အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အခန်း(137)
လင်းမိန်ဟွေ့က အနီးတွင်ရှိနေသော ဆိုင်တစ်ဆိုင်သို့ ပြေးသွားခဲ့ကာ ဆိုင်ရှင်အား အကျိုးအကြောင်း ရှင်းပြပြီး ဆားတစ်ထုပ် ဝယ်လိုက်၏။
ထို့နောက် ဆားရည်ကျဲကျဲ တစ်ဖန်ခွက်ကို ဖျော်ယူခဲ့လေသည်။
ချန်းမင်က လင်းမိန်ဟွေ့၏ လက်ထဲတွင် ဆားရည်များပါလာသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လျက်မေးလိုက်မိ၏။
“ဆားရည်သောက်တာက သက်သာစေမှာလား?”
လင်းမိန်ဟွေ့က ပန်းကန်လုံးကို ချန်မင်း၏ နှုတ်ခမ်းနားသို့ ကပ်ပေးလိုက်ရင်း ရှင်းပြလိုက်၏။
“ကျွန်မ ငယ်ငယ်တုန်းက ဗိုက်နာရင် အမေက ဒီနည်းနဲ့ပဲ ကုပေးနေကျလေ၊ ဆယ်ခါမှာ ကိုးခါလောက်ကတော့ သက်သာတာပဲ၊ ကျန်တဲ့တစ်ခါကတော့ ဝမ်းလျှောတာပေါ့၊ ဘာပဲဖြစ်ဖြစ် ဒါက ဘေးဥပါဒ်တော့ မဖြစ်စေပါဘူး”
ချန်းမင် သံသယရှိနေသော်လည်း နာကျင်မှုက အလွန်ပြင်းထန်လွန်းသောကြောင့် မအောင့်နိုင်တော့ဘဲ ပန်းကန်လုံးကို ယူကာ တစ်ကျိုက်တည်း သောက်ချလိုက်လေတော့သည်။
လင်းမိန်ဟွေ့တစ်ယောက် ချန်းမင်၏ နဖူးကို စမ်းကြည့်လိုက်လျှင် ချွေးများ ထွက်နေဆဲဖြစ်ကြောင်းကို တွေ့ရ၏။ ထို့ကြောင့် သူမ၏ လက်ကိုင်ပုဝါကို အမြန်ထုတ်ကာ ချွေးများကို သုတ်ပေးလိုက်သည်။
“မကြောက်ပါနဲ့၊ ခဏနေရင် သက်သာသွားလိမ့်မယ်၊ မိနစ်နညနည်းလောက် စောင့်လိုက်ရင် ဆားရည်က အစာအိမ်ထဲမှာ ပိုပြီး စုပ်ယူသွားပါလိမ့်မယ်”
ချန်းမင်တစ်ယောက် အစက မယုံကြည်သောကြောင့် အကိုက်အခဲပျောက်ဆေး ဝယ်သောက်ပြီး ဆေးရုံသွားမည်ဟု တွေးနေခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ မိနစ်အနည်းငယ် ကြာပြီးနောက် ဝမ်းဗိုက်နာကျင်မှုမှာ အမှန်တကယ်ပင် များစွာ သက်သာသွားချေသည်။
ဗိုက်ထဲ၌ ရစ်နာနေခြင်းများက လုံးဝပျောက်ကွယ်သွားပြီး အနည်းငယ် ထုံကျင်ကျင် နာကျင်မှုသာ ကျန်ရှိတော့၏။
ချန်မင်းမှာ အနည်းငယ် အံ့အားသင့်သွားပြီး လင်းမိန်ဟွေ့ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီနည်းက တကယ်ပဲ အလုပ်ဖြစ်တာပဲ၊ ဆေးသောက်တာထက်တောင် ပိုထိရောက်သလိုပဲ၊ ငါနေ့လယ်က ဗိုက်နာလို့ ဆေးသောက်ထားတာတောင် မသက်သာခဲ့ဘူး”
လင်းမိန်ဟွေ့လည်း ချန်းမင်၏ နဖူးမှ ချွေးများကို သုတ်ပေးပြီး ရေနွေးအချို့ သွားတောင်းလိုက်ပြန်၏။
“ရေနွေး များများသောက်လိုက်ပါဦး၊ ဒီလိုဖြစ်တာက အပူအအေး မမျှတတာကို ခန္ဓာကိုယ်က မခံနိုင်လို့ ဖြစ်သွားရတာ၊ အခုတော့ အဆင်ပြေသွားပါပြီ”
ဆယ်မိနစ်ခန့် ကြာသော် ချန်းမင်တစ်ယောက် လုံးဝပြန်လည် ကောင်းမွန်သွားခဲ့လေ၏။ သို့သော်လည်း ခန္ဓာကိုယ်မှာ အနည်းငယ် အားနည်းနေသေးပေသည်။
သူမက လင်းမိန်ဟွေ့၏ လိမ္မာယဉ်ကျေးသော အမူအရာကို ကြည့်ကာ ပြုံးလျက် မေးလိုက်၏။
“ညီမက ကျောင်းသူပဲ ရှိသေးတာမဘား၊ ငါတို့ ကုမ္ပဏီကို ဘာကိစ္စနဲ့ လာတာလဲ?”
