အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အခန်း(135)
စုန့်ယီ ကျောင်းထဲမှ ထွက်လာချိန်တွင် လင်းမိန်ဟွေ့ပြောခဲ့သော ဘဝအတွက်တိုးတက်စေရန် ဆိုသည့် စကားကိုသာ စဉ်းစားနေမိ၏။
ဤပေကျင်းမြို့ကြီးတွင် အလုပ်ကြမ်းလုပ်ခြင်းမှလွဲ၍ တခြား သော ငွေများများရသည့် အလုပ်မျိုးကို သူ စဉ်းစားမရသေးချေ။
သူ ရထားဘူတာအနီးရှိ တည်းခိုခန်းလေးဆီသို့ လေးလံသော ခြေလှမ်းများဖြင့် လျှောက်လာခဲ့သည်။
ထိုတည်းခိုခန်းက မကြီးပါချေ။ ဆိုင်ရှင်အမျိုးသမီးက အခန်းလေးများကို ကန့်ထားခြင်းသာဖြစ်၏။ စုန့်ယီ နေရသော အခန်းက ကုတင်တစ်လုံးစာသာရှိသော နေရာလေးပင် ဖြစ်ပေသည်။
အကယ်၍ သူသာ ကြိုးစားမှုမရှိပါက နောက်ပိုင်းတွင် မိန်ဟွေ့သည်လည်း သူနှင့်အတူ ဤကဲ့သို့သော နေရာမျိုးတွင် နေထိုင်ကာ သူ ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို အတူခံစားရပေလိမ့်မည်ကို သူ ရုတ်တရက် သဘောပေါက်သွားရ၏။
စုန့်ယီသည် ဤအတိုင်း ဆက်မသွားနိုင်တော့ဟု တွေးတောမိကာ ဟိုတယ်ထဲမှ ပြန်ထွက်လာခဲ့ပြန်သည်။
လမ်းပေါ်သို့ ရောက်သည်နှင့် တစ်နေရာတွင် ချိတ်ဆွဲထားသော စာတန်းအနီကြီးတစ်ခုကို တွေ့လိုက်ရ၏။ ထိုသည်မှာ စစ်တပ်ထဲသို့ဝင်ရောက်ခြင်းသည်က ဂုဏ်ယူစရာဖြစ်ကြောင်း ရေးသားထားခြင်းပင်။
စုန့်ယီ၏ စိတ်ထဲတွင် အတွေးတစ်ခု ချက်ချင်း ပေါ်လာခဲ့ပေသည်။ သူ စစ်သားတစ်ယောက် ဖြစ်လာနိုင်သည် မဟုတ်ပါလား။
တပ်မတော်ထဲတွင် သူ့အနေဖြင့် ထောက်ပံ့ကြေးနှင့် လစာလည်း ရရှိမည်ဖြစ်၍ ပိုက်ဆံများကို ပြန်ပေးနိုင်ပေလိမ့်မည်။ ထို့အပြင် သူ့ကိုယ်သူလည်း ကောင်းစွာ လေ့ကျင့်နိုင်မည် မဟုတ်ပါလား။
ထိုသို့တွေးတောပြီးနောက် စုန့်ယီက စစ်သားများစုဆောင်းသည့် နေရာဆီသို့ သွားခဲ့လေသည်။
ထိုနေရာသို့ ရောက်သည်နှင့် စစ်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးက လာရောက်မေးမြန်းလာ၏။
“ရဲဘော်၊ စစ်ထဲကိုဝင်ချင်လို့လား? စစ်သားလုပ်တာ ကောင်းတယ်၊ တိုင်းပြည်နဲ့ မိသားစုကို ကာကွယ်ရမှာဆိုတော့ မင်းက လူစွမ်းကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ်၊ စစ်သားလုပ်ရင် မိသားစုအတွက်လည်း ဂုဏ်တက်စေတယ်၊ ရဲဘော် ဒီဖောင်လေးကို ဖြည့်ပေးပါဦး”
စုန့်ယီ ဖောင်ကို ယူကြည့်လိုက်လျှင် ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာ ဖောင်တစ်ခုဖြစ်နေကြောင်းကို တွေ့လိုက်ရလေ၏။ အစပိုင်းတွင် သူ အနည်းငယ် ထိတ်လန့်သွားသော်လည်း ယခုတွင်တော့ ပို၍ စိတ်ပိုင်းဖြတ်လိုက်နိုင်ပြီ ဖြစ်ပေသည်။
စုန့်ယီက အရာရှိကမ်းပေးလာသော ဘောပင်ကို ယူပြီး အနီးရှိ စားပွဲတွင် ဖောင်ဖြည့်လိုက်သည်။
ထိုအခိုက်တွင်လူငယ်တစ်ဦးက အနားသို့ရောက်လာပြီး စုန့်ယီအား တီးတိုးမေးလာသည်။
