← Chapters

အခန်း (၃၃၅-၃၃၆)

Vol. 17 Ch. 335-336

အခန်း (၃၃၅-၃၃၆)

Vol. 17 Ch. 335-336

အပိုင်း(၃၃၅) အမတင်း... တကယ်ပဲ အမတို့လား

အန်းမင်ဟွေးက မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ တစ်ကိုယ်လုံးရှိ မည်းတူးနေသော ဒဏ်ရာများထံမှ အဖြူရောင်အလင်းကွင်းများ အမြောက်အမြား ထွက်ပေါ်လာသည်။

ထိုအလင်းကွင်းများ၏ လည်ပတ်မှုအောက်တွင် သူ၏ အရေပြားနှင့် အသားစများက အလျင်အမြန် ပြန်လည်ကောင်းမွန်လာ၏။

ဒါက သူ၏ အစွမ်းပင် ဖြစ်သည်။

အလင်းဓာတ် အစွမ်းပိုင်ရှင်တစ်ယောက်အနေဖြင့် သူ၏အစွမ်းက တိုက်ခိုက်ရေးတွင် ကျွမ်းကျင်ခြင်းမရှိဘဲ ကုသခြင်းတွင်သာ အသုံးဝင်သည်။

ဘာကြောင့်များ သူနိုးထလာသည့် အစွမ်းက တိုက်ခိုက်ရေးအမျိုးအစား မဖြစ်ရတာလဲဟု ညအမှောင်ထဲတွင် သူ မရေမတွက်နိုင်အောင် နောင်တရခဲ့ဖူး၏။

သို့သော် ယခုအချိန်တွင် ထိုနောင်တတရားများက ပျောက်ကွယ်သွားခဲ့လေပြီ။

သူ့ရှေ့ရှိ ရွှီလဲ့ဖုန်း၏ လုပ်ရပ်များအားလုံးသည် သူ့ကို သိမ်းသွင်းရန်နှင့် မိမိကို သူ့ထံ ခိုလှုံလာစေရန်သာ ဖြစ်ကြောင်းကိုလည်း သူ သဘောပေါက်သွားခဲ့သည်။

တစ်ဖက်လူက သူ၏ ကုသခြင်းအစွမ်းကို သဘောကျနေခြင်း ဖြစ်၏။

ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ တဖြည်းဖြည်း သက်သာလာသည်နှင့်အမျှ အန်းမင်ဟွေးက စိတ်ထဲတွင် ဝမ်းသာကျေနပ်နေမိသည်။

သူ၏ ကုသခြင်းအစွမ်းကသာ သူ့ကိုယ်သူ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သူ သိထားသည်။

သို့မဟုတ်လျှင် ရွှီလဲ့ဖုန်းအနေဖြင့် ဤမျှလောက် အချိန်ကုန်ခံကာ ဤကဲ့သို့ သပ်လျှိုသွေးခွဲသည့် အကြံအစည်ကို အကောင်အထည်ဖော်နေမည် မဟုတ်ပေ။

ထိုလူတွင် လူတိုင်းကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းနိုင်သည့် ခွန်အားများ အသေအချာ ရှိနေသည် မဟုတ်ပါလား။

သို့ဆိုလျှင် မိမိအနေဖြင့် ရွှီလဲ့ဖုန်းထံသို့ ပြောင်းလဲခိုလှုံသင့်သလား။

အန်းမင်ဟွေးက မျက်စိကိုမှိတ်ထားရင်း ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ စိတ်ထဲတွင်လည်း အတွေးပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်။

အကယ်၍ သူသာ လက်မခံဘဲ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက ရွှီလဲ့ဖုန်းက သူ့ကို ဒုတိယအခွင့်အရေး ပေးမည်မဟုတ်ကြောင်း သူ သိထား၏။

ကျန်းဖန် ပြောခဲ့သည့် လင်းယွမ် ဆိုသူနှင့် ထိုက်ယန်တောင် ဆိုသည်ကို သူ ပြန်တွေးမိသွားသည်။

ကျန်းဖန်က ရေကြီးမှုထဲတွင် နှစ်လကြာအောင် နေထိုင်ခဲ့သော်လည်း ထိုက်ယန်တောင်ကို မရှာတွေ့ခဲ့ဘဲ နောက်ဆုံးတွင် အမှတ်(၇၆) အဆောက်အအုံထဲ၌ စိတ်ပျက်လက်ပျက်ဖြင့် ပုန်းအောင်းနေခဲ့ရသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။

ထိုလူက ထိုက်ယန်တောင်ကို တကယ်ပဲ ရှာတွေ့နိုင်ပါ့မလား။

ရွှီလဲ့ဖုန်းဘက်တွင်မူ သူ့ကို သိမ်းသွင်းရန်အတွက် ဤမျှလောက် အားထုတ်ထားရုံသာမက ကျောက်ကျွင်းကဲ့သို့ ခွန်အားမြှင့် အစွမ်းပိုင်ရှင်တစ်ယောက် သေဆုံးသွားသည်ကိုပင် နှမြောခြင်းမရှိခဲ့ပေ။

သူတို့ဆီမှာ တကယ်ပဲ သင်္ဘောရှိနေနိုင်တာလား။

သင်္ဘောတစ်စင်းပေါ်ရှိ ကျွမ်းကျင်ကုသရေးသမားတစ်ယောက်၏ အခွင့်အရေးနှင့် အဆင့်အတန်းက ထိုက်ယန်တောင်သို့ သွားရသည်ထက် မည်သို့ပင်ဖြစ်စေ ပိုကောင်းနေမည် ဖြစ်သည်။

ကျန်းဖန် ပြောစကားအရ ထိုလင်းယွမ်ဆိုသူ၏ လက်အောက်တွင် ကုသနိုင်စွမ်းရှိသော ဆုန့်ဝမ် အမည်ရသည့် အမျိုးသမီးတစ်ဦး ရှိသည်ဟု ဆို၏။

ထိုသို့ဆိုလျှင် သူ ထိုနေရာသို့ ရောက်သွားပါက တစ်ဦးတည်းသော ကုသခြင်းအမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်လာတော့မည် မဟုတ်ပေ။

ရာထူးအဆင့်အတန်းအနေဖြင့် ရွှီလဲ့ဖုန်းနှင့်အတူ သင်္ဘောပေါ်တက်ကာ ကုသရေးသမားအဖြစ် တာဝန်ယူရသည့် အဆင့်အတန်းကို မီနိုင်မည်မဟုတ်ကြောင်း သူ စိုးရိမ်မိသည်။

အမျိုးမျိုးသော အတွေးများက ခေါင်းထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွား၏။

ဒဏ်ရာများ သက်သာလာသည်ကို သူ ခံစားလိုက်ရပြီး ခန္ဓာကိုယ်ပေါ်ရှိ ကြီးမားသော မီးလောင်ဒဏ်ရာများက ကျက်သွားကာ နီရဲရောင်ရမ်းနေမှု အနည်းငယ်သာ ကျန်ရစ်တော့သော်လည်း ၎င်းတို့ကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

သူက မျက်လုံးကို ဖွင့်လိုက်ပြီး ဒေါသထွက်နေသည့် အမူအရာကို ပြသလိုက်၏။

"ကျန်းဖန်... ဝမ်ရှောင်... ကောက်ယွီချန်... မင်းတို့တွေ တော်တော် ရက်စက်ကြတာပဲ... ငါ့ကို တကယ်ကြီး ပစ်ထားခဲ့ရက်တယ်ပေါ့လေ"

သူက မိမိ၏ ဒေါသနှင့် နာကြည်းမှုများကို သင့်လျော်သလို ထုတ်ဖော်ပြသလိုက်သည်။

ထို့နောက် ရွှီလဲ့ဖုန်းထံသို့ လှည့်ကြည့်လိုက်၏။

ရွှီလဲ့ဖုန်းကလည်း သူ့ကို ပြုံးရွှင်စွာဖြင့် အကဲခတ်နေသည်။

အန်းမင်ဟွေးက အသက်ပြင်းပြင်းရှူရင်း ပြောလိုက်၏။

"သူတို့ကို သတ်ဖို့ ကူညီပေးမယ်ဆိုရင်... ခင်ဗျားတို့အဖွဲ့ထဲ ကျုပ် ဝင်မယ်"

ရွှီလဲ့ဖုန်းက ထိုစကားကို ကြားသောအခါ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"ဒါက လွယ်လွယ်လေးပဲ မဟုတ်ဘူးလား"

အန်းမင်ဟွေးက ကြက်သေ သေသွားပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"သူတို့က ရေအောက်ထဲကို ငုပ်သွားကြပြီလေ... ခင်ဗျား မသိလို့... ကျန်းဖန်ရဲ့ အစွမ်းက ရေလူသား အစွမ်းပဲ... ရေအောက်မှာ အသက်ရှူနိုင်ရုံသာမက ရေအောက်တိုက်ရည်ခိုက်ရည်က ကုန်းပေါ်မှာထက်တောင် ပိုသာသေးတယ်"

ရွှီလဲ့ဖုန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ခေါင်းရမ်းကာ ပြောလိုက်၏။

"ဒီလောက်လေးတောင် ပြင်ဆင်မထားဘူးလို့ မင်း ထင်နေတာလား"

အန်းမင်ဟွေး၏ ရင်ထဲတွင် ရုတ်တရက် ဒိတ်ကနဲ ဖြစ်သွားပြီး အံ့ဩသံသယဖြစ်မှုများကို ခံစားလိုက်ရသည်။

ထိုစဉ် မင်ကော်ချန်ကလည်း လှမ်းကြည့်လာပြီး မေးလိုက်၏။

"အစ်ကိုရွှီ... ဘာကိုဆိုလိုတာလဲ"

ရွှီလဲ့ဖုန်းက ပြုံးလိုက်ပြီး ပြတင်းပေါက်နားသို့ သွားကာ ရေပြင်ကို ကြည့်ရင်း ပြောလိုက်သည်။

"ရှောင်ကျန်... ပိုက်ဆွဲတင်လိုက်တော့"

ရှောင်ကျန်က ထိုစကားကို ကြားသောအခါ တဟီးဟီး ရယ်မောလိုက်ပြီး အပေါ်ထပ်သို့ အော်ပြောလိုက်၏။

"ပိုက်ဆွဲတင်ကြဟေ့"

"ဝုန်း"

အပေါ်ထပ်ရှိ စင်္ကြံပေါ်တွင် ခွန်အားမြှင့် အစွမ်းပိုင်ရှင် အများအပြား ပေါ်လာပြီး အပြင်ဘက်တွင် ချိတ်ဆွဲထားသော ကြိုးများကို အားကုန်ဆွဲလိုက်ကြသည်။

ရုတ်တရက် ဝုန်းကနဲ အသံနှင့်အတူ ရေပြင်က ပြင်းထန်စွာ လှုပ်ခတ်သွားပြီး ချက်ချင်းပင် ရေအောက်မှ ကြိုးပိုက်ကွန်ကြီးတစ်ခု ထွက်ပေါ်လာ၏။

