အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
အခန်း(141)
ယန်လီပင်းက နက်နက်နဲနဲ စဉ်းစားနေခဲ့၏။ လင်းမိန်ဟွေ့ ပြောခဲ့သော စကားမျိုးကို သူ့အား မည်သူကမှ မပြောဖူးခဲ့ပါချေ။
သူ သိထားသည်မှာ ကုမ္ပဏီတစ်ခုတွင် တင်းကျပ်သော စည်းကမ်းနှင့် ခပ်တည်တည်နေတတ်သော သူဌေးရှိရမည်ဟူ၍သာ ဖြစ်၏။ ဝန်ထမ်းများ၏ ခံစားချက်နဲ့ သူ့ကို မည်သို့မြင်မည်ကို သူ တစ်ခါမှ ထည့်မစဉ်းစားခဲ့ဖူးပါချေ။
အဆုံးမှာတော့ သူက သူတို့၏ ထမင်းရှင်ဖြစ်နေသောကြောင့် သူတို့ကို ချော့မြှူနေစရာ မလိုဟုသာ ယူဆခဲ့ခြင်းဖြစ်ပေသည်။
သို့သော် လွန်ခဲ့သောနှစ်များအတွင်း ကုမ္ပဏီ၏ စီးပွားရေးမှာ လင်းမိန်ဟွေ့ ပြောသကဲ့သို့ တဖြည်းဖြည်းနှင့် ပို၍ ဆိုးရွားလာခဲ့သည်။
ကုမ္ပဏီအတွင်းရှိ အငွေ့အသက်မှာလည်း အသက်ဝင်ခြင်းမရှိဘဲ ခြောက်ကပ်နေခဲ့လေသည်။ ဝန်ထမ်းများမှာ ကုမ္ပဏီတွင် ကြာကြာမနေဘဲ အိမ်သို့သာ စောစောပြန်ချင်နေကြကြောင်းကို သူ သိထားသောကြောင့် နှစ်ပတ်လည် အစည်းအဝေးကိုပင် သူ မကျင်းပချင်တော့ပါချေ။
ယန်လီပင်းက သူ၏ဝန်ထမ်းများကို ပြန်လည်ကြည့်ရှုလိုက်၏။ ထို့နောက်တွင် မျက်နှာပျက်ယွင်းစွာဖြင့် ရုံးခန်းထဲသို့ ဝင်သွားတော့သည်။
သူသည်က လင်းမိန်ဟွေ့ကို အလုပ်ထုတ်မည်ဟုလည်း မပြောသကဲ့သို့၊ ဆက်ထားမည်ဟုလည်း မပြောခဲ့ပါချေ။
ချန်းမင်က စိုးရိမ်တကြီးဖြင့် လင်းမိန်ဟွေ့၏ လက်ကို ဆွဲကိုင်လိုက်၏။
“မနေ့က အစ်မရဲ့ အမှားပါ၊ သူ့ရဲ့ ရုပ်ရည်အသွင်အပြင်ကို သေသေချာချာ မပြောပြလိုက်မိဘူး အမှန်တော့ သူဌေးယန်က လူဆိုးတစ်ယောက်တော့ မဟုတ်ပါဘူး
သူက စကားပြောရင်ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရင်ပဲဖြစ်ဖြစ် တခြားသူတွေအကြောင်းကို ထည့်မစဉ်းစားတတ်ရုံတင်ပါပဲ”
“အဆင်ပြေပါတယ် အစ်မချန်း၊ သူ ကျွန်မကို ဆက်မခန့်တော့ဘူးဆိုရင်လည်း ကျွန်မ ထွက်သွားလိုက်ရုံပဲပေါ့”
လင်းမိန်ဟွေ့ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ရုံးခန်းထဲမှ ယန်လီပင်း၏ လှမ်းခေါ်သံကို ကြားလိုက်ရသည်။
“ချန်းမင်၊ ဒီထဲကို ခဏဝင်ခဲ့ဦး”
ဘေးနားရှိ ဝန်ထမ်းအားလုံးမှာ ချန်းမင်အတွက် တိတ်တဆိတ် စိုးရိမ်နေကြချေပြီ။ မတိုင်ခင်က လင်းမိန်ဟွေ့ဘက်မှ ဝင်ပြောပေးလိုက်သဖြင့် ယန်လီပင်းကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီ မဟုတ်ပါလား။
ယခုဆိုလျှင် ချန်းမင်ပါ အလုပ်ပြုတ်နိုင်သည်ဟု အားလုံးက ထင်မှတ်ကာ စိုးရိမ်နေကြတော့သည်။
ချန်းမင် ရုံးခန်းထဲသို့ ဝင်သွားချိန်တွင် ပြတင်းပေါက်နားတွင် အတွေးနက်နေသော ယန်လီပင်းကို မြင်လိုက်ရ၏။
“သူဌေးယန်”
