← Chapters

အခန်း (၄၂၁-၄၂၂)

Vol. 43 Ch. 421-422

အခန်း (၄၂၁-၄၂၂)

Vol. 43 Ch. 421-422

ဖန့်ချန်

ဘာသာပြန် အရှင်ငယ်

​အခန်း ၄၂၁ - မွေးရာပါ နှလုံးသားမျက်ဝန်း

​တုန်းဖန်းဟောက်ကျဲ တစ်ယောက် ချက်ချင်း နောက်လှည့်ကြည့်လိုက်သော်လည်း ဘာကိုမျှ မမြင်ရချေ။

​သူ့မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

"ညီအစ်ကို မင်းက ဘာလို့ သရဲတစ်ကောင်လို အဝင်အထွက် လုပ်နေရတာလဲ အနည်းဆုံးတော့ ထွက်လာခဲ့ပါဦး ငါ လူကိုယ်တိုင် ကျေးဇူးတင်ချင်လို့ပါ"

​ပတ်ဝန်းကျင်မှာတော့ တိတ်ဆိတ်နေမြဲ ဖြစ်သည်။

​တုန်းဖန်းဟောက်ကျဲသည် ထိုလူ ထွက်သွားပြီဖြစ်ကြောင်း သေချာစေရန် ခေတ္တစောင့်ဆိုင်းပြီးနောက် ဘေးခန်းဘက်သို့ ထူးဆန်းစွာ ကြည့်လိုက်မိသည်။

သူနှင့် အရှင်ဝေဟင်ပြေးမှာ နံရံတစ်ခုသာ ခြားသော်လည်း အရှင်ဝေဟင်ပြေးသည်ပင် တစ်စုံတစ်ယောက် ခိုးဝင်လာသည်ကို သတိမထားမိခဲ့ချေ။

​တုန်းဖန်းဟောက်ကျဲ အံ့သြမှင်တက်သွားရသည်။

"ဒါ ဘယ်လိုမျိုး အစွမ်းသတ္တိလဲ"

​ကံကောင်းထောက်မစွာဖြင့် ထိုလူသည် သူ့ကို အန္တရာယ်ပြုရန် ရည်ရွယ်ချက် မရှိခဲ့ချေ။

မဟုတ်လျှင် ထိုကဲ့သို့သော ထူးခြားသည့် အစွမ်းဖြင့်ဆိုပါက သူ အကြိမ်ပေါင်းများစွာ အသတ်ခံခဲ့ရလောက်ပြီ ဖြစ်သည်။

သူ့ဖခင် ပေးထားသည့် ဝှက်ဖဲကိုပင် ထုတ်သုံးရန် အခွင့်အရေး ရလိမ့်မည် မဟုတ်ပေ။

​ထိုအကြောင်းကို တွေးမိရင်း တုန်းဖန်းဟောက်ကျဲသည် အရှင်ဝေဟင်ပြေးထံသို့ သွားကာ ခုနက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။

နားထောင်ပြီးနောက် အရှင်ဝေဟင်ပြေးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"သူက ငါတောင် ရှာမတွေ့နိုင်တဲ့ ကိုယ်ပျောက်ခြင်း နည်းစနစ်တစ်ခုခုကို သုံးခဲ့တာ ဖြစ်ရမယ် ဒီလူက ဝိညာဉ်သန္ဓေသားအဆင့် ဖြစ်ရင်ဖြစ် မဟုတ်ရင် ထိပ်တန်းအဆင့် ကိုယ်ပျောက်ခြင်း နည်းစနစ်တစ်ခုခုကို ပိုင်ဆိုင်ထားတာပဲ"

​တုန်းဖန်းဟောက်ကျဲ အံ့သြလွန်း၍ အသက်ရှူပင် မှားသွားသည်။

"ထိပ်တန်းအဆင့် ကိုယ်ပျောက်ခြင်း နည်းစနစ်က အဲဒီလောက်အထိ အစွမ်းထက်တာလား"

​"ငါပြောတဲ့ ထိပ်တန်းအဆင့် ဆိုတာ လက်ရှိ ဂိုဏ်းချုပ်တွေ တတ်မြောက်ထားတဲ့ နည်းစနစ်မျိုးကို ပြောတာ"

ဟု အရှင်ဝေဟင်ပြေးက သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"အဲဒါတွေက မင်း စိတ်ကူးထားတာထက် ပိုပြီး အစွမ်းထက်တယ်"

​သူမ ခေတ္တရပ်ပြီးမှ ဆက်ပြောသည်။

"သူပြောပြတဲ့ အဲဒီလူတွေအကြောင်းကိုတော့ ခဏမေ့ထားလိုက်ပါ ဒီကာလအတွင်းမှာ သူတို့ကို တိတ်တဆိတ် စောင့်ကြည့်ဖို့ ငါလူလွှတ်လိုက်မယ် မင်းဘက်ကတော့ ဘာမှ အရိပ်အယောင် မပြပါနဲ့ ဝိညာဉ်သွေးဂိုဏ်းက အရင်ဆုံး စလှုပ်ရှားလာတာကို ငါ စောင့်ကြည့်ချင်လို့ပဲ"

​"နားလည်ပါပြီ"

တုန်းဖန်းဟောက်ကျဲက လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် မေးလိုက်၏။

"ကျွန်တော် နတ်သမီး ထျန်းယင်နဲ့ သွားစကားပြောလို့ ရမလား"

​"ထျန်းယင်က မာနကြီးတဲ့သူပဲ မင်း စကားသွားပြောချင်ရင်တော့ ပြောလို့ရတယ် ဒါပေမဲ့ စိတ်ပျက်သွားခဲ့ရင်တော့ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့"

