အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း ၁၀၁ - ပြစ်မှု ထင်ရှားခြင်း
နေရာ - ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်း၊ စည်းကမ်းထိန်းသိမ်းရေး ခန်းမ၊ မြေအောက်ထပ် ၃ (တစ်နည်းအားဖြင့် ကုလားထိုင်တစ်လုံးနှင့်မွန်းကြပ်နေသော အငွေ့အသက်များ ပြည့်နှက်နေသည့် အခန်း)
ဟန်ယုသည် ကျောက်ကုလားထိုင် တစ်လုံးပေါ်တွင် သံခြေကျင်း ခတ်လျက် ထိုင်နေရသည်။ သံခြေကျင်းများက တကယ်တမ်း ခတ်နှောင်ထားခြင်း မရှိသော်လည်း သူလှုပ်လိုက်တိုင်း ခြိမ်းခြောက်သံ ပါပါဖြင့် တချွင်ချွင် မြည်နေ၏။ သူ့ရှေ့တွင် ထိုင်နေသူမှာ အဆင့်မြင့်အစေခံ ကျန်း ဖြစ်သည်။ သူက အသက်ပြင်းပြင်း ရှူလိုက်ရုံဖြင့် ဂျူနီယာ အစေခံများကို ငိုအောင် လုပ်နိုင်သူ ဖြစ်သည်။
ဤကဲ့သို့ သေးငယ်သော ကိစ္စမျိုးကို အကြီးအကဲ ကျန်း သို့မဟုတ် သူ၏ တပည့် ကိုယ်တိုင် ဖြေရှင်းလိမ့်မည် မဟုတ်သဖြင့် ဤလူ့လက်ထဲသို့ အပ်နှံထားခဲ့ခြင်း ဖြစ်သည်။
အဆင့်မြင့်အစေခံ ကျန်းက ရှေ့သို့ ကိုင်းညွှတ်လိုက်ပြီး အပြစ်ရှိသူဟု ခံစားရလောက်အောင် တဖိတ်ဖိတ် လက်နေသည့် စားပွဲခုံပေါ်သို့ တံတောင်ထောက်လိုက်သည်။
"မင်း ဘာလို့ ဒီနေရာ ရောက်နေလဲ ဆိုတာ သိတယ်မလား..."
"ဂိုဏ်းက ကျွန်တော့်ကို ထိန်းချုပ်မထားရင် အရမ်း စွမ်းအားကြီးလွန်းနေမယ် ဆိုတာ နောက်ဆုံးတော့ သဘောပေါက်သွားလို့လား..." ဟန်ယုက ဝင်ပြောလိုက်သည်။
"မင်း အတွင်းစည်း ဂိုဏ်းသူတစ်ယောက်ရဲ့ ခြေအိတ်ကို ခိုးခဲ့လို့ပဲ..." အဆင့်မြင့်အစေခံ ကျန်းက ငေါက်ခနဲ ပြောလိုက်၏။ "ဝိညာဉ်ပိုးချည်နဲ့ ရက်လုပ်ထားပြီး မက်မွန်ပွင့်လေးတွေ ထိုးထားတဲ့ အဲဒီ အထည်စက... အစီရင်ခံစာထဲမှာ ရေးထားသလို ဆိုရင်... 'အထက်တန်းဆန်တဲ့ အနံ့ သင်းသင်းလေး ရတယ်' တဲ့..."
ဟန်ယု မျက်တောင် ခတ်လိုက်မိသည်။
"ခြေအိတ်လို့ပဲ ပြောလိုက်ရင် ရပါတယ်ဗျာ..."
အဆင့်မြင့်အစေခံ ကျန်းက စားပွဲပေါ်သို့ စာလိပ်တစ်ခု ဘုန်းခနဲ ပစ်တင်လိုက်၏။
"မင်း မပါဝင်ဘူးလို့ ငြင်းချင်သေးလား..."
ဟန်ယုက လိမ်ပြောရန် ပါးစပ် ဟလိုက်သော်လည်း ရပ်တန့်သွားသည်။
"နေပါဦး... ကျွန်တော်မှန်း ခင်ဗျားတို့ ဘယ်လို သိတာလဲ..."
အဆင့်မြင့်အစေခံ ကျန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
"ဝိညာဉ်ခြေရာခံ ချည်မျှင်အမှတ်အသား ဆိုတာ မင်း သိလား..."
