိုက်ရယူနိုင်သည်။

သို့သော် တိုက်ထဲရှိ လူများအတွက်မူ ထိုသန္ဓေပြောင်း နေကြာပန်းတစ်ပင်က အသက်ရှင်သန်ရန် မျှော်လင့်ချက်ကို ကိုယ်စားပြုနေလေသည်။

ဤသန္ဓေပြောင်း နေကြာပန်းက လုံလောက်သော နေရောင်ခြည်ကို ပေးစွမ်းနိုင်ရုံသာမက အပင်စိုက်ခန်းထဲရှိ ဟင်းသီးဟင်းရွက်များကိုပါ ကြီးထွားလာစေနိုင်သည်။

ထို့အပြင် ဤနေရောင်ခြည်ကို အဝတ်အစားများ လှန်းရန်နှင့် စောင်များ လှန်းရန်အတွက်ပါ အသုံးပြုနိုင်သေး၏။

အချုပ်အားဖြင့်ဆိုရလျှင် သန္ဓေပြောင်း နေကြာပန်း တစ်ပင်က တိုက်အမှတ် (၇၆) မှ နေထိုင်သူများ၏ ဘဝအပေါ် ထားရှိသော သဘောထားကို ပြောင်းလဲပေးနိုင်ပြီး သူတို့ကို မျှော်လင့်ချက် အနည်းငယ် ပေးစွမ်းနိုင်လေသည်။

ယခုအခါ ထိုက်ယန်တောင် ခိုလှုံရေးစခန်း တည်ဆောက်မှုမှာ အခြေခံအားဖြင့် ပြီးစီးနေပြီ ဖြစ်သော်လည်း လူအင်အား လိုအပ်နေသည်။

သူဦးဆောင်ခဲ့ဖူးသော တိုက်တစ်ခုတည်းမှ နေထိုင်သူများ ဖြစ်သည့်အလျောက် သူတို့ကို ပြန်လည် ခေါ်ဆောင်လာပြီး သူ၏ စီမံအုပ်ချုပ်မှုအောက်တွင် ပြန်လည် ထားရှိရန် အလွန် သင့်လျော်ပေသည်။

သေချာပေါက်ပင် ထိုလူများထဲတွင် အရင်က လျှိုချန်ဖာ ကဲ့သို့သော လူမျိုးများလည်း ရှိနေဦးမည် ဖြစ်၏။

သို့သော် ထိုအချိန်က လင်းယွမ်သည် ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းအစများကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိသေးပေ။

တိုက်ထဲရှိ လူများကလည်း ပြင်ပမှ ကယ်ဆယ်ရေး လာမည်ကို မျှော်လင့်နေကြဆဲ ဖြစ်ရာ လျှိုချန်ဖာက လေယာဉ်ပျံကို မြင်ပြီးနောက် လူပုံအလယ်တွင် သူ့အား ပါးစပ်သရမ်းသည့် ကိစ္စမျိုး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုအချိန် ထိုက်ယန်တောင်ပေါ်တွင် ပြင်ပမှ ကယ်ဆယ်ရေး ရောက်လာလိမ့်မည်ဟု ယုံကြည်လောက်အောင် မိုက်မဲသူ တစ်ယောက်မျှ မရှိတော့ချေ။

ထိုက်ယန်တောင်ပေါ်ရှိ သူ၏ အရှိန်အဝါမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

လျှိုချန်ဖာ ကဲ့သို့သော လူမျိုးများ ရှိကောင်း ရှိနိုင်သော်လည်း သူတို့အနေဖြင့် ထပ်မံ ခေါင်းပြူရဲမည်တော့ မဟုတ်ပေ။

တကယ်တမ်းတွင် ဤကဲ့သို့သော လူမျိုးများက မည်သူ့ကိုမျှ သစ္စာရှိမည် မဟုတ်ကြောင်း လင်းယွမ်ကလည်း ကောင်းကောင်း သိထားပြီး နောင်တစ်ချိန် ထိုက်ယန်တောင်တွင် လူအင်အား တိုးချဲ့လာသည်နှင့်အမျှ...

