အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း(119)
ချန်အန်းသယ် တံခါးကိုတွန်းဖွင့်၍ ဝင်လာချိန်၌ စုန့်ယီ၏ မျက်နှာတို့က ရောင်ကိုင်းနေသည်ကို မြင်လိုက်ရပြီး သူ အနည်းငယ် မသက်မသာ ခံစားလိုက်ရ၏။
သူ ယူလာသော မနက်စာကို ချလိုက်ပြီးနောက် ချန်အန်းသယ်က လေ့ကျစ်အကြောင်းကို စုန့်ယီထံသို့ ပြောပြလေသည်။
“သူတို့အကုန်လုံးကို ရဲတွေတော့ ခေါ်သွားကြပြီ ၊ ဒါပေမဲ့ သူတို့က လူမိုက်လေးတွေလေ နောက်ပြီး ပိုက်ဆံလည်းသိပ်မရှိကြဘူး၊ ဒီတော့ ဒီတစ်ခါ လျော်ကြေးက ရဖို့မဖြစ်နိုင်တော့ဘူး”
လင်းမိန်ဟွေ့လည်း နိုးလာခဲ့ပြီး ဤအကြောင်းကြားလိုက်သည်နှင့် မနေ့ညက ချန်အန်းသယ်ဘက်မှ ခွဲစိတ်ခကို ကြိုရှင်းထားခဲ့ရကြောင်းကို ပြန်တွေးမိသွားရ၏။
“အန်းသယ်…မနေ့က ခွဲစိတ်ခက ဘယ်လောက်ကျလဲ”
ချန်အန်းသယ်က ခဏလောက် အသံတိတ်သွားခဲ့သည်။
ဤကဲ့သို့သော မေးခွန်းမေးသည်မှာ ယခုအချိန်၌ မသင့်လျော်ဟု ခံစားရသောကြောင့် သူ ရှောင်တိမ်းရန် ကြိုးစားလိုက်၏။
လင်းမိန်ဟွေ့၏ ဝင်ငွေကို ကျောင်းစရိတ်နှင့် အိမ်လခကို ပေးလိုက်ရသည့်အတွက် ကုန်ဆုံးနေပြီ။ ဆိုင်မှရသော အမြတ်သည်လည်း ခွဲစိတ်ခအတွက် လုံးဝ မလုံလောက်ကြောင်း သူမ၏ စိတ်ထဲတွင် ကောင်းကောင်းကြီးသိနေခဲ့သည်။
“အန်းသယ်၊ အစ်ကိုစုန့်ယီနဲ့ ကျွန်မတို့က ဒီလိုအခြေအနေမှာတော့ ရှင်တို့ကို ချက်ချင်းပြန်ဆပ်ပေးနိုင်ဦးမှာမဟုတ်ဘူး၊ ဒီတော့ ဒီလိုလုပ်ရအောင်လေ… အခုကစပြီး ဆိုင်က ရှင်တို့အပိုင်ပဲ”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! အဲဒီဆိုင်လေးက မင်းရဲ့ ကြိုးစားအားထုတ်မှုပဲ!”
ချန်အန်းသယ်က ချက်ချင်း ငြင်းဆန်လိုက်၏။
လင်းမိန်ဟွေ့သာ မရှိခဲ့လျှင် သူ ပြောင်းလဲလာမည် မဟုတ်သကဲ့သို့ သူ၏ ဖခင်မှာလည်း သူ့အား ယုံယုံကြည်ကြည်ဖြင့် ငွေချေးပေးမည် မဟုတ်ပါချေ။
လင်းမိန်ဟွေ့က အပူခံဗူးကို ဖွင့်၍ စုန့်ယီကို ဆန်ပြုတ် အနည်းငယ် ခွံ့ကျွေးလိုက်၏။
သေသေချာချာစဉ်းစားပြီးနောက်တွင် သူမက ချန်အန်းသယ်ကို အလေးအနက် ပြောလိုက်လေသည်။
“နောက်ပိုင်း ကျွန်မ စာသွားသင်တဲ့အချိန်ကျရင် အစ်ကိုစုန့်ယီက ကျွန်မနဲ့အတူ ကျွန်မစာသင်တဲ့နေရာကို လိုက်လာလိမ့်မယ်၊
ကျွန်မရဲ့ ဆိုင်ကို ဆက်ဦးဆောင်ဖို့လည်း ဘယ်လိုမှအချိန်မရတော့ဘူး၊ ဒီတော့ ပိုက်ဆံကို ဆိုင်နဲ့ လျော်လို့ရတယ်လို့ထင်ရင် လုပ်လိုက်လို့ရတယ်”
“ပိုက်ဆံက ငါ့အဖေ ကြိုထုတ်ပေးခဲ့တာ၊ ဒါကြောင့် သူကတော့ သဘောတူမှာပဲ... ဒါပေမဲ့ မင်းတို့ နစ်နာသွားလိမ့်မယ်”
“အန်းသယ် ၊ အတူဆုံဆည်းရတယ်ဆိုတာက ကံကြမ္မာတစ်ခုပါ၊ နစ်နာတယ်၊ မနစ်နာဘူးဆိုတာ မရှိဘူး၊ ရှင်သာ မရှိခဲ့ရင် အစ်ကိုစုန့်ယီလည်း မနေ့က ခွဲစိတ်လို့ရမှာ မဟုတ်ဘူး”
