အခန်း (၄၁၁-၄၁၂)
Vol. 42 Ch. 411-412
ဖန့်ချန်
ဘာသာပြန် အရှင်ငယ်
အခန်း ၄၁၁ - ဓားပြတိုက်ခြင်း
နောက်တစ်နေ့ နံနက်စောစောတွင် တုန်းဖန်းဟောက်ကျဲသည် နျဲ့ထျန်းယွမ်နှင့် အခြားသူများကို ခေါ်ဆောင်ကာ မြို့ပြင်ရှိ ဝိညာဥ်ရင်းမြစ်ရပ်ကွက် သို့ ထွက်လာခဲ့သည်။
သူတို့၏ ပထမဆုံးအမှတ်တိုင်မှာ ကျောက်စိမ်းမြစ်ခန်းမ ပင် ဖြစ်သည်။
ထိုအတောအတွင်း ဝိညာဥ်ရင်းမြစ်ရပ်ကွက်၏ စီးပွားရေးမှာ အလွန်ကောင်းမွန်နေပြီး အရပ်ရပ်မှ ကျင့်ကြံသူများသည် ကံစမ်းရန် ဤနေရာသို့ စုပြုံရောက်ရှိနေကြသည်။
ထို့ကြောင့် သူတို့သည် ဖန့်ချန်နှင့် ပတ်သက်သည့် သတင်းများကိုလည်း ကြားထားကြသည်။
"ဝိညာဥ်ရင်းမြစ်ကျောက် ဆရာတစ်ယောက် ဟုတ်လား မဟာချန်းလို အဆင့် ၅ အင်ပါယာလေးကနေ ဝိညာဥ်ရင်းမြစ်ကျောက် ဆရာတစ်ယောက် တကယ်ပဲ ထွက်ပေါ်လာနိုင်လို့လား ဒါကတော့ မဖြစ်နိုင်သလောက်ပဲ"
ဟု တုန်းဖန်းဟောက်ကျဲက သူကိုင်ထားသော ဝိညာဥ်ရင်းမြစ်ကျောက်တုံးကို ပြန်ချရင်း ဝေခွဲမရစွာ ပြောလိုက်သည်။
"သခင်လေး ဝိညာဥ်ရင်းမြစ်ကျောက် ဆရာဆိုတာက အမွေအနှစ်နဲ့ ဆိုင်တာပါ"
"နောက်ခံက ဘယ်လိုပဲဖြစ်ဖြစ် ဒီဖန့်မိသားစုဝင်ဟာ ဝိညာဥ်ရင်းမြစ်ကျောက် ဆရာတစ်ယောက်ရဲ့ တပည့်အဖြစ် အသိအမှတ်ပြုခံရပြီး နည်းပညာအချို့ကို သင်ယူခွင့်ရခဲ့တဲ့ ကံကောင်းသူ ဖြစ်နိုင်ပါတယ်"
ဟု နျဲ့ထျန်းယွမ်က ပြုံးလျက် ရှင်းပြသည်။
"ဒီလူကြီးမင်း ပြောတာ မှန်ပါတယ် အဲဒီသခင်လေးဖန့်က တကယ့် ဝိညာဥ်ရင်းမြစ်ကျောက် ဆရာတစ်ယောက်ရဲ့ တပည့် ဖြစ်နိုင်ပါတယ်"
ဟု ထုံပိုင်ကျိုး က ပြုံးရွှင်စွာဖြင့် သူတို့အနီးသို့ ချဉ်းကပ်လာရင်း နှုတ်ဆက်လိုက်သည်။
"ကျွန်တော်က ကျောက်စိမ်းမြစ်ခန်းမ ရဲ့ အမွေဆက်ခံသူ ထုံပိုင်ကျိုး ပါ ဝိညာဥ်ရင်းမြစ်ကျောက်တွေနဲ့ ကံစမ်းချင်တယ်ဆိုရင်တော့ ခင်ဗျားတို့ နေရာမှန်ကို ရောက်လာတာပါပဲ"
"မင်းက ငါတို့အကြောင်းကို တော်တော်စုံစမ်းထားတာပဲ ငါတို့နောက်ခံကို သိလို့လား"
နျဲ့ထျန်းယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။
ထုံပိုင်ကျိုးက ပြုံးကာ ခေါင်းညိတ်သည်။
"နည်းနည်းပါးပါးတော့ သိပါတယ်"
"အစ်ကိုထုံ ငါက မဟာဝေက တုန်းဖန်းမိသားစုက တုန်းဖန်းဟောက်ကျဲ ပါ မင်းက ဒီနေရာရဲ့ သခင်လေးဆိုတော့ ငါတို့ကြည့်ဖို့ အရည်အသွေးမြင့်တဲ့ ဝိညာဥ်ရင်းမြစ်ကျောက်တွေ ထုတ်ပေးနိုင်မလား"
တုန်းဖန်းဟောက်ကျဲက ပြုံးလိုက်သည်။
"ဒီခန်းမထဲက ကျောက်တွေကတော့ သာမန်ကျင့်ကြံသူတွေအတွက်ပဲ သင့်တော်ပါတယ်"
"အစ်ကိုတုန်းဖန်းကလည်း ဝိညာဥ်ရင်းမြစ်ကျောက်တွေအကြောင်း တော်တော်နှံ့စပ်ပုံရတယ်ပဲ ဒီနေ့တော့ ပညာရှင်တစ်ယောက်နဲ့ ဆုံရပြီ"
" ကြွပါ အစ်ကိုတုန်းဖန်း အထူးခန်း ကို လိုက်ခဲ့ပါအဲဒီမှာ ပိုကောင်းတဲ့ ကျောက်တွေ ခင်းကျင်းထားပါတယ်"
ဟု ထုံပိုင်ကျိုးက နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။
