အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း(113)
စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့ ညကျောင်းထဲသို့ ဝင်သွားသည်ကို ကြည့်ပြီးမှ စက်ပစ္စည်းပြင်ဆိုင်သို့ ပြန်လှည့်လာခဲ့သည်။
ဆိုင်ပိုင်ရှင်က ဆေးပြင်းလိပ်ကို ဝါးရင်း ပေါ့ပေါ့ပါးပါး မေးလာသည်။
“ဘာလဲ၊ အဲဒါ မင်းရဲ့ ရည်းစားလား”
စုန့်ယီသည် ပြုံး၍ပြန်ဖြေလိုက်သည်။
“ကျွန်တော့် ညီမပါ!”
ဆိုင်ပိုင်ရှင်က သံသယအမူအရာနှင့် စုန့်ယီကို ကြည့်လိုက်ကာ ခဏကြာမှ ပြောလာသည်။
“ဒါဆို မင်းက အစ်ကိုတစ်ယောက်အနေနဲ့တကယ် တာဝန်သိတာပဲ.. နေ့တိုင်း ဒီလိုအချိန်မျိုးမှာ ညီမကို ကျောင်းပို့ဖို့ ငါ့ဆီကနေ ခွင့်တောင် ယူရတယ်”
ညကျောင်း တက်ပြီးနောက် ရှောင်ရွှမ်းနှင့် တခြားသူများလည်း နောက်ဆုံးတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။
လင်းမိန်ဟွေ့က အခန်းထဲသို့ ရောက်သည်နှင့် တခြားလူများ၏ စားပွဲခုံများ၊ ကုလားထိုင်များသည် သပ်သပ်ရပ်ရပ် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ ခုံတန်းလျား တစ်လုံးတည်းသာ စားပွဲပေါ်၌ ပြောင်းပြန်လှန်ထားခဲ့သည်။ သူမလည်း လျှောက်သွားပြီး ခုံကိုပြန်ချရန်ပြင်လိုက်သည့်အခါ ခုံတန်းလျားပေါ်၌ “အမြီးဖြန့်ထားတဲ့ ဒေါင်း” ဟူသောစာလုံးများကို ရေးထားသည်ကို တွေ့လိုက်ရသည်။
လင်းမိန်ဟွေ့၏ ရင်ထဲတွင် တင်းကျပ်သွားပြီး လှည့်ပတ်ကြည့်လိုက်လျှင် မနေ့က သူမအကြောင်း ကို ပြောနေသည့် လူအနည်းငယ်က ဝမ်းသာအားရ ကြည့်နေသည်ကို တွေ့ရသည်။ တခြားကျောင်းသားများ၏ မျက်လုံးများကတော့ ရှောင်လွှဲနေကြသည်။
အတန်း စတော့မည်ဖြစ်သဖြင့် လင်းမိန်ဟွေ့လည်း ထိုစာကို စိတ်ထဲတွင်မထားတော့ဘဲ ခုံတန်းလျားကို မ၍ချရန် ပြင်လိုက်သည်။
သို့သော် သူမ ချလိုက်သည်နှင့် ခုံတန်းလျား၏မျက်နှာပြင်၌ ကော်ကဲ့သို့ တစ်ခုခု ကပ်နေသည်ကို တွေ့လိုက်ရပြီး ထိုအရာ၏အနံ့က သူမ၏ နှာခေါင်းထဲသို့ စူးရှစွာ ဝင်လာခဲ့သည်။
ကံကောင်းစွာဖြင့် သူမက တိုက်ရိုက် မထိုင်မိလိုက်ပါချေ။
“ဘယ်သူလုပ်တာလဲ!”
ရှောင်ရွှမ်းက လင်းမိန်ဟွေ့ နေရာတွင် ဝင်မထိုင်သည်ကို မြင်လျှင် တစ်ခုခု မှားယွင်းနေပြီဟု သိလိုက်သည်။ သူမက နေရာမှ ထလာပြီး ခုံပေါ်က အရာများကို မြင်လိုက်ရလျှင် ဒေါသတကြီး ဖြစ်သွားခဲ့သည်။
ညကျောင်းငယ်လေး၌ ဤသို့ ဆိုးရွားသည့် ပတ်ဝန်းကျင် ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါချေ။ လင်းမိန်ဟွေ့အနေဖြင့် ရောက်လာသည်နှင့် သူတို့၏ အနိုင်ကျင့်ခြင်းကို ခံရသည်။
လူတိုင်း တိတ်ဆိတ်နေချိန်တွင် ကျောင်းခေါင်းလောင်းသံ ကြားရပြီး ဆရာက အတန်းထဲသို့ ဝင်လာခဲ့သည်။
သို့သော် ရှောင်ရွှမ်းက မရပ်တန့်ဘဲ နောက်တစ်ကြိမ် ထပ်မံ၍ပြတ်သားစွာ မေးမြန်းလိုက်သည်။
“ဘယ်သူလုပ်တာလဲ.. ထရပ်ပြီး ဝန်မခံဘူးဆိုရင် ဒီနေ့ စာမသင်ရဘူး!”
