← Chapters

အခန်း (၃၃၇-၃၃၈)

Vol. 17 Ch. 337-338

အခန်း (၃၃၇-၃၃၈)

Vol. 17 Ch. 337-338

အပိုင်း (၃၃၇) ကယ်ဆယ်ရေး

"မင်ဟွေး... မင်း ဘာတွေတုံ့ဆိုင်းနေတာလဲ"

ရွှီလဲ့ဖုန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ဓားမြှောင်ကိုကိုင်ထားသော လက်ကို ရှေ့သို့ဆန့်ထုတ်ကာ အန်းမင်ဟွေး၏ မျက်နှာရှေ့သို့ ကမ်းပေးလိုက်သည်။

အန်းမင်ဟွေးက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ထဲမှ ခံစားချက်မျိုးစုံကို ဖိနှိပ်ကာ ဓားမြှောင်ကို လှမ်းယူလိုက်၏။

ထို့နောက် ကြမ်းပြင်ပေါ်တွင် သတိလစ်မေ့မြောနေသော လူသုံးယောက်ကို သူ လှမ်းကြည့်လိုက်သည်။

သူ၏ နှုတ်ခမ်းများက အနည်းငယ်တုန်ယင်နေပြီး မျက်နှာကလည်း ဖြူရော်နေ၏။

သူ ရှေ့သို့လျှောက်သွားရန် ပြင်လိုက်စဉ်မှာပင် မင်ကောချန်က ရုတ်တရက် အော်ပြောလိုက်သည်။

"ခဏနေဦး"

အန်းမင်ဟွေး၏ ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားပြီး မင်ကောချန်ထံသို့ အမြန်လှည့်ကြည့်လိုက်မိသည်။

တစ်ဖက်လူက စိတ်ကောင်းဝင်လာပြီး သူ့ကို ယခုလို ယုတ်မာရက်စက်သော ရွေးချယ်မှုမျိုး မလုပ်ခိုင်းတော့ဘူးဟု သူ ထင်လိုက်မိခြင်း ဖြစ်၏။

သို့သော်လည်း မင်ကောချန်၏ နောက်ထပ်စကားတစ်ခွန်းက သူ၏မျက်နှာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

မင်ကောချန်က ရယ်မောရင်း ပြောလိုက်သည်။

"လော်ယန်... သူတို့ကို နှိုးလိုက်"

ရွှီလဲ့ဖုန်းကလည်း သူ၏ခေါင်းကို ချက်ချင်းပုတ်လိုက်ပြီး ရယ်မောကာ ပြောသည်။

"ငါ့ဦးနှောက်ကတော့ကွာ... မြန်မြန်... အဲဒီသုံးယောက်ကို နှိုးလိုက်"

လော်ယန်ကလည်း တဟဲဟဲ ရယ်မောလိုက်ပြီး အန်းမင်ဟွေးကို တစ်ချက်ကြည့်လိုက်၏။

သူ၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ဖော်ရခက်သော အပြုံးတစ်ခု ချိတ်ဆွဲထားပြီး ကောက်ယွီချန်တို့ သုံးယောက်ရှေ့သို့ အမြန်လျှောက်သွားလေသည်။

ထို့နောက် ကောက်ယွီချန်ကို အားကုန်လွှဲကာ ပါးချလိုက်ရာ သတိလစ်နေသော ကောက်ယွီချန်မှာ ပါးရိုက်ခံရမှုကြောင့် လန့်နိုးလာခဲ့သည်။

အခြားတစ်ဖက်မှ ရှောင်ကျန်ကလည်း သွားဖြီးကာ ရယ်မောရင်း ရေစီးကြောင်းတစ်ခုကို ဖန်တီးလိုက်ပြီး ဝမ်ရှောင်နှင့် ဝမ်ဖန်း မောင်နှမနှစ်ယောက်၏ ကိုယ်ပေါ်သို့ ဗွမ်းကနဲ လောင်းချလိုက်၏။

ထိုအခါ မောင်နှမနှစ်ယောက်လည်း ချက်ချင်းပင် လန့်နိုးလာကြသည်။

သူတို့သုံးယောက် နိုးလာပြီးနောက် ကုန်းထရန် ရုန်းကန်ကြသော်လည်း ခန္ဓာကိုယ်တွင် ကြိုးများဖြင့် တုပ်နှောင်ခံထားရပြီး အနောက်တွင်လည်း ဓားကိုင်ထားသူများ ရပ်နေသောကြောင့် လုံးဝ ရုန်းကန်နိုင်စွမ်း မရှိကြပေ။

ကောက်ယွီချန်က ရွှီလဲ့ဖုန်းဘေးရှိ မင်ကောချန်နှင့် လော်ယန်တို့ နှစ်ယောက်ကို ဒေါသတကြီး စိုက်ကြည့်ရင်း ကျိန်ဆဲလိုက်သည်။

"မင်ကောချန်... လော်ယန်... ခင်ဗျားတို့က ကတိဖျက်ပြီး ကျုပ်တို့ကို သစ္စာဖောက်တယ်"

"ရွှီဆိုတဲ့ကောင်က ခင်ဗျားတို့ကို ဘာအကျိုးအမြတ်တွေ ပေးလို့လဲ... ခင်ဗျားတို့က ဒီလိုလုပ်ရပ်မျိုးကို လုပ်ရက်တယ်ပေါ့လေ"

ဝမ်ရှောင်ကလည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဝမ်ဖန်း တစ်ယောက်တည်းကသာ မှုန်ကုပ်နေသော မျက်နှာထားဖြင့် မင်ကောချန်ကို စိုက်ကြည့်နေပြီး ထို့နောက် အန်းမင်ဟွေးထံသို့ အကြည့်ရွှေ့သွားသည်။

အန်းမင်ဟွေး၏ လက်ထဲတွင် ဓားမြှောင်တစ်လက် ကိုင်ထားကာ အခြားသူများလို ကြိုးတုပ်မခံရဘဲ ထိုနေရာတွင် ရပ်နေကြောင်းကို သူမ တစ်ယောက်တည်းကသာ သတိထားမိလိုက်ခြင်း ဖြစ်၏။

မင်ကောချန်က ပြုံးလိုက်ပြီး ပြောသည်။

"ရှောင်ကောက်... အခြေအနေကို နားလည်တဲ့သူကမှ လူတော်ကွ... ကျန်းဖန်က အခြေအနေမှန်ကို မသုံးသပ်တတ်ဘူး... သူက အခုထိ ငါတို့ဆီမှာ အရင်က လင်းဆိုတဲ့လူ ခြယ်လှယ်နေတုန်းလို့ ထင်နေတာ"

"အခု ဒီမိန်တုဥယျာဉ်မှာ ခေါင်းဆောင်ရွှီကပဲ အာဏာရှိတာ... နောက်ဆိုရင် ခေါင်းဆောင်ရွှီရဲ့နောက်က အစ်ကိုဟော်က သင်္ဘောကို ပြန်လုယူလာတဲ့အခါ ငါတို့အတွက် တကယ့် ရေပေါ်စခန်းတစ်ခု ရလာတော့မှာ"

"အဲဒီအချိန်ကျရင် ရေတွေ ဘယ်လောက်ပဲကြီးကြီး... ကောင်းကင်က မိုးကြီးက ဘယ်အချိန်ထိပဲ ရွာရွာ... ငါတို့နဲ့ နည်းနည်းလေးမှ သက်ဆိုင်တော့မှာ မဟုတ်ဘူး"

"ငါတို့တွေ သင်္ဘောပေါ်မှာ စားသောက်ပျော်ပါးပြီး ကျန်တဲ့ဘဝကို ဇိမ်ကျကျ ဖြတ်သန်းလို့ ရသွားပြီ"

ကောက်ယွီချန်က ခနဲ့တဲ့တဲ့ ရယ်မောရင်း ကျိန်ဆဲလိုက်သည်။

"စားသောက်ပျော်ပါးမယ် ဟုတ်လား... မိုးကြီးမတိတ်ဘဲ ရေမကျရင် ခင်ဗျားတို့ သောက်ချီးပဲ စားရမှာ... ဒီရေထဲက သန္ဓေပြောင်း ငါးတွေ ပုစွန်တွေကိုပဲ စားရမှာ"

မင်ကောချန်က လှောင်ရယ် ရယ်လိုက်သည်။

"အဲ့ဒီတော့ ဘာဖြစ်လဲ... ငါးကြီးက ငါးလေးကိုစားတာ တစ်သက်လုံး ဒီလိုပဲ လာခဲ့တာ မဟုတ်ဘူးလား... သူတို့တောင် ရှင်သန်နိုင်သေးရင် ငါတို့လို အစွမ်းပိုင်ရှင်တွေကရော မရှင်သန်နိုင်စရာ အကြောင်းရှိလို့လား"

"မင်းတို့ကိုယ် မင်းတို့ပဲ စိတ်ပူကြစမ်းပါ... ရှောင်အန်း... မင်း ဘာစောင့်နေတာလဲ... နှစ်ယောက်ကို ရွေးပြီး လက်စသတ်လိုက်တော့"

မင်ကောချန်၏ စကားအဆုံးတွင် ကောက်ယွီချန်နှင့် ဝမ်ရှောင်တို့က အန်းမင်ဟွေးထံသို့ ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။

ကောက်ယွီချန်က အံ့ဩဒေါသထွက်စွာဖြင့် မေးလိုက်သည်။

"အန်းမင်ဟွေး... မင်း... မင်း... မင်း ဘာသဘောလဲ"

ဝမ်ရှောင်ကလည်း သံသယနှင့် ထိတ်လန့်မှုများ ရောယှက်နေသော မျက်လုံးများဖြင့် အန်းမင်ဟွေးကို ကြည့်ကာ မေးလိုက်သည်။

"အန်းမင်ဟွေး... မင်း ဘာလုပ်မလို့လဲ"

အန်းမင်ဟွေးက သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ထဲတွင် ခေတ္တမျှ ရုန်းကန်နေပြီးနောက်မှ တိုးညင်းသော အသံဖြင့် စတင်ပြောလိုက်သည်။

"တောင်းပန်ပါတယ်ကွာ... ယွီချန်... ဝမ်ရှောင်"

"ငါ မင်းတို့ထဲက တစ်ယောက်ကိုပဲ ကယ်နိုင်မယ်... ငါ့မှာ တကယ် ရွေးချယ်စရာ မရှိလို့ပါ"

အန်းမင်ဟွေး၏ မျက်ကွင်းများ အနည်းငယ် နီရဲနေပြီး သူပြောလိုက်သော စကားကြောင့် သူတို့သုံးယောက်စလုံး ကြက်သေ သေသွားကြသည်။

မင်ကောချန်နှင့် ရွှီလဲ့ဖုန်းတို့ကလည်း အန်းမင်ဟွေးကို အံ့ဩတကြီးဖြင့် တစ်ချက်ကြည့်လိုက်ကြ၏။

ကောင်းလိုက်တဲ့ကောင်... ဒီကောင်က စကားပြောတတ်သားပဲ... ဒီစကားတစ်ခွန်းတည်းနဲ့တင် တာဝန်ရှိသမျှ အကုန်လုံးကို သူတို့ခေါင်းပေါ် ပုံချလိုက်သလို ဖြစ်သွားသည်။

သူကတော့ မတတ်သာ၍ လုပ်ရသည့်ပုံစံမျိုး ပေါက်သွား၏။

ရွှီလဲ့ဖုန်းက မကျေမနပ်ဖြင့် ပြောလိုက်သည်။

"မင်ဟွေး... မင်းမှာ ရွေးချယ်စရာ မရှိဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ... ငါက မင်းကို ဘယ်လိုရွေးရမလဲဆိုတဲ့ အခွင့်အရေး ပေးထားပြီးသားနော်"

အန်းမင်ဟွေး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး စိတ်ထဲတွင် ဒေါသထွက်သွားသည်။

ဒီကောင်တွေက နောက်ဆုံးကျန်နေတဲ့ မျက်နှာကိုတောင် ကိုယ့်လက်နဲ့ကိုယ် ခွာချခိုင်းနေတာလား။

သူ ခေါင်းငုံ့ထားလိုက်ပြီး နှုတ်ဆိတ်နေလိုက်၏။

မင်ကောချန်က ပြုံးစိစိဖြင့် ပြောလိုက်သည်။

"အန်းမင်ဟွေး... ခုလေးတင် မင်းကို အခြေအနေ နားလည်တယ်လို့ ငါ ချီးကျူးထားတာလေ... ဘယ်လိုဖြစ်လို့ အခုချိန်ကျမှ မိန်းမလျာလို တွန့်ဆုတ်နေရတာလဲ"

"ဒီသစ္စာခံတဲ့လက္ခဏာကို မင်း မပြဘူးဆိုရင်တော့ ငါတို့ လက်ပါတာကို အပြစ်မတင်နဲ့နော်"

