အခန်း (၄၂၅-၄၂၆)
Vol. 43 Ch. 425-426
အခန်း ၄၂၅ - နဂါးရိုးကောင်းကင်အမျက်ဒေါသ
ဖန့်ချန်က အပြာရောင်အလင်းတန်းကို ဆွဲဖြဲလိုက်သည့် တစ်စက္ကန့်တွင် ကျွယ်ဝူတိသည် ပါးစပ်အပြည့် သွေးမြူများ အန်ထုတ်လိုက်ရပြီး သူ၏မျက်လုံးထဲရှိ တည်ငြိမ်မှုများမှာ ထိတ်လန့်မှုများအဖြစ် အစားထိုးဝင်ရောက်သွားတော့သည်။
အရှင်ထျန်းဝူ သည် ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး သူ၏နှာခေါင်းပေါက်များမှ ဖြူဖွေးသော အခိုးအငွေ့များ မှုတ်ထုတ်လိုက်သည်။
"ဒီကောင်လေးက သိုင်းပညာပါရမီရှင်ပဲ သူ့ရဲ့ ခန္ဓာကိုယ်က အဆုံးစွန်အထိ သန်မာအောင် လေ့ကျင့်ထားတာပဲ"
ကျွယ်မိသားစု ကျင့်ကြံသူများထဲတွင် ကျွယ်ထျန်းကန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ကြောင်အမ်းနေမိသည်။ သူသည် ကျွယ်ဝူတိထက်ပင် ပို၍ တုန်လှုပ်နေ၏။
ထိုရှေးဟောင်းကြေးမီးအိမ်သည် ကျွယ်မိသားစု၏ အဆင့်မြင့် အဝါရောင်ရတနာများထဲမှ တစ်ခုဖြစ်သည်။
သူသည် ထိုမီးအိမ်ကို ရရှိရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ဘိုးဘေးက သူ့ကို ဘယ်သောအခါမှ မပေးသနားခဲ့ချေ။
ထိုမီးအိမ်မှ ထွက်ပေါ်လာသော အပြာရောင်အလင်းတန်းမှာ နဂါးရိုးကောင်းကင်အမျက်ဒေါသ ဟုခေါ်သော အထူးဝိညာဉ်စွမ်းအားတစ်ခု ဖြစ်သည်။
စစ်မှန်သော နဂါးတစ်ကောင် သေဆုံးပြီးနောက် ၎င်း၏အရိုးများက လူများအနားမကပ်နိုင်အောင် ဖိအားတစ်မျိုး ထုတ်လွှတ်သည်ဟု ကောလာဟလ ရှိခဲ့သည်။
ထိုမီးအိမ်၏ မီးစာကို နဂါးစစ်စစ်၏ အရိုးများဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။
ကောလာဟလသာ ဖြစ်သော်လည်း ကျွယ်ထျန်းကန်း ကိုယ်တိုင် စမ်းသပ်ကြည့်ဖူးရာ သူကိုယ်တိုင်ပင် ထိုအကာအကွယ်ကို မဖောက်နိုင်ခဲ့ချေ
သို့သော် ဖန့်ချန်က လက်ဗလာဖြင့် ဆွဲဖြဲပစ်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
"သခင်လေးက ရိုးရှင်းတဲ့ ခန္ဓာကိုယ်အင်အားနဲ့ပဲ ရန်သူကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်နေတာလား"
ချန်ဖေးလန် နှင့် လျီချန်း တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဤသည်မှာ ဖြစ်နိုင်ခြေ အလွန်များကြောင်း သူတို့ ခံစားမိသည်။
အဘယ်ကြောင့်ဆိုသော် မကြာသေးမီက ဖန့်ချန်သည် ချန်းဖေးလန်နှင့် တိုက်ခိုက်ခဲ့စဉ်ကပင် ဖန့်ချန်၏ သိုင်းပညာအခြေခံ မည်မျှခိုင်မာကြောင်း သူတို့ သိထားသောကြောင့် ဖြစ်သည်။
ကျန်းထျန်းအိုက်၏ စိုးရိမ်နေသော မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး သူမ၏ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ဖန့်ချန်အတွက် တိတ်တဆိတ် အားပေးနေမိသည်။
"သခင်လေး နိုင်ဖို့ အခွင့်အရေးက ငါတို့ထင်ထားတာထက် ပိုများနေတာပဲ"
ဝူရုန့်ချိုက အနည်းငယ် အံ့သြသွားပြီး ရှကျီကို ကြည့်လိုက်သည်။
"ဂျူနီယာမောင်လေး သခင်လေး ဖန့် က ဘာလို့ ဓားမသုံးတာလဲ"
ရှကျီက ပြုံးပြီး စိတ်အာရုံဖြင့် ပြန်ပြောလိုက်သည်။
