အခန်း (၄၂၉-၄၃၀)
Vol. 43 Ch. 429-430
အခန်း ၄၂၉ - အသုံးစရိတ်က အရမ်းများလွန်းတယ်
ဖန့်ချန်ဟာ ကုန်သွယ်ရေးပွဲတော်ရဲ့ ထူးခြားချက်တစ်ခုကို သတိထားမိလိုက်တယ်။
အဆင့် ၅ အင်ပါယာက ကျင့်ကြံသူတွေဟာ အဆင့် ၄ အင်ပါယာနယ်မြေမှာ ပစ္စည်းရှာဖွေလေ့ရှိပြီးအဆင့် ၆ အင်ပါယာက လူတွေကတော့ အဆင့် ၅ နယ်မြေမှာ ရှာဖွေကြတာပါ။
အဆင့် ၄ နယ်မြေကိုတော့ သူတို့ လာခဲပါတယ်။
ဖန့်ကျွယ် တို့နဲ့ ခဏလောက် လမ်းလျှောက်ပြီးနောက်မှာတော့ သူတို့လည်း ဝယ်စရာတွေ ရှိတာကြောင့် ဖန့်ချန်ဟာ သူတို့နဲ့ လမ်းခွဲလိုက်ပါတယ်။
'မှန်ချပ်လေး ခုနက မင်းပြောတဲ့ နဂါးရိုးကောင်းကင်မီးအိမ်က တကယ် အသုံးဝင်တာလားမီးအိမ်အူတိုင်က တကယ်ပဲ နဂါးရိုးနဲ့ လုပ်ထားတာလား'
ဖန့်ချန်က စိတ်ထဲကနေ မေးလိုက်တယ်။
"အစစ်အမှန်ပေါ့ ဒီမီးအိမ်က အဝါရောင်အဆင့် အလယ်အလတ် ရတနာပဲဆိုပြီး အထင်မသေးနဲ့တကယ်လို့ မင်းသာ မီးအိမ်ဆီကို ပြောင်းလဲလိုက်မယ်ဆိုရင် ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တွေတောင် အနားမကပ်ရဲတဲ့ စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်"
လို့ မှန်ချပ်လေးက ရှင်းပြပါတယ်။
ဖန့်ချန်ရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားတယ်။
"အဲလောက်တောင် အစွမ်းထက်တာလား ဝိညာဉ်သန္ဓေသားအဆင့်တွေတောင် အနားမကပ်နိုင်ဘူး ဟုတ်လား"
ဒါဆို ဒါက ပစ္စည်းကောင်းပဲ
ဓားငယ်လေးဟာ တတိယအဆင့်ကို တက်လှမ်းထားပေမယ့် ရွှေအမြုတေအဆင့် ပညာရှင်တွေကိုပဲ ခြိမ်းခြောက်နိုင်ပါသေးတယ်။
တကယ်လို့ ရွှေအမြုတေအဆင့် အလယ်ပိုင်း နှောင်းပိုင်း ဒါမှမဟုတ် ဝိညာဉ်သန္ဓေသားအဆင့်နဲ့ တွေ့ရင် အခြေအနေက တော်တော်ခက်ခဲမှာပါ။
ရှစ်မျက်နှာအရပ် ဓားကျမ်း ကို မသုံးဘူးဆိုရင် ဖန့်ချန်ဟာ တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်ပါဘူး။
"ဟုတ်တယ် ဝိညာဉ်သန္ဓေသားအဆင့်တွေတောင် မင်းနားကပ်ဖို့ ခက်လိမ့်မယ်"
"ဘယ်လို မီးအိမ်ဆီ သုံးရမှာလဲ"
"နဂါးသွေးပေါ့ တကယ်လို့ နဂါးသွေး မရှိရင် နဂါးသွေးမျိုးဆက် မိသားစုက လူတွေရဲ့ သွေး ကလည်း တူညီတဲ့ အာနိသင် ရှိတယ်"
ဖန့်ချန်ဟာ ဝိညာဉ်အာရုံနဲ့ ကြည့်လိုက်တော့ တုန်းဖန်းဟောက်ကျဲ တစ်ယောက် နတ်သမီးယွီတို့ စီနီယာအစ်မနှစ်ယောက်နောက်ကို ကပ်နေတာကို မြင်လိုက်ရတယ်။
အဲဒီဝတုတ်ဆီက နဂါးသွေးက တကယ်ပဲ အံ့သြဖို့ကောင်းပါတယ်။
အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သူတော်စင်အဆင့် ထိ မြှင့်တင်ပေးနိုင်သလို အဝါရောင်အဆင့် အလယ်အလတ်ရတနာကိုလည်း အဆင့်မြင့်ရတနာတွေနဲ့ ယှဉ်နိုင်တဲ့ စွမ်းအားမျိုး ထုတ်ပေးနိုင်တာကိုး။
သူတို့ ဘာလို့ အမည်ဝှက်ထားလဲဆိုတာ မဆန်းပါဘူး။
တကယ်လို့ ဝိညာဉ်သွေးဂိုဏ်းလို လူတွေသာ သိသွားရင် သူတို့ကို ဖမ်းပြီး သွေးတွေ ထုတ်ယူဖို့ ပိတ်လှောင်ထားကြမှာ သေချာပါတယ်။