ဆရာကလည်း စာအုပ်ကို ချလိုက်ပြီး မည်သည့်အရာများ ဖြစ်ပွားနေသည်ကို မေးမြန်းလာခဲ့သည်။
လင်းမိန်ဟွေ့အနေဖြင့် ဤကိစ္စကြောင့် အားလုံး၏ စာသင်ချိန်ကို အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သဖြင့် ရှောင်ရွှမ်းကို တားဆီးလိုသော်လည်း ရှောင်ရွှမ်း၏ စိတ်နေစိတ်ထားက မီးပန်းပမာ ပေါက်ကွဲလွယ်နေလိမ့်မည်ဟု သူမ မျှော်လင့်မထားပေ။
“ဆရာ.. တစ်ယောက်ယောက်က လင်းမိန်ဟွေ့ရဲ့ ခုံပေါ်မှာ ကော်တွေ တင်ထားတယ်.. တကယ်ကို အကျင့်မကောင်းတာပဲ”
ဆရာက အတန်းထဲမှ လူများကို တစ်ချက် ကြည့်ရှုပြီး အေးစက်သည့်လေသံဖြင့် မေးမြန်းလိုက်သည်။
“ဘယ်သူတင်တာလဲ.. ထရပ်ပြီး လင်းမိန်ဟွေ့ကို တောင်းပန်လိုက်.. မဟုတ်ရင် ဒီနေ့အတန်းကို ငါမသင်ဘူး.. အစည်းအဝေးလုပပြီး အားလုံးကို အပြစ်ပေးမယ်”
ဆရာမှာ ထိုခေတ်က လူတစ်ဦး ဖြစ်သောကြောင့် ဤသို့သော ကလိမ်ကကျစ် လုပ်ဆောင်မှုမျိုးကို မုန်းတီးသည်။
မည်သူကမျှ အရှေ့သို့ မထွက်လာသည်ကို တွေ့သောအခါ ဆရာမက အတန်းခေါင်းဆောင် လီထင်ကို တိုက်ရိုက် ခေါ်ကာ မေးခဲ့သည်။
“လီထင်၊ ဘယ်သူလုပ်တာလဲဆိုတာပြောစမ်း.. အတန်းခေါင်းဆောင်အနေနဲ့ အတန်းရဲ့ ပညာရေးပုံစံနဲ့ စည်းကမ်းကို ကောင်းကောင်းမစီမံနိုင်ဘူးဆိုရင် မင်း အတန်းခေါင်းဆောင် မလုပ်သင့်ဘူး”
ဆရာက စိတ်ဆိုးဒေါသ ထွက်နေသည်ကို တွေ့ရသော် ရှောင်ရွှမ်း၏ လေသံက ပိုမို ပြင်းထန်လာသည်။
“လုပ်ရဲတဲ့သူက ဝန်ခံဖို့ မရဲနိုင်ဘူးလား”
အတန်းခေါင်းဆောင် လီထင်က အတန်းနောက်ဘက်မှ သူဌေးသမီး တချို့ကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဆရာမ၊ ဒါ ဟူကျွမ့်နဲ့ လျိုယွမ်တို့ လုပ်တာပါ.. လင်းမိန်ဟွေ့က အရမ်းထင်ပေါ်ချင်တဲ့အတွက် ပညာပြသရမယ်လို့ ပြောခဲ့တယ်”
ပုံမှန်အားဖြင့် ကျယ်လောင်သော စာဖတ်သံများနှင့် ပြည့်နေသည့် စာသင်ခန်းက ယခုအချိန်တွင် ကြောက်ရွံ့တုန်လှုပ်သည့် အသံများနှင့် ပြည့်နှက်နေသည်။
ဆရာက ဟူကျွမ့်နှင့် လျိုယွမ်တို့ကို စင်မြင့်ပေါ်သို့ ခေါ်ကာ သူတို့ ကိုယ်တိုင် လင်းမိန်ဟွေ့၏ ခုံပေါ်မှ ကော်များကို သုတ်ပေးရန်ခိုင်းခဲ့ပြီး လင်းမိန်ဟွေ့ကို တောင်းပန်စေသည်။
သူတို့ကိုလည်း ဆူပူလိုက်သေးသည်။
“တကယ်ကို ဆိုးရွားတဲ့မိန်းကလေးတွေပဲ”
ဟူကျွမ့်နှင့် လျိုယွမ်တို့က ငိုကြွေးလာခဲ့ကြသည်။
လင်းမိန်ဟွေ့ မလာမီက ဟူကျွမ့်နှင့် လျိုယွမ်တို့မှာ သူတို့၏ အတန်းဖော်များ အနက် အတော်ဆုံးများ ဖြစ်ကာ ဆရာများ၏ ချီးကျူးမှုကို မကြာခဏ ခံရသည်။ လင်းမိန်ဟွေ့ ရောက်ရှိလာသည်မှစ၍ ဟူကျွမ့်နှင့် လျိုယွမ်တို့က အမေ့လျော့ခံရသကဲ့သို့ ဖြစ်သွားကြသည်။
