← Chapters

နတ်ဆိုးတစ်သောင်း၏ သခင်……..

Vol. 18 Ch. 174

နတ်ဆိုးတစ်သောင်း၏ သခင်……..

Vol. 18 Ch. 174

ဤမျှ သာယာသော အမျိုးသမီး အသံဖြင့် ပြောဆိုနေသည့် မြွေကြီးကို နားထောင်ရင်း လီချင်းချိုး၏ မျက်နှာထား အနည်းငယ် ထူးဆန်းသွားသည်။ သူသည် လေထဲတွင် ဝဲပျံနေပြီး သစ်ပင်ပင်စည်ပေါ်တွင် ခွေနေသော မြွေကြီးကို ဓားဖြင့် ချိန်ရွယ်ကာ "မင်း ဒီမှာနေတာ ဘယ်နှစ်နှစ် ရှိပြီလဲ..." ဟု မေးလိုက်တော့မြွေကြီးက အလျင်အမြန် ပြန်ဖြေရှာသည်။

"ဒီမိစ္ဆာလေး ဒီမှာ ကျင့်ကြံနေတာ နှစ် ၃၀၀ ရှိပါပြီ... ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးပါဘူး... မသေမျိုး... ကျေးဇူးပြုပြီး ဆင်ခြင်ပေးပါ..."

"မင်း စကားပြောပုံအရ ဆိုရင် ဆရာသမား မရှိဘူးလို့တော့ မပြောနဲ့နော်..."

မြွေက မြွေပါပဲ။ သူ ကြောက်လန့်နေရင်တောင် သူ့မျက်နှာက ကြောက်စရာ ကောင်းနေတုန်းပဲ။

"အမှန်အတိုင်း ဝန်ခံရရင် လွန်ခဲ့တဲ့ နှစ် ၃၀၀ တုန်းက မသေမျိုး နှစ်ပါး ဒီမှာ လာပြီး သီးသန့် နေထိုင်ခဲ့ကြပါတယ်... ကျွန်မ သူတို့ဆီကနေ သင်ယူခဲ့တာပါ... ဒါပေမဲ့ စိတ်မပူပါနဲ့ မသေမျိုး... ကျွန်မ သူတို့နဲ့ ဘာမှ မပတ်သက်ပါဘူး... သူတို့ ထွက်သွားပြီး နှစ် ၁၀၀ လောက်ကြာမှ ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ..."

လီချင်းချိုး၏ ဓားချက် ကျရောက်လာမည်ကို စိုးရိမ်သဖြင့် မြွေကြီးက လျင်မြန်စွာ ဖြေကြားလိုက်သည်။

နတ်ဆိုးချီကို ကောင်းစွာ ဖုံးကွယ်ထားသော်လည်း ဤမြွေကြီးက ရိုးရှင်းသည့်သားရဲ မဟုတ်ကြောင်း လီချင်းချိုး သိလိုက်သည်။ သူ့အင်အားသည် အနည်းဆုံး မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့် သို့မဟုတ် ထိုထက်မက ရှိနိုင်သည်။

ဒီလောက် စွမ်းအားကြီးတာကို တွေ့တာနဲ့ အသက်ချမ်းသာပေးဖို့ တောင်းပန်နေတယ် ဟုတ်လား…

မြွေကြီးက ကောက်ကျစ်စဉ်းလဲကြောင်း လီချင်းချိုး သတိထားလိုက်သည်။

"မသေမျိုး... ကမ်းခြေမှာရှိတဲ့လူတွေက ရှင့်လူတွေ မဟုတ်လား... ကျွန်မ သူတို့ကို အမြဲ ရှောင်ပါတယ်... ဘယ်တော့မှ မနှောင့်ယှက်ရဲပါဘူး... သူတို့ကို ဒုက္ခပေးဖို့ စိတ်ကူးလည်း မရှိပါဘူး..."

