← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း(109)

အချိန်ခဏအကြာတွင် စုန့်ယီက နှစ်ထပ်ခုတင်ကို တပ်ဆင်ပြီးစီးသွားခဲ့ပေပြီ။

သူက ကိရိယာများကို သေသေချာချာ သိမ်းဆည်းပြီး အဝတ်စဖြင့် သူ၏ လက်များကို သုတ်လိုက်၏။

သူ၏ ထိုလှုပ်ရှားမှုက များစွာ မျက်စိဖမ်းစားနိုင်နေခဲ့သည်။

ဘေးနားတွင်ရှိနေသော ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်၍ အသာရယ်မောလိုက်ကြသည်။

“ကောင်းပြီ၊ ခုတင်က တော်တော်လေး ခိုင်ခံ့တယ်.. မိန်ဟွေ့၊ မင်း အပေါ်ထပ်မှာ အိပ်မယ်ဆိုရင် ညဘက် ခုတင်ပေါ်က ဆင်းတဲ့အချိန်တွေမှာ သတိထားသင့်တယ်...”

“ကောင်းပါပြီ”

“ကိုယ် မင်းရဲ့ခြေထောက်တွေကို မနာအောင်လို့ လှေကားမှာ အဝတ်စတွေနဲ့ ချည်ထားပေးတယ်.. ဒါတွေ ဟောင်းနွမ်းသွားရင် ကိုယ် မင်းအတွက် အစားထိုးပြီးလုပ်ပေးမယ်”

စုန့်ယီက တွေးတောစဉ်းစားပေးစွာ ပြောလိုက်သည်။

လင်းမိန်ဟွေ့သည်က ဤသို့သော နေ့စဉ် ဂရုစိုက်မှုများနှင့် အသားကျနေသည်မှာ ကြာာပေပြီ။

သို့သော်လည်း သူမ၏ အခန်းဖော်များအတွက်ကတော့ ထိုသို့ မဟုတ်ပါချေ။

သူမ၏ ဘေးနားမှ အခန်းဖော်အသစ် နှစ်ဦးက တိတ်တဆိတ် မျက်လုံးချင်းဆုံ၍ လင်းမိန်ဟွေ့ထံသို့ လျှောက်လာကာ သူမ၏ နောက်ကျောကို လက်ဖြင့်တို့၍ ပြောလိုက်သည်။

“နင်တော့ တကယ့်ကို နွေးထွေးတဲ့ ခင်ပွန်းတစ်ယောက်ပဲ”

လင်းမိန်ဟွေ့၏ မျက်နှာက ရုတ်တရက် နီရဲသွားရ၏။

ဘေးနားတွင်ရှိနေသော စုန့်ယီကတော့ သူတို့ပြောနေသည်ကို မကြားလိုက်ပေ။ သူက လင်းမိန်ဟွေ့ထံ လျှောက်လာ၍ တွန့်ဆုတ်စွာ ပြောလိုက်သည်။

“မိန်ဟွေ့၊ ကိုယ် မြို့ကို ပြန်တော့မယ်.. လိုအပ်တာတစ်ခုခုရှိရင် ဆိုင်က ဖုန်းကိုဆက်လိုက်နော်”

လင်းမိန်ဟွေ့အနေဖြင့် မူလကကျောင်းတက်နိုင်တော့မည်ဖြစ်သည့်အတွက် စိတ်ခံစားချက်ကောင်းများရှိနေခဲ့သည်။ သို့သော်လည်း စုန့်ယီ ထွက်သွားမည်ကို ကြားလိုက်ရသည့်အချိန်တွင် အနည်းငယ်တော့ စိတ်အားငယ်သွားရလေ၏။

“ကျွန်မ လိုက်ပို့မယ်”

“တော်ပြီ၊ မြန်မြန်လေး ခရီးဆောင်အိတ်တွေကို အထုပ်အပိုးဖြည်လိုက်တော့.. မင်းနဲ့ မင်းအတန်းဖော်တွေ ညကျရင် ညကျောင်းကိုသွားပြီး စာရင်းသွင်းရဦးမှာမလား.. ကိုယ် မင်းကို နှောင့်နှေးအောင်မလုပ်တော့ဘူး”

စုန့်ယီက လင်းမိန်ဟွေ့ကို အပြုံးတစ်ခုနှင့်ကြည့်၍ လှည့်ထွက်သွားခဲ့သည်။

လင်းမိန်ဟွေ့တစ်ယောက် ထိုနေရာ၌ အချိန်ကြာမြင့်စွာ ရပ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ တံခါးအပြင်ဘက်သို့ ပြေးထွက်သွားခဲ့လေ၏။

တဖြည်းဖြည်း ဝေးကွာသွားသော စုန့်ယီ၏ နောက်ကျောဘက်ပုံရိပ်အား ကြည့်ရင်း သူမ၏ မျက်လုံးများ ရုတ်တရက် အနည်းငယ် စူးရှလာသကဲ့သို့ ခံစားလိုက်ရသည်။