လင်းမိန်ဟွေ့လည်း ဟုန်ရိကုမ္ပဏီမှ ဝန်ထမ်းနှင့် ဤနေရာတွင် ဆုံမည်ဟု မထင်ထားမိချေ။ သူမက ပျော်ရွှင်စွာ ပြုံးလျက် ပြောလိုက်သည်။
“ကျွန်မ အလုပ်သင် အစီအစဉ်အတွက် လာလျှောက်တာပါ၊ ကုမ္ပဏီမှာ သန့်ရှင်းရေးလုပ်မလု့လေ၊ မနက်ဖြန် အင်တာဗျူးရှိတယ်၊ အောင်ပါ့မလားတော့ မသိဘူး”
ချန်းမင်လည်း ထိုစကားကို ကြားသော် စိတ်မကောင်းဖြစ်သွားရလေ၏။ သို့သော်လည်း ခဏအတွင်းပင် လင်းမိန်ဟွေ့ကို အားပေးလိုက်သည်။
“အင်း၊ အခုလောလောဆယ်တော့ နည်းနည်း ပင်ပန်းရမှာပေါ့၊ ဒါပေမဲ့ တက္ကသိုလ်ဘွဲ့ရလို့ အလုပ်ကောင်းကောင်း ရသွားရင်တော့ အရာရာက ပိုပြီး ကောင်းလာမှာပါ”
“ကောင်းပါပြီ၊ကျေးဇူးတင်ပါတယ်”
“ငါ့နာမည်က ချန်းမင်၊ မင်းရဲ့ နာမည်ကရော?”
“လင်းမိန်ဟွေ့ပါ”
ချန်းမင် ထိုနာမည်ကို စိတ်ထဲ၌ မှတ်သားလိုက်ပြီး အပြုံးတစ်ခုနှင်် ပြောလိုက်၏။
“ငါ့နာမည်က ချန်းမင်၊ ကုမ္ပဏီမှာ ဘဏ္ဍာရေးအရာရှိအဖြစ် လုပ်နေတာ၊ ငါ့ကို အစ်မချန်လို့ပဲ ခေါ်လို့ရတယ်”
လင်းမိန်ဟွေ့လည်း ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။
ချန်မင်းက ဆက်လက်၍ ပြောလာသည်။
“စိတ်မပူပါနဲ့၊ လူကောင်းတစ်ယောက် နတ်ဘုရားတွေက ကြည်းမနေပါဘူး၊ မင်း အင်တာဗျူးကို ကျိန်းသေပေါက် အောင်လိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါတို့တွေ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြတာပေါ့၊ တစ်ခုခု လိုအပ်တာရှိရင် ငါ့ဆီကို အချိန်မရွေး လာခဲ့လေ”
လင်းမိန်ဟွေ့အနေဖြင့် ဤနေရာ၌ သူမကို ကူညီမည့်သူများနှင့် ဆုံတွေ့ရသောကြောင့် သူမကိုယ်သူမ အလွန်ကံကောင်းသည်ဟု ခံစားနေရပေသည်။
ကျောင်းသို့ ပြန်ရောက်ပြီးနောက် လင်းမိန်ဟွေ့တစ်ယောက် ဟောင်းနွမ်းသော အဝတ်အစားတစ်စုံကို ချက်ချင်းရှာဖွေခဲ့သည်။ မနက်ဖြန် ကုမ္ပဏီသို့သွားလျှင် အလောတကြီးဖြစ်ပြီး ရှာမတွေ့မည်ကို စိုးသောကြောင့် အဝတ်စုတ်များနှင့် ဆပ်ပြာမှုန့်များကိုပါ ပြင်ဆင်ထားလိုက်၏။
ညနေပိုင်းတွင် ရှောင်ချင်း အဆောင်သို့ ပြန်ရောက်လာပြီး လင်းမိန်ဟွေ့ ပြင်ဆင်ထားသည်များကို မြင်လျှင် ပြောလိုက်လေ၏။
“ကုမ္ပဏီကြီးတွေက အကုန်လုံး ထုတ်ပေးလိမ့်မယ်၊ နင် ဒါတွေကို ပြင်ဆင်နေဖို့ မလိုပါဘူး”
လင်းမိန်ဟွေ့လည်း အနည်းငယ် တုံ့ဆိုင်းသွားပြီး အထုပ်ထဲသို့ ပစ္စည်းများကို အမြန်ပြန်ထည့်လိုက်သည်။
“ဟုတ်လား၊ ငါက ဒါတွေလည်း နားမလည်ဘူး၊ ကျေးဇူးတင်ပါတယ် ရှောင်ချင်း”
ရှောင်ချင်းမှာ နက်ပိုင်းက ကိစ္စအတွက် စိတ်မကောင်းဖြစ်နမသောကြောင့်သဖြင့် လင်းမိန်ဟွေ့အား လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။