သူတို့က ထုံပိုင်ကျိုးနောက်သို့ လိုက်၍ နောက်ဘက်ခန်းမသို့ ဝင်သွားစဉ်၊ ကျောက်စိမ်းမြစ်ခန်းမ ထဲသို့ ကျော့ရှင်းသော ပုံရိပ်နှစ်ခု ဝင်လာသည်။
"ညီမလေး မင်းက ဘယ်တုန်းက ဝိညာဥ်ရင်းမြစ်ကျောက်တွေကို စိတ်ဝင်စားသွားတာလဲ"
ဟု အမျိုးသမီး ဓားကျင့်ကြံသူက ခပ်အေးအေး မေးလိုက်သည်။
နတ်သမီး ယွီ က သူမ၏ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို ကြည့်ရင်း ပြန်ဖြေသည်။
"အစ်မကြီး ဝိညာဥ်ရင်းမြစ်ကျောက်တွေက စိတ်ဝင်စားဖို့ မကောင်းဘူးလား ဂိုဏ်းမှာတောင် စီနီယာအစ်ကိုတစ်ယောက် ပြောတာ ကြားဖူးတယ်"
"အကြီးအကဲတစ်ယောက်က ဝိညာဥ်ရင်းမြစ်ကျောက်ထဲကနေ ဓားဝိညာဉ် တစ်ခုကို ခွဲထုတ်နိုင်ခဲ့ဖူးတယ်တဲ့"
အမျိုးသမီး ဓားကျင့်ကြံသူက ခေါင်းညိတ်သည်။
"ငါလည်း ကြားဖူးပါတယ်၊ ဒါပေမဲ့ အဲဒါက အမှန်လားဆိုတာ ပြောဖို့ ခက်တယ် ဓားဝိညာဉ်ဆိုတာ ဒဏ္ဍာရီထဲမှာပဲ ရှိတယ်လို့ ငါယုံကြည်တယ်"
"တကယ်လို့ ဓားတစ်လက်ကို ဓားဝိညာဉ်နဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင်တော့ တကယ့် နတ်ဘုရားကံတရား ကို ရရှိတာနဲ့ အတူတူပဲ"
ဘေးပတ်ဝန်းကျင်မှ ဆူညံသံများကို မြင်သောအခါ အမျိုးသမီး ဓားကျင့်ကြံသူ၏ မျက်မှောင်များ ကြုတ်သွားပြီး စိတ်မရှည်သော အရိပ်အယောင်များ ပေါ်လာသည်။
"သွားကြရအောင် ဒီနေရာက ဆူညံလွန်းတယ် ငါ မကြိုက်ဘူး"
"အစ်မကြီး ငါတို့ ဒီမှာ ခဏနေရဦးမှာပဲလေ ရောက်တုန်းရောက်ခိုက် ကံစမ်းကြည့်တာပေါ့ ဂိုဏ်းကို ပြန်သွားရင်လည်း ပျင်းစရာကောင်းတဲ့ တံခါးပိတ်ကျင့်ကြံမှုတွေပဲ လုပ်နေရမှာကို"
ဟု နတ်သမီးယွီက ချော့မော့ပြောဆိုလိုက်သည်။
အမျိုးသမီး ဓားကျင့်ကြံသူက သက်ပြင်းချကာ
"ကောင်းပြီလေ မင်းကို ငါကိုယ်တိုင် ဂိုဏ်းထဲ ခေါ်လာခဲ့တာဆိုတော့ မင်းအလိုကို နောက်တစ်ကြိမ် လိုက်လျောပေးပါ့မယ် သွားကြစို့"
တုန်းဖန်းဟောက်ကျဲသည် အထူးခန်းသို့ ရောက်သောအခါ ဝိညာဥ်ရင်းမြစ်ကျောက်များ၏ အရည်အသွေးမှာ သိသိသာသာ ပိုကောင်းနေသည်ကို တွေ့ရသဖြင့် သူသည် သေချာစွာ စတင်စစ်ဆေးတော့သည်။
တုန်းဖန်းဟောက်ကျဲက ရုတ်တရက် ပြောလိုက်သည်
"ဦးလေးနျဲ့ အားလုံး အပြင် ခဏထွက်ပေးကြပါ ကျွန်တော် တစ်ယောက်တည်း ဒီကျောက်တွေကို အေးအေးဆေးဆေး ကြည့်ချင်လို့ပါ"
ထုံပိုင်ကျိုးမှာ ခေတ္တမျှ မှင်တက်သွားသည်။
နျဲ့ထျန်းယွမ်က သူ့ကိုကြည့်ကာ ပြုံးပြသည်။
"အားလုံး အပြင်ထွက်ကြရအောင် သခင်လေးက ဝိညာဥ်ရင်းမြစ်ကျောက်တွေကို ကြည့်တဲ့အခါ တခြားသူတွေ ရှိနေတာကို မကြိုက်ဘူး"
ထုံပိုင်ကျိုးက ခေါင်းညိတ်သည်။
"တစ်ခုခု လိုအပ်ရင် ခေါ်လိုက်ပါဗျာ"
နျဲ့ထျန်းယွမ်နှင့်အတူ အပြင်သို့ ထွက်လာပြီးနောက် သူတို့သည် အခြား တိတ်ဆိတ်သော အခန်းတစ်ခုသို့ ဝင်လိုက်ကြသည်။
ထုံဟု က နျဲ့ထျန်းယွမ်ကို ကြည့်ကာ ပြုံးလိုက်သည်။
"တုန်းဖန်းမိသားစုနဲ့ အတူရှိနေတာ နှစ်တွေ အများကြီး ကြာပြီကို သူတို့က မင်းကို အခုထိ မယုံကြသေးဘူးလား"
နျဲ့ထျန်းယွမ်က တည်ငြိမ်စွာ ပြန်ဖြေသည်။
