← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း(145)

စုန့်ယီက တည်ငြိမ်စွာပြောလာခဲ့လေ၏။

“လွန်ခဲ့တဲ့ နှစ်လက လေ့ကျင့်ခန်းလုပ်ရင်းနဲ့ ဒဏ်ရာရသွားလို့ ကိုယ့်ရဲ့ဒဏ်ရာဟောင်း ပြန်ထလာတာလေ ၊ ဒါကြောင့် လက်ထဲမှာ ဘောပင်ကို မကိုင်နိုင်လို့..

အစကတော့ သူငယ်ချင်းတွေကို ကိုယ်စား စာရေးခိုင်းမလို့ စဉ်းစားသေးတယ်၊ ဒါပေမဲ့ သူတို့ ရေးပေးရင်လည်း မင်း ပိုပြီး စိုးရိမ်နေမှာစိုးလို့ အဆက်အသွယ် မလုပ်ဖြစ်ခဲ့တာ”

“အစ်ကိုက ကျွန်မကို သေလောက်အောင် ခြောက်လှန့်နေတာပဲ!”

“မိန်ဟွေ့... ဒါက ကွပ်ကဲမှုဗဟိုဌာနက ဖုန်းနံပါတ်ဆိုတော့ ကိုယ်တို့တွေ စကားကို အတိုချုပ်ပြောကြရအောင်၊

ကိုယ့်ရဲ့ဒဏ်ရာက အခု ဘာမှမဖြစ်တော့ပါဘူး၊ ဒါကြောင့် အရမ်းကြီး စိတ်မပူပါနဲ့၊ ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်နော်၊ နေကောင်းလာတာနဲ့ မင်းဆီကို စာပြန်ရေးပါ့မယ်”

စုန့်ယီမှာ အချိန်နှင့်လုပြီး ပြောနေရကြောင်းကို လင်းမိန်ဟွေ့ သိလိုက်သောကြောင့် သူမမှာလည်း ခွဲခွာရမည်ကို နှမြောလျှင်ပင် မတတ်နိုင်ပေ။

ဖုန်းကြာရှည်ပြောနေပါက စုန့်ယီတစ်ယောက် အထက်လူကြီး၏ အပြစ်တင်ခြင်းကို ခံရမည်စိုးရိမ်ရပေသည်။ ထို့ကြောင့် သူမက မချချင်ချချင်စိတ်ဖြင့်ပင် ချလိုက်ရသည်။

ဖုန်းဆိုင်ရှင်ဖြစ်သူက လင်းမိန်ဟွေ့ ဖုန်းဆက်နေသည့်လူမှာ စစ်သားတစ်ဦးထံသို့ဖြစ်ကြောင်းကို သိသွားသည့်အချိန်တွင် ဖုန်းပြောခကို လက်မခံဘဲ ငြင်းဆိုလေသည်။

သို့သော်လည်း လင်းမိန်ဟွေ့က နောက်ဆုံးတွင် သုံးယွမ်ကို စားပွဲပေါ်၌ တင်ထားခဲ့၏။ အဝေးပြောဖုန်းများမှာ အလွန်ဈေးကြီးလွန်းသောကြောင့် ဆိုင်ရှင်ကို မရှုံးစေချင်ပါချေ။

စုန့်ယီ ဒဏ်ရာရရှိထားကြောင်း သိလိုက်ရကတည်းက လင်းမိန်ဟွေ့မှာ စိတ်နှင့်လူနှင့် မကပ်ဘဲ ဖြစ်နေခဲ့ပေသည်။

အတန်းထဲတွင်လည်း သူမ စိတ်ပျံ့လွင့်နေသည်ကို ဆရာက အကြိမ်ကြိမ်ပင် မိသွားခဲ့၏။

သူမ၏ အခြေအနေကို မြင်သည့်အချိန်တွင် ရှောင်ချင်းက အခြေအနေကို မေးမြန်းလာသောကြောင့် လင်းမိန်ဟွေ့က စုန့်ယီ ဒဏ်ရာရနေသည့်အကြောင်းကို ပြောပြလိုက်လေသည်။

ရှောင်ချင်းက ထိုအကြောင်းများကိုကြားလျှင် ဤကိစ္စမှာ ဖြေရှင်းရလွယ်ကူသည်ဟု ယူဆကာ လင်းမိန်ဟွေ့အား အကြံပေးလိုက်၏။

“ဆောင်းရာသီ ကျောင်းပိတ်ရက်က မကြာခင် ရောက်တော့မှာပဲ အဲဒီကျရင် နင် စုန့်ယီဆီကို သွားကြည့်လို့ရတယ်လေ”

လင်းမိန်ဟွေ့ကလည်း ထိုသည်က အကြံကောင်းတစ်ခုဖြစ်သည်ဟု တွေးမိကာ အတန်းဆင်းပြီးနောက် စုန့်ယီထံ ဖုန်းဆက်ရန် ကြိုးစားလိုက်ပြန်သည်။

