အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အခန်း(147)
စုန့်ယီက မီးဖိုပေါ်မှ ရေနွေးအိုးကို မပြီး လင်းမိန်ဟွေ့အတွက် ရေနွေးပန်းကန်ထဲသို့ လောင်းပေးလိုက်သည်။ထို့နောက်သူ၏ အမူအကျင့်အတိုင်းပင် ဆိုလိုက်လေသည်။
“မိန်ဟွေ့ မင်း အရင်ဆုံး ရေမိုးချိုးလိုက်ပါဦး၊ ကိုယ်က သူတို့ဆီသွားပြီး အခြေအနေကို စစ်ဆေးလိုက်ဦးမယ်၊
မီးပိတ်ပြီး စောစောနားဖို့ သွားပြောရမယ်၊ မဟုတ်ရင် အဲဒီကောင်တွေက ဒီနေ့ကို အခွင့်အရေးယူပြီး စည်းကမ်းမဲ့နေကြဦးမှာ”
လင်းမိန်ဟွေ့က စုန့်ယီ၏ လေသံကို ကြားသည့်အချိန်တွင် သူက ထိုစစ်သည်များကို အုပ်ချုပ်နေရသည့်သူတစ်ဦးကဲ့သို့ပင် ခံစားရသောကြောင့် အပြုံးတစ်ခုနှင့် မေးလိုက်ပေ၏။
“အစ်ကိုစုန့်ယီ၊ အစ်ကိုက တပ်စုမှူး ဖြစ်နေပြီလား ”
“ကိုယ် ဒီကို ရောက်ပြီး တစ်လအကြာမှာပဲ တပ်ရင်းမှူးက ကိုယ့်ကို ဒီတပ်စုရဲ့ စစ်ဘက်ဆိုင်ရာကိစ္စတွေနဲ့ စည်းကမ်းတွေကို ထိန်းသိမ်းဖို့အတွက် တပ်စုမှူးအဖြစ် ရွေးချယ်လိုက်တာလေ”
စုန့်ယီက ထိုစကားကို ပြောပြီးသည့်နောက်တွင် လင်းမိန်ဟွေ့၏ မျက်ဝန်းထဲရှိ အားကျလေးစားသော အကြည့်များကို မြင်တွေ့လိုက်ရသည်။
ထို့ကြောင့် သူမ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပေသည်။
သူ၏ မျက်ဝန်းများထဲတွင် အလိုလိုက်ပြီးချစ်မြတ်နိုးမှုများက ပြည့်နှက်နေခဲ့လေ၏။
“အရူးမလေး၊ ကိုယ်က တပ်စုမှူးလေးပဲ ဖြစ်တာကို မင်းက ဘာလို့ အဲဒီလောက်တောင် ဝမ်းသာနေရတာလဲ”
လင်းမိန်ဟွေ့က စုန့်ယီကို အခန်းအပြင်သို့ တွန်းထုတ်လိုက်ကာ ပြောခဲ့သည်။
“ရဲဘော်တွေကို အမြန်သွားကြည့်လိုက်ဦး၊ ကျွန်မလည်း ရေချိုးရဦးမယ်၊ မဟုတ်ရင် အိပ်တာ နောက်ကျပြီး မနက်ဖြန် မထနိုင်ဘဲ နေလိမ့်မယ်၊ အဲဒီအချွနာကျရင် ရဲဘော်တွေက အစ်ကို့ကို ပျင်းရိတဲ့ ဇနီးကို ယူထားတယ်ဆိုပြီး လှောင်ကြဦးမယ်”
မြောက်ပိုင်းဒေသ၏ ညရက်များက အေးစက်ပြီး ရှည်လျားလွန်းပေသည်။ သို့သော်လည်း ယခုတွင်တော့ အခန်းထဲရှိ လူသားလေးကြောင့်ပင် ရုတ်တရက် နွေဦးသို့ရောက်လာသကဲ့သို့ တောက်ပ၍ ပျော်ရွှင်စရာ ကောင်းလာချေ၏။
စုန့်ယီက ရဲဘော်များ၏ အဆောင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် သူ၏ရဲဘော်များက သူ့ကို အခန်းအပြင်သို့ ပြန်တွန်းထုတ်လိုက်ကြလေသည်။
“တပ်စုမှူး၊ နွေဦးညတစ်ညရဲ့ တန်ဖိုးက ရွှေတစ်ထောင်တန်တယ်လေ၊ မရီးနဲ့ အချိန်မဖြုန်းဘဲ ကျွန်တော်တို့ အခန်းထဲက နံစော်နေတဲ့ခြေအိတ်နံ့တွေကို ဘာလို့လာပြီး အနံ့ခံနေရတာလဲ”
စုန့်ယီက ဒေါသထွက်သွားသကဲ့သို့ ဟန်ဆောင်ကာ ထိုရဲဘော်၏ ခေါင်းကို လက်ဝါးဖြင့် ခပ်ဖွဖွရိုက်လိုက်ပြီး ပြောလိုက်သည်။