"စီနီယာအစ်မ ကျွယ်ဝူတိကို နှိမ်ဖို့ဆိုရင် သူ့အစွမ်းရဲ့ ၃၀ ရာခိုင်နှုန်းတောင် သုံးဖို့ မလိုဘူးလေ ဒါကြောင့် ဓားသုံးပြီး ဘာလို့ ဒုက္ခခံနေမှာလဲ"
" သေချာကြည့်ထားလိုက် သူ့ရဲ့ နည်းစနစ်တွေကို ဒီမှာရှိတဲ့ ဘယ်သူမှ ကြိုတင်မခန့်မှန်းနိုင်ဘူး သူ ဘာလုပ်မလဲဆိုတာ ကျွန်တော်လည်း မသိဘူး ဒီမှာရှိတဲ့ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တွေလည်း သိမှာမဟုတ်ဘူး"
သူသည် ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် သုံးဦးကို တစ်ချက်ကြည့်ပြီးနောက် ဖန့်ချန်ထံသို့ အကြည့်ပြန်ပို့လိုက်သည်။
ဖန့်ချန်သည် သူ၏ ညီအစ်ကိုကောင်း မဟုတ်ပါလား ဖန့်ချန်က ကျွယ်ဝူတိကို အနိုင်ယူခြင်းမှာ သူကိုယ်တိုင် အနိုင်ယူလိုက်သကဲ့သို့ပင် ဖြစ်သည်။
ဖန့်လင်ရှင်းမှာ ဆွံ့အလျက် ရှိနေသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အစ်ကိုကျွယ် ပြောတုန်းကတော့ အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ယောက်တောင် ဒီမီးအိမ်ကို ဖောက်ဖို့ အချိန်အတော်ယူရမယ် ဆိုတာကို"
ဖန့်ချန်က ကျွယ်ဝူတိဆီသို့ စတင် လျှောက်လှမ်းသွားပြီ ဖြစ်သည်။
ကျွယ်ဝူတိက ထိုမြင်ကွင်းကို မြင်သောအခါ ဟိန်းဟောက်လိုက်ပြီး ဖန့်ချန်ထံသို့ ထက်မြက်သော ဓား တစ်လက်ကို စေလွှတ်လိုက်သည်။
ဖန့်ချန်က ထိုဓားကို အေးအေးဆေးဆေးပင် ဖမ်းယူလိုက်ပြီး လက်ဖြင့် လုံးချေကာ ဘေးသို့ လွှင့်ပစ်လိုက်သည်။
ထို့နောက် ကျွယ်ဝူတိဆီသို့ ဆက်လက် လျှောက်လှမ်းသွားသည်။
ကျွယ်ဝူတိသည် သွေးများကို ထပ်မံအန်ထုတ်လိုက်ပြီး သူ၏မျက်လုံးများမှာ သွေးရောင်လွှမ်းလျက် အော်ဟစ်လိုက်သည်။
"မဖြစ်နိုင်ဘူး သူ့ကို သတ်ကြစမ်း"
ရွှေရောင်ဝတ်စုံဝတ် စစ်သည်တော် အများအပြား ပေါ်လာသည်။
ဖန့်ချန်က လက်ကိုမြှောက်ပြီး လက်သီးချက်အချို့ ပစ်သွင်းလိုက်သည်။
သူ၏လက်သီးမှာ ရွှေရောင်စစ်သည်တော်များနှင့် ထိတွေ့သွားသည့် ခဏမှာပင် ၎င်းတို့မှာ ရွှေရောင်ဒြပ်စင် စွမ်းအားများအဖြစ် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး လေထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
မဟာချန်းမှ ပါရမီရှင်များမှာ ထိုမြင်ကွင်းကို မြင်သောအခါ အံ့သြလွန်း၍ စကားပင် မပြောနိုင်ကြချေ။
သူတို့၏ မျက်နှာများမှာပင် ဖြူလျော်သွားကြသည်။
ကျွယ်ဝူတိကဲ့သို့ သန်မာသောသူပင်လျှင် ဖန့်ချန်ကို ဘာမှမလုပ်နိုင်ပါလား
"ဒီမိစ္ဆာကောင် သူ့ရဲ့ ခန္ဓာကိုယ်က ဘာလို့ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ သူ ဘာနည်းစနစ်ကို ကျင့်နေတာလဲ"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ထိုသို့ အော်ဟစ်လိုက်သူမှာ တခြားသူမဟုတ် ဒုတိယမင်းသား ချန်းဖုန်း ဖြစ်သည်။
သူနှင့် ဘေးနားရှိ မင်းသား မင်းသမီးများမှာ ဖန့်ချန်ကို ငေးကြည့်နေမိကြပြီး သူတို့၏ စိတ်များမှာပင် ပျက်စီးသွားသလို ခံစားနေရသည်။
ကျန်းရွှမ်း၏ ဘေးတွင်မူ ဆွေ့ဟွမ်နျန်း ၏ မျက်နှာမှာ အံ့သြမှုမှတစ်ဆင့် မိမိကိုယ်ကို လှောင်ပြောင်သည့် အမူအရာသို့ ပြောင်းလဲသွားသည်။
"မရှုံးနိမ့်နိုင်တဲ့သူ..."