သူမ ဤတောင်းဆိုချက်ကို ပြောလိုက်ပြီးနောက် သူ့ထံမှ အဖြေကို ရရှိရန် သူမ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့၏။

သို့သော်လည်း စစ်တပ်၏ စည်းကမ်းချက်အရ စစ်မှုထမ်းများ၏ မိသားစုဝင်များသာ စစ်စခန်းသို့ လာရောက်လည်ပတ်ခွင့်ရှိကြောင်း စုန့်ယီက ပြန်ပြောလာခဲ့သည်။

သူတို့က လက်ထပ်ပြီးသားဖြစ်ကြောင်းကို လင်းမိန်ဟွေ့ တွေးမိသွားပြီး စုန့်ယီအား ဤသို့ မေးလိုက်မိ၏။

“အစ်ကိုစုန့်ယီ .. ကျွန်မတို့ လက်ထပ်ခဲ့ကြတာ ကြာလှပြီလေ၊ အခု ကျွန်မက အစ်ကို့ရဲ့ မိသားစုဝင် မဟုတ်တော့လို့လား ”

စုန့်ယီမှာ ဒဏ်ရာရကတည်းက လင်းမိန်ဟွေ့အတွက် အမှန်တကယ် စိုးရိမ်နေခဲ့ခြင်းဖြစ်ပေသည်။ သို့သော်လည်း သူမကို စိတ်မပူစေချင်သောကြောင့်သာ ဒဏ်ရာအကြောင်းကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်၏။

လင်းမိန်ဟွေ့မှ စစ်စခန်းသို့ လာကြည့်ချင်သည်ဟု ကြားလိုက်ရသည့်အချိန်တွင် စုန့်ယီ အစိုးရိမ်ဆုံးမှာ သူမ၏ ပညာသင်ကြားရေးပင် ဖြစ်ပေသည်။

လင်းမိန်ဟွေ့ကလည်း ထိုအချက်ကို ရိပ်မိပုံရကာ ထပ်ပေါင်းပြောလိုက်၏။

“အစ်ကိုစုန့်ယီ.. ကျောင်းပိတ်ရက်ကို ရောက်တော့မှာလေ နောက်ပြီး ကျွန်မ နွေဦးပွဲတော်ကို တစ်ယောက်တည်း မဖြတ်သန်းချင်ဘူး ၊ အစ်ကို တပ်မှူးတွေဆီမှာ ခွင့်ပြုချက်တောင်းတဲ့ အစီရင်ခံစာ တင်ထားလိုက်ပေါ့၊

ကျွန်မ အစ်ကို့ဆီက သတင်းကို စောင့်နေပါ့မယ်”

ဖုန်းချပြီးနောက် လင်းမိန်ဟွေ့တစ်ယောက် အလွန်ပင် စိတ်လှုပ်ရှားနေသောကြောင့် မျက်နှာလေးမှာ နီမြန်းနေချေသည်။

လမ်းသွားလမ်းလာ အတန်းဖော်များက သူမကို မြင်သည့်အချိန်တွင် မစနောက်ဘဲ မနေနိုင်ကြပါချေ။

“မိန်ဟွေ့... နင့်ရဲ့ အစ်ကိုစုန့်ယီနဲ့ ဖုန်းထဲမှာ ချိုမြိန်တဲ့စကားတွေ ထပ်ပြောနေပြန်ပြီလား”

တခြားလူများ၏ စနောက်ခြင်းကို ခံရသည့်အချိန်တွင် လင်းမိန်ဟွေ့တစ်ယောက် ပို၍ပင် ရှက်သွားရသောကြောင့် အဆောင်သို့ အပြေးလေး ပြန်လာခဲ့လေတော့သည်။

ရှောင်ချင်းက လင်းမိန်ဟွေ့၏ အမူအရာကို မြင်သည်နှင့် အရာအားလုံး အဆင်ပြေသွားကြောင်း သိလိုက်သောကြောင့် သူမအတွက် တိတ်တဆိတ် ဝမ်းသာပေးမိ၏။

“မိန်ဟွေ့... စစ်တပ်ထဲမှာ အရာအားလုံးက သူတို့ ထုတ်ပေးတာတွေကိုပဲသုံးရတာလို့ ငါကြားဖူးတယ်၊ အဲဒီတော့ နင် ပေကျင်းက နာမည်ကြီး မုန့်ပဲသရေစာတွေ ဝယ်သွားပြီး နင့်ရဲ့အစ်ကိုစုန့်ယီရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပေးလိုက်ရင် သူ့တို့တွေလည်း ကျိန်းသေပေါက် ပျော်ကြမှာပဲ”

လင်းမိန်ဟွေ့မှာ ပျော်လွန်းသောကြောင့် ထိုအသေးစိတ်အချက်လေးများကိုပင် မတွေးမိပါချေ။

ရှောင်ချင်းက သတိပေးလိုက်ချိန်မှသာ သူမ လစာထုတ်ပြီးလျှင် ကုန်တိုက်သို့သွားကာ ပေကျင်းအထူးစားဖွယ်တချို့ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်တော့သည်။