ဟူကျွမ့် ခန္ဓာကိုယ် သေးငယ်သည့် သူတစ်ဦး ဖြစ်ပြီး လင်းမိန်ဟွေ့ာ အရပ်ရှည်၍ ပိန်သွယ်ကာ ချစ်စရာကောင်းသည့် မျက်နှာရှိသည်ကို တွေ့ရသော် မနာလိုစိတ်များက ပိုမို နက်ရှိုင်းလာသည်။
လျိုယွမ့်ကတော့ လင်းမိန်ဟွေ့၏ မေးခွန်းများ ဖြေဆိုရာ၌ ချောမွေ့သည့် မန်ဒရင်းစကား ပြောဆိုနိုင်စွမ်းကို မနာလိုဖြစ်ခဲ့သည်။
သူမက ရှောင်ကျယ်ကို သီးသန့် မေးမြန်းခဲ့ပြီး ရှောင်ကျယ်က လင်းမိန်ဟွေ့မှာ မြို့ငယ်လေးမှ ကျေးလက်ဒေသသူ တစ်ဦးမျှသာ ဖြစ်ကြောင်းပြောပြခဲ့လေ၏။
ထို့ကြောင့် သူမက အဘယ်ကြောင့် ဤမျှ ထူးချွန်ရသနည်းဟု မေးခွန်းများဖြစ်လာခဲ့သည်။
ဤအချိန်တွင် သူတို့နှစ်ဦးက လင်းမိန်ဟွေ့ကြောင့် ဆရာမ၏ ဆူပူမှုကို ခံရသည့်အတွက် သူတို့၏ မကျေနပ်ချက်များက ပိုမို ပြင်းထန်လာသည်။
လင်းမိန်ဟွေ့လည်း ဤကိစ္စက အလွန်ကြီးကျယ်သွားပြီး အားလုံးအတွက် မကောင်းကြောင်းကို သိသောကြောင့် ဆရာကို အသာ ပြောလိုက်လေသည်။
“ဆရာ.. ကျွန်မ သူတို့နှစ်ယောက်လုံးကို ခွင့်လွှတ်ပါတယ်.. အပြစ်ပေးစရာမလိုပါဘူး စာပဲဆက်သင်ကြရအောင်လေ”
“လင်းမိန်ဟွေ့၊ မင်းက တကယ်ရင့်ကျက်တာပဲ.. ဒါပေမဲ့ ဒီလိုအတန်းဖော်တွေကို အနိုင်ကျင့်တတ်တဲ့ မိန်းကလေးတွေကို ဆုံးမသင့်တယ်...”
ရှောင်ရွှမ်းကတော့ ဒေါသထွက်နေဆဲပင်။ ဘေးမှ ရှောင်ကျယ်က ချောမော့ပြောဆိုပြီးမှသာ အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
“လင်းမိန်ဟွေ့၊ နင် တခြားလူကို သနားသလိုဟန်ဆောင်တာကိုရပ်လိုက်တော့”
ဟူကျွမ့်နှင့် လျိုယွမ်တို့၏ မျက်လုံးများတွင် မကျေနပ်ချက်များက အပြည့်ရှိနေခဲ့သည်။ သူတို့အတွက်တော့ စင်မြင့်ပေါ်၌ ရပ်ကာ အပြစ်ဆိုခံရသည်က အကြီးမားဆုံး အရှက်ဝစရာကိစစပင် ဖြစ်သည်။ သူတို့၏စိတ်ထဲတွင် လင်းမိန်ဟွေ့ကိ ရန်သူအဖြစ် သတ်မှတ်ထားပြီးဖြစ်ပေသည်။
စာသင်ချိန် ပြီးဆုံးပြီးနောက် လင်းမိန်ဟွေ့က ဟူကျွမ့်နှင့် လျိုယွမ်တို့ထံသို့ ကိုယ်တိုင်သွားကာ စကားပြောခဲ့သည်။
သို့သော် သူတို့နှစ်ဦးက ကျောင်းအိတ်များကို နောက်ကျောပေါ်သို့ ပစ်တင်ပြီး လင်းမိန်ဟွေ့ကို စူးစူးဝါးဝါး ကြည့်ကာ အတန်းထဲမှ ထွက်ခွာသွားခဲ့လေ၏။
ထိုအချိန်တွင် ရှောင်ရွှမ်းကအနားသို့ ရောက်လာပြီး လင်းမိန်ဟွေ့ကို ဆွဲခေါ်လိုက်သည်။
“သူတို့ကို ဘာလို့ အာရုံစိုက်နေတာလဲ”
