← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း(105)

ဝမ်ဟန်တစ်ယောက် ရုတ်တရက် သူ့အစ်ကိုနှင့် မရီးတို့အကြောင်းကို ပြန်တွေးမိကာ ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်လေ၏။

“အစ်မမိန်ဟွေ့၊ ဘာလို့ အစ်မနဲ့ အစ်ကိုစုန့်ယီတို့နှစ်ယောက်လုံး ဒီခြံလေးထဲမှာ အတူမနေမှာလဲ… ကျွန်တော်ပဲ ဆိုင်မှာ သွားနေတာက ပိုမကောင်းဘူးလား၊ ကျွန်တော် ကိုယ့်သဘောနဲ့ကိုယ် ဘာကိုမှမလုပ်ပါဘူး”

လင်းမိန်ဟွေ့တစ်ယောက်သူ အထင်လွဲနေသည်ကို သိသောကြောင့် ပြုံး၍ ပြောလိုက်သည်။

“ငါက နောက်ဆိုရင် စာလုပ်ရတော့မှာလေ.. ဒီခြံလေးက တိတ်ဆိတ်ငြိမ်သက်တယ်ဆိုတော့ စာလုပ်ရတာပိုပြီးပဆင်ပြေတယ်မလား… မင်းက အဲဒီဘက်က ဆိုင်မှာနေပြီး ဆိုင်ကိုဂရုစိုက်ပေးတာ ပိုအဆင်ပြေတယ်၊

ဒီလိုတွေကြောင့် အစ်မက မင်းကို နှိပ်စက်နေတယ်လို့လည်း မထင်နဲ့ဦးနော်”

“မဟုတ်တာ… မထင်ပါဘူး၊ ကျွန်တော် ပစ္စည်းတွေ ထုပ်ပြီး ချက်ချင်း ပြောင်းပေးပါ့မယ်”

ဝမ်ဟန်က လင်းမိန်ဟွေ့မှ ကျောင်းတက်မည်ဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် လေးစားသွားလေ၏။

ယခင်အချိန်များတွင် သူ့မရီးဖြစ်သူမှ သူ့အား ကျောင်းတက်ရန် ပြောသော်လည်း သူက စာမဖတ်ချင်ခဲ့သောကြောင့် နောက်ဆုံး၌ အလုပ်ကြမ်းများသာ လုပ်ခဲ့ရသည်။

ယခုတွင်တော့ လင်းမိန်ဟွေ့၏ ဆန္ဒကို သိလိုက်ရသောကြောင့် သူမကို အားပေးချင်ခဲ့ပြီး သူမ၏ ဆန္ဒအား အကောင်အထည်ဖော်နိုင်ရန်အတွက် သူမအား ကူညီချင်ခဲ့၏။

ဝမ်ဟန်က သူ၏ပစ္စည်းများ ထုပ်ပိုးပြီးနောက် လင်းမိန်ဟွေ့အား လှမ်းအော်လိုက်သည်။

“ ဒါဆို ကျွန်တော်သွားပြီနော် အစ်မမိန်ဟွေ့!”

လင်းမိန်ဟွေ့လည်း အိမ်ကသန့်ရှင်းသပ်ရပ်နေကြောင်း မြင်လိုက်ရသောကြောင့် များစွာ သက်သာသွားရသောကြောင့် ဝမ်ဟန်ကို လှမ်းပြောလေ၏။

“ဝမ်ဟန်…မင်းကြိုးစားရမယ်နော်! အနာဂတ်မှာ ပိုက်ဆံအများကြီးရှာပြီး မင်းရဲ့အစ်ကိုနဲ့ မရီးကို ကောင်းကောင်းမွန်မွန်ထားရမယ်”

စုန့်ယီကတော့ လင်းမိန်ဟွေ့အတွက်ည အိမ်သန့်ရှင်းရေးကူလုပ်ပေးပြီး ခြံဝင်းထဲကိုလည်း လှဲကျင်းပေးခဲ့သည်။

သူတွင် တခြားလုပ်စရာ မည်သည်မျှမရှိတော့သည်ကို မြင်မှသာ မတတ်သာစွာဖြင့် လင်းမိန်ဟွေ့ကို ပြောလိုက်ရ၏။

“နောင်ဆိုရင် ဘာပဲလိုအပ်တာရှိရှိ ဆိုင်ကို လာပြီး ကိုယ့်ကို လာရှာရမယ်နော်... အကုန်လုံးကို တစ်ယောက်တည်း မလုပ်နဲ့…နားလည်ပြီလား”

“နားလည်ပါတယ် အစ်ကိုစုန့်ယီ၊ ကျွန်မ ရှင့်ရဲ့စကားကို သေချာပေါက် နားထောင်ပါ့မယ်… စိတ်မပူပါနဲ့”