“မင်းက ဘာလို့ စစ်ထဲကိုဝင်ချင်တာလဲ? စစ်သားလုပ်ရတာ အရမ်းပင်ပန်းတယ်လို့ ငါ ကြားဖူးတယ်”
“ငါ ပင်ပန်းမှာကို မကြောက်ဘူး၊ ငါ့ကိုယ်ငါ လေ့ကျင့်ပေးဖို့နဲ့ တစ်ခုခု သင်ယူချင်လို့ စစ်တပ်ထဲကိုဝင်ချင်တာ”
စုန့်ယီ၏ စကားတို့က လူတိုင်းအတွက် စံနမူနာကောင်းတစ်ခု ဖြစ်သွားခဲ့သည်။ သူသည်က ပင်ပန်းဆင်းရဲမှုကို ကြောက်သောသူ မဟုတ်ချေ။
ယခုအချိန်တွင် လင်းမိန်ဟွေ့အတွက် ကိုယ့်ကိုယ်ကိုယ် ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်လိုစိတ်တို့ ရှိနေခဲ့သည်။
အရာရှိက စုန့်ယီကို ချီးကျူးလိုက်၏။
“ဒီရဲဘော်ရဲ့ အတွေးက အရမ်းကောင်းတယ်၊ တပ်မတော်ဆိုတာ လူတွေကို လေ့ကျင့်ပျိုးထောင်ပေးတဲ့ နေရာပဲ၊ သုံးလအတွင်း မင်းရဲ့ ရုပ်ရည်ရော စိတ်ဓာတ်ပါ အကုန်ပြောင်းလဲသွားစေရမယ်လို့ ငါ အာမခံတယ်”
စုန့်ယီတစ်ယောက် ဖောင်တင်ပြီးနောက် ကျန်းမာရေးစစ်ဆေးမည့် အချိန်ကို သတ်မှတ်ပြီးချိန်တွင် ပြောမပြတတ်လောက်အောင် စိတ်ပေါ့ပါးသွားရ၏။
သူက သူ၏ လမ်းကြောင်းကို ရှာတွေ့သွားသကဲ့သို့ ခံစားရသည်။
နောက်ထပ် တုံ့ဆိုင်းနေရန် မလိုတော့ချေ။
စည်ကားလှသော ပေကျင်းလမ်းမများပေါ်တွင် လမ်းလျှောက်ရင်း စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့ကို ဆက်သွယ်ကာ သူ၏ အစီအစဉ်များကို ပြောပြချင်နေမိသော်လည်း လင်းမိန်ဟွေ့သည်က စာသင်ခန်းထဲတွင် စာကြိုးစားနေမည်ဖြစ်ရာ သူ၏ စကားများကို နားထောင်ရန် အချိန်မရှိနိုင်ကြောင်းကို သူ သိနေခဲ့ပေသည်။
စုန့်ယီတစ်ယောက် ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်လာရင်း တက္ကသိုလ်ဂိတ်ဝသို့ ပြန်ရောက်လာခဲ့ပြန်၏။
စုန့်ယီတစ်ယောက် တပ်ထဲတွင် ကြိုးစားအားထုတ်ပြီး နောက်သုံးနှစ်ကြာလျှင် လင်းမိန်ဟွေ့ထံသို့ အသစ်သစ်ပြောင်းလဲပြီး တွေ့ဆုံရန် တိတ်တဆိတ် ကတိပြုလိုက်သည်။
အရေးကြီးဆုံးမှာ သူမ စိတ်အေးလက်အေး စာသင်နိုင်ရန် လစဉ် ထောက်ပံ့ကြေးများ ပေးနိုင်ရပေမည်။
ဤကဲ့သို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်သည့် ကိစ္စမျိုးအတွက် သူ အလွန်စိတ်နပ်နပ်နေခဲ့သည်။
နောက်တစ်နေ့တွင် စုန့်ယီက လင်းမိန်ဟွေ့၏ ကျောင်းအားလပ်ချိန်ကို အခွင့်ကောင်းယူကာ ကျောင်းဂိတ်ဝသို့ တစ်ခေါက် ပြန်သွားခဲ့ပြန်၏။
လင်းမိန်ဟွေ့သည် ကျောင်းထဲမှ ပြေးထွက်လာချိန်တွင် ကျောင်းဂိတ်ပေါက်ဝတွင် ပြုံးလျက်ရပ်နေသော စုန့်ယီကို မြင်လိုက်ရပြီး သူမ၏စိတ်မှာ ဝေဝါးသွားရကာ ကျေးလက်တွင် နေထိုင်ခဲ့စဉ်က နေ့ရက်များဆီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရချေသည်။
ထိုအချိန်စဉ်က စုန့်ယီအနေဖြင့် ဒဏ်ရာကြောင့် အိမ်၌သာနေပြီး လင်းမိန်ဟွေ့ အိမ်အပြန်ကို စောင့်ကြိုနေတတ်သည် မဟုတ်ပါလား။