တစ်ချိန်က သူမသည် ဖန့်ချန်နှင့် ရင်ဆိုင်ရပါက သူမကိုယ်သူမ မရှုံးနိမ့်နိုင်ဟု ထင်ခဲ့ဖူးသည်။
ရလဒ်က ဘာဖြစ်ခဲ့သလဲ သူမသည် သူ၏ မခန့်မှန်းနိုင်သော ခန္ဓာကိုယ်အင်အားအောက်တွင် ကျရှုံးခဲ့ရဆဲပင်။
ဒီနေ့တွင်တော့ ဖန့်ချန်၏ ခန္ဓာကိုယ် မည်မျှကြောက်စရာကောင်းကြောင်း သူမ အမှန်တကယ် နားလည်သွားပြီ ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရစဉ်မှာပင် သူသည် ၎င်း၏ ခံစစ်ကို အင်အားသုံးကာ ဆွဲဖြဲပစ်နိုင်ခဲ့သည်။
ကျန်းရွှမ်းက ဖန့်ချန်ကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် အလင်းတန်းများ ဖြတ်ပြေးနေသည်။
"ဖန့်ထင်ယွမ်ရဲ့ မျိုးဆက်"
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသာ အံ့သြနေကြသည်မဟုတ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင် ထိတ်လန့်နေကြသည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင် ထိုတိုက်ပွဲထဲသို့ စိတ်ဝင်တစား ရောက်ရှိလာကြသည်။
သူတို့၏ အမြင်တွင် မျိုးဆက်သစ်များ၏ ရန်ပွဲမှာ ဂရုစိုက်စရာ မလိုဟု ထင်ခဲ့သော်လည်း ယခုမူ ဖန့်ချန်၏ အစွမ်းများကြောင့် သူတို့၏ မျက်မှောင်များမှာ အလေးအနက် ကြုတ်သွားကြသည်။
အရှင်ကျားဖြူက ဆရာကြီးလုံမု ထံသို့ ကြည့်လိုက်သည်။
"တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ ဆရာကြီးလုံမု ဒီကောင်လေးရဲ့ ခန္ဓာကိုယ်က တော်တော်လေး ထူးခြားတယ်နော် ခင်ဗျားတို့ ချန်ရှန်းကျောင်းတော်က ရဟန္တာကြီးတွေရဲ့ မဖျက်ဆီးနိုင်သော သန့်စင်သောခန္ဓာ နဲ့တောင် ဆင်သလိုပဲ"
ဆရာကြီးလုံမုက ဖန့်ချန်ကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။
"အာမိတောဖော ဒါက ငါတို့ကျောင်းတော်က မဖျက်ဆီးနိုင်သော သန့်စင်သောခန္ဓာ မဟုတ်ပါဘူးဒါပေမဲ့ ဒီဒကာတော်ကတော့ သူ့ရဲ့ခန္ဓာကိုယ်ကို အလွန်သန့်စင်တဲ့ အခြေအနေအထိ လေ့ကျင့်ထားတာတော့ အမှန်ပါပဲ"
ကျွယ်မိသားစု၏ မျိုးဆက်များမှာ စကားပင် မပြောနိုင်တော့ချေ။
ကျွယ်မိသားစုမှ ရွှေအမြုတေအဆင့်နှောင်းပိုင်း ကျင့်ကြံသူနှင့် ကျွယ်ဖေးချန် တို့မှာ အစပိုင်းတွင် ကြောင်အမ်းနေသော်လည်း နောက်ပိုင်းတွင် မျက်မှောင်ကြုတ်လာကာ သူတို့၏ အကြည့်များမှာ ပို၍ လေးနက်လာသည်။
ကျွယ်ဝူတိသည် ရုတ်တရက် ဟိန်းဟောက်လိုက်ပြီးနောက် ရူးသွပ်သော အပြုံးတစ်ခု ပြုံးလိုက်သည်။
"ဒါ မဖြစ်နိုင်ဘူး ဒါက အမြင်အာရုံလှည့်စားတဲ့ အဆောင် တစ်ခုပဲ မဟုတ်လား ဟုတ်တယ် ငါ ထပ်ပြီး အမြင်အာရုံ လှည့်စားခံနေရတာ ဖြစ်ရမယ်"
သူ့ရှေ့တွင် ဖြစ်ပျက်နေသမျှအရာအားလုံးမှာ အစစ်အမှန်ဖြစ်သည်ဟု သူ မယုံကြည်နိုင်ချေ။
ယခုတွင် ရှင်းပြချက် တစ်ခုသာ ရှိသည်။ သူသည် အမြင်အာရုံလှည့်စားခံနေရခြင်းပင်
လူအုပ်ကြီးမှာလည်း ဝေခွဲမရ ဖြစ်သွားကြသည်။
တကယ်ပဲ အမြင်အာရုံလှည့်စားခံနေရတာလား ငါတို့ မြင်နေရတာတွေက အယောင်အဆောင်တွေလား
"ဆရာ အမြင်အာရုံလှည့်စားတဲ့အဆောင် ဆိုတာ ဘာလဲ"
ဟု ဆဋ္ဌမမြောက်မင်းသမီးက မေးလိုက်သည်။
မီးတိမ်တိုက်အရှင်၏ မျက်နှာမှာ လေးနက်သွားသည်။
"ဒါက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကိုတောင် အယောင်အဆောင်တွေကြားမှာ ပိတ်လှောင်ထားနိုင်တဲ့ အဆောင်အမျိုးအစားပဲအင်မတန် ကြောက်စရာကောင်းပြီး ရှားပါးတဲ့ ရတနာတစ်ခုပဲ"
"ဒါကြောင့်ကိုး ဒါဆိုရင် ကျွန်မတို့ မြင်နေရတာတွေက အတုတွေပေါ့ ဟုတ်လား"