လီချင်းချိုးက "အဲဒီ မသေမျိုး နှစ်ပါးက ဘယ်ကလာတာလဲ... ဘယ်တုန်းက ရောက်လာပြီး ဘယ်လောက်ကြာကြာ နေသွားတာလဲ..."

"သူတို့က လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကုန်းတွင်းပိုင်းကနေ လာတာပါ... ယောကျာ်း တစ်ယောက်နဲ့ မိန်းမ တစ်ယောက်ပါ... သူတို့ ရန်တောင် ဖြစ်ခဲ့ကြသေးတယ်... နှစ်အနည်းငယ်လောက် နေပြီးတော့ ပင်လယ်ဘက်ကို တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြတယ်... ပြန်မလာကြတော့ဘူး..."

"ရှေ့တစ်ယောက် နောက်တစ်ယောက်လား..."

"ဟုတ်ပါတယ်... ကြားထဲမှာ လပိုင်းလောက် ခြားပါတယ်... အမျိုးသမီး မသေမျိုးက နောက်မှ ထွက်သွားတာပါ... သူ မထွက်သွားခင် ဒီမိစ္ဆာလေးကို ချီစုပ်ယူတဲ့ နည်းလမ်း သင်ပေးခဲ့လို့ ဒီမိစ္ဆာလေး ဝိညာဉ် ဖြစ်လာရတာပါ..."

မြွေကြီးက ရိုးရိုးသားသား ဖြေလိုက်သဖြင့် လီချင်းချိုး အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

ထိုကျင့်ကြံသူ နှစ်ယောက်သာ ပင်လယ်ရပ်ခြားမှလာခြင်း ဖြစ်လျှင် သမုဒ္ဒရာ အတွင်း၌ ကျင့်ကြံခြင်း အင်အားစုများ ရှိနေသည်ဟု ဆိုလိုရာ ရောက်သည်။ သို့သော် သူတို့က ကုန်းတွင်းပိုင်းမှ လာခြင်း ဖြစ်ပြီး လက်ရှိ ကုန်းတွင်းပိုင်းတွင် ကျင့်ကြံခြင်း အင်အားစုများ မရှိသဖြင့် သူတို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်ပုံရသည်။

သူ ဤနတ်ဆိုးကို ချက်ချင်း မယုံကြည်နိုင်ပေ။

တစ်ဖက်လူ၏ သဘောထားကြောင့် ဝိညာဉ်ချုပ် ဂါထာကို ချက်ချင်း အသုံးပြုလိုက်လျှင် အနိုင်ကျင့်ရာ ရောက်ပေလိမ့်မည်။

"ဒီဧရိယာမှာ တခြား နတ်ဆိုးတွေ ရှိသေးလား..."

"ကျွန်မလို နတ်ဆိုးမျိုးတော့ မရှိပါဘူး... ဒါပေမဲ့ ကျွန်မ ပြုစုပျိုးထောင်ထားတဲ့ မိစ္ဆာလေး ၃ ကောင်တော့ ရှိပါတယ်... သူတို့က ကျွန်မလိုပါပဲ... ပြဿနာ မရှာပါဘူး... ဒီတောနက်ထဲမှာပဲ ပုန်းနေကြတာပါ..."

လီချင်းချိုး ရုတ်တရက် အကြံတစ်ခု ရသွားပြီး…. "ငါ့ရဲ့ ချင်းရှောင်ဂိုဏ်းက နတ်ဆိုးထိန်းကျောင်းရေးခန်းမ တစ်ခု တည်ထောင်တော့မယ်... မင်းရဲ့ မိစ္ဆာလေး ၃ ကောင်နဲ့အတူ လိုက်နေချင်လား... ဒီမှာပဲ တစ်သက်လုံး နေချင်လား..."