“အစ်ကိုစုန့်ယီ၊ ကျွန်မကို အခုလို အလောတကြီး ခေါ်ထုတ်တာ ဘာကိစ္စရှိလို့လဲ”
စုန့်ယီက လင်းမိန်ဟွေ့ကို မြင်လိုက်ရချိန်တွင် ရင်ထဲ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားရ၏။ လင်းမိန်ဟွေ့က ယခင်အတိုင်းပင် ဖြစ်သော်လည်း ကျောင်းစတက်ကတည်းက သူမထံတွင် ထူးခြားသော အငွေ့အသက်တစ်ခု ပိုမိုကိန်းအောင်းလာခဲ့ပေသည်။
ထိုအငွေ့အသက်က လူကို စိတ်အေးချမ်းစေပြီး သတိမထားမိဘဲ သူမကို ပို၍ ငေးကြည့်နေချင်စိတ် ဖြစ်လာစေ၏။
စုန့်ယီက ဘေးနားရှိ သစ်ပင်ရိပ်လမ်းမကြီးကို ကြည့်ကာ နောက်ပိုင်းတွင် သူတို့နှစ်ဦး ခွဲခွာနေရချိန်က ပိုများလာတော့မည်ကို တွေးမိရင်း သူ၏ တောင်းဆိုချက်ကို ပထမဆုံးအကြိမ်ဖွင့်ဟလိုက်သည်။
“ဒီနေ့ စာကြည့်တိုက်မှာ စာကြည့်ဖို့ မသွားပါနဲ့ဦး၊ ကိုယ်နဲ့အတူ လမ်းလျှောက်လိုက်ခဲ့ဦးလေ၊ ပြီးရင် ကိုယ်တို့ အတူအပြင်မှာ ထမင်းစားကြတာပေါ့”
“ဘာတွေများ အရေးကြီးနေလို့ ဒီလောက်တောင် လျှို့ဝှက်ချက်တွေ ထားနေရတာလဲ? ကျွန်မကို မပြောပြဘူးလာ”
“နောက်ကျရင် သိရလိမ့်မယ်၊ သွားရအောင်!”
စုန့်ယီက ယခုတစ်ကြိမ်တွင် လင်းမိန်ဟွေ့၏ လက်ကို ဦးဆောင်၍ ဆုပ်ကိုင်လိုက်ပြီး သူတို့နှစ်ဦး သစ်ပင်ရိပ်လမ်းမပေါ်၌ ဘေးချင်းယှဉ်လျက် လမ်းလျှောက်လာခဲ့ကြ၏။ သူတို့အပြင် တခြားသော ချစ်သူစုံတွဲများမှာလည်း နှစ်ယောက်တစ်တွဲစီ လက်ချင်းချိတ်ကာ လမ်းလျှောက်နေကြပြီး ပတ်ဝန်းကျင်မှာ အလွန်ပင် အေးချမ်းငြိမ်သက်နေပေသည်။
ရက်အနည်းငယ်အတွင်း စုန့်ယီအနေဖြင့် မြို့ကြီး၏ စည်ကားမှုကို ခံစားမိရုံသာမက ဤနေရာရှိ လူများမှာ ပို၍ တက်ကြွကာ လွတ်လပ်ပွင့်လင်းကြသည်ကိုလည်း ခံစားမိလာရ၏။
စုန့်ယီ လင်းမိန်ဟွေ့၏ လက်ကို ဆုပ်ကိုင်ထားရင်း စိတ်မအေးဖြစ်နေသော်လည်း နောက်ဆုံးတွင် ဖွင့်ဟ၍ပြောလိုက်လေ၏။
“တကယ်လို့ ကိုယ် ပေကျင်းမှာ မရှိတော့ဘူးဆိုရင် မင်း တခြားတစ်ယောက်ယောက်ကို ချစ်မိသွားမလား? မင်းနဲ့အတူ တက္ကသိုလ်တက်နေတဲ့ အတန်းဖော်တွေအားလုံးက တကယ်ကို ထူးချွန်တဲ့သူတွေပဲလေ”
လင်းမိန်ဟွေ့တစ်ယောက် စုန့်ယီ၏ စိုးရိမ်ပူပန်သည့်စကားများကို ကြားလိုက်ရလျှင် အပြုံးတစ်ခုနှင့် ပြန်ပြောလိုက်၏။
“ကျွန်မက ဒီကို ကျောင်းတက်ဖို့ လာတာ၊ ရည်စားထားဖို့ လာတာမဟုတ်ဘူးလေ ၊ နောက်ပြီး ကျွန်မက တစ်ယောက်ယောက်ကို သဘောကျရင်တောင် သူတို့က ကျွန်မကို ပြန်သဘောကျပါ့မလား၊ အခု လူတိုင်းက စာကိုပဲ အာရုံစိုက်နေကြတာ”
“ကိုယာ ဆိုလိုတာက တစ်ယောက်ယောက်က မင်းဆီကိုလာပြီး ဝန်ခံရင်..”
“မဖြစ်နိုင်ဘူး၊ အစ်ကိုစုန့်ယီ ဒီကိစ္စအတွက် ကျွန်မတို့ အရင်ကတည်းက ဆွေးနွေးပြီးသား မဟုတ်ဘူးလား?”