အလားတူ လူမျိုးများ သေချာပေါက် အများအပြား ရှိလာမည် ဖြစ်၏။

သို့သော် ကိစ္စမရှိပေ... သူ ထိုက်ယန်တောင်ပေါ်တွင် ရှိနေသရွေ့ ဤလူများက ခေါင်းပြူရဲမည် မဟုတ်ပေ။

လင်းယွမ်ကလည်း သူတို့၏ သစ္စာရှိမှုကို မလိုအပ်ပေ... ဤကဲ့သို့သော အောက်ခြေလူတန်းစားများမှာ စကားနားထောင်လျှင် ရပြီ ဖြစ်သည်။

အမှောင်ထုထဲတွင် ရေလှိုင်းပုတ်သံများ တဝုန်းဝုန်း ထွက်ပေါ်နေပြီး လင်းယွမ်က တင်းယန်၏ ပြည့်ဖြိုးသော ကိုယ်လုံးလေးကို ဖက်ထားရင်း အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားလေသည်။

...

တစ်ချိန်တည်းမှာပင် မိန်တုဥယျာဉ်၌ ကျန်းဖန်က နှစ်ဆယ့်သုံးလွှာသို့ တိတ်ဆိတ်စွာ ရောက်ရှိလာ၏။

မည်သူမျှ သတိမထားမိသော အခြေအနေတွင် သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူ၏ နှလုံးသားက ဒုတ်ဒုတ်မည်အောင် ခုန်လာသည်။

နှလုံးခုန်သံနှင့်အတူ အစွမ်းများက သူ၏ ခန္ဓာကိုယ် အထက်အောက် အနှံ့အပြားသို့ စီးဆင်းသွား၏။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ငါးအကြေးခွံနှင့်တူသော သံချပ်ကာ မျဉ်းကြောင်းများ တဖြည်းဖြည်း ပေါ်လာလေသည်။

သူ၏ ပါးနှစ်ဖက်တွင် "III" ပုံသဏ္ဌာန် အနီရောင် ငါးပါးဟက်ကဲ့သို့သော အင်္ဂါအစိတ်အပိုင်းများ ထွက်ပေါ်လာ၏။

သူ၏ လက်ချောင်း ဆယ်ချောင်းကြားတွင်လည်း တဖြည်းဖြည်း တစ်ဆက်တည်း ဖြစ်သွားကာ ဘဲခြေအမြှေးပါးကဲ့သို့သော အသားလွှာများ ဖြစ်ပေါ်လာသည်။

ယခုအချိန်တွင် ကျန်းဖန်၏ ပုံပန်းသဏ္ဌာန်က အကြီးအကျယ် ပြောင်းလဲသွားပြီး လူနှင့်လည်းမတူ ငါးနှင့်လည်းမတူသော အသွင်သို့ ပြောင်းလဲသွားလေပြီ။

၎င်းမှာ အစက သူ ရေနစ်သေတော့မည့်ဆဲဆဲတွင် နိုးထလာခဲ့သော အစွမ်းပင် ဖြစ်၏။

ထိုစဉ်က သူ၏အင်္ကျီကို ဆူးခြုံများ ငြိနေသဖြင့် ရုန်းမထွက်နိုင်ဘဲ ရေအောက်သို့ နစ်မြုပ်သွားသော လိပ်ကျွန်းနှင့်အတူ ရေအနက်ပိုင်းဆီသို့ ဆွဲချခံလိုက်ရသည်။

သေရေးရှင်ရေး အန္တရာယ်ကြားတွင် သူ့၌ အသက်ရှူချင်သည်... အောက်ဆီဂျင် အမြောက်အမြားကို ရှူရှိုက်ချင်သည် ဆိုသော အတွေးတစ်ခုသာ ရှိခဲ့၏။

အသက်ရှူကျပ်၍ သေတော့မည့် သူ့အတွက် ထိုအရာက သူအလိုချင်ဆုံးသော ခံစားချက်နှင့် အခြေအနေပင် ဖြစ်သည်။

ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲရှိ ဗီဇများက သူ၏ အသိစိတ်အောက်ဆုံးပိုင်းရှိ ပြင်းထန်သော တုံ့ပြန်မှုကို နာခံကာ ငါးပါးဟက်ကဲ့သို့သော အင်္ဂါအစိတ်အပိုင်းများကို ဆင့်ကဲပြောင်းလဲ ပေးလိုက်ခြင်း ဖြစ်၏။

ထိုအရာက သူ့ကို ရေအောက်တွင် အသက်ရှူနိုင်စေခဲ့သည်။

ထို့အပြင် ငါးပါးဟက်များ ဆင့်ကဲပြောင်းလဲ ထွက်ပေါ်လာသည်နှင့်အမျှ သူ၏ လက်၊ ခြေထောက်နှင့် အရေပြားများကလည်း လိုက်ပါ၍ ဆင့်ကဲပြောင်းလဲသွားခဲ့၏။

ထိုအရာက သူ့ကို ယခုကဲ့သို့သော ပုံစံမျိုး ဖြစ်သွားစေခဲ့သည်။

ကံကောင်းသည်မှာ ဤပုံစံက အစွမ်းကို အသုံးပြုသည့် အချိန်တွင်သာ ပေါ်လာခြင်း ဖြစ်၏။

သူ အစွမ်းကို ပြန်ရုပ်သိမ်းလိုက်သည့်အခါ ထူးခြားနေသော အပြင်ပန်း လက္ခဏာများ အားလုံးက အလိုအလျောက် ပျောက်ကွယ်သွားလေသည်။

ကျန်းဖန်က သူ၏ ယခုအခြေအနေကို ရေလူသား အခြေအနေဟု ခေါ်ဆိုခဲ့၏။

သူ၏ ယခုပုံစံက ဒဏ္ဍာရီပုံပြင်များထဲမှ ရေသူထီး၊ ငါးလူသားများနှင့် တူသည်ဟု သူ ထင်မြင်မိသည်။

ထို့ကြောင့် သူ၏ အစွမ်းကိုလည်း ရေလူသား ဟု အမည်ပေးလိုက်၏။

ရေလူသားအဖြစ် အသွင်ပြောင်းသွားသည်နှင့်အမျှ သူက ရေပြင်ကို ကြည့်ကာ သေးသွယ်ချွန်ထက်နေသော သွားများကို ပေါ်လာသည်အထိ ပြုံးလိုက်သည်။

ထို့နောက် ရေထဲသို့ လျင်မြန်စွာ ငုပ်လျှိုးသွားကာ ပျောက်ကွယ်သွားလေ၏။

ထိုစဉ်က သူသည် ရေလူသား အခြေအနေကို အားကိုး၍ လိပ်ကျွန်းပေါ်မှ လွတ်မြောက်လာနိုင်ရုံသာမက ရေထဲတွင် လွတ်လပ်စွာ ရှင်သန်နိုင်ပြီး ပစ္စည်းများကိုပါ ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤ ရေလူသား အစွမ်းကြောင့်ပင် အတင်းအကျပ် ဖိအားပေးခံရ၍ ရေထဲသို့ ခုန်ချခဲ့ရသော အန်းမင်ဟွေးတို့ လေးယောက်ကို သူက မတော်တဆ ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်၏။

သူက ရေလူသား အစွမ်းကို အားကိုး၍ ရေအောက်တွင် နေထိုင်နိုင်ရုံသာမက ရေအောက်၌ ပစ္စည်းများကိုပါ တစ်ယောက်တည်း ရှာဖွေနိုင်ခဲ့သည်။

သူ တိုက်အမှတ် (၇၆) သို့ ပြန်ရောက်ပြီးနောက် ဤအစွမ်းကို အားကိုး၍ အနီးနားရှိ ပစ္စည်းများစွာကို ရှာဖွေစုဆောင်းခဲ့ပြီး မူလကတည်းက ရှိနေသော ကင်းလှည့်ခေါင်းဆောင်၏ ဩဇာအာဏာ ပေါင်းစပ်သွားမှုကြောင့် တိုက်အမှတ် (၇၆) မှ နေထိုင်သူများကို လျင်မြန်စွာ သိမ်းသွင်းနိုင်ခဲ့ခြင်း ဖြစ်၏။

