အခန်း (၄၀၁-၄၀၂)
Vol. 41 Ch. 401-402
ဖန့်ချန်
ဘာသာပြန် အရှင်ငယ်
အခန်း ၄၀၁ - ချင်းစုန့်အင်ပါယာမှ သတင်းစကား
ဖန့်ယွင်သည် စိတ်ထဲတွင် များစွာသက်သာရာရသွားသည်။
သူမသည် ဖန့်ချန်၏ လှောင်ပြောင်သရော်မှုများကို ခံယူရန် ပြင်ဆင်ထားသော်လည်း သူ၏ မမျှော်လင့်ထားသော သဘောထားကြောင့် အံ့အားသင့်သွားရသည်။
သူက သူမအပေါ် ကြင်နာမှုပြလေလေ သူမ ပို၍ ရှက်ရွံ့မိလေလေပင်။
မြွေဝိညာဉ်သီး ၏ တန်ဖိုးမှာ အလွန်ကြီးမားသည်။
၎င်းမှာ အဝါရောင်အဆင့်မြင့် ဝိညာဉ်ပစ္စည်းတစ်ခုဖြစ်ပြီး အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့် တန်ဖိုးရှိကြောင်း သူမသိသည်။
သူမဖခင်ပင်လျှင် ထိုမျှတန်ဖိုးရှိသော ပစ္စည်းမျိုးကို အလွယ်တကူ ထုတ်ပေးနိုင်ရန် ခဲယဉ်းလှသည်။
တစ်ဖက်တွင်လည်း ဖန့်အောက်မှာ ကျေနပ်နေပုံရသည်။
သူ၏မျက်လုံးထဲတွင် ဖန့်ချန်သည် တတိယမျိုးနွယ်စု၏ ဂုဏ်ယူထိုက်သော မျိုးဆက်တစ်ခု အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်သည်။
ဖန့်အောက်နှင့် ကျင့်ကျင့် တို့က ရိုသေစွာ ဦးညွှတ်လိုက်ပြီး
"ဖန့်ချန် ငါတို့ ဒီကိုလာတာက ကျေးဇူးတင်စကား ပြောဖို့ပါ နင့်ကြောင့် ဖန့်ယွင်ရဲ့ ဒဏ်ရာတွေ ပျောက်ကင်းသွားရုံတင်မကဘူး ဖန့်ကျွယ်လည်း ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရခဲ့တယ်"
ဖန့်ကျွယ်နှင့် ဖန့်ယွင်တို့လည်း အလျင်အမြန်ပင် ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုကြသည်။
သူတို့၏ ရိုးသားမှုကို မြင်သောအခါ ဖန့်ချန်က ပြုံးလိုက်ပြီး
"လူကြီးမင်း ဖန့်အောက် ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး ကျွန်တော်က တတိယမျိုးနွယ်စုမှာ နေထိုင်နေတာဆိုတော့ လိုအပ်တဲ့အချိန်မှာ တတ်နိုင်သမျှ ကူညီပေးမှာပါ"
ခေတ္တမျှ ရပ်နားပြီးနောက် ဖန့်ချန်က ဆက်ပြောသည်မှာ
"ကျွန်တော် ကျင့်ကြံခြင်းထဲမှာ အောင်းနေတာ ကြာပြီဆိုတော့ အပြင်ထွက်ပြီး လမ်းလျှောက်ဦးမလို့တခြားကိစ္စမရှိရင် ကျွန်တော် သွားခွင့်ပြုပါဦး"
ဖန့်ကျွယ်၏ မျက်လုံးများ တောက်ပသွားသည်။
"ဖန့်ချန် မင်း ဝိညာဉ်ရင်းမြစ်ရပ်ကွက် ကို သွားမလို့လား"
အရင်ကဆိုလျှင် ဖန့်အောက်နှင့် ကျင့်ကျင့်တို့မှာ ဖန့်ကျွယ် ဝိညာဉ်ရင်းမြစ်ရပ်ကွက်သို့ သွားခြင်းကို သဘောမကျကြပေ။
သို့သော် အခုတော့ အခြေအနေက မတူတော့ချေ။
အကယ်၍ ဖန့်ချန်သာ သွားမည်ဆိုပါက ဖန့်ကျွယ်ကို အတူလိုက်ပါစေချင်ကြသည်။
ဖန့်ကျွယ်ကို ဖန့်ချန်နှင့် ပို၍ ရင်းနှီးစေချင်ကြခြင်းဖြစ်သည်။
ဖန့်ချန်က ခေါင်းခါပြုံးလိုက်ကာ
"ဟိုတစ်ခေါက်က အဝအပြဲ ကစားခဲ့ပြီးပြီဆိုတော့ အခုတော့ မသွားတော့ပါဘူး"
ဖန့်ကျွယ်မှာ အနည်းငယ် စိတ်ပျက်သွားသည်။
"ကျွန်မ... ကျွန်မရော လိုက်ခဲ့လို့ ရမလား"
ဟု ကျန်းထျန်းအိုင်က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
"အခုတလော မြို့တော်ထဲမှာ အရမ်းရှုပ်ထွေးနေတယ်"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းခါပြလိုက်သည်။
