အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
အခန်း(139)
အချိန်မည်မျှကြာသွားသည်ကိုမသိပါချေ။ ရုတ်တရက် တစ်ဖက်ခြမ်းမှ အရိပ်မည်းတစ်ခု ကျလာသော်လည်း လင်းမိန်ဟွေ့အနေဖြင့် အာရုံမစိုက်မိပေ။
စာကြည့်တိုက်တွင် လူအများအပြားက စားပွဲတစ်ခုတည်း၌ အတူထိုင်တတ်ကြသည် မဟုတ်ပါလား။
ခေတ္တမျှ ကြာလျှင် တစ်ဖက်မှလူက သူမကိုသာ ဆက်တိုက်စိုက်ကြည့်နေသည်ဟု ခံစားရသောကြောင့် လင်းမိန်ဟွေ့ ခေါင်းမော့ကြည့်လိုက်ရတော့၏။
တစ်ဖက်တွင် ထိုင်နေသူမှာ အခြားသူမဟုတ်ဘဲ နျဲ့ဖေးဟုန် ဖြစ်နေကြောင်းကို မြင်လိုက်ရလျှင် သူမမှာ မသိစိတ်ဖြင့် အလန့်တကြားအော်မိသွားလေသည်။
“နျဲ့ဖေးဟုန်!”
လူတိုင်းက လှည့်ကြည့်လာကြသောကြောင့် နျဲ့ဖေးဟုန်က သူမအား အသံတိုးတိုးနေရန် လက်ဟန်ပြလိုက်၏။
လင်းမိန်ဟွေ့အနေဖြင့် ဤသည်မှာ အံ့သြစရာတစ်ခုဟူ၍ မှတ်ယူနေမိပေသည်။ နျဲ့ဖေးဟုန်က သူမနှင့် မတူညီသော တခြားကျောင်းတစ်ခုသို့ လျှောက်ထားခဲ့သည်ဟု သူမ သိထားခဲ့ပေ၏။
ထို့ကြောင့် ယခုအချိန်တွင် တစ်ဖက်လူက သူမ၏ရှေ့တွင် လာထိုင်နေခြင်းက မယုံနိုင်စရာဖြစ်နေခဲ့သည်။
“ကျွမ်တော် ဒီကို ခဏခဏလာလေ့ရှိတယ်လေ၊ ပြောရရင် မင်းကို လာကြည့်တာ၊ တစ်ခုခု အကူအညီလိုရင် ပြောလု့ရတယ်”
“မလိုပါဘူး၊ အရာအားလုံး အဆင်ပြေပါတယ်၊ ရှင့်ကို ဒီမှာ ရုတ်တရက်ကြီး မြင်လိုက်ရလို့ အံ့သြသွားရုံပါပဲ၊ ရှောင်ရွှမ်းတို့ရော အခု ဘယ်လိုနေကြလဲ၊ သူတို့နဲ့ အဆက်အသွယ်ရှိလား”
နျဲ့ဖေးဟုန်၏ မျက်နှာပေါ်တွင် အမြဲတမ်း ပြုံးရွှင်သော အမူအရာ ရှိနေတတ်၏။
မတွေ့ရသည်မှာ ကြာပြီဖြစ်သော လင်းမိန်ဟွေ့မှာ ပို၍အရပ်ရှည်လာပြီး ပို၍လည်း လှပလာသည်ဟု သူ ခံစားရသည်။
နျဲ့ဖေးဟုန် သူ၏ ခံစားချက်များကို မထုတ်ဖော်ပြဘဲ အပြုံးတစ်ခုနှင့်သာ ပြောလိုက်လေသည်။
“သူတို့နှစ်ယောက်လုံး နေကောင်းကြပါတယ်၊ သူတို့က အိမ်မှာ အလိုလိုက်ခံထားရတဲ့သူတွေပဲလေ၊ ရှောင်ရွှမ်းရဲ့အမေဆိုရင် သူ့သမီးကျောင်းတက်တဲ့နေရာအထိ လိုက်သွားပြီး အတူနေပေးတယ်တဲ့”
ထိုစကားကို ကြားလျှင် လင်းမိန်ဟွေ့မှာ အနည်းငယ်လောက် အားကျသွားရလေ၏။
လောကကြီးတွင် မိဘတိုင်းက သားသမီးများကို ချစ်ကြသော်လည်း သူမ တစ်ဦးတည်းသာ မိဘမေတ္တာကို မရရှိခဲ့ပါချေ။
ထိုဟာကွက်က သူမအတွက်တော့ မပြည့်နိုင်သည့် အပေါက်တစ်ခုကဲ့သို့ရှိနေခဲ့သည်။
ယခင်က စုန့်ယီ ရှိနေချိန်တွင် သူမ ထိုကဲ့သို့ အတွေးမများခဲ့ပါချေ။
သို့သော် ယခုရက်ပိုင်းအတွင်း ရှောင်ချင်း၏ အလိုလိုက်ခံရမှုများကို မြင်တွေ့ရပြီး သူမ၏ မိဘများက သူမအပေါ် မည်မျှအထိ အလိုလိုက်ကာ ချစ်ခင်ကြသည်ကို သိမြင်နေရပြီးနောက်တွင် အားကျစိတ်များ ဖြစ်လာမိရသည်။