“မင်းတို့က ကောင်းတဲ့အရာတွေကို အကုန်ယူသွားပြီးတော့ ငါ့ကိုတောင် လာနောက်နေသေးတယ်ပေါ့၊ မနက်ဖြန်ကျရင် အလေးအပင်တွေသယ်ပြီး မိုင် (၄၀)လောက် ပြေးခိုင်းရမလား ”
“တပ်စုမှူး၊ အဲဒီအရသာရှိတာတွေကို မရီးကိုယ်တိုင်က ကျွန်တော်တို့အတွက် ပေးခဲ့တာလေ၊
မရီးရှိတာက တကယ်ကိုကောင်းတာပဲ၊ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော စားစရာလေးကို ပြန်ယူချင်နေတာလား၊ တပ်စုမှူးက ဒီလောက်တောင် ရက်စက်ရသလား ”
“ဟုတ်ပါရဲ့၊ ရှည်လျားတဲ့ ညဉ့်နက်မှာ တစ်ယောက်တည်း အိပ်ရတာက ခက်ခဲလွန်းပါတယ်၊ တပ်စုမှူးအနေနဲ့က ကျွန်တော်တို့ကို အနည်းဆုံးတော့ နားလည်ပေးသင့်တာပေါ့၊
တပ်စုမှူး ပျော်နေတာကို မြင်ပြီး ကျွန်တော်တို့က ဒီမှောင်မိုက်တဲ့ညထဲမှာ စိတ်ဆင်းရဲနေရတာမျိုးကို မဖြစ်စေပါနဲ့ဦး”
ရဲဘော်တချို့က စကားပြောပြီးနောက် ပုံမှန်အားဖြင့် စနောက်တတ်သော ရဲဘော်တစ်ဦးက သူ၏ လည်ချောင်းကို ညှစ်၍ လင်းမိန်ဟွေ့၏ အသံကို အတုခိုးပြီးပြောလာခဲ့သည်။
“အစ်ကိုစုန့်ယီ၊ မြန်မြန်ပြန်လာပါတော့၊ ကျွန်မက အစ်ကို့ကို လွမ်းနေပြီ၊ ရဲဘော်တွေကို ပြောစရာရှိရင်လည်း ကျွန်မနဲ့ပဲ တိတ်တိတ်လေး လာပြောပါတော့”
စုန့်ယီက စောင်အောက်တွင် ပုန်းနေသော ထိုရဲဘော်ကို ရှာတွေ့သွားပြီး အင်္ကျီကော်လံမှဆွဲမကာ အပြင်သို့ ဆွဲထုတ်လိုက်သည်။ ပြီးနောက် သူ၏ဖင်ကို ခြေထောက်ဖြင့်တစ်ချက်ကန်လိုက်ပေ၏။
ထိုရဲဘော်က အင်္ကျီမပါဘဲ အဆောင်၏အပြင်ဘက်သို့ ကန်ထုတ်ခြင်းကို ခံလိုက်ရချေသည်။
အကုန်လုံးက ဝါးလုံးကွဲမတတ် ရယ်မောကြလေတော့၏။ စုန့်ယီက ထိုသို့ နောက်ပြောင်သောကောင်လေးကို လက်ညှိုးထိုး၍ပြောလိုက်လေသည်။
“ငါ့ကို ဒီလိုပြောတာ တော်တော့၊ တကယ်လို့ မိန်ဟွေ့သာ ကြားသွားခဲ့ရင် မင်းကို လွယ်လွယ်နဲ့ လွှတ်မှာ မဟုတ်ဘူး၊ အဲဒီအချိန်ကျရင် မင်းကို နှစ်လလောက် သန့်စင်ခန်းကိုဆေးခိုင်းပစ်မယ်၊ ကြားလား ”
ထိုရဲဘော်က ဆက်မနောက်ရဲတော့ဘဲ စုန့်ယီကိုသာ တိုက်တွန်းနေတော့၏။
“နောက်ကျနေပြီ၊ တပ်စုမှူး အခန်းကို ပြန်ပြီး နားလိုက်ပါတော့၊ တစ်ဖက်က အဝေးကြီးကန လာရတာက မလွယ်ဘူးလေ သူနဲ့ပဲ များများ စကားပြောပေးပါဦး”
ဤစကားများ၏နောက်ကွယ်၌ တခြားသော အဓိပ္ပာယ်တစ်ခု ရှိနေသည်ကို အကုန်လုံးက သိကြပေသည်။
တောင်ပေါ်တွင် စစ်မှုထမ်းနေရသည့် သူတို့ကဲ့သို့သော လူများအတွက် လက်တွဲဖော်ရှာရန်က မလွယ်ကူပေ။
သူ့တို့ဘက်မှ အစွမ်းကုန် ကြိုးစားပြပါစေဦးတော့၊ နောက်ဆုံးတွင် မိန်းကလေးများဘက်မှ ဝေးကွာနေရသည့် ဒဏ်ကို မခံနိုင်၍ လမ်းခွဲသွားကြသည်က များပေသည်။