"ကျွယ်မိသားစုဆီက ပြဿနာမတက်အောင် နင် ဖန့်မိသားစုထဲမှာပဲ နေတာ ပိုကောင်းမယ် ဒီမှာ ဘိုးဘေးနှစ်ယောက်ရှိနေတော့ ကျွယ်မိသားစုက ဘယ်လောက်ပဲ ရဲတင်းပါစေ မိုက်မိုက်ကန်းကန်း လုပ်ရဲမှာ မဟုတ်ဘူး"
ကျန်းထျန်းအိုင်မှာ စိတ်မကောင်းဖြစ်သွားသော်လည်း ဖန့်ချန်က သူမ၏ ဘေးကင်းရေးအတွက် စဉ်းစားပေးခြင်းဖြစ်သည်ကို နားလည်ပါသည်။
"စိတ်ချပါ သူမ ဒီမှာ ဘေးကင်းမှာပါ တစ်ခုခုဖြစ်မယ်ဆိုရင်တောင် ငါ့ကို အရင်ကျော်သွားရလိမ့်မယ်"
ဟု ဖန့်အောက်က ခိုင်ခိုင်မာမာ အာမခံလိုက်သည်။
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပြီး
"ကျေးဇူးတင်ပါတယ်"
ထို့နောက် ဖန့်ချန်သည် ခြံဝင်းထဲမှ ထွက်ခွာလာခဲ့သည်။
လျီချန်းသည် နောက်မှ လိုက်သွားရန် ပြင်လိုက်သော်လည်း သူ ခြေလှမ်းလှမ်းလိုက်သည်နှင့် တစ်စုံတစ်ခုက တားဆီးထားသလို ခံစားလိုက်ရသည်။
လျီချန်းမှာ ဖန့်ချန် သူ့ကို မလိုက်စေချင်မှန်း သိလိုက်သဖြင့် ခါးခါးသီးသီး ပြုံးလိုက်မိသည်။
ဖန့်ယွင်မှာမူ စိုးရိမ်သော မျက်နှာဖြင့်
"အဖေ နောက်ရက်အနည်းငယ်အတွင်းမှာ ဖန့်ချန်က ကျွယ်ဝူတီနဲ့ ယှဉ်ပြိုင်ရတော့မယ် ဒီပွဲက ဖန့်ချန်အတွက် မတရားဘူး ဒါကို တားဆီးဖို့ တစ်နည်းနည်းလောက် မရှိဘူးလား"
ဖန့်ကျွယ်၏ မျက်နှာမှာလည်း တည်ကြည်သွားသည်။
ဖန့်အောက်က သက်ပြင်းချလိုက်ပြီး
"တားလို့မရဘူး ဖန့်ချန်က ဒီနေ့ အပြင်ထွက်တာ စိတ်အပန်းဖြေဖို့ ဖြစ်လိမ့်မယ် နင်တို့ စိုးရိမ်မနေနဲ့ သူက သူ့နည်းသူ့ဟန်နဲ့ သူရှိပြီးသား"
"သူ ရှုံးသွားရင်တောင် အသက်အန္တရာယ်တော့ မရှိနိုင်ဘူး အနည်းဆုံးတော့ ဘိုးဘေးနှစ်ယောက်က သူ့ကို အသေခံကြည့်နေမှာ မဟုတ်ဘူး"
သူသည် ဖန့်ချန်၏ နောက်ခံကို သိထားသည်။
ယခု ဖန့်မိသားစုအတွင်းတွင် ဖန့်ချန်၏ သွေးမျိုးဆက်နှင့် ဘိုးဘေး ဖန့်ထင်ကျန့် တို့မှာ အနီးစပ်ဆုံး ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဘိုးဘေးဖန့်သည် ဖန့်ချန် အသတ်ခံရသည်ကို လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။
"ဒါပေမဲ့ ဖန့်ချန် ရှုံးသွားရင် သူ မဟာချန်း ကနေ ထွက်သွားရတော့မှာ"
ဖန့်ယွင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ဖန့်အောက်သည် ကျန်းထျန်းအိုက်မှာ ခေါင်းငုံ့နေပြီး အားနာနေပုံရသဖြင့် ဖန့်ယွင်ကို ဆက်မပြောရန် တားလိုက်သည်။
"ကဲ အားလုံး ပြန်ကြစို့ ကံကောင်းခြင်းပဲဖြစ်ဖြစ် ကံဆိုးခြင်းပဲဖြစ်ဖြစ် ငါတို့ ရှောင်လွှဲလို့မရဘူး"
သူတို့ ပြန်ခါနီးတွင် ကျင့်ကျင့်က ချန်ဖေးလန်ကို မှာစရာရှိသည်များ မှာကြားခဲ့ပြီး ကျန်းထျန်းအိုက်ကို ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးအချို့ ပေးခဲ့သည်။
ချန်ဖေးလန်မှာ စိတ်ထဲတွင် အတော်လေး မနာလိုဖြစ်သွားရသည်။
"ထျန်းအိုက် ဒါတွေက ဝိညာဉ်အဆီအနှစ်ဆေးလုံး တွေပဲ ဒါတွေက နင့်ရဲ့ ကျင့်ကြံမှုအတွက် အရမ်းအထောက်အကူပြုတယ် ဒီငါးလုံးက တော်တော်လေး တန်ဖိုးရှိတာ"
ကျန်းထျန်းအိုက်သည် သူမကိုင်ထားသော ဆေးပုလင်းကို တင်းတင်းဆုပ်လိုက်ပြီး
