← Chapters

အခန်း (၃၃၉-၃၄၀)

Vol. 17 Ch. 339-340

အခန်း (၃၃၉-၃၄၀)

Vol. 17 Ch. 339-340

အပိုင်း(၃၃၉) လူဟောင်းများကို ပြန်လည်သိမ်းသွင်းခြင်း

လူတစ်ယောက်ကို သတ်ရတာက သေချာပေါက် လွယ်ကူပေမယ့် ဒီလူကို အသက်ချမ်းသာပေးပြီး ကိုယ့်အတွက် အသုံးချရမည်။

ဒီလူက ကိုယ့်ကို ပြန်ခြိမ်းခြောက်လာနိုင်မည့် အန္တရာယ်ကိုလည်း သူပူစရာမလိုတော့ပေ။

ထို့ကြောင့် တစ်ဖက်လူ၏ စွမ်းရည်ကို တတ်နိုင်သမျှ အသုံးချပြီး ကိုယ့်အတွက် အလုပ်အကျွေးပြုခိုင်းတာက ပိုမကောင်းပေဘူးလော...

ထိုနှစ်က သူ ဘာကြောင့် လီကျစ်ချန်ကို သတ်ခဲ့ရသနည်း။

အကြောင်းရင်းမှာ သူက အလွန် အားနည်းလွန်းနေပြီး လီကျစ်ချန်က လျှိုအားလုံထံ သွားရောက် သတင်းပို့ရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။

လူသတ်မှသာ အန္တရာယ်ကြုံနေရသော အခြေအနေကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်တော့ သူက ဤအဆင့်အထိ အင်အားကြီးမားနေပြီဖြစ်ရာ တစ်ကိုယ်တော် တိုက်ခိုက်ရေးစွမ်းရည်အရ သူ့ကို ခြိမ်းခြောက်နိုင်မည့်သူ ရှိလာရန် အလွန် ခဲယဉ်းသွားပြီ ဖြစ်သည်။

သူက ဘာကြောင့် မဖြစ်မနေ လူသတ်နေစရာ လိုတော့မည်နည်း။

ကပ်ပါးမျိုးစေ့ တစ်စေ့တည်းဖြင့် ဤကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်ပြီ ဖြစ်သည်။

လင်းယွမ်က စွမ်းအားမြှင့်တင်သည့် နည်းလမ်းမှာ သူ၏ အင်အားစုကို စဉ်ဆက်မပြတ် တိုးချဲ့ပြီး နယ်မြေကို စီမံအုပ်ချုပ်ရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်။

သူ၏ လက်အောက်တွင် လူများများ ရှိလာမှသာ ထိုလူများက သူ့အတွက် အမှတ်များ ပိုမို ယူဆောင်လာပေးနိုင်မည် ဖြစ်သည်။

အမှတ်များ ပိုများလာမှသာ စနစ်ထဲမှ ဆုလာဘ်များကို ပိုမို လဲလှယ်နိုင်မည် ဖြစ်သည်။

လက်ရှိတွင် သူက အမှတ် တစ်သန်း ပြည့်ရန် ထက်ဝက်ကျော်ခန့် လိုအပ်နေသေးသည်။

မျိုးရိုးဗီဇမျိုးစေ့ လဲလှယ်မည့် လမ်းခရီးတွင် အမှတ်များစွာ လိုအပ်နေဆဲ ဖြစ်သည်။

ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာလည်း သူ့အတွက် အလုပ်လုပ်ပေးမည့် လူဦးရေကို တိုးချဲ့ရန် လိုအပ်နေသေးသည်။

နာမည်ကောင်းရှိခြင်းက သူ၏ ခိုလှုံရေးစခန်းဆီသို့ လူများများ လာရောက်ရန် ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူက ဤလူများကို ယခုလို လိုက်ခေါ်စရာ လိုအပ်တော့မည် မဟုတ်ပေ။

ဤလူများက ထိုက်ယန်တောင်ရှိ သူ့ထံသို့ ကိုယ်တိုင် လာရောက် ခိုလှုံကြလိမ့်မည် ဖြစ်သည်။

အခြားတစ်ချက်မှာ နာမည်ကောင်း ရလာပြီးနောက် ထိုက်ယန်တောင်ရှိ လူများက သူ့အပေါ် သစ္စာစောင့်သိမှု အတိုင်းအတာလည်း အလိုလိုပင် မြင့်တက်လာမည် ဖြစ်သည်။

လူတိုင်းက မိမိတို့၏ ခေါင်းဆောင်ကို ကြင်နာတတ်ပြီး ခိုလှုံရေးစခန်းရှိ ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးမည့်သူ ဖြစ်စေချင်ကြသည်မှာ သေချာသည်။

"ကြည့်ရတာ... ရှင် ခန့်မှန်းတာ မှန်သွားပြီထင်တယ်"

တင်းယန်က ရုတ်တရက် ဝင်ပြောလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

လင်းယွမ်က ကျန်းဖန်ဘက်သို့ လှည့်ကြည့်လိုက်ရာ ကျန်းဖန်က အန်းမင်ဟွေးနှင့် ကောက်ယွီချန်တို့ လူစုကို ခေါ်ကာ သူ့ဘက်သို့ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။

ကျန်းဖန်၏ မျက်နှာက အကြည့်ရဆိုးနေသော်လည်း သတ်ဖြတ်လိုသည့် အရိပ်အယောင်ကိုတော့ မတွေ့ရပေ။

ဆန့်ကျင်ဘက်အနေဖြင့် အန်းမင်ဟွေးဆိုသော လူငယ်၏ မျက်ဝန်းအောက်ခြေတွင်တော့ ဘေးအန္တရာယ်မှ လွတ်မြောက်သွားသည့် ဝမ်းသာမှု အရိပ်အယောင်တစ်ခု ပေါ်လွင်နေသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ခဏနေကျရင်... နင်လူဆိုးအဖြစ် သရုပ်ဆောင်ဖို့ မမေ့နဲ့အုံး"

တင်းယန်က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း လိမ္မာစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အစ်ကိုလင်း... အမတင်း... ကျွန်တော် ခင်ဗျားတို့ကို ကိစ္စတစ်ခုလောက် အကူအညီ တောင်းချင်လို့ပါ"

လင်းယွမ်က ပြုံးလိုက်ပြီး "ကိုယ့်လူတွေချည်းပဲ... ဘာတွေ အကူအညီတောင်းနေစရာ လိုလို့လဲ... ပြောလေ"

ကျန်းဖန်က သက်ပြင်းချလိုက်ပြီး "အစ်ကိုလင်း... အန်းမင်ဟွေးကို လွှတ်ပေးဖို့ ကျွန်တော် တောင်းဆိုချင်လို့ပါ"

လင်းယွမ်က ကျန်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနောက်ဘက်တွင် ဒေါသထွက်နေသော ကောက်ယွီချန်နှင့် တိတ်ဆိတ်နေသော ဝမ်မောင်နှမ နှစ်ယောက်ကိုပါ ဆက်ကြည့်လိုက်သည်။

သူက ရယ်မောလိုက်ပြီး "မင်းတို့ တိုင်ပင်ပြီးသွားကြပြီလား"

ကျန်းဖန်က ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

"ကျွန်တော်တို့က သေအတူရှင်မကွာ ဖြတ်သန်းခဲ့ရတဲ့ သံယောဇဉ်တွေ ရှိတယ်လေ... ဒီတစ်ခေါက် သူကလည်း အကြပ်ကိုင်ခံရလို့ ဘာမှမတတ်နိုင်ခဲ့တာပါ... တကယ်လို့ ကျွန်တော်သာ အဲဒီအခြေအနေမျိုးမှာ ရောက်နေခဲ့မယ်ဆိုရင်..."

သူက စကားကို ဆက်မပြောတော့ပေ။

တင်းယန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ကျန်းဖန်... နင် အခုလို ဆုံးဖြတ်ချက် မပြတ်မသား ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး... ဟိုတုန်းက တိုက်အမှတ် (၇၆) မှာ အဖွဲ့ခေါင်းဆောင် လုပ်တုန်းက... အဖွဲ့တစ်ဖွဲ့ကို သေချာ ဦးဆောင်နိုင်ဖို့ဆိုရင် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ မရှိဘဲနဲ့ မဖြစ်နိုင်ဘူးလို့ ငါ နင့်ကို မပြောခဲ့ဖူးဘူးလား"

"ဒီနေ့ ဒီလူက နင်နဲ့ သံယောဇဉ်ရှိလို့ နင့်ကို သစ္စာဖောက်တာတောင် နင်က ခွင့်လွှတ်ပေးနိုင်တယ်ဆိုရင်... နောက်ပိုင်း တခြားသူတွေကရော နင့်ကို သစ္စာဖောက်လည်း ဘာမှမဖြစ်ဘူးလို့ ထင်မသွားနိုင်ဘူးလား"

ကျန်းဖန်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားပြီး ကမန်းကတန်း ပြောလိုက်သည်။

"အမတင်း... ကျွန်တော် အဲဒီသဘောမျိုး ပြောတာ မဟုတ်ပါဘူး... ကျွန်တော်က... စိတ်ထဲမှာ မရက်စက်နိုင်လို့ပါ"

တင်းယန်က အေးစက်စက် ရယ်မောလိုက်ပြီး "ကောင်းပြီ... နင်က မရက်စက်နိုင်ဘူးဆိုမှတော့... ငါ နင့်ကိုယ်စား သူ့ကို သတ်ပေးမယ်"

စကားအဆုံးတွင် တင်းယန်က ချက်ချင်း မတ်တတ်ရပ်လိုက်ကာ လက်ကို မြှောက်လိုက်ပြီး "ရွှီး" ခနဲ လခြမ်းဓား တစ်လက် ပစ်လွှတ်လိုက်သည်။

သူမ၏ လှုပ်ရှားမှုက အလွန် မြန်ဆန်လှသဖြင့် ကျန်းဖန်ပင် တုံ့ပြန်ရန် အချိန်မရလိုက်ပေ... အန်းမင်ဟွေး၏ ရင်ဘတ်မှာ လခြမ်းဓား၏ ခုတ်ပိုင်းခံလိုက်ရပြီး ရင်အုံရိုး ကွဲအက်သွားကာ ချက်ချင်းပင် သွေးများ ပန်းထွက်လာသည်။

အန်းမင်ဟွေးက စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး သွေးအိုင်ထဲသို့ လဲကျသွားသည်။

ကျန်းဖန်... ကောက်ယွီချန်နှင့် ဝမ်ရှောင် မောင်နှမတို့ ချက်ချင်းပင် လန့်ဖြန့်သွားကြသည်။

ကျန်းဖန်က ကမန်းကတန်း အော်ဟစ်လိုက်သည်။

"အမတင်း... မြန်မြန် ရပ်လိုက်ပါ"

