အခန်း (၃၈၉-၃၉၀)
Vol. 39 Ch. 389-390
အခန်း ၃၈၉ - များပြားလှသော ရလဒ်များ
တိတ်ဆိတ်ငြိမ်သက်နေသော ချိုင့်ဝှမ်းတစ်ခုအတွင်း ဝိညာဉ်အစီအရင်တစ်ခု အလုပ်လုပ်နေပြီး ချိုင့်ဝှမ်းတစ်ခုလုံးကို အကာအကွယ်တစ်ခုဖြင့် လွှမ်းခြုံထားသည်။
အပြင်ဘက်ကကြည့်လျှင် ထိုချိုင့်ဝှမ်းမှာ သာမန်အတိုင်းပင် ဖြစ်သည်။
တောရိုင်းတိရစ္ဆာန်များ မတော်တဆ လမ်းမှားဝင်လာလျှင်ပင် စွမ်းအားတစ်ခုက ၎င်းတို့ကို အခြားတစ်ဖက်သို့ လမ်းကြောင်းလွဲပေးလိုက်ပေလိမ့်မည်။
သို့သော် ထိုအစီအရင်၏ မျက်လှည့်ပြကွက်များမှာ ဖန့်ချန်၏ ဝိညာဉ်အာရုံ ရှေ့တွင်တော့ အရာမထင်ပေ။
ခြင်္သေ့ခေါင်းနှင့် လူကိုယ်ခန္ဓာရှိသော ပုံရိပ်တစ်ခုသည် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ ရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေသည်။
ထိုအပင်၏ ကိုင်းတစ်ခုတွင် ရွှေရောင်တောက်ပနေသော အသီးတစ်လုံး တွဲလောင်းကျနေသည်၊ ၎င်းမှာ ဝိဇ္ဇာဗောဓိသီး ပင် ဖြစ်သည်။
"အချိန်တွက်ကြည့်ရင် အမြန်ဆုံး ၃ ရက် အနှေးဆုံး ၁၅ ရက်အတွင်း မှည့်တော့မှာပဲ"
မန်နေဂျာက တိုးတိုးလေး ရေရွတ်လိုက်သည်။ ဝိဇ္ဇာဗောဓိသီးကို ကြည့်နေသော သူ၏မျက်လုံးများတွင် လောဘနှင့် တပ်မက်မှုများ အရောင်ဟပ်နေသည်။
"တတိယညီကတော့ တကယ့်ကို ကံဆိုးတာပဲ ဘယ်ကမှန်းမသိတဲ့ ရန်သူနဲ့မှ သွားတွေ့ရတယ်လို့ ကံကောင်းတာက သူက ငါ့နားမှာ ဝိညာဉ်မီးအိမ် ထားခဲ့လို့ပေါ့"
"ငါ အချိန်မီ တုံ့ပြန်နိုင်ခဲ့လို့သာ အခုဆိုရင် အစ်ကိုကြီးဆီကို သတင်းရောက်သွားပြီ သူ မကြာခင် မိစ္ဆာတိမ်တိုက် အင်ပါယာကို ရောက်လာတော့မှာ"
"အစ်ကိုကြီးရဲ့ အကူအညီနဲ့ဆိုရင် အဲဒီကျင့်ကြံသူရဲ့ ခေါင်းကို ငါတို့ သေချာပေါက် ဖြတ်နိုင်မှာပါ"
မန်နေဂျာက အေးစက်စွာ ရေရွတ်လိုက်သည်။
"တတိယညီ မင်း စိတ်အေးအေးထားပါ အစ်ကိုကြီးနဲ့ ငါက မင်းအတွက် လက်စားချေပေးပါ့မယ်"
သူက ကောင်းကင်ရတနာခန်းမရှိရာဘက်သို့ လူသတ်ငွေ့များဖြင့် ကြည့်ရင်း ပြောလိုက်သည်။
သို့သော် သူ၏မျက်လုံးထဲတွင် စိုးရိမ်ရိပ်အချို့ ဖြတ်ပြေးသွားသည်။
သူ အမှားတစ်ခု လုပ်ခဲ့မိပြီဟု ခံစားနေရသည်။ သူကိုယ်တိုင်အပြင် ဆိုင်ရှင်လင်းသည်လည်း ထိုအသီးရှိသည့်နေရာကို သိနေသည်။
သူ ထွက်မလာခင်မှာ ဆိုင်ရှင်လင်းကို သတ်ပြီး နှုတ်ပိတ်ခဲ့သင့်သည်။ ဒါဟာ သူ့ဘက်က ပေါ့ဆမှုတစ်ခုပင်။
"ရုပ်သေး အဖျက်မခံရခင်မှာ ငါက သူ့ကို တမင် လှောင်ပြောင်သွားခဲ့တာဆိုတော့ အဲဒီရန်သူက ကောင်းကင်ရတနာခန်းမထဲက လူတွေကို အကုန်သတ်ပစ်ပြီး ဒီနေရာအကြောင်းကို သိမှာမဟုတ်ဘူး"
"အကယ်လို့ အဲဒီကောင် ငါ့ကို သစ္စာဖောက်ခဲ့ရင်တောင် ကိစ္စမရှိပါဘူး ငါက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ဒီအစီအရင်ကို ရက်အနည်းငယ်လောက်တော့ ထိန်းထားနိုင်ပါတယ်"