"...အဲဒါက ကောင်းတဲ့အရာလား..."
"မကောင်းဘူး... အဲဒါက သူခိုးတွေ၊ နှာဘူးတွေနဲ့ အဝတ်လျှော် မှားတာတွေကို ဖမ်းဖို့ အတွင်းစည်း ဂိုဏ်းသားတွေရဲ့ အဆင့်မြင့် အဝတ်အစားတွေမှာ ရက်လုပ် ထည့်သွင်းထားတဲ့ ခြေရာခံ အစီအရင် သေးသေးလေးပဲ... အဲဒီ ခြေအိတ်က ပိုင်ရှင်ဆီကနေ ထွက်သွားတာနဲ့ သူ့လမ်းကြောင်းကို မှတ်တမ်းတင်ထားတယ်... တစ်လှမ်းချင်းစီ... ကြွက်တစ်ကောင်ချင်းစီ... အရူးတစ်ယောက်ချင်းစီတိုင်းကိုပေါ့..."
ဟန်ယု၏ ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှ တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားနေပြန်သည်။
"လီမေကတော့ ဘယ်သူမှ သိမှာ မဟုတ်ဘူးလို့ ကျိန်ပြောခဲ့တာပဲ..."
အဆင့်မြင့်အစေခံ ကျန်းက စာလိပ်ကို ဖြန့်လိုက်၏။ ရွှေရောင် ချည်မျှင်မျဉ်းကြောင်းများဖြင့် ရေးဆွဲထားသော ဝိညာဉ်မြေပုံ တစ်ခု ပေါ်လာသည်။
၎င်းက အတွင်းစည်း အဝတ်လှန်းစင် တစ်ခုမှ စတင်ပြီး... ကြွက်တွင်းထဲ ၊ မြေပဲစည်ပိုင်း တစ်ခုထဲတွင် ကြာမြင့်စွာ ရပ်တန့်နေမှု၊ ဆေးစမ်းသပ်သည့် တဲအိမ်ထဲတွင် ဖရိုဖရဲ လှုပ်ရှားသွားလာမှုများ ပြီးနောက် နောက်ဆုံးတွင် ဟန်ယု၏ အခန်း၌ လာရောက် ရပ်တန့်နေသည်။
အဆင့်မြင့်အစေခံ ကျန်းက နောက်ဆုံး တည်နေရာကို လက်ညှိုးဖြင့် ထိုးပြလိုက်၏။
"ငါတို့ ဒီနေရာမှာ တွေ့ခဲ့တယ်...
'ကျွန်တော် မခိုးပါဘူး၊ တခြားတစ်ယောက်က ခိုးပြီး လာပေးသွားတာပါ' လို့ ချက်ချင်း ငြင်းတဲ့ အပြင်စည်းဂိုဏ်းသား လျိုပေ ရဲ့ လက်ထဲမှာပေါ့..."
ဟန်ယု မျက်နှာ ရှုံ့မဲ့သွားသည်။
"ကောင်းပြီလေ... ကျွန်တော့်ဘက်က ပြန်ချေပရမယ် ဆိုရင်တော့... ခြေအိတ်က အစီအရင်ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး..." ဟန်ယုက ဆက်ပြောလိုက်၏။
"ဒါနဲ့ ခင်ဗျားတို့ ဘယ်လိုလုပ် ဒီလောက် မြန်မြန် ရလိုက်တာလဲ... အပြင်စည်းဂိုဏ်းသား လျိုပေ အဲဒီခြေအိတ်ကို မျက်နှာနဲ့ ပွတ်သပ်နေတာ စောစောလေးကမှ မြင်လိုက်ပါသေးတယ်..."
ဟန်ယုမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း အဆင့်မြင့်အစေခံ ကျန်းမှာ အံ့အားသင့်သွားသည်။ ထိုစဉ် ဘေးဘက် တံခါးက ကျွီခနဲ ပွင့်သွား၏။
ခြေအိတ်၏ မူရင်းပိုင်ရှင် ဂိုဏ်းသူ ယန်ချောင် ဝင်လာသည်။ သူမက ဆောင်းရာသီ ရေခဲပြင်ကဲ့သို့ အေးစက်သော ဟန်ပန်ရှိသည့် အတွင်းစည်း အလှပဂေး တစ်ဦး ဖြစ်သည်။
သူမက ဟန်ယုကို ကြည့်ပင် မကြည့်ဘဲ ဝင်လာကာ စားပွဲပေါ်သို့ မွှေးပျံ့သော ဆေးအိတ်လေး တစ်လုံး တင်လိုက်သည်။ ထို့နောက် ခြေအိတ် တစ်ဖက်တည်းကိုသာ သိသိသာသာ ဝတ်ဆင်လိုက်၏။
အခန်းထဲရှိ ဝိညာဉ်စွမ်းအင်များက တင်းမာသွားသည်။
ဟန်ယုက ကြောက်လန့်တကြား ချောင်းဟန့်လိုက်၏။
"အမ်... ဟိုလေ... ညီမရဲ့ ဘယ်ဘက် ခြေထောက်က တော်တော် လွှမ်းမိုးမှု ရှိတာပဲနော်..."