"တုန်းဖန်းမိသားစုမှာ ဝိညာဥ်ရင်းမြစ်ကျောက်တွေကို ကိုင်တွယ်တဲ့ ထူးခြားတဲ့ လျှို့ဝှက်နည်းစနစ်တွေ ရှိတယ် အဲဒီပညာကို ပြင်ပလူတွေကို ပေးမကြည့်ဘူးလေ"
"နှမြောစရာပဲ တကယ်လို့ သူတို့ရဲ့ လျှို့ဝှက်နည်းစနစ်တွေကို အလွယ်တကူ ရနိုင်မယ်ဆိုရင် တကယ့်ကို အောင်မြင်မှုကြီး တစ်ခု ဖြစ်မှာပဲ"
ဟု ထုံဟု က တိုးတိုးလေး ရေရွတ်လိုက်သည်။
ဘေးပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိတော့သည်ကို မြင်သောအခါ တုန်းဖန်းဟောက်ကျဲသည် ချက်ချင်းပင် တားမြစ်အစီရင်တစ်ခုကို တည်ဆောက်လိုက်သည်။
ထို့နောက် သူ၏ လက်ထိပ်ကို ညှစ်ကာ သွေးတစ်စက် ထုတ်လိုက်သည်။
ထိုသွေးစက်သည် လေထဲတွင် ဝဲပျံနေသည်။
၎င်းသည် သာမန်သွေးနှင့်မတူဘဲ ရွှေရောင်ဖျော့ဖျော့လေး တောက်ပနေသည်။
နောက်တစ်ခဏတွင် ထိုသွေးစက်သည် မြူခိုးအဖြစ် ပြောင်းလဲသွားပြီး အနီးနားရှိ ဝိညာဥ်ရင်းမြစ်ကျောက်တုံးများပေါ်သို့ ပျံ့နှံ့သွားသည်။
ထိုအခါ ကျောက်တုံးများသည် အနက်၊ အဖြူ၊ ခရမ်း နှင့် ရွှေရောင် စသည့် အရောင်အမျိုးမျိုးဖြင့် လင်းထိန်လာတော့သည်။
တုန်းဖန်းဟောက်ကျဲ၏ အကြည့်မှာ အရေအတွက် အနည်းဆုံးဖြစ်သော ခရမ်းရောင်နှင့် ရွှေရောင် ကျောက်တုံးများပေါ်သို့သာ ကျရောက်သွားသည်။
ခရမ်းရောင် နှစ်တုံးနှင့် ရွှေရောင် တစ်တုံး ရှိနေသည်။
"အရည်အသွေးက သိပ်မကောင်းလှပါလား ဒီလောက် ကျောက်တုံးအများကြီးထဲမှာ ခရမ်းရောင် နှစ်တုံးနဲ့ ရွှေရောင် တစ်တုံးပဲ ပါတာလား"
ဟု တုန်းဖန်းဟောက်ကျဲက တစ်ယောက်တည်း ရေရွတ်လိုက်သည်။
ဖန့်ချန်သည် ဖြစ်ပျက်သမျှကို မြင်တွေ့လိုက်ရပြီး အခြေအနေကို နားလည်သွားသည်။
ထိုနဂါးသွေးမျိုးဆက်သည် တကယ့်ကို ထူးခြားလှသည်။
သူတို့၏ သွေးသည် ဝိညာဥ်ရင်းမြစ်ကျောက်များ၏ အရည်အသွေးကိုပင် ခွဲခြားပေးနိုင်သည် မဟုတ်လား။
သူ၏ ဝိညာဉ်အသိကို ကိုယ်ခန္ဓာထဲ ပြန်သွင်းပြီးနောက် ဖန့်ချန်သည် အရိပ်ထဲမှ ထွက်လာခဲ့သည်။
သူသည် လက်ထဲမှ ဓားရှည်ကို တုန်းဖန်းဟောက်ကျဲ၏ လည်ပင်းသို့ တေ့လိုက်သည်။
"ဒါက ဓားပြတိုက်တာ"
ဟု ဖန့်ချန်က ပြောလိုက်သည်။
ဖန့်ချန်၏ လက်ထဲရှိ ဓားမှာ ဓားငယ်လေး မဟုတ်ဘဲ သာမန် ရတနာဓားတစ်လက်သာ ဖြစ်သည်။
ဓားငယ်လေးကို ထုတ်သုံးလျှင် ထိုအမျိုးသမီး ဓားကျင့်ကြံသူက ရိပ်မိသွားမည်ကို ဖန့်ချန် စိုးရိမ်သောကြောင့် ဖြစ်သည်။
တုန်းဖန်းဟောက်ကျဲမှာ တုန်လှုပ်သွားပြီး မယုံကြည်နိုင်သော မျက်နှာဖြင့် ကြည့်နေမိသည်။
ဒီလိုနေရာမျိုးမှာ သူ ဓားပြတိုက်ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တုန်းဖန်းဟောက်ကျဲက စိတ်ကို တည်ငြိမ်အောင် ထားပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။
"မင်းက ငါ့ဆီက ပိုက်ဆံတွေကို လာလုတာလား"
ဖန့်ချန်က ခေါင်းခါပြသည်။
"မဟုတ်ဘူး"
တုန်းဖန်းဟောက်ကျဲ၏ မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်သွားသည်။
"ဒါဆို... မင်းက ငါ့ခန္ဓာကိုယ်ကို လိုချင်လို့လား"
