← Chapters

အခန်း (၃၃၁-၃၃၂)

Vol. 17 Ch. 331-332

အခန်း (၃၃၁-၃၃၂)

Vol. 17 Ch. 331-332

အပိုင်း(၃၃၁) မင်ကောချန်၏ အကြံအစည်

"ဒီလူက ယုံရပါ့မလား"

အပြန်လမ်းမှ သစ်သားဖောင်ပေါ်တွင် ဝမ်ရှောင်က မနေနိုင်ဘဲ ထပ်မေးလိုက်မိသည်။

ဤအစီအစဉ်က အလွန်အန္တရာယ်များလှ၏ အကယ်၍သာ ရှုံးနိမ့်သွားပါက အရာအားလုံး ဆုံးရှုံးသွားနိုင်ပြီး သူတို့အားလုံး အသက်ပျောက်သွားနိုင်သည်။

ကျန်းဖန်ကလည်း မျက်နှာအမူအရာ လေးနက်သွားကာ ပြောလိုက်သည်။

"သူ ငါတို့ကို ဒုက္ခပေးစရာ အကြောင်းမရှိဘူး... မင်ကောချန်က ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပဲ... ရွှီလဲ့ဖုန်းရဲ့ ယုတ်မာတဲ့ရည်ရွယ်ချက်တွေကို သူလည်း ရိပ်မိမှာပါ"

"တကယ်လို့ သူက ငါတို့ကို ဒုက္ခပေးမယ်ဆိုရင် သူကိုယ်တိုင်လည်း သေဖို့ သိပ်မလိုတော့ဘူးလေ"

"နှုတ်ခမ်းမရှိရင် သွားကျိန်းတယ်ဆိုတဲ့ သဘောတရားကို သူ နားမလည်တာတော့ မဖြစ်နိုင်ဘူး"

ဝမ်ရှောင်က ခဏမျှ စဉ်းစားလိုက်ပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည် အမှန်ပင် ဤလူကြီးက သရဲတစ်ကောင်လို ကောက်ကျစ်စဉ်းလဲသူဖြစ်ရာ မည်သို့မှ မိုက်မဲသည့်လူတစ်ယောက် မဖြစ်နိုင်ပေ။

သူ့ခေါင်းထဲတွင် စဉ်းစားဉာဏ်အနည်းငယ် ရှိနေသေးသရွေ့ သူတို့ကို အန္တရာယ်ပြုမည် မဟုတ်ချေ။

"ပြန်ရောက်ရင် မင်းနဲ့ ကောက်ယွီချန်... အန်းမင်ဟွေးတို့ သေချာ တိုင်ပင်ဆွေးနွေးကြည့်ကြဦး" ဟု ကျန်းဖန်က ပြောလိုက်သည်။

ဝမ်ရှောင်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "သိပြီ"

……

အမှတ်(၇၅) အဆောက်အအုံပေါ်တွင် မင်ကောချန်နှင့် လော်ယန်တို့က ရေပြင်ပေါ်မှ ထွက်ခွာသွားသော ကျန်းဖန်တို့နှစ်ယောက်ကို ကြည့်ရင်း နှစ်ယောက်သား အနည်းငယ် တိတ်ဆိတ်နေကြသည်။

လော်ယန်က မေးလိုက်သည် "ဦးလေးချန်... တကယ် ဆုံးဖြတ်လိုက်ပြီလား"

မင်ကောချန်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည် "အသက်ဆက်ရှင်ချင်ရင် ဒီလိုလုပ်ဖို့ပဲ ရှိတော့တယ်"

"ဒါပေမဲ့... ဦးလေး ထိုက်ယန်တောင်ကို သွားချင်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား"

မင်ကောချန်က ခါးသီးစွာ ပြုံးလိုက်သည် "ထိုက်ယန်တောင်... ငါတို့မှာ အခွင့်အရေး ရှိသေးတယ်လို့ မင်း ထင်နေတုန်းပဲလား"

"ရေကြီးတာက အခုအချိန်ထိပဲ... သန္ဓေပြောင်းသတ္တဝါမျိုးစုံလည်း ပေါ်လာနေပြီ... ထိုက်ယန်တောင်ကို ထွက်ပြေးနိုင်ရင်တောင် ဘာထူးမှာလဲ"

"အဲဒီနေရာက သန္ဓေပြောင်းသားရဲတွေရဲ့ ပျော်ရာနယ်မြေကြီး ဖြစ်နေလောက်ပြီ"

လော်ယန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သူ၏မျက်လုံးများတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာသည် "ဒါက အဆောက်အအုံထဲမှာ ပိတ်လှောင်ခံရပြီး သေသွားတာထက်တော့ ပိုကောင်းသေးတယ်... သန္ဓေပြောင်းသားရဲတွေနဲ့ တိုက်ခိုက်ရင်း သူတို့ပါးစပ်ထဲမှာပဲ အသေခံလိုက်ချင်တယ်"

မင်ကောချန်က သက်ပြင်းတစ်ချက် ချလိုက်သည် "ရွှီလဲ့ဖုန်းသာ မရှိခဲ့ရင် ငါလည်း ထိုက်ယန်တောင်ကို သွားဖို့ ရွေးချယ်မိမှာပဲ"

"ဒါပေမဲ့ အခုတော့... မတူတော့ဘူး"

"ဘယ်လိုမတူတော့တာလဲ" လော်ယန်က မနေနိုင်ဘဲ မေးလိုက်သည်။

မင်ကောချန်က ပြန်ဖြေသည် "ရွှီလဲ့ဖုန်းဆီက သတင်းတစ်ခု ငါ ရထားတယ်... အမှတ်(၈၈) အဆောက်အအုံရဲ့ ခေါင်းဆောင်ဟောင်း အစ်ကိုဟော် လို့ခေါ်တဲ့ လီယဲ့က သူ့လူတွေကို ခေါ်ပြီး လင်ကျန်းတက္ကသိုလ်ဘက်ကို ထွက်သွားတာ ကြာပြီတဲ့"

"အစ်ကိုဟော်... လင်ကျန်းတက္ကသိုလ်" လော်ယန်က အံ့အားသင့်သွားသည်။

မင်ကောချန်က ပြောလိုက်သည် "လင်ကျန်းတက္ကသိုလ်ဘက်မှာ သင်္ဘောတည်ဆောက်ရေး တက္ကသိုလ်တစ်ခု ရှိတယ်... အဲဒီမှာ ကောင်းကောင်းအလုပ်လုပ်နိုင်တဲ့ သင်္ဘောကြီးတချို့ ရပ်နားထားတယ်"

"အစ်ကိုဟော်တို့က အဲဒီကနေ သင်္ဘောတစ်စင်း သွားယူဖို့ ရည်ရွယ်ထားတာ... ရက်တွက်ကြည့်ရရင် သူတို့ ပြန်ရောက်ခါနီး နေပြီ"

"ရွှီလဲ့ဖုန်းက ပြောတယ်... အစ်ကိုဟော်သာ ပြန်ရောက်လာရင် ငါတို့ကို သင်္ဘောပေါ်တက်ခွင့် နေရာတချို့ ပေးမယ်လို့ ကတိပေးထားတယ်"

လော်ယန်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး မယုံကြည်နိုင်သော အမူအရာ ပေါ်လာသည် "သင်္ဘောကြီး... သူတို့က သင်္ဘောကြီး ရနိုင်တယ်ပေါ့... ဒါ... ဒါ ဖြစ်နိုင်ပါ့မလား... ဦးလေး သူတို့ကို ယုံလို့လား"

မင်ကောချန်က လော်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည် "ငါ ယုံတယ်"

လော်ယန်က အလောတကြီး မေးလိုက်သည် "ဘာဖြစ်လို့လဲ"

"ဘာလို့လဲဆိုတော့ အဲဒီသင်္ဘောကြီးတွေကို ငါကိုယ်တိုင် မြင်ဖူးထားလို့ပဲ"

မင်ကောချန်က ခပ်အေးအေးပင် ပြောလိုက်သည်။

"ငါ အရင်က လင်ကျန်းတက္ကသိုလ်မှာ လုံခြုံရေး လုပ်ဖူးတယ်... သင်္ဘောတည်ဆောက်ရေး တက္ကသိုလ်မှာ ရပ်ထားတဲ့ အဲဒီသင်္ဘောကြီးတွေကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ဖူးတယ်"

"ဒီလောက် ကြီးမားတဲ့ ရေလွှမ်းမိုးမှုကြီး ရောက်လာတာ... လုံခြုံတဲ့ နေရာ ဘယ်မှာရှိသေးလဲဆိုရင် သင်္ဘောတွေကလွဲပြီး တခြား နေရာကို ငါ စဉ်းစားလို့မရတော့ဘူး"

"ရေကြီးနေတဲ့ထဲမှာ ကြောက်စရာကောင်းတဲ့ သန္ဓေပြောင်း ပင်လယ်သတ္တဝါတွေ ရှိနေတယ်... တောင်တွေပေါ်မှာရော သာမန်တိရစ္ဆာန်တွေကနေ အဆင့်တက်ပြီး ကြောက်စရာ သန္ဓေပြောင်း မိစ္ဆာတွေ ဖြစ်မလာနိုင်ဘူးလို့ ထင်နေလား"

"သင်္ဘောတွေပဲ ရေမနစ်နိုင်တာ... ပြီးတော့ နေရာတကာကို ရွှေ့ပြောင်းသွားလာနိုင်ပြီး ပစ္စည်းတွေ ရှာဖွေနိုင်သေးတယ်"

"ဒါကြောင့် သင်္ဘောပေါ်က ခိုလှုံရေးစခန်းကမှ အလုံခြုံဆုံး ခိုလှုံရေးစခန်းပဲ... နားလည်လား"