“နောက်ကျရင် တစ်ခုခု အခက်အခဲရှိရင် ငါ့ကို ပြောလေ၊ ငါ ကူညီပါ့မယ်၊ မနက်က ကိစ္စအတွက်တော့ တကယ်ပဲ တောင်းပန်ပါတယ်၊ ငါနင့်ကို အရှက်ခွဲဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး”
သို့သော် လင်းမိန်ဟွေ့အတွက်တော့ ထိုကိစ္စမှာ ကိစ္စကြီးမဟုတ်ပါချေ။
သူမအနေဖြင့် လင်းမိသားစုထံမှ လွတ်မြောက်လာပြီး ကျန်းကျစ်ကုန်းနှင့် လက်မထပ်ရသရွေ့ နေရာတိုင်းမှာ ကောင်းကင်ဘုံကဲ့သို့ပင် ခံစားနေရသည်။
“ရပါတယ် ရှောင်ချင်း၊ ငါကလည်း သိပ်နားမလည်လို့လေ၊ နောင်ကျရင် လူကြားထဲ အမှားအယွင်း မဖြစ်ရအောင် ငါကို သင်ပေးပါဦး”
ရှောင်ချင်းအနေဖြင့် ရိုးသားပြီး နှိမ့်ချတတ်သော လင်းမိန်ဟွေ့ကို စတင်သဘောကျလာခဲ့ပြီး အပြုံးနဲ့ပြောလိုက်သည်။
“နောက်ပြီး နင် အဝတ်ဟောင်းတွေ ဝတ်စရာ မလိုဘူး၊ ကုမ္ပဏီမှာ ဝတ်စုံရှိတယ်၊ အချိန်တန်ရင် သူတို့ ထုတ်ပေးလိမ့်မယ်”
“အိုး”
လင်းမိန်ဟွေ့၏ မျက်နှာက နီမြန်းသွားရလေ၏။ ရှောင်ချင်း သတိပေးလိုက်သဖြင့်သာပင်။ မဟုတ်ပါက သူမအနေဖြင့် အဝတ်ဟောင်းများကို ဝတ်သွားခဲ့လျှင် အင်တာဗျူး အောင်မြင်နိုင်မည် မဟုတ်ပါချေ။
ရှောင်ချင်းက ခုတင်ပေါ်မှ ဆံပင်စည်းကွင်းတစ်ခုကို ယူကာ လင်းမိန်ဟွေ့အား ကမ်းပေးလိုက်သည်။
“နင့်ဆံပင်တွေကို အမြဲတမ်းလက်ကိုင်ပုဝါနဲ့ပဲ စည်းထားတာ တွေ့လို့၊ အဲဒါက အလုပ်လုပ်တဲ့အချိန်တွေမှာ အဆင်မပြေသလို ညစ်ပတ်ဖို့လည်း လွယ်တယ်၊
ဒီခေါင်းစည်းကွင်းကို ယူထားလိုက်၊ ဆံပင်ကို သေသေသပ်သပ် စည်းထားတော့ ကြည့်ရတာလည်း သန့်သန့်ရှင်းရှင်း ရှိတာပေါ့”
“ကောင်းပြီ ကျေးဇူးတင်ပါတယ် ရှောင်ချင်း”
လင်းမိန်ဟွေ့ ပျော်ရွှင်စွာ ပြောလိုက်လေသည်။
နောက်တစ်နေ့ မိုးမလင်းမီအချိန်တွင် လင်းမိန်ဟွေ့တစ်ယောက် ဆက်၍ အိပ်မပျော်နိုင်တော့ပါချေ။ အပေါ်ခုတင်တွင် အိပ်နေသော ရှောင်ချင်းမှာ သူမ ဟိုဘက်ဒီဘက် လူးလွန့်နေသည်ကို ကြားလျှင် သက်ပြင်းချလျက် ဆိုလိုက်၏။
“လင်းမိန်ဟွေ့၊ နင် ထပြီး အပြင်ဘက်မှာ ခဏလောက် ပြေးကြည့်ပါလား၊ နင် ဒီလိုလုပ်နေရင် ငါလည်း အိပ်လို့မရတော့ဘူး”
လင်းမိန်ဟွေ့က အားနာစွာဖြင့် ပြောလိုက်သည်။
“တောင်းပန်ပါတယ်၊ ငါ စိတ်လှုပ်ရှားနေလို့ပါ၊ စိတ်လှုပ်ရှားနေလို့လည်း ဘာမှမထူးဘူးဆိုတာ သိပေမဲ့ မနေနိုင်ဘူးဖြစ်နေတယ်”
ရှောင်ချင်းက အိပ်ချင်စိတ် လုံးဝပျောက်သွားသဖြင့် ထထိုင်လိုက်၏။ သူမက ခုတင်တိုင်ကို ခေါက်လျက် ပြောလာလေ၏။
“စိတ်လှုပ်ရှားနေစရာ ဘာမှမရှိပါဘူး၊ အဲဒါက ထူးခြားလွန်းတဲ့ အလုပ်မှ မဟုတ်တာ၊ နင့်ရဲ့ ရိုးသားမှုနဲ့ အရည်အချင်းကို ပြလိုက်ရုံပါပဲ သေချာပေါက် ရပါလိမ့်မယ်”
“ကောင်းပြီ!”