တိုက်ဆိုင်စွာဖြင့် သူမက နှစ်သစ်ကူးအတွက် လိုအပ်သည့် ပစ္စည်းများကိုပါ တစ်ခါတည်း ဝယ်ယူရန်တွေးထားသည်ပင်။

နောက်တစ်နေ့ အလုပ်သွားသည့်အချိန်တွင် လင်းမိန်ဟွေ့က စုန့်ယီထံသို့ သွားရန် လက်မှတ်စောစောဝယ်လိုသောကြောင့် ယန်လီပင်းထံမှ ခွင့်တိုင်ကြားလိုက်၏။

ပြီးခဲ့သည့်အကြိမ်က လင်းမိန်ဟွေ့ ပေးခဲ့သော လုပ်ငန်းပြောင်းလဲရေး အကြံဉာဏ်ကြောင့် ယခုအချိန်တွင် ကုမ္ပဏီမှာ ထုတ်ဝေရေးလုပ်ငန်းကဏ္ဍသို့ စတင်ဝင်ရောက်လာနိုင်ခဲ့ပြီး လုပ်ငန်းစွမ်းဆောင်ရည်မှာလည်း အလွန်ပင် ကောင်းမွန်နေခဲ့သည်။

ယန်လီပင်းက လင်းမိန်ဟွေ့အား ကျေးဇူးတင်ရန် အခွင့်အရေးကို ရှာနေသည်မှာ ကြာပြီဖြစ်၍ သူမ ခွင့်တိုင်သည်ကို ကြားသည့်အချိန်တွင် ချက်ချင်းပင် ခွင့်ပြုပေးလိုက်၏။

ယန်လီပင်းက အံဆွဲထဲမှ စာအိတ်နီ တစ်ခုကို ထုတ်ယူကာ လင်းမိန်ဟွေ့ဘက်သို့ တိုးပေးလိုက်ကာ ပြောခဲ့သည်။

“ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ မင်း ကုမ္ပဏီအပေါ် ထားတဲ့ စိတ်စေတနာက တကယ်ကောင်းတယ်၊ ဒါကြောင့် မင်းကို သန့်ရှင်းရေးအဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးလိုက်မယ်၊ အခုကစပြီး လတိုင်း လစာအပြင် ယွမ် (၁၀၀)အပိုပေးမယ်၊ ဒါကတော့ နှစ်ကုန်အတွက် အပိုဆုကြေးစာအိတ်ပဲ၊ ယူထားလိုက်လေ”

မမျှော်လင့်ဘဲ ရုတ်တရက် ရောက်ရှိလာသော ဝမ်းသာစရာ သတင်းကြောင့် လင်းမိန်ဟွေ့လည်း များစွာ အံ့အားသင့်သွားရသည်။ သူမက ထိုစာအိတ်နီကို လက်ခံရန် အနည်းငယ် အားနာနေမိသည့်အတွက် ယန်လီပင်းက ပြုံးပြီးစနောက်လိုက်လေသည်။

“လက်မခံချင်ဘူးဆိုတာက စာအိတ်ထဲက ပမာဏက နည်းလွန်းလို့လား”

လင်းမိန်ဟွေ့တွင် အဘယ်ကြောင့် ထိုသို့သော အတွေးမျိုး ရှိပါမည်နည်း။ သူမက စာအိတ်ကို အမြန်သိမ်းဆည်းလိုက်ပြီး ယန်လီပင်းကို ကျေးဇူးတင်စကား ဆိုလိုက်၏။

ယန်လီပင်း၏ ရိုးသားဖော်ရွေသော အမူအရာကို မြင်လိုက်ရချိန်တွင် ချန်းမင်တို့တစ်ဖွဲ့လုံး ဤသူဌေး အပေါ် ယခင်က အထင်မှားခဲ့ကြခြင်း ဖြစ်လိမ့်မည်ဟု သူမ တွေးမိသွားပေသည်။

ဆောင်းရာသီ ကျောင်းပိတ်ရက်သို့ ရောက်ရှိလာပြီဖြစ်၍ ကျောင်းသားအားလုံးမှာ အိမ်ပြန်ရန် လက်မှတ်များ အသီးသီး ဝယ်ယူထားကြချေပြီ။

ပေကျင်းမှ ကျောင်းသားများပင်လျှင် မိဘများမှ ကျောင်းသို့ လာကြိုမည့်အချိန်ကို မစောင့်နိုင်လောက်အောင် ဖြစ်နေကြ၏။

လင်းမိန်ဟွေ့က နောက်တစ်နေ့အတွက် လက်မှတ်ကို ဝယ်ယူထားလိုက်သည်။ ထိုမြင်ကွင်းများကို ကြည့်ရင်း သူမက စုန့်ယီကို ပို၍ပင် လွမ်းဆွတ်မိလာလေ၏။

