← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း(103)

ရဲစခန်း၌…။

ကျန်းကျစ်ကုန်းက အရာအားလုံးကို ငြင်းဆန်ရန်ကြိုးစားနေဆဲပင်။

သူက ရဲများကို ကြည့်၍ ပလုံးအထွေးဖြင့် ပြောလိုက်၏။

“ရဲအရာရှိကြီး… လင်းမိန်ဟွေ့ က ကျွန်တော့်ရဲ့ချစ်သူပါ၊ ကျွန်တော် သူမကို ချစ်ခဲ့ဖူးတယ် နောက်ပြီး သူမကလည်း ကျွန်တော့်ကို လက်ထပ်ဖို့ သဘောတူခဲ့ဖူးတယ်၊

ဘယ်သူသိမှာလဲ စုန့်ယီက ထွက်လာပြီး ကျွန်တော့်ကောင်မလေးကို လုသွားခဲ့တာလေ”

“ဒါဆို မင်း သူမကို ဆေးခတ်တာကို သူမကလည်း သဘောတူခဲ့တယ်ပေါ့”

“မဟုတ်ဘူး…အဲဒီတုန်းက စိတ်လွတ်ပြီး ဘာမှမတွေးနိုင်ဖြစ်သွားခဲ့လို့ပါ၊ သူငယ်ချင်းတစ်ယောက်က သူ့မှာ ပစ္စည်းကောင်းတစ်ခုရှိလို့ ကျွန်တော်တို့ကို စမ်းသပ်ကြည့်စေချင်တယ်ဆိုပြီးပြောခဲ့တာ၊ ဒါကြောင့် ကျွန်တော်လည်း အဲဒီဆေးကို ယူလိုက်တာလေ”

ရဲအရာရှိက လှောင်ပြောင်လိုက်ပြီး ကျန်းကျစ်ကုန်း၏ ရာဇဝတ်မှုမှတ်တမ်းကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“ကြည့်ရတာတော့ မင်းက ဒီနေရာရဲ့ လူဟောင်းတစ်ယောက်ဖြစ်ပုံပဲ၊ လွန်ခဲ့တဲ့ ရက်ပိုင်းက တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းလို့ နှစ်ရက် ထောင်ကျခဲ့သေးတယ်၊ ပြန်လွတ်တာ ရက်ပိုင်းလေးပဲ ရှိသေးတာကို ပြဿနာ ထပ်ဖြစ်ပြန်ပြီလား”

“ရဲအရာရှိ…ခင်ဗျား ထင်သလို မဟုတ်ပါဘူး၊ လင်းမိသားစုက ကျန်းမိသားစုရဲ့ တင်တောင်း‌ပစ္စည်းတွေကိုတောင် လက်ခံပြီးပြီ …ကျွန်တော်တို့က တကယ်လက်ထပ်တော့မှာပါ”

“ရွာက လူတွေပြောတဲ့အတိုင်းဆိုရင် ငါတို့ ကြားတာတော့ လင်းမိန်ဟွေ့ကို သူမရဲ့မိဘတွေက ကျန်းမိသားစုက သားနဲ့လက်ထပ်ဖို့ အတင်းအကျပ်ခိုင်းခဲ့တာဆို၊

ဒါကြောင့် သူမက မလိုချင်လို့ ထွက်ပြေးပြီး စုန့်ယီနဲ့ လက်ထပ်လိုက်တာတဲ့”

ရဲအရာရှိမှာ ရွာသို့သွား၍ စုံစမ်းစစ်ဆေးခဲ့ပြီး စုန့်ယီ၏ အိမ်နီးနားချင်းများကိုလည်း စစ်မေးပြီးနောက် ဤအဖြေကို ရရှိခဲ့၏။

ကျန်းကျစ်ကုန်းက ခဏတာ တုံ့ဆိုင်းသွားပြီးမှ ထပ်ပြောလေသည်။

“စုန့်ယီဆိုတဲ့ကောင်က ကျွန်တော့်ကောင်မလေးကို မြှူဆွယ်ခဲ့တာ!”

သူ ထိုသို့ပြောနေချိန်တွင် စုန့်ယီက လင်းမိန်ဟွေ့ကိုခေါ်၍ ရဲစခန်းအတွင်းသို့ဝင်လာ၏။

စစ်ဆေးခန်းထဲသို့ရောက်ရှိသည်နှင့် ကျန်းကျစ်ကုန်း၏ မျက်နှာမှာ ဖြူနေရာမှနေ၍ စ်ိမ်းသွားပြီး စိမ်းနေရာမှ မည်းသွားကာ အမျိုးမျိုး ပြောင်းလဲသွားခဲ့သည်။

“ရဲအရာရှိကြီး….အဲဒီနေ့က ကျန်းကျစ်ကုန်းက ကျွန်မကို ရည်ရွက်ချက်ရှိရှိ ပြန်ပေးဆွဲခဲ့တာပါ၊