“ထတော့လေ၊ ငါ နင့်ကို အင်တာဗျူးအတွက် အခြေခံ အချက်အလက်လေးတွေ သင်ပေးမယ်၊ ပထမဆုံးအနေနဲ့ အင်တာဗျူးစစ်တဲ့သူကို တည့်တည့်ကြည့်ရမယ်၊ အမူအရာက ယဉ်ကျေးသိမ်မွေ့နေရမယ်
ဒုတိယအနေနဲ့ အနေအထိုင် အသွားအလာကအစ စနစ်တကျ ရှိရမယ်၊ သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း သေသပ်သန့်ရှင်းကြောင်း ပြရမယ်”
အမှန်စင်စစ် ရှောင်ချင်းမှာလည်း အင်တာဗျူး အတွေ့အကြုံ မရှိပါချေ။ သူမသည်က ရုပ်မြင်သံကြားမှ မြင်တွေ့ဖူးသမျှနှင့် လင်းမိန်ဟွေ့ကို တစ်ခုခု သင်ပေးနိုင်လိမ့်မည်ဟု တွေးတောထားခြင်း ဖြစ်ပေသည်။
လင်းမိန်ဟွေ့လည်း ထိုအချက်များကို စိတ်ထဲ၌ မှတ်သားထားလိုက်ပြီး အချိန်တန်လျှင် အစွမ်းကုန် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်၏။
ဟုန်ရိကုမ္ပဏီသို့ ရောက်လျှင် သန့်ရှင်းရေးဝန်ထမ်း အလုပ်အတွက် အင်တာဗျူးဖြေမည့်သူ တချို့ကို မြင်လိုက်ရသည်။
အများစုမှာ အသက် ၄၀၊ ၅၀ အရွယ် အဒေါ်ကြီးများ ဖြစ်ကြပြီး လိမ္မော်ရောင် အလုပ်ဝတ်စုံများကို ဝတ်ဆင်ထားကြသောကြောင့် ကျွမ်းကျင်သူများသဖွယ် ထင်ရချေသည်။
လင်းမိန်ဟွေ့တစ်ယောက် သူမ ဝတ်ဆင်ထားသော အင်္ကျီအဖြူနှင့် ဘောင်းဘီအမည်းကို ပြန်ကြည့်လိုက်ပြီး တခြားသူများနှင့် အနည်းငယ် ကွဲပြားနေသည်ကို တွေ့ရ၏။
အင်တာဗျူး စတင်လေပြီ။
သန့်ရှင်းရေး ဝန်ထမ်းတချို့က တစ်ဦးပြီးတစ်ဦး ဝင်ရောက်ဖြေဆိုကြသော်လည်း နောက်ဆုံးတွင် စိတ်ပျက်လက်ပျက် အမူအရာများဖြင့် ပြန်ထွက်လာကြသည်။
လင်းမိန်ဟွေ့၏ အလှည့်ကိုရောက်သောအခါ သူမ၏ရှေ့မှ အဒေါ်ကြီးများက သူမအား အကြံပေးလာခဲ့ကြလေသည်။
“အလုပ်လုပ်တဲ့အချိန် သတိထားနော်၊ စစ်ဆေးတာ အရမ်းကျပ်တယ်၊ ဖုန်တစ်စတောင် မရှိစေရဘူး”
လင်းမိန်ဟွေ့လည်း အနည်းငယ် စိုးရိမ်သွားရ၏။ သူမ တံခါးကိုဖွင့်၍ အခန်းထဲသို့ ဝင်လိုက်လျှင် အင်တာဗျူးစစ်ဆေးသူက ခေါင်းပင်မဖော်ဘဲ မေးလိုက်သည်။
“လင်းမိန်ဟွေ့ ဟုတ်လား”
လင်းမိန်ဟွေ့တစ်ယောက် တောင့်တင်းနေခဲ့ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်၊ ကျွန်မ နာမည်က လင်းမိန်ဟွေ့ပါ၊ အခု ပေကျင်း ဘဏ္ဍာရေးနှင့် စီးပွားရေး တက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်၊ ကုမ္ပဏီမှာ အချိန်ပိုင်းအလုပ် လုပ်ချင်လို့ပါ...”
“ငါ အဲဒီလောက်အထိ မမေးပါဘူး၊ ဟိုဘက်က ကုလားထိုင်ကို သွားသုတ်လိုက်၊ သုတ်ပြီးရင် ငါ့ကို လာပြော”
အင်တာဗျူးစစ်ဆေးသူက ခေါင်းမဖော်သေးပါချေ။ လင်းမိန်ဟွေ့လည်း ဘေးနားရှိ ကုလားထိုင်များကို ကြည့်လိုက်လျှင် တစ်လုံးက ဖုန်တက်နေသည်ကို တွေ့လိုကာရသည်။ သူမက အနားရှိ အဝတ်စုတ်ကို ယူ၍ ရေစင်စင်ဆေးလိုက်ပြီးနောက် ကုလားထိုင်၏ ခြေထောက်များမှအစ အောက်ခြေအထိ သန့်ရှင်းသွားအောင် သုတ်တော့သည်။
အင်တာဗျူးစစ်ဆေးသူက မျက်လုံးတစ်ချက်ပင့်ကြည့်ကာ ကုလားထိုင်ဆီသို့ လျှောက်သွား၏။ ထို့နောက် ကုလားထိုင်နောက်ကျောရှိ အကြားအဟလေးထဲသို့ လက်နှိုက်၍ သုတ်ကြည့်လိုက်ပြီး ပြောလာလေ၏။
“ညစ်ပတ်တာတွေ ရှိနေသေးတာပဲ. ပြန်တော့၊ နောက်တစ်ယောက်ကို ဝင်ခိုင်းလိုက်!”
လင်းမိန်ဟွေ့မှာ ဤမျှအထိ စည်းကမ်းကြီးလိမ့်မည်ဟု မထင်ထားမိချေ။
ထိုကုလားထိုင် အကြားအဟလေးမှာ ကျဉ်းမြောင်းလှသဖြင့် သူမ မနှိုက်ရဲဘဲ ချန်ထားခဲ့မိခြင်း ဖြစ်ပေသည်။
လင်းမိန်ဟွေ့သည် အလျင်အမြန်ပင်တောင်းပန်လိုက်၏။
“ကျွန်မကို အခွင့်အရေး တစ်ခါလောက် ထပ်ပေးပါဦး၊ ဒီကြားတွေကိုပါ သုတ်ရမယ်ဆိုတာ ခုနက မသိလိုက်လို့ပါ”
စစ်ဆေးသူက စိတ်မကြည်မလင် ဖြစ်နေဟန်ဖြင့် အော်လိုက်လေသည်။
“နောက်တစ်ယောက်!”