လင်းမိန်ဟွေ့က စုန့်ယီအား ချိုသာစွာ ပြုံးပြခဲ့သည်။

စုန့်ယီလည်း စိတ်သက်သာရာရသွားခဲ့ပြီး ဝမ်ဟန်နှင့်အတူ ဆိုင်သို့ ပြန်သွားခဲ့၏။

လင်းမိန်ဟွေ့က ကျောင်းတက်ရန် ဆုံးဖြတ်ချက် ချပြီးပြီဖြစ်သောကြောင့် ချက်ချင်းပင် အိမ်ကို သန့်ရှင်းရေးလုပ်လေ၏။

ပရိဘောဂဆိုင်သို့သွား၍ သူမ သဘောကျသည့် စားပွဲတစ်လုံးကို ဝယ်ယူလာပြီးနောက် စာအုပ်ဆိုင်သို့သွားကာ စီနီယာ အထက်တန်းအတွက် လိုအပ်သည့်စာအုပ်အချို့ကိုလည်း ဝယ်လိုက်ပြန်သည်။

လင်းမိသားစုတွင် နေစဥ်အခါက စာမသင်ခဲ့ရသောကြောင့် သူမစိတ်ထဲရှိ အသိပညာ၊ ဗဟုသုတများမှာ သူမ၏ ယခင်ဘဝဟောင်း၌ ကျန်းမိသားစုတွင် လျှို့ဝှက်သင်ယူခဲ့ခြင်းပင်။

ကျန်းမိန်ဟွား၏ ကလေးများက အထက်တန်းကျောင်းသားများဖြစ်ပြီး သူတို့ သင်ပြီးသော စာအုပ်ဟောင်းများအား စက္ကူဟောင်းအဖြစ် ပြန်လည်ရောင်းချသောကြောင့် ထိုစာအုပ်များကို လင်းမိန်ဟွေ့က ဝယ်သိမ်းထားခဲ့ခြင်းပင်ဖြစ်၏။

ကျန်းကျစ်ကုန်းမှာ အလုပ်ကိစ္စဖြင့် အပြင်ထွက်သွားသောအခါမျိုးတွင် လင်းမိန်ဟွေ့က အိမ်မှုကိစ္စများအားလုပ်လျှင်လုပ် သို့မဟုတ်လျှင် ထပ်ခိုး၌ ပုန်း၍ စာခိုးဖတ်ခဲ့သည်။

သူမအား သင်ပေးမည့် ဆရာမရှိသော်လည်း လင်းမိန်ဟွေ့က စာမေးပွဲဖြေဆိုရန်အတွက် မေးခွန်းစာမေးပွဲစာရွက်များကို လျှို့ဝှက်ဝယ်ယူခဲ့၏။

သူမ၏ ရမှတ်များမှာ အလယ်အလတ်အဆင့်၌ ရှိနေသောကြောင့် သူမ တက္ကသိုလ်ဝင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိခဲ့သည်။

ညနေပိုင်းတွင်တော့ လင်းမိန်ဟွေ့က တစ်ယောက်တည်း စာလေ့လာနေစဉ်၌ ခက်ခဲသည့် ပုစ္ဆာတစ်ခုအား တွေ့လိုက်ရပြီး မဖြေရှင်းနိုင်တောသပေ။

သူမ မျက်မှောင်ကြုတ်၍ စဉ်းစားနေစဉ်တွင် စုန့်ယီက တံခါးဖွင့်၍ ဝင်လာလေ၏။

“မိန်ဟွေ့.. မင်း ထမင်းစားပြီးပြီလား”

လင်းမိန်ဟွေ့သည် စုန့်ယီလက်ထဲရှိ ထမင်းဘူးအား မြင်လိုက်သည်နှင့် သူမ နှလုံးသားထဲ၌ နွေးထွေးလာခဲ့ပြီး ခေါင်းခါလိုက်သည်။

“ကျွန်မ မစားရသေးဘူး”

စုန့်ယီက ထမင်းဘူးအား ယူလာရင်း ပြုံးလေ၏။

“မင်းအကြိုက်ဆုံး သိုးသားဖက်ထုပ်တွေ ယူလာခဲ့တယ်၊ ပူနေတုန်း မြန်မြန်စားလိုက်လေနော်”

ထမင်းဘူးအား ဖွင့်လိုက်သည်နှင့် လတ်ဆတ်သည့် ရနံ့က လွင့်ပျံလာသည်။

လင်းမိန်ဟွေ့က တစ်ကိုက်စားကြည့်လိုက်စဉ်တွင် အမှန်ပင် အရသာရှိနေေ၏။

သူမက တစ်ခုယူ၍ စုန့်ယီ၏ ပါးစပ်နားသို့ တေ့ပေးလိုက်သည်။

“အစ်ကိုစုန့်ယီ၊ အစ်ကိုလည်း စားကြည့်လေ...”