သူ ကျွန်မကို အဓမ္မကျင့်မလို့ လုပ်နေတုန်းမှာ အစ်ကိုစုန့်ယီနဲ့ ချန်အန်းသယ်တို့ အမြန်ရောက်လာပြီး ကျွန်မကို ကယ်ပေးခဲ့လို့ ဘာမှမဖြစ်သွားခဲ့တာ”

လင်းမိန်ဟွေ့၏ အသံမှာ ကြည်လင်ပြတ်သားနေပြီး ခံစားချက်မဲ့နေ၏။

မည်သည့်အကြောင်းပြချက်ကြောင့်မှန်း မသိရဘဲ သူမက ငြိမ်သက်ပြီး အေးဆေးတည်ငြိမ်သော ခံစားချက်ကို ပေးနေခဲ့လေသည်။

ရဲအရာရှိက လင်းမိန်ဟွေ့ကို တိတ်တဆိတ်ကြည့်လိုက်ပြီးနောက် ဤသို့သော ကိစ္စများမျိုးအား တည်တည်ငြိမ်ငြိမ်ဖြင့် ကိုင်တွယ်နိုင်သည့် အမျိုးသမီးများမျိုးမှာ အလွန်ပင် ရှားသည်ဟု ခံစားလိုက်ရ၏။

ကျန်းကျစ်ကုန်းမှ ပြန်ပြောလာလေသည်။

“သူမ လျှောက်ပြောနေတာ! သူမက ကျွန်တော့်ကို အရင်မြှူဆွယ်ခဲ့တာ! သူမ ခန်ပေါ်မှာ လှဲပြီး မြူဆွယ်နေခဲ့လို့ ကျွန်တော်…”

“မင်းပါးစပ်ပိတ်ထားစမ်း၊ ငါ မမေးဘဲ ဘာမှမဖြေနဲ့”

ရဲအရာရှိက ကျန်းကျစ်ကုန်းကို အော်ငေါက်လိုက်လျှင် အမြဲတစေ မောက်မာတတ်သည့် ကျန်းကျစ်ကုန်းက ချက်ခြင်းတိတ်ဆိတ်သွားခဲ့၏။

လင်းမိန်ဟွေ့က သူမ၏အင်္ကျီလက်များကို လိပ်တင်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ပြသလိုက်သည်။

“ဒါတွေအကုန်လုံးက ကျွန်မ ရုန်းကန်နေတုန်းမှာ ကျန်းကျစ်ကုန်းက ရိုက်ပြီး ဖမ်းခဲ့လို့ ဖြစ်ခဲ့တာတွေပါ၊ ရဲအရာရှိတို့အနေနဲ့ ဆရာဝန်တွေကိုပြပြီး စစ်ဆေးခိုင်းလို့လည်း ရပါတယ်”

ကျန်းကျစ်ကုန်းတစ်ယောက် လင်းမိန်ဟွေ့၏ လက်မောင်းနှစ်ဖက်၌ ဒဏ်ရာများပြည့်နှက်နေပြီး သူမ၏လည်ပင်း၌လည်း ခြစ်ရာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။

ဤသည်မှာ သူမ၏အဝတ်အစားများကို ဆွဲဖြဲစဉ်က အရေပြားကို ခြစ်မိသည့်အတွက် ပေါ်လာခဲ့ခြင်းပင်။

ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့ကို ကျိန်ဆဲလိုက်သည်။

“ခွေးမ..! မင်းသာ ငါနဲ့အတူ ငါ့ဇာတိကိုသာ ပြန်ချင်တယ်လို့ မပြောခဲ့ရင် ငါကလည်း မင်းကိုဘယ်လိုလုပ်ပြန်ခေါ်သွားလို့ရမှာလဲ”

လင်းမိန်ဟွေ့က လှောင်ရယာ၍ပြန်ပြောလေ၏။

“ကျန်းကျစ်ကုန်း…. ဒီအချိန်မှာ ရှင့်ရဲ့အပြစ်တွေကို ဝန်ခံပြီး အပြစ်လျှော့ပေးဖို့တောင်းဆိုတာ ပိုကောင်းလိမ့်မယ်၊ ရှင်သာ ဆက်ပြီး ဆင်ခြေတွေပေးနေမယ်ဆိုရင် ရှင့်ရဲ့ပြစ်မှုက ပိုကြီးသွားရုံပဲဖြစ်လိမ့်တယ်”

ကျန်းကျစ်ကုန်းက ရဲအရာရှိကို မသိစိတ်မှ လှမ်းကြည့်လိုက်သည်။

ရဲအရာရှိက ကျန်းကျစ်ကုန်းကို အေးစက်စွာစိုက်ကြည့်ပြီး ပြောလာလေသည်။

“မင်းက ဘာကိုလာကြည့်တာလဲ… သူ ပြောတာ အမှန်ပဲ၊ မင်းအတွက် အခုချိန်မှာ အရေးအကြီးဆုံးက အကုန်လုံးကိုဝန်ခံပြီး အပြစ်လျှော့ဖို့ တောင်းဆိုရုံပဲ၊ ပေါက်ကရတွေပြောမနေနဲ့…မဟုတ်ရင် ပြစ်မှုက ပိုကြီးသွားလိမ့်မယ်”

