← Chapters

အခန်း (၃၂၉-၃၃၀)

Vol. 17 Ch. 329-330

အခန်း (၃၂၉-၃၃၀)

Vol. 17 Ch. 329-330

အပိုင်း (၃၂၉) ကိုလင်းသာဆိုလျှင်

ကျန်းဖန်၏ မျက်လုံးအိမ်ထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ရွှီလဲ့ဖုန်း၏ ဈေးတန်းစီမံကိန်းဆိုသည်မှာ ကြီးမားသော ထောင်ချောက်ကြီးတစ်ခုသာဖြစ်ကြောင်း သူ အသေအချာ သိရှိသွားပြီဖြစ်သည်။

ရွှီလဲ့ဖုန်းက ဤစီမံကိန်းကို အသုံးချကာ အခြားတိုက်များမှ လူများ သူတို့၏ စုဆောင်းထားသမျှကို ယူဆောင်၍ အရောင်းအဝယ်လာလုပ်မည့်အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ထိုအချိန်ရောက်လျှင် လူရော ပစ္စည်းပါမကျန် သူက တစ်ပါတည်း သိမ်းပိုက်လိုက်မည်ပင်။

ကျန်းဖန်၏ မျက်နှာက မှုန်ကုပ်သွားသည်။ တစ်ဖက်လူ၏ အကြံအစည်ကို ရိပ်မိနေပြီဖြစ်သော်လည်း သူ ရင်ဆိုင်ရမည့် အလွန် လက်တွေ့ကျသော ပြဿနာတစ်ခု ရှိနေသေးသည်။

အကယ်၍ မိမိကသာ ရွှီလဲ့ဖုန်း၏ ဈေးတန်းသို့ မသွားခဲ့လျှင် ရွှီလဲ့ဖုန်းက အသေအချာပင် မျက်နှာပြောင်တိုက်လာမည်ဖြစ်ပြီး ထိုအခါ နှစ်ဖက်ကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ရှောင်လွှဲ၍ရမည် မဟုတ်ပေ။

သို့သော် မိမိဘက်တွင် လူအင်အား မများလှချေ။ ရွှီလဲ့ဖုန်းအား ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင် အနိုင်ရရန် အခွင့်အလမ်း သိပ်မရှိနိုင်ပေ။

ကျန်းဖန်က မျက်မှောင်ကြုတ်လိုက်ပြီး ဖြေရှင်းရမည့် နည်းလမ်းကို ချက်ချင်း စဉ်းစား၍မရဖြစ်နေသည်။

"ဒီည ငါ ခိုးဝင်တိုက်ခိုက်ကြည့်လို့ ရကောင်းရနိုင်တယ်... သူ့တပည့် နည်းနည်းလောက်ကို ရှင်းပစ်နိုင်ရင်လည်း မဆိုးဘူး"

ထိုသို့တွေးမိသည်နှင့် ကျန်းဖန်က မျက်လုံးကိုမှေးကာ ကင်းစောင့်နေသော လူနှစ်ယောက်ကို ကြည့်လိုက်သည်။

သူက အောက်ထပ်သို့ တိတ်တဆိတ် ဆင်းသွားပြီး (၂၈) လွှာရှိ ဆက်သွယ်ထားသော စင်္ကြံလမ်းမှတစ်ဆင့် အခြားတိုက်တစ်ခုဘက်သို့ အခွင့်အရေးရှာရန် ထွက်လာခဲ့သည်။

သို့သော် ရွှီလဲ့ဖုန်းက အလွန် သတိကြီးလှသည်။ အခြားတိုက်များတွင်လည်း ကင်းစောင့်များကို ချထားသေးသည်။

(၂၉) လွှာ တစ်ထပ်လုံးကို ပိတ်ဆို့ထားပြီး နေရာတိုင်းတွင် ကင်းစောင့်များ ရှိနေသည်။

ကျန်းဖန်က အပေါ်တက်ရန် အခွင့်အရေး လုံးဝ ရှာမတွေ့ခဲ့ချေ။

တစ်ခုတည်းသော နည်းလမ်းမှာ ကင်းစောင့်များကို သတ်ပြီးမှ အပေါ်တက်ရန်သာ ရှိပုံရသည်။

သို့သော် ထိုသို့လုပ်ဆောင်ပါက စင်္ကြံလမ်းထဲရှိ လူများကို အသေအချာ သတိပေးလိုက်သလိုဖြစ်သွားမည်ဖြစ်ပြီး တစ်ဖက်လူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ချက်ချင်း ခံရနိုင်သည်။

"ဒီအကြံက အလုပ်မဖြစ်လောက်ဘူး"

ကျန်းဖန်က လက်လျော့လိုက်ရသည်။ လက်ရှိအခြေအနေကို စဉ်းစားသုံးသပ်ပြီးနောက် ခေတ္တဆုတ်ခွာကာ အန်းမင်ဟွေးတို့နှင့်အတူ ပြန်လည်တိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။

တစ်နာရီကြာပြီးနောက် သူက တိုက်အမှတ် (၇၆) သို့ ပြန်ရောက်လာခဲ့သည်။ သန့်ရှင်းသော အဝတ်အစားတစ်ခုကို လဲလှယ်ပြီးနောက် အန်းမင်ဟွေး... ကောက်ယွီချန်... ဝမ်ရှောင်နှင့် ဝမ်ဖန်းတို့ထံ သွားလိုက်သည်။

"ငါ ဟိုဘက်မှာ သွားစုံစမ်းခဲ့ပြီးပြီ... ရွှီလဲ့ဖုန်းရဲ့ ဈေးတန်းစီမံကိန်းဆိုတာ ရာခိုင်နှုန်းကိုးဆယ်လောက်က အတုအယောင်ပဲ... သူ့ရဲ့ အဓိကရည်ရွယ်ချက်က ဒီစီမံကိန်းကို အကြောင်းပြပြီး ငါတို့ကို လှည့်စားခေါ်ယူပြီး တစ်ကျင်းတည်းမှာ အကုန်မြှုပ်ပစ်ဖို့ပဲ"

"ထင်တဲ့အတိုင်းပဲ... သူ အဲဒီလောက် သဘောမကောင်းဘူးဆိုတာ ငါ စကတည်းက ရိပ်မိတယ်"

ကျန်းဖန် စကားပြောအပြီးတွင် ကောက်ယွီချန်က ချက်ချင်းပင် အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

အန်းမင်ဟွေးကလည်း ဒေါသထွက်နေသည့်ဟန်ဖြင့် "တကယ်ဒေါသထွက်စရာပဲ... ငါတို့က သူ့ရဲ့ ဈေးတန်းဆိုတာကြီးကို တကယ်တမ်း မျှော်လင့်နေခဲ့သေးတာ" ဟု ပြောလာသည်။

ဝမ်ရှောင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ငါတို့ကတော့ မမျှော်လင့်ပါဘူး... မင်ဟွေး... မင်းကိုယ်တိုင်ပဲ မျှော်လင့်နေခဲ့တာ မဟုတ်ဘူးလား" ဟု ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

အန်းမင်ဟွေးက ကြောင်အသွားပြီးနောက် ဒေါသတကြီးဖြင့် "မင်းတို့က မမျှော်လင့်ဘူးလား... ဘယ်သူက ဒီလို နေ့ရက်မျိုးတွေကို နေ့တိုင်း ဖြတ်သန်းချင်မှာလဲ... လူတိုင်းသာ စည်းလုံးကြမယ်ဆိုရင် ပိုကြီးမားတဲ့ ခိုလှုံရေးစခန်းကို တည်ဆောက်နိုင်မှာပေါ့" ဟု ပြန်ပြောသည်။

"အစတုန်းက ငါတို့ ရေထဲကို ဘာလို့ အတင်းအကျပ် ခုန်ချခဲ့ရတာလဲ... အဲဒီ တိရစ္ဆာန်ကောင်တွေက အတွင်းရေးပဋိပက္ခတွေ ဖန်တီးခဲ့လို့ ငါတို့ အသက်ရှင်ဖို့ ရေထဲကို မခုန်ချချင်ဘဲ ခုန်ချခဲ့ရတာ မဟုတ်ဘူးလား"

ဝမ်ရှောင်က အေးဆေးစွာပင် "မျှော်လင့်ချက်ကို နေရာမှားပြီး ထားမိခဲ့မှတော့ သူစိမ်းတစ်ယောက်အပေါ်ကို ထပ်ပြီး အလွယ်တကူ မျှော်လင့်ချက် မထားသင့်တော့ဘူး... မင်ဟွေး... တချို့ကိစ္စတွေက သူများအပေါ် အားကိုးလို့မရဘူး... ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာ"