သူက စိတ်လှုပ်ရှားစွာဖြင့် တင်းယန်၏ အရှေ့တွင် ဝင်ကာလိုက်သည်။

တင်းယန်က မျက်မှောင်ကြုတ်လိုက်ကာ အော်ငေါက်လိုက်သည်။

"ကျန်းဖန်... ငါ နင့်ကို ကူညီနေတာလေ... နင် ငါ့ကို တားဦးမလို့လား"

ကျန်းဖန်က အရင်က တိုက်အမှတ် (၇၆) တွင် နေစဉ်ကတည်းက တင်းယန်ကို အလွန် ကြောက်ရွံ့ခဲ့သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားပြီး မျက်ရည်ဝဲကာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ရင်း ပြောလိုက်သည်။

"အမတင်း... ကျွန်တော် သိပါတယ်... ခင်ဗျားတို့က ကျွန်တော့်အတွက် ကောင်းစေချင်လို့ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမယ့် အန်းမင်ဟွေးက ကျွန်တော့်နောက်ကို လိုက်လာတာ နှစ်လတောင် ရှိနေပြီ"

"ဒီနှစ်လအတွင်းမှာသာ... သူ့ရဲ့ ကုသတဲ့အစွမ်းသာ မရှိရင်... ကျွန်တော်လည်း အစောကြီးကတည်းက အကြိမ်ကြိမ် သေနေလောက်ပြီ"

"သူက ကျွန်တော့်အပေါ် အသက်ကယ်ကျေးဇူး ရှိခဲ့တယ်... ကျွန်တော်... ကျွန်တော် သူ့ကို ကျွန်တော့်ရှေ့မှာ သေခိုင်းလို့ မဖြစ်ဘူးလေ"

ကျန်းဖန်က မျက်ရည်ပေါက်ကြီးပေါက်ငယ် ကျကာ အော်ဟစ်နေသည်။

တင်းယန်၏ မျက်နှာက မည်းမှောင်နေပြီး "သူက နင့်ကို သစ္စာဖောက်သွားပြီဆိုမှတော့... သူငယ်ချင်း မဟုတ်တော့ဘူး... အရင်က ကျေးဇူးတရားတွေ အားလုံးက အစောကြီးကတည်းက ပျက်ပြယ်သွားပြီ"

"ဒီတစ်ကြိမ်တော့ သူ့ကို လွှတ်ပေးလိုက်ပါ... သူ အရင်က ကျွန်တော့်အသက်ကို ကယ်ခဲ့ဖူးတဲ့ ကျေးဇူးကို ပြန်ဆပ်လိုက်တယ်လို့ သဘောထားလိုက်ပါမယ်... တောင်းပန်ပါတယ် အမတင်း"

တင်းယန်က အံကြိတ်ထားဆဲဖြစ်ပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ရစ်သိုင်းနေကာ လက်ဝါးကြားတွင် အလင်းရောင်များ တောက်ပနေသည်။

ဤအချိန်တွင် လင်းယွမ်က တင်းယန်ကို ဖိကိုင်ထားလိုက်ပြီး သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။

"ကျန်းဖန်... မင်းရဲ့ ခံစားချက်ကို ငါ နားလည်ပါတယ်"

"ပွင့်ပွင့်လင်းလင်း ပြောရရင်... ငါလည်း ငါ့ကို သစ္စာဖောက်တဲ့သူတွေကို ခွင့်လွှတ်ပေးဖို့ ခက်တယ်"

"မင်းက... ငါ့ထက် ပိုပြီး သတ္တိရှိပြီး... သဘောထား ကြီးတာပဲ... ထားလိုက်ပါတော့... မင်းရဲ့ ရွေးချယ်မှုကို ငါ လေးစားပါတယ်"

သူက သွေးအိုင်ထဲတွင် လဲကျနေပြီး ကုသခြင်းအစွမ်းကို အသုံးပြုကာ သူ့ကိုယ်သူ အသည်းအသန် ကုသနေသော အန်းမင်ဟွေးထံသို့ လျှောက်သွားလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ တစ်ဖက်လူ၏ ပခုံးကို ဖွဖွလေး ပုတ်လိုက်သည်။

"ကျန်းဖန်နဲ့ တွေ့လိုက်ရတာ မင်း အရမ်း ကံကောင်းတယ်"

"ငါသာဆိုရင်တော့... ဒီလောက် သဘောကောင်းနေမှာ မဟုတ်ဘူး... မင်း သွားတော့"

သူက လက်ဝါးကို ပြန်ရုပ်သိမ်းလိုက်ချိန်တွင် ကပ်ပါးမျိုးစေ့ တစ်စေ့က အန်းမင်ဟွေး၏ ခန္ဓာကိုယ်ထဲသို့ အသံတိတ် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

အန်းမင်ဟွေးက ရင်ဘတ်မှ နာကျင်မှုကို အတင်းအကြိတ် ခံစားနေရပြီး ယခုအချိန်တွင် သူက ကုသခြင်း အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်နေလျှင်တောင် ရင်ဘတ်မှ ဒဏ်ရာကို အပြည့်အဝ ပြန်လည်ကောင်းမွန်အောင် မကုသနိုင်တော့ပေ။

အမှန်တကယ်ပင် စောစောက တင်းယန်၏ လခြမ်းဓားက အလွန် စွမ်းအားကြီးမားလွန်းလှရာ ဒဏ်ရာက အရိုးများပင် ပေါ်နေပြီ ဖြစ်သည်။

အန်းမင်ဟွေးက ရုန်းကန် ထရပ်လိုက်ပြီး မောဟိုက်စွာ အသက်ရှူရင်း ပြောလိုက်သည် "တောင်း... တောင်းပန်ပါတယ်... အစ်ကိုဖန်... ပြီးတော့ ယွီချန်... ဝမ်ရှောင်... ဝမ်ဖန်း... ငါ... ငါ မင်းတို့ကို တောင်းပန်ပါတယ်"

"ငါက... အသက်ရှင်ချင်ရုံ သက်သက်ပါပဲ"

သူက ကြိုးစားပမ်းစား ထရပ်လိုက်ပြီး သင်္ဘောကုန်းပတ် အစွန်းဆီသို့ ယိုင်နဲ့နဲ့ လျှောက်သွားလိုက်သည်။

ကျန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

ကောက်ယွီချန်လည်း ဆက်ပြီး ဒေါသမထွက်တော့ဘဲ အကြည့်များကို တစ်ဖက်သို့ လွှဲလိုက်ကာ အန်းမင်ဟွေးကို ဆက်မကြည့်တော့ပေ။

ဝမ်ရှောင်က တစ်ခုခု ပြောချင်နေသော်လည်း ညီမဖြစ်သူ ဝမ်ဖန်းက လှမ်းဆွဲလိုက်သဖြင့် တိတ်ဆိတ်သွားသည်။

လင်းယွမ်က အဝေးတွင်ရှိသော ခုံရှန်းကို ပြောလိုက်သည် "သူ့ကို ရော်ဘာလှေ တစ်စင်း ပေးလိုက်... သူ့ကို ထွက်သွားခိုင်းလိုက်တော့"

ခုံရှန်း၏ စိတ်ထဲတွင် ဆရာလင်းက အလွန် သဘောကောင်းလွန်းသည်ဟု တွေးတောမိသွားသည်။

သူ့နေရာမှာသာဆိုလျှင် သူ့ကို သစ္စာဖောက်ရဲသူ မည်သူ့ကိုမဆို ဤမျှလောက် လွယ်လွယ်ကူကူ လွှတ်ပေးမည် မဟုတ်ပေ။

သူက ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့... ဆရာလင်း"

စကားပြောနေစဉ်အတွင်း ခုံရှန်းက ရော်ဘာလှေတစ်စင်းကို ရှာဖွေကာ ရေထဲသို့ ပစ်ချပေးလိုက်ပြီး အန်းမင်ဟွေးက ကြိုးလှေကားမှတစ်ဆင့် ကုန်တင်သင်္ဘောပေါ်မှ ဖြည်းညင်းစွာ ဆင်းသွားကာ ရော်ဘာလှေပေါ်တွင် ထိုင်လိုက်ပြီးနောက် ဖီးနစ် သင်္ဘောမှ ထွက်ခွာရန် လှော်တက်ကို ဖြည်းညင်းစွာ ခတ်လိုက်သည်။

သူက ကုန်တင်သင်္ဘောကို ကျောပေးထားပြီး မျက်လုံးများက မိန်တုဥယျာဉ်ကို ကြည့်နေကာ ရင်ဘတ်မှ ဒဏ်ရာက သူ့ကို မည်မျှ နာကျင်ကြောင်း အချိန်တိုင်း သတိပေးနေသည်။

သူ၏ မျက်ဝန်းအောက်ခြေတွင် အငြိုးအတေး အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ငါက အသက်ရှင်ချင်ရုံ သက်သက်ပဲလေ... ငါ့မှာ ဘာအပြစ်ရှိလို့လဲ"

"ငါက ကိုယ့်သဘောနဲ့ကိုယ် သစ္စာဖောက်ချင်ခဲ့တာမှ မဟုတ်တာ... အဲဒီလူတွေက ငါ့ကို အကြပ်ကိုင်ခဲ့လို့ ငါက ဘာလုပ်နိုင်မှာလဲ"

"သောက်ကျိုးနည်း"

အန်းမင်ဟွေး၏ ရင်ထဲတွင် အမုန်းတရားများ ပြည့်နှက်နေပြီး ဤအဆုံးအစမဲ့ ရေလွှမ်းမိုးမှုကြီးကဲ့သို့ပင် သူ၏ မျက်ရည်များပင် ကျလာစေသည်။

သူ၏ အစွမ်းက တန်ဖိုးရှိပြီး ရွှီလဲ့ဖုန်း၏ မျက်စိကျခြင်းကို မခံရပါက ရွှီလဲ့ဖုန်းက အစောကြီးကတည်းက ရက်စက်စွာဖြင့် လူအားလုံးကို သတ်ပစ်လိုက်လောက်ပြီဟု သူက ခံစားနေရသည်။

သူတို့ကို အသက်ချမ်းသာပေးပြီး သူ့ကို လူသတ်ကာ သစ္စာခံအဖြစ် အသုံးချဖို့ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ။

သူသာ မရှိခဲ့ဘူးဆိုလျှင် ဒီလူတွေက အစောကြီးကတည်းက သေနေလောက်ပြီ။

အခုကျမှ အားလုံးက သူ့ကို ပြန်ပြီး အပြစ်တင်နေကြတာလား။

"မင်းတို့က အသုံးမကျတာလေ... မင်းတို့ရဲ့ အစွမ်းတွေက အရမ်း ပျော့ညံ့လွန်းနေလို့ သူများတွေက မင်းတို့ကို အထင်မကြီးတာ... အခုကျမှ မင်းတို့က ငါ့ကို ပြန်ပြီး အပြစ်တင်နေကြတာလား"