ဟု ပြောပြီးနောက် အရှင်ဝေဟင်ပြေးက သူမ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်တော့သည်။

​သူ့အိမ်တော်သို့ ပြန်ရောက်သောအခါ ဖန့်ချန်သည် သူ၏ ဝိညာဉ်အသိကို တစ်ဖက်တစ်ကြိမ် ထပ်မံ စေလွှတ်လိုက်သည်။

သို့သော် ယခုတစ်ခေါက်တွင် သူသည် နန်းတော်သို့ မသွားဘဲ ကျွယ်ဝူတိနှင့် အခြားသူများ ရှိရာသို့ ဦးတည်လိုက်သည်။

သို့သော် ခဏမျှ စောင့်ကြည့်ပြီးနောက် အရှင်ဝေဟင်ပြေး ပြောသလို သူတို့ကို စောင့်ကြည့်နေသူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရချေ။

​အဲဒီ စောင့်ကြည့်နေတဲ့လူတွေကလည်း ငါ့ရဲ့ ရိပ်ခြေဗုဒ္ဓ နည်းစနစ်လိုမျိုး ကိုယ်ပျောက်ခြင်း နည်းစနစ်တွေ သုံးထားလို့ ငါ ရှာမတွေ့တာလား

ဖန့်ချန် တစ်ယောက်တည်း တွေးနေမိသည်။

​သို့မဟုတ် အရှင်ဝေဟင်ပြေးသည် တုန်းဖန်းဟောက်ကျဲကို စိတ်သက်သာရာရစေရန် လူလွှတ်ထားသည်ဟုသာ ပြောလိုက်ခြင်းဖြစ်ပြီး၊ တကယ်တမ်းတွင် ရန်သူ သိသွားမည်စိုး၍ မည်သူ့ကိုမျှ မလွှတ်ခဲ့ခြင်းများလား

​" ထျန်းအိုက် နင် ဘယ်သူ့ကို ရှာနေတာလဲ"

​ဖန့်ချန်သည် စိတ်လှုပ်ရှားမှုကြောင့် သူ၏ ဝိညာဉ်အသိကို ရုပ်သိမ်းကာ လူကိုယ်တိုင် အပြင်သို့ ထွက်လာခဲ့သည်။

​အပြင်သို့ ရောက်သောအခါ ချန်းဖေးလန် သည် သာမန်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးကို သတိကြီးစွာ ကြည့်နေပြီး ကျန်းထျန်းအိုက် ကို ကာကွယ်ထားသည်ကို တွေ့လိုက်ရသည်။

​လျီချန်း သည်လည်း ဘေးနားတွင် ကြောင်အမ်းအမ်းဖြင့် မတ်တတ်ရပ်နေ၏။

​ထိုအမျိုးသမီးက ဘာမှ မပြောပေ။ သူမ၏ အကြည့်က ကျန်းထျန်းအိုက်ထံတွင် ခေတ္တမျှ ရပ်တန့်သွားပြီးမှ ဖန့်ချန်ထံသို့ ရောက်လာသည်။

"မင်းက ဖန့်ထင်ယွမ်ရဲ့ မျိုးဆက်လား"

​ဖန့်ချန်က ခပ်အေးအေးပင် ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ကဲ့... ကျွန်တော်ပါပဲ စီနီယာက ဘယ်သူလဲဆိုတာ သိပါရစေ"

​မျိုးဆက် ချန်းဖေးလန်နှင့် လျီချန်းတို့၏ မျက်လုံးများထဲတွင် အံ့သြရိပ်အချို့ ဖြတ်ပြေးသွားသည်။

သခင်လေး ဖန့်ချန်ကပင် စီနီယာဟု ခေါ်ဝေါ်နေသဖြင့် ထိုအမျိုးသမီး၏ ကျင့်ကြံခြင်းမှာ အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိရပေမည်။

​အမျိုးသမီးက ရုတ်တရက် ကျန်းထျန်းအိုက်ကို လက်ညှိုးထိုးပြကာ စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဒီကလေးမလေးက ကျန်းမိသားစုကလား"

​ဖန့်ချန် အံ့သြသွားပြီး မေးလိုက်သည်။

"စီနီယာ သူမကို သိလို့လား"

​ထိုအမျိုးသမီးက သူ့ကို ထူးဆန်းသော ခံစားချက်တစ်ခု ပေးနေသည်။

သူမသည် သာမန်အမျိုးသမီးတစ်ဦးနှင့် တူသော်လည်း မည်သည့် သာမန်အမျိုးသမီးကမျှ သူမ၏ လှပသော ခြေတံများကို ဖော်ပြလျက် စကတ်ကို ဒူးအထက်အထိ လှန်တင်ထားမည် မဟုတ်ပေ။

ထို့ပြင် သူမတွင် ဖိနပ်ပင် ပါမလာချေ။

​သူမ၏ ခြေဗလာများက မြေပြင်နှင့် ထိနေသော်လည်း ဖုန်မှုန့်များ စွန်းထင်မည်ကို လုံးဝ စိုးရိမ်ပုံမရချေ။

ဤသည်မှာ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သန့်ရှင်းအောင် ထားခြင်းမျိုးဟု ထင်ရသော်လည်း ဖန့်ချန်သည် ထိုအမျိုးသမီးထံမှ မည်သည့် ဝိညာဉ်စွမ်းအားကိုမျှ မခံစားရချေ။

