← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း(143)

ရှောင်ချင်းက လင်းမိန်ဟွေ့ကို အသာဆွဲကာ အားနာသည့်အမူအရာဖြင့် ရှင်းပြလိုက်သည်။

“လင်းမိန်ဟွေ့... ကလပ်ဝင်တဲ့သူတွေက အကုန်လုံး ပါရမီပါတဲ့သူတွေချည်းပဲ၊ နင်က ပန်းချီလည်း မဆွဲတတ်ဘူးဆိုရင် သူတို့က နင့်ကို အသင်းဝင်အဖြစ် လက်ခံမှာ မဟုတ်ဘူး”

သို့သော် လင်းမိန်ဟွေ့သည်ကား အရှုံးမပေးလိုသေးပါချေ။ သူမက ကျောင်းသားသမဂ္ဂမှ စီနီယာများကို ကြည့်ကာ ပြောလိုက်သည်။

“ကျွန်မ ပန်းချီဆွဲရတာကို ဝါသနာပါပါတယ်၊ သင်ယူလို့လည်း ရတာပဲလေ၊ နောက်ပိုင်းကျရင် အချိန်ရတိုင်း ခဲပန်းချီကို လေ့ကျင့်ပါ့မယ်၊ လှပတဲ့ ပန်းချီကားတွေကို ကျိန်းသေပေါက် ဆွဲနိုင်အောင် ကြိုးစားပါ့မယ်”

ကျောင်းသားသမဂ္ဂမှ ကျောင်းသားများမှာ အနည်းငယ် စိတ်ပျက်သွားကြသော်လည်း လင်းမိန်ဟွေ့ကို လက်လွှတ်မခံလိုကြပါချေ။

သူတို့က အလျှော့အတင်းပြုလုပ်သော နည်းလမ်းတစ်ခုကို စဉ်းစားလိုက်ကြ၏။

“အခုလောလောဆယ် ပန်းချီစတူဒီယိုကို သန့်ရှင်းရေးလုပ်ပေးမယ့်သူ လိုနေတယ်၊ တကယ်လို့ မင်းသာ သွားချင်တယ်ဆိုရင်တော့ ဘေးနားကနေ ကိုယ့်ဘာသာကိုယ် လေ့လာလို့ရတာပေါ့၊ ဘယ်လိုသဘောရလဲ?”

ရှောင်ချင်းက မသွားရန် လင်းမိန်ဟွေ့အား တိုးတိုးလေး သတိပေးလိုက်သည်။

“အဲဒါတွေက ပင်ပန်းပြီး ညစ်ပတ်တဲ့ အလုပ်တွေလေ၊ ဘယ်သူမှ မလုပ်ချင်ကြလို့ ကျောင်းသားသစ်တွေကို ခေါ်ပြီး ခိုင်းကြတာ”

လင်းမိန်ဟွေ့ကတော့ ထိုသို့ မတွေးပါချေ။ သူမာ ပန်းချီဆွဲချင်ပေသည်။ တခြားသူများ ပန်းချီဆွဲပုံကို မြင်တွေ့ရရုံသာမက တခြားသူများ အသုံးမပြုတော့သည့် ဆေးများနှင့် စုတ်တံများကိုလည်း ကောက်ယူအသုံးပြုနိုင်မည်ဖြစ်၍ သူမကိုယ်တိုင်လည်း ပန်းချီဆွဲနိုင်မည် မဟုတ်ပါလား။

“ရပါတယ် စီနီယာ၊ ကလပ်က ကျွန်မကို လိုအပ်တဲ့အချိန်တိုင်း စာသင်ခန်းထဲကို လာခေါ်လို့ ရပါတယ်”

“ငါတို့က အပတ်တိုင်း စနေ၊ တနင်္ဂနွေ ညတိုင်းမှာ ပန်းချီပြပွဲရှိတယ်၊ အဲဒီကျရင် လာခဲ့ဦး၊ တခြား သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်”

ကျောင်းသားသမဂ္ဂမှ အဖွဲ့ဝင်ခွင့်ဖောင်ကို ထုတ်ပေးပြီး လင်းမိန်ဟွေ့ကလည်း ဖြည့်စွက်ပေးလိုက်၏။ သူတို့က ဖောင်ကိုယူကာ ထွက်ခွာသွားကြလေတော့သည်။

စာသင်ခန်းထဲတွင် ပြန်လည်တိတ်ဆိတ်သွားချေပြီ။ ရှောင်ချင်းက လင်းမိန်ဟွေ့ကို တစ်ချက်ကြည့်ကာ တိုးတိုးလေး ဆိုလိုက်၏။

“နင်ကတော့ တကယ်ကို အပင်ပန်းခံနိုင်တာပဲ၊ သူများတွေ မလုပ်ချင်တဲ့အလုပ်တွေကိုမှ လုပ်ချင်နေတယ်”

လင်းမိန်ဟွေ့၏ စိတ်ထဲတွင် ကိုယ်ပိုင်အတွေးအခေါ်များ ရှိနေပေသည်။ သူမသည်က ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပျိုးထောင်ပြီး ဤမြို့ကြီး၏ ဘဝတွင် လျင်မြန်စွာ အသားကျလိုခြင်းသာ ဖြစ်၏။