“မင်းတို့ ငါ့ကွယ်ရာမှာ ငါ့ကို ဘယ်လိုခေါ်ကြတယ်ဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ ငါက အလုပ်တွေနဲ့ပဲ အမြဲအလုပ်ရှုပ်နေတော့ ဒါတွေကို သိပ်ဂရုမစိုက်မိခဲ့ဘူး”
ဤသည်မှာ ယန်လီပင်းအနေဖြင့် သူ၏ဝန်ထမ်းတစ်ဦးနှင့် ပထမဆုံးအကြိမ် တည်ငြိမ်စွာ စကားပြောဆိုခြင်းပင် ဖြစ်ပေသည်။
ချန်းမင်သည်က ဘဏ္ဍာရေးအရာရှိဖြစ်ပြီး သူနှင့် အမြဲထိတွေ့နေရသူဖြစ်သောကြောင့် သူ့အကြောင်းကို နားလည်ပေးသင့်သည်ဟု သူ ယူဆထားပုံရ၏။
သူ၏ စိတ်တိုတတ်သော စရိုက်မှလွဲ၍ သူ့တွင် ကြီးကြီးမားမား ချို့ယွင်းချက် မရှိပါချေ။
ချန်းမင်မှာ ယန်လီပင်းဆီမှ ဤကဲ့သို့သော စကားမျိုး ကြားရလိမ့်မည်ဟု မထင်ထားခဲ့ဘဲ လင်းမိန်ဟွေ့အတွက်သာ အသနားခံရန် ပြင်လိုက်သည်။
ယခုအချိန်တွင် လင်းမိန်ဟွေ့မှာ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ် လုပ်နေရသူဖြစ်ရာ သူမအတွက် ဤအလုပ်ထက် ပို၍ သင့်တော်သည်မှာ မရှိတော့ပါချေ။
တစ်ပတ်လျှင် သုံးရက် အလုပ်ဆင်းရုံဖြင့် တစ်လလျှင် ယွမ် (၃၀၀)ရရှိမည်ဖြစ်ပြီး သူမ၏ နေထိုင်စားသောက်စရိတ်အတွက် လုံလောက်သည် မဟုတ်ပါလား။
“သူဌေးယန်... လင်းမိန်ဟွေ့က တကယ်တော့ တက္ကသိုလ်ကျောင်းသူလေးပါ၊ သူက အခုမှ ရောက်တာဆိုတော့ လုပ်ငန်းခွင် စည်းမျဉ်းတွေကို နားမလည်သေးဘူးလေ”
“သူ့အတွက် ရှေ့နေလိုက်ပေးနေဖို့ မလိုပါဘူး”
ယန်လီပင်း မျက်မှောင်ကြုတ်လျက် ချန်းမင်ကို လှည့်ကြည့်လိုက်သောကြောင့် ချန်းမင်မှာ ဆက်လက်၍ စကားမပြောရဲတော့ချေ။
ထိုအခိုက်အတန့်တွင် ယန်လီပင်းက လင်းမိန်ဟွေ့ ပြောခဲ့သော စကားများမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်လှကြောင်း ရုတ်တရက် သဘောပေါက်သွား၏။
ရှေးယခင်ကတည်းက ဧကရာဇ်မင်းများမှာ ဤကဲ့သို့သော အပြုအမူမျိုးကြောင့်ပင် ပျက်စီးခဲ့ကြရသည် မဟုတ်ပါလား။
ယန်လီပင်းက ချက်ချင်းပင် ထပ်ပေါင်းပြောလိုက်သည်။
“သူ့ကို ဒီမှာပဲ ဆက်ပြီး အလုပ်လုပ်ခိုင်းလိုက်၊ အခြေအနေပေးရင် သူ့ကို လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စအချို့နဲ့ပါ ထိတွေ့ခိုင်းလိုက်ဦး၊
ငါ့အထင်တော့ ဒီသန့်ရှင်းရေးဝန်ထမ်းလေးက သာမန်လူတော့ မဟုတ်ဘူး၊ နောင်တစ်ချိန်မှာ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာနိုင်တယ်”
ထိုစကားများမှာ ချန်းမင်၏ နားထဲသို့ မယုံနိုင်စရာကောင်းစွာ ဝင်သွားရချေသည်။
ဤနှစ်ပေါင်းများစွာအတွင်း ယန်လီပင်းဆီမှ ဤကဲ့သို့သော စကားမျိုးကို သူမ တစ်ခါမျှ မကြားဖူးခဲ့ပါချေ။
သူသည်က အမြဲတမ်း အလောတကြီးဖြစ်နေတတ်ကာ တင်းမာသောမျက်နှာရှိပြီး ပြဿနာတစ်ခုခု ကြုံလာလျှင်လည်း အမြဲတစေ သူတစ်ဦးတည်း၏ ဆန္ဒအတိုင်းသာ ဇွတ်လုပ်တတ်ပြီး ရှင်းပြခွင့် သို့မဟုတ် ပြုပြင်ခွင့်ဟူ၍ လုံးဝ မရှိခဲ့ချေ။