"ဒီအငြိုးကို... ငါ အစောကြီးမဟုတ်တောင် တစ်နေ့နေ့တော့ ပြန်လက်စားချေမယ်"

"ပြီးတော့... အဲ့ဒီတင်းဆိုတဲ့ မိန်းမ... တောက်"

ထိုအကြောင်းများကို တွေးမိသောအခါ အန်းမင်ဟွေး၏ သွားများ ကျိုးကြေမတတ် အံကြိတ်ထားမိပြီး ရင်ထဲတွင် အမုန်းတရားများ ဆူပွက်လာသည်။

သို့သော် ယခုအချိန်တွင် သူက မည်သည့် ထူးခြားသော လှုပ်ရှားမှုကိုမျှ အနည်းငယ်လေးတောင် မလုပ်ရဲပေ။

ထိုကုန်တင်သင်္ဘောကို နောက်လှည့်ကြည့်ရန်ပင် သတ္တိမရှိပေ။

လက်ရှိအချိန်တွင် အသက်ရှင်နေဖို့က အရေးအကြီးဆုံး ဖြစ်သည်။

ဖီးနစ် သင်္ဘောပေါ်တွင် လင်းယွမ်က ကျန်းဖန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ရပြီ... သူ့ကို လွှတ်ပေးလိုက်ပြီဆိုမှတော့... အားလုံး ပြီးသွားပြီလို့ သဘောထားလိုက်ပါ"

"နောက်ဆိုရင် အားလုံး ကိုယ့်လမ်းကိုယ် လျှောက်ကြတာ အကောင်းဆုံးပဲ... ဘယ်သူကမှ ဘယ်သူ့ကိုမှ အားနာစရာ မလိုတော့ဘူး... ငါ့ဆီမှာ မင်းအတွက် တာဝန်တစ်ခု ရှိတယ်"

ကျန်းဖန်က ထိုစကားကို ကြားလိုက်ရချိန်တွင် စိတ်အားထက်သန်စွာဖြင့် ကမန်းကတန်း မေးလိုက်သည်။

"အစ်ကိုလင်း... ပြောပါ"

"မင်းရဲ့ ညီအစ်ကိုတွေကို ခေါ်ပြီး တိုက်အမှတ် (၇၆) ကို တစ်ခေါက်လောက် သွားလိုက်... မင်း ယုံကြည်ရတယ်လို့ ထင်တဲ့သူတွေကို ခေါ်လာခဲ့... အချိန်ကျရင် ထိုက်ယန်တောင်ကို အတူတူ ခေါ်သွားလို့ရတာပေါ့"

"ပြီးတော့... အရင်တုန်းက သန္ဓေပြောင်း နေကြာပန်းကိုလည်း ငါ ပြန်ယူရမယ်"

ကျန်းဖန်က ထိုစကားကို ကြားသောအခါ ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "အစ်ကိုလင်း... ဒီကိစ္စကို ကျွန်တော့်ဆီ လွှဲထားလိုက်ပါ... ကျွန်တော် သေချာပေါက် ကောင်းကောင်း လုပ်ပေးပါ့မယ်"

လင်းယွမ်က ပြုံးလိုက်ပြီး "တင်းယန်... ဖောင်တစ်စင်းလောက် ပြင်ပေးလိုက်ပါ... သူတို့ကို သွားခိုင်းလိုက်"

တင်းယန်က ခေါင်းညိတ်လိုက်သည်။

"သိပြီ... ကျန်းဖန်... ပြီးတော့ နင်တို့တွေ... ငါ့နောက် လိုက်ခဲ့"

တင်းယန်က ကျန်းဖန်တို့ကို ခေါ်သွားပြီးနောက် လင်းယွမ်က ကုန်းပတ်ပေါ်တွင် ရပ်ကာ အန်းမင်ဟွေး ဝေးကွာသွားသော လှေငယ်လေး၏ အရိပ်ကို ကြည့်နေသည်။

သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ကပ်ပါးမျိုးစေ့၏ အငွေ့အသက်ကို ခံစားနေသည်။

အမှန်တကယ်ပင် အစွမ်းဖော်ပြချက်တွင် ပြောထားသည့်အတိုင်း ကပ်ပါးမျိုးစေ့က သူ၏ စိတ်စွမ်းအင် အတိုင်းအတာထက် ကျော်လွန်၍ ဝေးကွာသွားလျှင်တောင် သူ၏ ထိန်းချုပ်မှုကို ခံရဆဲ ဖြစ်သည်။

အကယ်၍ သူက ကပ်ပါးမျိုးစေ့ကို အသက်မသွင်းပါက ခန့်မှန်းခြေ တစ်နှစ်မှ သုံးနှစ်အတွင်း အန်းမင်ဟွေးက ကပ်ပါးမျိုးစေ့၏ လွှမ်းမိုးမှုကို ခံရမည် မဟုတ်ပေ။

သို့သော် ဤအချိန်ကာလကို ကျော်လွန်သွားပါက ကပ်ပါးမျိုးစေ့က မလွဲမသွေ ပေါက်ကွဲထွက်လာပြီး ကြီးထွားလာမည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် ကပ်ပါးမျိုးစေ့က သူ၏ သွေးသားများကို စုပ်ယူသွားမည်ဖြစ်ပြီး ဤအန်းမင်ဟွေးမှာ ချက်ချင်းပင် ခန္ဓာကိုယ် ပေါက်ကွဲကာ သေဆုံးသွားမည် ဖြစ်သည်။

"မင်းအခုကစပြီး ကောင်းကောင်းမွန်မွန် နေမယ်ဆိုရင်တော့... တစ်နှစ်ကနေ သုံးနှစ်လောက်အထိ အသက်ပိုရှင်နိုင်လိမ့်မယ်"

လင်းယွမ်၏ အကြည့်များက တည်ငြိမ်နေပြီး တစ်ဖက်လူကို ဆက်လက် အာရုံမစိုက်တော့ပေ။

သူ၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး လေထဲတွင် နင်းလျှောက်ကာ မိန်တုဥယျာဉ်၏ အဆောက်အအုံ အမျိုးမျိုးကြားတွင် ပျံသန်း ခုန်ကူးသွားသည်။

အချိန်သိပ်မကြာခင်မှာပင် တိုက်အမှတ် (၈၇) ဘက်သို့ ရောက်ရှိလာခဲ့သည်။

လင်းယွမ်က ခုန်ဆင်းလိုက်ပြီး ရေအောက်သို့ ငုပ်လျှိုးသွားကာ အလျင်အမြန် နစ်မြုပ်သွားပြီး ဆယ့်ကိုးလွှာရှိ အခန်းဆီသို့ တိုက်ရိုက် ရောက်ရှိသွားသည်။

ဤအလွှာ၏ ဝရန်တာ ပြတင်းပေါက်များက ကွဲကြေနေပြီ ဖြစ်သည်။

သူ မှတ်မိနေသေးသည်မှာ... အရင်တုန်းက သူ ကိုယ်တိုင် တိုက်အမှတ် (၈၈) ၏ ခေါင်မိုးပေါ်မှ ပျံသန်းဆင်းလာပြီး ဤနေရာရှိ ပြတင်းပေါက်များကို ဝင်တိုက်ကာ ခွဲပစ်ခဲ့ခြင်း ဖြစ်သည်။

လင်းယာ ဆိုသော အမျိုးသမီးက ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် သွေးဆူဖွယ် မြင်ကွင်းကြီးကို မြင်တွေ့ခဲ့ရသည်။

ယခုအချိန်တွင် ရေကြီးရေလျှံမှုကြောင့် ဆယ့်ကိုးလွှာမှာ ရေနစ်မြုပ်နေပြီ ဖြစ်သည်။

လင်းယွမ်က အိမ်ထဲသို့ ရေကူးဝင်သွားရာ အိမ်ထဲရှိ ပစ္စည်းများစွာမှာ ပြောင်းရွှေ့သွားကြပြီဖြစ်ပြီး ပရိဘောဂအချို့နှင့် ပလတ်စတစ်ပစ္စည်းများသာ မျက်နှာကြက်ပေါ်တွင် မျောပါနေသည်။

လင်းယွမ်က ကျန်းဖန်ထံမှ ရရှိထားသော သတင်းများအရ အရင်တုန်းက မိန်တုဥယျာဉ်မှ ထွက်ခွာပြီး လင်ကျောင်းတက္ကသိုလ်သို့ လှေသွားရှာသူများထဲတွင် ဤတိုက်မှ လူများလည်း ပါဝင်နေပုံရသည်။

လင်းယာ ဆိုသော အမျိုးသမီးက အတူတူ လိုက်သွားခြင်း ရှိမရှိကိုတော့ မသိရပေ။

"ဒီအမျိုးသမီးရဲ့ မာကျောအစွမ်း က အရမ်း ထူးခြားတယ်... အကယ်လို့ ခိုလှုံရေးစခန်း တည်ဆောက်ဖို့ အသုံးချနိုင်မယ်ဆိုရင်... သေချာပေါက် အရမ်း အသုံးဝင်လိမ့်မယ်"

"သူ ဒီအဆောက်အအုံထဲမှာ ရှိနေသေးလား မသိဘူး"

လင်းယွမ်က အိမ်ထဲတွင် တစ်ပတ်လောက် လှည့်ပတ်ကြည့်ရှုလိုက်ပြီး ဤအခန်းထဲရှိ ပစ္စည်းအားလုံးကို စုဆောင်းကာ ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။

သူက ဗီဒိုထဲတွင် ဓာတ်ပုံအယ်လ်ဘမ် အတော်များများကို တွေ့ရှိခဲ့ပြီး အားလုံးက လင်းယာ ဆိုသော အမျိုးသမီး၏ ပုံများ ဖြစ်သည်။

လင်းယွမ်က ၎င်းတို့ကိုပါ တစ်ပါတည်း ယူဆောင်သွားခဲ့ပြီး အချိန်ကျလျှင် အဆောက်အအုံအတွင်းရှိ လူများကို မေးမြန်းရန် အဆင်ပြေစေရန် ဖြစ်သည်။

မကြာမီ သူက ရေမျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာပြီး အပေါ်ထပ်သို့ ရောက်ရှိလာခဲ့သည်။

ဤအဆောက်အအုံထဲတွင် အသက်ရှင်ကျန်ရစ်သူ အတော်များများ ကျန်ရှိနေသေးသော်လည်း အစွမ်းပိုင်ရှင်များကတော့ မရှိတော့သည့်ပုံပင်။

လင်းယွမ်က ရေမျက်နှာပြင်နှင့် နီးကပ်နေသော အလွှာတစ်ခုတွင် လူလတ်ပိုင်း တစ်ယောက်ကို ရှာတွေ့ခဲ့သည်။