အနည်းငယ် ပိုပင်ပန်းခြင်း သို့မဟုတ် ပို၍ခက်ခဲခြင်းမှာ သူမအတွက် ပြဿနာမဟုတ်ပါချေ။

နောက်တစ်နေ့တွင် လင်းမိန်ဟွေ့က ထုံးစံအတိုင်း ဟုန်ရိကုမ္ပဏီသို့ သန့်ရှင်းရေးသွားလုပ်၏။

မနက်စောစော အချိန်ဖြစ်သောပြောင့် ကုမ္ပဏီဝန်ထမ်းများ မရောက်ကြသေးပါချေ။ လင်းမိန်ဟွေ့က သန့်ရှင်းရေးကို အမြန်အဆုံးသတ်ကာ ကျောင်းသို့ပြန်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ဝန်ထမ်းတချို့ ရုံးခန်းထဲသို့ တစ်ဦးပြီးတစ်ဦး ဝင်လာကြပြီး ညည်းညူနေကြသည်ကို ကြားလိုက်ရ၏။

“ဒီနှစ်ပိုင်းတွေမှာ ပြက္ခဒိန်တွေ လုပ်ရတာ ပိုပိုခက်လာပြီ၊ ဝယ်တဲ့သူလည်း သိပ်မရှိတော့ဘူး၊ ငါတို့လည်း အလုပ်ပြုတ်တော့မှာပဲ ထင်တယ်”

“အခုဆို သူဌေးတောင် နေ့တိုင်း သက်ပြင်းချနေရတာ၊ ငါတို့က ဘာလုပ်နိုင်မှာလဲ”

ဝန်ထမ်းတချို့က တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်ကို ကြားလျှင် လင်းမိန်ဟွေ့ စိုးရိမ်သွားရ၏။

အကယ်၍ ကုမ္ပဏီသာ ပျက်စီးသွားပါက သူမလည်း အလုပ်လက်မဲ့ ဖြစ်သွားမည် မဟုတ်ပါလား။

သို့သော်လည်း ယခုခေတ်ကာလမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေသည် မဟုတ်ပါလား။ ခေတ်နှင့်အညီ လိုက်ပါပြောင်းလဲရန် လိုအပ်ပေသည်။

ပြက္ခဒိန်လုပ်ရသည်မှာ ခက်ခဲနေပါက အခြားသော လုပ်ငန်းအမျိုးအစားသို့ ပြောင်းလဲလုပ်ကိုင်ခြင်းက ပို၍မကောင်းပါခား။

သို့သော် လင်းမိန်ဟွေ့သည် အခြားသူများ လှောင်ရယ်မည်ကို စိုးရိမ်သောကြောင့် ထိုစကားကို အလွယ်တကူ မပြောဝံ့ပါချေ။

ထိုအချိန်တွင် ချန်းမင်တစ်ယောက် စိတ်မပါလက်မပါဖြင့် ဝင်လာသည်ကို မြင်လိုက်ရသောပြောင့် လင်းမိန်ဟွေ့က သူမ၏နောက်သို့ ချက်ချင်းလိုက်သွားပြီး မေးလိုက်၏။

“အစ်မချန်း၊ ဘာလို့ အားမရှိသလို ဖြစ်နေတာလဲ”

“မနေ့က အလုပ်ကိစ္စတစ်ခု အောင်မြင်ဖို့အတွက် သူဌေးနဲ့အတူ လိုက်ပြီး စားသောက်ပေးခဲ့ရတယ်လေ၊ သူဌေးကတော့ အခုထိ မူးနေတုန်းပဲ”

“ဒါဆိုရင်လည်း အရမ်းကြီး အပင်ပန်းမခံပါနဲ့၊ အရက်ကိုလည်း လျှော့သောက်မှဖြစ်မယ်”

ချန်းမင်က ခါးသက်စွာ ပြုံးလိုက်မိ၏။ လင်းမိန်ဟွေ့မှာ ရိုးသားဖြူစင်သည့် တက္ကသိုလ်ကျောင်းသူလေးသာ ဖြစ်သေးသောကြောင့် သူတို့ကဲ့သို့ ရုံးဝန်ထမ်းများ၏ အခက်အခဲကို မည်သို့ နားလည်နိုင်ပါမည်နည်း။

လင်းမိန်ဟွေ့အနေဖြင့် ချန်းမင်က သူမကို လှောင်ရယ်မည်မဟုတ်မှန်း သိထားသည့်အတွက် လေသံတိုးတိုးဖြင့် ကပ်ပြောလိုက်သည်။

“အစ်မချန်း... အခုနောက်ပိုင်း လူတွေက ပြက္ခဒိန်တွေကို သိပ်မသုံးကြတော့ဘူး၊ အလုပ်ဖြစ်ဖို့လည်း ခက်ခဲနေတယ်လို့ ကျွန်မ ကြားမိတယ်