လင်းမိန်ဟွေ့တစ်ယောက် များစွာ စိတ်ပျက်သွားရချေသည်။
သူမ ဘာလို့ ဒီလောက်တောင် တုံးအနေရတာလဲ။
သေသေချာချာ ကြည့်ခဲ့ရင် အဲဒီကြားထဲကို မြင်နိုင်တာပဲလေ။
အခုတော့ အခွင့်အရေး မရှိတော့ဘူးလို့ ထင်ရတယ်။
ကျောင်းကို ပြန်ရောက်ရင် ကျောင်းသားသမဂ္ဂက အတန်းဖော်ကို ဘယ်လို မျက်နှာပြရပါတော့မလဲ။
*
အခန်း(138)
သူမ စိတ်မအေးဖြစ်နေချိန်တွင် တစ်စုံတစ်ဦးက တံခါးကိုဖွင့်၍ ဝင်လာလေသည်။ လင်းမိန်ဟွေ့ ခေါင်းမော့ကြည့်လိုက်လျှင် ချန်မင်းက တက်ကြွစွာ ဝင်လာသည်ကို တွေ့လိုက်ရ၏။
သူမသည် အင်တာဗျူးစစ်ဆေးသူအတွက် လက်ဖက်ရည်တစ်ခွက် ချပေးလိုက်ရင်း ပြောလာသည်။
“အစ်မဝမ်၊ အလုပ်ကို အရမ်း အလေးအနက်ထားတာပဲ၊ ငါးယောက် ခြောက်ယောက်လောက် ရှိနေပြီ၊ တစ်ယောက်မှ အင်တာဗျူး မအောင်သေးဘူးလား?”
ထို့နောက် ချန်မင်းက လင်းမိန်ဟွေ့အား မျက်စိမှိတ် ပြလိုက်သောကြောင့် လင်းမိန်ဟွေ့တစ်ယောက် ကယ်တင်ရှင်နှင့် တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။
အင်တာဗျူးစစ်ဆေးသူက ငြီးငွေ့နေသကဲ့သို့ ပြောလာခဲ့သည်။
“ငါက လွယ်လွယ်နဲ့ အအောင်ပေးလိုက်ရင် ငရဲမင်း* ငါ့ကို အပြစ်ရှာဦးမှာပေါ့၊ သန့်ရှင်းရေးသမားက သေသေချာချာမသန့်ရှင်းရင် အင်တာဗျူးတုန်းက ငါ ပျင်းနေလို့ဆိုပြီး ငါ့ကိုပဲ လာအပြစ်တင်မှာ”
ချန်မင်းက အပြုံးနှင့်ပြောလိုက်လေ၏။
“သူ လူတိုင်းအပေါ် အဲဒီလိုပဲ ဆက်ဆံတာပဲလေ၊ ဘာလို့ သူ့ကို စိတ်တိုနေမှာလဲ”
အင်တာဗျူးစစ်ဆေးသူမှာ ချန်မင်းကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်ပြန်၏။
“ငါ့မှာ အခု ဒီအလုပ်ကို အရင်ရှင်းနေရတယ်ဆိုပေမဲ့.. ဒါပြီးရင်လည်း သူက တခြားအလုပ်တွေ ခိုင်းဦးမှာပဲ၊ အဲဒီတော့ အင်တာဗျူးကိုပဲ အချိန်ဆွဲပြီး လုပ်နေတာက ပိုကောင်းဦးမယ်”
ချန်မင်းသည် လင်းမိန်ဟွေ့ကို တိုက်ရိုက်မကူညီခဲ့ဘဲ စားပွဲပေါ်ရှိ လျှောက်လွှာကို ယူကြည့်ကာ အံ့သြဟန်ဆောင်လိုက်၏။
“အစ်မဝမ်၊ ဒီကလေးမလေးက ပေကျင်း ဘဏ္ဍာရေး တက္ကသိုလ်က ကျောင်းသူပဲ၊ သူ့ကိုကြည့်ရတာ မဆိုးဘူး၊သူက ကျောင်းစရိတ်အတွက် ကိုယ်တိုင် ရှာနေရတာပဲ”
ထိုအချိန်မှသာ အင်တာဗျူးစစ်ဆေးသူသည် လင်းမိန်ဟွေ့ကို မော့ကြည့်လာလေ၏။ လင်းမိန်ဟွေ့မှာ ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး ဆံပင်ကို သေသပ်စွာ စည်းထားသည်။ သူမင ငယ်ရွယ်သော်လည်း အလွန်တည်ငြိမ်သော ပုံစံရှိချေသည်။
အင်တာဗျူးစစ်ဆေးသူက ခေါင်းညိတ်လျက် လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။
“မလွယ်ပါဘူး၊ ဒီအရွယ်နဲ့တင် အလုပ်သင်အလုပ်အကြောင်း သိနေပြီပဲ၊ နောင်ကျရင်တော့ အကြီးပိုင်း ဖြစ်လာမယ့်သူပဲ”
ချန်မင်းက လင်းမိန်ဟွေ့ကို တစ်ချက်ကြည့်လုက်သည်။
“ဟုတ်တယ်၊ ဒါကြောင့် သူ့ကိုပဲ ခန့်လိုက်တာ ကောင်းမယ်ထင်တယ်၊ ကျွန်မတို့နှစ်ယောက်လည်း ဒီမှာ ခဏလောက်နေပြီး အပျင်းပြေ စကားပြောနေပြလေ၊ လင်းမိန်ဟွေ့ကိုပဲ ဒီအခန်းမှာ ခဏလောက် ထားလိုက်ရအောင်”
အမှန်စင်စစ် အင်တာဗျူးစစ်ဆေးသူမှာလည်း အလုပ်ပြီးချင်နေပြီ ဖြစ်ရာ ချန်မင်း၏ စကားကို ကြားလျှင် ဆက်လက်စစ်ဆေးလိုစိတ် မရှိတော့ပေ။
“ကောင်းပြီ၊ လင်းမိန်ဟွေ့.၊ နင့်ကိုပဲ ခန့်လိုက်မယ် နောင်ကျရင် အလုပ်လုပ်တဲ့အခါ ပိုသတိထားပါ.. သူဌေးကြီးက အလုပ်ခိုနေတာကို မြင်သွားရင်တော့ လစာဖြတ်ခံရပြီး အလုပ်ထုတ်ခံရလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် အစ်မဝမ်.. ကျေးဇူးတင်ပါတယ်...”