သို့သော် ဖုန်မှုန့်များက သူမကို ထိတွေ့နိုင်ခြင်းပင် မရှိသလို ဖြစ်နေသည်။

​ထိုအမျိုးသမီးက ကျန်းထျန်းအိုက်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျန်းမိသားစုရဲ့ သွေးမျိုးနွယ်က ပြတ်တောက်သွားပြီလို့ ငါ ထင်နေတာ အခု ဒီမှာ ဒီလောက် သန့်စင်တဲ့ သွေးမျိုးနွယ်ရှိတဲ့ မျိုးဆက်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး မင်းရဲ့ ကျင့်ကြံခြင်းက နည်းနည်းတော့ နိမ့်နေသေးတာပဲ မင်းတို့မိသားစုရဲ့ ကျိန်စာက လုံးဝ မပျောက်သေးဘူး ထင်တယ် ငါ မေးပါရစေ မင်းတို့မိသားစုမှာ တခြားသူတွေ ရှိသေးလား"

​ကျန်းထျန်းအိုက်က သူမကို ချက်ချင်း မဖြေပေ။

သူမက ဖန့်ချန်ကို အားကိုးတကြီး ကြည့်လိုက်သည်။

​"စီနီယာ့ရဲ့ မေးခွန်းကို ဖြေလိုက်ပါ"

ဖန့်ချန်က အေးဆေးစွာ ပြောလိုက်သည်။

​ဖန့်ကျန့်နှင့် ဖန့်ဝမ်လီတို့ပင် ထိုအမျိုးသမီး ရောက်လာသည်ကို သတိမထားမိကြသဖြင့် သူမ၏ ကျင့်ကြံခြင်းမှာ ရွှေအမြုတေအဆင့်ထက်ပင် မြင့်မားနိုင်ကြောင်း သူ ရိပ်မိလိုက်သည်။

​ကျန်းထျန်းအိုက်က တိုးတိုးလေး ပြောလိုက်သည်။

"ဒီသွေးမျိုးနွယ်မှာ ကျွန်မ တစ်ယောက်တည်းပဲ ကျန်တော့တာပါ သစ္စာရှိတဲ့ ဦးလေးတစ်ယောက် ရှိပေမဲ့ သူ့ကို ကျွယ်မိသားစုက ဖမ်းသွားကြတယ်..."

​"ကျန်းကျုံး က ဒီကလေးမလေးရဲ့ အစေခံပါ"

ဟု ဖန့်ချန်က ဝင်ပြောပေးလိုက်သည်။

​အမျိုးသမီးက ခပ်အေးအေးပင် ခေါင်းငြိမ့်ပြသည်။

"ကျားနာတော့ ကျီးကစားတာ သဘာဝပါပဲ မင်းတို့မိသားစုနဲ့ ရင်းနှီးတဲ့ စီနီယာတစ်ယောက်ကို ငါသိတယ် မင်းသာ သဘောတူရင် မင်းကို ခေါ်သွားဖို့ အဲဒီစီနီယာဆီ ငါ သတင်းပို့ပေးမယ်"

​ကျန်းထျန်းအိုက် အနည်းငယ် အံ့သြသွားပြီး

"ကျွန်မ အစ်ကိုဖန့် နဲ့ပဲ နေချင်တယ်"

​"ကလေးမလေး တကယ်လို့ ဒီစီနီယာပြောတာ မှန်တယ်ဆိုရင် အဲဒီစီနီယာက ကျန်းကျုံးကို ကယ်ပေးနိုင်လိမ့်မယ်"

ဟု ဖန့်ချန်က ပြောလိုက်သည်။

​"ဦးလေးကျုံးကို ကယ်နိုင်မှာလား"

ကျန်းထျန်းအိုက်၏ မျက်နှာတွင် တွေဝေသွားသော အရိပ်အယောင်များ ပေါ်လာပြီးနောက် သူမက မေးလိုက်သည်။

"အစ်မ တကယ်လို့ ကျွန်မ ဒီကနေ ထွက်သွားရင် နောက်မှ ပြန်လာလို့ ရမလား"

​"ရတာပေါ့ ဒါပေမဲ့ ခရီးက အရမ်းဝေးတယ် ကျင့်ကြံခြင်းအဆင့် မလုံလောက်ရင်တော့ ဒီကို ပြန်လာဖို့ ခက်ခဲလိမ့်မယ်"

ဟု အမျိုးသမီးက ပြန်ဖြေသည်။

​ကျန်းထျန်းအိုက်က ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လိုက်သည်။

"ဒါဆိုရင် ကျေးဇူးပြုပြီး ကျွန်မကိုယ်စား သတင်းပို့ပေးပါ"

​အမျိုးသမီးက ခေါင်းငြိမ့်ပြလိုက်ပြီး

"ငါ သတင်းပို့လိုက်ပြီ မင်း ခဏတော့ စောင့်ရလိမ့်မယ်"

​ထို့နောက် သူမက ဖန့်ချန်ဘက်သို့ လှည့်လိုက်သည်။

"မင်း နာမည်က ဖန့်ချန်လား"

​ဖန့်ချန်က ခေါင်းငြိမ့်ပြသည်။

"ဟုတ်ပါတယ် စီနီယာ"

​"မင်းရဲ့ မျက်လုံးတွေက ဘာဖြစ်တာလဲ"

​"ကျွန်တော်က မျက်မမြင်ပါ"

​ဖန့်ချန်က သူ၏ မျက်လုံးများကို ဖွင့်ပြလိုက်ရာ မွဲပြာရောင် မျက်စိသူငယ်အိမ်များကို တွေ့လိုက်ရသည်။

​ထိုအမျိုးသမီးသည် ဖန့်ချန်၏ မျက်လုံးများကို ကြည့်ကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