လင်းမိန်ဟွေ့၏ စကားကို ကြားမှသာ စုန့်ယီ၏ စိတ်ထဲ၌ သက်ပြင်းချနိုင်တော့သည်။
သူတို့နှစ်ဦး သစ်ပင်ရိပ်လမ်းမ၏ အစွန်းဘက်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့ကြပြီး မလှမ်းမကမ်းတွင် မှိန်ပျပျမီးလင်းနေသော တံတားတစ်စင်းကို မြင်လိုက်ရလေ၏။ ထိုအချိန်မှ စုန့်ယီတစ်ယောက် သူလာရသော အကြောင်းအရင်းကို ပြောပြလိုက်သည်။
“မိန်ဟွေ့၊ ကိုယ် စစ်သားဝင်လုပ်ချင်တယ်၊ အဲဒီနေရာက တောင်တန်းဒေသမှာရှိတာ၊ အခုကစပြီး ကိုယ်တို့တွေ တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီး တွေ့ရမှာ မဟုတ်တော့ဘူး”
စုန့်ယီမှ ရုတ်တရက်ကြီး စစ်ထဲဝင်ချင်သည်ဟု ပြောလာလိမ့်မည်ဟု လင်းမိန်ဟွေ့ မထင်ထားမိချေ။
သူမ၏ စိတ်ထဲတွင်လည်း ခွဲခွာရမည်ကို မလိုလားဘဲ ရှိနေခါ်သည်။
သို့သော် ခဏအကြာတွင် စုန့်ယီသည်က အရာရာတိုင်းကို သေသေချာချာစဉ်းစားပြီးမှ သူမ၏ စေတနာကို နားလည်သွားခြင်းဖြစ်မည်ဟု သူမ သဘောပေါက်လိုက်၏။ ထို့ကြောင့် သူမက တစ်ဖက်လူကို အားပေးလိုက်လေသည်။
“အစ်ကိုစုန့်ယီ၊ ဘာမှစိတ်မပူဘဲ သွားလို့ရတယ်. ကျွန်မလည်း စာကို ကြိုးစားပါ့မယ်၊ နောက်သုံးနှစ်ကြာတဲ့နောက်မှာ ကျွန်မတို့နှစ်ယောက်လုံးက ပိုပြီး ပြည့်စုံတဲ့သူတွေ ဖြစ်လာလိမ့်မယ်”
လင်းမိန်ဟွေ့က နောက်ထပ် ပြောချင်ခဲ့သည်။ ထိုအချိန်တွင် သူမက အသက်(20)သို့ရောက်နေပြီဖြစ်၍ ချစ်သူဖြစ်ပြီးနောက် လက်ထပ်လို့ ရပြီဆိုသည့်အကြောင်းကိုပင်။
ထိုအချိန်သို့ရောက်လျှင် သူတို့နှစ်ဦးက ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း အရည်အချင်းများ ရှိနေကြပြီဖြစ်၍ အသေးစား စီးပွားရေးလေးများကို လုပ်နေစရာ မလိုတော့ချေ။
ပေကျင်းမြို့တွင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ပြီး ကိုယ်ပိုင်ကမ္ဘာတစ်ခုကို တည်ဆောက်နိုင်တော့မည် မဟုတ်ပါလား။
စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့ကို ငေးကြည့်နေမိ၏။ လမ်းမီးရောင်အောက်တွင် သူမက ပို၍ ငယ်ရွယ်ပျိုမြစ်ကာ လှပနေခဲ့သည်။
သူမသည်က ယခင်ကကဲ့သို့ မည်သည့်အရာကိုမှမသိနားမလည်သေးသည့် မိန်းကလေးငယ်လေး မဟုတ်တော့ပေ။
တစ်ခါတစ်ရံတွင်မူ လင်းမိန်ဟွေ့သည် လင်းကော်ချင်းနှင့် ကျိုးချွေ့ဟွားတို့၏ ဆန္ဒကို ဆန့်ကျင်ကာ သူ့အား လက်ထပ်ရန်၊ တစ်ယောက်တည်း စီးပွားရေးလုပ်ကိုင်ရန်၊ လူအများအပြားကို ကူညီရန်အတွက် ထိုမျှလောက်သော အင်အားများကို မည်သည့်နေရာမှ ရရှိထားသနည်းဟု စုန့်ယီ တွေးတောမိလေသည်။
“ကိုယ် တပ်ကပြန်လာတဲ့အချိန်ကျရင် ကိုယ်တို့ လက်ထပ်ကြရအောင်”
“ကောင်းပါပြီ၊ ကျွန်မ ရှင်ပြန်လာမဲ့အချိန်ကို စောင့်နေပါ့မယ်”
*
အခန်း(136)