ယခုအချိန်တွင် သူက ရေလူသားအဖြစ် ထပ်မံ အသွင်ပြောင်းကာ မျက်နှာချင်းဆိုင်ရှိ တိုက်အမှတ် (၈၈) ဘက်သို့ တိတ်တဆိတ် ဝင်ရောက်ပြီး ရွှီလဲ့ဖုန်း တစ်ယောက် ဘာအကွက်တွေ ရွှေ့ဖို့ ကြံစည်နေသလဲ ဆိုသည်ကို စုံစမ်းရန် ဖြစ်သည်။

ရေက အနည်းငယ် အေးစက်နေပြီး ကျန်းဖန်က ရေအောက်တွင် သတိကြီးစွာဖြင့် ကူးခတ်သွားလာနေ၏။

သူက ရေလူသားအဖြစ် အသွင်ပြောင်းနိုင်သော်လည်း ရေအောက်တွင် သူ့စိတ်ကြိုက် သောင်းကျန်းနိုင်ပြီဟု ဆိုလိုခြင်း မဟုတ်ပေ။

သိထားရမည်မှာ ဤရေအောက်ကမ္ဘာကသာလျှင် အမှန်တကယ် ရက်စက်ကြမ်းကြုတ်သော ကမ္ဘာ ဖြစ်ကြောင်းပင်။

ငါးကြီးက ငါးလေးကို စားပြီး ငါးလေးက ပုစွန်ဆိတ်ကို စားသည့် သဘာဝဥပဒေအတိုင်း အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်သည့် စည်းမျဉ်းကို တင်းကျပ်စွာ လိုက်နာကျင့်သုံးကြ၏။

ယခု ရေလွှမ်းမိုးနေသော ကမ္ဘာထဲတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်း သတ္တဝါများစွာ ပျံ့နှံ့နေသည်။

သူက ရေလူသားအဖြစ် အသွင်ပြောင်းထားသော်လည်း ရေအောက်ဘုရင် ဖြစ်လာရန်ကား အလှမ်းဝေးနေဆဲ ဖြစ်၏။

ဤရေအောက်တွင် သူ့ကို အလွယ်တကူ မြိုချနိုင်သည့် ကြောက်မက်ဖွယ် သန္ဓေပြောင်း သတ္တဝါများ အများအပြား ရှိနေလေသည်။

ရေလူသား အခြေအနေတွင် သူက အခြားသော ရေအောက်သတ္တဝါများနည်းတူ ရေအောက်တွင် အသက်ရှူနိုင်ခြင်း၊ လျင်မြန်စွာ ရေကူးနိုင်ခြင်း၊ ရေစီးကြောင်းကို အနည်းငယ် ထိန်းချုပ်နိုင်ခြင်း၊ ခွန်အားနှင့် အလျင် အနည်းငယ် တိုးလာခြင်းမျှသာ ရှိ၏။

သေချာပေါက်ပင် ဤစွမ်းရည်များက မူလကတည်းက ရေအောက် သန္ဓေပြောင်း သတ္တဝါများနှင့် ယှဉ်လျှင် ဘာမျှ မဟုတ်လှပေ။

သို့သော် လူသားများနှင့် ယှဉ်လျှင်မူ အများကြီး ပိုမို အင်အားကြီးမားနေပြီ ဖြစ်သည်။

ကျန်းဖန်က ရေအောက်တွင် သတိကြီးစွာဖြင့် ကူးခတ်သွားလာရင်း တိုက်ကိုပတ်ကာ ရေအောက်ရှိ ကားလမ်းမကို လျင်မြန်စွာ ဖြတ်သန်းသွား၏။