ထိုလူလတ်ပိုင်းက လင်းယွမ်ကို မြင်သည်နှင့် ချက်ချင်းပင် သတိထားနေသည့် အမူအရာ ပေါ်လာပြီး ခါးမှ ဓားမြှောင်ကို အလျင်အမြန် ဆွဲထုတ်ကာ မေးလိုက်သည်။

"ရပ်လိုက်... မင်းက ဘာလာလုပ်တာလဲ"

လင်းယွမ်က အနည်းငယ် စူးစိုက်ကြည့်လိုက်ပြီး စိတ်စွမ်းအင်ကို အသုံးပြုလိုက်ရာ ချက်ချင်းပင် လူလတ်ပိုင်း၏ ခန္ဓာကိုယ်က ထိန်းချုပ်မှု ကင်းမဲ့သွားပြီး ဓားမြှောင်ကို အောက်သို့ ချလိုက်ရသည်။

လင်းယွမ်က လင်းယာ၏ ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်ပြီး "ဒီအမျိုးသမီးကို သိလား" ဟု မေးလိုက်သည်။

အမျိုးသားက ဓာတ်ပုံပေါ်ရှိ အမျိုးသမီးကို မြင်သောအခါ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားပြီး တုန်ရီသော အသံဖြင့် ပြောလိုက်သည်။

"သိတယ်... သိတယ်... ကျွန်တော့်ကို မသတ်ပါနဲ့... ခင်ဗျား ဘာမေးမေး ကျွန်တော် အကုန် ဖြေပါ့မယ်... ကျွန်တော့်ဆီမှာ စားစရာ တစ်ခုမှ မရှိတော့ဘူး... တကယ်ပါ... ကျွန်တော့်ကို မသတ်ပါနဲ့"

လင်းယွမ်က "သူ့ နာမည် ဘယ်လိုခေါ်လဲ" ဟု မေးလိုက်သည်။

အမျိုးသားက ကမန်းကတန်း ပြောလိုက်သည်။

"ကျွန်တော် သိတာကတော့ အားလုံးက သူမကို အမယာလို့ ခေါ်ကြတယ်... သူမက လန်ယွဲ့ဟွာ ခေါင်းဆောင်တဲ့ သောက်ရူးမတွေအုပ်စုထဲမှာ စကားပြောလို့ အကောင်းဆုံး တစ်ယောက်ပဲ"

"သူရော"

"ထွက်သွားပြီ... လန်ယွဲ့ဟွာနဲ့အတူ လင်ကျောင်းတက္ကသိုလ်ကို သင်္ဘောသွားရှာကြတယ်"

"သူတို့က အဆောက်အအုံထဲက အမျိုးသမီးတွေ အကုန်လုံးကို ခေါ်သွားသေးတယ်... ပြီးတော့ လူငယ်လူရွယ် ကျွန်တချို့ကိုပါ ခေါ်သွားကြတယ်"

ထိုအမျိုးသားက သူ သိထားသည့် ကိစ္စများကို ချက်ချင်းပင် အကုန်အစင် ပြောပြလိုက်သည်။

လင်းယွမ်က ချက်ချင်းပင် စိတ်ပျက်သွားမိသည်... တကယ်ပဲ တစ်ဖက်လူက အဆောက်အအုံထဲတွင် မရှိတော့ပေ။

သူက အမျိုးသားကို အသာအယာ လွှတ်ပေးလိုက်ပြီးနောက် အပေါ်ထပ်သို့ တက်သွားကာ လန်ယွဲ့ဟွာ ဆိုသော အမျိုးသမီး၏ အခန်းဆီသို့ အလျင်အမြန် ရောက်ရှိသွားသည်။

ဤအခန်းကို ယောက်ျားကြီး တစ်စုက သိမ်းပိုက်ထားပြီး ဖြစ်သည်။

ဤယောက်ျားကြီး တစ်စုက အခန်းထဲတွင် အိပ်နေကြပြီး အမျိုးသမီး မရှိသလို အစားအစာလည်း မရှိသောကြောင့် သူတို့က ငါးများကိုသာ စားနေရသည်။

အိမ်ထဲတွင် ထူးဆန်းသော အနံ့အသက်များ ထွက်နေသဖြင့် လင်းယွမ်က အထဲသို့ တစ်ပတ်လောက် ဝင်ကြည့်ပြီးနောက် ပြန်ထွက်လာခဲ့သည်။

ဤနေရာတွင် မည်သည့် တန်ဖိုးရှိသော ပစ္စည်းမှ မရှိပေ။

"နှမြောစရာပဲ... ဒီအမျိုးသမီးတွေထဲမှာ အစွမ်း တော်တော်ကောင်းတဲ့သူ အတော်များများ ပါတယ်"

လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး ဤအမျိုးသမီးများ နောက်ဆုံးတွင် သင်္ဘော ရှာတွေ့ခဲ့ခြင်း ရှိမရှိကိုတော့ သူ သေချာ မသိပေ။

သူက အနည်းငယ် နှမြောနေရုံသာ ဖြစ်ပြီး အကယ်၍ ဤလူများ သေဆုံးသွားပါက သူ၏ ထိုက်ယန်တောင် ခိုလှုံရေးစခန်းသို့ ခေါ်ယူ၍ ရတော့မည် မဟုတ်ပေ။

သူ ဖီးနစ် သင်္ဘောပေါ်သို့ ပြန်ရောက်လာချိန်တွင် ကျန်းဖန်လည်း လူတစ်စုကို ခေါ်ကာ ပြန်ရောက်လာခဲ့သည်။

ကုန်းပတ်ပေါ်တွင် လူဆယ်ဂဏန်းကျော်ခန့် စုရုံးနေပြီး လင်းယွမ်ကို မြင်သောအခါ ချက်ချင်းပင် တစ်ယောက်ပြီး တစ်ယောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

"ဆရာလင်း... တကယ် ဆရာလင်းပဲ"

"ဘုရားရေ... ဆရာလင်း... တကယ် ခင်ဗျားလား... ခင်ဗျားက ကျွန်တော်တို့ကို ကယ်ဖို့ တကယ် ပြန်လာခဲ့တာလား"

"အီးဟီး... ဆရာလင်း... ကျွန်တော်တို့ ခင်ဗျားကို အရမ်း သတိရနေခဲ့တာပါ"

တချို့က စိတ်လှုပ်ရှားလွန်း၍ မျက်နှာကို အုပ်ကာ ငိုကြွေးနေကြပြီး ဝမ်းသာလုံးဆို့နေကြသည်။

လင်းယွမ်က လျှောက်လာပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားကာ ပြောလိုက်သည်။

"အားလုံးပဲ... ကျွန်တော်ပါ... ကျွန်တော် တစ်ယောက်တည်းတင် မကဘူး... အရင်တုန်းက ကျွန်တော်နဲ့အတူ ထွက်သွားတဲ့သူတွေ အများစုကလည်း အသက်ရှင်လျက် ရှိနေကြတုန်းပါပဲ"

"ဒီတစ်ခေါက် ကျွန်တော် ပြန်လာတာက အားလုံးကို ထိုက်ယန်တောင်ဆီ ခေါ်သွားဖို့ပါ"

"ခင်ဗျားတို့ကရော... ကျွန်တော့်နောက်ကို လိုက်ချင်သေးရဲ့လား"

လူအုပ်ကြီးထဲမှ ချက်ချင်းပင် လူတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ဆရာလင်း... ကျွန်တော် လိုက်ချင်ပါတယ်... ကျွန်တော်တို့ လိုက်ချင်ပါတယ်"

"ဆရာလင်း... အရင်တုန်းက ခင်ဗျားနဲ့အတူ မလိုက်သွားခဲ့ရလို့ ကျွန်တော် နောင်တရနေတာ... ကျွန်တော်က အစောကြီးကတည်းက ခင်ဗျားနောက်ကို လိုက်ချင်နေတာ"

"ဆရာလင်း... အရင်တုန်းက ကျွန်တော့်အမေ အပြင်းဖျားနေလို့ ကျွန်တော် သူ့ကို ထားခဲ့ဖို့ တကယ်ကို နည်းလမ်းမရှိခဲ့လို့ပါ... အခုတော့ ကျွန်တော် တစ်ကောင်ကြွက် ဖြစ်နေပြီမို့ ခင်ဗျားဆီကို အစောကြီးကတည်းက သွားရှာချင်နေတာ"

"ဆရာလင်း... ကျွန်တော်တို့ရဲ့ ဆန္ဒတွေက အစောကြီးကတည်းက ခင်ဗျားနဲ့အတူ ထိုက်ယန်တောင်ဆီ ရောက်နေခဲ့ပါပြီ"

လူအုပ်ကြီးက တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်နေကြပြီး အားလုံး၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံနေသည်။

လင်းယွမ်၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာပြီး ဆက်တိုက် ပြောလိုက်သည်။

"ကောင်းပြီ... ကောင်းတာပေါ့... အားလုံးက ကျွန်တော့်ကို ယုံကြည်ပေးနေကြသေးတာကို မြင်ရလို့ ကျွန်တော် အရမ်း ဝမ်းသာပါတယ်"

"ကျန်းဖန်... မင်း အားလုံးကို ဝါးအိမ်ဘက်မှာ နေဖို့ နေရာ အရင်သွားလုပ်ပေးလိုက်ပါဦး"

"လင်ကျောင်းတက္ကသိုလ်ကို တစ်ခေါက်လောက် သွားပြီးရင်... ငါ မင်းတို့ကို ထိုက်ယန်တောင်ကို ပြန်ခေါ်သွားမယ်"

"မင်းတို့ကို ငါတို့ရဲ့ ခိုလှုံရေးစခန်းကို ပြပေးမယ်"

ဆက်ရန်...