တပ်စုမှူးနှင့် လင်းမိန်ဟွေ့တို့က တစ်ယောက်ကိုတစ်ယောက် အမှန်တကယ်ပင် ချစ်မြတ်နိုးကြသည်ကို သူတို့ မြင်တွေ့နေကြရ၏။အကယ်၍ နောင်တစ်ချိန်တွင် သူတို့နှစ်ဦး အတူမရှိနိုင်တော့ပါက အလွန်ပင် နှမြောစရာကောင်းပေလိမ့်မည်။
သူတို့က နောက်ပြောင်နေကြသော်လည်း နောက်ဆုံးတွင် တပ်စုမှူးနှင့် လင်းမိန်ဟွေ့တို့က အမှန်တကယ် လက်ထပ်နိုင်ကြစေရန်သာ ဆုတောင်းပေးနေကြခြင်း ဖြစ်ပေသည်။
စုန့်ယီကလည်း သူတို့က သူ၏အကျိုးအတွက် ပြောနေခြင်းဖြစ်ကြောင်းကို သိသောကြောင့် စောစောနားကြရန်နှင့် မနက်ဖြန်တွင် လေ့ကျင့်ခန်းဆင်းရဦးမည်ဖြစ်ကြောင်း ပြောလိုက်ပေ၏။
အကယ်၍ နောက်ကျနေပါက တပ်ကြပ်ကြီးက စိတ်ဆိုးနေလိမ့်မည် မဟုတ်ပါလား။
အဆောင်ထဲရှိ ရဲဘော်များကလည်း အမိန့်ကို နာခံလျက် အိပ်ရာထဲသို့ ဝင်ကာ မီးပိတ်၍ ပါးစပ်ပါပိတ်လိုက်ကြတော့သည်။
စုန့်ယီက သူတို့အကုန်လုံး နားနေကြပြီဖြစ်ကြောင်း သေချာမှသာ အဆောင်ထဲမှ ထွက်လာခဲ့လေ၏။
အခန်းတံခါးဝသို့ ရောက်သည့်အချိန်တွင် စုန့်ယီက တံခါးကို ခေါက်ပြီးပြောလာခဲ့သည်။
“မိန်ဟွေ့၊ ခေါင်းလျှော်လို့ ပြီးပြီလား ကိုယ် ဝင်လာတော့မယ်နော်”
“ရေချိုးပြီးပြီ အစ်ကိုစုန့်ယီ၊ အမြန်ဝင်လာခဲ့တော့၊ အပြင်မှာက အရမ်းအေးနေတာ၊ ကျွန်မ တံခါးကိုထမဖွင့်ပေးတော့ဘူး”
စုန့်ယီက တံခါးကိုတွန်းဖွင့်ကာ အထဲသို့ဝင်လာခဲ့သည်။ ထို့နောက်တွင် ပန်းရောင်ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ထားသော လင်းမိန်ဟွေ့ကို တွေ့လိုက်ရပေ၏။
သူမ၏ ယခုလေးတင် လျှော်ထားသော အနက်ရောင်ဆံပင်များက ရေများဖြင့် စိုစွတ်နေလေသည်။
သူမ၏တစ်ကိုယ်လုံးတွင်လည်း ရေငွေ့လေးများက ဖုံးလွှမ်းနေပြီး ပုံမှန်ထက်ပင် ပို၍ ဆွဲဆောင်မှုရှိနေခဲ့သည်။
စုန့်ယီက ကုတင်ပေါ်မှ အိပ်ရာခင်းတစ်ခုကို ယူ၍ အနားတွင်ရှိနေသော ဆိုဖာပေါ်သို့ တင်လိုက်ရင်း သူမကိုရှင်းပြလိုက်လေ၏။
“ညကျရင် မင်းတစ်ယောက်တည်း လန့်နေမှာစိုးလို့ ကိုယ် ဒီမှာပဲ အတူအိပ်ပေးမယ်၊ ဘာမှ စိုးရိမ်မနေနဲ့၊
စိတ်ချလက်ချနဲ့ အိပ်လိုက်တော့”
စုန့်ယီက သူမ၏ စိတ်ကို နားလည်ပေးသည်ကို မြင်ရသည့်အချိန်တွင် လင်းမိန်ဟွေ့၏ ရင်ထဲ၌ ကြည်နူးမှုလေးများ စီးဆင်းသွားရ၏။
စုန့်ယီက ဆိုဖာပေါ်တွင် လဲလျောင်းနေသော်လည်း သူမကိုသာ စိုက်ကြည့်နေခဲ့သည်။
ဤသည်ကို မြင်လိုက်သည့်အချိန်တွင် လင်းမိန်ဟွေ့က ရှက်ရွံ့သွားပြီး မျက်နှာက နီရဲသွားရကာ ပြောလိုက်ပေသည်။
“အစ်ကိုစုန့်ယီ တကယ်တော့ အရင်ကလည်း ကျွန်မတို့တွေ ခုတင်တစ်လုံးတည်းမှာပဲ အတူအိပ်ခဲ့ကြတာပဲလေ၊ အခုက ဒီလိုအေးနေတာကို ဘာလို့ ဒီလောက်တောင် အားနာနေရတာလဲ”
ကိုယ် မင်းဘေးမှာ ရှိနေရင် ဟိုလှည့်ဒီလှည့်နဲ့ အိပ်မပျော်ဘဲ ရှိနေမှာကို မင်းက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။