လင်းမိသားစုထံမှ သူမ ထွက်ခွာလာသည့်နေ့ကစ၍ စုန့်ယီသာ သူမ၏ အိမ်ဖြစ်လာခဲ့ပေသည်။

သူရှိသည့်နေရာတိုင်းမှာ သူမ သွားရမည့်နေရာပင် မဟုတ်ပါလား။

ရှောင်ချင်းမှာလည်း ပြန်တော့မည်ဖြစ်၍ လင်းမိန်ဟွေ့ စိတ်မကောင်းဖြစ်နေသည်ကို မြင်သည့်အချိန်တွင် သူမမှာလည်း စိတ်မသက်မသာ ဖြစ်သွားရ၏။ သူမက လင်းမိန်ဟွေ့၏ ပုခုံးကို ဖက်လိုက်ပြီး ပြောလိုက်သည်။

“မိန်ဟွေ့ .. မနက်ဖြန်ညဆိုရင် နင့်ရဲ့အစ်ကိုစုန့်ယီနဲ့ တွေ့ရတော့မှာပဲ ၊ ပျော်ပျော်နေစမ်းပါ... ငါ့ကိုယ်စားလည်း အစ်ကိုစုန့်ယီကို နှုတ်ဆက်ပေးဦး”

“ကျေးဇူးပါပဲ ရှောင်ချင်း ”

လင်းမိန်ဟွေ့က ရှောင်ချင်းကို ပြန်လည်ဖက်လိုက်ပြီး သူမ အဆောင်မှ ထွက်သွားသည်အထိ လိုက်လံပို့ဆောင်ပေးခဲ့ပေသည်။

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင်ပင် လင်းမိန်ဟွေ့က အလွန်ကြီးမားသော ခရီးဆောင်အိတ်ကြီးကို သယ်ဆောင်ကာ ရထားဘူတာရုံရှိ စောင့်ဆိုင်းခန်းသို့ ရောက်ရှိလာခဲ့၏။

ခရီးလမ်းမှာ ရှည်လျားလှသော်လည်း သူမ၏ စိတ်ဝိညာဉ်သည်ကား စုန့်ယီရှိရာဆီသို့ ပျံသန်းရောက်ရှိနေချေပြီ။ သူမကို စုန့်ယီထံသို့ ချက်ချင်းအရောက်မပို့နိုင်သော နှေးကွေးလှသည့် ရထားကြီးကိုသာ သူမ အပြစ်တင်နေမိတော့သည်။

မြောက်ပိုင်းဒေသ၏ ဆောင်းရာသီမှာ အလွန်ပင် အေးစက်လွန်းပြီး အရာအားလုံးမှာ နှင်းများကြောင့် ဖွေးဆွတ်နေလေ၏။

လင်းမိန်ဟွေ့က ရထားပေါ်တွင် ထိုင်နေရင်း စုန့်ယီနှင့် ဆုံတွေ့မည့် မြင်ကွင်းကို စိတ်ကူးယဉ်နေမိသည်။

သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီမြန်းနေပြီး ရင်ထဲရှိ ကြည်နူးမှုများမှာလည်း ပြည့်လျှံနေပေသည်။

စုန့်ယီ၏ စစ်စခန်းက ရှန်ရှီးအနောက်မြောက်ပိုင်းရှိ တောင်ပေါ်မြို့လေးတစ်မြို့တွင်ရှိပြီး တောင်တန်းကြီးများကြား၌ တည်ရှိနေ၏။ ဖြူဆွတ်သော နှင်းများ ဖုံးလွှမ်းနေသော ထိုတောင်တန်းကြီးများမှာ တပ်စခန်းလေးကို နွေးထွေးစွာ ပိုက်ထွေးထားသကဲ့သို့ ရှိနေပေသည်။

စုန့်ယီမှာ မနက်ခင်းကတည်းက စိတ်မအေးနိုင်ဘဲ ဖြစ်နေ၏။ စုန့်ယီ၏ ဇနီးသည် ယနေ့ ရောက်ရှိလာမည်ကို တပ်ရင်းတစ်ခုလုံးကလည်း သိရှိထားကြပေသည်။

သူတို့က စုန့်ယီအား အနှောင့်အယှက်မပေးဘဲ သီးသန့်အခန်းလေးတစ်ခန်းကို တိတ်တဆိတ် သန့်ရှင်းရေးလုပ်ပေးကာ မီးဖိုအသစ်တစ်ခုကိုပါ တပ်ဆင်ပေးထားကြ၏။

မီးဖိုထဲမှ မီးတောက်များမှာ တောက်ပစွာ လောင်ကျွမ်းနေပြီး အခန်းတွင်းမှာလည်း ချက်ချင်းပင် နွေဦးရာသီကဲ့သို့ နွေးထွေးလာခဲ့ပေသည်။

“စုန့်ယီ..မင်း ဇနီးကို သွားကြိုဖို့ အချိန်မကျသေးဘူးလား ထမင်းစားဆောင်မှာ ဟင်းတွေလည်း အကုန်အဆင်သင့်ဖြစ်နေပြီ၊ မင်းရဲ့ဇနီး ရောက်လာတဲ့အထိ ငါတို့ စောင့်နေကြတာနော်!”