ယန်ချောင်က သူ့ကို လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက ဖျော့တော့စွာ တောက်ပနေ၏။
"ရှင် ကျွန်မရဲ့ အဝတ်အစားကို စော်ကားခဲ့တယ်..."
" အကျိုးရှိဖို့ ခဏ ငှားသုံးလိုက်တယ်လို့ သဘောထားလို့ မရဘူးလားဗျာ..."
"ရှင်က အဲဒါကို အပြင်စည်းဂိုဏ်းသား တစ်ယောက်ဆီမှာ လာဘ်ထိုးတဲ့ ပစ္စည်း အနေနဲ့ သုံးခဲ့တယ်..."
ယန်ချောင်က အစေခံဘက်သို့ လှည့်၍ မေးလိုက်၏။
"ဘာနဲ့ လဲလှယ်ခဲ့တာလဲ..."
"ဗိုက်မဲ တောဝက် အသားနဲ့ပါ..." အဆင့်မြင့်အစေခံ ကျန်းက ဖြေလိုက်သည်။
"ဟေး... အဲဒါ လိုချင်တာ သူမှန်းတောင် ကျွန်တော် မသိပါဘူး..." ဟန်ယုက ပြန်လှန် ချေပလိုက်၏။
"ဒါနဲ့ အဲဒါကိုရော ခင်ဗျားတို့ ဘယ်လို သိသွားတာလဲ..."
ကြွက်များက ထိုအသားကို ခိုးထုတ်ရာတွင် ကျွမ်းကျင်လိမ့်မည်ဟု ဟန်ယု ထင်ခဲ့မိသည်။
အဆင့်မြင့်အစေခံ ကျန်းက သက်ပြင်းချရင်း နားထင်ကို ဖိနှိပ်လိုက်၏။ "အစားအသောက် စာရင်း အကုန်လုံးကို ငါတို့ မှတ်တမ်းတင်ထားတယ် ဆိုတာ မင်း သိတယ်မလား..."
"ဟန်ယု... ဒါ မင်း ပါဝင်ပတ်သက်နေတဲ့ တတိယမြောက် ကိစ္စပဲ... ငါတို့ မင်းကို ဘာလို့ ဂိုဏ်းက မထုတ်သင့်တာလဲ..."
ဟန်ယု တံတွေး မျိုချလိုက်သည်။
ဒီအချိန်ပဲ။
သူ့ဘဝ ရပ်တည်မှုကို ကာကွယ်ရန် လေးနက်သော စကားတစ်ခွန်း ပြောမှ ဖြစ်မည်။
"...ဘာလို့လဲဆိုတော့ အဲဒါကို ကျွန်တော့်ဆီ လာပေးတာ လီမေ ဖြစ်နေလို့လေ... ပြီးတော့ အာမခံမရှိဘဲ လီမေရဲ့ ဆေးတွေကို စမ်းသပ်ပေးလောက်အောင် အတုံးဆုံးက ကျွန်တော် တစ်ယောက်တည်း ရှိလို့ပါ..."
ခေတ္တမျှ တိတ်ဆိတ်သွား၏။
အဆင့်မြင့်အစေခံ ကျန်းက ကုလားထိုင် နောက်မှီကို ဖြည်းညင်းစွာ မှီချလိုက်သည်။
"...သောက်ကျိုးနည်း... သူပြောတာ ဟုတ်နေတယ်..."