ထိုအချိန်တွင် ကျန်းကျစ်ကုန်း၏ မျက်နှာမှာ ဖြူဖျော့နေခဲ့ပြီး သူ ထိုင်နေသည့်နေရာသို့ မိုးရွာချလိုက်သကဲ့သို့ သူ့တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲလာခဲ့၏။

ကျန်းကျစ်ကုန်းက ရုတ်တရက် ထရပ်လိုက်ချိန်တွင် ရဲအရာအရှိက ချက်ချင်းပင် သူ့အား လက်ညှိုးထိုး၍ ပြောလိုက်သည်။

“ပြန်ထိုင်နေ”

ကျန်းကျစ်ကုန်းက လင်းမိန်ဟွေ့၏ ရှေ့၌ ဒူးထောက်၍ သူမ ခြေထောက်များကို ဆွဲဖက်လေ၏။

“မိန်ဟွေ့… ငါ အရူးထမိသွားတာပါ၊ ငါ အရမ်းမိုက်မဲခဲ့ပါတယ်၊ ဒီတစ်ခါသာ ငါ့ကို လွှတ်ပေးရင် ငါ မင်းကို ဘယ်တော့မှ မနှောင့်ယှက်တော့ဘူးလို့ ကတိပေးတယ်၊

မင်းရဲ့ မိသားစုအပေါ်ကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံပါ့မယ်၊ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးဖို့ ပြောပေးပါ”

လင်းမိန်ဟွေ့တစ်ယောက် ကျန်းကျစ်ကုန်းမှ သူမအား နိုင်ထက်စီးနင်း ပြုလုပ်ခဲ့သည့်အချိန်များကို ပြန်တွေးမိသွားသည်။

ထိုစဉ်က သူမလည်း သူ့ကို လွှတ်ပေးရန် တောင်းပန်ခဲ့ဖူးသည်။

သို့သော် ကျန်းကျစ်ကုန်းက နာကျင်စေမှုတစ်ခုတည်းကိုသာ ပြန်ပေးခဲ့ပြီး လျစ်လျူရှုကာ လှောင်ပြောင်ခဲ့၏။

ယခုအချိန်တွင် ကျန်းကျစ်ကုန်း တောင်းပန်ရမည့် အလှည့်သို့ ရောက်ရှိလာခဲ့ပေပြီ။

သို့သော်လည်း သူမအနေဖြင့် သူ့ကို လုံးဝ လွှတ်ပေးလိုစိတ် မရှိပါချေ။

*

လင်းမိန်ဟွေ့က သူမ၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲထားသော ကျန်းကျစ်ကုန်း၏ လက်ကို တွန်းဖယ်လိုက်ပြီး ရွံရှာသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

“ကျန်းကျစ်ကုန်း…ရှင်က မကောင်းမှုတွေ အများကြီး လုပ်ခဲ့တဲ့အတွက် အရင်ကတည်းက အပြစ်ပေးခံရသင့်တာ.. ရှင် အခုမှ ကျွန်မကို တောင်းပန်နေလည်း အကျိုးမရှိဘူး၊

ရှင့်လို ကပ်ဆိုးကြီးက အပြင်ကိုထွက်ပြီး သူများတွေကို ဒုက္ခပေးမှာကို ကျွန်မ ခွင့်ပြုမပေးနိုင်ဘူး”

ထိုသို့ ပြောပြီးသည်နှင့် လင်းမိန်ဟွေ့က စုန့်ယီနှင့်အတူ ရဲစခန်းမှ ထွက်ခွာသွားခဲ့လေ၏။

ဆောင်းဦးရာသီသို့ ရောက်ရှိလာပြီပင်။ အပြင်ဘက်၌ ကောင်းကင်က ပြာလဲ့နေခဲ့ပြီး တိမ်စိုင်များလည်းထွက်ပေါ်လာ၏။

အရာအားလုံးက အလွန်သာယာလှပနေခဲ့သည်။

စုန့်ယီ လင်းမိန်ဟွေ့ကို နှစ်သိမ့်ရန် ပြင်လိုက်သော်လည်း လင်းမိန်ဟွေ့က ပြန်လှည့်လာပြီး ပြုံးပြလာသည်ကို မြင်တွေ့လိုက်ရ၏။

“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ အရင်တစ်ခါကစားသောက်ဆိုင်ကို သွားပြီး ငါးပေါင်းသွားစားရအောင်၊ ချန်အန်းသယ်ကိုလည်း ခေါ်သွားပြီး ဆိုင်ရှင်ရဲ့ လက်ရာကို မြည်းခိုင်းကြမယ်‌လေ”