အပိုင်း(၃၄၀) ရေအောက်တက္ကသိုလ်နှင့် အံ့မခန်း တွေ့ရှိမှု

အဆုံးအစမရှိသော လှိုင်းလုံးကြီးများကြားတွင် ရေပေါ်ပေါ်နေသော အရာဝတ္ထုအစုအဝေးတစ်ခုက လှိုင်းပုတ်ခတ်မှုကြောင့် အဝေးသို့ လွင့်မျောသွားလေ့ရှိသည်။

ရေပြင်အထက်တွင် မိုးမျှော်တိုက်ကြီးများ၏ တစ်ဝက်ကျော်ခန့် ရေနစ်မြုပ်နေပြီး အပေါ်ပိုင်း အနည်းငယ်သာ ထွက်ပေါ်နေသည်ကို မြင်တွေ့နိုင်သည်။

အနီနှင့် အဖြူရောင်စပ်ထားသော ကုန်တင်သင်္ဘောတစ်စင်းက ရေပြင်ထက်တွင် ခုတ်မောင်းနေ၏။

သင်္ဘောဦးပိုင်း၌ ရွက်တိုင်တစ်ခု စိုက်ထူထားပြီး ၎င်းအထက်တွင် အဖြူရောင်နောက်ခံနှင့် တောင်ပုံစံ စာလုံးရေးဆွဲထားသော အလံတစ်ခု လွှင့်ထူထားသည်။

အလံက လေပြင်းနှင့် မိုးစက်များကြားတွင် တဖျပ်ဖျပ် လွင့်ပျံနေပြီး ကုန်တင်သင်္ဘောပေါ်၌ လူအတော်များများ ကင်းလှည့်သွားလာနေသည်ကို ဝေဝေဝါးဝါး မြင်တွေ့နိုင်သည်။

သင်္ဘောကပ္ပတိန်အခန်းထဲတွင် ကျူးယွီချွမ်က အော်ပြောလိုက်သည်။

"ကိုလင်း... မြေပုံအရဆိုရင် ဒီနားတစ်ဝိုက်က လင်ကျန်းတက္ကသိုလ် ဖြစ်ရမယ်"

လင်းယွမ်က အနားသို့ လျှောက်လာပြီး မေးလိုက်သည်။

"သေချာလို့လား"

ကျူးယွီချွမ်က ခေါင်းညိတ်ပြသည်။

"သေချာတယ်... မြေပုံသာ မမှားဘူးဆိုရင် ဒီနေရာအသေအချာပဲ"

"ပြီးတော့ ကြည့်ကြည့်ပါဦး... ဒီနားတစ်ဝိုက်မှာ မိုးမျှော်တိုက်ကြီးတွေ သိပ်မရှိဘူး... လင်ကျန်းတက္ကသိုလ်ရဲ့ စာသင်ဆောင်တွေက အမြင့်ဆုံးမှ အထပ်သုံးဆယ်ထက် မပိုနိုင်ဘူး... ဒါကြောင့် ရေနစ်မြုပ်သွားနိုင်ခြေ အရမ်းများတယ်"

ထိုအချိန်တွင် ကျန်းဖန်က ဝင်ပြောလိုက်သည်။

"အစ်ကိုလင်း... ဒါ လင်ကျန်းတက္ကသိုလ် ဟုတ်မဟုတ် ကျွန်တော် ဆင်းကြည့်လိုက်ရင် ရပြီမဟုတ်လား"

လင်းယွမ်က ကြားသောအခါ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်သည်။

"ကောင်းပြီလေ... ဒါပေမဲ့ သတိတော့ထား... ရေအောက်မှာ သန္ဓေပြောင်းသားရဲတွေ မနည်းဘူး... ရေနက်ပိုင်းနဲ့ နေရာကျယ်လေလေ အကောင်ကြီးတွေ ပိုများလေလေပဲ"

ကျန်းဖန်က ကြားလျှင် ခေါင်းညိတ်ပြသည်။

"စိတ်ချပါ အစ်ကိုလင်း... ကျွန်တော် ဘယ်လိုလုပ်ရမလဲဆိုတာ သိပါတယ်"

သူက ချက်ချင်းပင် သင်္ဘောဘေးသို့ ပြေးသွားကာ ခုန်ချလိုက်ပြီး လေထဲတွင် ရှိနေစဉ်မှာပင် သူ၏အစွမ်းကို အသက်သွင်းလိုက်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံများ လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး လက်နှင့် ခြေထောက်များတွင် ရေကူးအမြှေးပါးများ ထွက်ပေါ်လာကာ နားရွက်နောက်တွင်လည်း ပါးဟက်များ ပေါက်လာ၏။

ဗွမ်းခနဲ အသံနှင့်အတူ သူက ရေအောက်သို့ ငုပ်လျှိုးသွားတော့သည်။

လင်းယွမ်က ကျန်းဖန်၏ ရေလူသားအစွမ်းကို ကြည့်ရင်း မျက်လုံးများ အရောင်လက်သွားသည်။

၎င်းမှာ ကျန်းဖန် ဤအစွမ်းကို အသုံးပြုသည်ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။

တစ်ဖက်လူ၏ ရေလူသားအစွမ်းက သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းမှ ထွက်ပေါ်လာသော ရေအောက်အခြေအနေနှင့် အလွန်တူညီနေသည်။

သူကိုယ်တိုင်လည်း ရေအောက်တွင် အသက်ရှူနိုင်သော ပါးဟက်အင်္ဂါရပ်များကို ဆင့်ကဲပြောင်းလဲ ဖန်တီးနိုင်သည်။

သို့သော် လက်နှင့် ခြေထောက်များတွင်တော့ ရေကူးအမြှေးပါးများ ထွက်ပေါ်လာခြင်း မရှိပေ။

သို့တိုင် သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက ပတ်ဝန်းကျင် အခြေအနေအပေါ် မူတည်၍ အလိုအလျောက် အသားကျစေရန် ပြုပြင်ပြောင်းလဲနိုင်သည်။

အကယ်၍ လိုအပ်လာပါက အမှန်တကယ်ပင် ရေကူးအမြှေးပါးများကိုလည်း ဆင့်ကဲပြောင်းလဲ ဖန်တီးနိုင်ပေသည်။

အခြားတစ်ချက်မှာ ဆဲလ်များ၏ ဖိအားခံနိုင်ရည် စွမ်းရည် ကွာခြားခြင်းပင် ဖြစ်သည်။

သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို အသက်သွင်းလိုက်ပါက ခန္ဓာကိုယ်တွင်းရှိ စိမ့်ဝင်ဖိအားကို အလိုအလျောက် ချိန်ညှိပေးနိုင်သဖြင့် ရေနက်ပိုင်းရှိ ဧရာမဖိအားကိုလည်း ကြောက်ရွံ့ရန် မလိုတော့ပေ။

သို့သော် ကျန်းဖန်၏ ရေလူသားအခြေအနေက ထိုအချက်ကို စွမ်းဆောင်နိုင်သေးပုံမရကာ သတ်မှတ်ထားသော ရေအနက် တစ်နေရာတွင်သာ ကူးခတ်သွားလာနိုင်စွမ်း ရှိသည်။

"ဒါက ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးနဲ့ သက်ဆိုင်နေလို့ ဖြစ်နိုင်တယ်"

"ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အားကောင်းတာက ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကနေတဆင့်... မြင့်မားတဲ့ ဖိအားကို ခံနိုင်ရည်ရှိတဲ့ ဆဲလ်တွေ ဖြစ်ပေါ်လာစေဖို့ လုံလောက်တယ်"

"ကျန်းဖန်က အစွမ်းနိုးထလာတာ သိပ်မကြာသေးတော့... သူ့ရဲ့ အရည်အသွေး အသီးသီးက ငါနဲ့ ယှဉ်လို့မရတာ သဘာဝပါပဲ"

"တစ်ချိန်ချိန် သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးက အမှတ် ငါးဆယ်ကို ရောက်လာခဲ့ရင်... ရေအောက်ဖိအား ခံနိုင်ရည်စွမ်းရည်က ငါ့ထက်တောင် ကျော်လွန်သွားနိုင်သေးတယ်"

တင်းယန်က လက်ထဲတွင် မှန်ပြောင်းတစ်ခုကို ကိုင်ထားပြီး ကုန်းပတ်ပေါ်မှနေ၍ တစ်စုံတစ်ရာကို လိုက်လံရှာဖွေနေသည်။

ခဏအကြာတွင် ရေပြင်ထက်မှ ဝုန်းခနဲ အသံထွက်ပေါ်လာပြီး ကျန်းဖန်က ရေအောက်မှ ပြန်ထွက်လာကာ ကုန်တင်သင်္ဘောပေါ်သို့ လျင်မြန်စွာ ပြန်တက်လာပြီး လင်းယွမ်ရှေ့သို့ ပြေးလာကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အစ်ကိုလင်း... အောက်ဘက်က တကယ်ပဲ လင်ကျန်းတက္ကသိုလ် ဖြစ်နေတယ်"

"ဒါပေမဲ့ လင်ကျန်းတက္ကသိုလ်က အဆောက်အအုံတွေ သိပ်မမြင့်ဘူး... အမြင့်ဆုံးဆိုလို့ ကျောင်းအုပ်ရုံးလို အဆောက်အအုံမျိုးပဲ ရှိတာ... ဒါတောင် ခြောက်ထပ် ခုနစ်ထပ်လောက်ပဲ ရှိတာမို့လို့ အကုန် ရေနစ်မြုပ်သွားပြီ"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"ငါတို့ ရောက်လာပြီ ထင်တယ်... တင်းယန်... ပါမောက္ခလီဟန်ကျုံး ရှိနေတဲ့ အဆောက်အအုံကို ရှာတွေ့ပြီလား"

တင်းယန်က ပြန်ဖြေသည်။

"ကျွန်မ ရှာနေတုန်းပဲ... အခု နေရာတိုင်းမှာ ရေတွေချည်းပဲဆိုတော့ ချက်ချင်းကြီး ခွဲခြားသိဖို့ ခက်နေတယ်"

လင်းယွမ်က ခေါင်းညိတ်ပြသည်။

"ဒါဆိုလည်း ဖြည်းဖြည်းသာ ရှာပါ... ငါ တစ်ခေါက်လောက် ဆင်းသွားလိုက်ဦးမယ်"

တင်းယန် ကြားသောအခါ အလောတကြီး မေးလိုက်သည်။

"ရှင် ဘယ်သွားမလို့လဲ"

"ငါ သင်္ဘောတည်ဆောက်ရေးကျောင်းကို သွားမလို့... အဲဒီမှာ သင်္ဘောတည်ဆောက်ရေး အသုံးအဆောင်တွေ အများကြီး ရှိလောက်တယ်... ငါ အဲဒါတွေ အကုန်လုံးကို သယ်လာဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်"

တင်းယန်က ကြားလျှင် အလျင်စလို ပြောလိုက်သည်။

"ရှင် ရူးနေလား... အဲဒီပစ္စည်းတွေက ရေအောက်မှာ ရှိတာလေ... အထပ်နှစ်ဆယ်လောက် အနက်ကြီးကို... အဲဒီမှာ ရေဖိအား ဘယ်လောက်များမလဲ ရှင် သိရဲ့လား"

ကျန်းဖန်က မနေနိုင်ဘဲ ဝင်ပြောသည်။

"အစ်ကိုလင်း... ရေအောက် အထပ်နှစ်ဆယ်လောက် အနက်ဆိုတာ ကျွန်တော်တောင် ဆင်းလို့မရဘူး"

လင်းယွမ်က ပြုံးလိုက်ပြီး မေးသည်။

"မင်း ဘယ်လောက်အနက်ထိ ဆင်းနိုင်လဲ"

"အင်း... ကျွန်တော်က ၆၅ ပေ လာက်ဆို ကန့်သတ်ချက်ကို ရောက်နေပြီ"

လင်းယွမ်က ရယ်မောလိုက်သည်။

"ဒါဆိုရင်တော့ တကယ် မလုံလောက်ဘူးပဲ... စိတ်ချပါ... ငါမသေချာပဲ မလုပ်ပါဘူး"