စုန့်ယီက လင်းမိန်ဟွေ့အား သူ စားပြီးပြီဟု ပြောပြီးနောက် ခေါင်းငုံ့၍ လင်းမိန်ဟွေ့ မှတ်သားထားသည့် မှတ်စုများအား ပေါ့ပေါ့ပါးပါး လှန်ကြည့်နေရင်းဖြင့် သူ့မျက်နှာပေါ်၌ ကူကယ်ရာမဲ့သည့် အမူအရာတစ်ခု ပေါ်လာလေ၏။

“မိန်ဟွေ့၊ ကိုယ် မင်းကို အခု ဘာမှအကူအညီမပေးနိုင်ဘူး၊ ကိုယ် အသုံးမဝင်တဲ့လူ ဖြစ်နေပြီလား”

ထိုအကြောင်းပြောလိုက်သည်နှင့် လင်းမိန်ဟွေ့တစ်ယောက် စားချင်စိတ်မရှိတော့ပေ။ သူမက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မလည်း အခု အရမ်းအားနည်းတယ်လို့ ခံစားရတယ်၊ ကိုယ့်ဘာသာကိုယ် သင်ယူရုံနဲ့ဆိုရင်တော့ တက္ကသိုလ်ကောင်းကောင်း တက်နိုင်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်လို့ ကျွန်မ ထင်တယ်”

“ဒီလောက် စိတ်ဓာတ်မကျပါနဲ့၊ အမြဲတမ်း နည်းလမ်းတစ်ခုတော့ ရှိဦးမှာပါ”

စုန့်ယီက လင်းမိန်ဟွေ့အား နှစ်သိမ့်ပေးလိုက်သည်။

“ဒါပေမဲ့ ဒီမြို့လေးမှာ တက္ကသိုလ်အထိ ရောက်ခဲ့တဲ့သူ အများကြီးမရှိဘူး၊ ကျွန်မ ဆရာငှားချင်ရင်တောင် မဖြစ်နိုင်ဘူးလေ”

စဉ်းစားကြည့်မည်ဆိုလျှင် လင်းမိန်ဟွေ့အတွက် ဤမြို့ငယ်လေး၌ ကိုယ့်ဘာသာကိုယ် သင်ယူခြင်းက ဖြစ်နိုင်ခြေ လုံးဝမရှိဘူးဟု ခံစားနေမိ၏။

ထိုအချိန်တွင် တစ်စုံတစ်ယောက်မှ တံခါး လာခေါက်သံကို ကြားလိုက်ရသည်။

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့နှစ်ဦးမှာ ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်လျှင် ချန်အန်းသယ်က လက်ထဲ၌ ပစ္စည်းများအား သယ်၍ ဝင်လာခြင်းကို မြင်လိုက်ရ၏။

အိမ်ထဲရောက်ချိန်တွင် ချန်အန်းသယ်၏ လက်ထဲ၌သယ်လာသောအရာများက စာအုပ်များဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“မိန်ဟွေ့၊ ငါ မင်းအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းဟောင်း စာအုပ်အချို့ ရှာခဲ့တယ်၊ ဖွင့်ကြည့်လိုက်ဦး…ဒါတွေက မင်းအတွက် အသုံးဝင်ရဲ့လား”

လင်းမိန်ဟွေ့က စာအုပ်အား ယူ၍ အနည်းငယ်လှန်လော ဖွင့်ကြည့်လေ၏။

တကယ်ပင် လွန်ခဲ့သည့် နှစ်အနည်းငယ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းဟောင်းများ ဖြစ်နေခဲ့သည်။

“ကျေးဇူးအများကြီးတင်ပါတယ်၊ ဒီမေးခွန်းတွေက ကျွန်မအတွက် အရမ်းအရေးကြီးတယ်...”

ချန်အန်းသယ်မှာ ဒုတိယမျိုးဆက် သူဌေးတစ်ဦးဖြစ်သည့်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပစ္စည်းအချို့အား ရှာရန် လုံးဝမခက်ခဲပေ။

သူက လင်းမိန်ဟွေ့၏ စားပွဲပေါ်၌ ပြန့်ကျဲနေသော စာအုပ်ပုံအား မြင်သည်နှင့် မျက်ခုံးပင့်၍ ပြောလိုက်၏။

“မင်းမှာ အခက်အခဲရှိနေတာလား၊ စာအုပ်တွေ အများကြီး ပြန့်ကျဲနေတာကိုလည်း ကြည့်လိုက်ပါဦး...”

လင်းမိန်ဟွေ့မှာ အမှန်အတိုင်းပြောပြရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

“အစက ကျွန်မမှာ ယုံကြည်မှု အပြည့်ရှိခဲ့တယ် ဒါပေမဲ့လည်း စာစလုပ်တော့ အခက်အခဲတွေ အများကြီးရှိတယ်လို့ ခံစားရတယ်၊ ကျွန်မ အခုလေးတင် အစ်ကိုစုန့်ယီကို ပြောပြနေတာ”

ချန်အန်းသယ်မှာမူ ငယ်စဉ်ကတည်းက စာစ၍ဖတ်သည်နှင့် ချက်ခြင်းပင် အိပ်ငိုက်တတ်သည်။

ထို့ကြောင့် လင်းမိန်ဟွေ့၏ များပြားလှသော မှတ်စုများအား မြင်လိုက်ရချိန်တွင် သူ့နှလုံးသားထဲ၌ တုန်လှုပ်သွားပြီး ချက်ချင်းပင် စာအုပ်အား ပိတ်လိုက်လေ၏။