"ဝိဇ္ဇာဗောဓိသီး မှည့်တဲ့အထိ ငါ အောင့်အီးထားပြီးမှ အေးအေးဆေးဆေး ထွက်သွားလို့ရတယ် ဒါမှမဟုတ် အစ်ကိုကြီး ရောက်လာတဲ့အထိ စောင့်ပြီး အဲဒီကျင့်ကြံသူရဲ့ ခေါင်းကို ဖြတ်ပစ်လို့လည်း ရတာပဲ"
မန်နေဂျာ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး သစ်ပင်ကြီးရှေ့တွင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေတော့သည်။
ဖန့်ချန်မှာမူ လေဟာနယ်ထဲတွင် ရပ်နေသည်။
တတိယညီ အစ်ကိုကြီး မိစ္ဆာတိမ်တိုက် ဧကရာဇ်နဲ့ ဒီမိစ္ဆာကျင့်ကြံသူက ညီအစ်ကိုတွေ ဖြစ်နေတာကိုး။
သူတို့မှာ အစ်ကိုကြီးတစ်ယောက်လည်း ရှိသေးတယ် သူကလည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူပဲ ဖြစ်ရမယ်
ကံကောင်းထောက်မစွာဖြင့် သူ၏ပြိုင်ဘက် ဘယ်မှာရှိနေသည်ကို အတည်ပြုနိုင်ခဲ့ပြီ။
ဒီမိစ္ဆာကျင့်ကြံသူကို ဒီနေ့ပဲ သူ ကိုင်တွယ်နိုင်ပေမည်။
အစ်ကိုကြီးဆိုသူနှင့် ပတ်သက်၍မူ တကယ်လို့ သူရောက်မလာဘူးဆိုရင်လည်း အကြောင်းမဟုတ်ပေ။
ဝိဇ္ဇာဗောဓိသီး မမှည့်ခင် ရောက်လာခဲ့ရင်လည်း ရှင်းပစ်လိုက်ရုံသာ။
ရိပ်ခြေဗုဒ္ဓကျင့်စဉ် ကို ဝှက်ဖဲအဖြစ် ကိုင်ထားသည့် ဖန့်ချန်အတွက် အခြေအနေအားလုံးကို ထိန်းချုပ်ထားနိုင်စွမ်း ရှိသည်။
ဆိုင်ရှင်လင်းသည် ဖန့်ချန်ကို စိုက်ကြည့်နေသည်။ ဓားပျံက သူ၏ နဖူးတည့်တည့်ကို ချိန်ထားသောကြောင့် သူ မလှုပ်ရဲပေ။
အကယ်၍ သူသာ ရုတ်တရက် လှုပ်ရှားမှုတစ်ခုခု လုပ်မိပါက ထိုနေရာမှာတင် အသက်ပျောက်သွားမည်ကို သူ မသံသယဖြစ်မိပေ။
ဆိုင်ရှင်လင်း စိုးရိမ်ထိတ်လန့်နေသည်။
သူ ဘာတွေ စဉ်းစားနေတာလဲ သူ ကတိဖျက်တော့မှာလား
သူ့နောက်လိုက်များလည်း မျက်နှာများ ဖြူလျော်နေကြပြီး ဘယ်သူမှ စွန့်စားပြီး မလှုပ်ရှားရဲကြပေ။
ဖန့်ချန် မျက်လုံးဖွင့်လိုက်သည်။
သူက ဓားငယ်လေးကို ပြန်သိမ်းလိုက်ပြီး ဆိုင်ရှင်လင်းကို ပြုံးပြကာ
"မင်းတို့ သွားလို့ရပြီ"
ဟု ပြောလိုက်သည်။
ထို့နောက် သူက လှည့်ထွက်သွားပြီး ကောင်းကင်ရတနာခန်းမကနေ အရိပ်တစ်ခုလိုပင် ပျောက်ကွယ်သွားတော့သည်။
ဆိုင်ရှင်လင်းသည် ဖန့်ချန် သူ၏မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေမိသည်။ ခဏကြာမှ သူ သတိပြန်ဝင်လာသည်။
"သူ... သူ ငါ့ကို တကယ်ပဲ မသတ်ဘူးလား"
"ဆိုင်ရှင်လင်း ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"
နောက်လိုက်တစ်ဦးက တိုးတိုးလေး မေးလိုက်သည်။
"ဘာလုပ်ရမှာလဲ ငါတို့ ဒီနေရာကနေ အမြန်ထွက်သွားပြီး အခြေအနေကို စောင့်ကြည့်ရမှာပေါ့"
ဆိုင်ရှင်လင်းက မိမိဘာသာ ရေရွတ်လိုက်သည်။
ထို့နောက် သူက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ စကားပြောလိုက်သည့် နောက်လိုက်မှာ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။
ဘေးကလူများမှာ ဆွံ့အသွားကြသည်။ ထိတ်လန့်မှု ပြေလျော့သွားသည့်အခါ သူတို့ စတင်ထွက်ပြေးကြတော့သည်။
"ဆိုင်ရှင်လင်း"
ဆိုင်ရှင်လင်း၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။