လင်းမိန်ဟွေ့က ချန်းမင်ကို ခေါ်မိခါနီးဖြစ်ပြီးမှ ပြန်ထိန်းလိုက်ရလေ၏။ ချန်းမင်က သူမကို မသိသကဲ့သို့ ဟန်ဆောင်နေသောကြောင့် သူမကလည်း မသိသူအဖြစ်သာ နေလိုက်ရပေသည်။
ထို့နောက်တွင် ချန်းမင်နှင့် အစ်မဝမ်တို့ စကားပြောနေကြပြီး မနက်ပိုင်း အဆိုင်းပြီးခါနီးမှ အလုပ်ဆင်းရန် ပြင်ခဲ့ကြ၏။
လင်းမိန်ဟွေ့သည်လည်း ရုံးခန်းကို သေသပ်စွာ သိမ်းဆည်းပေးခဲ့သည်။ အစ်မဝမ်က လင်းမိန်ဟွေ့ကို ကျေနပ်စွာ ကြည့်လိုက်ပြီးမှ ချန်းမင်ဘက်သို့ လှည့်လိုက်သည်။
“နင့်ရဲ့အမြင်က တကယ်စူးရှတာပဲ၊ အရှေ့ကလူတွေဆိုရင် အင်တာဗျူးကျတယ်လို့ ပြောတာနဲ့ ငါ့ကို ရန်ပြန်လုပ်ချင်ကြတာ
ဒီကလေးမလေးကမှ ယဉ်ယဉ်ကျေးကျေးနဲ့ တည်တည်ငြိမ်ငြိမ် ရှိတယ်”
ချန်းမင်က ပြုံးရုံသာ ပြုံးပြီး ပြန်မပြောခဲ့ပါချေ။
လင်းမိန်ဟွေ့က သူတို့ ရုံးခန်းထဲမှ ထွက်သွားသည်ကို ကြည့်ပြီး နောက်မှ လိုက်လာခဲ့သည်။
အစ်မဝမ် ဘတ်စ်ကားစီး၍ ထွက်သွားပြီးနောက်မှသာ ချန်းမင်က လင်းမိန်ဟွေ့ဘက်သို့ လှည့်ကာ အပြုံးနှင့် ပြောလိုက်လေ၏။
“ခုနက ငါ မင်းနဲ့သိနေသလိုစကားမပြောရဲဘူး၊ မဟုတ်ရင် အစ်မဝမ်က ငါနဲ့သိလို့ မျက်နှာသာပေးတယ်လို့ ထင်သွားရင် မင်းအတွက် မကောင်းဘူးလေ၊ နားလည်တယ် မဟုတ်လား?”
“ဟုတ်ကဲ့၊ ကျွန်မကို ကူညီပေးတဲ့အတွက် အစ်မချန်ကို ကျေးဇူးအများကြီး တင်ပါတယ်!”