“မိန်ဟွေ့…ဒီကိစ္စမှာတော့ ငါ မင်းကို ကူညီနိုင်မယ် မထင်ဘူး၊ ငါ မင်းအတွက် ဆရာတစ်ယောက် ရှာပေးရမလား”

“ကျွန်မတို့မြို့လေးမှာ တက္ကသိုလ်ကဘွဲ့ရတဲ့ ဆရာတွေ ရှိလို့လား”

“မြို့နယ်အလယ်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးက ဆရာအတတ်သင်ကောလိပ် ကနေ ဘွဲ့ရထားတဲ့သူပဲ၊ ဒါပေမဲ့ သူက သင်ပေးချင်မှ သင်ပေးလိမ့်မယ်၊ ငါတို့ အခြားတစ်မျိုး ပြောင်းစဥ်းစားကြတာကောင်းမလား”

ချန်အန်းသယ်က စိုးရိမ်စိတ်ဖြင့် မျက်မှောင်ကြုတ်နေသော လင်းမိန်ဟွေ့ကို မြင်သည်နှင့် ချက်ချင်းပင် အကြံတစ်ခု ရလာသည်။

“ငါ့ မွေးစားအစ်မ မြို့နယ်မှာရှိတုန်းက ညကျောင်းတက်ခဲ့တာ၊ အဲဒီက ဆရာတွေက အရမ်းကောင်းတယ်လို့ ပြောကြတယ်၊ မိန်ဟွေ့…မင်း မြို့နယ်ကို ဘာလို့ သွားမကြည့်ရတာလဲ”

မြို့နယ်အကြောင်း ပြောလိုက်ချိန်တွင် လင်းမိန်ဟွေ့က ချက်ချင်းပင် စုန့်ယီဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမ၏ နှလုံးသားထဲ၌ အနည်းငယ် ငြင်းဆန်ချင်နေခဲ့၏။

အကယ်၍ သူမသာ မြို့နယ်သို့ သွားမည်ဆိုလျှင် စုန့်ယီတစ်ယောက်တည်းသာ ဤနေရာတွင် ကျန်ခဲ့ပြီး စီးပွားရေး လုပ်ကိုင်ရပေလိမ့်မည်။

ထို့အပြင် ရေခဲမုန့်လုပ်ငန်းက မပြီးသေးသောကြောင့် ဤနေရာတွင် လူတစ်ယောက်တော့ ကျန်ခဲ့ရန် လိုအပ်သေးသည်။

စုန့်ယီလည်း ဤပြဿနာအား သဘောပေါက်သောကြောင့် သူ ချက်ချင်းပင် လင်းမိန်ဟွေ့အား ပြောလိုက်၏။

“မိန်ဟွေ့… ကိုယ် မင်း စာလေ့လာတာကို အပြည့်အဝ အားပေးတယ်၊ မင်း မြို့နယ်ကို သွားချင်တယ်ဆိုရင်လည်း ကိုယ် လိုက်ပို့ပေးမယ်၊ ဒီက ဆိုင်ကိုတော့ ချန်အန်းသယ်နဲ့ ဝမ်ဟန်ကို လွှဲထားခဲ့ကြမယ်လေ”

“ဒါဘယ်လိုလုပ် အဆင်ပြေပါ့မလဲ”

လင်းမိန်ဟွေ့ အနည်းငယ် စိုးရိမ်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ချန်အန်းသယ်သည် ယခင်က လူမိုက်တစ်ယောက် ဖြစ်ခဲ့ဖူး၏။

သူက ဘယ်လိုလုပ် သူ့အကျင့်တွေကို ချက်ခြင်းကြီး ပြောင်းလဲနိုင်မှာလဲ?

ထို့အပြင် ဝမ်ဟန့်မှာမူ ရေခဲမုန့်လုပ်နည်းအား ယခုမှ စ၍သင်ယူနေဆဲဖြစ်ပြီး တစ်ပတ်ပင် မပြည့်သေးပေ။

ဤလူနှစ်ဦးဖြင့် ထားခဲ့ရန်အတွက် လင်းမိန်ဟွေ့မှာ အနည်းငယ် စိုးရိမ်နေခဲ့သည်။ သူတို့ကြောင့် ဆိုင်ပျက်စီးသွားမည်ကို ကြောက်နေခဲ့၏။

ချန်အန်းသယ် ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။

“ဘာလို့မဖြစ်နိုင်ရမှာလဲ၊ ငါက အဆင်ပြေတယ်လို့ ပြောရင် အဲဒါ တကယ်အဆင်ပြေလို့ပဲ”

စုန့်ယီက လင်းမိန်ဟွေ့ မည်သည့်အကြောင်းအား တွေးနေသည်ကို သိသည်။ သူမက သူနှင့် ဤပတ်ဝန်းကျင်အား ရှောင်ထွက်သွားချင်ရုံပင်။

“မိန်ဟွေ့… ဒီည သေချာပြန် စဉ်းစားကြည့်‌ပေါ့၊ ကိုယ်လည်း မြို့နယ်ကို သွားဖို့ စဉ်းစားနေတာ

မင်းအနေနဲ့ မိန်းကလေးတစ်ယောက်တည်း ဟိုမှာနေဖို့ အဆင်မပြေဘူးဆိုလေ၊ တစ်ယောက်ယောက်က မင်းကို ဂရုစိုက်ပေးမှ ရမှာ...”