လင်းမိန်ဟွေ့တစ်ယောက် သူမ၏စကားကိုကြားလျှင် စုန့်ယီ၏ မျက်ဝန်းတို့က အလင်းရောင်တစ်ချက်တောက်ပသွားသည်ကို မြင်လိုက်ရ၏။
သူမက စုန့်ယီကို စိုးရိမ်ပူပန်မှုများကို ကင်းဝေးစေလိုသောကြောင်း ညင်သာစွာ ပွေ့ဖက်လိုက်ပြီး သူ၏ နားအနီးသို့တိုးကာ တီးတိုးပြောလိုက်သည်။
“အစ်ကိုစုန့်ယီ၊ ဘယ်အချိန်ဖြစ်ဖြစ် ကျွန်မ အစ်ကို့ကို ချစ်နေမှာပဲ၊ ရှင့်ကိုပဲ အမြဲတမ်း စောင့်နေမှာပါ”
ထိုအချိန်မှသာ စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့၏ ရင်ထဲမှ စစ်မှန်သော ခံစားချက်များကို ခံစားမိသွားပြီး နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလိုက်မိလေသည်။
ထိုအချိန်တွင် သူတို့၏အနီးရှိ စုံတွဲတစ်တွဲက ရဲရဲတင်းတင်းဖြင့် အနမ်းခြွေလာကြသောကြောင့် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ နှစ်ဦးလုံး ရှက်ရွံ့သွားရပြီး မျက်နှာများ နီရဲသွားကြရသည်။
လင်းမိန်ဟွေ့လည်း ထိုရင်ခုန်စရာကောင်းသော နေရာမှ လွတ်မြောက်ရန်အတွက် စုန့်ယီကို အလျင်အမြန် ဆွဲခေါ်လာခဲ့လေ၏။
သူတို့နှစ်ယောက် နှုတ်ဆက်ပြီးနောက်တွင် လင်းမိန်ဟွေ့တစ်ယောက် ကျောင်းဂိတ်ဝတွင် ကြာမြင့်စွာ ရပ်နေမိပြီး ခွဲခွာရမည်ကို တွန့်ဆုတ်နေခဲ့ရသည်။
နောက်ဆုံးတွင် သူမက ကျောင်းမှ ခွင့်တိုင်ကြားလိုက်ပြီးနောက် စုန့်ယီ တည်းခိုနေသော တည်းခိုခန်းအသေးလေးသို့ လိုက်သွားကာ သူ၏ အထုပ်အပိုးများကို အတူ သိမ်းဆည်းပေးခဲ့လေ၏။
တည်းခိုခန်း၏ စုတ်ပြတ်လွန်းသော ပတ်ဝန်းကျင်ကို မြင်လိုက်ရလျှင် လင်းမိန်ဟွေ့ စိတ်မကောင်းဖြစ်ရသွားပြီး ပြောလိုက်သည်။
“အစ်ကိုစုန့်ယီ၊ နောက်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမျိုး အနစ်နာမခံပါနဲ့တော့၊ ကိုယ့်ကိုယ်ကိုယ်လည်း သေသေချာချာ ဂရုစိုက်ပါဦး”
စုန့်ယီက စာရင်းပေးသွင်းရာဌာနမှ ယူလာသောစောင်ကို သေသေသပ်သပ် ထုပ်ပိုးလိုက်ပြီး လင်းမိန်ဟွေ့ကို ပြန်ကြည့်လိုက်၏။
“မိန်ဟွေ့ ၊ ကိုယ်က တပ်ထဲကိုရောက်သွားရင် စားစရာနဲ့ နေစရာတွေ အဆင်သင့်ရှိနေတော့မှာလေ၊ ဘာလို့ အနစ်နာခံရမှာလဲ၊ မင်းသာ စာကြည့်တာ တစ်ခုတည်းကိုပဲ အာရုံမစိုက်ဘဲ အားလပ်ချိန်ရှိရင် အတန်းဖော်တွေနဲ့အတူ ပေကျင်းမြို့ထဲမှာ လည်ပတ်ပြီး ပျော်စရာတွေကို ကြည့်ဦး”
“ကောင်းပါပြီ”
“နောက်ပြီး မင်းရဲ့ နေထိုင်စားသောက်စရိတ်ကိုလည်း အရမ်းကြီး မချွေတာနဲ့ဦး၊ ချန်အန်းသယ်ဆီက ရမယ့် အမြတ်ဝေစုတွေကတော့ အချိန်မှန် ရောက်လာမှာပဲလေ၊ ကိုယ်တပ်ထဲကို ရောက်ရင်လည်း ထောက်ပံ့ကြေးတွေ ရမှာဆိုတော့ မင်းဆီကို ပို့ပေးမယ်၊ ပညာသင်ကြားဖို့ကိုပဲ ပထမဦးစားပေးပြီး တွေးရမယ်”