သို့သော် သူ ကားလမ်းကို ဖြတ်ကူးသည့် နည်းလမ်းက လမ်းမပေါ်မှ တကယ် လမ်းလျှောက်သွားခြင်း မဟုတ်ဘဲ လမ်းမီးတိုင်များ အပေါ်မှ ကူးခတ်သွားခြင်း ဖြစ်သည်။

သူဆိုလျှင်ပင် အောက်ဘက်သို့ ငုပ်ဆင်းလေလေ ခံနိုင်ရည်ရှိရမည့် ရေဖိအားက ပိုများလေလေ ဖြစ်၏။

သူ၏ လက်ရှိ ရေလူသား အခြေအနေမှာ ပေဆယ်ချီ သို့မဟုတ် ပေရာချီ နက်သော ရေဖိအားကို လျစ်လျူရှုနိုင်သည့် အဆင့်အထိ ဆင့်ကဲပြောင်းလဲထားနိုင်ခြင်း မရှိသေးပေ။

မကြာမီ သူက တိုက်အမှတ် (၈၈) သို့ ချဉ်းကပ်သွားပြီး မှောင်မိုက်နေသော ရေအောက်တွင် သူ၏ မျက်လုံးများက ညဘက် မြင်နိုင်စွမ်း အတန်အသင့် ရှိနေသည်။

တိုက်၏ ဘေးဘက် နံရံတွင် ချိတ်ဆွဲထားဆဲဖြစ်သော တိုက်အမှတ် ၈၈ ဆိုင်းဘုတ်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်၏။

"ရောက်ပြီ... ဒီနေရာပဲ"

ကျန်းဖန်၏ မျက်လုံးများက အရောင်လက်သွားပြီး ချက်ချင်းပင် တိုက်ကို လျင်မြန်စွာ ပတ်ကာ ပြတင်းပေါက် တစ်ပေါက်ကို ရှာတွေ့သွားပြီးနောက် တိုက်ရိုက် တိုးဝင်သွားလေသည်။

သူက ရေပြင်ပေါ်သို့ တိုက်ရိုက် ပေါ်လာရန် မရွေးချယ်ခဲ့ပေ... ထိုသို့လုပ်ပါက တိုက်အမှတ် (၈၈) မှ ကင်းလှည့်နေသူများက အလွယ်တကူ တွေ့ရှိသွားနိုင်၏။

တိုက်အတွင်းရှိ စင်္ကြံလမ်းမှတစ်ဆင့် အပေါ်သို့ ကူးတက်ခြင်းက သံသယဖြစ်ဖွယ်မရှိ အလုံခြုံဆုံးပင်။

အဘယ်ကြောင့်ဆိုသော် ရေအောက်မှ တိုက်ထဲသို့ တိတ်ဆိတ်စွာ ကူးခတ်လာပြီး တိုက်အတွင်းပိုင်းသို့ ခိုးဝင်လာမည့်သူ ရှိလိမ့်မည်ဟု မည်သူကမျှ တွေးထင်ထားမည် မဟုတ်သောကြောင့် ဖြစ်သည်။

ကျန်းဖန်က ဤနည်းလမ်းကို အသုံးပြု၍ တိရစ္ဆာန်ကဲ့သို့ ရိုင်းစိုင်းသော အဖွဲ့အတော်များများကို ရှင်းလင်းခဲ့ပြီးပြီ ဖြစ်၏။

ထိုစဉ်က သူနှင့် ကောက်ယွီချန်တို့က အချင်းချင်း ပူးပေါင်းကာ ကောက်ယွီချန်တို့က အပြင်ဘက်မှ ဟန်ပြတိုက်ခိုက်ပြီး သူက ရေအောက်မှတစ်ဆင့် တိုက်အတွင်းပိုင်းသို့ ခိုးဝင်ကာ အပြင်အကူ အတွင်းဖျက်စနစ်ဖြင့် လူသတ်ခြင်းကို ပျော်ရွှင်မှုတစ်ခုအဖြစ် သတ်မှတ်ထားသော တိရစ္ဆာန်ကဲ့သို့ အသက်ရှင်ကျန်ရစ်သူ အတော်များများကို အလွယ်တကူ ရှင်းလင်းနိုင်ခဲ့သည်။