ပိုက်ကွန်ထဲတွင် လူရိပ်သုံးခုနှင့် သန္ဓေပြောင်း ငါးအများအပြား ပိတ်မိနေကြသည်။

ထိုလူရိပ်သုံးခုမှာ အခြားသူများ မဟုတ်ဘဲ ဝမ်ဖန်း၊ ဝမ်ရှောင်နှင့် ကောက်ယွီချန်တို့ သုံးယောက်ပင် ဖြစ်သည်။

ထိုသုံးယောက်၏ ခန္ဓာကိုယ်ပေါ်တွင် အမျိုးမျိုးသော မီးလောင်ဒဏ်ရာများ ရရှိထားပြီး ယခုအချိန်တွင်မူ သတိလစ်နေကြလေပြီ။

ပိုက်ကွန်၏ ထောင့်တစ်နေရာတွင်မူ အပေါက်ကြီးတစ်ခု ပေါက်ပြဲနေ၏။

ရွှီလဲ့ဖုန်းက ဤမြင်ကွင်းကို မြင်သောအခါ မျက်မှောင်အနည်းငယ် ကျုံ့သွားသည်။

"ကျန်းဖန် ထွက်ပြေးသွားတာလား"

ရှောင်ကျန်ကလည်း ဤအချက်ကို သတိပြုမိသွားပြီး ပြောလိုက်၏။

"ကျန်းဖန်ရဲ့ အစွမ်းက နည်းနည်း ထူးခြားတယ်... ရေအောက်မှာဆို ကျားအတောင်ပံတပ်သလိုပဲ... ပိုက်ကွန်လောက်နဲ့ သူ့ကို ဖမ်းထားလို့ မရဘူး"

"ဒါပေမယ့် သူက ဒဏ်ရာရထားတော့ သိပ်ဝေးဝေး ပြေးနိုင်မှာ မဟုတ်ဘူး... ကျွန်တော် ထင်တာကတော့ သူ အနီးနားက အဆောက်အအုံတွေထဲမှာ ပုန်းနေတာ ဖြစ်နိုင်သလို ငါးတွေရဲ့ ဗိုက်ထဲမှာ သေသွားတာလည်း ဖြစ်နိုင်တယ်"

ရွှီလဲ့ဖုန်း၏ အကြည့်များက အေးစက်ခက်ထန်သွားပြီး ပြောလိုက်သည်။

"အောက်ကို အကြောင်းကြားလိုက်... ကျန်းဖန်ကို လက်ခံထားရဲတဲ့သူ ရှိရင် တစ်တိုက်လုံးကို ငါ သတ်ပစ်မယ်လို့"

ရှောင်ကျန်က ချက်ချင်း ခေါင်းညိတ်လိုက်၏။

"ဟုတ်ကဲ့ပါ... အစ်ကိုဖုန်း"

...

ရေလှိုင်းများ လွင့်မျောနေသော မိန်တုဥယျာဉ် အိမ်ရာဝင်း၏ ရေအောက်တွင် လူရိပ်တစ်ခုက အလျင်အမြန် ကူးခတ်နေပြီး အဆောက်အအုံနှင့် အဆက်မပြတ် ဝေးကွာသွားလေသည်။

သူ၏ ခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ် စီးကျနေပြီး သူ၏နောက်မှ သန္ဓေပြောင်း ငါးအမြောက်အမြားက ရူးသွပ်စွာ လိုက်လံတိုက်ခိုက်လာကြသည်။

ထိုလူရိပ်၏ လက်နှင့် ခြေထောက်များတွင် ရေယက်ပြားများ ရှိနေပြီး ရေအောက်တွင် လျင်မြန်စွာ ကူးခတ်နိုင်ကာ ပါးစပ်နှစ်ဖက်မှ ရေပူဖောင်းများ အမြောက်အမြား ထွက်ပေါ်နေခြင်းက သူ၏ ပြင်းထန်သော အသက်ရှူနှုန်းကို ဖော်ပြနေ၏။

ကျန်းဖန်က သွားကိုတင်းတင်းကြိတ်ကာ ခန္ဓာကိုယ်ပေါ်ရှိ မီးလောင်ဒဏ်ရာများကို အံတုရင်း နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။

နောက်ကျောမှ ရေတွက်၍မရနိုင်သော သန္ဓေပြောင်း ငါးများကြောင့် သူ၏ ရင်ထဲတွင် အေးစက်သွားပြီး ရေအောက်တွင် ဆက်လက်နေထိုင်ပါက သေလမ်းတစ်ခုသာ ရှိတော့မည်ကို သူ သိထား၏။

ထို့ကြောင့် သူက ခြေထောက်နှစ်ဖက်ကို ကန်လိုက်ပြီး ရေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာလေသည်။

မကြာမီတွင် သူက ရေပြင်ပေါ်သို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် ရေကြီးရေလျှံမှုများနှင့် မျောပါနေသော ပစ္စည်းများ အမြောက်အမြားကို တွေ့လိုက်ရသည်။

အဝေးရှိ အဆောက်အအုံများက ရေကြီးမှုထဲတွင် မတ်မတ်ရပ်နေသော်လည်း သူက အနားသို့ သွားရန် မဝံ့ရဲပေ။

သူသာ အဆောက်အအုံထဲသို့ ဝင်သွားပါက ရွှီလဲ့ဖုန်း၏ လူများက သူ့ကို ချက်ချင်း စောင့်ကြည့်သွားမည်ကို သူ သိထားသည်။

ယခုအချိန်တွင် မိန်တုဥယျာဉ်မှ အမြန်ဆုံး ထွက်ခွာပြီး ဒဏ်ရာကို ကုသရန် နေရာတစ်ခု ရှာဖွေကာ လူများကို ကယ်တင်ရန် နည်းလမ်းရှာရုံမှတစ်ပါး အခြားမရှိတော့ပေ။

ဒါပေမယ့် အခု ဘယ်ကို သွားရမလဲ။

သူက ရေကူးရင်း အနီးနားရှိ သစ်သားပြားတစ်ခုပေါ်သို့ တက်သွားကာ နည်းလမ်းကို စဉ်းစားနေလိုက်သည်။

နောက်ဆုံးတွင် သစ်သားပြားတစ်ခုပေါ်သို့ ရောက်သွားပြီးနောက် အနားယူရန်ပင် သတိမရတော့ဘဲ သူ၏ ဒဏ်ရာများကို ချက်ချင်း စစ်ဆေးလိုက်၏။

ခြေထောက်နှစ်ဖက်စလုံးတွင် ပြင်းထန်စွာ မီးလောင်ခံထားရပြီး မည်းတူးနေသော ပြည်တည်နာများ ပေါ်လာကာ သွေးများ အဆက်မပြတ် ထွက်ကျနေသဖြင့် သန္ဓေပြောင်း ငါးများစွာကို ဆွဲဆောင်ထားသကဲ့သို့ ဖြစ်နေသည်။

ဤသည်က သူ၏ မျက်နှာကို အနည်းငယ် ပျက်ယွင်းသွားစေပြီး ရေအောက်တွင် ဒဏ်ရာရပါက ဤသန္ဓေပြောင်း ငါးများ၏ အာရုံခံနိုင်စွမ်းကို မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်ပေ။

သူက အင်္ကျီကို ဆုတ်ဖြဲလိုက်ပြီး ဒဏ်ရာများကို အလျင်အမြန် ရိုးရှင်းစွာ ပတ်တီးစည်းလိုက်သည်။

ထို့နောက် လှော်တက်အဖြစ် အသုံးပြုနိုင်မည့် ပစ္စည်းများကို ပတ်ဝန်းကျင်တွင် ချက်ချင်း လိုက်ရှာလိုက်၏။

သစ်သားပြားတစ်ချပ်ကို ကောက်ယူလိုက်ပြီး သူက အားကုန်လှော်ခတ်လိုက်သော်လည်း ဝေးဝေးမရောက်မီမှာပင် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး မလှမ်းမကမ်းရှိ ရေပြင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

"မ... မဖြစ်နိုင်ဘူး"

ကျန်းဖန်က မျက်လုံးပြူးသွားပြီး အဝေးရှိ လူနေအိမ်ရာ အပြင်ဘက် ပင်မလမ်းမကြီးပေါ်တွင် ဧရာမ ကုန်တင်သင်္ဘောကြီးတစ်စင်းက မိန်တုဥယျာဉ်ဆီသို့ တဖြည်းဖြည်း မောင်းနှင်လာသည်ကို မြင်လိုက်ရသည်။

သူ၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး ခုနက တိုက်ပွဲတွင် ရွှီလဲ့ဖုန်းနှင့် မင်ကော်ချန်တို့ ပြောခဲ့သည့် စကားများကို မတွေးဘဲ မနေနိုင်တော့ပေ။

အမှတ်(၈၈) အဆောက်အအုံမှ အစွမ်းပိုင်ရှင် အစ်ကိုဟော်က အပြင်ထွက်ပြီး သင်္ဘောလုဖို့ သွားနေတယ်ဆိုတာ...

သူ့ရှေ့က ဒီကုန်တင်သင်္ဘောကြီးက တစ်ဖက်လူ လုယူလာတဲ့ သင်္ဘောများလား။

တကယ်လို့ အဲဒီလိုသာဆိုရင် သူ့ရှေ့က ဒီသင်္ဘောပေါ်က ခေါင်းဆောင်က ရွှီလဲ့ဖုန်းရဲ့ ခေါင်းဆောင်လို့ ပြောလို့ မရဘူးလား။

သူ၏ ရင်ထဲတွင် အံ့သြဒေါသထွက်သွားပြီး ရွှီလဲ့ဖုန်းကိုပင် ရင်ဆိုင်ရန် ခက်ခဲနေပြီဖြစ်ရာ ယခု သူ၏ ခေါင်းဆောင်ပါ ပြန်ရောက်လာခဲ့လေပြီ။

ဒီလိုဆို သူက ဝမ်ရှောင်တို့ကို ဘယ်လိုလုပ် ကယ်တင်နိုင်တော့မှာလဲ။

ခဏတာမျှ ကျန်းဖန်၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့သွားပြီး လက်သီးကို တင်းတင်းဆုပ်ကာ မိမိ၏ အားနည်းမှုနှင့် အကူအညီမဲ့နေမှုကို အလွန်အမင်း ခံစားလိုက်ရသည်။

သို့သော် ယခုအချိန်တွင် သူက များများစားစား မတွေးနိုင်တော့ဘဲ မိမိကိုယ်ကို အရင်ဆုံး ပုန်းကွယ်ထားရန်သာ တတ်နိုင်တော့၏။

ကျန်းဖန်က အသက်ပြင်းပြင်းရှူလိုက်ပြီး ကုန်တင်သင်္ဘောကြီးကို ရှောင်တိမ်းရန်အတွက် ဖောင်ကို အလျင်အမြန် လှော်ခတ်လိုက်သည်။

သို့သော် မိုးရေစက်များကြားတွင် လင်းယုန်ကြီးတစ်ကောင်က အတောင်ပံဖြန့်ကာ သူ့ကို စောင့်ကြည့်နေသည်ကိုမူ သူ သတိမထားမိခဲ့ပေ။

ကျန်းဖန်က အနီးနားရှိ အဆောက်အအုံတစ်ခု၏ နောက်ကွယ်သို့ သတိကြီးစွာဖြင့် ပုန်းအောင်းကာ ကုန်တင်သင်္ဘော၏ အမြင်အာရုံကို ရှောင်တိမ်းနိုင်ပြီဟု ထင်မှတ်လိုက်ချိန်တွင်...