ထိုစကားကို ကြားသောအခါ မြွေကြီး တွန့်ဆုတ်သွားသည်။

လီချင်းချိုး ဓားကို မြှောက်လိုက်ရာ သစ်ရွက်များကြားမှ နေရောင်ခြည်က ဓားသွားပေါ်သို့ ကျရောက်ပြီး ဓားရောင်က မြွေကြီးအပေါ်သို့ အလင်းပြန်သွားသဖြင့် ကြောက်လန့်တကြား တုန်ရီသွားရှာသည်။

"ဒီမိစ္ဆာလေး လိုက်ပါ့မယ်... ဒီမိစ္ဆာလေး လိုက်ပါ့မယ်..." ဟု မြွေကြီးက အလျင်အမြန် ဖြေလိုက်သည်။

လီချင်းချိုးက တာအိုမျိုးဆက်စနစ် မျက်နှာပြင်ကို ဖွင့်၍ မြွေကြီးကို ရှာဖွေလိုက်သည်။

နတ်ဆိုးများက ချင်းရှောင်ဂိုဏ်းသား ဖြစ်လာနိုင်မလားဟု သူ အမြဲ သိချင်နေခဲ့သည်။ ရှောင်ပါးနှင့် ရှောင်ကျိုတို့ ဝင်ခွင့်မရသေးခြင်းမှာ ဤမြွေကြီးကဲ့သို့ လူစကား မပြောတတ်သောကြောင့် အရည်အချင်း မပြည့်မီခြင်း ဖြစ်နိုင်သည်။

သူ ဂိုဏ်းသားစာရင်း၏ အောက်ဆုံးထိ ကြည့်လိုက်ရာ မြွေခေါင်းပုံ အိုင်ကွန်တစ်ခုကို တွေ့လိုက်ရသည်။

[ အမည် - တရုတ်နံနံပင် ]

[ ကျား/မ - မ ]

[ အသက် - ၃၃၄ နှစ် ]

[ သစ္စာရှိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၄၅/၄ (အမြင့်ဆုံး ၁၀၀) ]

[ ကျင့်ကြံခြင်းပါရမီ - လက်မခံနိုင်လောက်အောင် ညံ့ဖျင်းသည် ]

[ ဉာဏ်ရည် - ကောင်းမွန်သည် ]

[ ကံကြမ္မာ - သူရဲဘောကြောင်ခြင်း၊ နတ်ဆိုးတစ်သောင်း၏ သခင် ]

[ သူရဲဘောကြောင်ခြင်း - မွေးရာပါ သိမ်ငယ်စိတ် ရှိပြီး တိုက်ခိုက်သတ်ဖြတ်ခြင်းကို ကြောက်ရွံ့သော်လည်း သံယောဇဉ် ကြီးမားသည်။ ]

[ နတ်ဆိုးတစ်သောင်း၏ သခင် - မိမိ၏ အခြေအနေအရ တောရိုင်း သတ္တဝါများကို နတ်ဆိုး ဖြစ်လာအောင် လမ်းညွှန်ပြသရခြင်းကို နှစ်သက်သည်။ ကျင့်ကြံခြင်း အဆင့် မြင့်မားလာသည်နှင့်အမျှ သင်ကြားပြသနိုင်မှု ပါရမီ တိုးတက်လာသည်။ ]

…

ကောက်ကျစ်စဉ်းလဲတာ မဟုတ်ဘဲ တကယ်သူရဲဘောကြောင်နေတာပါလား.

သံယောဇဉ်ကြီးတာ ကောင်းတယ်... အနည်းဆုံးတော့ ကျေးဇူးကန်းမယ့် အလားအလာ နည်းတာပေါ့…

"နတ်ဆိုးတစ်သောင်း၏ သခင်" ဟူသော ဂုဏ်ပုဒ်က လီချင်းချိုး၏ မျက်လုံးကို ချက်ချင်း ဖမ်းစားလိုက်ပြီး အစီအစဉ်များစွာ ပေါ်လာစေသည်။