သူဌေးက တခြားလုပ်ငန်း ပြောင်းလုပ်ဖို့ရော မစီစဉ်ဖူးဘူးလား”

“ဘာလုပ်ရမှာလဲ၊ အခုခေတ်မှာ ဘာပဲလုပ်လုပ် ခက်ခဲနေတာပဲလေ”

“တကယ်တော့ စာအုပ်ရောင်းတာ ကောင်းမယ်လို့ ကျွန်မ ထင်တယ်၊ ကျွန်မ ငယ်ငယ်တုန်းက အဘိဓာန်တစ်အုပ် ဝယ်ချင်ရင် ခရိုင်ထဲက ဆန်းဟွားစာအုပ်ဆိုင်အထိ သွားဝယ်ရတယ်...

ဈေးကလည်း အရမ်းကြီးတယ် တကယ်လို့ ကျောင်းတွေမှာသာ ဒီလိုစာအုပ်မျိုးတွေကို သွားရောင်းမယ်ဆိုရင် လူတွေလည်း သဘောကျကြမှာပဲ”

လင်းမိန်ဟွေ့မှာ သူမဘာသာ ရေရွတ်နေခြင်းသာ ဖြစ်သော်လည်း အလုပ်သို့ရောက်လာသည့် ယန်လီပင်းက ထိုစကားများကို ရှင်းလင်းစွာ ကြားလိုက်ရချေသည်။

လင်းမိန်ဟွေ့၏ အကြံပြုချက်မှာ တကယ်ပင် ကောင်းမွန်လှပြီး အချိန်ကိုက် ရောက်ရှိလာသည့် အကူအညီဟုပင် ဆိုရပေမည်။

ဆိုရလျှင် ယခုရက်ပိုင်းအတွင်း သူသည်လည်း လုပ်ငန်းပြောင်းလဲရန် နည်းလမ်းများစွာကို စဉ်းစားခဲ့ဖူးသော်လည်း စိတ်တိုင်းမကျခဲ့ပါချေ။

အထူးသဖြင့် ကုမ္ပဏီတွင် ဝန်ထမ်းအများအပြား ရှိနေပြီး သူတို့မှာလည်း လုပ်ငန်းခွင် အတွေ့အကြုံဟောင်းများဖြင့်သာ ကျင့်သားရနေကြပြီ ဖြစ်၏။ အကယ်၍ တခြားသော ကဏ္ဍသစ်တစ်ခုသို့ ပြောင်းလဲမည်ဆိုပါက ပြုပြင်ပြောင်းလဲရန် မလွယ်ကူလှပေ။

ဝန်ထမ်းများကို အလုပ်ထုတ်ပစ်ရန်မှာလည်း သူ့၏စိတ်ထဲ၌ အနည်းငယ် အဆင်မပြေဖြစ်နေမိသည်။

မမျှော်လင့်ဘဲ သန့်ရှင်းရေးဝန်ထမ်းလေး၏ စကားတစ်ခွန်းက သူ့အား နိုးကြားသွားစေခဲ့ပေပြီ။

ယခုအချိန်တွင် လူတို့၏ လူနေမှုဘဝမှာ ပိုမိုကောင်းမွန်လာသည်နှင့်အမျှ နောက်ပိုင်းတွင် စာအုပ်များစွာ လိုအပ်လာပေလိမ့်မည်။ အကယ်၍ စာအုပ်များ ထုတ်ဝေမည်ဆိုပါက လုပ်ငန်းသဘာဝမှာလည်း သိပ်ပြီးမကွာခြားပါချေ။

ပြက္ခဒိန်နှင့် စာအုပ်နှစ်ခုလုံးက စာလုံးများဖြင့်သာ တည်ဆောက်ထားသည် မဟုတ်ပါလား။

ယန်လီပင်းက ရုတ်တရက် ချောင်းဟန့်လိုက်သဖြင့် လင်းမိန်ဟွေ့နှင့် ချန်းမင်တို့မှာ ထိတ်လန့်သွားကြ၏။ ပြီးခဲ့သည့် အဖြစ်အပျက်ပြီးကတည်းက လင်းမိန်ဟွေ့က ယန်လီပင်းကို မြင်လျှင် ရှောင်နေတတ်ပြီး သူ့အား စိုက်မကြည့်ရဲပါချေ။

သူ စိတ်ဆိုးပြီး အလုပ်ထုတ်ပစ်မည်ကို စိုးရိမ်နေမိခဲ့ရသည်။

ယခုအချိန်တွင် ထိုသူက သူမ၏နောက်တွင် ရပ်နေသည်ကို မြင်လိုက်သောကြောင့် သူမ အလွန် စိုးရိမ်သွားခဲ့ရသည်။

“လင်းမိန်ဟွေ့... ငါ့ရုံးခန်းထဲကို လိုက်ခဲ့ဦး၊မင်းကို မေးစရာ ရှိတယ်”

“အစ်မချန်း ကူညီပါဦး၊ သူ ကျွန်မကို ထပ်ပြီးကြိမ်းမောင်းဦးမလား မသိဘူး”