"မင်းတို့က ငါ မန်နေဂျာကို သစ္စာဖောက်တာကို မြင်သွားတဲ့သူတွေပဲ မင်းတို့ကို ငါ ဘယ်လိုလုပ် အသက်ရှင်ခွင့် ပေးနိုင်မှာလဲ"
သိပ်မကြာခင်မှာပင် ဆိုင်ရှင်လင်းသည် ကောင်းကင်ရတနာခန်းမကနေ တစ်ယောက်တည်း ထွက်လာခဲ့သည်။
သူသည် ယခုအခါ သတင်းကို တိတ်ဆိတ်စွာ စောင့်နေပေလိမ့်မည်။
ဖန့်ချန် ချိုင့်ဝှမ်းသို့ ပြန်ရောက်လာသည်။
ထိုအစီအရင်သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် အချိန်အတော်ကြာ ဟန့်တားထားနိုင်စွမ်း ရှိသည်။
သို့သော် ဖန့်ချန်၏ မျက်လုံးထဲတွင်မူ ၎င်းမှာ အားနည်းချက်များဖြင့် ပြည့်နှက်နေသည်။ သူသည် မန်နေဂျာကို လုံးဝသတိမပြုမိစေဘဲ ချိုင့်ဝှမ်းထဲသို့ အလွယ်တကူ ဝင်ရောက်သွားနိုင်ခဲ့သည်။
မန်နေဂျာမှာမူ တစ်စုံတစ်ယောက်သည် အရိပ်ထဲတွင် ရပ်နေပြီး တိုက်ခိုက်ရန် အသင့်ပြင်နေသည်ကို လုံးဝမသိရှိပေ။
ဗြစ်
ဓားတစ်လက်သည် မန်နေဂျာ၏ နောက်စေ့ကနေ ဖောက်ဝင်သွားပြီး နဖူးကနေ ပြန်ထွက်လာသည်။
"အဟွတ်"
မန်နေဂျာ၏ လည်ချောင်းထဲကနေ ထူးဆန်းတဲ့ အသံတစ်ခု ထွက်လာသည်။
ဖန့်ချန်က ဓားငယ်လေးကို ပြန်ထုတ်လိုက်ပြီး မန်နေဂျာ၏ နှလုံးသားတည့်တည့်သို့ ထပ်မံထိုးသွင်းလိုက်ရာ ခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်တွင် အပေါက်များစွာ ဖြစ်သွားတော့သည်။
သူ၏ ဝမ်းဗိုက်အတွင်းရှိ ရွှေအမြုတေ ပင်လျှင် ဓားချက်ကြောင့် ကြေမွသွားခဲ့သည်။
မိစ္ဆာကျင့်ကြံသူများ၏ ဇီဝစွမ်းအားမှာ ကြောက်စရာကောင်းလောက်အောင် သန်မာလှသည်။
ဖန့်ချန်၏ အချက်ပေါင်း ရာချီသော ထိုးနှက်မှုကို ခံရပြီးသည့်တိုင် မန်နေဂျာမှာ ချက်ချင်း သေဆုံးမသွားသေးပေ။
သူ၏ နောက်ဆုံး ခွန်အားဖြင့် ဖန့်ချန်ကို လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် ခါးသီးမှု၊ ဝေခွဲမရမှုနှင့် နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။
"ဘယ်လိုလုပ်ပြီး"
သူက မေးလိုက်သည်။
ဖန့်ချန်က နောက်ထပ်တစ်ချက် ထပ်ထိုးလိုက်သည်။
ဓားသည် မန်နေဂျာ၏ ဦးခေါင်းခွံထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်သွားပြီး သူ အသက်ရှင်နိုင်မည့် မျှော်လင့်ချက်အားလုံးကို ဖြတ်တောက်လိုက်တော့သည်။
သူသည် ပဟေဠိပေါင်းများစွာဖြင့် သေဆုံးသွားခဲ့ရသည်။
ဖန့်ချန်က သူ့အစီအရင်ကို ဘယ်လိုမျိုး သတိမထားမိဘဲ ဖြတ်ကျော်လာနိုင်တာလဲ သူ့နောက်ကို ဘယ်လိုမျိုး တိတ်တဆိတ် ကပ်လာနိုင်တာလဲ
သူ အရှက်ရဆုံး အချက်မှာ ဖန့်ချန်၏ ဓားရှေ့တွင် သူ၏ခန္ဓာကိုယ်မှာ အလွန်ပင် နုနယ်နေခြင်း ဖြစ်သည်။
ဒါဟာ သူ အယုံကြည်ဆုံး အပိုင်းဖြစ်သော်လည်း အရေးကြီးတဲ့ အချိန်မှာတော့ တို့ဟူးတုံးလိုပင် အလွယ်တကူ အပိုင်းပိုင်း ပြတ်သွားခဲ့သည်။
သူ့ကို သတ်လိုက်တဲ့သူက ဝိညာဉ်စွမ်းအင်ကိုတောင် အများကြီး မသုံးသွားဘူး သာမန် သိုင်းပညာရှင်တစ်ယောက်ရဲ့ နည်းစနစ်တွေနဲ့တင် သူ့ကို အနီးကပ် သတ်ဖြတ်သွားခဲ့တာ