နဂါးရိုးမီးအိမ်အပြင် သူ့ဆီမှာ ဝိညာဉ်တံဆိပ် ၇၂ ခု ပါတဲ့ အဝါရောင်အဆင့်မြင့် ချည်နှောင်ခြင်း ခေါင်းလောင်လည်း ရှိပါသေးတယ်။
အဲဒါက မပြည့်စုံသေးပေမယ့် အတင်းအကျပ် သုံးမယ်ဆိုရင်တော့ စွမ်းအားအတော်အတန် ထွက်ပါတယ်။
ဒါပေမဲ့ ဝိညာဉ်သန္ဓေသားအဆင့်တွေကို ယှဉ်နိုင်မလားဆိုတာကတော့ မေးခွန်းထုတ်စရာပါ။
တတိယမျိုးနွယ်စုက တပည့် ၁၀ ယောက်လောက်နဲ့ အတူရှိနေတဲ့ ဖန့်ဟောက် က သတ္တိမွေးပြီး မေးလိုက်တယ်။
"ဖန့်ချန် မင်း ဝယ်ချင်တာ မရှိဘူးလား ဟိုဘက်မှာ ရွှေအမြုတေအဆင့် ဘိုးဘေးတွေက အဝါရောင်အဆင့်မြင့် ရတနာတစ်ခုကို လုဖို့ ပြင်နေကြတယ်လို့ ကြားတယ် ငါတို့လည်း သွားကြည့်ကြမလား"
ဒီတပည့်တွေက ဖန့်ချန်ကို ကြည့်တဲ့ အကြည့်တွေမှာ ကြောက်ရွံ့ရိုသေမှုတွေ ပါဝင်နေပါတယ်။
ဖန့်ချန်က ခေါင်းငြိမ့်ပြလိုက်တယ်။
"ကောင်းပြီလေ အတူတူ သွားကြည့်ကြတာပေါ့"
အလယ်ဗဟို ဧရိယာမှာတော့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ရာနဲ့ချီ စုဝေးနေကြပြီး သူတို့ လုကြမယ့် ပစ္စည်းတွေကတော့ အရှင်ဝေဟင်ပြေး၊ အရှင်ကျားဖြူ နဲ့ ဆရာကြီးလုံမု တို့ ယူဆောင်လာတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ သီလရှင်ကျူးယွဲ့ နဲ့ တခြားလူတွေဟာ အဆင့် ၅ အင်ပါယာတွေရဲ့ ဆိုင်ခန်းတွေဆီကို ပျံ့နှံ့သွားကြပါတယ် လီတောက်ယဲ့ တို့လည်း အတူတူပါပဲ။
သူတို့ ဆိုင်ရောက်တာနဲ့ အဝါရောင်အဆင့်မြင့် ရတနာတွေ ရှိမရှိ တိုက်ရိုက် စုံစမ်းကြပါတယ်။
"ဖန့်ချန် က ဘာလို့ ဒီလောက် ရတနာတွေ အများကြီး ဝယ်ခိုင်းတာလဲ မသိဘူး ငါတို့အတွက် သုံးပေးဖို့များလား"
လီတောက်ယဲ့ က သံသယနဲ့ မျှော်လင့်ချက် ရောပြွမ်းစွာ တွေးနေမိတယ်။
မျက်နှာမှာ နီမြန်းတဲ့ အလင်းတောက်နေတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက ဓားတစ်လက်ကို ကိုင်ပြီး လူအုပ်ကို အော်ပြောနေပါတယ်။
"အားလုံးပဲ ဒီ ကူငါးဓား မှာ ဝိညာဉ်တံဆိပ် ၈၃ ခု ပါဝင်ပါတယ် ဒါကြောင့် အဝါရောင်အဆင့်မြင့် ရတနာတွေထဲမှာတောင် သာမန် ပစ္စည်းမျိုး မဟုတ်ပါဘူး"
"အရင်က သုံးထားတဲ့ အမှတ်အသားတွေ ရှိပြီး ဝိညာဉ်တံဆိပ်တွေက အနည်းငယ် ပျက်စီးနေပေမယ့် ဈေးနှုန်းကတော့ သင့်တင့်ပါတယ် အနိမ့်ဆုံး လေလံဈေးကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၇ ထောင် ပါ"
သူ့ရဲ့ ဘေးမှာတော့ ရင်းနှီးတဲ့သူ နှစ်ယောက် ရှိနေပါတယ်၊ တစ်ယောက်က ကောင်းကင်ရတနာခန်းမရဲ့ စီမံခန့်ခွဲသူ တာဝန်ခံဝူ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မန်နေဂျာဝူ ပါ။
အရှင်ဝေဟင်ပြေး နဲ့ တခြား ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် နှစ်ဦးကတော့ မလှမ်းမကမ်းမှာ ထိုင်နေကြပြီး လေလံပွဲကို သိပ်ဂရုမစိုက်ဘဲ စကားပြောနေကြပါတယ်။