ထို့ကြောင့် သူ၏ အတွေ့အကြုံက အတော်လေး ကြွယ်ဝနေပြီ ဖြစ်၏။

သူက အပေါ်သို့ ဆက်တိုက် ကူးတက်သွားသည်နှင့်အမျှ မကြာမီတွင် တိုက်အမှတ် (၈၈) ၏ နှစ်ဆယ့်သုံးလွှာ ဝန်းကျင်သို့ ရောက်ရှိသွားလေသည်။

သူက ရေပြင်ပေါ်သို့ ခေါင်းတစ်ဝက်ခန့်ကို ဖြည်းညင်းစွာ ဖော်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ စင်္ကြံလမ်းထဲတွင် ညလုံးပေါက် ငါးထိုင်မျှားနေသူ မရှိသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းတစ်ချက်ကို အလိုအလျောက် ချလိုက်မိ၏။

ထို့နောက် သူက ရေထဲမှနေ၍ လှေကားထစ်များပေါ်သို့ လျင်မြန်စွာ လျှောက်တက်သွားပြီး အစွမ်းကို ပြန်ရုပ်သိမ်းလိုက်ရာ သာမန်လူပုံစံသို့ ပြန်လည် ရောက်ရှိသွားသည်။

ထို့နောက် သူက အင်္ကျီများကို ရေညှစ်လိုက်ပြီး လှေကားအတိုင်း စင်္ကြံဘက်လမ်းသို့ တိတ်ဆိတ်စွာ လျှောက်သွားလေ၏။

အမှောင်ထဲတွင် ကင်းလှည့်သူ အချို့က စင်္ကြံဘက်လမ်း၌ ဟောက်သံများ ပေးလျက် အိပ်ပျော်နေသည်ကို သူ မြင်တွေ့နိုင်သည်။

ကျန်းဖန်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် အပေါ်ထပ်သို့ တိတ်တဆိတ် တက်သွား၏။

အပေါ်ထပ်သို့ ဆက်တိုက် တက်သွားသည်နှင့်အမျှ စင်္ကြံလမ်းထဲမှ ပုပ်သိုးနေသော အနံ့ဆိုးများ ထွက်ပေါ်လာပြီး ထိုအနံ့က ပုပ်ပွနေသော အသား အနံ့ဆိုးများနှင့် ရေရှည် စိုစွတ်နေမှုကြောင့် ဖြစ်ပေါ်လာသော မှိုနံ့များပင် ဖြစ်သည်။

ကျန်းဖန်၏ မျက်နှာက ပြောင်းလဲမသွားပေ... ပုပ်ပွနေသော အသား အနံ့က ဤနေရာတွင် လူသေဖူးသည် (သို့မဟုတ်) သက်ရှိသတ္တဝါ တစ်ခုခု၏ အလောင်းအစိတ်အပိုင်းများ ကျန်ရစ်နေသည်ကို သက်သေပြနေ၏။

သူက အစောကြီးကတည်းက ကျင့်သားရနေပြီ ဖြစ်ကာ အပေါ်သို့ ဆက်တက်သွားရာ အလွှာနှစ်ဆယ့်ခုနစ် ဝန်းကျင်သို့ ရောက်သောအခါ စင်္ကြံလမ်းထဲတွင် ပရိဘောဂတချို့နှင့် မွေ့ရာကဲ့သို့သော အရာများ ပေါ်လာသည်။

လူအတော်များများက စင်္ကြံလမ်းထဲတွင် ပြည့်ကြပ်စွာ နေထိုင်နေကြ၏။

သိသာထင်ရှားစွာပင် တိုက်အမှတ် (၈၈) ကလည်း ရေကြီးမှု အဆင့် မြင့်တက်လာခြင်းကြောင့် လူများ ရှင်သန်ရန် နေရာမလုံလောက်တော့သဖြင့် ဆက်သွယ်ရေးစင်္ကြံနှင့် စင်္ကြံလမ်းများထဲတွင်သာ နေထိုင်ရတော့ခြင်း ဖြစ်သည်။

