အခန်း (၃၃၃-၃၃၄)
Vol. 17 Ch. 333-334
အပိုင်း (၃၃၃) တောင်းဆိုမှုနှင့် သစ္စာဖောက်ခြင်း
"ခွန်အားကလည်း ၂၅ မှတ်အထက် ရောက်နေပြီပဲ... ဒီသားရဲအသွင်ပြောင်းတဲ့ အစွမ်းက သူ့ရဲ့ အရည်အသွေးတွေကို ဘက်စုံ မြှင့်တင်ပေးလိုက်တာပဲ"
လင်းယွမ်က ရုန်းကန်နေသော ဝံပုလွေဖြူကြီးကို ဖိချုပ်ထားရင်း ခေါင်းတစ်ချက် ငြိမ့်လိုက်၏။ ကျိုးဖေ့၏ သားရဲအသွင်ပြောင်း အစွမ်းနှင့် ပတ်သက်၍ သူ အကြမ်းဖျင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
သူက ဘေးနားတွင် အံ့သြမှင်တက်နေသော လီရှောင်ကျွင်းကို လုံးဝ သတိမထားမိပေ။
မိမိ၏ ပေါ့ပေါ့ပါးပါး လုပ်ရပ်လေးက လီရှောင်ကျွင်းအပေါ် မည်မျှကြီးမားသော တုန်လှုပ်မှုမျိုး သက်ရောက်သွားစေသည်ကိုလည်း သူ မသိခဲ့ချေ။
လင်းယွမ်က သူ၏ စိတ်စွမ်းအင်များကို စတင်ထုတ်လွှတ်လိုက်ပြီး "ခွန်အားနဲ့ အလျင်ကတော့ သိသိသာသာ တိုးတက်လာတယ်... မင်းရဲ့ စိတ်စွမ်းအင်ရော တိုးလာသလားဆိုတာ ငါ ကြည့်ရသေးတာပေါ့" ဟု ပြောလိုက်၏။
သူက မိမိ၏ စိတ်စွမ်းအင် ပြင်းအားကို ထိန်းချုပ်လိုက်ပြီး အနီးကပ်အကွာအဝေးမှနေ၍ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
"ဝုန်း"
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုစိတ်စွမ်းအင်ရိုက်ခတ်မှုက ကျိုးဖေ့၏ စိတ်ပင်လယ်ထဲသို့ ဝင်တိုက်သွားတော့၏။
"အား..."
ကျိုးဖေ့ထံမှ စူးရှသော အော်ဟစ်သံကြီး ချက်ချင်း ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။
ဝံပုလွေဖြူ အသွင်ပြောင်းနေသော သူသည် ချက်ချင်းဆိုသလို လူသားတစ်ဦး၏ အသိစိတ် ပြန်လည်ဝင်ရောက်လာခဲ့၏။
စောစောက ဒေါသတကြီး ရမ်းကားနေသော အသွင်အပြင်မှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
သားရဲအသွင်ပြောင်းထားသည့် ပုံစံကိုပင် ဆက်၍ မထိန်းထားနိုင်တော့ဘဲ လူသားအသွင်သို့ တိုက်ရိုက် ပြန်ပြောင်းသွားလုနီးပါး ဖြစ်သွားရ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်က ခေါင်းယမ်းလိုက်မိပြီး "စိတ်စွမ်းအင် တိုးတက်မှုက အကန့်အသတ် ရှိနေတယ်... ၂၅ မှတ်တောင် မပြည့်သေးဘူးပဲ"
သူက ဝံပုလွေခေါင်းကို လက်တစ်ဖက်ဖြင့် ဆွဲမထားရင်း "ကျိုးဖေ့... ငါ ပြောတာကို နားလည်နိုင်လား" ဟု မေးလိုက်သည်။
ယခုအချိန်တွင် ကျိုးဖေ့ထံ၌ အသိစိတ်လွတ်နေသည့် ပုံစံမျိုး လုံးဝ မရှိတော့ပေ။ သူက ကမန်းကမန်း ခေါင်းညိတ်ပြလိုက်ပြီး လူစကားပြောကာ "နားလည်ပါတယ်... နားလည်ပါတယ် ကိုလင်းယွမ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "အင်း... မင်းရဲ့ သားရဲအသွင်ပြောင်းတာက ဝံပုလွေဖြူ ပုံစံပဲ ပြောင်းလို့ရတာလား... တခြား အစွမ်းတွေရော ရှိသေးလား"
ကျိုးဖေ့က ခါးသီးစွာ ပြုံးလိုက်မိ၏။ ဝံပုလွေဖြူ အသွင်ပဲ ပြောင်းလို့ရတာလား ဆိုတဲ့စကားက ဘာသဘောလဲ။
ဒါက သိပ်မစွမ်းသေးဘူးလို့ ဆိုလိုချင်တာလား။
သို့သော်လည်း သူက အမြန်ပြန်ဖြေလိုက်သည် "ကိုလင်းယွမ်... ကျွန်တော် တခြား တိရစ္ဆာန်တွေပုံစံလည်း ပြောင်းလို့ရပါသေးတယ်... ဒါပေမဲ့ လောလောဆယ် ကျွန်တော့်မှာ စိတ်စွမ်းအင် မလုံလောက်လို့ တခြားပုံစံတွေ အများကြီး ပြောင်းလဲဖို့ မတောင့်ခံနိုင်သေးတာပါ"
ထိုစကားကို ကြားသောအခါ လင်းယွမ်က တစ်စုံတစ်ရာကို စဉ်းစားနေသည့်အလား တွေးတောသွားပြီး လက်ကို လွှတ်ပေးလိုက်ကာ "တကယ်ပဲ စိတ်စွမ်းအင် မလုံလောက်လို့ ဖြစ်ရတာပေါ့လေ" ဟု ပြောလိုက်၏။
"အရင်ဆုံး မူလပုံစံ ပြန်ပြောင်းလိုက်ပါဦး" သူက ကျိုးဖေ့ကို ပြောလိုက်သည်။
ကျိုးဖေ့၏ ဝံပုလွေ မျက်လုံးများထဲတွင် ကူကယ်ရာမဲ့သည့် အရိပ်အယောင်များ ပေါ်လာပြီး "ကိုလင်းယွမ်... ကျွန်တော် သားရဲအသွင် ပြောင်းပြီးသွားရင် အစွမ်းတွေ အကုန် မကုန်ခမ်းမချင်း သားရဲပုံစံကနေ ပြန်ထွက်လို့ မရဘူးခင်ဗျ"
လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး "ဒါ မဖြစ်နိုင်ဘူး"
လီရှောင်ကျွင်းက ဘေးမှနေ၍ ကမန်းကမန်း ဝင်ပြောလိုက်သည် "ကိုလင်းယွမ်... ဒါ တကယ်ပါ... ကျွန်တော် သက်သေပြုနိုင်ပါတယ်"
"ကျိုးဖေ့ သားရဲအသွင် ပြောင်းသွားတိုင်း ကျွန်တော်တို့ သူ့ကို အခန်းထဲမှာပဲ သော့ခတ်လှောင်ထားရတာပါ... သူကိုယ်တိုင် အားကုန်ပြီး မောသွားတဲ့အချိန်ရောက်မှပဲ လူပုံစံ ပြန်ပြောင်းသွားတာပါ"
လင်းယွမ်က ပြုံးလိုက်ပြီး "အဲဒါ သူ့မှာ စိတ်စွမ်းအင် မလုံလောက်လို့ သားရဲပုံစံကနေ လူပြန်ဖြစ်အောင် မထိန်းချုပ်နိုင်လို့လေ"
"ထားလိုက်ပါတော့... ငါပဲ ကူညီပေးလိုက်ပါ့မယ်"
ထိုသို့ပြောလိုက်ရင်း လင်းယွမ်၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ခု တောက်ပသွား၏။
နောက်တစ်စက္ကန့်တွင် အလွန်ပြင်းထန်သော စိတ်စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ဝုန်း... ဟူသော အသံနှင့်အတူ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း ထပ်မံ ထွက်ပေါ်လာပြီး ကျိုးဖေ့၏ စိတ်ပင်လယ်ကို တိုက်ရိုက် သွားရောက် ရိုက်ခတ်တော့၏။
ထိုခဏ၌ပင် ကျိုးဖေ့ထံမှ စူးစူးဝါးဝါး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ လဲကျသွားကာ ပြင်းထန်စွာ တုန်ယင်နေပြီး ကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော အမွေးဖြူကြီးများမှာလည်း အလျင်အမြန် ကွာကျသွား၏။
သူ၏ ခန္ဓာကိုယ်သည်လည်း မျက်စိတစ်မှိတ်အတွင်း လူသားအသွင်သို့ ပြန်လည် ပြောင်းလဲသွားလေသည်။
လင်းယွမ်၏ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ချက်က သူ့ကို သားရဲအသွင်မှ လူအသွင်သို့ တိုက်ရိုက် ပြန်လည် ရောက်ရှိသွားစေခဲ့ပေသည်။
လီရှောင်ကျွင်းက မျက်လုံးပြူးကြီးများဖြင့် ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိ၏။
"ဒါ... ဒါက ဘယ်လိုလုပ်လိုက်တာလဲ" သူက အလွန်တုန်လှုပ်စွာဖြင့် မေးလိုက်သည်။
လင်းယွမ်က "သူ့ရဲ့ စိတ်စွမ်းအင်က ဒီလို အသွင်ပြောင်းတဲ့ အစွမ်းကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်လောက်တဲ့အထိ မလုံလောက်လို့ ကိုယ်ခန္ဓာကို မထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်သွားရတာ"
"အသွင်ပြောင်းပြီးတဲ့နောက် သူ့အသိစိတ်တွေ လွတ်သွားတာကလည်း ဒီအကြောင်းရင်းကြောင့်ပဲ... သူ့ရဲ့ စိတ်စွမ်းအင် ပြင်းအားကို မြန်မြန်ဆန်ဆန် မြှင့်တင်နိုင်မှသာ ဒီအစွမ်းကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်လိမ့်မယ်"
"ဒီလို အခြေအနေမျိုးနဲ့ဆိုရင် သူ မုန့်ယိုယိုရဲ့ ဝိညာဉ်တေးသွားကို သွားနားထောင်ရင်တောင် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး"