မင်ကောချန်၏ စကားများကြောင့် လော်ယန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

သူက မနေနိုင်ဘဲ ဆက်ပြောလိုက်သည် "ဒါပေမဲ့ အဲဒီ အစ်ကိုဟော်ဆိုတဲ့လူက သင်္ဘောတစ်စင်းကို လုယူနိုင်မယ်လို့ ဦးလေးက ဘယ်လိုလုပ် သိမှာလဲ... အဲဒီသင်္ဘောတွေကို တခြားလူတွေ လုယူသွားတာ ကြာပြီဆိုရင်ရော"

မင်ကောချန်က ခေါင်းယမ်းလိုက်သည် "ငါ လောင်းကြေးထပ်နေတာလေ... ကျန်းဖန်တို့နဲ့ ပူးပေါင်းတာက ထိုက်ယန်တောင်မှာ ရှိနေနိုင်တဲ့ ကိုလင်းဆိုတဲ့လူဆီမှာ လောင်းကြေးထပ်တာနဲ့ အတူတူပဲ"

"ရွှီလဲ့ဖုန်းဆီ ခိုလှုံတာကတော့ အဲဒီ အစ်ကိုဟော်ဆိုတဲ့လူဆီမှာ လောင်းကြေးထပ်တာပဲ"

"မင်းထင်တာ အဲဒီကိုလင်း ထိုက်ယန်တောင်ကို ချောချောမွေ့မွေ့ ရောက်သွားနိုင်ခြေက ပိုများလား... ဒါမှမဟုတ် အစ်ကိုဟော် သင်္ဘောတစ်စင်း လုယူနိုင်ခြေက ပိုများလား"

လော်ယန်က ချက်ချင်းပင် ဖြေလိုက်သည် "ကိုလင်း ဖြစ်နိုင်ခြေ ပိုများတယ်လို့ ကျွန်တော် ထင်တယ်"

"ဟုတ်ပြီ... ဒါဆို ရွှီလဲ့ဖုန်းတို့နဲ့ ကျန်းဖန်တို့သာ တိုက်ခိုက်ကြရင် ဘယ်သူက နိုင်နိုင်ခြေ ပိုများလဲ"

"အင်း... ရွှီလဲ့ဖုန်းပေါ့" လော်ယန်က လက်မှိုင်ချသလို အသံဖြင့် ပြောလိုက်သည်။

မင်ကောချန်က သက်ပြင်းချရင်း ပြောသည် "ကြည့်လေ... တကယ်တော့ ငါတို့ပါ ဝင်ပါရင်တောင် နောက်ဆုံးမှာ ရွှီလဲ့ဖုန်းတို့အုပ်စုကို အနိုင်ရနိုင်ခြေက မများဘူး"

"ငါတို့ သေမတတ် ကြိုးစားတိုက်ခိုက်ပြီး အသက်ပါ ဆုံးရှုံးသွားနိုင်တယ်... နောက်ဆုံးမှာ ကျန်းဖန်က ငါတို့ကို ထိုက်ယန်တောင် ခေါ်သွားပေးဖို့အတွက် လုပ်တာဆိုရင် မင်း တွေးကြည့်စမ်း... ဒါက ယုံကြည်ရလို့လား"

"ကျန်းဖန်နဲ့ ငါတို့ ထိုက်ယန်တောင်ကို ရောက်နိုင်မရောက်နိုင် ဆိုတာကို ခဏထားဦး... ထိုက်ယန်တောင်ကို ရှာတွေ့ရင်တောင် တကယ်လို့ ကိုလင်းက ထိုက်ယန်တောင်မှာ အဆင်မပြေဘဲ ဖြစ်နေရင်ရော"

"တကယ်လို့ အဲဒီကိုလင်းက ထိုက်ယန်တောင်မှာ လုံးဝ မရှိနေဘဲ လမ်းတစ်ဝက်မှာတင် သေသွားပြီဆိုရင်ရော"

"အဆိုးဆုံး အခြေအနေထိ တွေးကြည့်မယ်... ကိုလင်းက ထိုက်ယန်တောင်မှာ ရှိနေပြီး အသက်ရှင်နေတယ်ပဲ ထားပါတော့... ဒါက ကျန်းဖန်နဲ့ ဘာဆိုင်လို့လဲ"

"ဒီတစ်ခါ ငါတို့ ကျန်းဖန်ကို မကူညီလို့ သူ ရွှီလဲ့ဖုန်း လက်ထဲမှာ သေသွားရင်တောင် အဲဒီကိုလင်းက သိမှာတဲ့လား"

"နောက်ပိုင်းမှာ ရွှီလဲ့ဖုန်းက ကတိဖျက်ခဲ့ရင် ဒါမှမဟုတ် အစ်ကိုဟော်က သင်္ဘော မလုနိုင်ခဲ့ရင်တောင် အဲဒီအချိန်ကျမှ ငါတို့ဘာသာ ထိုက်ယန်တောင်ကို မသွားနိုင်ဘူးလား"

"ဘယ်လိုပဲဖြစ်ဖြစ် ကျန်းဖန်တို့ သေသွားရင် ငါတို့ ထိုက်ယန်တောင် သွားပြီး ကိုလင်းနဲ့ တကယ် ဆုံခဲ့ရင်တောင် အပစ်အားလုံးကို ရွှီလဲ့ဖုန်း ခေါင်းပေါ် လုံးဝပုံချလိုက်လို့ ရတာပဲလေ"

လော်ယန် ကြောင်အမ်းသွားပြီး ချက်ချင်းပင် ဦးလေးချန် ပြောသည်များက အလွန် အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

အမှန်ပင်... ထိုက်ယန်တောင်သို့သွားမည့် ဤလမ်းခရီးအတွက် ကျန်းဖန်တို့က လမ်းပြပေးရန် လိုအပ်သည်ဟု တစ်ထစ်ချ သတ်မှတ်ထား၍ မရပေ။

သူတို့ဘာသာသူတို့ သွား၍ မရနိုင်စရာ အကြောင်းမရှိပေ။

ပြောင်းပြန်တွေးကြည့်ပါက အကယ်၍ ထိုအစ်ကိုဟော်ဆိုသူက သင်္ဘောတစ်စင်းကို တကယ်လုယူလာနိုင်လျှင် ၎င်းသင်္ဘောပေါ်သို့ တက်နိုင်ရန်အတွက် အမှန်တကယ်ပင် သစ္စာခံမှု ပြသရန် လိုအပ်ပေလိမ့်မည်။

လက်ရှိ ကျန်းဖန်တို့ အဖွဲ့သည် အကောင်းဆုံးသော သစ္စာခံမှု ပြသစရာ ပစ်မှတ်များ မဟုတ်ပေလော။

လော်ယန်၏ မျက်လုံးများက တောက်ပသွားပြီး ပြောလိုက်သည် "ဒါဆို မနက်ဖြန် ကျွန်တော်တို့ တကယ်ပဲ ရွှီလဲ့ဖုန်းတို့ကို ဒီကို ဆွဲခေါ်လာရမှာလား"

မင်ကောချန်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည် "အင်း... မနက်ဖြန်ကျရင် နှစ်ဖက်စလုံးကို ဆွဲခေါ်လာခဲ့... အဲဒီအချိန်ကျရင် ငါတို့က ဘေးကနေ နည်းနည်းပါးပါး လှုပ်ရှားပြယုံပဲ... ကိုယ်တိုင် ဝင်တိုက်ဖို့ မလိုဘူး"

"သိပြီ"

……

နောက်တစ်နေ့ နံနက်ခင်းတွင် ကောင်းကင်ယံ၌ မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည်။

သင်္ဘောကြီးတစ်စင်းသည် ရေလွှမ်းမိုးမှုကို ခွဲထွက်ကာ အဆုံးအစမရှိသော ရေပြင်ကြီးပေါ်တွင် ဖြည်းညင်းစွာ ရွက်လွှင့်နေ၏။

ကပ္ပတိန်အခန်းထဲတွင် လင်းယွမ်က ထုံးစံအတိုင်း လုယွီယန်ကို သင်ကြားပြသပေးပြီးနောက် ကောင်မလေးက ချွေးသံတရွဲရွဲဖြင့် မျက်နှာလေး ရဲတက်ကာ အမောတကောဖြင့် ကပ္ပတိန်အခန်းထဲမှ ထွက်ခွာသွားသည်။

လင်းယွမ်က အပြင်သို့ ထွက်လာပြီး ကျူးယွီချွမ်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည် "ငါတို့ မိန်တုဥယျာဉ်ကို ရောက်ဖို့ အချိန်ဘယ်လောက် ကြာဦးမလဲ"

"ကိုလင်း... မြေပုံအရဆိုရင် မိန်တုဥယျာဉ်က ငါတို့ဒီနေရာနဲ့ ၁၉ မိုင်လောက် ကွာဝေးပါတယ်"

"အရင်က မိုးပျံလမ်းကြောင်းအတိုင်း သွားမယ်ဆိုရင်တော့ တစ်နာရီ နှစ်နာရီလောက်ဆို သေချာပေါက် ရောက်နိုင်ပါတယ်"