လင်းမိန်ဟွေ့တစ်ယောက် ထိတ်လန့်သွားရပြီး ချန်းမင်၏ လက်မောင်းကို ဆွဲထားမိ၏။ သို့သော် ချန်းမင်က အပြုံးတစ်ခုဖြင့် ပြောလာသည်။

“သွားလိုက်လေ၊ သူ မင်းကို မကြိမ်းမောင်းပါဘူး၊ မေးစရာရှိလို့ ဖြစ်လိမ့်မယ်၊ မြန်မြန်သွားလိုက်လေ”

လင်းမိန်ဟွေ့တစ်ယောက် ယန်လီပင်းနောက်မှ ရုံးခန်းထဲသို့ လိုက်ဝင်သွားပြီး သူမ၏သူဌေးအား စိုးရိမ်တကြီး ကြည့်ကာ ပြောလိုက်မိသည်။

“သူဌေး၊ ပြောစရာရှိတာ မြန်မြန်ပြောပေးပါ၊ ကျွန်မ ကျောင်းကို အမြန်ပြန်ရမှာ”

“ကျောင်းသားတွေက အဘိဓာန်တွေ လိုအပ်နေတယ်၊ ဝယ်ရလည်း ခက်တယ်လို့ မင်းပြောလိုက်တာလား?”

“အမှန်ပါပဲ၊ နယ်ဘက်က ကလေးတွေက များသောအားဖြင့် ပိုက်ဆံနည်းနည်းပဲ ရှိကြတာလေ၊ စန်းဟွားစာအုပ်ဆိုင်မှာ အဘိဓာန်တစ်အုပ် ဝယ်မယ်ဆိုရင် ဆယ်ယွမ်ကျော်လောက် ပေးရတယ်၊

ကျွန်မတို့မှာ ဝယ်ဖို့ ပိုက်ဆံမရှိတော့ အဘိဓာန်လည်း မရှိဘူးပေါ့.. နောက်ပြီး စာစီစာကုံး စာအုပ်တွေဆိုရင်လည်း တစ်အုပ်တည်းကိုပဲ အားလုံးက လက်ဆင့်ကမ်းပြီး ဖတ်ကြရတာ”

ယန်လီပင်း ပို၍ စိတ်ဝင်စားလာလေသည်။ သူသည်က ပေကျင်းတွင်သာ နေထိုင်ခဲ့သူဖြစ်ရာ နယ်ဘက်မှ ကလေးငယ်များ၏ အခက်အခဲကို လုံးဝ နားမလည်ခဲ့ပါချေ။

ယခု လင်းမိန်ဟွေ့ ပြောပြသည့်စကားများကို ကြားလိုက်ရချိန်တွင်တော့ သူ့အနေဖြင့် ဤစီးပွားရေး အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်မည်ဟု ခံစားလိုက်ရ၏။

အကယ်၍ အမြောက်အမြားကို တစ်ချိန်တည်း ရိုက်နှိပ်မည်ဆိုပါက အဘိဓာန်တစ်အုပ်၏ ကုန်ကျစရိတ်မှာ တစ်ယွမ်ထက်ပင် ကျော်မည်မဟုတ်ပါချေ။

ထိုသို့ဆိုလျှင် ငါးယွမ်နှင့် ရောင်းလျှင်ပင် အမြတ်အစွန်း များစွာ ရရှိနိုင်မည် ဖြစ်ပေသည်။

ဤသည်မှာ နှစ်ပတ်လည်ပြက္ခဒိန်များထက် ပို၍ ရောင်းကောင်းပေလိမ့်မည်။ မည်သို့ပင်ဖြစ်သေ မိဘတိုင်းက သားသမီးကို ချစ်မြတ်နိုးကြသည်။

အထူးသဖြင့် ဈေးနှုန်းသက်သာပြီး သားသမီးများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အရာမျိုးဆိုလျှင် ပို၍ပင် ဝမ်းသာအားရ ဝယ်ယူကြမည် မဟုတ်ပါလား။

“လင်းမိန်ဟွေ့.. နယ်ဘက်က ကလေးတွေ တခြားဘယ်လိုစာအုပ်မျိုးတွေကို သဘောကျကြသေးလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား”

*

အခန်း(144)

ယန်လီပင်းက စိတ်ပါဝင်စားစွာဖြင့် မေးခွန်းများ မေးလာသည်ကို မြင်လျှင် လင်းမိန်ဟွေ့မှာလည်း စိုးရိမ်ပူပန်ခြင်းများ လျော့ပါးသွားခဲ့၏။

သူမကက ငယ်စဉ်အချိန်က ဖတ်ချင်ပါလျက်နှင့် မဝယ်နိုင်ခဲ့သော စာအုပ်များဖြစ်သည့် ပုံပြင်တိုစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ချမ်းသာသောသူများသာ မှာယူဖတ်ရှုနိုင်သည့် မဂ္ဂဇင်းများအကြောင်းကို ပြောပြလိုက်ပေသည်။