ဟု မင်းသမီးလေးက အလျင်အမြန် တုံ့ပြန်လိုက်သည်။
"အဲဒါလည်း ဖြစ်နိုင်တာပဲ"
မီးတိမ်တိုက်အရှင် ပြောနေစဉ်မှာပင် လူတိုင်း၏ အာရုံမှာ ထုရိုက်သံများဆီသို့ ရောက်သွားကြသည်။
ဖန့်ချန်သည် ကျွယ်ဝူတိ၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်ပြီး လက်သီးချက်ပေါင်းများစွာကို ကျွယ်ဝူတိထံသို့ ပစ်သွင်းနေသည်ကို မြင်လိုက်ရသည်။
ကျွယ်ဝူတိမှာ သဲအိတ်တစ်ခုကဲ့သို့ အရိုက်ခံနေရပြီး အရှိန်ဖြင့် လွင့်စင်ကာ မြေပြင်ပေါ်တွင် လိမ့်နေတော့သည်။
လက်သီးချက် တစ်ဆယ်ကျော်အတွင်းမှာပင် ကျွယ်ဝူတိ၏ အရိုးအဆစ်များနှင့် သွေးကြောများအားလုံး ပျက်စီးသွားတော့သည်။
သူ၏ ရုပ်သွင်မှာ လုံးဝ မှတ်မိနိုင်စရာ မရှိတော့ချေ။
ထိုအချိန်တွင် မဟာချန်းမှ အမျိုးသမီးကျင့်ကြံသူ အများအပြားမှာ မျက်ရည်များ ဝိုင်းလာကြသည်။
အချို့မှာမူ ထိုမြင်ကွင်းကြောင့် အော်ဟစ်ငိုယိုမိကြသည်။
မြင်ကွင်းမှာ အလွန်ပင် ရင်နင့်စရာ ကောင်းလှသည်
ဖန့်လင်ရှင်းက သူမ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူမရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေသည်။
"ဒါက အမြင်အာရုံလှည့်စားတဲ့အဆောင်ပဲ အဲဒါ ဖြစ်ရမယ်"
လူအုပ်ကြီးထဲတွင် ဖန့်ရှန်း နှင့် ထုံပိုင်ကျိုး တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ဦး၏ မျက်လုံးထဲတွင် အခြားတစ်ဦး၏ ထိတ်လန့်မှုကို မြင်လိုက်ရသည်။
တောင်ပိုင်းကောင်းကင်ဂိုဏ်း၏ ဘိုးဘေးသည် သူ၏ ဂျူနီယာညီလေး ထိုသို့ ဖြစ်သွားသည်ကို မြင်သောအခါ အလွန် လေးနက်သွားသည်။
သူ၏ ဘေးရှိ ယွီယွဲ့ဖန် ၏ မျက်လုံးများထဲတွင်လည်း ထိတ်လန့်မှုများ ပြည့်နေသည်။
မဟာချန်းက ကျင့်ကြံသူတွေ အားလုံးက ဒီလိုပဲလား သူတို့က ချီသန့်စင်ခြင်းအဆင့်မှာပဲ ရှိနေတာကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို ရိုက်နှက်နေတာလား ထိုအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက ဘာမှတောင် ပြန်မလုပ်နိုင်ဘူး
ဤမြင်ကွင်းက သူ့ကို မကြာသေးမီက ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို ပြန်လည် အမှတ်ရစေသည်။
ရုတ်တရက် ကျွယ်မိသားစုမှ ရွှေအမြုတေအဆင့်နှောင်းပိုင်း ပညာရှင်သည် အရှင်ကျားဖြူထံသို့ ဦးညွှတ်လိုက်သည်။
"အရှင်ကျားဖြူ ကျေးဇူးပြုပြီး အကာအကွယ်ကို ဖယ်ရှားပေးပါ ကျွယ်ဝူတိက အရှုံးပေးပါတယ်"
သူ၏ အသံမှာ ကွင်းပြင်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး အစောပိုင်းက အမြင်အာရုံလှည့်စားခံနေရသည်ဟု ထင်ထားသော ပွဲကြည့်ပရိသတ်များကို တုန်လှုပ်သွားစေသည်။
"ဒါက အယောင်အဆောင် မဟုတ်ဘူးလား"
ကျွယ်ဝူတိသည် ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး သူ၏ မျက်လုံးများ သွေးရောင်လွှမ်းလျက် ကျွယ်ဖေးချန်ကို ကြည့်လိုက်သည်။
"မဖြစ်နိုင်ဘူး ဘိုးဘေး ကျွန်တော်က အမြင်အာရုံလှည့်စားတဲ့အဆောင်ရဲ့ လွှမ်းမိုးမှုကို ခံနေရရုံပဲ မရှုံးသေးဘူး နဂါးရိုးကောင်းကင်အမျက်ဒေါသက ကျွန်တော့်ကို ကာကွယ်ပေးထားတာလေ သူ ကျွန်တော့်အနားတောင် မကပ်နိုင်ပါဘူး ဒါတွေ အားလုံးက အတုတွေပဲ"
"မဟုတ်ဘူး အခုမြင်နေရတဲ့ ဘိုးဘေးတောင်မှ အယောင်အဆောင်ပဲ ဖြစ်ရမယ် ဖန့်ချန်က ကျွန်တော့်ရဲ့ တိုက်ခိုက်လိုစိတ်ကို ဖျက်ဆီးဖို့ တမင် လုပ်နေတာ"