“ကောင်းပြီ”

စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့မှ ထိုကိစ္စများကို မပြောချင်ကြောင်း သိနေသောကြောင့် သူသည်လည်း ထုတ်မပြောရန် ဆုံးဖြတ်လိုက်သည်။

လင်းမိန်ဟွေ့ အရှေ့သို့ အနည်းလျှောက်သွားပြီးနောက်တွင် ချန်အန်းသယ်လည်း ရောက်ရှိလာပြီး စုန့်ယီကို ပြောလာခဲ့သည်။

“မိန်ဟွေ့က အခုတော့အဆင်ပြေလောက်ပြီထင်တယ်.. သူမ ဒီကိစ္စကို ကျော်ဖြတ်နိုင်ပါ့မလား၊ မစားနိုင် မအိပ်နေလောက်မလားဆိုပြီး ငါ စိုးရိမ်နေခဲ့တာ”

“သူမရဲ့ စိတ်ထဲတော့ တစ်ခါတစ်လေသတိရနေဦးမှာပဲ၊ ဒါပေမဲ့ ငါတို့တွေ စိတ်ပူမှာစိုးလို့ အလွယ်တကူ ထုတ်ပြောပြမှာ မဟုတ်ဘူး”

“ဒါဆို မင်း သူမကို နှစ်သိမ့်ပြီး စိတ်သက်သာရာရအောင် လုပ်ပေးသင့်တယ်၊ သူမ ပျော်ရွှင်လာအောင် ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုခုတော့ လုပ်ပေးလိုက်ဦး”

ချန်အန်းသယ်က စုန့်ယီကို အကြံပေးလိုက်ပြီး စုန့်ယီကလည်း ခေါင်းညိတ်ပြလိုက်လေသည်။

ဤတစ်ကြိမ် ချန်အန်းသယ်၏ စကားများက အဓိပ္ပာယ်ရှိသည်ဟု သူတွေးမိ၏။

စားသောက်ဆိုင်သို့ ရောက်သည်နှင့်ဆိုင်ရှင်က လင်းမိန်ဟွေ့နှင့်စုန့်ယီကို ချက်ချင်းပင် မှတ်မိသွားပြီး ပြုံး၍ ပြောလိုက်သည်။

“မင်းတို့တွေ နောက်ဆုံးတစ်ခေါက် ငါးပေါင်း လာစားတုန်းက မဝလိုက်ဘူး‌မလား၊ ဒီတစ်ခါ ငါ မင်းတို့အတွက် ငါးကြီးတစ်ကောင် ရှာပေးမယ်၊ ဒီမှာစောင့်ဦး…”

“ကျေးဇူးတင်ပါတယ် သူဌေး”

လင်းမိန်ဟွေ့က ပြုံး၍ပြောလိုက်လေ၏။

စုန့်ယီလည်း လင်းမိန်ဟွေ့အတွက် ထိုင်ခုံဆွဲပေးခဲ့သည်။

သူတို့ နေရာတွင် ထိုင်ပြီးနောက် သူက လင်းမိန်ဟွေ့နှင့် တိုင်ပင်‌လိုက်သည်။ စက်ရုံရှိ ရေခဲမုန့်များအတွက် လတ်တလော ထုတ်လုပ်မှု ရပ်ဆိုင်းရပေမည်။

“ဆောင်းဦးရာသီကို ရောက်ပြီဆိုတော့ အလုပ်ရုံမှူးက ရေခဲမုန့်တွေကို လောလောဆယ်မှာဖြစ်ဦးမှာ မဟုတ်ဘူးလို့ ပြောတယ်”

“အဆင်ပြေသားပဲ၊ ကျွန်မတို့လည်း နားချိန်ရတာပေါ့”

“ဝမ်ဟန်ကို ဘယ်လိုလုပ်ကြမလဲ… သူက အခု ဒီမှာရောက်နေပြီဆိုတော့ အလုပ်မရှိဘဲ ထိုင်နေရတာက မကောင်းဘူး”

စုန့်ယီမှ ဝမ်ဟန်အတွက် စီစဉ်ပေးရန် မေးလာခဲ့သည်။

လင်းမိန်ဟွေ့က ခဏစဉ်းစားပြီးနောက် ပြန်ဖြေ၏။

“သူ့ကို ဆိုင်မှာပဲ သွားကူခိုင်းလိုက်ပေါ့၊ ကျွန်မ ခဏလောက်တော့ ထွက်သွားဦးမယ်”

*

အခန်း(104)

တကယ်တမ်း၌ လင်းမိန်ဟွေ့အနေဖြင့် ချန်အန်းသယ်ကို ညစာစားရန်အတွက် တမင်ဖိတ်ခဲ့ခြင်းပင်။

မနေ့ညက အဖြစ်အပျက်များဖြစ်ပြီးနောက် လင်းမိန်ဟွေ့မှာ စုန့်ယီနှင့် နှစ်ယောက်တည်းအတူရှိနေခြင်းအား အနည်းငယ် နေရခက်နေခဲ့၏။