"မင်းမှာ ငါ တပ်မက်စရာ တစ်ခုခု ရှိလို့လား"
ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"ငါ မင်းရဲ့ သွေး ၁၀ စက်ပဲ လိုချင်တာ မင်းဘာသာမင်း ပေးမလား ဒါမှမဟုတ် ငါ့ကို ကူညီပေးစေချင်သလား"
တုန်းဖန်းဟောက်ကျဲက ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်အေးသွားပြီး အေးစက်သော အသံဖြင့် ပြောသည်။
"မင်းက နျဲ့ထျန်းယွမ် လွှတ်လိုက်တဲ့သူလား"
ဖန့်ချန်မှာ အနည်းငယ် အံ့သြသွားသည်။ ဒီကောင်က နျဲ့ထျန်းယွမ်မှာ မကောင်းတဲ့ အကြံရှိနေတာကို သိနေတာလား
"မင်းက နျဲ့ထျန်းယွမ်ရဲ့ လူဖြစ်ပုံရတယ် ငါ့အဖေ ပြောဖူးတယ် သူ့ရဲ့ နောက်ခံက နည်းနည်း ဆန်းကြယ်တယ်တဲ့"
"သူ ငါတို့မိသားစုမှာ ဒီနှစ်တွေအထိ ရှိနေတာက ငါတို့ဆီက လျှို့ဝှက်ချက်တွေကို လိုချင်လို့ ဖြစ်မှာပေါ့"
ဟု တုန်းဖန်းဟောက်ကျဲက ဆိုသည်။
"ဒါနဲ့ ငါ စပ်စုချင်လို့ ငါ ခုနက ဒီနေရာကို ရှင်းထားတာပဲ ငါ့ရဲ့ အစွမ်းနဲ့ဆိုရင် ဘယ်သူမှ ငါ့အာရုံကနေ ပုန်းနေလို့ မရဘူး. မင်း ဘယ်လိုလုပ်ပြီး ဒီထဲ ရောက်လာတာလဲ"
"မင်း တစ်ခုတော့ မှားနေပြီ ငါက နျဲ့ထျန်းယွမ်ရဲ့ လူမဟုတ်ဘူး ဒါပေမဲ့ သူကတော့ မင်းအပေါ် မကောင်းတဲ့ အကြံရှိနေတာ အမှန်ပဲ"
ဟု ဖန့်ချန်က ပြန်ဖြေလိုက်သည်။
ထို့နောက် သူက တိုးတိုးလေး ဆက်ပြောသည်
"ငါ မင်းရဲ့ သွေး ၁၀ စက်ပဲ လိုတာပါ နဂါးသွေးမျိုးဆက် တစ်ယောက်အနေနဲ့ ဒီသွေးကို ငါ ဘာအတွက် သုံးမလဲဆိုတာ မင်း ခန့်မှန်းမိမှာပါ"
" မင်းသာ သဘောမတူရင် ငါ ဒီကနေ ထွက်သွားမှာ မဟုတ်ဘူး မင်းရဲ့ အသက်ကို လောင်းကြေးထပ်မလား ဒါမှမဟုတ် နျဲ့ထျန်းယွမ်အကြောင်းကို ပိုသိချင်သလား"
တုန်းဖန်းဟောက်ကျဲမှာ အံ့သြသွားသည်။
"မင်းက သွေးမျိုးဆက်အကြောင်းကို သိနေတာလား"
သူသည် နောက်လှည့်ကြည့်ပြီး ထိုလူက ဘယ်သူလဲဆိုတာ သိချင်နေသော်လည်း မလှည့်ရဲပေ။
တစ်ဖက်လူက အနီးအနားမှာ ရွှေအမြုတေအဆင့် ပညာရှင်ရှိနေတာတောင် ဒီလို လုပ်ရဲတယ်ဆိုရင်၊ သူတို့က နျဲ့ထျန်းယွမ်ဘက်က မဟုတ်ရင်တောင် သူတို့ရဲ့ အစွမ်းအပေါ်မှာ အလွန် ယုံကြည်မှု ရှိနေတာ ဖြစ်ရမယ်။
"သွေး ၁၀ စက် ဒါဆို ငါ အနည်းဆုံး လအတော်ကြာအောင် အားနည်းသွားလိမ့်မယ် အဲဒါကို အရစ်ကျ ပေးလို့ မရဘူးလား"
တုန်းဖန်းဟောက်ကျဲက စျေးဆစ်ကြည့်သည်။
"ငါက လူအ မဟုတ်ဘူး"
ဖန့်ချန်က ပြုံးလိုက်သည်။
"ငါ မင်းဆီက သွေး ၁၀ စက်ကို ဒီအတိုင်း အလကား ယူမှာ မဟုတ်ပါဘူး ငါ နောက်မှ ပြောမယ့် စကားတွေကို နားထောင်ပါ အဲဒါက မင်းရဲ့ အသက်ကို ကယ်နိုင်လိမ့်မယ်"
တုန်းဖန်းဟောက်ကျဲ၏ အမူအရာမှာ ဝေခွဲမရ ဖြစ်နေသည်။ ခဏအကြာတွင် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"မင်း ငါ့ကို လှည့်စားနေတာ မဟုတ်ဖို့ မျှော်လင့်ပါတယ်"
ချက်ချင်းပင် သူ၏ သွေးများမှာ ဆူပွက်လာပြီး ရွှေရောင် တောက်နေသော သွေးစက်များသည် သူ၏ လက်ထိပ်များမှ ထွက်ပေါ်လာတော့သည်။