လီရှောင်ကျွင်းက ထိုစကားကို ကြားသည်နှင့် ချက်ချင်း အကူအညီတောင်းလိုက်သည် "ကိုလင်းယွမ်... ဒါဆို သူ့ရဲ့ စိတ်စွမ်းအင်ကို မြှင့်တင်နိုင်မယ့် နည်းလမ်းများ ရှိနိုင်မလား"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ရှိတယ်"
"ကျေးဇူးပြုပြီး လမ်းပြပေးပါ ကိုလင်းယွမ်" လီရှောင်ကျွင်းက အလောတကြီး ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "စိတ်စွမ်းအင် မြှင့်တင်ဖို့က အဓိက နည်းလမ်း နှစ်ခု ရှိတယ်... တစ်ခုကတော့ သေရေးရှင်ရေး တိုက်ပွဲတွေလိုမျိုး ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး လေ့ကျင့်ရတာမျိုးပေါ့"
"ရှင်ခြင်းနဲ့သေခြင်း ကြားမှာ ကြီးမားတဲ့ အကြောက်တရား ရှိတယ်... သေမလိုဖြစ်ရတဲ့ ခံစားချက်မျိုးကို ကြုံတွေ့လိုက်ရတဲ့အခါ စိတ်စွမ်းအင်က သဘာဝအတိုင်း အဆမတန် တိုးတက်လာတတ်တယ်"
လီရှောင်ကျွင်းက အနည်းငယ် တိတ်ဆိတ်သွား၏။ သေရေးရှင်ရေး လေ့ကျင့်မှု ဆိုသည်မှာ ပြောရတာ လွယ်ကူသော်လည်း အန္တရာယ်ကတော့ အလွန်ကြီးမားလွန်းလှသည်။
သူက မနေနိုင်တော့ဘဲ ထပ်မေးလိုက်သည် "ကိုလင်းယွမ်... ဒါဆို ဒုတိယနည်းလမ်းကရော"
လင်းယွမ်က "ဒုတိယနည်းလမ်းကတော့ ပြင်ပအကူအညီကို ယူတာပဲ... ဥပမာ စိတ်စွမ်းအင် မြှင့်တင်ပေးနိုင်တဲ့ ဆေးရည် သောက်တာမျိုး ဒါမှမဟုတ် စိတ်စွမ်းအင် တိုးလာစေမယ့် သန္ဓေပြောင်း အသီးအနှံ တချို့ကို စားတာမျိုးပေါ့"
လီရှောင်ကျွင်းမှာ ထပ်မံ၍ မျှော်လင့်ချက် မဲ့သွားရပြန်၏။ ဤနည်းလမ်းက ပို၍ပင် ခက်ခဲနေသယောင် ရှိသည်။
မည်သို့ပင်ဆိုစေ သန္ဓေပြောင်း အသီးအနှံသာ ရှိမည်ဆိုလျှင် မည်သူကများ ကိုယ်တိုင် မစားဘဲ အခြားသူကို ထုတ်ပေးပါမည်နည်း။
စိတ်စွမ်းအင် မြှင့်တင်ပေးသော ဆေးရည်ဆိုသည့် အရာမျိုးကိုမူ သူ ကြားတောင် မကြားဖူးပေ။
လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "အင်းပေါ့... စိတ်စွမ်းအင် အမျိုးအစား စွမ်းအင်ကျောက်တုံး ဒါမှမဟုတ် သင်္ကေတအရိုးတွေ ဒါမှမဟုတ် တခြား ထူးခြားတဲ့ အစွမ်းပစ္စည်းတချို့ကိုလည်း ရှာဖွေကြည့်လို့ ရနိုင်ပါတယ်... အဲဒါတွေကလည်း ယာယီ စိတ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်ကောင်း မြှင့်တင်ပေးနိုင်ပါလိမ့်မယ်"
လင်းယွမ်က အနည်းငယ် စဉ်းစားလိုက်ပြီးနောက် "ဒီလိုလုပ်... ထိုက်ယန်တောင်ကို ရောက်တဲ့အခါ ဒေါက်တာရန်ကို ငါ သွားမေးကြည့်ပေးမယ်... စိတ်စွမ်းအင်နဲ့ ပတ်သက်တဲ့ ဆေးရည်တွေ ရှိကောင်း ရှိနိုင်တယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် လီရှောင်ကျွင်းနှင့် ကျိုးဖေ့တို့ နှစ်ဦးစလုံး၏ မျက်နှာပေါ်၌ တုန်လှုပ်အံ့သြသွားသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာတော့၏။
"စိတ်စွမ်းအင်ဆေးရည်"
"ကိုလင်းယွမ်... ခင်ဗျားတို့ ထိုက်ယန်တောင်မှာ စိတ်စွမ်းအင် ဆေးရည်ကိုတောင် ဖော်စပ်နိုင်နေပြီလား"
သူတို့ အံ့သြသွားသည်မှာလည်း မဆန်းပေ။ သူတို့လို လူမျိုးများမှာ ဝမ်းရေးအတွက်ပင် မဖြေရှင်းနိုင်ကြသေးချေ။
သို့သော် ထိုက်ယန်တောင်တွင်မူ ကိုယ်ပိုင် အစွမ်းမြှင့် ဆေးရည်များကိုပင် ဖော်စပ်နိုင်နေပြီ ဖြစ်သည်တကား။
ဤကွာဟချက်ကြီးက ချင်မင်းဆက်ခေတ်က လီဟုန်ကျန်း လန်ဒန်မြို့သို့ ရောက်သွားပြီး လမ်းတစ်လျှောက် ကားများနှင့် လမ်းမီးတိုင်များကို တွေ့မြင်လိုက်ရသကဲ့သို့ တုန်လှုပ်မှင်တက်ဖွယ် ကောင်းလှပေသည်။
(လီဟုန်ကျန်း လန်ဒန်မြို့ကို သွားတယ်ဆိုတာက တရုတ်ပြည်ရဲ့ချင်ခေတ်နှောင်းပိုင်းမှာ တပ်ချုပ်လီဟုန်ကျန်း က တရုတ်ပြည်ကို ရှေးခေတ်ယဉ်ကျေးမှုကနေ ခေတ်မီနိုင်ငံအဖြစ်အသွင်ပြောင်းဖို့အတွက် ရုရှားကနေတဆင့် ဥရောပကို သွားခဲ့ပါတယ်။ အဲ့ဒီအချိန်က ၁၈၉၆ခုနှစ်၊ ပထမကမ္ဘာစစ်ဖြစ်ဖို့ ၁၈နှစ်အလိုဖြစ်ပြီး အင်္ဂလန်က ဗစ်တိုရီးယားခေတ်ရောက်နေတဲ့အချိန်ပါ။ အင်္ဂလန်မှာ လမ်းတိုင်း လမ်းမီးတိုင်တွေ ရှိနေပြီး ရှေ့ပြေးယာဉ်တွေလည်းရှိနေပါပြီ။ ဒါတွေကို လီဟုန်ကျန်းမြင်တော့ ရှေးခေတ်ကနေ အခုခေတ်ရောက်သွားသလိုမျိုး တရုတ်ပြည်က ဘယ်လောက်တောင် နောက်ကျကျန်နေခဲ့သလဲဆိုတာ တွေ့ပြီး အရမ်းအံ့သြသွားတာပါ။ အဲ့ဒီမှာ သူက အနောက်တိုင်းရဲ့နည်းပညာနဲ့ယဉ်ကျေးမှုကို တရုတ်ပြည်ထဲ ဆွဲသွင်းဖို့အတွက် ဥရောပနဲ့သဘောတူညီမှုလုပ်ခဲ့ပါတယ်)
နှစ်ဖက်ကြားရှိ ကွာဟချက်က ကြီးမားလွန်းလှပေသည်။
လင်းယွမ်က ပြုံးလိုက်ပြီး အများကြီး ရှင်းပြမနေတော့ဘဲ "ထိုက်ယန်တောင်ကို ရောက်ရင် ငါတို့ရဲ့ ခိုလှုံရေးစခန်းက ဘယ်လိုမျိုးလဲဆိုတာ မင်းတို့ သိလာပါလိမ့်မယ်"
လီရှောင်ကျွင်းနှင့် ကျိုးဖေ့တို့ ထိုစကားကို ကြားသောအခါ လွန်စွာ မျှော်လင့်တောင့်တနေသည့် အမူအရာများ ပေါ်လာကြ၏။
"လင်းယွမ်... ဟိုမှာ ကြည့်လိုက်ပါဦး... ဟန်လုံစင်တာပဲ"
ထိုစဉ် မလှမ်းမကမ်းရှိ ဝါးအိမ်လေး၏ ဒုတိယထပ်တွင် ရပ်နေသော တင်းယန်က ရုတ်တရက် လှမ်းအော်လိုက်သည်။
လင်းယွမ်က မလှမ်းမကမ်းရှိ ရေလွှမ်းမိုးနေသော ရေပြင်ဆီသို့ လှည့်ကြည့်လိုက်ရာ တစ်ချိန်က သူတို့ နေထိုင်ခဲ့ဖူးသော ဟန်လုံစင်တာ အဆောက်အအုံကြီးကို တကယ်ပင် မြင်တွေ့လိုက်ရသည်။
ယခုအချိန်တွင် ရေမျက်နှာပြင်က အတော်လေး မြင့်တက်နေပြီ ဖြစ်သော်လည်း ဟန်လုံစင်တာကြီးကမူ ရေပြင်အထက်တွင် ခပ်လှမ်းလှမ်း၌ မားမားမတ်မတ် ရပ်တည်နေဆဲ ဖြစ်၏။
လွန်ခဲ့သော နှစ်လခန့်က အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင် ဟန်လုံစင်တာ၏ အပြင်ပန်းမှာ အတော်လေး ဟောင်းနွမ်းပျက်စီးနေပြီ ဖြစ်သည်။
ပြတင်းပေါက် အများအပြား ကျိုးပဲ့ပျက်စီးနေပြီး အပြင်ဘက်တွင်လည်း စိမ်းညိုရောင် ရေညှိများ အများအပြား ပေါက်ရောက်နေသည်။
ရေပြင်နှင့် နီးကပ်နေသော မှန်ချပ်များပေါ်တွင်မူ ကြီးမားလှသော ခရုခွံကြီးများနှင့် အခြားသော သက်ရှိများစွာ ကပ်တွယ်နေကြ၏။
အဆောက်အအုံ တစ်ခုလုံးက အိုမင်းရင့်ရော်ကာ ဟောင်းနွမ်းနေပြီး အချိန်ကာလ၏ ရိုက်ခတ်မှုဒဏ်ကို အပြည့်အဝ ခံစားနေရပုံ ပေါ်သည်။
လင်းယွမ်က ထိုအဆောက်အအုံကြီးကို ကြည့်ရင်း အတိတ်က သူတို့ လူစု လှည့်စားခံရပြီး ထိုအထဲသို့ ရောက်သွားခဲ့ရသည့် အဖြစ်အပျက်များကို ခေါင်းထဲတွင် အမှတ်ရလာမိသည်။
ထိုစဉ်က အတွေ့အကြုံမှာ အလွန် အန္တရာယ်များလှသည်။ ချင်ကျင်း ဆိုသော အမျိုးသမီးက သူ့အတွက် မေ့မရနိုင်သော အမှတ်တရတစ်ခု ဖြစ်ခဲ့၏။