လင်းမိန်ဟွေ့အနေဖြင့် ထိုဆိုင်မရှိတော့လျှင် သူမတွင် မည်သည့်ပိုင်ဆိုင်မှုမျှ မရှိတော့ကြောင်းကိုသိထားပေ၏။
ဤရက်များ၌ ရေခဲမုန့်ရောင်း၍ ရရှိခဲ့သော ငွေများက နှစ်တစ်ဝက်စာ စားစရိတ်အတွက်ပင် မလောက်ပေ။ နောက်ပိုင်းတွင် ဆင်းရဲသော ဘဝကို ပြန်နေရမည်ကို ကြောက်နေမိသည်။
သို့သော်လည်း ချန်အန်းသယ်က သူမအပေါ်တွင် ကိုယ်ချင်းစာခဲ့ပြီး ယခုဘဝ၌လည်း အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့သောကြောင့် သူမ စိတ်မရှိပါချေ။
စုန့်ယီက ခုတင်ပေါ် လဲလျောင်းနေရင်းဖြင့် သူ လင်းမိန်ဟွေ့ကို ဒုက္ခပေးခဲ့ပြီဟု ခံစားနေရသည်။
ရွာသားများ၏ ကျိန်စာက နတ်ဆိုးကဲ့သို့ပင် သူ့ နောက်သို့ လိုက်နေသကဲ့သို့ပင်။
လင်းမိန်ဟွေ့က သူ့ အမြင်ကို မေးမြန်းလာချိန်တွင် စုန့်ယီ၏ ပါးစပ်ထောင့်က အနည်းငယ်တွန့်ကွေးသွားလေ၏။
“အန်းသယ်…မိန်ဟွေ့ ဒီလိုလုပ်တာကလည်း သူ့မှာ အကြောင်းပြချက်ရှိမှာပါ၊ ဒါကြောင့် ငြင်းမနေပါနဲ့တော့၊ မင်းကို နောက်ထပ်တစ်ခု အကူအညီတောင်းချင်တာရှိသေးတယ်၊ ပြန်ရောက်ရင် အိမ်နှစ်လုံးကို ငါတို့အစား ပြန်အပ်ပေးပါဦး”
“မင်းတို့ တကယ် ပြန်မလာချင်တော့ဘူးလား”
ချန်အန်းသယ်အနေဖြင့် ဤသို့ ထွက်သွားမည်ကို အနည်းအငယ်နှမျောနေခဲ့သည်။
အတိတ်က အတက်အကျများကို ပြန်တွေးလိုက်ပြီးနောက် လင်းမိန်ဟွေ့နှင့် စုန့်ယီ ရှိနေမှသာ သူ့ ဘဝက အဓိပ္ပာယ်ရှိလိမ့်မည်ဟု ရုတ်တရက် ခံစားရလေ၏။
မထင်မှတ်ဘဲ အရာအားလုံးက ထိုလူမိုက်ကောင် ကျန်းကျစ်ကုန်းကြောင့်ပင် ပြောင်းလဲသွားခဲ့ရသည်။
“ပြန်သွားမယ်ဆိုရင်တောင် ငါတို့ အိမ်ကို တစ်နှစ်ပတ်လုံး အလွတ်ထားလို့မရဘူး၊ မိန်ဟွေ့ နောက်နှစ် ကျောင်းပြီးလို့ တက္ကသိုလ်ကိုရောက်မှ စဉ်းစားကြမယ်၊
ပြီးတော့ မင်းတို့ရဲ့ အကူအညီယူထားတဲ့ ဝမ်ဟန့် ကိုလည်း ဆက်ပြီး ဂရုစိုက်ပေးပါဦး.. အစ်မစုန့်က မိန်ဟွေ့ရဲ့ ကျေးဇူးရှင်ပဲ”
“ဒီကိစ္စအတွက် စိတ်မပူပါနဲ၊ နောက်ပြီး ငါထင်တာတော့ အဲဒီအိမ်ငှားခက မများဘူးထင်တယ်၊ ဒါကြောင့် ဆက်ငှားထားလို့ရတယ်၊ မင်းတို့ ပြန်လာရင် နေစရာအိမ်လေး ရှိနေအောင် ငါ ဆက်ထားပေးမယ်”
ချန်အန်းသယ်၏ စကားများက လင်းမိန်ဟွေ့၏ ရင်ထဲကို နွေးထွေးစေခဲ့၏။ လူတိုင်း၏ ရင်ထဲ၌ “အိမ်” ဟူသည်က နွေးထွေးသော စကားလုံးပင်။
လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ မနက်စာစားပြီးသည်နှင့် ချန်အန်းသယ်ကို မြို့သို့ စောစောပြန်ခိုင်းလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဆိုင်တွင် ဝမ်ဟန်တစ်ဦးတည်းသာ ကျန်ခဲ့သောကြောင့် သူ အလွန်အလုပ်များနေပေလိမ့်မည်။
ဆေးရုံတက်နေသော ရက်များအတွင်းတွင် လင်းမိန်ဟွေ့က စုန့်ယီကို အသေးစိတ် ဂရုစိုက်ခဲ့သည်။