သူ၏ ဖခင်က မှာထားဖူးသည် တကယ်လို့ သွေးမျိုးဆက် လျှို့ဝှက်ချက်ကို သိတဲ့ ကျင့်ကြံသူနဲ့ တွေ့ရင် ဖြစ်နိုင်တဲ့ ကံကြမ္မာက တစ်ခုတည်းပဲ ရှိတယ် အဲဒါက ခန္ဓာကိုယ်ထဲက သွေးအားလုံးကို အတင်းအဓမ္မ ထုတ်ယူခံရတာပဲ။
ယခုမူ ထိုလူက သူ၏ လျှို့ဝှက်ချက်ကို သိနေသော်လည်း သွေး ၁၀ စက်သာ တောင်းနေသည်။
သာမန် အသိဉာဏ် ရှိသူတိုင်း ဘယ်လမ်းကို ရွေးရမလဲဆိုတာ သိကြပေလိမ့်မည်။
အခန်း ၄၁၂ - သိပ်တော့ မအဘူးပဲ
မကြာမီမှာပင် တုန်းဖန်းဟောက်ကျဲသည် သွေး ၁၀ စက်ကို ထုတ်ယူပေးလိုက်ပြီး ဖန့်ချန်က ၎င်းတို့ကို ကြွေပုလင်းငယ်တစ်ခုထဲသို့ ထည့်ကာ သိမ်းဆည်းလိုက်သည်။
တုန်းဖန်းဟောက်ကျဲမှာ အနည်းငယ် အားနည်းသွားပုံရပြီး တိုးတိုးလေး မေးလိုက်သည်။
"အခု သွေးလည်း ရပြီဆိုတော့ ခုနက မင်းပြောတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးလို့ ရမလား"
"နျဲ့ထျန်းယွမ်မှာ မကောင်းတဲ့ အကြံရှိနေတာကို မင်းအဖေ သိလား"
ဟု ဖန့်ချန်က ခပ်အေးအေး မေးလိုက်သည်။
တုန်းဖန်းဟောက်ကျဲက ခေါင်းညိတ်သည်။
"သိတာပေါ့ ငါ့အဖေက လူအ မဟုတ်ဘူး ပြီးတော့ နျဲ့ထျန်းယွမ်ကလည်း သိပ်တော့ မပါးနပ် ဘူးလေ"
ဖန့်ချန်က ပြုံးလိုက်သည်။
"ဒါဆိုရင် မင်းက ဘာလို့ သူ့တစ်ယောက်တည်းနဲ့ ခရီးသွားရဲတာလဲ မင်းဆီမှာ ခုခံကာကွယ်နိုင်တဲ့ ရတနာတွေ ပါလာလို့လား"
တုန်းဖန်းဟောက်ကျဲက သတိထားဟန်ဖြင့်
"ငါ့ဆီမှာ ဘာရတနာမှ မပါဘူး"
ဟု ဆိုသည်။
သူ လိမ်နေမှန်း သိသာလှသော်လည်း ဖန့်ချန်က ထပ်ပြီး အတင်းမမေးတော့ပေ။ သူက ရယ်မောလျက် ပြောလိုက်သည်။
"နျဲ့ထျန်းယွမ်က မင်းတို့မိသားစုရဲ့ လျှို့ဝှက်ချက်တွေကိုပဲ လိုချင်တာလို့ မင်းထင်နေတာလား တကယ်တော့ နျဲ့ထျန်းယွမ်က ဝိညာဉ်သွေးဂိုဏ်း က ကျင့်ကြံသူတစ်ယောက်ပဲ"
" သူက မင်းတို့ တုန်းဖန်းမိသားစုရဲ့ နောက်ခံအကြောင်းကို ကောင်းကောင်းသိတယ် သူက မင်းကို သားကောင်အဖြစ် သုံးပြီး ဒီ တိမ်မြုပ်ဒေသ တစ်ခုလုံးကို စစ်တလင်း ဖြစ်အောင် လုပ်ဖို့ ကြံနေတာ"
တုန်းဖန်းဟောက်ကျဲမှာ ဖန့်ချန် ဘာပြောမလဲဆိုတာကို နားထောင်ချင်နေသော်လည်း ထိုစကားကို ကြားလိုက်ရသောအခါ ဆွံ့အသွားတော့သည်။
ဝိညာဉ်သွေးဂိုဏ်း နျဲ့ထျန်းယွမ်က ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူ ဟုတ်လား
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဝိညာဉ်သွေးဂိုဏ်းက ပေါ်မလာတာ နှစ်ပေါင်းများစွာ ကြာပြီလေ ပြီးတော့ သူတို့ ဘယ်နေရာမှာပဲ ရှိနေနေ သေချာပေါက် နှိမ်နင်းခံရမှာပဲ"
ဟု တုန်းဖန်းဟောက်ကျဲက မစဉ်းစားဘဲ ပြောလိုက်သည်။
"သူတို့က လျှို့ဝှက် လှုပ်ရှားနေတာဆိုတော့ မင်းတို့ မရိပ်မိတာ မဆန်းပါဘူး"
ဟု ဖန့်ချန်က ခပ်အေးအေးပင် ပြန်ပြောသည်။
တုန်းဖန်းဟောက်ကျဲက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက တကယ်တော့ ဘယ်သူလဲ ပြီးတော့ ဒါတွေကို ဘာလို့ သိနေရတာလဲ နျဲ့ထျန်းယွမ်က ငါ့ကို သားကောင်အဖြစ် သုံးမယ်ဆိုတာကိုတော့ ငါ အပြည့်အဝ မယုံသေးဘူး"