အန်းမင်ဟွေး၏ ရင်ထဲတွင် အနည်းငယ် လေးလံသွားပြီး မင်ကောချန်၊ ရွှီလဲ့ဖုန်းနှင့် အခြားသူများကို လှမ်းကြည့်လိုက်ရာ တစ်ဖက်လူများ၏ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်နှာပေါ်တွင် အေးစက်သော အရိပ်အယောင်များ ဖုံးလွှမ်းနေသည်ကို မြင်တွေ့လိုက်ရသည်။

သူက ကပျာကယာ ပြောလိုက်သည်။

"သိပါပြီ"

ထို့နောက် အန်းမင်ဟွေးက ဓားမြှောင်ကိုကိုင်ကာ ဘယ်ဘက်အစွန်ဆုံးရှိ ကောက်ယွီချန်ထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်ကို မြင်လိုက်ရ၏။

ကောက်ယွီချန်က သူ၏မျက်လုံးများကို စူးစူးရဲရဲ စိုက်ကြည့်နေသော်လည်း အန်းမင်ဟွေးက မျက်လုံးချင်း မဆုံရဲပေ။

ထို့အစား ခေါင်းကိုငုံ့ကာ မျက်လွှာချထားရင်း ပြောလိုက်သည်။

"ယွီချန်... အခြေအနေက ဒီလိုဖြစ်နေပြီမို့ ငါ့ကို အပြစ်မတင်ပါနဲ့... ငါက အသက်ရှင်ချင်ရုံ သက်သက်ပါကွာ"

"အပြစ်တင်မယ်ဆိုရင် မင်းတို့အစွမ်းက သူများထက် နိမ့်ကျနေတာကိုပဲ အပြစ်တင်ပါ... ပြီးတော့ မင်းတို့ကံမကောင်းတာရယ် နိုးထလာတဲ့ အစွမ်းက အသုံးမဝင်တာကိုပဲ အပြစ်တင်လိုက်တော့"

"နောက်ဘဝဆိုတာ ရှိရင် ဒီလောကကို ပြန်မလာနဲ့တော့"

ပြောပြီးသည်နှင့် သူက လက်ထဲရှိ ဓားမြှောင်ကို မြှောက်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကောက်ယွီချန်၏ ဆံပင်များကို ဆွဲကိုင်လိုက်သည်။

ကောက်ယွီချန်၏ ခေါင်းကို အားဖြင့် ဆောင့်ဆွဲလိုက်သောအခါ ကောက်ယွီချန်မှာ နာကျင်မှုကြောင့် ခေါင်းမော့သွားပြီး သူ၏ လည်ပင်းကို ဖော်ပြလိုက်သလို ဖြစ်သွား၏။

"ထွီ"

ကောက်ယွီချန်က အန်းမင်ဟွေး၏ မျက်နှာပေါ်သို့ တံတွေးဖြင့် အားပါးတရ ထွေးချလိုက်သည်။

"သစ္စာဖောက်ကောင်"

သူက ထိုသို့ ဆဲရေးလိုက်၏။

အန်းမင်ဟွေးက ရှောင်တိမ်းခြင်း မရှိဘဲ သူ၏ မျက်လုံးများက ပို၍ အေးစက်ရက်စက်လာသည်။

လက်ထဲရှိ ဓားဖြင့် ပြင်းထန်စွာ ထိုးချရန် ပြင်လိုက်တော့သည်။

"ရပ်လိုက်စမ်း"

ဝမ်ရှောင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး အန်းမင်ဟွေးကို လှမ်းအော်လိုက်သည်။

"သုံးယောက်မှာ နှစ်ယောက်ကို သတ်ရမှာ မဟုတ်လား... အန်းမင်ဟွေး... ငါ အရင်တုန်းက အစ်ကိုဖန်ရဲ့ သစ်သားဖောင်ပေါ်ကို မင်းရောက်အောင် အသက်စွန့်ပြီး ကယ်ခဲ့တာကို မင်း မှတ်မိသေးရင် ငါ့ကို အရင်သတ်လိုက်"

အန်းမင်ဟွေး၏ လက်က အနည်းငယ် ရပ်တန့်သွားသည်။

အရင်တုန်းက သူတို့သုံးယောက်ကို လူတွေက အဆောက်အအုံပေါ်မှ ခုန်ချရန် အတင်းအကျပ် ခိုင်းစေခဲ့စဉ်က ဝမ်ရှောင်၊ ကောက်ယွီချန်နှင့် ဝမ်ဖန်းတို့ သုံးယောက်စလုံးမှာ အခြားအမျိုးအစား အစွမ်းပိုင်ရှင်များ ဖြစ်ကြပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းတွင် အတော်လေး ထူးချွန်ကြသည်။

အန်းမင်ဟွေး တစ်ယောက်သာ ကုသရေး အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်သောကြောင့် ရေထဲသို့ ပြုတ်ကျသွားချိန်တွင် ရေပြင်၏ ရိုက်ခတ်မှုဒဏ်ကြောင့် သတိလစ် မေ့မြောသွားခဲ့၏။

အကယ်၍ ဝမ်ရှောင်သာ သူ့ကို ဆွဲမတင်ပေးခဲ့ပါက သူ အစောပိုင်းကတည်းက သတိလစ်သေဆုံးသွားမည်ဖြစ်ပြီး နောက်ဆုံးတွင် ရေလွှမ်းမိုးနေသော ရေပြင်ထဲရှိ သန္ဓေပြောင်း ငါးများ၊ ပုစွန်များ၏ စားသောက်ခြင်းကို ခံလိုက်ရမည် ဖြစ်သည်။

ယခုအချိန်တွင် ဝမ်ရှောင်၏ ထိုသို့အော်ဟစ် ကြိမ်းမောင်းသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူ၏ လက်ထဲမှ လှုပ်ရှားမှုကလည်း အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။

သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောသည်။

"ဝမ်ရှောင်... အရင်က ငါ မင်းကို အသက်တစ်ချောင်း အကြွေးတင်ခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ အရင်တုန်းက မင်းတို့ တခြားလူတွေနဲ့ တိုက်ခိုက်ပြီး ဒဏ်ရာရလာတိုင်း ငါ ကုပေးခဲ့တာချည်းပဲ မဟုတ်ဘူးလား"

"ဆပ်သင့်ဆပ်ထိုက်တဲ့ ကျေးဇူးတွေကို ငါ မင်းတို့ကို စောစောစီးစီးကတည်းက ပြန်ဆပ်ပြီးသွားပါပြီ"

အန်းမင်ဟွေးက စကားပြောရင်း လက်ထဲရှိ ဓားမြှောင်ကို တစ်ဖန် ပြန်မြှောက်လိုက်ကာ နှုတ်မှလည်း ပြောလိုက်သည်။

"ငါ့ကို အပြစ်မတင်ပါနဲ့"

"ဒုတ်"

တုံးတိတိ အသံတစ်သံနှင့်အတူ ချက်ချင်းဆိုသလိုပင် စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

အန်းမင်ဟွေးက ရုတ်တရက် လန့်ဖျပ်သွားပြီး ချက်ချင်း နောက်လှည့်ကြည့်လိုက်၏။

သို့သော် အလင်းဓားသွားတစ်ခုက လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရပြီးနောက် ပြတင်းပေါက်နှင့် အနီးဆုံးတွင်ရှိသော ရွှီလဲ့ဖုန်း၏ တပည့်တစ်ယောက်မှာ ချက်ချင်းပင် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားတော့သည်။

ထိုနောက်တွင် ပြတင်းပေါက် ပေါက်ကွဲထွက်သွားကာ လူရိပ်တစ်ခုက လေထဲသို့ တက်နင်း၍ ပေါက်ကွဲထွက်လာပြီး လေထဲတွင် အရိပ်တစ်ခုသာ လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။

အပြင်ဘက်မှလည်း လေထုကို ခွင်းသည့်အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ပြတင်းပေါက်အနီးရှိ ပြတင်းပေါက်များမှာ ဖန်ကွဲသံများနှင့်အတူ တဖြောက်ဖြောက် ကွဲကြေသွားကြ၏။

ပို၍ လွန်ကဲသည်မှာ နံရံတစ်ခုလုံး ဂျွတ်ခနဲ အသံနှင့်အတူ အလယ်တည့်တည့်မှ တိုက်ရိုက် ကွဲကြေသွားခြင်း ဖြစ်သည်။

လေဟာနယ်က နံရံကို ဘေးတစ်ဖက်တစ်ချက်စီသို့ အတင်းအဓမ္မ ဖိညှစ်တွန်းထုတ်လိုက်သည့်အလား ပင်။

ထို့နောက် ကွဲအက်သွားသော နံရံကြားမှ လူရိပ်များစွာ ထွက်ပေါ်လာကြသည်။

ဦးဆောင်လာသူမှာ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နှင့် လူငယ်တစ်ယောက် ဖြစ်၏။

အန်းမင်ဟွေးက ထိုလူများကို မသိသလို ကြမ်းပြင်ပေါ်ရှိ ကောက်ယွီချန်ကလည်း မသိပေ။

ဝမ်ရှောင်နှင့် ဝမ်ဖန်းတို့ကတော့ ပို၍ပင် မသိကြတော့ချေ။

ရွှီလဲ့ဖုန်းပင်လျှင် အကြောင်းရင်းကို နားမလည်နိုင်အောင် ဖြစ်သွားသည်။

သူက အံ့ဩမှုနှင့် ဒေါသတို့ ရောယှက်နေသော အကြည့်ဖြင့် ထိုလူစုကို စိုက်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ကာ အလျင်အမြန် အော်မေးလိုက်သည်။

"မင်းတို့က ဘယ်သူတွေလဲ"

ဘေးနားရှိ ရှောင်ကျန်နှင့် အခြားအစွမ်းပိုင်ရှင်များကလည်း အမြန်စုရုံးလာကြပြီး ရွှီလဲ့ဖုန်း၏ဘေးတွင် အစောင့်အရှောက်အဖြစ် ရပ်လိုက်ကြ၏။

မင်ကောချန်၊ လော်ယန်နှင့် အခြားသူများကလည်း နံရံကိုဖောက်၍ ဝင်ရောက်လာသော ရုပ်ရည်သန့်ပြန့်သည့် လူငယ်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားကြသည်။

သို့သော် အစောဆုံး ဝင်ရောက်လာသော အမျိုးသမီးကို သူ မြင်လိုက်ရသည့်အချိန်တွင် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့ဝင်သွားတော့သည်။

"ခေါင်း... ခေါင်းဆောင်တင်း"

မင်ကောချန်၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး မျက်နှာတစ်ပြင်လုံးတွင် မယုံနိုင်သည့် အမူအရာများ ဖုံးလွှမ်းသွားကာ သရဲတစ္ဆေကို မြင်လိုက်ရသည့်အလား ခြေထောက်များပင် တုန်ယင်လာခဲ့၏။

သူ၏ဘေးရှိ လော်ယန်ကတော့ ပို၍ပင် ဆိုးရွားလှသည်။ ထိုအမျိုးသမီးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ထိတ်လန့်လွန်း၍ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး ခြေထောက်နှစ်ဖက်လုံး ပျော့ခွေကာ ယိုင်နဲ့နဲ့ဖြင့် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက်ကျသွားတော့သည်။

သူ၏ နှုတ်ခမ်းများက တုန်ယင်နေပြီး အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်သည်။

"မ... မဖြစ်နိုင်ဘူး... ခင်ဗျားက ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"

ပြတင်းပေါက်ဝရှိ တင်းယန်က ထိုသူနှစ်ယောက်၏ စကားကို ကြားသောအခါ သူတို့နှစ်ယောက်ထံသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး လှပကျော့ရှင်းသော မျက်နှာပေါ်တွင် အနည်းငယ် နားမလည်နိုင်သည့် အမူအရာတစ်ခု ပေါ်လာသည်။

"နင်တို့က ငါ့ကို သိလို့လား"

ထို့နောက် သူမက ခေါင်းခါလိုက်ပြီး "ကြည့်ရတာ နင်တို့က ကျန်းဖန်ပြောတဲ့ အမှတ် (၇၅) တိုက်က အသက်ရှင်ကျန်ရစ်သူတွေထဲက အစွမ်းပိုင်ရှင်အသစ်တွေ ဖြစ်ရမယ်"

သူမက အပိုစကားမပြောဘဲ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။

"လီချင်းဟွာ... ထူလုံ... ရှင်တို့ကို ငါးမိနစ် အချိန်ပေးမယ်... ရှင်းလိုက်တော့"