မန်နေဂျာ၏ မေးခွန်းများအားလုံးသည် သူနှင့်အတူ မြေကြီးထဲသို့ ရောက်သွားကာ ဘယ်တော့မှ အဖြေရတော့မည် မဟုတ်ပေ။
ဖန့်ချန်က သေဆုံးနေသော အလောင်းကို ကြည့်ပြီး ရေရွတ်လိုက်သည်။
"ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေက သူတို့ ကြွားသလောက်တော့ အဖြစ်ရှိတဲ့သူတွေ မဟုတ်ပါဘူး ကျွမ်းကျင်တဲ့ သိုင်းပညာရှင်တစ်ယောက်က သူတို့အနားကို ကပ်နိုင်ပြီး သူတို့ရဲ့ ခုခံမှုကို ဖောက်ထွက်နိုင်ရင် သူတို့ကို သတ်လို့ရတာပဲ"
တိုက်ပွဲတစ်လျှောက်လုံးတွင် ဖန့်ချန်သည် ဝိညာဉ်စွမ်းအင်ကို အနည်းငယ်သာ သုံးခဲ့သည်။
သူသည် ရိပ်ခြေဗုဒ္ဓကျင့်စဉ်နှင့် ဓားငယ်လေး၏ ထက်မြက်မှုကို အသုံးချပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကို သက်သောင့်သက်သာပင် သတ်ဖြတ်နိုင်ခဲ့သည်။
ရှစ်မျက်နှာအရပ် ဓားကျမ်းစာ ကိုပင် သုံးရန် မလိုခဲ့ပေ။
ဖန့်ချန်၏ မျက်လုံးများက မန်နေဂျာ၏ လက်ချောင်းဆီသို့ ရောက်သွားရာ အနက်ရောင် သိုလှောင်လက်စွပ် တစ်ကွင်းကို မြင်လိုက်ရသည်။
လက်စွပ်ကို ချွတ်ယူလိုက်ပြီး ဖန့်ချန် စတင် သန့်စင် လိုက်တော့သည်။
နာရီအနည်းငယ် ကြာပြီးနောက် ဖန့်ချန်သည် သိုလှောင်လက်စွပ်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
အတွင်းထဲရှိ များပြားလှသော ပစ္စည်းများကို မြင်လိုက်ရသည့်အခါ သူ အံ့သြသွားရသည်။
တစ်ချက်ကြည့်ရုံနှင့် အတွင်းထဲတွင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၇၀,၀၀၀ ခန့် ရှိနေသည်ကို သူ သိလိုက်သည်။
ဒါတွေဟာ မန်နေဂျာက မသမာတဲ့ စီးပွားရေးတွေ လုပ်ပြီး နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အမြတ်အစွန်းတွေ ဖြစ်ပေလိမ့်မည်။
ဝိညာဉ်ကျောက်တုံးများအပြင် အလယ်အလတ်အဆင့် မြေကမ္ဘာအဆင့် ရတနာ ဒါဇင်ဝက်ကျော်နှင့် အဆင့်မြင့် မြေကမ္ဘာအဆင့် ရတနာ အချို့လည်း ရှိနေသည်။
ဝိညာဉ်ကုန်ကြမ်းများ၊ ဆေးလုံးများနှင့် ဝိညာဉ်သီးများစွာလည်း ရှိနေသေးသည်။
ဖန့်ချန်က ၎င်းတို့၏ တိကျတဲ့ တန်ဖိုးကို မသိသော်လည်း ဒါဟာ တကယ့်ကို များပြားလှတဲ့ ရလဒ်တွေ ဖြစ်ကြောင်း သေချာသည်။
ဖန့်ချန်သည် ပစ္စည်းပုံများကြားထဲတွင် ကျောက်စိမ်းပြား တစ်ခုကိုလည်း တွေ့ရှိခဲ့သည်။
ဝိညာဉ်စွမ်းအင် ထည့်သွင်းကြည့်လိုက်သည့်အခါ ၎င်းမှာ အစီအရင်ဆိုင်ရာ အမွေအနှစ်တစ်ခု ဖြစ်ကြောင်း သိလိုက်ရသည်။
အတွင်းထဲတွင် အစွမ်းထက်ပုံချင်း မတူညီသည့် အစီအရင် ၁၀ မျိုးကျော်၏ မှတ်တမ်းများ ပါဝင်ပြီး ၎င်းတို့အထဲတွင် ယခုချိုင့်ဝှမ်းကို ဝန်းရံထားသည့် အစီအရင်လည်း ပါဝင်ပေသည်။
အခန်း ၃၉၀ - အစီအရင် အမွေအနှစ်
အစီအရင် လမ်းစဉ် ဆိုသည်မှာ အားနည်းချက်ကို အသုံးချ၍ အားသာချက်ကို တုံ့ပြန်ခြင်း ကောင်းကင်နှင့် မြေကမ္ဘာ၏ ဝိညာဉ်စွမ်းအင် အနှစ်သာရကို အသုံးချခြင်း၊ ဓာတ်ကြီးငါးပါး၏ ထောက်ပံ့မှုနှင့် အရာခပ်သိမ်းတို့၏ ဆက်နွှယ်မှုကို အလေးပေးခြင်း ဖြစ်သည်