(မိုးပျံလမ်း ဆိုတာက ချမ်းသာတဲ့မြို့ကြီးတွေမှာ တည်ဆောက်ထားတဲ့ ရှုပ်ထွေးတဲ့တံတားကြီးတွေဖြစ်ပါတယ် အမေရီကန်တို့ တရုတ်တို့မှာ အများဆုံးရှိကြပြီး သွားနေကြမဟုတ်ရင်၊ ဒါမှမဟုတ် GPS မပါရင် ကားမောင်းဝင်မိပြီး ပြန်ထွက်ဖို့မျက်စိလည်သွားတာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီမိုးပျံလမ်းတံတားတွေက တိုက်အမြင့်တွေနဲ့ လွတ်တဲ့နေရာမှာ ဆောက်လေ့ရှိတာမို့ အဲ့လမ်းကြောင်းအတိုင်းသွားရင် သင်္ဘောက ရေအောက်မှာမြုပ်နေတဲ့တိုက်တွေနဲ့ ဝင်တိုက်မိမှာကို ပူစရာမလိုတော့ပါဘူး)

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည် ဤသည်မှာ သင်္ဘောက ရေအောက်တွင် ပုန်းကွယ်နေနိုင်သည့် အဆောက်အအုံကဲ့သို့သော အရာများကို စိုးရိမ်ပြီး တိုက်မိမည်ကို ကြောက်သောကြောင့် အရှိန်လျှော့ထားခြင်း ဖြစ်သည်။

ထိုသို့မှမဟုတ်လျှင် ၁၉ မိုင်ခရီးကို နှစ်နာရီ ကြာစရာ အကြောင်းမရှိပေ။

သူက မြေပုံကို ကြည့်လိုက်ပြီး မိန်တုဥယျာဉ်နှင့် လင်ကျန်းတက္ကသိုလ်တို့၏ တည်နေရာကို လေ့လာကြည့်လိုက်သည်။

မိန်တုဥယျာဉ်သည် လင်ကျန်းတက္ကသိုလ်နှင့် သိပ်မဝေးလှဘဲ ၃ မိုင်ပတ်ဝန်းကျင် အကွာအဝေးတွင် ရှိသည်။

မိန်တုဥယျာဉ်သို့ သွားခြင်းမှာ လမ်းကြုံဝင်ခြင်းသာ ဖြစ်ပြီး သူ၏ အဓိက ပစ်မှတ်မှာ လင်ကျန်းတက္ကသိုလ်ပင် ဖြစ်သည်။

လင်းယွမ်က လင်ကျန်းတက္ကသိုလ် အနီးရှိ ရပ်ကွက်များကို ထပ်ကြည့်လိုက်ရာ မျက်မှောင်အနည်းငယ် ကြုတ်သွားမိသည်။

မြေပုံအရ ကြည့်မည်ဆိုလျှင် လင်ကျန်းတက္ကသိုလ်၏ ပထဝီဝင် တည်နေရာမှာ အမှန်တကယ်ပင် အနည်းငယ် ခေါင်လှပြီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ မနည်းသော်လည်း အလွန်မြင့်မားသော အဆောက်အအုံများမှာ များများစားစား မရှိပေ။

ရပ်ကွက်များစွာသည် (၁၈) လွှာဝန်းကျင်သာ ရှိနိုင်ပြီး အစိုးရက မြေကွက်ဖော်ထုတ်သူများကို ထိုမျှအထိ အမြင့်ဆောက်ခွင့် မပေးခြင်းကြောင့်လား သို့မဟုတ် အခြား အကြောင်းအရင်း တစ်ခုခုကြောင့်လား ဆိုသည်ကိုတော့ မသိရချေ။

အကယ်၍ အားလုံးက (၁၈) လွှာလောက်သာ ရှိမည်ဆိုလျှင်တော့ ရေနစ်မြုပ်သွားသည်မှာ ကြာလောက်ပြီ ဖြစ်သည်။

လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်သွားမိသည် လင်ကျန်းတက္ကသိုလ်ဘက်တွင် အသက်ရှင်ကျန်ရစ်သူ သိပ်မရှိတော့မည်ကို သူ စိုးရိမ်နေသည်။

သူက လင်ကျန်းတက္ကသိုလ် ပတ်ဝန်းကျင်ကို အလျင်အမြန် ထပ်ကြည့်လိုက်ရာ မကြာမီမှာပင် အသက်ရှင်ကျန်ရစ်သူများ ရှိနိုင်ခြေရှိသော နေရာအချို့ကို ရှာတွေ့သွားသည်။

ထိုအထဲတွင် အဆောက်အအုံအချို့မှာ လင်ကျန်းတက္ကသိုလ် အနီးရှိ ဝမ်ဒါ ကုန်တိုက်ကြီး၏ အနောက်ဘက်တွင် ရှိပြီး အလွှာ (၃၀) ထက် ကျော်လွန်သော ရုံးခန်း အဆောက်အအုံ လေးငါးလုံးခန့် ရှိသည်။

လင်းယွမ် အနေဖြင့် အဆိုပါ ဝမ်ဒါ ကုန်တိုက်ကြီးသို့ အရင်က ထမင်းသွားစားဖူးပြီး ထိုရုံးခန်း အဆောက်အအုံများကိုလည်း မြင်ဖူးခဲ့ရာ သီအိုရီအရ ဆိုလျှင် ဤနေရာသည် အသက်ရှင်ကျန်ရစ်သူများ ရှိနိုင်ရန် အဖြစ်နိုင်ဆုံး နေရာဖြစ်သင့်ပေသည်။

ထို့နောက် လင်းယွမ်က လင်ကျန်းတက္ကသိုလ်၏ ၃ မိုင် ပတ်လည် အပြင်ဘက်ကို ထပ်ကြည့်လိုက်ရာ ရပ်ကွက်သစ် အများအပြား ရှိနေသည်ကို တွေ့လိုက်ရသည်။

မိန်တုဥယျာဉ်ကဲ့သို့ (၃၂) လွှာ အမြင့်ရှိသော အဆောက်အအုံများလည်း အနည်းအကျဉ်းတော့ မဟုတ်ပေ။

ထိုမြင့်မားသော ရပ်ကွက် အဆောက်အအုံများကို ဖယ်ထားမည်ဆိုလျှင် လင်ကျန်းတက္ကသိုလ် အနီး ၃ မိုင် ပတ်လည်အတွင်း အသက်ရှင်ကျန်ရစ်သူများ အရှိနိုင်ဆုံး နေရာမှာ လင်ကျန်းတက္ကသိုလ် အနောက်ဘက်ရှိ ယွမ်ယန်တောင်ပင် ဖြစ်သင့်သည်။

ထို ယွမ်ယန်တောင်သည် လင်ကျန်းတက္ကသိုလ်တွင် အလွန်နာမည်ကြီးပြီး အနီးအနား၌ နေထွက်သည်ကို ကြည့်ရှုနိုင်သော မြေပြန့်နေရာ အများအပြား ရှိကာ အနည်းငယ် ကြီးမားသည့် မြေပြန့်နေရာတစ်ခုဆိုလျှင် နှစ်စဉ်နှစ်တိုင်း နေထွက်သည်ကို ကြည့်ရန် ညအိပ်စခန်းချသည့် ခရီးသွားများပင် ရှိကြသည်။

သေချာသည်မှာတော့ လင်ကျန်းတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ အများစုကသာ ယွမ်ယန်တောင်ကို တက်ရန် ပို၍နှစ်သက်ကြခြင်း ဖြစ်သည်။

ပြောစရာရှိသည်မှာ ယွမ်ယန်တောင်ပေါ်တွင် တက္ကသိုလ်ကျောင်းသား စုံတွဲများစွာက တောထဲတွင် ချစ်တင်းနှီးနှောရန် နှစ်သက်ကြပြီး လွန်ခဲ့သောနှစ်များက ကျောင်း၏ အွန်လိုင်းဖိုရမ်များတွင် ထိုစုံတွဲများကို တောပုန်းယွမ်ယန်ငှက်များဟု နောက်ပြောင်ခေါ်ဝေါ်လေ့ ရှိကြသည်။

စုံတွဲများ တောထဲတွင် ချစ်တင်းနှီးနှောသည့် ဗီဒီယို အချို့ပင် ပြန့်နှံ့ခဲ့ဖူးပြီး အင်တာနက်ပေါ်တွင် အလွန်ရေပန်းစားခဲ့သည်။

လင်ကျန်းတက္ကသိုလ်မှ အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့သော်လည်း ဤကဲ့သို့သော မမှန်ကန်သည့် လုပ်ရပ်များကို မတားဆီးနိုင်ခဲ့ပေ။

ယင်းအစား တက္ကသိုလ်ကျောင်းသားများကို ယွမ်ယန်တောင်ဆီသို့ ပိုမို ဆွဲဆောင်နိုင်ခဲ့ပြီး ဓာတ်ပုံရိုက်ရန်အတွက် အွန်လိုင်းတွင် နာမည်ကြီးသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

စီးပွားရေး အခွင့်အလမ်းကို အနံ့ခံမိသည့် အခွင့်အရေးသမားအချို့က တောင်ပေါ်တွင် တည်းခိုခန်းများ၊ အိမ်မွေးစခန်းများ ကဲ့သို့သော အရာများကို တည်ဆောက်ခဲ့ကြသဖြင့် ယွမ်ယန်တောင်ကို အတော်လေး စိတ်ဝင်စားစရာ ကောင်းလာအောင် ဖန်တီးခဲ့ကြသည်။

လင်းယွမ်သည်လည်း အစောပိုင်းနှစ်များက ယွမ်ယန်တောင်ပေါ်သို့ သွားရောက်လည်ပတ်ကာ ဓာတ်ပုံရိုက်ခဲ့ဖူးပြီး ထိုအချိန်က သူ့ကို အဖော်ပြုပေးခဲ့သူမှာ ရည်းစားဟောင်း ဖြစ်သည်။

ယွမ်ယန်တောင်ကို တွေးမိသည်နှင့် လင်းယွမ်လည်း လမ်းခွဲသွားပြီဖြစ်သော ထိုရည်းစားဟောင်းကို မနေနိုင်ဘဲ သတိရသွားမိသည်။