အချိန်အနည်းငယ်ကြာပြီးနောက် ရှောင်ရွှမ်း အိမ်ထဲမှ ထွက်လာ၍ပြီး လမ်းကြားကို ကြည့်လိုက်၏။

လမ်းပေါ်တွင် မည်သူမျှ မရှိတော့သည်မှာ ကြာပေပြီ။ သူမ လင်းမိန်ဟွေ့ကို အိမ်ထဲသို့ ဆွဲခေါ်သွားပြီး ပြောလိုက်သည်။

“ ကြည့်ရတာ နင်တို့ နှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြတာပဲ.. ငါတို့လည်း ကျောင်းကိုရောက်တာနဲ့ ချစ်သူတစ်ယောက်လောက် တစ်ခါတည်းရှာရမလားဆိုတာ စဉ်းစားမိသွားပြီ”

“အဓိပ္ပာယ်မရှိတာတွေ ရပ်လိုက်တော့”

လင်းမိန်ဟွေ့၏ မျက်နှာက အနည်းငယ်ပူလောင်လာရ၏။ စိတ်ရှုပ်ထွေးမှုကို ရှောင်ရှားရန်အတွကာ သူမက ခုတင်ပေါ်သို့တက်ပြီး ခုတင်ကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။

လှေကားကို တက်လိုက်သည့်အချိန်တွင် အမှန်တကယ်ပင် နူးညံ့နေကြောင်းကို တွေ့လိုက်ရသည်။ စုန့်ယီက သူမအတွက် ဒုက္ခခံ၍ ကပ်ပေးခဲ့ကြောင်းကို ပြန်တွေးမိပြီး လင်းမိန်ဟွေ့၏နှလုံးသားက တိမ်ဆိုင်များကဲ့သိာ့ နူးညံ့သွားခဲ့ရသည်။

လင်းမိန်ဟွေ့ စာဖတ်ရန်အတွက် စာအုပာများကို အသင့်ပြင်ပြီးချိန်တွင် ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ အပြင်မှ ပြန်လာကြသည်။

“မိန်ဟွေ့၊ မြန်မြန်ဆင်းလာခဲ့ဦး.. ငါတို့ ညကျောင်းသွားတော့မယ်.. နေ့လည်ဘက်က ညကျောင်းက ဆရာကိုနင့်အတွက် ပြောထားပြီးပြီ.. သူက နင့်ကို အရင်လာခဲ့ဖို့ ပြောတယ်”

“ရှောင်ရွှမ်း ရှောင်ကျယ်.. ကျေးဇူးတင်ပါတယ်”

လင်းမိန်ဟွေ့ ခုတင်ပေါ်မှ ဆင်းလာပြီး ပစ္စည်းများကို ထုပ်ပိုးကာ ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့နှင့်အတူ ညကျောင်းသို့ ထွက်လာခဲ့သည်။

ကျောင်းက နှစ်ထပ်တိုက် ဖြစ်ပေသည်။

အပြင်နံရံများကို ကျောက်စရစ်များနှင့် အင်္ဂတေကိုင်ထားပြီး အစွန်းအထင်းများကြောင့် ဟောင်းနွမ်းနေသကဲ့သို့ ထင်ရသည်။

ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့က လင်းမိန်ဟွေ့ကို ဒုတိယထပ်သို့ ခေါ်သွားခဲ့လေ၏။ လင်းမိန်ဟွေ့တစ်ယောက် စာသင်ခန်းထဲသို့ ဝင်လိုက်သည်နှင့် မျက်လုံးများပင် တောက်ပလာသကဲ့သို့ ခံစားလိုက်ရသည်။

စာသင်ခန်းက များစွာ သန့်ရှင်းနေပေ၏။ စားပွဲများ၊ ကုလားထိုင်များ အားလုံးက သန့်ရှင့်တောက်ပြောင်နေပြီ ကျောက်သင်ပုန်းကလည်း သန့်ရှင်းနေခဲ့ကာ စားပွဲ၏ ညာဘက်အပေါ်ထောင့်၌ စာအုပ်ပုံ တစ်ပုံရှိနေသည်။ အရာအားလုံးကိုခြုံ၍ကြည့်ပါက သင်ယူစရာအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ရှိနေကြောင်းသိနိုင်သည်။

လင်းမိန်ဟွေ့နှင့် တခြားနှစ်ယောက်က စောစီးစွာရောက်လာကြသည်ဖြစ်၍ စာသင်ခန်းထဲတွင် ကျောင်းသား နှစ်ဦး၊ သုံးဦးသာ ရှိသေးသည်။

လင်းမိန်ဟွေ့ ဝင်လာသည်ကို မြင်လိုက်ရလျှင် အခန်းထဲမှ လူများက လင်းမိန်ဟွေ့ကို အာရုံစိုက်လာကြ၏။ သူတို့အားလုံးက အသက်အရွယ်တူညီသည့်အရွယ်များဖြစ်သောကြောင့် နုပျိုမှုအပြည့်ရှိနေပြီး အလွယ်တကူ ရင်းနှီးခင်မင်မှုများ ရှိနေခဲ့ကြသည်။