ထူလုံက သွားဖြီးကာ ရယ်မောလိုက်ပြီး လက်နှစ်ချောင်း ထောင်ပြလိုက်သည်။

"ဒီအမှိုက်တွေကို ရှင်းဖို့က နှစ်မိနစ်ဆို လုံလောက်ပါတယ်"

ထိုသို့ပြောပြီးနောက် သူက အပေါ်သို့ ခုန်တက်လိုက်ကာ လေထဲတွင် တစ်ပတ်လည်သွားပြီး ချက်ချင်းပင် ကျားဖြူကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွား၏။

"ဝေါင်းးးးးးးးးးးးးးးးးးးး"

ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သော ကျားဟိန်းသံကြီး ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် သူက ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်တစ်ဦး၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ခုန်အုပ်လိုက်တော့သည်။

ထိုလူကလည်း ကပျာကယာ အစွမ်းကိုထုတ်ဖော်ကာ အစွမ်းကုန် ပေါက်ကွဲထွက်စေလိုက်သည်။

သို့သော်လည်း သနားစရာကောင်းသော ထိုလူမှာ ခွန်အားအစွမ်းကို နိုးထလာခဲ့သည့်အချိန် သိပ်မကြာသေးပေ။

ထို့ကြောင့် သူ အကျွမ်းကျင်ဆုံးဖြစ်သည့် ခွန်အားပိုင်းတွင်ပင် အစောဆုံး အစွမ်းပိုင်ရှင်များထဲမှ တစ်ဦးဖြစ်သည့် ထူလုံ၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။

"ရွှပ်"

ထူလုံ၏ လက်သည်းနှစ်ဖက်ဖြင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆွဲဆုတ်လိုက်မှုကြောင့် ချက်ချင်းဆိုသလိုပင် အသားစသွေးစများ လွင့်စဉ်သွားပြီး သွေးများ ပန်းထွက်လာခဲ့၏။

လီချင်းဟွာက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ထူလုံ၏ ထိုမျှလောက် သွေးထွက်သံယိုများသော လုပ်ရပ်အပေါ် အနည်းငယ် သဘောမကျဖြစ်သွားသည်။

သူ၏ အကြည့်က ကြမ်းပြင်ပေါ်တွင် ကြိုးတုပ်ခံထားရသော ဝမ်ရှောင်တို့ သုံးယောက်ထံသို့ အရင်ဦးဆုံး ရောက်ရှိသွား၏။

ဤသည်မှာ ယခုတစ်ကြိမ် ကယ်ဆယ်ရမည့် ပစ်မှတ်များဖြစ်ကြောင်း ချက်ချင်း နားလည်သွားသဖြင့် သူ၏ လက်နှစ်ဖက်ဖြင့် ထိုဘက်သို့ ညင်သာစွာ ဆွဲယူလိုက်သည်။

"ရွှစ်"

ထိုအခါ ကောက်ယွီချန်၊ ဝမ်ရှောင်နှင့် ဝမ်ဖန်းတို့ သုံးယောက်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ချက်ချင်း တွန့်လိမ်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖောက်ထွင်းမြင်ရသော ဟင်းလင်းပြင်ပူဖောင်းတစ်ခု ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အန်းမင်ဟွေး၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး နောက်သို့ ကပျာကယာ ဆုတ်ခွာကာ တံခါးပေါက်မှ ထွက်ပြေးရန် ပြင်လိုက်၏။

သို့သော် သူ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ကြမ်းပြင်က တဝုန်းဝုန်း တုန်ခါလာသည်ကို ခံစားလိုက်ရသည်။

သူ နောက်လှည့်ကြည့်လိုက်ရာ လီချင်းဟွာ၏ဘေးရှိ လူငယ်တစ်ယောက်မှာ တစ်ကိုယ်လုံး သတ္တုရောင်များ တောက်ပနေပြီး လူအုပ်ထဲသို့ အရူးအမူး ဝင်တိုက်သွားသည်ကို မြင်လိုက်ရ၏။

သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် လူအားလုံးမှာ ချက်ချင်း လွင့်စင်ထွက်သွားကြသည်။

ရွှီလဲ့ဖုန်းက အကြီးအကျယ် ဒေါသထွက်သွားပြီး ချက်ချင်း ပြန်လည်တိုက်ခိုက်တော့သည်။

သူ၏ တစ်ကိုယ်လုံးမှ အဆီများ အမြောက်အမြား ထွက်ပေါ်လာပြီး ပြင်းထန်စွာ ပစ်ပေါက်လိုက်၏။

သူ၏ဘေးမှ အလျင်အမျိုးအစား အစွမ်းပိုင်ရှင်တစ်ဦးက ပြေးထွက်လာကာ မီးခြစ်ကိုထုတ်၍ အလျင်အမြန် မီးစတင်ရှို့လိုက်သည်။

"ဝုန်း"

ပတ်ဝန်းကျင်ရှိ အဆီများက ချက်ချင်း မီးစွဲလောင်သွားပြီး မီးတောက်များ အရူးအမူး တောက်လောင်လာတော့သည်။

ရွှီလဲ့ဖုန်းက ရက်စက်စွာ ရယ်မောလိုက်သည်။

"မင်းတို့က ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး... မင်းတို့ကို မီးရှို့သတ်ပစ်မယ်... ဟားဟားဟားဟား"

ဘေးနားရှိ မင်ကောချန်နှင့် လော်ယန်တို့ နှစ်ယောက်က ပရမ်းပတာ ဖြစ်နေချိန်တွင် အမြန်ကုန်းထလိုက်ပြီး တိုက်ခိုက်ရန် စိတ်ကူး လုံးဝမရှိဘဲ လှည့်ကာ တံခါးပေါက်ဆီသို့ ပြေးထွက်သွားကြ၏။

သို့သော် သူတို့ တံခါးပေါက်သို့ မရောက်မီမှာပင် ကောက်လီ၏ ထွားကြိုင်းသော ခန္ဓာကိုယ်ကြီးက အခန်းပေါက်ဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

သူ၏ မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိဘဲ လက်တစ်ဖက်တွင် ဒိုင်းကိုကိုင်ကာ အခြားလက်တစ်ဖက်တွင် တူကို ကိုင်ထား၏။

ဒိုင်းနှင့် တူ နှစ်ခုစလုံးမှာ အရိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်းတို့အပေါ်တွင် ထူးဆန်းသော သင်္ကေတများ ထွင်းထုထားသည်။

၎င်းမှာ သူက အမှတ်များကို အကုန်အကျခံကာ ကိုလင်းထံမှ ဝယ်ယူထားသည့် နောက်ဆုံးပေါ် အစွမ်းလက်နက်များ ဖြစ်သည်။

ဒိုင်းပေါ်ရှိ အပြာရောင် သင်္ကေတမှာ ရေဒိုင်းသင်္ကေတ ဖြစ်၏။

တူပေါ်ရှိ အနီရောင် သင်္ကေတမှာ လေပေါက်ကွဲ သင်္ကေတ ဖြစ်သည်။

တစ်ခုက ခံစစ်ကို တိုးမြှင့်ပေးပြီး အခြားတစ်ခုက တိုက်ခိုက်မှုကို တိုးမြှင့်ပေးသောကြောင့် သူကဲ့သို့ ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်နှင့် အသင့်တော်ဆုံး ဖြစ်ပေသည်။

ယခုအချိန်တွင် ကောက်လီက ဒိုင်းကို ကိုင်ထားရင်း ခြေတစ်လှမ်း ပြင်းထန်စွာ လှမ်းလိုက်ပြီးနောက် ဘယ်ဘက်လက်မောင်းရှိ ဒိုင်းဖြင့် အရူးအမူး ရိုက်ချလိုက်၏။

"ဘုန်း"

ပြင်းထန်ကြမ်းတမ်းသော လေစီးကြောင်းက ချက်ချင်းပင် ဒိုင်းမျက်နှာပြင်ပေါ်တွင် စုစည်းသွားပြီး ကြီးမားသော ဖိအားအောက်တွင် ဒိုင်းက လေထုကို ညှစ်ထုတ်ကာ လော်ယန်၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်သွားတော့သည်။

ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်ချင်း အတူတူ ဖြစ်သည့် လော်ယန်မှာ တစ်ချက်တည်းနှင့်ပင် ထိုဒိုင်း၏ ပြင်းထန်စွာ ရိုက်လွှင့်ခြင်းကို ခံလိုက်ရ၏။

မင်ကောချန် အကြီးအကျယ် ထိတ်လန့်သွားပြီး တစ်ကိုယ်လုံးမှ အစွမ်းများ ပေါက်ကွဲထွက်လာကာ ခန္ဓာကိုယ် အနှံ့အပြားရှိ အရေပြားများပေါ်တွင် အသားချပ်ဝတ်တန်ဆာ အလွှာများ အလျင်အမြန် စုစည်းဖြစ်ပေါ်လာတော့သည်။

သူက အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်သည်။

"ဖယ်စမ်း"

ကောက်လီထံသို့ ပြင်းထန်သော လက်သီးတစ်ချက် ထိုးချလိုက်၏။

လက်သီးအားက လေထုကို ဖောက်ထွင်းကာ တုန်ဟည်းသော အသံများကို ထွက်ပေါ်လာစေသည်။

ကောက်လီက အလျင်အမြန်ပင် ဒိုင်းကို ဝှေ့ယမ်းကာ ကာကွယ်လိုက်၏။

"ဒေါင်"

ဒိုင်းကို ခန္ဓာကိုယ်ရှေ့တွင် ကာကွယ်လိုက်သည့် ခဏ၌ပင် ဒိုင်းပေါ်ရှိ မျဉ်းကြောင်းများ လင်းလက်လာပြီး ရေလှိုင်းနှင့်တူသော စွမ်းအင်အစုအဝေးတစ်ခု လှုပ်ခတ်လာသည်။

ကောက်လီမှာ တစ်ဖက်လူ၏ လက်သီးအားကို ရေဒိုင်းက အလျင်အမြန် စုပ်ယူသွားသည်ကိုသာ ခံစားလိုက်ရပြီး မည်သည့် ရိုက်ခတ်မှု အားကိုမျှ မခံစားရချေ။

"ကောင်းလိုက်တဲ့ ဒိုင်း"

ကောက်လီ၏ မျက်လုံးများထဲတွင် အံ့ဩဝမ်းသာသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ထိုဒိုင်းမှာ သူ၏ အမှတ် ၅၀၀၀ နီးပါးကို အကုန်ခံကာ လဲလှယ်ထားခြင်း ဖြစ်၏။

မူလက သူ့ကို အလွန်နှမြောမိစေခဲ့သော်လည်း ယခုအချိန်တွင် အသုံးပြုကြည့်လိုက်မှ တန်ဖိုးထက် ပို၍ပင် တန်သည်ဟု ခံစားလိုက်ရတော့သည်။

အမှတ် ၅၀၀၀ ဆိုသည်မှာ ငါးအကောင်ရေ ၅၀၀ ခန့်နှင့် ညီမျှသော တန်ဖိုး ဖြစ်သည်။

သို့သော်လည်း ဤဒိုင်း၏ စွမ်းအားက သူ့ကို အမှန်တကယ်ပင် ကျေနပ်သွားစေခဲ့၏။

သူသည် ရန်သူ၏ လက်သီးများကို ကာကွယ်ရန် သူ၏ ကိုယ်ခန္ဓာကို အသုံးပြုရန် မလိုတော့ပေ။

"ဒီလေပေါက်ကွဲ အရိုးတူကို စမ်းကြည့်ရမယ်"

ကောက်လီက ကာကွယ်လိုက်သည့် အခွင့်အရေးကို အသုံးချကာ ညာဘက်လက်ရှိ အရိုးတူကို ပြင်းထန်စွာ လွှဲယမ်းလိုက်သည်။

အရိုးတူပေါ်ရှိ လေပေါက်ကွဲ သင်္ကေတများ လည်ပတ်သွားပြီး သူ၏ မူလကတည်းက ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ပေါင်းစပ်သွားကာ လေပြင်းများ တိုက်ခတ်သကဲ့သို့ ထုချလိုက်၏။

"ဝှီး"

ကြောက်မက်ဖွယ်ကောင်းသော လေထုခွင်းသံကြီး ပေါက်ကွဲထွက်ပေါ်လာပြီး တုံးတိတိ လက်နက်ဖြစ်သည့် တူမှာ အသံထက်မြန်သော ပေါက်ကွဲမှုကိုပင် ဖန်တီးလိုက်သည်။

ဤအခိုက်အတန့်တွင် အလျင်နှင့် ခွန်အား နှစ်ခုစလုံးမှာ အရူးအမူး နှစ်ဆတိုးသွားတော့၏။

မင်ကောချန်၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး ထိုတူကို လုံးဝ မရင်ဆိုင်ရဲဘဲ အလျင်အမြန် နောက်သို့ ခုန်ဆုတ်၍ ရှောင်တိမ်းလိုက်သည်။