အမှန်အတိုင်း ပြောရလျှင် နှစ်ဝက်ခန့်သာ ကြာသေးသော်လည်း လင်းယွမ် အနေဖြင့် နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီဟု ခံစားရကာ ထိုရည်းစားဟောင်း၏ ရုပ်ရည်ကိုပင် အနည်းငယ် ဝေဝါးနေပြီ ဖြစ်သည်။

အကယ်၍ တမင်တကာ သွားမတွေးမိပါက ထိုလူအကြောင်းကို တကယ်ပင် မေ့လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

တကယ်ပင် အချိန်သည် စိတ်ခံစားမှု ဒဏ်ရာအားလုံးကို ကုစားပေးနိုင်သော ဆေးကောင်းတစ်ခွက် ဖြစ်ပေသည်။

တစ်ချိန်က သူ့အား အိမ်ရာချေးငွေ ယွမ်တစ်သန်းနီးပါး ပခုံးပေါ် ထမ်းတင်စေခဲ့သော အမျိုးသမီးသည်လည်း ယခုအခါ အတိတ်မှ မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ခေါင်းကို ယမ်းလိုက်ပြီးနောက် လင်းယွမ်က ခေါင်းထဲမှ ထူးဆန်းသော အတွေးအချို့ကို ခါထုတ်လိုက်ကာ ကျူးယွီချွမ်အား ပြောလိုက်သည် "မိန်တုဥယျာဉ် အနီးတစ်ဝိုက်မှာ (၁၈) လွှာ (၁၉) လွှာရှိတဲ့ အဆောက်အအုံတွေ မနည်းဘူး... ခရီးမြန်မြန်ရောက်ဖို့အတွက် အရှိန်တင်စရာ မလိုဘူး... လုံခြုံရေးက ပထမပဲ"

ကျူးယွီချွမ်က အလောတကြီး ခေါင်းညိတ်ပြလိုက်သည် "နားလည်ပါပြီ... ကိုလင်း"

လင်းယွမ်က လှည့်ကာ အခန်းထဲမှ ထွက်လာပြီး ကုန်းပတ်ပေါ်သို့ ရောက်လာရာ လီချင်းဟွာက ကျိုးချင်းမင်ကို ခေါ်ကာ သင်္ဘောဦးပိုင်းတွင် ရပ်၍ အဝေးသို့ လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။

သူက အနီးသို့ လျှောက်သွားလိုက်ပြီး သူတို့နှစ်ဦး ကြည့်နေသည့် လားရာကို ကြည့်လိုက်ရာ ရှေ့တွင် ပျက်စီးယိုယွင်းနေသော လူနေအဆောက်အအုံတစ်လုံးကို မြင်လိုက်ရသည်။

"ဒီနေရာကို သိလို့လား" လင်းယွမ်က အမှတ်တမဲ့ မေးလိုက်သည်။

လီချင်းဟွာက သတိပြန်ဝင်လာပြီး လင်းယွမ်ကို ကြည့်ကာ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည် "ကျွန်တော့် ကောင်မလေး အိမ်က အဲဒီဘက်မှာလေ"

လင်းယွမ်က အံ့အားသင့်သွားပြီး လီချင်းဟွာကို ချက်ချင်း တစ်ချက် ကြည့်လိုက်သည် "မင်းရဲ့ ကောင်မလေး ဟုတ်လား"

လီချင်းဟွာက လက်မှိုင်ချသလို ပြောလိုက်သည် "ကျွန်တော့်မှာ ရည်းစား မရှိရဘူးလား"

လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး ပြောသည် "မင်းက အသက် (၂၀) ကျော်လောက်ပဲ ရှိဦးမယ့်ပုံပေါ်တယ်... ပြီးတော့ အမြဲတမ်းလည်း တစ်ယောက်တည်းပဲလေ... မင်းမှာ ရည်းစားရှိမယ်လို့ ထင်မထားမိဘူး... အဲဒီဘက် သွားရှာကြည့်ချင်သေးလား"

လီချင်းဟွာက ခေါင်းယမ်းလိုက်သည် "ရေကြီးပြီး သိပ်မကြာခင်မှာပဲ ကျွန်တော် သွားရှာခဲ့ပြီးပါပြီ"

ထိုစကားကို ကြားသောအခါ လင်းယွမ်က လီချင်းဟွာကို တစ်ချက်ကြည့်လိုက်ပြီး ဆက်မမေးတော့ပေ။

ရှာခဲ့ပြီးပြီ ဖြစ်သော်လည်း ဘေးတွင် ခေါ်မလာနိုင်ခဲ့ခြင်းက ဇာတ်သိမ်းကို ခန့်မှန်းနိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။

ကျိုးချင်းမင်ကလည်း ဝင်ပြောလိုက်သည် "ကျွန်တော်နဲ့ ညီမဝမ်တို့က ဒီရပ်ကွက်ကပဲ... အဲဒီအချိန်တုန်းက မထင်မှတ်ဘဲ ချင်းဟွာနဲ့ သိကျွမ်းခဲ့ရတာ... ချင်းဟွာက ကျွန်တော်တို့ကို ကယ်တင်ခဲ့တာပါ"

"နောက်တော့ ကျွန်တော်တို့ အတူတူ ဒီနေရာကနေ ထွက်လာခဲ့ကြတယ်... အနီးအနားမှာ စားစရာ သွားရှာချင်လို့လေ... အနီးဆုံးနေရာကတော့ ဟန်လုံစင်တာပဲ"

လင်းယွမ် ကြားလိုက်ရချိန်တွင် ဤနေရာသည် ဟန်လုံစင်တာနှင့် မဝေးတော့ကြောင်း ချက်ချင်း သတိရသွားသည်။

အစက လီချင်းဟွာတို့နှင့် သူ ပထမဆုံး အကြိမ် ဆုံတွေ့ခဲ့သည်မှာ ဟန်လုံစင်တာ အနီးတွင် ဖြစ်သည်။

"မင်းတို့ ဘာလို့ ဟန်လုံစင်တာကို မသွားခဲ့ကြတာလဲ" လင်းယွမ်က မေးလိုက်သည်။

လီချင်းဟွာက ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည် "အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ လိပ်ကျွန်းကြီးကြောင့်ပေါ့... ကျွန်တော့် မှတ်ဉာဏ်ထဲမှာ ဟန်လုံစင်တာ အနီးအနားမှာ ကျွန်းမှ မရှိတာ... အဲဒါနဲ့ ကျွန်တော်တို့လည်း ကျန်ရစ်ခဲ့ပြီး ဒီကျွန်းကြီးက ဘာလဲဆိုတာ စုံစမ်းကြည့်ချင်ခဲ့တာ"

"ကိုလင်းနဲ့ ဆုံလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

လင်းယွမ်က ပြုံးလိုက်သည် "တိုက်ဆိုင်တယ်လို့ ဆိုရမှာပဲ... ဒီလို ရေလွှမ်းမိုးမှုကြီးအောက်မှာ တချို့လူတွေဆို ကိုယ့်ဆွေမျိုးမိတ်ဆွေတွေကို တစ်ခါလေး တွေ့ခွင့်ရဖို့တောင် မဖြစ်နိုင်ကြဘူး... ငါတို့ကျတော့ နှစ်ခါဆက်တိုက်တောင် ဆုံဖြစ်ခဲ့ကြတာကိုး"

လီချင်းဟွာနှင့် ကျိုးချင်းမင်တို့က ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ပြုံးလိုက်ကြသည်။

ထိုသို့ တွေးကြည့်လိုက်လျှင် နှစ်ဖက်ကြားတွင် တကယ်ပင် ရေစက်ရှိနေသကဲ့သို့ ဖြစ်နေသည်။

လီချင်းဟွာက လင်းယွမ်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည် "ကိုလင်း... ကျွန်တော်တို့ကို ထိုက်ယန်တောင်မှာ ပါဝင်ခွင့်ပေးပြီး လက်ခံပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"အရင်က ကိစ္စတွေအတွက် တကယ်ကို တောင်းပန်ပါတယ်"

ကျိုးချင်းမင်ကလည်း ပြောသည် "ကိုလင်း... ကျွန်တော်လည်း တောင်းပန်ပါတယ်... ထိုက်ယန်တောင်မှာ ဒီလောက်ကြာမှပဲ အခုမှ ကျွန်တော် နားလည်လာပြီ... ကိုလင်းမှ တကယ့် လက်တွေ့အလုပ်တွေကို လုပ်ပြီး အားလုံးကို အသက်ရှင်နိုင်အောင် ဦးဆောင်ပေးနိုင်တဲ့သူပါ"

လင်းယွမ်က ပြုံးလိုက်ပြီး ပြောသည် "ထိုက်ယန်တောင်ကို ဝင်လာခဲ့ပြီပဲလေ... ဒီအကြောင်းတွေ ဆက်ပြောနေစရာ မလိုတော့ပါဘူး"

"မင်းတို့ ထိုက်ယန်တောင်မှာ အလုပ်အကျွေးပြုခဲ့တာ တစ်လရှိပြီ... ရှိသမျှ ရန်ငြိုးတွေ အားလုံးက အဲဒီအချိန်ကတည်းက အကုန်ကျေသွားပြီပဲ"

"နောက်ဆိုရင် မင်းတို့က ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ငါ လင်းယွမ် တစ်ယောက်တည်းရဲ့ ထိုက်ယန်တောင်အဖြစ် မဟုတ်ဘဲ မင်းတို့ကိုယ်ပိုင် အိမ်အဖြစ် သဘောထားနိုင်ဖို့ မျှော်လင့်တယ်"

"ထိုက်ယန်တောင်က ငါ မရှိလည်း ထိုက်ယန်တောင်ပါပဲ"

"ဒါပေမဲ့ အားလုံးအတွက် ထိုက်ယန်တောင်သာ မရှိရင် ဒီရေလွှမ်းမိုးမှု ကပ်ဘေးကြီးထဲမှာ အသက်ရှင်ဖို့ အတော်လေး ခက်ခဲလိမ့်မယ်"

လီချင်းဟွာနှင့် ကျိုးချင်းမင်တို့က အားပါးတရ ခေါင်းညိတ်လိုက်ကြပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အဖွဲ့ဝင်များအဖြစ် သူတို့၏ အဆင့်အတန်းကို ရင်ထဲမှနေ၍ အမှန်တကယ် လက်ခံသွားကြသည်။

ဆက်ရန်...