ထို့ပြင် ခေါင်းကြီးကလေး ရန်ရွှဲ့လည်း ပါသေးသည်။ သူသည် ထိုသန္ဓေပြောင်း ဘီလူးမလေး၏ ခေါင်းထဲမှ "ရုပ်သေးကြိုးမျှင်" ဟူသော အစိမ်းရောင် အစွမ်းပုလဲကို ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုက်ယန်တောင် ကုန်တိုက်အတွင်းရှိ ပစ္စည်းများစွာမှာလည်း ဤအဆောက်အအုံထဲမှ သူကိုယ်တိုင် သယ်ဆောင်သွားခဲ့ခြင်းပင်။
အတိတ်က မြင်ကွင်းများ တစ်ခန်းပြီးတစ်ခန်း ပြန်လည် ပေါ်လာခြင်းက လင်းယွမ်ကို အတော်လေး လွမ်းဆွတ်သွားစေသည်။
ယခုအချိန်တွင် ချင်ကျင်းတို့၏ အလောင်းများမှာ အရိုးများအဖြစ်ပင် ဆွေးမြည့်နေလောက်ပြီ ဖြစ်သည်။
သို့သော် သူကမူ အကောင်းပကတိ အသက်ရှင်နေရုံသာမက ထိုက်ယန်တောင် ခိုလှုံရေးစခန်းကိုပါ ကိုယ်တိုင်ကိုယ်ကျ တည်ထောင်နိုင်ခဲ့ပြီ မဟုတ်ပါလော။
တင်းယန်က ခုန်ချလာပြီး လင်းယွမ်၏ ဘေးသို့ ရောက်လာသည်။ သူမ၏ မျက်နှာပေါ်တွင်လည်း လွမ်းဆွတ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။
"နေရာဟောင်းကို ပြန်ရောက်လာတော့ ဘယ်လို ခံစားရလဲ" သူမက မေးလိုက်သည်။
လင်းယွမ်ကလည်း သက်ပြင်းချလိုက်ရင်း "နေရာဟောင်းလေးကတော့ ဒီအတိုင်းပါပဲ... လူတွေကတော့ မရှိကြတော့ဘူး... တကယ်တော့ နှစ်လလောက်ပဲ ရှိသေးတာကို နှစ်နှစ်လောက် ကြာသွားသလို ခံစားရတယ်"
တင်းယန်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်နော်... တခြားကမ္ဘာတစ်ခုကို ရောက်သွားသလို ခံစားချက်မျိုး အမြဲ ဖြစ်ရတယ်" ဟု ထောက်ခံလိုက်သည်။
"မသိမသာနဲ့ပဲ ငါတို့တွေ ဒီအခြေအနေအထိတောင် ရောက်လာခဲ့ပြီပဲ"
"ကိုယ်ပိုင် ခိုလှုံရေးစခန်း ရှိလာရုံတင် မကဘူး... သင်္ဘောတစ်စင်းပါ ပိုင်ဆိုင်နေပြီလေ... အရင်တုန်းက အကြောင်း ပြန်တွေးကြည့်ရင် ငါတို့က သစ်သားဖောင် အစုတ်လေးတွေ အားကိုးပြီး မိန်တုဥယျာဉ်ကနေ ထိုက်ယန်တောင်အထိ လှော်လာခဲ့ကြတာ"
သူမက ရယ်မောလိုက်၏။ ထိုအပြုံးထဲတွင် ဂုဏ်ယူမှုများ၊ လွမ်းဆွတ်မှုများနှင့် ကံကောင်းသည်ဟု ခံစားရမှုများလည်း ရောယှက်နေသည်။
လင်းယွမ်က သူမနှင့် အကြည့်ချင်းဆုံကာ အပြန်အလှန် ပြုံးလိုက်ကြသည်။
"တွက်ကြည့်မယ်ဆိုရင် မိန်တုဥယျာဉ်ကို ရောက်တော့မှာမလား"
တင်းယန်က ခေါင်းညိတ်လိုက်ပြီး "ရောက်တော့မှာပါ... ကျွန်မ မှတ်မိသေးတယ် အရင်တုန်းက ကျွန်မတို့ သစ်သားဖောင်နဲ့ ထွက်လာတုန်းက ဒီနေရာကို ရောက်ဖို့ နေ့တစ်ဝက်လောက် အချိန်ယူခဲ့ရတာ"
"ကျွန်မတို့ သင်္ဘောရဲ့ အရှိန်နဲ့ဆိုရင် အရင်တုန်းက ဝါးဖောင်ထက် အများကြီး ပိုမြန်တာမို့ နောက်ထပ် မိနစ် သုံးဆယ်တောင် မကြာလောက်ဘူး မိန်တုဥယျာဉ်ကို ရောက်နိုင်တယ်လို့ ကျွန်မ ထင်တယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဖြစ်နိုင်တယ်"
"အမှတ် (၇၆) တိုက်ဘက်မှာ အခု ဘယ်လို အခြေအနေတွေ ဖြစ်နေပြီလဲ မသိဘူး... ဟို သန္ဓေပြောင်း နေကြာပန်းကိုရော တစ်ယောက်ယောက်များ ဖျက်ဆီးပစ်လိုက်ပြီလား မသိဘူး" တင်းယန်က ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "သန္ဓေပြောင်း နေကြာပန်းက အရမ်း အသုံးဝင်တာလေ... အမှတ် (၇၆) တိုက်က လူတွေပဲဖြစ်ဖြစ် ပြင်ပက ကျူးကျော်လာတဲ့သူတွေပဲဖြစ်ဖြစ် ဒီလို သန္ဓေပြောင်း အပင်မျိုးကို အလွယ်တကူ ဖျက်ဆီးပစ်မှာ မဟုတ်ပါဘူး"
"ဒါလည်း အတိအကျ ပြောလို့ မရဘူးလေ... လူတွေက အရူးအမူး ဖြစ်လာပြီဆိုရင် ဘာမဆို လုပ်ရဲကြတာပဲ"
"ဒါလည်း ဟုတ်တာပါပဲ... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က လမ်းကြုံလို့ ဝင်ကြည့်ရုံတင်ပါ... အဲဒီ သန္ဓေပြောင်း နေကြာပန်း ရှိနေသေးရင်လည်း ယူသွားတာပေါ့... မရှိတော့ဘူး ဆိုရင်လည်း ထားလိုက်တာပေါ့"
"အင်း"
......
"ဝုန်း"
မွန်းကြပ်သော အသံကျယ်ကြီး တစ်ချက်နှင့်အတူ ကျန်းဖန်၏ ခန္ဓာကိုယ်က ချက်ချင်း နောက်သို့ လွင့်စင်သွားပြီး အမှတ် (၇၅) တိုက်၏ စင်္ကြံလမ်းပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်မိသွားတော့၏။
သူ၏ ရင်ဘတ်ရှိ အကြေးခွံများ ကွဲကြေသွားကာ ပါးစပ်ထဲမှ သွေးပုပ်များ ပန်းထွက်လာသည်။ သူ၏ မျက်နှာတွင် အံ့သြမှုနှင့် ဒေါသတို့ ရောယှက်နေပြီး မျက်နှာချင်းဆိုင်ရှိ ကျောက်ကျွင်းကို ဒေါသတကြီး စိုက်ကြည့်နေ၏။
"မင်ကောချန်... ခင်ဗျား ဘာလုပ်နေတာလဲ"
ကျန်းဖန်က ခေါင်းမော့ကာ အပေါ်ထပ်ရှိ အခန်းဆီသို့ လှမ်းကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
အပေါ်ထပ်ရှိ အခန်းထဲတွင် ပြတင်းပေါက်များကို တင်းကျပ်စွာ ပိတ်ထားပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။
ယခုအချိန်တွင် ရွှီလဲ့ဖုန်းက ကျောက်ကျွင်း၊ ရှောင်ကျန်တို့ လူစုကို ခေါ်ဆောင်ကာ ကျန်းဖန်ကို လုံးဝ ဝိုင်းရံထားလိုက်ပြီ ဖြစ်သည်။
ကျန်းဖန်နှင့် မျက်နှာချင်းဆိုင်တွင် ဝမ်ရှောင်နှင့် ကောက်ယွီချန်တို့လည်း အလားတူပင် ဝိုင်းရံခံထားရ၏။
ဝမ်ဖန်းနှင့် အန်းမင်ဟွေးတို့ နှစ်ဦးမှာမူ မြေပြင်ပေါ်၌ လဲကျနေပြီး အခြေအနေ မည်သို့ ရှိနေသည်ကို မသိရပေ။
ဝမ်ရှောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည် "မင်ကောချန်... ရွှီလဲ့ဖုန်းတို့က ဝံပုလွေလို ရက်စက်တဲ့ စိတ်ဓာတ်ရှိတဲ့ ကောင်တွေကွ... ခင်ဗျားတို့က ဘာကို စောင့်နေကြတာလဲ"
ကောက်ယွီချန်ကမူ စကားမပြောပေ။ ယခုအချိန်တွင် သူ၏ ကြွက်သားများက ဖောင်းကြွနေပြီး သန်မာပုံ ပေါက်နေသော်လည်း အသက်ရှူ မဝတော့လောက်အောင် မောဟိုက်နေပြီ ဖြစ်သည်။
မျက်နှာချင်းဆိုင်ရှိ ရွှီလဲ့ဖုန်း၏ ဘေးတွင် ကျောက်ကျွင်းက အေးစက်စက် ရယ်မောလိုက်ပြီး "ငတုံးကောင်တွေ... မင်ကောချန်က မင်းတို့ကို အစောကြီးကတည်းက ရောင်းစားလိုက်ပြီဆိုတာ မရိပ်မိကြသေးဘူးလား"
"သူက ငါတို့ဘက်ကို အစောကြီးကတည်းက ပါသွားပြီ... ဒီနေ့က မင်းတို့ သေရမယ့်နေ့ပဲ"
ရွှီလဲ့ဖုန်းကလည်း ပြုံးရင်း ခေါင်းယမ်းလိုက်ကာ ကျန်းဖန်ကို ကြည့်၍ "ကျန်းဖန်... မင်းကလည်း ဉာဏ်တော့ ကောင်းသားပဲ... ငါ့ကို ရင်ဆိုင်ဖို့ အရင် ထောင်ချောက်ဆင်ဖို့တောင် တွေးနိုင်သေးတယ်... နှမြောစရာပဲ"
"လူရဲ့ အကြံက ကောင်းကင်ရဲ့ အကြံကို မယှဉ်နိုင်ပါဘူးကွာ... မင်ကောချန်က ငါ့ဆီကို အစောကြီးကတည်းက ခိုလှုံပြီးနေပြီ... အခု မင်းကို ငါ အခွင့်အရေး တစ်ခု ပေးမယ်... မင်းတို့ရဲ့ စားနပ်ရိက္ခာတွေ ဘယ်မှာ ဝှက်ထားလဲဆိုတာ အေးအေးဆေးဆေး ပြောပြမယ်ဆိုရင် မင်းတို့ကို နာကျင်မှု မရှိဘဲ သေခွင့်ပေးမယ်"
ကျန်းဖန်၏ မျက်နှာက ပြာနှမ်းသွားပြီး ရင်ထဲတွင် အံ့သြမှုနှင့် ဒေါသတို့ ပေါက်ကွဲနေတော့၏။
မင်ကောချန်က တကယ်ကြီး သစ္စာဖောက်သွားလိမ့်မည်ဟု သူ ဘယ်လိုမှ ထင်မှတ်မထားခဲ့ပေ။