အားလုံး ဆွံ့အသွားကြသည်။
ကျွယ်ဝူတိသည် ယခုအချိန်အထိ သူသည် အယောင်အဆောင်များကြားတွင် ပိတ်မိနေသည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။
"နဂါးရိုးကောင်းကင်အမျက်ဒေါသ"
အရှိန်အဝါက သူ့ကို ကာကွယ်ပေးထားဆဲဟု သူ ထင်နေသည်။
"ပေါက်ကရတွေ"
ကျွယ်ဖေးချန်က ရုတ်တရက် အော်ဟစ်လိုက်သည်။
"မင်း အမြင်အာရုံလှည့်စားခံနေရတာ မဟုတ်ဘူးမင်း တကယ် ရှုံးသွားပြီ နိုးထစမ်း"
ဘုန်း
ကျွယ်ဝူတိသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ကျွယ်ဖေးချန်ကို မော့ကြည့်လိုက်သည်။
"ဒါက အယောင်အဆောင်ပဲ ကျွန်တော့်ကို လာမလိမ်နဲ့"
ကျွယ်ဖေးချန်၏ မျက်နှာမှာ ဒေါသကြောင့် စိမ်းဖျော့သွားတော့သည်။
ဒီနေ့မှာတော့ ကျွယ်မိသားစုဟာ ရှုံးနိမ့်သွားရုံသာမက အလွန်ပင် အရှက်တကွဲ ဖြစ်ခဲ့ရလေပြ
အခန်း ၄၂၆ - ဒီမှာ ကျန်းမိသားစုရဲ့ မျိုးဆက် ရှိသလား
စကြဝဠာမှန်ချပ် က ဖန့်ချန် တစ်ယောက် ရှေးဟောင်းကြေးမီးအိမ်ကို ရိုက်ခွဲတော့မယ့် အခြေအနေကို မြင်တဲ့အခါ ဖန့်ချန်ရဲ့ နားထဲကို အသံလှမ်းပို့လိုက်တယ်။
"အစ်ကို အဲဒီမီးအိမ်ကို မခွဲလိုက်နဲ့ သိမ်းထားလိုက် အဲဒါက ပစ္စည်းကောင်းပဲ"
ဒါကို ကြားလိုက်ရတဲ့အခါ ဖန့်ချန်ရဲ့ လက်လှုပ်ရှားမှုက ရပ်တန့်သွားပြီး တိုက်ခိုက်မယ့် ဦးတည်ချက်ကို ပြောင်းလဲလိုက်ကာ ကျွယ်ဝူတိရဲ့ ဗိုက်ကိုပဲ ကန်ထုတ်လိုက်တယ်။
ကျွယ်ဝူတိဟာ လေထဲကို မြောက်တက်သွားပြီး ရွှေရောင်အကာအကွယ်အတားအဆီးနဲ့ ပြင်းထန်စွာ ရိုက်မိကာ မြေပြင်ပေါ်ကို ဘုန်းဘုန်းလဲ ကျသွားတော့တယ်။
ဖန့်ချန်က ရှေးဟောင်းကြေးမီးအိမ်ကို ကောက်ယူလိုက်တယ်။
"ဖန့်ချန် ကျွယ်ဝူတိက အရှုံးပေးပြီးပြီပဲ မင်း ဒီ နဂါးရိုးကောင်းကင်မီးအိမ် ကို ကြိုက်တယ်ဆိုရင်လည်း ငါ မင်းကို ပေးလိုက်မယ် ကျွယ်ဝူတိကိုတော့ ထပ်ပြီး လက်မပါနဲ့တော့"
ကျွယ်ဖေးချန်က အော်ဟစ်လိုက်တယ်။
ဖန့်ချန်က ရှေးဟောင်းကြေးမီးအိမ်ကို သိမ်းဆည်းလိုက်ပြီး ကျွယ်ဝူတိဆီကို ဆက်ပြီး လျှောက်သွားတယ်။
သူက ကျွယ်ဝူတိကို အမှိုက်တစ်စလိုပဲ ကောက်ယူလိုက်ပြီး လည်ပင်းကနေ ဆွဲမကာ လေထဲ မြှောက်ထားလိုက်တယ်။
ကျွယ်ဖေးချန်ရဲ့ မျက်လုံးတွေထဲမှာ ဒေါသရိပ်တွေ လျှပ်ခနဲ ပေါ်လာပြီး သူက ဟိန်းဟောက်လိုက်တယ်။
"မင်း နောက်ထပ် ဘာလိုချင်သေးတာလဲ"
ဖန့်ချန်က ပြုံးလိုက်တယ်။
"ကျန်းကျုံးကို ဒီကို ခေါ်လာပေး ဒါဆိုရင် မင်းရဲ့ လူကို အသက်ချမ်းသာပေးမယ်"
ကျန်းကျုံး အဲဒါ ဘယ်သူလဲ
ကျန်းထျန်းအိုက် တစ်ယောက် မျက်ရည်တွေ ကျလာပါတယ်။
သခင်လေးက ဦးလေးကျန်း ရဲ့ အသက်နဲ့ ကျွယ်ဝူတိရဲ့ အသက်ကို လဲလှယ်ဖို့ ကြိုးစားနေတာကိုး
ကျွယ်ဖေးချန်က ဒေါသတကြီး ပြောလိုက်တယ်။
"လူငယ် ငါတို့ မိသားစုကိစ္စထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်မပါနဲ့ မင်းက လွန်လွန်းနေပြီ ဖန့်ထင်ကျန့် ရဲ့ မျက်နှာကို ထောက်ထားပြီး ငါ မင်းကို သည်းခံနေတာ မင်းက ငါ့ကို ဒီလောက်အထိ အနိုင်ကျင့်ဦးမှာလား"
"စီနီယာ စီနီယာက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်တာနဲ့အညီ သက်တမ်းလည်း ရှည်ဦးမှာပါ ညှိနှိုင်းဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်"
ဖန့်ချန်က ဆက်ပြောတယ်။
"ဒါပေမဲ့ ကျွန်တော်တို့ မျိုးဆက်သစ်တွေကတော့ မတူဘူးလေ ကျွန်တော်တို့က ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေပဲ ရှိသေးတာ ရန်သူတွေလည်း အများကြီးပဲ ဒီအကြောင်းတွေကို ပြောခွင့်မရခင် တစ်နေ့နေ့မှာ ရုတ်တရက် သေသွားနိုင်တယ် မဟုတ်လား"