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

"မင်း ငါတို့မတွေ့အောင် ပုန်းနေတာလား"

ကျန်းဖန်က လန့်ဖြတ်သွားပြီး နောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။

သို့သော် နောက်ကျောဘက်တွင် ဟာလာဟင်းလင်း ဖြစ်နေပြီး လူတစ်ယောက်မျှ မရှိပေ။

သူ ထပ်မံ၍ လန့်ဖြတ်သွားကာ ကြက်သီးထဖွယ် ခံစားချက်မျိုး ခံစားလိုက်ရ၏။

ထို့နောက် ရုတ်တရက် ခေါင်းပေါ်မှ လေတိုးသံတစ်ခုကို ကြားလိုက်ရလေသည်။

သူက အလိုအလျောက် ခေါင်းမော့လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ ကာကွယ်ရန် ကြိုးစားလိုက်သည်။

သို့သော် ချက်ချင်းပင် နောက်စေ့မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၏။

ဘုန်းကနဲ အသံနှင့်အတူ တစ်ကိုယ်လုံး ရေကြီးမှုထဲသို့ ခေါင်းစိုက်ကျသွားလေတော့သည်။

သူ ရေအောက်သို့ မနစ်မြုပ်မီ လေထဲတွင် လူရိပ်တစ်ခု လျှပ်တစ်ပြက် ပေါ်လာပြီး ထူလုံက သူ့ကို ရေထဲမှ ဆွဲထုတ်လိုက်သည်။

ထို့နောက် သူ၏ လက်ထဲရှိ ကျန်းဖန်ကို စိတ်ဝင်တစား ကြည့်လိုက်ပြီး မိန်တုဥယျာဉ်ကို ထပ်မံကြည့်ရှုကာ တီးတိုးရေရွတ်လိုက်၏။

"ကြည့်ရတာ လင်းယွမ်ရဲ့ တိုက်အဟောင်းမှာ တစ်ခုခု ဖြစ်နေတဲ့ပုံပဲ"

ထိုသို့တွေးမိသည်နှင့် သူ၏ ခန္ဓာကိုယ်က လှုပ်ခတ်သွားပြီး ဧရာမ လင်းယုန်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ ကျန်းဖန်ကို ဖမ်းဆုပ်လျက် အတောင်ပံဖြန့်ကာ လေထဲသို့ ပျံတက်သွားလေသည်။

မိုးရေစက်များကို ဖြတ်သန်းကာ လင်းယုန်ကြီးက သူ့ကို ငါးတစ်ကောင်လို ဖမ်းဆုပ်ထားရင်း ဖီးနစ်သင်္ဘောဆီသို့ လျင်မြန်စွာ ပြန်လည်ပျံသန်းသွား၏။

ဖီးနစ်သင်္ဘောပေါ်တွင် ဧရာမလင်းယုန်အဖြစ် ပြောင်းလဲနိုင်ပြီး လေထဲတွင် ရပ်တန့်နေနိုင်သော တစ်ဦးတည်းသော အစွမ်းပိုင်ရှင်ဖြစ်သဖြင့်...

သူက ဖီးနစ်သင်္ဘော၏ ကင်းထောက် တာဝန်ယူထားပြီး သာမန်အချိန်များတွင် ရှေ့ရှိ ရေပြင်အခြေအနေနှင့် ခရီးစဉ်ကို ကြိုတင်စုံစမ်းကာ သတင်းအချက်အလက်များကို အကျဉ်းချုပ်၍ ပြန်လည်တင်ပြလေ့ရှိသည်။

ဖီးနစ်သင်္ဘောပေါ်ရှိ တင်းယန်တို့က သူ ပို့ဆောင်လာသော အချက်အလက်များအပေါ် အခြေခံ၍ စီစဉ်ဆောင်ရွက်ကာ လမ်းကြောင်းအချို့ကို ကြိုတင်ရှောင်ရှားခြင်း သို့မဟုတ် ရည်ရွယ်ချက်ရှိရှိဖြင့် လူများကို နေရာချထားခြင်းများ ပြုလုပ်ကြ၏။

ကုန်းပတ်ပေါ်ရှိ တဲလေးထဲတွင် လင်းယွမ်က ဖုချီပေါ်၊ ရန်ကျဲတို့နှင့်အတူ အစွမ်းလက်နက်များပေါ်တွင် သင်္ကေတများ အသုံးပြုခြင်းနှင့် ပတ်သက်သည့် အတွေ့အကြုံအချို့ကို ဆွေးနွေးနေသည်။

ရုတ်တရက် ဘုန်းကနဲ အသံနှင့်အတူ လူတစ်ယောက်က ကုန်းပတ်ပေါ်သို့ ပြုတ်ကျလာ၏။

ထို့နောက် ထူလုံက အတောင်ပံခတ်ကာ ဆင်းသက်လာပြီး လူသားပုံစံသို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

မလှမ်းမကမ်းရှိ ဝမ်ရှောင်ယာက လျှောက်လာပြီး စပ်စုစွာဖြင့် မေးလိုက်၏။ "အစ်ကိုထူလုံ... သူက ဘယ်သူလဲ"

ထူလုံက ခေါင်းရမ်းလိုက်သည်။ "ငါလည်း မသိဘူး... ခုနက သူ့ကို တွေ့တော့ သူက ခိုးကြောင်ခိုးဝှက်နဲ့... ငါတို့ သင်္ဘောကို မြင်တာနဲ့ ထွက်ပြေးချင်နေတာ"

"သူ့ပုံစံက သံသယဖြစ်စရာကောင်းနေလို့ ဖမ်းလာခဲ့တာ"

ထိုအချိန်တွင် လီရှန်ယန်က လျှောက်လာပြီး ထိုစကားကို ကြားသောအခါ ပြောလိုက်၏။

"သူ့ကို နှိုးပြီး မေးကြည့်လိုက်ပေါ့"

လူတိုင်းက ခေါင်းညိတ်လိုက်ကြပြီးနောက် ခုံးရှန်းက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရေစီးကြောင်းတစ်ခု စုစည်းလာပြီး သတိလစ်နေသော ကျန်းဖန်၏ ခေါင်းပေါ်သို့ လောင်းချလိုက်လေသည်။

ချက်ချင်းပင် ကျန်းဖန်က လန့်ဖြတ်သွားပြီး သတိလစ်နေရာမှ နိုးလာ၏။

ခန္ဓာကိုယ်ပေါ်ရှိ မီးလောင်ထားသော ဒဏ်ရာများက ဆွဲဆန့်ခံရမှုကြောင့် ချက်ချင်း ပွင့်ထွက်သွားပြီး သွေးများ စတင်စီးကျလာသည်။

နာကျင်မှုက ဝင်ရောက်လာပြီး သူ့ကို ပို၍ နိုးကြားသွားစေ၏။

သူက မျက်လုံးကို ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ရှိ သူစိမ်းများ၏ မျက်နှာများကို မြင်သောအခါ သူ၏ မျက်ဝန်းအောက်ခြေတွင် အမုန်းတရားများ ပေါ်လွင်လာသည်။

သို့သော် ယခုအချိန်က ဤလူစုနှင့် မျက်နှာပျက်ရမည့် အချိန်မဟုတ်ဘဲ ဤနေရာမှ ထွက်ပြေးရန် နည်းလမ်းရှာရမည် ဖြစ်သည်။

ထို့ကြောင့် ခေါင်းငုံ့ကာ မေးလိုက်၏။

"ခင်ဗျားတို့က ဘယ်သူတွေလဲ... ကျွန်တော့်ကို ဘာလို့ ဖမ်းတာလဲ"

ထူလုံက ကျန်းဖန်ကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

"ကောင်လေး... ဟန်ဆောင်မနေနဲ့တော့... မင်း ငါတို့ သင်္ဘောကို သိတယ်မလား... ဘာဖြစ်လို့ ငါတို့ကို မြင်တာနဲ့ ပုန်းသွားရတာလဲ"

ကျန်းဖန်၏ ရင်ထဲတွင် လေးလံသွားသော်လည်း ကြောက်ရွံ့ဟန်ဆောင်ကာ ပြောလိုက်၏။

"အခု ရေကြီးနေတဲ့အချိန်မှာ လူကောင်းဆိုတာ မရှိတော့ဘူးလေ... ကျွန်တော့်ကို ဖမ်းပြီး ကျွန်ပြုမှာကို ကြောက်လို့ ပုန်းနေတာ ပုံမှန်ပဲ မဟုတ်ဘူးလား"

ထူလုံက မျက်ခုံးပင့်လိုက်ပြီး ဒီကောင်လေးက ဖြေရှင်းရ ခက်ခဲမည်ကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် လီရှန်ယန်၏ ဘေးရှိ ကျန်းရုံရုံက ဝင်ပြောလိုက်၏။

"ဟန်ဆောင်မနေနဲ့တော့... ခုနက ရှင် နိုးလာတဲ့ အချိန်မှာ ရှင့် မျက်လုံးထဲမှာ ကျွန်မတို့အပေါ် မုန်းတီးတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်လေ"

"တကယ် ထူးဆန်းတာပဲ... ကျွန်မတို့ ဒီနေရာကို ပထမဆုံးအကြိမ် လာတာလေ... ရှင် ကျွန်မတို့ကို မြင်ဖူးလို့လား... ဘာဖြစ်လို့ ကျွန်မတို့အပေါ် ဒီလောက်တောင် ရန်လိုနေရတာလဲ"

ကျန်းရုံရုံက စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်သဖြင့် အာရုံငါးပါး စူးရှကာ ကျန်းဖန်၏ အစပိုင်း စိတ်ခံစားချက်ကို ချက်ချင်း သတိပြုမိခဲ့ခြင်း ဖြစ်သည်။

ကျန်းဖန်က ရင်ထဲတွင် လန့်ဖြတ်သွားပြီး ခုနက မိမိ မရည်ရွယ်ဘဲ ထုတ်ဖော်ပြသမိခဲ့သော စိတ်ခံစားချက်များကို တစ်ဖက်လူက ဖမ်းဆုပ်မိသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူက ဤသင်္ဘောပေါ်ရှိ လူများ၏ ခက်ခဲမှုနှင့် ကြောက်စရာကောင်းမှုကို ပို၍ ခံစားလာရ၏။

ထူလုံက အေးစက်စွာ နှာမှုတ်လိုက်သည်။ "ငါတို့အပေါ် ရန်လိုနေမှတော့ လူကောင်း မဟုတ်လောက်ဘူး... ခေါင်းဆောင်တင်းဆီ သွားတင်ပြလိုက်ပါ... အဲဒီကျမှ လူခေါ်ပြီး သေချာ စစ်မေးကြတာပေါ့"

ဝမ်ရှောင်ယာက မေးလိုက်၏။ "လင်းယွမ်ကို အကြောင်းကြားဖို့ လိုသေးလား"