ဤကောက်ကျစ်သော အဘိုးကြီးက ရွှီလဲ့ဖုန်းလို လူမျိုးကို အဘယ်ကြောင့် ရွေးချယ်ယုံကြည်ခဲ့ရသနည်း ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်ရသည်။
ရွှီလဲ့ဖုန်းနှင့် ပူးပေါင်းခြင်းသည် ကျားထံမှ သားရေကို တောင်းခံသကဲ့သို့ အန္တရာယ်များလှသည်ကို သူ နားမလည်လေသလော။
ဒီ သောက်အဘိုးကြီး။
သူက စိတ်ထဲမှ ကြိမ်းဝါးလိုက်ပြီး မနေနိုင်တော့ဘဲ အော်ဟစ်လိုက်သည် "မင်ကောချန်... ခင်ဗျား ထိုက်ယန်တောင်ကို မသွားချင်တော့ဘူးလား... ကိုလင်းယွမ်က အရင်တုန်းက ခင်ဗျားတို့ကို ဘယ်လို ကူညီပေးခဲ့လဲဆိုတာ မေ့သွားပြီလား"
"ခင်ဗျား ဒီနေ့ လုပ်ရပ်တွေကြောင့် နောက်ကျရင် ထိုက်ယန်တောင်ကို ရောက်တဲ့အခါ ကိုလင်းယွမ်ကို ဘယ်လို မျက်နှာပြမလဲ"
ရွှီလဲ့ဖုန်းက ကျန်းဖန်တို့ကို သတ်ပစ်ရန် အလျင်လိုနေပုံ မပေါ်ပေ။ သူက ပြုံးရင်း လှမ်းအော်လိုက်သည် "အဘိုးကြီးမင်... ခင်ဗျား ကိုယ်တိုင်ပဲ ရှင်းပြလိုက်ပါတော့လား... ကျုပ်လည်း ခင်ဗျား ဘယ်လို စဉ်းစားထားလဲဆိုတာ သိချင်နေတာ"
"ကျုပ် ဒီအမှတ် (၇၅) တိုက်ထဲ ဝင်လာကတည်းက ခင်ဗျားတို့တွေ အဲဒီ သောက်ရူး ကိုလင်းယွမ်အကြောင်း လေလုံးထွားနေတာကို ကြားခဲ့ရတာ မနည်းတော့ဘူး... ကဲ... လာ... ခင်ဗျား ဘယ်လို တွေးထားလဲဆိုတာ ကျုပ်ကို ပြောပြစမ်းပါဦး"
အပေါ်ထပ် အခန်းထဲတွင် မင်ကောချန်နှင့် လော်ယန်တို့ လူစုက သက်ပြင်းတစ်ချက် ချလိုက်မိကြ၏။
လော်ယန်က မနေနိုင်တော့ဘဲ တိုးတိုးလေး ဆဲဆိုလိုက်သည် "အဲ့ခွေးမသားရွှီက စကားတွေ ဘာလို့ ဒီလောက် များနေရတာလဲ... ကျန်းဖန်တို့ကို တစ်ခါထဲ သတ်ပစ်လိုက်ရင် ပြီးနေပြီကို"
မင်ကောချန်က မတတ်နိုင်စွာဖြင့် "သူက ငါတို့ကို လူအများရှေ့မှာ သဘောထား ထုတ်ဖော်ခိုင်းနေတာလေ... ဒါက ငါတို့ကို ဘယ်ဘက်က ရပ်တည်မလဲ ဆိုတာကို ယတိပြတ် ရွေးခိုင်းနေတာပဲ"
"ဒီရွှီလဲ့ဖုန်းက တကယ်ကို ကောက်ကျစ်တဲ့ ကောင်ပဲ... ငါတို့ တမင် မျက်နှာမပြဘဲ နေခဲ့တာက အစကတည်းက နှစ်ဖက်စလုံးကို မကူညီဘူးလို့ ရည်ရွယ်ထားလို့လေ"
"ဒါဆိုရင် ကျန်းဖန်တို့ သေသွားရင်တောင် ငါတို့အပေါ် အပြစ်တင်လို့ မရတော့ဘူးပေါ့"
"သူက အခု ငါတို့ကို အတင်း ထွက်လာခိုင်းနေပြီ... ဟူး"
"ထားလိုက်ပါတော့... ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာမှတော့ ဘာမှ တတ်နိုင်မှာ မဟုတ်တော့ဘူး"
မင်ကောချန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး အပေါ်ထပ်မှ အခန်းတံခါးကို တွန်းဖွင့်ကာ လှေကားပေါ်မှ ဆင်းလာခဲ့သည်။
သူက လော်ယန်တို့ လူစုကို ခေါ်ဆောင်လာပြီး မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သည့် အရိပ်အယောင်လေး တစ်ခုနှင့်အတူ ကျန်းဖန်ကို ကြည့်ကာ "ခေါင်းဆောင်ကျန်း... မင်းက ခေါင်းမာလွန်းတယ်... တချို့ကိစ္စတွေက အရင်းအမြစ်ကအစ လိုက်စူးစမ်းနေဖို့ မလိုပါဘူးကွာ"
"မင်းကိုယ်မင်း ပြန်စဉ်းစားကြည့်ဦး... မင်းက ကိုလင်းယွမ်မှ မဟုတ်တာ... ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ကိုလင်းယွမ်ကို ကိုယ်စားပြုနိုင်မှာလဲ"
"ဒါ့အပြင် ငါ ထိုက်ယန်တောင်ကို သွားမယ်လို့ မင်းကို ဘယ်သူက ပြောလဲ"
"မင်း မသိသေးလို့ ဖြစ်မှာပါ... ခေါင်းဆောင်ရွှီရဲ့ နောက်ကွယ်မှာ ရှိနေတာက အစ်ကိုဟော်လေ... အစ်ကိုဟော်က လင်ကျန်းတက္ကသိုလ်ဘက်ကို သင်္ဘော သွားလုနေပြီ"
"ထိုက်ယန်တောင်ဆိုတာ ဘယ်ဆီ နေမှန်းတောင် မသိရတာ... အစ်ကိုဟော်တို့ဆီက သင်္ဘောထက် ပိုပြီး လုံခြုံနိုင်ပါ့မလား"
"ငါ့ကို သံယောဇဉ် မရှိဘူးလို့တော့ အပြစ်မတင်ပါနဲ့ကွာ... တကယ်တော့ ဒီခေတ်ကြီးက လူတွေကို ဝါးမျိုနေတာမို့ ငါ့မှာလည်း ရွေးချယ်စရာ မရှိလို့ပါ"
မင်ကောချန်က စကားပြောပြီးသည်နှင့် ရွှီလဲ့ဖုန်းကို ကြည့်ကာ မျက်နှာချိုသွေးရင်း "ခေါင်းဆောင်ရွှီ... ကျုပ်တို့ ဝင်ကူပေးဖို့ လိုသေးလား" ဟု ပြုံးလျက် မေးလိုက်သည်။
ရွှီလဲ့ဖုန်းက ချက်ချင်းပင် ဟားဟားဟား ဟု ရယ်မောလိုက်ပြီး မင်ကောချန်၏ အခြေအနေကို နားလည်တတ်မှုအပေါ် အလွန် ကျေနပ်သွား၏။
"ခင်ဗျားတို့ ဟို စိတ်စွမ်းအင်အစွမ်းပိုင်ရှင်နဲ့ ခွန်အားအစွမ်းပိုင်ရှင်ကို ထားထားပေး... ကျုပ်တို့ ဒီကျန်း ဆိုတဲ့ကောင်ကို အပြတ်ရှင်းပြီးတာနဲ့ ခင်ဗျားတို့ဆီ ပြန်လာပြီး အတူတူ ရှင်းပစ်မယ်" ရွှီလဲ့ဖုန်းက ရယ်မောရင်း အမိန့်ပေးလိုက်သည်။
မင်ကောချန်က နောက်ထပ် စကားများမနေတော့ဘဲ ဝမ်ရှောင်နှင့် ကောက်ယွီချန်တို့ဆီသို့ လှည့်ကြည့်ကာ လော်ယန်တို့ကို တိုက်ရိုက် လက်ကာပြလိုက်ပြီး "ချ" ဟု အော်လိုက်သည်။
"ခွေးမသား"
"မင်ကောချန်... ခင်ဗျား ငရဲကျမယ့်လူ"
ဝမ်ရှောင်နှင့် ကောက်ယွီချန်တို့ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကာ တစ်ယောက်တစ်ခွန်း ဆဲဆိုလိုက်ပြီးနောက် အမြန် ပြန်လည် တိုက်ခိုက်ကြတော့၏။
ဝမ်ရှောင်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သံချောင်း အများအပြားက လေကိုခွဲလျက် ပြေးထွက်သွားသည်။ သူ၏ စိတ်စွမ်းအင် အောက်တွင် သံချောင်းများက မြားတံများအလား အသံမြည်လျက် လျင်မြန်စွာ ပစ်လွှတ်သွားပြီး ခန့်မှန်းရခက်စွာ လှုပ်ရှားနေ၏။
မျက်နှာချင်းဆိုင်ရှိ လော်ယန်၏ ခန္ဓာကိုယ်မှ ကြွက်သားများ ရုတ်တရက် ဖောင်းကြွလာပြီး လေပေါ်သို့ ခုန်တက်ကာ ထိုသံချောင်းကို အတင်း ဆွဲဖမ်းလိုက်သည်။
ကြီးမားလှသော ခွန်အား ပေါက်ကွဲထွက်လာမှုအောက်တွင် သံချောင်းမှာ ချက်ချင်းပင် သူ၏ လက်ထဲ၌ တင်းကျပ်စွာ အဖမ်းခံလိုက်ရပြီး ဝမ်ရှောင်က စိတ်စွမ်းအင်ဖြင့် မည်မျှပင် တွန်းအားပေးနေစေကာမူ လုံးဝ ထိန်းချုပ်၍ မရနိုင်တော့ချေ။
လော်ယန်က ကြောက်မက်ဖွယ် ပြုံးလိုက်ပြီး လက်ကို နောက်သို့ဆုတ်ကာ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ဒေါင်... ဒေါင်... ဒေါင်"
လေထဲရှိ အခြား သံချောင်းများလည်း သူ၏ အကြမ်းပတမ်း ရိုက်ချမှုကြောင့် အသီးသီး ပြုတ်ကျကုန်တော့၏။
ထိုအချိန်တွင် မင်ကောချန်ကလည်း သူ၏ အစွမ်းကို အသုံးပြုလိုက်ရာ ခန္ဓာကိုယ် ပတ်လည်ရှိ အရေပြားနှင့် အသားများက အလျင်အမြန် တုန်ခါသွားပြီး အသားရောင် သံချပ်ကာ တစ်ထည်က သူ၏ ကိုယ်ပေါ်တွင် လျင်မြန်စွာ ပေါ်ထွက်လာသည်။
မူလက အိုမင်းနေသော ခန္ဓာကိုယ်မှာလည်း ယခုအခါတွင် ဖောင်းကားလာပြီး ကြွက်သားများ ထောင်ကြွလာတော့၏။
သူ၏ တစ်ကိုယ်လုံးတွင် အသားသံချပ်ကာ တစ်လွှာ ပေါ်လာပြီးနောက် ခြေတစ်လှမ်း ဆုတ်ကာ မျက်နှာချင်းဆိုင်ရှိ ကောက်ယွီချန်ဆီသို့ လက်သီးတစ်ချက် ပြင်းထန်စွာ ထိုးချလိုက်သည်။