စုန့်ယီကတော့ စိတ်ထဲမှ တွေးလိုက်ရင်း ပြုံးပြကာ ပြောလိုက်လေသည်။
“ကိုယ်က ညဘက်ကျရင် မီးဖိုကိုလည်း ကြည့်ပေးရဦးမှာလေ ၊ ခဏခဏ ထနေရင် မင်းရဲ့ အနားယူမှုကို ထိခိုက်လိမ့်မယ်၊ ကိုယ် ဒီမှာပဲ အိပ်လိုက်ပါ့မယ်၊ ကိုယ်အတွက် စိတ်မပူနဲ့၊ နားတော့လေ”
လင်းမိန်ဟွေ့တွင် ပြောစရာ စကားများစွာ ရှိနေသော်လည်း မနက်ဖြန်မနက်၌ စုန့်ယီတစ်ယောက် လေ့ကျင့်ရေးဆင်းရဦးမည်ကို ထည့်တွေး၍ သူ့ကို တိတ်တဆိတ်သာ ကြည့်နေမိခဲ့သည်။
ခဏမျှအကြာတွင် မီးပိတ်လိုက်ပြီး သူမလည်း အိပ်ပျော်သွားခဲ့ပေသည်။
မနက်စောစောအချိန်တွင် လင်းမိန်ဟွေ့တစ်ယောက် နိုးလာပြီးနောက် မျက်လုံးများကိုဖွင့်ပြီး နာရီကို ကြည့်လိုက်လျှင် ကိုးနာရီပင် ကျော်နေခဲ့ပေပြီ။
ဆိုရလျှင် မနက်ခြောက်နာရီခွဲခန့်ကတည်းက စုန့်ယီ ထသွားသည့် အသံကို သူမ ကြားလိုက်ရသည်။
သို့သော်လည်း အိပ်ချင်စိတ်က များနေသောကြောင့် ကိုးနာရီအထိ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ပေသည်။
လင်းမိန်ဟွေ့တစ်ယောက် အလျင်အမြန်ပင် ထလိုက်ပြီး စုန့်ယီတို့ မည်သည့်အရာကို လုပ်နေကြောင်းကို ကြည့်ရန်အတွက် အပြင်သို့ ထွက်ရန် ပြင်ဆင်လိုက်လေသည်။
သူမက လှည့်ကြည့်လိုက်သည့်အချိန်တွင် မီးဖိုပေါ်တွင် နွေးနေသေးသော ထမင်းချိုင့်တစ်ခုကို တွေ့လိုက်ရ၏။
ထိုထမင်းချိုင့်ပေါ်တွင် စာလေးတစ်စောင် ကပ်ထားပြီး စာအနည်းငယ်ရေးထားသည်။
“ထမင်းချိုင့်ထဲမှာ ဖက်ထုပ်တွေရှိတယ်၊ နိုးလာရင် စားလိုက်ဦး ကိုယ် မနက်ခင်း လေ့ကျင့်ရေးတွေ ပြီးတာနဲ့ မင်းကို လိုက်ပြပေးမယ်၊ ဒီက နှင်းအလှက တကယ်လှတာ”
လင်းမိန်ဟွေ့ ထမင်းချိုင့်ကို ဖွင့်ကြည့်လိုက်လျှင် အထဲဘက်၌ ဖက်ထုပ်အမျိုးမျိုး ရှိနေသည်ကို တွေ့လိုက်ရ၏။
ဤသည်က သူ၏ ရဲဘော်များ တစ်ဦးချင်းစီက ဝိုင်းဝန်း၍လုပ်ဆောင်ပေးထားကြသည့် စေတနာရလဒ်များဖြစ်ကြောင်း ထင်ရှားပေသည်။
လင်းမိန်ဟွေ့က ထိုမြင်ကွင်းလေးကို မြင်တွေ့ရသည့်အတွက် အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။
သူမ ဤအခိုက်အတန့်လေးကို ထာဝရ သိမ်းဆည်းထားချင်စိတ်ပင် ဖြစ်သွားရလေ၏။
*
အခန်းအခန်း(148)
မနက်စာ စားပြီးသည့်နောက်တွင် လင်းမိန်ဟွေ့က စုန့်ယီတို့ လေ့ကျင့်ရေးဆင်းနေသည်ကို သွားရောက် ကြည့်ရှုခဲ့လေသည်။
သူမ လေ့ကျင့်ရေးကွင်းသို့ ရောက်သည့်အချိန်တွင် စုန့်ယီက သူ၏ တပ်စုမှ ရဲဘော်များကို အတားအဆီး ကျော်ဖြတ်ခြင်း လေ့ကျင့်ခန်းများ ပြုလုပ်ပေးနေသည်ကို တွေ့ရပေ၏။
အလွန်အေးစက်လွန်းသော ရာသီဥတုတွင် သူတို့က အင်္ကျီပါးပါးလေးများကိုသာ ဝတ်ဆင်ထားကြပေသည်။ သူတို့၏ခန္ဓာကိုယ်များတွင်လည်း ချွေးငွေ့များ ထွက်နေကြလေ၏။