လီမေက လူတော်တော်များများအတွက် ပြဿနာ ဖြစ်သည်။ အစေခံများကို စမ်းသပ်၍ မရသည့်အခါ သူမက အခြား ဂိုဏ်းသားများဆီသို့ သွားလေ့ရှိသည်။
ထိုစဉ် တံခါးက ဝုန်းခနဲ ပွင့်လာပြန်၏။
"ဪ... ဒီမှာကိုး..." လီမေက လက်မောင်း အင်္ကျီကို ပင့်တင်လျက် ပုလင်းများ တချွင်ချွင် မြည်နေသော အိတ်ကို လွယ်ကာ ဝင်လာသည်။
"ဟန်ယု... ငါ မင်းကို နေရာအနှံ့ လိုက်ရှာနေတာ... ငါတို့ ဝိညာဉ်ပြောင်းပြန် တောက်ပဆေး ကို စမ်းသပ်ဖို့ လိုတယ်... ဪ... ပြီးတော့ ကျိန်စာသင့် မက်မွန်ရည် လည်း ပါသေးတယ်... တကယ်တမ်းကျတော့ ကျိန်စာသင့်တာ မဟုတ်ပါဘူး... အထင်လွဲခံထားရတာပါ..."
သူမက ဘေးဘီဝဲယာကို ကြည့်လိုက်၏။
"ဪ... မင်း အစစ်ဆေး ခံနေရတာလား... ငါ တစ်ယောက်ယောက်ကို လာဘ်ထိုးဖို့ လိုသေးလား... ဒါမှမဟုတ် ဆေးစမ်းသပ်ဖို့ တခြား ဂိုဏ်းသား တစ်ယောက်ကို သွားရှာရမလား..."
ယန်ချောင်က မျက်ခုံးနှစ်ခုကြားကို လက်ဖြင့် ဖိနှိပ်လိုက်ပြီး အဆင့်မြင့်အစေခံ ကျန်းမှာ ဆေးစမ်းသပ်ခံရမည့် အရေး တွေးမိကာ တုန်လှုပ်သွားသည်။
"သူက ပြဿနာ ရှာထားတဲ့သူပါ... ညီမလေးက ဘာလို့ ဒီရောက်နေတာလဲ..."
"ဘာလို့လဲဆိုတော့ အဲဒီ ပြဿနာ အများစုကို ဖြစ်အောင် လုပ်တာ ကျွန်မ လေ..." သူမက ဂုဏ်ယူစွာ ပြောလိုက်၏။
"ကဲ... လာပါ ဟန်ယု... မင်းရဲ့ ချီစွမ်းအင် အမှတ်အသား မငြိမ်ခင် ငါ လိုချင်တယ်... မင်း မျက်ခုံးမွေးတွေ အခုမှ ပြန်ပေါက်လာတာ... ဒီအချိန်ကို အလဟဿ အဖြစ်ခံလို့ မဖြစ်ဘူး..."
ဟန်ယုကို ကတိပေးထားသည့်အတိုင်း သူမက မျက်ခုံးမွေး ပြန်ပေါက်ဆေးကို အမှန်တကယ် ဖော်စပ်ပေးခဲ့သည်။
ဟန်ယုက အခန်းထဲမှ တည်ကြည်လေးနက်သော မျက်နှာများနှင့် လီမေကို တစ်လှည့်စီ ကြည့်လိုက်၏။
"...ဒါဆို ကျွန်တော် သွားလို့ ရပြီလား..."
အဆင့်မြင့်အစေခံ ကျန်းက ညည်းတွားလိုက်သည်။
“လက်ရှိအချိန်မှာ သူက တခြား အစေခံတွေနဲ့ ဂိုဏ်းသားတွေကို ဒုက္ခမပေးတော့ဘူး ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ လွှတ်ပေးလိုက်တာနော်..."
"ဒါပေါ့..." လီမေက နှာခေါင်းရှုံ့လိုက်၏။ "ကျွန်မရဲ့ ပြီးပြည့်စုံတဲ့ စမ်းသပ်ခံ ပုဂ္ဂိုလ် ရှိနေသရွေ့ ရှင်တို့အားလုံး ဘေးကင်းပါတယ်..."
ဟန်ယုက သူမနောက်သို့ တရွတ်တိုက် ပါသွားရင်း စားပွဲပေါ်မှ စာလိပ်ကို လှမ်းကြည့်လိုက်သည်။
"ကျွန်တော့်ရဲ့ ပြစ်မှုကို ပယ်ဖျက်ပေးလို့ ရမလား..." သူက တောင်းဆိုလိုက်၏။
ယန်ချောင်က မျက်ခုံး ပင့်လိုက်သည်။
"ကောင်းပြီ... ဒီတစ်ကြိမ်ပဲနော်..." ယန်ချောင် ပြောလိုက်ပြီး လီမေဘက်သို့ လှည့်ကာ သတိပေးလိုက်၏။
"ပြီးတော့ ညီမလေး... ကိုယ့်စမ်းသပ်မှုအတွက် သူများပစ္စည်းတွေကို ယူမသွားနဲ့တော့..."