ထို့နောက် အနားသို့ တိုးလာပြီး သေချာ ကြည့်လိုက်ပြန်သည်။

​"မဟုတ်ဘူး မင်းက မျက်မမြင် မဟုတ်ဘူး"

​ချန်းဖေးလန်နှင့် လျီချန်းတို့ ကြောင်သွားကြသည်။ သူက မျက်မမြင် မဟုတ်ဘူးလား

​"မွေးရာပါ နှလုံးသားမျက်ဝန်း "

အမျိုးသမီးက ရုတ်တရက် ခေါင်းငြိမ့်လိုက်သည်။

"ငါ ဒီကို လာခဲ့တာ အလကား မဖြစ်သွားဘူးပဲ ဖန့်ထင်ယွမ်ရဲ့ မျိုးဆက်ထဲမှာ မင်းလိုလူ ရှိနေတာက ကံကောင်းခြင်းပဲ"

​ဖန့်ချန် အံ့သြသွားသည်။

'မွေးရာပါ နှလုံးသားမျက်ဝန်း ဟုတ်လား'

​'ငါက မွေးကတည်းက ဒီလိုဖြစ်လာတာ မဟုတ်ဘူး'

ဟု ဖန့်ချန် စိတ်ထဲမှ တွေးနေမိသည်။

သို့သော် သူ အပြင်ထုတ် မပြောပေ။ သူမ ဘာဆက်ပြောမည်ကို သိချင်နေသည်။

​"စီနီယာ နှလုံးသားမျက်ဝန်း ဆိုတာက ဘာကို ဆိုလိုတာလဲ"

ဟု ဖန့်ချန်က မေးလိုက်သည်။

​အမျိုးသမီးက အေးဆေးစွာ ပြန်ဖြေသည်။

"နှလုံးသားမျက်ဝန်း ဆိုတာက မင်းရဲ့ မျက်လုံးတွေက ဝိညာဉ်စွမ်းအားနဲ့ သဘာဝအတိုင်း ဆေးကြောခံထားရတာကို ပြောတာ မင်းက လောကီအရာဝတ္ထုတွေကို မမြင်ရဘူး ဆိုပေမဲ့ မျက်ဝန်းနည်းစနစ် တွေကို ကျင့်ကြံဖို့အတွက် အကောင်းဆုံး မျိုးစေ့ပဲ"

​ထိုသို့ပြောပြီးနောက် အမျိုးသမီးသည် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ကာ ဖန့်ချန်ကို ကမ်းပေးလိုက်သည်။

"မင်းက ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဆိုတော့ ဒီကျောက်စိမ်းပြားထဲက အကြောင်းအရာတွေကို မြင်နိုင်လိမ့်မယ် ဒီထဲမှာ မျက်ဝန်းနည်းစနစ် တစ်ခု ပါတယ် မင်း အဲဒါကို ကျင့်ကြံကြည့်ပါ တကယ်လို့ အောင်မြင်ခဲ့ရင် အနာဂတ်မှာ မင်းအတွက် အများကြီး အကျိုးရှိလိမ့်မယ်"

​ချန်းဖေးလန်၊ လျီချန်းနှင့် အခြားသူများမှာ ဖန့်ချန်နှင့် ထိုအမျိုးသမီးတို့၏ စကားပြောသံကို လုံးဝ မကြားရချေ သူတို့ မြင်ရသည်မှာ သူတို့နှစ်ဦး၏ နှုတ်ခမ်းများ လှုပ်ရှားနေသည်ကိုသာ။

​ထို့နောက် အမျိုးသမီးသည် ဖန့်ချန်ကို ကျောက်စိမ်းပြား ကမ်းပေးလိုက်ပြီး လှည့်ထွက်သွားတော့သည်။

သူမသည် အိမ်တော်ထဲမှ လျှောက်ထွက်သွားရင်း တစ်ဖြည်းဖြည်းနှင့် သဲလွန်စပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။

​ဖန့်ချန်သည် သူ၏ လက်ထဲရှိ ကျောက်စိမ်းပြားကို ကိုင်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

"သူမက ဒီအတိုင်း ထွက်သွားတာလား"

​မျက်ဝန်းနည်းစနစ် ဤသည်မှာ သူတစ်ခါမှ မကြားဖူးသော နည်းစနစ်မျိုး ဖြစ်သည်။

မည်သူမည်ဝါမှန်း မသိသော ဤအမျိုးသမီးသည် သူ့ကို နည်းစနစ်တစ်ခု ပေးပြီးမှ ထွက်သွားခဲ့ခြင်း ဖြစ်သည်။

​'သူမက ဖန့်ထင်ယွမ်ကို သိနေတယ် သူမက လွန်ခဲ့တဲ့ နှစ်လေးရာက အဲဒီ မိစ္ဆာမများလား'

​အခန်း ၄၂၂ - ရှေးဦးနတ်ဘုရားမျက်ဝန်း

​"မင်းတို့ အဝင်ဝကိုပဲ စောင့်ကြည့်ထားလိုက်ကြပါ"

​ဖန့်ချန်က မှာကြားပြီးနောက် လှည့်ထွက်လာခဲ့ပြီး သူ၏ တိတ်ဆိတ်သော အခန်းငယ်ထဲသို့ ပြန်ဝင်လိုက်သည်။

​ဖန့်ချန်သည် သူ၏ လက်ထဲရှိ ကျောက်စိမ်းပြားကို ပွတ်သပ်ရင်း တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။

​ဖတ်သင့်သလား... မဖတ်သင့်ဘူးလား..