မနေ့ညက စုန့်ယီက သူမကို ရေချိုးပေးနေစဉ်အတွင်း အရာအားလုံးကို မြင်ခဲ့ပြီးလောက်သည်မှာ သေချာသလောက်ပင်။

ခန္ဓာကိုယ်‌ပေါ်တွင် အတွင်းခံအဝတ်အစားများရှိနေသေးသော်လည်း မိန်းကလေးတစ်ယောက်၏ ခန္ဓာကိုယ်ကို မြင်သွားခြင်းဖြစ်၍ ထိုအကြောင်းကို တွေးလိုက်မိရုံနှင့်ပင် သူမ၏ မျက်နှာအား နီမြန်းသွားစေလေသည်။

မကြာသေးခင်က ကျန်းကျစ်ကုန်းနှင့် ထပ်မံ ရင်ဆိုင်တွေ့လိုက်ရသောကြောင့် လင်းမိန်ဟွေ့အနေဖြင့် မနေ့က အဖြစ်အပျက်များကို ပြန်လည်ပြောဆိုလိုက်ရချိန်တွင် ပို၍ပင် ရှက်မိသွား၏။

မည်သို့ပင်ဖြစ်စေ သူမသည်က ထိုလူယုတ်မာကျန်းကျစ်ကုန်း၏ အနိုင်ကျင့်စော်ကားမှုအား ခံရတော့မည့် အခြေအနေဖြစ်ခဲ့သောကြောင့် သူမအနေဖြင့် သူ့အား မည်သို့ မျက်နှာချင်းဆိုင်ရမည်ကို အမှန်တကယ်ပင် မသိတော့ချေ။

လင်းမိန်ဟွေ့ ထွက်သွားမည်ဟု ပြောလာသည်ကို ကြားလိုက်ရလျှင် စုန်ယီက သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“မနေ့က ကိစ္စကြောင့်ဆိုရင်တော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မင်း အများကြီး တွေးစရာမလိုဘူးလို့ ကိုယ်ထင်တာပဲ၊ ဒါတွေအကုန်လုံးက အဲဒီလူယုတ်မာ ကျန်းကျစ်ကုန်းကြောင့် ဖြစ်ခဲ့တာတွေပဲလေ”

“မဟုတ်ပါဘူး အစ်ကိုစုန့်ယီ”

လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီအား မည်သို့ ရှင်းပြရမည်ကို မသိဖြစ်‌နေခဲ့ သည်။

ကံကောင်းစွာဖြင့် ချန်အန်းသယ်လည်း ရှိနေသည့်အတွက်ကြောင့် သူတို့နှစ်ဦးလုံးအတွက် အလွန် အနေရခက်ခြင်းများ မဖြစ်စေခဲ့ပေ။

စုန့်ယီက အနည်းငယ် စိုးရိမ်နေခဲ့သော်လည်း မနေ့ညက သူမ၏ ခန္ဓာကိုယ်အား မြင်တွေ့ခဲ့ခြင်းမရှိကြောင်းကို ချန်အန်းသယ်၏ရှေ့၌ မေးရမည်ကို အလွန်ရှက်ရွံ့နေခဲ့၏။

လက်တွေ့၌ သူက မျက်လုံးများကို တစ်ချိန်လုံးမှိတ်ထားခဲ့သောကြောင့် သူမ၏ အသားနှင့် တစ်ခါတစ်ရံထိတွေ့မိသော်လည်း မည်သည့်အရာကိုမျှ မမြင်ခဲ့ပေ။

လင်းမိန်ဟွေ့က စကားပြောရန် တွန့်ဆုတ်နေသည်ကို မြင်တွေ့ရသောကြောင့် စုန့်ယီတစ်ယောက် အလွန်အမင်း စိုးရိမ်ပူပန်လာခဲ့သည်။

ထိုအချိန်တွင် ဆိုင်ရှင်မှ ပဲငံပြာရည်ဖြင့်ပေါင်းထားသည့် အလွန်ကြီးမားသော ငါးတစ်ကောင်အား ယူဆောင်လာလေ၏။

သူက ငါးအား ညွှန်ပြရင်း ပြောလိုက်၏။

“ဒီတစ်ခေါက်ငါးက အရမ်းကြီးပြီး လတ်လည်း လတ်ဆတ်တယ်နော်၊ မြည်းကြည့်ကြပါဦး…. အရသာတွေ့လိမ့်မယ်ဆိုတာ အာမခံတယ်”

ချန်အန်းသယ်က လင်းမိန်ဟွေ့ကို လှမ်းကြည့်၍ ပြောလိုက်သည်။

“မိန်ဟွေ့၊ မင်း တွေးနေတာတွေကို ငါတို့ကို ပြောလို့ရတယ်၊ စုန့်ယီနဲ့ငါက မင်း ဘာပဲလုပ်လုပ် အနောက်ကနေ အမြဲထောက်ခံအားပေးနေမှာပဲ”