အဆင့်နိမ့် မြေကမ္ဘာအဆင့် မီးတောက်အစီအရင် ၎င်းအတွက် ချင်းယောင်းမြေ ၃ ဂရမ် ရေခဲကျောက် ၁ ကျပ်သားနှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ တုံး လိုအပ်သည် ၎င်းတို့ကို စကြဝဠာ၏ အစွန်းကိုးရပ် နေရာများတွင် ထားရှိရမည်
ထိုအစီအရင်သည် အစပိုင်းတွင် အစွမ်းမထက်ဟု ထင်ရသော်လည်း တိုက်ခိုက်ခံရသည့်အခါ မီးပင်လယ်များ လှိုင်းထလာမည် ဖြစ်သည်။ အဆင့် ၁၂ ကျင့်ကြံသူများပင် ခုခံရန် ခက်ခဲပေလိမ့်မည်
အလယ်အလတ်အဆင့် မြေကမ္ဘာအဆင့် သရဲတစ္ဆေဓားအစီအရင်အစီအရင်၏ အချက်အခြာ အတွက် လိုအပ်သော ပစ္စည်းများမှာ
အဆင့်မြင့် မြေကမ္ဘာအဆင့် စိမ်းလန်းသောကောင်းကင် တောင်စောင့်အစီအရင်ကြီး အစီအရင် အချက်အခြာအတွက် လိုအပ်သော ပစ္စည်းများမှာ
တစ်နာရီခန့် ကုန်လွန်သွားချိန်တွင် ဖန့်ချန်သည် ကျောက်စိမ်းပြားအတွင်းရှိ အကြောင်းအရာများကို အလွတ်ရနေပြီ ဖြစ်သည်။
အမျိုးမျိုးသော အစီအရင်များတွင် အကျိုးသက်ရောက်မှု အဖုံဖုံ ရှိကြပြီး အချို့ကို ရောနှောအသုံးပြုပါက တစ်ခုချင်းစီထက် အဆပေါင်းများစွာ သာလွန်သော စွမ်းအားကို ရရှိနိုင်ပေသည်။
မန်နေဂျာ ချမှတ်ထားခဲ့သော အစီအရင်မှာ အဆင့်မြင့် မြေကမ္ဘာအဆင့် စိမ်းလန်းသောကောင်းကင် တောင်စောင့်အစီအရင်ကြီး ဖြစ်သည်။
အစီအရင် အချက်အခြာအတွက် ကုန်ကြမ်းများစွာ လိုအပ်သဖြင့် တည်ဆောက်ရန် အလွန်ရှုပ်ထွေးလှသည်။
ထို့အပြင် ၎င်းကို လည်ပတ်ရန်အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀ မှ ၁၀၀၀ အထိ လိုအပ်သည်။
ထိုအစီအရင်မှာ ရန်သူကို ဝေခွဲမရဖြစ်စေခြင်း၊ ပိတ်ဆို့ခြင်းနှင့် တိုက်ရိုက်တိုက်ခိုက်ခြင်းများ ပြုလုပ်နိုင်သည်။
မန်နေဂျာတစ်ယောက် ပဟေဠိပေါင်းများစွာဖြင့် သေဆုံးသွားခဲ့ရသည်မှာ မဆန်းပေ။
အမှန်တကယ်တော့ ထိုအစီအရင်သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကိုပင် ဒုက္ခပေးနိုင်သည်။
သာမန်ကျင့်ကြံသူများသည် အစီအရင်၏ အားနည်းချက်ကို ရှာဖွေရန် ခက်ခဲသော်လည်း ဖန့်ချန်၏ ဝိညာဉ်အာရုံကမူ အရာအားလုံးကို ဖောက်ထွင်းမြင်နေရသည်။
ဒီအစီအရင် အမွေအနှစ်တွေက တကယ်ကို တန်ဖိုးဖြတ်မရဘူး။
သာမန် ကျင့်ကြံသူမိသားစုတွေ ဒါမှမဟုတ် ဂိုဏ်းငယ်လေးတွေဆိုရင် ဒါကို ရဖို့အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်း သုံးသောင်းလောက်အထိ အကုန်အကျခံကြလိမ့်မယ်
အစီအရင် အမွေအနှစ်အပြင် အဆင့်မြင့်အလယ်အလတ် မြေကမ္ဘာအဆင့် ရတနာများဆေးလုံးများနှင့် ဝိညာဉ်ကုန်ကြမ်းများ အားလုံးပေါင်းလိုက်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ခုနစ်သောင်းခန့် တန်ဖိုးရှိသည်။
ဒီခရီးစဉ်တစ်ခုတည်းကနေ သူ ရရှိလိုက်တဲ့ ဝိညာဉ်ကျောက်တုံး စုစုပေါင်းက တစ်သိန်းကျော်သွားပြီ ဖြစ်သည်။