"ဒါဆိုရင် ကျွန်မ ဒါတွေကို အစ်ကို ဖန့် အတွက် သိမ်းထားပေးမယ်"
လျီချန်းက ရယ်မောလိုက်ပြီး
"သခင်လေးမှာ ဒါတွေ မရှားပါဘူး အဲဒါကြောင့်ပဲ သခင်မက နင့်ကို ပေးခဲ့တာပေါ့ မိန်းကလေး ထျန်းအိုက် နင့်ဘာသာနင်ပဲ သုံးလိုက်ပါ"
ကျန်းထျန်းအိုက်က ခေါင်းခါလိုက်ပြီး
"ကျွန်မ အစ်ကို ဖန့် ကိုပဲ ပေးချင်တာ"
ချန်ဖေးလန်နှင့် လျီချန်းတို့မှာ သူမကိုကြည့်ကာ မတတ်နိုင်သလို ပြုံးလိုက်ကြတော့သည်။
မြို့ပြင်ရှိ တစ်ဆယ့်ရှစ်ခရိုင်အတွင်းရှိ စွမ်းအားမြင့်ဗလာ ဘုရားကျောင်း
ဘုရားကျောင်းအတွင်းမှ တရားစာရွတ်သံများ သဲ့သဲ့ထွက်ပေါ်နေပြီး ရံဖန်ရံခါတွင် အမွှေးတိုင်လာထွန်းသော ဧည့်သည်များကြောင့် အသံများ ပြတ်တောင်းသွားတတ်သည်။
သူတို့၏ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် ထိုဧည့်သည်များမှာ မြို့ပြင်ရှိ ဆင်းရဲသား မိသားစုများမှ ဖြစ်သည်။
တကယ့် မှူးမတ်သူဌေးကြီးများမှာမူ ဤဘုရားကျောင်းကို နိမိတ်မကောင်းဟု ယူဆကြပြီး အလွယ်တကူ ခြေမချကြပေ။
ဝူရုန့်ချို မှာ ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူမသည် ပန်းပင်များကို ရေလောင်းနေပြီး ရံဖန်ရံခါတွင် လာရောက်သူများကို လမ်းညွှန်ပေးနေသည်။
ဖန့်ချန်က အနီးသို့ လျှောက်သွားပြီး ပြုံးလျက် မေးလိုက်သည်။
"စီနီယာအစ်မ ဝူ ရှကျီ ကျင့်ကြံခြင်းကနေ ထွက်လာပြီလား"
ဝူရုန့်ချိုမှာ အနည်းငယ် အံ့သြသွားသည်။ာ
"သခင်လေး ဖန့်"
ဖန့်ချန်က သူမ၏ အနီးသို့ ရောက်လာသည်အထိ သူမ လုံးဝ အာရုံမခံမိသောကြောင့် သူမ အံ့သြသွားခြင်း ဖြစ်သည်။
သူမ၏ အံ့သြမှုကို ထိန်းချုပ်လိုက်ပြီးနောက် ခပ်ဖွဖွ ပြုံးပြကာ
"ဂျူနီယာမောင်လေး ထွက်လာပါပြီ သူ အခု စွပ်ပြုတ်ချက်နေတယ်"
"ကျွန်တော် သွားတွေ့လိုက်ဦးမယ်"
ဟု ဖန့်ချန်က ခေါင်းညိတ်ပြောကာ ကျောင်းဆောင်အတွင်းသို့ လျှောက်သွားသည်။
ဝူရုန့်ချိုက ရုတ်တရက် လှမ်းပြောလိုက်သည်။
"သခင်လေး ဖန့် နောက်ရက်အနည်းငယ်အတွင်းမှာ ကျွယ်ဝူတီနဲ့ ရင်ဆိုင်ရရင် သတိထားပါ သူ သေသွားရင် ကျွယ်မိသားစုက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး"
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြပြီးနောက် သူမ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားသည်။
ဝူရုန့်ချိုက ခေါင်းကို ခပ်ဖွဖွ ခါလိုက်ပြီး သူမ၏ မျက်လုံးများတွင် လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားသည်။
"လူတိုင်းက ကျွယ်ဝူတီက ၁၀၀ ရာခိုင်နှုန်း နိုင်မယ်လို့ ပြောနေကြတာပဲ ဒါပေမဲ့ သူတို့က သခင်လေးဖန့်က ဓားကျင့်ကြံသူဆိုတာ မသိကြဘူး သူက လင်းမိသားစုခေါင်းဆောင်ကိုတောင် ဓားတစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တာလေ"
သူမသည် တောင်ပေါ်မှ ဆင်းခဲသော်လည်း ဘုရားကျောင်း လာသူများထံမှ ကျွယ်ဝူတီနှင့် ဖန့်ချန်တို့၏ အလောင်းအစားအကြောင်းကို ရံဖန်ရံခါ ကြားရသည်။
ထိုကိစ္စမှာ လူအများအကြား ပျံ့နှံ့နေပြီဖြစ်ပြီး အများအမြင်တွင် ဖန့်ချန် နိုင်ခြေမှာ သုညနီးပါးပင် ရှိသည်။