ချန်အန်းသယ်မှာ ဤကိစ္စသည် ထိုသူနှစ်ဦးကြားမှ ကိစ္စဖြစ်ခြင်းကို သိသောကြောင့် ပြန်တော့မည်ဖြစ်ကြောင်း ပြောလိုက်လေ၏။

*

အခန်း(106)

ချန်အန်းသယ် ထွက်သွားသည်နှင့် အခန်းထဲတွင် ဝမ်းနည်းစရာကောင်းသည့် အရိပ်အငွေ့များ အနည်းငယ် ပျံ့နှံ့နေ၍ လူများအား စိတ်ဓာတ်ကျစေသည်။

နောက်ဆုံး၌ လင်းမိန်ဟွေ့ဘက်မှနေ၍ စကားစပြောလိုက်၏။

“အစ်ကိုစုန့်ယီ၊ အစ်ကို ဒီမြို့လေးမှာပဲ နေသင့်တယ်၊ ဆောင်းရာသီ ရောက်ပြီဆိုတော့ ဆိုင်က ကျွန်မတို့ရဲ့ တစ်ခုတည်းသော ဝင်ငွေအရင်းအမြစ်ပဲ၊ အစ်ကိုပါ ထွက်သွားရင် သူတို့နှစ်ယောက်တည်း အလုပ်မနိုင်မှာကို ကျွန်မစိုးရိမ်တယ်”

စုန့်ယီတစ်ယောက် အပြင်ဘက်ရှိ မှောင်စပြုနေသော ကောင်းကင်အား ကြည့်လိုက်ပြီးနောက် လင်းမိန်ဟွေ့ဘက်သို့ ပြန်ကြည့်လိုက်သည်။

မီးရောင်အောက်တွင် သူမ၏ လှပသော မျက်လုံးလေးများထဲ၌ မျက်ရည်များ ပြည့်လျှံနေခဲ့၏။

“မိန်ဟွေ့…မင်း မြို့နယ်မှာ အိမ်ငှားရမယ်၊ ချက်ပြုတ်ရမယ်…စာသင်ရမယ်၊ မင်း သေချာပေါက် အရမ်းအလုပ်များနေမှာ...

မင်း တက္ကသိုလ်ဝင်ခွင့်ရတဲ့အထိ ကိုယ် ဂရုစိုက်ပေးပါ့မယ်၊ ပြီးရင် ကိုယ် ဒီမြို့ကို ပြန်လာပြီး ကိုယ့်အလုပ်ကို ဆက်လုပ်မယ်”

စုန့်ယီ၏ အမူအရာမှာ နှိမ့်ချလိုမှုများ အနည်းငယ်ပါဝင်နေခဲ့သည်။ လင်းမိန်ဟွေ့သာ တက္ကသိုလ်တက်နိုင်ခဲ့ပြီး အဆင့်မြင့်သည့် အသိုင်းအဝိုင်းထဲသို့ ရောက်သွားခဲ့လျှင် အတောင်ပံဖြန့်ကျက်နိုင့တော့မည်ဖြစ်ကာ စုန့်ယီဆိုသော သူ့ကဲ့သို့ ကျေးလက်ရှိ လူတစ်ယောက်အား စိတ်ဝင်တစား ရှိဦးမည်လားဆိုသည်ကို သူ မသိပေ။

ဤအတွေးမှာ သူ့စိတ်ထဲ၌ ခဏသာဝင်လာခဲ့ပြီး ပျောက်ကွယ်သွားခဲ့၏။

စုန့်ယီအနေဖြင့်် လင်းမိန်ဟွေ့ ပျော်ရွှင်နေစေရန်အတွက် မည်သည်အရာကိုမဆို လုပ်ပေးရန် ဆန္ဒရှိခဲ့သည်။

လင်းမိန်ဟွေ့တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး နောက်ဆုံး၌ ခေါင်းညိတ်၍ သဘောတူလိုက်တော့သည်။

နောက်နေ့ နံနက်စောစောတွင် စုန့်ယီက ချန်အန်းသယ်၏ သူငယ်ချင်းထံမှ ဗန်ကားတစ်စီးကို ငှား၍ ရိုးရှင်းစွာပင် သူ့၏ အထုပ်အပိုးများအား ထုပ်ပိုးကာ သူ့နှင့် လင်းမိန်ဟွေ့ကို မြို့နယ်သို့ ပို့ဆောင်ပေးရန်ပြောခဲ့သည်။

သူတို့ မြို့နယ်ထဲသို့ ရောက်သည်နှင့် လင်းမိန်ဟွေ့က ချက်ချင်းပင် ညကျောင်းများအကြောင်းကို စုံစမ်းတော့၏။