"ငါတို့ခိုလှုံရေးစခန်း တည်ဆောက်ချင်တယ်ဆိုရင်လည်း သူများအပေါ် မျှော်လင့်နေလို့မရဘူး"

အန်းမင်ဟွေးက ထိုစကားကို ကြားသောအခါ အနည်းငယ် တိတ်ဆိတ်သွားပြီးမှ "ဒါဆို ဘယ်သူ့ကို မျှော်လင့်ရမှာလဲ... ငါ့ကိုယ်ငါလား... ငါက ကုသရေးအစွမ်းပိုင်ရှင်တစ်ယောက်လေ... တိုက်ခိုက်နိုင်စွမ်းတောင် မရှိဘူး" ဟု ပြောလာသည်။

"မင်းရဲ့ စိတ်စွမ်းအင်က အစွမ်းထက်တယ်ဆိုပေမဲ့ ရုတ်တရက် အလစ်အငိုက်တိုက်ခိုက်နိုင်လို့ အသာစီးရရုံလေးတင်လေ"

"ငါ့ကိုပြောစမ်း... ဘယ်သူ့ကို အားကိုးရဦးမလဲ... ဝမ်ဖန်းကိုလား... သူ့ရဲ့ အသံလှိုင်း အစွမ်းကရော ဘယ်လိုနေလို့လဲ... တစ်ဖက်လူကို ဆူညံပြီး သေအောင် လုပ်ပစ်မှာလား"

"ဒါမှမဟုတ် ကောက်ယွီချန်ရဲ့ ချီကုန်း အစွမ်းကို အားကိုးရမလား... သူ့မှာ တိုက်ခိုက်နိုင်စွမ်း အနည်းငယ် ရှိတာကိုတော့ ငါ ဝန်ခံပါတယ်... ဒါပေမဲ့ နေ့ခင်းတုန်းက ရွှီလဲ့ဖုန်းဘေးနားက အစွမ်းပိုင်ရှင်တွေကို မင်းတို့ မြင်ခဲ့ကြတယ်မလား"

"ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင် ရှိရုံတင်မဟုတ်ဘူး... ရေဓာတ်အမျိုးအစား အစွမ်းပိုင်ရှင်ပါ ရှိသေးတယ်... ငါတို့က ဘယ်လိုလုပ် ယှဉ်တိုက်နိုင်မှာလဲ"

အန်းမင်ဟွေးမှာ ပြောလေပြောလေ ဒေါသထွက်လေဖြစ်လာပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်မိသည်။

ထိုအချိန်တွင် ကောက်ယွီချန်က အေးစက်စက်အသံဖြင့် "အန်းမင်ဟွေး... တိုက်တောင် မတိုက်ရသေးဘူး... မင်းက ကိုယ့်ဘက်ကို စိတ်ဓာတ်ကျအောင် အရင်လုပ်နေတာလား" ဟု ဝင်ပြောသည်။

ဝမ်ဖန်းကလည်း မနေနိုင်တော့ဘဲ "မင်ဟွေး... ရှင်ပြောတဲ့စကားက ဘာအဓိပ္ပာယ်လဲ... ကျွန်မရဲ့ အသံလှိုင်း က ရန်သူကို ရှာဖွေနိုင်သလို ရိုက်ခတ်နိုင်တဲ့ အစွမ်းလည်း ရှိတယ်... ဘယ်လိုလုပ်ပြီး ရှင့်အပြောမှာ ဘာမှ အသုံးမကျတဲ့အရာ ဖြစ်သွားရတာလဲ" ဟု ဝင်ပြောလိုက်သည်။

အန်းမင်ဟွေးက ခေတ္တမျှ စကားဆွံ့အသွားပြီးနောက် သက်ပြင်းတစ်ချက်ချကာ "ငါ နည်းနည်း စိတ်လွတ်သွားလို့ပါ... တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။

ကျန်းဖန်က သူတို့ ငြင်းခုံနေသည်ကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

"တကယ်လို့ ကိုလင်းတို့သာ ဒီမှာရှိနေသေးရင် ရွှီလဲ့ဖုန်းလောက်က ဒီမှာလာပြီး ရမ်းကားခွင့် ရပါ့မလား"

သူက ထိုသို့ ညည်းညူလိုက်သည်။

သူတို့လေးယောက်စလုံး မနေနိုင်ဘဲ သူ့ကို တစ်ချက် ကြည့်လိုက်ကြသည်။

ဝမ်ဖန်းက မနေနိုင်တော့ဘဲ "အစ်ကိုကျန်းဖန်... အစ်ကိုက အမြဲတမ်း အဲဒီ ကိုလင်းဆိုတဲ့သူကိုပဲ ပြောနေတာ... အဲဒီလူက တကယ်ရော အဲဒီလောက် အစွမ်းထက်လို့လား" ဟု မေးလိုက်သည်။

ဝမ်ရှောင်ကလည်း မျက်မှောင်ကြုတ်ကာ "အစ်ကိုကျန်းဖန်... အဲဒီလူက တကယ် ဘယ်လောက်တောင် စွမ်းလို့လဲ" ဟု မေးလာသည်။

ကျန်းဖန်က ခါးသက်သက် ပြုံးလိုက်ပြီး "ငါနဲ့ သူ့ကို ယှဉ်လိုက်ရင် သူ့ရဲ့ ဆံချည်မျှင်တစ်မျှင်တောင် မမီဘူး"

"မင်းတို့က ကိုလင်းကို မမြင်ဖူးလို့ပါ... သူ တိုက်အမှတ် (၇၆) မှာ ရှိနေတုန်းက ပြိုင်ဘက်ကင်းလောက်တဲ့အထိ အစွမ်းထက်ခဲ့တာ"

"အရင် သူရှိနေတုန်းက ငါက အစွမ်းပိုင်ရှင် မဖြစ်သေးဘူးလေ... ဒါကြောင့် အဲဒီအချိန်တုန်းက သူ အစွမ်းထက်တယ်ဆိုတာကိုပဲ သိခဲ့ပြီး ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာကိုတော့ မသိခဲ့ဘူး"

"ငါကိုယ်တိုင် အစွမ်းပိုင်ရှင် ဖြစ်လာတဲ့အချိန်ကျမှ သူ တကယ် ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာကို သိလာခဲ့တာ"

"အခု ငါ ပြန်စဉ်းစားကြည့်ရင် သူ့ဆီမှာ အနည်းဆုံး အစွမ်းသုံးမျိုးရဲ့ လက္ခဏာတွေ ရှိနေတယ်"

"သုံးမျိုးတောင် ဟုတ်လား" ကောက်ယွီချန်ပင်လျှင် မနေနိုင်ဘဲ အံ့သြတကြီး အော်ဟစ်လိုက်သည်။

အန်းမင်ဟွေးကလည်း အံ့သြစွာဖြင့် "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အစွမ်းသုံးမျိုး ပိုင်ဆိုင်ထားတဲ့လူကို ငါ တစ်ခါမှ မမြင်ဖူးပါဘူး" ဟု ပြောလာသည်။

ဝမ်ရှောင်က မသိမသာပင် "ဘယ်သုံးမျိုးလဲ" ဟု မေးလိုက်သည်။

ကျန်းဖန်က ပြုံးလိုက်ပြီး "မင်းတို့ မယုံဘူးဆိုတာ ငါသိပါတယ်... ငါကိုယ်တိုင်လည်း ယုံဖို့ ခက်ခဲခဲ့တာပဲ... ဒါပေမဲ့ သူ တိုက်ခိုက်တာကို ငါ အသေအချာ မြင်ခဲ့ရတယ်... ငါ သိနိုင်သလောက်တော့ အနည်းဆုံး သုံးမျိုးပဲ"

"ပထမဆုံးအနေနဲ့ ကိုလင်းမှာ အလွန် အစွမ်းထက်တဲ့ စိတ်စွမ်းအင် ရှိတယ်... ငါတို့တိုက်မှာ အရင်က ဝမ်ကျဲလို့ခေါ်တဲ့ အစွမ်းပိုင်ရှင်တစ်ယောက် ရှိခဲ့ဖူးတယ်"

"သူက စိတ်စွမ်းအင်နဲ့ ပုံရိပ်ယောင်ဖန်တီးနိုင်တဲ့ အစွမ်းပိုင်ရှင်လေ... ဒီအစွမ်းက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုရင် မင်း သူ့အနား ကပ်သွားတာနဲ့ ဝမ်ကျဲရဲ့ ပုံရိပ်ယောင်ဖန်တီးမှုအောက်ကို ရောက်သွားပြီး သူ့မျက်နှာကိုတောင် မမြင်လိုက်ရဘဲ သူ ကစားသတ်တာကို ခံရလိမ့်မယ်"