လင်းမိန်ဟွေ့ ငြိမ်သက်သွားသည်ကို မြင်လျှင် နျဲ့ဖေးဟုန်က အသံတိုးတိုးဖြင့် သတိပေးလိုက်၏။
“အပြင်ထွက်ပြီး စကားပြောရအောင်၊ ဒီမှာက စကားပြောရတာ အဆင်မပြေဘူး”
လင်းမိန်ဟွေ့ သတိဝင်လာပြီး စာအုပ်ကို စင်ပေါ်သို့ အမြန်ပြန်တင်ကာ နျဲ့ဖေးဟုန်၏နောက်မှ လိုက်လာခဲ့လေသည်။
သူတို့နှစ်ဦး သစ်ပင်ရိပ်လမ်းမအောက်တွင် လမ်းလျှောက်ခဲ့ကြပြီး နျဲ့ဖေးဟုန်က လင်းမိန်ဟွေ့၏ နေထိုင်မှုနှင့် ပညာသင်ကြားရေး အခြေအနေများကို မေးမြန်းလေသည်။
အရာအားလုံးအဆင်ပြေကြောင်း သေချာမှသာ နျဲ့ဖေးဟုန် စိတ်အေးသွားရ၏။
သူက အိတ်ကပ်ထဲမှ အိတ်ငယ်လေးတစ်လုံးကို ထုတ်ကာ လင်းမိန်ဟွေ့အား လှမ်းပေးလိုက်သည်။
“ဒါက ကျွန်တော် ပုံမှန်စုထားတဲ့ မုန့်ဖိုးလေးတွေပဲ၊ ကျွန်တော်ကတော့ သိပ်မလိုပါဘူး၊ ဒါကြောင့် ဒါကို ယူထားပြီး စိတ်အေးအေးနဲ့ စာသင်လိုက်လေ၊
ဘွဲ့ရသွားရင် အရာအားလုံးက ကောင်းလာပါလိမ့်မယ်”
“ရှင် ဘာလုပ်တာလဲ”
လင်းမိန်ဟွေ့က ထိုအိတ်ကို လက်မခံခဲ့ပေ။ ဆိုရလျှင် နျဲ့ဖေးဟုန်နှင့် သူမက သာမန်အတန်းဖော် သူငယ်ချင်းအဆင့်သာ ရှိနေသည် မဟုတ်ပါလား။
သူငယ်ချင်းဖြစ်သူထံမှ ပိုက်ဆံကို ယူရန်က သူမအတွက် အဆင်မပြေပေ။
နျဲ့ဖေးဟုန်အနေဖြင်် ခရိုင်ထဲမှ အတန်းဖော်တချို့ထံသို့ စုံစမ်းကြည့်ပြီး စုန့်ယီကလည်း ဤနေရာသို့ လိုက်လာကြောင်း သိရှိခဲ့၏။
သို့သော် လင်းမိန်ဟွေ့၏ အတန်းဖော်များထံမှ တစ်ဆင့် စုံစမ်းကြည့်သောအချိန်တွင် စုန့်ယီသည်က စစ်ထဲသို့ဝင်သွားပြီဖြစ်ကြောင်းနှင့် ယခု ဤနေရာတွင် မရှိတော့ကြောင်းကို သိလိုက်ရပေသည်။
ထို့ကြောင့် လင်းမိန်ဟွေ့၏ ဘဝာ များစွာ ခက်ခဲနေလိမ့်မည်ဟု သူ ချက်ချင်းပင် တွေးမိသွား၏။
ကျောင်းသူတစ်ဦးက သန့်ရှင်းရေး အလုပ်ကိုပင် လုပ်ကိုင်နေရသည်ဆိုပါက မည်မျှ ခက်ခဲနေမည်နည်း။
နျဲ့ဖေးဟုန် လင်းမိန်ဟွေ့အား ကူညီလိုသော်လည်း သူမ၏ သိက္ခာကိုလည်း ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ထိုစုထားသော မုန့်ဖိုးလေးကိုသာ အရင်ပေးလိုခြင်း ဖြစ်ပေသည်။
“ဖေးဟုန်၊ ကျွန်မအတွက် အလုပ်သင် အစီအစဉ်က အရမ်းကောင်းပါတယ်”
“မိန်ဟွေ့၊ ဒါကို လှူဒါန်းသလိုမျိုး မတွေးပါနဲ့. အတန်းဖော်အချင်းချင်း ကူညီတာလို့ပဲ သဘောထားပေးပါ မင်း ပိုက်ဆံရှာနိုင်တဲ့အခါကျရင် ပြန်ပေးပေါ့”
နျဲ့ဖေးဟုန်သည် ထိုအဝတ်အိတ်ကို အတင်းပေးသော်လည်း လင်းမိန်ဟွေ့ကမူ လုံးဝ လက်မခံပါချေ။
“ဖေးဟုန်၊ ရှင် ကျွန်မကို လာတွေ့တာနဲ့တင် ကျွန်မ တကယ်ဝမ်းသာပါတယ်၊ အခု ကျွန်မ လက်ထဲမှာလည်း ပိုက်ဆံတွေ ရှိနေသေးတယ်၊
ချန်အန်းသယ်ကလည်း လတိုင်း ပိုက်ဆံပို့ပေးသလို စုန့်ယီကလည်း တပ်ထဲကနေ ပိုက်ဆံပို့ပေးမယ်လို့ ကတိပေးထားတယ်၊ ဒါကြောင့် ကျွန်မအတွက် စိတ်မပူပါနဲ့”