အပိုင်း(၃၃၂) ကျိုးဖေ့၏ သားရဲအသွင်ပြောင်းအစွမ်း

သင်္ဘောပေါ်ရှိ ထိုက်ယန်တောင်ခိုလှုံရေးစခန်းမှ အဖွဲ့ဝင်တော်တော်များများက ကင်းလှည့်နေရင်း ဝါးအိမ်ဆောင်ဘက်ရှိ သနားစရာကောင်းသော အမျိုးသမီးများကို လှည့်ကြည့်မိသောအခါ သူတို့ရင်ထဲတွင် သက်ပြင်းချမိသွားကြသည်။

ကိုလင်းသာမရှိခဲ့လျှင်... ထိုက်ယန်တောင်ခိုလှုံရေးစခန်းသာ မရှိခဲ့လျှင် သူတို့သည်လည်း ထိုအမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် ဘယ်လောက်တောင် ပိုကောင်းနေနိုင်မည်နည်း။

လူတိုင်းက ဤအရာများကို တွေးမိတိုင်း သူတို့ကိုယ်သူတို့ အလိုအလျောက် ကံကောင်းသည်ဟု ခံစားနေမိကြ၏။

သူတို့၏ ထိုက်ယန်တောင်အပေါ်ထားရှိသော သစ္စာရှိမှုက တဟုန်ထိုး မြင့်တက်လာခဲ့သည်။

လင်းယွမ်အပေါ်ထားရှိသော သစ္စာရှိမှုကလည်း ဤခရီးတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများနှင့်အတူ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

ထိုက်ယန်တောင်က ယခုလက်ရှိ ထိုက်ယန်တောင်ဖြစ်လာနိုင်ရခြင်းမှာ ကိုလင်း၏ ဦးဆောင်မှုနှင့် မကင်းကြောင်းကို လူတိုင်း ရှင်းရှင်းလင်းလင်း သိထားကြ၏။

အကြောင်းမှာ ကိုလင်း ထိုက်ယန်တောင်သို့ မရောက်လာခင်ကတည်းက ထိုက်ယန်တောင်တွင် ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များ မရှိခဲ့သည်တော့ မဟုတ်ပေ။

သို့သော် ဝူမုန့်ပဲဖြစ်ဖြစ်... အရင်က ထူလုံပဲဖြစ်ဖြစ်... သေဆုံးသွားခဲ့ကြသည့် ထျန်ဝေနှင့် လီယွဲ့ဖုန်းတို့ပဲ ဖြစ်ဖြစ်...

သူတို့က ထိုက်ယန်တောင်ကို သိမ်းပိုက်ထားနိုင်ခဲ့လျှင်တောင်မှ ထိုက်ယန်တောင်အတွက် မည်သည့်အပြောင်းအလဲကိုမျှ ယူဆောင်မလာပေးနိုင်ခဲ့ကြပေ။

လူတိုင်း၏ ဘဝနေထိုင်မှု အရည်အသွေးက ယခုအချိန်နှင့် နှိုင်းယှဉ်လျှင် အများကြီး နိမ့်ကျနေခဲ့သည်။

ထိုစဉ်က လူတော်တော်များများက ကျေးကျွန်များနှင့်တူသော သတ္တုတွင်းလုပ်သားများပင် ဖြစ်နေခဲ့ကြသေး၏။

သို့သော် ယခုအချိန်တွင်မူ သူတို့က လွတ်လပ်သူများဖြစ်ပြီး ထိုက်ယန်တောင်၏ နေထိုင်သူများ ဖြစ်နေကြပြီ ဖြစ်သည်။

ထိုက်ယန်တောင်က အရင်က ထိုက်ယန်တောင်ပင် ဖြစ်သည်။

သို့သော် ခေါင်းဆောင် မတူညီခြင်းကသာ ထိုက်ယန်တောင်ခိုလှုံရေးစခန်းကို အခြေခံကျကျ ပြောင်းလဲသွားစေသည့် အကြောင်းရင်း ဖြစ်၏။

ထို့ကြောင့် ကိုလင်းမှလွဲ၍ အခြားမည်သူကမျှ သူတို့ကို အသက်ရှင်ကျန်ရစ်အောင် ဦးဆောင်မပေးနိုင်ကြောင်း လူတိုင်း၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိထားကြသည်။

လင်းယွမ်က ဝါးအိမ်ဆောင်ဘက်သို့ ထပ်မံသွားရောက်ခဲ့ရာ မုန့်ယိုယိုက ထုံးစံအတိုင်း စိတ်ဝေဒနာခံစားနေရသော အမျိုးသမီးများနှင့် ကလေးများကို သီချင်းဆိုကာ ကုသပေးနေသည်။

အောက်ထပ်ရှိ အမျိုးသမီးအများစုမှာ အသက်ဝင်မှု အနည်းငယ် ပြန်လည်ရရှိနေကြပြီဖြစ်သော်လည်း လင်းယွမ်နှင့် အခြားအမျိုးသားများကို မြင်တွေ့ရသောအခါတွင်မူ ကြောက်ရွံ့ထိတ်လန့်နေဆဲ ဖြစ်သည်။

ယင်းက အလွန်ကြီးမားသော တိုးတက်မှုတစ်ခုပင် ဖြစ်သည်... သိထားရမည်မှာ ယခင်ကဆိုလျှင် သူတို့တွင် ကြောက်ရွံ့ထိတ်လန့်နေသော မျက်နှာအမူအရာပင် မရှိတော့ပေ။

ထိုင်းမှိုင်းမှုနှင့် ခံစားချက်မဲ့ခြင်းများသာ ကျန်ရစ်တော့ပြီး တစ်နေကုန် ထိုင်နေနိုင်ကာ သူတို့၏ အသိစိတ်ကို ပိတ်လှောင်ထားတတ်ကြသည်။

ထိုအခြေအနေမျိုးတွင် ပြင်ပလောကနှင့် မည်သည့် အဆက်အသွယ်မျှ ပြုလုပ်လေ့မရှိကြပေ။

ယခု သူတို့က ကြောက်ရွံ့တတ်လာပြီ... ထိတ်လန့်တတ်လာပြီဆိုသည်မှာ သူတို့၏ စိတ်တံခါးကို ဖွင့်ဟလိုက်ပြီး ပြင်ပလောကမှ အချက်အလက်များကို စတင်လက်ခံနေပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။

၎င်းက မုန့်ယိုယို၏ စိတ်ပိုင်းဆိုင်ရာ ကုသမှုက အကျိုးသက်ရောက်မှု ရှိနေပြီဖြစ်ကြောင်း သက်သေပြနေသည်။

ယင်းက တစ်ရက်တည်းသာ ကုသရသေးသည့် အာနိသင်ဖြစ်သော်လည်း အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။

ထောင့်တစ်နေရာတွင် လုယွီယန်(အအမလေး) ကလည်း မုန့်ယိုယို၏ သာယာနာပျော်ဖွယ်ကောင်းသော သီချင်းသံကို နားထောင်နေကြောင်း လင်းယွမ် သတိပြုမိလိုက်သည်။

သူမ၏ မျက်နှာအမူအရာတွင် အားကျမှုနှင့် သာယာခံစားနေမှုတို့ ပါဝင်နေ၏။

ဤဆွံ့အနားမကြားသော မိန်းကလေးတွင် ဖခင်ဖြစ်သူ လုတရုံ ၏ ကာကွယ်စောင့်ရှောက်မှု အမြဲတမ်းရှိနေခဲ့သော်လည်း ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံခဲ့ရသည်ကလည်း နည်းမည်မဟုတ်ကြောင်း လင်းယွမ် တွေးမိလိုက်သည်။

သူမ၏ စိတ်ခံစားချက်က နုနယ်ပြီး ထိခိုက်လွယ်ရာ ခံစားခဲ့ရဖူးသော စိတ်ဒဏ်ရာများကလည်း နည်းမည်မဟုတ်ပေ။

ယခုတစ်ကြိမ် မုန့်ယိုယိုက လူအများ၏ စိတ်နှလုံးကို ကုသပေးရန် ဝိညာဉ်တေးသွား အစွမ်းကို အသုံးပြုခဲ့ခြင်းက သူမအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိနိုင်ပေသည်။

ထိုသို့တွေးမိပြီးနောက် လင်းယွမ်က ပြုံးလိုက်ကာ သူမကို မနှောင့်ယှက်တော့ပေ။

တစ်ပတ်လောက် လှည့်ပတ်ကြည့်ရှုပြီးနောက် သူက ထိုနေရာမှ ထွက်ခွာလာခဲ့ပြီး အခြားဝါးအိမ်ဆောင်တစ်ခုဆီသို့ သွားရောက်ခဲ့သည်။