လီမေက ထိုသတိပေးစကားကို ဂရုစိုက်ပုံ မရသည်ကို ဟန်ယု တွေ့လိုက်ရလေသည်။
အခန်း ၁၀၂ - လီမေ၏ ကျင့်ကြံခြင်း
ယန်ချောင်၏ သတိပေးမှုကို ရင်ဆိုင်ရသော်လည်း လီမေက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
"ကိစ္စ မရှိပါဘူး... ပြီးတော့ အစ်မအတွက် ဝိညာဉ်ခြေရာခံ ချည်မျှင်အမှတ်အသား ကို ရေးထိုးပေးခဲ့တာ ကျွန်မ မဟုတ်ဘူးလား..." လီမေက ပြန်ပြောလိုက်၏။
"အဲဒါ မင်း လက်ချက်လား..." ဟန်ယု အံ့သြသွားသည်။
သူ ဒုက္ခရောက်ပြီး အဖမ်းခံရသည့် အဓိက အကြောင်းရင်းမှာ လီမေကြောင့်ပင်။
"ငါက အဲဒါ ဘယ်လောက် ထိရောက်မှု ရှိလဲဆိုတာ စမ်းသပ်ချင်ရုံပါ..." လီမေက ရှက်ရွံ့ခြင်း မရှိဘဲ ပခုံးတွန့်လိုက်သည်။
"ငါ မင်းကို လာထုတ်ပေးတယ် မဟုတ်လား..." သူမက မုဆိုး၏ ထောင်ချောက်ကို ရှောင်တိမ်းပြီးနောက် ထိုထောင်ချောက်ကို မုဆိုးထံ ပန်းအိုးအဖြစ် ပြန်ရောင်းခဲ့သော မြေခွေးတစ်ကောင်ကဲ့သို့ ပြုံးလိုက်၏။
ထိုနေ့ နေ့လယ်ခင်းတွင် ဟန်ယုသည် ဆေးစမ်းသပ်သည့် တဲအိမ်ထဲ၌ ထိုင်ရင်း စစ်မှုထမ်းဟောင်းကြီး တစ်ဦးကဲ့သို့ ရေကို ဖြည်းဖြည်းချင်း သောက်နေသည်။
စည်ပိုင်းပေါ်တွင် ထိုင်နေသော ကြွက်တစ်ကောင်က သံသယ ဖြစ်ဖွယ် တောက်ပနေသည့် မြေပဲဆီဖြင့် ခြေထောက်ကို နှိပ်နယ်နေသည်ကို သူ ကြည့်နေမိ၏။ လီမေ၏ စမ်းသပ်မှု တစ်ခုခုပင် ဖြစ်လိမ့်မည်။
"ကဲ... ဘယ်လိုလဲ... အာနိသင် ကျန်သေးလား... နိမိတ်ဖတ်တာတို့၊ အကြားအမြင် ရတာတို့ ရှိသေးလား..."
လီမေက မေးလိုက်သည်။ သူမ၏ မှတ်စုစာအုပ်မှာ ဘေးတွင် အဆင်သင့် ရှိနေပြီး ရူးသွပ်ဖွယ်ရာ အသစ်များကို ရေးမှတ်ရန် မှင်ရည်က အဆင်သင့် ဖြစ်နေ၏။
"မရှိတော့ဘူး... ဘာမှ မရှိတော့ဘူး..." ဟန်ယု ခေါင်းခါလိုက်သည်။ "ဒါပေမဲ့ တော်တော် ထူးဆန်းတယ်... အဲဒီဆေးက ဘယ်လိုလုပ် ဒီလောက် စွမ်းအား ပြင်းသွားတာလဲ..." ခဏတာမျှသာ ဖြစ်သော်လည်း ထိုကဲ့သို့ စွမ်းရည်မျိုး ပေးစွမ်းနိုင်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့မိချေ။
ရှဉ့်သွေးအနည်းငယ်က ထိုမျှလောက် စွမ်းအား ကြီးမားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ရှဉ့်များ သူတို့၏ စွမ်းအားကို အသုံးပြုသည်ဆို၍ ခိုးဝှက်ခြင်းနှင့် အသီးများ စုဆောင်းခြင်းသာ သူ မြင်ဖူးသည်။
"ငါလည်း... သိပ် သေချာ မသိဘူး..." လီမေက ပြန်ဖြေသည်။
"မင်း မသိဘူး ဟုတ်လား..." ဟန်ယုက အနည်းငယ် မဲနယ်ရောင် သမ်းနေသေးသည့် သူ့မျက်ခုံးမွေးများကို ပင့်လိုက်သည်။
"ဒါဆို သက်စောင့်စွမ်းအင် သလင်းကျောက်တွေနဲ့ တခြားဟာတွေကရော..."