လင်းမိန်ဟွေ့၏ ယဉ်ကျေးစွာ ငြင်းဆိုမှုကြောင့် နျဲ့ဖေးဟုန်လည်း သူ စိုးရိမ်လွန်သွားကြောင်းကို သတိထားမိသွား၏။
သူသည် ပြုံးလိုက်ပြီး သူ၏ပိုက်ဆံအိတ်ကို ပြန်သိမ်းလိုက်ပြီးလေဒ။
“ဒါဆိုရင်လည်း ဒီပိုက်ဆံကို လက်မခံချင်ရင် ကျွန်တော် ကျွေးတဲ့ ထမင်းတစ်နပ်ကိုတော့ လိုက်စားရမယ်၊ မင်းရဲ့ အဆောင်ကသူငယ်ချင်းကိုလည်း ခေါ်ခဲ့ဦး၊ အားလုံး အတူတူ ထမင်းစားရင်း မိတ်ဆက်ကြတာပေါ့”
လင်းမိန်ဟွေ့လည်း ရှောင်ချင်းနှင့် နျဲ့ဖေးဟုန်တို့က မိသားစုနောက်ခံ ကောင်းမွန်ခြင်း၊ စိတ်ထားကောင်းခြင်းနှင့် ကြင်နာတတ်ခြင်းတို့တွင် တူညီကြသည်ဟု ယူဆမိသောကြောင့် အတူထမင်းစားရန် ချက်ချင်းပင် သဘောတူလိုက်သည်။
စားသောက်ဆိုင်လေးမှာ သိပ်ပြီးမကြီးလှသော်လည်း သန့်ရှင်းသပ်ရပ်လျက်ရှိပြီး အစားအသောက်အရသာမှာလည်း အလွန်ပင် ကောင်းမွန်ပေ၏။
လင်းမိန်ဟွေ့သည်ကား ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေရင်း ရှောင်ချင်းနှင့် နျဲ့ဖေးဟုန်တို့ စကားပြောနေကြသည်ကိုသာ နားထောင်နေမိသည်။
သူတို့နှစ်ဦးမှာ စကားပြောအလွန်ပင် ဖော်ရွေပြီးအချင်းချင်းလိုက်ဖက်ညီနေသောကြောင့် လင်းမိန်ဟွေ့စိတ်ထဲတွင် ဝမ်းသာပျော်ရွှင်နေမိပေသည်။
ကျောင်းစတက်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ရှောင်ချင်းက စိတ်နှလုံးနွေးထွေးသူတစ်ဦးဖြစ်ကြောင်းကို လင်းမိန်ဟွေ့ သိမြင်ထားပြီးဖြစ်၏။
သူမသည်က ပွင့်လင်းရိုးသားသော်လည်း ကြင်နာတတ်သော စိတ်ထားရှိပေသည်။ ထိုအချက်ကြောင်းပင် လင်းမိန်ဟွေ့အား ဤပေကျင်းသူလေးကို အထူးတလည် သဘောကျမိစေခြင်း ဖြစ်ပေသည်။
သူမ စိတ်ထဲတွင် နျဲ့ဖေးဟုန်နှင့် ရှောင်ချင်းတို့ အချင်းချင်း သဘောကျသွားကြရန်ပင်တိတ်တဆိတ် ဆုတောင်းနေမိသည်။
သို့မှသာ သူမ၏ ပတ်ဝန်းကျင်၌ နောက်ထပ် ပျော်ရွှင်စရာကောင်းသော စုံတွဲတစ်တွဲ ရှိလာမည် မဟုတ်ပါလား။
“အဲဒီတုန်းက ငါ မိန်ဟွေ့ရဲ့နောက်ကို လိုက်ခဲ့သေးတယ်၊ ဒါပေမဲ့ သူက ငြင်းလိုက်တာလေ”
နျဲ့ဖေးဟုန်က ရုတ်တရက် အတိတ်ဟောင်းကို ပြန်ဖော်လိုက်သဖြင့် လင်းမိန်ဟွေ့မှာ အလွန်ပင် အံ့အားသင့်သွားရ၏။
သူမ စိတ်ထဲတွင် တွေးလိုက်မိသည်။
အခု အဓိက ဇာတ်လိုက်မက ရှောင်ချင်းလေ၊ ဟုတ်ပြီလား။
လင်းမိန်ဟွေ့ စားပွဲအောက်မှနေ၍ နျဲ့ဖေးဟုန်ကို အသာကန်လိုက်ပြီး ဆက်မပြောရန် အချက်ပြလိုက်လေ၏။
ရှောင်ချင်းက မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ အပြုံးတစ်ခုနှင့်သာ ဆိုလိုက်သည်။
“ငါ ခန့်မှန်းကြည့်ရတာတော့... မိန်ဟွေ့က နင့်လိုမျိုး လူချမ်းသာ အသိုင်းအဝိုင်းက လူတွေရဲ့ စိတ်ထားမျိုးကို သဘောကျမှာ မဟုတ်ဘူး