မမျှော်လင့်ထားတဲ့ ဆုလာဘ်ပါလား…

လီချင်းချိုး ဘယ်ဘက်လက်ကို မြှောက်၍ လက်ချောင်းများဖြင့် တွက်ချက်လိုက်ပြီး "တရုတ်နံနံ ဟုတ်လား... နာမည်လေးက ကောင်းသားပဲ... ကိုယ့်ဘာသာ ပေးတာလား... ဟို အမျိုးသမီး မသေမျိုးက ပေးခဲ့တာလား..." ဟု မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ တရုတ်နံနံ အမည်ရှိ မြွေကြီး မျက်လုံးပြူးသွားပြီး လူသားတစ်ယောက်ကဲ့သို့ အံ့သြသော အမူအရာ ပေါ်လာသည်။

"ကျွန်မဘာသာ ရွေးထားတဲ့ နာမည်ပါ... တရုတ်နံနံက အအေးဒဏ်ကို ပျောက်စေပြီး နာကျင်မှုကို သက်သာစေတယ်လို့ အဲဒီ အမျိုးသမီး မသေမျိုး ပြောတာ ကြားဖူးလို့ပါ... ကျွန်မက ဒီမှာ အရမ်း အေးသလို ခံစားရပြီး နာကျင်မှာကိုလည်း အရမ်း ကြောက်လို့ပါ..."

ထိုအခါ လီချင်းချိုးက ရယ်မောလိုက်ပြီး "မြွေနတ်ဆိုး ဖြစ်ပြီးတော့ အအေးဒဏ် ကြောက်တယ် ဟုတ်လား..." ဟု နောက်ပြောင်လိုက်သည်။

"အထီးကျန်ဆန်ခြင်းက အအေးစက်ဆုံး အရာပါ..."

တရုတ်နံနံ၏ စကားကြောင့် လီချင်းချိုး စကားမပြောနိုင် ဖြစ်သွားသည်။ နတ်ဆိုးတစ်ကောင်က ဤကဲ့သို့ စကားမျိုး ပြောလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

လီချင်းချိုးက သစ်ကိုင်းတစ်ခုပေါ်သို့ ဆင်းသက်လိုက်ပြီး တရုတ်နံနံကို ကြည့်ကာ….

"မင်းက နှစ် ၃၀၀ တောင် ကျင့်ကြံခဲ့တာပဲ... မင်း ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာ မသိချင်ဘူးလား..." ဟု မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ တရုတ်နံနံ ကျုံ့ဝင်သွားသဖြင့် ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်များ တုန်ခါသွားသည်။

"စိတ်မဝင်စားပါဘူး..."ဟု

တရုတ်နံနံက ပြတ်ပြတ်သားသား ပြန်ဖြေရှာသည်။

"စိတ်မပူပါနဲ့... ငါ မင်းကို နာကျင်အောင် မလုပ်ပါဘူး... လာစမ်းပါ…”

"ဟင့်အင်း..."

သစ်ပင်များ ပြင်းထန်စွာ လှုပ်ခါသွားပြီး ငှက်များ လန့်ပျံကုန်ကြသည်။

အမွှေးတိုင် တစ်တိုင်စာ ကြာပြီးနောက်...

တောအုပ်ထဲတွင် သစ်ရွက်ခြောက်များ ကြွေကျနေသည်။

လီချင်းချိုးက ဓားရိပ်များပေါ်တွင် ခြေနင်းလျက် အောက်ဘက်တွင် တုန်ရီနေသော တရုတ်နံနံကို ငုံ့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ…

"နှစ် ၃၀၀ လုံးလုံး ကျင့်ကြံလာတာ တကယ် မရိုးရှင်းပါလား... မင်းရဲ့ ခွန်အားက တော်တော် ကြီးမားတယ်... ငါ မင်းကို လျှော့တွက်မိတယ်... သာမန် မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်တောင် မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."

မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် ဆိုသည်မှာ ဘာလဲဟု တရုတ်နံနံ နားမလည်ပေ။ သူမ လီချင်းချိုးကို ကြောက်လန့်တကြား ကြည့်နေပြီး ဆက်လက်တိုက်ခိုက်မည်ကိုသာ စိုးရိမ်နေသည်။

မြွေမျက်လုံးများတွင် မျက်ရည်များ ဝဲနေသည်ကို မြင်လိုက်ရသဖြင့် လီချင်းချိုး အနည်းငယ် အားနာသွားသည်။

သူ လက်ကို ချက်ချင်း မြှောက်၍ ငွေရောင်အပ် ၇ ချောင်းကို တရုတ်နံနံ၏ ကိုယ်ပေါ်သို့ စိုက်လိုက်ရာ သူမ လန့်ဖျပ်ပြီး တုန်ရီသွားသည်။

"မလှုပ်နဲ့... ကုပေးမလို့..."

လီချင်းချိုး လှမ်းတားလိုက်သဖြင့် တရုတ်နံနံ ချက်ချင်း ငြိမ်ကျသွားသည်။

ထို့နောက် ခန္ဓာကိုယ်မှ နာကျင်မှုများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို တရုတ်နံနံ ခံစားလိုက်ရသဖြင့် အံ့သြဝမ်းသာ ဖြစ်သွားသည်။

တစ်ဖက်လူက သူ့ကို သတ်ရန် ရည်ရွယ်ချက် မရှိကြောင်း ထင်ရှားနေသည်။

အသက်ရှင်နေသရွေ့...အကုန်အဆင်ပြေတယ်….

တရုတ်နံနံ စိတ်ထဲတွင် ညည်းတွားလိုက်မိသည်။ လူများနှင့် တိုက်ခိုက်လျှင် ကောင်းသော အဆုံးသတ် မရနိုင်ကြောင်း သူမ သိသည်။ သူမ အနေဖြင့် သတိထားပြီး ပုန်းအောင်းနေပါလျက်နှင့် အဘယ်ကြောင့် ရှာဖွေတွေ့ရှိသွားရသလဲ ဆိုသည်ကိုသာ နားမလည်နိုင် ဖြစ်နေသည်။

လီချင်းချိုး သူမရှေ့သို့ ဆင်းသက်လာပြီး သိုလှောင်အိတ်ထဲမှ "ဝိညာဉ်တစ်ထောင် သစ်သီး" တစ်လုံး ထုတ်ပေးလိုက်သည်။

"စားလိုက်..."

တရုတ်နံနံက ဝိညာဉ်တစ်ထောင် သစ်သီးကို ကြည့်လိုက်ပြီး ထိုအသီးမှ ထွက်ပေါ်လာသော ဝိညာဉ်ချီကို ခံစားမိလိုက်သဖြင့် ခဏမျှ တွန့်ဆုတ်ပြီးနောက် ပါးစပ်ဟ၍ မျိုချလိုက်သည်။

သူမ မျိုချပြီးနောက် လီချင်းချိုးက နောက်ထပ် ဝိညာဉ်တစ်ထောင် သစ်သီး ၅ လုံး ထုတ်၍ မြေကြီးပေါ် တင်ပေးလိုက်ပြီး….

"လောလောဆယ် ဒီမှာပဲ နေဦး... နေရာစီစဉ်ပြီးရင် ငါ လာခေါ်မယ်... ငါ့ကို ကြောက်လို့ ထွက်ပြေးချင်ရင်လည်း ငါ အပြစ်မတင်ပါဘူး... လိုက်ဖမ်းခိုင်းမှာလည်း မဟုတ်ဘူး..."

ထိုစကား ပြောပြီးသည်နှင့် လီချင်းချိုး လေထဲသို့ ခုန်တက်ပြီး တောအုပ်ထဲမှ ထွက်ခွာသွားလေသည်။

တရုတ်နံနံ မော့ကြည့်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး အတော်ကြာသောအခါ မြက်ခင်းပေါ်ရှိ ဝိညာဉ်တစ်ထောင် သစ်သီး ၅ လုံးကို ကြည့်ပြီး "ဒါ ငါ့ကို နှစ်သိမ့်တာလား... ခြိမ်းခြောက်တာလား..." ဟု ရေရွတ်လိုက်သည်။

သူမ လျှာကို ထုတ်၍ ဝိညာဉ်တစ်ထောင် သစ်သီး၏ အရသာကို မြည်းစမ်းရင်း တွေးတောနေမိသည်။

…….