ထိုအချိန်က သူမအနေဖြင့် သူများအိမ်သို့ ကစားရန် အကြောင်းပြချက်မျိုးစုံဖြင့် သွားရောက်ကာ ထိုစာအုပ်များကို ခိုး၍ ဖတ်ရှုခဲ့ရသည် မဟုတ်ပါလား။

ယန်လီပင်းကလည်း ထိုအချက်အလက်အားလုံးကို စာရွက်ပေါ်တွင် မှတ်သားထားလိုက်ပြီး ထိုစာအုပ်များကို ရိုက်နှိပ်ရောင်းချနိုင်မည့် ထုတ်ဝေသူတစ်ဦးကို ရှာဖွေရန် ဆုံးဖြတ်လိုက်လေတော့သည်။

လင်းမိန်ဟွေ့တစ်ယောက် သူဌေး၏ ရုံးခန်းထဲမှ ထွက်လာချိန်တွင် နောက်ကျောတစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေပေပြီ။

ကံကောင်းစွာဖြင့် သူဌေးက သူမကို အကျပ်ကိုင်ခြင်းမျိုး မရှိဘဲ မေးခွန်းတချို့ကိုသာ မေးမြန်းခဲ့ခြင်းပင် ဖြစ်ပေ၏။

လင်းမိန်ဟွေ့က ထိုအကြောင်းများကို ချန်းမင်အား ပြောပြလျှင် ချန်းမင်က ပြုံးလျက် ပြောလာသည်။

“မင်းက ကုမ္ပဏီအတွက် တကယ့်ကို အောင်မြင်မှုတွေ ယူဆောင်ပေးလိုက်တာပဲ.. နောက်ပိုင်းကျရင် ငါတို့ အလုပ်တွေ ဆက်မြဲဖို့အတွက် ဒါက အထောက်အကူ ဖြစ်လာနိုင်တယ် မင်းက တကယ်တော်တာပဲ”

လင်းမိန်ဟွေ့သည်ကား အနည်းငယ် ရှုပ်ထွေးနေသော်လည်း သူမ၏ အကြံဉာဏ်ာ ဟုန်ရိကုမ္ပဏီအတွက် လုပ်ငန်းပြောင်းလဲရန် လမ်းစကောင်းတစ်ခု ဖြစ်သွားစေခဲ့သည်ကိုတော့ သူမ သိရှိလိုက်ပေသည်။

နောက်ပိုင်းရက်များတွင် ဟုန်ရိကုမ္ပဏီက ပြက္ခဒိန်ထုတ်ဝေသည့် ကုမ္ပဏီဘဝမှ ထုတ်ဝေရေးလုပ်ငန်းငယ်တစ်ခုအဖြစ် စတင်ပြောင်းလဲလာခဲ့၏။

ယခင်က ပြက္ခဒိန်အမျိုးမျိုးကိုသာ ထုတ်လုပ်ခဲ့သော်လည်း ယခုတွင်တော့ လူအများ လိုအပ်သမျှ စာအုပ်အမျိုးမျိုးကိုပါ ရိုက်နှိပ်ထုတ်ဝေနေပြီ ဖြစ်ပေသည်။

ကုမ္ပဏီတစ်ခုလုံး၏ လုပ်ငန်းဆောင်တာများမှာလည်း အလွန်အမင်း တိုးတက်အောင်မြင်လာချေသည်။

ထို့ကြောင့် ယန်လီပင်းက ကုမ္ပဏီရှိ ဝန်ထမ်းအားလုံးကို ထမင်းတစ်နပ် အထူးတလည် တည်ခင်းကျွေးမွေးခဲ့၏။

ထမင်းဝိုင်းတွင် ယန်လီပင်းကိုယ်တိုင် လင်းမိန်ဟွေ့အား ဝိုင်တစ်ခွက်ဖြင့် ဂုဏ်ပြုကျေးဇူးတင်ခဲ့သောကြောင့် သူမလည်း အလွန်ပျော်ရွှင်သွားရသည်။

လင်းမိန်ဟွေ့က ထိုအဖြစ်အပျက်အားလုံးကို စာထဲတွင် အသေးစိတ်ရေးသားကာ ဝေးလံသောအရပ်ရှိ စုန့်ယီထံသို့ ပေးပို့လိုက်ပေသည်။

သို့သော်လည်း လင်းမိန်ဟွေ့က စုန့်ယီထံမှ ပြန်စာကို နှစ်လကြာသည်အထိ မရရှိခဲ့ပါချေ။

လင်းမိန်ဟွေ့က စိတ်ထဲ၌ ထိတ်လန့်လာရပြီး စုန့်ယီ၏ သတင်းကို ရနိုင်သမျှ နည်းလမ်းဖြင့် စုံစမ်းသော်လည်း ကံမကောင်းစွာဖြင့် မည်သည့်သတင်းကိုမျှ မရရှိခဲ့ပါချေ။

ထိုနေ့တွင် ချန်အန်းသယ်က သူ၏ မွေးစားအစ်မနှင့်အတူ ပေကျင်းသို့ ရောက်ရှိလာပြီး လင်းမိန်ဟွေ့၏ ကျောင်းသို့ လာရောက်တွေ့ဆုံခဲ့၏။