သူမ ကျောင်းတစ်ကျောင်းတွင် တက်နိုင်သည်ဖြစ်ကြောင်း သေချာမှသာ သူတို့ အိမ်ကို ငှားရမ်းနိုင်မည်ဖြစ်သည်။

နောက်ဆုံးတွင်တော့ ညနေပိုင်း၌ လင်းမိန်ဟွေ့တစ်ယောက် မူလတန်းကျောင်းနောက်ဘက်ရှိ ညကျောင်းတစ်ကျောင်းအား ရှာတွေ့ခဲ့၏။

ထိုညကျောင်းမှ ကျောင်းဝင်ခွင့် တာဝန်ခံဖြစ်သူက လင်းမိန်ဟွေ့အား လက်ခံခဲ့ပြီး အပေါ်အောက် တစ်ချက်ကြည့်လိုက်ကာ လင်းမိန်ဟွေ့ကို အခြေခံအချက်အလက်အချို့ မေးမြန်းခဲ့သည်။

လင်းမိန်ဟွေ့က တစ်ခုချင်းစီ သေသေချာချာပြန်ဖြေပြီး ကျောင်းအား ရွေးချယ်ပြီးနောက် သူမနှင့် စုန့်ယီတို့မှာ အနီးအနားတွင် အိမ်တစ်အိမ် ရှာတွေ့ခဲ့လေ၏။

မြို့နယ်၌ အိမ်ငှားခက အလွန်ပင် ဈေးကြီးလွန်းလှသည်။

အခန်းတစ်ခန်းတည်းအတွက် တစ်နှစ်လျှင် ယွမ် ၁၀၀၀ ရှိပြီး အိမ်ကလည်း ဟောင်းနွမ်း၍ သေးငယ်၏။

စုန့်ယီ အိမ်၏ အခြေအနေအား ကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အနေဖြင့် လင်းမိန်ဟွေ့အား ဤနေရာ၌မနေစေလိုပေ။

သူက လင်းမိန်ဟွေ့အား ဆွဲ၍ ပြောလိုက်၏။

“မိန်ဟွေ့၊ ဒီနေရာက အရမ်းဟောင်းလွန်းတယ်၊ ပိုကောင်းတဲ့ ပတ်ဝန်းကျင်ရှိတဲ့ တစ်ခြားနေရာ ရှာကြရအောင်”

ထိုအချိန်၌ အိမ်ရှင်အဘွားကြီးတစ်ဦးက ပြောလာလေသည်။

“မင်းတို့က ငါ့နေရာကို ဟောင်းတယ်လို့ ထင်နေသေးတယ်ပေါ့၊ ဒါက အကောင်းအတိုင်းရှိနေသေးတဲ့အိမ်ပဲ၊ မင်းတို့သာ ထပ်ရွေးချင်နေသေးတယ်ဆိုရင်တော့ အိမ်ရှာမရဘဲ ဖြစ်သွားလိမ့်မယ်”

အချိန်က နေဝင်စပြုနေပြီဖြစ်သောကြောင့် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့အနေဖြင့် ခရီးဆောင်အိတ်များ ထပ်ဆွဲ၍ သွားလာနေမည်ဆိုပါက သင့်တော်သည့်နေရာတစ်ခုကို ရှာတွေ့နိုင် မတွေ့နိုင်ကို မသိနိုင်တော့ပေ။

လင်းမိန်ဟွေ့အနေဖြင့် အစားအသောက်၊ နေထိုင်ရေးတို့နှင့်ပတ်သက်၍ သိပ်ပြီး ဇီဇာကြောင်တတ်သူ မဟုတ်သည့်အတွက် နောက်ထပ် လိုက်မရှာချင်တော့ကြောင်း ငြင်းလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မတို့တွေ ဘာလို့ ဒီမှာပဲ မတည်းဘဲနေမလဲ.. မြို့ထဲက အိမ်ဟောင်းကြီးတွေ အကုန်လုံးက ဒီလိုပဲ၊ အသစ်ပြင်ထားတာတွေက သိပ်မရှိလောက်ပါဘူး”

အိမ်ရှင်အဖွားအိုမှာလည့် အိမ်ကို မြန်မြန်ငှားချင်သည့်အတွက် လင်းမိန်ဟွေ့၏ စကားကို ထောက်ခံသည်။

“ဒီကောင်မလေး ပြောတာ မှန်တယ်.. မင်းတို့တော့ ထပ်ရှာရင် ဒီထက် ဆိုးတာပဲ တွေ့လိမ့်မယ်၊ ဒီထက် ကောင်းတာတော့ ဘာမှ မရှိဘူး…”

စုန့်ယီကတော့ ထိုသို့ မယုံကြည်ပါချေ။

ဆိုရလျှင် ဤအိမ်သည်က လင်းမိန်ဟွေ့ တစ်နှစ်ပတ်လုံး နေရမည့်အိမ်ဖြစ်သည့်အတွက် သူ့ဘက်မှ အလျော့ပေးရန် မဖြစ်နိုင်ပါချေ။