မိန်ဟွေ့က အရမ်းမာနရှိတဲ့ မိန်းကလေးပဲလေ၊ သူ သဘောကျတဲ့သူကလည်း သူနဲ့ လက်ချင်းတွဲပြီး ရှေ့ဆက်နိုင်မယ့်သူမျိုးပဲ ဖြစ်ရမယ်”
“မင်း ခန့်မှန်းတာ မှန်တယ်၊ သူ သဘောကျတဲ့သူက.. ”
“နျဲ့ဖေးဟုန်၊ ရှင် ဘာတွေ လျှောက်ပြောနေတာလဲ၊ ဘာလို့ ကျွန်မကိုပါ ဆွဲထည့်နေတာလဲ၊ နောက်ပြီး အဲဒီတုန်းက ကျွန်မ စာပဲသင်နေတာလေ၊ ဘယ်မှာလာပြီး ပတ်သက်မှု ရှိမှာလဲ”
လင်းမိန်ဟွေ့က စကားများကို ရပ်တန့်ရန်အတွက် နျဲ့ဖေးဟုန်ကို ထပ်မံ သတိပေးလိုက်၏။ သို့မဟုတ်ပါက နောက်ပိုင်းတွင် သူနှင့် ရှောင်ချင်းတို့ ဆက်ဆံရေးရှိနိုင်ရမ်ခက်ခဲသွားပေမည်။
ဘယ်လောက်ပဲ ရူးနှမ်းနေပါစေ၊ ကိုယ့်အဆောင်ဖော်ကို သဘောကျနေတဲ့ ယောကျ်ားလေးတစ်ယောက်ကိုတော့ စိတ်ကူးယဉ်စရာ လူတစ်ယောက်အဖြစ် သတ်မှတ်မှာ မဟုတ်ဘူးလေ!
သို့သော် နျဲ့ဖေးဟုန်က လင်းမိန်ဟွေ့၏ စကားမှအဓိပ္ပာယ်ကို လုံးဝ နားမလည်ပါချေ။
သူက ရှောင်ချင်းနှင့် ဆက်လက် နောက်ပြောင်နေဆဲပင်။ အချစ်ရေးနှင့်ပတ်သက်သည့် စာများအကြောင်းကို ပြောချိန်တွင် နျဲ့ဖေးဟုန်က ဝမ်းနည့်အမူအရာဖြင့် ဆိုလိုက်သည်။
“ငါ လင်းမိန်ဟွေ့ဆီ ရေးခဲ့တဲ့ အချစ်စာလွှာတွေကို သူ တစ်ခါမှတောင် မဖွင့်ကြည့်ဖူးဘူး”
“မဖြစ်နိုင်တာ၊ ဒီလောက်တောင် သနားဖို့ကောင်းနေတာလား”
“ငါ့အထင်တော့ သူ အဲဒီစာတွေကို မီးရှို့လိုက်ပြီ ထင်တယ်၊ အဲဒီတုန်းက စကားလုံးတွေကို စဉ်းစားဖို့ ငါ တစ်ပတ်လောက် အချိန်ပေးခဲ့ရတာ၊ အခု ပြန်တွေးကြည့်တော့ ငါ တကယ်ကို သနားဖို့ကောင်းနေတာပဲ”
နျဲ့ဖေးဟုန်တစ်ယောက် ထိုစကားကိုပြောချိန်တွင် လင်းမိန်ဟွေ့၏ မျက်နှာ၌ အနည်းငယ် အေးစက်သည့် အမူအရာတို့ကို မြင်လိုက်ရသောကြောင့် သူ၏ စနောက်မှုက အနည်းငယ် လွန်သွားပြီဖြစ်ကြောင်း ရိပ်မိလိုက်၏။
သူက စနောက်နေခြင်းကို ချက်ချင်းရပ်လိုက်ပြီး လင်းမိန်ဟွေ့ကို ဟင်းများ ခပ်ထည့်ပေးလိုက်လေသည်။
ရှောင်ချင်းသည်ကား လင်းမိန်ဟွေ့ကို တိတ်တဆိတ် ကြည့်ကာ မရပ်မနား ရယ်မောနေတော့၏။
လင်းမိန်ဟွေ့သည် မည်သည့်စကားကိုမျှပြန်မပြောဘဲ တိတ်တဆိတ်သာ စားနေပြီး နျဲ့ဖေးဟုန်ကို လျစ်လျူရှုထားလိုက်လေ၏။
ထိုအချိန်မှသာ နျဲ့ဖေးဟုန်သည်လည်း သူ၏စကားများ အနည်းငယ် လွန်သွားပြီဖြစ်ကြောင်း သတိပြုမိသွားရသည်။
“မိန်ဟွေ့၊ စိတ်မဆိုးပါနဲ့.. ကျွန်တော်က တခြားရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး၊ မင်းတို့က အဆောင်ဖော်တွေဆိုတော့ အကုန်ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ် ထင်လို့ပါ”
“ဖေးဟုန်၊ အတိတ်ကကိစ္စတွေက အတိတ်မှာတင် ကျန်ခဲ့ပါပြီ၊ ပြီးတော့ ကျွန်မ ဘယ်စာကိုမှ မတွေ့ခဲ့ဘူး...”