အတားအဆီးများကို ကျော်ဖြတ်နေပုံက ခြင်္သေ့တစ်ကောင်၊ ကျားတစ်ကောင်ကဲ့သို့ တက်ကြွလွန်းနေကြသည်။
သူတို့၏ ခန္ဓာကိုယ်ထဲတွင်လည်း ကုန်ဆုံးနိုင်ခြင်းမရှိသော အားအင်များ ရှိနေသကဲ့သို့ပင်။
ဤတောင်တန်းများ၏ ကြားတွင် စိတ်အားထက်သန်သော ယောကျ်ားကောင်းတစ်ဦး၏ အင်အားနှင့် ဇွဲလုံ့လကို လင်းမိန်ဟွေ့ ခံစားမိလိုက်ပေ၏။
တစ်ချိန်တည်းမှာပင် စုန့်ယီက တပ်စုမှူးတစ်ဦးအနေဖြင့် သူ၏ရဲဘော်များကို လေ့ကျင့်ပေးရာတွင် အလွန်ပင် တင်းကျပ်ပြတ်သားနေသည်ကိုလည်း မြင်တွေ့ရလေသည်။
အချိန်အနည်းငယ်သာ ရှိသေးသော်လည်း စုန့်ယီက ယခင်နှင့် မတူဘဲ များစွာ ပြောင်းလဲသွားခဲ့ချေပြီ။
ယခင်တုန်းက သူက အနည်းငယ်လောက် နှိမ့်ချတတ်ပြီး စကားနည်းသော လူတစ်ဦးသာ ဖြစ်ခဲ့၏။
ယခုအချိန်တွင်တော့ သူက သံမဏိကဲ့သို့ မာကျောကာ၊ တင်းကျပ်သော်လည်း ညင်သာသူ၊ ဟာသဉာဏ်ရှိသော်လည်း လေးနက်သူတစ်ဦး ဖြစ်နေချေပြီ။
လင်းမိန်ဟွေ့က ဘေးမှနေ၍ တိတ်တဆိတ် ကြည့်နေမိပြီး သူမ မသိလိုက်ပါဘဲ ထိုမြင်ကွင်းကိုငေးမောနေခဲ့သည်။
ထိုအချိန်တွင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက လျှောက်လာပြီး လေ့ကျင့်ရေးကွင်းဆီသို့ လှမ်းအော်လိုက်ပေ၏။
“စုန့်ယီ၊ ငါ မင်းကို မင်းရဲ့ဇနီးနဲ့ အချိန်ဖြုန်းဖို့အတွက် သုံးရက်တောင် ခွင့်ပေးထားတယ် မဟုတ်ဘူးလား၊ မင်း ဘာလို့ ဒီမှာလာပြီး လေ့ကျင့်ခန်း ပြန်လုပ်နေရတာလဲ”
စုန့်ယီက ထိုစကားကို ကြားသည့်အချိန်တွင် လှည့်ကြည့်လိုက်မိသည်။ ထို့နောက် လေ့ကျင့်ရေးကွင်း၏ ဘေးတွင် တောက်ပသော အနီရောင် အနွေးထည်ကို ဝတ်ဆင်ကာ လူတိုင်း၏ အာရုံကို ဆွဲဆောင်နေသည့် လင်းမိန်ဟွေ့ကို တွေ့လိုက်ရပေသည်။
တပ်ကြပ်ကြီးက သူ့ကို အပြစ်တင်နေသည်မှာလည်း မဆန်းပါချေ။
ဤကဲ့သို့သော လေ့ကျင့်ရေးနည်းလမ်းဖြင့်ဆိုလျှင် ခဏအကြာတွင် လူတိုင်းက အတားအဆီးများပေါ်မှ ပြုတ်ကျသွားကြပေလိမ့်မည်။
စုန့်ယီက လူစုခွဲလိုက်သောကြောင့် ရဲဘော်များက မြေပြင်ပေါ်မှ အဝတ်များကို ကောက်ယူ၍ ကြွေးကြော်သံများ အော်ဟစ်လျက် သူတို့၏အဆောင်သို့ ပြန်သွားကြလေသည်။
စုန့်ယီက နူးညံ့သော အပြုံးတစ်ခုဖြင့် လင်းမိန်ဟွေ့၏အနားသို့ လျှောက်လာပြီး မေးမြန်းလိုက်၏။
“မနက်စာရော စားခဲ့ရဲ့လား ”
လင်းမိန်ဟွေ့သည်ကား သူမကြောင့် စုန့်ယီက အဆူခံလိုက်ရသည့်အတွက် အနည်းငယ် အားနာနေမိသည်။
သူမက စုန့်ယီအား တောင်းပန်ရန် ပြင်လိုက်ချိန်တွင်ပင် ယူနီဖောင်းဝတ် အမျိုးသားက သူမတို့ဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရ၏။
စုန့်ယီက ထိုသူအား ချက်ချင်းပင် အလေးပြုလိုက်လေ၏။ သူ၏ လှုပ်ရှားမှုများက အလွန်ပင် လေးနက်နေခဲ့သည်။
“မင်္ဂလာပါ တပ်ကြပ်ကြီး!”