မမျှော်လင့်ဘဲ လင်းမိန်ဟွေ့၏ စကားအနည်းငယ်ကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်တတ်လာလေပြီ။
ဤသည်မှာ အမှန်တကယ်ပင် မယုံနိုင်စရာကောင်းလှ၏။
သူမသာမကဘဲ ရုံးခန်းအပြင်ဘက်မှ မည်သူပင် ဝင်လာပါစေ ဤအချက်ကို ယုံကြည်နိုင်မည် မဟုတ်ပါချေ။
ခေတ္တမျှ ကြာပြီးနောက် ယန်လီပင်းက သက်ပြင်းချကာ ဆိုလိုက်သည်။
“အဲဒီကလေးမလေးကို ငါ့ကိုယ်စား တောင်းပန်ပေးလိုက်ဦး၊ ငါက ရုတ်တရက်ကြီး ဒီလိုဖြစ်သွားတော့ သူ့ကို ကိုယ်တိုင်သွားပြောဖို့ ရှက်နေသေးတယ်၊
ခုနက ငါ့အမှားကြောင့် သူ စိတ်ထိခိုက်သွားရတဲ့အတွက် လကုန်ရင် သူ့ကို အပိုဆုကြေးပေးမယ်လို့လည်း ပြောလိုက်ဦး”
“ကောင်းပါပြီ ၊ ကျွန်မ အခုချက်ချင်း သွားပြောလိုက်ပါ့မယ်”
လင်းမိန်ဟွေ့က ကံကောင်းစေသော ကြယ်ပွင့်ကလေးတစ်ပွင့် ဖြစ်လိမ့်မည်ဟု ချန်းမင် မထင်ထားမိပါချေ။ ဤအဖြစ်အပျက်ကြောင့် နောက်ပိုင်းတွင် သူတို့အားလုံး ယန်လီပင်း၏ ဒေါသတကြီးပြောခြင်းကို ခံရတော့မည် မဟုတ်ပေ။
ချန်းမင် တံခါးဝသို့ ရောက်ခါနီးတွင် ယန်လီပင်းက လှမ်းခေါ်ပြန်သည်။
“နောက်ဆိုရင် ငါ့မှာ ချို့ယွင်းချက်တစ်ခုခု ရှိနေတယ်ဆိုရင် မင်းတို့ တည့်တည့်ပဲ ထောက်ပြလို့ရတယ်၊ ငါတို့ ကုမ္ပဏီက မိသားစုတစ်ခုလိုပဲလေ၊ ငါ့ရဲ့ စရိုက်ကြောင့် လူတိုင်း စိတ်မချမ်းသာဖြစ်တာမျိုး မဖြစ်စေချင်တော့ဘူး”
“ကောင်းပါပြီ”
ချန်းမင်တစ်ယောက် ငရဲမင်းက နောင်တပြန်ရမည်ကို စိုးရိမ်သည့်အတွက် သတိထားကာ ခေါင်းညိတ်ခဲ့သော်လည်း ယနေ့ လင်းမိန်ဟွေ့ လုပ်ဆောင်ခဲ့သည်မှာ အလွန်ပင် ခမ်းနားလှသည်ဟု ခံစားနေရ၏။
သူမက လင်းမိန်ဟွေ့ကို အခုချက်ချင်းပင် ဖက်ထားပြီး ချီးကျူးလိုက်ချင်စိတ် ဖြစ်နေခဲ့သည်။
ချန်းမင် ရုံးခန်းထဲမှ ထွက်လာချိန်တွင် သူမ၏ ဝမ်းသာနေသော ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်၏။
ထိုအမူအရာကို မြင်လိုက်ရသောအခါ လူတိုင်းက လင်းမိန်ဟွေ့မှာ အလုပ်ထုတ်ခံလိုက်ရပြီဟု ထင်မှတ်ကာ သက်ပြင်းချလိုက်ကြသည်။
“ဘယ်သူနဲ့ပဲ ပြသနာဖြစ်ပါစေ၊ သူ့ကိုတော့ မဖြစ်သင့်ဘူး”
“ဒါပေမဲ့ လင်းမိန်ဟွေ့ ပြောတာက မှန်တယ်လို့ ငါတော့ ထင်တာပဲ”
ဝန်ထမ်းတချို့မှာ စိတ်ပျက်လက်ပျက်ဖြင့် သူတို့၏နေရာများသို့ ပြန်သွားကြလေ၏။ အတွေ့အကြုံရှိသော အစ်မတစ်ဦးက အလုပ်စဝင်ခါစ လူငယ်လေးများကို ဆုံးမလိုက်သည်။
“ပါးစပ်ပိတ်ထားစမ်းပါ၊ နင်တို့နဲ့အတူ ငါပါ အလုပ်ပြုတ်သွားလိမ့်မယ် ၊ အဲဒီကျရင်တော့ နင် အိမ်ပြန်ပြီး သန့်ရှင်းရေးပဲ လုပ်နေလိုက်တော့!”