ဆရာရောက်လာချိန်တွင် လင်းမိန်ဟွေ့အား သူ့ကိုယ်သူ မိတ်ဆက်ခိုင်းခဲ့သည်။

လူတိုင်းက လင်းမိန်ဟွေ့ အဘယ်ကြောင့် ရက်အနည်းငယ်နောက်ကျမှ ရောက်လာသည်ကိုသိချင်နေခဲ့ကြလေ၏။ လင်းမိန်ဟွေ့ကလည်း မဖုံးကွယ်ခဲ့ပေ။

“ကျွန်မရဲ့ မိသားစုက ဆင်းရဲပါတယ်.. ဒါကြောင့် ကျောင်းစရိတ်လုံလောက်အောင် လုပ်ဖို့ ခဏတာလောက် စီးပွားရေးလုပ်ခဲ့တာတဲ့အတွက် ရက်အနည်းငယ် နောက်ကျပြီးမှ ရောက်လာတာပါ”

လူတိုင်းက ကြိုးစားလုပ်ကိုင်သူများကို အမြဲတမ်း လေးစားအားကျသည့်စိတ်ရှိကြသည်။ လင်းမိန်ဟွေ့မှ ဤသို့ပြောလိုက်ချိန်တွင် ချက်ချင်းပင် ကျယ်လောင်သည့် လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။

လင်းမိန်ဟွေ့၏ မျက်နှာက အနည်းငယ် နီရဲသွား၍ ဆရာကို ဦးညွှတ်ကာ စင်ပေါ်မှ ဆင်းလာပြီးနောက် ရှောင်ရွှမ်း၏ နောက်မှ ခုံလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။

ရှောင်ရွှမ်းက လင်းမိန်ဟွေ့ဘက်ကို လှည့်ကြည့်လိုက်ပြီး တောက်ပသည့်မျက်လုံးများဖြင့် လက်မထောက်ပြလိုက်သည်။

“လင်းမိန်ဟွေ့၊ နင် ဒီလောက် တော်လိမ့်မယ်လို့ ငါ မထင်ထားဘူး.. အချိန်ရရင် နင့်ရဲ့စီးပွားရေးအကြောင်းကို ပြောပြရမယ်နော်.. အရမ်းစိတ်ဝင်စားစရာ ကောင်းမယ်ဆိုတာ သေချာတယ်”

လင်းမိန်ဟွေ့က ဖတ်စာအုပ်ကို ဖွင့်လိုက်ပြီး တက်ကြွနေသည့် ရှောင်ရွှမ်းကို သတိပေးလိုက်သည်။

“အတန်းစတော့မယ်၊ မြန်မြန် အရှေ့ကိုလှည့်ထိုင်လိုက်တော့”

ရှောင်ရွှမ်း အရှေ့သို့ထိုင်လိုက်မှ လင်းမိန်ဟွေ့က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ စာသင်ခန်းထဲရှိ ပတ်ဝန်းကျင်နှင့် လေထုက များစွာ ကောင်းမွန်သည်။

သူမအနေဖြင့် နောက်ဆုံးတော့ စာသင်ခန်းထဲ၌ ပြန်ထိုင်ရပြီဖြစ်ကာ သင်ယူရခြင်း၏ ပျော်ရွှင်မှုကို ပြန်လည် ခံစားရပေပြီ။

သူမ၏ နှလုံးသားထဲတွင် ပျော်ရွှင်သည့်ခံစားချက်များဖြင့် တဖြည်းဖြည်း ပြည့်နှက်လာခဲ့သည်။

ပထမဆုံးအတန်းက တရုတ်စာ ဖြစ်သည်။ လင်းမိန်ဟွေ့က တရုတ်စာကို ကောင်းမွန်စွာ သင်ယူခဲ့ပြီး မည်သည့်ဖိအားမျှ မရှိခဲ့ပေ။

ကျောင်းမတက်မီကတည်းက အိမ်စာများ အားလုံးကို လုပ်ခဲ့သောကြောင့် ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ နှစ်ဦးလုံးပင် သူမ၏ သင်ယူနိုင်စွမ်းကို အားကျခဲ့ကြသည်။

မြို့ထဲတွင် လမ်းမီးများရှိနေသောကြောင့် အလင်းရောင် မှိန်မှိန်ပေးနေခဲ့၏။

လင်းမိန်ဟွေ့၊ ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ လမ်းဘေးမှ ဘေးချင်းယှဉ်၍ လျှောက်လာခဲ့ကြပြီး သူတို့၏ အရိပ်များကလည်း အလင်းရောင်ကြောင့် ရှည်လျားနေခဲ့သည်။

လင်းမိန်ဟွေ့က သူတို့နှစ်ဦးကို သူမ၏ သစ်သီးယိုလုပ်ငန်းအကြောင်း ပြောပြခဲ့ပြီး နှစ်ယောက်လုံးက လင်းမိန်ဟွေ့၏ စွမ်းရည်ကြောင့် အံ့အားသင့်သွားကြသည်။

“မိန်ဟွေ့၊ နင်ကတော့ အနာဂတ်မှာ တကယ့်ကို သူဌေးကြီး ဖြစ်လာမှာ အသေအချာပဲ...”