လင်းမိန်ဟွေ့တစ်ယောက် ကျောင်းတွင် အဆင်ပြေနေသည်ကို မြင်ရသောကြောင့် ချန်အန်းသယ်လည်း စိတ်သက်သာရာရသွားပြီး သူမအား ယွမ်(၂၀၀၀)ကျော် ပေးအပ်ကာ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ခဲ့လေသည်။

လင်းမိန်ဟွေ့က ချန်အန်းသယ်ကို ကျောင်းဂိတ်အထိ လိုက်ပို့ရင်း ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ အကူအညီတောင်းလိုက်သည်။

“အန်းသယ်.. ကျွန်မ အခု စုန့်ယီနဲ့ အဆက်အသွယ် လုံးဝမရတော့ဘူး ၊ သူ့ကို ဘယ်မှာ ရှာရမလဲဆိုတာလည်း မသိဘူး ၊ ရှင် ကျွန်မကို ကူညီပေးနိုင်လား ”

ချန်အန်းသယ်သည်လည်း စုန့်ယီတစ်ယောက် ထွက်သွားသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ပါလျက်နှင့် စာတစ်စောင်သာ ပြန်ပို့ခဲ့သည်မှာ မဖြစ်သင့်ဟူ၍ တွေးမိလိုက်၏။

သို့သော်လည်း စစ်သားများ၏ တင်းကျပ်လှသော စည်းကမ်းများကြောင့် ဖြစ်နိုင်သည်ဟု ပြန်တွေးကာ လင်းမိန်ဟွေ့အား ပြန်လည်နှစ်သိမ့်လိုက်သည်။

“စိတ်မပူပါနဲ့၊ ငါတို့ နည်းလမ်းတစ်ခုခုကို အတူတူ စဉ်းစားကြတာ ပေါ့၊ ငါ မင်းကို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနအထိ လိုက်ပို့ပေးမယ်၊

အဲဒီကနေ စုန့်ယီနဲ့ အဆက်အသွယ်ရနိုင်မဲ့နည်းလမ်းရှိမလားဆိုတာ စုံစမ်းကြည့်ကြတယ်လေ”

“ကောင်းပါပြီ”

လင်းမိန်ဟွေ့သည်ကား ဤရက်ပိုင်းအတွင်း အလွန်အမင်းစိုးရိမ်ပူပန်နေခဲ့ရလေ၏။

တရုတ်နှစ်သစ်ကူးကာလသို့ ရောက်တော့မည်ဖြစ်၍ စုန့်ယီရှိသည့်နေရာမှာ အေးနေမည်လား၊ သူ နေထိုင်ရသည်တွင် ဒုက္ခရောက်နေမည်လားဆိုသည့် အတွေးများက သူမအား အိပ်မပျော်၊ စားမဝင် ဖြစ်စေခဲ့ပေသည်။

ချန်အန်းသယ်က သူမအား ကာကွယ်ရေးဝန်ကြီးဌာနသို့ ခေါ်သွားမည်ဟု ပြောသည့်အချိန်တွင် လင်းမိန်ဟွေ့က အဝတ်အစားများကို ချက်ချင်းပြင်ဆင်ကာ လိုက်ပါသွားတော့သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှာ လုံခြုံရေး အလွန်တင်းကျပ်လွန်းသောကြောင့် အစပိုင်းတွင် ဝင်ရောက်ရန် လုံးဝ မဖြစ်နိုင်ခဲ့ပါချေ။

နောက်ပိုင်းတွင် ချန်အန်းသယ်က နည်းလမ်းမျိုးစုံဖြင့် အဆက်အသွယ်ရှာဖွေကာ ကာကွယ်ရေးဝန်ကြီးဌာန၌ အလုပ်လုပ်နေသော သူ၏ အဝေးမှအမျိုးတစ်ဦးကို ရှာတွေ့ခဲ့၏။

သူနှင့် လင်းမိန်ဟွေ့တို့က တံခါးဝတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြလေသည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် အရပ်ရှည်ပြီး တည်ငြိမ်သော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာခဲ့လေသည်။

ထိုအမျိုးသားက ချန်အန်းသယ်ကို မြင်လိုက်ရသည့်အချိန်တွင် ပုခုံးကို ပုတ်ပြီးပြောလာခဲ့သည်။

“မင်းကို ကြည့်ရတာ မင်းအဖေနဲ့ အတော်လေးတူတာပဲ၊ ငါတို့ မဆုံဖြစ်တာ နှစ်အတော်ကြာပြီ၊ ငါ့ဆီက ဘာအကူအညီ လိုချင်လို့လဲ”