ဝူရုန့်ချိုတစ်ဦးတည်းသာလျှင် ဖန့်ချန်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို ဟင်းသီးဟင်းရွက် လှီးသကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိမှန်း သိထားသည်။
ဘုရားကျောင်းအတွင်းရှိ သစ်သားအိမ်ငယ်လေးထဲတွင် အမွှေးတိုင်နံ့များ သင်းပျံ့နေသည်။
နှစ်လခန့် လူမြင်ကွင်းမှ ပျောက်ကွယ်နေသော ရှကျီသည် မီးဖိုကို မလှုပ်မယှက် စိုက်ကြည့်နေသည်။
"ဖန့်ကြီး ချင်းစုန့် အင်ပါယာ ဆီက သတင်းရထားတယ် အခြေအနေက နည်းနည်း ထူးဆန်းနေတယ်"
ဟု ရှကျီက မီးဖိုကိုသာ အာရုံစိုက်ရင်း ပြောလိုက်သည်။
ဖန့်ချန်က အနည်းငယ် အံ့သြသွားပြီး
"ဘာဖြစ်လို့လဲ"
"နံပါတ်တစ် စစ်သူကြီးက ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီ အခု ဝံပုလွေတပ်မတော် က ချင်းစုန့်အင်ပါယာ ဘုရင့်မိသားစုရဲ့ လက်အောက်ကို အကုန်ရောက်သွားပြီ"
ဟု ရှကျီ က ဖန့်ချန်ကို တစ်ချက်ကြည့်ရင်း ရှင်းပြသည်။
"ဒီကုန်သွယ်ရေး ညီလာခံပြီးရင် ငါတို့ ပြန်သွားပြီး အခြေအနေ ကြည့်ရမယ်"
"မင်း ဒီမှာပဲနေပြီး ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပါ ငါ ပြန်သွားပြီး ကြည့်လိုက်မယ်"
ဟု ဖန့်ချန်က ပြုံးလျက် ပြန်ဖြေသည်။
"ဒါပေမဲ့ အဲဒီမတိုင်ခင် မြို့တော်မှာရှိတဲ့ ပြဿနာတွေကို အရင်ရှင်းရဦးမယ်"
"နေဦး စွပ်ပြုတ် ကျက်ပြီ"
ရှကျီသည် လက်ကို ဝှေ့ယမ်းကာ မီးကို ငြိမ်းသတ်လိုက်သည်။
ထို့နောက် သူသည် စွပ်ပြုတ်ကို စတင်ခပ်တော့သည်။
ဖန့်ချန်အတွက် တစ်ပန်းကန် သူ့အတွက် တစ်ပန်းကန် ခပ်ပြီးနောက် ခေတ္တမျှ အပြင်ထွက်သွားပြီး ပြန်ဝင်လာသည်။
"စွပ်ပြုတ်သောက်ရင်းနဲ့ မြို့တော်က အခြေအနေတွေကို ပြောပြပါဦး"
ဟု ရှကျီက ပြုံးလျက် ဆိုသည်။
"အရသာ ရှိသားပဲ မင်း လက်ရာ တော်တော်တက်လာပြီပဲ"
ဖန့်ချန်က ချီးကျူးလိုက်သည်။
စွပ်ပြုတ်ကို နောက်တစ်ငုံ သောက်ပြီးနောက် သူက ဆက်ပြောသည်မှာ
"မြို့တော်က အခြေအနေက တော်တော်ဆိုးတယ် ဒီတစ်ခေါက် ဝိညာဉ်သွေးဂိုဏ်း က ရည်မှန်းချက် အကြီးကြီးရှိတယ် တိမ်မြုပ်နယ်မြေ တစ်ခုလုံးက သူတို့ရဲ့ အစီအစဉ်ထဲမှာ ပါနေတယ်"
"တိမ်မြုပ်နယ်မြေ တစ်ခုလုံး"
ရှကျီမှာ လန့်သွားပြီး သူ၏ မျက်နှာမှာလည်း တည်ကြည်သွားသည်။
"မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
"ငါတို့မှာရှိတဲ့ တစ်ခုတည်းသော အားသာချက်က သူတို့က အလင်းထဲမှာ ရှိနေပြီး ငါတို့က အမှောင်ထဲမှာ ရှိနေတာပဲ ဒီနေရာမှာ သူတို့ကို ဖြတ်တောက်နိုင်သရွေ့ သူတို့ရဲ့ အချိန်ကို အတိုင်းအတာတစ်ခုအထိ ဆွဲဆန့်ထားနိုင်လိမ့်မယ်"
ဟု ဖန့်ချန်က ရှင်းပြသည်။
အစကတည်းက သူသိထားသည်မှာ သူလုပ်နိုင်သည်မှာ အချိန်ဆွဲထားရန်သာ ဖြစ်သည်။
ဝိညာဉ်သွေးဂိုဏ်း၏ အစီအစဉ်မှာ ယခုတစ်ခေါက် ပျက်သွားလျှင်ပင် သူတို့သည် ဒုတိယအကြိမ်အတွက် ပြင်ဆင်လာကြမည်သာ ဖြစ်သည်။
သူတို့ကို အမြစ်ပြတ် သုတ်သင်ရန်မှာ အလွန်ပင် ခဲယဉ်းလှပေလိမ့်မည်။
အခန်း ၄၀၂ - ကျွန်မ လူတစ်ယောက်ကို လာရှာတာ