*
အခန်း(140)
ကျောင်းအပြန်လမ်းတွင် ရှောင်ချင်းက လင်းမိန်ဟွေ့ကို တီးတိုး ပြောလိုက်၏။
“မိန်ဟွေ့... နင် သူ့ကို ဒီအတိုင်းကြီး ထားခဲ့တော့ သူ တကယ် စိတ်မကောင်းဖြစ်နေမှာပဲ!”
လင်းမိန်ဟွေ့မှာ သက်ပြင်းချရင်း ရှောင်ချင်းကို ပြန်ကြည့်လိုက်သည်။
“ရှောင်ချင်း၊ သူက ယောကျ်ားလေးပဲလေ၊ ဒီလောက် အခက်အခဲလေးတော့ ခံနိုင်ရည်ရှိမှာပါ နောက်ပြီး ငါ့ဘက်ကလည်း ငါတို့က သူငယ်ချင်းတွေပဲဆိုတာ သူ့ကို အပြတ်ပြောထားပြီးသားပဲ၊ သူကလည်း စနောက်ရတာ ဝါသနာပါနေရုံပဲ”
ရှောင်ချင်းသည်က လင်းမိန်ဟွေ့မှာ ရှောင်ဖယ်နေခြင်းသာဖြစ်သည်ဟု ခံစားရ၏။ မတိုင်ခင်က နျဲ့ဖေးဟုန်၏ မျက်ဝန်းထဲရှိ မျှော်လင့်တကြီး ကြည့်နေသော အကြည့်များကို သူမ အတိုင်းသား မြင်ခဲ့ရသည် မဟုတ်ပါလား။
နျဲ့ဖေးဟုန်မှ အတိတ်ဟောင်းကို ပြန်ဖော်ခြင်းမှာ တိုက်ဆိုင်မှုလည်းမဟုတ်၊ မတော်တဆလည်း မဟုတ်ချေ။ သူသည်က လင်းမိန်ဟွေ့၏ စိတ်ကို စမ်းသပ်လိုခြင်းသာ ဖြစ်သော်လည်း လင်းမိန်ဟွေ့ကတော့ တခြားကိစ္စများကိုသာ တွေးနေမိသဖြင့် နျဲ့ဖေးဟုန်၏ ဂရုတစိုက် စမ်းသပ်မှုကို သတိမမူမိခဲ့ခြင်း ဖြစ်ပေသည်။
သူတို့နှစ်ဦး ကျောင်းသို့ ပြန်ရောက်သောအခါ လင်းမိန်ဟွေ့က ချက်ချင်းပင် သင်ခန်းစာများကို ကြိုတင်လေ့လာနေသောကြောင့် ထိုကိစ္စမှာ ခေတ္တမျှ ငြိမ်သက်သွားတော့၏။
နောက်တစ်နေ့ မနက်စောစောတွင် လင်းမိန်ဟွေ့က ဟုန်ရိကုမ္ပဏီသို့ စောစီးစွာ ရောက်ရှိလာခဲ့သည်။
ဝန်ထမ်းအများစု မရောက်မီမှာပင် သူမက သန့်ရှင်းရေးကို စတင်လုပ်ဆောင်လေသည်။ ရုံးခန်းကြီးကို အရင်ဆုံးသန့်ရှင်းရေးလုပ်ပြီးနောက် သူဌေးကြီးယန်၏ ရုံးခန်းကို စတင်သန့်ရှင်းရေးလုပ်၏။
ကံကောင်းသည်မှာ ဝန်ထမ်းအားလုံးမှာ ယဉ်ကျေးသိမ်မွေ့သူများဖြစ်ကြသဖြင့် ရုံးခန်းမှာ အမြဲတမ်း သန့်ရှင်းနေတတ်ပေသည်။
လင်းမိန်ဟွေ့ ရုံးခန်းထဲမှ ထွက်လာပြီးနောက် သန့်စင်ခန်းကို ချက်ချင်း သန့်ရှင်းရေးလုပ်လေတော့သည်။
သို့သော် ကြမ်းပြင်ကို အဝတ်တိုက်ပြီးချိန်တွင်ပင် အမျိုးသားတစ်ဦးာ သန့်စင်ခန်းထဲသို့ ဝင့်ဝင့်ကြွားကြွား လမ်းလျှောက်ဝင်လာ၏။
သူ မည်သည့်နေရာမှ ရောက်လာသည်ကို မသိသော်လည်း ဖိနပ်အောက်ခြေတွင် ရွှံ့များအပြည့် ပါလာပြီး လင်းမိန်ဟွေ့၏ ကြိုးစားအားထုတ်မှုများကို ဖျက်ဆီးပစ်လိုက်လေသည်။ လင်းမိန်ဟွေ့မှာ ထိုနေရာကို ထပ်မံ၍ သုတ်လိုက်ရပြန်လေတော့သည်။