ထူလုံက ခေါင်းရမ်းကာ ပြောလိုက်သည်။ "ဒီလို ကိစ္စသေးသေးလေးကိုတောင် လင်းယွမ်ကို အကြောင်းကြားနေမယ်ဆိုရင် အရမ်း အလွန်အကျွံ ဖြစ်လွန်းရာ ကျနေလိမ့်မယ်... ငါတို့ ရလဒ် ထွက်လာအောင် မေးပြီးမှ သွားတာ အကောင်းဆုံးပဲ"

လီရှန်ယန်ကလည်း ပြောလိုက်၏။ "အစ်ကိုထူလုံ ပြောတာ မှန်တယ်... လင်းယွမ်က အလုပ်များတယ်လေ... ဒီကိစ္စလေးကိုတော့ ငါတို့ဘာသာ ဖြေရှင်းတာပဲ ကောင်းပါတယ်... ငါ ခေါင်းဆောင်တင်းကို သွားခေါ်လိုက်မယ်"

မြေပြင်ပေါ်ရှိ ကျန်းဖန်က ကြားလေလေ ပို၍ အံ့အားသင့်လေလေ ဖြစ်လာပြီး အထူးသဖြင့် "လင်းယွမ်" ဆိုသည့် စကားလုံးက သူ၏ ဦးနှောက်ကို ပြင်းထန်စွာ တုန်ခါသွားစေကာ နှလုံးသားကလည်း ထိန်းမနိုင်သိမ်းမရ ဒိတ်ဒိတ်ကြဲ ခုန်ပေါက်လာသည်။

ထိုစကားလုံးက မှော်အစွမ်း ရှိနေသည့်အလား သူနှင့် သူ၏ ချစ်သူတို့ အလွန်အမင်း မျှော်လင့်ချက်မဲ့နေချိန်တွင် သူတို့အတွက် မျှော်လင့်ချက် ယူဆောင်လာပေးခဲ့ဖူး၏။

ယခုလည်း သူ အကူအညီမဲ့နေချိန်တွင် ဤအမည်နာမက ထပ်မံ ပေါ်ထွက်လာခဲ့လေပြီ။

သူက အလိုအလျောက်လိုပင် ခေါင်းမော့လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "ခင်... ခင်ဗျားတို့ ပြောနေတဲ့ လင်းယွမ်က ဘယ်သူလဲ... ကိုလင်းယွမ် ဆိုတာလား"

ထွက်ခွာတော့မည့် လီရှန်ယန်က ထိုစကားကို ကြားသောအခါ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွား၏။

ထူလုံတို့ လူစုကလည်း အံ့အားသင့်သွားပြီး ကျန်းဖန်ကို ကြည့်သော အကြည့်များကလည်း ပြောင်းလဲသွားကြသည်။

"မင်းက လင်းယွမ်ကို သိလို့လား" ထူလုံက အံ့အားသင့်စွာ မေးလိုက်၏။

ခုံရှန်းကလည်း ချက်ချင်း မေးလိုက်သည်။ "မင်း နာမည် ဘယ်လိုခေါ်လဲ"

ဝမ်ရှောင်ယာကလည်း မေးလိုက်၏။ "ရှင်က မိန်တုဥယျာဉ်က အသက်ရှင်ကျန်ရစ်သူလား"

လူအများအပြား ဆက်တိုက် မေးခွန်းထုတ်လာမှုကြောင့် ကျန်းဖန်၏ ရင်ထဲတွင် အံ့သြဝမ်းသာမှုများ ပေါက်ကွဲထွက်မတတ် ဖြစ်သွားကာ သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဒီသင်္ဘောက ကိုလင်းရဲ့သင်္ဘောလား... ကိုလင်းရဲ့သင်္ဘောလားဗျာ"

"ကျွန်တော့်နာမည်က ကျန်းဖန်ပါ... ကျွန်တော်က လင်းယွမ်ရဲ့ သူငယ်ချင်းပါ... ခင်... ခင်ဗျားတို့ ကျွန်တော့်ကို လင်းယွမ်ဆီ ခေါ်သွားပေးလို့ ရမလား... ကျွန်တော်နဲ့ လင်းယွမ်က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေပါ"

ကျန်းဖန်က စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင် ဝဲလာ၏။

ဒီသင်္ဘောက ရွှီလဲ့ဖုန်းရဲ့ ခေါင်းဆောင် အစ်ကိုဟော်ရဲ့ သင်္ဘောလို့ သူ ထင်ထားခဲ့ပေမယ့် ဒီသင်္ဘောက လင်းယွမ်ရဲ့ သင်္ဘော ဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။

ဒီလူတွေက လင်းယွမ်ကို ခေါ်ဝေါ်တဲ့ အခေါ်အဝေါ်ကို ကြည့်တာနဲ့တင် လင်းယွမ်က ဒီနေရာမှာ လုံးဝကို အဆင့်အတန်းမြင့်မားတဲ့ နေရာမှာ ရှိနေတယ်ဆိုတာ သိနိုင်သည်။

သူ မယုံကြည်နိုင်ဖြစ်နေသည့် တစ်ချိန်တည်းမှာပင် အဆုံးအစမဲ့သော ဝမ်းသာပျော်ရွှင်မှုများကလည်း ပေါ်ထွက်လာသည်။

ထိုအရာက မျှော်လင့်ချက်မဲ့နေချိန်တွင် ရုတ်တရက် အသက်ရှင်သန်ခွင့် ရလိုက်သကဲ့သို့သော ဝမ်းသာမှုမျိုး ဖြစ်၏။

တောင်တွေ ရေတွေ ပိတ်ဆို့နေလို့ လမ်းမရှိတော့ဘူးလို့ ထင်ရပေမယ့် ရုတ်တရက် လမ်းစတစ်ခု ပေါ်လာသလိုမျိုးပင် ဖြစ်၏။

သူ၏ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာမှုကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှပြီး စိတ်လှုပ်ရှားစွာဖြင့် ထရန် ကြိုးစားကာ လင်းယွမ်ကို တွေ့ချင်နေမိသည်။

ဒီဘက်မှ လှုပ်ရှားမှုများက လူအများအပြားကို ကြည့်ရှုလာစေရန် ဆွဲဆောင်နိုင်ခဲ့လေပြီ။

အပေါ်ထပ်တွင် ရပ်နေသော တင်းယန်ကလည်း ဤနေရာရှိ အခြေအနေကို သတိပြုမိသွား၏။

သူမက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားကာ အောက်သို့ ခုန်ချလိုက်သည်။

လေထဲတွင် ရှိနေစဉ် သူမ၏ ခြေဖဝါးအောက်မှ အစွမ်းအလင်းရောင်များ ပေါက်ကွဲထွက်လာပြီး လေထုကိုပင် ပေါက်ကွဲသွားစေ၏။

ချက်ချင်းပင် အားကောင်းသော ပေါက်ကွဲမှုစွမ်းအားက လေထဲတွင် ပြုတ်ကျနေသော သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် ရပ်တန့်သွားစေသည်။

ထိုသို့ ရပ်တန့်ကာ အရှိန်လျော့သွားမှုအောက်တွင် သူမက ငါးထပ်အမြင့်ရှိ ဝါးအဆောက်အအုံပေါ်မှ ကုန်းပတ်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်နိုင်ခဲ့၏။

သူမက သပ်ရပ်စွာ ဆင်းသက်လာပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာချိန်တွင် ကျန်းဖန်ကလည်း သူမကို လှမ်းကြည့်လိုက်သည်။

ထိုသို့ ကြည့်လိုက်သည်နှင့် သူ၏ မျက်ရည်များ ဝဲလာပြီး စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်၏။

"အမတင်း"

တင်းယန်က ကျန်းဖန်ကို ကြည့်လိုက်ပြီး ချက်ချင်း အံ့သြဝမ်းသာသွားသည်။

"ကျန်းဖန်"

သူမက အလျင်အမြန် လျှောက်လာပြီး မြေပြင်ပေါ်ရှိ ကျန်းဖန်ကို တွဲထူလိုက်ကာ သူ၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ရရှိထားသည်ကို မြင်သောအခါ အမြန် ခေါင်းလှည့်၍ အော်ပြောလိုက်၏။

"နင်တို့ထဲက တစ်ယောက်ယောက် ဝမ်အန်းကို သွားခေါ်ပေးကြပါဦး"

"ကျွန်တော် သွားလိုက်မယ်" ထူလုံက ကမန်းကတန်း ပြောလိုက်သည်။

ဒီတစ်ကြိမ်တော့ အလွဲကြီး လွဲသွားပြီ ထင်တယ်... လင်းယွမ်တို့ရဲ့ အရင်က သူငယ်ချင်းကို သွားဖမ်းမိလာတာပဲလို့ သူ စိတ်ထဲမှာ ကျိတ်တွေးလိုက်၏။

"အမတင်း... တကယ်ပဲ အမလား"

ကျန်းဖန်က မျက်ရည်များ ဝဲနေပြီး မျက်ရည်များက ထိန်းမရအောင် ကျဆင်းလာသည်။

ဒီတိုတောင်းတဲ့ နှစ်လတာကာလအတွင်း သူ အများကြီး ဒုက္ခခံခဲ့ရပြီး အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်။

ရုတ်တရက် တင်းယန်ကို တွေ့လိုက်ရသောအခါ သူက အားကိုးစရာကို ရှာတွေ့သွားသကဲ့သို့၊ မိသားစုဝင်ကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရ၏။

ရင်ထဲမှ နာကြည်းမှုများက ရေတံခါး ပွင့်သွားသကဲ့သို့ အလုံးအရင်းနှင့် ထွက်ပေါ်လာပြီး လုံးဝ ထိန်းမရနိုင်တော့ပေ။

တင်းယန်ကလည်း စိတ်လှုပ်ရှားနေပြီး အသက်ပြင်းပြင်း ဆက်တိုက်ရှူကာ မေးလိုက်သည်။

"နင် ဘယ်လိုဖြစ်လာတာလဲ... ဘယ်လိုလုပ် ဒီလောက်တောင် ဒဏ်ရာရလာရတာလဲ"

ကျန်းဖန်က မျက်ရည်ဝဲရင်း ပြောလိုက်၏။

"အမတင်း... ဒါတွေကို နောက်မှ ပြောပြမယ်... လင်းယွမ်ရော... လင်းယွမ်ရော ဒီမှာ ရှိနေတာလား... ပြီးတော့ လီလီရော... ကျွန်တော့် ကောင်မလေးရော"

ဆက်ရန်...