စုန့်ယီက သူ၏ နေထိုင်စားသောက်စရိတ်အတွက်ပါ စိုးရိမ်ပူပန်ပေးနေဆဲဖြစ်ကြောင်းကို သိလိုက်လျှင် လင်းမိန်ဟွေ့၏ စိတ်ထဲတွင် နွေးထွေးမှုနှင့်အတူ ဝမ်းနည်းမှုကိုပါ ခံစားလိုက်ရချေသည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မ နောက်ကျရင် အလုပ်သင်အလုပ်တွေကို လုပ်လို့ရပါတယ်၊ အတန်းဖော်တွေကိုလည်း စုံစမ်းခိုင်းထားပြီးပြီ၊ ကျောင်းက ဆရာတွေကလည်း ကူညီပြီး ကြည့်ပေးကြမှာဆိုတော့ အစ်ကို အရမ်းကြီး စိတ်မပူပါတော့”
“မိန်ဟွေ့၊ ကိုယ်က မင်းရဲ့ မိသားစုဝင် တစ်ယောက်ပဲလေ၊ ကိုယ် မင်းကို စောင့်ရှောက်ပေးမှာက သဘာဝကျပါတယ်၊ ဒါကြောင့် ဘာကိုမှမတွေးဘဲ စိတ်အေးလက်အေးနဲ့ပဲနေတော့ ”
စုန့်ယီက ထိုစကားများကို ပြောပြီးနောက် လင်းမိန်ဟွေ့၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေ၏။ ထို့နောက် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြလေ၏။
စုန့်ယီအနေဖြင်် ပေကျင်းသို့ လာခဲ့စဉ်က အသုံးအဆောင်ပစ္စည်း အများအပြား သယ်ဆောင်လာခဲ့ခြင်း မရှိပါချေ။
အများစုကို လင်းမိန်ဟွေ့၏ အဆောင်တွင်သာ ထားခဲ့သောကြောင့် ယခုအချိန်တွင် သူ့ထံ၌ အဝတ်အစား အနည်းငယ်နှင့် စောင်တစ်ထည်သာ ရှိတော့သည့်အတွက် ထုပ်ပိုးသိမ်းဆည်းရသည်က အလွန်ပင် လွယ်ကူနေခဲ့၏။
အချိန်က မိုးချုပ်စပြုနေပြီဖြစ်၍ စုန့်ယီက လင်းမိန်ဟွေ့ကို ပြောလိုက်သည်။
“မြန်မြန်ပြန်တော့လေ၊ မဟုတ်ရင် ကျောင်းတံခါး ပိတ်သွားလိမ့်မယ်”
လင်းမိန်ဟွေ့သည်ကား ခွဲခွာရမည်ကို တွန့်ဆုတ်နေဆဲပင်။ စုန့်ယီနှင့် ဤမျှကြာအောင် ခွဲခွာနေရမည်ကို သူမ စိတ်ပင်မကူးရဲပါချေ။ သူမ၏ မျက်ဝန်းများက နီရဲလာပြီး ပြောလိုက်၏။
“အစ်ကိုစုန့်ယီ၊ တပ်ထဲကိုရောက်ရင် ကျွန်မဆီကို စာခဏခဏ ရေးပေးနော်၊ ကျွန်မလည်း အချိန်ရရင် အစ်ကို့ဆီကို စာရေးမယ်”
“ကောင်းပြီ၊ ဒါပေမဲ့ ကိုယ်က သိပ်ပြီး ပညာတတ်တာ မဟုတ်တော့ ကိုယ်ရေးတဲ့စာတွေက သာမန် အရပ်စကားတွေပဲ ဖြစ်နေလိမ့်မယ်”
“ကျွန်မက အဲဒီလို ရိုးရိုးရှင်းရှင်း ရေးတာကိုပဲ သဘောကျတာ”
လင်းမိန်ဟွေ့သည် အလွန်ပင် ရိုးသားနေခဲ့ပြီး သူမ၏ ခွဲခွာရမည် တွန့်ဆုတ်နေမှုအပေါ် စုန့်ယီ နားလည်စေရန် မျှော်လင့်နေခဲ့၏။ သူမ၏ ဘဝတွင် စုန့်ယီသည်ကသာ သူမအပေါ် ဤမျှလောက်အထိ နွေးထွေးမှုပေးခဲ့သော တစ်ဦးတည်းသောလူ ဖြစ်ပေသည်။
ညကိုးနာရီခွဲတွင် လင်းမိန်ဟွေ့က ဘတ်စ်ကားကိုစီးကာ အဆောင်သို့ ပြန်လာခဲ့၏။ အဆောင်မှူး အဒေါ်ကြီးက ကျောင်းဆောင်တံခါး မကြာမီ ပိတ်တော့မည်ဖြစ်သောကြောင့် သူမကို အမြန်ပြန်ပြီးအနားယူရန် တိုက်တွန်းခဲ့သည်။
သူမ အဆောင်သို့ ပြန်ရောက်သည်နှင့် တစ်ခန်းတည်းနေသည်သ သူငယ်ချင်း ရှောင်ချင်းက ထလာပြီး စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။
“ဘာလို့ ဒီလောက်တောင် နောက်ကျမှ ပြန်လာတာလဲ?”