လင်းမိန်ဟွေ့က ယဥ်ကျေးစွာပြောလိုက်လေ၏။
ချန်းမင်က ရယ်မောလျက် ပြောလာခဲ့သည်။
“နောက်ပိုင်းမှာ ငါကတောင် မင်းဆီက အကူအညီ ပြန်တောင်းရဦးမှာပါ၊ မင်းက ထူးချွန်တဲ့ ကျောင်းသူတစ်ယောက်ပဲလေ”
လင်းမိန်ဟွေ့က ပြုံးရုံသာ ပြုံးနေမိ၏။ ချန်းမင်းက ဆက်လက်၍ ပြောလာသည်။
“ဒီကအလုပ်က သိပ်မပင်ပန်းပါဘူး၊ ညစ်ပတ်တာလည်း သိပ်မရှိဘူး၊ တစ်ခုပဲ ရှိတာက အဲဒီငရဲမင်းပဲ၊ သူ့စရိုက်က နည်းနည်း ထူးဆန်းတယ်၊ လူတွေကိုလည်း ခဏ ဆဲတတ်တယ်၊ သူ့ကို မြင်ရင် ရှောင်လိုက်ရင်ရပါပြီ”
“အစ်မချန်.. အဲဒီ ‘ငရဲ.. ငရဲမင်း’ ဆိုတာက အမတို့ရဲ့ သူဌေးလားဟင်၊ သူ့မျိုးရိုးနာမည်က ဘယ်လိုလဲ၊ ကျွန်မ သူ့ကို ဘယ်လိုခေါ်ရမလဲ”
“သူ့နာမည်က ယန်လီဖန်းတဲ့၊ ဒါကြောင့် လူတွေက သူ့ကိုငရဲမင်းလို့ ခေါ်ကြတာ၊ သူက ဒေါသထွက်လွယ်ပြီး အချိန်မရွေး ပေါက်ကွဲတတ်တယ်”
ချန်မင်းက သက်ပြင်းချလိုက်သည်။ ထိုသူကြောင့် စိတ်ရှုပ်နေရပုံရလေ၏။
ထိုအမူအရာကို မြင်လိုက်ရလျှင် လင်းမိန်ဟွေ့သည်လည်း ထိုသူနှင့် မတိုးမိစေရန် သတိထားရမည်ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်မိပေသည်။
ချန်မင်း ထွက်ခွာသွားပြီးနောက် လင်းမိန်ဟွေ့သည်လည်း ဘတ်စ်ကားစီးကာ ကျောင်းသို့ ပြန်လာခဲ့လေတော့သည်။
ကံကောင်းစွာဖြင့် ယနေ့မနက်တွင် အတန်းချိန် များစွာမရှိသောကြောင့် လင်းမိန်ဟွေ့အနေဖြင့် လွတ်သွားသော စာများကို အလွယ်တကူ ပြန်လိုက်နိုင်ခဲ့သည်။
မှတ်စုများကို ပြန်လည်ပြင်ဆင်ပြီးနောက် လင်းမိန်ဟွေ့ ခန္ဓာကိုယ်ကို ဆန့်လိုက်ကာ ရှေ့လျှောက် နေ့ရက်များက ပိုမိုကောင်းမွန်လာတော့မည်ဟု တွေးနေမိ၏။
အဆောင်သို့ ပြန်ရောက်လျှင် ရှောင်ချင်းက လင်းမိန်ဟွေ့၏ စိတ်လက်ပေါ့ပါးနေသော ပုံစံကို မြင်သည်နှင့် စိုးရိမ်တကြီး မေးလာသည်။
“ဘယ်လိုလဲ၊ အောင်ခဲ့ရဲ့လား?”
လင်းမိန်ဟွေ့က အပြုံးနှင့်ပြန်ဖြေလေ၏။
“ကံကောင်းလို့ပေါ့၊ နင်ပြောသလို အဝတ်ဟောင်းတွေကို မဝတ်ဘဲ ဆံပင်ကို သေသေသပ်သပ် စည်းသွားလို့ တော်သေးတယ်၊ မဟုတ်ရင်တော့ အငြင်းခံရမှာ သေချာတယ်
သန့်ရှင်းရေး အလုပ်အတွက် လာလျှောက်တဲ့သူတွေ ဘယ်လောက်တောင် များလဲဆိုတာ နင်မသိလောက်ဘူး”
အစပိုင်းတွင် ရှောင်ချင်းမှာ လင်းမိန်ဟွေ့ကို သိပ်ပြီးသဘောမကျခဲ့ပါချေ။
လင်းမိန်ဟွေ့မှာ ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း အလွန်လှပနေသောကြောင့် သူတို့ မည်မျှပင် ပြင်ဆင်ပါစေ သူမကို မမီနိုင်သကဲ့သို့ ခံစားရပေသည်။
သို့သော် ယခုအချိန်တွင် တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်ပါလျက်နှင့် သန့်ရှင်းရေးအလုပ်ကိုပင် နှိမ့်ချစွာလုပ်ကိုင်ရဲသော လင်းမိန်ဟွေ့ကို သူမ လေးစားသွားရချေသည်။
အလိုလိုက်ခံထားရသော ပေကျင်းသားများအတွက်တော့ ထိုသို့လုပ်ဆောင်ရန် လုံးဝ မဖြစ်ပေ။
“လင်းမိန်ဟွေ့၊ နင် ဘာလို့ ဒီလောက်တောင် အပင်ပန်းခံနေရတာလဲ၊ နင့်မိသားစုမှာ နင့်ကို ကျောင်းထားပေးနိုင်မယ့်သူ တစ်ယောက်မှ မရှိဘူးလား”
“ငါ့ မိဘတွေက လယ်သမားတွေဆိုတော့ ဝင်ငွေ သိပ်မရှိဘူးလေ၊ မောင်လေးကလည်း ကျောင်းတက်နေတုန်းဆိုတော့ ကိုယ့်ဘာသာကိုယ်ပဲ အားကိုးရမှာပေါ့”
ရှောင်ချင်းသည် ထိုစကားကို ကြားလျှင် စိတ်မကောင်းဖြစ်သွားရသည်။
“နင့်မိဘတွေကလည်း ယောကျ်ားလေးကို ပိုမျက်နှာသာပေးတာပဲ၊ နယ်ဘက်တွေမှာ အဲဒီလိုမျိုးတွေ အများကြီးရှိတယ်လို့ ငါကြားဖူးတယ်၊
ငါကတော့ တကယ်ထူးဆန်းတယ်လို့ ထင်တယ်၊ ယောကျ်ားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ့်သားသမီးတွေချည်းပဲ မဟုတ်ဘူးလား?”