ကောက်ယွီချန်က ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံးရှိ သွေးလေများ လည်ပတ်သွားကာ လက်သီးပေါ်တွင် အဖြူရောင် လေစီးကြောင်းတစ်ခု လှုပ်ရှားလာ၏။
"ဝုန်း"
သူက လက်သီးတစ်ချက် ထိုးချလိုက်ရာ လေစီးကြောင်းများ တုန်ခါသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
လေလှိုင်းများက လေပေါ်သို့ ပေါက်ကွဲထွက်သွားပြီး လက်သီးစွမ်းအင်များက အရူးအမူး လှုပ်ရှားကာ လေထုကို ဆုတ်ဖြဲပစ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော လေစီးကြောင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။
သူ၏ အစွမ်းကို "ချီကုန်း" ဟု ခေါ်ပြီး လက်သီးထိုးလိုက်သည်နှင့် တစ်ပြိုင်နက် လေစီးကြောင်းများကို အသုံးပြုကာ တိုက်ခိုက်နိုင်သည်။
သူ၏ ဤလက်သီးချက် ထွက်ပေါ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော လေစီးကြောင်းက အလွန် အစွမ်းထက်သော လေလှိုင်းပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်စေသည်။
ဝုန်းကနဲ မြည်ဟည်းသံကြီး တစ်ချက်နှင့်အတူ မျက်နှာချင်းဆိုင်ရှိ မင်ကောချန်၏ ခန္ဓာကိုယ်မှာ ချက်ချင်း ရပ်တန့်သွားပြီး လက်သီးစွမ်းအားများ တုန်ခါသွားကာ အရေပြားနှင့် အသားသံချပ်ကာမှာလည်း ရှဲရှဲမြည်သွားတော့၏။
သူ၏ ခန္ဓာကိုယ်က အဆက်မပြတ် နောက်သို့ ဆုတ်ခွာသွားရပြီး မျက်နှာပေါ်တွင်လည်း အံ့သြသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
"တော်တော် အစွမ်းထက်တဲ့ အစွမ်းပဲ... အင်အားကလည်း ကြီးလိုက်တာ"
ကောက်ယွီချန်က ဒေါသတကြီး အော်ဟစ်လိုက်သည် "အဘိုးကြီး... ဒီနေ့ ခင်ဗျား သေရမယ့်နေ့ပဲ"
မင်ကောချန်က ခေါင်းယမ်းလိုက်သော်လည်း ပြုံးရုံသာ ပြုံးနေပြီး "ငါအဘိုးကြီးက အသေအလဲ မတိုက်ချင်ပါဘူးကွာ... ကောင်လေး... ငါတို့နှစ်ယောက်က ရှုံးတာနိုင်တာက အရေးပါတာမှ မဟုတ်တာ... မင်းတို့ ခေါင်းဆောင် သေသွားတာနဲ့ ချက်ချင်း မင်းအလှည့် ရောက်လာတော့မှာ"
ကောက်ယွီချန်၏ ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားပြီး အလိုအလျောက်ပင် ကျန်းဖန်ဘက်သို့ လှမ်းကြည့်လိုက်မိတော့သည်။
ဆက်ရန်...
အပိုင်း(၃၃၄) ရွှီလဲ့ဖုန်း၏ ရည်ရွယ်ချက်
ကျန်းဖန်၏ရှေ့တွင် ရှောင်ကျန်က ရေနဂါးတစ်ကောင်ကို ထိန်းချုပ်လိုက်ရာ လေတိုးသံပြင်းပြင်းဖြင့် လည်ပတ်သွားပြီး ရှည်လျားသော ကြာပွတ်ကြီးတစ်ချောင်းနှယ် သူ၏ လက်များ၊ ခြေများကို တင်းကျပ်စွာ ရစ်ပတ်ချုပ်နှောင်သွားသည်။
ကျန်းဖန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လက်မောင်းရှိ ကြွက်သားများ ဖောင်းကြွလာကာ အစွမ်းကုန် ရုန်းကန်ဆွဲဖြဲလေတော့သည်။
ရေလှိုင်းများ ပေါက်ကွဲထွက်ကာ ရေစက်ရေမှုန်များ လွင့်စဉ်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းဖန်က ရှောင်ကျန်ထံသို့ ချက်ချင်း ပြေးဝင်တိုက်ခိုက်လိုက်သည်။
ထို ရှောင်ကျန် အမည်ရသော လူငယ်က သွားဖြဲကာ အေးစက်စက် ပြုံးလိုက်ပြီး သူ၏ လက်ချောင်းငါးချောင်းကို ဆုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ရေလှိုင်းများက လိမ့်တက်လာလေသည်။
ရေစီးကြောင်းများက တစ်စုတစ်စည်းတည်း ပေါင်းဆုံသွားကာ "ဖုန်း" ဆိုသောအသံနှင့်အတူ ကျန်းဖန်၏ မျက်နှာတည့်တည့်သို့ ရိုက်ခတ်သွားသည်။
"ဖြောင်း"
ထိုရေအစုအဝေးက ကျန်းဖန်၏ ခေါင်းပေါ်သို့ တိုက်ရိုက် လွှမ်းခြုံသွားပြီး ပြိုကွဲမသွားဘဲ သူ၏ ခေါင်းတစ်ခုလုံးကို တင်းကျပ်စွာ ရစ်ပတ်ထားလေသည်။
၎င်းက ရေဓာတ်အစွမ်းပိုင်ရှင်များ အသုံးအများဆုံး လှည့်ကွက်ဖြစ်ပြီး ပြိုင်ဘက်ကို ရေအစုအဝေးဖြင့် လွှမ်းမိုးနှစ်မြှုပ်ပစ်ခြင်းပင်။
ပြိုင်ဘက်ကို အသက်ရှူမဝဘဲ ရေနစ်သကဲ့သို့ ဖြစ်သွားစေရန် ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ဤတိုက်ခိုက်မှု နည်းလမ်းက ပြိုင်ဘက်ကို အသက်ရှူမဝစေရုံသာမက အမြင်အာရုံကိုပါ ဝေဝါးသွားစေနိုင်သောကြောင့် အလွန်ပင် ထိရောက်မှုရှိလှသည်။
ရှောင်ကျန်၏ နှုတ်ခမ်းထောင့်တွင် အောင်ပွဲခံသည့် အပြုံးရေးရေး ထွက်ပေါ်လာပြီး သူက ဤလှည့်ကွက်ကို အသုံးပြုကာ အပြင်ပန်းကြည့်လျှင် အစွမ်းထက်လှသည့် အစွမ်းပိုင်ရှင်များစွာကို သေသည်အထိ နှိပ်စက်ကစားခဲ့ဖူးသည်။
ထင်ထားသည့်အတိုင်းပင် သူ၏ စောင့်ကြည့်မှုအောက်တွင် ကျန်းဖန်က ခေါင်းကို ကိုင်ကာ အသက်လု ရုန်းကန်နေပြီး ရေအစုအဝေးကို ဆွဲဆုတ်ဖျက်ဆီးရန် ကြိုးစားနေလေသည်။
သို့ရာတွင် ထိုရေအစုအဝေးက ရှောင်ကျန်၏ ထိန်းချုပ်မှုအောက်၌ စီးဆင်းနေသော သဲများကဲ့သို့ ဖြစ်နေသောကြောင့် လုံးဝ ဖမ်းဆုပ်၍မရပေ။
မရေမတွက်နိုင်သော ရေစီးကြောင်းများက ပစ်မှတ်၏ ပါးစပ်နှင့် နှာခေါင်းထဲသို့ တိုးဝင်နေပြီး တစ်ဖက်လူကို အသက်ရှူကြပ်၍ သေဆုံးသွားစေရန် ရည်ရွယ်ထားသည်။
ကျန်းဖန်က ယိမ်းယိုင်ကာ မြေပြင်ပေါ်တွင် ခေါင်းပြတ်နေသော ယင်ကောင်တစ်ကောင်ကဲ့သို့ အရပ်မျက်နှာ မသိမ်းမဆည်း ပြေးလွှားနေသည်။
ဟိုဘက်တွင် ရှိနေသော ရွှီလဲ့ဖုန်းက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။
တိုက်ပွဲစတင်ချိန်မှ ယခုအထိ သူက လုံးဝ ဝင်မပါသေးပေ။
ဝင်မပါရဲခြင်း မဟုတ်ဘဲ သူက ဘေးမှနေ၍ ကြီးကြပ်ကွပ်ကဲကာ တစ်ဖက်လူကို ပို၍ ခြိမ်းခြောက်နိုင်စွမ်း ပေးချင်သောကြောင့် ဖြစ်သည်။
ထို့ပြင် ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူက အလွယ်တကူ ဝင်ရောက်တိုက်ခိုက်ရန် မသင့်တော်ဟု တွေးထားသည်။
ခေါင်းဆောင်ဆိုသည်က ခေါင်းဆောင်၏ အရှိန်အဝါ မျိုး ရှိသင့်သည် မဟုတ်ပါလား။
ယခုအခါ ကျန်းဖန်က အနိုင်ကျင့် ခံနေရသည်ကို မြင်လိုက်ရသဖြင့် သူက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ကျန်းဖန်... ကြည့်ရတာ မင်းရဲ့အစွမ်းက ဒီလောက်ပဲ ရှိတာကိုး"
ဤအခိုက်အတန့်တွင် ယိုင်နဲ့နဲ့ ဖြစ်နေသော ကျန်းဖန်က မှတ်ဉာဏ်ထဲရှိ လမ်းကြောင်းအတိုင်း ရှောင်ကျန်ထံသို့ ဦးတည် ပြေးဝင်လာသည်။
ရှောင်ကျန်က သဘာဝကျကျပင် နေရာတွင် ရပ်နေမည် မဟုတ်ဘဲ လျင်မြန်စွာ ရှောင်တိမ်းကာ ကျောက်ကျွင်းရှိရာ ဘက်သို့ ပြေးသွားလေသည်။
ကျောက်ကျွင်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သံချောင်းကို ကိုင်ဆောင်ကာ ပြေးဝင်လာသော ကျန်းဖန်၏ လက်မောင်းကို အားကုန်လွှဲရိုက်လိုက်သည်။
သို့ရာတွင် ထိုအချိန်၌ပင် ကျန်းဖန်က တကယ် အသက်ရှူကြပ်ကာ ခွန်အားကုန်ခမ်းသွားသကဲ့သို့ ဖြစ်သွားသည်။