လင်းမိန်ဟွေ့အနေဖြင့် အတွေ့အကြုံများစွာ ရှိသောကြောင့် ရန်သူတစ်ဦးလျှော့ပါးသွားခြင်းက မိတ်ဆွေတစ်ရာရှိနေခြင်းထက် ပို၍ ကောင်းကြောင်းကို သိထားသည်။
တစ်ယောက်လူနှင့် အဆင်မပြေပါက အခြေအနေက အလွန် ခက်ခဲလာပေလိမ့်မည်။ သို့သော် ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့က ဤအမှန်တရားများကို နားမလည်သေးပေ။
သူတို့နှစ်ဦးက သူမကို ကာကွယ်ပေးချင်ခဲ့ကြခြင်းသာဖြစ်သောကြောင့် သူမ အပြစ်တင်၍လည်း မဖြစ်ပါချေ။
ထို့ကြောင့် လင်းမိန်ဟွေ့က ရှောင်ရွှမ်းကို ဆွဲ၍ပြောလိုက်သည်။
“ငါတို့တွေက အတန်းဖော်တွေပဲလေ၊ ရန်သူတွေဖြစ်စရာ မလိုပါဘူး.. နင်လည့် နောက်ပိုင်းမှာတဖြည်းဖြည်း နားလည်လာလိမ့်မယ် ..အခုပြန်ကြရအောင်”
ကျောင်းမှ ထွက်လာသည်နှင့် ကျောင်းဝင်းနှင့် မလှမ်းမကမ်း၌ ရပ်နေသည့် စုန့်ယီကို တွေ့လိုက်ရသည်။ ယခုအချိန်တွင်တော့ သူက သန့်ရှင်းသည့် အဝတ်အစားများ ဝတ်ဆင်ထားသောကြောင့် များစွာ ပိုမိုကြည့်ကောင်းနေခဲ့သည်။
သူ၏ ခန့်ညားသည့် မျက်နှာအသွင်အပြင်ကြောင့် လူအများအပြားက စုန့်ယီကို စောင်းငဲ့၍ ကြည့်ရှုနေခဲ့ကြသည်။
စုန့်ယီက လင်းမိန်ဟွေ့ကို လက်ပြ၍ လှမ်းခေါ်လိုက်ချိန်တိင် လင်းမိန်ဟွေ့တစ်ယောက်အလွန် ပျော်ရွှင်သွားခဲ့ပြီး ပျော်ရွှင်မှုတို့က သူမ၏ မျက်နှာပေါ်တွင် ပေါ်လွင်နေခဲ့သည်။
“အစ်ကိုစုန့်ယီ အလုပ်ပြီးပြီလား.. ကျွန်မကြောင့် အလုပ်က အနှောင့်အယှက် မဖြစ်လောက်ပါဘူးနော်”
စုန့်ယီက သူယူလာခဲ့သော ထဲမှ ကန်စွန်းဥဖုတ် သုံးလုံးကို ထုတ်ယူပြီး လင်းမိန်ဟွေ့ကို ပေးလိုက်သည်။
“ရှောင်ရွှမ်းနဲ့ ရှောင်ကျယ်ကို တစ်ယောက်တစ်လုံး ပေးလိုက်လေ.. ပူတုန်းမှာ စားလိုက်ကြ”
ကန်စွန်းဥဖုတ်များကို မြင်လိုက်ရလျှင် လင်းမိန်ဟွေ့တစ်ယောက် စိတ်အခြေအနေ ပြန်ကောင်းလာခဲ့သည်။ သူမ နောက်ကိုလှည့်ကာ ရှောင်ရွှမ်းနှင့် ရှောင်ကျယ်တို့ကို လက်ပြပြီးခေါ်လိုက်သည်။
“မြန်မြန်လာခဲ့ကြ၊ ကန်စွန်းဥဖုတ်ထားတာစားရအောင်”
ဟူကျွမ့်နှင့် လျိုယွမ်တို့ ထိုနေရာမှ ဖြတ်သန်းသွားရင်း လင်းမိန်ဟွေ့က အမျိုးသားတစ်ဦးထံမှ ကန်စွန်းဥများကို ပျော်ရွှင်စွာ ယူနေသည်ကို တွေ့မြင်လိုက်ရသောကြောင့်တစ်ယောက်နှင့်တစ်ယောက် မကြည့်ဘဲ မနေနိုင်ကြပေ။
“လင်းမိန်ဟွေ့က တကယ်ကို အကျင့်ဆိုးလွန်းတာမဟုတ်ဘူးလား၊ စက်ပစ္စည်းအပြင်ဆိုင်က သင်တန်းသားနဲ့တောင် ဒီလောက်မြန်မြန် ပတ်သက်နေတယ်”
“ဟုတ်တယ်၊ ဒီညကျောင်းကိုလာတုန်းကလည်း အဲဒီလူက လင်းမိန်ဟွေ့ကို လိုက်ပို့တာကို တွေ့လိုက်တယ်...”