ထို့ကြောင့် စုန့်ယီက လင်းမိန်ဟွေ့ကို အငှားအိမ်ထဲမှ ဆွဲခေါ်လာခဲ့လေ၏။ သူတို့ထွက်လာချိန်တွင် နောက်ဘက်မှ အဖွားအို၏ မကျေမနပ် ပြောနေသည်ကို ကြားလိုက်ရသည်။

“ကိုယ်တိုင်ကတော့ စွမ်းရည်မရှိဘဲနဲ့ အိမ်အိုကြီးကို မကြိုက်ဘူးတွေဘာတွေ ပြောနေသေးတယ်.. မင်းတို့သာ စွမ်းရည်ရှိရင် ကိုယ့်ဘာသာ အိမ်ဝယ်ပြီး ကြိုက်သလို ပြင်ဆင်လိုက်ပေါ့.. မင်းတို့ကြိုက်သလောက် ကောင်းကောင်းနေနိုင်အောင်!”

ဤသို့ မကျေမနပ်ပြောသည်ကို ကြားလိိပ်ရလျှင် လင်းမိန်ဟွေ့သည်ပင် အလွန်စိတ်မသက်မသာ ဖြစ်သွားရသည်။

အချိန်က မှောင်စပြုလာပေပြီ။

လမ်းကြားတွင် စက်ဘီးဘဲလ်သံများကို တခါတစ်ရံ ကြားရပြီး လမ်းသွားလမ်းလာများအား ဖယ်ပေးရန် တိုက်တွန်းသံများ ထွက်ပေါ်လာတတ်သည်။

ခရီးဆောင်အိတ်ကြီးများကို သယ်လာသည့် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့မှာ စက်ဘီးများကို ရှောင်ရှားရန်အတွက် ဘယ်ညာ ကွေ့ရှောင်နေရသည်။

ဤအချိန်တွင် စက်ဘီးစီးလာသည့် မိန်းကလေးတစ်ဦးက အမှောင်ထဲတွင် လင်းမိန်ဟွေ့ကို မတွေ့လိုက်ဘဲ ဝင်တိုက်မိလေတော့သည်။

စုန့်ယီတစ်ယဆာက် လင်းမိန်ဟွေ့ကို အမြန်ဆွဲကာ ဘေးကင်းသွားစေရန်အတွက် ရှောင်ရှားခဲ့ပြီး မတော်တဆတိုက်မိမည့်အခြေအနေမှ ရှောင်ရှားနိုင်ခဲ့သည်။

တစ်ဖက်မှ မိန်းကလေး၏ စက်ဘီးက နံရံကို ဝင်တိုက်မိခဲ့လေ၏။

သူမအနေဖြင့် တိုက်မိပြီးနောက် လဲကျသွားကာ နာကျင်သွားရပြီးခဏတာလောက် ထ၍မရနိုင်ဖြစ်နေခဲ့ရသည်။

လင်းမိန်ဟွေ့က ချက်ချင်းပင် သွားထူပေးလိုက်သည်။

“ဘာဖြစ်သွားသေးလဲ.. မင်း ဒဏ်ရာရသွားသေးလား”

မိန်းကလေးက ခေါင်းယမ်းပြလာခဲ့သည်။ စုန့်ယီမှ စက်ဘီးကို ပြန်ထူပေးခဲ့ပြီး လင်းမိန်ဟွေ့ကို ခေါ်သွားရန် ပြင်နေစဉ် ထိုမိန်းကလေးက ရုတ်တရက် မေးလာခဲ့လေ၏။

“ရှင်လည်း တက္ကသိုလ်ဝင်တန်း ဖြေဖို့အတွက် ညကျောင်းတက်ဖို့ ရောက်လာကြတာလား”

“မင်း ဘယ်လိုသိလဲ”

လင်းမိန်ဟွေ့ အနည်းငယ် အံ့ဩသွားသည်။

တစ်ဖက်မှ မိန်းကလေးက သူတို့သယ်လာသည့် ခရီးဆောင်အိတ်များအား လက်ညှိုးထိုးပြပြီး ရယ်မောရင် ပြောလာလေ၏။

“ခရီးဆောင်အိတ်တွေ သယ်လာပြီး ဒီမှာ နေစရာလိုက်ရှာနေတာကို တွေ့လို့လေ.. ဒါကြောင့် ရှင်တို့တွေ ဒီကို စာလာသင်ချင်တာဖြစ်လောက်မယ်လို့ တွေးမိခဲ့တာ”

လင်းမိန်ဟွေ့တစ်ယောက် ဤမိန်းကလေးက အလွန်ဖော်ရွေကြောင်းကို တွေ့လိုက်ရသောကြောင့် ရှေ့သို့တိုး၍ မေးလိုက်မိသည်။

“ဒါဆို စျေးသက်သာပြီး သင့်တော်တဲ့ နေရာထိုင်ခင်းကို ဘယ်မှာ ရှာလို့ရမလဲဆိုတာ မင်း သိလား”