သူတို့ ယူလာတဲ့ ပစ္စည်းတွေကို ကောင်းကင်ရတနာခန်းမ ကတစ်ဆင့် ရောင်းချနေတာ သိသာပါတယ်။
ဒီနယ်မြေမှာတော့ ကောင်းကင်ရတနာခန်းမက ဆိုင်ခန်း အများဆုံးဖြစ်ပြီး ကျင့်ကြံခြင်း အရင်းအမြစ်တွေကလည်း စုံလင်လှပါတယ်။
ဖန့်ချန်က စိတ်ထဲကနေ သက်ပြင်းချလိုက်တယ်။
အဝါရောင်အဆင့်မြင့် ရတနာက ဒီတစ်ခုပဲ ရှိတာလား
ကံကောင်းတာက သူ ကြိုတင်ပြင်ဆင်ထားပြီး သီလရှင်ကျူးယွဲ့ တို့ကို အဝါရောင်အဆင့်မြင့် ရတနာတွေ ဝယ်ဖို့ ကျောက်တုံးတွေ ပေးထားခဲ့ပါတယ်။
ဒီလို အဆင့်မြင့် ရတနာတွေက ရှားပါးပြီး ဒီမှာ ရောင်းနေတာကလည်း ကုန်သွယ်ရေးပွဲတော်ရဲ့ ဂုဏ်သတင်းကြောင့်ပါ။
မဟုတ်ရင် ဒီလို ပစ္စည်းတွေက ဝိညာဉ်သန္ဓေသားအဆင့်တွေရဲ့ လက်ထဲမှာပဲ ရှိနေမှာဖြစ်ပြီး အပြင်မှာ တွေ့ရဖို့ မလွယ်ပါဘူး။
"ဓားငယ်လေး မင်း တွက်ချက်ပြီး ငါ့ကို ပြောစမ်း မင်း စတုတ္ထအဆင့်ကို တက်ဖို့ အဝါရောင်အဆင့်မြင့် ရတနာ ဘယ်နှလက် လိုမလဲ "
ဖန့်ချန်က တွေးလိုက်တယ်။
ခဏအတွင်းမှာပဲ ကူငါးဓားရဲ့ လေလံဈေးဟာ ၁ သောင်း ၁ ထောင်အထိ ရောက်သွားပါတယ်။
ဖန့်ချန် သဘောပေါက်လိုက်တာက လူတွေဟာ ရတနာကိုပဲ ဝယ်နေတာ မဟုတ်ဘဲ လူမှုဆက်ဆံရေးကိုပါ ဝယ်နေကြတာပါ။
ဝိညာဉ်တံဆိပ် ၈၃ ခုပါတဲ့ ဝါ့အဆင့်မြင့် ရတနာဟာ အသစ်စက်စက်ဆိုရင်တောင် ဒီဈေးလောက် ရဖို့ မလွယ်ပါဘူး။
ဓားငယ်လေးရဲ့ အသံက ထွက်ပေါ်လာတယ်။
"၃၀ လား မဟုတ်ဘူး ၅၀"
မှန်ချပ်လေးက ကြားဖြတ်ပြောပါတယ်။
"တောက် ကလေးစုတ် မင်း ရိုးရိုးသားသား ပြောစမ်း မင်းရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်နဲ့ဆိုရင် စတုတ္ထအဆင့် တက်ဖို့ အဝါရောင်အဆင့်မြင့် ရတနာ ၂၀ ဒါမှမဟုတ် ၃၀ လောက်ပဲ လိုမှာပါ"
ဓားငယ်လေးက စိတ်တိုတိုနဲ့ ပြန်ပြောတယ်။
"ကိုယ့်အလုပ်ကိုယ် လုပ်စမ်းပါ"
ဖန့်ချန်က စိတ်ထဲကနေ တွက်ချက်လိုက်တယ်။
'၃၀ ပဲ ဆိုရင်တောင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂ သိန်းကနေ ၃ သိန်းလောက် ကုန်မှာပဲ အခု ငါ့မှာရှိတဲ့ ကျောက်တုံးတွေက အဲဒီပမာဏရဲ့ ၆ ပုံ ၁ ပုံပဲ ရှိသေးတယ်'
ဓားငယ်လေးအတွက် အသုံးစရိတ်က တကယ်ပဲ များလွန်းတယ်ဆိုတာ သူ သဘောပေါက်သွားတယ်။
ကံကောင်းတာက ဒါကလွဲရင် တခြား ဝိညာဉ်ကျောက်တုံး သုံးရမယ့် ကိစ္စတွေ သိပ်မရှိတာပါပဲ။
'စတုတ္ထအဆင့်ကို တက်ပြီးသွားရင်တော့ ဝိညာဉ်သန္ဓေသားအဆင့်တွေကို ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ ငါ ခန့်မှန်းတယ် ရင်းနှီးမြှုပ်နှံမှုက ကြီးပေမယ့် ပြန်ရမယ့် ရလဒ်ကလည်း ကြီးမားတယ်'
ဖန့်ချန်က ကူငါးဓားကို ကြည့်ပြီး ယုံကြည်ချက်ရှိရှိ အော်လိုက်တယ်။
"၁ သောင်း ၃ ထောင်"
"ဘယ်သူလဲ"
ဖန့်ဝမ်လီ က အနည်းငယ် စိတ်တိုသွားပေမယ့် ဖန့်ချန်မှန်း သိလိုက်ရတဲ့အခါ မျက်နှာက ထူးဆန်းသွားပါတယ်။
သူက ခုနက လေလံဈေး ခေါ်ထားတဲ့သူလေ။