အပိုင်း(၃၃၆) ကျန်းဖန်၏အားကိုးရာ

ကျန်းဖန်က ဆွေမျိုးအရင်းအချာများကို ပြန်လည်တွေ့ဆုံလိုက်ရသကဲ့သို့ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုကြွေးနေတော့၏။

တင်းယန်က စကားအနည်းငယ်ဆိုကာ နှစ်သိမ့်ပေးသော်လည်း သူ၏ ခံစားချက်များကို မတားဆီးနိုင်ခဲ့ပေ။

ကျန်းဖန်တစ်ယောက် ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း အပြင်ဘက်၌ ကောင်းကောင်းမနေခဲ့ရကြောင်းကို သူမ သိနားလည်ထားသည်။

သူ့တစ်ကိုယ်လုံးရှိ ဒဏ်ရာများကို ကြည့်ရုံဖြင့် သူ မည်ကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိသာလှ၏။

မကြာမီမှာပင် သတင်းကြားသွားသော လင်းယွမ်က အလျင်အမြန် ရောက်ရှိလာခဲ့သည်။

"ကျန်းဖန်"

လင်းယွမ်ကို မြင်လိုက်ရသည့် တဒင်္ဂမှာပင် ကျန်းဖန်၏ မျက်ရည်များက ဆည်ကျိုးပေါက်သွားသည့်အလား တဖွဲဖွဲ ကျဆင်းလာပြန်ကာ အော်ဟစ်ငိုကြွေးလိုက်သည်။

"အစ်ကိုလင်း"

"ကျွန်တော်... ကျွန်တော် အစ်ကို့ကို နောက်ဆုံးတော့ ပြန်တွေ့ရပြီဗျာ... အီးဟီး"

လင်းယွမ်က သူ့ကို အမြန်ထိန်းကိုင်ပေးလိုက်ပြီး တင်းယန်ဘက်လှည့်ကာ ပြောလိုက်သည်။

"သူ့ကို သင်္ဘောကပ္ပတိန်အခန်းဘက် ခေါ်သွားလိုက်... ဝမ်အန်းကိုပါ လာခဲ့ဖို့ ခေါ်လိုက်ပါ"

တင်းယန်က အမြန်ပြန်ဖြေသည်။

"ထူလုံ သွားခေါ်နေပါပြီ"

လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ဘေးနားရှိ လီရှန်ယန်နှင့် ခုံရှန်းတို့က ဝိုင်းဝန်းကူညီကာ ကျန်းဖန်ကို သင်္ဘောကပ္ပတိန်အခန်းဆီသို့ ခေါ်ဆောင်သွားပြီး ထိုင်ခိုင်းလိုက်ကြ၏။

မကြာမီ ဝမ်အန်း ရောက်ရှိလာပြီး အတိတ်က လုပ်ဖော်ကိုင်ဖက်ကို မြင်လိုက်ရချိန်တွင် ဝမ်အန်းကိုယ်တိုင်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားပုံရသည်။

"ကျန်းဖန်... မင်း အသက်ရှင်နေသေးတာကိုး"

ဝမ်အန်းကို မြင်သောအခါ ကျန်းဖန်ကလည်း စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

"ဝမ်အန်း... မင်းလည်း ရှိနေတာပဲ... ကောင်းတယ်... တကယ်ကောင်းတယ်... မင်းသမီးလေးရော ဘာမှမဖြစ်ဘူးမလား"

ဝမ်အန်းက မျက်ရည်ဝဲသွားကာ ဝမ်းသာပီတိဖြစ်စွာဖြင့် ပြန်ပြောသည်။

"မင်း ငါ့သမီးလေးကို မှတ်မိနေသေးတာပဲ... စိတ်ချပါ... ငါ ကုသခြင်းအမျိုးအစား အစွမ်းကို ရပြီးကတည်းက ငါ့သမီးလေး ရောဂါမဖောက်တော့ပါဘူး"

"ဒါတွေ နောက်မှပြော... မင်းဒဏ်ရာတွေကို ငါ အရင်ကြည့်ပေးမယ်"

ပြောပြောဆိုဆိုနှင့်ပင် သူက ကျန်းဖန်၏ ဒဏ်ရာများကို စစ်ဆေးလိုက်ပြီးနောက် ပြောလိုက်သည်။

"အကုန်လုံးက မီးလောင်ထားတဲ့ အပေါ်ယံဒဏ်ရာတွေချည်းပဲ... ကုဖို့ သိပ်မခက်ပါဘူး"

ထိုသို့ပြောရင်း သူ ယူဆောင်လာသော သေတ္တာထဲမှ အဖြူရောင် အလင်းတန်းများ ဖြာထွက်နေသည့် ပေါင်မုန့်တစ်လုံးကို ထုတ်ယူလိုက်ကာ ဆိုသည်။

"ဒါက ငါကိုယ်တိုင် လုပ်ထားတဲ့ ကုသရေးပေါင်မုန့်ပဲ... အတွင်းဒဏ်ရာတွေကို ကုသပေးနိုင်တဲ့အပြင် ဒဏ်ရာကျက်တာကိုလည်း မြန်ဆန်စေတယ်"

"မင်းရဲ့ အပြင်ဘက်က ဒဏ်ရာတွေကိုပါ ငါ တစ်ခါတည်း ဆေးထည့်ပေးလိုက်မယ်... တစ်နာရီအတွင်း အရင်လို ပြန်ကောင်းသွားစေရမယ်"

ထိုသို့ပြောပြီးနောက် သူက စတင်ကုသပေးတော့၏။

ကျန်းဖန်က အလင်းရောင်ထွက်နေသော ပေါင်မုန့်ကိုကြည့်ကာ အံ့သြမှင်တက်သွားသည်။

"ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ ပေါင်မုန့်... ဝမ်အန်း... မင်း... မင်းက ဘယ်လိုအစွမ်းမျိုးကို ရထားတာလဲ... ဘယ်လိုလုပ် ဒီလိုအံ့ဩစရာကောင်းတဲ့ ပစ္စည်းမျိုးကို ဖန်တီးနိုင်ရတာလဲ"

ဝမ်အန်းက ပြုံးလိုက်ရင်း... "ကုသခြင်းအမျိုးအစား အစွမ်းပေါ့ကွာ"

သူက ကျန်းဖန်၏ ဒဏ်ရာများကို ကုသပေးနေစဉ် ကျန်းဖန်က လင်းယွမ်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

"အစ်ကိုလင်း... ကျွန်တော့်ကောင်မလေးရော... လီလီက အစ်ကိုတို့နဲ့အတူ ရှိနေတာလား"

ထိုစကားကို ကြားသောအခါ လင်းယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းခါယမ်းကာ ပြောသည်။

"ကျန်းဖန်... အဲဒီတုန်းက လိပ်ကျွန်း နစ်မြုပ်သွားပြီးနောက် ပြန်လာတဲ့လူတွေထဲမှာ ဝမ်လီလီ မပါခဲ့ဘူး"

"ငါတို့တွေ ရေပြင်ပေါ်မှာ ခဏလောက် လိုက်ရှာခဲ့ကြသေးတယ်... ဝမ်လီလီ... လုတယုံ... ပြီးတော့ မင်းနဲ့ တခြားလူတော်တော်များများ ပျောက်ဆုံးသွားခဲ့တယ်"

"ငါတို့က မင်းတို့တွေ အားလုံး... ဟူး... စိတ်မကောင်းပါဘူးကွာ"

လင်းယွမ်က သက်ပြင်းချလိုက်ပြီး ဖုံးကွယ်မထားတော့ဘဲ အမှန်အတိုင်းသာ ပြောပြလိုက်သည်။

ကျန်းဖန်ကမူ ဝမ်းနည်းပူဆွေးသည့် အရိပ်အယောင် မပြဘဲ မျက်မှောင်ကြုတ်ကာ မေးသည်။

"လီလီက အစ်ကိုတို့နဲ့အတူ မပါလာဘူးလား... ဒါဆို သူ ဘယ်တွေရောက်နေမလဲ"

တင်းယန်က ထိုအခြေအနေကိုမြင်လျှင် သက်ပြင်းချကာ ပြောသည်။

"ကျန်းဖန်ရယ်... သေသွားတဲ့သူက ပြန်ရှင်လာနိုင်တာမှ မဟုတ်တာ... နင်... ရှေ့ဆက်ပြီး ကောင်းကောင်း ရှင်သန်ရဦးမယ်လေ"

ကျန်းဖန်က ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ပြီး ပြောသည်။

"အမတင်း... အစ်ကိုလင်း... လီလီ သေချာပေါက် မသေသေးဘူး... အစ်ကိုတို့ မသိကြလို့ပါ... အဲဒီတုန်းက ကျွန်တော်တို့ လိပ်ကျွန်းပေါ်မှာ သန္ဓေပြောင်း အသီးကို ရှာတွေ့ခဲ့တယ်"

"အဲဒီတုန်းက ကျွန်တော် မစားဘဲ လီလီ့အတွက် ချန်ထားပေးခဲ့တာ... လိပ်ကျွန်း နစ်မြုပ်သွားတဲ့အချိန်မှာ လီလီက အစွမ်း ရနေပြီ... သူ အဲဒီလောက် အလွယ်တကူ သေသွားမှာ မဟုတ်ဘူး"

"သူ အသက်ရှင်နေသေးတယ်ဆိုတာကို ကျွန်တော် ယုံကြည်တယ်"

ထိုစကားကြောင့် လင်းယွမ်နှင့် တင်းယန်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြ၏။

တင်းယန်က အမြန်မေးလိုက်သည်။

"လီလီက သန္ဓေပြောင်း အသီးကို စားလိုက်တာလား... သူ ဘာအစွမ်းကို ရသွားတာလဲ"

ကျန်းဖန်က ပြန်ဖြေသည်။

"အစိမ်းရောင် သန္ဓေပြောင်းစွမ်းအင်တွေပဲ... ဘာအစွမ်းလဲဆိုတာကိုတော့ ကျွန်တော် အတိအကျ မသိဘူး... အဲဒီတုန်းက အချိန်လုနေရတော့ သူ့ဆီကနေ အစိမ်းရောင် စွမ်းအင်အစုအဝေး ထွက်ပေါ်လာပြီး သူ့ကို ရစ်ပတ်ထားတာကိုပဲ ကျွန်တော် မြင်လိုက်ရတယ်... ပတ်ဝန်းကျင်က ပင်လယ်ရေတွေက သူ့ကို လုံးဝ နစ်မြုပ်သွားအောင် မလုပ်နိုင်ခဲ့ဘူး"

"ဒါကြောင့် သူ သေချာပေါက် ဘာမှဖြစ်မှာ မဟုတ်ဘူး... သူ အသက်ရှင်နေသေးပြီး တစ်နေရာရာမှာ ကျွန်တော့်ကို စောင့်နေမှာ ကျိန်းသေတယ်"

ကျန်းဖန်၏ လေသံက ပြတ်သားနေပြီး အစွမ်းပိုင်ရှင်တစ်ဦး ရေလွှမ်းမိုးမှုကြောင့် ရေနစ်သေဆုံးသွားမည်ကို သူ မယုံကြည်ပေ။

လင်းယွမ်က ထိုစကားကို ကြားသောအခါ မျက်ခုံးအနည်းငယ် ပင့်သွားကာ ပြောသည်။

"အစိမ်းရောင် စွမ်းအင်အစုအဝေး... ဒါ သစ်ဓာတ် အစွမ်းများလား"