“နင်က ဒီလောက်ထိ ပိုက်ဆံကို ရှာနိုင်ခဲ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး.. ငါ့မိဘတွေဆိုရင် အဲဒီလို မစွမ်းဆောင်နိုင်ဘူး၊ သူတို့က နေ့ရက်တိုင်းမှာ ဆာလောင်မှုကို ဖြေဖျောက်ဖို့အတွက် စိုးရိမ်နေရတာ...”

သူတို့သုံးယောက် စကားပြောရင်း ရယ်မောကာ လျှောက်လာခဲ့ကြ၏။ လမ်းကြားအဝင်နားတစ်နေရာသို့ရောက်ချိန်တွင်တော့ ရုတ်တရက် အနက်ရောင်ပုံရိပ် အနည်းငယ်က ပေါ်လာပြီး သူတို့၏ လမ်းကို ပိတ်ဆို့လိုက်ကြသည်။

“မင်းတို့မိန်းကလေးတွေ ဒီလောက် နောက်ကျမှ ပြန်လာကြတာ မကြောက်ဘူးလား.. ဒီအစ်ကိုကြီးတွေက မင်းတို့ကို ပြန်လိုက်ပို့ပေးမယ်...”

လင်းမိန်ဟွေ့တို့အုပ်စုမှာ ရုတ်တရက် ပေါ်လာသည့် အမျိုးသားများကြောင့် ထိတ်လန့်သွားကြသည်။

ရှောင်ရွှမ်းမှာ စိတ်ဆတ်၍ ဒေါသကြီးသူတစ်ယောက်ဖြစ်သောကြောင့် ရပ်တန်၍ ဆဲဆိုလိုက်သည်။

“နင်တို့မှာ ဘာမှ လုပ်စရာမရှိရင် အိမ်ကိုပြန်ပြီး နင်တို့ရဲ့အမေတွေကို ပန်းကန်ဆေး၊ ကြမ်းတိုက်ဖို့ ကူညီပေးလိုက်ကြ! ညဉ့်နက်ကြီး လူတွေကို လာခြောက်လှန့်ဖို့ ထွက်မလာနဲ့”

လေ့ကျစ်သည်က မြို့ထဲမှ အလုပ်လက်မဲ့ လူမိုက်တစ်ယောက် ဖြစ်ပေသည်။ သူက ပုံမှန်အားဖြင့် ညကျောင်းအနီးတွင် ချောင်းမြောင်းနေတတ်ပြီး လှပသည့် မိန်းကလေးများ ရှိ၊ မရှိကို ရှာဖွေလေ့ရှိသည်။

ယနေ့ အတန်းစတော့မည့်အချိန်တွင် သူ၏ ညီငယ်တစ်ယောက်က ညကျောင်းသို့ အလွနာလှပသည့် မိန်းကလေးတစ်ယောက် ရောက်လာသည်ဟု ရုတ်တရက် ပြောပြခဲ့သည်။

သူမက ပန်းတစ်ပွင့်ပမာ လှပပြီး နူးညံ့သိမ်မွေ့ကာ အရှက်အကြောက်ကြီးသည့် ပုံစံမျိုးဖြစ်ကြောင်း ၊ တစ်ချက်ကြည့်လိုက်သည်နှင့် နာခံတတ်သည့်ပုံမျိုးဖြစ်ကြောင်း ပြောပြခဲ့သည်။

လေ့ကျစ်လည်း ၎င်းကို ကြားသည်နှင့် ချက်ချင်း စိတ်ဝင်စားသွား၏။

ဤသို့သော ဂေါ်ဖီထုပ်မျိုးကို သူ မည်သို့မျှ အလွတ်ခံ၍ မဖြစ်ပေ။

ညဘက်ကျောင်းဆင်းချိန်၌ လမ်းမီးအောက်တွင် ဖြည်းဖြည်းချင်း လျှောက်လာသည့် လင်းမိန်ဟွေ့ကို မြင်လိုက်ရသည်။

မှိန်ဖျော့သည့်အလင်းက သူမ၏ နူးညံ့သည့် မျက်နှာပေါ်တွင် ညင်သာစွာ ဖြာကျနေပြီး အရိပ်များက အလှဆုံး ပန်းချီကားအဖြစ် ပြောင်းလဲသွားသည်။

လေ့ကျစ်၏ လည်ချောင်းက တင်းကျပ်လာပြီး သူ၏ အသံက ပြောင်းလဲသွား၏။

သို့သော်လည်း လင်းမိန်ဟွေ့၏ဘေးတွင်ရှိနေသော ရှောင်ရွှမ်းက ပြဿနာရှာတတ်သည့် မိန်းကလေးဖြစ်ပြီး ဒေါသကြီးလွန်းသည်။