လီချင်းချိုး ဇီယန်တောင်ထွတ်သို့ ရောက်ရှိလာပြီး ရွှီနင်း၏ မသေမျိုးလိုဏ်ဂူ ရှေ့သို့ ဆင်းသက်လိုက်သည်။

နာရီဝက်ကြာပြီးနောက် သူ ပြန်ထွက်လာခဲ့သည်။

ရွှီနင်း အဆင်ပြေကြောင်း အတည်ပြုပြီးနောက် လီချင်းချိုး စိတ်အေးသွားသည်။ နောက်တစ်ဆင့် အနေဖြင့် ချီမိသားစုကို ရင်ဆိုင်ရန် ပြင်ဆင်ရမည်။

ရှေးဟောင်းနတ်ဘုရား၏ အင်အားကို မသိခင်က အချိန်ဆွဲပြီး သတင်းအချက်အလက် စုဆောင်းလိုခဲ့သော်လည်း ယခုအခြေအနေတွင် ဆက်လက် စောင့်ဆိုင်း၍ မဖြစ်တော့ပေ။

ထို့အပြင် ဆံပင်ဖြူလူငယ်နှင့် တိုက်ခိုက်ပြီးနောက် အခြေအနေကို ပိုမို နားလည်လာခဲ့သည်။

ချင်းရှောင်တောင်သို့ အပြန်လမ်းတွင် လီချင်းချိုး တာအိုမျိုးဆက်စနစ် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ရာ တရုတ်နံနံ၏ သစ္စာရှိမှု တိုးတက်လာသည်ကို တွေ့လိုက်ရသဖြင့် ပြုံးလိုက်မိသည်။

ညအချိန် ရောက်သောအခါ….

ကျန်းယွီချွန်း၊ ကျန်းကျောက်ရှား၊ လီတုန်းယွဲ့၊ ချင်းရှောင်ဝါရင့်ပုဂ္ဂိုလ်၊ ရှန်ယွဲ့ နှင့် မိုကျိုဟုန်တို့ လင်းရှောင်ခြံဝင်း အတွင်းသို့ ရောက်ရှိလာကြသည်။

ချီမိသားစု၏ နတ်ဆိုးများ ချင်းရှောင်ဂိုဏ်းကို တိုက်ခိုက်ကြောင်း ကြားသိရသောအခါ မိုကျိုဟုန် ဒေါသထွက်ခဲ့သည်။ ဂိုဏ်းချုပ်က သူ့ကို ဆင့်ခေါ်လိုက်သည်ကို ကြားသောအခါ စိတ်လှုပ်ရှားသွားပြီး သူ အသုံးတော်ခံရတော့မည်ဟု ခံစားလိုက်ရသည်။

ဤသည်မှာ ချင်းရှောင်ဂိုဏ်းတွင် ခြေကုပ်ယူရန် သူ့အတွက် အရေးပါသော ခြေလှမ်းတစ်ခု ဖြစ်လာလိမ့်မည်။

သူသည် ချီမိသားစု မွေးမြူထားသော သစ်ပင်နတ်ဆိုးကို ရှင်းလင်းချင်ခဲ့သော်လည်း စွမ်းရည် မရှိခဲ့ပေ။ သို့သော် သူ့ဆန္ဒ ဘယ်တော့မှ မပျောက်ပျက်ခဲ့ပေ။

"မိုကျိုဟုန်... ငါနဲ့အတူ ချီမိသားစုဆီ လိုက်ခဲ့..."