ရုံးခန်းထဲရှိ အငွေ့အသက်မှာလည်း မုန်တိုင်းမလာမီ ငြိမ်သက်နေသကဲ့သို့ လေးလံမှိုင်းညို့နေချေသည်။
မနက်စောစော အချိန်သာ ရှိသေးသော်လည်း လူတိုင်းက တစ်နေကုန် အလုပ်လုပ်ထားရသကဲ့သို့ ပင်ပန်းနွမ်းနယ်နေကြ၏။
ယန်လီပင်းသည်က မှန်တံခါးနောက်ကွယ်မှနေ၍ ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေမိပြီး သူ၏ အတိတ်က အပြုအများကို တစ်ဖက်တွင် ပြန်လည်သုံးသပ်နေမိသည်။
သူ လုပ်ခဲ့သည်များက အမှန်တကယ်ပင် လွန်ခဲ့ပုံရပေသည်။
ထိုအချိန်တွင် ချန်းမင်က ရုတ်တရက် ရယ်မောလိုက်လေ၏။ သူမ၏ ရယ်သံမှာ အလွန်တိုးသော်လည်း လူတိုင်းက သူမကို မော့ကြည့်လာရန် လုံလောက်ပေသည်။
လင်းမိန်ဟွေ့သည်ကား အလုပ်ဆက်လုပ်နိုင်ရန် မျှော်လင့်ချက် လုံးဝမရှိတော့ပါချေ။ သူမသည်က မထွက်ခွာသေးမီ ချန်းမင်ကို နှုတ်ဆက်ရန်သာ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူမအား ကူညီပေးခဲ့ပြီး ကုမ္ပဏီတွင် အလုပ်ရအောင် လုပ်ပေးခဲ့သူမှာ အစ်မချန်း မဟုတ်ပါလား။
“သူဌေးယန်က အခုလေးတင်ပဲ ပြောလိုက်တယ်၊ လင်းမိန်ဟွေ့ကို ဒီမှာပဲ ဆက်ပြီး အလုပ်လုပ်ခိုင်းမယ်တဲ့. နောက်ပြီး သူ့ကို လုပ်ငန်းပိုင်းဆိုင်ရာတွေနဲ့ ပိုပြီး ထိတွေ့ခိုင်းပြီး ငါတို့ထဲက တစ်ယောက်ဖြစ်လာအောင် လုပ်ပေးရမယ်တဲ့”
လူတိုင်းက ချန်းမင် ရူးသွားပြီဟု ထင်မှတ်နေကြ၏။ မဟုတ်ပါက ဤကဲ့သို့သော စကားမျိုးကို မည်သို့ ပြောနိုင်ပါမည်နည်း။
သို့သော် ချန်းမင်၏ လေးနက်သော မျက်နှာကို မြင်လိုက်ရချိန်မှသာ သူမပြောသည်မှာ အမှန်တရားဖြစ်ကြောင်း အားလုံး သဘောပေါက်သွားကြတော့သည်။
ဝန်ထမ်းများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ရုတ်တရက် လက်ခုပ်သံများ ဟိန်းထွက်လာ၏။
ထို့နောက် လင်းမိန်ဟွေ့ဘက်သို့ လှည့်ကာ ပြောလာကြလေတော့သည်။
“ရှောင်လင်း. နင်ကတော့ တကယ်ပဲ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ”
ဆိုရလျှင် သူတို့ထဲမှ တချို့မှာ ပွင့်ပွင့်လင်းလင်း မပြောကြသော်လည်း သူဌေးမှ အလွန်အမင်းပြောဆိုခြင်းကို မလိုလားကြပါချေ။
သို့သော် ယခုအချိန်တွင် ရုံးခန်းထဲရှိ အငွေ့အသက်မှာ နွေဦးရာသီကဲ့သို့ နွေးထွေးသွားပြီး လူတိုင်းမှာလည်း ရုတ်တရက် အားအင်များ ပြည့်ဝလာကြလေ၏။ လူတိုင်း၏ မျက်နှာပေါ်တွင် ပြုံးရွှင်သော အမူအရာများ ရှိနေကြပြီး ခပ်တိုးတိုးပြောနေကြလေသည်။
“ငါတို့ရဲ့ သူဌေးက တစ်နေ့နေ့မှာ စိတ်နေစိတ်ထား ပြောင်းသွားလိမ့်မယ်လို့ မထင်ထားမိဘူး”
“အမှန်ပဲ၊ ငါဆို ဒီမှာ အဖိုးကြီးဖြစ်သွားတဲ့အထိ သူ့ရဲ့ နှိပ်စက်မှုကို ခံရတော့မယ်လို့ ထင်ထားတာ၊ အခုတော့ သူလည်း လူတစ်ယောက်လို စကားပြောတတ်သေးတာပဲ”