"အဲဒီအချိန်တုန်းက ငါတို့ဘက်မှာ ကိုလင်း တစ်ယောက်တည်းကပဲ ဝင်ပါပြီး ဝမ်ကျဲရဲ့ စိတ်စွမ်းအင်ပုံရိပ်ယောင်တွေကို ဖျက်ဆီးပစ်နိုင်ခဲ့တာ"

"အခု ပြန်တွေးကြည့်တော့ ကိုလင်းရဲ့ စိတ်စွမ်းအင်က ထင်ရှားရုံသာမကဘဲ အလွန် အစွမ်းထက်တဲ့ စိတ်စွမ်းအင်အရည်အသွေးကို ပိုင်ဆိုင်ထားတာ အသေအချာပဲ"

"ဒါ့အပြင် ကိုလင်းရဲ့ ခွန်အားကလည်း သာမန်လူတွေထက်ကို သာလွန်သေးတယ်... သာမန် ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်တွေတောင် သူ့လောက် ခွန်အားကြီးပါ့မလားလို့ ငါ ထင်မိတယ်"

"အရင်က ငါတို့တိုက်နဲ့ မျက်နှာချင်းဆိုင် တိုက်အမှတ် (၇၅) ကြားက ကြိုးတံတားကို မင်းတို့ တွေ့ခဲ့ကြတယ်မလား"

"အဲဒါကို ကိုလင်း ကိုယ်တိုင် ကျောက်ခဲတစ်လုံးမှာ ကြိုးချည်ပြီး မျက်နှာချင်းဆိုင်တိုက်ဆီကို ပစ်လွှတ်ခဲ့တာပဲ"

"အဲဒီ အကွာအဝေးကို သာမန်လူတွေ လုံးဝ မလုပ်နိုင်ဘူး"

ဝမ်ရှောင်တို့ လေးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏ မျက်နှာတွင် အံ့သြထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။

ကျန်းဖန် ပြောနေသော ထိုကိစ္စများမှာ လွန်ခဲ့သော နှစ်လခန့်က ဖြစ်ရပ်များဖြစ်ကြောင်း သူတို့ သိထားကြသည်။

လွန်ခဲ့သော နှစ်လခန့်ကတည်းက ဤကိုလင်းဆိုသူသည် ဤမျှ အစွမ်းထက်သော စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့ပြီလား။

"နောက်ထပ် အစွမ်းတစ်မျိုးကရော"

ကျန်းဖန်က ထိုစကားကို ကြားသောအခါ မျက်လုံးထဲတွင် အားကျမှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး "နောက်ထပ် အစွမ်းတစ်မျိုးကိုတော့ မင်းတို့ အိမ်မက်ထဲမှာတောင် ထည့်မက်ဖို့ မဖြစ်နိုင်ဘူး"

"ဘာများလဲ" အန်းမင်ဟွေးက မသိမသာ ထပ်မေးလိုက်သည်။

"ဟင်းလင်းပြင် အစွမ်း"

"ဘာ" ဤတစ်ကြိမ်တွင် ဝမ်ဖန်းပင်လျှင် မနေနိုင်ဘဲ အံ့သြတကြီး အော်ဟစ်လိုက်မိသည်။

"ဟင်းလင်းပြင် အစွမ်း... ဒီလို အစွမ်းမျိုးလည်း ရှိသေးတာလား" ဝမ်ရှောင်က အံ့သြစွာ မေးလိုက်သည်။

ကောက်ယွီချန်မှာမူ မျက်လုံးကြီးများ ပြူးကျယ်သွားကာ ကျန်းဖန်ကို ကြည့်နေတော့သည်။

ကျန်းဖန်က ပြုံးလိုက်ပြီး "အံ့သြသွားကြတယ်မလား... ငါတို့လည်း အစတုန်းက အရမ်း အံ့သြခဲ့ကြတာပဲ" ဟု ပြောလိုက်သည်။

"ဒါပေမဲ့ ကိုလင်းမှာ အဲဒီလို ကြောက်စရာကောင်းတဲ့ အစွမ်းမျိုး တကယ် ရှိတယ်... သူက သီးခြား ဟင်းလင်းပြင်တစ်ခုကို ဖွင့်နိုင်ပြီး သူ့ရဲ့ ဟင်းလင်းပြင်ထဲမှာ စားစရာတွေ အများကြီး သိုလှောင်ထားနိုင်တာ"

"အစတုန်းက ငါတို့ရဲ့ တိုက်အမှတ် (၇၆) က အချိန်အကြာကြီး တောင့်ခံနိုင်ခဲ့တဲ့အပြင် ရှေ့က တိုက်အမှတ် (၇၅) နဲ့ နောက်က တိုက်အမှတ် (၇၇) တွေပါ ငါတို့နဲ့ အရောင်းအဝယ် လာလုပ်ခဲ့ကြတာ... တကယ်တော့ ကိုလင်းမှာ ဟင်းလင်းပြင်အစွမ်း ရှိနေပြီး အစားအသောက် အမြောက်အမြားကို သိုလှောင်ထားနိုင်လို့ပဲ"

"အဲဒီအချိန်တုန်းက ကိုလင်းရဲ့ အိမ်မှာ မီးစက်တောင် ရှိသေးတယ်... လျှပ်စစ်မီးဖိုတွေ... လျှပ်စစ်ပေါင်းအိုးတွေ အများကြီး အလုပ်လုပ်နေနိုင်တာ"

"တကယ်တော့ ကိုလင်းသာ တိုက်အမှတ် (၇၆) ကနေ ထွက်သွားဖို့ မဆုံးဖြတ်ခဲ့ဘူးဆိုရင် အဲဒီအချိန်က သူ့ရဲ့ အခြေအနေနဲ့ဆို သူက ဈေးတန်းတည်ဆောက်မယ်လို့ ထွက်ပြောရင်တောင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်"

ကျန်းဖန်၏ စကားက အန်းမင်ဟွေးတို့ လေးယောက်ကို လုံးဝ ဆွံ့အသွားစေသည်။

"သီးခြား ဟင်းလင်းပြင်ကို ဖွင့်နိုင်တဲ့ အစွမ်းတစ်ခုလား"

"အစားအသောက်တွေ ပြည့်နှက်နေတဲ့ ဟင်းလင်းပြင်တစ်ခု ဟုတ်လား"

"ဒါက... ဒီလိုလူမျိုး တကယ် ရှိနေတာလား"

"အစ်ကိုကျန်းဖန်... အစ်ကို နောက်နေတာ မဟုတ်ပါဘူးနော်"

လူလေးယောက်မှာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး သူတို့ ရင်ထဲရှိ အလွန်အမင်း ထိတ်လန့်အံ့သြမှုကို ဖော်ပြနေကြသည်။

ထင်ရှားသော စိတ်စွမ်းအင်နှင့် ခွန်အားအမျိုးအစား အစွမ်းတို့မှာ ဘာမှ မဟုတ်လှပေ။

သူတို့သည်လည်း ထိုသို့သော အစွမ်းပိုင်ရှင်မျိုးကို မမြင်ဖူးခြင်း မဟုတ်ပေ။

သို့သော် ဟင်းလင်းပြင် အစွမ်းပိုင်ရှင်... ဟင်းလင်းပြင်ကိုဖွင့်၍ အစားအသောက်များကို သိုလှောင်နိုင်သည့် သီးခြား ဟင်းလင်းပြင်...။

ဤသည်ကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်သည်။

သူတို့ အံ့သြတုန်လှုပ်သွားပြီး မယုံကြည်နိုင်ဖြစ်သွားသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။

ဤသို့သော လူတစ်ယောက်သည် မည်သည့်နေရာတွင် ပေါ်လာပါစေ တစ်ဖက်ကမ်းခတ် ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူဆန္ဒရှိသည်နှင့် လူအများက လိုက်ပါကြမည့် တည်ရှိမှုမျိုးပင် ဖြစ်သည်။

ကျန်းဖန်က ပြုံးလိုက်ပြီး အနည်းငယ် ဂုဏ်ယူနေသည့်ဟန်ဖြင့် "အဲဒီအချိန်တုန်းက တိုက်အမှတ် (၇၆) က အမြင့်ဆုံးအထိ အရှိန်အဝါကြီးခဲ့တာ... ကိုလင်းလိုမျိုး အစွမ်းထက်တဲ့ ခေါင်းဆောင် ရှိနေရုံသာမကဘဲ ကျောက်ခိုင်... တင်းယန်နဲ့ ဆုန့်ဝမ်တို့လို အစွမ်းပိုင်ရှင်တွေလည်း ရှိနေခဲ့တယ်" ဟု ပြောလိုက်သည်။