ထိုသို့ပြောပြီးနောက် သူက ကုန်းပတ်ပေါ်သို့ လျှောက်သွားကာ သူ၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး လေထဲသို့ ခုန်ထွက်သွားသည်။

တင်းယန်တို့မှာ တားဆီးချိန်ပင် မရလိုက်ဘဲ လင်းယွမ်က ရေထဲသို့ ခပ်မိုက်မိုက် ခုန်ချသွားခဲ့ပြီ ဖြစ်သည်။

တင်းယန် ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားသော်လည်း ဘေးနားရှိ လီချင်းဟွာကမူ တစ်စုံတစ်ရာကို စဉ်းစားနေပုံရသည်။

"ခေါင်းဆောင်တင်း... ကိုလင်းက ဆင်းသွားရဲတယ်ဆိုမှတော့ သူ ယုံကြည်မှု ရှိလို့ပဲ ဖြစ်ရမယ်... ခင်ဗျား အရမ်းကြီး စိုးရိမ်နေစရာ မလိုဘူးလို့ ကျွန်တော် ထင်တယ်" လီချင်းဟွာက ဝင်ပြောလိုက်သည်။

တင်းယန် ကြားသောအခါ သူမ၏ စိုးရိမ်ပူပန်နေသော စိတ်ကို အနည်းငယ် လျှော့ချလိုက်သည်။

သူမက ဂရုစိုက်လွန်း၍ စိုးရိမ်သွားခြင်းသာ ဖြစ်ပြီး သေချာစဉ်းစားကြည့်လျှင် လင်းယွမ်၏ ပုံစံအရ အန္တရာယ်များသော အလုပ်မျိုးကို လုပ်မည်မဟုတ်ပေ။

ထို့ကြောင့် သူမက စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ပြောသည်။

"ကျန်းဖန်... ဒီကိုလာခဲ့ဦး... ငါတို့ လင်ကျန်းတက္ကသိုလ်ရဲ့ ဘယ်နေရာလောက်မှာ ရှိနေလဲဆိုတာကို ခန့်မှန်းပြီး ပုံဆွဲပြစမ်း... ငါ အသေးစိတ် နေရာအတိအကျကို အတည်ပြုဖို့ လိုတယ်"

ကျန်းဖန်က ကြားလျှင် အလျင်အမြန် ခေါင်းညိတ်ကာ သူမနောက်မှ အနားယူဆောင်လေးဆီသို့ လိုက်သွားပြီး သင်္ဘောရှိနေသော နေရာကို စတင် ပုံဆွဲပြတော့သည်။

တင်းယန်က ကျန်းဖန် ဆွဲပြသော ပုံကြမ်းကို ကြည့်ရင်း သူမ၏ မှတ်ဉာဏ်ထဲရှိ လင်ကျန်းတက္ကသိုလ်နှင့် ပတ်သက်သော အမှတ်တရများကို ပြန်လည် ဖော်ထုတ်နေသည်။

သူမ ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသဖြင့် လင်ကျန်းတက္ကသိုလ်၏ လမ်းတိုင်းကို အလွန် ရင်းနှီးကျွမ်းဝင်နေခဲ့သည်။

ယခုအခါ ကျန်းဖန် ရေအောက်တွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းများကို အထောက်အထားအဖြစ် အသုံးပြုလိုက်ရာ သူမက ခန့်မှန်းခြေ လမ်းကြောင်းကို လျင်မြန်စွာ ခွဲခြားသိမြင်သွားသည်။

ထို့နောက် မှန်ပြောင်းကို ထပ်မံကောက်ကိုင်လိုက်ပြီး လီဟန်ကျုံး၏ အိမ်ရှိရာဘက်ကို ဦးတည်လိုက်သည်။

လင်းယွမ်က ရေအောက်သို့ ငုပ်လျှိုးသွားပြီး သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို လျင်မြန်စွာ အသက်သွင်းလိုက်ရာ နားရွက်နောက်တွင် ပါးဟက်များ ပေါက်လာပြီး ဆဲလ်များ ဆင့်ကဲပြောင်းလဲသွားကာ ရေအောက်အခြေအနေနှင့် အလျင်အမြန် အသားကျသွားသည်။

သူ၏ မျက်လုံးနှစ်လုံးတွင်လည်း အလွှာပါးလေးတစ်ခု ဆင့်ကဲပြောင်းလဲ ဖြစ်ပေါ်လာသဖြင့် ရေအောက်တွင် မျက်လုံးဖွင့်ထားနိုင်ကာ ရေအောက်မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ရေအောက် ပေ ၆၅ ခန့် အရောက်တွင်မူ အလင်းရောင် လုံးဝ မရှိတော့ပေ။

ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မိုက်နေသော်လည်း လင်းယွမ်က ညဘက်တွင် မြင်နိုင်စွမ်း ရှိသဖြင့် ပတ်ပတ်လည်ရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။

ရေအောက်ရှိ အဆောက်အအုံ အများအပြား ရေနစ်မြုပ်နေသည်ကို သူ မြင်တွေ့လိုက်ရ၏။

အဝေးရှိ လင်ကျန်းတက္ကသိုလ်ကြီးက မှောင်မိုက်နေသော ရေစီးကြောင်းများကြားတွင် တိတ်ဆိတ် ငြိမ်သက်စွာ တည်ရှိနေသည်။

အမည်မသိ ဧရာမ သန္ဓေပြောင်း ငါးကြီးများက အဆောက်အအုံများကြားတွင် ဟိုမှဒီမှ ဖြတ်သန်း ကူးခတ်နေကြသည်။

ထိုဧရာမ သန္ဓေပြောင်း ငါးကြီးများထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်ကို ခံစားမိလိုက်သဖြင့် လင်းယွမ်၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။

ဤသန္ဓေပြောင်း ငါးများက သူ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အင်အားမျိုး ရှိနေပြီ ဖြစ်သည်။

လင်းယွမ်၏ စိတ်ထဲတွင် အံ့ဩသံသယဖြစ်သွားသည်။

"ဒီသန္ဓေပြောင်း ငါးတွေက မျိုးရိုးဗီဇမျိုးစေ့ကို ပိုင်ဆိုင်နေကြပြီလား... မဟုတ်ရင် ဘယ်လိုလုပ် ငါ့ကို ခြိမ်းခြောက်နိုင်တဲ့ ခံစားချက်မျိုး ပေးနိုင်မှာလဲ"

သူက မဆင်မချင် အနားမကပ်ရဲဘဲ ဆက်လက် ငုပ်လျှိုးသွားသည်။

ရေအောက် အောက်ခြေရှိ ကားလမ်းဘေးအထိ ငုပ်ဆင်းသွားပြီးနောက် ကားလမ်းဘေးရှိ သစ်တောအနီးတွင် လျင်မြန်စွာ ကူးခတ်သွားလာနေလိုက်သည်။

သို့သော် သူက အနီးအနားရှိ သစ်တောအနီးသို့ ချဉ်းကပ်သွားသည်နှင့် ဖြစ်ပေါ်လာသော ရေစီးကြောင်းများက သစ်တောထဲတွင် ပုန်းအောင်းနေသည့် ငါးများနှင့် ပုစွန်များကို လန့်ဖြန့်သွားစေပုံရသည်။

ချက်ချင်းပင် ငါးလေးများနှင့် ပုစွန်ငယ်အချို့က သစ်တောထဲမှ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။

လင်းယွမ်က ချက်ချင်း ရပ်တန့်လိုက်ပြီး ထိုအခါမှသာ ဤသစ်ပင်များက ရေလွှမ်းမိုးမှုကြောင့် သေဆုံးသွားခြင်း မရှိဘဲ ရေအောက်တွင် ရှင်သန်ကျန်ရစ်ကာ ရေအောက်အပင်များအဖြစ် ပြောင်းလဲသွားကြောင်း နောက်ကျမှ သတိထားမိလိုက်သည်။

"သူတို့လည်း ဆင့်ကဲပြောင်းလဲသွားပြီး နေရောင်ခြည်နဲ့ အောက်ဆီဂျင် မလိုတော့တာလား"

သူက အနည်းငယ် မယုံနိုင်စရာကောင်းသည်ဟု ခံစားရကာ ရပ်တန့်လိုက်ပြီး သစ်ကိုင်းတစ်ကိုင်းကို ချိုးယူ၍ လေ့လာကြည့်ရန် ပြင်လိုက်သည်။

သို့သော် သစ်ကိုင်းတစ်ကိုင်းကို ချိုးလိုက်သည်နှင့် တစ်ပြိုင်နက် သစ်ပင်တစ်ပင်လုံး ပြင်းထန်စွာ လှုပ်ခါသွားသည်။

ချက်ချင်းပင် သစ်ကိုင်းများက ရူးသွပ်နေသည့်အလား လှုပ်ရှားလာကာ ဘီလူးတစ်ကောင်ကဲ့သို့ လင်းယွမ်ဆီသို့ ရစ်ပတ်လာတော့သည်။

လင်းယွမ် ချက်ချင်း အလွန်တရာ အံ့အားသင့်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်ကာ သွက်လက်သော ကိုယ်ဟန်ဖြင့် ရေအောက်တွင် လျင်မြန်စွာ ကူးခတ်သွားပြီး ထိုသစ်ပင်၏ တိုက်ခိုက်မှု အကွာအဝေးမှ အမြန် လွတ်မြောက်သွားသည်။

"ဒီသစ်ပင်တွေ တကယ် ဆင့်ကဲပြောင်းလဲသွားတာပဲ... ပြီးတော့ အရင်က ဘယ်အမျိုးအစားလဲဆိုတာတောင် လုံးဝ ကြည့်လို့မရတော့ဘူး"

လင်းယွမ်က လက်ထဲရှိ သစ်ကိုင်းကို ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်သွားသည်။

ရေအောက်ကမ္ဘာကြီးက သူ၏ သိမြင်နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသော နည်းလမ်းတစ်မျိုးဖြင့် အလျင်အမြန် ဆင့်ကဲပြောင်းလဲနေသည်။

သူက ထိုက်ယန်တောင်ကို သိမ်းပိုက်ကာ ခိုလှုံရေးစခန်း တည်ဆောက်ပြီး အရည်အသွေးအားလုံး အမှတ် ၅၀ အထိ တိုးလာခဲ့သဖြင့် ဆင့်ကဲပြောင်းလဲမှု၏ ရှေ့တန်းတွင် ရောက်နေပြီဟု ထင်မှတ်ထားခဲ့သည်။

ယခု ကြည့်ရသည်မှာ ထိုသို့ လုံးဝ မဟုတ်ပေ။

သူက ကုန်းပေါ်တွင် အောင်မြင်မှု အနည်းငယ် ရရှိခဲ့ခြင်းသာ ဖြစ်သည်။

သို့သော် ဤအဆုံးအစမရှိသော ရေအောက်ကမ္ဘာကြီးတွင်မူ ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်မတတ် ပြောင်းလဲမှုများ စောစောစီးစီးပင် ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။