တပ်ကြပ်ကြီးက အလေးပြုရန် မလိုကြောင်း လက်ကာပြလိုက်ပြီး လင်းမိန်ဟွေ့ဘက်သို့ လှည့်၍ပြောလိုက်ပေ၏။
“မိန်းကလေး၊ မင်းကတော့ လူကဲခတ်တော်တဲ့ မျက်လုံးတစ်စုံ ရှိတာပဲ၊ ဒီစုန့်ယီက သာမန်လူ မဟုတ်ဘူး စစ်ထဲဝင်ခါစပဲ ရှိသေးပေမဲ့ ဒုတိယအဆင့် ထူးချွန်ဆုကိုတောင် ရထားပြီ”
လင်းမိန်ဟွေ့က ထိုအကြောင်းကို စုန့်ယီ ပြောပြလာသည်ကို တစ်ခါမျှ မကြားဖူးခဲ့ပါချေ။ သူမက သံသယများဖြင့် စုန့်ယီအား စူးစမ်းစွာ ကြည့်လိုက်မိပြီး မေးလိုက်သည်။
“အစ်ကိုက ဘယ်တုန်းက အဲဒီလောက် ထူးထူးချွန်ချွန် လုပ်ခဲ့တာလဲ၊ ကျွန်မက ဘာလို့ မသိခဲ့ရတာလဲ”
တပ်ကြပ်ကြီးက စုန့်ယီအား ကူညီ၍ပြောပြရန် အလွန်ပင် စိတ်အားထက်သန်နေဟန်ရှိပေ၏။
“လွန်ခဲ့တဲ့ နှစ်လကလေ.. သူ ဒဏ်ရာရတဲ့ အချိန်တုန်းကပေါ့၊ စစ်တပ်က လေ့ကျင့်ရေးဆင်းနေတုန်းမှာ မြေပြိုမှုနဲ့ တိုးတာ၊
စုန့်ယီက ရွာသားတွေကို အပျက်အစီးတွေကြားထဲကနေ တစ်ယောက်တည်း အစွမ်းကုန် ကယ်ထုတ်ခဲ့တာလေ၊
သူတို့ကို သယ်ထုတ်ပြီးတဲ့နောက် ဒီသတင်းက အတော်လေးကို ဟိုးလေးတကျော် ဖြစ်သွားတာ၊
အခုဆို တပ်မတော်တစ်ခုလုံးက စုန့်ယီရဲ့အကြောင်းကို သိနေကြပြီ၊ မယုံရင် တခြားရဲဘော်တွေကို မေးကြည့်လိုက်ဦး”
လင်းမိန်ဟွေ့အနေဖြင့် တပ်ကြပ်ကြီး၏စကားကို မယုံကြည်စရာ အကြောင်းမရှိပါချေ။
သို့သော်လည်း ရွာသားများကို ကယ်တင်ရန်အတွက် သူ့၏ အသက်ဘေးကိုပင် ဂရုမစိုက်ခဲ့သော စုန့်ယီကို တွေးမိကာ သူမက ရင်ထဲ၌ စိတ်ပူပန်သွားရ၏။
စစ်သားတစ်ဦး၏ တာဝန်က မိသားစုနှင့် နိုင်ငံတော်ကို ကာကွယ်ရန်ဖြစ်ပြီး ပေးဆပ်ရန် လိုအပ်လာပါက အသက်ကိုပင် စတေးရမည်ဆိုသည်ကို သူမ နားလည်ထားပေသည်။
သို့သော်လည်း စုန့်ယီကို မည်သည့် ဘေးအန္တရာယ်မျိုးမှ မကြုံတွေ့စေဘဲ ဘေးကင်းလုံခြုံစွာသာ ရှိနေစေချင်မိပေ၏။
တပ်ကြပ်ကြီး၏ အရှေ့တွင် သူမ မပြောရဲသည့် စကားများ ရှိနေပေ၏။
သူမအနေဖြင့် သူ့ကို ထူးချွန်ဆုများ ရစေချင်သည်ထက် သာမန်စစ်သားတစ်ဦးအဖြစ်နှင့်သာ ဘေးကင်းစွာသာ ရှိနေစေချင်ခဲ့သည်။
စုန့်ယီက လင်းမိန်ဟွေ့ ငေးငိုင်သွားသည်ကို မြင်လျှင် တပ်ကြပ်ကြီးဘက်သို့ အမြန်လှည့်၍ပြောလိုက်လေသည်။
“တပ်ကြပ်ကြီး၊ သူမက ကလေးမလေးပဲ ရှိသေးတော့ စစ်တပ်က ကိစ္စတွေကို သိပ်နားမလည်သေးလို့ပါ”