​ထိုအမျိုးသမီး၏ နောက်ကြောင်းကို မသိရဘဲနှင့် သူမက သူ့ဆီ တိုက်ရိုက်လာပြီး နည်းစနစ်တစ်ခု လာပေးသွားခြင်း ဖြစ်သည်။

​ခဏအကြာတွင် ဖန့်ချန်သည် သူ၏ သံသယများအတွက် ရယ်မောလိုက်မိသည်။

"ငါ အများကြီး တွေးနေမိတာပဲ သူမက ငါ့ကို အန္တရာယ်ပြုချင်တယ်ဆိုရင် ဒီလောက်အထိ ဒုက္ခခံနေပါ့မလား"

​ဖန့်ချန်သည် စိတ်ကို စုစည်းလိုက်ပြီး ကျောက်စိမ်းပြားထဲသို့ ဝိညာဉ်စွမ်းအားများ ထည့်သွင်းလိုက်သည်။

နောက်တစ်စက္ကန့်တွင် ကျောက်စိမ်းပြားထဲမှ သတင်းအချက်အလက်များ စီးဆင်းလာတော့သည်။

​ရှေးဦးနတ်ဘုရားမျက်ဝန်း

​[ ကောင်းကင်နှင့် မြေကြီး၏ အစနှင့် အဆုံး၊ အဆုံးမရှိသော သံသရာစက်ဝန်း ဤလောက၏ လှည့်စားမှုများကို ထိုးဖောက်မြင်နိုင်ခြင်း၊ စကြဝဠာတစ်ခွင်ရှိ မြင့်မြတ်သော တရားဓမ္မများကို လေ့လာစောင့်ကြည့်ခြင်း၊ ဝိညာဉ်ကို ဆေးကြောသန့်စင်ခြင်း... ]

​၎င်းသည် စာလုံးရေ ထောင်ချီရှိသော ရှည်လျားသည့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပြီး နက်နဲသိမ်မွေ့လှသည်။

ပုံမှန်ဆိုလျှင် ဖန့်ချန် နားလည်နိုင်ရန် ခက်ခဲသော်လည်း သူ၏ ဝိညာဉ်မှာ စတင်လှုပ်ရှားလာပြီး ထိုအရာများကို သဘောပေါက် နားလည်လာစေသည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများသည်လည်း မျက်လုံးများဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားတော့သည်။

​တကယ်လို့ တစ်စုံတစ်ယောက်ကသာ ဖန့်ချန်၏ ရှေ့တွင် ရပ်ကြည့်နေမည်ဆိုလျှင် သူ၏ မွဲပြာရောင် မျက်စိသူငယ်အိမ်ထဲတွင် ရွှေရောင် အဆင်တန်ဆာများ ပေါ်လာသည်ကို မြင်ရလိမ့်မည်။

ထိုရွှေရောင် အဆင်တန်ဆာများသည် ရှေးဟောင်း လျှို့ဝှက်စာလုံးများကဲ့သို့ သော်လည်းကောင်း လူ့ခန္ဓာကိုယ်အတွင်းရှိ ရှုပ်ထွေးလှသော သွေးကြောမျှင်များကဲ့သို့ သော်လည်းကောင်း အလွန်ပင် ထူထပ်သိပ်သည်းလှသည်။

​သူ၏ မျက်လုံးများမှာ အေးမြသွားပြီး ဖန့်ချန်သည် တစ်ခါမှ မခံစားဖူးသော သက်သောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။

တဖြည်းဖြည်းနှင့် သူ၏ ပတ်ဝန်းကျင်ရှိ အရိပ်များကို သူ မြင်လာရသလို ခံစားရ၏။

ထိုသည်မှာ အရင်က သူ လုံးဝ စိတ်ကူးမယဉ်ခဲ့ဖူးသော အရာဖြစ်သည်။

​အရင်က သူ၏ အမြင် ဆိုသည်မှာ ဝိညာဉ်အသိဖြင့် အာရုံခံနိုင်ခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။

သူ၏ ဝိညာဉ်မှာ ခန္ဓာကိုယ်အပြင်ဘက်သို့ ရောက်ရှိနေမှသာ မြင်နိုင်ခြင်း ဖြစ်သည်။

သို့သော် ယခုမူ လွန်ခဲ့သော ခြောက်နှစ်က သူ ခံစားခဲ့ဖူးသည့် ရင်းနှီးသော ခံစားချက်ကို ပြန်လည် ရရှိလိုက်သည်။

သူ ပြန်မြင်ရပြီဟု ခံစားလိုက်ရခြင်းပင်

​သို့သော် ရုတ်တရက် ဖန့်ချန်၏ မျက်လုံးများမှာ ဖောင်းကြွလာသလို ခံစားလိုက်ရပြီး သက်သောင့်သက်သာရှိသော ခံစားချက်မှာ ပျောက်ကွယ်သွားကာ ပြင်းထန်သော နာကျင်မှုတစ်ခု ဝင်ရောက်လာသည်။

​သူ၏ မျက်လုံးများထဲမှ သွေးများ စီးကျလာပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လာသည်။

ဖန့်ချန်သည် ကျင့်ကြံခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

ပြန်လည်ကောင်းမွန်လာရန် တစ်နာရီခန့် အချိန်ယူလိုက်ရပြီး မျက်လုံးများ ပြန်ဖွင့်လိုက်သည့်အခါ သွေးများ မရှိတော့ချေ။