ချန်အန်းသယ်က ချက်ချင်းပင် ရှင်းပြလိုက်သည်။

“ကျွန်တော့်သူငယ်ချင်းတစ်ယောက်က စစ်ထဲဝင်သွားလို့လေ၊ အခု အဆက်အသွယ် မရတာကြာလို့ မိသားစုဝင်တွေက စိုးရိမ်နေကြတာ၊ ဦးလေးအနေနဲ့ သူ့ရဲ့ အဆက်အသွယ် ရနိုင်မယ့် လိပ်စာလေးကို ကူညီပြီး ရှာပေးနိုင်မလားလို့ပါ ”

ထိုအမျိုးသားမှာ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့လေ၏။

လင်းမိန်ဟွေ့၏ ရင်ခုန်သံမှာလည်း စိတ်လှုပ်ရှားမှုကြောင့် ရင်ဘတ်ထဲမှ ထွက်လာတော့မတတ် ပြင်းထန်နေခဲ့ရသည်။

ခေတ္တမျှအကြာတွင် ထိုအမျိုးသားမှာ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသည့်အမူအရာဖြင့် ပြောလာလေ၏။

“ဒီမှာပဲ ခဏစောင့်ကြဦး၊ အဲဒီလူရှိတဲ့ တပ်ရင်းရဲ့ ဖုန်းနံပါတ်ကို ငါ အရင်စစ်ပေးမယ်၊ အဲဒီကိုဆက်သွယ်နိုင်ရင်တော့ အဆက်အသွယ်ရနိုင်မှာပဲ၊ ဒီမှာ ခဏလေးစောင့်နေခဲ့ကြ”

မျှော်လင့်ချက်ရှိလာပြီဖြစ်ကြောင်း ကြားလိုက်ရသောကြောင့် ချန်အန်းသယ်က လင်းမိန်ဟွေ့ကို လှည့်ကြည့်ကာ အားပေးလိုက်၏။

“စိတ်မပူပါနဲ့၊ ကျိန်းသေပေါက် အဆက်အသွယ်ရပါလိမ့်မယ်၊ လူတစ်ယောက်လုံးကတော့ ဘယ်လိုလုပ်ပြီး လေထဲပျောက်သွားမှာလဲ”

လင်းမိန်ဟွေ့မှာ စိတ်ပျက်အားငယ်လုနီးပါး ဖြစ်နေခဲ့ရသော်လည်း ယခုအချိန်တွင် သူမ၏ ရင်ထဲ၌ မျှော်လင့်ချက်မီးတောက်ကလေးမှာ တစ်ဖန် ပြန်လည်တောက်ပလာခဲ့ပေပြီ။

မိနစ်အနည်းငယ် ကြာပြီးနောက် ထိုအမျိုးသားက စာရွက်စတစ်ရွက်ကို ကိုင်ဆောင်ကာ ထွက်လာပြီး လင်းမိန်ဟွေ့အား ကမ်းပေးလိုက်သည်။

“ဒါက စုန့်ယီရှိတဲ့ တပ်ရင်းနံပါတ်နဲ့ တပ်ရင်းမှူးရုံးခန်းရဲ့ ဖုန်းနံပါတ်ပဲ ပုံမှန်ဆိုရင်တော့ ဒီဖုန်းတွေကို အရေးမကြီးဘဲ ဆက်ခွင့်မရှိဘူး

ငါ မင်းအတွက် အရင်ဆုံး လှမ်းပြောထားလိုက်မယ်၊ မင်းတို့တွေ နောက်ကျရင် ဖုန်းဆက်လို့ရတဲ့နေရာတစ်ခုမှာ သွားပြီး စုံစမ်းကြည့်လိုက်ကြပေါ့”

“ ကျေးဇူးတင်ပါတယ်”

လင်းမိန်ဟွေ့က သူ့ကို အလျင်အမြန်ပင် ဦးညွှတ်ကျေးဇူးတင်လိုက်သောကြောင့် ထိုအမျိုးသားမှာလည်း ယဉ်ကျေးစွာပြောလာခဲ့ပေသည်။

သူက လင်းမိန်ဟွေ့အား အားနာစွာ တားမြစ်လိုက်ပြီး ချန်အန်းသယ်ကို စကားအနည်းငယ် ပြောကာ ပြန်လည်ထွက်ခွာသွားလေတော့သည်။

လင်းမိန်ဟွေ့က ဖုန်းနံပါတ်ကို ရရှိလိုက်သည့်အချိန်တွင် ရတနာတစ်ခုကို ရရှိလိုက်သကဲ့သို့ပင် တန်ဖိုးထားနေမိ၏။

သို့သော် ယခုအချိန်တွင် သူမအနေဖြင့် ဖုန်းဆက်ရန် နေရာတစ်ခုကို ရှာဖွေရဦးမည်ဖြစ်ပေသည်။

ချန်အန်းသယ်သည်ကား ဖုန်းနံပါတ် ကိုရသည်နှင့် သူ့ကိုပင် မေ့သွားသော လင်းမိန်ဟွေ့ကို ကြည့်ကာ အသာပြုံးလိုက်မိပြီး ပြောလိုက်သည်။

“မိန်ဟွေ့... ဒါဆိုရင်တော့ မင်း စုန့်ယီနဲ့ အဆက်အသွယ်လုပ်လိုက်ဦး၊ ငါလည်း မင်ယန်ကို ခေါ်ပြီး သွားလည်လိုက်ဦးမယ်”