တစ်ကိုယ်လုံး ယိမ်းယိုင်သွားကာ "ဘုန်း" ဆိုသော အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
ဤလဲကျသွားမှုက ကျောက်ကျွင်း၏ သံချောင်း ရိုက်ချက်ကို လိမ္မာပါးနပ်စွာ ရှောင်လွှဲနိုင်ခဲ့သည်။
ကျောက်ကျွင်းက အနည်းငယ် ကြောင်အမ်းသွားသော်လည်း ချက်ချင်းပင် ရယ်မောစရာ ဖြစ်သွားသကဲ့သို့ ပြောလိုက်သည်။
"ကြည့်ရတာ ငါတောင် ဝင်ပါစရာ မလိုတော့ဘူးနဲ့တူတယ်"
သူ၏စကားသံ မဆုံးသေးမီ ရုတ်တရက် မြေပြင်ပေါ်တွင် လဲကျနေကာ အောက်ဆီဂျင် ပြတ်တောက်နေသကဲ့သို့ ဖြစ်နေသော ကျန်းဖန်က အားကုန်ရုန်းကာ ခုန်ထလိုက်သည်။
သူ၏ ခန္ဓာကိုယ်က ငါးကြင်းတစ်ကောင်ကဲ့သို့ သွက်လက်နေပြီး လျင်မြန်စွာပင် ကိုယ်ကိုလှည့်ကာ ထရပ်လိုက်လေသည်။
အရေပြားဖြင့် ဆက်စပ်နေသော လက်ချောင်းငါးချောင်း၏ ထိပ်ဖျားများတွင် ထက်မြက်သည့် သံမဏိလက်သည်းများ ပေါက်ရောက်နေသည်။
ရေလူသား အသွင်ပြောင်းထားသော ကျန်းဖန်က ရေနစ်မည်ကို ကြောက်ပါ့မလား။
"စွပ်"
သူ၏ လက်ချောင်းငါးချောင်းက ကျောက်ကျွင်း၏ လည်ချောင်းကို ချက်ချင်း ခြစ်ဆွဲသွားကာ "စွပ်" ဆိုသောအသံနှင့်အတူ ကျောက်ကျွင်း၏ လည်ချောင်း ပြတ်ထွက်သွားပြီး လည်ပင်းရှိ သွေးလွှတ်ကြော ပြတ်တောက်ကာ သွေးများ အမြောက်အမြား ပန်းထွက်လာလေသည်။
ကျန်းဖန်က ခြေလှမ်းဖွဖွဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး မေးရိုးအောက်ရှိ ငါးပါးဟပ်ကဲ့သို့ အင်္ဂါက လှုပ်ရှားကာ ရေအစုအဝေးထဲမှ အောက်ဆီဂျင်ကို စုပ်ယူလိုက်သည်။
သူက ဤရေအစုအဝေး၏ အကျိုးသက်ရောက်မှုကို လုံးဝ မခံရပေ။
စောစောက အစမှအဆုံးထိ အားနည်းနေပုံပြခြင်းက သူ၏ တိုက်ခိုက်မှု အစီအစဉ်မျှသာ ဖြစ်သည်။
ရန်သူကို အားနည်းပုံပြကာ ပြိုင်ဘက်အနီးသို့ ချဉ်းကပ်ပြီး တစ်ဖက်လူ၏ အနီးကပ်တိုက်ခိုက်ရေး အစွမ်းပိုင်ရှင်ကို ချက်ချင်း ဖြေရှင်းလိုက်ခြင်း ဖြစ်သည်။
ရှေ့မှ ကာကွယ်ပေးမည့် ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင် ဆုံးရှုံးသွားပါက သူတို့ဘက်မှ ဝမ်ရှောင်အနေဖြင့် စိတ်စွမ်းအင်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်ကာ ထိုရှောင်ကျန်ကို တိုက်ခိုက်နိုင်မည် မဟုတ်ပါလား။
ထင်ထားသည့်အတိုင်းပင် ကျောက်ကျွင်းက မယုံကြည်နိုင်စွာဖြင့် လည်ပင်းကို ကိုင်ကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားလေသည်။
ဝမ်ရှောင်က အခွင့်အရေးကို ချက်ချင်း ဖမ်းဆုပ်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်လိုက်ရာ မြေပြင်ပေါ်ရှိ သံချောင်းနှစ်ချောင်းက ချက်ချင်း လေပေါ် ပျံတက်လာသည်။
သူ၏ စိတ်စွမ်းအင် ထိန်းချုပ်မှုအောက်တွင် သံချောင်းနှစ်ချောင်းက ဝှီးခနဲ မြည်သံနှင့်အတူ ထိုရှောင်ကျန်ထံသို့ ချက်ချင်း ပြေးဝင်သွားလေသည်။
ရှောင်ကျန်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး ကျန်းဖန်၏ မျက်နှာပေါ်ရှိ ရေစီးကြောင်းကို ဆက်မထိန်းချုပ်နိုင်တော့ဘဲ လက်ကို အမြန်ဝှေ့ယမ်းလိုက်ရာ ရေစီးကြောင်းများ နောက်ပြန်လှည့်လာကာ ရေအစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထဲရှိ သံချောင်းနှစ်ချောင်းကို တိုက်ရိုက် ရစ်ပတ်ပစ်လိုက်သည်။
ရေစီးကြောင်းနှင့် သံချောင်းများက လေထဲတွင် ပြင်းထန်စွာ ရုန်းကန်ပျံသန်းနေပြီး အဝေးမှ တိုက်ခိုက်နိုင်သော အစွမ်းပိုင်ရှင် နှစ်ဦးက အကြိတ်အနယ် တိုက်ခိုက်နေကြလေသည်။
ဤဘက်ရှိ ကျန်းဖန်က မြင်လိုက်ရသောအခါ စကားတစ်ခွန်းမျှ မဆိုဘဲ ရှောင်ကျန်ထံသို့ တိုက်ရိုက် ပြေးဝင်သွားကာ တစ်ဟုန်ထိုး အားထုတ်၍ သတ်ပစ်ရန် ရည်ရွယ်လိုက်သည်။
အခြေအနေများ ပြောင်းလဲသွားမှုက အလွန်လျင်မြန်လွန်းသောကြောင့် အခြားသူများပင် တုံ့ပြန်ချိန် မရလိုက်ပေ။
ထိုအချိန်ရောက်မှသာ ရွှီလဲ့ဖုန်းက တုံ့ပြန်လာနိုင်သည်။
သူ၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး အလွန် အရုပ်ဆိုးသွားကာ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ ပေါ်ထွက်လာပြီး ကိုယ်နေဟန်ထားက ချက်ချင်း ရှေ့တိုးလာကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ကျန်းဖန်... မင်းက ငါ့လူကို သတ်ရဲတယ်ပေါ့လေ"
"ဖုန်း"
သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဆီများ အမြောက်အမြား စိမ့်ထွက်လာပြီး လက်ကို အားကုန်လွှဲကာ ဝှေ့ယမ်းလိုက်ရာ မည်းမှောင်နေသော ဆီအစုအဝေးက ပြင်းထန်စွာ ပစ်လွှတ်လိုက်လေသည်။
"ရှောင်ကျန်"
"လာပြီ"
ရှောင်ကျန်က မြင်လိုက်ရသောအခါ ချက်ချင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ရေစီးကြောင်း တစ်ခုကို ခွဲထုတ်ကာ ထိုမည်းမှောင်နေသော ဆီအစုအဝေးထဲသို့ တိုက်ရိုက် ပေါင်းစပ်လိုက်သည်။
ဆီများက ရေစီးကြောင်း၏ ထောက်ပံ့မှုဖြင့် ကျန်းဖန်ထံသို့ အရှိန်ပြင်းပြင်း ပစ်ဝင်သွားလေသည်။
ကျန်းဖန်၏ မျက်နှာက ပြောင်းလဲသွားပြီး ဤဆီများ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူက အလွန် ရှင်းလင်းစွာ သိထားသည်။
အကယ်၍ ဤဆီများ ပေကျံသွားပါက တစ်ဖက်လူက မီးရှို့လိုက်လျှင် သူက မသေလျှင်တောင်မှ အရေပြား တစ်လွှာ ကွာကျသွားမည် ဖြစ်သည်။
သူ၏ ရေလူသား အစွမ်းက ရေစီးကြောင်းများကို ထိန်းချုပ်နိုင်သော်လည်း မီးတောက်များ၏ တိုက်ခိုက်မှုကို မကာကွယ်နိုင်ပေ။
ကျန်းဖန်က အလျင်အမြန် ရှောင်တိမ်းလိုက်သော်လည်း ရှောင်ကျန်က ရေစီးကြောင်းကို ထိန်းချုပ်ကာ ဆီများကို ဆက်တိုက် ပန်းထုတ်နေလေသည်။
ချက်ချင်းပင် ကျန်းဖန်၊ ဝမ်ရှောင်နှင့် အနီးအနားရှိ ကောက်ယွီချန်တို့အားလုံး ဆီများ စိုရွှဲသွားကြသည်။
သို့ရာတွင် ဝမ်ရှောင်နှင့် ကောက်ယွီချန်တို့က ပထမဆုံး အချိန်တွင်ပင် အကာအကွယ် အလွှာကို ဖွင့်လှစ်လိုက်ကြသည်။
ဝမ်ရှောင်က မိမိကိုယ်ပေါ်သို့ ဤဆီများ မစဉ်ရန် စိတ်စွမ်းအင်ဖြင့် တားဆီးထားသည်။
ကောက်ယွီချန်ကမူ လေအစုအဝေးကို ထိန်းချုပ်ကာ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လေလှိုင်းများ ဖန်တီး၍ ဤဆီများကို ဖယ်ရှားပစ်လိုက်သည်။
ကျန်းဖန် တစ်ယောက်တည်းသာ ဤကဲ့သို့သော နည်းလမ်း မရှိသောကြောင့် ချက်ချင်းပင် တစ်ကိုယ်လုံး ဆီများ ရွှဲနစ်သွားလေသည်။
ကျန်းဖန်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး ပြတင်းပေါက်ဘက်သို့ အလျင်အမြန် ထွက်ပြေးသွားရာ ရေနှင့် နီးကပ်မှသာ ဤဆီများကို ဆေးကြောနိုင်မည်ကို သူ သိထားသည်။
ထို့ပြင် ရေထဲတွင်သာ သူ၏ အစွမ်းက အကြီးမားဆုံးသော စွမ်းအင်ကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