"အင်း... အဲဒါတွေတော့ ပါတယ်... ဒါပေမဲ့ မင်းရဲ့ ဝိညာဉ်ရေးရာ အာရုံခံနိုင်စွမ်းကို ဒီလောက်ထိ ခုန်တက်သွားအောင် လုပ်နိုင်လိမ့်မယ် မထင်ဘူး..." လီမေက စစ်မှန်စွာပင် စဉ်းစားရခက်နေ၏။
"ဝိညာဉ်ရေးရာ အာရုံခံနိုင်စွမ်း ဆိုတာ... ဝိညာဉ်အာရုံ ကို ပြောတာလား..." ဟန်ယုက သံသယဖြင့် မေးလိုက်သည်။
"မင်း အဲဒါကိုလည်း သိတာလား..." လီမေ အထင်ကြီးသွား၏။ သာမန် အစေခံတစ်ယောက်က ထိုအရာကို သိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"ဒါပေါ့ သိတာပေါ့... ရွာက ကလေးတွေတောင် သိကြတယ်... ဂိုဏ်းထဲ ရောက်နေတာ နှစ်လနီးပါး ရှိနေတဲ့သူက မသိဘဲ နေမလား..." ဟန်ယု ရင်ကော့လိုက်သည်။ လွန်စွာ နှိမ့်ချသော ပုံစံဖြင့်။
"အို... ဒါဆို ဝိညာဉ်အာရုံ ဘယ်လို အလုပ်လုပ်လဲ၊ ဘယ်လို ဖြစ်ပေါ်လာလဲ ဆိုတာရော သိလား..." သူမက မျက်ခုံးပင့်၍ မေးလိုက်၏။
"မသိဘူး... ပြောပြပါဦး..." ဟန်ယုက စိတ်ဝင်တစားဖြင့် ရှေ့သို့ ကိုင်းလိုက်သည်။
မည်သို့ပင်ဆိုစေ သူက အစေခံတစ်ယောက်သာ ဖြစ်သဖြင့် ဂိုဏ်းသားများသာ သင်ယူခွင့်ရသော သင်ခန်းစာများကို လက်လှမ်းမမီပေ။။
"ဝိညာဉ်အာရုံ ဆိုတာ အဓိကအားဖြင့် ဝိညာဉ်ချီ အမျှင်တန်းလေးတွေကို ဆက်သွယ်ပြီး သန့်စင်ထားတာပဲ... ကျင့်ကြံသူ တစ်ယောက်က အရာဝတ္ထုတွေကို 'မြင်' အောင်လို့ လက်ချောင်းလေးတွေနဲ့ လိုက်စမ်းသလိုမျိုး သုံးလို့ရတယ်... လေ့ကျင့်မှု များလာပြီး ကျွမ်းကျင်လာရင် အာရုံငါးပါးစလုံး ပေါင်းစပ်ထားသလိုမျိုး သုံးလို့ ရတယ်..." လီမေက အံ့သြဖွယ် ကောင်းလောက်အောင် အသေးစိတ် ရှင်းပြလိုက်သည်။
"ဟေ... ဒါဆိုရင် ကျွန်တော့်လို လူတစ်ယောက်က ဘယ်လိုလုပ် အဲဒါမျိုး ရသွားတာလဲ... ကျွန်တော် သန့်စင်ခဲ့တာလည်း မဟုတ်ဘူး... ပြောရရင် ကျွန်တော်က ဝိညာဉ်ချီတောင် မသုံးတတ်သေးဘူး... ကျင့်ကြံသူ တစ်ယောက်လည်း မဟုတ်သေးဘူး..." ဟန်ယုက နားမလည်စွာ မေးလိုက်၏။