"တကယ်လို့ အဲဒီအချိန်တုန်းက သူတို့သာ ထွက်မသွားဘဲ တိုက်အမှတ် (၇၆) မှာ ကျန်နေခဲ့မယ်ဆိုရင်... အခု မိန်တုဥယျာဉ်မှာ အဲဒီ ရွှီလဲ့ဖုန်း လေသံတောင် ဟရဲမှာမဟုတ်ဘူး"

ဤနေရာသို့အရောက်တွင် သူ၏ စိတ်ထဲ၌ ထပ်မံ၍ မွန်းကျပ်လာပြန်သည်။

လက်ရှိ တိုက်အမှတ် (၇၆) သည် ကိုလင်း ရှိနေစဉ်ကလို ထွန်းတောက်မှုမျိုး မရှိတော့သည်မှာ ကြာပြီဖြစ်သည်။

သူ ယခု ကျန်ရစ်နေသော နေထိုင်သူများကို ဦးဆောင်နေရသည်မှာ တကယ်ကို အနည်းငယ် ခက်ခဲနေသည်။

ဝမ်ရှောင်က စဉ်းစားလိုက်ပြီး "အစ်ကိုကျန်းဖန်... တကယ်လို့ အဲဒီ ကိုလင်းကသာ ငါတို့လို အခြေအနေမျိုးနဲ့ ကြုံနေရရင် ဘယ်လို လုပ်မှာလဲ" ဟု မေးလိုက်သည်။

"ဒါက..."

ကျန်းဖန်က ထိုစကားကို ကြားသောအခါ ချက်ချင်း ကြောင်အသွားပြီး စဉ်းစားခန်း ဝင်သွားသည်။

"တကယ်လို့ ကိုလင်းသာဆိုရင်... သူ ဘယ်လို လုပ်မှာလဲ"

ကျန်းဖန်က ကိုလင်း၏ ပုံမှန် လုပ်ဆောင်နေကျ ပုံစံကို ပြန်လည် စဉ်းစားလိုက်သည်။

ကိုလင်း၏ လုပ်ရပ်များက အမြဲတမ်း တည်ငြိမ်ပြီး အသေအချာ မပိုင်ဘဲ မည်သည့်အရာကိုမျှ မလုပ်ဆောင်တတ်ပေ။

သို့သော် ကိုလင်းက လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီဆိုသည်နှင့် အသေအချာ လုပ်ဆောင်မည်ဖြစ်ပြီး မည်သည့်စွမ်းအားကိုမျှ ချန်မထားဘဲ အစွမ်းကုန် ကြိုးစားလုပ်ဆောင်တတ်သည်။

ထိုသို့ဆိုလျှင် ကိုလင်းကသာ မိမိ၏ နေရာတွင် ရှိနေမည်ဆိုပါက သူ ဘယ်လို လုပ်ဆောင်မည်နည်း။

ကျန်းဖန်က ချက်ချင်းပင် အတွေးများ ပြန့်လွင့်သွားပြီး မကြာမီမှာပင် သူ့ထံတွင် အကြံတစ်ခု ရလာခဲ့သည်။

ကိုလင်းသည် ဘယ်သောအခါမှ မဆင်မခြင် လုပ်ဆောင်တတ်သူ မဟုတ်ပေ။ အကယ်၍ သူသာဆိုလျှင် မိမိဘက်က အားနည်းနေချိန်မျိုး၌ အသေအချာပင် တိုက်ပွဲကို အရင် စတင်မည် မဟုတ်ပေ။

"လောလောဆယ် ငါ့မှာ အကြံ နှစ်ခုရှိတယ်... မင်းတို့ ငါ့ကို ကူပြီး စဉ်းစားပေးကြဦး" ကျန်းဖန်က စကားစလိုက်သည်။

လူလေးယောက်က ကျန်းဖန်ကို အမြန် ကြည့်လိုက်ကြသည်။

ကျန်းဖန်က "ပထမနည်းလမ်းက ငါတို့ ထိပ်တိုက်ရင်ဆိုင်စရာ မလိုဘူး... ခိုးဝင်ပြီး အလစ်ဝင်တိုက်လို့ရတယ်"

"ဒါပေမဲ့ တစ်ဖက်လူရဲ့ လုံခြုံရေးက အရမ်း တင်းကျပ်နေတယ်... ငါ တစ်ယောက်တည်းဆိုရင် အစွမ်း မလုံလောက်မှာ စိုးရတယ်... အားလုံးရဲ့ ပူးပေါင်းကူညီမှု လိုအပ်တယ်"

ဝမ်ရှောင်က မသိမသာ ခေါင်းညိတ်လိုက်ပြီး "ဒါက နည်းလမ်းတစ်ခုပါပဲ... သေမယ့်အချိန်ကို ထိုင်စောင့်ပြီး တစ်ဖက်လူ ဘယ်အချိန် လာတိုက်မလဲ စောင့်နေမယ့်အစား ငါတို့ကိုယ်တိုင် အချိန်အခါကောင်းကို ရွေးချယ်ပြီး အရင် စတိုက်ရင် တစ်ဖက်လူကို အလစ်အငိုက် မိသွားစေနိုင်တယ်" ဟု ပြောလိုက်သည်။

ဝမ်ဖန်းကလည်း "ဟုတ်တယ်... အနည်းဆုံးတော့ ကျွန်မတို့ဘက်က အသာစီး ယူထားနိုင်သေးတာပေါ့" ဟု ထောက်ခံလိုက်သည်။

ကောက်ယွီချန်ကလည်း အလွန် သဘောတူသည့်ဟန်ဖြင့် "အစောကြီးကတည်းက တိုက်သင့်နေတာ... ရွှီဆိုတဲ့ကောင်ရဲ့ အချိုးကို ငါ ကြည့်မရတာ ကြာပြီ" ဟု ဝင်ပြောသည်။

အန်းမင်ဟွေးက သက်ပြင်းချကာ "ငါတို့ အတူတူ တိုက်မယ်ဆိုရင်ရော အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက်တောင် ရှိလို့လဲ... အစ်ကိုကျန်းဖန်... အစ်ကို့ဆီမှာ ဘာအကြံ ရှိသေးလဲ" ဟု မေးလိုက်သည်။

ကျန်းဖန်က "နောက်ထပ်နည်းလမ်းတစ်ခုက ငါတို့ အခြားလူတွေနဲ့ သွားဆက်သွယ်ဖို့ လိုတယ်... လူများများနဲ့ မဟာမိတ်ဖွဲ့နိုင်ဖို့ နည်းလမ်းရှာမှပဲ ရွှီလဲ့ဖုန်းကို ရင်ဆိုင်နိုင်မှာ"

"ငါတို့ လူနည်းစုလေးကိုချည်း အားကိုးနေလို့ မရမှတော့ ငါတို့ရဲ့ အင်အားကို ချဲ့ထွင်ဖို့ နည်းလမ်း ရှာရမယ်... တိုက်အမှတ် (၇၇) ဘက်မှာ လူမရှိတော့ပေမဲ့ တိုက်အမှတ် (၇၅) မှာတော့ ကျန်နေသေးတဲ့လူတွေ မနည်းဘူး ရှိသေးတယ်"

"ရွှီလဲ့ဖုန်းက တိုက်အမှတ် (၇၅) ကို သိမ်းပိုက်လိုက်ပြီဆိုပေမဲ့ သူက အင်အားသုံးပြီး သိမ်းပိုက်ခဲ့တာလေ... တိုက်အမှတ် (၇၅) က လူတွေ သူ့ကို တကယ် အညံ့ခံမယ်လို့ ငါ မယုံဘူး... မျက်နှာချင်းဆိုင်က အစ်ကိုမင်ဆီ သွားဆက်သွယ်ဖို့ ငါ နည်းလမ်း ရှာကြည့်မယ်... မဟာမိတ်ဖွဲ့လို့ ရကောင်း ရနိုင်တယ်"

လူလေးယောက်က ထိုစကားကို ကြားသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏ မျက်နှာတွင် စိတ်ဝင်စားသွားသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။

ဆက်ရန်...