သူမသည် ရေလဲဝတ်ကို ဆေးကြောရန် သန့်စင်ခန်းအတွင်းသို့ ခေတ္တဝင်သွားခဲ့ရလေ၏။ သူမ ပြန်ထွက်လာချိန်တွင်မူ ထိုအမျိုးသားက သူမ ယခု သုတ်ထားသော ကြမ်းပြင်ပေါ်ရှိ ရွှံ့ပုံကို နင်းသွားသည်ကို မြင်လိုက်ရပြန်သည်။
လင်းမိန်ဟွေ့ အနည်းငယ် ဒေါသထွက်သွားရ၏။ သန့်ရှင်းရေး ဝန်ထမ်းတစ်ဦး ဖြစ်လျှင်ပင် အပြန်အလှန် လေးစားမှုတော့ ရှိသင့်သည် မဟုတ်ပါလား။
ထိုအမျိုးသားမှာ ဖုန်းပြောနေပြီး သူ၏လေသံမှာ အလွန်ပင် လေးနက်နေပေသည်။ လင်းမိန်ဟွေ့လည်း သူ့ကို ဂရုမစိုက်တော့ဘဲ ရေလဲဝတ်ကို ထုတ်ယူကာ သူနင်းသွားသော အမည်းစက်များကို ပြန်လည်သုတ်ပြီး ထိုသူ၏ ခြေထောက်နားအထိ တိုက်ချွတ်လေတော့သည်။
ထိုသူသည်ကား တစ်စုံတစ်ဦးက ကြမ်းတိုက်နေသည်ကို သတိပြုမိသွားပြီး တစ်ဖက်သိုး ရှောင်တိမ်းနေခဲ့ပြန်၏။
“လူကြီးမင်း... မတိုက်ရသေးတဲ့ နေရာတွေမှာ ခဏရပ်ပေးလို့ ရမလား၊ ဒီလို ရေစိုနေတဲ့နေရာကို နင်းမိရင် ချော်လဲဖို့ လွယ်လို့ပါ”
“အခု မင်းနဲ့ စကားပြောဖို့ အချိန်မရှိဘူး၊ အရေးကြီးတဲ့ ဖောက်သည်နဲ့ ဖုန်းပြောနေတာ... ခဏစောင့်ဦး၊ ငါ မင်းကို နောက်မှ ပြောမယ်”
ထိုအမျိုးသားမှာ သူကသာ အရေးပါအရာရောက်ဟန်ဖြင့် ဖုန်းကိုဆက်လက်ပြောဆိုနေသော်လည်း လင်းမိန်ဟွေ့အနေဖြင့် ဤသူမှာ အတော်လေးရယ်စရာကောင်းသည်ဟု တွေးနေမိ၏။
သူကိုယ်တိုင်က ကျိုးကြောင်းဆင်ခြင်ဉာဏ် ကင်းမဲ့နေပါသော်လည်း မည်သည်ကို ငြင်းခုံချင်နေသေးသနည်း။
လင်းမိန်ဟွေ့သည် ရွှံ့များကို အကုန်စင်အောင် သုတ်ပြီးနောက် ရေလဲဝတ်ကို သန့်စင်ခန်းထဲသို့ ပြန်ထားကာ ကိုယ်ကို ဆန့်လိုက်၏။ သို့သော် ထိုအမျိုးသားက ဖုန်းချလိုက်ပြီးနောက် လင်းမိန်ဟွေ့ကို လှည့်၍ စိုက်ကြည့်ကာ အမိန့်ပေးလေသည်။
“ဟေး... မင်း ဒီနေရာကို ပြန်သုတ်လိုက်”
လင်းမိန်ဟွေ့တစ်ယောက် ထိုလူကို ကြည့်ကာ စိတ်ပျက်သွားရသည်။
“လူကြီးမင်း၊ ရှင် ဒီက ထွက်သွားပြီးမှ ကျွန်မ ပြန်လုပ်လိုက်ပါ့မယ် အခုတော့ ဒီနားမှာ လျှောက်မသွားဘဲ နေပေးလို့ ရမလား”
“မင်းက လူသစ်ပဲ”
“ကျွန်မက လူသစ်ဖြစ်ပေမဲ့လည်း လူသစ်မို့လို့ အပြစ်တင်ခံရရမယ်ဆိုတဲ့ အကြောင်းပြချက် မရှိပါဘူး”
ယန်လီပင်းသည်ကား ဘဝင်မြင့်တတ်သူ ဖြစ်ပေသည်။ လင်းမိန်ဟွေ့၏ ရဲရင့်တည်ငြိမ်သော အမူအရာကို မြင်လျှင် သူက ဒေါသထွက်သွားပြီး သူမကို လက်ညှိုးထိုးကာ ကြိမ်းမောင်းလေတော့၏။
“မင်းက သန့်ရှင်းရေးသမားပဲလေ မင်း ရတဲ့ လစာက သန့်ရှင်းရေးလုပ်ဖို့အတွက်ပေးထားတာ၊ တခြားသူတွေက ဖုန်တွေကို ဘယ်လောက်ပဲ နင်းနင်း မင်းက သန့်ရှင်းအောင် လုပ်ပေးရမှာပဲ”