လီချင်းချိုး၏ ပထမဆုံး စကားကြောင့် မိုကျိုဟုန် အလွန် စိတ်လှုပ်ရှားသွားပြီး ချက်ချင်း အမိန့်နာခံလိုက်သည်။

အခြားသူများကတော့ မျက်မှောင်ကြုတ်သွားကြသည်။ ဆံပင်ဖြူလူငယ်၏ စွမ်းရည်ကို သူတို့ သိကြသည်။ မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့် ရှိသော ရွှီနင်းပင် သူ့ခံစစ်ကို ဖောက်ထွင်းရန် ခက်ခဲခဲ့သည်။ ချီမိသားစုတွင် ကျန်ရစ်ခဲ့သော ရှေးဟောင်းနတ်ဘုရား အစစ်အမှန်က မည်မျှ စွမ်းအားကြီးမည်ကို ဘယ်သူ သိနိုင်မည်နည်း…..

သို့သော် သူတို့ လီချင်းချိုး၏ ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်ရဲကြသလို ဤကိစ္စတွင် နောက်ဆုတ်၍ မရကြောင်းလည်း နားလည်ကြသည်။

လီချင်းချိုးက အခြားသူများကို ကြည့်ပြီး…..

"ငါတို့ ထွက်သွားတဲ့ သတင်းကို လောလောဆယ် မဖြန့်ပါနဲ့ဦး... ဂိုဏ်းက ခုချိန်ကစပြီး ခံစစ်ကို အာရုံစိုက်ထားပါ... အလွန်ဆုံး ၁၀ ရက်အတွင်း ပြန်ရောက်လာမယ်... အဆင်ပြေရင် အားလုံး ကောင်းသွားမယ်... အဆင်မပြေရင် တောင်ကို ပိတ်ပြီး အတူတူ ဆက်လက် ကျင့်ကြံကြတာပေါ့... အဲဒီ ရှေးဟောင်းနတ်ဘုရားက မလှုပ်ရှားနိုင်ဘူး... ကိုယ်ပွားလောက်နဲ့တော့ ချင်းရှောင်ဂိုဏ်းကို မလှုပ်ခါနိုင်ပါဘူး..."

သူ ထိုသို့ ပြောလိုက်သဖြင့် အားလုံး ဖိအားလျော့သွားကြသည်။

"စီနီယာအစ်ကိုကြီး... သတိထားပါ... အရင်က အောင်ပွဲတွေကြောင့် ရန်သူကို လျှော့မတွက်ပါနဲ့..."ဟု လီတုန်းယွဲ့က လီချင်းချိုးကို စိုးရိမ်တကြီး သတိပေးရှာသည်။

သူမ စိတ်မကောင်း ဖြစ်မိသည်။ ဤသို့ ခံစားရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ စီနီယာအစ်ကိုကြီး ထွက်ခွာသွားသည်ကို ကြည့်ရတိုင်း သူမ အသုံးမကျသလို ခံစားရသည်။

လီချင်းချိုးက….

"စိတ်မပူပါနဲ့... စီနီယာအစ်ကိုကြီး ရှိနေသမျှ မဖြစ်နိုင်တာ ဘာမှ မရှိဘူး... စီနီယာအစ်ကိုကြီး မရှိတုန်း ဂိုဏ်းကို သေချာ စောင့်ရှောက်ထားနော်..."

"စီနီယာအစ်ကိုကြီး... ကျွန်မကို ကလေးမှတ်နေတာလား..."

အားလုံးက သူတို့ကို ကြည့်ပြီး ပြုံးလိုက်ကြသဖြင့် တင်းမာနေသော လေထု လျော့ပါးသွားခဲ့သည်။

"သွားကြစို့... အကြီးအကဲရှန်၊ မိုကျိုဟုန်..."

လီချင်းချိုးက နောက်ဘက်တောင်တန်း ဆီသို့ ဦးတည်သွားပြီး ရှန်ယွဲ့နှင့် မိုကျိုဟုန်တို့ နောက်မှ ချက်ချင်း လိုက်ပါသွားကြသည်။

ကျန်းကျောက်ရှားသည် ထွက်ခွာသွားသော ပုံရိပ် ၃ ခုကို ကြည့်ရင်း စကားပြောရန် တွန့်ဆုတ်နေသည်။

သူတို့ ၃ ယောက် မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါ ကျန်းယွီချွန်းက ကျန်းကျောက်ရှား၏ ပခုံးကို ပုတ်ပြီး …..