လင်းမိန်ဟွေ့သည် တုံ့ဆိုင်းနေခဲ့ပြီး အမှန်အတိုင်း မပြောနိုင်သောကြောင့် ဤသို့သာ ဆိုလိုက်သည်။
“သူငယ်ချင်းတစ်ယောက်ကို သွားပို့နေလို့ပါ၊ သူက စစ်ထဲကိုဝင်တော့မှာ၊ သွားပြီးရင် ဘယ်တော့မှ ပြန်လာနိုင်မလဲဆိုတာ မသိဘူးလေ”
“နင့်ရည်းစားမလား”
“လျှောက်မပြောနဲ့တော့၊ အိပ်ရအောင်၊ မနက်ဖြန် ကျောင်းတက်ရဦးမယ်”
လင်းမိန်ဟွေ့တစ်ယောက် ရှက်ရွံ့သွားခဲ့ရပြီး မျက်နှာက အနည်းငယ်လောက် နီရဲသွားရလေ၏။ သူမသည်က အတူနေသူငယ်ချင်းကို တမင်ဖုံးကွယ်လို၍ မဟုတ်ပါချေ။
သူမအနေဖြင့် ကျောင်းတက်နေဆဲဖြစ်ရာ သူမတွင် အိမ်ထောင်ရှိသည်ကို အားလုံး သိသွားပါက မကောင်းနိုင်ပေ။ ထို့အတူ စုန့်ယီသည်လည်း ဝေးလံသော အရပ်သို့ သွားရတော့မည်ဖြစ်သဖြင့် ယခုအချိန်တွင် အလောတကြီး အသိပေးရန် မလိုအပ်ဟု ယူဆသောကြောင့် ဖြစ်ပေသည်။
နောက်တစ်နေ့ မနက်စောစောတွင် လင်းမိန်ဟွေ့ စာသင်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ကျောင်းသားသမဂ္ဂမှ အတန်းဖော်တစ်ဦးက သူမထံသို့ လာကာ အလုပ်ခေါ်စာတစ်စောင် ကမ်းပေးလိုက်၏။
“လင်းမိန်ဟွေ့၊ နင် အချိန်ပိုင်းအလုပ် ရှာချင်နေတာ မဟုတ်လား? ဒီကုမ္ပဏီမှာ သန့်ရှင်းရေးဝန်ထမ်း လိုနေတယ်၊ နေ့တိုင်း အလုပ်မစခင် သန့်ရှင်းရေးလုပ်ပေးရုံပဲ၊ လစာလည်း မနည်းဘူးနော်”
လင်းမိန်ဟွေ့ အလုပ်ခေါ်စာအချို့ကို ဖတ်ကြည့်ပြီးနောက် ပညာအရည်အချင်း သို့မဟုတ် အိမ်ထောင်စုစာရင်းတို့ကို တောင်းဆိုထားခြင်းမျိုး မရှိသည်ကို တွေ့ရ၏။
ကျန်းမာရေးကောင်းမွန်ပြီး ပင်ပန်းဆင်းရဲမှုကို ခံနိုင်ရည်ရှိရန်သာ လိုအပ်သောကြောင့် လင်းမိန်ဟွေ့တစ်ယောက် သူမအနေဖြင့် ထိုလိုအပ်ချက်များနှင့် ပြည့်စုံသည်ဟု ခံစားလိုက်ရသည်။
ထိုအချိန်တွင် ရှောင်ချင်းက အနားသို့ ရောက်လာပြီး အလုပ်ခေါ်စာကို မြင်သွားကာ သူမကို ဆွဲထုတ်၍ သံသယဖြင့် မေးလေသည်။
“လင်းမိန်ဟွေ့၊ မဟုတ်မှလွဲရော နင်က သန့်ရှင်းရေးသမား လုပ်မလို့လား?”
စာသင်ခန်းအတွင်းရှိ ကျောင်းသားအားလုံးက လင်းမိန်ဟွေ့ဆီသို့ လှည့်ကြည့်လာကြလေ၏။ သူတို့၏ မျက်ဝန်းများထဲတွင် အမျိုးမျိုးသော ခံစားချက်များ ရောနှောနေကြလေသည်။
သို့သော် လင်းမိန်ဟွေ့က ဖုံးကွယ်ထားခြင်း မရှိပါချေ။ သူမက ရှောင်ချင်း၏ လက်ထဲမှ အလုပ်ခေါ်စာဖောင်ကို ပြန်ယူလိုက်သည်။
“ဟုတ်တယ်၊ ငါ စာသင်နေရင်းနှင့် အလုပ်လည်းလုပ်ချင်လို့၊ ငါသာ ပိုက်ဆံပိုရှာနိုင်ရင် မိသားစုအတွက်လည်း ဝန်ထုပ်ဝန်ပိုး နည်းသွားတာပေါ့. ငါ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်တယ်”
လင်းမိန်ဟွေ့၏ စကားကြောင့် မိဘထံမှ ပိုက်ဆံတောင်းရုံသာ သိကြသော တချို့သူများမှာ မျက်နှာများနီရဲသွားကြရပြီး ရှောင်ချင်းမှာလည်း အနည်းငယ် အားနာသွားရချေသည်။
ကျောင်းသားသမဂ္ဂမှ အတန်းဖော်က အလုပ်ဝင်ရန် အသေးစိတ်အချက်အလက်တချို့ကို လင်းမိန်ဟွေ့အား ပြောပြလာ၏။