လင်းမိန်ဟွေ့အနေဖြင့် အလုပ်စဝင်သည့် ပထမဆုံးနေ့တွင်ပင် ဤကဲ့သို့သော လူမျိုးနှင့် တွေ့ရလိမ့်မည်ဟု မထင်ထားမိပါချေ။
သူမသည် ပြန်ပြောလိုက်သည်။
“ကြည့်ပါဦး၊ ရှင်က အရွယ်ရောက်ပြီးတဲ့ လူကြီးတစ်ယောက် ဖြစ်နေပြီလေ၊ တခြားသူကို လေးစားရမယ်ဆိုတဲ့ အခြေခံ အသိတောင် မရှိဘူးလား
ကျွန်မက သန့်ရှင်းရေးသမား ဖြစ်ပေမဲ့ တခြားသူတွေရဲ့ နှိပ်စက်မှုကို အမြဲတမ်း သည်းခံနေရမယ်လို့ မဆိုလိုပါဘူး”
“မင်း အလုပ်က ထွက်လိုက်တော့!”
ယန်လီပင်းက သူ၏ အာဏာကို ချက်ချင်းပင် အသုံးချလိုက်လေတော့သည်။
ထိုစကားများကို ကြားလိုက်ရချိန်မှသာ ဤလူမှာ အခြားသူမဟုတ်ဘဲ ငရဲမင်းဟု လူသိများသူ ဖြစ်ကြောင်း လင်းမိန်ဟွေ့ သဘောပေါက်သွားချေသည်။
မအံ့သြပါတော့ချေ။ သူက စိတ်ထားမကောင်းသော သူဌေးကြီး ဖြစ်နေသည် မဟုတ်ပါလား။
သို့သော် သူဌေးဖြစ်ရုံနှင့် ထူးခြားမနေပါချေ။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ဝန်ထမ်းများမှာ သူ၏ နှိပ်စက်မှုကြောင့် စိတ်ရူးပေါက်သွားကြပေလိမ့်မည်။
လင်းမိန်ဟွေ့သည်က သူမ၏ အလုပ်မှာလည်း မြဲတော့မည်မဟုတ်ဟု ခံစားရသောကြောင့် ကျိုးကြောင်းဆင်ခြင်ဉာဏ်မဲ့သော ဤခေါင်းဆောင်အား အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်၏။
“ရှင် ကျွန်မကို အလုပ်ထုတ်စရာ မလိုပါဘူး၊ ကျွန်မဘာသာ ထွက်ပါ့မယ်
ဒါပေမဲ့ မထွက်ခင်မှာ ရှင်နဲ့ ရှင်းအောင် ပြောချင်တာရှိတယ်”
ယန်လီပင်းသည်ကား တစ်စုံတစ်ဦးက သူ့ကို ထိပ်တိုက်ရင်ဆိုင်ရုံတင်မကဘဲ သူ့ကိုပင်သင်ကြားလာမည်ဟု မထင်ထားမိချေ။
သူသည် နှာခေါင်းရှုံ့ကာ ရယ်မောလိုက်၏။ ဆိုရလျှင် ဤသန့်ရှင်းရေးသမားက သူ့ကို မည်သည့်အကြောင်းပြချက်မျိုး ပေးလာမည်ကို သူ ကြားချင်နေမိပေသည်။
“လူကြီးမင်းယန်၊ အကယ်၍ ရှင့်ရဲ့အထက်လူကြီးက ရှင့်ရဲ့လုပ်အားရလဒ်တွေကို အမြဲတမ်း အလဟဿဖြစ်အောင်လုပ်တယ်၊ အကြောင်းပြချက်မရှိဘဲ ရှင့်ရဲ့လုပ်ဆောင်ချက်တွေကို ငြင်းပယ်တယ်၊ ရှင့်ရဲ့ကြိုးစားအားထုတ်မှုအပေါ် လှောင်ပြောင်သရော်တယ်ဆိုရင်... မေးပါရစေ၊ ရှင်ကရော အဲဒီလိုသူဌေးမျိုးအတွက် အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ပေးချင်ပါဦးမလား”
“ငါက ဒီကုမ္ပဏီရဲ့ သူဌေးပဲ၊ ကံမကောင်းစွာနဲ့ပဲ ငါ့ကို ဘယ်သူမှ လာပြီး ထိန်းချုပ်လို့မရဘူး”
သူ့ကိုကြည့်ရင်း လင်းမိန်ဟွေ့မှာ အတော်လေးပင် ရယ်ချင်သွားရ၏။