"တစ်နည်းနည်းနဲ့ အဲဒီဆေးက မင်းကို ချီစွမ်းအင် ပေါက်ကွဲမှု ဖြစ်စေပြီး မင်းရဲ့ ချီကြောတွေနဲ့ စိတ်အာရုံကို သွားချိတ်ဆက်မိသွားတာ နေမှာပေါ့... ပုံမှန်နည်းနဲ့ သန့်စင်လိုက်တာတော့ မဟုတ်ဘူး... ဝိညာဉ်ချီ ကြိုးမျှင် တစ်ချောင်းတည်း အစား လှိုင်းလုံးကြီး တစ်ခုလုံး ပြိုင်တူ ဝင်တိုးသလိုမျိုး ဖြစ်သွားတာ..." လီမေက သူမ၏ သီအိုရီကို ပြောပြလိုက်သည်။
"သောက်ကျိုးနည်း..." ဟန်ယု ကြက်သေသေသွား၏။ "မင်းက အဲဒီလိုမျိုး လုပ်နိုင်တယ်လား..." ဤရူးသွပ်သော အဂ္ဂိရတ်ဆရာမလေးတွင် ထိုမျှလောက် စွမ်းရည်ရှိသည်ဟု သူ မထင်ထားခဲ့ပေ။
"ဒါပေါ့... မင်းက အပြင်စည်းဂိုဏ်းရဲ့ နံပါတ် ၁ အဂ္ဂိရတ်ဆရာ၊ ပြီးတော့ ဂိုဏ်းတစ်ခုလုံးရဲ့ အပြင်စည်း အဆင့် ၃ ဂိုဏ်းသားကို တွေ့နေရတာလေ..." လီမေက ဂုဏ်ယူစွာ ပြောလိုက်၏။
"မင်းက... အဲလောက်တောင် ဟုတ်လား..." ဟန်ယု သူမကို စိုက်ကြည့်နေမိသည်။ ဤဂြိုဟ်သားမလေးက ပါရမီရှင် တစ်ယောက် ဖြစ်သည် ဆိုသည်ထက် ဝက်တွေ ပျံနိုင်သည်၊ သို့မဟုတ် သူ့ရေမြှုပ်တံမြက်စည်းမှာ အသက်ရှိသည် ဆိုသည်ကို ယုံကြည်ရန်က ပိုလွယ်ကူပေလိမ့်မည်။
"ဘာလို့လဲ... မင်း မယုံဘူးလား..." လီမေက မျက်ခုံးပင့်ရင်း သူမ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ဝုန်း...။
တဲအိမ် တစ်ခုလုံးတွင် ဝိညာဉ်ချီလှိုင်းများ ပြည့်နှက်သွားပြီး မုန်တိုင်းထဲတွင် လှန်းထားသော အဝတ်အစားများကဲ့သို့ သူတို့၏ ဝတ်ရုံများ တလွင့်လွင့် ဖြစ်သွားသည်။ ကလေးဆန်သော အမူအရာများ ပျောက်ကွယ်သွားပြီး စစ်မှန်သော ဂိုဏ်းသား တစ်ဦး၏ ခန့်ညားထည်ဝါမှုနှင့် စွမ်းအားတို့ အစားထိုး ဝင်ရောက်လာ၏။
"မင်း... မင်းရဲ့ ကျင့်ကြံခြင်း အခြေခံက ဘယ်လောက်လဲ..." ဟန်ယု ရင်တဒိန်းဒိန်း ခုန်လျက် မေးလိုက်သည်။ ယခင်က တစ်ခါမှ မမေးမိခဲ့ကြောင်း သူ သတိထားမိလိုက်၏။ 'သူကရော ချီသန့်စင်ခြင်း နယ်ပယ် ပဲလား... တခြားလူတွေထက် ပိုသန်မာသလိုပဲ...'