“ဒါဆို သူက ဖောက်ပြန်နေတာ သေချာတယ်.. ငါက သူ့ကို အရမ်းတွေမြင့်မြတ်တယ်၊ ကဗျာတွေလညား နားလည်တယ်၊ စကားကိုကောင်းကောင်းပြောတတ်တယ်လို့ ထင်ခဲ့တာ.. ဒါပေမဲ့ တကယ်တမ်းကျတော့ သူက ပုပ်စပ်နေတဲ့ အဝတ်စုတ်ပဲ”
ဟူကျွမ့်နှင့် လျိုယွမ်တို့က လင်းမိန်ဟွေ့တို့ အဝေးသို့ ထွက်ခွာသွားသည်ကို သေသေချာချာ စောင့်ကြည့်ပြီးမှ အိမ်သို့ပြန်သွားခဲ့ကြသည်။
*
အခန်း
(114)
နောက်တစ်နေ့ ကျောင်းသွားချိန်တွင် ဟူကျွမ့်နှင့် လျိုယွမ်တို့သည် စက်ပစ္စည်းပြုပြင်ရေးဆိုင်တံခါးတွင် တမင်တကာ ရပ်စောင့်ပြီး စက်ပြင်သမား ထွက်လာမည့်အချိန် စောင့်ဆိုင်းနေကြသည်။
သေချာပေသည်။ စာသင်ချိန်သို့ ရောက်သည်နှင့် စက်ပြင်သမားက ညစ်ပတ်နေသည့် အလုပ်ဝတ်စုံတချို့နှင့် လက်အိတ်အနက်များကို ဝတ်ဆင်၍ ကျောင်းသို့ အမြန်ပြေးသွားခဲ့သည်။
ဟူကျွမ့်၏ စိတ်က တစ်စုံတစ်ခုကို တွေးတောနေပေပြီ။
လင်းမိန်ဟွေ့က စက်ပြင်သမားနှင့် လမ်းမှားသို့လျှောက်နေသည်ကို ဖမ်းမိနိုင်ပါက သူမ မည်သည်ကိုမှ လုပ်ဆောင်ရန် မလိုအပ်တော့ပေ။
လျိုယွမ်လည်း ဟူကျွမ်၏ အမူအရာမမှန်သည်ကို တွေ့လျှင် တံတောင်ဖြင့် ထိုးကာ ပြောလိုက်သည်။
“ကျောင်းသွားကြရအောင်.. ငါတို့နောက်ကျတော့မယ်”
“ကောင်းပြီ”
ကျောင်းသို့ရောက်သည်နှင့် ဟူကျွမ့်က လင်းမိန်ဟွေ့နှင့် ပတ်သက်သည့် ကောလာဟလများကို အတန်းဖော်များကြားတွင် စတင် ဖြန့်ခဲ့သည်။
“လင်းမိန်ဟွေ့လေ ကျောင်းပြင်က ယောကျ်ားနဲ့ရင်းနှီးလွန်းနေတယ်ဆိုတာ နင်တို့ကြားပြီးပြီလား.. အဲဒီလူက လင်းမိန်ဟွေ့ကို အစားအသောက်တွေ ခဏခဏ ပေးတယ်တဲ့”
“မဟုတ်ဘူး၊ ငါအရင်တုန်းကကြားတာက လင်းမိန်ဟွေ့က လူမိုက်ဂိုဏ်းက တစ်ယောက်ကိုးလည်း မြူဆွယ်ထားတယ်တဲ့.. အဲဒီခေါင်းဆောင်က လေ့ကျစ်တဲ့.. ဒါပေမဲ့ သူက လှပတဲ့မိန်းကလေးတွေကို ရွေးပြီးချည်းကပ်တတ်တယ်”
“ဒီလင်းမိန်ဟွေ့က တကယ်တော်တာပဲ.. သူ့မိသားစုက အရမ်းဆင်းရဲလို့ ဒီလိုမျိုးယောကျ်ားတွေကို မှီခိုပြီး နေရတာလား”
ဤလူများက တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး လင်းမိန်ဟွေ့၊ ရှောင်ရွှမ်းတို့ အတန်းထဲသို့ ဝင်လာသည်ကို မြင်သောအခါ စကားပြောဆိုခြင်းကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။
လင်းမိန်ဟွေ့အနေဖြင့် သူတို့၏ မျက်လုံးများမှ ထူးဆန်းသည့် အကြည့်များကို ခံစားမိသည်။ သို့သော် ထိုအချိန်တွင် သူမ စာကျက်ခြင်းကိုသာ အာရုံစိုက်နေသောကြောင့် မည်သည်ကိုမျှ ဂရုမစိုက်ခဲ့ပေ။
ရာသီဥတုသည် ပိုမို အေးလာခဲ့သည်။ ကျောင်းစာများလည်း ပိုမို များပြားလာသည်။ လင်းမိန်ဟွေ့နှင့် ရှောင်ရွှမ်းတို့က အမြဲတမ်း ပထမဆုံး လာရောက်၍ နောက်ဆုံး ပြန်တတ်သူများဖြစ်နေခဲ့သည်။