ဘေးနားက ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တွေလည်း ဖန့်ချန်ကို အံ့သြတကြီး ကြည့်လိုက်ကြတယ်။
ဒီကလေးမှာ ဒီလောက် ချမ်းသာကြွယ်ဝမှု ရှိနေတာလား ဝိညာဉ်ကျောက်တုံး ၁ သောင်း ၃ ထောင်ဆိုတာ သာမန်လူတစ်ယောက် စိတ်ကြိုက် သုံးနိုင်တဲ့ ပမာဏ မဟုတ်ဘူးလေ။
"ဖန့်ချန် ဒီ အဝါရောင်အဆင့်မြင့် ရတနာကို ဝယ်တာက မင်းအတွက် အသုံးမဝင်ဘူး မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို ဒါကို အသုံးမပြုနိုင်ဘူး ဒီကျောက်တုံးတွေကို သိမ်းထားပြီး ဝိညာဉ်စုစည်းဆေးလုံး တွေ ဝယ်တာက ပိုကောင်းလိမ့်မယ်"
လို့ ဖန့်ဝမ်လီ က အကြံပေးပါတယ်။
ဒီပိုက်ဆံနဲ့ဆို ဆေးလုံး ၁၀၀ ကျော် ဝယ်လို့ရတာကို
"ဘိုးဘေး ကျွန်တော်က ဒါကို ဝယ်ပြီး အိမ်မှာ သိမ်းထားပြီး လေ့လာချင်လို့ပါ ဒါက ရွှေအမြုတေအဆင့် ပညာရှင်တွေ သုံးတဲ့ ရတနာဆိုတော့ တစ်ခုခု ထိုးထွင်းသိမြင်နိုင်မလားလို့ပါ"
ဖန့်ချန်က ပြုံးပြီး ရှင်းပြလိုက်ပါတယ်။
ရွှေအမြုတေအဆင့် ပညာရှင်တွေရဲ့ မျက်နှာကတော့ ထူးဆန်းနေပါတယ်။
သူတို့က ဒီရတနာကို တကယ်ကြီး ဝယ်ချင်နေတာ မဟုတ်ပါဘူး။
ဒီရတနာက မိုးတိမ်ပြာအင်ပါယာက လာတာဖြစ်ပြီး ဝိညာဉ်တံဆိပ် ဘယ်လောက်ပဲ များများ၊ အရည်အသွေးကတော့ အဆင့်နိမ့်ပဲ ဖြစ်မှာပါ။
ဒါ့အပြင် သူတို့က ရွှေအမြုတေအဆင့်ကို မရောက်သေးရင် ဒီရတနာရဲ့ စွမ်းအားအပြည့်ကို ထုတ်နိုင်မှာ မဟုတ်ဘဲ ဝိညာဉ်တံဆိပ် ၇၂ ခုပါတဲ့ ရတနာလောက်တောင် အစွမ်းမပြနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။
သူတို့ လေလံဆွဲနေတာက ပွဲမှာ အဆင်ပြေအောင်နဲ့ ပစ္စည်းတင်ပေးတဲ့ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်ရဲ့ မျက်နှာကို ထောက်ထားလို့ပါပဲ။
အရှင်ကျားဖြူက ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်တယ်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အဝါရောင်အဆင့်မြင့် ရတနာကို တကယ် ဝယ်နိုင်တယ်ပေါ့ ဖန့်မိသားစုက သူ့ကို အရမ်း အလိုလိုက်ထားတာပဲ မဟုတ်လား"
အရှင်ဝေဟင်ပြေး က ပေါ့ပေါ့ပါးပါးပဲ မှတ်ချက်ပေးလိုက်တယ်။
"ဒါက ဖန့်မိသားစုက ပေးတဲ့ ကျောက်တုံးတွေ မဟုတ်လောက်ဘူး ဒီလူငယ်က ဝိညာဥ်ရင်းမြစ်ကျောက်ဆရာ တစ်ယောက်လို့ ငါ ကြားထားတယ်"
"ဝိညာဥ်ရင်းမြစ်ကျောက်ဆရာ ဟုတ်လား"
အရှင်ကျားဖြူ တစ်ယောက် အံ့သြသွားပြီး မျက်နှာထား ပြောင်းလဲသွားပါတယ်။
ဆေးဆရာတွေ၊ လက်နက်ပညာရှင်တွေနဲ့ ဝိညာဥ်ရင်မြစ်ကျောက်ဆရာတွေဆိုတာ ကျင့်ကြံသူတွေထဲမှာ အချမ်းသာဆုံး လူတန်းစားတွေ ဖြစ်ပြီး ဘယ်တော့မှ ကျင့်ကြံခြင်း အရင်းအမြစ် မရှားပါးတဲ့သူတွေ မဟုတ်လား။
အခန်း ၄၃၀ - တွေ့ဆုံခြင်းလက်ဆောင်
"သူ... သူက ဝိညာဉ်ကျောက်တုံး ၁ သောင်း ၃ ထောင်တောင် တကယ် ထုတ်ပေးနိုင်တာလား"
ဆဌမမင်းသမီးလေးဟာ မလှမ်းမကမ်းက မြင်ကွင်းကို ကြောင်ကြည့်နေမိတယ်။