ထိုမေးခွန်းကို ကြားသောအခါ ဖန့်ချန်၏ စိတ်ထဲတွင် အတိတ်က အမှတ်တရများ ဖြတ်ပြေးသွားသည်။
"ငါ ဘာလို့ သိလဲဆိုတာကတော့ တိုက်ဆိုင်မှုတစ်ခုပါပဲ"
ဟု သူက ပြန်ဖြေလိုက်သည်။
မဟာရှ မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေသာ မရှိခဲ့ရင် သူလည်း ဝိညာဉ်သွေးဂိုဏ်းအကြောင်း သိမှာ မဟုတ်ပါဘူး။
ပြီးတော့ သူ၏ ထူးခြားသော ဝိညာဉ်အသိကြောင့်လည်း လျှို့ဝှက်ချက်များစွာကို သူ ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။
အခြားသော ကျင့်ကြံသူများမှာမူ ရွှေအမြုတေအဆင့် ပညာရှင်နှစ်ဦး၏ စကားဝိုင်းကို သူ၏ ဝိညာဉ်အသိကဲ့သို့ အလွယ်တကူ ခိုးနားထောင်နိုင်ရန် မဖြစ်နိုင်ပေ။
"မင်း ယုံချင်ယုံ မယုံချင်နေ ဒါက အမှန်တရားပဲမင်းက သူတို့လက်ထဲက နယ်ရုပ်တစ်ခု ဖြစ်နေပြီ"
ဟု ဖန့်ချန်က အေးစက်စွာ ဆိုသည်။
"မင်းသာ သေသွားရင် သူတို့ထဲက ပုန်းနေတဲ့ ကျင့်ကြံသူတွေက ရန်တိုက်ပေးလိမ့်မယ် အဲဒီကနေ မဟာချန်းနဲ့ မဟာဝေကြားမှာ စစ်ပွဲဖြစ်လာလိမ့်မယ်။"
"အဲဒီအချိန်ကျရင် မိုးပြာအင်ပါယာ ရော နတ်ဘုရားပုန်းအင်ပါယာ ရော ပါဝင်လာလိမ့်မယ် အဲဒီအခါကျရင် တိမ်မြုပ်ဒေသမှာရှိတဲ့ ဘယ်အင်ပါယာမှ လွတ်မှာမဟုတ်ဘူး"
"မင်း ဝိညာဉ်သွေးဂိုဏ်းအကြောင်း အများကြီး မသိရင်တောင် တစ်ခုတော့ သိထားသင့်တယ် သူတို့က အစွမ်းထက်တယ် အရမ်းကို အစွမ်းထက်တယ်"
"မင်းပြောတာ တစ်ခုခုတော့ မှားနေပြီ"
ဟု တုန်းဖန်းဟောက်ကျဲက ထောက်ပြသည်။
"ငါ့ကြောင့် မဟာဝေက မဟာချန်းနဲ့ စစ်ဖြစ်မယ်ဆိုရင်တောင် မိုးပြာအင်ပါယာနဲ့ နတ်ဘုရားပုန်းအင်ပါယာတို့က ဘာလို့ ပါလာရမှာလဲ"
"အဲဒီ အင်ပါယာ နှစ်ခုထဲမှာလည်း ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူတွေ ရှိနေလို့ပဲ"
" သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အထောက်အထားကို ငါ လောလောဆယ် မသိသေးပေမဲ့ နိုင်ငံနှစ်ခုလုံးကို စစ်ပွဲထဲ ဆွဲသွင်းနိုင်လောက်တဲ့အထိ သြဇာအာဏာ ရှိတယ်ဆိုတာတော့ ငါ သေချာပေါက် ပြောရဲတယ်"
ဟု ဖန့်ချန်က ပြန်ဖြေသည်။
တုန်းဖန်းဟောက်ကျဲ၏ အမူအရာမှာ လေးနက်သွားသည်။
"အင်းအားကြီးတဲ့ အဆင့် ၄ အင်ပါယာကြီးတွေမှာတောင် ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတွေ ရှိနေတာလား"
ရုတ်တရက်ပင် ဖန့်ချန်က သူ့ကို လိမ်စရာ အကြောင်းမရှိမှန်း တုန်းဖန်းဟောက်ကျဲ နားလည်သွားသည်။
ဖန့်ချန်က သူ့ဆီကနေ သွေးကို ရယူပြီးပြီ မဟုတ်လား၊ သူ့ကို လိမ်လို့ ဘာအကျိုးအမြတ် ရမှာလဲ
တုန်းဖန်းဟောက်ကျဲ၏ အသံမှာ အနည်းငယ် တုန်ယင်သွားသည်။
"ဝိညာဉ်သွေးဂိုဏ်းက ဒါတွေကို လုပ်နေတာက သွေးဝိညာဉ်ဆေးလုံး လုပ်ဖို့လား"
"မင်း ဒါကို သိတာလား မင်းမှာလည်း ဝိညာဉ်သွေးဂိုဏ်းအကြောင်း အနည်းငယ် သိထားတာပဲ"
ဟု ဖန့်ချန်က ခပ်ဖျော့ဖျော့ ပြုံးလျက် ဆိုသည်။
"ဟုတ်တယ် သူတို့ လိုချင်တာက အဲဒါပဲ သူတို့ မျက်လုံးထဲမှာ သာမန်လူတွေဆိုတာ ကျင့်ကြံသူတွေအတွက် အရင်းအမြစ်တွေကို လုနေကြတဲ့ ဝက်တွေ၊ခွေးတွေပဲ"