ချန်အန်းသယ်အနေဖြင့် လင်းမိန်ဟွေ့က အမှန်တကယ်ပင် နာကျင်ခဲ့ရသည်ကို သိနေခဲ့၏။

ကျန်းကျစ်ကုန်း၏ လုပ်ရက်များမှာ သူမ၏ ငြိမ်းချမ်းနေသည့် ဘဝကို ရေနွေးအိုးထဲမှ ပွက်ပွက်ဆူနေသော ရေများကဲ့သို့ ဖြစ်သွားစေခဲ့ပြီး အချိန်အတော်ကြာသည်အထိ ပုံမှန်‌နေထိုင်မှုအတိုင်း ပြန်မဖြစ်နိုင်တော့ပေ။

မြို့တွင်းရှိ လူများက အတင်းအဖျင်းများကို စတင် ပြောဆိုကြပေလိမ့်မည်။

စပ်စပ်စုစုဖြင့် မေးမြန်းလာကြလိမ့်မည်။

ထိုအချိန်တွင် လင်းမိန်ဟွေ့က သူမ၏ ဒဏ်ရာဟောင်းများအား တခြားလူများ၏ရှေ့တွင် နေ့စဥ် ထုတ်ပြနေရမည်ဖြစ်ပြီး ထိုအခြေအနေက သူမအတွက် သူ့အလွန်ခက်ခဲနေရပေလိမ့်မည်။

လင်းမိန်ဟွေ့အနေဖြင့် ယခင်ဘဝဟောင်း၌ သေဆုံးစဉ်အချိန်က နှလုံးသားထဲတွင် နောင်တတစ်ခု ရှိနေခဲ့သည်။

ထိုသည်မှာ ကျောင်းတက်ရန်အတွက် အခွင့်အရေး မရခဲ့ခြင်းပင်ဖြစ်၏။

ထိုစဉ်က လင်းရှောင်ရှုက နေ့စဥ်နေ့တိုင်း ကျောင်းလွယ်အိတ်က်ို ဆွဲ၍ ကျောင်းသို့သွားသည်ကို သူမ မြင်တွေ့နေရပြီး သူမကတော့ အိမ်တွင် ဝက်စာ၊ ကြက်စာ ကျွေးနေရခြင်းကိုသာ လုပ်ဆောင်နေခဲ့ရသည်။

ထိုအချိန်က သူမတွင်သာ အခွင့်အရေးရခဲ့လျှင် အမှန်တကယ်ပင် ကြိုးစား၍ စာလုပ်မည်ဟု တွေးခဲ့ဖူး၏။

ယခုအချိန်တွင် သူမက စုန့်ယီအား မျက်နှာချင်းမဆိုင်ရဲသေးသည့်အပြင် ဤပတ်ဝန်းကျင်တွင်လည်း ဆက်၍မနေနိုင်သောကြောင့် ထိုအကြောင်းကို ပြန်တွေးလိုက်မိသည်။

သူမ ခေါင်းကိုမော့ကာ သူမ၏ရှေ့မှ လူနှစ်ဦး တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“ကျွန်မ ကျောင်းတက်ချင်တယ်၊ ကျွန်မ အမြဲတမ်း စာသင်ချင်နေခဲ့တာ ဒါပေမဲ့ ကျွန်မတို့မိသားစုက အရမ်းဆင်းရဲတော့ ကျွန်မမှာ အခွင့်အရေးမရှိခဲ့ဘူး”

ချန်အန်းသယ်က ထိုအကြံကို ကြားလိုက်သည်နှင့် ချက်ချင်းပင် သဘောတူလေ၏။

“စာလုပ်တယ်ဆိုတာက ကောင်းမွန်တဲ့အရာပဲ၊ မိန်ဟွေ့… မင်းက ငယ်သေးတာပဲ၊ မင်းသာ ကြိုးကြိုးစားစားလေ့လာမယ်ဆိုရင် သေချာပေါက် တက္ကသိုလ် တက်နိုင်လိမ့်မယ်”

လင်းမိန်ဟွေ့ ခေါင်းငြိမ့်လိုက်သည်။

သူမ အနေဖြင့် ဤအကြောင်းကို ယခင်ကလည်း စဉ်းစားခဲ့ဖူးသော်လည်း လုပ်ငန်းကိစ္စများဖြင့် အလုပ်များနေသဖြင့် ဤကိစ္စကို သေသေချာချာ မစီစဉ်ခဲ့ရပေ။

ယခုတွင်တော့ သူမ၏ စိတ်ထဲ၌ အစီအစဉ်တစ်ခု ရရှိလာခဲ့ပေပြီ။

ပထမဆုံးအနေဖြင့် လာမည့်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုဖြေဆိုနိုင်ရန်အတွက် သူမကို အထက်တန်းစာများ ပြန်လည်သင်ပြပေးနိုင်မည့် ဆရာတစ်ဦး ရှာဖွေရမည်။