"သစ်ဓာတ် အစွမ်းက သာမန်ဆိုရင် ကုသခြင်းအမျိုးအစား အာနိသင်တွေ ပါလေ့ရှိတယ်... တကယ်သာ အဲ့လိုဆိုရင်တော့ ဝမ်လီလီ အသက်ရှင်နေနိုင်မယ့် အခွင့်အရေးက တကယ်ကို မနည်းဘူးပဲ"

တင်းယန်က ချက်ချင်းပင် သုံးသပ်လိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ဆိုသည်။

"ထူးဆန်းတယ်... ဒါဆို ဘာလို့ အဲဒီတုန်းက ငါတို့ သူ့ကို မရှာတွေ့ခဲ့ရတာလဲ... လိပ်ကျွန်း နစ်မြုပ်သွားပြီး ရွေ့လျားတဲ့ အလျင်က အရမ်းမြန်လွန်းလို့ သူတို့ကို အဝေးကြီးကို ခေါ်သွားတာများလား"

ဝမ်အန်းက ပြောသည်။

"အသက်ရှင်နေသေးသရွေ့တော့ ပြန်ဆုံတွေ့ဖို့ အခွင့်အရေး ရှိနေဦးမှာပါကွာ... ကျန်းဖန်... မင်းကြည့်လေ... မင်းလည်း အသက်ရှင်နေသေးတာပဲ မဟုတ်လား... ငါတို့တောင် ပြန်ဆုံတွေ့ကြသေးတာပဲဟာ"

လင်းယွမ်ကလည်း ကျန်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။

"ကျန်းဖန်... ဝမ်လီလီ့ ကိစ္စကို ငါတို့ တတ်နိုင်သမျှ အစွမ်းကုန် လိုက်ရှာပေးပါ့မယ်... စိတ်ချလက်ချသာ နေပါ"

"မင်းအကြောင်း အရင်ပြောရအောင်... မင်းက ဘယ်လိုအခြေအနေ ဖြစ်နေတာလဲ... ဒီဒဏ်ရာတွေကရော ဘယ်လိုဖြစ်ရတာလဲ"

"ခုနက ထူလုံပြောတာ ကြားလိုက်တယ်... မင်းက ငါတို့ သင်္ဘောကို မြင်မြင်ချင်း ပုန်းရှောင်ဖို့ လုပ်တယ်ဆို... အဲဒါက ဘယ်လိုဖြစ်တာလဲ"

ကျန်းဖန်က ချက်ချင်း သတိဝင်လာကာ အလောတကြီး ပြန်ဖြေသည်။

"အစ်ကိုလင်း... အမတင်း... ကျွန်တော့်ရဲ့ ဒီဒဏ်ရာတွေက အမှတ်(၈၈)အဆောက်အအုံက ရွှီလဲ့ဖုန်းတို့ လူစု လုပ်ထားတာတွေပါ"

"ကျွန်တော့် သူငယ်ချင်း တချို့ကိုလည်း သူတို့ ဖမ်းထားကြတယ်... အစ်ကိုလင်း... ကျွန်တော့်ကို ကူညီပေးလို့ ရမလားဟင်... သူတို့က ကျွန်တော်နဲ့ အသေခံပေါင်းလာတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပါ... အားလုံးက လူကောင်းတွေချည်းပါပဲ"

လင်းယွမ်က အံ့အားသင့်သွားပြီး မေးလိုက်သည်။

"အမှတ်(၈၈)အဆောက်အအုံ"

အစ်ကိုဟော်က အမှတ်(၈၈)အဆောက်အအုံ၏ ခေါင်းဆောင်ဖြစ်ကြောင်း သူ မှတ်မိနေသေးသည်။

သို့သော် အစ်ကိုဟော်က သူ့လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်ရာ ယခု အမှတ်(၈၈)အဆောက်အအုံတွင် ခေါင်းဆောင်အသစ် ရောက်နေပြီလား။

သူက မိန်တုဥယျာဉ်၏ အခြေအနေများကို ချက်ချင်းပင် စူးစမ်းမေးမြန်းလိုက်သည်။

အသေးစိတ် မေးမြန်းပြီးနောက်မှသာ လင်းယွမ်တစ်ယောက် မိန်တုဥယျာဉ်၏ လက်ရှိအခြေအနေကို သိရှိသွားတော့၏။

လင်ကျန်းတက္ကသိုလ် သင်္ဘောတည်ဆောက်ရေးကောလိပ်ကို မျက်စိကျနေသူမှာ သူတစ်ယောက်တည်း မဟုတ်ကြောင်း ပေါ်လွင်လာသည်။

သူကိုယ်တိုင် မိန်တုဥယျာဉ်မှ ထွက်ခွာပြီး ထိုက်ယန်တောင်သို့ ခိုလှုံရန် ဆုံးဖြတ်ခဲ့သည့် အချိန်ကတည်းကပင် ဖြစ်သည်။

မိန်တုဥယျာဉ်အတွင်းရှိ လူတစ်စုကလည်း လင်ကျန်းတက္ကသိုလ် သင်္ဘောတည်ဆောက်ရေးကောလိပ်ရှိ သင်္ဘောများကို စောစီးစွာကတည်းက ပစ်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

အမှတ်(၈၈)အဆောက်အအုံမှ အစ်ကိုဟော်သည်လည်း ၎င်းတို့ထဲမှ တစ်ဦးဖြစ်ပြီး သူက လူတစ်စုကို ခေါ်ဆောင်ကာ မိန်တုဥယျာဉ်မှ ထွက်ခွာသွားခဲ့ပြီး နောက်ဆုံးတွင် ကုန်တင်သင်္ဘောတစ်စင်းကို လုယူနိုင်ခဲ့သည်။

သို့သော် ထိုလူမှာ ရေကြီးနေသည့်ကြားတွင် လမ်းမှားသွားပုံရပြီး လမ်းတစ်လျှောက် ပစ္စည်းများကို လုယက်ရင်း ထိုက်ယန်တောင်သို့ ရောက်ရှိလာကာ သူ့ကိုယ်သူ သေတွင်းထဲ သွားတိုးမိခဲ့ခြင်းဖြစ်သည်။

အမှတ်(၈၈)အဆောက်အအုံမှ အသစ်တက်လာသော ခေါင်းဆောင် ရွှီလဲ့ဖုန်းကမူ အစ်ကိုဟော် သင်္ဘောတစ်စင်းဖြင့် ပြန်လာမည့်အချိန်ကို စောင့်မျှော်နေဆဲ ဖြစ်သည်။

ထို့ထက်ပို၍ သင်္ဘောပေါ်တက်ခွင့်ရမည့် နေရာများကို အသုံးချကာ လူအုပ်ကြီးတစ်အုပ်ကိုပင် စည်းရုံးထားလိုက်သေး၏။

လင်းယွမ်မှာ ပြောစရာစကားပင် ဆွံ့အသွားရသည်။

ဤလူများက တကယ်ကို လိမ်ရလွယ်လွန်းလှသည်။

အစ်ကိုဟော်က ဤလူအုပ်ကြီး သေသည်၊ ရှင်သည်ကို ဂရုမစိုက်ဘဲ လုံးဝ ပြန်လာမည်မဟုတ်သည်ကို ထားဦး။

တကယ်လို့ ပြန်လာခဲ့မည် ဆိုလျှင်တောင်မှ ထိုသင်္ဘောသည် အစ်ကိုဟော်၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်နေမည်ဖြစ်ရာ ထိုရွှီလဲ့ဖုန်းက သင်္ဘောပေါ်တက်မည့်လူများကို ဆုံးဖြတ်ရန် မည်သည့်အရည်အချင်းများ ရှိနေပါသနည်း။

မိန်တုဥယျာဉ်မှ လူများမှာ လမ်းဆုံးနေပြီဖြစ်၍ မြက်ပင်တစ်ပင်ကို ဆုပ်ကိုင်မိသည်နှင့် ၎င်းကို နောက်ဆုံးမျှော်လင့်ချက်အဖြစ် သတ်မှတ်လိုက်ကြခြင်းဟုသာ ဆိုရမည်ဖြစ်သည်။

သူတို့သည် ရောဂါကျွမ်းလာသဖြင့် ဆရာဝန်များကို ရမ်းကုသခိုင်းနေခြင်းသာဖြစ်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း လုံးဝ ပျောက်ဆုံးနေပြီ ဖြစ်သည်။

လင်းယွမ်က မေးလိုက်သည်။

"အဲ့လူတွေ အခု ဘယ်မှာလဲ"

"အမှတ်(၇၅)အဆောက်အအုံမှာပါ... ကျွန်တော့် ညီအစ်ကိုတွေ အဲဒီမှာ သူတို့ဖမ်းတာကို ခံထားရတယ်" ကျန်းဖန်က မျက်ရည်ဝဲလျက် ပြောသည်။

လင်းယွမ်က ချက်ချင်း အမိန့်ပေးလိုက်သည်။

"ထူလုံ... မင်း လူခေါ်ပြီး သွားလိုက်"

"ကျွန်မပဲ သွားလိုက်မယ်"

လင်းယွမ် စကားမဆုံးမီမှာပင် တင်းယန်က ကိုယ်တိုင် ဝင်ပြောကာ ထိုတာဝန်ကို တောင်းယူလိုက်သည်။

သူမ၏ မျက်နှာပေါ်တွင် အေးစက်စက် အမူအရာများ ရှိနေပြီး ပြောလိုက်သည်။

"အဲ့ဒီရွှီဆိုတဲ့ တစ်ယောက်က အမှတ်(၇၆) အဆောက်အအုံကိုတောင် ကြံရဲတယ်ပေါ့လေ"

"ငါတို့ အဲဒီမှာ မနေတော့ဘူးဆိုရင်တောင် အဲဒီနေရာက တစ်ချိန်တုန်းက ငါတို့ရဲ့ ပိုင်နက်ဖြစ်ခဲ့တာပဲ"

"ဒီလူတွေ ရမ်းကားခွင့်ရှိတဲ့ နေရာမဟုတ်ဘူး"

ထိုစကားကို ကြားသောအခါ လင်းယွမ်က ရယ်မောလိုက်မိသည်။ တင်းယန်က ကျန်းဖန်အတွက် လက်စားချေပေးချင်နေမှန်း သူ သိပေသည်။

သူက ခေါင်းညိတ်ပြကာ "အေးပါ... ဒါဆို နင်ရယ် ခုံရှန်း... ထူလုံ... ကောက်လီနဲ့ ရှမင်တို့ကိုပါ ခေါ်သွားလိုက်"

တင်းယန်က ခေါင်းညိတ်လိုက်ပြီး လူသွားခေါ်ရန် ချက်ချင်း ထွက်သွားတော့၏။

ကျန်းဖန်က အလျင်အမြန် ဝင်ပြောသည်။

"ရွှီလဲ့ဖုန်းတို့မှာ ဘာအစွမ်းရှိလဲဆိုတာ ကျွန်တော် မပြောရသေးဘူးလေ... ဒီလူစုက သာမန်မဟုတ်ဘူး... အဲဒီ ရွှီလဲ့ဖုန်းရဲ့ ခန္ဓာကိုယ်ကနေ ဆီတွေ အမြောက်အမြား ထုတ်ပေးနိုင်တယ်... အဲဒါကို လောင်စာအဖြစ် သုံးလို့ရတဲ့အပြင် မီးလောင်ဗုံးတွေလိုမျိုးလည်း ဖန်တီးလို့ရတယ်"