ဖန့်ချန်က ပြုံးရင်း ဆက်ပြောတယ်။
"ကျန်းကျုံး ကို ဒီကို ခေါ်လာပေး ဒါဆိုရင် ကျွယ်ဝူတိကို ပြန်ပေးမယ် သူက အသုံးမကျတဲ့ လူအ တစ်ယောက် ဖြစ်နေပေမယ့် စီနီယာတို့ မိသားစုအတွက်တော့ ထိပ်တန်း ပါရမီရှင်တစ်ယောက် မဟုတ်လား"
"တကယ်လို့ သူ့ကို စွန့်လွှတ်လိုက်မယ်ဆိုရင် နောက်ထပ် ကျွယ်ဝူတိ တစ်ယောက် ပေါ်လာဖို့ ဆယ်စုနှစ်ပေါင်းများစွာ ဒါမှမဟုတ် ရာစုနှစ်ပေါင်းများစွာ စောင့်ရပါလိမ့်မယ်"
ပွဲကြည့်ပရိသတ်တွေရဲ့ မျက်နှာပေးတွေက ထူးဆန်းသွားကြတယ်။
သူတို့ ကျန်းကျုံး ဆိုတာ ဘယ်သူမှန်း မသိပေမယ့် ဖန့်ချန်က ကျွယ်ဝူတိကို ထိပ်တန်းပါရမီရှင် လို့ ပြောလိုက်တာက အဓိပ္ပာယ်ရှိသလိုလိုနဲ့ အဆုံးမဲ့ လှောင်ပြောင်မှုတွေ ပါဝင်နေတာကို ခံစားမိလို့ပါပဲ။
"မင်း"
ရွှေအမြုတေအဆင့်နှောင်းပိုင်း ကျင့်ကြံသူ ကျွယ်ဖေးချန်ဟာ ဒေါသကို မထိန်းနိုင်တော့ပါဘူး။
ခေတ္တ တိတ်ဆိတ်သွားပြီးနောက် သူက ကျွယ်ဖေးအန်း ကို ကြည့်လိုက်ရာ ကျွယ်ဖေးအန်း ကလည်း အဓိပ္ပာယ်ကို နားလည်ပြီး လှည့်ထွက်သွားပါတယ်။
လည်ပင်း အညှစ်ခံထားရတဲ့ ကျွယ်ဝူတိကတော့ ဖူးယောင်နေတဲ့ မျက်လုံးတွေကို အနိုင်နိုင် ဖွင့်ကြည့်ရင်း လှောင်ပြုံး ပြုံးလိုက်တယ်။
"ဒါတွေက အယောင်အဆောင်တွေပဲ မဟုတ်လား ဖန့်ချန် မင်းမှာ ဒီလောက်ပဲ ရှိတာလား ငါ့ရဲ့ နဂါးရိုးကောင်းကင်အမျက်ဒေါသ မီးအိမ် ကိုတောင် မင်း မဖျက်နိုင်ဘူးမလား"
ထိုအချိန်မှာ ကျွယ်ဝူတိရဲ့ နားထဲကို အသံတစ်ခု ရောက်လာတယ်။
"တတိယ ဂျူနီယာညီလေး ဒါက အယောင်အဆောင် မဟုတ်ဘူး"
ထိုအသံက ပြောတယ်။
"မင်း တကယ် ရှုံးသွားတာ သူ့ကို ထပ်ပြီး ရန်မစနဲ့တော့ အသက်ရှင်အောင် နေပြီးမှ နောက်မှ ပြန်စီရင်လိုက်"
ကျွယ်ဝူတိရဲ့ အောင်နိုင်သူ အပြုံးက တောင့်တင်းသွားတယ်။
"ဘာ... ဘာပြောတယ်"
သူက တောင်ပိုင်းကောင်းကင်ဂိုဏ်းရဲ့ ဘိုးဘေးကို မသိမသာ လှမ်းကြည့်လိုက်တယ်။
ဖြည်းဖြည်းချင်းပဲ သူ့ရဲ့ မျက်နှာထားက အလွန်အမင်း ထိတ်လန့်သွားတဲ့ အမူအရာ ဖြစ်လာတယ်။
ဒါက အယောင်အဆောင် မဟုတ်ဘူး တစ်ဖက်လူက အမြင်အာရုံလှည့်စားတဲ့ အဆောင်တွေ သုံးနိုင်ရင်တောင် သူ့ရဲ့ ဒုတိယစီနီယာအစ်ကို ရှိနေတာကို သိစရာ အကြောင်းမရှိဘူး
ဒါဆို ဒါက အယောင်အဆောင် မဟုတ်ဘူးပေါ့ ဖန့်ချန်က တကယ်ပဲ နဂါးရိုးကောင်းကင်အမျက်ဒေါသ အရှိန်အဝါကို ဆွဲဖြဲပစ်လိုက်တာလား သူ တကယ် ရှုံးသွားတာလား
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျွယ်ဝူတိက မယုံကြည်နိုင်စွာနဲ့ တိုးတိုးလေး ရေရွတ်နေမိတယ်။
သူ ဘယ်လိုလုပ် ဒီလောက် အရှက်တကွဲ ရှုံးသွားတာလဲအရမ်းကို လွယ်လွယ်ကူကူ ရှုံးသွားတာပါလား သူက အခြေခံတည်ဆောက်ခြင်းအဆင့် နောက်တစ်ယောက်က ချီသန့်စင်ခြင်းအဆင့်ပဲ ရှိတာလေ
ကျွယ်ဝူတိရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားတာကို မြင်လိုက်ရတဲ့ ပရိသတ်တွေကလည်း ဒါက အယောင်အဆောင် မဟုတ်ဘူးဆိုတာကို သူ သဘောပေါက်သွားပြီဆိုတာ ရိပ်မိလိုက်ကြတယ်။
စိတ်ဝင်စားဖို့ ကောင်းသားပဲ ဖန့်ချန် စိတ်ထဲကနေ တွေးလိုက်တယ်။
ကျွယ်ဝူတိရဲ့ စိတ်ခံစားချက် ပြောင်းလဲသွားတာကို သူ ခံစားမိတဲ့အတွက် တစ်စုံတစ်ယောက်က ကျွယ်ဝူတိဆီကို စိတ်အာရုံနဲ့ အသံပို့လိုက်ပြီဆိုတာ သူ သိလိုက်ပါတယ်။