သူမ မဟာချန်းကို စရောက်ကာစက အရှင်မီးတိမ်တိုက်က ဝိညာဉ်ကျောက်တုံး ရာဂဏန်းလောက်ကို ထုတ်ပြီး သူဝယ်ချင်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအတွက် အခေါက်ခေါက်အခါခါ တွက်ချက်နေတာကို မှတ်မိနေပါသေးတယ်။
အရှင်မီးတိမ်တိုက်ဟာ မူလက ဖန့်ချန်ဆီသွားပြီး နှုတ်ဆက်ဖို့ ရည်ရွယ်ထားတာဖြစ်ပေမယ့် သူက ရွှေအမြုတေအဆင့် ပညာရှင်တွေနဲ့ အတူရှိနေတာကြောင့် စောင့်နေခဲ့တာပါ။
ဒီလိုမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ သူမ လုံးဝ မထင်ထားခဲ့ပါဘူး။
"ရှမေ မင်းနဲ့ ဖန့်ချန်ရဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူး ထင်တယ် နောက်မှ သူနဲ့တွေ့ရင် သူ့ကို ရန်မစမိအောင် သတိထားနော်"
လို့ အရှင်မီးတိမ်တိုက်က ရုတ်တရက် အကြံပေးလိုက်ပါတယ်။
"ကျွန်မ နားလည်ပါပြီ ဆရာ"
လို့ ဆဌမမင်းသမီးက ရှုပ်ထွေးတဲ့ မျက်နှာပေးနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။
ထိုစဉ် လူတစ်ယောက်က ဘေးကနေ ရုတ်တရက် ပေါ်လာပြီး ဖန့်ချန်ရှိရာဘက်ကို စိတ်လှုပ်ရှားစွာ လက်ညှိုးထိုးရင်း ပြောလိုက်ပါတယ်။
"အရှင်မီးတိမ်တိုက် ခင်ဗျားလည်း ဒီမှာရှိနေတာပဲ နေပါဦး ဟိုလူ ဟုတ်တယ် ဟိုမှာရှိနေတဲ့လူ... ခင်ဗျား မြင်လိုက်လား သူက ကျွန်တော်တို့ရဲ့ အသိဟောင်း မဟုတ်လား"
အရှင်မီးတိမ်တိုက်ရဲ့ မျက်နှာမှာ အံ့သြရိပ်တွေ ထင်ဟပ်သွားတယ်။
"တာအိုဆရာ ယာ ရှင်လည်း ဒီကို ရောက်နေတာလား"
"ဒီလို ပွဲကြီးပွဲကောင်း ရှိနေတာပဲ ကျွန်တော့်ခြေထောက် ကျိုးနေရင်တောင် တွားသွားပြီး လာမှာပေါ့"
လို့ တာအိုဆရာယာ က မျက်လုံးလေး ကလည်ကလည်နဲ့ ပြောလိုက်ပါတယ်။
ပြီးမှ သူက စိုးရိမ်တကြီး မေးပြန်တယ်။
"ခင်ဗျားတို့လည်း မြင်တယ်မလား ကျွန်တော် မျက်စိမှားတာ မဟုတ်ဘူးမလား"
"ရှင် မျက်စိမမှားပါဘူး သူပါပဲ"
လို့ အရှင်မီးတိမ်တိုက်က အတည်ပြုပေးလိုက်ပါတယ်။
တာအိုဆရာယာ က ချက်ချင်းပဲ စိတ်လှုပ်ရှားသွားတယ်။
"မယုံနိုင်စရာပဲ ကျွန်တော်က ဒီလို ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်နဲ့ သိထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး နောက်မှ သူနဲ့ သွားစကားပြောရမယ်"
အရှင်မီးတိမ်တိုက်က ခေါင်းငြိမ့်လိုက်တယ်။
"နောက်မှ အတူတူ သွားကြတာပေါ့"
တာအိုဆရာယာ ပါလာတာက ပိုပြီးတော့ သဘာဝကျပြီး အနေမခက်စေဘူးလေ။
သူတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ ဖန့်ချန်ဟာ ဝိညာဉ်ကျောက်တုံး ၁ သောင်း ၃ ထောင် သုံးပြီး ကူငါးဓား ကို လေလံအောင်သွားပါပြီ။
ဘယ်ရွှေအမြုတေအဆင့် ပညာရှင်မှ သူ့ကို ယှဉ်ပြီး ဈေးမခေါ်ရဲကြပါဘူး။
ကျန်တဲ့သူတွေလည်း ပြီးလောက်ပြီ ထင်တယ် လို့ ဖန့်ချန်က ကူငါးဓားကို သိမ်းဆည်းရင်း စိတ်ထဲက တွေးလိုက်ပါတယ်။