သို့သော်လည်း သူ၏ လှုပ်ရှားမှုက မနှေးသော်ငြား လေပေါက်ကွဲ သင်္ကေတ၏ ပံ့ပိုးမှု ပါဝင်နေသော အရိုးတူ၏ အလျင်မှာ အလွန်ပင် လျင်မြန်လှသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခြေထောက်တစ်ဖက်ကို ပြင်းထန်စွာ ထုမိသွားတော့သည်။

"ဘုန်း"

ကျယ်လောင်သော အသံကြီး ပေါက်ကွဲထွက်ပေါ်လာပြီး မင်ကောချန်မှာ ညာဘက်ခြေထောက်မှ နာကျင်မှုတစ်ချက်ကို ခံစားလိုက်ရကာ သွေးမြူတိမ်တစ်ခု ပေါက်ကွဲထွက်လာ၏။

သူ၏ တစ်ကိုယ်လုံးမှာ ညာဘက်သို့ လွင့်စင်ထွက်သွားပြီး ဒိုင်းခနဲ အသံနှင့်အတူ ဘေးနားရှိ နံရံပေါ်သို့ ဝင်တိုက်မိသွားတော့သည်။

ထို့နောက် သူက မျက်ဖြူလန်သွားပြီး တစ်ခါတည်း သတိလစ် မေ့မြောသွားတော့၏။

ထိုအချိန်တွင် ကောက်လီ၏ အရိုးတူမှာ ရပ်တန့်မသွားဘဲ ကြွင်းကျန်နေသော အားများဖြင့် ကြမ်းပြင်ပေါ်သို့ ထုချမိသွားရာ ဝုန်းခနဲ အသံနှင့်အတူ ကြမ်းပြင်တစ်ခုလုံးမှ ပေါက်ကွဲသံကဲ့သို့ ဟိန်းထွက်လာသည်။

ထို့နောက် ကြမ်းပြင်မှာ ဝုန်းခနဲ ကွဲအက်သွားပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ အလျင်အမြန် ပျံ့နှံ့သွား၏။

အရိုးတူ ကျရောက်သွားသည့် နေရာမှာ ကြမ်းပြင်ကို အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့ပြီး အောက်ထပ်ကိုပင် ဖောက်ထွင်းသွားတော့သည်။

ကောက်လီမှာ မျက်လုံးပြူးသွားပြီး အံ့ဩဝမ်းသာမှုများ ရောယှက်သွားသည်ကိုသာ ခံစားလိုက်ရ၏။

"ကောင်းလိုက်တဲ့ လေပေါက်ကွဲ အရိုးတူ... အမှတ် ၅၀၀၀ သုံးရတာ တကယ်ကို တန်လွန်းတယ်"

ထိုအရိုးတူမှာလည်း သူ၏ အမှတ် ၅၀၀၀ အကုန်ခံထားရခြင်း ဖြစ်သည်။

ယခုအချိန်တွင် အသုံးပြုရသည်မှာ သောက်ရမ်းကို ကောင်းလွန်းနေတော့၏။

ထိုဘက်မှ လှုပ်ရှားမှုက အလွန်ကြီးမားလွန်းသဖြင့် ရှမင်၊ လီချင်းဟွာနှင့် အခြားသူများပင် မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိကြသည်။

သူတို့သည်လည်း အစွမ်းလက်နက်များ၏ စွမ်းအားကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာပေါ်တွင် အံ့သြချီးကျူးသည့် အရိပ်အယောင်များ ပေါ်ထွက်လာကြ၏။

ကျားဖြူအသွင် ပြောင်းထားသော ထူလုံပင်လျှင် မနေနိုင်ဘဲ လူစကား ပြောလိုက်သည် "သောက်ကျိုးနည်း... ကောက်လီ... မင်းရဲ့ ဒီအစွမ်းလက်နက်က မလွန်လွန်းဘူးလားကွ"

ထူလုံက သူကိုယ်တိုင်ပင် ထိုအချက်ကို ခံနိုင်မည် မဟုတ်ဟု ခံစားလိုက်ရသည်။

ကောက်လီက တဟားဟား ရယ်မောလိုက်ပြီး မီးရှို့နေဆဲဖြစ်သည့် ရွှီလဲ့ဖုန်းဘက်သို့ ခေါင်းလှည့်ကြည့်ကာ ပြောလိုက်သည်။

"တပ်မှူးတင်း... ဒီကောင်ကို ကျွန်တော် လေ့ကျင့်ဖို့ ချန်ထားပေးပါလား"

တင်းယန်ကလည်း ရယ်မောလိုက်ပြီး ခေါင်းအနည်းငယ် ငြိမ့်ပြကာ ကိုယ်ကိုယိမ်းလိုက်ပြီး ရှောင်ကျန်ဟုခေါ်သော ရေဓာတ်အစွမ်းပိုင်ရှင်ထံသို့ ချဉ်းကပ်သွား၏။

ရှောင်ကျန်၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်။

"ရှေ့တိုး မလာနဲ့"

သူက လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရာ ရေဘောလုံးတစ်လုံး စုစည်းဖြစ်ပေါ်လာပြီး တင်းယန်ထံသို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။

သို့သော် တင်းယန်၏ လှုပ်ရှားမှုအလျင်မှာ အလွန်မြန်ဆန်လှပြီး ခြေအောက်မှ အစွမ်းသွင်း အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ သူမ၏ ပေါက်ကွဲအားကို ချက်ချင်း မြှင့်တင်ပေးလိုက်သဖြင့် မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွား၏။

ရေဘောလုံးမှာ သူမကို လုံးဝ လွှမ်းခြုံနိုင်ခြင်း မရှိခဲ့ချေ။

ရှောင်ကျန်က ထိတ်လန့်သွားသည့် အမူအရာကို ပြသလိုက်ပြီး အလျင်အမြန် လက်ကိုဝှေ့ယမ်းကာ သူ၏ရှေ့တွင် ရေတံတိုင်းတစ်ခုကို ကာကွယ်လိုက်သည်။

သို့သော် ထိုရေတံတိုင်းကို တည်ဆောက်ပြီးသည်နှင့် ဗြိခနဲ အသံတစ်သံကို ကြားလိုက်ရပြီး လခြမ်းပုံစံ အလင်းဓားသွားတစ်ခုက ရေတံတိုင်းကို တိုက်ရိုက် ဆွဲဖြဲသွားတော့သည်။

ထို့နောက်တွင်လည်း လခြမ်းဓားသွားများ ဆက်တိုက် ပစ်ခတ်ဝင်ရောက်လာ၏။

"ရွှပ်... ရွှပ်... ရွှပ်"

လခြမ်းဓားသွားများက အလွန်ထက်မြက်လှပြီး ရှောင်ကျန်၏ ခန္ဓာကိုယ်ကို အလွန်လျင်မြန်စွာ ဆွဲဖြဲလိုက်ရာ ချက်ချင်းပင် သွေးများ ပန်းထွက်လာပြီး အရိုးဖြူဖြူများ အမြောက်အမြား ထွက်ပေါ်လာတော့သည်။

"အား"

ရှောင်ကျန်က စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ နောက်ဆုံးအသံမှာ သူ၏ ခေါင်းကို လခြမ်းဓားသွားတစ်ချက်က ခုတ်ပိုင်းမသွားမီ ထွက်ပေါ်လာခြင်း ဖြစ်၏။

အခန်းတွင်းမှ အော်ဟစ်သံများမှာ ရှောင်ကျန် တစ်ယောက်တည်းသာ မဟုတ်ဘဲ အခြား အစွမ်းပိုင်ရှင်များထံမှလည်း ဖြစ်သည်။

ရွှီလဲ့ဖုန်းအဖွဲ့မှ အစွမ်းပိုင်ရှင်များ အားလုံး ဤနေရာတွင် ရှိနေသော်လည်း တင်းယန်နှင့် အခြားသူများ၏ သစ်ဆွေးကို ချိုးဖျက်သကဲ့သို့ လွယ်ကူသော အနေအထားဖြင့် အလျင်အမြန် သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့၏။

ဤမြင်ကွင်းက လီချင်းဟွာ၏ ဟင်းလင်းပြင် ပူဖောင်းဖြင့် ကာကွယ်ပေးထားသော ကောက်ယွီချန်တို့ သုံးယောက်ကို လုံးဝ မှင်တက်သွားစေခဲ့သည်။

ကောက်ယွီချန်က တီးတိုးရေရွတ်လိုက်သည်။

"ဒီ... ဒီလူတွေက ဘယ်သူတွေလဲ"

ဝမ်ရှောင်၏ မျက်လုံးများ လင်းလက်သွားပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ပြောလိုက်သည်။

"ဟိုအမျိုးသမီးက ခုလေးတင် အစ်ကိုဖန်ကို ပြောသွားတာပဲ"

ဝမ်ဖန်းလည်း ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

"အစ်ကို... အစ်ကို့အဓိပ္ပာယ်က အစ်ကိုဖန် မသေသေးဘူးလို့ ပြောတာလား... သူ... ဒီလူတွေက သူ ခေါ်လာတဲ့လူတွေလား"

"ဖြစ်နိုင်တယ်"

"ဒါပေမဲ့ မိန်တုဥယျာဉ်မှာ ဘယ်တုန်းက ဒီလိုအစွမ်းပိုင်ရှင်တွေ ပေါ်လာတာလဲ"

မည်သူကမျှ သူမကို အဖြေမပေးနိုင်ချေ။ လက်ရှိအခြေအနေမှာ သူတို့၏ သိနားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်၏။

ယခုအချိန်တွင် တိုက်ပွဲမှာ အများစု ပြီးဆုံးသွားပြီ ဖြစ်သည်။

ထူလုံမှာ လူအသွင်သို့ ပြန်လည်ရောက်ရှိသွားပြီး လီချင်းဟွာနှင့် ရှမင်တို့ကလည်း မလှမ်းမကမ်းတွင် ရပ်ကာ အလယ်ဗဟိုသို့ လှမ်းကြည့်နေကြသည်။

တင်းယန်ကလည်း ပြင်းထန်စွာ တိုက်ခိုက်နေသော ကောက်လီနှင့် ရွှီလဲ့ဖုန်းတို့ထံသို့ လှမ်းကြည့်လိုက်၏။

သူတို့အတွက်မူ ဤအရာမှာ တိုက်ပွဲတစ်ခု မဟုတ်ဘဲ အစွမ်းလက်နက်များကို စမ်းသပ်သည့် စမ်းသပ်မှုတစ်ခုသာ ဖြစ်ပေတော့သည်။

ဆက်ရန်...

အပိုင်း(၃၃၈) နာမည်ဂုဏ်သတင်းအတွက်လား

ဤကယ်ဆယ်ရေးစစ်ဆင်ရေးက ရုတ်တရက်တိုက်ခိုက်ခြင်းမှသည် ဖြေရှင်းပြီးဆုံးသည်အထိ စုစုပေါင်း ၅ မိနစ်ပင် အချိန်မယူခဲ့ရပေ။

ရွှီလဲ့ဖုန်း၏ လူများအားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယခုအချိန်တွင် အခန်းထဲ၌ မတ်တတ်ရပ်နိုင်သူဟူ၍ ရွှီလဲ့ဖုန်း တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။

အသက်ရှင်ကျန်ရစ်သူ အခြားသူများကမူ မြေပြင်ပေါ်တွင် လဲကျနေကာ စူးစူးဝါးဝါး အော်ဟစ်နေကြ၏။

ထိုအချိန်တွင် ထူလုံနှင့် အခြားသူများက ထိုအော်ဟစ်နေသူများကို ဂရုမစိုက်ကြဘဲ အားလုံး၏ အကြည့်များက အလယ်ဗဟိုရှိ အရိပ်နှစ်ခုထံတွင်သာ ကျရောက်နေကြသည်။

ကောက်လီနှင့် ရွှီလဲ့ဖုန်းပင် ဖြစ်သည်။

ယခုအချိန်တွင် ကောက်လီက ဘယ်လက်ဖြင့် ဒိုင်းလွှားကို ကိုင်ဆောင်ထားပြီး ညာလက်ဖြင့် တူကို ဆုပ်ကိုင်ထား၏။

မျက်နှာချင်းဆိုင်ရှိ ရွှီလဲ့ဖုန်း၏ တစ်ကိုယ်လုံးတွင်မူ အဆီများ ဖုံးလွှမ်းနေပြီး ခြေလှမ်းလိုက်သော ခြေရာများတွင်ပင် ဆီဂျီးများ ပြည့်နှက်နေသည်။