ထိုသူက ဝိညာဉ်သွေးဂိုဏ်း က ဖြစ်မှာ သေချာသလို တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေး ဖြစ်ဖို့လည်း များပါတယ်။
"ဖန့်ချန်က တကယ် နိုင်သွားတာပဲ အရမ်းကို လွယ်လွယ်လေး နိုင်သွားတာ"
"သူ ဘာလမ်းစဉ်ကို လိုက်နေတာလဲ သူ့ရဲ့ ခန္ဓာကိုယ်က ဘာလို့ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ ဓားကိုတောင် လက်ဗလာနဲ့ ချေဖျက်နိုင်တယ်ဆိုတော့"
ဖန့်မိသားစုဝင်တွေရဲ့ မျက်နှာမှာတော့ အံ့သြမှု၊ ဝမ်းသာမှု၊ ဇဝေဇဝါဖြစ်မှုနဲ့ သံသယတွေ ရောပြွမ်းနေပါတယ်။
ဖန့်ချန်အတွက် ဒီတိုက်ပွဲက အလွန် ခက်ခဲလိမ့်မယ်လို့ ထင်ထားပေမယ့် မမျှော်လင့်ဘဲ မျက်စိတစ်မှိတ်အတွင်းမှာတင် အနိုင်အရှုံး ပေါ်သွားခဲ့တာပါ။
လူအုပ်ထဲမှာတော့ နတ်သမီးယွီ ရဲ့ မျက်လုံးတွေက အရောင်တောက်နေပါတယ်။
"သခင်လေးက တကယ် တော်တာပဲ"
သူမဘေးက အမျိုးသမီးဓားကျင့်ကြံသူကတော့ ဖန့်ချန်ကို စဉ်းစားဟန်နဲ့ ကြည့်ရင်း တိုးတိုးလေး ပြောလိုက်တယ်။
"ဂျူနီယာညီမ ဒီလူက တော်တော်လေး ရင်းနှီးနေသလို မခံစားရဘူးလား ပြီးတော့ သူ့ဆီကနေ ဓားဆန္ဒ ရဲ့ အရိပ်အယောင်ကိုလည်း ငါ ခံစားမိတယ်"
"သူက ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်ဖို့ များတယ် ပြီးတော့ အဆင့်နိမ့်တဲ့သူလည်း မဟုတ်ဘူး"
"စီနီယာအစ်မ သူကလည်း ကျွန်မတို့လို ဓားကျင့်ကြံသူမို့လို့ အစ်မက ရင်းနှီးနေတယ်လို့ ထင်တာနေမှာပါ"
နတ်သမီးယွီက တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်။
သူမရဲ့ စီနီယာအစ်မက မာနကြီးတဲ့သူမှန်း သူမ သိပါတယ်။
ဖန့်ချန်နဲ့ အရင်က ဆုံခဲ့ဖူးပေမယ့် သူမရဲ့ စီနီယာအစ်မက ဖန့်ချန်ကို သိပ်ဂရုမစိုက်ခဲ့လို့ သူ့ရုပ်ကို မှတ်မိမှာ မဟုတ်ပါဘူး။
ဒါကလည်း သူတို့အားလုံးအတွက် ကံကောင်းခြင်းတစ်ခုပါပဲ။
"ဖြစ်နိုင်ပါတယ်"
အမျိုးသမီးဓားကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်တယ်။
"ဓားကျင့်ကြံသူ ဒီမှာ နောက်ထပ် ဓားကျင့်ကြံသူ တစ်ယောက်နဲ့ ဆုံရတာက တိုက်ဆိုင်လွန်းနေပြီ ဓားသန္ဓေသား က သူ့ဆီမှာ ရှိနေတာများလား"
နတ်သမီးယွီရဲ့ ရင်ခုန်သံတွေ မြန်သွားပါတယ်။
စီနီယာအစ်မ ထင်တာ မှန်နိုင်တယ်လို့ သူမ ခံစားမိတယ်။
ဒါပေမဲ့ သူက သူမရဲ့ သခင်လေးလေ သူ့ကို အန္တရာယ်ဖြစ်အောင် သူမ အဖြစ်မခံနိုင်ပါဘူး
"စီနီယာအစ်မ လောကကြီးက ကျွန်မတို့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း တစ်ခုတည်း ပတ်ချာလည်နေတာ မဟုတ်ပါဘူး"
" အဆင့် ၁ အင်ပါယာတွေမှာတောင် ဓားလမ်းစဉ်လိုက်တဲ့ ပညာရှင်တွေ အများကြီး ရှိတာပဲ အဆင့် ၂၊ ၃ တွေမှာဆို ပိုတောင် များဦးမယ်"
နတ်သမီးယွီက စိတ်အာရုံနဲ့ အသံပို့လိုက်တယ်။
"ဓားသန္ဓေသားကို ခိုးနိုင်တဲ့သူက ဒီလောက် အားနည်းမှာ မဟုတ်ဘူးလေ ပြီးတော့ သူက ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာ အစ်မက ဒါကိုပဲ စူးစိုက်နေရင် တကယ့် သဲလွန်စတွေကို လွတ်သွားလိမ့်မယ်"
"မင်းပြောတာလည်း ဟုတ်တာပဲ မင်းက တစ်ခါတလေကျရင် ငါ့ထက်တောင် အမြင်စူးရှသေးတယ် မင်းကို တပည့်အဖြစ် လက်ခံခဲ့တာ မမှားဘူးပဲ"
အမျိုးသမီးဓားကျင့်ကြံသူက ဆက်ပြောတယ်။
"ဒီပွဲပြီးရင် ငါ အဲဒီဓားကျင့်ကြံသူနဲ့ သွားစကားပြောကြည့်မယ် သဲလွန်စ တစ်ခုခု ရမလားလို့ ဖြစ်နိုင်တာက သူက လူအာရုံပြောင်းအောင် လုပ်နေတဲ့သူလည်း ဖြစ်နိုင်တယ်"