သူက မည်သည့်အချိန်တွင်ဖြစ်စေ ဒေါသတကြီး အော်ဟစ်တတ်သည့်အတွက် သူ၏ စိတ်အခြေအနေကို အကြိမ်ကြိမ် ပျက်စီးစေခဲ့သည်။

“လင်းရှောင်ရွှမ်း၊ တခြားသလူတွေရဲ့ ကိစ္စတွေ ဝင်မစွက်ဖက်နဲ့တော့.. မင်းရဲ့ပုံစံက ဒီလိုဖြစ်နေလို့ အချောင်ရရင်တောင် ဘယ်သူမှ မင်းကိုလိုချင်မှာ မဟုတ်ဘူး”

“ဖွီ! ဘယ်သူကရော နင်တို့လို လူမိုက်ကောင်တွေကို ဂရုစိုက်လို့လဲ”

ရှောင်ရွှမ်းက လင်းမိန်ဟွေ့နှင့် ရှောင်ကျယ်တို့ကို ဆွဲ၍ ထွက်သွားရန် လုပ်သော်လည်း လေ့ကျစ်၏ ညီများက တားဆီးလိုက်ကြသည်။

လေ့ကျစ်က လင်းမိန်ဟွေ့ထံသို့ လျှောက်သွားပြီး သူ၏ မေးစေ့ကို မော့ကာ မေးလိုက်သည်။

“မင်းရဲ့ နာမည်က ဘာလဲ”

*

အခန်း(110)

လင်းမိန်ဟွေ့အနေဖြင့် သူမ၏ ယခင်ဘဝက ဆင်းရဲဒုက္ခများ ကြုံဖူးသည့်အတွက် ဤသို့သော လူဆိုးမျိုးကို ကြောက်ရွံ့ခြင်း မရှိပေ။ သူက သူ၏ မျက်လုံးများကို တိုက်ရိုက်ကြည့်၍ တည်ငြိမ်စွာပြောလိုက်သည်။

“ကျွန်မ နာမည်က ရှင်နဲ့ ဘာဆိုင်လို့လဲ.. ဒီလောက် နောက်ကျနေပြီ ရှင့တို့က ရဲအခေါ်ခံချင်နေကြတာလား.. မဟုတ်ရင် ရှင်တို့ ပြန်လို့ရပြီ”

“ဘာလို့ ရဲခေါ်ရမှာလဲ.. ကိုယ်က မင်းကို ထမင်းကျွေးချင်ရုံပဲ.. ဒီလောက်တောင် နောက်ကျနေပြီ မင်း ဗိုက်ဆာနေမှာ အသေအချာပဲ...”

လေ့ကျစ်က လင်းမိန်ဟွေ့၏ လက်ကို ဆုပ်ကိုင်ရန် လက်လှမ်းလိုက်သည်။ လင်းမိန်ဟွေ့က အနောက်ကိုတစ်လှမ်းနောက်ဆုတ်၍ လေ့ကျစ်ကို သတိထားစွာ ကြည့်လိုက်သည်။

“ထွက်သွားစမ်း”

မမျှော်လင့်ဘဲ လေ့ကျစ်က ဤစကားနှစ်ခွန်းကြောင့် တုန်လှုပ်သွား၏။

သူက လင်းရှောင်ရွှမ်းကို မကြောက်ပေ။ ထိုမိန်းကလေးက အဓိပ္ပာယ်မဲ့သည်များ ပြောတတ်သည့်အတွက်ကြောင့်တည်း။

သို့သော်လည်း ယခု လင်းမိန်ဟွေ့၏ ပုံစံကို မြင်သည့်အခါ သူမသည်က ပြင်းထန်သည့် သခင်မတစ်ယောက်ကဲ့သို့ဖြစ်ကြောင်းကို သူသိလိုက်ရသည်၊ အသံမထွက်ဘဲ ကြောက်အောင် လုပ်နိုင်သည့် မိန်းကလေးမျိုး။

လင်းမိန်ဟွေ့သည်လည်း တစ်ဖက်လူက အနည်းငယ်ကြောက်နေသည်ကို မြင်နိုင်သည်သာ။ သူက လမ်းပေါ်မှ လူဆိုးတစ်ယောက်သာဖြစ်သည်ကို သူမ သိသည်။

ကျန်းကျစ်ကုန်းကဲ့သို့ ရက်စက်သည့်သူနှင့် ယှဉ်လျှင် သူက အသိုက်ထဲမှ ခုမှ ထွက်လာသည့် ငှက်ငယ်လေးတစ်ကောင်သာဖြစ်လိမ့်မည်။

လင်းမိန်ဟွေ့က ဘေးနားမှ လင်းရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ကို တီးတိုးလေးပြောလိုက်သည်။

“ငါ သူတို့ကို ခဏနေရင် လှည့်စားပြီး ခေါ်သွားမယ်..နင်တို့ အိမ်ပြန်ပြီး အိမ်ရှင်ကို အကူအညီတောင်းကြ”