"လုံးဝ ပေါ့ဆလို့ မရဘူးနော်"

လင်းယွမ်က ပြုံးလိုက်ရင်း... "စိတ်ချစမ်းပါကွ... မင်းရဲ့ အမတင်းက အရင်က အမတင်း မဟုတ်တော့ပါဘူး... သူ့ရဲ့ အစွမ်းနဲ့ဆိုရင် ပြဿနာ မရှိပါဘူး"

"အမှတ်(၇၆)အဆောက်အအုံရဲ့ အခုလက်ရှိ အခြေအနေကို ငါ့ကို ပြောပြပါဦး"

ကျန်းဖန်သည် ထိုစကားကို ကြားသောအခါ သူ၏ စိုးရိမ်စိတ်များကို မျိုသိပ်လိုက်ကာ ပြောသည်။

"ကျွန်တော် ရေပေါ်ပြန်ပေါ်လာပြီး အစ်ကိုတို့ ပျောက်သွားတာကို သိလိုက်ရကတည်းက ရေပြင်ပေါ်မှာ နေရာအနှံ့ အစ်ကိုတို့ကို ရှာဖွေခဲ့တယ်"

"ဒါပေမဲ့ ရေပြင်ကြီးက နေရာအနှံ့ ရှိနေပြီး အဆောက်အအုံ တော်တော်များများလည်း ရေအောက်ရောက်သွားတော့ ကျွန်တော်လည်း အရှေ့၊ အနောက်၊ တောင်၊ မြောက်တောင် မခွဲခြားတတ်တော့ဘဲ လမ်းတစ်လျှောက် ရမ်းသန်းသွားလာရင်းနဲ့ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဆုံခဲ့တာ"

"ပြီးတော့ ကျွန်တော်တို့ အတူတူ ပူးပေါင်းလိုက်ကြပြီး မိန်တုဥယျာဉ်ကို ပြန်ရောက်သွားခဲ့တယ်"

"မိန်တုဥယျာဉ် အမှတ်(၇၆) အဆောက်အအုံကတော့ လုံးဝကို ပြောင်းလဲသွားပြီ... ကျွန်တော်တို့ ထွက်သွားပြီးတဲ့နောက် အဆောက်အအုံထဲမှာ အဖွဲ့ငယ်လေးတွေ ပေါ်လာပြီး အပင်စိုက်တဲ့အခန်းအတွက် မကြာခဏ ပဋိပက္ခတွေ ဖြစ်ကြတယ်"

"အပင်စိုက်တဲ့အခန်းက သန္ဓေပြောင်း နေကြာပန်းတွေကနေ... ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးလို့ရတော့... လူတော်တော်များများက အဲဒီနေရာကို သိမ်းပိုက်ချင်ကြတာ"

"ကျွန်တော်တို့ အမှတ်(၇၆) အဆောက်အအုံကို ပြန်ရောက်လာပြီးတဲ့နောက်မှာ... ကျွန်တော့်ရဲ့ အရင် ကင်းအဖွဲ့ခေါင်းဆောင်ရာထူးက နည်းနည်း ဩဇာညောင်းသေးလို့ ဒီအတွင်းရန်တွေကို ခဏ ဖိနှိပ်ထားနိုင်ခဲ့တယ်"

"နောက်တော့ အစ်ကို အရင်က ခွဲဝေခဲ့တဲ့ ပုံစံအတိုင်းပဲ... အားလုံးကို ကင်းလှည့်အဖွဲ့ လေးဖွဲ့ ဖွဲ့ပေးလိုက်ပြီး... အပင်စိုက်တဲ့အခန်းကိုလည်း အသက်ကြီးတဲ့သူတွေနဲ့ အားနည်းတဲ့သူတွေကို သီးသန့် စောင့်ရှောက်ခိုင်းထားလိုက်တယ်"

"အားလုံးလည်း ဒီလိုနဲ့ပဲ တောင့်ခံလာခဲ့ကြတာ... ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော် သစ်သားဖောင် တစ်စင်းကို အသစ်ပြန်လုပ်ပြီး ထိုက်ယန်တောင်ကို သွားပြီး အစ်ကိုတို့ကို ရှာဖို့ အမြဲတမ်း စဉ်းစားနေခဲ့တာ"

"ဒါပေမဲ့ သစ်သားဖောင် မပြီးသေးခင်မှာတင် အဲဒီ ရွှီလဲ့ဖုန်းက ဘယ်ကနေ သတင်းရသွားလဲမသိဘူး... ကျွန်တော်တို့ အမှတ်(၇၆) အဆောက်အအုံမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်တဲ့ အခြေအနေရှိတာကို သိသွားပြီး အမှတ်(၇၆) အဆောက်အအုံကို အတင်းအဓမ္မ သိမ်းပိုက်ဖို့ ကြံစည်တော့တာပဲ"

"လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က သူတို့ တစ်ခါ အတင်းဝင်တိုက်ဖူးတယ်... ဒါပေမဲ့ ကျွန်တော်တို့က ပြန်ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့တယ်"

"ဒီတစ်ခေါက်တော့ သူက အမှတ်(၇၅) အဆောက်အအုံက မင်ကောချန်နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ကို ထောင်ချောက်ဆင်လိုက်တာ"

ကျန်းဖန်က ဖြစ်ပျက်ခဲ့သမျှကို တစ်ခေါက် ပြန်ပြောပြလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ဒေါသမီးတောက်များ အနည်းငယ် ပါဝင်နေသည်။

လင်းယွမ်က နားထောင်ပြီးနောက် ခေါင်းအနည်းငယ် ညိတ်လိုက်ကာ မေးသည်။ "မင်ကောချန်ဆိုတာ ဘယ်သူလဲ... ဟိုတုန်းက အမှတ်(၇၅)အဆောက်အအုံက လူဟောင်းလား"

ကျန်းဖန်က ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်... သူက နဂိုတုန်းက တာအိုဆရာလင်းရဲ့ လက်အောက်မှာ နေခဲ့တာ... နောက်ပိုင်း ထွက်ခွာတဲ့အချိန်ရောက်တော့ သူက အသက်လည်း ကြီးနေပြီ... ပန်းနာရင်ကြပ်ရောဂါလည်း ရှိနေတော့ သိပ်မနေရတော့ဘူးလို့ သူ့ကိုယ်သူ ခံစားရလို့ ကျွန်တော်တို့နဲ့အတူ ထိုက်ယန်တောင်ကို မလိုက်ခဲ့တာ"

"နောက်ပိုင်းကျမှ သူက မထင်မှတ်ဘဲ အစွမ်းနိုးသွားပြီး ပန်းနာရင်ကြပ်ရောဂါပါ ပျောက်သွားရုံမဟုတ်ဘူး... အမှတ်(၇၆) အဆောက်အအုံရဲ့ ခေါင်းဆောင်တောင် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ"

"သူက လူဟောင်းတစ်ယောက် ဖြစ်နေလို့ ကျွန်တော်က သူ့ကို အတော်လေး ယုံကြည်ခဲ့တာ... သူက ကျွန်တော်တို့ကို သစ္စာဖောက်ပြီး ရွှီလဲ့ဖုန်းဘက် ကူးပြောင်းသွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး"

အမှတ်(၇၆) အဆောက်အအုံနှင့် အမှတ်(၇၅) အဆောက်အအုံတို့၏ ဆက်ဆံရေးမှာ အစပိုင်းတွင် အတော်လေး ကောင်းမွန်ခဲ့ပြီး နှစ်ဖက်စလုံးရှိ လူများမှာ အပြန်အလှန် ယုံကြည်မှု ရှိခဲ့ကြကြောင်း လင်းယွမ် သိထားသည်။

ကျန်းဖန်က တစ်ဖက်လူနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းမှာလည်း ယခင်က ယုံကြည်ခဲ့ဖူးသည့် အခြေခံပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။

နှမြောစရာကောင်းသည်မှာ ဤခေတ်က ကမ္ဘာပျက်ကပ်ခေတ်ဖြစ်ပြီး လူဆိုသည်မှာ ပြောင်းလဲတတ်ကြစမြဲပင်။

သင့်တွင် လုံလောက်သော အစွမ်းအစ မရှိသည့်အခါ တစ်ချိန်က ပူးပေါင်းခဲ့ဖူးသော မိတ်ဖက်များပင်လျှင် ဆာလောင်နေသော ဝံပုလွေများအဖြစ် အသွင်ပြောင်းသွားနိုင်ပေသည်။

"မင်းက ဘာလို့ ဒီသင်္ဘောကို မြင်တာနဲ့ ထွက်ပြေးတာလဲ"

"ရွှီလဲ့ဖုန်းနဲ့ မင်ကောချန်တို့ ပြောတာကို ကျွန်တော် ကြားလိုက်တယ်... သူတို့ အမှတ်(၈၈) အဆောက်အအုံရဲ့ ခေါင်းဆောင် အစ်ကိုဟော်က သင်္ဘောသွားလုတယ်ဆိုလို့ ဒီသင်္ဘောက အဲဒီ အစ်ကိုဟော်ရဲ့ သင်္ဘောလို့ ထင်လိုက်တာ"

"အစ်ကိုလင်း... ဒီသင်္ဘောက အစ်ကိုတို့ရဲ့ သင်္ဘောဖြစ်နေမယ်လို့ လုံးဝ ထင်မထားခဲ့ဘူး"

ထိုအခါမှသာ လင်းယွမ်က သဘောပေါက်သွားပြီး ရယ်မောလိုက်ကာ... "မင်းက ဉာဏ်ကောင်းသားပဲ... ဒီသင်္ဘောက အရင်တုန်းက အဲ့ဒီ အစ်ကိုဟော်ရဲ့ သင်္ဘော အစစ်ပဲ"

"ဘာ" ကျန်းဖန်က လန့်ဖြန့်သွားကာ လင်းယွမ်ကို မေးခွန်းထုတ်ချင်သော အကြည့်များဖြင့် အလျင်အမြန် ကြည့်လိုက်သည်။

လင်းယွမ်က ဤသင်္ဘောကို မည်သို့ ရရှိခဲ့ကြောင်း အဖြစ်အပျက်များကို တစ်ခေါက် ပြန်လည်ပြောပြလိုက်သည်။

ကျန်းဖန်က နားထောင်ပြီးနောက် အံ့အားသင့်ဝမ်းသာဖြစ်သွားကာ ပြောသည်။

"အစ်ကိုလင်း... အစ်ကိုတို့က ထိုက်ယန်တောင်မှာ ကိုယ်ပိုင် ဆိပ်ကမ်းတောင် ရှိနေတာလား"

လင်းယွမ်က ပြုံးလိုက်ရင်း... "ဆိပ်ကမ်းတင် မကဘူး... အခုဆိုရင် ငါတို့ ထိုက်ယန်တောင်မှာ ခြေကုပ်ယူထားပြီး ခိုလှုံရေးစခန်းကိုတောင် တည်ဆောက်ပြီးနေပြီ"