“မနက်ဖြန်ကျရင် အင်တာဗျူးသွားရမယ်၊ အင်တာဗျူးအောင်ရင် အလုပ်စဝင်လို့ရပြီ၊ တစ်လပြည့်ရင် လစာထုတ်ပေးလိမ့်မယ်၊ အလုပ်ကြိုးစားရင် အပိုဆုကြေးလည်း ရလိမ့်မယ်”
“ကောင်းပါပြီ၊ ဒါက ဘယ်လိုကုမ္ပဏီမျိုးလဲ”
“ပြက္ခဒိန်အမျိုးမျိုး ထုတ်ဝေတဲ့ ကုမ္ပဏီလို့ ထင်တာပဲ၊ အခုလောလောဆယ် အကျိုးခံစားခွင့်တွေက တော်တော်ကောင်းတယ်၊ လုပ်စရာ သိပ်မများသလို လူမှုဆက်ဆံရေးကလည်း ရိုးရှင်းတယ်”
ကျောင်းသားသမဂ္ဂမှ အတန်းဖော်က ရှင်းပြပြီးနောက် ပြန်လည်ထွက်ခွာသွားတော့၏။ လင်းမိန်ဟွေ့ စိတ်ထဲ၌ အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။
ဤသည်မှာ ပေကျင်းသို့ ရောက်ရှိပြီးနောက် သူမ၏ ပထမဦးဆုံး အလုပ်ဖြစ်သောကြောင့် ပထမဆုံးလစာကို ချောချောမွေ့မွေ့ ရရှိနိုင်ရန်အတွက် မည်သည့်အမှားအယွင်းမျှ မရှိစေရန် သူမ သတိထားရမည် မဟုတ်ပါလား။
အတန်းဆင်းပြီးနောက် လင်းမိန်ဟွေ့လည်း မနေနိုင်တော့ဘဲ အလုပ်ခေါ်စာပါ လိပ်စာအတိုင်း ဟုန်ရိကုမ္ပဏီဆီသို့ သွားခဲ့၏။
သူမ ထိုနေရာသို့ ရောက်သည်နှင့် အမျိုးသမီးငယ်တစ်ဦးမှာ မျက်မှောင်ကြုတ်လျက် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး အလွန်ပင် နေမထိထိုင်မသာ ဖြစ်နေသည်ကို မြင်လိုက်ရသည်။
လင်းမိန်ဟွေ့ အမြန်ပြေးသွားပြီး ထိုအမျိုးသမီးကို ဘေးနားရှိ ထိုင်ခုံတွင် ဝင်ထိုင်နိုင်ရန် ကူညီပေးလိုက်၏။
“အစ်မ၊ ဘာဖြစ်လို့လဲ၊ တစ်နေရာရာက နေမကောင်းဖြစ်လို့လား?”
ချန်းမင်သည်ကား အမှန်တကယ်ပင် နေထိုင်မကောင်းသောကြောင့် အလုပ်မှ ခွင့်တိုင်ထားခဲ့ခြင်းဖြစ်၏။ သို့သော် လုပ်ငန်းခွင်တွင် မမျှော်လင့်ဘဲ အရေးပေါ်ကိစ္စ ပေါ်ပေါက်လာသောကြောင့် သူမကို အချိန်ပိုဆင်းရန် ပြန်ခေါ်ခဲ့သည်။
သူမ ကုမ္ပဏီတံခါးဝသို့ ရောက်ရှိချိန်မှာပင် ဝမ်းဗိုက်ထဲမှ အဖြစ်ညှစ်ခံထားသကဲ့သို့ အလွန်အမင်း နာကျင်လာသောကြောင့် ခါးပင် မဆန့်နိုင်တော့ပါချေ။
ထိုအချိန်တွင် သူစိမ်းမိန်းကလေးတစ်ဦးက သူမ၏ လက်ထဲမှ အိတ်ကို ချလိုက်ပြီး သူမအား ကုလားထိုင်ပေါ်သို့ ထိုင်နိုင်ရန် တိုက်ရိုက် ကူညီပေးလာခဲ့ခြင်း ဖြစ်၏။
ချန်းမင်က အားအင်ချည့်နဲ့စွာဖြင့် ပြောလိုက်လေ၏။
“ဘာဖြစ်တာလဲတော့ မသိဘူး၊ နေ့လယ်ပိုင်းကတည်းက ဗိုက်က တစ်ချက်တစ်ချက် နာနေတာ၊ အခု ပိုနာလာတယ်”
လင်းမိန်ဟွေ့သည်ကား ဆေးပညာ တတ်မြောက်ထားသူ မဟုတ်ပါချေ။ သို့သော် သူမသည်က ယခင်က ကျိုးချွေ့ဟွားထံမှ ရိုးရာကုထုံးအချို့ကို သိရှိထားဖူးပေသည်။
လင်းမိန်ဟွေ့ အံကိုကြိတ်လျက် ပြောလိုက်သည်။
“ဒါဆိုကျွန်မမှာ ကုထုံးတစ်ခုရှိတယ်၊ အဲဒါနဲ့မှ မသက်သာရင် ကျွန်မ အစ်မကို ဆေးရုံဆီလိုက်ပို့ပေးမယ် အဆင်ပြေမလားဟင်”
“ဘာလုပ်ပေးမှာလဲ?”
ချန်းမင်တစ်ယောက် နာကျင်မှုကို မခံစားနိုင်တော့ဘဲ နဖူးပေါ်မှ ချွေးစက်ကြီးများ စီးကျလာခဲ့သည်။
“ကျွန်မကို ခဏလေးစောင့်နော်၊ မလှုပ်နဲ့ဦး၊ အခုချက်ချင်း ပြန်လာခဲ့မယ်”