ဖန့်ချန်သည် ထိုကာလအတွင်း သူသိရှိခဲ့ရသော ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူများအကြောင်းကို ရှကျီအား ပြောပြလိုက်သည်။
ထိုစကားကို ကြားပြီးနောက် ရှကျီသည် သက်ပြင်းကို အရှည်ကြီး ချလိုက်မိတော့သည်။
"ဝိညာဉ်သွေးဂိုဏ်းရဲ့ လက်တံတွေက တကယ့်ကို ပြန့်နှံ့နေတာပဲ အဆင့် ၅ အင်ပါယာတွေမှာတောင် ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတွေ အများကြီး ပုန်းအောင်းနေကြတာပဲ"
ရှကျီက ဖန့်ချန်ကို ကြည့်ကာ မေးလိုက်သည်။
"ဒါဆို ကျွယ်ဝူတီ ဖန့်ရှန့် နဲ့ ထုံပိုင်ကျိုး တို့ကရော သူတို့လည်း ဝိညာဉ်သွေးဂိုဏ်းကပဲလား ဖန့်လင်ရှင်း ကရော ဘယ်လိုလဲ"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းခါလိုက်ပြီး
"သူမကတော့ အဲဒီထဲက ဖြစ်နိုင်ခြေ မရှိပါဘူး"
"ဒါဆိုရင်တော့ သူမက တကယ့်ကို ဦးနှောက်မရှိတဲ့ မိန်းမတစ်ယောက်ပဲပေါ့"
ရှကျီက အေးစက်စွာ လှောင်ပြုံးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းမှ အငွေ့အသက်များက တဖြည်းဖြည်း မြင့်တက်လာသည်။
ရှကျီ၏ ဝိညာဉ်စွမ်းအင်မှာ လွန်ခဲ့သော နှစ်လကကဲ့သို့ မဟုတ်တော့ဘဲ အဆမတန် သန်မာလာကာ နက်ရှိုင်းခန့်ညားနေပြီဖြစ်သည်။
"မင်း အဆင့် ၁၀ကို ရောက်နေပြီပဲ"
ဖန့်ချန်က ပြုံးလျက် စဉ်းစားသလို ပြောလိုက်သည်။
"မင်း ကျင့်ကြံခြင်းနေတုန်း တစ်ခုခု ထိုးထွင်းသိမြင်ခဲ့တာလား"
ရှကျီက ခပ်ဖွဖွ ခေါင်းညိတ်သည်။
"အရင်က ငါက အရမ်းပျင်းခဲ့တာ ကျင့်ကြံတဲ့နေရာမှာလည်း အမြဲတမ်း ပေါ့ပေါ့တန်တန်ပဲ လုပ်ခဲ့တယ် အခုတော့ ငါ ပိုပြီး ကြိုးစားမှဖြစ်မယ် ဒါမှ နောင်ကျရင် မင်းကို ကူညီနိုင်လောက်တဲ့အထိ အင်အားရှိမှာ"
ဖန့်ချန်၏ မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာသည်။
ရှကျီသည် တစ်စုံတစ်ရာသော ကံကောင်းမှုနှင့် တွေ့ကြုံခဲ့မှန်း သူသိလိုက်သည်။
မဟုတ်ပါက လပိုင်းအတွင်း သူ၏ကျင့်ကြံမှုမှာ ဤမျှအထိ ခုန်တက်သွားရန် မဖြစ်နိုင်ပေ။
"ဒါနဲ့.ဘသူငယ်ချင်းဟောင်းတချို့လည်း ကုန်သွယ်ရေးညီလာခံအတွက် မဟာချန်ကို ရောက်နေကြတယ် သူတို့ကို ဒီ စွမ်းအားမြင့်ဗလာ ဘုရားကျောင်းမှာ တွေ့ဖို့ ငါ ခေါ်ထားတယ် ဆရာကြီး ချန်ယွမ် ကို တစ်ချက်လောက် ပြောပေးလို့ ရမလား"
ဟု ဖန့်ချန်က ဆိုသည်။
"မလိုပါဘူး ဆရာကြီးက ဒါတွေကို စိတ်ထဲထားမှာ မဟုတ်ဘူး"ာ
ရှကျီက ပြုံး၍ ခေါင်းခါလိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒါနဲ့ အဲဒီသူငယ်ချင်းဟောင်းတွေက ဘယ်သူတွေလဲ ငါ သိတဲ့သူရော ပါလား"
"တစ်ယောက်တော့ မင်းသိပါတယ်"
ဟု ဖန့်ချန်က ပြောလိုက်သည်။
ဘုရားကျောင်းဆောင်အတွင်းတွင် နတ်မိမယ်ယွီသည် မြတ်စွာဘုရားအား ရိုသေစွာ ဦးချလိုက်ပြီးနောက် သူမယူဆောင်လာသော အမွှေးတိုင်ကို ထွန်းကာ အမွှေးတိုင်အိုးအတွင်းသို့ ထိုးစိုက်လိုက်သည်။
သူမဘေးတွင်ရှိသော အမျိုးသမီး ဓားကျင့်ကြံသူက အနည်းငယ် နှာခေါင်းရှုံ့ကာ
"ဂျူနီယာညီမ ငါတို့ ကျင့်ကြံသူတွေက ဒီလို ဘုရားကျောင်းက ရုပ်တုတွေကို ကိုးကွယ်နေဖို့ မလိုပါဘူး"