"ဒီတစ်ခေါက် ပြန်လာတာက အားလုံးကို လာကြည့်တာပဲ... ငါနဲ့ လိုက်ချင်တဲ့လူ ရှိသေးလားဆိုပြီး လာကြည့်တာ"

ကျန်းဖန်က ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

"လူတွေသာ ဒီသတင်းကောင်းကို သိသွားရင် သေချာပေါက် လိုက်ချင်ကြမှာပေါ့"

လင်းယွမ်က ပြုံးလိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားကာ "ဒါနဲ့... ဒီနှစ်လအတွင်း မင်းတို့တွေ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ စားနေကြတာလား... ကစီဓာတ်တွေရော မစားရဘူးလား"

ကျန်းဖန်က အလျင်အမြန် ပြန်ဖြေသည်။

"ဒီရက်ပိုင်းအတွင်း ကျွန်တော်က ပစ္စည်းတွေရှာဖို့ ရေအောက်ကို မကြာခဏ ငုပ်လေ့ရှိတယ်... ရေဖိအားကြောင့် ပိုနက်တဲ့နေရာတွေကို မဝင်နိုင်ပေမဲ့ ဆန်တို့လိုမျိုး ပစ္စည်းတော်တော်များများကိုတော့ ရခဲ့ပါတယ်"

"ဒါ့အပြင် ဘက်ထရီအိုးတွေနဲ့ ဆိုလာပြားတချို့ကိုလည်း ရှာတွေ့ခဲ့တယ်... သန္ဓေပြောင်း နေကြာပန်းရဲ့ အလင်းစွမ်းအင်ကို သုံးပြီး အားသွင်းလို့ရတော့ ထမင်းလိုမျိုး ကစီဓာတ်တွေကိုလည်း ဖြစ်သလို စားလို့ရခဲ့တယ်"

လင်းယွမ် အံ့အားသင့်သွားသည်။ ကျန်းဖန်က ရေငုပ်နိုင်သည်လား။

"မင်းရဲ့ အစွမ်းက ဘာလဲ"

ကျန်းဖန်က ပြောသည်။ "ကျွန်တော်က ရေလူသား လိုမျိုး ပုံစံပြောင်းလဲနိုင်တယ်... လက်နဲ့ခြေထောက်တွေမှာ ရေယက်တွေ ထွက်လာရုံတင်မဟုတ်ဘူး... ပါးဟက်တွေပါ ပွင့်လာပြီး ရေအောက်မှာ အသက်ရှူလို့ရတယ်"

"ဒါတင်မကသေးဘူး... ကျွန်တော့်ရဲ့ အရေပြားပေါ်မှာ အကြေးခွံတွေ ထွက်လာပြီး ကျွန်တော့်ရဲ့ ခံစစ်ကို မြှင့်တင်ပေးနိုင်သေးတယ်"

ထိုစကားကို ကြားသောအခါ လင်းယွမ်မှာ အလွန်အံ့ဩသွားမိသည်။

နောက်ထပ် အသွင်ပြောင်းခြင်း အမျိုးအစား အစွမ်းတစ်ခုပင်။

ယခင်က ကျိုးဖေ့သည်လည်း အသွင်ပြောင်းခြင်း အမျိုးအစား အစွမ်းဟု သတ်မှတ်၍ ရသော်လည်း ကျိုးဖေ့မှာ ဝံပုလွေဖြူအဖြစ် အသွင်ပြောင်းခြင်း ဖြစ်သည်။

ကျန်းဖန်ကမူ ရေလူသား အဖြစ် အသွင်ပြောင်းခြင်း ဖြစ်၏။

ကြည့်ရသည်မှာ ၎င်းကို ခန္ဓာကိုယ် အမျိုးအစား အစွမ်းဟု သတ်မှတ်၍ ရနိုင်ပေသည်။

ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းပေါ်တွင် ဖြစ်နိုင်ခြေများမှာ တကယ်ကို များပြားလွန်းလှသည်။

လင်းယွမ်က သူ့ပခုံးကို ပုတ်လိုက်ပြီး ပြောသည်။ "မင်း အရင် ကောင်းကောင်း အနားယူလိုက်ဦး... ခဏနေရင် ငါ မိန်တုဥယျာဉ်ထဲကို လူလွှတ်ပြီး အားလုံးကို သင်္ဘောပေါ် ခေါ်လာခဲ့မယ်... အဲဒီအချိန်ကျရင် ထိုက်ယန်တောင်ကို အတူတူ ပြန်ခေါ်သွားတာပေါ့"

...

တစ်ချိန်တည်းမှာပင် မိန်တုဥယျာဉ်အတွင်းရှိ အမှတ်(၇၅)အဆောက်အအုံ၌...

ရွှီလဲ့ဖုန်း၊ မင်ကောချန်တို့မှာ အတူတကွ ရပ်နေကြပြီး မြေကြီးပေါ်တွင်မူ ကြိုးတုပ်ခံထားရသော ကောင်းယွီချန်၊ ဝမ်ရှောင်နှင့် ဝမ်ဖန်းတို့ သုံးဦး ရှိနေသည်။

မင်ကောချန်က မေးလိုက်သည်။ "ခေါင်းဆောင်ရွှီ... ဒီလူတွေကို ဘယ်လိုလုပ်ကြမလဲ"

ရွှီလဲ့ဖုန်း၏ မျက်နှာပေါ်တွင် မထုံတတ်တေး အမူအရာ ရှိနေပြီး လက်ဝါးကို ဆန့်ထုတ်လိုက်သည်။

ဘေးနားရှိ ရှောင်ကျန်းက ချက်ချင်းပင် ဓားမြှောင်တစ်ချောင်းကို ကမ်းပေးလိုက်၏။

ရွှီလဲ့ဖုန်းက ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာပြီဖြစ်သော အန်းမင်ဟွေးကို လှည့်ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်ရင်း... "မင်ဟွေး... ငါတို့အဖွဲ့ထဲ ဝင်ချင်မှတော့ မင်း ငါတို့ကို သစ္စာခံကြောင်း သက်သေပြရမယ်လေ"

"သွား... ဒီလူသုံးယောက်ကို သတ်လိုက်... ဒီနေ့ကစပြီး မင်းက ငါတို့လူ ဖြစ်သွားပြီ"

ထိုသို့ပြောရင်း သူက လက်ထဲရှိ ဓားမြှောင်ကို အန်းမင်ဟွေးထံသို့ ဖြည်းညင်းစွာ ကမ်းပေးလိုက်သည်။

အန်းမင်ဟွေး၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ အမူအရာမှာ ခန့်မှန်းရခက်နေ၏။

ဘေးနားရှိ မင်ကောချန်မှာ အနည်းငယ် ကြောင်အသွားပြီး ချက်ချင်းပင် အန်းမင်ဟွေးကို တစ်ချက်ကြည့်လိုက်ကာ ရွှီလဲ့ဖုန်းကိုလည်း ထပ်ကြည့်လိုက်သည်။

ရွှီလဲ့ဖုန်း၏ နည်းလမ်းများက တကယ်ကို ရင့်ကျက်ပြီး ရက်စက်လှကြောင်း သူ စိတ်ထဲမှ တိတ်တဆိတ် အံ့အားသင့်သွားမိသည်။

အန်းမင်ဟွေး၏ အတိတ်က အသေခံပေါင်းလာသော ညီအစ်ကိုများကို သတ်ခိုင်းခြင်းဖြင့် အန်းမင်ဟွေး၏ နောက်ဆုတ်မည့်လမ်းကို အပြီးတိုင် ဖြတ်တောက်လိုက်ပြီး သူတို့ဘက်သို့ အပြီးအပိုင် ရပ်တည်လာစေရန် ပြုလုပ်လိုက်ခြင်းပင်။

ဤနည်းလမ်းက ယခင်က မိမိတို့ကို ကျန်းဖန်အား အတူတကွ နှိမ်နှင်းရန် အတင်းအကျပ် ဖိအားပေးခဲ့သည့် အချိန်ကနှင့် တစ်ပုံစံတည်းပင် ဖြစ်ပေသည်။

မင်ကောချန်က စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။ ယခုအခါတွင် သူသည် ခိုးသားသင်္ဘောပေါ်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ဆုတ်ရန် လမ်းကြောင်း အနည်းငယ်မျှပင် မရှိတော့ပေ။

ချက်ချင်းပင် သူက ဝင်ပြောကာ ကူညီပေးလိုက်သည်။ "ရှောင်အန်းရာ... ငါတို့က မင်းကို မယုံလို့ မဟုတ်ပါဘူး... အကျိုးအမြတ် ရချင်ရင်တော့ အဖိုးအခ နည်းနည်းတော့ ပေးဆပ်ရမှာပေါ့"

"မင်းက ခေါင်းဆောင်ရွှီရဲ့ သင်္ဘောပေါ် တက်ချင်မှတော့ လက်မှတ်ဖိုး ပေးရမှာပေါ့"

"ဒီလူသုံးယောက်က မင်းရဲ့ သူငယ်ချင်းတွေချည်းပဲလေ... ဒီလိုလုပ်... မင်း နှစ်ယောက်ကို ရွေးသတ်လိုက်... တစ်ယောက်ကို လွှတ်ပေးလိုက်... အဲဒါကလည်း ငါတို့က မင်းကို မျက်နှာသာ ပေးလိုက်တာပဲ"

ထိုသို့ပြောရင်း မင်ကောချန်က ခေါင်းဆောင်ရွှီကို ကြည့်ကာ ပြုံးလျက် မေးသည်။ "ခေါင်းဆောင်ရွှီ... ဘယ်လိုသဘောရလဲ"

ရွှီလဲ့ဖုန်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကာ ရယ်မောလိုက်ပြီး... "ဦးလေးမင်... ခင်ဗျားက စိတ်ကောင်းရှိတာပဲ... ကောင်းပြီလေ... တစ်ယောက် ချန်ထားပေးလိုက်မယ်"

အန်းမင်ဟွေး၏ စိတ်နှလုံးမှာ လေးလံသွားသည်။ နှစ်ယောက်ကိုသတ်ပြီး တစ်ယောက်ကို ချန်ထားမည်။ ဤဟာက စိတ်ကောင်းရှိတာလား။

ဤအကြံမှာ အသက်ရှင်ကျန်ရစ်သူကို အပြင်ထွက်ခွင့်ပေးပြီး အန်းမင်ဟွေးက ညီအစ်ကို သူငယ်ချင်းများကို သစ္စာဖောက်ကာ အသက်ရှင်ရန်အတွက် အချစ်ဆုံးသူငယ်ချင်းများကို သတ်ပစ်ခဲ့ကြောင်း လူတိုင်းကို သိစေရန်ပင်။

ယနေ့မှစ၍ သူ အန်းမင်ဟွေးတစ်ယောက် ခေါင်းဆောင်ရွှီဆိုသည့် သူ၏အနီးတွင်သာ လိမ်လိမ်မာမာ နေထိုင်ရတော့မည် ဖြစ်သည်။

ဒီနည်းလမ်းက အရမ်းကို အဆိပ်ပြင်းလွန်းတယ်...

ဆက်ရန်...

All Chapters