"ကျွန်မ သွားလိုက်ပါ့မယ် စီနီယာအစ်မ အစ်မက ဒီလိုကိစ္စတွေမှာ သိပ်အသားမကျဘူးလေ"
နတ်သမီးယွီက ပြောလိုက်တယ်။
အမျိုးသမီးဓားကျင့်ကြံသူက ပြုံးပြီး ခေါင်းငြိမ့်ပြပါတယ်။
သူတို့ အကြာကြီး မစောင့်လိုက်ရခင်မှာပဲ ကျွယ်ဖေးအန်း ပြန်ရောက်လာတယ်။
သူ့နောက်မှာ အပြာရောင်ဝတ်ရုံရှည်ကို ခြုံထားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပါလာပါတယ်။
ထိုအမျိုးသားက ကြည့်ရတာ ပင်ပန်းနွမ်းနယ်နေပုံရပြီး သူရဲ့ ဝတ်ရုံက လေထဲမှာ တလွင့်လွင့် ဖြစ်နေပါတယ်။
"ဦးလေးကျန်း"
ကျန်းထျန်းအိုက်ဟာ ချန်းဖေးလန် ရဲ့ လက်ထဲကနေ ရုန်းထွက်ပြီး ကျန်းကျုံး ဆီကို ပြေးသွားပါတယ်။
"မလာနဲ့ သခင်မလေး"
ကျန်းကျုံး က ကြောက်လန့်တကြားနဲ့ အော်ဟစ်လိုက်တယ်။
ဒါပေမဲ့ နောက်ကျသွားပါပြီ။
ကျွယ်ဖေးချန် က ထိုအခွင့်အရေးကို အသုံးချပြီး သူ့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ ကျန်းထျန်းအိုက်ကို ဆွဲယူဖမ်းဆီးလိုက်ပါတယ်။
ကျွယ်ဖေးချန်ဟာ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် သုံးဦးကို ဦးညွှတ်လိုက်တယ်။
"စီနီယာတို့ခင်ဗျာ ဒီနှစ်ယောက်က ကျွယ်မိသားစုရဲ့ ရန်သူတွေပါ ဒီဖန့်မိသားစုက လူငယ်က ကျွန်တော်တို့ မိသားစုတွင်းကိစ္စကို ဝင်ရောက်စွက်ဖက်နေပါတယ် စီနီယာတို့အနေနဲ့ တရားမျှတမှုကို ကာကွယ်ပေးပါဦး"
အရှင်ကျားဖြူက ရယ်မောလိုက်တယ်။
"ဒါက မင်းတို့ မိသားစုတွင်းကိစ္စဆိုရင်တော့ ခင်ဗျားတို့ဘာသာပဲ ဖြေရှင်းကြပေါ့"
ဆရာကြီးလုံမု နဲ့ အရှင်ဝေဟင်ပြေး တို့ကတော့ တိတ်ဆိတ်နေကြပါတယ်။
ကျွယ်ဖေးချန်ရဲ့ မျက်လုံးထဲမှာ ဝမ်းသာရိပ်တွေ ဖြတ်ပြေးသွားပြီး ဖန့်ချန်ကို ကြည့်ကာ လှောင်ပြောင်လိုက်တယ်။
"မင်း ကျွယ်ဝူတိကို သတ်ချင်တယ်ဆိုရင် ငါလည်း ဒီကောင်မလေးနဲ့ အစေခံအိုကြီးကို သတ်မယ် တစ်ယောက်ချင်း အသက်ချင်းလဲတာဆိုတော့ မျှတတယ် မဟုတ်လား"
ဖန့်ချန် မျက်မှောင်ကြုတ်သွားတယ်။
ကျွယ်ဖေးချန်က ဒီလို အစွန်းရောက်တဲ့ နည်းလမ်းကို သုံးလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး။
အခု ကျန်းထျန်းအိုက် နဲ့ ကျန်းကျန့် က သူ့လက်ထဲ ရောက်သွားပြီဆိုတော့ ဖန့်ချန်မှာ အပေးအယူလုပ်ဖို့ အခွင့်အရေး မရှိတော့ပါဘူး။
ဒါက နည်းနည်းတော့ ခက်သွားပြီ ငါ ဓားငယ်လေး ကို သုံးလိုက်ရင် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက ငါ့ကို လာရှာလိမ့်မယ် ဝိညာဉ်သွေးဂိုဏ်းကလည်း ငါ့ကို သတိထားမိသွားလိမ့်မယ် ဒါပေမဲ့ ဓားငယ်လေးကို မသုံးဘဲနဲ့လည်း ကျွယ်ဖေးချန်ကို ချက်ချင်း လက်စသတ်ဖို့ မလွယ်ဘူး
ဖန့်ချန် ဘာလုပ်ရမလဲလို့ စဉ်းစားနေတဲ့အချိန်မှာပဲ ကောင်းကင်ယံကနေ နတ်ဘုံနတ်နန်းက ဂီတသံတွေလို သံစဉ်တွေ ထွက်ပေါ်လာတာကြောင့် လူတိုင်း အံ့သြစွာနဲ့ မော့ကြည့်လိုက်ကြပါတယ်။
ကောင်းကင်ဟင်းလင်းပြင်ထဲကနေ နတ်လှေကြီး တစ်စင်း ပေါ်လာပြီး အဝတ်အစားပါးပါးလေးတွေ ဝတ်ဆင်ထားတဲ့ အမျိုးသမီးအများအပြားကလည်း ကောင်းကင်မှာ နတ်သမီးတွေလို ကပြနေကြပါတယ်။
ထို့နောက် ခံ့ညားထည်ဝါလှတဲ့ အသံကြီးတစ်သံက လူတိုင်းရဲ့ နားထဲမှာ ဟိန်းထွက်လာပါတယ်။
ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် သုံးဦးတောင်မှ ထိုအသံကြောင့် အာရုံပျံ့လွင့်သွားရပါတယ်။
"ဒီနေရာမှာ ကျန်းမိသားစု ရဲ့ မျိုးဆက် ရှိသလား"