ဖုချီပေါ်နှင့် ရမ်ကျဲတို့ နှစ်ဦးက မြင်မြင်ချင်း ရင်းနှီးသွားခဲ့ကြကာ နှစ်ဦးစလုံးက နည်းပညာပိုင်းဆိုင်ရာ လူရည်ချွန်များဖြစ်ကြသဖြင့် အစွမ်းသုံး လက်နက်များ ဖန်တီးခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို အမြဲလိုလို အတူတကွ ဆွေးနွေးလေ့ရှိကြသည်။

ချီတယ်လုံ... ယန်ချုံကျွင်းနှင့် ယွီဖုန်းတို့ သုံးဦးကလည်း စစ်သားဟောင်းများ ဖြစ်ကြသဖြင့် အတော်လေး ရင်းနှီးကြကာ ကင်းလှည့်အဖွဲ့ဝင်များအနီးသို့ အမြဲတက်ကြွစွာ ချဉ်းကပ်လေ့ရှိပြီး အကူအညီပေးကာ ဖီးနစ်သင်္ဘောတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလေ့ရှိကြသည်။

ထိုသုံးဦးက ထိုက်ယန်တောင်ကင်းလှည့်အဖွဲ့ဝင်များ၏ မျက်လုံးထဲတွင် အတော်လေး သဘောကျစရာ ကောင်းနေခဲ့သည်။

လင်းယွမ်က ဤအရာအားလုံးကို မျက်စိထဲတွင် မြင်တွေ့နေရကာ စိတ်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်မိလိုက်သည်... ဤလူစု၏ အရည်အချင်းက အများကြီး အသုံးဝင်နိုင်ပေသည်။

"ကိုလင်း... မင်္ဂလာနံနက်ခင်းပါ"

ထိုအချိန်တွင် လီရှောင်ကျွင်းက လူငယ်တစ်ဦးကို ခေါ်ဆောင်လာကာ လင်းယွမ်အနီးသို့ ရောက်လာပြီး ခပ်ရို့ရို့အမူအရာဖြင့် နှုတ်ဆက်လာသည်ကို ကြားလိုက်ရသည်။

လင်းယွမ်က သူ့ကိုကြည့်ကာ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည် "မင်္ဂလာပါ... စားပြီးကြပြီလား"

လီရှောင်ကျွင်းက ကမန်းကတန်း ခေါင်းညိတ်ပြလိုက်သည် "စားပြီးပါပြီ... အောက်ထပ်က သင်္ဘောခန်း စားသောက်ဆောင်မှာ စားခဲ့တာပါ... ဖီးနစ်သင်္ဘောပေါ်က အစားအသောက်တွေက တကယ်ကို များပြားလွန်းတယ်... ဒီလိုမျိုး စားကောင်းသောက်ဖွယ်တွေကို မစားရတာ ခြောက်လလောက်တောင် ရှိနေပြီ"

နံနက်စာအကြောင်း ပြောလာသောအခါ လီရှောင်ကျွင်းက ချက်ချင်းပင် ချီးကျူးစကား ဆိုလာတော့သည်။

နံနက်စာစားပြီးသည်မှာ အတော်ကြာနေပြီ ဖြစ်သော်လည်း သူက ယခု ပြန်လည်စဉ်းစားမိသည့်တိုင် တံတွေးမမျိုချဘဲ မနေနိုင်အောင် ဖြစ်နေဆဲပင်။

ရေကြီးပြီး ခြောက်လအကြာတွင် ဤမျှများပြားသော အစားအသောက်များကို စားသောက်နိုင်သူများ ရှိနေသေးကြောင်း သူ ပထမဆုံးအကြိမ် သိရှိလိုက်ရခြင်း ဖြစ်သည်။

သူ့အနားရှိ လူငယ်ဖြစ်သူ ကျိုးဖေ့ကလည်း မသိမသာ တံတွေးမျိုချလိုက်မိသည်။

လင်းယွမ်က ပြုံးလိုက်သည်... ဖီးနစ်သင်္ဘောပေါ်ရှိ အစားအသောက်များက သူတို့အပေါ် မည်မျှလွှမ်းမိုးမှုရှိကြောင်း သူ သဘာဝကျကျ သိထားသည်။

ဤခရီးတစ်လျှောက်တွင် ယခုမှ သင်္ဘောပေါ်သို့ ရောက်လာကြသော အသက်ရှင်ကျန်ရစ်သူများက ဤကိစ္စနှင့် ပတ်သက်၍ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်ကို သူ ကြားခဲ့ရပြီး ဖြစ်သည်။

သူတို့၏ စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်လျှင် ဖီးနစ်သင်္ဘောပေါ်ရှိ ကင်းလှည့်အဖွဲ့ဝင်များကမူ အများကြီး တည်ငြိမ်နေခဲ့ကြသည်။

သင်္ဘောပေါ်ရှိ အစားအသောက်များက မဆိုးလှသော်လည်း ထိုက်ယန်တောင်၏ ဘက်စုံသုံးစားသောက်ဆောင်ရှိ အစားအသောက်များနှင့် နှိုင်းယှဉ်လျှင် အများကြီး ကွာခြားနေသေးသည်။

သင်္ဘောပေါ်တွင် လူအများအပြား ရှိနေသဖြင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် အများအပြားကို သိုလှောင်ထားနိုင်မည်မဟုတ်သည်မှာ သေချာနေသည်။

အခြေခံအားဖြင့် ကြိုတင်ဆားနယ်ထားသော ချဉ်ဖတ်များနှင့် ဝက်အူချောင်းများသာ ဖြစ်သည်။

ဆန်ကဲ့သို့သော အရာများကမူ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားခြင်း ဖြစ်သော်လည်း ထိုသို့ဖြစ်လင့်ကစား အဆောက်အအုံထဲတွင် အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့သော အသက်ရှင်ကျန်ရစ်သူများအတွက်မူ တန်ဖိုးမဖြတ်နိုင်သော အရသာရှိလှသည့် အစားအသောက်များ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင် လင်းယွမ်က သင်္ဘောနှင့်အတူ လိုက်ပါလာခဲ့ပြီး သူက လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ထောက်ပံ့ပေးနိုင်စွမ်း ရှိသည်။

သို့သော် လင်းယွမ်က ထိုသို့မလုပ်ခဲ့ပေ... သူလိုချင်သည်မှာ သင်္ဘောပေါ်တွင် ဖြစ်ပေါ်လာနိုင်သော ပြဿနာအချို့ကို အချိန်မီ ရှာဖွေတွေ့ရှိရန်သာ ဖြစ်သည်။

ယခုအခြေအနေအရ ကြည့်လျှင် သင်္ဘောပေါ်ရှိ ရေခဲခန်းများကို စတင်အသုံးပြုရန် လိုအပ်နေသေးသည်... သို့မဟုတ်ပါက အစားအစာ အများအပြားကို သိုလှောင်ထားနိုင်မည် မဟုတ်ပေ။

ဒုတိယအနေဖြင့် အစားအသောက်များကိုလည်း အဆင့်မြှင့်တင်ရန် လိုအပ်နေသေးသည်... ဝက်အူချောင်းနှင့် ချဉ်ဖတ်များချည်းသာဆိုလျှင် စားသုံးနိုင်ရန် ချက်ပြုတ်ဖို့ လိုအပ်နေသေးသည်။

ထမင်းဟင်း ချက်ပြုတ်တိုင်း သင်္ဘောပေါ်ရှိ လျှပ်စစ်မီး အများအပြားကို ကုန်ဆုံးစေလိမ့်မည် ဖြစ်သည်။

ဤလျှပ်စစ်မီးများက လောင်စာဆီများကို မီးရှို့ခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ရာ အကယ်၍ မကြာခဏ အသုံးပြုပါက လောင်စာဆီ သုံးစွဲမှုအပေါ် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာမည်မှာ သေချာသည်။

ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ထိုက်ယန်တောင်တွင် အသင့်စားစရာများအဖြစ် ပြုလုပ်ပြီးနောက် ဂိုဒေါင်ထဲသို့ အစုလိုက်အပြုံလိုက် ထည့်သွင်းထားရန် ဖြစ်သည်။

ထမင်းစားချိန်ရောက်လျှင် ကြိုတင်၍ အပူပေးလိုက်ရုံဖြင့် တိုက်ရိုက် စားသုံးနိုင်မည် ဖြစ်သည်။

"ကံမကောင်းတာက ထိုက်ယန်တောင်မှာ လောလောဆယ် စည်သွတ်ဘူးလုပ်တဲ့ နည်းပညာ မရှိသေးဘူး... မဟုတ်ရင် အစားအစာတွေကို ကြိုတင်ပြင်ဆင်ပြီး စည်သွတ်ဘူးတွေအဖြစ် ပြုလုပ်ထားရင် သင်္ဘောပေါ်က သင်္ဘောသားတွေ စားသုံးဖို့အတွက်ပါ အသုံးပြုလို့ ရနိုင်တယ်"

လင်းယွမ်၏ စိတ်ထဲတွင် ထိုသို့သော အတွေးများ ဖြတ်ပြေးသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် စည်သွတ်ဘူး ထုတ်လုပ်ရေးလိုင်းတစ်ခုကို လဲလှယ်ယူရန် လိုအပ်နေပြီလားဟု စဉ်းစားနေမိသည်။

တကယ်လို့မှ မရလျှင် အချိန်တန်သောအခါ စည်သွတ်ဘူးစက်ရုံကဲ့သို့သော နေရာများကို သွားရှာရန် နည်းလမ်းစဉ်းစားရမည်ဖြစ်ပြီး ရေအောက်မှ ထုတ်လုပ်ရေးလိုင်းတစ်ခုကို ဆယ်ယူကာ ထိုက်ယန်တောင်သို့ သယ်ယူရမည် ဖြစ်သည်။