ကျောင်းမှ တခြားကျောင်းသားများလည်း စာကျက်ခြင်းတွင် နစ်မြောနေကြပြီး အရင်က ကိစ္စများကို ခဏတာ မေ့လျော့နေကြသည်။
ကျောင်းဆင်းသောအချိန်တွင် ရှောင်ရွှမ်းက နောက်တစ်နေ့၌ စာအုပ်ဆိုင်သို့ သွားရန် အတန်းခေါင်းဆောင် လီထင်နှင့် ချိန်းထားခဲ့သည်။
သို့သော် လီထင်ထံသို့ ရောက်သည်နှင့် လီထင်က ချက်ချင်း သတိအနေအထားဖြင့် ကြည့်လာသည်။
ရှောင်ရွှမ်းလည်း အနည်းငယ် ထူးဆန်းသကဲ့သို့ ခံစားရပြီး သူမ၏ အဝတ်အစားများကို ပြန်ကြည့်လိုက်မိသည်။
“ကျွန်မရဲ့အဝတ်အစားက တစ်ခုခုလွဲနေလို့လား .. ဘာလို့ ဒီလိုကြည့်နေတာလဲ”
လီထင် ခဏတွေဝေပြီး ရှောင်ရွှမ်းကို တီးတိုးပြောလိုက်သည်။
“မင်း လင်းမိန်ဟွေ့နဲ့ အတူမနေနဲ့တော့”
“ဘာလို့လဲ”
ရှောင်ရွှမ်းအနည်းငယ် ထူးဆန်းသည်ဟု ခံစားရသည်။ လီထင်ကဲ့သို့ ကောင်းမွန်သည့် လူတစ်ဦးက အဘယ်ကြောင့် ရုတ်တရက် ဤသို့ စကားများ ပြောလာရသနည်း။
တစ်စုံတစ်ဦးက သူမ၏ နောက်ကွယ်တွင် ထူးဆန်းသည့် အရာများကို လုပ်ဆောင်နေသည်လား။
လီထင်က ရှောင်ရွှမ်းကို တိုက်ရိုက်မဖြေဘဲ တုံ့ဆိုင်းစွာ ပြောကြားလိုက်သည်။
“သူနဲ့ မပေါင်းနဲ့လို့ ပြောရင် မပေါင်းနဲ့ပေါ့”
ရှောင်ရွှမ်းနှင့် လီထင်တို့မှာ ပုံမှန်အားဖြင့် အရင်းနှီးဆုံး သူငယ်ချင်းများ ဖြစ်ကြသော်လည်း ဤသို့ လျှို့ဝှက်ချက်မျိုး မဖြစ်ဖူးပေ။
ရှောင်ရွှမ်းက ပိုမိုခေါင်းမာလာပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို လီထင်အား အတင်းအကျပ် မေးခဲ့သည်။
နောက်ဆုံး၌ လီထင်ကည ရှောင်ရွှမ်းကို အမှနာအတိုင်း ပြောပြလိုက်လေသည်။
“သူတို့အားလုံး ပြောနေကြတာ.. လင်းမိန်ဟွေ့က ယောကျ်ားတွေနဲ့ မကောင်းတဲ့ ဆက်ဆံရေးတွေရှိတယ်တဲ့၊ လူမိုက်တွေကိုတောင် ဆွဲဆောင်တယ်ဆိုပြီး၊ အခုလည်း စက်ပစ္စည်းပြင်တဲ့သူနဲ့ တွဲနေတယ်တဲ့...”
“ဒီစကားတွေကို နင်ဘယ်ကကြားလာတာလဲ.. အဲဒီလူက လင်းမိန်ဟွေ့ရဲ့...”
စကားတစ်ဝက်၌ ရှောင်ရွှမ်း အချိန်မီ ရပ်တန့်လိုက်သည်။
လင်းမိန်ဟွေ့ သူမကို ပြောပြစဉ်က သူမနှင့် ရှောင်ကျယ်တို့ လျှို့ဝှက်ထားပေးရန် တောင်းဆိုခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူတို့သည်က အထက်တန်းကျောင်းသားများသာ ရှိသေးသည်။
ဤအချိန်တွင် ခင်ပွန်းရှိနေခြင်းက အနည်းငယ် ထူးဆန်းနေပေလိမ့်မည်။
ထို့ကြောင့် သူမသည် သည်းခံရန် ရွေးချယ်လိုက်သည်။
“လီထင်၊ ငါ့ကိုယုံလိုက်.. လင်းမိန်ဟွေ့က အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး.. အခု သူက ငါတို့နဲ့ နေ့တိုင်း အတူတူရှိနေတာ ငါပိုသိတယ်”
“အဲဒါကြောင့် ငါ မင်းကို အန္တရာယ်ရှိတယ်လို့ ပြောတာပေါ့.. ဒီလိုဆက်သွားရင် အတန်းဖော်တွေက မင်းတို့ကိုပါ မကောင်းတဲ့မိန်းကလေးသုံးယောက်’လို့ ခေါ်ကြလိမ့်မယ်..