"အဲဒီ ဝက်တွေ ခွေးတွေ မရှိတော့မှ ကျန်တဲ့ ကျင့်ကြံသူတွေအတွက် အရင်းအမြစ်နဲ့ နေထိုင်စရာ နေရာတွေ ပိုရလာမှာ။"
"တကယ်လို့ အဲဒီ ဝက်တွေ၊ ခွေးတွေ ကို သူတို့ ကျင့်ကြံခြင်းအဆင့် တိုးတက်ဖို့ ဆေးလုံးအဖြစ် ပြောင်းနိုင်မယ်ဆိုရင်တော့ ပိုတောင် ကောင်းသေးတာပေါ့"
" ဝိညာဉ်သွေးဂိုဏ်း ဒီလောက်အထိ အားကောင်းလာရတာဟာ သွေးဝိညာဉ်ဆေးလုံးကြောင့် ကျင့်ကြံသူတချို့က လမ်းဖြတ်ကနေ အဆင့်တက်နိုင်လို့ပဲ"
"အဲဒါကြောင့် သူတို့က ဝိညာဉ်သွေးဂိုဏ်းရဲ့ ဝါဒကို အပြည့်အဝ ယုံကြည်ပြီး ကြံရာပါတွေ ဖြစ်ကုန်ကြတာပဲ"
"တိမ်မြုပ်ဒေသ ရေတွက်လို့ မရတဲ့ အင်ပါယာတွေ"
တုန်းဖန်းဟောက်ကျဲက တိုးတိုးလေး ရေရွတ်လိုက်သည်။
"တကယ်လို့ တိမ်မြုပ်ဒေသ တစ်ခုလုံး စစ်ပွဲထဲ နစ်မွန်းသွားရင် တစ်နေ့ကို သာမန်လူ သန်းပေါင်းများစွာ သေကြလိမ့်မယ် သူတို့ရဲ့ အနှစ်သာရသွေးတွေကို သွေးဝိညာဉ်ဆေးလုံးအဖြစ် လုပ်လိုက်မယ်ဆိုရင်"
"သူတို့တွေက ဝိညာဥ်သန္ဓေသားအဆင့် ကို တိုက်ရိုက် ရောက်သွားနိုင်တယ် ဒါမှမဟုတ် သိမြင်ခြင်းအဆင့် တောင် ဖြစ်သွားနိုင်တယ်"
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ငါ ဒီနေ့ပဲ မဟာဝေကို ပြန်မယ် ဝိညာဉ်သွေးဂိုဏ်းကို အခွင့်အရေး မပေးနိုင်ဘူး"
ဟု တုန်းဖန်းဟောက်ကျဲက လေးနက်သော အသံဖြင့် ဆိုသည်။
"ဒီကိစ္စကို ငါ့မိသားစုကို အသိပေးလိုက်တာနဲ့ သူတို့က အကြီးအကဲတွေနဲ့ ဆက်သွယ်ပြီး ဝင်စွက်ဖက်ခိုင်းလိမ့်မယ် ဒါဆိုရင် ဝိညာဉ်သွေးဂိုဏ်းရဲ့ ရည်မှန်းချက်တွေ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်တော့ဘူး"
"မင်း သွားလို့ မရဘူး"
ဖန့်ချန်က ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်သည်။
"မင်း ထွက်သွားမယ်ဆိုရင်တောင် ဝိညာဉ်သွေးဂိုဏ်းက သူတို့ရဲ့ အစီအစဉ်ကို ပြောင်းပြီး တခြားနည်းလမ်းနဲ့ အောင်မြင်အောင် လုပ်လိမ့်မယ် အခု မင်းက ပိတ်မိနေတာ"
"ငါ ထွက်မပြေးနိုင်ဘူး ဟုတ်လား ဘာလို့လဲ နျဲ့ထျန်းယွမ် တစ်ယောက်တည်းဆိုရင် ငါ့ကို မတားနိုင်ပါဘူး"
တုန်းဖန်းဟောက်ကျဲက မျက်မှောင်ကြုတ်လိုက်သည်။
"ငါ ကြွားဝါတာ မဟုတ်ပါဘူး မင်းက ရုတ်တရက် ပေါ်လာလို့ပါ ငါ့မှာ ပြင်ဆင်ဖို့ အချိန်နည်းနည်းလေး ရရင်တောင် မင်း ငါ့ကို ချုပ်နှောင်ထားနိုင်မှာ မဟုတ်ဘူး"
"ဝိညာဉ်သွေးဂိုဏ်းမှာ စစ်သူကြီး အဆင့်ရှိတဲ့ အစွမ်းထက် ပညာရှင်တွေ မဟာချန်းမှာ ရှိနေတယ်မင်းတို့ အခေါ်အရဆိုရင် ဝိညာဥ်သန္ဓေသားအဆင့်ပညာရှင်တွေပေါ့"
ဟု ဖန့်ချန်က ခပ်အေးအေး ပြောလိုက်သည်။
"သူတို့ထဲက တစ်ယောက်က ကျောက်စိမ်းမြစ်ခန်းမ အနီးအနားမှာ မင်းကို စောင့်ကြည့်နေတာ ဖြစ်နိုင်တယ် မင်းက ထွက်သွားချင်တယ် ဟုတ်လား ဘယ်လိုမျိုး ထွက်သွားမှာလဲ"
တုန်းဖန်းဟောက်ကျဲက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်နှာမှာ ဖြူလျော့သွားသည်။
"ဝိညာဥ်သန္ဓေသားအဆင့်..."