စုန့်ယီနှင့် တစ်တပ်ခွဲတည်းနေ လုပ်ဖော်ကိုင်ဖက်များမှာ ယနေ့ ထမင်းစားချိန်ကို တမင်တကာ နောက်ဆုတ်ထားကြရုံမျှမက အဆောင်မီးပိတ်ချိန်ကိုပါ နောက်ဆုတ်ပေးရန် တပ်ကြပ်ကြီးကို အထူးတလည် တောင်းဆိုထားကြ၏။

ဤကဲ့သို့သော စိတ်လှုပ်ရှားစရာ မြင်ကွင်းမျိုးမှာ စစ်တပ်အတွင်း ခဲယဉ်းလွန်းပေသည်။ အကြောင်းမှာ သူတို့ကဲ့သို့ စစ်သည်သစ်များထဲတွင် အိမ်ထောင်သည်ဟူ၍ အနည်းငယ်သာရှိပြီး ဝေးလံလှသော အရပ်မှနေ၍ လာရောက်တွေ့ဆုံမည့် လှပသော ဇနီးပျိုလေးရှိသူကား တစ်ဦးမျှပင် မရှိသောကြောင့်ပင် ဖြစ်လေ၏။

*

အခန်း(146)

စုန့်ယီက လင်းမိန်ဟွေ့ကိုကြိုဆိုရန် ဘူတာသို့ သွားခဲ့၏။ သူ ထွက်ခွာသွားချိန်တွင် သူ၏ စစ်သုံးကုတ်အင်္ကျီအသစ်ကိုပါ တစ်ပါတည်း ယူဆောင်သွားသွားကြောင့် အကုန်လုံးက ဝိုင်းဝန်း၍ စနောက်ကြလေသည်။

“ဘုရားရေ၊ တစ်စုံတစ်ယောက်ကတော့ သူ့ရဲ့ချစ်သူလေး အေးမှာစိုးလို့ အင်္ကျီအသစ်ကြီးကိုပါ မနက်ဖြန်အတွက် မချန်ဘဲ ယူသွားပြီ”

စုန့်ယီကတော့ သူတို့ကို ဂရုမစိုက်ဘဲ စစ်သုံးကုတ်အင်္ကျီကို ပိုက်လျက် ဂျစ်ကားပေါ်သို့ တက်ခဲ့လေ၏။

ဂျစ်ကားက အရှိန်ဖြင့် မောင်းနှင်နေပြီး ကားဘီးများက ထူထပ်လွန်းသော နှင်းစက်များကို လွင့်စင်သွားစေကာ တိတ်ဆိတ်နေသော ညအမှောင်ထဲတွင် သက်ဝင်လှုပ်ရှားမှုတချို့ ကို ဖြည့်ဆည်းပေးနေလေသည်။

ဘူတာရုံသို့ ရောက်သည့်အချိန်တွင် စုန့်ယီက ထွက်ပေါက်တွင် ရပ်၍ စောင့်ဆိုင်းနေခဲ့၏။ လူအုပ်ကြီးက တစ်သုတ်ပြီးတစ်သုတ် ထွက်ပေါ်လာချေသည်။

မကြာခင်ပင် အဝေးတစ်နေရာမှနေ၍ အလွန်ကြီးမားသော ခရီးဆောင်အိတ်ကြီးကို သယ်ဆောင်၍ တစ်လှမ်းချင်း လျှောက်လှမ်းလာသော လင်းမိန်ဟွေ့ကို သူ မြင်လိုက်ရလေ၏။

အအေးဒဏ်ကြောင့် သူမ၏ မျက်နှာလေးက နီမြန်းနေပြီး လက်များကလည်း ထုံကျင်နေချေသည်။

သို့သော်လည်း သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာကြည်နူးမှုနှင့် စိတ်လှုပ်ရှားမှုများက အထင်းသား ပေါ်လွင်နေပေသည်။

“မိန်ဟွေ့!”

စုန့်ယီက မထိန်းချုပ်နိုင်ဘဲ လှမ်းအော်လိုက်မိခဲ့၏။ ထိုမိန်းကလေးမှာ သူ တောင့်တခဲ့ရသော သူပင် ဖြစ်ပေသည်။ ယခုတော့ သူ အမှန်တကယ်ပင် မြင်တွေ့လိုက်ရလေပြီ။

သူ၏ ရင်ခုန်သံများကလည်း တိတ်ဆိတ်လွန်းသော ညဉ့်အမှောင်ထဲတွင် ကျယ်လောင်စွာ မြည်ဟည်းနေတော့သည်။

လင်းမိန်ဟွေ့ကလည်း စုန့်ယီကို မြင်တွေ့လိုက်ရသည်နှင့် ခရီးဆောင်အိတ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပြေးလာပြီး စုန့်ယီကို ပွေ့ဖက်ထားလိုက်လေ၏။