ရှောင်ရွှမ်းက စိတ်လှုပ်ရှားစွာ ခေါင်းယမ်းလိုက်သည်။

သူတို့ လင်းမိန်ဟွေ့ကို ထားခဲ့ရန် မရဲပေ။ အကယ်၍ ထိုလူဆိုးများက သူမကို တိုက်ခိုက်လျှင် အဆုံးသတ်သွားလိမ့်မည်။

လင်းမိန်ဟွေ့က အတင်းအကြပ်ပြောလိုက်သည်။

“မဟုတ်ရင် ငါတို့ သုံးယောက်လုံး ထွက်သွားနိုင်မှာ မဟုတ်ဘူး။။ ငါ တစ်၊ နှစ်၊ သုံး ရေပြီး တခြားတစ်ဖက်ကို ပြေးမယ်.. နင်တို့ နှစ်ယောက် ပြန်ပြီး သတင်းပို့ကြ”

လင်းမိန်ဟွေ့က လမ်းကြား၏ အခြားတစ်ဖက်မှ မှောင်မည်းသည့်လမ်းကို ကြည့်လိုက်ပြီး စိတ်ထဲ၌ စိတ်လှုပ်ရှားလာ၏။ သူမ သုံးအထိ ရေပြီးသည်နှင့် သူမ၏ ခွန်အားအကုန်ဖြင့် ပြေးလိုက်သည်။

လေ့ကျစ်က လင်းမိန်ဟွေ့ ပြေးထွက်သွားသည်ကို မြင်သည့်အချိန်တွင် ခဏတာ မှင်တက်သွားပြီးမှ ညီအစ်ကိုတစ်ယောက်နှင့်အတူ သူမနောက်သို့ လိုက်သွားသည်။

ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့လည်း အခွင့်ကောင်းယူ၍ အကူအညီတောင်းရန်အတွက် သူတို့နေသည့်နေရာကို ပြန်ပြေးသွားကြသည်။

မိနစ်အနည်းငယ်ကြာသည့်အခါ လင်းမိန်ဟွေ့က သူ၏ ရင်ဘတ် ပေါက်ကွဲတော့မည်ဟု ခံစားရသည်။ သူမ မောဟိုက်၍ အသက်ရှူရခက်ခဲနေခဲ့၏။

သူမ၏နောက်မှ ခြေသံများသည် ပိုမိုနီးလာသည်ကို ကြားလိုက်ရလျှင် သူမ ပြေးနေသည်ကို ရပ်လိုက်ပြီး လေ့ကျစ်ကို လှည့်ကြည့်လိုက်သည်။

“ကျွန်မရဲ့အစ်ကိုက ရဲစခန်းကပဲ.. ရှင် ကျွန်မကို ထိရင် မနက်ဖြန်ကျရင် လူတစ်ယောက်ယောက်က ရှင်တို့ကို စာရင်းရှင်းလိမ့်မယ်’

“သူက ရဲစခန်းကလား.. အဲဒီအစ်ကိုက မင်းကို အခုလေးတင် ထမင်းအတူစားသောက်ဖို့ ချိန်းထားတာပဲ.. ပြီးတော့ မင်းကို ဘယ်လို လက်ထပ်ယူရမလဲဆိုတာ ပြောပြလိမ့်မညာ”

လေ့ကျစ်က ပြောပြီးနောက် လင်းမိန်ဟွေ့ထံ လျှောက်သွား၍ သူ၏ လက်များကို နံရံပေါ် တင်လိုက်သည်။

သူ၏ မျက်လုံးများမှ အရောင်တောက်နေပြီး တံတွေးများက ပါးစပ်ထဲမှ စီးကျလာတော့မည်ဟုပင်ထင်ရသည်။

လင်းမိန်ဟွေ့က နံရံကိုမှီ၍ သူမ၏ စိတ်ထဲတွင် အချိန်ကို တိတ်တဆိတ် ရေတွက်နေခဲ့သည်။

သူမအနေဖြင့် ရှောင်ရွှမ်းတို့ ပြန်ရောက်လာမည့်အချိန်ကို စဉ်းစားနေခဲ့ခြင်းပင်။

လေ့ကျစ်က လင်းမိန်ဟွေ့၏ မေးစေ့ကို ညှစ်ရန် လက်လှမ်းလိုက်သည့်အခိုက်တွင် ရုတ်တရက် သူ၏ နောက်မှ အော်သံတစ်သံ ထွက်လာသည်။

“မင်းတို့ လူမိုက်ကောင်တွေ ဒီမှာ မိန်းကလေးတွေကို ထပ်ပြီး နှောင့်ယှက်နေကြတာလား.. မနက်ဖြန်ကျရင် မင်းတို့ မိဘတွေကို ငါမပြောဘဲနေမလားကြည့်လိုက်! ငါ မင်းတို့ လူမိုက်ကောင်တွေကို စာရင်းရှင်းပစ်မယ်”