"တတိယဂျူနီယာညီလေး... ဒီကိစ္စ ပြီးသွားရင် ကိုယ့်ဘာသာ ကြိုးစား ကျင့်ကြံပါ..." ဟု ပြောလိုက်သည်။

ကျန်းကျောက်ရှားကတော့ ထူးထူးခြားခြား ပြန်မပြောဘဲ ငြိမ်နေသည်။ ရွှီနင်းပင် ဒဏ်ရာအပြင်းအထန်ရခဲ့သည် ဆိုတော့ သူသာ လိုက်သွားလျှင် စီနီယာအစ်ကိုကြီးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ကြောင်း သူ သိသည်။

ဤအချက်က သူ့ကို မကျေမနပ် ဖြစ်စေသည်။

အရေးကြီးသော အချိန်တွင် စီနီယာအစ်ကိုကြီး အယုံကြည်ရဆုံးလူမှာ သူ မဟုတ်ဘဲ ရှန်ယွဲ့ ဖြစ်နေသည်။

အခြားတစ်ဖက်တွင်…

လီချင်းချိုးနှင့် အခြားနှစ်ယောက်တို့ ရှောင်ပါးကို စီးနင်း၍ မြောက်ဘက် နယ်စပ်သို့ ပျံသန်းခရီးနှင်နေကြသည်။

ညလေက အေးစက်နေပြီး နှင်းပွင့်များ သူတို့ ၃ ယောက်ထံသို့ လွင့်ပျံလာသည်။

မိုကျိုဟုန်က ဘေးဘီဝဲယာကို ကြည့်ရှုနေသည်။ ဤကဲ့သို့ နတ်ဆိုးငှက်ကြီးကို စီးနင်းရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူ အလွန် စိတ်လှုပ်ရှားနေသည်။

ရှန်ယွဲ့လည်း စူးစမ်းလိုစိတ် ဖြစ်မိသော်လည်း မျက်နှာတွင် ထုတ်မပြပေ။

ရှန်ယွဲ့က "ချီမိသားစုကို ရောက်ရင် နတ်ဆိုးတွေကို အရင် ရှင်းမလား... ချီမိသားစုကို အရင် ရှင်းမလား..." ဟု မေးလိုက်သည်။

လီချင်းချိုးက ….

"အကြွေးဆိုတာ ဆပ်ရစမြဲပဲ... အဲဒီနတ်ဆိုးက ငါ့ဂိုဏ်းသားတွေကို အရင် သတ်ချင်ခဲ့တာဆိုတော့ သဘာဝကျကျ ငါလည်း အဲဒီလိုပဲ ပြန်လုပ်ပေးရမှာပေါ့..."

ရှန်ယွဲ့ မျက်မှောင် အနည်းငယ် ကြုတ်သွားသော်လည်း ငြင်းဆန်ရန် ခက်ခဲနေသည်။

တစ်ခါတရံတွင် လီချင်းချိုးကို သူ တကယ် နားမလည်နိုင်ပေ။ ပုံမှန်အားဖြင့် လီချင်းချိုးက သဘောထားကြီးပြီး ဖြောင့်မတ်ကာ သာမန်လူများကို ဂရုစိုက်တတ်ပုံ ရသည်။ သို့သော် ဂိုဏ်းက ပြဿနာနှင့် ကြုံတွေ့ရတိုင်း လီချင်းချိုးတယောက် လူသတ်ပွဲ ဆင်နွှဲလေ့ ရှိပြီး သတ်ဖြတ်ခြင်း နတ်ဘုရား ဝင်စားလာသကဲ့သို့ အခြားလူတစ်ယောက် အဖြစ် ပြောင်းလဲသွားတတ်သည်။

All Chapters