လင်းမိန်ဟွေ့က သူ့ထံမှ ထွက်သွားလိုခြင်းမဟုတ်ဘဲ ကျောင်းတက်ချင်ရုံသာဖြစ်ကြောင်း ကြားလိုက်ရလျှင် စုန့်ယီတစ်ယောက် ချက်ချင်းပင် သက်ပြင်းချလိုက်မိ၏။

“မိန်ဟွေ့…ဒီအကြံက တကယ်ကို ကောင်းတယ်၊ မင်း စိတ်ချလက်ချ စာလုပ်လို့ရတယ်၊ ကိုယ်နဲ့ ချန်အန်းသယ်က အလုပ်ကို သေသေချာချာဂရုစိုက်လုပ်ပြီး မင်းကို တက္ကသိုလ်ရောက်တဲ့အထိ ပံ့ပိုးပေးမယ်”

စုန့်ယီ၏ စကားများက လင်းမိန်ဟွေ့၏ နှလုံးသားအား နွေးထွေးစေခဲ့ပြီး သူမ မျက်လုံးများက အနည်းငယ် နီရဲလာကာ နှလုံးသားထဲတွင် ပျော်ရွှင်မှုနှင့် နွေးထွေးမှုများပြည့်နှက်လာပြီး ဆောင်းဦးနေရောင်ခြည်နှယ် တောက်ပနေခဲ့သည်။

ဆိုင်သို့ ပြန်ရောက်သည်နှင့် လင်းမိန်ဟွေ့က ပစ္စည်းများကို စတင် ထုပ်ပိုးခဲ့လေ၏။

သူမ၏ လှုပ်ရှားမှုများကို မြင်လျှင် စုန့်ယီတစ်ယောက် ပို၍ပင် ပြာယာခတ်သွားခဲ့ရကာ လင်းမိန်ဟွေ့ကို တားရန်အတွက် ရှေ့တိုးလိုက်မိလေ၏။

“မနေ့က ကိစ္စကြောင့် မင်းနဲ့ကိုယ် အတူမနေနိုင်ဘူးလို့ ခံစားရတယ်ဆိုရင် ကိုယ် ဒီကနေ ထွက်သွားပေးလို့ရပါတယ်...”

လင်းမိန်ဟွေ့ လုပ်လက်စများကို ရပ်လိုက်ပြီးနောက် လှည့်၍ စုန့်ယီအား ကြည့်လိုက်မိ၏။

“အစ်ကိုစုန့်ယီ…. ရှင် အတွေးလွန်နေပြီ.. ကျွန်မက စာလုပ်ဖို့အတွက် တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ကို လိုချင်ရုံပါပဲ၊ ဟိုဘက်က ဆိုင်ခန်းမှာ အခန်းသုံးခန်းရှိတယ်လေ၊

ကျွန်မ နေတဲ့နေရာနဲ့ စာလုပ်တဲ့နေရာကို ခွဲထားလို့ရတယ်.. ဒါဆိုရင် အေးအေးဆေးဆေး စာလုပ်နိုင်ပြီး ဆူညံသံတွေကိုလည်း မကြားတော့ဘူး”

“ဝမ်ဟန့်ကို ဘယ်လိုလုပ်ရမလဲ”

“ဝမ်ဟန့်ကတော့ ဒီမှာပဲ အစ်ကိုနဲ့ လာနေပါစေ၊ ဒီခုတင်မှာ သစ်သားပြားတွေရှိတယ်မလား…ဒီတော့ ရှင် အဲဒါတွေကို ဖြုတ်ပြီး ခွဲလိုက်ရင် တစ်ယောက်အိပ်ခုတင်တွေ ဖြစ်သွားမှာပဲ”

လင်းမိန်ဟွေ့က နံရံပေါ်၌ ချိတ်ထားသော မင်္ဂလာဆောင်ဓာတ်ပုံများအား တစ်ချက်ကြည့်၍ ဝမ်းနည်းလာခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် ဤအခက်အခဲအား ကျော်ဖြတ်နိုင်ခြင်း မရှိသေးပေ။ သူမ၏ ယခင်အတိတ်ဘဝ၌ ကျန်းကျစ်ကုန်းမှ သူမအပေါ် လုပ်ခဲ့သည့် လုပ်ရက်များအား ပြန်တွေးကြည့်လိုက်ရုံနှင်ပင် အချစ်နှင့် အိမ်ထောင်ရေးအပေါ်ထားသည့် မျှော်လင့်ချက်များ အားလုံး ပျောက်ဆုံးသွားခဲ့ရ၏။

လင်းမိန်ဟွေ့၏ စီစဉ်မှုကို နားထောင်ပြီးနောက် စုန့်ယီလည့် သူမ၏ ဆုံးဖြဆ်ချက်ကို လိုက်လျောပေးခြင်းက ပိုကောင်းလိမ့်မည်ဟု တွေးလိုက်မိသည်။