သူက မောဟိုက်နေပြီး သူ၏ မျက်နှာအမူအရာတွင် ဒေါသနှင့် အကြောက်တရားများ အပြည့်အဝ နေရာယူနေပြီ ဖြစ်သည်။

တိုတောင်းလှသော ၅ မိနစ်... ၅ မိနစ်တည်းသော အချိန်အတွင်းမှာပင် သူ၏လူများ အားလုံး သေကုန်ကြပြီလေ။

"မင်းတို့တွေ ဘယ်သူတွေလဲကွ... တကယ့်ကို ဘယ်သူတွေလဲ"

ရွှီလဲ့ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကောက်လီက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာရင်း နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။

"ငါ့ကို နိုင်အောင်တိုက်... ပြီးရင် မင်းကို ပြောပြမယ်"

"ဒိုင်း"

သူက ရှေ့သို့ ပြင်းထန်စွာ တစ်လှမ်းလှမ်းလိုက်ပြီး လက်ထဲရှိ အရိုးတူကြီးကို အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်သည်။

အရိုးတူကြီးထက်တွင် လေထုစွမ်းအင်များ ပေါက်ကွဲထွက်သွားကာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး လေစီးကြောင်းများ ပေါက်ကွဲထွက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းယံသံကြီး ထွက်ပေါ်လာ၏။

ထိုတူချက်က သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဧရာမခွန်အား၏ ပံ့ပိုးမှုအောက်တွင် အံ့မခန်း ဖျက်ဆီးနိုင်စွမ်းကို ပေါက်ကွဲထွက်ပေါ်စေခဲ့သည်။

မျက်နှာချင်းဆိုင်ရှိ ရွှီလဲ့ဖုန်းက အလျင်စလို နောက်ဆုတ်ရှောင်တိမ်းလိုက်ရပြီး ထိပ်တိုက် ရင်ဆိုင်ရန် လုံးဝ မဝံ့ရဲပေ။

တစ်ချိန်တည်းမှာပင် သူက လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ လက်ထဲမှ အဆီအစုအဝေးတစ်ခုက အရှိန်အဟုန်ဖြင့် လွင့်စင်ထွက်သွားသည်။

ကောက်လီက ဘယ်လက်ရှိ ဒိုင်းလွှားကို ဝှေ့ယမ်းလိုက်ရာ "ဖုန်း" ဟူသော အသံနှင့်အတူ အဆီများကို ဒိုင်းလွှားဖြင့် ကာကွယ်လိုက်နိုင်သည်။

သူ၏ ခန္ဓာကိုယ်က ရှေ့သို့ ပြေးထွက်သွားကာ ပြင်းထန်စွာ ဝင်တိုက်လိုက်၏။

ဤတိုက်ခိုက်မှုက လျင်မြန်လှသဖြင့် မျက်နှာချင်းဆိုင်ရှိ ရွှီလဲ့ဖုန်းက ရှောင်တိမ်းချိန်မရလိုက်ဘဲ "ဘုန်း" ဟူသော အသံနှင့်အတူ ဒိုင်းလွှားဖြင့် တိုက်မိကာ လွင့်စင်သွားခဲ့သည်။

သူ၏ တစ်ကိုယ်လုံးမှ အဆီများ ရူးသွပ်စွာ စိမ့်ထွက်လာပြီး လေထဲတွင် ရှိနေစဉ် "ဘုန်း" ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ ကျလာကာ အဆီများ၏ အာနိသင်ကြောင့် အဝေးရှိ ပြတင်းပေါက်ဆီသို့ လျင်မြန်စွာ လျှောတိုက်သွားလေသည်။

ကောက်လီက ထိုမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် လိုက်လံတိုက်ခိုက်လေ၏။

သို့ရာတွင် ထိုအချိန်မှာပင် ရွှီလဲ့ဖုန်းက ရုတ်တရက် ခေါင်းမော့လာပြီး လက်ကိုခါကာ မီးခြစ်တစ်လုံးကို ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။

၎င်းက လေဒဏ်ခံ မီးခြစ်ဖြစ်ပြီး လွင့်စင်သွားသည့် အခိုက်အတန့်တွင် "ဝုန်း" ဟူသော အသံနှင့်အတူ မြေပြင်ပေါ်တွင် လျှောတိုက်လာသော အဆီများပေါ်သို့ မီးစွဲလောင်သွားလေသည်။

"ဝုန်း"

အဆီများအားလုံးက ကြောက်မက်ဖွယ် မီးတောက်အစုအဝေးကြီးအဖြစ် လျင်မြန်စွာ လောင်ကျွမ်းသွားသည်။

ကောက်လီ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ဒိုင်းလွှားပေါ်ရှိ အပြာရောင် ရေဒိုင်းလွှား သင်္ကေတကို ချက်ချင်း လှုံ့ဆော်လိုက်၏။

"ဝှစ်"

ဒိုင်းလွှားပေါ်မှ ပွင့်လင်းမြင်သာသော ရေဘောလုံးဒိုင်းလွှားတစ်ခုက ကောက်လီကို တိုက်ရိုက် ဝန်းရံသွားသည်။

ပတ်ဝန်းကျင်တွင် မီးတောက်များ ဟုန်းဟုန်းတောက်နေသော်လည်း ရေဘောလုံးထဲရှိ ကောက်လီကိုမူ မီးစွဲလောင်စေနိုင်ခြင်း မရှိပေ။

ရွှီလဲ့ဖုန်းက ဤမြင်ကွင်းကို မြင်သောအခါ လုံးဝ မျှော်လင့်ချက် မဲ့သွားတော့သည်။

သူက ခြေနှစ်ဖက်ဖြင့် မြေပြင်ကို ကန်ကာ ပြတင်းပေါက်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွား၏။

သူ ထွက်ပြေးချင်နေပြီ။

တင်းယန်က အေးစက်စက် ပြုံးလိုက်ပြီး "လီချင်းဟွာ... သူ့ကို တားလိုက်" ဟု ပြောလိုက်သည်။

လီချင်းဟွာက အစောကြီးကတည်းက ပထမဆုံး အချိန်မှာပင် လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။

သူ၏ လက်နှစ်ဖက်က ပြတင်းပေါက်ဆီသို့ ညွှန်ကာ ဖွဖွလေး ဆွဲငင်လိုက်၏။

ချက်ချင်းပင် ထိုပြတင်းပေါက်ရှိ လေဟာနယ်က ပြင်းထန်စွာ လိမ်ကောက်ကြပ်ခဲသွားပြီး လေဟာနယ် အတားအဆီးတစ်ခု ဖြစ်ပေါ်လာသည်။

"ဘုန်း" ဟူသော အသံနှင့်အတူ ရွှီလဲ့ဖုန်း၏ ခေါင်းက ဤလေဟာနယ် အတားအဆီးပေါ်သို့ ဝင်တိုက်မိသွားပြီး ချက်ချင်းပင် မျက်နှာတစ်ခုလုံး သွေးများဖြင့် ပြန်လည် လဲကျသွားလေသည်။

ထိုအချိန်မှာပင် မီးတောက်များထဲမှ ကောက်လီက အရူးအမူး ပြေးထွက်လာသည်။

လက်ထဲရှိ အရိုးတူကြီးကို အရှိန်အဟုန်ဖြင့် ထုချလိုက်၏။

"ဒုန်းးးးးးးးးးးးး"

လေထုစွမ်းအင်များ ပေါက်ကွဲထွက်သွားပြီး ဤအရိုးတူချက်က ရွှီလဲ့ဖုန်း၏ နဖူးပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။

ချက်ချင်းပင် "ခွပ်" ဟူသော အသံနှင့်အတူ ရွှီလဲ့ဖုန်း၏ ခေါင်းတစ်ခုလုံးက သွေးမြူခိုးအစုအဝေးတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားလေတော့သည်။

ခေါင်းမဲ့အလောင်းတစ်ခုက "ဘုန်း" ဟူသော အသံနှင့်အတူ တောင့်တောင့်ကြီး လဲကျသွား၏။

ကောက်လီက အရိုးတူကြီးကို ပြန်ရုပ်သိမ်းလိုက်ကာ တံတွေးတစ်ချက် ထွေးထုတ်လိုက်ပြီး "တောက်... တစ်ကယ့်ဆရာကြီးထင်နေတာ... ငါနဲ့ မျက်နှာချင်းဆိုင် တိုက်ဖို့ သတ္တိတောင် မရှိဘူး" ဟု ဆဲရေးလိုက်သည်။

ရှမင်က လျှောက်လာပြီး "အစ်ကိုကောင်း... ခင်ဗျားရဲ့ ဒီသန္ဓေပြောင်းစွမ်းအင် လက်နက်နှစ်ခုက လဲလှယ်ရတာ တန်တယ်ဗျ... ပြန်ရောက်ရင် ကျုပ်လည်း ဆရာလင်းဆီကနေ တစ်ခုလောက် လဲရမယ်" ဟု ကျွတ်သပ်ကာ ပြောလိုက်သည်။

ကောက်လီက တဟီးဟီးရယ်မောလိုက်ပြီး "အစ်ကိုလင်းက ပြောဖူးတယ်... ငါက ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်မို့လို့ သန္ဓေပြောင်းစွမ်းအင် လက်နက်တွေကို သုံးဖို့ အသင့်တော်ဆုံးပဲတဲ့"

"မင်းရဲ့ ဒီသတ္တု ခန္ဓာကိုယ်ကြီးနဲ့က ဒိုင်းလွှားအကာအကွယ်ကို သုံးစရာ လိုသေးလို့လား"

ရှမင်က ဟားဟားရယ်မောလိုက်ပြီး "ငါက အကာအကွယ် မလိုပေမယ့် တိုက်ခိုက်နိုင်စွမ်းက သိပ်မကောင်းဘူးလေ... အစ်ကိုလင်းဆီကနေ ငါးအရိုးဓားတစ်လက် လဲပြီး ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်မလို့ စဉ်းစားထားတယ်" ဟု ပြောလိုက်၏။

ကောက်လီက ခေါင်းညိတ်လိုက်ပြီး "ဒါကတော့ မဆိုးပါဘူး... ကျွတ် ကျွတ်... အခု သန္ဓေပြောင်းစွမ်းအင် လက်နက်တွေ ထွက်ပေါ်လာတာက ငါတို့လို ခွန်အားအမျိုးအစားတွေနဲ့ ဟိုအလျင်အမျိုးအစား အစွမ်းပိုင်ရှင်တွေအတွက်တော့ သတင်းကောင်းပဲကွ"

"ဒီသန္ဓေပြောင်းစွမ်းအင် လက်နက်တွေ ရှိနေရင် သဘာဝဓာတ်အမျိုးအစား အစွမ်းပိုင်ရှင်တွေနဲ့ ရင်ဆိုင်ရရင်တောင် ငါတို့မှာ တိုက်ခိုက်နိုင်စွမ်း ရှိသွားပြီ"

မျက်နှာချင်းဆိုင်ရှိ ထူလုံနှင့် အခြားသူများကလည်း အသီးသီး စိတ်ဝင်စားသွားဟန် ပေါ်လာကြသည်။

တင်းယန်ပင်လျှင် သူမ၏ မျက်လုံးများထဲတွင် ထူးခြားသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး သန္ဓေပြောင်းစွမ်းအင် လက်နက်၏ တိုက်ခိုက်ရေး အာနိသင်က မျှော်လင့်ထားသည်ထက် ပို၍ အသုံးဝင်နေသည် မဟုတ်ပါလား။

ကြည့်ရသည်မှာ သူမကိုယ်တိုင်လည်း သူမ၏ အစွမ်းနှင့် တွဲဖက်အသုံးပြုနိုင်မည့် သန္ဓေပြောင်းစွမ်းအင် လက်နက်တစ်စုံကို ပြင်ဆင်ထားနိုင်လျှင် အကောင်းဆုံး ဖြစ်ပေမည်။

"အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ ခေါင်းဆောင်တင်း... ကျွန်တော်က အတင်းအကြပ် ခိုင်းစေခံရတာပါ... ကျွန်တော့်ကို မှတ်မိသေးရဲ့လား... ကျွန်တော်က တိုက်အမှတ် (၇၅) က မင်ကောချန်လေ"

ခြေတစ်ဖက် ပြတ်နေသော မင်ကောချန်က ယခုအချိန်တွင် သတိရလာပြီး မြေပြင်အနှံ့ရှိ အလောင်းများနှင့် မီးတောက်များကို မြင်သောအခါ ချက်ချင်းပင် ထိတ်လန့်တကြား အော်ဟစ်လေတော့သည်။