“အစ်ကို ဒဏ်ရာရထားတာ မဟုတ်ဘူးလား ၊ ဘာလို့ ကိုယ်တိုင်လာကြိုရတာလဲ ၊ ဒီလိုမှန်းသိခဲ့ရင် ကျွန်မ ရောက်မယ့်ရက်ကို ပြောခဲ့မှာ မဟုတ်ဘူး”

လင်းမိန်ဟွေ့က စုန့်ယီအတွက် စိုးရိမ်လွန်းသောကြောင့် သူတို့နှင့်အတူ လိုက်ပါလာသော ဒရိုင်ဘာ ရှောင်စုန့်တစ်ယောက် သူတို့ကိုကြည့်ကာ တိတ်တဆိတ် ရယ်နေသည်ကိုပင် သတိမထားမိပေ။

စုန့်ယီက လက်ထဲမှ စစ်သုံးကုတ်အင်္ကျီကို လင်းမိန်ဟွေ့အား ခြုံပေးလိုက်ပြီး အပြုံးတစ်ခုနှင့်နှစ်သိမ့်လိုက်လာ၏။

“အခုက နေကောင်းသွားပါပြီ၊ စာရေးရင် လက်က နည်းနည်း အားနည်းနေသေးတာပဲ ရှိတာ၊ ဆရာဝန်ကတော့ အရိုးနဲ့ ကြွက်သားတွေကို ထိသွားတာဆိုတော့ နောက်နှစ် ဒီအချိန်လောက်မှ လုံးဝပျောက်မှာတဲ့၊ ဒါကြောင့် စိတ်မပူနဲ့တော့”

ထိုအချိန်မှသာ လင်းမိန်ဟွေ့က သူမ၏ ခရီးဆောင်အိတ်ကို ပြန်ယူရန် ပြင်လိုက်သော်လည်း ရှောင်စုန့်က အမြန်ပြေးလာပြီး ကားပေါ်သို့ တင်ပေးလိုက်ပေ၏။

ရှောင်စုန့်က လင်းမိန်ဟွေ့၏အနားသို့ လျှောက်လာပြီး အကဲခတ်ကြည့်လိုက်လေ၏။

သူက စုန့်ယီထံတွင် သူတို့၏ မရီးက ချောမောသည်လားဟု အမြဲမေးတတ်သော်လည်း စုန့်ယီကတော့ သူမက ဆံပင်ဝါနဲ့ကလေးမလေးသာ ဖြစ်ကြောင်း အမြဲဖြေလေ့ရှိခဲ့သည်။

ယခုကြည့်ရသည်မှာ ဤမိန်းကလေးက ကလေးမလေး မဟုတ်ပါချေ

အမှန်တကယ်ကို လှပသော ဇနီးပျိုလေးတစ်ဦးပင် ဖြစ်ပေသည်။

လင်းမိန်ဟွေ့က ခရီးပန်းလာသောကြောင့် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပေ၏။

သို့သော်လည်း သူမကို တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ၏ ရိုးသားပွင့်လင်းပြီး တက်ကြွသော အမူအရာက လူတိုင်းကို ဆွဲဆောင်သွားနိုင်စွမ်း ရှိပေသည်။

သူမက ဟန်ဆောင်မှု များလွန်းသော မိန်းကလေးများနှင့် မတူပေ။ သူမ၏ စကားပြောဆိုပုံနှင့် အပြုအမူများက မြောက်ပိုင်းသူလေးများ၏ ထူးခြားသော တက်ကြွမှုနှင့် လန်းဆန်းမှုတို့ ရှိနေပေသည်။

“မရီး ကားပေါ်ကို တက်လေ၊ လူတိုင်း မရီးကို ကြိုဆိုဖို့နဲ့ ထမင်းအတူစားဖို့အတွက် စောင့်နေကြတယ်”

ရှောင်စုန့်က သူမအပေါ်တွင် အလွန်ပင် ဖော်ရွေပျူငှာလေ၏။

လင်းမိန်ဟွေ့ကလည်း သူမအပေါ်တွင် ဖော်ရွေကြသော စုန့်ယီ၏လုပ်ဖော်ကိုင်ဖက်ကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မက ဘာမှလည်း အဆင်သင့်မဖြစ်သေးဘဲနဲ့၊ ဘာလို့ တခြားသူတွေကို စောင့်ခိုင်းထားတာလဲ ဒါက တကယ်ကို အားနာစရာကောင်းတယ်”

“စစ်တပ်ရဲ့ ထုံးစံတွေက အဲဒီလောက်ကြီး ဂရုစိုက်စရာ မလိုပါဘူး ၊ ရိုးရိုးရှင်းရှင်းပဲ စားကြမှာ”

စုန့်ယီက ထိုကဲ့သို့ ပေါ့ပါးစွာပင်ပြောလိုက်သော်လည်း ဤသည်မှာ လူတိုင်း၏ စေတနာဖြစ်ကြောင်းကို လင်းမိန်ဟွေ့ သိရှိလိုက်လေ၏။