လေ့ကျစ်က ယောက်ျားသံကိုကြားသည်နှင့် သူ၏လူအနည်းငယ်နှင့်အတူ ထွက်ပြေးသွားသည်။

လင်းမိန်ဟွေ့ သက်ပြင်းချလိုက်၏။ ထို့နောက်တွင် သူမ အိမ်ရှင်နှင့် အိမ်နီးနားချင်း အနည်းငယ်လောက်က တုတ်များနှင့် ရောက်လာသည်ကို မြင်လိုက်ရသည်။

ထိုလူဆိုးများ ကြောက်သွားသည်မှာ မဆန်းတော့ပေ။

“မင်း အဆင်ပြေလား”

“ကျွန်မ အဆင်ပြေပါတယ်၊ ကျွန်မကို ကယ်တင်ဖို့ ထွက်လာတဲ့အတွက် ဦးလေးတို့ကို ကျေးဇူးတင်ပါတယ်”

လင်းမိန်ဟွေ့က သူမ၏ ခန္ဓာကိုယ်ကို ပုတ်လိုက်၏။ သူမက မတော်တဆ ဖုန်မှုန့်များစွာ ထိမိခဲ့သည်။

ထိုအချိန်၌ ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့လည်း မောဟိုက်စွာ ပြေးလာ၍ လင်းမိန်ဟွေ့၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

“နင် အဆင်ပြေလား”

လင်းမိန်ဟွေ့ ခေါင်းယမ်းလိုက်၏။

အိမ်ရှင်က မိန်းကလေးသုံးယောက်ကို ကြည့်၍ သက်ပြင်းချလိုက်သည်။

“မင်းတို့ မိန်းကလေးသုံးယောက် ညကျောင်းသွားတာ ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ.. မကြာခင် ဆောင်းရာသီရောက်တော့မယ်၊ အမှောင်လည်း စောစောကျမယ်.. ဒီလူဆိုးတွေက မင်းတို့ကို နေ့တိုင်း ကြည့်နေကြတာ၊ တစ်ခုခု ဖြစ်တော့မှာပဲ...”

တစ်ခုခု ဖြစ်တော့မည်ဟု ပြောလိုက်လျှင် လင်းမိန်ဟွေ့နှင့် အခြားသူများ၏ မျက်နှာများက ဆိုးရွားသွားရသည်။

ကျောင်းသွားရင်းနှင့် ဤသို့သော ကိစ္စများ များစွာ ဖြစ်နိုင်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

လင်းမိန်ဟွေ့က အနည်းငယ် တောင်းပန်လိုစိတ်ပေါက်လာပြီး ခေါင်းငုံ့ကာ ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ကို ပြောလိုက်သည်။

“ဒါ အားလုံး ကျွန်မအပြစ်ပါ.. ကျွန်မဒီကိုလာတော့ ဒီလူဆိုးတွေကို စိတ်ဆိုးအောင် လုပ်မိတာ”

ရှောင်ရွှမ်းက လင်းမိန်ဟွေ့၏ ပခုံးများအား ဖက်၍ နှစ်သိမ့်ပေးလိုက်သည်။

“မိန်ဟွေ့၊ နင် ဘာတွေပြောနေတာလဲ.. နင် မလာခင်ကတည်းက အဲဒီလူဆိုးကောင်တွေက နေ့တိုင်း လမ်းပေါ်မှာ မိန်းကလေးတွေကို ဖြတ်တားပြီး မျက်ရည်ကျတဲ့အထိ မကြာခဏ စနောက်လေ့ရှိတယ်”

လင်းမိန်ဟွေ့၏ စိတ်ခဲ လေးပင်နေဆဲပင်။

မနက်ဖြန်တိုင်းမှာလည်း ဤအတိုင်းဖြစ်နေမည်ဆိုလျှင် သူတို့ ဤတစ်နှစ်ကို မည်သို့ ဖြတ်သန်းကြမည်နည်း။

သို့သော်လည်း နောက်ကျနေပြီဖြစ်၍ အိမ်ရှင်က သူတို့ကို စောစောပြန်နားရန် အကြံပေးသည်။

ထို့ကြောင့် လင်းမိန်ဟွေ့တို့လည်း ခြေလှမ်းများ လေးလံစွာဖြင့် သူတို့နေသည့်နေရာကို ပြန်သွားကြသည်။

သူတို့လူစုလေးက မစားရသေးပါချေ။ အိမ်ရှင်၏ မီးဖိုမှ မီးသွေးခဲများက တောက်လောင်နေတုန်းဖြစ်ကြောင်းကိုမြင်လျှင် ရှောင်ကျယ်က ချက်ချင်းပင် သူတို့သုံးဦးအတွက် ခေါက်ဆွဲပြုတ်လိုက်သည်။

စားသောာ်ပြီးသည်နှင့် သူတို့သုံးဦး ခုတင်ပေါ် လှဲလျောင်း၍ လူမိုက်များကို မည်သို့ကိုင်တွယ်ရမည်ကို ခဏမျှ စကားပြောကြပြီးနောက် တဖြည်းဖြည်းနှင့် အိပ်ပျော်သွားကြသည်။