ဖန့်ချန် တစ်ညတည်းနှင့် သူဌေးဖြစ်သွားသည်ဟုပင် ဆိုနိုင်သည်။
ဓားငယ်လေးကို စတုတ္ထအဆင့် သို့ တက်လှမ်းနိုင်ရန် လိုအပ်သော ရတနာများနှင့် ဝိညာဉ်ကုန်ကြမ်းများကိုပင် စတင်ပြင်ဆင်နိုင်ပြီ ဖြစ်သည်။
ဖန့်ချန်သည် ရသမျှ ရတနာအားလုံးကို ဓားငယ်လေးအား ပေးအပ်လိုက်ပြီး သူ၏အားလပ်ချိန်များတွင် အစီအရင် အမွေအနှစ်ကို သေချာစွာ လေ့လာနေခဲ့သည်။
သူသည် သိုလှောင်လက်စွပ်ကို မွှေနှောက်ရှာဖွေပြီး လက်တွေ့လေ့ကျင့်ရန်အတွက် အစီအရင် အချက်အခြာ ကုန်ကြမ်းအချို့ကိုလည်း ထုတ်ယူလိုက်သည်။
ရက်အနည်းငယ် ကြာပြီးနောက်
ဖန့်ချန်၏ ဝိညာဉ်အာရုံမှာ ကောင်းကင်ထက်တွင် ရပ်နေသည်။
မန်နေဂျာ ချမှတ်ထားခဲ့သော စိမ်းလန်းသောကောင်းကင် တောင်စောင့်အစီအရင်ကြီးမှာ ယခုအခါ အရင်ကနှင့် လုံးဝမတူတော့ပေ။
သူသည် အစီအရင်၏ အားနည်းချက်များကို မပြင်ဆင်နိုင်သော်လည်း ၎င်းတို့ ဘယ်မှာရှိသည်ကို သိရှိပြီး အခြား လိုက်ဖက်သော အစီအရင်များကို ထပ်ဆင့်ချမှတ်ခြင်းဖြင့် အားနည်းချက်များကို ဖုံးကွယ်လိုက်သည်။
ဖန့်ချန်သည် စိမ်းလန်းသောကောင်းကင် တောင်စောင့်အစီအရင်ကြီး၏ အောက်တွင် အလယ်အလတ်အဆင့် အစီအရင် ၆ ခုကို ထပ်ဆင့် ချမှတ်လိုက်သည်။
ထိုအစီအရင်များသည် တောင်စောင့်အစီအရင်၏ အားနည်းချက်များကို ပြည့်စုံလုနီးပါး ဖုံးကွယ်ပေးလိုက်သည်။
၎င်း၏ စွမ်းအားက တိုးမလာသော်လည်း ခုခံနိုင်စွမ်းကမူ သိသိသာသာ တိုးတက်လာခဲ့သည်။
သို့သော် ထိုလုပ်ငန်းစဉ်တစ်ခုလုံးမှာ ချောမွေ့နေခဲ့သည်တော့ မဟုတ်ပေ။
အစီအရင်တစ်ခုအတွင်း ထပ်ဆင့်အစီအရင်များ ချမှတ်ခြင်းမှာ တိကျသော နည်းစနစ်နှင့် အချိန်အခါ လိုအပ်သည်။
ဖန့်ချန်ကိုယ်တိုင် အစီအရင်ချမှတ်ရာတွင် အကြိမ်အနည်းငယ် ကျရှုံးခဲ့ပြီး ဝိညာဉ်ကုန်ကြမ်းအချို့ ဆုံးရှုံးခဲ့ရသလို ဝိညာဉ်စွမ်းအင်များလည်း အတော်လေး ကုန်ခမ်းခဲ့ရသည်။
သို့သော် ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်မှာ လျင်မြန်စွာ ပြန်လည်ပြည့်တင်းလာနိုင်သောကြောင့် သူ ဆက်လက်လေ့ကျင့်ခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် သူသည် အစီအရင်အချို့ကို ကျွမ်းကျင်စွာ ချမှတ်နိုင်လာခဲ့သည်။
"နောက်တော့ ဝိဇ္ဇာဗောဓိသီး မှည့်တာကို စောင့်ပြီး ခူးရုံပဲ ပြီးရင် မိစ္ဆာတိမ်တိုက် အင်ပါယာကနေ ငါ ထွက်သွားတော့မယ်"
ဖန့်ချန်သည် သူ၏ ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။
သူသည် ရှေးဟောင်းသစ်ပင်ကြီး၏ ရှေ့တွင် ထိုင်လိုက်ပြီး အမြင်မှားအဆောင် ဖန်တီးရန် ကုန်ကြမ်းများကို ထုတ်ယူကာ စတင်လုပ်ဆောင်တော့သည်။
ဖန့်ချန်သည် အဆောင်များ ဖန်တီးရင်း ဓာတ်ကြီးငါးပါး ထိန်းချုပ်ခြင်းကျင့်စဉ် ကိုလည်း လေ့ကျင့်နေသည်။
သူ အလုပ်လုပ်နေစဉ် သူ၏ပတ်ဝန်းကျင်တွင် ဓာတ်စွမ်းအင်များ တိုးထွက်လာလိုက်၊ ပျောက်ကွယ်သွားလိုက် ဖြစ်နေသည်။
"ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိတာလဲ"