သူမက ပေကျင်းမှ နာမည်ကြီး စားဖွယ်စုံများကို များစွာ သယ်ဆောင်လာခဲ့မိ၍သာ တော်တော့သည်ဟု တွေးမိလိုက်လေသည်။

သို့မဟုတ်ပါက တခြားသူများ၏ စိတ်အားထက်သန်မှုကို အားနာရုံမျှမက အလွန်ပင် မျက်နှာပူစရာ ဖြစ်နေပေလိမ့်မည်။

စစ်တပ်ရှိ ထမင်းစားဆောင်က ပုံမှန်ဆိုလျှင် မီးပိတ်ရမည့် အချိန်သို့ ရောက်နေပြီဖြစ်သော်လည်း ယခုအချိန်တွင် မီးများက လင်းထိန်နေဆဲပင်။

စုန့်ယီ၏ တပ်ခွဲမှ ရဲဘော်များက လင်းမိန်ဟွေ့ ရောက်လာမည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေခဲ့ကြသည်။

စစ်တပ်၏ အထူးဟင်းလျာများဖြစ်သည့် ဝက်သားသုံးထပ်ဟင်းနှင့် အာလူးချက်တို့ကို သူမအတွက် အထူးတလည် ပြင်ဆင်ထားကြလေ၏။

လူတိုင်းက ဗိုက်ဆာစွာဖြင့် စိတ်မရှည်စွာ စောင့်ဆိုင်းနေကြသည့် ချိန်တွင်ပင် စားသောက်ဆောင်တံခါးကြီးက ပွင့်လာခဲ့လေသည်။

လူတိုင်းက လှမ်းကြည့်လိုက်ကြသည့်အချိန်တွင် စုန့်ယီက နုနယ်လှပသော မိန်းကလေးတစ်ဦးကို ခေါ်ဆောင်၍ ဝင်လာသည်ကို မြင်လိုက်ရပေ၏။

ထိုမိန်းကလေးက အနီရောင် အနွေးထည်ကို ဝတ်ဆင်ထားသည်။ သူမ၏ မျက်ဝန်းအစုံ က ကြည်လင်တောက်ပ၍ ချစ်စဖွယ်ကောင်းပြီး အလင်းရောင်လေးများ တောက်ပနေပေသည်။

သူမက တံခါးဝသို့ ဝင်လိုက်သည်နှင့် စစ်သည်များက လက်ခုပ်တီးပြီး ကြိုဆိုကြ၍ အသံက ဟိန်းထွက်သွားသည်။

လူတိုင်း၏ မျက်နှာပေါ်ရှိ အပြုံးများကလည်း မြောက်ပိုင်းဒေသ၏ ဆောင်းဦးနေရောင်ခြည်ကဲ့သို့ပင် တောက်ပလျက် ရှိနေခဲ့သည်။

လင်းမိန်ဟွေ့က ထိုင်ရန်ပင် မပြင်ရသေးမီမှာပင် စစ်သည်များက သူမအတွက် ထိုင်ခုံကို ဝိုင်းဝန်းဆွဲပေးရန် အသင့်ဖြစ်နေကြသည်။

ထို့ကြောင့် စုန့်ယီတစ်ယောက် ဘေးသို့ရောက်သွားသကဲ့သို့ပင် ခံစားလိုက်ရချေ၏။

လူအများအပြား၏ သူမအပေါ် ထားရှိသော စေတနာကို လင်းမိန်ဟွေ့က ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းဖြစ်ပေသည်။ သူမ၏ရင်ထဲတွင် များစွာ နွေးထွေးသွားရ၏။

အပြင်ဘက်တွင် အေးခဲနေပါစေဦးတော့၊ သူမ၏ ရင်ထဲ၌ ဖြစ်ပေါ်လာသော ကြည်နူးမှုကို ဖုံးကွယ်ထား၍ မရပါချေ။

စုန့်ယီက လင်းမိန်ဟွေ့အား ခပ်တိုးတိုးပြောလိုက်၏။

“အရမ်းကြီး စိတ်ထဲမှာမထားနဲ့၊ ဘယ်ရဲဘော်ရဲ့ မိသားစုပဲလာလာ သူတို့က ဒီလိုပဲ ကြိုဆိုပွဲ လုပ်ပေးနေကျပဲ၊ အမြန်လေး စားလိုက်ဦး၊ ဒီနေ့တော့ စောစောနားပေါ့၊ မနက်ဖြန်ကျမှ ကိုယ် မင်းကို လိုက်ပြပေးမယ်”

လင်းမိန်ဟွေ့က ခေါင်းညိတ်သဘောတူပြီး ရဲဘော်အားလုံးကို ပြုံးပြလိုက်ပြီး နူးညံ့သောအသံလေး ဖြင့် ပြောလာလေ၏။