နောက်တစ်နက်၌ ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ မြို့နယ်စာကြည့်တိုက်သို့ သွားကြပြီး လင်းမိန်ဟွေ့ကို သူတို့နှင့်အတူ လိုက်ရန် ပြောလိုက်သည်။

လင်းမိန်ဟွေ့လည်း စာကြည့်တိုက်သို့ သွားရောက်လည်ပတ်လိုသည့်အတွက် သူတို့နှင့်အတူ လိုက်သွားခဲ့သည်။

မြို့နယ်စာကြည့်တိုက်က စာသင်ခန်းတစ်ခန်းခန့်သာ ကျယ်ပြီး စာအုပ်များစွာက များစွာ ဟောင်းနေသော်လည်း လင်းမိန်ဟွေ့ကတော့ လက်မလွှတ်နိုင်ဖြစ်နေတုန်းပင်။

ဤမြို့က သင်ယူမှုအတွက် နိဗ္ဗာန်ဘုံတစ်ခုပမာပင်ဟု သူမ ခံစားရသည်။

နေ့လယ်ခင်းသို့ရောက်သည့်အချိန်တွင် သူတို့သုံးဦး အတူတကွ ပြန်လျှောက်လာကြသည်။

လမ်းကြားအဝင်နားရောက်သည်နှင့် တံခါး၌ မော်တော်ဆိုင်ကယ်တစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။

လင်းမိန်ဟွေ့က ထိုသည်မှာ ချန်အန်းသယ်၏ မော်တော်ဆိုင်ကယ်ဖြစ်ကြောင်းကို မှတ်မိသည်။

စုန့်ယီနှင့် ချန်အန်းသယ်တို့ သူမကို လာတွေ့ခြင်း ဖြစ်ရမည်။ သူမ၏ စိတ်ထဲတွင် အနည်းငယ်လောက် ကြည်နူးသွား၏။

ချန်အန်းသယ်မှာ မူလက မြို့နယ်သို့ ပစ္စည်းအချို့ ဝယ်ရန် သွားလိုခဲ့သည်။

သို့နှင့် စုန့်ယီက ဝမ်ဟန့်ကို ဆိုင်တွင် ကြည့်ခိုင်းပြီး သူသည်လည်း လိုက်လာကာ လင်းမိန်ဟွေ့ကို လာတွေ့ခဲ့သည်။

သူတို့ လင်းမိန်ဟွေ့နေသည့်နေရာကို ရောက်ချိန်တွင် သူမက ရှောင်ရွှမ်းတို့နှင့်အတူ အပြင်သို့သွားခဲ့ကြောင်းကို သိလိုက်ရသည်။

စုန့်ယီက မူလက ပစ္စည်းအရင်ဝယ်ရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း အိမ်ရှင်နှင့် ဆုံကာ စကားအနည်းငယ်ပြောပြီးနောက် စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့တွက် ညက မည်သည်အရာများ ဖြစ်ခဲ့သည်ကို သိလိုက်ရသည်။

ချန်အန်းသယ်၏ မျက်နှာက မှုန်မှိုင်းမည်းမှောင်နေပြီး စုန့်ယီက ပို၍ပင် ဒေါသထွက်နေလေ၏။

လင်းမိန်ဟွေ့ မြို့သို့ရောက်သည်နှင့် ဤသို့သော ကိစ္စကြီးကြီးမားမား ကြုံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ့အနေဖြင့် သူမကို ကာကွယ်ရန် ပျက်ကွက်ခဲ့သည်ဟု ခံစားရသည်။

ထိုအချိန်တွင် လင်းမိန်ဟွေ့၊ ရှောင်ရွှမ်းတို့ ရောက်လာကြသည်။ သူမက စုန့်ယီနှင့် ချန်အန်းသယ်ကို မြင်သည့်အခါ ပြုံး၍ ပြောလာသည်။

“အစ်ကိုစုန့်ယီ၊ ချန်အန်းသယ်.. ရှင်တို့ မြို့ထဲကို ပစ္စည်းဝယ်ဖို့ လာတာလား.. ပစ္စည်းတွေ ဝယ်ပြီးရင် ကျွန်မကို လာတွေ့ကြဦးနော်”

ချန်အန်းသယ်က လင်းမိန်ဟွေ့၏ ပေါ့ပေါ့ပါးပါးပုံကို မြင်လျှင် သူမ ဟန်ဆောင်နေသည်ကို သဘာဝအတိုင်း သိလိုက်သည်။

စုန့်ယီအတွက်မူ ပြောစရာပင် မလိုတော့ပေ။ သူ၏ မျက်နှာက မှုန်မှိုင်းနေပေသည်။

ဤသို့သော ကိစ္စကြီးကြီးမားမား ကြုံလာသည်ကို လင်းမိန်ဟွေ့က သူ့ကို ချက်ချင်းမပြောပြဘဲနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

All Chapters