လင်းမိန်ဟွေ့သည်က ထိုအကြောင်းများကို မရှင်းပြနိုင်ခဲ့ပါချေ။
နာကျင်မှုများစွာမှာ နှလုံးသားပေါ်တွင် အမာရွတ်များ ဖြစ်သွားခဲ့ပြီဖြစ်၍ ထပ်မံရှင်းပြနေရန် မလိုအပ်တော့ဟု သူမ ယူဆမိပေသည်။
သို့မဟုတ်ပါက ထိုအမာရွတ်ဟောင်းကို ပြန်ဖွင့်သကဲ့သို့ ဖြစ်ပြီး ထပ်မံနာကျင်ရဦးမည် မဟုတ်ပါလား။
လင်းမိန်ဟွေ့မှာ ဤကဲ့သို့ အလုပ်မလုပ်ရသည်မှာ ကြာပြီဖြစ်သောကြောင့် တစ်ကိုယ်လုံး ညောင်းညာနေခဲ့၏။
ကံကောင်းစွာဖြင့် ရှောင်ချင်းက ထပ်မံ၍ မမေးမြန်းတော့သည့်အတွက် ခဏအကြာတွင် လင်းမိန်ဟွေ့တစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပေသည်။
နောက်တစ်နေ့ မနက်စောစောတွင် လင်းမိန်ဟွေ့သည် ပေါက်စီတစ်လုံး ဝယ်စားကာ စာကြည့်တိုက်သို့ အပြေးအလွှား သွားခဲ့၏။
လမ်းတစ်ဝက်တွင် ရှောင်ချင်းက လှမ်းတားလိုက်ပြီး သူမ၏ လက်ထဲမှ ကြက်ဥတစ်လုံးနှင့် နို့တစ်ထုပ်ကို ထုတ်ပေးလာလေ၏။
“နင်က အရမ်းပိန်တော့ အာဟာရ ပိုဖြည့်ရမယ်၊ ငါလည်း နေ့တိုင်း ဒါတွေပဲဆိုတော့ အကုန်မစားနိုင်လို့ နင့်အတွက် ယူလာပေးတာ၊ လွှင့်ပစ်ရင်လည်း နှမြောစရာကြီးပဲ မလား”
လင်းမိန်ဟွေ့က ငြင်းဆန်ခဲ့သော်လည်း ရှောင်ချင်းက မျက်လုံးများကို ပြူးဝိုင်းကာ ပြောလာလေ၏။
“နင်က ငါ့ဆီကအစားအသောက်တွေကို မကြိုက်လို့လား၊ ငါ ဘာမှမထိရသေးဘူးနော် ဆန်ပြုတ်ပဲ သောက်ခဲ့တာ”
အဆုံးတွင်တော့ လင်းမိန်ဟွေ့တစ်ယောက် လက်ခံလိုက်ရလေသည်။
ရှောင်ချင်း၏ နေထိုင်မှုပုံစံမှာလည်း သူမ ထင်ထားသည်ထက် များစွာ သာလွန်ကြောင်းကို လင်းမိန်ဟွေ့ ဝန်ခံရပေလိမ့်မည်။
ယခင် ယွင်ကျွမ်းမြို့လေးတွင် နေခဲ့ချိန်က သူမ ပိုက်ဆံရှာနိုင်ချိန်တွင် တစ်ခါတစ်ရံ ကောင်းကောင်းစားခဲ့ဖူးသော်လည်း ယခုကဲ့သို့ မသုံးရဲခဲ့ပါချေ။
လင်းမိန်ဟွေ့သည် ရှောင်ချင်းပေးသော ကြက်ဥနှင့် နို့ကို ယူလိုက်ပြီး ကျေးဇူးတင်လိုက်မိသည်။
“ကျေးဇူးတင်ပါတယ် ရှောင်ချင်း”
“ဘာတွေ အားနာနေတာလဲ? နင် လစာရတဲ့နေ့ကျမှ ငါ့ကို ပြန်ကျွေးပေါ့...”
“ငါ..”
ရှောင်ချင်းသည် လင်းမိန်ဟွေ့ အခက်တွေ့သွားသည်ကို မြင်သည်နှင့် အပြုံးတစ်ခုနှင့်ပြောလာသည်။
“စိတ်မပူပါနဲ့၊ငါ နင့်ဆီက ပိုက်ဆံအများကြီး မသုံးခိုင်းပါဘူး၊ အချိန်တန်ရင် နှမ်းကိတ်မုန့်လေး တစ်ခုလောက် ဝယ်ကျွေးရင် ရပါပြီ၊ ငါတို့က အတန်းဖော်တွေပဲလေ၊ အဲဒီလောက်အထိ အားနာစရာ မလိုပါဘူး”
လင်းမိန်ဟွေ့လည်း ပြုံးလိုက်ပြီး အစားအသောက်များကို ယူကာ စာကြည့်တိုက်သို့ ဝင်လာခဲ့၏။
တက္ကသိုလ်ရှိ စာအုပ်များမှာ များပြားလွန်းသောကြောင့် လင်းမိန်ဟွေ့တစ်ယောက် ခဏအတွင်း စာဖတ်ခြင်းထဲသို့ အာရုပြောင်းသွားတော့သည်။
သူမ အလဟဿ ဖြုန်းတီးခဲ့သော နှစ်ရက်တာအတွက် ပြန်လည်ဖြည့်ဆည်းလိုစိတ်ဖြင့် စာအုပ်များထဲတွင် စိတ်နှစ်၍ ဖတ်နေခဲ့လေ၏။