နေ့ဘက်၌ လင်းမိန်ဟွေ့က ဆေးရုံ၌နေပြီး စုန့်ယီနှင့်အတူစားသောက်၍ စကားပြောပေးခဲ့၏။
ညဘက်ရောက်ချိန်တွင် ညကျောင်းသို့သွားခဲ့ပြီး၊ ညကျောင်းဆင်းသည်နှင့် လင်းမိန်ဟွေ့က ဆေးရုံကို ပြန်လာပြီး စုန့်ယီ၏ ခုတင်ဘေးရှိ ကြမ်းပြင်ပေါ်၌ အိပ်ရာပြင်၍ နားခဲ့သည်။
အတူတူရှိခဲ့သော ရက်များတွင် လင်းမိန်ဟွေ့တစ်ယောက် ရွာ၌ ရှိခဲ့သောအချိန်များကို မတွေးဘဲ မနေနိုင်ချေ။
ထိုအချိန်မှာ အလွန်ဆင်းရဲသော်လည်း အလွန်ပင် လက်တွေ့ကျခဲ့၏။
“မိန်ဟွေ့၊ ဒီရက်ပိုင်း အဲဒီကောင်မလေးတွေ မင်းကို ထပ်အနိုင်ကျင့်ကြသေးလား”
စုန့်ယီ၏ ခန္ဓာကိုယ်က ဤရက်များ၌ ပိုမိုကောင်းမွန်လာသောကြောင့် သူက လင်းမိန်ဟွေ့နှင့် စကားပြောရန် ဘေးသို့လှည့်လိုက်၏။
လင်းမိန်ဟွေ့က စာဖတ်နေခြင်းဖြစ်ပြီး စုန့်ယီ မေးသည်ကို ကြားလျှင် ပြန်ဖြေလာခဲ့လေသည်။
“သူတို့က မရင့်ကျက်သေးတဲ့ ကောင်မလေးတွေပါပဲ၊ ကျွန်မက သူတို့ထက် ပိုနာမည်ကြီးသွားတယ်လို့ ခံစားနေရလို့ဖြစ်လိမ့်မယ်၊
စိတ်မပူပါနဲ့… နောက်ပိုင်း ကျွန်မ ပိုပြီး ဆင်ခြင်ပါ့မယ်၊ စကားလည်း အရမ်းလည်း မပြောတော့ဘူး၊ တဖြည်းဖြည်း အဆင်ပြေသွားမှာပါ”
စုန့်ယီ မေးသည်က ထိုအကြောင်းကိုမဟုတ်ပါချေ။
လင်းမိန်ဟွေ့က တမင်စကားလမ်းကြောင်းလွှဲနေကြောင်းကို သူသိ၏။
“အရင်တုန်းက သူတို့က ကိုယ်နဲ့မင်းရဲ့ ဆက်ဆံရေးကို ပုံမှန်မဟုတ်ဘူး၊ ကိုယ့်ကိုယ် ရိုင်းစိုင်းတယ်ဆိုပြီ စကားပြောခဲ့ကြတယ်၊ အခု ထပ်ပြောကြသေးလား”
“ဟင့်အင်း၊ အရင်တစ်ခေါက်တုန်းက ရှင်းပြပြီးသားပါလေ၊ ရှင်က ကျွန်မရဲ့ အစ်ကိုပါဆိုပြီး…”
ဤရက်များ၌ ဟူကျွမ့်နှင့် လျိုယင်တို့က ပိုမိုဆိုးရွားလာခဲ့ပြီး တစ်ခါတစ်ရံ၌ စားပွဲခုံထဲသို့ ကြွက်သေများ၊ မြွေသေများပင် ထိုးထည့်လာကြသည်။
လင်းမိန်ဟွေ့က မကြောက်ခြင်းမဟုတ်သော်လည်း ဤသို့သော ကိစ္စများမှာ ရှောင်လွှဲ၍ မရဟုသာ ခံစားရသည်။
ညကျောင်းမှာ တစ်နှစ်သာတက်ရမည်ဖြစ်သောကြောင့် ကျော်ဖြတ်ရုံမှလွဲ၍ တခြားမရှိတော့ချေ။
သူမက ဤအကြောင်းများကို စုန့်ယီ သိသွားပြီး စိုးရိမ်သွားမည်ကို မလိုလားပါချေ။
သူက ခုတင်ပေါ်၌ လဲလျောင်းပြီး သူမ ဂရုစိုက်ပေးခြင်းနှင့်ပင် အတော်လေး မသက်မသာ ဖြစ်နေရပြီးပင်။
စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့၌ သူ့ကို ဖုံးကွယ်ထားသောအရာများ ရှိနေသေးကြောင်း သိရှိနေခဲ့သော်လည်း မေးကြည့်လျှင်ပင် ထူးခြားမည် မဟုတ်သောကြောင့် လင်းမိန်ဟွေ့ကိုသာ သတိပေးလိုက်ရ၏။
“ညဉ့်နက်တဲ့အထိ စာမကြည့်နဲ့၊ မဟုတ်ရင် မျက်စိထိခိုက်လိမ့်မယ်”
လင်းမိန်ဟွေ့က စာအုပ်ကို ဘေးသို့ချလိုက်ပြီး အနားယူရန် ပြင်ဆင်နေချိန်တွင် စုန့်ယီ၏ ညင်သာစွာ မေးလာသည့်စကားကို ကြားလိုက်ရသည်။