ထိုမိန်းကလေးက လင်းမိန်ဟွေ့နှင့် စုန့်ယီကို ကြည့်၍ ခဏလောက် စဉ်းစားပြီးမှ ပြောလာသည်။

“တကယ်တော့ ဒီဧရိယာက နေထိုင်ဖို့ အခြေအနေ သိပ်မကောင်းသလို စျေးတွေကလည်း ကြီးတယ်.. ကောင်းကောင်းနေချင်ရင်တော့ ပိုဝေးတဲ့နေရာကို သွားရမယ်…”

“ဘယ်လောက်ထိဝေးလဲ”

“မှတ်တိုင်နှစ်ခုစာလောက်တော့ ဝေးတယ်.. နွေရာသီမှာ ဘတ်စ်ကားက အဆင်ပြေပေမယ့် ဆောင်းရာသီမှာတော့ ဒုက္ခများတယ်.. နောက်ဆုံးကားက စောစောပြန်သွားတတ်တော့ လမ်းလျှောက်ပြန်ရတယ်လေ”

ထိုမိန်းကလေး၏စကားကို ကြားလျှင် လင်းမိန်ဟွေ့ အနည်းငယ် တုံ့ဆိုင်းသွားသည်။

သူမအနေဖြင့် ကျောင်းတက်ရန် လာခြင်းဖြစ်သည့်အတွက် အချိန်နှင့်အပြိုင် လုပ်ရမည်ပင်။

လမ်းပေါ်တွင် အချိန်များစွာ ကုန်သွားလျှင် အကျိုးမရှိဘဲ ဆုံးရှုံးမှုများသာ ဖြစ်နိုင်မည် မဟုတ်ပါလား။

လင်းမိန်ဟွေ့ တစ်ဖက်မှမိန်းကလေးကို ကြည့်၍ ထပ်မေးလိုက်သည်။

“ဒါဆို ဒီနားမှာ စျေး ပိုသက်သာတာတွေ မရှိဘူးလား”

ထိုမိန်းကလေးမှာ ဤလမ်းကြားထဲရှိ အိမ်တစ်အိမ်တွင် သူမ၏ သူငယ်ချင်းနှင့်အတူ နေထိုင်လေ၏။ လင်းမိန်ဟွေ့ အခက်အခဲ ဖြစ်နေသည်ကို တွေ့လျှင် သူမ နှုတ်ခမ်းကို အသာကိုက်၍ ပြောလာသည်။

“ကျွန်မတို့က တစ်ခါမှ မသိဖူးပေမဲ့ တကယ်လို့ ရှင်သာ လူတွေများတာကို မကြိုက်တာမျိုး မရှိဘူးဆိုရင် ကျွန်မတို့နဲ့ပဲ တိုးဝှေ့နေလိုက်လို့ရတယ်… နောက်ထပ် နှစ်ထပ် ခုတင်တစ်လုံး ဝယ်ရုံလောက်ပဲ လိုတာပါ”

ဤကဲ့သို့ ကံကောင်းသည့်အရာမျိုးကို ကြုံရလိမ့်မည်ဟု လင်းမိန်ဟွေ့ မထင်ထားသည့်အတွက် ရုတ်တရက် ပျော်ရွှင်သွားရသည်။

စုန့်ယီကတော့ ဘေးကင်းရေးကို စိုးရိမ်နေသေးသည့်အတွက် အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။

မမျှော်လင့်ဘဲ ထိုမိန်းကလေးက အမြန်ပြောလာခဲ့သည်။

“အရင်သွားကြည့်ရအောင်လေ.. တကယ်လို့ သဘောမကျဘူးဆိုရင်တောင် ရှင်တို့ရဲ့ ပစ္စည်းတွေကို ကျွန်မဆီမှာ အရင်ထားခဲ့လို့ရတယ်.. နောက်မှ အိမ်ရှာတာက ပိုအဆင်ပြေလိမ့်မယ်”

အချိန်က မှောင်စပြုနေပြီဖြစ်သည့်အတွက် ဤသို့ အထုပ်အပိုးများနှင့် ဆက်ရှာနေသည်မှာ အမှန်တကယ်ပင် ကောင်းမွန်သည့်အကြံအစည် မဟုတ်ပါချေ။

လင်းမိန်ဟွေ့လည်း သူမ၏ နောက်သို့ လိုက်သွားကြည့်ကာ အိမ်ကို အကဲခတ်ရန် ဆုံးဖြတ်လိုက်သည်။

သူတို့ သွားနေရင်းနှင့် လင်းမိန်ဟွေ့က ထိုမိန်းကလေး၏ အမည်မှာ ရှောင်ရွှမ်းဖြစ်ပြီး လျိုဇစ်ပူမှ လာသည့်အကြောင်း သိလိုက်ရသည်။

သူမက သူမ၏ သူငယ်ချင်းကောင်းများနှင့်အတူ မြို့သို့ လာ၍ နောက်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး တစ်လတစ်ခါ အိမ်သို့ပြန်လေ့ရှိသည်။

သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် အဖော်ပြု၍ ဂရုစိုက်ကြနေကြခြင်းဖြစ်လေသည်။

All Chapters