အဝါရောင်အဆင့်မြင့် ရတနာတစ်ခုဟာ ဝိညာဉ်တံဆိပ် အရေအတွက်အပေါ် မူတည်ပြီး ကျောက်တုံး ၂ ထောင်ကနေ ၅ ထောင်ကြားမှာ ရှိတတ်ပါတယ်။
ဖန့်ချန်က သူ့ဆီမှာ ကျောက်တုံး ၂ သောင်း ချန်ထားပြီး ကျန်တဲ့ ၃ သောင်းကိုတော့ သီလရှင်ကးယွဲ့တို့အဖွဲ့ကို ဝယ်ခိုင်းထားတာပါ။
အဆင်မပြေတာမျိုး မရှိရင် သူတို့လည်း ဝယ်ပြီးလောက်ပါပြီ။
ဒီနေ့ပွဲက အရင်ပွဲတွေနဲ့ မတူဘဲ ပစ္စည်းတွေ စုံလင်နေတာကြောင့် ရတနာအတော်များများ ရနိုင်ပါတယ်။
ပြီးတော့ သူတို့က တစ်နေရာတည်းမှာ အကုန်ဝယ်တာ မဟုတ်ဘဲ ခွဲဝယ်နေတာကြောင့် လူသတိထားမိတာ သိပ်မရှိပါဘူး။
ဖန့်ချန်ဟာ သီလရှင်ကျူးယွဲ့ တို့ကို သွားရှာဖို့ ပြင်လိုက်စဉ်မှာပဲ အရှင်မီးတိမ်တိုက် တို့အဖွဲ့ လျှောက်လာတာကို မြင်လိုက်ရပါတယ်။
အရှင်မီးတိမ်တိုက်က လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်။
"သခင်လေးဖန့်"
ဖန့်ဟောက် က အနည်းငယ် သံသယနဲ့ ကြည့်လိုက်တယ်။
"ဖန့်ချန် မင်း ဒီသုံးယောက်ကို သိတာလား"
"ဟုတ်တယ် အရင်က ဆုံဖူးတယ်"
ဖန့်ချန်က ခေါင်းငြိမ့်ပြလိုက်တယ်။
"သူတို့နဲ့ ခဏ စကားပြောလိုက်ဦးမယ် မင်းတို့ အရင် သွားနှင့်ကြလေ"
"ကောင်းပြီ"
လို့ ဖန့်ဟောက်က ပြန်ဖြေပါတယ်။
ဆဌမမင်းသမီးလေးရဲ့ မျက်နှာမှာတော့ ရှုပ်ထွေးမှုတွေ ပြည့်နေပါတယ်။
ဒီဖန့်မိသားစုဝင်တွေရဲ့ ကျင့်ကြံမှုအဆင့်က မနိမ့်ဘူးပဲ
အခုကြည့်ရတာ ဖန့်ချန်ရဲ့ နောက်ခံက သူမထက် အများကြီး မြင့်နေပါပြီ။
မဟာရှမင်းမျိုးနွယ်ကို မဟာချန်းရဲ့ မိသားစုကြီး ၃ ခုနဲ့ ယှဉ်ဖို့ ကြိုးစားခဲ့တာက ရယ်စရာကြီး ဖြစ်နေပါတော့တယ်။
"သခင်လေးဖန့် ဖြစ်နေတာပဲ တကယ်ကို တိုက်ဆိုင်တာပဲဗျာ ကျွန်တော်က တာအိုဆရာ ယာ ပါ"
လို့ တာအိုဆရာ ယာက ဝမ်းသာအားရ အော်ပြောပါတယ်။
"ခင်ဗျားတို့ အဝေးကနေ လာတာဆိုတော့ လက်ဖက်ရည်ဆိုင်မှာ သွားထိုင်ပြီး စကားပြောကြမလား ဒီကုန်သွယ်ရေးပွဲက ၇ ရက်လုံးလုံး ကြာမှာဆိုတော့ ဒီနေ့က ပထမဆုံးနေ့ပဲ ရှိသေးတယ်အလောတကြီး လုပ်စရာ မလိုပါဘူး"
လို့ ဖန့်ချန်က ပြုံးပြီး ဖိတ်ခေါ်လိုက်ပါတယ်။
အရှင်မီးတိမ်တိုက်ရော တာအိုဆရာယာ ပါ ဖန့်ချန်ရဲ့ ဖိတ်ခေါ်မှုကြောင့် အံ့သြဝမ်းသာ သွားကြပါတယ်။
လမ်းလျှောက်နေတုန်းမှာ ဆဌမမင်းသမီးလေးကတော့ အရှင်မီးတိမ်တိုက်က အချက်ပြနေပေမယ့် ခေါင်းငုံ့ပြီး ဘာမှမပြောဘဲ တိတ်တိတ်လေး လိုက်လာပါတယ်။
"မင်းတို့က ဘာလို့ ဒီလောက် အကျိုးအကြောင်း မရှိရတာလဲ ဒီဝိညာဉ်သားရဲဥကို ကျွန်မတို့ဆရာက အရင်ဆုံး ကြည့်ထားတာလေ ရှင်တို့က ဘာလို့ ကြားဖြတ်လုရတာလဲ"
"ဘာအကျိုးအကြောင်းလဲ ဈေးအများဆုံး ပေးနိုင်တဲ့သူ ရမှာပေါ့ ငါက ဒီဝိညာဉ်သားရဲဥကို သဘောကျလို့လေ ဒါက အဆင့် ၃ မီးဓာတ်သားရဲဥ မဟုတ်လား ငါ ဝိညာဉ်ကျောက်တုံး ၈ ရာ ပေးမယ်"
"ရှောင်ခဲ သူနဲ့ စကားများမနေပါနဲ့၊ သူ့ကိုပဲ ပေးလိုက်ပါ"
"ဒါပေမဲ့ ဆရာ..."