“မိန်ဟွေ့၊ မင်း ကိုယ်နဲ့အတူရှိနေလို့နောင်တရနေတယ်ဆိုရင် မင်းတက္ကသိုလ်ပြီးတဲ့အချိန် ကိုယ်တို့ ကွာရှင်းကြမလား”
“အစ်ကိုစုန့်ယီ၊ ရှင် ဘာလို့ ဒီလိုစကားတွေ ပြောနေရတာလဲ”
“မင်း ကြိုးစားတဲ့အချိန်တိုင်း ကိုယ့်ကတစ်ခုခုဖြစ်ပြီး မင်းကို ဆွဲထားမိတယ်၊ ကိုယ်က ကောင်းကင်ကနေ ကျလာတဲ့ ဂြိုဟ်ဆိုးဖြစ်နေလောက်မယ်ထင်တယ်”
လင်းမိန်ဟွေ့ ထထိုင်လိုက်ပြီး အမှောင်ထဲမှ စုန့်ယီကို ကြည့်လိုက်ကာ သူမ နှလုံးသားထဲတွင် အနည်းငယ် ပူပန်လာခဲ့ရငည်။
“ဒီတစ်ခါ ပြဿနာရှာတာ အဲဒီလူမိုက်တွေပါ၊ ရှင့်ရဲ့အမှား မဟုတ်ဘူး၊ တကယ်လို့ အကြောင်းပြချက်ကို ရှာရမယ်ဆိုရင် အဲဒါကကျွန်မကြောင့်ပဲ…”
စုန့်ယီ သက်ပြင်းချပြီး အမှောင်ထဲမှ သွယ်လျသော ခန္ဓာကိုယ်လုံးကို စိုက်ကြည့်လျက် သူ့၏ စိတ်ပူပန်မှုများအကြောင်း ပြောပြလိုက်သည်။
“မင်း တက္ကသိုလ်ပြီးသွားရင် ပိုကောင်းတဲ့ အလုပ်တစ်ခု ရလာလိမ့်မယ်၊ ပိုပြီးကောင်းမွန်တဲ့ လူငယ်လေးတွေကလည်း မင်းကို ကြိုက်လာလိမ့်မယ်၊ ကိုယ် မင်းကို ဆွဲထားလို့ မဖြစ်ဘူး”
“အစ်ကိုစုန့်ယီ၊ ရှင်လည်း စာဆက်သင်လို့ရတာပဲ…”
“မိန်ဟွေ့၊ မမိုက်မဲစမ်းပါနဲ့၊ ကိုယ်က ကျောင်းကို အစောကြီးကတည်းက ထွက်ခဲ့တာ၊ အခုလည်း မင်း တက္ကသိုလ်တက်ဖို့အတွက် တစ်ယောက်ယောက်က အနောက်ကနေ ပံ့ပိုးပေးဖို့ လိုအပ်တယ်”
သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားခဲ့သည်။ သူတို့စိတ်ထဲ၌ တစ်စုံတစ်ခုရှိနေသော်လည်း တစ်ဦးကိုတစ်ဦး စိတ်မပူစေချင်ကြပါချေ။
စုန့်ယီ ဆေးရုံမှ ဆင်းသောအချိန်တွင် လင်းမိန်ဟွေ့က သူ၏ လက်မောင်းကို သူမပခုံးပေါ်သို့ တင်ခိုင်းပြီး လျှောက်လာခိုင်းခဲ့ရသည်။
စုန့်ယီက အလွန်အားနည်းနေသေးပေ၏။
ကံကောင်းသည်မှာ ရှောင်ရွှမ်းက အိမ်ရှင်ထံမှ စက်ဘီးငှားခဲ့သောကြောင့် လင်းမိန်ဟွေ့က စုန့်ယီကိုတင်ကာ ငှားထားသော အိမ်သို့ တွန်း၍ ပြန်လာခဲ့သည်။
မထင်မှတ်ဘဲ ဤမြင်ကွင်းကို ဟူကျွမ့်က မြင်သွားခဲ့၏။ သူမက တိတ်တဆိတ် လင်းမိန်ဟွေ့နှင့် တခြားလူများ ငှားထားသော အိမ်အထိ လိုက်သွားခဲ့၏။
လင်းမိန်ဟွေ့က စောင်များကို စုန့်ယီ၏အခန်းထဲသို့ ထည့်နေသည်ကို သူမ မျက်လုံးဖြင့် မြင်လိုက်ရချိန်တွင် အနည်းငယ်ကြောင်အ,သွားခဲ့မိသည်။
လင်းမိန်ဟွေ့နှင့် စုန့်ယီမှာ တကယ်တမ်းတွင် ဇနီးမောင်နှံများ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမက အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ နောက်ဆုံး၌ လင်းမိန်ဟွေ့၏ အားနည်းချက်ကို ဖမ်းမိခဲ့ပြီပင်။
ဤတစ်ကြိမ်၌ သူမ မည်သို့ လိမ်ညာလိမ့်မည်ကို စောင့်ကြည့်ရပေဦးမည်။