​"ရှေးဦးနတ်ဘုရားမျက်ဝန်း သူ့ရဲ့ တကယ့် အစွမ်းထက်ပုံကိုတော့ ငါ မသိသေးဘူး ဒါပေမဲ့ အဲဒါက ငါ့ကို ပြန်မြင်ရအောင် လုပ်ပေးနိုင်ခဲ့ပြီပဲ ဒါပေမဲ့ အဲဒါကို ကျင့်ကြံဖို့က တော်တော် ခက်တာပဲ ခဏလေး ကျင့်လိုက်ရရုံနဲ့တင် ငါ့မျက်လုံးတွေက ခံနိုင်ရည် မရှိတော့ဘူး"

​သူသာ အတင်းအကျပ် ဆက်ပြီး ကျင့်ကြံနေမည်ဆိုလျှင် သူ၏ မျက်စိသူငယ်အိမ်များမှာ ထိုနေရာတင် ပေါက်ကွက်သွားမည်ဟု သူ ခံစားမိသည်။

ထိုအမျိုးသမီးက သူ့ကို မျက်ဝန်းနည်းစနစ် ကျင့်ကြံရန် အကောင်းဆုံး ပါရမီရှင်ဟု ပြောခဲ့သော်လည်း ဤမျှ ခက်ခဲနေသေးသည်။

တကယ်လို့ သာမန်ကျင့်ကြံသူတစ်ယောက်သာ ကျင့်ကြံမည်ဆိုလျှင် ဘယ်လို ဖြစ်သွားမလဲ

​"သူတို့ရဲ့ မျက်လုံးတွေ ပေါက်ကွက်သွားရုံတင် မကဘူး စပြီး ကျင့်တာနဲ့ သူတို့ ခေါင်းပါ ပေါက်ကွဲသွားလိမ့်မယ် ထင်တယ်"

ဖန့်ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။

​ထိုသည်ကို တွေးမိပြီးနောက် ဖန့်ချန်သည် အခန်းထဲမှ ထွက်လာကာ ကျန်းထျန်းအိုက်နှင့် စကားပြောရန် ဆုံးဖြတ်လိုက်သည်။

မကြာမီ တစ်စုံတစ်ယောက်က သူမကို လာခေါ်တော့မည် မဟုတ်လား။

ထိုအမျိုးသမီး ဆက်သွယ်ပေးသည့် လူက မကောင်းသော ရည်ရွယ်ချက် ရှိလိမ့်မည်ဟု သူ မထင်ပေ။

တကယ်လို့ ကျွယ်မိသားစုလို လူမျိုးသာဆိုလျှင် သူတို့က ဒီလို အသိပေးနေမှာ မဟုတ်ဘဲ အတင်းအကျပ် လာခေါ်သွားမှာ သေချာသည်။

မဟာချန်းမှာ သူတို့ကို ဘယ်သူက ခုခံနိုင်မှာလဲ။

​သူ ထတော့မည့် အချိန်မှာပင် ဖန့်ချန် ရုတ်တရက် ရပ်တန့်သွားသည်။

သူ၏ မျက်မှောင်များ ကြုတ်သွားပြီး အံ့သြသွားသော အရိပ်အယောင်များ သူ၏ မျက်လုံးထဲတွင် ပေါ်လာသည်။

​"ဟင် တစ်ခုခုတော့ မှားနေပြီ"

​ဒီအချိန်တိုလေးအတွင်းမှာပဲ သူ၏ ဝိညာဉ်မှာ ပိုပြီး အစွမ်းထက်လာသလိုပဲ

​လွန်ခဲ့သော ခြောက်နှစ်အတွင်း ဖန့်ချန်အတွက် ဤကဲ့သို့သော အတွေ့အကြုံမှာ ပထမဆုံးပင် ဖြစ်သည်။

သူ၏ ဝိညာဉ်မှာ စွမ်းအားမြင့်ဗလာ ကျောင်းတော် ရှိ ကျမ်းစာများကို ဖတ်ပြီး အသိတရား ရရှိခဲ့စဉ်က တစ်ကြိမ်သာ တိုးတက်ခဲ့ဖူးပြီး နောက်ပိုင်း ခြောက်နှစ်လုံးလုံး ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။

​"မျက်ဝန်းနည်းစနစ် က ဝိညာဉ်ကျင့်ကြံခြင်းကိုပါ သက်ရောက်မှု ရှိတာလား"

​ဖန့်ချန်၏ စိတ်ထဲတွင် လှိုင်းအချို့ ထသွားသည်။

ကျင့်ကြံခြင်းလောကတွင် ကိုယ်ခံပညာဖြစ်စေနည်းစနစ်ဖြစ်စေ အဆင့်အတန်း သတ်မှတ်ချက်များ ရှိကြသည်။

မဟာချန်း ကဲ့သို့သော နေရာမျိုးတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ကျင့်ကြံသည့် နည်းစနစ်များမှာပင် လျှို့ဝှက်ချက်များ ဖြစ်နေပြီး တပည့်များနှင့် ရင်းနှီးသော ဆွေမျိုးများကိုပင် သင်ပေးချင်မှ သင်ပေးကြခြင်း ဖြစ်သည်။

ရွှေအမြုတေအဆင့်ထက် ကျော်လွန်သော နည်းစနစ်များ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

ဝိညာဉ်ကို မြှင့်တင်ပေးနိုင်သည့် နည်းစနစ်မျိုးမှာ အနည်းဆုံး ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်များ အသုံးပြုသည့် နည်းလမ်းများ ဖြစ်ရပေမည်။

​"သူမက တကယ်ပဲ ရက်ရောတာပဲ"