လင်းမိန်ဟွေ့ အလုပ်ဝတ်စုံနှင့် ဦးထုပ်ကို ချွတ်လိုက်ပြီး သေသပ်စွာ စည်းထားသော ဆံပင်များကို ဖြည်ချလိုက်လျှင် သန့်ရှင်းရေးဝန်ထမ်း မိန်းကလေးဘဝမှ အလွန်လှပသော မိန်းမပျိုလေးတစ်ဦးအဖြစ် ချက်ချင်းပင် ပြောင်းလဲသွားချေသည်။
ယန်လီပင်းမှာ အံ့အားမင်သက်သွားရ၏။ သန့်ရှင်းရေးဝန်ထမ်း မိန်းကလေးတစ်ဦးမှာ ဤမျှလောက်အထိ အလှအပမျိုး ရှိလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့မိပါချေ။
“ဟုတ်တယ်၊ ရှင့်ကို ဘယ်သူမှ မထိန်းချုပ်နိုင်တာ မှန်ပါတယ်၊ ဒါပေမဲ့ ‘ရေက လှေကို တင်ထားနိုင်သလို မှောက်လည်း မှောက်နိုင်တယ်’ ဆိုတာကိုတော့ ရှင် မှတ်ထားသင့်ပါတယ်
ရှင်က တခြားသူတွေကို အရမ်းနှိပ်စက်လွန်းရင် ဝန်ထမ်းအားလုံးက ရှင့်ကို စွန့်ခွာသွားကြပါလိမ့်မယ်၊ အဲဒီအချိန်ကျရင် ရှင်တစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့ရမှာပဲ”
လင်းမိန်ဟွေ့ ထိုစကားများကို ချန်ထားခဲ့ပြီး သူမ၏ပစ္စည်းများကို သိမ်းဆည်းကာ ထွက်ခွာရန် ပြင်လေတော့သည်။
သူမ လှည့်ကြည့်လိုက်လျှင် အလုပ်လာကြသော ဝန်ထမ်းတစ်စုက တံခါးဝ၌ ရပ်နေသည်ကို မြင်လိုက်ရ၏။
သူတို့အားလုံးမှာ လင်းမိန်ဟွေ့တစ်ယောက် သူဌေးကို ထိပ်တိုက်ရင်ဆိုင်နေသည်ကို အတိုင်းသား မြင်တွေ့ခဲ့ကြရသဖြင့် လင်းမိန်ဟွေ့၏ သတ္တိကို အမှန်တကယ်ပင် ချီးကျူးနေကြပေသည်။
သူတို့သည်က အလုပ်လုပ်လာခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ယန်လီပင်း ပြောဆိုသမျှကို သည်းခံခဲ့ကြရပြီး တစ်ခါမျှ ပြန်လည်မခုခံရဲခဲ့ကြပါချေ။
ယခုအချိန်တွင် လင်းမိန်ဟွေ့က ငရဲမင်းကို ပြန်လည်ပြောဆိုနေသည်ကို မြင်ရသည်မှာ သူတို့ကိုယ်တိုင် ကျွန်ဘဝမှလွတ်မြောက်ပြီး လွတ်လပ်ရေးသီချင်းကို ဆိုနေရသကဲ့သို့ပင် ခံစားလိုက်ရသည်။
မည်မျှပင် စိတ်ကျေနပ်စရာကောင်းသည်ကို ပြောနေရန်ပင် မလိုတော့ပါချေ။
အတိတ်တုန်းက ယန်လီပင်းအနေဖြင့် သူတို့ကို အကြိမ်ပေါင်းများစွာ နှိပ်စက်ခဲ့ဖူး၏။ အကြိမ်တိုင်းမှာလည်း အရေခွံခွာခံရသကဲ့သို့ ခါးသီးလှပေသည်။
သူတို့အားလုံးမှာ ဤအလုပ်လေးအတွက်ကြောင့်သာ သည်းခံခဲ့ကြရခြင်းဖြစ်၏။ နှစ်များ ကြာလာသည်နှင့်အမျှ ယန်လီပင်းသည်က ပို၍ ကြမ်းတမ်းလာခဲ့သကဲ့သို့ သူတို့မှာလည်း ထုံထိုင်းသွားခဲ့ကြရချေပြီ။
ထိုအချိန်တွင် ချန်းမင်က လင်းမိန်ဟွေ့၏အနားသို့ လျှောက်လာပြီး သူမ၏လက်ကို အသာဆွဲကာ ခပ်တိုးတိုး ပြောလိုက်၏။
“သူဌေး၊ လင်းမိန်ဟွေ့က အခုမှရောက်တာပါ သူမက ရှင်ဘယ်သူလဲဆိုတာကို မသိသေးလို့ ဖြစ်ပါလိမ့်မယ်၊ ဒီတစ်ခါတော့ သူ့ကို ခွင့်လွှတ်ပေးလိုက်ပါဦး”