သူက တင်းယန်ရှိရာဘက်သို့ အဆက်မပြတ် ခေါင်းငုံ့ကာ အသက်ချမ်းသာပေးရန် တောင်းပန်နေ၏။

တင်းယန်က သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးကာ "မင်ကောချန်... ရှင်က ကျွန်မကို မှတ်မိသေးတာပဲ... အစတုန်းက ရှင့်တို့ တိုက်အမှတ် (၇၅) က လူတွေကို ဘယ်သူက အသက်ရှင်ခွင့် ပေးခဲ့တာလဲဆိုတာကိုလည်း ရှင် မှတ်မိသင့်တယ်နော်" ဟု ပြောလိုက်သည်။

မင်ကောချန်က ခြေပြတ်နေသည့် နာကျင်မှုကို အလျင်စလို အောင့်ခံကာ အသေအလဲ ခေါင်းငုံ့ရင်း "မှတ်မိပါတယ်... ကျွန်တော် မှတ်မိပါတယ်... ခေါင်းဆောင်တို့ရယ်... ဆရာလင်းရယ်... ဒေါက်တာရန်ရယ်... တာအိုဆရာလင်းတို့ရယ်လေ... ခေါင်းဆောင်တို့က ကျွန်တော်တို့အားလုံးကို ကယ်တင်ခဲ့တာပါ... ကျွန်တော် အမြဲတမ်း မှတ်ထားပါတယ်"

"ကျွန်တော်က သေရမှာ ကြောက်ပြီး အသက်ရှင်ချင်လွန်းလို့ပါ... ကျွန်တော်က တိရစ္ဆာန်ပါ... လူမဟုတ်ပါဘူး... ကျေးဇူးကန်းခဲ့တာပါ... ခေါင်းဆောင်ကျန်းကိုလည်း ကျွန်တော် တောင်းပန်ပါတယ်... ခေါင်းဆောင်က လူကြီးလူကောင်း ပီပီ ကျွန်တော့်ကို သတ်ဖို့မတန်တဲ့သူတစ်ယောက်လို သဘောထားပြီး လွှတ်ပေးပါဗျာ"

မင်ကောချန်က အသက် ခြောက်ဆယ် နီးပါး ရှိနေပြီ ဖြစ်ပြီး အစောပိုင်းက ပန်းနာရင်ကြပ်ရောဂါကြောင့် အမြဲတမ်း အသက်ရှင်ချင်စိတ် ကုန်ခန်းနေခဲ့သဖြင့် လင်းယွမ်တို့နှင့်အတူ စွန့်စားကာ မထွက်ခွာခဲ့ခြင်း ဖြစ်သည်။

သို့သော် အစွမ်း နိုးထလာပြီးကတည်းက သူ၏ ရောဂါဟောင်း ပျောက်ကင်းသွားရုံသာမက ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာပါ သာမန်လူများထက် များစွာ သာလွန်သွားခဲ့ပြီး သူ၏ အသက် နှစ်ဆယ် အရွယ်ကထက်ပင် ပို၍ နုပျိုတက်ကြွလာသည်ဟု ခံစားခဲ့ရ၏။

ဆင့်ကဲပြောင်းလဲ နိုးထလာမှုက သူ့အတွက် ယခင်က မကြုံစဖူးသော လှပသည့် အတွေ့အကြုံများကို ဆောင်ကြဉ်းပေးခဲ့သည်။

၎င်းက သူ့ကို ငယ်ရွယ်နုပျိုသွားစေသည့်အလားပင်။

ဆုံးရှုံးဖူးမှသာ တန်ဖိုးကို သိနိုင်ပေမည်။

အသက်ကြီးလာလေလေ သေရမည်ကို ပိုကြောက်လာလေလေ ဖြစ်သည်။

မင်ကောချန်က ထိုသို့သော လူမျိုးပင် ဖြစ်၏။

သူက ယခု ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို ပိုင်ဆိုင်လိုပြီး မသေချင်ခဲ့ပေ။

တကယ်ကို မသေချင်ခဲ့ပါ။

ထို့ကြောင့် သူက အသေအလဲ ခေါင်းငုံ့ကာ အသေအလဲ တောင်းပန်နေခြင်း ဖြစ်သည်။

တင်းယန်၏ အကြည့်များထဲတွင် သနားညှာတာမှု တစ်စက်မျှ မရှိပေ။

"ရှင် သစ္စာဖောက်ဖို့ ရွေးချယ်လိုက်တဲ့အချိန်မှာ ထိုက်တန်တဲ့ တန်ဖိုးကို ပေးဆပ်ရမယ်ဆိုတာ ရှင် သိသင့်တယ်"

"လင်းယွမ် ရှိတုန်းက ပြောဖူးတယ်... အမှားလုပ်ရင် အပြစ်ပေးရမယ်တဲ့"

မင်ကောချန်က တုန်ယင်သွားပြီး အသက်ချမ်းသာပေးရန် တောင်းပန်ချင်နေသေး၏။

တင်းယန်က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ "ရွှပ်" ဟူသော အသံ ထွက်ပေါ်လာသည်။

လခြမ်းဓားတစ်လက်က သူမ၏ လက်ဖဝါးဘေးမှ ပစ်လွှတ်ထွက်သွားပြီး မင်ကောချန်၏ လည်ချောင်းကို တိုက်ရိုက် ဖြတ်တောက်သွားလေသည်။

မင်ကောချန်၏ ခေါင်းက လိမ့်ကျသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

အကြိမ်အနည်းငယ် လိမ့်သွားပြီးနောက် နောက်ဆုံးတွင် မြေပြင်ပေါ်၌ လဲလျောင်းနေသော အန်းမင်ဟွေး၏ အနီးသို့ ရောက်ရှိသွား၏။

အန်းမင်ဟွေးမှာ ချက်ချင်းပင် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာတစ်ခုလုံး ဖြူလျော့သွားသည်။

သူ မသေသေးသော်လည်း ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ခွေယိုင်စွာ ထိုင်လျက်သား ဖြစ်နေပြီ ဖြစ်သည်။

ထိုအချိန်တွင် ထူလုံက ရှင်းလင်းရေး အလုပ်များကို စတင်နေပြီ ဖြစ်ပြီး သေဟန်ဆောင်နေသူများကို တစ်ယောက်ချင်းစီအား လိုက်လံ ခုတ်ထစ်နေ၏။

ယခုအချိန်တွင် လော်ယန်ဟု ခေါ်သော ကောင်ကို သတ်ဖြတ်ပြီးနောက် အန်းမင်ဟွေးရှေ့သို့ ရောက်လာကာ သူ့ကို သတ်ရန် လက်မြှောက်လိုက်သည်။

အန်းမင်ဟွေးက ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး "နေ... နေပါဦး... ကျွန်တော့်ကို မသတ်ပါနဲ့... ကျွန်တော်က အစ်ကိုဖန်ရဲ့ သူငယ်ချင်းပါ... ကျွန်တော်က အစ်ကိုဖန်ရဲ့ သူငယ်ချင်းပါဗျာ" ဟု အော်ပြောလိုက်၏။

ထူလုံ၏ လှုပ်ရှားမှု ရပ်တန့်သွားပြီး သံသယဝင်သွားသော မျက်နှာထားဖြင့် "တင်းယန်... နင် သူ့ကို သိလို့လား" ဟု မေးလိုက်သည်။

တင်းယန်က ထိုစကားကို ကြားသောအခါ လှမ်းကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကုတ်လိုက်ကာ သူမ ဤလူကို မသိပေ။

သို့သော် သူမက ဟင်းလင်းပြင် ပူဖောင်းထဲမှ ယခုလေးတင် ထွက်လာသော ကောက်ယွီချန်တို့ သုံးယောက်ကို ချက်ချင်း လှမ်းကြည့်ကာ "နင်တို့ သုံးယောက် သူ့ကို သိလား" ဟု မေးလိုက်၏။

ကောက်ယွီချန်တို့ သုံးယောက်က ကျေးဇူးတင်စကား ဆိုတော့မည့်ဆဲဆဲ ထိုစကားကို ကြားသောအခါ အန်းမင်ဟွေးကို လှမ်းကြည့်လိုက်ကြပြီး သူတို့အသီးသီး၏ မျက်နှာပေါ်တွင် ဒေါသထွက်နေသည့် အရိပ်အယောင်များ ပေါ်ထွက်လာကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ တင်းယန်က တစ်ခုခုကို ခန့်မှန်းမိသွားသည်။

ကောက်ယွီချန်က ဒေါသတကြီးဖြင့် "ခေါင်းဆောင်တင်း... ဒီလူက သစ္စာဖောက်ပဲ... သူက စောစောက ရွှီလဲ့ဖုန်းတို့ဘက်ကို ပူးပေါင်းပြီး ကျွန်တော်တို့ကို သတ်ချင်နေတာ" ဟု ပြောသည်ကို ကြားလိုက်ရ၏။

ဝမ်ရှောင်ကလည်း သက်ပြင်းတစ်ချက်ချကာ "ရွှီလဲ့ဖုန်းက သူ့ကို အတင်းအကြပ် ခိုင်းတာပါ"

ကောက်ယွီချန်က ချက်ချင်းပင် ဒေါသတကြီးဖြင့် "အတင်းအကြပ် ခိုင်းတာဟုတ်လား... အတင်းအကြပ် ခိုင်းတာနဲ့ပဲ သူက ငါတို့ကို သတ်လို့ ရရောလား"

"ငါတို့က အရင်တုန်းက သေအတူရှင်မကွာ ခင်မင်ခဲ့ကြတာလေ... အရင်တုန်းက ခန်ချန်းရီတို့ အုပ်စုကို ဆန့်ကျင်ဖို့အတွက် ငါတို့တွေ ရေထဲ ခုန်ဆင်းဖို့ အတင်းအကြပ် ခိုင်းစေခံခဲ့ရတုန်းက ဘယ်သူကများ အသက်ချမ်းသာပေးဖို့ တောင်းပန်ခဲ့ဖူးလို့လဲ"

"ခန်ချန်းရီ သူ့ကို သတ်ဖို့လုပ်တုန်းက မင်း သူ့အတွက် ဓားတစ်ချက် ဝင်ခံပေးခဲ့တာလေ... ဘယ်သူက မင်းကို အတင်းအကြပ် ခိုင်းလို့လဲ"

"အခုကျတော့ သူက အသက်ရှင်ဖို့အတွက် ငါတို့ကို ဓားနဲ့ သတ်ချင်နေတယ်တဲ့လား... သူ ငါတို့ ညီအစ်ကို သံယောဇဉ်ကို တန်ဖိုးထားရဲ့လား"

ဝမ်ရှောင်က နှုတ်ဆိတ်နေပြီး ဝမ်ဖန်း၏ မျက်လုံးများကလည်း အနည်းငယ် နီရဲနေ၏။

တင်းယန်က အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိသွားပြီးနောက် စဉ်းစားကာ "ကြိုးတုပ်ထားလိုက်... ခဏနေ သင်္ဘောပေါ် ခေါ်သွားပြီး ကျန်းဖန်ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တော့" ဟု ပြောလိုက်သည်။

ထူလုံက ရယ်မောလိုက်ပြီး လက်လှမ်းကာ အန်းမင်ဟွေးကို တိုက်ရိုက်မေ့မျောအောင် ရိုက်လိုက်ည်။

လူအများက အခန်းထဲရှိ လူအားလုံးကို ရှင်းလင်းပြီးနောက် ကောက်ယွီချန်တို့ လူစုကို ခေါ်ဆောင်ကာ အခန်းထဲမှ ထွက်လာကြသည်။

အခန်းပေါက်မှ ထွက်လာသည်နှင့် စင်္ကြံလမ်းတွင် ဤဘက်သို့ လှမ်းကြည့်နေသူများကို မြင်တွေ့လိုက်ရသည်။

လူများ ထွက်လာသည်ကို မြင်သောအခါ လှမ်းကြည့်နေသူများက ကြောက်လန့်တကြားဖြင့် ခေါင်းကို အမြန်ပြန်ရုပ်ကာ အခန်းထဲသို့ ပြန်ပုန်းသွားကြလေသည်။

တင်းယန်ကလည်း ဂရုမစိုက်ဘဲ လူများကို ခေါ်ဆောင်ကာ အပြင်ဘက်သို့ ထွက်ခွာသွား၏။

သူတို့ အဝေးသို့ ရောက်သွားသောအခါ ရုတ်တရက် အခန်းတစ်ခန်း၏ တံခါးက ပွင့်လာသည်။

လူတစ်ယောက်က မနေနိုင်ဘဲ "ခေါင်းဆောင်တင်း... ခေါင်းဆောင်လား" ဟု အော်မေးလိုက်သည်။

မျက်နှာချင်းဆိုင်ရှိ အခန်းတံခါးကလည်း ချက်ချင်း ပွင့်လာပြီး နောက်တစ်ယောက်က "ခေါင်းဆောင်တင်း... ခေါင်းဆောင် တင်းယန်လား" ဟု လိုက်အော်လိုက်၏။