ဖန့်ချန် သက်ပြင်းချလိုက်သည်။

သူ အခန်းတံခါးကို ဖွင့်လိုက်သည့်အခါ အေးမြသော လေညင်းတစ်ခု တိုးဝင်လာသည်။

​လေထု၏ အပူချိန်မှာ ပြောင်းလဲနေသည်။

​"လျီချန်း အခုက ည ဖြစ်သွားပြီလား"

ဖန့်ချန် မေးလိုက်သည်။

​မလှမ်းမကမ်းတွင် ရှိနေသော လျီချန်းက အလျင်အမြန်ပင် အရိုအသေပြုလိုက်သည်။

"သခင်လေး ဟုတ်ပါတယ် အခုက ညဘက် ရောက်နေပါပြီ"

​ဖန့်ချန် အံ့သြသွားသည်။

"ဒီလောက် မြန်မြန်ကြီးလား"

​သူ့မှတ်ဉာဏ်ထဲတွင် သူသည် ရှေးဦးနတ်ဘုရားမျက်ဝန်း ကို ခဏလေးသာ ကျင့်ကြံလိုက်ရသည်ဟု ထင်သော်လည်း အချိန်များစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

​'နောင်ကျရင် ဒီနည်းစနစ်ကို ကျင့်တဲ့အခါ ငါ သတိထားရမယ် အဆင့်မြင့်လာတာနဲ့အမျှ တစ်ခါကျင့်ရင် နှစ်ပေါင်းများစွာတောင် ကြာသွားနိုင်တယ်'

ဟု ဖန့်ချန် တွေးလိုက်မိသည်။

​ဖန့်ချန်က လျီချန်းကို ပြုံးပြလိုက်ပြီး

"မင်း ဒီမှာ စောင့်မနေပါနဲ့တော့ သွားနားတော့လေ"

​ထို့နောက် သူ လှည့်ထွက်လာခဲ့ပြီး သူ၏ အခန်းထဲသို့ ပြန်ဝင်လိုက်သည်။

​မြို့ပြင်ရှိ အရပ် (၁၈) ခုတွင် စွမ်းအားမြင့်ဗလာ ကျောင်းတော် တည်ရှိသည်။

ကျောင်းတော်၏ ခန်းမဆောင်အတွင်းတွင် ဆရာကြီး ချန်ယွမ်သည် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်အောက်၌ ထိုင်ကာ ကျမ်းစာများကို တိုးတိုးလေး ရွတ်ဖတ်နေ၏။

​ဖန့်ချန်သည် ခန်းမဆောင်၏ အဝင်ဝသို့ ရောက်ရှိလာပြီး လက်အုပ်ချီကာ ရိုသေစွာ နှုတ်ဆက်လိုက်သည်။

"ဆရာကြီး ချန်ယွမ်"

​ဆရာကြီး ချန်ယွမ်မှာ အနည်းငယ် အံ့သြသွားသည်။

သူက ကျမ်းစာရွတ်ခြင်းကို ရပ်လိုက်ပြီး မတ်တတ်ရပ်ကာ လက်အုပ်ချီလျက်

"အာမိတောဖော ဒီလောက် နောက်ကျမှ ဒကာတော်က ဘာကိစ္စနဲ့ စွမ်းအားမြင့်ဗလာ ကျောင်းတော် ကို ရောက်လာတာလဲ"

​ဖန့်ချန်က ထိုအမျိုးသမီးနှင့် တွေ့ဆုံခဲ့သည့် အကြောင်းကို ဆရာကြီး ချန်ယွမ်အား ပြန်ပြောပြလိုက်သည်။

​ဆရာကြီး ချန်ယွမ်က တိတ်ဆိတ်စွာ နားထောင်နေပြီး သူ၏ မျက်နှာမှာ ဘာကိုမျှ ဖော်ပြခြင်း မရှိချေ။

ခဏအကြာတွင် သူက သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။

"သူမပဲ သူမ အသက်ရှင်နေသေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး သူမက ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်နေတာ ကြာပြီ ထင်တယ်"

​"ဆရာကြီး ချန်ယွမ် သူမနဲ့ ဘိုးဘေး ထင်ယွမ် တို့ကြားမှာ ဘာပတ်သက်မှု ရှိခဲ့တာလဲ အဲဒီတုန်းက ဆရာကြီးက ငယ်သေးတယ် ဆိုပေမဲ့ အဖြစ်အပျက်ကို လူကိုယ်တိုင် ကြုံခဲ့ရတာ မဟုတ်လား"

ဟု ဖန့်ချန်က မေးမြန်းလိုက်သည်။

​"ငါလည်း မသိဘူး"

ဆရာကြီး ချန်ယွမ်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"သူတို့က တစ်ချိန်က ရင်းနှီးခဲ့ကြတယ် ထင်တယ် အဲဒီအဖြစ်အပျက်ကြောင့်ပဲ သူမက စွမ်းအားမြင့်ဗလာ ကျောင်းတော် မှာ သတ်ဖြတ်မှုတွေ လုပ်ခဲ့တာလေ သူမက မင်းအကြောင်း ကြားလို့ မင်းဆီကို သီးသန့် လာခဲ့တာ ဖြစ်ရမယ်"

​ဆရာကြီး ချန်ယွမ်က ခေတ္တရပ်ပြီး ဖန့်ချန်ကို ကြည့်လိုက်သည်။

"ဒကာတော် သူမ အခု ဘယ်မှာလဲဆိုတာ မင်း သိလား ငါ သူမကို တွေ့ချင်တယ်"

​"သူမ ထွက်သွားပါပြီ ဘယ်ကို သွားလဲဆိုတာ ကျွန်တော်လည်း မသိဘူး သူမ မဟာချန်းမှာ ရှိနေသေးလားဆိုတာလည်း မသေချာဘူး"