ဆိုင်ရှင်လင်းသည် ချိုင့်ဝှမ်းနှင့် မိုင်အနည်းငယ်အကွာရှိ အရိပ်ထဲတွင် ပုန်းအောင်းရင်း တိတ်တဆိတ် အကဲခတ်နေသည်။
သူ သိသိသာသာကို ဝေခွဲမရ ဖြစ်နေသည်။
ထိုနေရာတွင် အစီအရင်ကြီးတစ်ခု ရှိနေသည်ကို သူ သိသော်လည်း ထိုကျင့်ကြံသူကို တမင် သတင်းမပေးခဲ့ပေ။
ယုတ္တိဗေဒအရဆိုလျှင် ထိုကျင့်ကြံသူမှာ အစီအရင်ကို တိုက်ခိုက်နေရမည် သို့မဟုတ် ဖောက်ထွက်သွားပြီးသား ဖြစ်ရမည်။
သို့သော် သူ ရက်အနည်းငယ်ကြာ စောင့်ကြည့်နေခဲ့သော်လည်း အစီအရင်တွင် မည်သည့် လှုပ်ခတ်မှုမျှ မရှိသလို တိုက်ပွဲဖြစ်ပွားသည့် လက္ခဏာလည်း မတွေ့ရပေ။
"ဒါက တစ်ခုခုတော့ လွဲနေပြီ သူ အစီအရင်ကို မဖောက်နိုင်လို့ အင်ပါယာကနေ ထွက်သွားပြီလား မသိဘူး"
ဆိုင်ရှင်လင်း ရေရွတ်လိုက်သည်။
အကယ်၍ မန်နေဂျာသာ မသေခဲ့လျှင် သူ ဒုက္ခအကြီးအကျယ် ရောက်ပေလိမ့်မည်။
သူသည် မိမိ၏ သစ္စာဖောက်မှုကို မန်နေဂျာ သိသွားမည်ကို စိုးရိမ်သောကြောင့် အခြေအနေကို စောင့်ကြည့်ရန် ထိုနေရာတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
"မင်းက လင်းမူ လား"
အလွန်အမင်း အေးစက်လှသော အသံတစ်ခု ဆိုင်ရှင်လင်း၏ နားထဲသို့ ရောက်လာသည်။
ဆိုင်ရှင်လင်း တောင့်တင်းသွားသည်။
သူ၏ ကျောပြင်နှင့် နဖူးပေါ်တွင် ချွေးအေးများ စီးကျလာသည်။
သူ၏ လည်ပင်းကို တောင့်တောင့်ကြီး လှည့်ကြည့်လိုက်ရာ သူ၏ နောက်ဘက်တွင် မည်းမှောင်သော မျက်နှာထားနှင့် လူအိုကြီးတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။
ထိုလူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တွန့်လိမ်နေသော မျက်နှာနှင့် ပါးရိုးများမှာ ထောင်ထွက်နေသည်။
သူ၏ ကျဉ်းမြောင်းသော မျက်လုံးများမှာ အဆိပ်ပြင်းမြွေတစ်ကောင်နှင့် တူလှပြီး ရက်စက်သော အရိပ်အယောင်များ တစ်ချက်တစ်ချက် ဖြတ်ပြေးနေသည်။
ဆိုင်ရှင်လင်း အတင်းပြုံးလိုက်သည်။
"စီနီယာ ကျွန်တော် လင်းမူ ပါပဲ စီနီယာက ဘယ်သူပါလဲ"
"ငါက မင်းရဲ့ မန်နေဂျာရဲ့ အစ်ကိုကြီး တိမ်မြုပ်ဘိုးဘေးရဲ့ လက်အောက်က စတုတ္ထမြောက် တပည့် ချီယို့ ပဲ"
မန်နေဂျာမှာ အစ်ကို ရှိတာလား
ဆိုင်ရှင်လင်း အံ့သြသွားသော်လည်း သူ့ကို ပို၍ ထိတ်လန့်စေသည်မှာ ထိုလူသည် တိမ်မြုပ်ဘိုးဘေး၏ တပည့် ဖြစ်နေခြင်းပင် တိမ်မြုပ်ဘိုးဘေး ဆိုသည်မှာ တိမ်မြုပ်နယ်မြေ တစ်ခုလုံးတွင် ကျော်ကြားလှသော ဝိညာဉ်သန္ဓေသားအဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီး ဖြစ်သည်
ဆိုင်ရှင်လင်းသည် သူ၏ ထိတ်လန့်မှုကို ထိန်းချုပ်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
"စီနီယာချီ မန်နေဂျာ ဘေးဒုက္ခ ရောက်နေပါတယ်"
ချီယို့က ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်ပြီး ချိုင့်ဝှမ်းဘက်သို့ လှည့်ကြည့်ကာ
"သူက ဘေးဒုက္ခ ရောက်နေရုံတင် မဟုတ်ဘူး သေတောင် သေသွားပြီ"