ဟူကျွမ့်က အခြေအနေကို အခွင့်ကောင်းယူကာ ဓာတ်ပုံဆရာကို ခေါ်၍ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ အတူတကွ အခန်းထဲ ဝင်သွားသော ဓာတ်ပုံကို ရိုက်ယူခိုင်းလိုက်၏။
*
အခန်း (120)
ဓာတ်ပုံစတူဒီယိုမှ ဓာတ်ပုံများ ရရှိချိန်တွင် ဟူကျွမ့်က ၎င်းတို့ကို လက်ချောင်းများကြားတွင် ညှပ်ကိုင်ထားပြီး အလွန်ပင် ပျော်ရွှင်နေခဲ့လေသည်။
လင်းမိန်ဟွေ့၏ အံ့သြထိတ်လန့်နေသည့် မျက်လုံးများနှင့် ကျောင်းသားများထံမှ ရရှိမည့် အေးစက်ရွံရှာသော အကြည့်များကို တွေးမိပြီးနောက် ဟူကျွမ့်တစ်ယေုက် ထိုမြင်ကွင်းကို မြင်တွေ့ရန်အတွက် မစောင့်နိုင်တော့ပေ။
ဆောင်းရာသီသို့ ရောက်တော့မည်ဖြစ်ပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုရန် ခြောက်လသာ ကျန်တော့သည်။
လူတိုင်းကည စာကို အသည်းအသန် ကြိုးစားနေကြပြီဖြစ်ကာ စကားပြောဆိုခြင်းများကိုရပ်တန့်ကာ စာကျက်ခြင်း၌သာ အာရုံစိုက်နေကြသည်ကို တွေ့မြင်နိုင်ပေသည်။
ဤရက်ပိုင်းအတွင်း လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီကို ပြုစုနေရသည်ဖြစ်၍ ရှောင်ရွှမ်းနှင့် ရှောင်ကျယ်ကိုသာ ကျောင်းသို့ ဦးစွာလာခိုင်းလိုက်ရသည်။
သူမ အတန်းထဲသို့ ဝင်လိုက်ချိန်တွင် လူတိုင်းက စာကျက်နေခဲ့ကြပြီဖြစ်သည်။ လင်းမိန်ဟွေ့တစ်ယောက် သူမ၏ထိုင်ခုံ၌ ထိုင်ပြီး စာအုပ်ထုတ်ရန်အတွက် စားပွဲခုံအံဆွဲထဲသို့ လက်နှိုက်လိုက်ချိန်တွင် ရုတ်တရက် ကတ်ပြားတစ်ခုကို စမ်းမိလိုက်သည်။
သူမ ထိုအရာကို ထုတ်ကြည့်လိုက်လျှင် ကတ်ပြားပေါ်၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပွေ့ဖက်ထားပြီး ရင်းနှီးလွန်းနေသည့်လုပ်ရပ်မျိုးကို တွေ့လိုက်ရသည် ။
သူမ နောက်တစ်ပုံသို့ လှန်ကြည့်လိုက်လျှင် သူမ စုန့်ယီကို အခန်းထဲသို့ တွဲခေါ်သွားသည့် ဓာတ်ပုံဖြစ်နေခဲ့သည်။
ထို့အပြင် တခြားပုံများမှာ ညစ်ပတွလွန်းသည့် နည်းဖြင့် ဖြတ်ညှပ်ကပ်ထားသည့်ပုံများ ဖြစ်ပေသည်။ မြင်မကောင်းလောက်အောင် ရွံစရာကောင်းသည့် မြင်ကွင်းများဖြစ်ပြီး လင်းမိန်ဟွေ့နှင့် စုန့်ယီတို့၏ ဦးခေါင်းများကို ပေါင်းစပ်ထားသည့်အတွက် ကြည့်ရဲစရာမရှိပါချေ။
ထိုအချိန်၌ ဆရာမက စားပွဲနားသို့ ရောက်လာသည့်အတွက် လင်းမိန်ဟွေ့လည်း ထိတ်လန့်သွားပြီး ဓာတ်ပုံကို စားပွဲထဲသို့ အမြန်ထိုးထည့်လိုက်ကာစာအုပ်ရှာသကဲ့သို့ ဟန်ဆောင်လိုက်သည်။
လင်းမိန်ဟွေ့၏ မျက်နှာမကောင်းသည်ကို တွေ့လျှင် ဆရာမက စိုးရိမ်တကြီး မေးမြန်းလာသည်။
“ကျောင်းသူ လင်းမိန်ဟွေ့၊ နေမကောင်းဘူးလား.. မင်းကို ဆရာဝန်ဆီ လိုက်ပို့ပေးရမလား”
“ဆရာမ၊ ကျွန်မ နေမကောင်းတာ မဟုတ်ပါဘူး၊ ဒီရက်ပိုင်း နည်းနည်း ပင်ပန်းနေလို့ပါ...”