ကျန်းဖန်က ဆက်သွယ်ရေးစင်္ကြံဘက်ကို တစ်ချက် ကြည့်လိုက်ရာ ထိုဘက်တွင်လည်း တဲများ သို့မဟုတ် အိပ်ရာခင်းများဖြင့် ပြုလုပ်ထားသော ရိုးရှင်းသည့် တဲငယ်လေးများ အများအပြား ဆောက်လုပ်ထားသည်ကို တွေ့လိုက်ရ၏။

သူက တိုက်အမှတ် (၇၆) ၏ အစောပိုင်း ကာလများကို အလိုအလျောက် ပြန်တွေးမိသွားပြီး ထိုစဉ်က အစ်ကိုချိုင်နှင့် ဦးလေးမာတို့ကလည်း ဆက်သွယ်ရေး စင်္ကြံထဲတွင် နေထိုင်ခဲ့ကြရသည်။

အကယ်၍ နောက်ပိုင်းတွင် လင်းယွမ်က ရုတ်တရက် ထွက်ပေါ်လာပြီး လျှိုအားလုံ ဆိုသည့် ဘေးဒုက္ခကောင်ကို မဖြေရှင်းပေးခဲ့လျှင် တိုက်အမှတ် (၇၆) အနေဖြင့် ဘယ်လို နေ့ရက်မျိုးတွေကို ဖြတ်သန်းရမလဲဆိုတာ မသိနိုင်တော့ပေ။

ဤအရာများကို တွေးမိသောအခါ သူက သူ၏ ချစ်သူ ဝမ်လီလီကိုပါ အလိုအလျောက် သတိရသွားပြီး စိတ်ထဲမှ သက်ပြင်းတစ်ချက် ထပ်ချလိုက်မိပြန်၏။

"လီလီ... မင်း တကယ်ပဲ ဘယ်ရောက်နေတာလဲ... လင်းယွမ်တို့နဲ့အတူ ထိုက်ယန်တောင်ကို ရောက်သွားပြီလား"

ကျန်းဖန်က စိတ်ထဲမှ ရေရွတ်လိုက်ပြီးနောက် စိတ်ကို ပြန်စုစည်းကာ ဦးထုပ်ဆောင်း၍ မျက်နှာကို ဖုံးကွယ်ပြီး အပေါ်ထပ်သို့ ဆက်တက်သွားသည်။

နှစ်ဆယ့်ကိုးလွှာသို့ ရောက်သောအခါ သူ၏ ခြေလှမ်းများက ထပ်မံ ရပ်တန့်သွား၏။

အဘယ်ကြောင့်ဆိုသော် စင်္ကြံလမ်းပေါ်တွင် ကင်းစောင့်နေသူများ ရှိနေသောကြောင့်ပင်။

နှစ်ဆယ့်ကိုးလွှာမှ သုံးဆယ်လွှာသို့ သွားသော စင်္ကြံလမ်းထဲရှိ လှေကားထိပ်တွင် ကင်းစောင့်နေသူ နှစ်ယောက် ထိုင်နေပြီး ထိုနှစ်ယောက်စလုံးက အိပ်မနေသလို မီးလည်း ထွန်းမထားပေ။

သူတို့အချင်းချင်း အာလာပသလ္လာပ ပြောဆိုနေသံများက အမှောင်ထဲတွင် အလွန် ရှင်းလင်းစွာ ကြားနေရ၏။

"အစ်ကိုညို... အစ်ကိုဖုန်းတို့ ဒီတစ်ခေါက် ရေပေါ်ဈေး ဆိုတာကြီးကို တကယ်ရော လုပ်နိုင်ပါ့မလား"

"ဟားဟား... မင်းက တကယ် ယုံနေတာလား... အခုလို ရေကြီးနေတဲ့ အချိန်ကြီးမှာ ဘယ်သူက လဲလှယ်ဖို့ ပိုလျှံနေတဲ့ ပစ္စည်းတွေ ထုတ်ပေးနိုင်မှာလဲ"