ဟု ပြောလိုက်သည်။
ဆိုင်ရှင်လင်း ဆွံ့အသွားသည်။
"ဘာ"
မန်နေဂျာ သေသွားပြီ ပြီးတော့ ဘာအသံမှ မကြားရဘဲ သေသွားတာလားအစီအရင်မှာတောင် ပျက်စီးတဲ့ လက္ခဏာ တစ်ခုမှ မရှိဘူး ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
"မင်း ဒီမှာ ဆက်နေနေတာကို ကြည့်ရင် မင်းက ငါ့ရဲ့ ဒုတိယညီအပေါ်မှာ သစ္စာရှိတယ်ဆိုတာ သက်သေပြနေတာပဲ ဒါကြောင့်လည်း သူက မင်းအကြောင်း ငါ့ကို အကြိမ်ကြိမ် ပြောခဲ့တာကိုး"
ဟု ချီယို့က အေးဆေးစွာ ပြောသည်။
ဆိုင်ရှင်လင်း ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။
တစ်ဖက်လူက သူ သစ္စာဖောက်ခဲ့သည်ကို မသိခြင်းမှာ ကံကောင်းခြင်းပင်။
အကယ်၍ သူသာ ဤလူနှင့် ရင်းနှီးအောင် လုပ်နိုင်လျှင် တိမ်မြုပ်နယ်မြေတစ်ခုလုံးကို သူ စိုးမိုးနိုင်ပေလိမ့်မည်
ဆိုင်ရှင်လင်းသည် ဝမ်းနည်းသလို ဟန်ဆောင်ကာ မျက်လုံးများ နီမြန်းလာသည်။
"စီနီယာချီယို့ မန်နေဂျာ သေသွားပြီလို့ ပြောတာလား ဒါက မဖြစ်နိုင်တာ"
"ဒုတိယညီရဲ့ ဝိညာဉ်မီးအိမ် ငြိမ်းသွားပြီ သူ သေသွားတာ သံသယဖြစ်စရာ မလိုဘူး သူ့ကို သတ်လိုက်တဲ့သူက ဝိဇ္ဇာဗောဓိသီး မှည့်တာကို စောင့်နေတာ ဖြစ်ရမယ်"
ချီယို့က မျက်နှာပျက်ပျက်ဖြင့် ပြောသည်။
"ငါ့ရဲ့ ဒုတိယညီက အရမ်း မိုက်မဲတာပဲ သူက လောကီစည်းစိမ်တွေအတွက်နဲ့ အသက်ကို စတေးသွားခဲ့တယ်"
"ငါ့ရဲ့ ညီအစ်ကို နှစ်ယောက်လုံး ဒီလူ့လက်ထဲမှာ သေသွားခဲ့ပြီ ဒီရန်ငြိုးကို ငါ သေချာပေါက် လက်စားချေရမယ် ဒုတိယညီက မင်းဟာ ဒီအစီအရင်အကြောင်း ကောင်းကောင်း သိတယ်လို့ ပြောဖူးတယ် မင်း အတွင်းထဲကို ဘယ်လိုဝင်ရမလဲ သိလား"
ဆိုင်ရှင်လင်း အမြန်ပင် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ သိပါတယ် မူလက ကျွန်တော်ဟာ ဝိဇ္ဇာဗောဓိသီးကို စောင့်ရှောက်ဖို့ တာဝန်ယူထားရသူဆိုတော့ ဒီအစီအရင်ကို အလွန် ရင်းနှီးပါတယ်"
ဆိုင်ရှင်လင်း စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားသည်။
သူပြောတဲ့ တတိယညီ ဆိုတာ မိစ္ဆာတိမ်တိုက် ဧကရာဇ်လား
မန်နေဂျာနှင့် မိစ္ဆာတိမ်တိုက် ဧကရာဇ်တို့ကြားတွင် ထိုကဲ့သို့ ဆက်ဆံရေးမျိုး ရှိမှန်း သူ တစ်ခါမှ မသိခဲ့ပေ။
ချီယို့က ခက်ထန်သောအသံဖြင့် ပြောသည်။
"ဒါဆိုရင် ကောင်းပြီ ငါ့ကို ချိုင့်ဝှမ်းထဲ ခေါ်သွားပေးအဲဒီလူ သတိမထားမိပါစေနဲ့ သူက ဘယ်လိုလူလဲဆိုတာ ငါ မြင်ချင်တယ်"
ချီယို့သည် ရွှေအမြုတေအဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသော်လည်း ရမ်းသန်းပြီး မလှုပ်ရှားရဲပေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ ရွှေအမြုတေအဆင့် အစောပိုင်း ကျင့်ကြံသူ နှစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
သူ၏ ရန်သူ၏ အားသာချက်နှင့် အားနည်းချက်ကို အရင်ဆုံး အကဲဖြတ်ပြီးမှသာ နောက်ထပ် လှုပ်ရှားမှုကို သူ ဆုံးဖြတ်နိုင်ပေမည်။