"နင့်ဆရာ ပြောတာ မှန်တယ် အဆင့် ၃ ဝိညာဉ်သားရဲတွေကို မွေးမြူရတာ မလွယ်ဘူး နင်တို့နှစ်ယောက်မှာ ဒါကို အောင်မြင်အောင် မွေးမြူနိုင်စွမ်း မရှိရင် ပစ္စည်းဖြုန်းတီးတာပဲ ဖြစ်လိမ့်မယ်"
"အို ဟိုမှာ ဝိညာဉ်သားရဲတောင်ကြား က အကြီးအကဲစူး မဟုတ်လား"
တာအိုဆရာ ယာ က တိုးတိုးလေး ပြောလိုက်ပါတယ်။
အရှင်မီးတိမ်တိုက် မော့ကြည့်လိုက်တဲ့အခါ လယ်သူမလို ဝတ်ဆင်ထားပြီး ကြက်မတစ်ကောင်ကို ပိုက်ထားတဲ့ အမျိုးသမီးနဲ့အတူ ကျန်းရှောင်ခဲ့ယန်ရုယွဲ့ တို့ကို မြင်လိုက်ရပါတယ်။
"မုန့်သည် ကျန်း"
ဆဌမမင်းသမီးလေးရဲ့ အကြည့်က ကျန်းရှောင်ခဲ့ ဆီကို ရောက်သွားတယ်။
ဝိညာဉ်စွမ်းအား တိုင်းတာတုန်းက မုန့်သည် ကျန်းဟာ ထူးချွန်တဲ့ ပါရမီရှင် အနည်းငယ်ထဲက တစ်ယောက် မဟုတ်လား။
သူမဟာ ဂရုဏာဂေဟာ က လာတဲ့ တခြားမိန်းကလေး တစ်ယောက်ကိုလည်း သတိရလိုက်ပါသေးတယ်။
အဲဒီတစ်ယောက်က တောင်ပိုင်းကောင်းကင်ဂိုဏ်းကို ရောက်သွားခဲ့တာလေ။
သူမရော မဟာချန်းကို ရောက်လာမလားဆိုတာ သူမ မသိပါဘူး။
"သွားကြည့်ရအောင်"
ဖန့်ချန်က ပြုံးပြီး အဲဒီဆိုင်ဆီကို ဦးဆောင်သွားပါတယ်။
လူအုပ်က ကြပ်နေပေမယ့် ဖန့်ချန်မှန်း သိလိုက်တာနဲ့ အားလုံးက လမ်းဖယ်ပေးကြပါတယ်။
မဟာချန်းလို နေရာမျိုးမှာ ဖန့်ချန် ရရှိနေတဲ့ ဆက်ဆံမှုကို ကြည့်ပြီး တာအိုဆရာယာ တစ်ယောက် စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင်ပါဘူး။
အကြီးအကဲစူး နဲ့ ဝိညာဉ်သားရဲဥ လုနေတာကတော့ ဆွေ့ဟွမ်နျန့် နဲ့ သူမရဲ့ စီနီယာအစ်ကိုတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုချိန်မှာတော့ သူမရဲ့ စီနီယာတွေက ဖန့်ချန်ကို မြင်တာနဲ့ အထင်သေးတဲ့ အမူအရာတွေ ပျောက်ပြီး ငြိမ်သက်သွားကြပါတယ်။
ဆွေ့ဟွမ်နျန့် က ဖန့်ချန်ကို မြင်လိုက်တဲ့အခါ မျက်နှာ ပျက်သွားတယ်။
"သခင်လေးဖန့် ရှင်လည်း ဝိညာဉ်သားရဲ မွေးမလို့လား"
သူမရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာတွေကတော့ ပိုပြီး သတိထားနေကြပါတယ်။
ဖန့်ချန်နဲ့ ကျွယ်ဝူတိ တိုက်ခိုက်တာကို မြင်ဖူးထားတော့ ဒီချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူကို သူတို့ အထင်မသေးရဲတော့ပါဘူး။
အခြေခံတည်ဆောက်ခြင်းအဆင့်ကို အလွယ်တကူ နှိမ်နင်းနိုင်တဲ့သူဆိုတော့ အားလုံးက ကြောက်နေကြတာပါ။
"သခင်လေးဖန့်"
လယ်သူမလို ဝတ်ထားတဲ့ အမျိုးသမီးက ဖန့်ချန်ကို မှတ်မိသွားပြီး အရှင်မီးတိမ်တိုက်တို့နဲ့ အတူရှိနေတာကို အံ့သြသွားပါတယ်။
ကျန်းရှောင်ခဲ့ကတော့ ရယ်ကျဲကျဲနဲ့ ဘာမှမပြောပါဘူး။