"ငါက ချီသန့်စင်ခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်မှာ ရှိတာပေါ့..." အဆောက်အအုံ တစ်ခုကို ဖောက်ခွဲပစ်ပြီးနောက် ထိုပြာပုံထဲတွင် လက်ဖက်ရည် တည်သောက်နိုင်သူ တစ်ယောက်၏ ယုံကြည်မှုမျိုးဖြင့် လီမေက ပြောလိုက်သည်။
"ဘာ..." ဟန်ယု အော်လိုက်မိ၏။
သူမ၏ အမူအရာနှင့် ပုံပန်းသဏ္ဌာန်က ထိုအချက်ကို လုံးဝ ဖော်ပြခြင်း မရှိပေ။ သူမက အင်အားကြီး ပုဂ္ဂိုလ် တစ်ဦးထက် ဂေါ်ဖီသည်၏ တူမနှင့် ပိုတူသည်။
"အခု ယုံပြီလား..." လီမေက သူမ၏ အရှိန်အဝါကို ပြန်ရုတ်သိမ်းရင်း ပြုံးလိုက်သည်။ "ငါ့ကို ဂိုဏ်းတူအစ်မကြီးလို့ ခေါ်သင့်တယ်နော်..." သူမက လက်ညှိုး လှုပ်ရမ်းရင်း ဖြည့်စွက် ပြောလိုက်၏။
"ဂိုဏ်းတူအစ်မကြီး... အဲဒါက နည်းနည်း..." ဟန်ယုက သူမကို အထက်အောက် ကြည့်လိုက်သည်။ သူမက အရပ် ၅ ပေပင် မပြည့်သလို သကြားလုံးဖြင့် လာဘ်ထိုး၍ ရမည့် မျက်နှာပေါက်မျိုး ရှိနေသည်။
"ငါ့ပုံစံက ဒီလို ဖြစ်နေလို့ ကလေးလို့ မထင်နဲ့နော်..." သူမက နှုတ်ခမ်းဆူလိုက်သဖြင့် ပို၍ပင် ကလေးနှင့် တူသွားသည်။
"ဒါဆို မင်းက ကလေး မဟုတ်ဘူးပေါ့..." ဟန်ယု မေးစေ့ကို ကုတ်လိုက်၏။ "ငါက မင်းကို ၇ နှစ်သမီးလောက်နဲ့ အခေါ်ခံရတဲ့ ပါရမီရှင် လူသစ်တန်း ဝင်ခွင့်တွေထဲက တစ်ယောက်လို့ ထင်နေတာ..."
"ငါ စရောက်တုန်းကတော့ ဟုတ်တယ်... ဒါပေမဲ့ ငါ့အသက်က ၆၀ ရှိပြီ ဆိုတာလည်း မင်း သိထားသင့်တယ်..." လီမေက သိုင်းဆရာကြီး တစ်ယောက်ကဲ့သို့ ရင်ကော့လျက် ပြောလိုက်သည်။
"ခြောက်... ၆၀..." ဟန်ယု ထိတ်လန့်သွားသည်။ "မင်းက ဖွားအိုကြီးလား..." သူ အော်ဟစ်လိုက်မိ၏။
ဖြောင်း...။
လီမေက သူမ၏ မှတ်စုစာအုပ်ဖြင့် ဟန်ယု၏ မျက်နှာကို ရိုက်ချလိုက်သည်။
"နောက်တစ်ခါ ထပ်ပြောကြည့်... မင်းရဲ့ ဝိညာဉ်က စပျစ်သီးခြောက် အဖြစ် ပြန်ဝင်စားတဲ့အထိ ဝမ်းသွားစေမယ့် ဆေးကို ကျွေးပစ်မယ်..." သူမ အော်လိုက်၏။
ဂလု...။
ဟန်ယု ပါးစပ်ကို ဇစ်ဆွဲထားသကဲ့သို့ တင်းတင်း ပိတ်လိုက်သည်။
တစ်မိနစ်ခန့် လေးလံ၍ တိတ်ဆိတ်သော အနေအထား ဖြစ်သွား၏။
"စကားကို ဆင်ခြင် ပြော..." လီမေက နတ်ဘုရား စီရင်ချက် ကျောက်ပြားကဲ့သို့ မှတ်စုစာအုပ်ကို ကိုင်ရင်း မျက်လုံးကျဉ်းမြောင်းလျက် ပြောလိုက်သည်။
"ဒါပေမဲ့... ငါ သိသလောက်ဆိုရင် အမြုတေဖွဲ့စည်းခြင်း နယ်ပယ် ရောက်ရင်တောင် ကျင့်ကြံသူ တစ်ယောက်ရဲ့ အိုမင်းခြင်းက လုံးဝ ရပ်တန့်မသွားဘူး..." ဟန်ယုက ဤအချက်ကို သူမ စိတ်ဆိုးမည် စိုး၍ သတိထား ပြောလိုက်၏။