တပ်ကြပ်ကြီးက ခေတ္တမျှ ကြောင်အသွားပြီးမှ လင်းမိန်ဟွေ့ကို ပြုံးပြ၍ပြောလိုက်လေ၏။
“ကောင်းပြီ၊ ငါ မင်းတို့ကို အနှောင့်အယှက် မပေးတော့ဘူး၊ ဒီရက်ပိုင်းအတွင်း စုန့်ယီကို လိုက်ပြခိုင်းလိုက်မယ်၊
ဒီမှာက အေးခဲနေပေမဲ့ လူတွေကတော့ တကယ်ကို ဖော်ရွေကြပါတယ်၊ သူက မင်းကို ဒေသခံတွေ မွေးထားတဲ့ နွားတွေ၊ သိုးတွေဆီကိုပါ လိုက်ပြပေးလိမ့်မယ်”
လင်းမိန်ဟွေ့ကလည်း တပ်ကြပ်ကြီးအား ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
“အခုလို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တပ်ကြပ်ကြီး၊ စုန့်ယီရဲ့ လေ့ကျင့်ခန်းတွေကို မနှောင့်နှေးစေဖို့ မျှော်လင့်ပါတယ်”
တပ်ကြပ်ကြီးက ထွက်ခွာသွားပြီးနောက် လင်းမိန်ဟွေ့က ဒုတိယအဆင့် ထူးချွန်ဆုအကြောင်းကို စုန့်ယီအား မေးမြန်းလေသည်။
စုန့်ယီကား ထိုကိစ္စကို အရေးတကြီး စိတ်ထဲထားပုံမရဘဲ တည်ငြိမ်စွာပင်ပြောလိုက်ခဲ့ပေ၏။
“အဲဒီတုန်းက မြေပြိုတာက အရမ်းမြန်လွန်းတော့ ကိုယ် ဘာမှ စဉ်းစားဖို့ အချိန်မရလိုက်ဘူး၊ မင်းသာဆိုရင်လည်း အဲဒီလူတွေကို ကျိန်းသေပေါက် ကယ်မှာပါပဲ”
“စစ်တပ်ထဲမှာက ဒီလိုပါပဲ၊ လူထုကို အလုပ်အကျွေးပြုတဲ့ စစ်သားကောင်းတွေ ဖြစ်လာအောင် အားပေးတဲ့အနေနဲ့ စစ်သားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေက ဘာလဲဆိုတာကို လူတိုင်း သိနေစေချင်ကြတာလေ”
စုန့်ယီက ထပ်ပေါင်းပြောလိုက်လေ၏။
လင်းမိန်ဟွေ့က ထိုစကားများကို မကြားချင်ပါချေ။
ထိုအချိန်က အခြေအနေမှာ မည်မျှအထိ အန္တရာယ်ရှိခဲ့သည်၊ စုန့်ယီ၏ ဒဏ်ရာက မည်မျှအထိ ပြင်းထန်ခဲ့သည်၊ ထို့အပြင် မည်သည့်အတွက်ကြောင့် သူမကို ထိုအကြောင်းအား ဖုံးကွယ်ထားခဲ့သည်တို့ကိုသာ သိချင်နေမိပေသည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ အချင်းချင်း ဘာမှ ဖုံးကွယ်မထားကြစေနဲ့လို့ အရင်က ပြောခဲ့ကြတယ် မဟုတ်ဘူးလား၊ အစ်ကိုက ဒဏ်ရာရလို့ စာမရေးနိုင်ရင်တောင် အစ်ကို့ရဲဘော်တွေကို အကူအညီတောင်းပြီး ကျွန်မကို အကြောင်းကြားခိုင်းသင့်တာပေါ့”
လွန်ခဲ့သော လအနည်းငယ်အတွင်း သူမ မည်သို့ ရှင်သန်ခဲ့ရသည်ကို လင်းမိန်ဟွေ့ကိုယ်တိုင်ပင် မသိပါချေ။
သူမက နေ့စဉ်နှင့်အမျှ စုန့်ယီ၏ စာကိုသာ မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ရသည် မဟုတ်ပါလား။