လင်းမိန်ဟွေ့ရဲ့ နာမည်ပျက်က မင်းနဲ့ ရှောင်ကျယ်ကိုပါ သေချာပေါက် ထိခိုက်လိမ့်မယ်.. မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်တယ်”
လီထင် ထိုစကားကိုပြောဆိုပြီးသည်နှင့် ရှောင်ရွှမ်းအား မည်သည့်စကားကိုမှမဆိုတော့ဘဲ စာသင်ခန်းထဲမှ အမြန် ထွက်ခွာသွားသည်။
လင်းမိန်ဟွေ့က ရှောင်ရွှမ်းကို လှမ်းခေါ်လိုက်ချိန်တွင် ရှောင်ရွှမ်း လှည့်ကြည့်လာခဲ့ပြီး ကြောင်အစွာ ပြုံးလိုက်လေသည်။
ဤကိစ္စအား လင်းမိန်ဟွေ့ကို ပြောသင့်မပြောသင့် သူမ မသေချာပေ။
နောက်မှ ပြန်စဉ်းစားလိုက်လျှင် ကောလာဟလများသည်က မကြာခင် သူ့အလိုလို ပျောက်ကွယ်သွားမည်ဟုခံစားမုသည်။ လင်းမိန်ဟွေ့ကို ဒုက္ခပေးရန် မလိုအပ်ပေ။
ကျောင်းဆင်းချိန်တွင် ရှောင်ရွှမ်းက စုန့်ယီတစ်ယောက် ကျောင်းဂိတ်၌ အချိန်မှန် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ရာသီဥတုက အေးနေသောကြောင့် စုန့်ယီမှ သူ၏ လက်များကို ပွတ်သပ်နေခဲ့သည်။
ရှောင်ရွှမ်းသည် လင်းမိန်ဟွေ့ကို ဆွဲခေါ်ပြီး ဆင်ခြေတစ်ခု ပေးလိုက်သည်။
“မိန်ဟွေ့၊ ရာသီဥတုက အရမ်းအေးတယ်၊ စုန့်ယီကို ငါတို့ကို လာမကြိုခိုင်းသင့်တော့ဘူးမလား.. ငါတို့သုံးယောက်က အဖော်ရှိနေတာလေ.. ပြီးတော့တခြားအတန်းဖော်တွေနှင့်လည်း အတူတူပြန်လို့ ရတာပေါ့”
လင်းမိန်ဟွေ့အနေဖြင့်လည်း ဤပြဿနာကို စဉ်းစားဖူးပြီး စုန့်ယီကို အကြိမ်ကြိမ် ပြောပြရန် ကြိုးစားခဲ့သော်လည်း စုန့်ယီက နားမထောင်ခဲ့ပေ။
လင်းမိန်ဟွေ့က ယခုအချိန်တွင် နေ့တိုင်း ကြိုးစား၍ စာကျက်နေခဲ့သည်။ နောက်ထပ် မည်သည့်အမှားအယွင်းမျှ မဖြစ်လိုပေ။ တစ်နှစ်ဟူသည်က လျင်လျင်မြန်မြန် ကုန်ဆုံးသွားမည်ဖြစ်၍ သည်းခံရုံဖြင့်ရပြီဟုသာ တွေးထားခဲ့သည်။
ရှောင်ရွှမ်း၏ သတိပေးစကားကို ကြားလိုက်ရလျှင် လင်းမိန်ဟွေ့အနေဖြင့် ရှောင်ရွှမ်းက စေတနာဖြင့် ပြောဆိုခြင်းဖြစ်သည်ဟု ခံစားခဲ့ရသည်။
“ရှောင်ရွှမ်း၊ ငါ အစ်ကိုစုန့်ယီကို ပြောလိုက်မယ် .. ဒါပေမဲ့ သူ နားထောင်ချင်မှ နားထောင်မှာ”
ဤအချိန်တွင် ရှောင်ကျယ်လည်း ရောက်ရှိလာပြီး ရယ်မောရင်း ပြောလာခဲ့သည်။
“စုန့်ယီက နင့်ကို နောက်ထပ်လာကြိုနေရင် ကျောင်းမှာရှိတဲ့ အတန်းဖော်တွေအားလုံး စုန့်ယီကို သိကုန်ကြတော့မယ်..