“တော်ကြပါတော့၊ အရမ်းကြီးလည်း တွေးမနေကြနဲ့ဦး၊ သူက ရက်နည်းနည်းလောက်ကြာရင် အရင်အတိုင်း ပြန်ဖြစ်သွားတာလည်း ဖြစ်နိုင်တာပဲ၊ ငါတို့ကတော့ ကြိုးစားပြီး သူများခိုင်းတာကို လုပ်ရမှာပဲလေ”
*
အခန်း(142)
ချန်းမင် ဝန်ထမ်းများ၏ စကားများကို နားထောင်ရင်း ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေ၏။
သူမ လင်းမိန်ဟွေ့အနားသို့ လျှောက်သွားပြီး သူမ၏လက်ကို ဆွဲကိုင်လိုက်သည်။
“ခုနက မင်းပြောသွားတာတွေက တကယ်ပဲ တော်လွန်းတယ်၊ အစ်မတို့ ကုမ္ပဏီမှာ နှစ်ပေါင်းများစွာ လုပ်လာကြပေမဲ့ ဘယ်သူမှ ခေါင်းဆောင်ကို အဲဒီလို ထိပ်တိုက်မရင်ဆိုင်ဝံ့ခဲ့ကြဘူး”
လင်းမိန်ဟွေ့က အားနာစွာ ပြုံးပြသည်။
“ ကျွန်မက သန့်ရှင်းရေးဝန်ထမ်းဖြစ်နေတာကိုး၊ အလုပ်ပြုတ်သွားရင်တောင် ကျွန်မအတွက် ဆုံးရှုံးမှု မရှိဘူးလေ
ဒီကလူတွေအားလုံးကတော့ မိသားစုကို လုပ်ကျွေးနေရတာဆိုတော့ စိုးရိမ်စရာတွေ ပိုများမှာပေါ့”
ချန်းမင်က လင်းမိန်ဟွေ့၏ ဆံပင်များကို သေသပ်အောင် လုပ်ပေးရင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“သူဌေးယန်က ညီမကို တောင်းပန်တယ်လို့ ပြောခိုင်းလိုက်တယ်၊ သူ ညစ်ပတ်တဲ့နေရာကို နင်းမိပြီး ညီမလေးကို ဒုက္ခပေးမိတယ်တဲ့၊ ပြီးတော့ တောင်းပန်တဲ့အနေနဲ့ လကုန်ရင် ညီမလေးကို အပိုဆုကြေး ပေးမယ်တဲ့”
လင်းမိန်ဟွေ့ အံ့အားသင့်သွားရ၏။ သူမ မတိုင်မီက ဒေါသထွက်ခဲ့သော်လည်း ခေါင်းဆောင်တစ်ဦးက သူမကို တောင်းပန်သည်ဆိုသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
“မလိုပါဘူး၊ မလိုပါဘူး.. ကျွန်မ ကြိုးစားပြီး အလုပ်လုပ်ပါ့မယ်၊ ကျွန်မကို တောင်းပန်ဖို့ မလိုဘူးလေ”
“မိန်ဟွေ့ မင်း နားမလည်သေးဘူးလား၊ မင်းရဲ့ လုပ်ရပ်က မင်းအတွက် ဂုဏ်သိက္ခာနဲ့ ဆုလာဘ်တွေကို ရယူပေးလိုက်တာပဲ ၊ မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာ”
ချန်းမင်ာ ဤမိန်းကလေးကို ထပ်မံ၍ မချီးကျူးဘဲ မနေနိုင်တော့ပါချေ။
သူမသည်က လင်းမိန်ဟွေ့နှင့် ပထမဆုံး စတွေ့ချိန်ကတည်းက သူမ၏ ဗိုက်အောင့်ခြင်းကို ဆားခတ်ထားသောရေနွေးဖြင့် ကုပေးခဲ့ပုံကို ကြည့်ခြင်းအားဖြင့် ဤမိန်းကလေးမှာ သာမန် နုံအသော တက္ကသိုလ်ကျောင်းသူလေးတစ်ဦးနှင့် မတူကြောင်း ခံစားခဲ့ရဖူးသည်။
သို့သော် မည်သည့်အရာများကွဲပြားနေသည်ကို သူမ မပြောတတ်ပါချေ။ လင်းမိန်ဟွေ့က အလွန်တည်ငြိမ်ကာ ထက်မြက်ပြီး သူမ၏ ခံစားချက်များကို ကောင်းစွာ ထိန်းချုပ်နိုင်စွမ်းရှိသည်ကိုသာ သူမ သတိပြုမိပေသည်။
ဤသည်က ချီးကျူးစရာကောင်းပေ၏။
လင်းမိန်ဟွေ့တစ်ယောက် သူဌေးကို ပြန်ပြောခဲ့သည့်သတင်းက ကုမ္ပဏီအတွင်း ချက်ချင်းပင် ပျံ့နှံ့သွားပြီး သူမက ဝန်ထမ်းများ၏ စံပြပုဂ္ဂိုလ်ပင် ဖြစ်သွားခဲ့ချေသည်။
လင်းမိန်ဟွေ့သည် အလုပ်ဆင်းပြီးနောက် ဘတ်စ်ကားစီးကာ ကျောင်းသို့ ချက်ချင်း ပြန်လာခဲ့၏။