သို့သော် အရှေ့ရှိ လူအုပ်ထဲမှ တင်းယန်၏ ခြေလှမ်းများက ရပ်တန့်မသွားဘဲ ဂရုမစိုက်ဘဲ ပြတ်သားစွာ ဆက်လျှောက်သွားလေသည်။

တင်းယန်တို့ အားလုံး လှေငယ်ပေါ်သို့ တက်ကာ တိုက်အမှတ် (၇၅) မှ ထွက်ခွာသွားချိန်တွင်။

တိုက်အမှတ် (၇၅) မှ လူများက အိမ်တံခါးများမှ အသီးသီး ထွက်လာကြပြီး စင်္ကြံလမ်းပေါ်သို့ ပြေးထွက်ကာ ထိုလှေငယ်လေးကို လှမ်းကြည့်ကြလေသည်။

ဆွေးနွေးသံများက ဗုံးတစ်လုံးကဲ့သို့ လျင်မြန်စွာ ပေါက်ကွဲထွက်ပေါ်လာ၏။

"သေကုန်ပြီ... အားလုံး သေကုန်ပြီဟေ့... မင်ကောချန်လည်း သေပြီ... လော်ယန်လည်း သေပြီ"

"သွားပြီ... ငါတို့တိုက်တော့ သွားပါပြီ... အစွမ်းပိုင်ရှင် မရှိရင် ငါတို့တွေ အနှေးနဲ့အမြန် ရေထဲက သန္ဓေပြောင်း သားရဲတွေ စားတာကို ခံရတော့မှာပဲ"

"သန္ဓေပြောင်း သားရဲတွေ စားတာ မခံရရင်တောင်မှ... ငါတို့ကို တခြား အစွမ်းပိုင်ရှင်တွေက မျက်စိကျပြီး ကျွန်တွေလို ရောင်းစားခံရမှာပဲ"

"ရွှီလဲ့ဖုန်းလည်း သေပြီ... သူ့လူတွေ အားလုံး သေကုန်ပြီ"

"ဒါနဲ့ စောစောက မင်းတို့ ဟိုမိန်းမကို မြင်လိုက်ကြလား... အဲဒီလူက ခေါင်းဆောင်တင်းနဲ့ တူတယ်နော်"

"ဘာ ခေါင်းဆောင်တင်းလဲ... ဘယ်က ခေါင်းဆောင်တင်းလဲ"

"တင်းယန်လေ ခေါင်းဆောင်တင်းယန်... ဟိုအရင်က ဆရာလင်းရဲ့ လက်အောက်က ကင်းလှည့်ခေါင်းဆောင်၊ ညာလက်ရုံးလေ"

"ဘာ... သူလား"

"ဟုတ်တယ်ဟ... အခုလို ပြောလိုက်တော့လည်း တကယ် သူနဲ့ တူနေသလိုပဲ"

"သူက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ... သူက ဆရာလင်းရယ်၊ ဒေါက်တာရန်ရယ်၊ တာအိုဆရာလင်းတို့ရယ်နဲ့ ထိုက်ယန်တောင်ကို သွားတာ မဟုတ်ဘူးလား"

"ဒါမှမဟုတ်... ဒါမှမဟုတ် ဆရာလင်းတို့ ပြန်ရောက်လာတာများလား"

"ဘာ... ဆရာလင်းတို့ ပြန်ရောက်လာတာလား"

"ဘုရားရေ... ဆရာလင်း ပြန်ရောက်လာပြီ... ဆရာလင်း ပြန်ရောက်လာပြီလား"

......

တစ်ခဏချင်းမှာပင် တိုက်အမှတ် (၇၅) တစ်ခုလုံးတွင် သတင်းများ အရူးအမူး ပျံ့နှံ့သွားပြီး လူအားလုံး စိတ်လှုပ်ရှားလာကြသည်။

ဆရာလင်းတို့ မိန်တုဥယျာဉ်မှ ထွက်ခွာသွားပြီးနောက်ပိုင်း သူတို့ ဖြတ်သန်းခဲ့ရသော နေ့ရက်များက ငရဲပြည်နှင့်ပင် တူနေခဲ့သည်။

လဲလှယ်နိုင်မည့် မွှေးကြိုင်သော ထမင်းဖြူများလည်း မရှိတော့သလို ငါးဆယ်ကောင်ဖြင့် လဲလှယ်နိုင်မည့် ဂျုံမှုန့်များလည်း မရှိတော့ပေ။

အေးချမ်းလုံခြုံသော နေထိုင်စရာ ပတ်ဝန်းကျင်လည်း မရှိတော့သလို ယုံကြည်ရသော ခေါင်းဆောင်လည်း မရှိတော့။

သူတို့က ဆရာလင်း၏ အုပ်ချုပ်မှုကို ဆုံးရှုံးလိုက်ရမှသာ ဆရာလင်း ဦးဆောင်မှုအောက်ရှိ ဘဝက မည်မျှ လှပပြီး တန်ဖိုးရှိကြောင်းကို သိရှိလာကြခြင်း ဖြစ်သည်။

တိုက်ထဲရှိ လူများက တစ်ယောက်မှ ဆယ်ယောက်၊ ဆယ်ယောက်မှ အယောက်တစ်ရာဆီသို့ သတင်းစကားများ ပါးကာ အချင်းချင်း ပြေးလွှား အသိပေးနေကြ၏။

ဤတစ်ကြိမ်တွင်မူ လူအားလုံးက ဤနေရာကို အုပ်ချုပ်ခဲ့သော မူလခေါင်းဆောင် မင်ကောချန်ကို မေ့သွားကြပုံပေါ်သည်။

ရေကြီးနေသော မြစ်ပြင်ထဲတွင် လှေငယ်လေးက လေပြင်းမုန်တိုင်းများကို လျင်မြန်စွာ ခွဲထွက်ကာ အိမ်ရာဝင်း အပြင်ဘက်သို့ ရောက်ရှိလာသည်။

လှေပေါ်ရှိ ကောက်ယွီချန်၊ ဝမ်ရှောင်နှင့် ဝမ်ဖန်းတို့ သုံးယောက်က ထိုအနီနှင့် အဖြူ ရောယှက်နေသော ကုန်တင်သင်္ဘောကြီးကို မြင်သောအခါ ချက်ချင်းပင် တစ်ယောက်ချင်းစီ မျက်လုံးပြူးသွားကြလေသည်။

"သင်္ဘောကြီး... ခင်ဗျားတို့ဆီမှာ သင်္ဘောကြီး ရှိနေတာလား" ကောက်ယွီချန်က အံ့အားသင့် ဝမ်းသာသွားကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"အစ်ကို... အစ်ကို... မြန်မြန်ကြည့်ပါဦး... သင်္ဘောကြီးလေ" ဝမ်ဖန်းက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။

ဝမ်ရှောင်မှာလည်း မျက်လုံးပြူး မျက်ဆံပြု ဖြစ်သွားပြီး မျက်နှာပေါ်တွင် အရူးအမူး ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

တင်းယန်၊ ထူလုံနှင့် အခြားသူများကမူ ပြုံးရုံသာ ပြုံးနေကြပြီး သူတို့က အစောကြီးကတည်းက ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။

ကုန်တင်သင်္ဘော တစ်စင်းတည်းသာ ရှိသေးသည်။ ဤအပြင်ဘက်တွင် နေထိုင်နေကြသူများက ထိုက်ယန်တောင် ခိုလှုံရေးစခန်းကိုသာ မြင်တွေ့လိုက်ရပါက နိဗ္ဗာန်ဘုံဆိုသည်မှာ မည်သို့ရှိသည်ကို သိရှိသွားကြပေလိမ့်မည်။

လှေငယ်လေးက ဖီးနစ်သင်္ဘောကြီးအနီးသို့ ချဉ်းကပ်သွားသည်နှင့် တင်းယန်က လက်တစ်ချက် ဝှေ့ယမ်းကာ "သင်္ဘောပေါ် တက်ကြစို့" ဟု ပြောလိုက်၏။

သင်္ဘောပေါ်မှ ကြိုးလှေကားတစ်ခု တွဲကျလာသည်။

တင်းယန်က ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး ကြိုးလှေကားကို ဖမ်းဆွဲကာ ခန္ဓာကိုယ်ကို ဆွဲတင်လိုက်သည်နှင့် ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားလေပြီ။

အခြားသူများကလည်း အသီးသီး သင်္ဘောပေါ်သို့ တက်လာကြသည်။

ကုန်းပတ်ပေါ်ရှိ အမိုးအကာလေးထဲတွင် လင်းယွမ်နှင့် ကျန်းဖန်တို့ ထိုင်နေကြ၏။

ကျန်းဖန်က တင်းယန်တို့ ပြန်ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် အလျင်စလို မတ်တတ်ရပ်လိုက်သည်။

သူက တစ်ချက် ဝေ့ကြည့်လိုက်ရာ ကောက်ယွီချန်တို့ကို ချက်ချင်း မြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက် ချနိုင်သွားလေသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "မင်းက တကယ့်ကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ရခဲ့တဲ့ပုံပဲ" ဟု ပြောလိုက်၏။

ကျန်းဖန်က အားနာနာဖြင့် ပြုံးလိုက်ပြီး "အစ်ကိုလင်း... သူတို့က ကျွန်တော်နဲ့ သေအတူရှင်မကွာ ခင်မင်ကြတာပါ... အရင်တုန်းက ကျွန်တော်တို့ ကင်းလှည့်အဖွဲ့ရဲ့ ဆက်ဆံရေးလိုပဲ ခိုင်မာပါတယ်" ဟု ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဒီလိုဆိုမှတော့ နောက်ပိုင်းကျရင် ဒီလူတွေကို မင်းပဲ ဦးဆောင်လိုက်ပါ... ထိုက်ယန်တောင်ကို ပြန်ရောက်ရင် မင်းကို အဖွဲ့ဖွဲ့ပြီး ဦးဆောင်ခိုင်းမယ်... ဘယ်လိုလဲ" ဟု ပြောလိုက်၏။

ကျန်းဖန်က ထိုစကားကို ကြားသောအခါ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး "အစ်ကိုလင်း... အစ်ကို လိုအပ်သရွေ့ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"

လင်းယွမ်က သူ၏ ပခုံးကို ပုတ်ကာ ပြုံးရင်း "သွားရအောင်... သွားကြည့်ကြတာပေါ့" ဟု ပြောလိုက်သည်။

သူတို့နှစ်ယောက် ချက်ချင်းပင် ထိုနေရာသို့ လျှောက်သွားကြ၏။

ကျန်းဖန်က ဦးစွာ ပြေးသွားကာ တင်းယန်ကို ကျေးဇူးတင်စကား ဆိုလိုက်ပြီး "အမတင်း... အားလုံးပဲ... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ" ဟု ပြောလိုက်သည်။

တင်းယန်က လက်ခါလိုက်ပြီး "ကိုယ့်လူတွေချည်းပဲလေ... ဒါတွေ ပြောမနေပါနဲ့... ဒါပေမယ့် ကိစ္စတစ်ခုကတော့ နင်ကိုယ်တိုင်ပဲ ဖြေရှင်းရလိမ့်မယ်" ဟု ပြောလိုက်၏။

ထိုသို့ပြောရင်း သူမက ကောက်ယွီချန်နှင့် ဝမ်ရှောင်တို့ သုံးယောက်ကို လာခိုင်းကာ ကျန်းဖန်ကို ကိုယ်တိုင် အခြေအနေကို နားလည်အောင် လုပ်ခိုင်းလိုက်သည်။

သူမကိုယ်တိုင်ကမူ လင်းယွမ်အနီးသို့ လာကာ တိုက်အမှတ် (၇၅) တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို တစ်ခေါက် ပြန်ပြောပြလိုက်၏။

လင်းယွမ်က နားထောင်ပြီးနောက် သိရှိကြောင်း အမှတ်အသားအဖြစ် ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

သူက "ခဏနေရင် ကျန်းဖန်ကို လူခေါ်ပြီး တိုက်အမှတ် (၇၆) ကို သွားခိုင်းလိုက်... ယုံကြည်ရတဲ့သူတွေကို ရွေးပြီး ခေါ်လာခိုင်းလိုက်... တိုက်အမှတ် (၇၅) က လူတွေကိုတော့ ဂရုစိုက်နေစရာ မလိုတော့ဘူး" ဟု ပြောလိုက်၏။

တင်းယန်က ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး "တကယ်ပါပဲ... တိုက်အမှတ် (၇၅) က လူတွေထဲမှာ မင်ကောချန် ကျန်းဖန်ကို သစ္စာဖောက်မှန်း သိတဲ့လူ သေချာပေါက် ရှိမှာပဲ... အဲဒါကို ဘယ်သူကမှ သတိမပေးကြဘူးလေ... သူတို့က ဟိုအရင်က ကျွန်မတို့ရဲ့ ကျေးဇူးကို ခံစားခဲ့ရသူတွေချည်းပဲ... သစ္စာမရှိတဲ့ အကောင်တွေ" ဟု ပြောလိုက်သည်။