သူတို့နှစ်ဦးက တစ်လမ်းလုံး ဖြူဖွေးနေသော တောင်တန်းဒေသတစ်ခုသို့ လမ်းလျှောက်လာခဲ့ကြ၏။
တောင်ပေါ်ရှိ ဘုစပတ်တောအုပ်ကြီးက နှင်းရောင်ဝတ်ရုံကို ခြုံလွှမ်းထားသကဲ့သို့ ငွေရောင်အတိရှိနေကာ အလွန်ပင် လှပလွန်းပေသည်။
စုန့်ယီက လင်းမိန်ဟွေ့၏ လက်ကို ဆုပ်ကိုင်ထားပြီး သူတို့ ချန်ထားခဲ့သော ခြေရာလေးများကို ကြည့်ပြီး စိတ်ကြည်နူးနေခဲ့လေ၏။
“မိန်ဟွေ့.. မင်းက ကီလိုမီတာ ထောင်ချီဝေးတဲ့ ပေကျင်းမှာ ရှိနေတာလေ၊ ကိုယ်သာ မင်းကို ပြောပြလိုက်ရင်လည်း မင်း စိတ်ပူနေရတာပဲ အဖတ်တင်မှာ၊ ဘာမှလည်း ထူးလာမှာ မဟုတ်ဘူး”
အဆုံးတွင်တော့ စုန့်ယီက လင်းမိန်ဟွေ့၏ ပညာသင်ကြားရေးကို ထိခိုက်မည်စိုးသောကြောင့် ဖုံးကွယ်ခဲ့ခြင်းပင်ဖြစ်လေသည်။
ဤသည်ကပင် လင်းမိန်ဟွေ့ကို အားနာစိတ်များ ဖြစ်ပေါ်စေခဲ့သည်။
အစကတည်းက သူမအနေဖြင့် သူ့ကိုယ်သူ လေ့ကျင့်ပြီး တိုးတက်အောင် လုပ်မည့်အကြောင်းကို စုန့်ယီအား မပြောခဲ့သင့်ပါချေ။
စုန့်ယီက မာန်မာနကြီးသူတစ်ဦးဖြစ်သည်။ ယခုကြည့်ရသည်က သူတို့နှစ်ဦးလုံးတွင် တစ်ဦးအပေါ်တစ်ဦးက အပြန်အလှန် စိုးရိမ်ပူပန်မှုများ ရှိနေကြချေပြီ။
“မိန်ဟွေ့အဲဒီကိစ္စတွေကို မတွေးပါနဲ့တော့၊ ကိုယ်က မင်းကို တောင်ပေါ်ကို လိုက်ပြမယ်၊
ဘုစပတ်တောအုပ်ထဲ ကျေးငှက်တွေရဲ့အသံကို နားထောင်ကြည့်လိုက်လေ.. ဆောင်းရာသီမှာတစ်ယောက်ယောက်က သီချင်းဆိုနေသလိုပဲ၊
တိတ်ဆိတ်တဲ့ ညဉ့်နက်ပိုင်းတွေမှာ ကိုယ်တို့က ဒီအသံတွေကို နားထောင်ပြီးတော့ အနားယူခဲ့ကြတာ”
လင်းမိန်ဟွေ့က ခေါင်းညိတ်ကာ စုန့်ယီအနောက်ဘက်မှ တောင်ပေါ်သို့ လိုက်ပါလာခဲ့၏။
သူမက ပုံမှန်အားဖြင့် လေ့ကျင့်ခန်း မလုပ်ဖြစ်သောကြောင့် တောင်တက်ရချိန်တွင် အနည်းငယ် ပင်ပန်းနေခဲ့သည်။
ကံကောင်းစွာဖြင့် စုန့်ယီက လမ်းတစ်လျှောက်လုံးတွင် သူမ၏ လက်ကို ဆွဲထားပေးသောကြောင့် နောက်ကျမကျန်ခဲ့ပေ။
တောင်ပေါ်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်သောအချိန်တွင် တောင်ကြားထဲ၌ရှိနေသော ကျေးရွာလေးများနှင့် စစ်တပ်စခန်းကို အထင်းသား မြင်တွေ့လိုက်ရလေ၏။
ဤနေရာတွင် ရှုပ်ထွေးသော လူမှုဆက်ဆံရေးများ မရှိသောကြောင့် လင်းမိန်ဟွေ့က ဤနေရာလေးကို တဖြည်းဖြည်း သဘောကျလာမိသည်။
“အစ်ကိုစုန့်ယီ၊ နောက်ပိုင်းကျရင် ဘာလုပ်မယ်လို့ စဉ်းစားထားလဲ”