"စီနီယာအစ်မ လုံ ကျွန်မက ငယ်ငယ်ကတည်းက ဗုဒ္ဓဘာသာကို ယုံကြည်ခဲ့တာဆိုတော့ ဒါက အကျင့်ဖြစ်နေပြီလေ"
နတ်မိမယ်ယွီက ချစ်စဖွယ် ပြုံးပြလိုက်သည်။
"တကယ်လို့ စီနီယာအစ်မ ဒီမှာ မနေချင်ရင် အပြင်မှာ ခဏစောင့်နေပေးလို့ ရပါတယ်"
"ကောင်းပြီ အမွှေးတိုင် တစ်တိုင်စာလောက်ပဲ အချိန်ပေးမယ်၊ ပြီးရင် ငါတို့ သွားရမယ် ဒီလို ဘုရားကျောင်းအသေးလေးက ငါတို့ ကိုးကွယ်ဖို့ ထိုက်တန်လို့လား"
ဟု ဆိုကာ ထိုအမျိုးသမီး ဓားကျင့်ကြံသူမှာ လှည့်ထွက်သွားတော့သည်။
နတ်မိမယ်ယွီသည် ခေတ္တမျှ ငြိမ်သက်စွာ ရပ်နေလိုက်သည်။
ထိုအမျိုးသမီး ထွက်သွားသည်မှာ သေချာမှ ဘုရားကျောင်းဆောင်ထဲမှ တိတ်တဆိတ် ထွက်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
ဝူရုန့်ချိုမှာ ထိုလမ်းကို ဖြတ်သွားစဉ် နတ်မိမယ်ယွီ၏ ထူးခြားလှပသော အသွင်အပြင်ကို မြင်သောအခါ မနေနိုင်ဘဲ ရပ်တန့်၍ မေးလိုက်သည်။
"မိန်းကလေး တစ်ခုခု ရှာနေတာလား"
နတ်မိမယ်ယွီက ပြုံးလျက်
"ကျွန်မ လူတစ်ယောက်ကို လာရှာတာပါ"
ဝူရုန့်ချို၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားသည်။
လူတစ်ယောက်ကို ရှာတာ ဘုရားကျောင်းထဲမှာလား
နတ်မိမယ်ယွီသည် စွမ်းအားမြင့်ဗလာ ဘုရားကျောင်းကို တမင်သက်သက် လှောင်ပြောင်နေသည်ဟု ဝူရုန့်ချို ထင်လိုက်မိသည်။
သူမ ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် နတ်မိမယ်ယွီက ဆက်ပြောသည်မှာ
"ဒီမှာ ကျောက်စိမ်းလို ချောမောပြီး လောကမှာ အနှိုင်းမဲ့တဲ့ ကြည့်လိုက်တာနဲ့တင် ဘယ်မိန်းကလေးကိုမဆို ဆွဲဆောင်နိုင်တဲ့ လူငယ်လေးတစ်ယောက် ရှိနေသလားဟင်"
ဝူရုန့်ချိုမှာ မှင်တက်သွားသည်။
သူမ ပြောမည့်စကားများကို ပြန်မျိုချလိုက်ပြီး နတ်မိမယ်ယွီကို သံသယဖြင့် စိုက်ကြည့်ကာ
"ဒီမှာ အဲဒီလိုလူမျိုး မရှိပါဘူး..."
ထို့နောက် ဝူရုန့်ချိုက ရုတ်တရက် မေးလိုက်သည်။
"နင်ရှာနေတဲ့လူက ဖန့်မိသားစုကလား"
နတ်မိမယ်ယွီ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ဖျတ်ခနဲ ပေါ်လာသည်။
"မှန်တယ်!"
"ငါ့နောက် လိုက်ခဲ့"
ဟု ဝူရုန့်ချိုက ဆိုသည်။
ဝူရုန့်ချိုသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိပြီး နတ်မိမယ်ယွီကို ဖန့်ချန် ရှိရာသို့ ခေါ်ဆောင်သွားတော့သည်။
လမ်းတွင် ဝူရုန့်ချိုက မေးလိုက်သည်။
"မိန်းကလေး နင်နဲ့ သခင်လေးဖန့်နဲ့က ဘယ်လို ပတ်သက်တာလဲ"
နတ်မိမယ်ယွီက ပြုံး၍ မေးခွန်းကို မေးခွန်းဖြင့်ပင် ပြန်ဖြေသည်။
"အစ်မရော သူနဲ့ ဘယ်လို ပတ်သက်တာလဲ"
နတ်မိမယ်ယွီ၏ မျက်လုံးများက ဝူရုန့်ချိုကို စူးစမ်းနေသည်။
ရှေ့တွင်ရှိနေသော အမျိုးသမီးမှာ အလွန်တရာ တည်ငြိမ်အေးချမ်းသည့် အရည်အသွေး ရှိနေမှန်း သူမ ခံစားမိသည်။
ဖန့်ချန်က သူမကို ထိုနေရာသို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု တွေးလိုက်မိသဖြင့် နတ်မိမယ်ယွီ၏ အပြုံးတွင် အနည်းငယ်သော ဝမ်းနည်းရိပ်ကလေး ပေါ်လာသည်။
"ကျွန်မလား ကျွန်မက သခင်လေးဖန့်နဲ့ ဘာမှမပတ်သက်ပါဘူး သူက ကျွန်မရဲ့ ဂျူနီယာမောင်လေးနဲ့ အရမ်းခင်လို့ပါ"