အပိုင်း(၃၃၀) ပူးပေါင်းမည့်အစီအစဉ်

"ဦးလေးမင်လား... အဲဒီလူကြီးက တော်တော်ကောက်ကျစ်တာ... ရွှီလဲ့ဖုန်း ရောက်လာတုန်းက သူက ဘာမှတောင် မခုခံဘဲ တန်းပြီး လက်နက်ချသွားတာလေ" ကောက်ယွီချန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။

အန်းမင်ဟွေးကလည်း "ဟုတ်တယ်... ဦးလေးမင်က သိပ်ပြီး ယုံကြည်လို့ရမယ့်ပုံ မပေါ်ဘူး"

ရန်ဆန်းမင်တို့အဖွဲ့ အမှတ် (၇၅) တိုက်မှ ထွက်ခွာသွားပြီးနောက် ကျန်ရစ်ခဲ့သည့် လူများထဲမှ နောက်ထပ် လူအချို့က အစွမ်းများ အဆက်မပြတ် နိုးထလာခဲ့ကြသည်။

၎င်းတို့ထဲတွင် မင်ကောချန်ဟုခေါ်သော အသက်ငါးဆယ်ကျော်အရွယ် လူကြီးက ခေါင်းဆောင်ဖြစ်သည်။

ယခင်က ရန်ဆန်းမင်တို့ ဦးဆောင်ကာ အမှတ် (၇၅) တိုက်မှ ထွက်ခွာသွားစဉ် လူတစ်စုကိုပါ ခေါ်ဆောင်သွားခဲ့သည်။

ထိုလူများက ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရဲပြီး အသက်ရှင်သန်ရန် ထွက်ပေါက်ရှာချင်သူများ ဖြစ်ကြသည်။

သို့သော် ကျန်ရစ်ခဲ့သည့် လူများထဲတွင်လည်း တကယ်တမ်း ထွက်သွားချင်သူများ အများအပြား ရှိနေခဲ့၏။

သို့တိုင် အကြောင်းအမျိုးမျိုးကြောင့် မလွှဲမရှောင်သာ ကျန်ရစ်ခဲ့ရခြင်း ဖြစ်သည်။

မင်ကောချန်က ထိုစဉ်က နာတာရှည် ပန်းနာရင်ကျပ်ရောဂါ ရှိနေသောကြောင့် သူ၏အချိန်များ သိပ်မကျန်တော့ကြောင်း ကိုယ်တိုင်သိနေပြီး ထိုက်ယန်တောင်သို့ ရောက်သွားလျှင်တောင် အသက်ရှင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူက အခြေအနေကို လက်မြှောက်အရှုံးပေးကာ အမှတ် (၇၅) တိုက်တွင်သာ နေရစ်ခဲ့ပြီး ရန်ဆန်းမင်တို့နှင့်အတူ ထိုက်ယန်တောင်သို့ မလိုက်သွားခဲ့ခြင်း ဖြစ်၏။

သို့သော် မထင်မှတ်ဘဲ မတော်တဆမှုတစ်ခုမှတစ်ဆင့် သူက သန္ဓေပြောင်းစွမ်းအင်ကို အောင်မြင်စွာ နိုးထနိုင်ခဲ့ပြီး အစွမ်းပိုင်ရှင် ဖြစ်လာခဲ့သည်။

ထိုအချိန်မှစ၍ သူသည် အသက်ရှင်သန်ရန် မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့သွားခဲ့ပြီး အခက်အခဲများကို တက်ကြွစွာ ရင်ဆိုင်ဖြေရှင်းလာခဲ့သည်။

သူက အမှတ် (၇၅) တိုက်၏ ခေါင်းဆောင်အဖြစ် အောင်မြင်စွာ နေရာယူနိုင်ခဲ့၏။

အမှတ် (၇၅) တိုက်တွင် ကျောက်ခိုင် ဖန်တီးထားသည့် ရေခဲတိုက်ကိုလည်း သူက အစွမ်းကုန် ကြိုးစားထိန်းသိမ်းခဲ့ကာ ငါးများစွာကို စုဆောင်းထားနိုင်ခဲ့သည်။

ထို့ကြောင့် စားသောက်ရန် ပူပန်စရာမလိုဘဲ သူ၏လက်အောက်ငယ်သားများကလည်း သူ့ကို လိုလိုလားလား နောက်လိုက်ခဲ့ကြသည်။

နောက်ပိုင်းတွင် အမှတ် (၇၅) တိုက်၌ အစွမ်းပိုင်ရှင် သုံးဦး ထပ်မံ ပေါ်ထွက်လာခဲ့သဖြင့် အမှတ် (၇၅) တိုက်၏ စုပေါင်းအင်အားမှာ ပိုမို တောင့်တင်းလာခဲ့၏။

ကျန်းဖန်က ယခင်က မင်ကောချန်နှင့် အကြိမ်အနည်းငယ် ဆက်သွယ်ဖူးပြီး မင်ကောချန်က ကျန်းဖန်အပေါ် အလွန် ရင်းနှီးဖော်ရွေသည့် သဘောထားရှိကာ ကျန်းဖန်၏ ဦးဆောင်မှုနောက်သို့ လိုက်ပါလိုသည့် ဟန်ပင် ပြသခဲ့ဖူးသည်။

ကျန်းဖန်ကလည်း မင်ကောချန်၏ ယခုလို သဘောထားမျိုး ရှိရခြင်းအကြောင်းကို ရှင်းရှင်းလင်းလင်း သိထား၏။

တစ်ဖက်လူက နောင်တစ်ချိန်တွင် သူနှင့်အတူ ထိုက်ယန်တောင်သို့ လိုက်ပါသွားပြီး ကိုလင်းနှင့် ပြန်လည် ဆက်သွယ်လို၍သာ ဖြစ်လောက်သည်။

မည်သို့ပင်ဆိုစေ ကိုလင်း၏အနီးတွင် ကျန်းဖန်ကလည်း ယခင်က ကင်းလှည့်တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။

ကိုလင်းအဖွဲ့၏ အစောဆုံး အမာခံအဖွဲ့ဝင်များထဲမှ တစ်ဦးဟုပင် ဆို၍ရသည်။

သို့သော် ၎င်းတို့မှာ နောက်မှဖြစ်လာမည့် ကိစ္စများသာဖြစ်ပြီး လက်ရှိတွင် ရွှီလဲ့ဖုန်းကဲ့သို့ အင်အားကြီးမားပြီး ကြမ်းတမ်းသည့်လူနှင့် ရင်ဆိုင်ရချိန်၌ ဤလူကြီးက သိပ်ပြီး ယုံကြည်အားထား၍ ရမည်မထင်ပေ။

၎င်းက အန်းမင်ဟွေး၏ အတွေးသာမက ဝမ်ရှောင်တို့အဖွဲ့၏ စိုးရိမ်ပူပန်မှုလည်း ဖြစ်သည်။

ကျန်းဖန်ကမူ ခေါင်းကို အသာရမ်းလိုက်ပြီး လေးနက်သောလေသံဖြင့် "အဲဒီလို မဖြစ်လောက်ပါဘူး... ဦးလေးမင်က ကောက်ကျစ်စဉ်းလဲပေမဲ့ တစ်နေ့နေ့ ဒီတိုက်ကြီးကနေ ထွက်သွားပြီး ထိုက်ယန်တောင်မှာ ခိုလှုံဖို့ တွေးထားသေးသရွေ့တော့ ကိစ္စတွေကို လက်လွှတ်စံပါယ် လုပ်ပစ်မှာ မဟုတ်ဘူး"

"ဒါ့အပြင် အခုလက်ရှိ ရွှီလဲ့ဖုန်းက လူအားလုံးကို တစ်ကျော့တည်းနဲ့ အကုန်အစင် ဖမ်းဖို့ ထောင်ချောက်ဆင်နေတာ သိသာတယ်... ဦးလေးမင်သာ မအဘူးဆိုရင် သူ့ကို တကယ်ယုံမှာ မဟုတ်ဘူး"

"အစ်ကိုဖန်... ဒါဆို သူ့ဆီသွားပြီး စကားပြောကြည့်မလား" ကောက်ယွီချန်က လေးနက်စွာ မေးလိုက်၏။

ကျန်းဖန်က ခေါင်းညိတ်လိုက်ပြီး "မိုးလင်းတာနဲ့ ငါနဲ့ ဝမ်ရှောင် သွားလိုက်မယ်" ဟု လေးနက်စွာ ပြန်ဖြေသည်။

ဝမ်ရှောင်ကလည်း ခေါင်းညိတ်လိုက်ပြီး "သိပြီ"