လင်းမိန်ဟွေ့တစ်ယောက် ယခုလေးတင် မြင်လိုက်ရသည့် မြင်မကောင်းသည့် ပုံများကို သတိရမိလျှင် မျက်နှာများ နီရဲလာပြီး ရင်ခုန်သံများ မြန်လာလေသည်။
ထိုအချိန်၌ သူမ၏ ဆင်ခြင်တုံတရားများသည်က ရေနွေးပူဖြင့် လောင်းချခံရသကဲ့သို့ ခံစားရပြီး တစ်ကိုယ်လုံး လေဟာနယ်ထဲသို့ ရောက်နေသကဲ့သို့ပင် ရှိနေခဲ့သည်။ ဘေးနားမှ ဟူကျွမ့်သည်ကား လင်းမိန်ဟွေ့ ထိုသို့ ဖြစ်နေသည်ကို မြင်ပြီးအလွန်ပင်ပျော်နေခဲ့သည်။
သူမ လိုချင်သည့်အတိုင်းတော့ မဖြစ်သေးပါချေ။
သူမက စာအုပ်ကောက်သကဲ့သို့ဟန်ဆောင်ကာ လင်းမိန်ဟွေ့၏ ဓာတ်ပုံကို မတော်တဆ ကြမ်းပြင်ပေါ်သို့ပစ်ချပြီး လူတိုင်းကိုသိသွားစေမည်ဟု တွေးထားခဲ့သည်။
မထင်မှတ်ဘဲ လင်းမိန်ဟွေ့၏ တုံ့ပြန်မှုက အလွန် မြန်ဆန်နေခဲ့ပြီး စားပွဲထဲသို့ ပြန်ထိုးထည့်ခဲ့သည်။
သို့သော် နောက်တစ်ဆင့်တွင် ပိုကောင်းသည့်ကြည့်စရာများ ရှိနေသေးသည်။ ဟူကျွမ့် အသက်ကိုပြင်းပြင်းရှူပြီး လင်းမိန်ဟွေ့ စာအုပ်ကိုဖွင့်လာသည်ကို စောင့်နေခဲ့သည်။
ထိုနေရာ၌ ၎င်းအတွက် နောက်ထပ် အံ့သြစရာ တစ်ခု ရှိနေသေးသည်ပင်။
လင်းမိန်ဟွေ့ စာအုပ်ဖွင့်လိုက်သည်နှင့် မျက်နှာများကိုပင် နီရဲစေလောက်သည့် ဓာတ်ပုံတစ်ပုံက သူမ၏ ရှေ့တွင် ပေါ်လာခဲ့သည်။
လင်းမိန်ဟွေ့တစ်ယောက် စာအုပ်ကို အမြန် ပိတ်လိုက်သည်။ လှုပ်ရှားမှုက အလွန်ပြင်းထန်သည့်အတွက် လူတိုင်းက သူမကို လှည့်ကြည့်လာခဲ့ကြသည်။ ရှောင်ရွှမ်းပင် သူမက်သို့လှည့်လာကာ လင်းမိန်ဟွေ့ကို မေးလာလေသည်။
“မိန်ဟွေ့၊ အဆင်ပြေရဲ့လား.. ဘာလို့ မျက်နှာတွေ နီရဲနေတာလဲ”
လင်းမိန်ဟွေ့ ခေါင်းခါလိုက်ပြီး လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိလျက် အဆင်ပြေကြောင်း ပြသလိုက်သည်။
ထိုအချိန်မှသာ ရှောင်ရွှမ်း ပြန်လှည့်သွားခဲ့လေသည်။
ဆရာမက စသင်နေပြီဖြစ်သည့်အတွက် လင်းမိန်ဟွေ့သည်လည်း ဓာတ်ပုံများကို ဂရုတစိုက် ထုတ်ယူကာ ကျောင်းလွယ်အိတ်ထဲသို့ ထိုးထည့်လိုက်ရသည်။
မည်သူက ဤလုပ်ရပ်ကို လုပ်ထားခြင်းဖြစ်ကြောင်းကို သူမ သိသည်။ သို့သော် ဤအချိန်၌ ဒေါသကို မြိုသိပ်ကာ ငြိမ်းချမ်းစွာ နေထိုင်ရန်သာ တတ်နိုင်တော့သည်။
နောက်ဆုံးတော့ စာသင်ချိန် ပြီးသွားသည့်နောက် လင်းမိန်ဟွေ့ ထရပ်ပြီး ပြန်တော့မည့်အချိန်တွင် ဟူကျွမ့်က လင်းမိန်ဟွေ့၏ စားပွဲနားသို့ လျှောက်လာပြီး ပြောခဲ့သည် ။
“လင်းမိန်ဟွေ့၊ နင့် စားပွဲထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ.. ဘာလို့ အရမ်းဂရုစိုက်နေရတာလဲ”
“ဘာမှမဟုတ်ပါဘူး.. ကျွန်မ အိမ်ပြန်တော့မယ်၊ ကျေးဇူးပြုပြီး ဖယ်ပေးပါဦး”