သူက ပြတင်းပေါက်ဘက်သို့ ပြေးသွားမည် အလုပ်တွင်ပင် "ခွမ်း" ဆိုသော အသံကို ကြားလိုက်ရသည်။
မီးလောင်နေသော ပုလင်းတစ်လုံး တိုက်ရိုက် ကျရောက်လာသည်။
ပေါက်ကွဲသံနှင့်အတူ မီးတောက်များ အရှိန်အဟုန်ဖြင့် တောက်လောင်လာပြီး ပြတင်းပေါက် တစ်ခုလုံး မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။
အခန်း ပတ်ပတ်လည် တစ်ဝိုက်တွင် ဘယ်အချိန်ကတည်းက ဆီအလွှာများ သုတ်လိမ်းထားမှန်း မသိရပေ။
ယခုအခါ မီးတောက်များ တောက်လောင်လာသည်နှင့်အတူ ဝင်ပေါက် ထွက်ပေါက် အားလုံးကို ချက်ချင်း ပိတ်ဆို့သွားလေသည်။
ရွှီလဲ့ဖုန်းက ကြမ်းတမ်းစွာ ရယ်မောလိုက်သည်။
"ပြေးချင်တယ်ပေါ့လေ... ငါက ခွင့်ပြုလို့လား"
သူ၏ လက်နှစ်ဖက်တွင် ဖန်ပုလင်း နှစ်လုံးကို ကိုင်ထားပြီး "ဖုန်း" ဆိုသော အသံနှင့်အတူ ကျန်းဖန်ထံသို့ ပစ်ပေါက်လိုက်သည်။
ကျန်းဖန်က ဘယ်ညာ ရွေ့လျားကာ ရှောင်တိမ်းရန် ကြိုးစားသည်။
သို့ရာတွင် မီးပုလင်း ပေါက်ကွဲသွားပြီး ချက်ချင်းပင် ဆီများ တစ်ကိုယ်လုံး ပေကျံသွားလေသည်။
အမှန်တော့ ဤဖန်ပုလင်းထဲတွင် ဆီများ အပြည့်ထည့်ထားခြင်း ဖြစ်သည်။
ကျန်းဖန်က အသက်လု ရုန်းကန်နေရသည်ကို မြင်လိုက်ရသောအခါ ဟိုဘက်ရှိ ရွှီလဲ့ဖုန်း၏ မျက်လုံးများက ရုတ်တရက် အရောင်လက်သွားပြီး မလှမ်းမကမ်း မြေပြင်ပေါ်တွင် လဲကျနေသော ဝမ်ဖန်းနှင့် အန်းမင်ဟွေးတို့ထံသို့ ကြည့်လိုက်သည်။
ချက်ချင်းပင် သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ဆီအစုအဝေး နှစ်ခုက "ဖောက်" ဆိုသော အသံနှင့်အတူ သူတို့နှစ်ဦး၏ ကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။
ထို့နောက် သူက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ မီးခြစ်ကို ထုတ်ယူလိုက်ပြီး ကြမ်းတမ်းစွာ ရယ်မော၍ ပြောလိုက်သည်။
"ကျန်းဖန်... သူတို့ မီးလောင်သေတာကို မမြင်ချင်ရင် အခုချက်ချင်း ရပ်လိုက်"
"ပြီးတော့ မင်းတို့ ခွေးကောင်လေး နှစ်ကောင်... လက်နက် ချလိုက်စမ်း"
သူက ဝမ်ရှောင်နှင့် ကောက်ယွီချန် နှစ်ဦးထံသို့ စူးရဲစွာ ကြည့်လိုက်သည်။
ချက်ချင်းပင် လူသုံးယောက်၏ လှုပ်ရှားမှုများက တိုက်ဆိုင်စွာဖြင့် ရပ်တန့်သွားကြသည်။
အဝေးမှ လော်ယန်နှင့် မင်ကောချန်နှင့် ကျန်ရှိနေသော အစွမ်းပိုင်ရှင် အချို့က သက်ပြင်းချလိုက်ကြပြီး အပြုံးများ ပေါ်လာလေသည်။
မင်ကောချန်က ချက်ချင်း ပြောလိုက်သည်။ "ခေါင်းဆောင်ရွှီ... သူတို့ကို ဘာလို့ ချန်ထားဦးမှာလဲ... အရင်သတ်ပစ်လိုက်ပါ"
ရွှီလဲ့ဖုန်း၏ မျက်လုံးများ အရောင်လက်သွားကာ မင်ကောချန်ထံသို့ ကြည့်၍ ပြောလိုက်သည်။ "ခင်ဗျားပြောတာ မှန်တယ်... ခင်ဗျား သွား... ကျန်းဖန်ကို အရင်သတ်လိုက်... သူ ပြန်ခုခံရဲရင် ဒီနှစ်ယောက်ကို ကျုပ် ချက်ချင်း မီးရှို့သတ်ပစ်မယ်"
မင်ကောချန်က ချက်ချင်း အသက်ရှူ ရပ်တန့်သွားပြီး တိတ်တဆိတ် ဆဲရေးလိုက်သည်။ ဒီအချိန် ရောက်နေပြီကို ဒီခွေးကောင်က သူ့ကို ဝင်ပါဖို့ ဖိအားပေးနေသေးသည်။
သို့ရာတွင် ကိစ္စများက ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ သူက တစ်လမ်းတည်းသာ ဆက်လျှောက်ရန် ရှိတော့သည်။
ထိုအချိန်တွင် သူ၏ မီးခြစ်ကို ထုတ်ယူကာ ဒေါသတကြီး လက်သီးဆုပ်ထားသော ကျန်းဖန်ထံသို့ လျှောက်သွားလိုက်သည်။
"ကျန်းဖန်... မင်းတို့အစွမ်းက သူများလောက် မတော်တာကိုပဲ အပြစ်တင်ပါ... ဦးလေးကိုတော့ အပြစ်မတင်နဲ့နော်"
"ထောက်"
မင်ကောချန်က မီးခြစ်ကို ခြစ်လိုက်ရာ မီးရောင် လင်းလက်လာသည်။
သို့သော် ဤအချိန်၌ပင် လေထဲမှ လေစီးကြောင်း တစ်ခု ဖြတ်သန်းသွားလေသည်။
ချက်ချင်းပင် မီးခြစ်မီးက ဝုန်းခနဲ ငြိမ်းသွားသည်။
မင်ကောချန်က ကြောင်အမ်းသွားပြီးနောက် မျက်မှောင်ကြုတ်ကာ ထပ်မံ၍ မီးခြစ်ကို ခြစ်လိုက်သည်။
"ဝှီး"
နောက်ထပ် လေစီးကြောင်း တစ်ခု ထပ်ရောက်လာပြီး မီးခြစ်မီးက ထပ်မံ ငြိမ်းသွားပြန်သည်။
မင်ကောချန်၏ မျက်နှာက မှောင်ကျသွားပြီး ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ မလှမ်းမကမ်းရှိ ကောက်ယွီချန်ထံသို့ ကြည့်လိုက်သည်။
"မင်းပဲ"
ကောက်ယွီချန်၏ မျက်နှာက ပြောင်းလဲမသွားပေ။ ဤလေစီးကြောင်းကို သူက ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ယခုအခါ သူက မျက်မှောင်ကျုတ်ထားပြီး ဦးနှောက်ကို အစွမ်းကုန် အသုံးချကာ စဉ်းစားနေသော်လည်း ဤအခြေအနေကို မည်သို့ ဖြေရှင်းရမည်ကို မသိပေ။
ကျန်းဖန်နှင့် ဝမ်ရှောင် နှစ်ဦးကလည်း အလားတူပင် ဖြစ်သည်။
မိမိလူများက တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေရာ အကယ်၍ ပြန်ခုခံပါက အန်းမင်ဟွေးနှင့် ဝမ်ဖန်း နှစ်ဦးက သေချာပေါက် သေဆုံးရမည် ဖြစ်သည်။
သို့သော် ပြန်မခုခံလျှင်ကော တကယ်ပဲ တခြားသူ မီးရှို့သတ်တာ ခံရတော့မည်လား။
သူတို့ကလည်း သေချာပေါက် ဆန္ဒမရှိကြပေ။
သို့ရာတွင် အချိန်က လူကို မစောင့်ပေ။ မင်ကောချန်နှင့် ရွှီလဲ့ဖုန်းတို့က သူတို့ကို ရွေးချယ် စဉ်းစားရန် အချိန်ပေးမည် မဟုတ်ပေ။
မင်ကောချန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ခေါင်းဆောင်ရွှီ... ဒီကောင် မရိုးသားဘူး... တစ်ယောက်ကို အရင် မီးရှို့သတ်လိုက်"
ရွှီလဲ့ဖုန်း၏ မျက်လုံးများက မှောင်ကျသွားပြီး ကောက်ယွီချန်ထံသို့ ကြည့်ကာ ပြောလိုက်သည်။ "ကောင်းပြီ... ဒါဆို ဒီကောင်ကို အရင် မီးရှို့သတ်လိုက်"
ထိုသို့ပြောပြီးနောက် သူက လက်ကို တိုက်ရိုက် ဆန့်တန်းလိုက်ရာ မီးခြစ်မီး လင်းလာပြီး အန်းမင်ဟွေး၏ ကိုယ်ပေါ်ရှိ ဆီများကို ချက်ချင်း မီးစွဲသွားစေသည်။
"ဝုန်း"
မီးတောက်များ ပြင်းထန်စွာ တောက်လောင်လာလေသည်။
သတိလစ်နေသော အန်းမင်ဟွေးက နာကျင်မှုကြောင့် ရုတ်တရက် နိုးလာပြီး စူးရှစွာ အော်ဟစ်လိုက်သည်။
"အား"
သူက မသိစိတ်ဖြင့် ရုန်းကန်လာပြီး ယခုအခါ တစ်ကိုယ်လုံးကို မီးတောက်များ စွဲလောင်နေပြီဖြစ်ရာ ပြင်းထန်သော ပူလောင်မှု ဝေဒနာကြောင့် သူက မရပ်မနား အော်ဟစ် ငိုကြွေးနေလေသည်။
"မင်ဟွေး"
"အန်းမင်ဟွေး"
ကောက်ယွီချန်နှင့် ကျန်းဖန်တို့က ချက်ချင်းပင် မနေနိုင်ဘဲ အော်ဟစ်လိုက်ကြသည်။
ဤအချိန်တွင် မင်ကောချန်က အခွင့်အရေးကို အသုံးချကာ မီးခြစ်ကို ထပ်မံ ထုတ်ယူ၍ ကျန်းဖန်၏ ကိုယ်ပေါ်ရှိ ဆီများကို မီးရှို့ရန် ပြင်လိုက်သည်။
ကျန်းဖန်က ထပ်မံ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "သူတို့နဲ့ အသေခံချ"
"တောက်"
ဝမ်ရှောင်ကလည်း ဒေါသတကြီး ဆဲရေးလိုက်ပြီး လူသုံးယောက်က တစ်ပြိုင်နက်တည်းနီးပါး တိုက်ခိုက်ကာ မင်ကောချန်ထံသို့ ပူးပေါင်း ပြေးဝင်သွားကြသည်။