မိန်ဟွေ့၊ ငါ နင့်ကို အကြံပေးမယ်၊ သူ့ကို အမြန်ဆုံး ဖွက်ထားလိုက်တော့နော်.. မဟုတ်ရင် နင့်ဆီကနေ အလုခံရတော့မယ်”
လင်းမိန်ဟွေ့အနေဖြင့် ဤစကားများ၏ အဓိပ္ပာယ်ကို ဝိုးတဝါး နားလည်လိုက်သည်။
တစ်စုံတစ်ဦးက သူမ၏အကြောင်းကိုတစ်ခုခု ပြောထားခြင်းဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူတို့နှစ်ဦးက ဤမျှ စိုးရိမ်နေကြခြင်းဖြစ်ပေလိမ့်မည်။
လင်းမိန်ဟွေ့လည်း စုန့်ယီထံသို့ လျှောက်သွားပြီး သူနှင့်အတူ လမ်းမီးတိုင်အောက်တွင် ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။
အကြာကြီး စဉ်းစားပြီးမှ လင်းမိန်ဟွေ့ အသံတိုးတိုးဖြင့်ပြောလိုက်သည်။
“အစ်ကိုစုန့်ယီ၊ မနက်ဖြန်ညကျရင် ကျွန်မတို့ကို လာမကြိုနဲ့တော့လေ.. အဲဒီလူမိုက်တွေလည်း ဒီရက်ပိုင်း မလာကြတော့ဘူးဆိုတော့ အစ်ကို စိတ်ချလက်ချ အလုပ်လုပ်လို့ရလောက်ပြီ”
စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့က သူ ပင်ပန်းမည်ကို စိုးရိမ်သောကြောင့် ပြောလာသည်ဟု ထင်မှတ်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“မိန်ဟွေ့၊ မင်း ကိုယ့်အတွက် စဉ်းစားစရာ မလိုပါဘူး.. ကိုယ် မပင်ပန်းဘူး၊ အေးလည်း မအေးဘူး... ဆောင်းရာသီမှာ ညတွေက ပိုရှည်တော့ ဒီလို အရေးကြီးတဲ့အချိန်မှာ ကိုယ် မင်းကို ကာကွယ်သင့်တယ်”
လင်းမိန်ဟွေ့တစ်ယောက် ပြုံးရုံသာ ပြုံးလိုက်မိကာ မည်သို့ ထပ်ပြောရမှန်း မသိဖြစ်နေခဲ့သည်။
သူမသာ ထပ်မံ ပြောကြည့်ပါက စုန့်ယီဘက်မှ တစ်ခုခုဖြစ်နေကြောင်းကို တွေးတောမိလာလိမ့်မည်။
“အစ်ကိုစုန့်ယီ .. ဒီလိုသွားလာနေတဲ့အတွက် အစ်ကို့ရဲ့အချိန်တွေကို ဖြုန်းတီးသလိုဖြစ်နေတယာလေ.. အချိန်တွေပိုရရင် စက်တွေအကြောင်းကို ပိုပြီးလေ့လာတာ ဒါမှမဟုတ်တခြားနေရာကိုသွားကြည့်တာတွေ လုပ်လို့မရဘူးလား”
“ကိုယ် ဒီကို ရောက်လာတာ မင်းကို ကာကွယ်ဖို့ မဟုတ်ဘူးလား”
စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့က ထူးဆန်းနေသည်ဟု ထင်သော်လည်း သိပ်မစဉ်းစားတော့ပေ။
ကျန်းကျစ်ကုန်းနှင့် နောက်ဆုံးပြသနာဖြစ်ပျက်ခဲ့သည့်ကိစ္စ ပြီးဆုံးသည့်အချိန်မှစ၍ လင်းမိန်ဟွေ့က သူ့အပေါ်တွင် အတော်လေး စိမ်းပြီး ယဥ်ကျေးမှုအရသာ ဆက်ဆံလာခဲ့သည်။
ထိုနေ့က ရေအေးဖြင့်ချိုးရသည်ကို လင်းမိန်ဟွေ့ စိတ်ဆိုးနေမည်ကို သူ သိပေသည်။ သို့သော် သူ့ဘက်မှ လက်တွေ့ကျသည့် လုပ်ဆောင်မှုများဖြင့် သူမအတွက် ဆက်လက် ဖြည့်ဆည်းပေးနေပေဦးမည်။
လင်းမိန်ဟွေ့တစ်ယောက် မည်သည်ကိုဘမှ ထပ်မပြောတော့ဘဲ စုန့်ယီနှင့်အတူ လမ်းပေါ်တွင် တိတ်တိတ်ဆိတ်ဆိတ် လျှောက်လာခဲ့သည်။ အချိန်က အလွန် ရှည်လျားသကဲ့သို့ ခံစားရသော်လည်း တစ်နည်းအားဖြင့် အလွန် တိုတောင်းသကဲ့သို့လည်း ခံစားရပြန်သည်။
မသိလိုက်ခင်အတွင်း လင်းမိန်ဟွေ့ ညကျောင်းတက်သည်မှာ တစ်လကျော် ကြာမြင့်သွားပေပြီ။