ထို့နောက် သူတို့အားလုံး အနားယူရန် ပြန်သွားကြပြီး နောက်တစ်နေ့ နံနက်စောစောတွင် အပြင်ဘက်၌ မိုးဖွဲဖွဲလေး ရွာသွန်းနေသည်။

ကျန်းဖန်နှင့် ဝမ်ရှောင်တို့က ရိုးရှင်းသော သစ်သားဖောင်ပေါ်တွင် ထိုင်ကာ မျက်နှာချင်းဆိုင်ရှိ အမှတ် (၇၅) တိုက်ဘက်သို့ လှော်ခတ်သွားကြ၏။

သို့သော် သူတို့က တိုက်၏ ဝင်ပေါက်မကြီးကို တမင်တကာ ရှောင်ကွင်းသွားခဲ့ကြသည်၊ ထိုနေရာတွင် ရွှီလဲ့ဖုန်း၏ လူများ စောင့်ကြပ်နေသောကြောင့် ဖြစ်သည်။

အမှတ် (၇၅) တိုက်ကို ရွှီလဲ့ဖုန်းက သိမ်းပိုက်ထားပြီးဖြစ်ရာ သဘာဝကျစွာပင် ထိုဘက်၌ သူ၏လူများကို စောင့်ကြပ်ရန် ချန်ထားခဲ့မည်သာ ဖြစ်၏။

သစ်သားဖောင်လေးက ဝင်ပေါက်မကြီးကို ရှောင်ကွင်းကာ ဘေးဘက်ရှိ အမှတ် (၁) အဆောင်သို့ ရောက်ရှိလာခဲ့သည်။

ဝမ်ရှောင်က ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်ပြီး စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ကာ အပေါ်ထပ်သို့ အဆက်မပြတ် ပို့လွှတ်လိုက်ရာ မကြာမီမှာပင် အထပ် (၃၀) ခန့်အထိ ရောက်ရှိသွားတော့သည်။

သူတို့နှစ်ဦး အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ကြိုးကိုဆွဲကိုင်ကာ နံရံကို ကန်ကျောက်ရင်း ရှေ့ဆင့်နောက်ဆင့်ဖြင့် အပေါ်ထပ်သို့ လျင်မြန်စွာ တွယ်တက်သွားကြ၏。

ရေပြင်နှင့် နီးကပ်နေသော အထပ်များကို ကျော်လွန်ကာ အထပ် (၃၀) ဝန်းကျင်အထိ တစ်ဟုန်ထိုး တက်သွားကြပြီး ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်ရန် ရည်ရွယ်ထားကြသည်။

သို့သော် ရေကြီးပြီးနောက်ပိုင်းတွင် အိမ်တိုင်းလိုလိုက ပြတင်းပေါက် အပြင်ဘက်မှ ဝင်ရောက်တိုက်ခိုက်မည်ကို ကာကွယ်ရန်အတွက် ပြတင်းပေါက်များကို အသေပိတ်ထားခဲ့ကြ၏။

သူတို့နှစ်ဦးလည်း ရွေးချယ်စရာမရှိတော့ဘဲ အပေါ်သို့ ဆက်လက် တွယ်တက်သွားခဲ့ရာ (၃၁) လွှာအထိ ရောက်ရှိသွားသည်။

ထို့နောက် ကျန်းဖန်က ပြတင်းပေါက်တစ်ခုမှတစ်ဆင့် လှမ်းကြည့်လိုက်ရာ အထဲတွင် လူနှစ်ဦး စကားပြောနေသည်ကို မြင်တွေ့လိုက်ရ၏။

ထိုသူများထဲမှ တစ်ဦးမှာ မင်ကောချန်ပင် ဖြစ်သည်။

ကျန်းဖန်၏မျက်နှာတွင် ချက်ချင်းပင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာကာ ထိုနေရာတွင် ရပ်တန့်လိုက်ပြီး ဝမ်ရှောင်ကို လက်လှမ်းပြလိုက်သည်။

သူတို့နှစ်ဦး ပြတင်းပေါက်အပြင်ဘက်တွင် တွဲလွဲခိုရင်း နံရံကိုကပ်ကာ အခန်းတွင်းမှ လှုပ်ရှားမှုများကို နားထောင်နေကြ၏။

ဝမ်ရှောင်သည် စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ဖြစ်သောကြောင့် အာရုံငါးပါး စူးရှထက်မြက်ကာ အခန်းတွင်းမှ စကားပြောသံများကို မကြာမီမှာပင် ရှင်းလင်းစွာ ကြားလိုက်ရသည်။

"ဦးလေးချန်... ရွှီလဲ့ဖုန်းရဲ့ လူတွေက တကယ့်ကို အနိုင်ကျင့်လွန်းတယ်... မြေညီထပ်ကို ပိတ်ဆို့ထားပြီး ငါးဖမ်းတာကို ကန့်သတ်ထားရုံတင်မကဘူး... ငါတို့လူတွေကို ငါးအခွန်ပေးဖို့ပါ အတင်းအကျပ် ဖိအားပေးနေတယ်... ငါးဘယ်လောက်ရရ ထက်ဝက်ကို ယူသွားမှာတဲ့"

မင်ကောချန်က မျက်နှာထား တင်းမာစွာဖြင့် "ကျန်တဲ့သူတွေကရော ဘာပြောကြလဲ" ဟု မေးလိုက်သည်။

မျက်နှာချင်းဆိုင်ရှိ လူငယ်လေးက စိတ်လှုပ်ရှားစွာဖြင့် "အားလုံးက ဦးလေး စကားတစ်ခွန်းကိုပဲ စောင့်နေကြတာ... ဦးလေးသာ တစ်ခွန်းပြောလိုက်ရင် သူတို့ကို အသေအကြေ သွားချမှာပဲ"

"ဒီနေ့ သူတို့ ငါးဖမ်းတာကို လုယူတယ်... မနက်ဖြန်ကျရင် ကျွန်တော်တို့ရဲ့ ရေခဲတိုက်ကို မျက်စိကျလာတော့မှာ သေချာတယ်"

"အဲဒါက အရင်တုန်းက ဒေါက်တာရန်တို့ ငွေအများကြီး အကုန်ခံပြီး ခေါင်းဆောင်ကျောက်ကို ဆောက်ပေးဖို့ အကူအညီတောင်းခဲ့တဲ့ ရေခဲတိုက်လေ... အဲဒီရေခဲတိုက်သာ မရှိရင် အားလုံး စုဆောင်းထားတဲ့ ဆန်တွေ၊ ပေါင်မုန့်တွေက စောစောစီးစီး ပုပ်သိုးပျက်စီးကုန်မှာ"

"အခု ရေခဲတိုက်ထဲက ရေခဲတွေ အများကြီး အရည်ပျော်သွားပြီ ဆိုပေမဲ့လို့ အနည်းဆုံးတော့ အသုံးဝင်နေသေးတယ်"

"အထဲမှာ ငါးတွေ အများကြီး သိမ်းထားတာ... တစ်နေ့နေ့ကျရင် ဒီခွေးကောင်တွေ ကျွန်တော်တို့ရေခဲတိုက်ကို အပိုင်စီးလာနိုင်တယ်"

"ဦးလေးချန်... ကျွန်တော်တို့ နဂါးမှန်းသိအောင် အမောက်ထောင်ပြမှ ရတော့မယ်"

လူငယ်လေးက ဒေါသတကြီးဖြင့် စိတ်ပျက်လက်ပျက် ပြောဆိုလိုက်၏။

မင်ကောချန်၏ မျက်နှာက အနည်းငယ် မှုန်ကုပ်သွားပြီး "နဂါးမှန်းသိအောင် အမောက်ထောင်မယ် ဟုတ်လား... ငါက မလုပ်ချင်ဘူးလို့ မင်းထင်နေတာလား... ဒါပေမဲ့ ငါတို့ အမှတ် (၇၅) တိုက်မှာ ရွှီလဲ့ဖုန်းတို့ကို ယှဉ်နိုင်မယ့် ဘာအင်အားများ ရှိနေလို့လဲဆိုတာ သေချာကြည့်ဦး"

"ငါလို လူကြီး တစ်ယောက်ကို အားကိုးရမှာလား... ဒါမှမဟုတ် ခွန်အားအစွမ်းပိုင်ရှင် ဖြစ်တဲ့ လော်ယန် မင်းကို အားကိုးရမှာလား"

လော်ယန်ဟုခေါ်သော ထိုလူငယ်လေးက ချက်ချင်းပင် ဒေါသတကြီးဖြင့် "ဒါဆို ဘယ်လိုလုပ်ကြမလဲ... ကျွန်တော်တို့ကို သေတဲ့အထိ ဒီလိုပဲ အနိုင်ကျင့်ခံနေရတော့မှာလား"