ဤအစီအစဉ်က တွက်ခြေအကိုက်ဆုံးဖြစ်ပြီး အမှတ်အများအပြားကို သက်သာစေနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ အမှတ်များကို မျိုးရိုးဗီဇမျိုးစေ့များ မဲနှိုက်ရန်အတွက် ချန်ထားရန် လိုအပ်နေသေးသည်။

"ကိုလင်း... ကျွန်တော် အစ်ကို့ကို တစ်ခုလောက် တောင်းဆိုချင်လို့ပါ"

လင်းယွမ် စဉ်းစားနေစဉ်အတွင်း လီရှောင်ကျွင်းက ခဏတာ တုံ့ဆိုင်းနေပြီးမှ စကားစလာခဲ့သည်။

သူ့တွင် ကိစ္စတစ်ခုခုရှိနေပြီး စကားပြောရန် အားနာနေပုံရသည်ကို လင်းယွမ်က စောစောကတည်းက သတိထားမိပြီး ဖြစ်သည်။

သူက တစ်ခဏမျှ တွန့်ဆုတ်နေပြီးမှ မိမိကို စကားစလာသည်ကို မြင်သောအခါ သူက ပြုံး၍ မေးလိုက်သည် "ဘာကိစ္စလဲ"

လီရှောင်ကျွင်းက ပြောလာသည် "ကိုလင်း... ကျွန်တော့်ရဲ့ ဒီသူငယ်ချင်းနာမည်က ကျိုးဖေ့ပါ... သူက အရင်တလောက သူ့ကောင်မလေး ဒုက္ခရောက်သွားလို့ စိတ်ပိုင်းဆိုင်ရာ သိပ်မတည်ငြိမ်တော့ဘူး... တစ်ခါတလေကျရင် သူ့ဒေါသကို သူ မထိန်းချုပ်နိုင်ဘဲ အစွမ်းပေါက်ကွဲတဲ့ အခြေအနေထဲကို အချိန်မရွေး မသိမသာ ရောက်သွားတတ်တယ်"

"အမျိုးသမီးအိပ်ဆောင်ဘက်က မိန်းကလေးမုန့်မှာ စိတ်ပိုင်းဆိုင်ရာ ကုသပေးနိုင်စွမ်း ရှိတယ်လို့ ကြားမိပါတယ်... သူ့ကိုလည်း သွားနားထောင်ခွင့်ပြုဖို့ အစ်ကို့ကို တောင်းဆိုချင်လို့ပါ"

ထိုစကားကို ကြားသောအခါ လင်းယွမ်က သူ့အနားရှိ လူငယ်ဖြစ်သူ ကျိုးဖေ့ကို ကြည့်လိုက်မိသည်။

ကျိုးဖေ့ဟုခေါ်သော လူငယ်က မျက်နှာအနည်းငယ် ပျက်နေပြီး လင်းယွမ် ကြည့်လာသည်ကို မြင်သောအခါ ကမန်းကတန်း နှုတ်ဆက်လိုက်သည် "ကိုလင်း..."

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည် "မင်းရဲ့အစွမ်းက ဘာလဲ"

ကျိုးဖေ့က ဖြေလိုက်သည် "သားရဲအသွင်ပြောင်းတာပါ"

"သားရဲအသွင်ပြောင်းတာ ဟုတ်လား..." လင်းယွမ်က အံ့သြသွားပြီး မသိမသာပင် ထူလုံကို သတိရသွားသည်။

သို့သော် ထူလုံ၏ အစွမ်းက သားရဲအသွင်ပြောင်းခြင်း မဟုတ်ဘဲ တက်တူးဝိညာဉ်အစွမ်း ဖြစ်သည်။

ထူလုံက တက်တူးဝိညာဉ်အစွမ်း နည်းလမ်းဖြင့် ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများကို ရုပ်လုံးပေါ်လာစေရန် အသွင်ပြောင်းခြင်း ဖြစ်သည်။

သူက စိတ်ဝင်စားသွားကာ မေးလိုက်သည် "ငါ ကြည့်လို့ရမလား"

လီရှောင်ကျွင်းက ကမန်းကတန်း ပြောလာသည် "ကိုလင်း... သူက သူ့အစွမ်းကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး... သားရဲအသွင်ပြောင်းသွားတာနဲ့ အစ်ကို့ကို ရန်ပြုမိမှာ ကြောက်လို့ပါ"

ကျိုးဖေ့ကလည်း အနည်းငယ် ထိတ်လန့်သွားကာ ခေါင်းကို တရစပ် ခါရမ်းလိုက်သည် "မ... မဖြစ်ဘူး... ကျွန်တော်က သားရဲအသွင်ပြောင်းပြီးသွားရင် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘူး"

လင်းယွမ်က ပြုံးလိုက်ကာ ပြောလိုက်သည် "ကိစ္စမရှိပါဘူး... ငါက မင်းရဲ့အစွမ်းကို နားလည်ထားဖို့ လိုအပ်လို့ပါ"

ထိုစကားကို ကြားသောအခါမှ လီရှောင်ကျွင်းက ကျိုးဖေ့ကို ကြည့်လိုက်ကာ ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

ကျိုးဖေ့က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ သူ၏ စိတ်ထဲရှိ အမျိုးမျိုးသော ကသိကအောက်ဖြစ်မှုများနှင့် ခံစားချက်များကို ဆက်မဖိနှိပ်ထားတော့ပေ။

ထို့နောက် သူ၏အစွမ်းကို ရုတ်တရက် လှုံ့ဆော်လိုက်သည်။

"အား..."

နောက်တစ်ခဏတွင် သူ၏ အရိုးများက တကျွတ်ကျွတ် မြည်လာကာ ခန္ဓာကိုယ်အရွယ်အစားက ရုတ်တရက် ကြီးမားလာခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက ဆယ်ပေကျော်အထိ အရပ်ရှည်ထွက်လာခဲ့သည်။

ထိုမျှမက သူ၏ အရေပြားများကလည်း ပြောင်းလဲသွားကာ မွေးညင်းပေါက်များက လျင်မြန်စွာ ကျယ်လာပြီး မွေးညင်းပေါက်များထဲမှ အမွေးအမှင်များ တရစပ် ထွက်ပေါ်လာသည်။

ထိုအမွေးအမှင်များက အဖြူရောင်ဖြစ်ပြီး တစ်ပင်ချင်းစီက ဆီးနှင်းကဲ့သို့ ဖြူဖွေးနေကာ အပြင်ဘက်တွင် ပေါ်လွင်နေသော အရေပြားအားလုံးကို ထိုအမွေးအမှင်များက ဖုံးလွှမ်းသွားသည်။

သူ၏ နှာခေါင်း... မျက်လုံးနှင့် ပါးစပ်တို့ကလည်း မတူညီသော အတိုင်းအတာများဖြင့် ထူးဆန်းစွာ ပြောင်းလဲသွားခဲ့သည်။

နှာခေါင်းက ချွန်ထွက်လာပြီး ခွေးစွယ်များ ထွက်ပေါ်လာကာ မျက်လုံးအစုံက စူးရှနေပြီး သားရဲတစ်ကောင်၏ သဘာဝများနှင့် ပြည့်နှက်နေသည်။

"အား..."

သူ၏ ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ခြေလက်များအဖြစ် ပြောင်းလဲသွားသော သားရဲလက်သည်းများက ဖောင်း ခနဲ အသံနှင့်အတူ သင်္ဘောကြမ်းပြင်ပေါ်သို့ ဖိချလိုက်သည်။

သူ၏ နောက်ခြေထောက်များကလည်း အဖြူရောင်အမွေးများ ဖုံးလွှမ်းနေသော ချွန်ထက်သည့် လက်သည်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူ၏ တင်ပါးတွင်ပင် အမွေးထူထူ အမြီးတစ်ချောင်း ထွက်ပေါ်လာသေးသည်။

ယခုအချိန်တွင် သူက လူတစ်ယောက်၏ ပုံစံဟု မည်သို့မှ ထင်မှတ်ရစရာ မရှိတော့ဘဲ အဖြူရောင် ဝံပုလွေကြီးတစ်ကောင် ဖြစ်နေသည်မှာ ထင်ရှားနေသည်။

လင်းယွမ်က အံ့အားသင့်သွားသည်... ဤကျိုးဖေ့က သားရဲအသွင်ပြောင်းပြီးနောက် အဖြူရောင် ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲနိုင်သည်လား။

ဒါက ဘာအစွမ်းလဲ။

ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစားလား။

အတွေးများ ဖြတ်ပြေးသွားစဉ်မှာပင် ကျိုးဖေ့က ရုတ်တရက် ခေါင်းမော့ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လင်းယွမ်ဆီသို့ ရုတ်တရက် ခုန်တက်ကာ ပြင်းထန်စွာ ခုန်အုပ်လာခဲ့သည်။

လီရှောင်ကျွင်းက ကမန်းကတန်း အော်ဟစ်လိုက်သည် "ကျိုးဖေ့... ရပ်လိုက်စမ်း"

လီရှောင်ကျွင်းက ချက်ချင်း ခုန်တက်လိုက်ရာ တစ်ကိုယ်လုံးက လေထဲတွင် လူပုံစံ ရေလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့နောက် သူက ခုန်အုပ်လာသော ကျိုးဖေ့ကို အတင်းဖက်ထားလိုက်ပြီး လူပုံစံ ရေလုံးကြီးက ၎င်း၏ ခြေလက်များကို တင်းကြပ်စွာ ရစ်ပတ်ထားလိုက်သည်။

ချက်ချင်းပင် ကျိုးဖေ့၏ တစ်ကိုယ်လုံးက ယိုင်လဲကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး လူပုံစံ ရေလုံးကြီး၏ ဖုံးအုပ်မှုကို ခံလိုက်ရကာ ရေလုံးထဲတွင် အသေအလဲ ရုန်းကန်နေတော့သည်။