ခဏအကြာတွင် သူ၏ မျက်လုံးများက ဝင်းလက်သွားပြီး တိုးတိုးလေး မေးလိုက်သည်။
"မင်း ငါ့ကို ဒီလောက်အထိ ပြောပြတယ်ဆိုရင် အကြောင်းပြချက် တစ်ခုခုတော့ ရှိရမယ် ဒီကိစ္စကို တားလို့ မရဘူးဆိုရင် မင်း ငါ့ကို ဒါတွေ ဘာလို့ ပြောပြနေတာလဲ"
"မင်းက သိပ်တော့ မအဘူးပဲ မူလက သူတို့ မင်းကို သတ်ချင်နေတာကို ငါသိတော့ မင်းကို တိတ်တဆိတ် ကူညီပေးပြီး မဟာချန်းမှာ ရှိနေတဲ့ ဝိညာဉ်သွေးဂိုဏ်းရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကို တစ်ယောက်ချင်းစီ ရှင်းပစ်ဖို့ ငါ စီစဉ်ထားတာ"
" ဒါမှ သူတို့ကို အားနည်းသွားအောင် လုပ်ပြီး နောက်ထပ် အစီအစဉ်တွေကို နှောင့်နှေးအောင် လုပ်လို့ရမယ်"
"အဲဒီအချိန်ကျရင် မိုးပြာအင်ပါယာနဲ့ နတ်ဘုရားပုန်းအင်ပါယာတွေကို သတင်းဖြန့်လိုက်မယ်ဆိုရင် ဝိညာဉ်သွေးဂိုဏ်းလည်း အားလုံးကို မထိန်းချုပ်နိုင်တော့ဘဲ အကြီးအကဲတွေ ထွက်လာပြီး ဖြေရှင်းပေးကြလိမ့်မယ်"
ဟု ဖန့်ချန်က ဆိုသည်။
တုန်းဖန်းဟောက်ကျဲက တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
"ငါ့ကို တိတ်တဆိတ် ကူညီမယ်ဆိုပြီး ငါ့ဆီက သွေး ၁၀ စက်တော့ ယူသွားတယ်"
သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။
တစ်ဖက်လူက သူ့အကြောင်းကို ကောင်းကောင်းသိနေသော်လည်း၊ သူကတော့ ထိုလူ ဘယ်သူလဲဆိုတာကို အစအနတောင် မသိရပေ။
"လောလောဆယ် မင်းလုပ်ရမှာက အရမ်းကြီး လျှောက်မသွားဖို့ပဲ မြို့ထဲမှာပဲ နေတာက အကောင်းဆုံးပဲ"
ဟု ဖန့်ချန်က အကြံပေးသည်။
"သူတို့က မိုးပြာအင်ပါယာက လာတဲ့ ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်တွေ ရှေ့မှာတင် မင်းကို အဆိပ်ခတ်ဖို့ စီစဉ်ထားတာ တစ်နည်းအားဖြင့် ပြောရရင် အဲဒီအချိန်အထိတော့ မင်းက ယာယီ ဘေးကင်းနေဦးမှာပဲ"
တုန်းဖန်းဟောက်ကျဲ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။
"မင်း ပြောချင်တာက ဟိုဘက်က ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်တစ်ယောက် ဒီမှာ ရှိနေတာကို ငါက ဆက်ပြီး နေနေရမယ် ဟုတ်လား"
ဖန့်ချန်က ပြုံးလိုက်သည်။
"ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင် ရှိနေတော့ ဘာဖြစ်လဲ မင်းမှာလည်း မင်းကို တိတ်တဆိတ် ကူညီပေးမယ့် ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူ တစ်ယောက် ရှိနေတာပဲ"
" တကယ်လို့ သာမန် ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်ဆိုရင်တော့ သူတို့ ပြန်တိုက်နိုင်မယ်လို့ ငါယုံကြည်တယ်"
"ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူ ဟုတ်လား"
တုန်းဖန်းဟောက်ကျဲ၏ မျက်လုံးများ ဝင်းလက်သွားသည်။
"ဒါဆို မင်းက ဓားကျင့်ကြံသူပေါ့ မင်း ပြောချင်တာက မဟာချန်းမှာ မင်းရဲ့ နောက်ကွယ်မှာ ဝိညာဥ်သျန္ဓသားအဆင့် ဓားကျင့်ကြံသူ တစ်ယောက်လည်း ရှိနေတာလား"
"ဟုတ်တယ်"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ငါတို့မှာ သေချာတဲ့ အားကိုးရာ မရှိဘဲနဲ့ ဝိညာဉ်သွေးဂိုဏ်းကို ဘာလို့ ရင်ဆိုင်ရဲမှာလဲ လူတိုင်းရဲ့ အသက်က တန်ဖိုးရှိတာပဲလေ သေမယ်မှန်း သိနေရင် ငါတို့ ဘာလို့ ဒီမှာ နေနေမှာလဲ"
"မှန်တယ်၊ မှန်တယ်"
တုန်းဖန်းဟောက်ကျဲက ရုတ်တရက် စိတ်သက်သာရာ ရသွားသည်။
ဖန့်ချန်တို့ အဖွဲ့တွင် အခြေအနေကို ထိန်းချုပ်နိုင်သည့် ယုံကြည်ချက် အပြည့်ရှိပုံရသည်။
မဟုတ်လျှင် သူတို့လည်း ထွက်ပြေးသွားကြပြီ မဟုတ်လား။
ဓားကျင့်ကြံသူတွေဟာ စိတ်ဓာတ်ပြင်းထန်ပြီး မာန်မာနကြီးတယ်ဆိုပေမဲ့ သူတို့လည်း သေရမှာကို မကြောက်ဘူးလို့ မဆိုလိုဘူးလေ။