“ကျွန်မက လူတိုင်းအတွက် လက်ဆောင်တွေ ပြင်လာခဲ့တယ်၊ ထမင်းစားပြီးရင် အားလုံးကို ဝေပေးပါ့မယ်၊ ပေကျင်းက နာမည်ကြီး စားဖွယ်တွေချည်းပါပဲ”

“မရီးကတော့ တကယ့်ကို စိတ်ထားကောင်းတာပဲ၊ ဒီတောင်ကြားထဲမှာနေရတဲ့ ကျွန်တော်တို့အတွက် ကောင်းကောင်းမွန်မွန် စားဖို့က မလွယ်ဘူးဆိုတာကို မရီး သိနေတယ်၊ ကျေးဇူးတင်ပါတယ် မရီး ”

ထမင်းစားပြီးသည့်အချိန်တွင် စုန့်ယီက ခရီးဆောင်အိတ်ကိုဖွင့်၍ မဝေပေးရသေးမီမှာပင် သူ၏ရဲဘော်များက အိတ်ကို အလုအယက် ဆွဲယူသွားကြပြီး အဆောင်သို့ ပြန်၍ ဝေငှကြလေတော့သည်။

စုန့်ယီက စိတ်ထဲ၌ မကျေမနပ်ဖြစ်သွားကာ သူ့ဘာသာ ရေရွတ်လိုက်လေ၏။

“ဒီကလေးတွေကတော့.. ငါ့ရဲ့ဇနီးက ငါ့အတွက် ဝယ်လာပေးတာကို အကုန်ယူသွားကြတာပဲ၊ လွန်လွန်းတယ် တကယ်လွန်လွန်းတယ်!”

လင်းမိန်ဟွေ့က သူ၏အသံကို ကြားသည့်အချိန်တွင် ရယ်ချင်မိသွားရသည်။ သူမက သူမလွယ်ထားသော ကျောပိုးအိတ်လေးကို ပုတ်ပြ၍ ပြောလိုက်လေ၏။

“အစ်ကိုစုန့်ယီ၊ ဒီမှာ ကျန်ပါသေးတယ်၊ နှစ်သစ်ကူးအတွက် လိုအပ်တာတွေ အကုန်လုံးကို ကျွန်မ ပြင်လာခဲ့တာ၊ ကျွန်မက စစ်တပ်ထဲမှာပဲ နှစ်သစ်ကူးကို ဆင်နွှဲချင်တယ်၊ ရမလား ”

စုန့်ယီသည်ကား လင်းမိန်ဟွေ့ကို ဤနေရာတွင် ထာဝရနေစေချင်ပြီး ပြန်မလွှတ်ချင်လောက်အောင်ပင် ကြိုဆိုနေပေ၏။ သို့သော် ဤစကားကို သူမအား တည့်တည့်မပြောဝံ့ပါချေ။

သူတို့နှစ်ဦးလုံးက ကိုယ်စီတိုးတက်ရန်အတွက် နေရာလွတ်များ ရှိထားကြရမည်ဟု သူမ ပြောခဲ့ဖူးသည် မဟုတ်ပါလား။

သူတို့က သူ့ကိုယ်သူတို့ လေ့ကျင့်ပျိုးထောင်ပြီး ထူးချွန်သောသူများ ဖြစ်လာကြရပေလိမ့်မည်။

“ကိုယ် တပ်မှူးကို ပြောထားပြီးပြီ၊ သူက ကိုယ်တို့အတွက် အခန်းတစ်ခန်းကို သီးသန့်ခွင့်ပြုပေးထားတယ်၊ အခန်းကို လိုက်ပြပေးမယ်၊ မင်း သေချာပေါက် သဘောကျမှာပါ”

စုန့်ယီက စကားပြောပြီးနောက် ထမင်းစားဆောင်၏ တာဝန်ခံအား အစားအစာ တစ်ဘူးကို ချန်ထားခဲ့ရန် မှာကြားပြီး လင်းမိန်ဟွေ့ကို အခန်းသို့ ခေါ်ဆောင်လာခဲ့လေ၏။

ထိုအခန်းက စစ်သည်အဆောင်နှင့် မလှမ်းမကမ်းတွင်ရှိနေပြီး အဓိက အခန်းမကြီးတစ်ခုပင် ဖြစ်ပေသည်။

အခန်းထဲတွင် မီးဖိုတစ်ခုပါရှိပြီး နွေးထွေးသော အငွေ့အသက်များ ပြည့်နှက်နေပေ၏။

လင်းမိန်ဟွေ့ ဝင်လိုက်သည်နှင့် သူမ၏ ပင်ပန်းနွမ်းနယ်မှုများက ယူပစ်သကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ရင်ထဲ၌ ထူးခြားစွာပင် နွေးထွေးမှုကို ခံစားလိုက်ရပေ၏။

“အစ်ကိုစုန့်ယီ၊ ဒီမှာက ဒီလောက်တောင် နွေးထွေးနေလိမ့်မယ်လို့ မထင်ထားဘူး အများကြီး အေးနေမလားလို့ စိုးရိမ်နေခဲ့တာ”

All Chapters