လင်းယွမ်၏ မျက်နှာက တည်ကြည်လေးနက်သွားပြီး ထိုသစ်တောနှင့် ဝေးရာသို့ ချက်ချင်း ရှောင်ထွက်သွားသည်။

သူက အဝေးရှိ လင်ကျန်းတက္ကသိုလ်ဆီသို့ လျင်မြန်စွာ ကူးခတ်သွားလိုက်သည်။

သို့သော် လင်ကျန်းတက္ကသိုလ် ဂိတ်ပေါက်ဝသို့ မရောက်မီမှာပင် ကျောင်းပေါက်ဝရှိ အဆောက်အအုံတစ်ခုပေါ်တွင် ဧရာမ ရေဘဝဲကြီးတစ်ကောင် တွယ်ကပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ရေဘဝဲကြီး၏ လက်တံများက အဆောက်အအုံ၏ နေရာအနှံ့အပြားတွင် ဖြန့်ကြက်ထားပြီး စက်လုံးပုံစံ ခေါင်းကြီးက ထိပ်ပြောင်နေသော လူခေါင်းတစ်ခေါင်းကဲ့သို့ အဆောက်အအုံ ထိပ်တွင် မတ်မတ်ကြီး ရှိနေသည်။

အဝေးမှ ကြည့်လိုက်လျှင် ခြောက်ထပ် ခုနစ်ထပ်ခန့် မြင့်မားကာ ဆံပင်ဖားလျားချထားသော လူတစ်ယောက် ထိုနေရာတွင် ရပ်နေသကဲ့သို့ ထင်ရသည်။

အဝေးကြီးမှ ခြားနေသော်လည်း ထိုသန္ဓေပြောင်း ရေဘဝဲကြီးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို လင်းယွမ် ခံစားနေရသည်။

"မျိုးရိုးဗီဇမျိုးစေ့ သက်ရှိပဲ"

"ဒါက မျိုးရိုးဗီဇမျိုးစေ့ နိုးထလာတဲ့ သက်ရှိဆိုတာ အသေအချာပဲ"

လင်းယွမ်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဤကိစ္စကို ချက်ချင်းနီးပါး အတည်ပြုလိုက်နိုင်သည်။

သူ့ကို ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ရှိသည့် အငွေ့အသက်မျိုး ပေးစွမ်းနိုင်သည်မှာ မျိုးရိုးဗီဇမျိုးစေ့ နိုးထလာပြီး မျိုးရိုးဗီဇမြေပုံကို ဖွင့်လှစ်ထားသည့် တည်ရှိမှုမျိုးသာ ဖြစ်ရမည်မှာ အသေအချာပင်။

လင်းယွမ်က ဆက်လက် ချဉ်းကပ်မသွားတော့ဘဲ သူ၏ ကိုယ်ဟန်ကို လျင်မြန်စွာ ဖုံးကွယ်လိုက်ပြီး ထိုဧရာမ ရေဘဝဲကြီးကို ကွေ့ပတ်ရှောင်ရှားကာ လင်ကျန်းတက္ကသိုလ်၏ အခြားတစ်ဖက်မှနေ၍ ကူးခတ်သွားလိုက်သည်။

လင်ကျန်းတက္ကသိုလ်၏ စာသင်ဆောင်ဧရိယာကို ဖြတ်သန်းသွားပြီးနောက် မကြာမီတွင် ကျောင်းတွင်းရှိ ဈေးတန်းတစ်ခုအနီးသို့ ရောက်ရှိသွားသည်။

ဈေးတန်းအတွင်းရှိ ဆိုင်ခန်းများထဲတွင် အရိုးခြောက်အချို့ နစ်မြုပ်နေသည်ကို မြင်တွေ့နိုင်သည်။

ရေကြီးမှု မစတင်မီ အချိန်မီ မထွက်ပြေးနိုင်ခဲ့သော ဈေးသည်များ သို့မဟုတ် ဤနေရာတွင် ပိတ်မိနေခဲ့သော တက္ကသိုလ်ကျောင်းသားများ ဖြစ်နိုင်ပေသည်။

လင်းယွမ်က အများကြီး အာရုံစိုက်မနေတော့ဘဲ ထိုအထဲတွင် အသုံးဝင်နိုင်မည့် ပစ္စည်းများ ရှိမရှိ ဝင်ရောက်ရှာဖွေရန်ပင် အချိန်မရှိချေ။

သူက သင်္ဘောတည်ဆောက်ရေးကျောင်းကို အမြန်ဆုံး ရှာတွေ့ချင်သဖြင့် တစ်လျှောက်လုံး လိုက်လံရှာဖွေနေခဲ့သည်။

ငါးမိနစ်ခန့် အကြာတွင် လင်းယွမ်က လင်ကျန်းတက္ကသိုလ်၏ အနောက်တောင်ဘက် အရပ်တွင် သင်္ဘောတည်ဆောက်ရေးကျောင်းကို ရှာတွေ့သွားသည်။

သင်္ဘောတည်ဆောက်ရေးကျောင်း အနောက်ဘက်တွင် ယန်ဇီမြစ်၏ မြစ်လက်တက်တစ်ခု ရှိနေသည်။

ထိုကျောင်းတွင် ကိုယ်ပိုင် သင်္ဘောတည်ဆောက်ရေး စက်ကိရိယာများပင် ရှိပြီး ပုံမှန်အားဖြင့် ကျောင်းသားများ ပုံစံထုတ်ထားသော သင်္ဘောငယ်များကို ဤမြစ်လက်တက်တွင် စမ်းသပ်မှုများ ပြုလုပ်နိုင်ပေသည်။

လင်းယွမ်က သင်္ဘောတည်ဆောက်ရေးကျောင်းဆီသို့ လျင်မြန်စွာ ကူးခတ်သွားလိုက်သည်။

အဆောက်အအုံများစွာ၏ စင်္ကြံများ ပြိုကျနေပြီး ကွင်းပြင်ထဲတွင်လည်း အရိုးစု အမြောက်အမြား စုပုံနေသည်ကို သူက အဝေးမှပင် မြင်တွေ့လိုက်ရသည်။

ကြမ်းပြင်တွင်လည်း ပေါက်ကွဲကာ ချိုင့်ဝင်နေသော လက္ခဏာများ ရှိနေသည်။

ဤနေရာတွင် တစ်ချိန်က အလွန်ကြမ်းတမ်းသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိသာထင်ရှားလှသည်။

လင်းယွမ်က လျင်မြန်စွာ ငုပ်ဆင်းသွားပြီး ကွင်းပြင်ပေါ်သို့ ရောက်ရှိသွားသည်။

မူလက သင်္ဘောကိုယ်ထည်ကို တပ်ဆင်ရာတွင် အသုံးပြုသော သံကြိုးများ၊ သံစင်ရိုးများနှင့် အခြား အထောက်အကူပြု ပစ္စည်းများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး အချို့မှာ အလွန်အမင်း ဆွေးမြည့်နေပြီ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

ဤနေရာရှိ ရေလွှမ်းမိုးမှုက ရေချိုသီးသန့် မဟုတ်တော့ဘဲ အထဲတွင် ပင်လယ်ရေ ပါဝင်မှုအချို့ ပါရှိနေပြီ ဖြစ်သည်။

ပင်လယ်ရေ၏ တိုက်စားနိုင်မှုက ရေချိုထက် များစွာ ပိုမိုမြင့်မားသဖြင့် ဤနေရာရှိ သံကြိုးများနှင့် သံစင်ရိုးများ သံချေးတက်ကာ ဆွေးမြည့်နေခြင်းမှာ မဆန်းတော့ပေ။

လင်းယွမ်က ထိုအရာများကို ဂရုမစိုက်တော့ဘဲ အနီးအနားတွင် အသုံးပြုနိုင်မည့် ကိရိယာတန်ဆာပလာများကို လျင်မြန်စွာ လိုက်လံရှာဖွေလိုက်သည်။

သူက သိပ်မဆွေးမြည့်သေးသော ကျောက်ဆူးအချို့ကို ရှာတွေ့လိုက်ပြီး ပစ္စည်းသိုလှောင်ခန်းထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

ထို့နောက် ရှေ့သို့ ဆက်လက် ကူးခတ်သွားရာ လှေငယ်အချို့ကို မြင်တွေ့လိုက်ရသည်။

ဤလှေငယ်များ၏ ကိုယ်ထည်က သေးငယ်လွန်းသဖြင့် မည်သူကမျှ အရေးမလုပ်ဘဲ ထောင့်တစ်နေရာတွင် ပစ်ထားခဲ့ပုံရသည်။

လှေငယ်များစွာမှာ သံဖြင့် ပြုလုပ်ထားပြီး အချို့မှာမူ သစ်သားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

သံမဏိဖြင့် ပြုလုပ်ထားသော သင်္ဘောအများစုမှာ ဆွေးမြည့်မှု အတိုင်းအတာ အမျိုးမျိုး ဖြစ်ပေါ်နေကြသည်။

လင်းယွမ်က အားနာမနေတော့ဘဲ အားလုံးကို သိမ်းကျုံးကာ ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်သွင်းလိုက်သည်။

ထို့နောက် သူက ဤကွင်းပြင်ကို ဖြတ်သန်းသွားကာ စက်ရုံနှင့်တူသော စာသင်ဆောင်အချို့ထဲသို့ ဝင်ရောက်သွားသည်။

မကြာမီတွင် စက်ကိရိယာ အမြောက်အမြားကို ထပ်မံ ရှာတွေ့သွားသည်။

လင်းယွမ်ကလည်း မည်သည့်အရာများဖြစ်ကြောင်း မသိသော်လည်း တွေ့သမျှ အားလုံးကို ငြင်းဆန်မနေဘဲ တိုက်ရိုက် ပြောင်သလင်းခါအောင် သိမ်းယူလိုက်သည်။

ဘာစက်ကိရိယာပဲဖြစ်ဖြစ် အရင်သယ်သွားပြီးမှ ကြည့်ရှင်းမည်။

လင်းယွမ်က အဆောက်အအုံကို ဆက်လက် စူးစမ်းရှာဖွေနေစဉ် ရုတ်တရက် အလင်းတန်းတစ်ခုက သူ့ဆီသို့ ထိုးကျလာသည်။

လင်းယွမ် ချက်ချင်း လန့်သွားသည်။ ပေပေါင်းများစွာ နက်ရှိုင်းတဲ့ ရေအောက်ထဲမှာ ဘယ်လိုလုပ် အလင်းရောင် ရှိနေရတာလဲ။

သူက လျင်မြန်စွာ ဘေးဘက်သို့ ရှောင်တိမ်းလိုက်ပြီး နံရံတစ်ခုနောက်တွင် ပုန်းကွယ်လိုက်သည်။