"သူတို့ဘာသာသူတို့ သေသေ ရှင်ရှင် ပစ်ထားလိုက်တော့"

လင်းယွမ်က ပြုံးလိုက်သည်။ အတိအလင်း မပြောသော်လည်း ဤအဓိပ္ပာယ်ပင် ဖြစ်ကြောင်း ထင်ရှားနေ၏။

ကျန်းဖန်ဘက်တွင် ကောက်ယွီချန်၊ ဝမ်ရှောင်နှင့် ဝမ်ဖန်းတို့ သုံးယောက် ပြောပြသည်ကို နားထောင်ပြီးနောက် မျက်နှာထားက အနည်းငယ် မှုန်ကုပ်သွားပြီး အန်းမင်ဟွေးကို ကြည့်သည့် အကြည့်များက အနည်းငယ် ရှုပ်ထွေးနေသည်။

အန်းမင်ဟွေးမှာ ယခုအချိန်တွင် သတိရနေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူက ကုသရေးအမျိုးအစား အစွမ်းပိုင်ရှင် မဟုတ်ပါလား။

မိမိကိုယ်တိုင် ဒဏ်ရာရပါက ကုသရန် ပို၍ လွယ်ကူပေသည်။

သူ သတိရလာချိန်တွင် သူက သင်္ဘောပေါ်၌ ရောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ဦးစွာ အလွန်အမင်း အံ့အားသင့်သွားပြီး ချက်ချင်းပင် ရင်ထဲ၌ ဝမ်းသာသွား၏။

ရွှီလဲ့ဖုန်း၏ နောက်ကွယ်ရှိ သူဌေးက ကယ်တင်ရန် ရောက်လာခြင်းများလားဟု သူ တိတ်တဆိတ် တွေးလိုက်မိသည်။

ထို့နောက် သူက ထူလုံတို့ကို ထပ်မြင်လိုက်ရသောအခါ ချက်ချင်းပင် ရင်ထဲ လေးလံသွားပြီး သူက လွတ်လမ်းမရှိသော အခြေအနေတွင် ရောက်ရှိနေဆဲ ဖြစ်ကြောင်း နားလည်သွားလေတော့သည်။

ထို့နောက် သူက ကျန်းဖန်ကို မြင်လိုက်ရ၏။

ကျန်းဖန်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူက ချက်ချင်းပင် နောင်တရနေသည့် မျက်နှာထားဖြင့် ငိုယိုကာ "အစ်ကိုဖန်... အစ်ကိုဖန်ရာ... ကျွန်တော် မှားမှန်း သိပါပြီ... အဲဒီတုန်းက ကျွန်တော်တို့မှာ မျှော်လင့်ချက် မရှိတော့ဘူးလို့ တကယ်ကို ထင်ခဲ့မိတာပါ"

"အဲဒီလူတွေက ကျွန်တော့်ကို အတင်းအကြပ် ခိုင်းတာပါ... နှစ်ယောက်သတ်ပြီး တစ်ယောက် ချန်ထားဖို့ သူတို့က အတင်းအကြပ် ခိုင်းတာပါ... ကျွန်တော်သာ သဘောမတူရင် သူတို့သုံးယောက်လုံး သေရတော့မှာမလို့ပါ"

"ကျွန်တော့်မှာ ရွေးချယ်စရာ မရှိခဲ့ဘူး... တကယ်ကို ရွေးချယ်စရာ မရှိခဲ့ပါဘူးဗျာ"

ကောက်ယွီချန်က ချက်ချင်း ဆဲရေးလိုက်၏ "ခွေးမသား... သေရမှာကြောက်တဲ့ အမှိုက်ကောင်... မင်း ဘာတွေးနေလဲဆိုတာကို ငါက မသိဘူးများ ထင်နေလား... မင်းက အသက်ရှင်ချင်လို့ ငါတို့ကို သတ်ပြီး ငါတို့ခေါင်းတွေကို လက်ဆောင်အဖြစ် ပေးချင်တာမလား"

"မဟုတ်ပါဘူး... တကယ် မဟုတ်ပါဘူးဗျာ" အန်းမင်ဟွေးက ခေါင်းကို အဆက်မပြတ် ခါရမ်းကာ ခါးသီးစွာ တောင်းပန်နေလေသည်။

သူတို့နှစ်ယောက် ပြင်းထန်စွာ ငြင်းခုံနေကြပြီး ဝမ်ရှောင်နှင့် ဝမ်ဖန်းတို့ကမူ စကားတစ်ခွန်းမျှ မဆိုကြပေ။

ကျန်းဖန်မှာ မျက်နှာထား မှုန်ကုပ်နေပြီး ဘာတွေ တွေးနေမှန်း မသိနိုင်ချေ။

အမိုးအကာလေးထဲတွင် လင်းယွမ်နှင့် တင်းယန်တို့က ဤမြင်ကွင်းကို ကြည့်နေကြ၏။

တင်းယန်က "ကျန်းဖန် ဘယ်လို လုပ်မယ်လို့ ထင်လဲ" ဟု မေးလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "အဲဒီလူကို လွှတ်ပေးလိုက်လောက်တယ်"

တင်းယန်က ထိုစကားကို ကြားသောအခါ ချက်ချင်း ခေါင်းခါလိုက်ပြီး "ဒီလိုသာဆိုရင်တော့ နည်းနည်း စိတ်ပျက်စရာ ကောင်းသွားပြီ" ဟု ပြောလိုက်၏။

လင်းယွမ်က ရယ်မောလိုက်ပြီး "နင်သာဆိုရင် ဘယ်လို လုပ်မလဲ"

တင်းယန်က ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီး "သေချာပေါက် သူ့ကို သတ်ရမှာပေါ့" ဟု ပြောလိုက်သည်။

"ကိုယ့်ကို တစ်ခါ သစ္စာဖောက်ဖူးတဲ့လူကို လွှတ်ပေးလိုက်ရင်... သူက လုံးဝ ကျေးဇူးတင်မှာ မဟုတ်ဘဲ ရင်ထဲမှာ အငြိုးအတေးတွေပဲ ရှိနေမှာ"

"ဘယ်အချိန်မှာ ပြဿနာ ဖြစ်လာမလဲဆိုတာ မပြောနိုင်ဘူး... ဒီလိုဖြစ်နေမယ့်အစား တစ်ခါထဲသတ်ပစ်လိုက်တာက ပိုကောင်းတယ်"

လင်းယွမ်က ရယ်မောလိုက်လေသည်။ တင်းယန်က အရင်က တင်းယန်အတိုင်းပင် ဖြစ်၏။

တော်တော် ပြတ်သားတာပဲ။

တင်းယန်က ချက်ချင်းပင် သူ့ကို လှမ်းကြည့်ကာ "ရှင်သာဆိုရင်ရော... ဘယ်လို လုပ်မှာလဲ" ဟု မေးလိုက်သည်။

လင်းယွမ်က စဉ်းစားလိုက်ပြီး "သူ့ကို လွှတ်ပေးလိုက်လောက်တယ်" ဟု ပြောလိုက်၏။

တင်းယန်က မျက်မှောင်ကုတ်လိုက်ပြီး "ရှင်က ဘယ်တုန်းက ဒီလောက်တောင် စိတ်ပျော့သွားတာလဲ... အရင်တုန်းက လီကျစ်ချန်ကို ကိုင်တွယ်တုန်းက ရှင် ဒီလိုမျိုး မဟုတ်ပါဘူး"

လင်းယွမ်က ခေါင်းခါလိုက်ပြီး "အဲဒီအချိန်နဲ့ အခုအချိန်နဲ့ မတူတော့ဘူးလေ... အဲဒီတုန်းက လီကျစ်ချန်က ငါ့ကို ခြိမ်းခြောက်နိုင်ခဲ့တယ်... ဒါပေမယ့် အခုတော့ ငါ့ကို ခြိမ်းခြောက်နိုင်တဲ့လူ မရှိတော့ဘူး"

"သူ့ကို လွှတ်ပေးလိုက်တာက လူတိုင်းကို ငါ့ရဲ့ သနားညှာတာမှုနဲ့ သူငယ်ချင်းတွေအပေါ် ထားရှိတဲ့ ငါ့ရဲ့ သဘောထားကြီးမှုကို မြင်တွေ့သွားစေရုံပဲ"

"ကြမ်းတမ်းတဲ့ နည်းလမ်းတွေ မရှိရင်... နောက်ပိုင်း လူတိုင်းက ရှင့်ကို သစ္စာဖောက်လည်း ကိစ္စမရှိဘူးလို့ ထင်လာရင် ဘယ်လိုလုပ်မလဲ"

လင်းယွမ်က ပြုံးလိုက်ပြီး "အဲ့ဒီအတွက် ကိုင်တွယ်ဖို့ နင် ရှိနေတာပဲ မဟုတ်ဘူးလား" ဟု ပြောလိုက်၏။

တင်းယန်မှာ ချက်ချင်း ကြက်သေ သေသွားပြီးမှ ဘာအဓိပ္ပာယ်လဲဆိုတာကို နားလည်သွားသည်။

"ကောင်းရော... ရှင်က ကျွန်မကို ရှင့်ရဲ့ လက်နတ်အဖြစ် သုံးပြီး လူဆိုး ဇာတ်ရုပ် လုပ်ခိုင်းတာပေါ့... ရှင်ကိုယ်တိုင်ကကျတော့ လူကောင်း ဇာတ်ရုပ် လုပ်ပြီး လူတွေရဲ့ စိတ်ကို ဆွဲဆောင်ချင်တာကိုး"

တင်းယန်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်၏။

လင်းယွမ်က ပြုံးလိုက်ပြီး "နောက်ပိုင်း ထိုက်ယန်တောင်ကို အုပ်ချုပ်တဲ့အခါ အပြင်လူတွေ အမြင်မှာ ငါ့ရဲ့ ပုံရိပ်က ဖြောင့်မတ်တည်ကြည်ပြီး ကြီးမြတ်နေဖို့ လိုတယ်... မဟုတ်ရင် လူကောင်းတွေနဲ့ အရည်အချင်းရှိတဲ့ လူတွေကို လာရောက် ပူးပေါင်းဖို့ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး"

"ကပ်ဘေးမတိုင်ခင်က စကားတစ်ခွန်း ရှိတယ် မဟုတ်လား"

"လောကဓမ္မတာဆိုတာ သတ်ဖြတ်နေရုံသက်သက် မဟုတ်ဘူး... လူမှုဆက်ဆံရေး နားလည်မှုပဲတဲ့"

တင်းယန်က တွေးတောနေဟန်ဖြင့် "သုံးပြည်ထောင်ခေတ်တုန်းက လျှိုပေ့နဲ့ ချောင်ချောင်တို့က ပညာရှင်တွေကို ရိုသေပြီး နာမည်ကောင်းကို ထိန်းသိမ်းထားသလိုမျိုးပေါ့"

လင်းယွမ်က ပြုံးလိုက်ပြီး "ရက်စက်ကြမ်းကြုတ်တဲ့ ကပ်ဘေးကမ္ဘာဖြစ်လေလေ သနားကြင်နာတတ်တဲ့ ခေါင်းဆောင်တစ်ယောက်က ပိုပြီး အဖိုးတန် ရှားပါးလေလေပဲ"

"တကယ်လို့ မင်းသာ အသက်ရှင်ကျန်ရစ်သူဆိုရင် ဒီလိုမျိုး နေရာမှာ လာရောက် ခိုလှုံချင်မလား... ဒါမှမဟုတ် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ခိုလှုံရေးစခန်းကို သွားပြီး ခိုလှုံမလား"

တင်းယန်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး လင်းယွမ်၏ တွေးခေါ်ပုံကို နားလည်သွားလေသည်။

လင်းယွမ်က ပြုံးလိုက်၏။ သူ ပြောစရာ စကားများစွာ ကျန်နေသေးသည်။

သူက သစ္စာဖောက်သူများကို မသတ်ခြင်းမှာ သနားကြင်နာတတ်သော နာမည်ကောင်းကို တည်ဆောက်လို၍သာ မဟုတ်ပေ။

ပို၍ အရေးကြီးသည်မှာ သူ့တွင် လူသတ်ခြင်းထက် ပိုကောင်းသော တုံ့ပြန်ဖြေရှင်းနည်း ရှိနေသောကြောင့် ဖြစ်၏။

ဥပမာအားဖြင့်... ကပ်ပါးမျိုးစေ့။

ဆက်ရန်...

All Chapters