အနည်းဆုံးတော့ လင်းမိန်ဟွေ့က သူမ၏ စာကိုသာ အာရုံစိုက်နိုင်မည်ဖြစ်ပြီး သူမ လုပ်ချင်သည့်အရာများကိုလည်း လုပ်နိုင်ပေလိမ့်မည်။

“ဒါဆို ကိုယ် မင်းကို ကူညီပြီး ပစ္စထည့်ပေးမယ်”

“အစ်ကိုစုန့်ယီ…. ရှင် ရေခဲမုန့် သွားပို့သင့်တယ်နော်၊ အခုက ဆောင်းဦးအစ ဖြစ်ပေမဲ့ အဲဒီဆိုင်တွေကို ရေခဲမုန့်တော့ ပို့ပေးရဦးမှာပဲ...

ဒါပေမဲ့ အခုကစပြီး ရှင် ရေခဲမုန့်လုပ်တာကို နည်းနည်းလောာ် လျှော့လိုက်ဦး၊ ဆောင်းရာသီဆိုတော့ တစ်ပတ်ကို တစ်ခါပဲလုပ်တော့လေ”

လင်းမိန်ဟွေ့က စိတ်ထဲတွင် တွေးတောမိလိုက်သည်။

ကံကောင်းလို့ အရင်ကတည်းက အစ်ကိုစုန့်ယီကို ရေခဲမုန့်လုပ်နည်း သင်ထားပေးလို့သာပေါ့၊ မဟုတ်ရင် အခုမှ အကုန်လုံးထပ်သင်ပေးနေရတော့မှာ။

စုန့်ယီလည်း လင်းမိန်ဟွေ့ အဝတ်အစားများ ထုပ်ပိုးနေသည်ကို ကြည့်၍ မည်သည်မျှ မကူညီနိုင်ကြောင်း ခံစားရသည့်အတွက် ရေခဲမုန့်တစ်သုတ်အား ထုပ်ပိုး၍ ဆိုင်အသီးသီးသို့ လိုက်ပို့လေတော့၏။

သူ ပြန်ရောက်သည့်အချိန်တွင် လင်းမိန်ဟွေ့က သူမ၏ ပစ္စည်းများအား ထုပ်ပိုး၍ သေတ္တာကြီးတစ်ခုထဲသို့ပင် ထည့်ထားပြီးပေပြီ။

“အစ်ကိုစုန့်ယီ…ကျွန်မကို လှည်းလာကူတွန်းပေးနိုင်မလား၊ ကျွန်မရဲ့ ပစ္စည်းတွေက နည်းနည်းတော့များတယ်၊ ဒါကြောင့် သယ်တဲ့အချိန် ဂရုစိုက်ရလိမ့်မယ်ထင်တယ်”

“ကောင်းပြီ”

စုန့်ယီက လင်းမိန်ဟွေ့၏သေတ္တာကို တွန်းလှည်းပေါ်တင်ရန်အတွက် ကူညီပေးပြီး သူမ၏ လက်ကောက်ဝတ်မှာ ဒဏ်ရာအား ဂရုစိုက်ရန်ပြောလိုက်သည်။

ထို့နောက်တွင် သူ လှည်းအား ဆိုင်ခန်းနေရာသို့ တစ်လမ်းလုံး တွန်းသွားပေးခဲ့လေ၏။

လက်ရှိတွင် ဤဂိုထောင်အဖြစ် နေရာချထားသော ခြံလေးမှာ သန့်ရှင်းသပ်ရပ်နေခဲ့ပြီး ပန်းများလည်း စိုက်ထားသည့်အတွက် အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ ရောက်ရှိလာသည်ကို မြင်လျှင် ဝမ်ဟန့်က အလျင်အမြန်ပင် ထွကာလာလေ၏။

“အစ်မမိန်ဟွေ့နဲ့ အစ်ကိုစုန့်ယီ… ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ”

လင်းမိန်ဟွေ့က တွန်းလှည်းထဲမှ ပစ္စည်းများအား တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“အခုကစပြီး ငါ ဒီမှာပြောင်းနေတော့မယ်၊ မင်းက အစ်ကိုစုန့်ယီနဲ့ ဆိုင်မှာ အတူနေလို့ရတယ်၊ ငါ အဲဒီမှာ မရှိတုန်း အစ်ကိုစုန့်ယီနဲ့ ချန်အန်းသယ်ကို ဆိုင်မှာ ကူလုပ်ပေးလိုက်ပေါ့ည”

ဝမ်ဟန့် စုန့်ယီအား တစ်ချက်ကြည့်၍ တွေးလိုက်၏။

ဒါက သူများဇနီးမောင်နှံဆက်ဆံရေးကို ဝင်ဖျက်ဆီးမိနေတာနဲ့ မတူဘူးလား။

All Chapters