လီရှောင်ကျွင်း၏ အစွမ်းမှာ ရေဓာတ်ပြောင်းလဲခြင်းဖြစ်ပြီး တစ်ကိုယ်လုံးက ရေစီးကြောင်းတစ်ခု ဖြစ်လာနိုင်သည်။

ယခုအရာက သူ၏ တိုက်ခိုက်မှုနည်းလမ်းပင် ဖြစ်ပြီး တိုက်ရိုက် ရေလုံးကြီးအဖြစ် ပြောင်းလဲကာ ရန်သူကို ထိန်းချုပ်ခြင်း ဖြစ်သည်။

ရန်သူ၏ ခွန်အားက မည်မျှပင် ကြီးမားနေပါစေ... လက်သည်းများက မည်မျှပင် ထက်မြက်နေပါစေ သူ့ကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်ပေ။

ဤသည်ကား ဓာတ်ပြောင်းလဲခြင်း အစွမ်းပိုင်ရှင်များ၏ ထိတ်လန့်ဖွယ်ကောင်းသော အချက်ပင် ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို လုံးဝ မကြောက်ရွံ့ပေ။

လင်းယွမ်က ဤမြင်ကွင်းကို ကြည့်ကာ သူတို့နှစ်ဦး၏ အစွမ်းများအပေါ် နားလည်မှုအသစ် ရရှိသွားသဖြင့် ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်သည် "အရမ်းအစွမ်းထက်တဲ့ အစွမ်းတွေပဲ"

"လီရှောင်ကျွင်း... သူ့ကို လွှတ်ပေးလိုက်"

ထိုစကားကို ကြားသောအခါ လီရှောင်ကျွင်းက အနည်းငယ် တွန့်ဆုတ်သွားသော်လည်း ဤကိုလင်း၏ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းရည်ကို သတိရသွားကာ သူက မနေနိုင်ဘဲ ပြောလိုက်သည် "ကိုလင်း... ကျိုးဖေ့က အခု သူ့ကိုယ်သူ မထိန်းချုပ်နိုင်သေးဘူး... သူ ရမ်းကားမှာကို ကျွန်တော် ကြောက်လို့ပါ"

"ကိစ္စမရှိပါဘူး... သူ့ရဲ့ ခွန်အားနဲ့ အလျင်ကို ငါ ကြည့်ချင်လို့" လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

လီရှောင်ကျွင်းက ထိုစကားကို ကြားသောအခါ ပြောလိုက်ရုံသာ တတ်နိုင်တော့သည် "ကိုလင်း... လက်ညှာပေးဖို့ တောင်းဆိုပါတယ်"

ထိုသို့ပြောရင်း သူက ရေလုံးအဖြစ် ပြောင်းလဲကာ ကျိုးဖေ့ကို လျင်မြန်စွာ လွှတ်ပေးလိုက်သည်။

အဖြူရောင် ဝံပုလွေအခြေအနေရှိ ကျိုးဖေ့က ချက်ချင်းပင် ချုပ်နှောင်ခံထားရမှုမှ လွတ်ကင်းသွားကာ ရုတ်တရက် ခုန်တက်လိုက်ပြီးနောက် ဝံပုလွေဟိန်းဟောက်သံ တစ်ချက်ပေးလိုက်ရာ မျက်လုံးအစုံတွင် သွေးရောင်များ လွှမ်းလာခဲ့သည်။

ခြေလက်လေးဖက်ဖြင့် မြေကြီးကို ဆောင့်ကန်လိုက်ရာ ဝှီး ခနဲ အသံနှင့်အတူ မျက်စိတစ်မှိတ်အတွင်း အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်ဆီသို့ တိုက်ရိုက် ခုန်အုပ်လာခဲ့သည်။

ယင်း၏ မြန်ဆန်မှုက သာမန်လူတစ်ယောက်၏ မျက်လုံးထဲတွင် အရိပ်တစ်ခုအဖြစ် မြင်တွေ့ရလုမတတ်ပင် ဖြစ်သည်။

လင်းယွမ်၏ ခန္ဓာကိုယ်က အနည်းငယ် စောင်းငဲ့သွားရာ အဖြူရောင် အရိပ်တစ်ခုက သူ၏ အနီးမှ ဖြတ်ပြေးသွားခဲ့သည်။

လင်းယွမ်က ပြုံး၍ ခေါင်းညိတ်လိုက်သည် "အလျင်က မဆိုးဘူး... သာမန် အလျင်အမျိုးအစား အစွမ်းပိုင်ရှင်တစ်ယောက်ရဲ့ အလျင် ၂၅ မှတ်ထက် ကျော်နေပြီပဲ"

ဤကိန်းဂဏန်းက အားနည်းသည်ဟု မဆိုနိုင်ပေ... သိထားရမည်မှာ ၂၅ မှတ်ဆိုသည်က သာမန် အစွမ်းပိုင်ရှင်များနှင့် အစွမ်းထက်သော အစွမ်းပိုင်ရှင်များကြားရှိ အကူးအပြောင်းကာလတစ်ခုပင် ဖြစ်သည်။

ထိုစဉ်က စစ်တပ်မှ ထုတ်ဖော်ပြသခဲ့သော သင်္ကေတနည်းပညာဆိုလျှင် စိတ်စွမ်းအင် ၂၅ မှတ်ကို နယ်နိမိတ်မျဉ်းအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

စိတ်စွမ်းအင် ၂၅ မှတ်အထက် ရှိသူများသာ သင်္ကေတနည်းပညာကို လေ့လာခွင့်ရှိသည်။

တကယ်တမ်းတွင် အခြားသော အရည်အသွေးမှတ်များထဲတွင်လည်း ၂၅ မှတ်က အကူးအပြောင်းကာလတစ်ခု ဖြစ်နေဆဲပင်။

အလျင်အမျိုးအစား အစွမ်းပိုင်ရှင်များမှာ ၂၅ မှတ်အထက် ရောက်သွားပါက အလျင်က အလွန်မြန်ဆန်လာပြီး အရိပ်တစ်ခုအဖြစ်သာ မြင်တွေ့ရနိုင်သည်။

အဖြူရောင် ဝံပုလွေအခြေအနေရှိ ကျိုးဖေ့က ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားနေသည်။

သေချာသည်မှာ လက်ရှိအခြေအနေတွင် ထိုက်ယန်တောင်ရှိ ကင်းအဖွဲ့ခေါင်းဆောင်အဆင့် အစွမ်းပိုင်ရှင်များက အခြေခံအားဖြင့် ဤအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ကာ ကျော်လွန်နေသူများပင် ရှိနေကြပြီ ဖြစ်သည်။

အဖြူရောင် ဝံပုလွေက ဒေါသထွက်သွားကာ လင်းယွမ်က ၎င်းကို အထင်သေးနေသည်ဟု ခံစားလိုက်ရသည့်အလား ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကိုယ်ကိုလှည့်ကာ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လာခဲ့သည်။

ဤတစ်ကြိမ်တွင်မူ လင်းယွမ်က ရှောင်တိမ်းမနေတော့ဘဲ လေဟာပြင်ဆီသို့ လက်ဆန့်ကာ ဖမ်းဆွဲလိုက်သည်။

"ဖောင်း"

အဖြူရောင် ဝံပုလွေက သူ၏ လက်ဝါးပေါ်သို့ ရုတ်တရက် ဝင်တိုက်မိသွားသည်။

လီရှောင်ကျွင်း၏ မျက်လုံးထဲတွင်မူ ကျိုးဖေ့က သူ့အလိုလို လင်းယွမ်၏ လက်ဝါးပေါ်သို့ ဝင်တိုက်သွားသည့်အလား ထင်မှတ်နေရသည်။

သူက မနေနိုင်ဘဲ မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်နှာတစ်ခုလုံးတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့သည်။

ကျိုးဖေ့က သားရဲအသွင်ပြောင်းပြီးနောက် မိန်တုဥယျာဉ် တစ်ခုလုံးတွင် ထိပ်တန်းစာရင်းဝင် ဖြစ်သည်။

သူ၏ ဓာတ်ပြောင်းလဲခြင်း အစွမ်းက ကျိုးဖေ့ကို အံဝင်ခွင်ကျ ထိန်းချုပ်နိုင်ခြင်းသာ မရှိခဲ့လျှင် သူက ကျိုးဖေ့ သားရဲအဖြူရောင် ဝံပုလွေအဖြစ် အသွင်ပြောင်းပြီးနောက် ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ကြောင်း လီရှောင်ကျွင်းက ခံစားမိနေသည်။

သို့သော် ဤကိုလင်း၏ လက်ထဲတွင်မူ အဖြူရောင် ဝံပုလွေ ကျိုးဖေ့က အဖြူရောင် ခွေးပေါက်လေးတစ်ကောင်အလား သူ၏ ကစားစရာ ဖြစ်နေခဲ့သည်။

လီရှောင်ကျွင်းကို ပို၍ ရင်တမမ ဖြစ်သွားစေသည်မှာ ဤကိုလင်းက မည်သည့်အစွမ်းကိုမျှ အသုံးပြုထားသည့်ပုံ မပေါ်ခြင်းပင်။

သိထားရမည်မှာ ထိုစဉ်က ကိုလင်း လိုင်ကျစ်ရုံကို သတ်ဖြတ်ခဲ့စဉ်က ရေ... မီး စသည့် အစွမ်းပေါင်းများစွာကို သီးခြားစီ ဖော်ထုတ်ပြသခဲ့ခြင်း ဖြစ်သည်။

ဆက်ရန်...

All Chapters