"ငါ မေးလိုက်မယ် ရှောင်ယန်... မင်းဆီမှာ စားစရာ ရှိနေရင် တခြားပစ္စည်းတွေနဲ့ လဲလှယ်ဖို့ ထုတ်ပေးချင်မှာလား"

မျက်နှာချင်းဆိုင်ရှိ ရှောင်ယန် အမည်ရသူက ကြားသောအခါ ပြောလိုက်၏ "ငါးဆိုရင်တော့ ငါ ထုတ်ပေးချင်တယ်... စားရတာ အီလွန်းလို့ သေချင်စိတ်တောင် ပေါက်နေပြီ"

"တခြားဟာတွေကတော့ ပြောစရာမလိုဘူး... ငါ့မှာ စားလို့ရတဲ့ တခြားအသားမှ မရှိတာ"

အစ်ကိုညိုက ချက်ချင်းပင် "တွေ့လား... မင်းတောင် စားစရာ တခြားဟာ မရှိတော့မှန်း သိနေတာပဲ... ငါတို့တိုက်ထဲမှာတောင် စားစရာ မရှိတော့တာကို တခြားတိုက်တွေမှာရော ရှိမလား"

"ဒါဆို အစ်ကိုဖုန်းက ဘာတွေ လျှောက်လုပ်နေတာလဲ... ဘာလို့ ဒီဈေးဆိုတာကြီးကို လုပ်ရတာလဲ" ရှောင်ယန်က သိချင်စိတ်ဖြင့် မေးလိုက်၏။

"ဟားဟား... ဘာကြောင့်ရမှာလဲ... အပြင်က ငတုံးတွေကို ငါတို့ဆီ လှည့်စားခေါ်လာပြီး တစ်ကျင်းတည်း အကုန် မြှုပ်ပစ်ချင်လို့ပေါ့"

"ဟာ... ဒါဆို... အဲဒီလူတွေက တကယ် လာပါ့မလား" ရှောင်ယန်က အံ့သြတကြီး ပြောလိုက်သည်။

အစ်ကိုညိုက ပြုံးလိုက်ရင်း "လာမလား၊ မလာဘူးလား ဆိုတာက အဲဒီလူတွေ လမ်းဆုံးရောက်နေပြီလား ဆိုတာပေါ် မူတည်တယ်... လမ်းမရှိတော့တဲ့ လူတွေကတော့ ဒီလမ်းကို ရွေးချယ်ကြမှာပဲလေ"

"သူတို့ တုံးလို့တော့ မဟုတ်ပါဘူး... သူတို့ တကယ်ကို နောက်ဆုံးအခြေအနေကို ရောက်နေကြလို့ပဲ... ဒါက အစ်ကိုဖုန်းက သူတို့ကို ပေးထားတဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လေ"

"မင်းသာ လမ်းဆုံးရောက်နေရင် ရုတ်တရက် တစ်ယောက်ယောက်က ရွေးချယ်စရာ လမ်းတစ်လမ်း ရှိတယ်လို့ လာပြောရင် မင်း မရွေးပဲနေမလား"

"ဒါက..." ရှောင်ယန် တစ်ယောက် ခဏတာမျှ စကားဆွံ့အသွား၏။

အောက်ထပ်တွင် နံရံကို မှီထားသော ကျန်းဖန်ကလည်း ထိုနည်းတူ စကားဆွံ့အသွားသည်။

တကယ်ပဲ ဤဈေးဆိုသည်မှာ အခြေခံအားဖြင့် ထောင်ချောက်တစ်ခုသာ ဖြစ်နေ၏။

တိုက်အမှတ် (၈၈) မှ အတွင်းလူများပင် လုံးဝ မယုံကြည်သော အစီအစဉ်ကို ရွှီလဲ့ဖုန်း တစ်ယောက်က တခြားလူများ သူ့ဆီ အသေလာခံရန် လှည့်စားချင်နေသေးသည်။

ဆက်ရန်...

All Chapters