ထို့နောက် ခေါင်းမော့ကြည့်လိုက်ရာ ခရုခွံပုံစံ အရာဝတ္ထုတစ်ခုက အပြင်ဘက်မှနေ၍ အလျင်အမြန် ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ထိုဘဲဥပုံစံ ခရုခွံ အရာဝတ္ထုပေါ်တွင် သင်္ကေတများစွာ ရေးဆွဲထားသည်ကို လင်းယွမ် သတိထားမိလိုက်သည်။

၎င်း၏ ပတ်ပတ်လည်တွင် စက်ဝိုင်းပုံစံ ပိုက်လုံးသဏ္ဌာန် တွန်းကန်အားပေးစက် အများအပြား ရှိနေသည်။

၎င်းက ရေထဲတွင် အလျင်အမြန် ဖြတ်သန်းသွားသောအခါ ရေပူဖောင်းနှင့် လှိုင်းဖြူ အမြောက်အမြားကို မှုတ်ထုတ်နေသည်။

လင်းယွမ် ချက်ချင်း မျက်လုံးပြူးသွားပြီး ရင်ထဲတွင် အံ့ဩသွားသည်။

"ရေငုပ်သင်္ဘောလား"

"မဟုတ်ဘူး... နည်းပညာသုံး ရေငုပ်သင်္ဘော မဟုတ်ဘူး... သန္ဓေပြောင်းစွမ်းအင် ပစ္စည်းတွေကို အသုံးပြုပြီး ဖန်တီးထားတဲ့ သန္ဓေပြောင်းစွမ်းအင်သုံး ရေငုပ်သင်္ဘောပဲ"

"ဒီပုံစံက ခရုခွံတစ်မျိုးမျိုးရဲ့ အခွံကို အသုံးပြု၊ ပုံစံထုတ်ထားပြီး သင်္ကေတနည်းပညာကို ပေါင်းထည့်ထားပုံရတယ်"

လင်းယွမ်က ဤအရာ၏ ဖွဲ့စည်းပုံကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်သွားပြီး ရင်ထဲတွင် တုန်လှုပ်သွားသည်။

တစ်စုံတစ်ယောက်က ခရုခွံနှင့် သင်္ကေတနည်းပညာကို အသုံးပြု၍ သန္ဓေပြောင်းစွမ်းအင်သုံး ရေငုပ်သင်္ဘောကို တီထွင်နိုင်ခဲ့သည်လား။

ထိုရေငုပ်သင်္ဘောက စက်ရုံအတွင်း တစ်ပတ်ပတ်သွားကာ တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား မီးရောင်များ ဟိုဟိုဒီဒီ ထိုးပြနေသည်။

ထို့နောက် အလွန် ကမန်းကတန်းဖြင့် ဤနေရာမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

လင်းယွမ် မြင်သောအခါ ချက်ချင်း မျက်လုံးများ အရောင်လက်သွားပြီး နောက်မှ လိုက်သွားရန် လျင်မြန်စွာ ပြင်ဆင်လိုက်သည်။

သို့သော် တစ်ဖက်လူ၏ ဤရေငုပ်သင်္ဘောက ရေအောက်တွင် အလွန် မြန်ဆန်လှပြီး ထိုပိုက်လုံးများထဲမှ ဓာတ်ငွေ့ အမြောက်အမြား မှုတ်ထုတ်ကာ အားဖြည့်ပေးသဖြင့် အဝေးဆီသို့ ရူးသွပ်စွာ ပျံသန်းသွားကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းယွမ်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ လင်းယွမ်၏ မျက်မှောင်များ အနည်းငယ် တွန့်ကွေးသွားသည်။

"အရမ်းမြန်တဲ့ အလျင်ပဲ... ဒီအလျင်မျိုးက ကုန်းပေါ်က ကားတွေထက် သိပ်ပြီး မနှေးတော့ဘူး"

အကယ်၍ ကုန်းပေါ်တွင်သာဆိုလျှင် လင်းယွမ်က ဤရေငုပ်သင်္ဘောကို လျင်မြန်စွာ လိုက်မီနိုင်ကြောင်း ယုံကြည်မှု ရှိသည်။

သို့သော် ရေအောက်တွင်မူ သူ့၌ ထိုစွမ်းရည်မျိုး မရှိပေ။

ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက သူ့ကို ရေအောက်တွင် ရှင်သန်နိုင်စွမ်းကို ပေးစွမ်းနိုင်ခဲ့သော်လည်း ရေအောက်တွင် လျင်မြန်စွာ လှုပ်ရှားနိုင်စွမ်းကိုမူ ဆင့်ကဲပြောင်းလဲ မပေးနိုင်ခဲ့ပေ။

ဤရေထဲတွင် ပေါလောပေါ်စေသော အား၏ နှောင့်ယှက်မှု ရှိရုံသာမက ရေစီးကြောင်း၏ ခုခံအားကလည်း လေထု၏ ခုခံအားထက် များစွာ ပိုမို ကြီးမားလှသည်။

ပျောက်ကွယ်သွားသော ရေငုပ်သင်္ဘောကို ကြည့်ရင်း လင်းယွမ်၏ ရင်ထဲတွင် အချိန်ကြာမြင့်စွာ တည်ငြိမ်၍ မရနိုင်ခဲ့ပေ။

"ဒီလို ရေငုပ်သင်္ဘောမျိုးက တစ်ဦးတစ်ယောက်တည်း ပုံစံထုတ်နိုင်တဲ့ အရာ လုံးဝ မဟုတ်ဘူး"

"ဒီလို တီထွင်နိုင်စွမ်း ရှိဖို့ဆိုရင် အင်အားစုတစ်ခု ရှိနေတာ သေချာတယ်"

လင်းယွမ်၏ မျက်လုံးများက တလက်လက် တောက်ပသွားသည်။ ဤသို့သော အင်အားစုမျိုးက အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေရသော အဆောက်အအုံတစ်ခုခုမှ အားနည်းသည့် အရာမျိုး လုံးဝ မဖြစ်နိုင်ပေ။

တစ်ဖက်လူ၌ ဤသို့သော တီထွင်နိုင်စွမ်း ရှိနေခြင်းက ၎င်းတို့တွင် မိမိဖာသာ ရပ်တည်နိုင်သည့် လမ်းကြောင်းတစ်ခု ရှိနေပြီး အချို့လူများက အခြားအလုပ်များ လုပ်ရန်မလိုဘဲ လွတ်ကင်းနေပြီ ဖြစ်ကြောင်း ပြသနေသည်။

ထို့ကြောင့်သာ ဤကဲ့သို့သော သန္ဓေပြောင်းစွမ်းအင် ပစ္စည်းများကို အာရုံစိုက်ကာ တီထွင်နိုင်ခြင်း ဖြစ်သည်။

"ဒီရေကြီးမှုကြီးအောက်မှာ ငါတစ်ယောက်တည်း ကြိုးစားနေတာ မဟုတ်ဘူးပဲ"

"ကြည့်ရတာ လင်ကျန်းမြို့မှာ အသက်ရှင်ကျန်ရစ်သူတွေ အများကြီး ရှိနေသေးပြီး အတိုင်းအတာ တစ်ခုအထိ ရှိတဲ့ ခိုလှုံရေးစခန်းတွေကိုတောင် တည်ဆောက်ထားနိုင်ကြပြီ ထင်တယ်"

လင်းယွမ်၏ မျက်လုံးများ လှုပ်ရှားသွားပြီးနောက် ချက်ချင်းပင် သူက ထပ်မံ သံသယဝင်သွားသည်။ တစ်ဖက်လူက ဘာကြောင့် ဒီလောက် မြန်မြန် ထွက်ပြေးသွားရတာလဲ။

သူ့ကို တွေ့သွားလို့လား။

မဖြစ်နိုင်... အကယ်၍ သူ့ကို တွေ့သွားတယ်ဆိုရင် ဘာလို့ မတိုက်ခိုက်ရတာလဲ။

အနည်းဆုံး စမ်းသပ်ကြည့်ဖို့တောင် မလုပ်ဘူးလား။

ဒီလောက်တောင် သတိကြီးသလား။

အတိုင်းအတာတစ်ခုအထိ တီထွင်နိုင်စွမ်း ရှိပြီး လုပ်ဆောင်မှု ပုံစံကလည်း ဤမျှ သတိထား ကာကွယ်လွန်းလှသည်။

၎င်းက လင်းယွမ်ကို ထိုအင်အားစုအပေါ် ချက်ချင်း အထင်ကြီး လေးစားသွားစေသည်။

"ဒီရေငုပ်သင်္ဘောက ဘယ်လောက်အဝေးထိ သွားနိုင်မလဲ မသိဘူး... သိပ်မဝေးဘူးဆိုရင် ဒီအင်အားစုက အနီးအနားမှာပဲ ရှိနေလောက်တယ်"

လင်းယွမ်က စဉ်းစားနေပြီးနောက် ချက်ချင်းပင် အခြား ပြဿနာတစ်ခုကို တွေးမိသွားသည်။

တစ်ဖက်လူက လင်ကျန်းတက္ကသိုလ် သင်္ဘောတည်ဆောက်ရေးကျောင်းသို့ လာရောက်ခြင်းမှာ ဤနေရာရှိ စက်ကိရိယာများအတွက် ဖြစ်ကြောင်း သိသာထင်ရှားလှသည်။

တစ်ဖက်လူကလည်း သင်္ဘောတည်ဆောက်နေတာလား။

ဒီအင်အားစုက တကယ်တမ်း ဘယ်နေရာမှာ ရှိနေတာလဲ။

လင်းယွမ်၏ အကြည့်များက အပြင်ဘက်ရှိ ဖရိုဖရဲဖြစ်နေသော ကွင်းပြင်ဆီသို့ ရောက်သွားသည်။

တစ်ဖက်လူက တစ်ချိန်က ဤနေရာရှိ သင်္ဘောကြီးများကို လုယူသွားခဲ့သော လူစုများထဲမှ တစ်စု ဖြစ်နေနိုင်မလား။

ဆက်ရန်...

(နောက်တစ်အုပ်မှာတော့ ပါမောက္ခလီဟန်ကျုံးကို လင်းယွမ်တို့ခေါ်ထုတ်နိုင်မလား၊ အဲ့ဒီမှာရော ဘယ်လိုတိုက်ပွဲတွေ ကြုံရမလဲ၊ မျိုးရိုးဗီဇမြေပုံနိုးထထားတဲ့ သက်ရှိတွေနဲ့ ထပ်ကြုံရမလား၊ အအမလေး လုယွီယန်လေ့ကျင့်နေတဲ့ ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်ကရော တစ်ကယ်တမ်း အစွမ်းထက်ရဲ့လား ဆိုတာတွေကို စောင့်မျှော်အားပေးကြဦးနော်)

All Chapters