ဟု ဖန့်ချန်က ပြန်ဖြေလိုက်သည်။

​"သူမ မင်းကို ဘာများ ပြောသွားသေးလဲ ကျောင်းတော် အကြောင်းကော မေးသွားသေးလား"

ဆရာကြီး ချန်ယွမ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

​ဖန့်ချန်၏ မျက်နှာတွင် အားနာရိပ်အချို့ ပေါ်လာသည်။

"အဲဒီအချိန်က ကျွန်တော် အံ့သြနေမိတာနဲ့ အဲဒါတွေကို မမေးဖြစ်လိုက်ဘူး ဆရာကြီးအတွက်လည်း မမေးပေးနိုင်ခဲ့ဘူး"

​"အင်း..."

ဆရာကြီး ချန်ယွမ်က သက်ပြင်းတိုးတိုးလေး ချလိုက်သည်။

သူက သူ၏ ထိုင်ခုံနေရာသို့ ပြန်သွားပြီး ကျမ်းစာများကို ဆက်လက် ရွတ်ဖတ်နေပြန်သည်။

သို့သော် သူ၏ ရွတ်ဖတ်သံမှာ အရင်ကကဲ့သို့ တည်ငြိမ်မနေတော့ဘဲ စိတ်လှုပ်ရှားမှုများ အနည်းငယ် ရောယှက်နေသလို ခံစားရသည်။

​၎င်းကို မြင်လိုက်ရသဖြင့် ဖန့်ချန်သည် တစ်ဖန် ဦးညွှတ်လိုက်ပြီးနောက် လှည့်ထွက်လာခဲ့တော့သည်။

​အချိန်များစွာ ကုန်ဆုံးသွားပြီးနောက် နှစ်ရက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

​ကုန်သွယ်ရေး ညီလာခံ ကျင်းပမည့်နေ့ ရောက်ရှိလာပြီ ဖြစ်သည်။

မဟာချန်း အစိုးရက မြို့ပြင်မှ ကျင့်ကြံသူများနှင့် သာမန်ပြည်သူများကိုပါ မြို့ထဲသို့ ဝင်ခွင့်ပြုလိုက်ပြီး အမဲလိုက်ကွင်းပြင်တွင် ကျင်းပမည့် ကုန်သွယ်ရေး ညီလာခံ၌ ပါဝင်ခွင့် ပေးလိုက်ပြီ ဖြစ်သည်။

​ထိုကာလအတွင်း ဖန့်ချန်သည် သူ၏ ဝိညာဉ်အသိကို အသုံးပြုကာ ထုံဟု၊ ကျွယ်ဝူတိ နှင့် အခြားသူများကို အကြိမ်ပေါင်းများစွာ သွားရောက် စစ်ဆေးခဲ့သော်လည်း အရှင်ဝေဟင်ပြေး ပြောဆိုခဲ့သည့် စောင့်ကြည့်သူ တစ်ဦးတစ်ယောက်ကိုမျှ ရှာမတွေ့ခဲ့ချေ။

​ဖန့်ချန်သည် ကျန်းထျန်းအိုက် နှင့် အခြားသူများကို ခေါ်ဆောင်ကာ အမဲလိုက်ကွင်းပြင်ရှိရာ အရပ်သို့ ဦးတည်လိုက်သည်။

​လမ်းတစ်လျှောက်တွင် လူများမှာ စိတ်လှုပ်ရှားနေကြပြီး ကုန်သွယ်ရေး ပွဲတော်အကြောင်းကိုသာ ပြောဆိုနေကြသည်။

​ထိုနှစ်ရက်အတွင်း ဝိညာဉ်သွေးဂိုဏ်းဘက်မှ ဘာလှုပ်ရှားမှုမှ မရှိခဲ့သလို ထုံဟု နှင့် အခြားသူများမှာလည်း သူတို့၏ အရင်က အစီအစဉ်များ မရှိခဲ့သလို ဘာအမှားအယွင်းမှ မပြကြချေ။

အခြေအနေက ထိုကဲ့သို့ တည်ငြိမ်လေလေ၊ ဖန့်ချန်အတွက် ပိုပြီး လေးနက်လေလေ ဖြစ်လာသည်။

​ဝိညာဉ်သွေးဂိုဏ်းသည် အစီအစဉ်ကြီးတစ်ခုကို လျှို့ဝှက် လုပ်ဆောင်နေသလိုမျိုး ခံစားချက်ကို သူ ရနေသည်။

​'သူတို့က တုန်းဖန်းဟောက်ကျဲကို သတ်ချင်တယ်ဆိုရင် အရှင်ဝေဟင်ပြေးနဲ့ အမြဲတမ်း ရင်ဆိုင်ရမှာပဲ အဲဒါကြောင့်လည်း သူတို့တွေ မဆင်မခြင် မလှုပ်ရှားရဲတာ ဖြစ်နိုင်တယ်'

​ရုတ်တရက် ဖန့်ချန်၏ စိတ်ထဲတွင် တစ်ခုခု ခံစားလိုက်ရပြီး သူ၏ လက်ထဲရှိ ဆက်သွယ်ရေးအဆောင် လေးမှာ အနည်းငယ် နွေးလာသည်ကို တွေ့လိုက်ရသည်။

​"သခင်လေး ကျွန်မ စကားကို ကြားရလား"

​နတ်သမီး ယွီ ၏ အသံမှာ ဖန့်ချန်၏ နားထဲသို့ ရောက်ရှိလာတော့သည်။

All Chapters