ဟု ဝူရုန့်ချိုက ပြောသည်။
နတ်မိမယ်ယွီ၏ မျက်လုံးများ တောက်ပသွားသည်။
"အစ်မရဲ့ မောင်လေးနဲ့ အရမ်းခင်တာလား?ူ အစ်မမောင်လေးက ဘယ်သူလဲ"
"ရှကျီ လေ"
ဟု ဝူရုန့်ချိုက ဖြေသည်။
ထိုစကားကို ကြားသောအခါ နတ်မိမယ်ယွီသည် သူမ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ရသည်။
သခင်လေးဖန့်က သူမကို တွေ့ဖို့ ဘာလို့ ဒီကို ခေါ်ခဲ့တာလဲဆိုတာ မဆန်းတော့ဘူးပဲ။
တတိယမင်းသားလည်း ဒီမှာ ရှိနေတာကိုး။
တတိယမင်းသားမှာ မြို့တော်တွင် ရှိစဉ်က ဖန့်ချန်၏ အနည်းငယ်သော သူငယ်ချင်းများထဲမှ တစ်ဦး ဖြစ်သည်။
သူနှင့် မဟာချန်းမှာ တွေ့ရလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားပေ။
သခင်လေးဖန့်ကို မတွေ့ရတာ ကြာပြီပဲ။ သူ နေကောင်းရဲ့လားမသိဘူး။
မဟာရှကို မပြန်ရတာလည်း ကြာပြီ၊ အိမ်ကို လွမ်းလိုက်တာ
မကြာမီမှာပင် ဝူရုန့်ချိုသည် သူမအား သစ်သားအိမ်ငယ်လေးတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး အတွင်းမှ သင်းပျံ့သော အနံ့တစ်ခု ထွက်ပေါ်နေသည်။
"ကျွန်မမောင်လေးက စွပ်ပြုတ်ချက်တာ ဝါသနာပါတယ် အကုန်မသောက်ရသေးရင်တော့ နင်လည်း မြည်းကြည့်ရလိမ့်မယ်"
ဝူရုန့်ချိုက ပြုံးလျက်
"နင်ဘာသာနင်ပဲ ဝင်သွားလိုက်ပါ၊ ငါတော့ မဝင်တော့ဘူး"
ထိုသို့ပြောပြီး ဝူရုန့်ချိုမှာ လှည့်ထွက်သွားသည်။
နတ်မိမယ်ယွီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သစ်သားအိမ်ထဲသို့ ဖြည်းညှင်းစွာ ဝင်သွားရာ ရင်းနှီးသော ပုံရိပ်နှစ်ခုကို ချက်ချင်း မြင်လိုက်ရသည်။
ဖန့်ချန်ကို မြင်လိုက်ရသည်နှင့် နတ်မိမယ်ယွီက အော်လိုက်သည်မှာ
"သခင်လေးဖန့်"
သူမသည် လေပွေတစ်ခုကဲ့သို့ သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားပြီး သူ၏ ပေါင်ပေါ်တွင် ထိုင်လိုက်တော့သည်။
ရှကျီက မနေနိုင်ဘဲ စလိုက်သည်။
"နတ်မိမယ်ယွီ ငါတို့ မတွေ့ရတာလည်း ကြာပြီလေလဘာလို့ ငါ့ကို မမြင်သလို လုပ်နေတာလဲ နင့်စိတ်ထဲမှာ ဖန့်ချန် တစ်ယောက်တည်းပဲ ရှိတာလား ငါတော့ စိတ်မကောင်းဖြစ်ရပြီ"
သို့သော် ရှကျီ မမျှော်လင့်ထားသည်မှာ နတ်မိမယ်ယွီက သူ့ကို လုံးဝ လျစ်လျူရှုထားခြင်း ဖြစ်သည်။
သူမသည် ဖန့်ချန်၏ ရင်ခွင်ထဲတွင် မှီလျက် သူ၏ မျက်နှာကို မော့ကြည့်နေသည်။
သူမ၏ အကြည့်မှာ ဖန့်ချန်၏ မျက်နှာအစိတ်အပိုင်း တိုင်းကို သူမ၏ စိတ်ထဲတွင် စွဲထင်သွားစေရန် စိုက်ကြည့်နေသလိုပင်။
ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး
"နင် မဆင်းသေးဘူးလား"
"သခင်လေးက ပိုပြီး နုပျိုလာသလိုပဲနော်"
ဟု နတ်မိမယ်ယွီက သံသယဖြင့် ထောက်ပြလိုက်သည်။ သူမသည် ဖန့်ချန်၏ ရင်ခွင်ထဲမှ ထွက်ရန် အစီအစဉ် မရှိပုံရချေ။
"မင်းတို့ရဲ့ သခင်လေးက ဗုဒ္ဓတရားတော်တွေကို ထိုးထွင်းသိမြင်ခဲ့လို့ အသက်အနည်းငယ် ပြန်ရလာတာလေ"
ဟု ရှကျီက ရှင်းပြသည်။
နတ်မိမယ်ယွီမှာ အံ့သြသွားသည်။
"တရားတော်တွေက အဲဒီလို လုပ်ပေးနိုင်တာလား"
ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်ကာ