သူမ အဆောင်သို့ ဝင်လိုက်သည်နှင့် ရှောင်ချင်းက စာတစ်စောင်ကို ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြေးလာပြီး စနောက်လိုက်လေသည်။
“ငါတို့ရဲ့ မိန်ဟွေ့လေးကတော့ တကယ့်ကို သာမန်မဟုတ်ဘူးပဲ၊ အတန်းဖော်ဟောင်းတစ်ယောက် ထွက်သွားရုံရှိသေးတယ်၊
နောက်ထပ် သူငယ်ချင်းကောင်းတစ်ယောက် ရောက်လာပြန်ပြီ စာအိတ်ပေါ်က လက်ရေးကို ကြည့်ရတာတော့ ယောကျ်ားလေးတစ်ယောက်ဆီက ဖြစ်ရမယ်”
လင်းမိန်ဟွေ့လည်း ထိုသတင်းကို ကြားသည်နှင့် စာအိတ်ကို လှမ်းယူရန် လက်လှမ်းလိုက်၏။
သူမအနေဖြင့် စုန့်ယီ တပ်ထဲသို့ ရောက်ရှိနေလောက်ပြီဖြစ်သော်လည်း စာတစ်စောင်မျှ မလာသေးသောကြောင့် ရက်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်ပေသည်။
စုန့်ယီက အလောတကြီး ထွက်သွားရသဖြင့် လိပ်စာကို သေသေချာချာမမှတ်မိဘဲ တခြားကျောင်းသို့ ပို့လိုက်ပြီးလားဟူ၍ပင် လင်းမိန်ဟွေ့ စိုးရိမ်နေမိ၏။ သူမအနေဖြင့် စိတ်ပူနေသော်လည်း တခြားနည်းလမ်း မရှိသည့်အတွက် စောင့်ဆိုင်းရုံသာ တတ်နိုင်ခဲ့သည်။
“ရှောင်ချင်း၊ အဲဒီစာကို ငါ့ကို အမြန်ပြန်ပေးပါဦး၊ အဲဒါ အစ်ကိုစုန့်ယီဆီကစာပဲဖြစ်ရမယ်၊ မပျက်စီးစေနဲ့နော်”
“ကြည့်စမ်းပါဦး၊ ဘယ်လောက်တောင် အလောတကြီး ဖြစ်နေတာလဲ၊ နဖူးမှာတောင်ချွေးတွေတောင် စို့နေပြီ၊ ဒီမှာ ယူလိုက်တော့၊ နင့်ရဲ့ ချစ်သူဆီကစာကို သေသေချချာ ဖတ်လိုက်တော့”
ရှောင်ချင်းက လင်းမိန်ဟွေ့အား စာကိုပြန်ပေးပြီးနောက် ခေါင်းလျှော်ရန်ဟုဆိုကာ အပြင်သို့ ထွက်သွားပေးခဲ့၏။ သူမက လင်းမိန်ဟွေ့အတွက် စာဖတ်ရန် သီးသန့်နေရာလေး ဖန်တီးပေးလိုက်ခြင်းပင် ဖြစ်ပေသည်။
လင်းမိန်ဟွေ့အနေဖြင်် အလွန် စိတ်လှုပ်ရှားနေမိ၏။ သူမက ကုတင်ဘေးတွင် ထိုင်ကာ စိတ်ကို ခေတ္တမျှ ငြိမ်အောင်ထားပြီးမှ စာအိတ်ကို ဆွဲဖွင့်လိုက်သည်။
စာအိတ်ထဲမှ ပိုက်ဆံတစ်ထုတ်အရင်ဆုံး ကျလာခဲ့၏။ လင်းမိန်ဟွေ့ ရေတွက်ကြည့်လိုက်လျှင် (၁၈၀) ယွမ် ရှိလေသည်။
အစ်ကိုစုန့်ယီကတော့ တကယ့်ကို သတ္တိရှိတာပဲ။ စာအိတ်ထဲမှာ ပိုက်ဆံတွေ ထည့်ပေးလိုက်တော့ မတော်တဆ လမ်းမှာပျောက်ဆုံးသွားရင် နှမြောစရာကောင်းလွန်းတယ်မဟုတ်ဘူးလား။
လင်းမိန်ဟွေ့ စာကို ဖြန့်ဖတ်လိုက်ရာ စုန့်ယီ၏ အားမာန်အပြည့်ပါ၍ပြတ်သားလှသော လက်ရေးနှင့် ထူးခြားသည့် ရေးသားပုံများကို မြင်လိုက်ရလေ၏။ သူမ၏ ရင်ခုန်သံများမှာ မြန်ဆန်လာရချေသည်။
တစ်ခန်းတည်း အတူနေထိုင်ကာ ခုတင်တစ်လုံးတည်းတွင် အတူအိပ်စက်ခဲ့ရသော အတိတ်က နေ့ရက်များ၏ ရင်းနှီးမှုများကို ပြန်လည်တွေးတောမိလျှင် သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားရ၏။
“ညီမလင်း၊ စာကို မြင်ရတာ လူကို မြင်ရသလိုပါပဲ ကိုယ့်ဘက်မှာတော့ အရာအားလုံး အဆင်ပြေပါတယ် ဒါကြောင့် ဘာကိုမှ မစိုးရိမ်ပါနဲ့..”