“ကောင်းပါပြီ၊ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်”

တကယ်တမ်းတွင် ချန်အန်းသယ်၌ လင်းမိန်ဟွေ့အား ပြောစရာစကားတချို့ ရှိနေသေးပေသည်။ ယခုအချိန်တွင် ဆိုင်လုပ်ငန်းမှာ အလွန်အောင်မြင်နေအြီဖြစာသောကြောင့် ဆိုင်ခွဲတချို့ ထပ်မံဖွင့်လှစ်လိုသည့်အကြောင်းကို ဆွေးနွေးချင်ခဲ့သည်ပင်။

သို့သော် လင်းမိန်ဟွေ့က ထိုကိစ္စကိုပင် စိတ်မဝင်စားနိုင်ဘဲ ဖြစ်နေသည်ကို မြင်ရသောကြောင့် နောက်တစ်ကြိမ် ဆုံတွေ့မှသာ ဆွေးနွေးရန် ဆုံးဖြတ်လိုက်လေတော့သည်။

လင်းမိန်ဟွေ့က ဆိုင်တစ်ဆိုင်သို့ သွားရောက်ကာ ဖုန်းဆက်ရန်အတွက် အခကြေးငွေပေး၍ ဆက်သွယ်နိုင်ကြောင်း သိရှိရပြီးနောက် ထိုနံပါတ်သို့ ခေါ်ဆိုလိုက်၏။

ဖုန်းခေါ်ဆိုမှု စတင်သည်နှင့် လင်းမိန်ဟွေ့၏ ရင်ဘတ်ထဲ၌ ဗုံတီးနေသကဲ့သို့ ခံစားနေရချေပြီ။ စုန့်ယီတစ်ယောက် အဆင်ပြေသည်လားဆိုသည်ကို သူမ မသိပါချေ။

တစ်ဖက်မှ ဖုန်းပြန်ဖြေသံကို ကြားလိုက်ရချိန်တွင် လင်းမိန်ဟွေ့က အလျင်အမြန်ပင် ပြောလိုက်၏။

“ကျွန်မကို စုန့်ယီနဲ့ ပြာချင်လို့ပါ၊ ကျွန်မက သူ့ရဲ့ မိသားစုဝင်ပါ”

တစ်ဖက်မှလူမှာ ခေတ္တမျှ ကြောင်သွားပြီးမှ သတိဝင်လာပြောလာလေ၏။

“အိုး.. မင်းက ဌာနမှူးကျန်းရဲ့ ဆွေမျိုးလား ကောင်းပြီ၊ ငါ အခုချက်ချင်း စုန့်ယီကို ဖုန်းလာကိုင်ဖို့ သွားခေါ်ပေးမယ်၊ ခဏစောင့်ဦး”

မိနစ်အနည်းငယ်အတွင်းမှာပင် လင်းမိန်ဟွေ့မှာ မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းနေမိပေသည်။

နောက်ဆုံးတွင် ဖုန်းတစ်ဖက်မှ ခြေသံများကို ကြားလိုက်ရသည့်အချိန်တွင် လင်းမိန်ဟွေ့က ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိပြီး သူမ၏ လက်ချောင်းများကို ဖုန်းကြိုးကို ရစ်ပတ်ထားမိကာ ရင်ခုန်သံများ မြန်ဆန်နေချေပြီ။

“မိန်ဟွေ့”

စုန့်ယီ၏ အသံမှာ အနည်းငယ် ဩရှရှဖြစ်နေလေ၏။ ကီလိုမီတာ (၁၀၀၀) ကျော် ဝေးကွာသော အရပ်မှ ထွက်ပေါ်လာသည့် ထိုအသံကြောင့် လင်းမိန်ဟွေ့တစ်ယောက် ငိုချင်စိတ်ကို မနည်းထိန်းလိုက်ရပေသည်။

သူမက ငိုသံမထွက်စေရန် အစွမ်းကုန် ကြိုးစားရင်း နှုတ်ခမ်းကိုဖိကိုက်ကာ မေးလိုက်၏။

“အစ်ကိုစုန့်ယီ၊ အစ်ကို့မှာ တစ်ခုခုဖြစ်နေပြီလို့ ကျွန်မ ထင်နေတာ၊ ကျွန်မဆီကို စာမရေးတာ ဒီဘာလို့ ဒီလောက်တောင် ကြာနေတာလဲ၊ ကျွန်မက အစ်ကို့ကို ပျောက်သွားပြီလို့တောင် ထင်မိတာ”

ဖုန်းကြိုးတစ်လျှောက်မှ စုန့်ယီ၏ ညင်သာတည်ငြိမ်သော အသံက ထူးခြားသည့် နွေးထွေးမှုများနှင့်အတူ စီးဆင်းလာသောကြောင့် လင်းမိန်ဟွေ့တစ်ယောက် စိတ်သက်သာရာရသွားခဲ့ရလေ၏။

All Chapters