လင်းမိန်ဟွေ့က သူမ၏ ကျောင်းလွယ်အိတ်ကို အလိုလို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဟူကျွမ့် ကျောင်းလွယ်အိတ်ကို ဆွဲယူသွား၍ မရပါချေ။
လင်းရှောင်ရွှမ်သည်လည်း ဟူကျွမ့်က မကောင်းကြံတော့မည်ကို သိသည့်အတွက် သူမကို လင်းမိန်ဟွေ့၏ရှေ့တွင် ရပ်ပြီး ပြောလိုက်သည် ။
“ဟူကျွမ့်၊ နင် အားနေပြန်ပြီထင်တယ်.. ငါ ခန့်မှန်းတာမှန်ရင် လေ့ကျစ်ကိုလည်း နင်ပဲ ခေါ်လာခဲ့တာမလား”
လင်းရှောင်ရွှမ်း ဤကိစ္စကို သူမ၏ ဆွေမျိုးများမှတစ်ဆင့် သိခဲ့ရခြင်း ဖြစ်သည်။
ထိုအကြောင်းကို သိပြီးသည့်နောက်တွင် လင်းမိန်ဟွေ့ကို ဒေါသမထွက်စေချင်တော့သည့်အတွက် မည်သည့်အရာကိုမှ မပြောဘဲ နေခဲ့ခြင်းဖြစ်သည်။
ဟူကျွမ့် ထိုမျှ မျက်နှာပြောင်တိုက်နေသည်ကို တွေ့လျှင် လင်းရှောင်ရွှမ်း ခေါင်းခါ၍ ပြောသည်။
“နင့်ရဲ့ မာနအတွက် လင်းမိန်ဟွေ့ကို ဒီလို ယုတ်မာတဲ့နည်းလမ်းတွေ သုံးရဲတယ်ပေါ့.. နင် တခြားသူတွေကို ထိခိုက်အောင် လုပ်နေတယ်ဆိုတာ မသိဘူးလား”
ဟူကျွမ့်တစ်ယောက် သူမ၏စကားကို ကြားလျှင် အနည်းငယ်လောက် မှားသွားပြီဟု ခံစားရသည်။
သို့သော် လေ့ကျစ်က အဖမ်းခံရပြီးနောက်တွင် စုန့်ယီကို တမင်တကာ နာကျင်စေမှုဖြင့် နှစ်နှစ် အပြစ်ပေးခံရသည့်နောက် ထိုလူမိုက်များ လမ်းပေါ်မှ ပျောက်ကွယ်သွားခဲ့ကြောင်းကို သိထားခဲ့သည်။
လေ့ကျစ် မပေါ်လာသရွေ့ မည်သူကမှ အမှန်တရားကို သိမည်မဟုတ်ပေ။
“နင် က လင်းမိန်ဟွေ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဆိုတာ ဘယ်သူမသိလို့လဲ၊ နင့်သူငယ်ချင်းကို ကာကွယ်ဖို့ ငါ့ကို တမင်တကာ စွပ်စွဲနေတာမလား...”
ထိုအချိန်၌ အတန်းခေါင်းဆောင် လီထင်က ထရပ်လိုက်ပြီး သူတို့ကိုပြားဝင်ဖြန်ဖြေလိုက်သည်။
“အခု စာကျက်နေရတော့ လူတိုင်းလည်း ပင်ပန်းနေကြပြီ.. အိမ်ကို စောစောပြန်ကြရအောင်၊ ဒီအသေးအဖွဲ ကိစ္စလေးနဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အနှောင့်အယှက် မဖြစ်ပါစေနဲ့၊ မင်းတို့ ဒီကို ဘာအတွက်လာတယ်ဆိုတာ မမေ့နဲ့ဦး”
လင်းမိန်ဟွေ့က စာကျက်ခြင်းက အရေးကြီးကြောင်းကို သေချာပေါက် သိသည်။ သို့သော် ဟူကျွမ့်က ယခု ရူးသွပ်နေသကဲ့သို့ ဖြစ်နေကာ ဤရက်ပိုင်း သူမကို ပစ်မှတ်ထားရန် နည်းလမ်းများစွာ ရှာနေခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က စားပွဲထဲမှ မြွေသေများ၊ ကြွက်သေများလည်း သူမ၏ လက်ချက်ပင် ဖြစ်ရမည်။ သို့သော် သူမက မကြောက်ခဲ့ပါချေ။ ခဏလောက် ပျို့အန်ချင်ခဲ့ရုံသာ ဖြစ်ခဲ့သည်။