လင်းမိန်ဟွေ့သည် စာကို ဖတ်ရင်းဖြင့်ပင် အကြောင်းရင်းမရှိဘဲ မျက်ရည်များ ဝဲတက်လာရချေသည်။
စုန့်ယီက သူ့အနေဖြင့် နေ့စဉ် ပြင်းပြင်းထန်ထန် လေ့ကျင့်နေရကြောင်း စာထဲတွင် ရေးထား၏။
နေပူထဲတွင် လေ့ကျင့်ရသောကြောင့် အသားအရေများပင် ကွာကျနေပြီး ခြေဖဝါးများတွင်လည်း အရေကြည်ဖုများစွာ ထွက်နေသည့်အတွက် ဖောက်ထုတ်ပစ်လိုက်ရသည်ဟု ဆိုသည်။
အိပ်ပျော်သွားလျှင်ပင် အိပ်မက်ထဲ၌ အပြေးလေ့ကျင့်ခန်းများ လုပ်နေရသည်ဟု ရေးထားလေသည်။
လင်းမိန်ဟွေ့ စိတ်မကောင်းဖြစ်မိသွားသော်လည်း တစ်ဖက်တွင် အလွန် စိတ်သက်သာရာ ရမိ၏။
အနည်းဆုံးတော့ အစ်ကိုစုန့်ယီအနေဖြင့် ပိုမိုတိုးတက်ကာ ပို၍ ကောင်းမွန်သောသူတစ်ဦး ဖြစ်လာနေပြီဆိုသည်ကို သိလိုက်ရသောကြောင့်ပင်။
စာ၏ နောက်ပိုင်းတွင် စုန့်ယီက သူတို့၏ အနာဂတ်ဘဝအကြောင်းကို ပြောပြထားသည်ကို ဖတ်ရသောအချိန်တွင် လင်းမိန်ဟွေ့တစ်ယောက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားရ၏။ ထိုအချိန်ကျလျှင် သူသည်က လူအများ လေးစားရသော စစ်သားတစ်ဦး ဖြစ်နေပေလိမ့်မည်။
သူမသည်လည်း ဆရာမတစ်ဦး သို့မဟုတ် အစ်မချန်းကဲ့သို့ စာရင်းကိုင်တစ်ဦး ဖြစ်နေနိုင်သည် မဟုတ်ပါလား။
ထိုအချိန်ကျလျှင် သူတို့နှစ်ဦးမှာ ပျော်ရွှင်စွာ နေထိုင်ကြရပေလိမ့်မည်။
လင်းမိန်ဟွေ့သည်လည်း စုန့်ယီထံသို့ စာပြန်ရေးချင်လာ၏။ သူမ စာပွဲတွင် ထိုင်ကာ ဘောပင်ကို ကိုင်လိုက်သည့်အချိန်တွင်မှ ပြောစရာ စကားလုံးပေါင်း ထောင်သောင်းချီ ရှိနေသော်လည်း မည်သို့ စတင်ပြောရမှန်း မသိတော့ပါချေ။
လင်းမိန်ဟွေ့က သူမ၏ သင်ခန်းစာများအကြောင်းနှင့် စာကြည့်တိုက်ရှိ များပြားလှသော စာအုပ်များအကြောင်းကို ရေးသားလိုက်၏။
ထို့အပြင် သူဌေးကြီးနှင့် ထိပ်တိုက်တွေ့ခဲ့ရသော အဖြစ်အပျက်ကိုလည်း အသေးစိတ် ထည့်ရေးလိုက်ပေသည်။
စာရေးရင်းနှင့်ပင် လင်းမိန်ဟွေ့ မသိစိတ်ဖြင့် အော်ဟစ်ရယ်မောမိသွားရလေ၏။
ရှောင်ချင်း ခေါင်းလျှော်ပြီး ပြန်လာသောအချိန်တွင် လင်းမိန်ဟွေ့၏ ပျော်ရွှင်နေသော အမူအရာကို မြင်လိုက်ရပြီး ထိုအချိန်မှသာ သူမက စုန့်ယီအပေါ် မည်မျှအထိ စိတ်စွဲလန်းနေကြောင်းနှင့် ထို့ကြောင့်ပင် နျဲ့ဖေးဟုန်အပေါ် အေးစက်စက် ဆက်ဆံနေခြင်းဖြစ်ကြောင်းကို သဘောပေါက်သွားတော့သည်။
ရှောင်ချင်း နျဲ့ဖေးဟုန်အတွက် အနည်းငယ်ပင် သနားမိသွားရချေသည်။
ညဘက်တွင် အိပ်စက်ရန် လဲလျောင်းနေရင်း ရှောင်ချင်းက လင်းမိန်ဟွေ့အား သူမနှင့် စုန့်ယီတို့၏ ချစ်ကြိုက်ခဲ့ပုံ အတိတ်ကြောင်းကို မေးမြန်းလေသည်။ လင်းမိန်ဟွေ့က ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလာလေ၏။
“အချစ်ဇာတ်လမ်းဆိုပြီးလည်း မရှိပါဘူး၊ ဒုက္ခချင်းတူတဲ့ လူနှစ်ယောက် အတူတူ ရုန်းကန်ခဲ့ကြတာပါပဲ ရှောင်ချင်း .. နင် နားလည်မှာ မဟုတ်ပါဘူး”
“ဒါဆို နျဲ့ဖေးဟုန်က အလကားသက်သက် အငြင်းခံလိုက်ရတာပေါ့”
ထိုအချိန်တွင်မှသာ ရှောင်ချင်းအနေဖြင့် သူတို့အားလုံးက ကမ္ဘာတစ်ခုတည်းတွင် ရှင်သန်နေကြသော်လည်း မတူညီသော ဘဝများကို ပိုင်ဆိုင်ထားကြကြောင်း သဘောပေါက်သွားချေသည်။