"စကားလမ်းကြောင်း မလွှဲနဲ့ အခု ဆင်းတော့ ဒါက ဗုဒ္ဓဘာသာရဲ့ သန့်ရှင်းတဲ့နေရာလေ နင် အခုလို လုပ်တာက မသင့်တော်ဘူး"
နတ်မိမယ်ယွီသည် ချက်ချင်းပင် လျှာလေးထုတ်ပြလိုက်ပြီး ဆက်၍ မဆော့ရဲတော့ပေ။
သူမသည် မတ်တတ်ရပ်လိုက်ကာ ဖန့်ချန်၏ နောက်သို့သွား၍ သူ၏ ပုခုံးများကို နှိပ်ပေးတော့သည်။
"ခုနက သခင်လေး ချန်ထားခဲ့တဲ့ အမှတ်အသားကို မြင်လို့ ကျွန်မ ချက်ချင်း လိုက်လာတာ ဒါပေမဲ့ ကျွန်မ ဒီမှာ အကြာကြီး နေလို့မရဘူး စီနီယာအစ်မက အပြင်မှာ စောင့်နေလို့"
ဟု နတ်မိမယ်ယွီက ဆိုသည်။
"နတ်မိမယ်ယွီ နင် ဘယ်ဂိုဏ်းထဲ ရောက်သွားတာလဲ"
ဟု ရှကျီက စပ်စုလိုက်သည်။
မဟာရှတွင် ဝိညာဉ်ခြင်ဆီတစ်ခု ပေါ်လာခဲ့ပြီး ကျင့်ကြံသူ အများအပြား တပည့်လာရှာခဲ့ကြသည်ကို ရှကျီ သိထားပြီး ဖြစ်သည်။
"သခင်လေး တတိယမင်းသား ကျွန်မနဲ့ စီနီယာအစ်မတို့က ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း ကပါ အဲဒါက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ ဂိုဏ်းတစ်ခုပဲ ဂိုဏ်းထဲက ကျင့်ကြံသူ အားလုံးက ဓားကျင့်ကြံသူတွေပဲ"
" ကျွန်မက အစွန်းရောက် ဓားတောင်ထိပ် ရဲ့ တပည့်တစ်ဦးပါ ကျွန်မတို့ နှစ်ယောက်လုံးက ဆရာတစ်ယောက်တည်းရဲ့ တပည့်တွေပဲ"
နတ်မိမယ်ယွီက ဆက်ပြောသည်မှာ
"ဟင်းလင်းပြင်ထာဝရ ဓားဂိုဏ်းက အလယ်တိုက်ကြီး အင်ပါယာမှာ ရှိတာ ဒီကနေဆိုရင် အရမ်းဝေးတယ်"
ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းလား
ဖန့်ချန်၏ မျက်လုံးများတွင် အံ့သြရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
မသေမျိုး ပုဒု သည် ဓားကလေး ၏ ဓားသန္ဓေသားလောင်းကို ထိုဂိုဏ်းထံမှ ခိုးယူခဲ့ခြင်း ဖြစ်သည်။
နတ်မိမယ်ယွီသည် ထိုဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
"အဆင့် ၁ အင်ပါယာလား တကယ့်ကို အထင်ကြီးစရာပဲ"
ရှကျီ၏ မျက်လုံးများ တောက်ပသွားသည်။
"ဒီလိုဆိုရင် နောင်ကျရင် ငါက နင့်ကို စီနီယာလို့တောင် ခေါ်ရတော့မှာပေါ့"
"တတိယမင်းသား ကျွန်မ ထင်တာကတော့ ရှင့်ရဲ့ ကျင့်ကြံမှုက ကျွန်မထက်တောင် ပိုနက်ရှိုင်းနေသလိုပဲ ကျွန်မကသာ ရှင့်ကို စီနီယာလို့ ခေါ်ရမှာပါ"
ဟု နတ်မိမယ်ယွီက နောက်လိုက်သည်။
ရှကျီက ဂုဏ်ယူစွာ ရယ်မောလိုက်သည်။
"ငါက သာမန်ပါရမီရှင်မှ မဟုတ်တာ မဟုတ်ရင် ငါ့ဆရာက ငါ့ကို ဘာလို့ တပည့်အဖြစ် လက်ခံမှာလဲ"
နတ်မိမယ်ယွီက နားလည်စွာ ပြုံးလိုက်သည်။
တတိယမင်းသားမှာ ထိုအသေးအမွှားလေးများကြောင့် ဘဝင်မြင့်မည့်သူ မဟုတ်မှန်း သူမသိသည်။
သူတို့သည် နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့ကြသူများဖြစ်သဖြင့် နောက်ပြောင်နေကြခြင်းသာ ဖြစ်သည်။
"တတိယမင်းသား ကျွန်မတို့ မဟာရှမှာ ရှိတုန်းက ရှင်နဲ့ သခင်လေးတို့ အများကြီး အပြန်အလှန် ဆွေးနွေးခဲ့ကြတာလေ အခုလို ပြန်တွေ့ရတာ ကျွန်မ အရမ်းဝမ်းသာတယ်"
ဟု နတ်မိမယ်ယွီက တိုးတိုးလေး ဆိုသည်။
ရှကျီ၏ မျက်နှာတွင်လည်း တည်ကြည်မှုတစ်ခု ပေါ်လာပြီး ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။
"ငါလည်း အရမ်း ဝမ်းသာပါတယ်"