ဟူကျွမ့် လှောင်ပြောင်၍ ပြောလာသည်။
“စာကျက်ဖို့ဆိုတာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေလည်း လိုတယ်
အခု လင်းမိန်ဟွေ့က မျက်နှာပြောင်တိုက်တဲ့ ကိစ္စတစ်ခု လုပ်ခဲ့ပြီဆိုတော့ ဘယ်သူက စာကျက်ဖို့ စိတ်ဝင်စားဦးမှာလဲ”
“ညစ်ပတ်တဲ့လူတွေမှ တခြားလူတွေကို ဒီလိုမျိုးကြည့်နေလိမ့်မယ်.. လင်းမိန်ဟွေ့ ဘာလုပ်ခဲ့လို့လဲ၊ သူ့ကို ဘာလို့ ဒီလိုတွေပြောနေရတာလဲ”
လင်းရှောင်ရွှမ်းမှာ တစ်ဖက်လူ၏စကားကို ကြားလျှင် ပို၍ ဒေါသထွက်လာပြီး ဟူကျွမ့်ကို ရိုက်ပစ်လိုက်ချင်စိတ် ပေါက်လာရသည်။
ဤရက်ပိုင်း လင်းမိန်ဟွေ့တစ်ယောက် အလွန်ပင် ပင်ပန်းနေပေပြီ။ စုန့်ယီကို ပြုစုရသကဲ့သို့ ကျောင်းလည်း တက်ရသည်။ အသွားအပြန်လုပ်ရင်း ပိန်ကျသွားခဲ့ရပေပြီ။
ဒါကို ဟူကျွင့်က လင်းမိန်ဟွေ့ကို ဘာလို့ ဒီလိုတွေထပာပြီး ဒုက္ခပေးနေရတာလဲ။
ဟူကျွမ်က လင်းမိန်ဟွေ့၏ ပခုံးပေါ်မှ လွယ်အိတ်ကို စိုက်ကြည့်ရင်း မျက်လုံးများထဲတွင် ဂုဏ်ယူမှုများ ရောယှက်ကာ ပြောလာခဲ့သည်။
“သူ ဘာလုပ်ခဲ့လဲဆိုတာလား.. သူ့ရဲ့အိတ်ကို ဖွင့်ကြည့်လိုက်တာနဲ့ သိရလိမ့်မယ်.. သူ ဒီလောက် တင်းကျပ်အောင် ဖုံးထားတာက ဘာတွေကိုလဲဆိုတာ မမြင်ချင်ကြဘူးလား”
ကျောင်းသားတချို့မှာ မူလကအိမ်သို့ ပြန်ရန်သာ တွေးနေခဲ့ကြသည်။ သို့သော် ဟူကျွမ်ံ၏လှုံ့ဆော်မှုအပြီးတွင် လူတိုင်းက စိတ်ဝင်စားလာခဲ့ကြသည်။
လင်းမိန်ဟွေ့က မလှုပ်မယှက် ရပ်နေပြီး သူမ၏ ပခုံးပေါ်မှ အိတ်ကိုသာ တင်းကျပ်စွာ ကိုင်ထားသည်။
သူမ၏ ပုံမှန် စိတ်ရှည်တတ်သည့် အမူအရာတို့လည်းပျောက်ကွယ်နေပြီး အေးစက်ခက်ထန်နေခဲ့သည်။
“ဟူကျွမ့်၊ နင်သာ ဒီလို ဆက်ပြီး ပြဿနာရှာနေမယ်ဆိုရင် အကျိုးဆက်တွေကို နင်ပဲ ခံရလိမ့်မယ်...”
“လင်းမိန်ဟွေ့၊ နင်ကြောက်နေပြီထင်တယ်.. အတန်းထဲမှာတုန်းက နင်တစ်ခုခု မှားနေတယ်ဆိုတာ ငါ သတိထားမိတယ် နင့်အိတ်ထဲမှာ အရှက်ရစရာ တစ်ခုခု ရှိနေတာဖြစ်ရမယ်...”
“နင် တကယ် ကြည့်ချင်တယ်ဆိုတာ သေချာလား”
လင်းမိန်ဟွေ့၏ မျက်လုံးများက စူးရဲ လာပြီး သူမ၏ နက်မှောင်သည့် မျက်ဝန်းထဲတွင် ဟူကျွမ်၏ ဂုဏ်ယူနေသည့် မျက်နှာကသာ ထင်ဟပ်နေသည်။
သို့သော် လင်းမိန်ဟွေ့က မကြောက်ခဲ့ပေ။
ဟူကျွမ် စိတ်ထဲမှ တွေးလိုက်သည်။
အခုက လင်းမိန်ဟွေ့ကို လုံးဝ မထနိုင်အောင်လုပ်ဖို့အချိန်ကျပြီ။
“ နင်သတ္တိရှိရင် နင့်အိတ်ကို ဖွင့်ပြီး ကျောင်းသားတွေကို ကြည့်ခိုင်းလိုက်လေ”
“ အထဲမှာရှိနေတာတွေက နင်ပြောခဲ့တဲ့အတိုင်း မဟုတ်ဘူးဆိုရင် ဟူကျွမ့်.. နင် ပြောတဲ့စကားအတွက် နင်တာဝန်ယူရမယ်...”