တိတ်ဆိတ်လွန်းသော ညနက်သန်းခေါင်ယံတွင် လင်းမိန်ဟွေ့တစ်ယောက် စုန့်ယီ မထွက်ခွာမီက တုံ့ဆိုင်းနေခဲ့သည့် ပုံရိပ်ကို ပြန်လည်တွေးတောမိရင်း ရင်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရ၏။
သူမက စုန့်ယီပို့လိုက်သော စာကို ပိုက်လျက် အိပ်ပျော်သွားခဲ့ပေသည်။
နောက်တစ်နေ့ မနက်စောစောတွင် လင်းမိန်ဟွေ့က စာသင်ခန်းသို့ စောစီးစွာသွား၍ ရှောင်ချင်းအတွက်ပါ နေရာဦးပေးထားလိုက်၏။
အတန်းချိန်မစမီမှာပင် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်အချို့ စာသင်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။
သူတို့က ရောက်ရှိနေသော ကျောင်းသားအားလုံးကို ဝါသနာပါရာ ကလပ်အသင်းများတွင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရန် ကြော်ငြာစာစောင်များ လိုက်ဝေနေကြခြင်း ဖြစ်ပေသည်။
ရှောင်ချင်းက ထိုစာစောင်များကို ဝတ်ကျေတမ်းကျေသာ လှန်လှောကြည့်သော်လည်း စိတ်ဝင်စားစရာ တစ်ခုမျှ မတွေ့ရပါချေ။
လင်းမိန်ဟွေ့သည်ကား ပန်းချီကလပ် ရှိနေသည်ကို တစ်ချက်တည်းနှင့် မြင်လိုက်ရ၏။ အသင်းသားများ၏ လက်ရာများမှာ အဖြူအမဲများသာ ဖြစ်သော်လည်း သူတို့အားလုံးမှာ ကျွမ်းကျင်မှု အတော်အတန်ရှိကြသည်က သိသာလှပေသည်။
လင်းမိန်ဟွေ့မှာ ပါဝင်လိုစိတ်များ ဖြစ်ပေါ်လာရ၏။ သူမသည်ကား ငယ်စဉ်ကတည်းက ပန်းချီဆွဲရသည်ကို ဝါသနာပါခဲ့ပြီး ရောင်စုံဖယောင်းခဲတံ ဝယ်ပေးရန် ကျောက်ချွေ့ဟွားထံတွင် ပူဆာခဲ့ဖူးသည်။
ကံမကောင်းစွာဖြင့် ကျောက်ချွေ့ဟွားက သူမကို တစ်ခါမျှ ဂရုမစိုက်ခဲ့သကဲ့သို့ မည်သည့်အရာကိုမျှလည်း ဝယ်မပေးခဲ့ပါချေ။
နောက်ပိုင်းတွင် လင်းမိန်ဟွေ့မှာ အိမ်မှုကိစ္စများထဲတွင် နစ်မြောနေခဲ့ရပြီး ထိုဝါသနာကို လုံးဝ မေ့လျော့သွားခဲ့ရခြင်း ဖြစ်ပေသည်။
ယခုအချိန်တွင် ကလပ်အသင်းသား ခေါ်ယူနေသည်ကို မြင်လိုက်ရပြီး သူမ၏ စိတ်ဆန္ဒမှာ ရုတ်တရက် ပြန်လည်ပေါက်ဖွားလာကာ ချက်ချင်းပင် လက်ညှိုးထောင်ကာ စာရင်းပေးလိုက်တော့သည်။
“စီနီယာ၊ ကျွန်မ ပန်းချီကလပ်ကို ဝင်ချင်ပါတယ်”
ကျောင်းသားသမဂ္ဂမှ ကျောင်းသားများမှာ လင်းမိန်ဟွေ့ လက်ထောင်လိုက်သည်ကို မြင်လျှင် ဝမ်းသာသွားကြ၏။ သူတို့အနေဖြင််အသင်းသားသစ် မရရှိခဲ့သည်မှာ ကြာပြီဖြစ်၍ လင်းမိန်ဟွေ့အနားသို့ ချက်ချင်း ပြေးလာပြီး မေးမြန်းကြလေသည်။
“ပန်းချီဆွဲတတ်လား?”
လင်းမိန်ဟွေ့က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းပြလိုက်၏။
ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်က ထပ်မံ၍ မေးပြန်သည်။
“အခြေခံ ခဲခြစ်ပန်းချီရော ဆွဲဖူးလား?”
လင်းမိန်ဟွေ့က ခေါင်းခါပြပြန်၏။
ထိုအချိန်တွင် စာသင်ခန်းထဲရှိ ကျောင်းသားအများအပြားက သူမ၏ လုပ်ရပ်ကို လှောင်ပြောင်ရယ်မောကြလေတော့သည်။
သူမက ဘာကိုမှမတတ်ဘဲနှင့် ဘယ်လိုကလပ်မျိုးကို စာရင်းသွင်းချင်နေရတာလဲ။