ယန်ရုယွဲ့ ကတော့ ကျန်းရှောင်ခဲ့ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး သူမရဲ့ ဂျူနီယာမောင်လေးဟာ ဖန့်ချန်ကို အစောကြီးကတည်းက တွေ့ထားပြီးသားဆိုတာ သေချာသွားပါတယ်။
ဆွေ့ဟွမ်နျန့် က မျက်မှောင်ကြုတ်လိုက်တယ်။
"သူတို့က သိနေကြတာလား"
သူမက ဝိညာဉ်သားရဲဥကို တစ်ချက် ပြန်ကြည့်လိုက်တယ်။
သူက ဝိညာဉ်သားရဲတောင်ကြားက လူတွေကို ကူညီဖို့ လာတာလား
"သခင်မလေးဆွေ့ နင် ဝယ်စရာရှိတာ ဆက်ဝယ်ပါငါက အသိတွေနဲ့ စကားပြောချင်လို့ပါ"
ဖန့်ချန်က အေးအေးဆေးဆေး ပြုံးပြီး အကြီးအကဲစူးကို ခေါင်းငြိမ့်ပြလိုက်တယ်။
"အကြီးအကဲစူး ရှောင်ခဲ့က ကျင့်ကြံမှုမှာ ကြိုးစားရဲ့လား"
အကြီးအကဲစူး က ခေါင်းငြိမ့်ပါတယ်။
"ရှောင်ခဲ့က တကယ်ကို ကြိုးစားပါတယ်"
"အကြီးအကဲစူး က ဝိညာဉ်သားရဲဥ ဝယ်မလို့လား"
တာအိုဆရာ ယာက ကြားဖြတ်မေးပါတယ်။
"အော် တပည့်တွေအတွက်လား ခင်ဗျားတို့ ဝိညာဉ်သားရဲတောင်ကြား ရဲ့ နည်းစနစ်တွေအရဆိုရင် အဆင့်မြင့်တဲ့ သားရဲဥတွေက ပိုကောင်းတာပေါ့"
ဖန့်ချန်က ဆိုင်ရှင်ဘက်ကို လှည့်လိုက်တယ်။
"ခင်ဗျားဆီမှာ အဆင့် ၄ ဝိညာဉ်သားရဲဥ ရှိလား နှစ်လုံးလောက် ထုတ်ပြစမ်းပါ"
ဆိုင်ရှင်က အံ့သြသွားပြီး ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်ပါတယ်။
"အဆင့် ၄ ဟုတ်လား အဲဒါက ဈေးမပေါဘူးနော်"
အကြီးအကဲစူးက ဖန့်ချန်ရဲ့ ရည်ရွယ်ချက်ကို ရိပ်မိသွားပြီး အလျင်အမြန် တားပါတယ်။
"သခင်လေးဖန့် ဒါမျိုး လုပ်စရာ မလိုပါဘူး"
"ရပါတယ် ရှောင်ခဲ့နဲ့ သူ့သူငယ်ချင်းတွေအတွက် တွေ့ဆုံခြင်းလက်ဆောင်လို့ပဲ သဘောထားလိုက်ပါ"
ဖန့်ချန်က ပြုံးပြီး ဆိုင်ရှင်ကို ပြောလိုက်တယ်။
"ရှိရင် ထုတ်ပြပါ မရှိရင် တခြားဆိုင် သွားကြည့်မယ်"
"ရှိတာပေါ့ ရှိတာပေါ့ ကျွန်တော် ဒီလုပ်ငန်း လုပ်လာတာ နှစ်ပေါင်း တစ်ရာကျော်ပြီ အဆင့် ၄ သားရဲဥ မရှိဘဲ နေမလား ဘယ်လောက် ပေးနိုင်လဲသာ ပြောပါ"
ဆိုင်ရှင်က ဒီလို အပွကြီးရမယ့် အခွင့်အရေးကို လက်လွတ်မခံဘဲ သူဝှက်ထားတဲ့ ရတနာတွေကို ထုတ်ပြဖို့ ပြင်တော့တယ်။
ဆွေ့ဟွမ်နျန့် ကတော့ ကြောင်ကြည့်နေမိတယ်။
အဆင့် ၄ ဝိညာဉ်သားရဲဥကို လက်ဆောင်အဖြစ် ဝယ်ပေးတယ် အဲဒါလည်း နှစ်လုံးတောင်လား
သူမရှေ့မှာ ရှိနေတဲ့သူက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ မဟုတ်ဘဲ ရွှေအမြုတေအဆင့် ဘိုးဘေးတစ်ယောက်များလားလို့တောင် သူမ ထင်သွားမိပါတယ်။
သူက တကယ်ကြီး အဆင့် ၄ ဝိညာဉ်သားရဲဥတွေကို တွေ့ဆုံခြင်းလက်ဆောင်အဖြစ် ဝယ်ပေးတော့မှာလား