မင်ကောချန်က မြင်လိုက်ရသောအခါ ပထမဆုံး အချိန်တွင်ပင် မီးခြစ်ကို လွှင့်ပစ်လိုက်ပြီး ကိုယ်ကို နောက်သို့ အမြန်ဆုတ်ခွာကာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သည်။
"ခေါင်းဆောင်ရွှီ ကယ်ပါဦး"
ရွှီလဲ့ဖုန်း၏ မျက်လုံးများက အေးစက်နေပြီး လက်ထဲရှိ မီးခြစ်ကို ခြစ်ကာ ဝမ်ဖန်းကို မီးရှို့သတ်ရန် ပြင်လိုက်သည်။
ထိုအချိန်၌ပင် လူသုံးယောက်အနက် ဝမ်ရှောင်က ရုတ်တရက် လှည့်ကာ စိတ်စွမ်းအင်ကို အရှိန်အဟုန်ဖြင့် အသုံးပြုလိုက်သည်။
"ဖုန်း"
မျက်စိတစ်မှိတ်အတွင်း အားကောင်းသော စိတ်စွမ်းအင်က ထိုမီးခြစ်ကို ပြင်းထန်စွာ ညှစ်ချေလိုက်လေသည်။
ချက်ချင်းပင် "ဖုန်း" ဆိုသော အသံနှင့်အတူ ရွှီလဲ့ဖုန်း၏ လက်ထဲရှိ မီးခြစ်က ပြင်းထန်စွာ ပေါက်ကွဲသွားလေသည်။
ရွှီလဲ့ဖုန်းက မြင်လိုက်ရသောအခါ ချက်ချင်း အေးစက်စက် ပြုံးလိုက်ပြီး ဝမ်ဖန်းကို ဆွဲယူကာ မီးပင်လယ်ထဲသို့ အားကုန် ပစ်ချလိုက်လေသည်။
"ဖန်းဖန်း... မလုပ်နဲ့"
ဝမ်ရှောင်က မျက်လုံးများ ပြူးထွက်မတတ် ဒေါသတကြီး အော်ဟစ်လိုက်သည်။
အရေးကြီးသော အချိန်တွင် ကျန်းဖန်က အလွန်လျင်မြန်သော အလျင်ကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး အပေါ်သို့ ခုန်တက်ကာ မီးတံတိုင်းထဲသို့ တိုက်ရိုက် ပြေးဝင်သွားပြီး ဝမ်ဖန်းကို ချက်ချင်း ပွေ့ဖက်လိုက်လေသည်။
ပြင်းထန်သော မီးတောက်များက ကျန်းဖန်၏ ကိုယ်ပေါ်ရှိ ဆီများကို ချက်ချင်းနီးပါး မီးစွဲလောင်စေသည်။
မျက်စိတစ်မှိတ်အတွင်း ကျန်းဖန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး တစ်ကိုယ်လုံးရှိ အကြေးခွံများက တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာလေသည်။
သူက အံကြိတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "အသက်ရှင်အောင် နေ"
သူက ဝမ်ဖန်းကို ပွေ့ချီကာ ကိုယ်ကိုလှည့်၍ အပေါ်သို့ ခုန်တက်လိုက်သည်။
"ဖုန်း"
မီးတောက်များကို ရင်ဆိုင်ကာ ပြတင်းပေါက်ကို အားကုန် ဖွင့်ချလိုက်ပြီး အပြင်ဘက်ရှိ ရေလွှမ်းမိုးနေသော လှိုင်းတံပိုးများကြားထဲသို့ ခုန်ချသွားလေသည်။
ချက်ချင်းပင် ရေပြင်ပေါ်မှ မီးခိုးမည်း အမြောက်အမြား ထွက်ပေါ်လာလေသည်။
"အစ်ကိုဖန်"
"ဖန်ဖန်"
ကောက်ယွီချန်က ဝမ်ရှောင်ကို ဆွဲယူကာ အော်ဟစ်လိုက်သည်။ "အမြန် သွား"
သူတို့နှစ်ဦးကလည်း အလားတူပင် မီးတောက်များကို ရင်ဆိုင်ကာ မီးတံတိုင်းကို ဖြတ်သန်း၍ ပြတင်းပေါက်ဆီသို့ ပြေးသွားကြသည်။
သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များက ချက်ချင်းနီးပါး မီးစွဲလောင်သွားပြီး သူတို့က ခုန်ထွက်သွားသည်နှင့်အတူ...
မီးလုံး နှစ်လုံးကဲ့သို့ လေတိုးသံပြင်းပြင်းဖြင့် ရေလွှမ်းမိုးနေသော လှိုင်းတံပိုးများကြားထဲသို့ ပြုတ်ကျသွားလေသည်။
မင်ကောချန်က ပြတင်းပေါက်သို့ အလျင်အမြန် ပြေးသွားကာ အောက်ဘက်ရှိ ရေပြင်ကို ကြည့်လိုက်သည်။
မီးခိုးမည်းများ ပျောက်ကွယ်သွားပြီး လှိုင်းတံပိုးများသာ လိမ့်တက်နေကာ လူရိပ်ကိုပင် မမြင်ရတော့ပေ။
သူက လက်သီးကို တင်းတင်းဆုပ်ကာ နောက်သို့လှည့်၍ ရွှီလဲ့ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။
"ခေါင်းဆောင်ရွှီ... ခင်ဗျား... ခင်ဗျားက ဘာလို့ ဒီလူသုံးယောက်ကို လွှတ်ပေးလိုက်တာလဲ"
ရွှီလဲ့ဖုန်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ဟက်ဟက်... ခင်ဗျား ကြောက်သွားတာလား... ဘာလဲ... သူတို့က ထိုက်ယန်တောင်ကို သွားပြီး ဟိုကိုလင်း ဆိုတဲ့လူကို သွားရှာမှာ ကြောက်လို့လား"
မင်ကောချန်က စကားမပြောနိုင်တော့ဘဲ တစ်ခဏမျှ မည်သို့ ပြန်ဖြေရမည်ကို မသိတော့ပေ။
ရွှီလဲ့ဖုန်းက ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ ဆီများကို ပြန်ရုပ်သိမ်းလိုက်ပြီး ရှောင်ကျန်ထံသို့ ကြည့်ကာ တစ်ကိုယ်လုံး မီးစွဲလောင်နေသော အန်းမင်ဟွေးကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"သူ့ကို မီးငြိမ်းပေးလိုက်"
ရှောင်ကျန်က စကားကို ကြားသောအခါ ချက်ချင်း ရေစီးကြောင်းကို ထိန်းချုပ်ကာ အန်းမင်ဟွေးကို ရေလောင်းချလိုက်သည်။
အချိန်အနည်းငယ် အကြာတွင် အန်းမင်ဟွေး၏ ကိုယ်ပေါ်ရှိ မီးတောက်များ ငြိမ်းသွားပြီး တစ်ကိုယ်လုံးရှိ အရေပြားများ စုတ်ပြတ်ကာ အသားများက မည်းတူးနေလေပြီ။
သို့ရာတွင် သူ မသေသေးပေ။
ရွှီလဲ့ဖုန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ကြားတာတော့ မင်းက ကုသရေး အမျိုးအစား အစွမ်းပိုင်ရှင်ဆို... ဒီလောက် ဒဏ်ရာလေးကိုတော့ မင်းကိုယ်မင်း ကုသနိုင်လောက်ပါတယ်နော်"
အန်းမင်ဟွေးက မြေပြင်ပေါ်တွင် အားနည်းစွာ လဲကျနေပြီး ပြန်လည်ဖြေကြားရန် ခွန်အား မရှိတော့ပေ။
ရွှီလဲ့ဖုန်းက ထပ်မံ ရယ်မော၍ ပြောလိုက်သည်။
"မင်း ကြည့်စမ်း... အရင်တုန်းက အတူတူ သေအတူရှင်မကွဲ ဖြတ်သန်းခဲ့တဲ့ ရဲဘော်ရဲဘက်တွေက အရေးကြီးတဲ့ အချိန်ကျတော့ မင်းကို ပစ်ထားခဲ့တာပဲ မဟုတ်လား"
"ငါတို့နဲ့ ပူးပေါင်းလိုက်ပါ... ငါ့ဆီမှာပဲ မင်း အသက်ရှင်နိုင်လိမ့်မယ်"
"အတော်ပဲ... ငါ့ဆီမှာ ကုသရေး အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက် လိုနေတာ... တကယ်လို့ မင်း ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင် နောက်ပိုင်း ငါတို့ သင်္ဘော ပြန်လာတဲ့အခါ မင်းက ငါတို့ သင်္ဘောပေါ်က အဓိက ကုသရေးဆရာဝန် ဖြစ်လာလိမ့်မယ်"
"ဒါက မင်းကို ပစ်ထားခဲ့တဲ့ ဟိုအသုံးမကျတဲ့ အဖော်တွေနောက် လိုက်နေတာထက် မကောင်းဘူးလား"
ဘေးတွင် ရပ်နေသော မင်ကောချန်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။
ရွှီလဲ့ဖုန်းက ဘာကြောင့် ဤသို့ ပြုမူရသည်ကို သူ အနည်းငယ် နားလည်လာသည်။
တစ်ဖက်လူက ကျန်းဖန်တို့ အဖွဲ့ကို သွေးခွဲနေခြင်း ဖြစ်ပုံရပြီး အမှန်တကယ် ရည်ရွယ်ချက်က ဤကုသရေး အမျိုးအစား အစွမ်းပိုင်ရှင်ကို သိမ်းသွင်းရန် ဖြစ်ပုံရသည်။
သူက ဦးနှောက်ကို အနည်းငယ် အသုံးချလိုက်ရုံဖြင့် ရွှီလဲ့ဖုန်း၏ အစီအစဉ်ကို ချက်ချင်း နားလည်သွားလေသည်။
ဤလူများကို သတ်ပစ်ကာ အလောင်းအချို့ ရရှိခြင်းနှင့် သူ့ကို သစ္စာခံမည့် ကုသရေး အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်ကို ရရှိခြင်းကို နှိုင်းယှဉ်ကြည့်လိုက်ပါက...
သေချာပေါက် နောက်တစ်ခုက ပို၍ တွက်ခြေကိုက်သည် မဟုတ်ပါလား။
ဒီ ရွှီလဲ့ဖုန်းက တကယ် ယုတ်မာတဲ့ နည်းလမ်းကိုသုံးနေတာပဲ...
ဆက်ရန်...