"အရင်က ဒေါက်တာရန်နဲ့ တာအိုဆရာလင်းတို့ ရှိတုန်းက တိန့်ဟူလို ရက်စက်ကြမ်းကြုတ်တဲ့ သူတွေနဲ့ ရင်ဆိုင်ရချိန်မှာတောင် လက်လျှော့ခဲ့တာမဟုတ်ဘူး... ကျွန်တော်တို့က ဒီတိုင်း လက်မှိုင်ချပြီး အဖမ်းခံနေရတော့မှာလား"

"ကျစ်... ငါလည်း အစွမ်းတွေ နိုးထလာမယ်ဆိုတာ စောစောကတည်းက သိရင် ဒေါက်တာရန်တို့နဲ့အတူ ထိုက်ယန်တောင်ကို လိုက်သွားတာကမှ ပိုကောင်းဦးမယ်"

လော်ယန်က ဤသို့ပြောပြီးနောက် နောင်တရကာ ဒေါသတကြီး ညည်းတွားလိုက်သည်။

သူ တကယ်ကို နောင်တရနေမိ၏၊ ယခင်က မိမိကိုယ်တိုင် ကြောက်ရွံ့ပြီး တိုက်ထဲမှ မထွက်ရဲခဲ့ဘဲ ဒေါက်တာရန်တို့နှင့်အတူ ကိုလင်းထံ သွားရောက်ပူးပေါင်းကာ ထိုက်ယန်တောင်သို့ ဘာကြောင့် မလိုက်သွားခဲ့သနည်းဟု တွေးမိနေသည်။

ယခုတော့ ဤတိုက်ကြီးထဲတွင် ပိတ်မိနေပြီး ဝမ်းဝအောင် မစားရ၊ နွေးနွေးထွေးထွေး မဝတ်ရသည့်အပြင် သူတစ်ပါး၏ အနိုင်ကျင့်ခြင်းကိုပါ ခံနေရချေပြီ။

သူ၏ အစွမ်းပိုင်ရှင် ဘဝက တကယ့်ကို အောင့်သက်သက်နိုင်လွန်းလှသည်။

မင်ကောချန်က ဆွံ့အသွားပြီး "တော်တော့... ညည်းမနေနဲ့တော့... မင်းမှာ အဲဒီလို ညည်းနေမယ့်အချိန်ရှိရင် အသက်ဘယ်လို ကာကွယ်ရမလဲဆိုတာ စဉ်းစားတာကမှ ပိုကောင်းဦးမယ်"

လော်ယန် အံ့အားသင့်သွားကာ မင်ကောချန်ကို မော့ကြည့်လိုက်ပြီး "အသက်ကာကွယ်ရမယ် ဟုတ်လား... နေပါဦး... ဦးလေး ပြောတာက ဘာအဓိပ္ပာယ်လဲ"

"ဘာအဓိပ္ပာယ်ရမှာလဲ... ရွှီလဲ့ဖုန်းရဲ့ လူတွေက ငါတို့ကို ဒီလောက် ဗြောင်ကျကျ အနိုင်ကျင့်ရဲနေတာ ရွှီလဲ့ဖုန်းက နည်းနည်းလေးမှ မသိဘူးလို့ မင်းထင်နေတာလား"

"ဟမ့်... ငါခန့်မှန်းတာသာ မမှားဘူးဆိုရင် ရွှီလဲ့ဖုန်းက အနှေးနဲ့အမြန် ငါတို့ကို ဒုက္ခပေးတော့မှာပဲ"

"ဒီတစ်ခေါက် ငါ အလျှော့ပေးလိုက်လို့ သူ ငါ့ကို နှိမ်နှင်းဖို့ အခွင့်အရေး မရသွားတာ... ဒါပေမဲ့ အနှေးနဲ့အမြန်တော့ လှုပ်ရှားလာမှာ သေချာတယ်"

မင်ကောချန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏၊ သူကလည်း ရွှီလဲ့ဖုန်းအပေါ် ပြင်းထန်သော ရန်လိုမှုမျိုး ထားရှိသည်။

ရွှီလဲ့ဖုန်းက သူ့ကို လွှတ်ပေးထားမည် မဟုတ်ကြောင်းကို သူ အလွန်ရှင်းလင်းစွာ သိထား၏။

ရွှီလဲ့ဖုန်းက အနှေးနဲ့အမြန် သူ့ကို နှိမ်နှင်းလာပေလိမ့်မည်။

မည်သို့ပင်ဆိုစေ မိန်တုဥယျာဉ် တစ်ခုလုံးရှိ အရင်းအမြစ်များက ဤမျှသာရှိရာ လူအနည်းငယ် လျော့နည်းသွားလျှင် အလိုအလျောက်ပင် အရင်းအမြစ် ဖြုန်းတီးမှု တစ်စိတ်တစ်ပိုင်း လျော့ကျသွားမည် ဖြစ်သည်။

ဤအရင်းအမြစ်များ ဆိုသည်မှာ ရေထဲမှ ငါးများသာမက သစ်သားများ၊ မိန်းမများနှင့် အစားအသောက် စသည်တို့လည်း ပါဝင်၏။

ပြတင်းပေါက်အပြင်ဘက်ရှိ ဝမ်ရှောင်နှင့် ကျန်းဖန်တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာသည်။

မင်ကောချန်ကလည်း ရွှီလဲ့ဖုန်းအပေါ် စောစောကတည်းက မကျေမနပ် ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဤကောက်ကျစ်စဉ်းလဲသော လူကြီးကလည်း ရွှီလဲ့ဖုန်း၏ မျက်နှာစာအစစ်အမှန်ကို စောစောကတည်းက ရှင်းရှင်းလင်းလင်း မြင်နေခဲ့ပုံရသည်။

ထို့နောက် ကျန်းဖန်က ပြတင်းပေါက်ကို ညင်သာစွာ ခေါက်လိုက်၏။

အခန်းထဲရှိ မင်ကောချန်နှင့် လော်ယန်တို့ နှစ်ဦး ချက်ချင်း လန့်ဖြန့်သွားကာ ပြတင်းပေါက် အပြင်ဘက်သို့ အမြန်လှည့်ကြည့်လိုက်ကြသည်။

ထိုအခါ ကျန်းဖန်နှင့် ဝမ်ရှောင်တို့ နှစ်ဦးကို မြင်တွေ့လိုက်ရသည်။

မင်ကောချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ချက်ချင်းပင် သက်ပြင်းတစ်ချက်ချလိုက်ကာ လော်ယန်နှင့် အကြည့်ချင်း ဖလှယ်လိုက်၏။

မင်ကောချန်က ချက်ချင်း အပြုံးတစ်ခု ပေါ်လာကာ ဝရန်တာသို့ လျှောက်သွားပြီး ပြတင်းပေါက်ကို ကိုယ်တိုင် ဖွင့်ပေးလိုက်ရင်း "ခေါင်းဆောင်ကျန်း... ခင်ဗျား ဘယ်လိုလုပ် အပြင်ရောက်နေတာလဲ... မြန်မြန်... မြန်မြန် ဝင်လာခဲ့... ရွှီလဲ့ဖုန်းရဲ့ လူတွေ တွေ့သွားဦးမယ်" ဟု တိုးတိတ်စွာ ပြောလိုက်သည်။

ကျန်းဖန်နှင့် ဝမ်ရှောင်တို့ ဝင်လာခဲ့ကြ၏။

တံခါးပေါက်မှ ဝင်လာသည်နှင့် တစ်ပြိုင်နက် ကျန်းဖန်က ချက်ချင်းပင် "ဦးလေးမင်... ခင်ဗျား ခုနက ပြောတဲ့စကားတွေကို ကျွန်တော် အကုန်ကြားလိုက်တယ်... ဒီတစ်ခေါက် ကျွန်တော် ရောက်လာတာက ခင်ဗျားကို စကားတစ်ခွန်း မေးချင်လို့ပဲ... ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပြီး ရွှီလဲ့ဖုန်းတို့ကို ရှင်းပစ်မလား" ဟု မေးလိုက်သည်။

မင်ကောချန်၏ အကြည့်က ချက်ချင်းပင် စူးရှသွားပြီး သူ၏အနောက်ရှိ လော်ယန်က အလိုအလျောက် ရှေ့သို့တိုးလာကာ "အစ်ကိုဖန်... တကယ်ပြောနေတာလား" ဟု မေးလိုက်သည်။

မင်ကောချန်က လော်ယန်ကို တစ်ချက်စိုက်ကြည့်လိုက်ရာ လော်ယန်လည်း ချက်ချင်းပင် ပါးစပ်ကို အမြန်ပိတ်လိုက်ရ၏။

ထိုအခါမှ မင်ကောချန်က သက်ပြင်းချကာ "ခေါင်းဆောင်ကျန်း... ရွှီလဲ့ဖုန်းရဲ့ အင်အားကို ခင်ဗျား သိပါတယ်... သူ့လက်အောက်က ကျောက်ကျွင်းတို့ကလည်း အစွမ်းပိုင်ရှင်တွေချည်းပဲ... သူ့ကို ရှင်းပစ်ဖို့ ခင်ဗျားမှာ ယုံကြည်ချက် ဘယ်လောက်ရာခိုင်နှုန်း ရှိလို့လဲ" ဟု မေးလိုက်သည်။

ကျန်းဖန်က လေးနက်သော လေသံဖြင့် "ကျွန်တော်တို့ ဒီတိုင်း လက်မှိုင်ချပြီး သူ လာရှာမှာကို စောင့်နေမယ်ဆိုရင်တော့ ကျွန်တော်မှာ ယုံကြည်ချက် နည်းနည်းလေးမှ မရှိဘူး"

"ဒါပေမဲ့ ကျွန်တော်တို့က အသာစီးယူပြီး အရင်လှုပ်ရှားမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အခွင့်အရေး လုံးဝမရှိတာမျိုး မဟုတ်ဘူး"

မင်ကောချန်နှင့် လော်ယန်တို့ နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

မင်ကောချန်က တိုးတိတ်စွာဖြင့် "အရင်လှုပ်ရှားမယ် ဟုတ်လား... ခေါင်းဆောင်ကျန်း... ခင်ဗျား ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"

ကျန်းဖန်၏ အကြည့်က အနည်းငယ် အေးစက်သွားကာ အမှတ် (၈၈) တိုက်ဘက်သို့ လှမ်းကြည့်ရင်း "ကျွန်တော်တို့ ရွှီလဲ့ဖုန်းရဲ့ လူတွေ ထွက်လာအောင် နည်းလမ်းရှာပြီးတော့ တစ်ဖွဲ့ချင်းစီ ခွဲပြီး ချေမှုန်းကြမယ်" ဟု ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ မင်ကောချန်က အနည်းငယ် စဉ်းစားခန်း ဝင်သွားသည်။

ဘေးဘက်ရှိ လော်ယန်က မင်ကောချန်ကို စိတ်အားထက်သန်စွာ ကြည့်နေပြီး သူက အလွန် သဘောတူချင်နေသည့်ပုံ ပေါက်နေ၏။

မင်ကောချန်က ခဏတာ စဉ်းစားလိုက်ပြီးနောက် "ငါတို့အပြင် တခြားလူတွေ ရှိသေးလား" ဟု ထပ်မေးလိုက်သည်။

ကျန်းဖန်က ခေါင်းရမ်းလိုက်ပြီး "လျှို့ဝှက်ထားမှ အောင်မြင်နိုင်မှာမို့ လောလောဆယ် ခင်ဗျားတို့ကိုပဲ ဆက်သွယ်ထားတာ"

မင်ကောချန်က မနေနိုင်ဘဲ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး စဉ်းစားကာ "ကျုပ်ဆီမှာ နည်းလမ်းတစ်ခုရှိတယ်... ရွှီလဲ့ဖုန်းတို့ကို အပြင်ထွက်လာအောင် မျှားခေါ်နိုင်လောက်တယ်" ဟု ပြောလိုက်သည်။

ကျန်းဖန်က မင်ကောချန်ကို ချက်ချင်း လှမ်းကြည့်ကာ "ဘာနည်းလမ်းလဲ" ဟု မေးလိုက်၏။

"မနေ့က သူတို့ ကျုပ်ဆီကနေ ခင်ဗျားတို့ဘက်ကို အသွားတုန်းက လျှို့ဝှက်တိုင်ပင်နေတာကို မြင်လိုက်တယ်"

"ကျုပ် အနားမသွားခဲ့ပေမဲ့ ခန့်မှန်းကြည့်လို့ ရတယ်... သူတို့က အမှတ် (၇၆) တိုက်ကို လှုပ်ရှားဖို့ ကြံရွယ်နေတာ ဖြစ်ရမယ်"

"ဒီလိုစဉ်းစားထားတယ်... မနက်ဖြန် ကျုပ်က အညံ့ခံတဲ့ပုံစံ ဟန်ဆောင်ပြီး ရွှီလဲ့ဖုန်းဆီမှာ ခင်ဗျားတို့ကို ဒီဘက်ရောက်လာအောင် လှည့်စားဖို့ နည်းလမ်းရှိတယ်လို့ သွားပြောမယ်"

"အဲဒီအချိန်ကျရင် သူ့လူတွေကို ခင်ဗျားတို့ကို ခိုးကြောင်ခိုးဝှက် လာတိုက်ခိုက်ဖို့ စီစဉ်ခိုင်းမယ်... တကယ်တမ်းကျတော့ ကျုပ်တို့ နှစ်ဖွဲ့ပေါင်းပြီး ရွှီလဲ့ဖုန်းကို အရင်သတ်ဖို့ နည်းလမ်းရှာကြတာပေါ့"

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းဖန်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး "ဒီနည်းလမ်း မဆိုးဘူးပဲ"

ဘေးဘက်ရှိ ဝမ်ရှောင်ကမူ မျက်မှောင်အနည်းငယ် ကြုတ်သွားကာ မင်ကောချန်ကို စိုက်ကြည့်လိုက်၏။

ဤနည်းလမ်းက ကြည့်ရသည်မှာ မဆိုးလှသော်လည်း ၎င်းအထဲတွင် ကြီးမားလှသော ပြဿနာတစ်ရပ် ရှိနေသည်။

အဲဒါကတော့ မင်ကောချန်ကို တကယ်ပဲ ယုံကြည်လို့ရပါ့မလား ဆိုတာပင် ဖြစ်သည်။

အကယ်၍ မင်ကောချန်သာ အချိန်ကျမှ သစ္စာဖောက်ပြီး ရွှီလဲ့ဖုန်းတို့နှင့် တစ်ဖွဲ့တည်း ဖြစ်သွားခဲ့လျှင်...

ထိုအချိန်ကျလျှင် ကျန်းဖန်တို့အဖွဲ့သားများ အလွန်တရာ အန္တရာယ်များသွားပေလိမ့်မည်။

သို့သော် လက်ရှိအခြေအနေကို ကြည့်ရသလောက် မင်ကောချန်တို့ကလည်း ရွှီလဲ့ဖုန်းတို့အပေါ် စောစောကတည်းက မကျေမနပ် ဖြစ်နေကြပုံရသည်။

ခုနက မင်ကောချန်နှင့် လော်ယန်တို့ လျှို့ဝှက်တိုင်ပင်နေစဉ်က ဝမ်ရှောင်နှင့် ကျန်းဖန်တို့ အတိုင်းသား ကြားခဲ့ရသည် မဟုတ်ပါလား။

ဒါက အတုအယောင် မဖြစ်နိုင်ပေ။

ထို့နောက် ကျန်းဖန်က "ကောင်းပြီ... ဒါဆိုလည်း ဒီလိုပဲ လုပ်ကြတာပေါ့... အချိန်ဆွဲမနေနဲ့တော့... ဒီအစီအစဉ်ကို အချိန်အကြာကြီး နှောင့်နှေးခံလို့ မရဘူး" ဟု ပြောလိုက်သည်။

မင်ကောချန်က ခဏတာ စဉ်းစားလိုက်ပြီးနောက် "ဒီလိုလုပ်... မနက်ဖြန် မနက်စောစော အောက်ထပ်က ရွှီလဲ့ဖုန်းရဲ့ လူတွေဆီ သွားပြောလိုက်မယ်"

"တကယ်လို့ အောင်မြင်သွားရင် ပြတင်းပေါက်မှာ အမှတ်အသားအနေနဲ့ စက္ကူအနီ ကပ်ထားပေးမယ်"

"အဲဒီအချိန်ကျရင် ခင်ဗျားတို့သာ တန်းလာခဲ့... ကျုပ်တို့ (၂၃) လွှာမှာ ဆုံပြီး အဲဒီကနေပဲ လှုပ်ရှားကြမယ်"

"သိပြီ" ကျန်းဖန်က ခေါင်းညိတ်လိုက်၏။

ဆက်ရန်...

All Chapters